Thursday, March 3, 2011

ရွှေကျီးညို သာပါစ....

                ရွှေကျီးညို သာပါစ.... 
                                                                    သတိုး

ဒီနေ့ ဖိုးတီတာတို့အိမ်သို့ ဧည့်သည်များ ရောက်လာကြပါသည်။ ဦးဦးနှစ်ယောက်နှင့် အန်တီလှလှ သုံးယောက်ဖြစ်သည်။ ဖေဖေနှင့်မေမေတို့ ပြောစကားများအရ ရန်ကုန်မှ ရောက်လာကြသော ဧည့်သည်များဟု သိရပါသည်။ ဦးမောင်နှင့် အန်တီမော်တို့ လင်မယားနှစ်ယောက်စလုံးက ဒီမြို့မှာ နေခဲ့ဖူးကြသော ဒီမြို့ဇာတိသားများ ဖြစ်ကြသည်။ ဖေဖေနှင့်ရော မေမေနှင့်ပါ အထက်တန်းကျောင်းသား၊ ကျောင်းသူဘ၀မှာကတည်းက သွားလာမခွဲ တတွဲတွဲရှိခဲ့ဖူးကြသည့် ရင်းနှီးချစ်ကြည်ရဆုံး ငယ်သူငယ်ချင်းဟောင်းတွေလည်း  ဖြစ်ကြသေးသည်။ နောက် ဦးမောင်၏ညီမ အန်တီမြိုင်…။ သူကတော့ ဆယ်တန်းမအောင်ခင် ကတည်းက ရန်ကုန်မှ ဆွေမျိုးတွေထံမှာ သွားရောက်နေနှင့်ခဲ့သူမို့ အနည်းငယ် စိမ်းသက်နေသည်။ အန်တီမြိုင်၏ ခင်ပွန်းနှင့် အန်တီမြိုင့်သူငယ်ချင်းမ အန်တီတို့ကတော့ ဖိုးတီတာတို့မြို့သို့ တစ်ခေါက်မှ မရောက်ဖူးကြသောကြောင့် အလည်သက်သက် လိုက်ပါလာခဲ့ကြသော ရန်ကုန်သူ၊ ရန်ကုန်သားစစ်စစ်များပေ။ 

ပုံမှန်ဆိုလျှင်တော့ မေမေက ဧည့်ကြောက်တတ်သူတစ်ယောက် ဖြစ်ပါသည်။ အထူးသဖြင့် လကုန်ခါနီးရက်တွေမှာ ဧည့်သည်ရောက်လာလျှင် မေမေသည် အားတင်းပြုံးနေလျှက်ကပင် သက်ပြင်းတွေ ခိုးရှိုက်နေတတ်ပြန်သည်။ ပြီး ဟိုဒီပြေးလွှား ချေငှားရင်း တစ်ယောက်တည်း ဗျာများနေတတ်တော့သည်။

ဒီဧည့်သည်တွေကတော့ ဖိုးတီတာတို့အိမ်မှာ ညအိပ်တည်းခိုမနေကြပါ။ သူတို့၏ ဆွေမျိုးရင်းချာတွေလည်း ဒီမြို့လေးမှာ ကျန်ရှိနေဆဲမို့ ဆွေမျိုးတစ်ယောက်၏ အိမ်မှာပဲတည်းကာ ဖိုးတီတာတို့ထံ ခဏငယ်ဝင်ထွက် နှုတ်ဆက်ကြတာဖြစ်သည်။ အချိန်ရသလောက်ကလေးမှာ ဖေဖေ၊ မေမေတို့နှင့် ရှေးဟောင်းနှောင်းဖြစ်ကလေးတွေ စားမြုံ့ပြန်ရင်း ငယ်သွေးကြွနေကြပါ၏။  မေမေက ဖေဖေ့ကို…

``တစ်ခါတစ်လေ လာကြတာ။ ထမင်းတစ်နပ်လောက်တော့ လက်ဆုံးစားကြရအောင်လေ´´
“ကောင်းသားပဲ ဝေရဲ့။ ကိုယ်… ဘယ်ဆိုင်မှာ စီစဉ်လိုက်ရမလဲ”

ဖေဖေ့စကား မမှားပါပဲ မေမေက ဘာကြောင့်မှန်းမသိ၊ မျက်စောင်း အကြီးကြီး ပိတ်ထိုးကာ…

“ကျွန်မ သူငယ်ချင်းကို ကျွန်မကိုယ်တိုင်  စပယ်ရှယ် ချက်ကျွေးမှာ…”
ငွေကုန်ကြေးကျ ပိုမှာ မေမေ.. စိုးရိမ်နေမှန်း ဖေဖေက အစင်းသိနေသူမို့ လှောင်ပြုံးထေ့ထေ့ ပြုနေသည်။

