Friday, November 29, 2013

အနာဂါတ်ကို ခိုးယူခြင်း



                                          
                        ကိုယ့်စာသင်ခန်းထဲက ကျောင်းသားတပည့်တွေ ပညာအပေါ် တန်ဘိုးမထား၊ သဘောထား မလေးနက်၊ ခံယူချက် ပေါ့တန်၊ ကြိုးစားမှုလျော့လျဲလာနေကြတဲ့အကြောင်းကို ပညာရေးနယ်ပယ်တွင် ကျင်လည်နေကြသော ဆရာ၊ ဆရာမတိုင်းက အားမလို၊အားမရ ဖြစ်နေကြရသည်ပင်။ ထိုအကြောင်းအရာ၊ ခေါင်းစဉ်သည် ကျောင်းတွင်းမှ ဆရာ၊ ဆရာမတွေသာမက၊ ပြင်ပဘော်ဒါဆောင်တွေ၊ ကျူရှင်ဆရာတွေပါ မကျန်… လူချင်းဆုံမိလျှင် အပြန်အလှန်ဆွေးနွေးကြ၊ အပြိုင်အဆိုင် ညည်းတွားကြ။ ကြံရာမရသည့်အဆုံးမှာတော့ ပညာရေးစနစ်ကြီးတစ်ခုလုံးက ကမောက်ကမနိုင်လှစွာ ဖြစ်ချင်းတိုင်းဖြစ်ပျက်ကာ ယိုင်ရွဲ့ပြိုလဲခဲ့ရသည်ကိုသာ လက်ညှိုးထိုးပြစ်တင်လိုက်ကြတော့သည်ပင်။
                        ထိုစကားဝိုင်းတွေမှာ ကျွန်တော်ပြောနေကျ လက်သုံးစကားကတော့…
“ကျွန်တော်တို့ ကျောင်းသားတွေမှာ စံပြုအတုယူစရာ အနီးကပ်ဆုံးပုဂိုလ်၊ ကျွမ်းဝင်ကျင်လည်ရာပတ်ဝန်းကျင်ကောင်း မရှိတာလည်း အကြောင်းတစ်ချက်ပဲ”
                        ကျွန်တော်တို့ မြို့ငယ်လေး၏ ဆယ်တန်းအောင်ချက်က ၂၀%မျှထက်ပိုသာရုံ။ ဖြေဆိုသူကျောင်းသားတစ်ထောင်ကျော်အနက် အစွန်းထွက်မျှသော အောင်မြင်သူတွေကြားမှာ ဆယ်တန်းစာမေးပွဲရှုံးနိမ့်ရသည့် သိမ်ငယ်ဝမ်းနည်းခံစားမှုကို ထောင်ဂဏန်းဝန်းကျင် ရှုံးနိမ့်သူ ကိုယ်လိုလူစားအများကြီးဆိုသော ခံယူချက်က ပျက်ရယ်ပြုကာ နေ့ချင်းပြီး ကုစားပေးနိုင်ခဲ့လေသည်။
                        အောင်မြင်သူ အများစုတို့ကျတော့လည်း အောင်မှတ်မီရုံမို့ လူရိုသေ၊ ရှင်ရိုသေ ဘွဲ့လက်မှတ်စက္ကူတစ်ချပ်ရရုံ အဝေးသင်တက္ကသိုလ်နှင့် ဆက်သွယ်ကာ ပျော်မော်မဆုံး။ စာသင်ခန်းမှအပ တက္ကသိုလ်ဝန်းကျင်နေရာအနှံ့ လည်ပတ်ပျော်ပါးမပျက်။ သောက်စားသုံးဖြုန်းကြလျှက်။ တချို့ အတန်းတင်စာမေးပွဲ အချိန်ဇယားပင် မသိ။ ကိုယ့်မေဂျာမှာ paper ဘယ်နှစ်ခုရှိသလဲဆိုတာတောင် ဇဝေဇ၀ါ။ ပညာနှင့် ဘွဲ့လက်မှတ်ကို ခွဲခြားမသိပဲ အရောရော အထွေးထွေး ထင်မှတ်တွေးကာ ဘွဲ့ရလည်း ဘာမှ မထူးခြားဘူးဟု သူတို့အားလုံး၏ အသိမှာ အလိုလို ပြဋ္ဌာန်းပြီးဖြစ်နေနှင့်ပြီ။ အားစိုက်ကြိုးစားလိုစိတ်တို့ ကုန်ခမ်းပျောက်ပျက်ခဲ့ကြတာ ဘယ်အချိန်ကတည်းကပါလိမ့်။
 “ပညာကို တန်ဘိုးထားတဲ့ ပတ်ဝန်းကျင်ကောင်းလေးတစ်ခု ရှိရင်တော့….”
                        @@@@@@@@@@
                        မဟာပညာကျော် ဘော်ဒါမှ အဆောင်မှူးဆရာတစ်ဦးက….
