Tuesday, November 22, 2011

ဆေးမင်ကြောင်


                                                           
                        ငယ်ငယ်က နှစ်ခြိုက်ကြိုက်မက်လွန်းစွာ ကိုယ်ပေါ်မှာ ထိုးနှံထားခဲ့မိဖူးတဲ့ ဆေးမင်းကြောင် အရုပ်တွေကို တဖြည်းဖြည်း စိတ်ပျက်လာခဲ့ပြီ။ အိမ်ထောင်မှု၊ ဘုရားတည်၊ ဆေးမင်ရည်စုတ်ထိုး၊ ဤသုံးမျိုး ချက်မပိုင်လျှင် နောင်ပြင်ရန် ခက်လိမ့်အမျိုးဟု ရှေးလူကြီးတွေ ဆိုခဲ့ကြသော်လည်း ဒီနေ့အခါမှတော့ ကိုယ်မကြိုက်တော့တဲ့ ကိုယ်ပေါ်က ဆေးမင်ရုပ်တွေကို ဖျက်နိုင်၊ ပြင်နိုင်နေပါပြီ။ ဒါပေမယ့် ဆေးမင်ကြောင်အရုပ်တို့ရဲ့ သဘောသဘာဝကိုက အလွယ်တကူ ရေးထိုးဖို့မခက်ခဲပေမယ့် ဖျက်ပြင်ဖို့တော့ အချိန်ယူရလေသည်။ အနည်းငယ်မက နာကျင်ပင်ပန်းရကာ ခက်ခဲဆဲလည်း ဖြစ်ပါသည်။
 
                        *******
                        ဆယ်တန်းစာမေးပွဲအောင်မြင်ပြီး တက္ကသိုလ်တက်ရန်ပြင်ဆင်ဆဲ   အပေါင်းအသင်းတွေနှင့် ဟေးလားဝါးလား နေလို့ ကောင်းနေစဉ် ပထမဆုံးဆေးမင်ကြောင်းကို သူ့ကိုယ်ပေါ်မှာ စတင်ရေးထိုးမိခဲ့လေသည်။ ထိုစဉ်ကတော့ ဆေးမင်ကြောင် ယဉ်ကျေးမှုက ခေတ်မှိန်နေဆဲအချိန်လည်း ဖြစ်သည်မို့ ပတ်ဝန်းကျင်၏ ထိပါးရှုံ့ချမှုကို သူ အတော်ကလေး တောင့်ခံခဲ့ရပါသည်။
                        ထိုစဉ်က ပေါ့စတစ်တွေလည်း ခေတ်မစားသေးသလို ဆေးမင်ကြောင်ရေးထိုးခြင်းကို အနုပညာတစ်ခုလို ခံစားတတ်ကြသည့် ယဉ်ကျေးမှုလည်း မထွန်းကားသေးပေ။ အရပ်ထဲမှာ အကျင့်စာရိတ္တတွင် နာမည်ပျက်ရှိသော…၊ အချုပ်၊ ထောင်တန်းတို့ဆီသို့ ၀င်ချည်ထွက်ချည်ရှိတတ်ကြသော... ညစ်ထေးထေး၊ ပေစုတ်စုတ်၊ မှုန်ကုတ်ကုတ် လူတစ်ချို့၏ ကိုယ်ပေါ်မှာသာ ဆေးမင်ရုပ်များကို မြင့်ရလေ့ရှိတာ ဖြစ်သည်။ သူတို့ကိုယ်ပေါ်က ဆေးမင်ကြောင် အရုပ်တွေ၊ စာတွေကလည်း မလှမပတွေဖြစ်သည်။ ဘယ်လိုမှ ၊ ကြည့်ငေးချင်စရာ မကောင်းပါ။ လူ၏ အသရေကို တိုးမလာစေသည့်ပြင် ယုတ်လျော့စေတာကတောင် ပိုဦးမည်။ ညစ်နွမ်းမွဲပြာနေသော နက်ကျောကျော အရေပြားပေါ်မှာ ကြပ်ခိုးမှိုင်းတွေနှင့်ဆေးဖျော်ပြီး ကြုံရာစုတ်ဖြင့် ဆေးမင်ထိုးခဲ့ကြတာဟု သိရသည်။
မိုက်ကြွေး မိုက်ပြစ်
မွေးမေ ကျေးဇူး ဆပ်ဖူးချင်သည်
အသည်းစား ဘုရင်မကြီး။  မင်းကို သတ်ပစ်ချင်လောက်အောင် မုန်းတယ်
သံသရာ အဆက်ဆက် မောင်တောင်းပန်မယ်
သားရဲ့ဖေဖေ လုမိုက်ကြီး
                        … စသည်ဖြင့်။ မလှပ၊ မညီညာသော ကောက်ကွေးလိန်တွန့်လက်ရေးတွေနှင့် စိတ်ထင်ရာစားသားတွေကို လက်မောင်း၊ လက်ဖျံတွေမှာ၊ ပြီး… ရင်ဘတ်နှင့် ကျောပေါ်မှာ ရေးထိုးတတ်ကြတာ တွေ့ရဖူးသည်။ တချို့စာသားများကတော့ မဖွယ်မရာ အဓိပ္ပါယ် သက်ရောက်နေတတ်သေးသည်။ တချို့ ကျတော့ မပီပြင်လှသည့် ရုပ်ပုံတွေလည်း ရေးထိုးထားတတ်သည်။
ထို ဆေးမင်ကြောင်စာသား ရုပ်ပုံများကို ကိုယ်ပေါ်မှာ ရေးခြယ်ထားသော သူတွေကို  တွေ့လျှင် လူအများက မသိမသာ ဖယ်ခွာချင်ကြသည်။ ကွယ်ရာတွင် မဲ့ရွဲ့ကာ ရှုပ်ချပစ်တင်ကြလေသည်။
သူလို၊ ကိုယ်လိုလူတစ်ယောက်၏ ကိုယ်ပေါ်မှာ ဆေးမင်ကြောင်ရုပ်ကလေးများ တွေ့ရလျှင်လည်း သူ၏ ပတ်ဝန်းကျင်က မနှစ်သက်နိုင်သူသာ ပိုများပါသည်။ အပေါင်းအသင်း သူငယ်ချင်း တစ်ချို့တလေကသာ ငေးမောအားကျနေတတ်ကြတာ ဖြစ်သည်။ ဒါပေမယ့် ဆေးမင်ကြောင်ထိုးရအောင်ဟု အဖော်ညှိဖြစ်လျှင်တော့ လူညီခဲလှပါသည်။ စဦးတိုင်ပင်စမှာ မောင်းတင်ထားသူတွေတောင်မှ တကယ့်တကယ် ဆေးမင်ကြောင် အရုပ်ရေးထိုးသူရှေ့ရောက်တော့ အဖျားရှူးသွားတတ်ကြသေးသည်။ ဆေးမင်ကြောင် အရုပ်ရေးထိုးဖြစ်သူ အများစုသည်ပင် မူးယစ်ရူးနှမ်းနေချိန်ခဏမှာ အဆင်ခြင်မဲ့ ရေးထိုးဖြစ်ခဲ့တာဖြစ်ပြီး အမူးပြေကာ  နာကျင်မှုကို ခံစားရချိန်တွင် နောင်တတွေ တစ်လှေကြီးနှင့် စိတ်ညစ်နေ တတ်ကြသေးတာဖြစ်သည်။
သူကတော့ ဆေးမင်ကြောင်ကို နှစ်သက်မြတ်နိုးလွန်းခဲ့လို့ကို ကိုယ်ပေါ်မှာ အကြိမ်ကြိမ် ရေးထိုးဖြစ်ခဲ့တာ ဖြစ်ပါသည်။
**********
သူ၏ ကိုယ်ပေါ်မှ ပထမဆုံးဆေးမင်ကြောင်ရုပ်ကလေးမှာ ချစ်စဖွယ် ရိုးသားသည်ဟု သူထင်ခဲ့သည်။ အသည်းနှလုံးပုံကလေးပေမယ့် ဆေးမင်ကြောင်ရေးထိုးပေးသူက အသည်းပုံ၏ တစ်ဖက်ခြမ်းကို လှပသော ကနုတ်နွယ်ကလေးတွေ ရစ်ခွေထားပေးပါသည်။ အသည်းပုံရေးထိုးတတ်ကြသော သက်ရွယ်တူတွေကြားမှာ သူ့နှလုံးသားလေးက ဆန်းဆန်းကြယ်ကြယ်၊ ချစ်မက်စဖွယ်။ ထိုဆေးမင်ကြောင်ရုပ်ကလေးက သူ့နှလုံးသားကို ကိုယ်စားပြုသည်လေ။ နှလုံးသားကလေးရဲ့ အတွင်းနက်နက် အလည်ဗဟိုမှာတော့ ပန်းစာလုံးဖော်ထားသော အင်္ဂလိပ်အက္ခရာ T&Z…။ သူနှင့် ချစ်သူကောင်မလေး၏ အမည်အတိုကောက်စာလုံးလေးတွေဖြစ်သည်ဆိုတာ ပြောစရာတောင် လိုမည်မထင်ပါ။ ချစ်သူနှင့် အတူရှိမနေနိုင်သေးတဲ့ အချိန်တွေမှာ ထိုအသည်းပုံကလေးကို တစိမ့်စိမ့် စိုက်ကြည့်ရင်း ချစ်သူကို သတိတရ ရင်ခုန်သည်။ လက်ဖမိုးပေါ်မှ ထိုစာလုံးလေးကို နဖူးပေါ်တင်ကာ မျက်လုံးမှေးမှိတ်အိပ်စက်နေပေမယ့် ချစ်သူက ကိုယ်အနားမှာ အတူရှိနေနိုင်သလို ရင်ထဲမှာ တငြိမ့်ငြိမ့်လှုပ်ခုန်ကာ နွေးထွေးရှိန်းမြသော ခံစားချက်တို့ဖြင့် အားအင်တွေ ပြည့်ဝနေတော့သည်။
                        အစကတော့ ငြိုငြင်ချင်သလို၊ အပြစ်ဆိုသေးတဲ့ ချစ်သူက သူ၏ ရင်ခုန်ဖွယ် စိတ်ကူးနှင့် ခံစားချက်ကို သိနားလည်လာသောအခါ…
“သူ က အသားဖြူတော့ ကြည့်ကောင်းပါတယ်”
                        …တဲ့။  သူက အတင့်ရဲလာကာ…
“ကိုယ်တို့နှစ်ယောက်   လက်ထပ်တဲ့ နေ့ကျရင် အဲဒီနေ့ကလေးကို ဘယ်ဘက်ရင်ညွန့်မှာ မှတ်တမ်းတင်ထားရမယ်”
                        ချစ်သူက ရှက်နေခဲ့သော်လည်း  ငြင်းဆန်ဟန့်တားခြင်း မပြုခဲ့ပါ။
                        တကယ်လည်း သူတို့ချစ်သူနှစ်ဦး၏ လက်ထပ်မင်္ဂလာရက်မြတ်ကို မှတ်တမ်းတင်ခွင့် သူ ရရှိခဲ့ပါသည်။ ထို့အတွက် ကံကြမ္မာ၏ မျက်နှာသာပေးမှုကို သူ.. အထူးကျေးဇူးတင်နေပါမည်။
                        နောက်တော့ သားကြီးအတွက်… အမည်စာလုံး အတိုကောက်ကလေးနှင့် မွေးနေ့။
                        သမီးလတ် အတွက်…
                        သားငယ်အတွက်….