``ဟယ်…ဒုက္ခမရှာပါနဲ့ သူငယ်ချင်းရယ်။ တို့လည်း အဲလောက် အချိန်ရကြတာ မဟုတ်ဘူး ဝေရဲ့။ မဖြစ်မနေ အရေးကြီးကိစ္စ ရှိလို့သာ ရောက်လာကြတာ။´´
``အဲဒါကြောင့် ကျွေးချင်တာပေါ့ မော်ရဲ့။ ရှင်တို့က တစ်နှစ်နေလို့ တစ်ခေါက်တောင် မြို့ကို ပြန်လာနိုင်ကြတာ မဟုတ်ဘူးလေ။ ရောက်တုန်းရောက်ခိုက်လေးမှာ ကိုယ့်သူငယ်ချင်းတွေကို ဒီလောက်ကလေးမှ ဧည့်ဝတ်မကျေရဘူးလား…ကဲ´´

ဖေဖေနှင့် ဦးမောင်တို့ကတော့ ဇနီးသည်တွေ၏ စကားဝိုင်းကို ကိုယ်စီပြုံးလျှက်သာ စောင့်ငေးနေလိုက်ကြပါသည်။

``မိမော်နော်။ ငါ့လက်ရာကို မစားပဲ ပြန်သွားလို့ကတော့ နင့်ကို တစ်သက်အပြတ်ပဲ´´
``ဟောတော်… ကိုမောင်ရေ…။ အဲဒါမှ ရှင့်သူငယ်ချင်း မိဝေအစစ်ပဲ´´

ဦးမောင်ကလည်း ……

``ဝေေ၀တို့ကတော့ ငယ်ကျင့်တွေ ခုထိ မပျောက်သေးဘူးဟေ့´´

…. ဆိုကာ ရယ်ရယ်မောမော သဘောတူလိုက်ကြပါသည်။

*** ** **

ဖိုးတီတာတို့ မောင်နှမကတော့ ဧည့်သည်မျှော်တတ်သူတွေ ဖြစ်လေသည်။ အိမ်မှာ နေ့ရက်အတန်ကြာ ဧည့်သည်အရောက်အပေါက် ကျဲပါးသွားပြီဆိုလျှင်…

``ဧည့်သည်လာရင် ကောင်းမှာပဲကွာ´´

…ဆိုကာ ဧည့်မျှော်တတ်ကြလေသည်။ ဖိုးတီတာတို့အိမ်မှာ ဧည့်သည်ရှိမှ မေမေက ဟင်းကောင်းချက်တတ်တာ မဟုတ်လား။ ပုံမှန်နေ့များဆိုလျှင် အသားလေးပျက်သိကာမျှနှင့် အသီးအရွက်တစ်မျိုးမျိုးရောကာ အရည်များစေ၊ ဆားငန်စေဆိုရမည့် ဟင်းမျိုးတွေနှင့်သာ လွေးရလေ့ရှိတာဖြစ်သည်။

``ဖိုးတီတာ ဟင်းခွက်ကို သိပ်မွှေမနေနဲ့ဟဲ့။ ငါးတွေ ကျေကုန်မယ်´´
``မမပြောတဲ့ အဲဒီငါးကိုပဲ အကောင်လိုက်မြင်ဖူးချင်လို့ ရှာနေတာပါဗျ။ ´´
``ဟီဟီ..ရေငုပ်ဝတ်စုံ ယူဦးမလား´´

မေမေ့ဟင်းမှာ ငါးဟင်းခတ် နည်းပါးလွန်းပြီး အရိုးအရွက်ရောနှောကာ အရည်ဗုံးဗောဖြစ်နေတာကို ဖိုးတီတာတို့မောင်နှမက အတိုင်အဖောက်ညီစွာ ဟာသဖွဲ့နေကြပါသည်။ ဖေဖေက ပြုံးစစ..။ မေမေကတော့ ဖိုးတီတာတို့အား မျက်စောင်းခဲလေပြီ။