“ကျွန်တော်တို့ ဘော်ဒါရှေ့မှာ အအေးဆိုင်ကလေး တစ်ဆိုင် လာဖွင့်တယ်။ နေကြာစေ့လို၊ အာလူးကြော်လို သွားရည်စာထုတ်ရောင်စုံလေးတွေလည်း တွဲလွဲချိတ်ဆွဲထားသေးတာလေ…။ ကလေးတွေအတွက် အားလပ်ချိန်၊ နားချိန်ကလေး ခြေညောင်းလက်ဆန့် ခဏတစ်ဖြုတ် သွားချင်၊ လာချင်ရင် နီးနီးနားနား၊ အဆင်ပြေတာပဲ လို့ အစက ထင်ခဲ့တာ။ ကိုယ်လည်း ဘော်ဒါဆောင် အပေါ်ထပ်ကနေ လှမ်းကြည့်ရင် မြင်တွေ့နေရတော့ စိတ်ချမိတယ်။
                        ….. တစ်လကျော်လောက်ကြာမှ ကိုယ့်ကျောင်းသားတချို့ အကဲမရလွန်းတာနဲ့ ရိပ်မိတော့တာ။ သူက အအေးဆိုင်ကလေး ဟန်ပြပြီးတော့ နောက်ဘက်မှာ ဆေးလိပ်၊ ကွမ်းယာပါ ကလေးတွေကို ရောင်းပေးနေတာကိုး။ ဆေးလုံး၊ ဆေးပြားကအစ ..ရတယ်ဆိုတာ သိတော့ တော်တော်လန့်သွားတယ်။ ကျွန်တော့်ကျောင်းသားတွေကို အဲဒီဆိုင် ပေးမလွှတ်တော့ဘူး။ အံမယ်.. ဒါတောင် နည်းအမျိုးမျိုးနဲ့ ကလေးတွေဆီရောက်အောင် ပို့ပေးနေသေးတာ။ တောင်းပန်တာရော.. ခြိမ်းခြောက်တာရော… နည်းအမျိုးအမျိုးသုံးမှ ဆိုင်ပိတ်သွားတယ်”
                        @@@@@@@@@@
                        စကားပြောလျှင် ဟန်များသလောက် ဖောင်ဖောင်ကျဲကာ ဟောင်ဖွာလေ့မြဲသူ့ဟန်အတိုင်း အင်္ဂလိပ်စာ ကျူရှင်ဆရာ က…
“တစ်မြန်နှစ်က D-Target ဘော်ဒါက ကျောင်းသားတွေကို ငွေဆောင်ကမ်းခြေ အပန်းခြေခရီးစဉ် စီစဉ်ပေးတယ်လေ။ ကျွန်တော်တို့ ဆရာတွေလည်း ကလေးထိန်းလိုက်ကြရတာ..။ ပင်လယ်လည်းမြင်ရော… ဘာပြောကောင်းမလဲ…။ ကျွန်တော့်တို့ကောင်တွေဆိုတာ ပျော်လွန်းလို့ အော်ဟစ်ခုန်ပေါက်နေတော့တာ။ ရေကူးရင်း ရေနက်ပိုင်းကို နယ်ကျွံသွားမှာစိုးလို့ တရရ၊ တဖွဖွသတိပေးနေကြရတာ ။ နောက်တော့ ဆရာ နှစ်ယောက်က ရင့်စို့လောက် ရေနက်မှာ ရပ်နေပြီး ကင်းစောင့်ရတော့တယ်။
                        …အဲ ပြဿနာက ကုန်းပေါ်ရောက်မှ စတာ။ ရေချိုး၊ အ၀တ်အစားလဲပြီး ညစာစားကြဖို့ စီစဉ်နေတုန်း ကျောင်းသားအငယ်နှစ်ယောက် လစ်ထွက်သွားတာ မသိလိုက်ဘူး။ ဆရာတို့ ကျောင်းသားတွေ ဆိုင်ကယ်မှောက်လို့ ဆိုပြီး လာပြောမှ မျက်ကလူးဆန်ပြာ လိုက်ကြရတာ…။ ငွေဆောင်လမ်းက ကွန်ကရစ်လမ်းကြီးမှ ဖြူးလို့ပဲ။ ကံကောင်းလို့ ကလေးနှစ်ယောက်က လမ်းဘေးလွင့်ကျလို့သာပေါ့။ လမ်းမပေါ်သာကျလို့ကတော့ မတွေးရဲဘူး။ ဒါတောင် ဆိုင်ကယ်နောက်က လိုက်စီးတဲ့ကလေး လက်ဖျံတစ်ဘက် သွင်သွင်ကျိုးသွားခဲ့တာ။ မျက်ခုံးလည်း ကွဲသွားတယ်..။ သူတို့ နာရီနဲ့ ငှားစီးခဲ့တဲ့ ဆိုင်ကယ်ကတော့ ရစရာကို မရှိတော့ဘူး။ ပိုင်ရှင်က အလျော်စကားပြောတော့ …
                        …အသက်မပြည့်သေးတဲ့ ကလေးတွေကို ဆိုင်ကယ်ငှားရကောင်းလားလို့ ၀ိုင်းပြောကြတာပေါ့။
                        …လျော်တော့ လျော်ခဲ့ရတာပဲ။ ဒီကလေးတွေဆီက ငွေလေး တစ်ထောင်လောက်ကို မက်မောပြီး သင့်၊ မသင့်၊ တော်၊ မတော် ဒီလူ မစဉ်းစားတာကို အံ့သြတာ”
                        @@@@@@@@@@@@@