                        အငယ်ဆုံး သားငယ်လေးအတွက်…
                        သူ့ကိုယ်ခန္ဒာအနှံ့ပေါ်က ဆေးမင်ကြောင်တွေဟာ သူ့ဘ၀ရဲ့ ဆုလဒ်များစွာကို ရရှိပိုင်ဆိုင်နိုင်မှု အတိမ်းအမှတ်တွေသာ မဟုတ်လား။ သူ ပျော်ရွှင်ကျေနပ်ခဲ့သည်။ ပြုံးမော့ဂုဏ်ယူခဲ့ရဖူးပါသည်။
                        ************
                        ဖေဖေ့ဘကြီးတော်စပ်သော သူတို့၏ ဖိုးဖိုးကြီးကို သူ သိမီလိုက်ဖူးသည်။ ရှားပါးကာ အမြင်ဆန်းသော သျှောင်တစ်စောင်းနှင့် ဖိုးဖိုးကြီးသည် ပေါင်နှစ်ဖက်မှာ ထိုးကွင်းမင်ကြောင်တွေနှင့် ဖြစ်သည်။ ပုဆိုးစကို ပေါင်လယ်အထိဆွဲလှန်ကာ တင်ပလ္လင်ခွေချိတ်ထိုင်လေ့ရှိသော ဖိုးဖိုးကြီးသည် ဘယ်အချိန်ကြည့်ကြည့် အိမ်ဦးခန်းမှာ ကွမ်းတစ်မြုံ့မြုံ့ဝါးလို့ပေ။ အသက်ကြီးရင့်ပြီမို့ ရွာလူကြီးအလုပ်မှ အနားယူခဲ့ပြီဖြစ်သော်လည်း ရပ်ရေးရွာရေးမှန်သမျှ သူ့ အကြံအဥာဏ်၊ အဆုံးအဖြတ်နှင့် မကင်းနိုင်ကြသေး။ ဖိုးဖိုးကြီးကိုက သူ့ရပ်ရွာမှာ အပ်ကျသည်ကအစ မသိရပဲ မနေနိုင်။ စိတ်ရင်း ဖြူဖြောင့်သလောက် အသက်အရွယ်နှင့်မျှ စိတ်မြန်လက်မြန်ရှိတတ်ပြန်ရာ ဖိုးဖိုးကြီးဆိုလျှင် တစ်ရွာလုံးက ကြောက်ရွံ့ရိုသေကြလေသည်။ ထိုစဉ်အချိန်ကတည်းက ထိုးကွင်းမင်ကြောင်နှင့် ဖိုးဖိုးကြီး၏ ခန့်ညားမှုကို သူ အားကျငေးမောနေခဲ့ရဖူးသည်။
                        နောက် မေမေ့ အစ်ကို အကြီးဆုံး တစ်ယောက်ရှိသေးသည်။ သူသည်လည်း ရောက်ရာအရပ်မှာတော့ သြဇာတိက္ကမ ကြိးမားလွန်းလှသော ဆရာတစ်ဆူသာပင်။ အရပ်တကာလှည့်ကာ နေလေ့ရှိသူမို့ တစ်ခါတစ်ရံမှသာ ပြန်တွေ့ရတတ်တာ ဖြစ်သည်။ မေမေသင်ပေးသာကြောင့် ဘဘဆရာဟု နှုတ်ကျိုးနေခဲ့ပြီ။ တစ်ကိုယ်လုံးမှာ များပြားစုံလင်လွန်းလှသော ဆေးမင်ကြောင် အရုပ်များ၊ နားမလည်နိုင်သော စာတမ်းများကြောင့် အပ်ချစရာပင် မရှိဟု ထင်ရသည်။ ဘဘဆရာက မြန်မာသိုင်းဆရာကြီးတစ်ဦး ဟုလည်း ဆိုကြသည်။ ဆေးကုသတာလည်း တွေ့ဖူးသည်။ မြွေဆိပ်ဖြေရာမှာ အလွန်တော်သည်ဟု ပြောစမှတ်ပြုကြသည်။
                        ဖေဖေနှင့်မေမေက ဘဘဆရာအား ရိုသေလေးစားမှုပြသော်လည်း ကိုယ်ပေါ်မှာ ဆေးမင်ထိုးဖို့ တိုက်တွန်းစည်းရုံးလာလျှင်တော့ မျက်စေ့မျက်နှာပျက်ကာ တက်ညီလက်ညီ ငြင်းဆန်တတ်ကြတာ မှတ်မိသည်။
“တောထဲတောင်ထဲ၊ ယာထဲကိုင်းထဲ သွားနေရတာမှ မဟုတ်တာပဲ။ ကိုယ့်အလုပ်က မြို့ပေါ်မှာဆိုတော့ မြွေပါးကင်းပါး ပူစရာ မရှိလောက်ပါဘူး ထင်ပါတယ်”
                        ဖေဖေက ခပ်ရွံ့ရွံ့ဆိုလေလျှင် မေမေကပါ…
“သမီးတို့ မြိုမှာတော့ အဲလို ဆေးဝါးအရုပ်တွေက လူမှုဆက်ဆံရေးအတွက်  အနည်းနဲ့ အများ ကသိကအောင့် ဖြစ်ရတယ်လေ..”
                        ဘဘဆရာက သူ့ထံမျက်စောင်းတ၀ဲဝဲ။ မေမေက သူ့ ကိုယ်ခန္ဒာကိုယ်လေးကို ရင်ခွင်ထဲမှာ မြုတ်ဝင်တော့မတတ် ခပ်တင်းတင်းပွေ့ဖက်ထားလေသည်။
                        သူ အရွယ်ရောက်ပြီးချိန် ကိုယ်ခန္ဒာပေါ်မှာ ဆေးမင်ကြောင် တစ်စွန်းတစ်စကို မေမေ စတင်တွေ့မြင်လိုက်ချိန်မှာ တစ်နေကုန် တစ်ဖျစ်တောက်တောက် ဆူပူကျိန်းမောင်းခဲ့လေ၏။
                        **********
                        ထိုစဉ်ကတော့ ကိုယ်ပေါ်မှ ဆေးမင်ကြောင်အရုပ်နှင့် စာတမ်းများအတွက် သူ အလွန် ဂုဏ်ယူတတ်ခဲ့ ဖူးလေသည်။ ယခုလို တက်တူးထိုးသည့် အနုပညာအလေ့ တွင်ကျယ်ပြန်နှံ့လာချိန်မျိုးမှာသာ ငယ်ရွယ်စဉ်က စိတ်နှင့် လူဖြစ်ခွင့်ရလျှင် သူလည်း ဒေးဗစ်ဘက်ခ်ဟမ်းနှင့် အပြိုင် တက်တူးခရေဇီ ဖြစ်ခဲ့မည်လား မသိ။ ခုတော့ အင်ဂျလီနာဂျိုလီတို့လို အမျိုးသမီးတွေလောက်တောင် တက်တူးကို မရူးသွပ်ချင်မိတော့ပါ။  ဖြစ်နိုင်လျှင် ကိုယ်ပေါ်မှာ ရှိနှင့်ပြီးသော ဆေးမင်တို့ကိုတောင် အရေပြားခွာလှန်ကာ ဖျက်ဆီးပစ်ချင်နေပြီ။
                        သူ့ကိုယ်ပေါ်မှ ဆေးမင်များကို  အမှန်တကယ်  ဖျက်ဆီးဖြစ်မည်ဆိုလျှင် သူ ပထမဆုံး ဖျက်ဆီးပစ်မည့် ဆေးမင်ရုပ်မှာ ပထမဆုံး ထိုးခဲ့ဖူးသော ဆေးမင်ရုပ်သာ ဖြစ်ပါသည်။ သူတို့ ဇနီးမောင်နံ (ထိုစဉ်ကတော့ ချစ်သူနှစ်ဦးပေါ့) တို့၏ အမည်စာလုံးလေးတွေပါသော ကနုတ်နွယ်ခွေယှက်ထားသည့် အသည်းပုံလေးပဲပေါ့။
                        သူ မတွေးထင်ခဲ့ဖူးပါ။ သူ ရူးသွတ်မှုတွေနှင့် တစိမ့်စိမ့် နှစ်သိမ့်ပျော်ရွှင်ခဲ့ရတဲ့ ထို ဆေးမင်ရုပ်ကလေးကို တစ်ချိန်ချိန်မှာ ဖျက်ဆီးပစ်ချင်စိတ် ပေါပေါက်လာခဲ့လိမ့်မည်ဟု ဘယ်တုန်းဆီကမှ ယောင်လို့တောင် မတွေးမိစဖူး။ ထို့အတူ သူ အရူးအမူး စွဲလန်းမြတ်နိုးခဲ့ဖူးတဲ့ ချစ်သူမိန်းကလေးဟာလည်း တစ်ချိန်ချိန်မှာ ခုလို အပြောင်းလဲကြီး ပြောင်းလဲသွားလိမ့်မည်ဟု ဘယ်မှာ ထင်မှတ်မျှော်လင့်ထားခဲ့ပါ့မလဲ။ ဒါပေမယ့် သူမသည် မမှတ်မိနိုင်လောက်အောင် တကယ်ကို ပြောင်းလဲသွားခဲ့လေသည်။ တစ်ခါတစ်ရံ သူက…
“မင်း… မင်းမှ ဟုတ်ရဲ့လားကွာ”
                        တအံ့တသြ ရေရွတ်မြည်တမ်းမိသည် အထိ ဖြစ်သည်။ ထိုအခါ သူမက ရှိရင်းစွဲဒေါသများကို အစွမ်းကုန် ဖွင့်လှစ်ပေါက်ကွဲပစ်တတ် ပြန်သေးသည်။ သူမ ဒီလောက် ဒေါသမာန်ကြီးတတ်မှန်း အစကသာ သိခဲ့လျှင် သူချစ်ခဲ့မိမှာ မဟုတ်မှာဘူး။ ချစ်ခဲ့မိသည့်တိုင်အောင် ချစ်ဝံ့ခဲ့မှာ မဟုတ်ပါဘူးဟု နောင်တနှင့် နာကျင်နေရသည်။
