Tuesday, August 17, 2010

လက်တံတိုတစ်မည် ၊ လက်တံရှည်နှင့်

နေ့တဓူဝ ထွေးလုံးရစ်ပတ်ကာ စိတ်ဖိစီးခံ၊ စိတ်ညစ်မောနွမ်းရလေသည့် လုပ်ငန်းခွင်ဘ၀ထဲမှ ခဏငယ်မျှ ထွက်ပြေးခွင့်ရခဲ့သော လွတ်လပ်ပေါ့ပါး အရသာ…။ ပြီး..ဦးတည်ရာက ချစ်သူရှိရာ၊ သူကလေး၏ ဇာတိမြေ။
သွားရောက်ဖူးသမျှသော ခရီးတွေထဲမှာ တက်ကြွရွှင်လန်းရဆုံးသော ရင်ခုန်ပျော်ရွှင်ဖွယ်ခရီးအဖြစ် မှတ်တမ်းတင်ရတော့မည်။
``စေ့စပ်ကြောင်းလမ်းဖို့ ကိစ္စတွေ ခဏထားလို့ ၊ အရင်ဆုံး..ကိုတစ်ယောက်တည်းပဲ ရောက်အောင်အလည်လာကြည့်ပါဦး။´´
နံခံဖူးသမျှ ``ဟုတ်ကဲ့´´ ခေါင်းအညိတ်တွေထဲမှာ သည်တစ်ခါ ``ဟုတ်ကဲ့´´ လိုက်ရတာကို နှုတ်အမြိန်ဆုံးပဲ ဖြစ်တော့သည်။
ကားလမ်းခရီးတစ်လျှောက် ချောင်း၊ မြစ်တို့ ယှက်သွယ်နေသော မြစ်ဝကျွန်းပေါ်ရှုခင်းများကြားမှာ အံသြတကြီး ငေးမေ့ဝင်စားရတော့မည်။ အာရုံတွေညောင်းချိပြီး မှေးငိုက်လာခဲ့လျှင်တော့ နောက်ဆံငင်ခြင်းကင်းစွာ အပူပင်မဲ့ အိပ်စက်လိုက်ပါသွား ရုံပင်။
တစ်ခါဖူးမျှ မရောက်ဖြစ်၊ မရောက်ဖူးသေးသော ချစ်သူနေထိုင်ရာ မြစ်ဝကျွန်းပေါ် မြို့ငယ်လေးကို စိတ်ကူးဖြင့် မှန်းဆပုံဖေါ်ကြည့်လိုလျှင်လည်း ဖြစ်သည်။ ချစ်သူဘ၀အစ၊ နေ့ရက်တွေဆီ လည်ပြန်တမ်းတ၊ တွေးမျှော်ကြည်နူးလိုလျှင်လည်း အချိန်အခါကောင်းတစ်ခုပါပင်။ လမ်းဘေး ၀ဲ၊ယာ ရှုခင်းတွေဆီငေးရီလျှက် ချစ်သူလေးထံ မှန်းဆစိတ်ရောက်၊ လွမ်းစိတ်တွေဝေလို့ အကောင်းဆုံးအချိန်ပဲပေါ့။

ဒါပေမယ့်…

နံနက် ၇း၃၀ နာရီ…။
လှိုင်သာယာ အဝေးပြေးဂိတ်မှာ ကားမထွက်ခွာမီ လိုက်ပါမည့်ခရီးသည်စုံ၊ မစုံကို ရောင်းထားပြီးသား ခုံနံပါတ်နှင့် တိုက်ဆိုင်စစ်ဆေးကြသည်။ သူ့နံဘေးထိုင်ခုံမှ ခရီးသည် တစ်ဦး ရောက်မလာသေးပေ။
``၁၅ မိနစ်လောက်တော့ စောင့်ပေးလိုက်ပါဦး။ လမ်းမှာ ကားအခက်အခဲ တစ်ခုခုဖြစ်နေလား…´´
ကားတစ်စီးလုံးရှိ ခရီးသည်အားလုံးက စိတ်ဝမ်းလက်ညီစွာ စောင့်ဆိုင်းပေးကြသည်။ ခဏငယ်အကြာ TAXI တစ်စီး ထိုးရပ်လာပါသည်။ ကားနောက်ခန်းတံခါးအပွင့် အမျိုးသမီးတစ်ဦး ကတိုက်ကရိုက်ဆင်းချလာပါသည်။ ရင်ခွင်ထဲမှာတော့ နှစ် နှစ်သားအရွယ်ကလေးငယ်ကလေး တိုးလို့တွဲလဲ။ ကြည့်မြင်ရတာ ကသီးကရွဲနိုင်လှတော့သည်။