“မြို့သစ်က ဘော်ဒါတစ်ခုက ကျောင်းသားတွေ အရိုက်ခံရလို့တဲ့”
“ဆရာရိုက်တာလား”
“စာသင်ခန်းထဲမှာ မဟုတ်ဘူး။ ကေတီဗီ ဆိုင်မှာ”
“ဟေ…”
                        သတင်းက အော့နှလုံးနာစရာ။ ညည့်သန်းခေါင်းကျော်အချိန်လောက်မှာ ဘော်ဒါဆောင်ကနေ ခိုးထွက်ခဲ့သော ကျောင်းသားက ဆယ့်နှစ်ယောက်ဖြစ်သည်။ ကေတီဗီဆိုင်က ဒီအချိန်အထိ မပိတ်သိမ်းသေးဘူးလား။ ဆိုင်မန်နေဂျာကို ကြိုတင်ချိန်းဆို မှာကြားထားခဲ့သလိုတောင် ဆိုကြသည်။ ဒီ နယ်မြို့ကျဉ်းကျဉ်းလေးအတွင်းမှာ ဒီကလေးအုပ်စုဟာ ဘော်ဒါနေကျောင်းသားများဟု ထိုဆိုင်က အသေအချာသိမည်မလွဲ။ တကယ်ဆို ဖြောင်းဖျပြောဆို ဆုံးမကာ လက်သင့်ခံဖို့ မသင့်။ သက်ဆိုင်ရာ လူကြီးမိဘ၊ ဒါမှမဟုတ် ရပ်ရွာလူကြီးကိုဖြစ်ဖြစ် အကြောင်းကြားသင့်သည် မဟုတ်လား။ ခုတော့ ငွေကြေးရလိုမှုတစ်ခုတည်းနှင့် မအပ်မလျှော်သော အမှုကို သူတို့ပြုမူခဲ့ကြတာပင်။ အရက်သေစာပါ စီစဉ်ထားပေးတတ်သော ထိုဆိုင်မှာ ကလေးများက အပျော်လွန်ကာ ထိန်းမနိုင်အောင်ဖြစ်လာလေမှ သီးမခံနိုင်ဖြစ်ကာ တံခါးမကြီးကို သော့ချ၊ အချိန်ယူစီစဉ် ပြေးပေါက်ပိတ်ပြီးမှ ဆိုင်အလုပ်သမား လူငယ်တို့က ရိုက်နှက်ခဲ့တာ ဖြစ်သည်။ လူ့ဂုဏ်ဒြပ်နှင့် မအပ်လျော်၊ မတန်ရာသူတွေ…။
“ဒါမျိုးကျတော့ တရားဥပဒေအထက်က ကြောင်ဖားတွေက ဆီးဆို့အုပ်ဆိုင်းထားချင်သေးတာ။ ဒီဆိုင်မျိုးတွေက သူတို့နဲ့ မကင်းရာ မကင်းကြောင်းတွေချည်းပဲလေ။ တစ်နည်းမဟုတ် တစ်နည်းနဲ့ ဆက်စပ်ပတ်သက်ထားကြတာဆိုတော့ ညောင်မြစ်တူးရင်း ပုတ်သင်ဥပေါ်မှာ စိုးရိမ်ကြတယ်”
“…………”
“……………..”
                        @@@@@@@@@
                        တပည့်ကျောင်းသားငယ်များ၏ အိပ်ကပ်ထဲမှ မုန့်ဖိုးကို သူတို့ ရိက္ခာအတွက် ဖျားယောင်းမြှူဆွယ်ကာ လက်တွင်းတဆုံးနှိုက်ယူနေကြသည့် ပတ်ဝန်းကျင်အကြောင်း အတွေးလက်စသိမ်းလျှက်…
“ကဲ.. ဒီမှာဟေ့။ လာမယ့်စာမေးပွဲကြီးအတွက် အရေးကြီးတဲ့ သင်္ခန်းစာအားလုံးကို ဆရာကိုယ်တိုင် စုစည်းပေးထားတဲ့ Exam Special ။ စာအုပ်တန်ဖိုးကတော့ မများသော နှုန်းထားနဲ့… ဟဲ..ဟဲ”
                        စာသင်ခန်း၏နောက်ဆုံးတန်းမှ ကျောင်းသားတစ်ယောက် လက်တစ်ဘက်မြောက်တက်လာကာ…
“ဒီရက်ထဲမှာ မုန့်ဘိုးတောင် လက်ထဲပြတ်နေလို့ပါဆရာ။ အဲဒါ…”
“ရပါတယ်ကွာ။ လကုန်မှပေးပေါ့”
                        မျက်နှာချိုပြုံးနေလျှက် စာအုပ်ဖိုးငွေကျန်ကျောင်းသားများ၏ အမည်စာရင်းရေးမှတ်ရန် အိပ်ကပ်ထဲက ဘောလ်ပင်ကို ခလုတ်နှိပ်ဖွင့်ပြီး ဖြစ်နေပြီ။      
                                                                             သတိုး

Saturday, September 7, 2013

လှပသော ဒဏ်ရာ


ဆေးခန်းပိတ်ချိန် ဆရာဝန် အိမ်အပြန်ကို အကြိုထောက်သည့်ကားက ဆေးခန်းရှေ့မှာ ရပ်ထားဆဲမို့ အဝေးမှပင် လှမ်းမြင်ရလျှင် စိတ်ပူပန်မှု အနည်းငယ် လျော့ပြေရလေသည်။