                        အဲသည်စဉ်တုန်းကတော့ သူ့ချစ်သူ ကောင်မလေးဟာ ဒေါသတကြီး စိတ်ဆိုးတတ်ဖို့ဝေးလို့ စကားပြောတာတောင် နှစ်ကိုယ်ကြားသာရုံ  ညံ့ညံ့သက်သက် တိုးဖွဖွကလေး ဆိုတတ်ခဲ့တာ ဖြစ်သည်။ အလွန် အရှက်အကြောက်ကြီးလှသည်။ ရိုးသားအေးချမ်းကာ သူ့ကိုလည်း အလွန်အထင်ကြီးလှတာ ဖြစ်သည်။ အဲဒီချစ်စဖွယ် မခိုတရို့ အပြုံးနှင့် ထိုကောင်မလေးသည် သူ့ရှေ့မှာပင် တဖြည်းဖြည်း တုတ်ခိုင်၊ဆူဖြိုး ဖောင်းကားလာသော ကိုယ်ခန္ဒာနှင့်အတူ အလိုလောဘတွေလည်း အတောမသတ် တိုးပွားများပြားလာခဲ့တော့တာ အံ့သြစရာ မကောင်းပေဘူးလား။
                        အလွန် အလုပ်ကြိုးစားသော လူတစ်ယောက်အဖြစ် သူ့အား သူ့ အလုပ်ပတ်ဝန်းကျင်မှာ ချီးမွမ်းဂုဏ်တင် နေကြစဉ်မှာ သူမကတော့ လက်ကြောမတင်းဟု အားမရနိုင်ခဲ့ပေ။ အလုပ်မှာ လာဘ်မြင်သူဟု အလုပ်ရှင်ကိုယ်တိုင်က ချီးမွမ်းနေစဉ်မှာ သူမက ဦးနှောက်နည်းသူဟု စွတ်စွဲနေပြန်သည်။ တကယ်က သူမ၏ လိုအပ်ချက်ထက် အဆများစွာ သာလွန်များပြားသော လိုအင်ဆန္ဒတွေကို ဖြည့်ဆည်းရန် သူက လုံလောက်သည်ထက်မက ပိုလျှံကဲမောက်သော ငွေကြေးကို မရှာဖွေ၊ မပေးစွမ်းနိုင်သောကြောင့်သာ ဖြစ်ပါသည်။
                        သူသည် ဆွေစဉ်မျိုးဆက် ကြွယ်ပိုးကြွယ်ဝ ချမ်းသာခဲ့ရသူ မဟုတ်ပါ။ သူမသည်လည်း လက်လုပ်လက်စား မိသားစုမှ ပေါက်ဖွားဆင်းသက်လာသူသာ ဖြစ်ပါသည်။ ကိုယ့်ဒူးကိုယ်ချွန်ကာ ကိုယ့်လမ်းကိုယ်ဖောက် လျှောက်ခဲ့ကြရတာ ဖြစ်သည်။ သူတို့၏ မိသားစုဘ၀သည် မချမ်းသာသော်လည်း မဆင်းရဲခဲ့။ မော်ကြွားတောက်စားလောက်အောင် မ၀င့်ဝါနိုင်သော်လည်း ဂုဏ်မငယ်ခဲ့။ ဒီလောက်ဆိုလျှင် ဘ၀က နေပျော်စရာ  မကောင်းဘူးလား။ သူမကတော့ မရောင့်ရဲနိုင်ခဲ့ပေ။ စီးပွားရှာရာမှာ  သူ့ကို ဖြတ်လမ်းက လိုက်စေချင်သည်။ လိုအပ်လျှင် စာရိတ္တချစားလိုလျှင်လည်း စားပါစေဟု ဖွင့်ဟ မတိုက်တွန်းရုံတမယ်။ ကိုယ်ကျင့်သိက္ခာကို ထိုးကျွေးကာ အလဲအထပ်လုပ်ရမည်ဆိုလျှင်လည်း အဆင်ခြင့်မဲ့ စွန့်စားကြည့်စေချင်နေခဲ့သည်။ တစ်ခါတရံတော့ သူက…
“ငါ့ အလုပ်ကိစ္စထဲမှာ မင်း ၀င်မပါစမ်းပါနဲ့”
                        သူမ မပါဝင် မပတ်တော့သော အခါ  စိတ်အေးလက်ချထားဖို့ စိတ်ကူးရုံရှိသေးသည်။ တစ်စခန်း ထပြန်တော့သည်။ ကပ်ဖိုးကပ်ဖဲ့ အရွဲ့တိုက်တတ်လာသည်။ ဟိုလူ့ပြောသလို၊ ဒီလူ့ပြောသလိုနှင့် စောင်းချိတ်သည်။ ပြီး.. မေ့လောက်ရှိတော့လည်း သူ့အလုပ်မှာ သူမ စွက်ဖက်ချယ်လှယ်ဖို့ ကြိုးစားပြန်တာပဲ။ အဆိုးဆုံးကတော့ သားသမီးများကို ဖခင်အား အရိုသေတန်စေရန် အဆင်ခြင်မဲ့သော စကားများကို ဆိုလေ့ရှိတတ်တာပင် ဖြစ်သည်။
                        မိကြောင်းဖကြောင်း မသိတတ်၊နားမလည်သော သားသမီးများသည်လည်း သူ့အပေါ် စာနာစိတ် စိုးစဉ်းမျှ မရှိကြပေ။ လိုချင်တာတွေ့လျှင် ခေါင်းဝှေ့ပူဆာမည်။ ချက်ချင်းမရလျှင် ညူစူစိတ်ကောက်ကြမည်။ ဆန္ဒပြမည်။ မိခင်၊ ဖခင်တို့ထက် တော်ထူးထက်မြက်သော အတိဇာတ သားသမီးများကို သူမျှောင်လင့်ခဲ့သည်။ ခုတော့.. ဟင်းရွက်ကန်စွန်းသာ ဆိုလျှင် နင်းခြေမီးမြိုက်ကာ အပင်သစ်သာ ပြန်ပျိုးယူချင်မိတော့ပြီ။
                        သူမျှော်လင့်သော သီရိဂေဟာသည် အတိအကျ ပြောင်းပြန်ဆန့်ကျင် ပုံပေါ်လာသောအခါ သူ.. အိမ်ပြန်ရမှာ ကြောက်လာသည်။ အိမ်မဟုတ်လျှင် ဘယ်နေရာမဆို သူပျော်သည်။ မိသားစုဝင်တွေသာ မဟုတ်လျှင် ဘယ်အတန်းအစားက၊ ဘယ်လိုလူမျိုးနှင့်မဆို သူ ယှဉ်တွဲနေထိုင်နိုင်သည်။ အလုပ်မှာပင် ညအိပ်ဖြစ်ခဲ့သော အကြိမ်တွေ များလာခဲ့ပြီ။ သူ့မိန်းမကတော့ သူအား အယုံအကြည်လွန်ခဲ့လေသလား။ ဒါမှ မဟုတ် လျစ်လျှူရှုထားလေသလားမသိ။ လကုန်လို့ ငွေမအပ်လျှင်သာ တဖျစ်တောက်တောက် ဆူပူတတ်လေ့ရှိသော အမျိုးသမီးသည် ရှင် .. ညက ဘယ်မှာအိပ်ခဲ့သလဲဟု တစ်ခွန်းတစ်စ မေးမြန်းဖော်မရခဲ့ပေ။ အိမ်ပြန်ရောက်လာသော ခင်ပွန်းသည်ထက် ကိုယ်ပေါ်မှ ချွတ်ခွာပြီး ချိတ်တွင် ချိတ်လွှားမည့် အင်္ကျီမှ အိတ်ကပ်ကိုသာ  ပိုမိုစိတ်ဝင်စားတတ်တာဖြစ်သည်။ သားသမီးများကလည်း လိုဘပြည့်နေသမျှ ဖခင်ကို မျှော်ရကောင်းမှန်း  သတိမရကြပေ။
                        သူသည်  လက်ဖမိုးနှင့် လက်ဖျံပေါ်မှ ဆေးမင်ကြောင်ရုပ်များကို ဖျက်ဆီးပစ်ချင်စိတ် ပေါ်ပေါက်လာခဲ့မိတော့တာ သူ မလွန်ပါ။ ဒါပေမယ့် အချိန်ကတော့ နှောင်းလွန်ခဲ့ပါပြီ။
                        ************
                        သူသည် လက်ဖမိုးနှင့် လက်ဖျံပေါ်မှ ဆေးမင်ကြောင်များကို ဖျက်ဆီးပစ်ချင်စိတ်တွေနှင့် ပြင်းပြင်းပြပြ ဆာလောင်ဆူဝေလာသည့်အခါ ထိုအရုပ်များအပေါ် လက်ဖ၀ါးတစ်ဖက်အုပ်လျှက် အကြိမ်ကြိမ်ပွတ်တိုက် ဖျက်ဆီးနေမိသည်။ ဒါပေမယ့် သူအသားတွေ နီရဲပွန်းပဲ့ကာ နာကျင်ကျိန်းစပ်လာတာပဲ အဖတ်တင်သည်။ ဆေးမင်ရုပ်များကတော့ ဖျော့မှိန်မသွားကြပေ။
                        သူ့မှာ သည့်ထက်နည်းနည်း စွန်လွှတ်စွန့်စားရဲသည့် သတ္တိရှိခဲ့လျှင်….၊ နာကျင်မှုကို အချိန်ကာလတစ်ခုထိ တောင့်ခံနိုင်ခဲ့မည်ဆိုလျှင် ထိုဆေးမင်ကြောင်များကို ဖျက်ဆီးပစ်နိုင်လိမ့်ဟု သူ သိပါသည်။ သို့သော် သူ သွေးကြောင်နေသေးသည်။