အ၀တ်အိတ်ခပ်ကြီးကြီးတစ်လုံးနှင့် တိုလီမိုလီ ခြင်းတောင်းတစ်လုံးကတော့ အမြင်မတော်ကြသူများက လက်ဆင့်ကမ်းပေးကြရင်း ကားပေါ်ရောက်လာနှင့်ခဲ့ပြီ။
သူမ၏လက်ထဲမှ ကလေးငယ်ကို ဆီးကြိုကာ လက်ပြောင်းယူလိုက်ပါသည်။ ကလေးက မျက်နှာ မရွေးတတ်သူမို့ထင်သည်။ အသာတကြည်၊ အလိုက်သင့်ပါလာကာ သူ…ချော့မြူကျီစယ်လေသမျှ သဘောအကျကြီးကျကာ ရယ်မောရွှင်ပြလျှက်…။
သူမ၏အိတ်နှင့် ခြင်းကို နေရာချနေစဉ်မှာပင် ကားဘီးလှိမ့်စပြုတော့သည်။ လှိုင်သာယာ ဂိတ်မထွက်လာပြီးအဝေးပြေးလမ်းမပေါ်
လှမ်းတက်မိလေမှ သူမ ထိုင်ခုံမှာ နေသားတကျ ရှိတော့သည်။ ထိုအခါမှ သူမ၏ကလေးကို လက်ပြန်လှမ်းဖို့ သတိရအားတော့သည်။

ဗိုလ်မြတ်ထွန်းတံတားအလွန် ``ပြည်ကြီးတံခွန်´´မှာ ကား ခဏရပ်နားတော့ နံနက် ၉း၀၀ နာရီဝန်းကျင်။

ပြည်ကြီးတံခွန်မှ ကားပြန်ထွက်လျှင်တော့ သူ့လက်ထဲမှ အာလူးကြော်၊ ငှက်ပျောခြောက်ကြော် တို့မျက်နှာဖြင့် ချာတိတ်နှင့်သူ အဖွဲ့ကျနေပြန်တော့ပြီ။

``ဦးဦး အေးအေးဆေးဆေးနားပါစေဦးသားရယ်…။ လာ….မေမေ့ဆီ ပြန်လာခဲ့…´´

ပုဂ္ဂိုလ်လေးက စိတ်ဝင်စားဟန်မပြပေ။
သူ့ထိုင်ခုံက ကားပြူတင်းနှင့် ကပ်လျှက်အစွန်ဆုံးထိုင်ခု့နေရာမို့ မှန်ပြူတင်းမှ ဖြတ်မြင်ရသော ပြင်ပရှုခင်းတွေဆီ ငေးမောနှစ်လိုစွာ။ ပြီး တခစ်ခစ် ရယ်ရွှင်နေပြန်သေးတော့…။
``ရပါတယ် အစ်မ။ သူ…ရှုခင်းတွေကို သဘောကျနေတာ။ ကြည့်ပါစေဦး´´
သူ့ထံမှ လောကွတ်စကားအတွက် အားနာကျေးဇူးတင်ဟန် ခပ်ပါးပါးပြုံးဖေါ်ရလေသည်။