``အဲလောက်နဲ့ ဟင်းဖြစ်အောင် ကျွန်တော်မျိုးမ ဘယ်လောက် ဦးနှောက်ခြောက်ခံ စီမံဖန်တီးရတယ်ဆိုတာ ရှင်တို့သိကြရဲ့လား။ တစ်နေ့ တစ်နေ့ ဈေးကို အခေါက်ခေါက်အခါခါ ခြေတိုအောင်ပတ်ပြီး ပါတဲ့ပိုက်ဆံနဲ့ ချင့်ချိန်တွက်ချက်နေရတာ ခေါင်းမွေးတောင် အတော်ဖြူနေပြီ ဟွန်း´´
``ဝေကလည်းကွာ။ ကလေးတွေကို ဘာတွေလျှောက်ပြောနေတာလဲ။´´
``ကလေးတွေကို ပြောတာထက် ရှင့်ကိုပိုသိစေချင်တာ။ ဟင်းမကောင်းရင် ရှင်လည်း မျက်နှာညိုချင်တာပဲ မဟုတ်လား။´´
``ဟာ..ကိုယ်က ဘာတွေပြောနေမိလို့လဲ´´
``အော…ပြောလို့ရောရမလား။ ရှင်အပ်တဲ့ တစ်လ၊ တစ်လ၀င်ငွေကိုလည်း ရှင်ပြန်တွက်ကြည့်ဦးလေ။ ဒါတောင် ကျွန်မ အိမ်က ရေခဲထုတ်ကလေး တွင်တွင်ကျယ်ကျယ် ထုတ်နေရသေးလို့…´´
``ဟာ…နောက်ဆုံးကျတော့ မင်းက ဒီဘူတာဆိုက်တာပဲ´´

ဖေဖေက စားလက်စကို အလျှင်စလို လက်စသတ်ကာ ထမင်းဝိုင်းမှ ထထွက်သွားတော့သည်။ မေမေက တစ်ကိုယ်တည်း တီးတိုးဗြစ်တောက်နေပြန်တာမို့ ဖိုးတီတာတို့မောင်နှမတွေ ငြိမ်ကုတ်ကာ ထမင်းကိုသာ ဟင်းရည်ရွှဲရွဲဆမ်းကာ ငုံ့လွေးနေမိကြတော့သည်။

** ** ***

ဖေဖေနှင့် မေမေက ဧည့်သည်များအား တနင်္ဂနွေနေ့မှာ ထမင်းစားဖိတ်လိုက်ကြပါသည်။ ထိုနေ့က ဖေဖေ့ ရုံးပိတ်ရက်ဖြစ်သလို ဖိုးတီတာတို့မောင်နှမ၏ ကျောင်းပိတ်ရက်လည်း ဖြစ်သောကြောင့်ပင်။

``ညနေပိုင်းမှ အားမယ်ထင်တယ်ဝေရဲ့။ ညစာပဲ ကျွေးပါနော် ´´
``ပြီးရော…။ ရောက်မလာရင် ပြန်လျော်ရမှာနော်။ ကျုပ်က ရှင်တို့တည်းတဲ့အိမ်အထိ လိုက်ရန်တွေ့မှာ´´
``ရှင့်တကယ်လုပ်မှာ ယုံပါတယ် မိဝေရယ်။ ကျုပ်တို့ကလည်း ရောက်အောင်ကို လာဦးမှာ စိတ်ချ။´´

တနင်္ဂနွေနေ့ တစ်နေ့လုံး မေမေတစ်ယောက် ချွေးတလုံးလုံးဖြင့် တစ်နေကုန် ကြော်လှော်ချက်ပြုတ်ရင်း မောရပမ်းရမှန်းပင် မသိတော့ပေ။ 

``ဟား..ပုဇွန်ထုပ်ကြီးတွေ´´
``ဟဲ့ ဧည်သည်တွေဖို့နော်´´
``ဟင်..သားတိုဖို့ကျတော့ရော…´´
``ဧည့်သည်ကျွေးပြီးရင် စားရမှာပေါ့ ဖိုးတီတာရယ်´´
``ဟီး…အခုနည်းနည်းလေးလောက် မြည်းကြည့်ချင်တယ်´´
``ဟဲ့…ဖိုးတီတာနော်…´´

ဖိုးတီတာ မျက်နှာညိုလေလျှင် သူ့မမက လက်တို့ခေါ်ကာချော့လေသည်။ 

``မေမေ မောနေပြီလေ မောင်လေးရဲ့။ ခါတိုင်းလည်း ဧည့်သည်တွေကို ထမင်းဖိတ်ကျွေးနေကျပဲကို။ ဘယ်ဧည့်သည်က အကုန်ပြောင်အောင် စားပစ်ကြတာမို့လဲ။ သူတို့ကျန်ရင် တို့မောင်နှမတွေပဲ လက်ကျန်ရှင်းနေကျ မဟုတ်လား။ ဧည့်သည်တွေကိုကျွေးပြီးရင် စားရမှာပေါ့ မောင်လေးရဲ့´´
``ဖိုးတီတာက ခု… နည်းနည်းလောက် မြည်းကြည့်ချင်တာ။ နည်းနည်းလောက်လေးပဲ´´