                        ခုတော့ ဆေးမင်ကြောင်များသည်ပင် သူ့ခန္ဒာအရေပြား ပျော့တွဲတွဲပေါ်မှာ မထင်းပ၊ မ၀င့်ဝါနိုင်ကြတော့ရှာ။ ဒါပေမယ့် စွဲထင်နေနိုင်ဆဲတော့ ဖြစ်သည်။ သူ သေသည်အထိ စွဲမြဲစွာ ထင်ကျန်နေတော့မည်လည်း သေချာနေပါသည်။
                        ***********
“ခင်ဗျားရဲ့ ဆေးမင်ကြောင်တွေ အကြောင်း ကျွန်တော် စာတစ်ပုဒ်လောက် ရေးချင်မိတယ်”
                        တစ်ဖက်က ရုတ်တရက်ပြောလာတော့ သူ လန့်သွားမိသည်။ ပြီး ဇဝေဇ၀ါ ၊နားမလည်နိုင်သော အတွေးတွေနှင့်…
“ခင်ဗျားက ကျွန်တော့်ရဲ့ ဆေးမင်ကြောင်တွေအကြောင်း စာရေးမယ်။ နေပါဦး။ အဲဒါတွေအကြောင်း ခင်ဗျားကို ကျွန်တော် တစ်ခါမှ ပြောမပြခဲ့မိပါဘူးနော်”
                        သေချာပါသည်။ သူ့ကိုယ်ပေါ်က ဆေးမင်တွေအကြာင်းကို ထိုလူ့ကိုမှ မဟုတ်။ သူ.. ဘယ်သူ့ကိုမှ ပြောပြမထားခဲ့ပါ။ သူ့ရင်ညွန့် ဘယ်ဘက်နားက ဆေးမင်ကြောင်စာတမ်းကလေးကိုဆိုလျှင် ဒီလူ ရှိနေမှန်းတောင် သိမည် မထင်။
“ခင်ဗျား မပြောလည်းပဲ တချို့တလေကိုတော့ ကျွန်တော် မှန်းဆ ရနိုင်မယ်လို့ ထင်ပါတယ်။ ဒါမေယ့် ခင်ဗျားကိုယ်တိုင် ပြောပြခဲ့ရင်တော့ ပြည့်ပြည့်စုံစုံ၊ တိတိကျကျ ပိုပြီး သိရတာပေါ့”
                        မဖြစ်နိုင်ပါ။ သူ့ ဆေးမင်ကြောင်တွေအကြောင်း သူ… ဘယ်သူ့ကိုမှ ပြောပြဖို့ စိတ်ကူးမရှိပါ။ သူ့ကိုဆိုလျှင် ပိုလို့တောင် မပြောဖြစ်ဖို့ သေချာနေသေးသည်။
                        တကယ်တော့ သူတို့ နှစ်ယောက် အတန်ငယ်မက ရင်းနှီးနေပြီးသား ဖြစ်ပါသည်။ သို့သော် သူတို့ နှစ်ယောက်၏ ခင်မင်မှုမှာ တစ်စုံတစ်ရာသော ဖုထစ် ခုခံမှုတစ်ခု ရှိနေသေးသလို သူ့စိတ်မှာထင်နေသေးသည်။ တစ်ဖက်သားကတော့ ဘယ်လိုရှိမည် မသိရပေ။
နှစ်ယောက်စလုံးက အရွယ်လွန်ကာ အိုမင်းသည့်ဘက်သို့ နီးကပ်လာနေပြီးသော သက်ရွယ်တူတွေလည်း ဖြစ်သည်။ သူက လက်ရှိအလုပ်မှ အငြိမ်းစားယူလာခဲ့သော်လည်း ထိုသူကတော့ အလုပ် မယ်မယ်ရရ ရှိခဲ့ဖူးပုံမပေါ်။
“အရင်ကတော့ တူမအိမ်မှာ ခိုကပ်နေတာပေါ့။ အလုပ်ကတော့ စာရေး၊ ကဗျာရေးတာ အလုပ်ဆိုရင် အဲဒါ ကျွန်တော့်အလုပ်ပဲ။ တူမ ရှိတုန်းကတော့ မငြိုငြင်ရှာပါဘူး။ တူမက ဆုံးသွားတော့ အားကိုးပျောက်သလို ဖြစ်သွားတယ်။ ကျန်ခဲ့တာက စိမ်းသူမဟုတ်လား။ ခုတော့ ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ ခိုကပ်နေရပြန်ပြီ”
                        သူမှာတော့ ခိုနားစရာ အိမ်ရှိပါသေးသည်။ အမိုး၊အကာ၊ အခင်း လုံခြုံသည့် အဆောက်အဦးသည် အိမ်ဟု သတ်မှတ်နိုင်မည် ဆိုလျှင်ပေါ့လေ။ ဒါပေမယ့် အိမ်တစ်အိမ်၏ နွေးထွေးမှု အငွေ့အသက်တွေ မခံစားခဲ့ရတော့တာ ကြာပြီမို့ သူက ခိုနားရာအဖြစ် မသတ်မှတ်ချင်။ ဒါကြောင့်လည်း ဒီနေရာလေးကို  သူ မရမနေ အရောက်လာခဲ့မိတာ။ ဒီနေရာမှာ စာအုပ်တွေပဲရှိသည်။ ရောက်လာကြသည့် သူတွေကလည်း စာပေမှာ မွေ့လျော်နေပျော်သော စိတ်အခံကလေးတွေနှင့်မို့ ဘာသာစကားခြင်း နီးစပ်သည်ဟု ထင်သည်။
“ဟို တစ်ယောက်ကလည်း ဒီနေရာလေးကို လိုချင်နေတယ် ပြောတယ်။ လူအတော်များများကလည်း သူနဲ့ သင့်တော်တယ်လို့ ထောက်ခံကြတယ်လေ…”
                        ဖြစ်မှ ဖြစ်ရလေ..။ မြို့နယ်ကလေးတစ်ခုမှ စာပေ၀ါသနာရှင်တွေ စုစည်း အကောင်အထည် ဖော်ခဲ့ကြတဲ့ ဒီစာကြည့်တိုက်ကလေးမှာတောင် စာကြည့်တိုက်ဝန်ထမ်း တာဝန် ထမ်းဆောင်လိုသူတွေက အများသားပါလား။ သင့်တင်မျှတဲ့ လစာငွေကို စီစဉ်ပေးထားတာလည်း ပါမှာပေါ့။ လစာခံစားခွင့် မသေချာသေးသော စာကြည့်တိုက်ကလေး စတင်တည်ထောင်စ အချိန်ကတော့ ဒီနေရာလေးကို သူလည်း စိတ်မ၀င်စားခဲ့ပါ။ ခုတော့မှ…။  အငြိမ်းစား အလုပ်လက်မဲ့တစ်ယောက်အတွက် အိမ်မှာ လူပိုမဖြစ်ချင်တာလည်း ပါပါသည်။ ခုတော့ ဟိုလူ…။ သူ့နေရာကို လုယူတော့မည်။
                        အခွင့်အရေးတစ်ခု လက်လွတ်ဆုံးရှုံးသွားမှာ နှမျောတပ်မက်စိတ်ဖြင့် သူ့နှုတ်ဖျားမှ ဟိုလူ၏ အားနည်းချွတ်ယွင်းချက်တွေကို အကြားအလပ်မရှိ ထောက်ပြပြစ်တင်ခဲ့မိသလား။ ဟိုလူ့ထံသို့ သူ့စကားတွေ  ပြန်လည်ပေါက်ကြားသွားဖို့ မသေချာသော်လည်း သူ အတွေးနှင့် ရှက်မိခဲ့ပါသေးသည်။ ဒါပေမယ့် သူ့မိန်းမက…
“အလကားနေလည်း အလကားပဲ။ အလုပ်ကလေးတစ်ခုရှိတော့ ရှင်လည်း စိတ်ငြိမ်တာပေါ့”
                        သူ.. ထိုအလုပ်ကို အရယူမှ ဖြစ်တော့မည်ဟု နားလည်ဆုံးဖြတ်ပြီး ဖြစ်နေပြန်တော့ပြီ။
“ခင်ဗျား ခု မပြောနိုင်သေးလည်းပဲနေပါဗျာ။ ပြောချင်လာတဲ့ နေ့ကျတော့မှ ပြောပြပါတော့.. ဟုတ်လား။ ကွှန်တော်ကတော့ ခင်ဗျားရဲ့ တက်တူးတွေကို တကယ်ကို စိတ်ဝင်စားမိတာပါဗျ”
                        ရွေးချယ်ရေးမှတ်ပြီးသော စာအုပ်တစ်ချို့ကို ပွေ့ပိုက်လျှက်  ချာခနဲ နောက်လှည့်ပြန်သွားသော ကျောပြင်နောက်သို့ အကြည့်တွေ ကပ်ပါသွားပါသည်။ သူ့ လက်ဖ၀ါးအစုံသည် လက်ဖျံပေါ်ရှိ ဆေးမင်ကြောင်တို့ဆီ အလိုလိုရောက်ရှိနေပြန်ကာ အထပ်ထပ်ပွတ်ဖျက်နေမိပြန်ပြီ။ ဟိုလူကတော့ ချိုင်းထောက်ကလေး တစ်ဒေါက်ဒေါက်နှင့် လမ်းပေါ်မှာ လျှောက်သွားနေလိုက်တာ…။