“ကံကောင်းတယ် သမီးရေ…။ ဆရာဝန်မ မပြန်သေးဘူးဟ။ ဆေးခန်း မပိတ်သေးဘူး”
သမီးကို အားပေးရင်း ဆိုက္ကားကို အားကုန်ကျုံးနင်းပစ်လိုက်သည်။ ဆေးခန်းမျက်နှာစာရှိ ခေါက်တံခါးတချို့က ပိတ်လက်စ ဖြစ်နေပြီ။ လူနာစောင့် ထိုင်ခုံတန်းလျားမှာပင် စောင့်ဆိုင်းလက်စ လူနာ တစ်ယောက်တလေမျှ မကျန်တော့ပြီ။ ဆရာဝန်မ… ပစ္စည်းပစ္စယတွေ သိမ်းဆည်းပြီးပြီလား။ တအောင့်ခဏတော့ အချိန်ပေးကာ သမီးကို ကြည့်ပေးဖို့ တောင်းပန်ရမည်ပင်။ သမီးကြီး ဖျားနေတာ သုံးရက်ရှိပြီ။ သမီးကြီးက ပင်ကိုယ်နှုတ်နည်းလွန်းလှသည်သာမက အားငယ်ပူပန်တတ်လွန်းသူလည်း ဖြစ်သည်။ မိဘကို သိတတ်ငဲ့ညှာသူလည်း ဖြစ်သေးသည်မို့ တော်တန်ရုံ နာဖျားမကျန်းကိစ္စကို ဘယ်တော့မှ ဖွင့်ဟမပြော။ ခပ်နုံးနုံးနွမ်းလျဟန်နှင့် နီမြန်းမျက်နှာပျက်နေတတ်သည်ကို အမေက ရိပ်မိကာ မေးစမ်းလာလျှင်တောင် မပွင့်တပွင့်သာ ၀န်ခံတတ်သူ ဖြစ်သည်။ မိဘက နဖူးကလေးစမ်းကာ ယုယဟန်ပြလျှင် မျက်ရည်က လည်ချင်ပြန်သည်။ ခါတရံ တိတ်တိတ်ကလေးကြိတ်ကာ ကွယ်ရာမှာ မျက်ရည်ကျတတ်သေးသူဖြစ်သည်။
“နင်ကလည်း လူကသာ တဲကုတ်ထဲနေပြီး စိတ်ကတော့ မင်းသမီး..”
                        ပြောပေမယ့် သမီးကြီးဖျားနာလျှင် အငယ်တွေထက်ပိုလို့ စိတ်ရှုပ်ဗျာများရပါသည်။ စိတ်ဓါတ်ပျော့ပြောင်းရပါမည်လားဟု စိတ်မရှည်၊ ဆူပူချင်သော်လည်း နာလန်ထရက် နောက်ကျနှေးကွေးနေလျှင်တော့ ပူပန်ရသည်။ ကျောင်းစာမှာ စိတ်ဝင်တစား ကြိုးစားပြီး ထူးချွန်ပြန်လှတဲ့ သမီးက ကျောင်းပျက်ရက်များလာလျှင် စာခြောက်ကာ တငိုငို တရယ်ရယ် ပြုတတ်ပြန်သေးသည်။
“ဆရာဝန် မပြန်သေးဘူး မဟုတ်လား”
                        သူတို့ဆိုက္ကားကို ကြိုတင်မြင်တွေ့ကာ စောင့်ကြည့်နေပုံရသော မျက်နှာလေးတစ်ခုက ကားပြတင်းမှထွက်ပြူကာ အကဲခပ်နေတာ သိသာလှစွာ။
“ရှိပါတယ်။ အထဲမှာ…”
                        ယဉ်ကျေးဖွယ်ရာ တုန့်ပြန်စကားကြောင့် ဖျတ်ခနဲ အမှတ်မဲ့ကြည့်မိစဉ် လွင့်ခနဲ မျက်စောင်းတစ်ချက်ပစ်လွှတ်ကာ မျက်နှာတစ်ဖက်လွှဲသွားလေသည်။ ဇဝေဇ၀ါနှင့် အံ့အားသင့်သွားရသော်လည်း တုန့်ပြန်စူးစမ်း မပြုအားသေး။ တဟီးဟီးအဖျားတက်နေဆဲမို့ စောင်ခေါင်မြီးခြုံကာလိုက်ပါလာခဲ့သော သမီးကြီးကို သူ့အမေတစ်ယောက်တည်း တွဲကူဖို့မနိုင်နင်းသည်မို့ သူပဲ ပွေ့ယူချီမလိုက်ရပါသည်။
“ဒေါက်တာ့ကို အားနာလိုက်တာဗျာ။ သမီးရယ် ဖျားနေတာ သုံးရက်ရှိပြီ။ အဲဒါ.. အဖျားမကျလို့…”
                        ပါရာစီတမောလ်ဖြစ်ဖြစ်၊ ဒီကိုဂျင်ဖြစ်ဖြစ် လက်သင့်ရာဆေးတစ်လုံးကို ရေနွေးပူပူနှင့်သောက်စေကာ စောင်ခြုံအိပ်ပျော်စေပြီး ချွေးထုတ်ပေးသည့် သူတို့ရပ်ကွက်၏ ကုထုံးကို ဆရာဝန်မလည်း အကျွမ်းတ၀င်ဖြစ်နေပုံ။ အဖျားမကျသောကြောင့် သုံးရက်မြောက်နေ့မှ ဆေးခန်းရောက်လာရသည့်အတွက် ထူးခြားစွာခံစားပြစ်တင်ခြင်း မပြုပါ။
“ဖြစ်ဖြစ်ချင်း လာပြဖို့ပါပဲ ဒေါက်တာရယ်။ တစ်ရက်.. တစ်ရက်နဲ့..”