ဖိုးတီတာသည် အစားမက်သလောက် အကောင်းကြိုက်တတ်သူလေးလည်း ဖြစ်သေးသည်။ သူ့မမက ချော့ချော့မော့မော့ကလေး ပြုံးပြကာ…

``ခဏနေရင် ဧည့်သည်တွေ ရောက်လာကြတော့မှာ။ သူတို့စားပြီးတာနဲ့ မောင်လေးကို ကျွေးမှာ။ အဲဒီအချိန်ကျရင် မမအတွက် ဝေစုထဲကပါ မောင်လေးကို မျှကျွေးဦးမယ်..ဟုတ်လား။

ဖိုးတီတာ မကျေနပ်သော်လည်း ဦးခေါင်းကိုတော့ ညိတ်ပြရလေသည်။

*** *** **
ချက်ပြုတ်ပြီးစီးလို့ မေမေတစ်ယောက် ဟင်းပွဲတွေနေရာချရာတွင် မမလည်း ၀ိုင်းကူပေးနေပါသည်။ အစားတစ်မျိုးသာ အာရုံကျနေသော ဖိုးတီတာကတော့ မြိုင်ဆိုင်ဖွယ်ရာလှသော ဟင်းပွဲများကို မြင်ရလေ သွားရည်ယိုကာ ဗိုက်ထဲက တကျုပ်ကျုပ် မြည်လာလေပင်။ ဧည့်သည်တွေရေ…မြန်မြန်လေး လာကြပါတော့ဗျာ။

ဒါပေမယ့် ည…ခုနှစ်နာရီထိုးသည့်တိုင် ဖိုးတီတာတို့၏ ဧည့်သည်တွေ ရောက်မလာကြသေးပါ။

``မေမေ့ဧည့်သည်တွေက ရောက်လာဦးမှာလား´´
``မလာလို့ဘယ်ဖြစ်မလဲ။ ရောက်အောင်ကိုလာကြမှာ´´

သူ… အပင်ပမ်းခံထားတာလေးတွေ အလဟသဖြစ်သွားမှာကို အနည်းငယ်မက ပူပန်စွာ မေမေက ဖြစ်စေချင်သည့်အတိုင်း ဇွတ်ပြောနေပါသည်။ ဒါပေမယ့် နောက်ထပ်အချိန်တွေ လင့်လာသည့်တိုင် ဧည့်သည်များ၏ အရိပ်အယောင်မျှ မမြင်ရသေး။ 

“ဖုန်းလှမ်းဆက်ကြည့်ပါဦး”

မေမေ သတိတရ ပြောလေမှ ဖုန်းလှမ်းဆက်မိလျှင် ဆက်သွယ်မှုဧရိယာ ပြင်ပသို့ ရောက်ရှိနေပါသည် တဲ့။ အကြိမ်ကြိမ် စိတ်ရှည် လက်ရှည် ဆက်တိုက်ခေါ်လေမှ မြို့အလွန် ငါးမိုင်မှာ ရောက်နေခဲ့တာ သိရတော့သည်။  

“မိမော်… နင်တို့ ပြန်လာမီမှာလား။ ငါတို့ ညနေကတည်းက စောင့်နေတာနော်”

မေမေ့စကားသံ မဆုံးမီ ဖုန်းလိုင်းပြတ်သွားခဲ့ပြီ။

ဦးမောင်တို့၏ အမွေဆိုင်ခြံကြီးက ဖိုးတီတာတို့မြို့၏ အလွန် ငါးမိုင်ခန့်အကွာမှာ ရှိတာဖြစ်သည်။ ထိုခြံကြီးကို ရောင်းချကာ ခွဲဝေယူကြတော့ဖို့ ညီအစ်ကို၊ မောင်နှတွေ စိတ်ဝမ်းလက်ညီရှိခဲ့ကြပြီမို့ ထိုနေ့က သက်ဆိုင်သူအားလုံး မျက်နှာစုံညီ တွေ့ဆုံကြတာ ဖြစ်ပါသည်။

``ဖုန်းလိုင်းတွေက မမိတဲ့နေရာ များနေတယ်ကွယ်။ ခု.. ရ ရချင်း ပြန်ဆက်တာ။ ကိုမောင့် ဆွေမျိုးတွေက ၀ိုင်းဆွဲထားကြတော့ ချက်ချင်း ပြန်လာဖို့က မကောင်းဘူးလေ။ အဲဒါ အပြန် နည်းနည်း နောက်ကျမယ်။ မော်တို့ ရောက်အောင်လာပါ့မယ့်။ ခု.. ပြန်လာဖို့ လုပ်နေပြီ။ ဒါပေမယ့် နောက်ကျမှာမို့ ထမင်းစား စောင့်မနေပါနဲ့တော့။ အရင်စားထားနှင့်လိုက်ပါလို့..´´