                                                                                                       သတိုး

Friday, November 18, 2011

ရွက်သစ်ဝေ နွေဦး

             

တတိယ အကြိမ်မြောက် လူပျိုပေါက်ကလေး ပြန်ဖြစ်သွားပြန်ပြီဟု ခပ်မဲ့မဲ့ တွေးလိုက်မိလေသည်။
နန္ဒသည် အိမ်ပေါ်မှ ဆင်းလာခဲ့သည်နှင့် တွေဝေခြင်းကင်းစွာ အမေ့အိမ်သို့ ခြေလှမ်းပြင်ပြီး ဖြစ်နေပြန်တော့သည်။ အသက် နှစ်ဆယ့်ငါးနှစ်ပြည့်ခဲ့ပြီဖြစ်သော အရွယ်ရောက်ပြီး ယောက်ျားတစ်ယောက်ကို မေမေကတော့ ရင်ခွင်ပိုက်ကလေးငယ် တစ်ယောက်လိုပင် ရင်ဘတ်စည်တီးလျှက် ကြိုဆိုထွေးပွေ့ဦးမှာ သေချာပါသည်။ ဖေဖေကရော…။ နန္ဒ၏ နံဘေးမှာ တွယ်တာစရာ မိန်းမတစ်ယောက်သာ ယှဉ်တွဲပါမလာခဲ့ဘူးဆိုလျှင် ဖေဖေကလည်း သူ့ကို လက်ခံနိုင်မှာပါ။ သူ… အတွေ့အကြုံအရ သိနေခဲ့ပါသည်။
                   ***********
“ငါတော့ မေမေ့ကို နားကို မလည်နိုင်တော့ဘူး”
“အင်း… ငါရောပဲ”
                   အဲဒီလို စကားများဖြင့် ကဉ္စနာနှင့်သူ အတိုင် အဖောက် ညီခဲ့ကြဖူးစဉ်က သူတို့ နှစ်ယောက်စလုံး ခုနစ်တန်းပဲ ရှိကြသေးသည်။  အကောင်းဆုံးကျောင်းဟု သတ်မှတ်ခြင်းခံရသော အခြေခံပညာ အထက်တန်းကျောင်းကြီးမှာ သူတို့နှစ်ယောက်က အတော်ဆုံးအတန်း တန်းခွဲ(A)မှ အတော်ဆုံး ကျောင်းသားနှစ်ယောက် ဖြစ်လေသည်။ အဆင့်တစ် နှင့် နှစ်ကို တစ်လှည့်စီလုယူနေကြသော သူတို့နှစ်ယောက်သည် အချစ်ဆုံး သူငယ်ချင်းတွေလည်း ဖြစ်နေကြစဉ်မှာ သူတို့၏ အမေနှစ်ယောက်ကတော့ အစစ၊ အရာရာ ယှဉ်ပြိုင်ဘက်၊ ကမ္ဘာ့ရန်များအဖြစ် အတော်ကလေး ခရီးတွင်နေခဲ့ပြီ။
“ဒီတစ်ပတ် စာမေးပွဲမှာ ကဉ္စနာ့ထက် ဘာသာစုံ ရမှတ်တွေ သာနေမှ ဖြစ်မယ်နော်။ မဟုတ်ရင် ဟိုမှာတွေ့တယ်မဟုတ်လား ၀ါးခြမ်း”
အသားနာမှာတော့ သူ ကြောက်လှပါသည်။ ဖေဖေရော မေမေပါ လက်သံပြောင်လွန်းလှသူတွေ ဖြစ်ကြသည် မဟုတ်လား။ ပြီး… စာမေးပွဲမှာ အမှတ်နည်းတာ၊ အဆင့် မကောင်းတာကိုလည်း သူ ကိုယ်တိုင်က မကြိုက်နိုင်ပါ။ ဒါပေမယ့် ကဉ္စနာ့လို မိန်းခလေးတစ်ယောက်နှင့် ယှဉ်ပြိုင် အနိုင်ရရေးအတွက်တော့ဖြင့် သူ စိတ်မ၀င်စားပါ။ သူ ကဉ္စနာ့ အပေါ်မှာ အနိုင်မယူချင်ဘူး။ ကဉ္စနာက သူ့ အချစ်ဆုံး သူငယ်ချင်း မဟုတ်လား။
ကဉ္စနာကတော့ မိန်းခလေးဖြစ်နေလို့လား မသိ။ ပြိုင်ဆိုင်ချင်၊ အနိုင်လိုချင်သော စိတ်ကလေး ရှိတာ ရိပ်မိရပါသည်။ သို့သော် ကဉ္စနာကလည်း သူ့တစ်ယောက်ကိုတော့  ကဲကဲလွှားလွား မပြိုင်ဆိုင်ခဲ့ဖူးပါ။  ကဉ္စနာလည်း သူ့အား ခင်မင်သည်သာ မဟုတ်လား။
သို့သော် ကဉ္စနာသည်လည်း သူမ၏ အိမ်မှာ သူ့နည်းတူ မိခင်၏ ကြိမ်းဝါးမှုကို တရံမလပ် ခေါင်းငုံ ခံနေရရှာတာ သူသိပါသည်။ သူတို့တတွေ ဖြေဆိုပြီးခဲ့သော စာမေးပွဲရမှတ်များကို အတန်းထဲမှာ ကြေငြာသောနေ့မျိုးတွင် ကဉ္စနာတစ်ယောက် ဂဏှာ မငြိမ်ပဲ ဖြစ်နေတတ်တာ သူ တွေ့ဖူးလှပြီ။ ဟိုလူ၊ ဒီလူထံမှာ အမှတ်တွေလိုက်မေးရင်း အလုပ်ရှုပ်နေတတ်ပြန်သည်။ အုပ်ထိန်းသူလက်မှတ်ထိုးရန် ရီပို့ကဒ်များ အိမ်သို့ ထည့်ပေးလိုက်သောနေ့ဆိုလျှင် အဆင့်တစ်ဖြစ်နေမှ သူမ.. ရယ်မောနေနိုင်တာ ဖြစ်သည်။ မတော်တဆ အဆင့်တွေများစွာ လျော့ကျသွားခဲ့လျှင်တော့ ငိုမလိုမျက်နှာပျက်လျှက် ဆောက်တည်ရာမဲ့နေတတ်တာ သနားစရာ ကောင်းလှတော့သည်။ အိမ်ရောက်လျှင် သူ့မေမေသည် နားတွေ ညည်းအူလာအောင် ဆူပူမြည်တွန်တော့မည်ကို သူမ သိနေနှင့်သည်လေ။ ပြီး အရိုက်ခံရဦးမှာလည်း မြေကြီးလက်ခတ်မလွဲပါ။
ကဉ္စနာကမှ သူ့မေမေတစ်ယောက်တည်းက ဆူတာ၊ ရိုက်တာမို့ တော်ဦးမည်။ သူမှာတော့ ဖေဖေရော၊ မေမေပါ တစ်လှည့်စီ ဆူကြ ရိုက်ကြတာကို လှိမ့်ပိန့်ခံရတာဖြစ်သည်။ ဖေဖေမောလျှင် မေမေက အလှည့်ယူသည်။ မေမေ ခြေကုန်လက်ပန်းကျလျှင် ဖေဖေက စစ်ကူဝင်သည်။ တစ်နေကုန် အကြောင်းတိုက်ဆိုင်လေတိုင်း ထိုအကြောင်းအရာ တစ်မျိုးတည်းကိုသာ တက်ညီလက်ညီ အပ်ကြောင်းထပ်နေကြတော့ရာ သူ့ခမျာ နေစရာပင် မရှိတော့။
မှတ်မှတ်ရရ ကျောင်းတက်မှန်လှသော ကဉ္စနာတစ်ယောက် အပျင်းဖျားပြီး တစ်ပါတ်နီးပါး ကျောင်းပျက်ခဲ့ဖူးသေးသည်။ နောက်တော့မှ လပါတ်စာမေးပွဲမှာ အဆင့်ကျသွားကြောင့် သူ့မေမေ ရိုက်ရာ အကြောက်လွန်ကာ နေမကောင်းသည်အထိ ဖြစ်ခဲ့ရသည်ဟု သိခဲ့ရ၏။ နောက်တစ်ပါတ် စာမေးပွဲမှာ ကဉ္စနာ့ထက် အမှတ်နည်းစေရန် သူတမင် လျှော့ဖြေခဲ့ရာ အတန်းပိုင်ဆရာမက သူ့အား အတန်းထဲမှာ ရစရာမရှိအောင် ဆူပူမြည်တွန်လွှတ်လိုက်သည်။ အိမ်ပြန်ရောက်လျှင်တော့ မိုးမီးလောင်လေ၏။
***********
တကယ်တော့ သူတို့နှစ်ယောက်၏ နေအိမ်တွေက ကျောင်းနှင့် အတန်ဝေးလှမ်းနေပါသည်။ သို့သော် မိဘတွေအားလုံးက အနီးရှိ အလယ်တန်းကျောင်းကလေးကို လုံးဝ စိတ်မ၀င်စား။ ခါးခါးသီးသီးဟုပင် ပြောနိုင်လောက်သည်။ ထိုကျောင်းကလေးမှာ ကျောင်းတက်ရလျှင်ဖြင့် သူတို့၏သားသမီးတွေ ဒီတစ်သက် ပညာတတ်ဖြစ်လာမည်လို့ကို မယုံကြည်ကြသော ငြင်းပယ်ခြင်းမျိုးနှင့် ဖြစ်သည်။
                   သူ၏ စာမေးပွဲရမှတ်များအပေါ် အားမရလျှင်သော်လည်းကောင်း၊  စာကြည့်စားပွဲ ပုံမှန်ထိုင်ရန် ခဏငယ်ကလေး ပျက်ကွက်လျှင်သော်လည်းကောင်း  မေမေ၏ လက်သုံးစကားမှာ..