                        ပြောလျှက်မှ နှုတ်စကားတွေ တစ်ဆို့ပျောက်ဆုံးကုန်ပြန်သည်။ အဖျားသွေးတိုင်းသည့် ဖန်ပြွန်ချောင်းလေးကို သမီး၏ ချိုင်းကြားသို့ ထိုးညှပ်ပေးရင်း ဆရာဝန်မက နားလည်စွာ ခေါင်းတစ်ချက်ညိတ်ဆတ်ပြလေသည်။ မျက်နှာတစ်ချက်မပျက်၊ စိတ်ငြိုငြင်ဟန် နည်းနည်းမျှ မပြပဲ ကြည်ကြည်လင်လင် ကြိုဆိုကာ သမီးအား အရေးတယူ စမ်းသပ်ပေးနေသော ဆရာဝန်မကို အားနာကျေးဇူးတင်လှစွာ…
“ခုလည်း အလုပ် သိမ်းပြီးပြီးချင်း ကမန်းကန်းပြေးလာခဲ့တာ။ ဒေါက်တာ ဆေးခန်းပိတ်နေပြီလားလို့ တထင့်ထင့်နဲ့…”
သွေးပေါင်ချိန်တိုင်းကိရိယာမှ လေဘောလုံးလေးကို ဆုတ်ညှစ်နေရင်း…
“ဘာ အလုပ် လုပ်လဲ”
“ဆိုက္ကား နင်းပါတယ်”
                        သူ့ ဇနီးက ၀င်ဖြေပေးသည်။ ထိုစဉ် လူနာကြည့်သည့် အခန်းဝမှ ခန်းဆီးစလေး လှုပ်ခါသွားလျှင်…
“ဟန်နီ…အခန်းထဲ ၀င်မလာနဲ့လေ”
                        ကားထဲမှာ တွေ့ခဲ့သော သူငယ်မကလေးက သူ့မာမီစကားကို အပြုံးတစ်ပွင့်ဖြင့် လှစ်ခနဲ ခြေဖျက်ပစ်ကာ လူနာကုတင်နားအထိ ထော့နဲ့နဲ့ကလေး တိုးရွှေ့လာခဲ့တော့သည်။ ချိုရွှင်မြူးထူးသော ချစ်စဖွယ်ဟန်ပန်ကလေးသည် သူ့တစ်ယောက်တည်း အပေါ်တွင်တော့ ၀ဲခနဲ စိမ်းတောက်ကျွတ်ဆတ်သွားတော့ပြန်။
“ကျူရှင်တက်ရင်း ဒဏ်ရာရလာတယ်လေ။ ခါတိုင်း အိမ်ကကားနဲ့ ကြိုပို့နေကျကို ဒီနေ့မှ သူငယ်ချင်းတွေနဲ့ အတူသွားချင်တာတဲ့။ တစ်နေ့တလေ ပေးလွှတ်လိုက်တာ..။ လမ်းပေါ်ရပ်နေတုန်း ဆိုက္ကားက ခြေဖမိုးပေါ် ဖြတ်ကြိတ်သွားလို့တဲ့။ တော်သေးတာပေါ့.. ဆိုက္ကားမို့လို့…”
                        ကလေးမ၏ ဖြေမိုးပေါ်မှ ပတ်တီးဖွေးဖွေးကို မ၀ံ့တ၀ံ့ ခိုကြည့်ရင်း အသိစိတ်မှာ နံနက်ခင်းက အဖြစ်ကို ဒိန်းခနဲ  ပြန်လည် အမှတ်ရမိသွားဆဲ…
“ဆိုက္ကားဆရာတွေကလည်း ဂျိန်းစဘွန်းတွေပဲ ဆရာမရဲ့။ အိမ်ကယောက်ျားလည်း အတူတူပဲ။ အတင်း တရကြမ်းနင်းကြတာ…”
                        မိန်းမက မသိနိုးနားနှင့် ၀င်ပါဖြည့်စွက်ပေးနေပြန်သည်မို့ တင်းခနဲ ဖြစ်ရပြန်သည်။ ဒါပေမယ့် သူပြောတာ အမှန်တွေဆိုတော့ နာသာခံခက်ပေ။ သူ့ အကြောင်းသိနေသော ခရီးသည်တချို့က သူ့ဆိုက္ကားကို ရှောင်ဖယ်ချင်တတ်ကြသည် မဟုတ်လား။ မရှောင်သာ၊ မရှောင်ရက်လို့ ဆိုက္ကားပေါ် ထိုင်မိကြလျှင်တောင်…
“ငါတို့ အလျှင် မလိုဘူးနော်။ ဖြည်းဖြည်းနင်း…”
“ခင်ဗျားတို့ မလိုပေမယ့် ကျုပ် ကျောင်းကြိုပေးဖို့ ရှိသေးတယ်”
                        သူက မခိုမခန့် ရယ်စစမျက်နှာပေးဖြင့် အရှိန်မလျှော့ချင်။
“သမီး အမြန်ဆုံး ပြန်နေကောင်းအောင် ဆေးထိုးပေးလိုက်မယ်နော် သမီး”
                        ဆေးထိုးအပ်ဖြင့် ပုလင်းငယ်မှာ ဆေးရည်များကို စုတ်ယူနေစဉ်…