မေမေကတော့ မျက်နှာပျက်ချင်နေပြီ။ 

``အဲဒီ မိမော်တို့ဟာ သေချာမှာထားရဲ့နဲ့။´´
``သူတို့လည်း ကိစ္စ၀ိစ္စတွေ မပြီးပြတ်နိုင်လို့ ရှိမှာပေါ့ ဝေရာ။ ပြီးတော့ ဆွေရေးမျိုးရေးကလည်း ရှိသေးတာဆိုတော့ လိုတာရပြီး ချက်ချင်းပြန်ချလာလို့ ရမလား´´

အန်တီမော်က ငယ်ငယ်ကတည်းက ပြည့်စုံကြွယ်ဝသော အသိုင်းအ၀ိုင်းက ဖြစ်သည်။ သည်စဉ်ကတည်းက မချို့တဲ့လှသည်တိုင်၊ မပြည့်စုံရှာသောမေမေ့ အနွံတာကိုခံနိုင်သော မေမေ့အချစ်ဆုံးသူငယ်ချင်း ဖြစ်လေသည်။ မေမေက စာမေးပွဲနီးပြီဆိုလျှင် အန်တီမော်တို့အိမ်မှာပဲ နေ့နေ့ညည သွားနေခဲ့ဖူးတာဖြစ်သည်။ အန်တီမော်တို့ တစ်မိသားစုလုံးက မေမေ့ကို မိသားစုဝင်တစ်ယောက်လိုပင် အန်တီမော်နှင့် တန်းတူထားကာ ချစ်ခင်တွယ်တာခဲ့ကြသည်။ လိုအပ်သမျှ ကူညီဖြည့်ဆည်းပေးခဲ့ကြပါ၏။ အသီးသီး အိမ်ထောင်ကျပြီးကတည်းက တစ်နေရာစီ အနေဝေးသွားခဲ့ကြတာ။ တစ်နှစ်နေလို့တောင် တစ်ကြိမ်ပြန်တွေ့ရန် မလွယ်ကူကြတော့တာမို့ မေမေက ခုလောက် အရေးသယ်၊ အကဲပိုနေတာဖြစ်ပါသည်။ ဖိုးတီတာတို့ မောင်နှမတွေတစ်သက် မြင်ဖူးရုံသာရှိကာ တစ်ကြိမ်တစ်ခါမျှ အရသာ မမြည်းစမ်းဖူးသော ဒေသထွက် ပုဇွန်ထုပ်ကြီးတွေကို စွန့်စွန့်စားစား ၀ယ်ချက်ထားတာသာ ကြည့်တော့။

“မိမော် အကြောင်း ဝေ… ကောင်းကောင်း သိတယ်။ ဝေပြောရင် သူ.. မနေဘူး”

“ငယ်သူငယ်ချင်း အချင်းချင်း ရှားတောင့်ရှားပါး ပြန်တွေ့ရချိန်လေးမှာ တခြား မြော်မြင်မှုတွေ ဆွဲထည့် မပစ်ပါနဲ့ကွာ”

မေမေသည့် ဖေဖေ့စကားကြောင့် ဒေါသမွှန်ကာ မျက်ရည်ပင် လည်လာလျှင် အံ့သြရသေးသည်။

“ရှင်ပြောပုံက မိဝေကပဲ ငယ်သူငယ်ချင်း သံယောဇဉ်ကို ခုတုံးလုပ်၊ ထမင်းတစ်နပ်ရင်းပြီး ယောက်ျားရထူးတိုး ပါမယ့်အရေး မရိုးမသား ကြိုးပမ်းနေသလိုပေါ့လေ”
“ဆောရီး… ဆောရီး ဝေရယ်။ ကိုယ်စကားပြော လောသွားလို့ပါ”