ခဏငယ်ကြာတော့ သူကောင်းသားလေး မောအီသွားပြီ ထင်ပါသည်။ တစစ မှေးငိုက်စ ပြုလာတော့ပြီ။
သူ့မိခင်ထံ ကလေးငယ်အား လက်လွှဲပေးရန် နံဘေးဆီငဲ့ကြည့်ဖြစ်သောအခါ သူ…စိတ်ပျက်သွားရ ပါသည်။ ကလေး၏မိခင်က နှစ်နှစ်ညခိုက်ခြိုက် အိပ်မောကျနေနှင့်ခဲ့ပြီ။ အိပ်ယာမှ ဇွတ်ကြီး နှိုးယူ နိုးထစေဖို့အထိတော့ သူ..ရိုင်းပြရန်မသင့်ပါ။ ဒါပေမယ့် ကလေးပေါက်စက သူ့ရင်ခွင်ထဲမှာ…။
သူမ အိပ်ယာမှ နိုးထလာမည့်အချိန်ကိုစောင့်စားရင်း ကားအပြင်ဘက်ဆီငေးလာရတော့သည်။ ကျောင်းကုန်းမြို့ကို လွန်ခဲ့ပြီ။ မကြာခင် အိမ္မဲမြို့ကို ဖြတ်သွားရတော့မည်။ ကလေးငယ်က အိပ်ပျော်နေလျှက် ရှူးတွေပန်းချလိုက်လျှင် အခက် ။ စိတ်မှ တထင့်ထင့် ပူပန်ချင်လာခဲ့ပြီ။ သူမကတော့ လှုပ်လှုပ်ရွေ့ရွေ့၊ လိမ့်လိမ့်လူးလူးသွားနေသောကားပေါ်မှာ ပူပန်မဲ့ အိပ်စက်နေနိုင်လိုက်တာ။ ဘယ်ဘ၀အဆက်ဆက်က အိပ်ရေးပျက်လာခဲ့သလဲဟု သူ…ကျွဲမြီးတိုစပြုပြီ။ ကြည့်လေ…။ ကလေးနှင့် မိခင် နှစ်ဦးသားအပြိုင်အဆိုင်နှစ်ခြိုက်စွာ အိပ်စက်နေလိုက်ကြတာ မရှုစိမ့်ချင်စရာ။
မလိုတဲ့ဘက်က လှည့်တွေးမ်တော့ ပတ်ဝန်းကျင်ဆိုတာကိုလည်း သူ..နောက်ကျောမလုံသလလိုခံစားလာရသည်။ သူတို့ပုံစံက အမှတ်တမဲ့ မြင်လိုက်ရသူတွေအတွက် မိသားစုတစ်စု ခရီးထွက်လာခဲ့သလို အထင်တွေးရောက်ချင်စရာ။
ဒီကားက မွန်တို့၏ မြို့ကလေးဆီ ဦးတည်၍ သွားနေတာ မဟုတ်လား။ ကားပေါ်မှာရှိနေသော ခရီးသည် အားလုံးနီးပါးတို့ဟာ မွန်တို့မြို့က မြို့သူမြို့သားတွေချည်းသာ။ အဲဒီအထဲမှာ မွန့်အသိမိတ်ဆွေတွေလည်း ရှိနေဦးမှာ မလွဲ။ ခုလိုနေအထားမျိုးနှင့် အဝေးကြည့်အမြင်ကို ထင်သလိုဆွဲယူတွေးကာ မွန့်နားသို့ သတင်းရောက်သွားပါလျှင်….။
နေ့လည်စာ စားကြရန် မြင်းကကုန်းဂိတ်မှာ ကား ခဏရပ်ရပြန်လေမှ` မိမာတာကလေး´ တစ်ရေးနိုးတော့သည်။
``အားနာလိုက်တာ…´´
``ရပါတယ်´´…ဟုသာ ပြီးစလွယ် အလိုက်သင့်ပြောလိုက်ရကာ စိတ်ကတော့ မျက်ချင်ချင်ရှိနေရပြီမို့ မွန်တို့မြို့ကလေးဆီ ကားဝင်လာတဲ့အထိ သင်းတို့သားအမိတတွေကို လှည့်၍မကြည့်တော့။ မျက်လုံးအစုံကို စုံမှိတ်လျှက်သား မြို့သို့ဝင်လေသည်။
သူတို့၏မြို့ကလေးသို့ ရောက်ခဲ့လျှင်တော့ မွန်က မြို့အနှံ့လိုက်ပို့ပေးကာ ဧည့်ဝတ်ကျေပြွန်ရှာပါသည်။ ဆိုင်ကယ်တစ်စီးဖြင့် နှစ်ယောက်တစ်ကမ္ဘာမို့ ပြုံးပျော်ကျေနပ်မဆုံး။ ဆွေပြမျိုးပြ လျှောက်လည်ရတာလည်း ရှက်ငွေ့နွေးနွေးကြားမှပင် ကြည်နူးပျော်စရာ။ သို့သော် သာမှု၊နာမှုပါမကျန် ချစ်သူအားပွဲထုတ်ချင်နေသေးသော မွန့်ကြောင့် သူ ပြုံးချင်မိရတော့သည်။
``…….. မွန်တို့လည်း ကြားတယ်ဆို ရောက်အောင်လာခဲ့တာ။ ဘယ်လိုဖြစ်ရတာလဲ မမဆွေရယ်…´´
``အူမကြီး ကင်ဆာတဲ့ မွန်ရယ်´´
မွန့်တို့ရုံးမှ မွန်တို့၏ လုပ်ဖေါ်ကိုင်ဖက်အစ်မဆိုသူ အမျိုးသမီးသည် စိမ့်အိုင်လာသော မျက်ရည်တို့ကို မျက်တောင် တဖျတ်ဖျတ် ခတ်ထုတ်ပြီး ထိန်းနေသည်။ နိုင်နင်းပုံမရသောကြောင့် ပခုံးပေါ်မှ ပုဝါကလေးကို အကူပြုရပါသည်။
``စဖြစ်ဖြစ်ချင်းတော့ သူကဘက်ကရော၊ ငါ့ဘက်က အစ်ကိုတွေ၊ မောင်တွေရော..တလှည့်စီ လိုက်ကြည့်ပေးကြပါတယ်။ ဒါပေမယ့် ဆေးရုံမှာ ရက်တွေအရမ်းကြီး ကြာလာတော့ ငါ..သူတို့ကို မစောင့်စေချင်တော့ဘူး။ ပြန်လွှတ်လိုက်တော့တယ်။
……………အားနာစရာကောင်းလှတယ် မွန်ရဲ့။ရန်ကုန် စားရိတ်က သေးတာမဟုတ်ဘူးလေ။ သူတို့မှာလည်း ဒီလောက် ပြည့်စုံကြတာမှ မဟုတ်ပဲ။ သူတို့မိသားစု စားဝတ်နေရေးအတွက် နောက်ဆံငင်ကြမှာပေါ့´´
``………………´´
``ဒီကြားထဲ သားသားက ရေငတ်ဝမ်းလိုမျိုး ထပ်ဖြစ်လိုက်သေးတော့ ငါတစ်ယောက်တည်း ဒေါင်ချာစိုင်းနေတော့တာပဲ…´´