“ဟိုတစ်ဘက် ဆိုက္ကားဆရာကလည်း ကလေးကို ဘယ်နား နာသလဲ။ ထိမိခိုက်မိသလား.. ဘာညာ မမေးမမြန်းနဲ့ ကလေးကိုတောင် ပြစ်တင်ငေါက်ငန်းသွားသေးတာတဲ့။  သူ့ဒက်ဒီရော.. ကျွန်မရော စိတ်တွေတိုလို့…။ ကျိုးပဲ့ မသွားတာ ကျေးဇူးတင်ရဦးမယ်”
                        ဆေးထိုးအပ်မြင်သည်နှင့် ငိုမဲ့မဲ့ဖြစ်လာသော သမီးကို သူ့အမေက ချော့နေသည်။
“မြန်မြန် နေကောင်းအောင်လို့ပါ။  သမီး မနာအောင် ထိုးပေးပါ့မယ် နော်။ ခဏလေး…”
                        ဆရာမကြီးကပါ ၀င်ချော့နေပေမယ့် ဆေးထိုးကြောက်သောသမီးက ကုတင်ပေါ် လျှောင်းနေလျှက်ကနေ မျက်ရည်တလည်လည်နှင့် သူ့အမေကို လှမ်းဖက်တွယ်ထားသည်။
“ သမီး.. ညည်း ကလေးပေါက်စန မဟုတ်ဘူးနော်”
                        ရှစ်တန်းကျောင်းသူမဖြစ်သော သမီးသည် အဖေ လေသံတင်းလျှင်တော့ ရွံ့ရှိန်ကြောက်လန့်တတ်ပြန်သည်။ သမီးတို့နှင့် သက်ရွယ်တူလောက်ရှိမည့် ဟိုကလေးမတွေလည်း သူ.. သဟောက်သဟန်းပြုခဲ့တော့ ရုတ်တရက်ကြောက်လန့်ကျန်ရစ်ကာ စကားတစ်ခွန်းတစ်စတောင် မတုန့်ပြန်နိုင်ခဲ့ကြဘူး မဟုတ်လား။ အဲဒီကလေးမတွေ အုပ်စုထဲက ကာယကံရှင်ကောင်မလေးက သူ့ရှေ့မှောက်မှာ ရောက်ရှိနေတဲ့ ကလေးမတဲ့လား။ ဆရာဝန်မရဲ့ သမီးလေး…။
                        တကယ်က လွတ်မည်အထင်နှင့် ဆိုက္ကားကို ကပ်အကွေ့မှာ သူမ၏ ခြေဖမိုးဖျားကလေးကို အမှတ်မဲ့ ဖြတ်ကြိတ်မိသွားခဲ့တာဖြစ်သည်။ အိမ်ကသမီးကို ဆေးခန်းပြဖို့တောင် တစ်ရက်က နှစ်ရက် ရက်ရွှေ့လာခဲ့ရတာမို့ စိတ်ညစ်စိတ်ရှုပ်နေရသည့်ကြားမှာ စကားတွေ ရှည်နေ၊ ရှုပ်မနေချင်တော့သည်မို့ ကလေးမကို သေချာတောင် မကြည့်ခဲ့။
“ညည်းတို့ကရော… လမ်းဘေး ကပ်မရပ်ပဲ ဘာလို့ လမ်းမလည် ထွက်ရပ်နေကြတာလဲ”
                        နှုတ်တွေ့သလို ခပ်ငေါက်ငေါက် တစ်ချက်အော်ပစ်ခဲ့လိုက်ကာ နောက်ကြောင်းမျှ လှည့်မကြည့်ခဲ့တော့ပြီ။
“မြို့ပေါ်မှာလည်း ဆိုင်ကယ် ကယ်ရီတွေ ပိုများလာသလိုပဲနော်။ ဆိုက္ကား နင်းရတာ အဆင်ပြေရဲ့လား”
                        ဆရာဝန်မ၏ အမှတ်မဲ့စကားက မိန်းမကို ငိုချင်လျှက် လက်တို့ပေးလေသည်။
“ဒီလိုပါပဲ ဆရာမရေ..။ မရတမော့၊ ရတမော့ ဆိုသလိုပါပဲ။ ဟိုနား၊ ဒီနား ဆိုင်ကယ်လေးနဲ့ သွားရတာ ပိုမြန်မြန်လည်းရောက်၊ ကြော့ကြော့ကလေးလည်း လိုက်ရတာ မဟုတ်လား။ မနိုင်ရင်ကာ ကုန်တွေ၊ ၀န်စည်စလယ်တွေပါမှပဲ ဆိုက္ကားငှားကြတော့တယ်လေ..။ အိမ်က ဆိုက္ကားလည်း ကိုယ်ပိုင်မို့သာပဲ။ အုန်နာခ မပေးရလို့ မငတ်သေးပေမယ့် မပြင်ဆင်နိုင်တာကြာတော့ ဂျုံးဂျုံးကျနေပြီလေ။ သမီးနေမကောင်းတာတောင် ဒီနေ့မှ ဆေးခန်းရောက်လာတာသာကြည့်တော့….”