ဖေဖေ… ပြာပြာသလဲ တောင်းပန်နေသည့်တိုင် မေမေ့ စိတ်အနာမှာ ကျိတ်ခဲမပြေနိုင်။

“ဝေတို့လည်း ညီအစ်မအရင်းလို ပေါင်းလာတဲ့ ငယ်သူငယ်ချင်း အရင်းကြီးတွေပါ ကိုရဲ့။ အပူပင်မဲ့ သွားလာနေခဲ့ရတဲ့ ငယ်ဘ၀တွေ အကြောင်း အေးအေးဆေးဆေး စကားလက်ဆုံပြောချင်၊ ကြည်နူးချင်လို့ကို ခုလို… မရှိ၊ ရှိတာ ရှာကြံစီမံထားတာပါ။ ဒါပေမယ့် ကို့ ရာထူးတိုးကိစ္စက တိုင်းရုံးအထိ ကို… လိုက်သွားခဲ့တာ ဘယ်လောက်ကြာနေပြီလဲ။ ခုထိ ဘာမှ လည်း အကြောင်းမထူးသေးဘူး။  တစ်ခုခု အကြောင်း မညီညွတ်တာလား။ ဒါမှ မဟုတ် အန်ကယ်လ် ကိုယ်တိုင်က ကို့ကို ခေါက်ထားတာလား ခုထိ မသေချာဘူးလေ”
“တစ်ခုခု အကြောင်း မညီညွတ်လို့ ဖြစ်မှာပေါ့ကွာ”
“ဘာပဲ ဖြစ်ဖြစ်လေ..။ အခု မိမော် နဲ့ ကြုံတောင့်ကြုံခဲ တွေ့တုန်းလေး အဲဒီစကား ပြောလိုက်မယ်လေ။ ဖုန်းထဲကပြောရင် ခုလောက် ပြည့်စုံဖွယ်ရာအောင် မပြောနိုင်ဘူး ရှင့်။ ပြီးတော့ ဝေတို့အကြောင်းဆိုရင် မိမော်က သူ့အဖေကို ပြန်မပြောပဲ၊ အပူကပ် မပေးပဲ နေမှာ မဟုတ်ဘူး။ သေချာတယ်။ အန်ကယ်လ်ကလည်း ငယ်ငယ်ကတည်းက သူ့သမီး ပြောရင် တစ်ခွန်းပဲ”

အန်တီမော်တို့မှ ဒီညစာ လာမစားလျှင် မေမေစေတနာနှင့် အပင်ပမ်းခံထားမှု အားလုံး သဲထဲရေသွန်သလို အဟောသိကံဖြစ်ရတော့မည်။ အန်တီမော့်ကို တစ်သက်လုံး အနာဟောင်းဖော်ကာ စကားနာထိုးလို့ ဆုံးမှာလည်း မဟုတ်တော့။

``စောင့်မနေတော့ဘူးကွာ။ ရောက်ချင်တဲ့အချိန် ရောက်လာကြပါစေတော့။ တို့ သားအမိ၊ သားအဖတွေ စားထားနှင့်ရအောင်´´
``ဟေး…..´´

ဖေဖေ့အစီအစဉ်ကို ဖိုးတီတာတို့ မောင်နှမကလည်း သဘောတူစွာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ မြူးပျော်တက်ကြွ သွားကြရပါသည်။ သို့သော်….

``ဟင်….ပုဇွန်ထုပ် ပန်းကန်ရော…´´

ပုဇွန်ထုပ်ဟင်း တစ်မျိုးတည်းမကပါ။ ငါးသလောက်နှပ်နှင့် ဖေဖေ့အကြိုက် ငြုပ်သီးစပ်စပ် ပုဇွန်ချဉ်သုပ်ပန်းကန်လည်း စားပွဲပေါ်မှာ မရှိတော့။ မေမေသိမ်းလိုက်ပြီ။ ဖိုးတီတာတစ်ယောက် စူပုတ်ရှုံ့မဲ့နေတော့ကာ….

``ဟင့်…. ပုဇွန်ထုပ်ပဲစားချင်တယ်´´
``ဟဲ့….  အဲဒါ ဧည့်သည်တွေ အတွက် ချန်ထားတာဆို´´
``မေမေ့ဧည့်သည်တွေက လာမှာဖြင့် ဟုတ်ပဲနဲ့´´
``မလာလို့ရမလား။ လာမှာပေါ့´´

မေမေက သေချာပိုင်နိုင်စွာ ဆိုနေဆဲ။ ဖေဖေက မနေနိုင်စွာ….

``ကလေး စိတ်ကျေနပ်သွားအောင် နည်နည်းတော့ ကျွေးလိုက်စမ်းပါ မိန်းမရာ´´
``အော်…ကျွေးချင်ပြီလားရှင်ရယ်။ ကျွန်မလည်း မွေးထားတဲ့ အမေပဲ ဥစ္စာ။ ပုဇွန်ထုပ်ဈေးက ရွှေနဲ့စက်ဝယ်ရမတတ် ခေါင်ခိုက်နေတာ ရှင်လည်း သိတာပဲ။ ဧည့်သည်တွေ ကျွေးပြီးကျန်ရင် ကျွန်မ မစားပါဘူ။ ရှင့်သားနဲ့ သမီးကိုပဲကျွေးမှာ စိတ်ချ။ ဖိုးတီတာ…သား အဲလိုရစ်တာ မေမေမကြိုက်ဘူးနော်´´
``အဲဒါဆို ဧည့်သည်တွေ ကျွေးပြီးမှ သားစားတော့မယ်´´
``ဟဲ့…ဧည့်သည်တွေက ဘယ်အချိန်မှ ရောက်မယ်မှန်းမှ မသိတာ။ တော်ကြာအဆာလွန်ပြီး ဗိုက်တွေဘာတွေ အောင့်နေမှာပေါ့ ။ လာ…ခုနည်းနည်းလောက် အဆာခံအောင် စားထားနှင့်´´
``ဟင့်အင်…´´

ဖေဖေက….