“နင့်ကို နွားဖြစ်မှာစိုးလို့ ကျောင်းကောင်းကောင်းမှာ ထားတာဟဲ့။ သိရဲ့လား”
                   …ဟူ၍ ဖြစ်သည်။ မေမေ့စကားအရ ဆိုလျှင်တော့ အိမ်နှင့် အနီးအနားက ကျောင်းမှာနေကြရသည့် ကျောင်းသားတွေသည် ယနေ့ သို့မဟုတ်..မနက်ဖြန်မှာ နွားဖြစ်ကြတော့မည်လား မသိ။ ဒါပေမယ့် ထိုကျောင်းမှ ထွက်သွားသော ကျောင်းသားဟောင်းတွေ တစ်ယောက်မှ နွားဖြစ်သွားကြတယ်ဟု သူ မကြားစဖူး။ သေချာတာကတော့ သူတို့တတွေမှာ သူ့လောက် ကျောင်းစာနှင့် မျက်နှာ အချိန်ပြည့် ကပ်မထားကြရ။ ဆော့ကစားချိန်လည်း ပိုများကြသည်။ ပြီး သူ မသိတတ်သော အရာများစွာကို သူတို့က ပိုမို သိနားလည်နေကြခြင်း ပဲ ဖြစ်သည်။
“နေကြာစေ့ဆိုတာ နေကြာပင်က  ပန်းပွင့်ပြီး အဲဒီအပွင့်က ရတာကွ။ ပြီးတော့ ကွာစေ့ဆိုတာလည်း ကွာပင်က ရတာပဲ”
                    အဲသည်စဉ်အချိန်တုန်းက အလယ်တန်းပင် တက်နေပြီဖြစ်သော သူက အဟုတ်ထင်မှတ်နေခဲ့ဖူးတာ ဖြစ်သည်။
“ငါ.. နေကြာပင်တော့ မြင်ဖူးတယ်။ ကွာပင်တော့ တစ်ခါမှ မမြင်ဖူးဘူး။ သူကရော အပွင့် ပွင့်တာပဲလား”
                   သူတို့ တဟားဟားရယ်မောနေကြသည့်တိုင် သူ နားမလည်နိုင်။
“မင်းကို အလကား နောက်နေကြတာပါကွာ။ ကွာစေ့ဆိုတာ ဖရဲပင်က ရတာ။ ဖရဲသီးထဲက အစေ့မဲမဲတွေ မင်း တွေ့ဖူးတယ် မဟုတ်လား။ အဲ အစေ့တွေကို လှော်ထားတာ”
                   တစ်ယောက်က တည်တည်တံ့တံ့ ၀င်ရှင်းပြတော့ သူ အသိတိုးရသည်။
“ပြီးတော့ အသီးတွေထဲမှာ ဘယ်အသီးက အမာဆုံးလဲ သိလား။ ဂေါက်သီးကွ။ ဂေါက်ပင်ရော မြင်ဖူးလား”
                   သူ ဆတ်ခနဲ ဖြစ်သွားကာ…
“မင်း လာမရွှီးနဲ့ ဟေ့ယောင်။ ဂေါက်သီးကို ငါသိတယ်။ ငါတို့ဖေဖေက ညနေတိုင်း ဂေါ့ဖ်ရိုက်သွားနေကျ”
                   သူတို့တတွေ ရယ်မောလိုက်ကြပြန်သည်။ တကယ်တော့ သက်ရွယ်တူ သူငယ်ချင်းတွေနှင့် ခုလို ရောက်တတ်ရာရာ ပြောဆိုရင်း ရယ်ပွဲဖွဲ့နေရတာ ပျော်စရာကောင်းပါသည်။ ခဏနေရင် ဘောလုံးကန်ကြမည်ဟု တိုင်ပင်ကာ လူစုနေကြသည်။ မေမေ ပြန်ခေါ်ဖို့ အချိန်နီးနေပြီ။ ဒါပေမယ့် ရသလောက် အချိန်ကလေးမှာ သူ.. ဘောလုံးဝင်ကစားသည်။
“နန္ဒရေ….”
                   မေမေ လှမ်းခေါ်တော့ သူ မကြားယောင်ဆောင်ကာ ဆက်ကစားသည်။ နှစ်ခွန်း သုံးခွန်းဆင့်လာတော့…
“လာပြီး မေမေ။ ခဏလေး…”
                   သူ အကစားမပျက်ပါ။ ၀ါးခြမ်းတစ်ချောင်းကိုင်ကာ မေမေ ကွင်းစပ်ဆီ လာရပ်လေမှ ရှေ့မှ ဘောလုံးကို တစ်ချက် အားကုန်ကျုံး ကန်ပစ်ခဲ့ကာ သုန်သုန်မှုန်မှုန် သုတ်ချေတင်ရသည်။ ထိုနေ့က ထုံးစံမပျက် အရိုက်ခံရသော်လည်း သူ ကျေနပ်လေသည်။
*********
 မိဘ၏ အရိပ်တွင် သူ့အတွက် မှေးစက်နားနေရန် တစ်နေရာစာတော့ ရှိနေဆဲပဲဖြစ်သည်။ ဟိုယခင်က ရရှိခံစားခဲ့ဖူးသည့် အဆောင်အယောင်များသည်လည်း ပြောင်းလဲလျော့နည်းမသွားသေးပါ။ သို့သော် သူ မပျော်ရွှင်နိုင်ပါဟုဆိုလျှင် ဖေဖေရော၊မေမေပါ သူ့ကို စိတ်ဆိုးကြဦးမည်။ တစ်အိုးတစ်အိမ်နှင့် အခါခါခွဲနေခဲ့ဖူးတဲ့ သားယောက်ျားတစ်ယောက်ဟာ မိဘအိမ်မှာ အပူပန်မဲ့ နေရသည့်ဘ၀ကို သာယာနေလိမ့်မည်ဟု ဖေဖေနှင့်မေမေတို့ ထင်မှတ်မှားနေကြပါသလား။
သူ့အိမ်ကလေးမှာ ဖေဖေနှင့် မေမေတို့အိမ်ကဲ့သို့ မကျယ်ဝန်း၊ မခမ်းနားပါ။ နှိုင်းယှဉ်မရနိုင်အောင် အပုံကြီး ကွာခြားလွန်းလှတာ သူသိပါသည်။ ဒါပေမယ့် သိမ်နုတ်သော ထိုအိမ်ကလေးမှာ သူက အိမ်ဦးနတ်၊ ဘုရင်တစ်ဆူဖြစ်သည်။ သူ အရိပ်ကြည့်ကာ ကြောက်ရွံ့ခန့်ညားရမည့်သူ မရှိ။ ဒါပေမယ့် သူက အိမ်ထောင်တစ်ခုကို ဦးဆောင်ကာ ရှာဖွေကျွေးမွေးရန် ခုထိ အစွမ်းအစ ကင်းမဲ့နေဆဲလည်း ဖြစ်သည်။ သို့အတွက် သူ လိပ်ပြာငယ်ရသည်။
“ဟယ်တော့…ဆန်အိုးထဲမှာ ဆန်ကုန်နေပြန်ပြီ”
                   သူသီးမခံနိုင်ဆုံးသော စကားပဲဖြစ်သည်။ ပြီး…ဆီမရှိပြန်ဘူး။ ငြုပ်၊ ကြက်သွန်၊ တခြားတိုလီမိုလီ။ သူ… ဘယ်တုန်းဆီကမှ စိတ်မ၀င်စားဖူးတဲ့ အကြောင်းအရာတွေအတွက် တွေးပူနေရတာ ဦးခေါင်းတွေ ပေါက်ထွက်တော့မလား ထင်ရသည်။ အိမ်သူက ကိုယ့်ရှေ့မှောက်မှာ ပြေးလွှားချေငှားရင်း တဖားဖားဖြစ်နေတာ တွေ့ပြန်လျှင်လည်း သူရှက်ရွံ့သိမ်ငယ်နေရသည်။ တကယ်ကအိမ်ထောင်တစ်ခုမှာ စားဝတ်နေမှု အရေးအရာ တာဝန်မှန်သမျှသည် သူ၏ ပခုံးပေါ်မှာသာ ရှိနေသင့်တာ မဟုတ်လား။ သူ.. သိနားလည်နေသော်လည်း မစွမ်းခဲ့တာ ကိုယ်တိုင်သိနေပြန်ရာ ပိုလို့ခံပြင်းမိလေသည်။
ဒါပေမယ့် သူ.. ကိုယ်တိုင် ရွေးချယ်ခဲ့သော ဘ၀ကို  ကြိုးစားတည်ဆောက် ခဲ့ပါသည်။ ပန်းသွေးဖျော့ လက်ဖ၀ါးတွေ နီကျင်သွေးခြေဥသည်အထိ။ လုပ်အားနှင့် အခကြေးငွေဆိုတာကလည်း နေရာအလိုက် တန်ဘိုးလဲလှယ်နှုန်းတွေ အမျိုးမျိုးပါပေ။ သို့သော် လုပ်အားနှင့် ချွေးစက်တွေက အမြဲတန်း လျှော့လျှော့ပေါ့ပေါ့ တန်ဘိုးသင့်ခံနေရတာပဲ။
                   ထိုအချိန်ကျတော့ ဘ၀မှာ အပူပင်မဲ့နေခွင့်ပေးခဲ့ကြသော ဖေဖေနှင့်မေမေ၏ ကျေးဇူးတရားကို အောက်မေ့မိလေသည်။ ဒါပေမယ့် သူ့ကို ခုလိုမျက်နှာလွှဲထားတာကတော့ ဖေဖေနှင့်မေမေက သူ့အား အနုနည်းဖြင့် နှိပ်စက်နေပြန်တာ မဟုတ်ဘူးလား။
“ဆင်းရဲတဲ့ဒဏ်ကို မင်းဘယ်လောက်ခံနိုင်မလဲ”
                   ..ဟု အနားမှာ လာမေးလျှက် လှောင်ပြောင်နေကြသယောင် ထင်မိသည်။
ဖေဖေတို့၏ အကြောင်းပြချက်ကတော့ သူတို့ မကြည်ဖြူနိုင်ခဲ့ သူကို မတိုင်မပင် ဇွတ်ယူ လက်ထပ်ခဲ့သောကြောင့် ဟုဆိုကြပေလိမ့်မည်။ ဆင်းရဲတာအပြစ်လားဖေဖေ ဟု သူ ပြန်မေးတော့ ဒေါသအိုးများ ပေါက်ကွဲခဲ့ကြသည်။