                        ပြောလျှက်က လက်ထဲ ခပ်ကျစ်ကျစ်ဆုတ်ထားသော ငွေစက္ကူလိပ်ကလေးကို ဖြန့်ဖြည်နေပြန်ရင်း…
“ဆရာမ.. မရိုမသေ၊ ကျွန်မတို့  ဘယ်လောက်…”
“မာမီ…”
                        သူ.. ထိတ်ခနဲ ဖြစ်သွားသည်။ ကလေးမက သူ့မာမီအနားသို့ လှစ်ခနဲ ပြေးကပ်လိုက်လေကာ သူတို့ မိသားစုထံ အကြည့်တစ်ချက်ဝေ့လိုက်လျှက်…
"မာမီ… ဆေးဖိုး မယူပါနဲ့နော်။ သူက ဟန်နီတို့ ကျောင်းကပဲ။ တန်းခွဲချင်း မတူပေမယ့် စာအရမ်းတော်တော့ ဟန်နီက သူ့ကို အားကျပြီး သိနေတာပေါ့။ သူကတော့ ဟန်နီ့ကို သိမှာ မဟုတ်ပါဘူး။ ဟုတ်တယ် မဟုတ်လား”
                        ကုတင်ပေါ်မှာ သူမိခင်၏ ရင်ခွင်ထဲ မှေးမှီထားဆဲ သမီးအား ရွှန်းလဲ့စွာ စိုက်ကြည့်လျှက် လှမ်းပြုံးပြလေလျှင် သမီးကလည်း ခပ်နွမ်းနွမ်း တုန့်ပြန်ပြုံးပြဖော်ရလေသည်။
“သိပါတယ်။ နင်လည်း စာတော်တာပဲကို..”
                        သမီး၏ စကားသံခပ်တိုးတိုးလေးကြောင့် သူမ၏ မျက်နှာကလေးလည်း ကျေနပ်ဟန်ဖြင့် ပြုံးလဲ့ချိုရွှင်နေလေသည်။ လက်လှမ်းတော့မလို ဆရာဝန်မက သူ့မိန်းမလက်ထဲမှ ငွေစက္ကူတွေကို ခပ်ပြုံးပြုံးပြန်တွန်းလိုက်ကာ…
“ဟန်နီက အဲဒီလိုပဲ..”
                        ဂုဏ်ယူကျေနပ်နေဟန် အထင်းသား။ မိန်းမ၏ ကျေးဇူးတင်စကားတဖွဖွကို မကြားတစ်ချက်ကြားတစ်ချက်မှ မျက်ဝန်းတွင်စိမ့်အိုင်လာသော မျက်ရည်တို့ကို မျက်တောင်တဖျတ်ဖျတ် ခပ်ထုတ်ရင်း မနိုင်မနင်းရှိနေဆဲ…။
“ဦးလေး…က သူ့အဖေကိုး။ ဟန်နီက ပါစင်ဂျာ လိုက်ပို့ပေးတယ် ထင်နေတာ..”
ပွင့်လင်းစွာ ဆိုနေပြန်ရင်း…
“ဟန်နီ့သူငယ်ချင်း ကျောင်းပျက်ရက်တွေ များလှပြီ။ မြန်မြန်နေကောင်းအောင် ဂရုစိုက်လိုက်ပါဦးနော်။ နောက်နေ့လည်း မာမီ့ဆီ ထပ်လာပြပါဦး”
                        အိမ်အပြန်ခရီးမှာတော့ မသိနိုးနားမိန်းမက မျက်စောင်းတချီချီ၊ တဖျစ်တောက်တောက်…။
“ရှင့် သမီး နားချင်နေပြီရှင့်။ ဆိုက္ကားကို ဘယ်လိုနင်းနေတာလဲ…။ တုန့်နှေးနှေးနဲ့…တကတည်း”

                                                                                      သတိုး

Sunday, September 1, 2013

မှတ်မှတ်ရရ မှတ်တမ်း



ကျပျောက်ခဲ့တဲ့ နှစ်လိုစရာ သီးသန့်ဘ၀သစ်  တစ်ခုကို ဘလော့ဂ်ရေးဖြစ်တဲ့အချိန်မှာ  ပြန်လည်ရရှိပိုင်ဆိုင်ခွင့်ရခဲ့တာအတွက် အမှတ်ရကျေးဇူးတင်ရမယ့် လေးစားခင်မင်ဖွယ်သူတွေ များပြားလွန်းလှတယ်။
ဆယ်စုနှစ် တစ်ခုကျော် မေ့ပျောက်ထားတဲ့ ၀တ္ထုတွေ ပြန်ရေးဖို့ အမြဲမပြတ် တိုက်တွန်းနေတတ်တဲ့ ဆရာ ငြိမ်းစိုးဦး
အွန်လိုင်းပေါ် ဖေးမခေါ်ခဲ့ပြီး ဘလောဂ်မှာ လိုအပ်သမျှ မငြီးမငြူ ရောင်စုံခြယ်သအလှဆင်ပေးခဲ့တဲ့ ကိုကြည်နိုင်  
တင်သမျှပို့စ်တွေကို ဖတ်ပေးပြီး ကောင်းရာကောင်းကြောင်း ပြောသွားတတ်ကြတဲ့ လူဇိုးရီး ကိုရီး၊ ညီ စိုးမိုး၊ ညလေး သော်တာ (ကျွန်တော့်ရဲ့ ပထမဆုံး ၀တ္ထုတိုပို့စ်တွေကို ဖတ်ပေးခဲ့ကြသူတွေပါ) နဲ့ မြန်မာ မာတီပလိုင်းမှ ညီအစ်ကို၊ မောင်နှများ…..