``………………….´´

``သူဆုံးတော့မယ့် ညဦးအထိ အကောင်းသားပဲ မွန်ရဲ့။ ငါ့ကို သနားလို့ဆိုပြီး သူကတပြန် ပြောနေခဲ့သေးတာ။ ည…သန်းခေါင်းလောက်မှာ အချိန်မတော် ထဖေါက်တော့တာလေ… ´´
………………ဆေးရုံက ဆရာဝန်၊ဆရာမတွေက ငါတစ်ယောက်တည်းမို့ အဆင်ပြေအောင် ၀ိုင်းပြီး ကူညီစီစဉ်ပေးကြတော့ ငါလည်း..ဒီကလူတွေကို ပြန်မှာမနေတော့ဘူး။ ခု…ပြန်ရောက်မှပဲ…´´
``………………..´´
``………………..´´
``ဒီက မောင်လေးကိုလည်း အရမ်းကျေးဇူးတင်ပါတယ်။ သားကို တစ်လမ်းလုံး ထိန်းပေးခဲ့ရတာ။ မမဆွေလည်း အရမ်းပင်ပမ်းနေပြီမို့ စိတ်ကိုလျှော့ချလိုက်တော့ တစ်လမ်းလုံး အိပ်ပျော်သွားလိုက်တာ….။ ´´
သူ ခပ်ပျော့ပျော့သာ ပြန်ပြုံးပြနိုင်ခဲ့ပါသည်။
သတိုး

1 comment:

  1. အခုမှရောက်ဖူးလို့ အဟောင်းတွေပါလိုက်ဖတ်ကြည့်နေတာ။ စာအရေးအသားကောင်းလွန်းလို့ တခါလာ အရမ်းချမ်းသာ။ အရမ်းပညာတတ်၊ အရမ်းရုပ်ချောဆိုတာတွေချည်း အပ်ကြောင်းထပ်ရေးတတ်တဲ့ လွန်းထားထားတို့လို့ စာရေးဆရာမတွေကိုတောင် လာဖတ်စေချင်တယ်။ ဒါပေမယ့် ဒီတစ်ပုဒ်ကတော့ ဖတ်ဖူးတဲ့ ၀တုတပုဒ်နဲ့ သွားဆင်နေတယ်။ ဟိုမှာကတော့ လေယာဉ်ပေါ်က ကလေးတွေဆူနေတာ အမေကမပြောလို့ အပစ်တင်တဲ့စိတ်ဝင်ပြီးမှ နောက်ဆုံးသူတို့အဖေဆုံး သွားလို့ ပြန်လာကြတာမို့လို့ဆိုတာ သိလိုက်တယ်။ အဲဒီဝတုကိုမှီးတာဆိုရင်တော့ ဗမာလိုဖြစ်အောင် မှီးနိုင်တာ ချီးကျူးပါတယ်။ နောက်လဲအားပေးနေမယ်နော်။

    ReplyDelete

စိတ်ထဲ ခံစားမိသလို မျှဝေပြောပြခဲ့ပါဦး...။