တကယ်တော့ ငြိမ်းငြိမ်းမှာ အပြစ်ပြောစရာဆိုလို့ ဆင်းရဲတာတစ်ခုသာရှိတာပါ။ သို့ပေမယ့် ဘ၀ကိုရောင့်ရဲနေပျော်တတ်သူ ဖြစ်သည်။ လောကဒဏ်၏ ထိုးနှက်မှုကို သူ့ထက်အပုံကြီးပိုမိုကာ ခံနိုင်ရည်ရှိလေသည်။ မာနကင်းသောငြိမ်းငြိမ်းမှာ ချစ်စရာအကောင်းဆုံးကတော့ သူ့ကိုအထင်ကြီးကာ မြတ်နိုးလေးစားတာပဲဖြစ်သည်။
ဘာပဲပြောပြော မရှိသော ဆင်းရဲစကား ကြားရသည့် ကြိမ်ဖန် များလာသော အခါ သူ စိတ်ဆင်းရဲလေသည်။ တစ်သက်လုံး မတောင့်မတ နေခဲ့ရသော ဘ၀ဟောင်းဆီ ပြန်လည် တိုးဝင်ချင်မိပြန်တော့သည်။ တကယ်က သူ သတ္တိနည်းနေတာ၊ သွေးကြောင်တွေဝေနေတာ  ၀န်ခံရပါမည်။
‘မင်းနောက်မှာ ဘာ အဆွယ် အပွားမှ ပါမလာခဲ့စေနဲ့။ တစ်ယောက်တည်းဆိုရင် အချိန်မရွေး ပြန်လာခဲ့”
                   ဖေဖေ့စကားတို့က ဘယ်လောက်များ စာနာညှာတာမှု ကင်းမဲ့လိုက်ပါသလဲ။ သူ မခံချင်စိတ်ဖြင့် အသားတွေ တဆတ်ဆတ်တုန်နေခဲ့ရသည်။ ထိုအချိန်မှာတော့ ဖေဖေ့အိမ်ကို တစ်သက်မပြန်ဟု စိတ်ပိုင်းဖြတ်လိုက်မိခဲ့တာ ဖြစ်သည်။ ဒါပေမယ့် အချိန်တန်လာတော့လည်း ဖေဖေတို့အိမ်ဆီသို့သာ ခြေဦးလှည့်နေမိပြန်ပြီ။
“ရှင် မဆင်းရဲဝံ့ပါဘူး။ အဲဒါကို ရှင်ဝန်ခံလိုက်ပါ ”
                   မကြုံစဖူး ငြိမ်းငြိမ်းတစ်ယောက် ပေါက်ကွဲစွတ်စွဲလာတော့ သူ ငြင်းဆန်အား မရှိခဲ့ပေ။ ဒါပေမယ့် အိမ်ပြန်ရောက်တော့လည်း သူ့စိတ်တွေက နေသားမကျတော့ပါ။ မေမေက သူ့အား ဟိုအရင်ကာလတွေကအတိုင်း အရိပ်ကြည့်ကာ ပူပန်မှု မလျော့သေး။ စိတ်တိုင်းမကျလျှင် ငယ်ငယ်ကလို အပြစ်ပေးချင်နေတုန်းပင်။ ဖေဖေကတော့ သူ့ကို မယုံရဲရဲ ကြားမှ သူ့အလုပ်မှာ နေရာပေးဖော်ရသည်။ သွေးတိုးစမ်းသလို တွဲကူခေါ်သည်။
                    ခက်တာက သူက စီးပွားရေးမှာ လာဘ်မြင်ပြီး ကွက်ကျော်ရိုက်တတ်သော၊ အလုပ်သမားများ အပေါ် နှုတ်ချိုလက်တိုကာ စာနာမှုမဲ့ ဆက်ဆံတတ်သော  ဖေဖေ့စိတ်နေစရိုက်များကို သဘောမကျ။ အတုလည်း မခိုးချင်ပါ။
                   ဖေဖေနှင့်သူ သဘောထားကွဲလွဲကြပြီလားဆိုလျှင် ဖေဖေက သူ့အပေါ် ငယ်စဉ်ကတည်းက အားမရ၊ မကျေနပ်နိုင်ခဲ့သည်များကိုပါ  အမြစ်ပြန်ဖော်သည်။ နင့်နင့်နဲနဲ တိုက်ခိုက် ထိုးနှက်သည်။ သူ ဖေဖေ့အား မည်သို့မျှ ပြန်လည် မတုန့်ပြန်ခဲ့ပေ။ ဖေဖေ့ကို ထိပ်တိုက်ရင်ဆိုင်လို့ မရနိုင်တာ သူသိပါသည်။ ဖေဖေ့အားတုန့်ပြန် ထိုးနှက်ရန် အခွင့်အခါကောင်းတစ်ခုသို့ ရောက်ရှိချိန်အထိ အချိန်ကြာမြင့်စွာ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းတတ်သော သူ့အကြောင်းကိုလည်း  ဖေဖေ မေ့မထားသင့်ဟု ထင်သည်။
                   **********


*****နည်းနည်းရှည်သွားပြန်လို့ ခွဲတင်ပါဦးမယ်။း)

Monday, November 14, 2011

အဆုံးမဲ့ နိဂုံး (ဇာတ်သိမ်း)

http://consciouslifestyles.files.wordpress.com/2011/09/stop-violence-agains-women.jpg 
(ခြောက်)
                        ကားအက်ဆီးဒင့်ဖြင့် ကိုကိုကြီးတစ်ယောက် ပွဲချင်းပြီး ဆုံးပါးကွယ်လွန်သွားခဲ့ရသော်လည်း ကိုကိုကြီးနှင့် တစ်ခရီးတည်း ပါသွားခဲ့သော မမရည်ကတော့  သေကံ မရောက်ခဲ့ပေ။ သို့သော် ဆေးရုံမှာ ရက်လများစွာ ကြာမြင့်ခဲ့သည့်တိုင် မမရည်၏ ခြေအောက်ပိုင်းများကတော့ ပြန်လည်မလှုပ်ရှားနိုင်တော့ပြီ။
                        မမရည်၏ မိဘများက မမရည်အား မိဘအိမ်မှာ ပြန်လာနေရန် ကမ်းလှမ်းခေါ်ငင်ကြသည်။ မမရည်ကတော့ မထင်မှတ်စွာ တူးတူးခါးခါး ငြင်းပယ်ခဲလေသည်။
                        မမရည်၏ အကြောင်းပြချက်ကတော့ ကိုယ့်အိမ်ကိုယ့်ယာ ဖြစ်ခဲ့ဖူးသော မိဘအိမ်သည်လည်း တစ်အိုးတစ်အိမ် ခွဲခွာနေထိုင်ပြီးနောက်မှာတော့ သူစိမ်းနှင့် မခြားနားလှတော့ပါတဲ့။ နွေးထွေးမှုတို့ အေးခဲခဲ့ပြီဟု ဆိုပြန်သည်။ ငယ်ရွယ်သူများကလည်း စိမ်းကားနှိမ့်ချကြမှာ မလိုလားပါတဲ့။ မိမိက ဒုက္ခိတဘ၀မှာ ရောက်နေရပြန်သည်မို့  ပိုမိုအောက်ကျကာ မျက်နှာငယ်ရမည့် အဖြစ်မျိုး အရောက်မခံနိုင်ဟု ခပ်တင်းတင်းဆိုသည်။ ကိုကိုကြီးနှင့် မောင်တို့နှစ်ယောက်၏ လေးတော်တင်ပွဲမှာ မျက်နှာလိုက်ခဲ့ကြသော မိဘများအပေါ် စိတ်အနာ မပြေသေးတာလည်း ပါဝင်လိမ့်မည်ဟု ကျွန်မတွေးမိသည်။
                        ပြီး.. ဘယ်လို အခြေအနေမျိုးတွေ ရှိခဲ့ဖူးသည် ဆိုဦးတော့ နှစ်နှစ်ကျော်၊ သုံးနှစ်နီးပါး သစ္စာတည်စွာ ချစ်မြတ်ကြင်နာခဲ့သော ခင်ပွန်းသည်အပေါ် မမရည်တစ်ယောက် နီးစပ်မှုဖြင့် အားကိုးတွယ်ငင်ချင်ခဲ့ပြီ ထင်ပါသည်။ ထိုသံယောဇာဉ်သည် မမရည်အား ကိုကိုကြီး၏ အရိပ်အငွေ့များ ယှက်သန်းဆဲဖြစ်သော သည်နေအိမ်၊ ဋ္ဌာနလေးအပေါ် ခုံမင်တွယ်တာတတ်စေခဲ့ဟန်တူပါသည်။
သို့နှင့်ပင် ဆေးရုံမှ ဆင်းစ အစဦးကာလများမှာမမရည်၏ မိခင်အပါအ၀င် သူမ၏ ဆွေမျိုး အသိုင်းအ၀ိုင်းများ၊ ကျွန်မတို့ လင်မယား စသည်တို့ဖြင့် မမရည်တစ်ယောက် အခြေမပျက်၊ အားမငယ်ကြရလေအောင် ၀ိုင်းဝန်းဖေးမ ကြရတော့သည်။
နောက်တော့ မမရည်က သူ့အတွက် အခြားသူတွေမှာ ဒုက္ခမပိုစေလိုဟု ဆိုကာ စါယ်ရှယ်နာ့စ်တစ်ယောက်သာ အနားမှာ နေစေတော့သည်။
ထို့နောက်မှာတော့ မမရည်၏ ဝေယျာဝစ္စများမှာ ဖြည့်ဆည်းပေးနိုင်မည့်အပြင် အဖော်သဟဲအဖြစ်ပါ အားကိုးအားထားပြုနိုင်မည့် ဆွေးမျိုးနီးစပ် မိန်းကလေးတစ်ယောက်သာပဲ အနားမှာ ပြုစုလျှက် နေစေတော့သည်။