Blogspots မှာ ၀တ္ထုတိုလေးတွေ တင်ရင်း ဟိုဝင်သည်ထွက်ကာလတစ်ခုရဲ့ ဘလော့ဂါဒေးမှာ ကိုယ့်ဘလော့ဂ်လင့်ခ်လေးကို သူ့စာမျက်နှာမှာ တခုတ်တရ ဖော်ပြပေးခဲ့ပြီး စာတွေဆက်ရေးဖို့ အားပေးခဲ့တဲ့ ဆရာမ ပန်ဒိုရာ
ပထမအကြိမ် အွန်လိုင်းရွှေဝတ္ထုတိုပြိုင်ပွဲကို ၀တ္ထုတိုတွေ ပို့ပေးဖို့ တိုက်တွန်းရင်း လင့်ခ်တွေပေး၊ ပို့စ်တစ်ချို့မှာ လိုအပ်အားနည်းတာတွေကို ထောက်ပြပေးခဲ့တဲ့ ဆရာ မြစ်ကျိုးအင်း နဲ့ မရွှေဇင် (ရွှေစင်ဦး)  ( တိတ်ဆိတ်ငြိမ်သက်၊ ခြောက်ကပ်နေတဲ့ ကျွန်တော့် ဘလော့ဂ်လေးဟာ ပထမအကြိမ် အွန်လိုင်းရွှေဝတ္ထုတိုပြိုင်ပွဲ ကျမှ လူဝင်လူထွက် စတင်ဝေစည်စ ပြုခဲ့တယ် ထင်ပါတယ်)
သက်တံ့ဆယ်စင်း” စိတ်ကူးအတွက် သတိတရ ရောက်လာပြီး သက်တံ့ပေါ်မှာ ကစားခွင့်ပေးခဲ့တဲ့ ကိုရန်အောင် နဲ့ ရေးဖော်များ အားလုံး
ကြယ်စင် ဆယ့်တစ်” စိတ်ကူးရှင် ဆရာသက်တံ့ချို  နှင့်ရေးဖော်ကြယ်စင်များ
မိုင်တိုင်နှစ်ဆယ်” ပိုင်ရှင် ညီမငယ် အိန်ဂျယ်လ်လှိုင် နှင့် ရေးဖော်များ
စကားစမြည်စိုက်ခင်း” စာအုပ်မှ အွန်လိုင်း လင်းရောင်ခြည် ရေးဖော်များ
ညီငယ်ကိုကိုးအိမ်နဲ့ စာရေးဖော် စကားဝါပန်းများ…
တကယ်တော့ ကျေးဇူးမှတ်တမ်းဟာ ဒီထက်မက အဆများစွာ ရှည်လျားသင့်ပါတယ်။ အထက်မှာ ဖော်ပြခဲ့သူတွေက ကျွန်တော့်ရဲ့ ဘလော့ဂ်မှတ်တိုင်လေးကို ခိုင်မတ်မြဲမြံစေဖို့ ၊ စိတ်ဓါတ်အင်အားတိုးဖြည့်ပေးခဲ့သူတွေထဲက အထင်ကရ၊ မမေ့မလျော့ အမှတ်ရနေရမယ့် သူတွေမို့ပါ။
နောက်… ပို့စ်အသစ်တင်တိုင်း ရောက်လာပြီး တဆွေးတနွေး ကွန်မန့်ပေးတတ်တဲ့ ဆရာ ဦးဟန်ကြည်၊ သူကြီးမင်း ကိုကိုမောင် (ပန်းရနံ့)တီတင့်၊ မမြသွေးနီ၊ လင်းခေတ်ဒီနို၊ ကိုညီသစ်….အများကြီး ကျန်နေပါသေးတယ်။ တစ်ဦးချင်း၏ အမည်များကို တန်းစီရေးမပြနိုင်ပေမယ့် အမြဲ ကျေးဇူးတင် အမှတ်ရနေမှာပါ။
ဘလော့ဂ်ကနေ စာမျက်နှာတွေဆီအကူးမှာ ဖေးကူတဲ့ တွဲလက်များအဖြစ် ဆရာမင်းဝေဟင်၊ ဆရာ ချမ်းထက်ဟန်၊ ဆရာမ ဝေ (စီးပွားရေးတက္ကသိုလ်) ၊ ဆရာမ အဖြူရောင် (ရွှေ)၊ ဆရာမ မီမိုး.. စသည်တို့ကိုလည်း ချန်မထားခဲ့ချင်ပြန်ဘူး။
နောက် … ညီငယ် ကိုဏီ (ဏီလင်းညို) နဲ့ ညီမငယ် ရွှေအိမ်စည်
မေ့တော့မလို့…။ အရေးအကြောင်းရှိတိုင်း လှမ်းပြီး နားပူနားဆာပြုသမျှ မငြီးမငြူ ဖြည့်ဆည်းကူညီပေးနေကျ မမေ့နိုင်စရာ ၊ ကျေးဇူးတင်ချစ်ခင်စရာလူတစ်ယောက်။ ဆြာ ဇောင်း… ပါတဲ့။
နေ့စွဲတွေကို အမှတ်မဲ့ ဖြတ်သန်းတတ်တဲ့ ကျွန်တော့်အတွက် ဘလော့ဂ်သက်တမ်းလေး ဘယ်လောက်ရှိပြီလဲမေးလာရင် ဇဝေဇ၀ါ ပေမယ့် ချစ်ခင်ရတဲ့ ဘလော့ဂါစာရေးဖော်များနဲ့ စာလာဖတ်သူတွေ ရှိနေဦးမယ်ဆိုတဲ့ အသိက နေပျော်ကျေနပ်စရာ အင်အားနဲ့ ပျော်ရွှင်မှုပေးတာမို့ ဘလော့ဂ်အိမ်ကလေးကို တွယ်တာချစ်မက်နေမိဦးမှာပါ။