``ဝေရယ်….´´
``ကိုနော်။ ရှင်ကပါ ဘယ်လိုဖြစ်နေတာလဲ။ ´´
``နည်းနည်းလောက် စိတ်ကျေနပ်ရုံ ထည့်ကျွေးလိုက်တော့ ဘာဖြစ်သွားမှာမို့လဲ´´
``အော်…ဟင်းပွဲမလှတော့မှာ စိုးလို့ပေါ့။ ပုဇွန်ထုပ်က တစ်ပန်းကန်လှလှရဖို့တောင် မနည်း…။ ဟဲ့….. ဖိုးတီတာ ဘယ်ကိုလဲ´`

ဖိုးတီတာတစ်ယောက် ထမင်းဝိုင်းကို ကျောခိုင်းကာ အိပ်ယာဆီ လှမ်းဝင်ခဲ့လိုက်တော့သည်။

*** **** ***
အန်တီမော်ကတော့ မေမေ့ကို ချော့မော့ တောင်းပန်လို့ မဆုံးနိုင်တော့။ အန်တီမော့်အား ရန်လုပ်နေသော မေမေကတော့ အသံတွေတုန်ကာ မျက်ရည်ပင်ဝဲနေသည်။

``သူတို့အားလုံးကလည်း တစ်ခါတစ်လေ ရောက်တုန်းရောက်ခိုက်ကလေး နေပါဦး။ ထမင်းစားသွားပါဦး တဖွဖွ ၀ိုင်းပြောနေကြတာ။ ကိုမောင့်ဘက်က ဆွေမျိုးဆိုတော့ ငါလည်း ဇွတ်ပြန်လာဖို့ ခက်တယ် ဝေရဲ့။ ခုက အမွေလာခွဲယူတာ ဆိုတော့ ရပြီး ပြန်တာပဲလို့ သူတို့ အထင်လွဲမှာလည်း စိုးရသေးတယ်။ ငါ တောင်းပန်ပါတယ် သူငယ်ချင်းရယ်..´´

အန်တီမော်သည် မေမေစိတ်မကောင်းမှာ၊ စကားနာထိုးကာ ရန်လုပ်မှာတော့ အလွန်ပူပန်စိုးရွံ့နေပုံပင်။ ခရီးရောက်မဆိုက်ပင် မေမေ့ထံ တန်းလာခဲ့တာဖြစ်သည်။ 

``မြိုင်တို့တော့ ပင်ပမ်းပြီး တည်းမယ့်အိမ် တန်းဝင် ကျန်ရစ်ခဲ့ပြီ။ ကိုမောင့်ကိုတောင် ဝေ… စိတ်ဆိုးနေလိမ့်မယ်။ ရှင်….မျက်နှာတော့လိုက်ပြဦး ဆိုပြီး ဇွတ်ဆွဲခေါ်လာတာ´´
“……………”
``မိဝေ။ နောက်တစ်ခေါက်လာတော့မှ ကျွေးပါဟာ…နော်´´
``မကျွေးတော့ဘူး´´
``နင်ကလည်းဟာ။ အော်…ဟဲ့.. ငါမေ့နေတာ။ ဒီမလာခင်လေး ဖေဖေနဲ့ ဖုန်းပြောဖြစ်တော့  ဒီတစ်ခေါက် နင့် ချစ်ချစ်ကြီး အခြေအနေကောင်းတယ် ဆိုပါလား။ အဲကျ… အရာရှိကတော်ဖြစ်မှ နင်… ငါ့ကို မကျွေးပဲ နေလို့ မရပါဘူး မိဝေရာ…ဟား ဟား”

ခုလောက်ရှိလျှင် ဖေဖေရော၊ မေမေပါ အပြုံးချင်း ပြိုင်နေကြမှာ ဖိုးတီတာ မမြင်ရပေမယ့် သိနေပါသည်။

“အယ် …. ဖိုးတီတာ တစ်ယောက်ရော မမြင်ပါလား´´

`အိပ်နေပြီ´ ဆိုသော မေမေ့အဖြေက ခပ်ဆဆ။ အန်တီမော်တို့ ဦးမောင်တို့ ပြန်သွားကြသည့်တိုင် အိပ်ယာထဲမှာ လူးရင်းလွန့်ရင်း စိတ်ကောက်နေသော ဖိုးတီတာကို သူ့မမကလည်း ချော့နေရပါသည်။ ဖေဖေကလည်း…

``ယောက်ျားဆိုတာ စိတ်မကောက်ရဘူးကွ´´

ဖိုးတီတာက ခုမှ လေးတန်းကျောင်းသားပဲ ရှိသေးတာ။ ကလေးပဲဆိုတော့ နည်းနည်းတော့ စိတ်ကောက်လို့မရဘူးလား။ နောက်နှစ် အလယ်တန်းတက်ရင်တော့ ဖိုးတီတာ စိတ်မကောက်တော့ဟု စိတ်ဆုံးဖြတ်လိုက်မိပြီ။ ထိုစဉ် မေမေ အခန်းထဲဝင်လာကာ…

``ကဲ…တို့မိသားစုတွေ ညလည်စာတစ်ထပ် စားလိုက်ကြဦးစို့။ လာ…မေ့သားလေးလည်း ထ…´´

မေမေကိုယ်တိုင် ပွေ့ပိုက်ထူမ လာတော့လေမှ ဖိုးတီတာတစ်ယောက် မူလကျီမျက်နှာကြော နည်းနည်းလျော့လာရတော့ပြီ။

``မေမေ့သားက အစားပုတ်၊ အကောင်းကြိုက်လေးပဲ´´

ခေါင်းပင် မဖော်အားတော့သော ဖိုးတီတာအား မေမေနှင့်ဖေဖေက တပြုံးပြုံးငေးလျှက် ကျေနပ်ကြည်နူး နေကြပါသည်။ ဖိုးတီတာကတော့ ဆီတွေရွှဲနစ်ဝင်းဝါနေသော ပုဇွန်ထုပ်ကွေးကွေးကြီးကို သွားဖုံးမြုတ်မတတ် ကိုက်ဝါးကာ ပလုပ်ပလောင်း အရသာခံနေရင်း အန်တီမော်တို့ကို ခဏခဏ ထမင်းဖိတ်ကျွေးရလျှင် ကောင်းမည်ဟု တွေးနေမိဆဲ ဖြစ်ပါသည်။             ။

                                                                        သတိုး

4 comments:

  1. ချော(အစိမ်းရောင်လွင်ပြင်)March 5, 2011 at 7:10 AM

    ဖိုးတီတာရဲ့ခံစားချက်ကို ကိုယ်ချင်းစာမိသလို အမေဖြစ်သူကိုလဲ နားလည်မိတယ်...
    ဒီလိုအဖြစ်မျိုးတွေ ခပ်ငယ်ငယ်က ကြုံခဲ့ဖူးတယ်လေ..

    ReplyDelete
  2. ချော(အစိမ်းရောင်လွင်ပြင်)March 5, 2011 at 7:10 AM

    ဖိုးတီတာရဲ့ခံစားချက်ကို ကိုယ်ချင်းစာမိသလို အမေဖြစ်သူကိုလဲ နားလည်မိတယ်...
    ဒီလိုအဖြစ်မျိုးတွေ ခပ်ငယ်ငယ်က ကြုံခဲ့ဖူးတယ်လေ..

    ReplyDelete
  3. ဒီပို့စ်လေး ဖတ်ပြီးတော့ အိမ်ကို သတိရမိတယ်။ ဖိုးတီတာ့မေမေက စေ့စပ်တဲ့ အိမ်ရှင်မ ဖြစ်ပုံရတယ်။ ရတာလေးနဲ့ အဆင်ပြေအောင် လုပ်တတ်တယ်။ ဖိုးတီတာလေးတို့ မောင်နှမကလည်း လိမ္မာတာပဲနော်။ စာဖတ်ပြီးတော့ ကိုယ်တိုင် မိသားစု ရဲ့ နွေးထွေးမှုလေး ရလိုက်သလိုပါပဲ။

    ခင်မင်လေးစားလျက်

    ReplyDelete
  4. ငယ်ငယ်တုန်းက ဖိုးတာတီးလိုပဲ ဧည့်သည်မျှော်ဖူးတယ်၊ အစားကောင်းလည်းစားရတယ်၊ ကစားဖို့အချိန်လည်း ပိုရတယ်။အခုခေတ်မှာတော့ ငွေရှာရတာကျပ်တည်းလာတော့ မိဘတွေလည်းကျွှေးချင်ပေမဲ့ မပြေလည်တော့ ဘယ်ကျွှေးနိုင်မှာလဲနော်။

    ReplyDelete

စိတ်ထဲ ခံစားမိသလို မျှဝေပြောပြခဲ့ပါဦး...။