ခင်ပွန်းသည်ဆုံးပြီးစ အလှအရွယ်တင့်ဆဲဖြစ်သော မုဆိုးမ ပူပူနွေးနွေးတစ်ယောက်၊ ပြီးတော့.. မသန်မစွမ်း ဒုက္ခိတတစ်ယောက်၏ အထီးကျန်အားငယ်မှုကို ကျွန်မ စာနာနိုင်ပါသည်။ ယခုလိုဘ၀မျိုး ရင်ဆိုင်ကျရောက်နေရသည့်တိုင် မိဘဆွေမျိုးအားလုံးကို အာခံမာန်ဝင့်နေနိုင်ခြင်းမှာလည်း ထိုမိဘဆွေမျိုးတို့ထက်  ကျွန်မတို့ ဇနီးမောင်နှံအား  ပိုမိုအားကိုးခင်တွယ်၍ ဖြစ်နိုင်ကြောင်း ကျွန်မ တွေးယူကြည့်နိုင်ပါသည်။
ကျွန်မ၏ တာဝန်ဝတ္တရားချိန်များမှ အပဖြစ်သော ကိုယ်ပိုင်အားလပ်ချိန်များကို မမရည်၏ ကရိကထ၊ ဗာဟီရများအတွက် ပေးဆပ် အသုံးးချနေရခြင်းအပေါ် ကျွန်မ အနည်းငယ်မျှပင် မတွန့်တိုခဲ့မိပါ။ ၀န်ထုတ်ဝန်ပိုါ်ကြီးတစ်ခုအဖြစ် မမရည်အား ထင်မှတ် မငြိုငြင်ခဲ့ဖူးတာလည်း အမှန်ပင်ဖြစ်ပါသည်။
ဒါပေမယ့် မောင်နှင့် ပတ်သက်လာလျှင်တော့ ကျွန်မသည် မမရည်အား အနည်းငယ်မျှပင် သဘောထား မကြီးနိုင်ခဲ့။
မမရည်၏ ဝေယျာဝစ္စ အသေးအမွှားကလေးများမှအစ ၀တ္တရားထက်ပိုလွန်ကာ စေတနာပို ဂရုတစိုက် ပြုစုယုယမှုမပျက်သော ကျွန်မက…
“ဒီနေ့ နေကောင်းရဲ့လား မမရည်”
                        …ဆိုသော မောင့် နှုတ်စကားတစ်ခွန်းကိုပင် စောင့်ကြည့်ဝန်တိုနေမိတတ်ပြန်သည်။ ထိုစကားထဲမှာ သာမန်ထက်ပိုလွန်သော ကြင်နာမှု အရိပ်အငွေ့တွေ အဘယ်မျှအထိ ပျော်ဝင်ပါရှိနေနိုင်သလဲ။  ကြွင်းကျန်ရစ်ဆဲဖြစ်သော အတိတ်က သံယောဇာဉ် အရိပ်ငွေ့တွေကိုရော မောင့်မျက်နှာပေါ်မှာ ဝေ့ကဲဖိတ်လျှံကျနေမလားဟု စောင့်ကြည့်အကဲခပ် ခွဲခြမ်းစိတ်ဖြာရတာ အမော။
                        မမရည်အားလည်း  စောင့်ကြည့်ရန်မမေ့ပါ။ ထိုအချိန်မှာ ကျွန်မ၏ အပြုအမူ၊ စကားသံတို့သည် ‘ မမရည်နော်…သတိထား။ ကျွန်မရဲ့မောင့်အပေါ် နည်းနည်းလေးမှ ရှင် စိတ်မလည်မိစေနဲ့’ ဟု နှုတ်မှ ထုတ်ဖော် မပြောသည့်တိုင် သိသာလွန်းနေပေလိမ့်မည်။
                        မမရည်၏ ကွယ်ရာမှာတော့…
“ မမရည်က ခုထိ လှနေတုန်းပဲနော်.. မောင်”
                        ..ဟု မောင့်အား သွေးတိုးစမ်းမိတတ်ပြန်သည်။ ထိုအခါ မောင်က…
“မောင့် မျက်စိထဲမှာတော့ ခင်မင်းကို မီမယ် မထင်ပါဘူးကွာ”
                        ပြုံးမြမြ ၊ ချစ်မက်ဖွယ်ရာ ဆိုလာခဲ့လျှင်တော့ ထိုခဏငယ်မှာ ကျွန်မ နှစ်သိမ့်ကြည်နူးမဆုံး ရှိနေပြန်တော့ကာ အရာရာကို ပေါ့ပါးစွာ မေ့လျော့ထားနိုင်ပြန်သည်။
                        ဒါပေမယ့် မကြာခင်မှာပဲ…
“မမရည်က မောင့် အချစ်ဟောင်း မဟုတ်ဘူးလား။ သံယောဇဉ် အကြွင်းအကျန် နည်းနည်းလေးတောင် မရှိတော့ဘူးဆိုတာ ကျွန်မက ယုံရမှာလား”
                        …ဟု စကားစစ်ထိုးမိပြန်တော့သည်။
“အား.. သွားစမ်းပါကွာ။ ဒီမှာ ခုချိန်မှာ မောင်ချစ်နေရမှာက မောင့်ဇနီးမယားပဲလေ။ ခင်မင်းပဲလေ..”
                        မောင်ကတော့ ပါးနပ်လိမ္မာစွာ ချော့မော့ နှစ်သိမ့်တတ်လေသည်။ မောင့်ရဲ့ စောင့်စည်းမှု၊ တည်တံမှုတို့ကို ကျွန်မ အကြွင်းမဲ့ ယုံကြည်ချင်ပါသည်။ သို့သော် အဘယ်သို့သော သံသယနတ်ဆိုးတို့က ကျွန်မ၏ နှလုံးအိမ်ကို ပူးကပ်နှောင့်ယှက်နေကြသည် မသိတတ်နိုင်။
                        ထိုအချိန်မှာပင် ကျွန်မတွင် ရှိနှင့်ပြီးသော သံသယမြူမှုန်တို့ စုဖွဲ့ပေါက်ကွဲစေရန် အကြောင်းအချက်များက အတိအပ တိုးဖွဲဖြစ်တည် လာခဲ့တော့တာ ဖြစ်ပါသည်။
                        ************
                        (ခုနစ်)
                        ပြဿနာ၏ အစကို သယ်ဆောင်လာခဲ့သူကတော့ မမရည်၏ မွေးသမိခင်ပဲ ဖြစ်သည်။
                        မမရည်ခံစားနေရသော ဝေဒနာဒုက္ခများကို အကြောင်းပြုကာ မမရည်၏ ကံဇာတာအား နာမည်ကြီး ဗေဒင်လက္ခဏာ ဆရာ အကျော်အမော် တစ်ဦးထံမှာ တွက်စစ်မေးမြန်းလာခဲ့သည်တဲ့။ ထိုဆရာ၏ ပညာအလိုအရ မမရည်သည် နေအိမ်မှ ခေတ္တယာယီ ပြောင်းရွှေ့နေထိုင်ရမည်ဟု အခါတော်ပေးလိုက်သည်တဲ့။
                        အစဦးကတည်းက တင်ကြိုငြင်းဆန်ထားပြီးဖြစ်သော မမရည်၏ မိဘများအိမ်မှာ ကိန်းခန်းအလိုအရ အရပ်မတည့်ပြန်ပါ။  ထိုအခါ မမရည်အတွက် အသင့်လျော်ဆုံးသော နေရာဋ္ဌာနသစ်မှာ ကျွန်မတို့၏ နေအိမ်ပင် ဖြစ်လာရတော့သည်။
                        စကားအစမှာကတည်းက မနှစ်မြို့၊ သဘောမကျနိုင်ခဲ့သော ကျွန်မအတွက်တော့ မမရည်က ကျွန်မတို့၏ နေအိမ်မှာ ပြောင်းရွှေ့ဗနထိုင်ဖို့  ကြည်သာအေးဆေးစွာ ခေါင်းညိတ်လိုက်သောအခါ ပို၍ပင် ဒေါသ ဆူဝေချင်စရာ ကောင်းနေပြန်တော့သည်။
                        ဗေဒင်မေးလာခဲ့သူသည် မမရည်၏ မိခင်ဖြစ်နေလို့သာပေါ့။ ကျွန်မကိုယ်တိုင်သာ ဖြစ်ခွင့်ရှိလျှင် အဲဒီအိမ်ကလည်း မမရည်အတွက် မကောင်းသေးဘူး မမရည်။ အဲဒီမှာ မမရည်ရဲ့ အူ၊ အသည်းတွေကို နုတ်ယူစားသောက်မယ့် စုန်းမတစ်ယောက်လည်း ရှိသေးတယ်ဟု ဇွတ်ပြောမိမည် ထင်သည်။ ခုနေ ကျွန်မမှာသာ ဖန်ဆင်းတတ်သူတစ်ယောက်၏ တန်ခိုးသြဇာမျိုး ရှိနိုင်ခဲ့လျှင် မမရည်အား ဟိုး.. အဝေးကြီး မောင်းနှင့်ကင်းလွတ်ရာ ဆီ ဝေးလွင့်အောင် ဖန်တီးလွှင့်ပစ်လိုက်ချင်သည်။ ခုတော့ မတတ်သာ။
                        အရေးထဲမှာပင် မမရည်၏ အဖော်၊ အကူကောင်မလေးကလည်း မမရည် ကျွန်မတို့အိမ်မှာ ပြောင်းရွှေ့နေထိုင်စဉ် သူ့မိဘတွေရှိရာ ရွာသို့ခဏ ပြန်ချင်းသေးသတဲ့။ သေလိုက်တော့။
                        ကျွန်မသည် မမရည်နှင့် ပတ်သက်လေမှ မောင့်အား မြေမှာမပုံရဲ၊ ချုံမှာလည်း မတင်ရဲသော ဗြဟ္မာဦးခေါင်း ကိုင်ထားမိသူနှယ် ရူးနှမ်းတွန့်တိုနေမိတော့သည်။
                        **********


(ရှစ်)
                        ကျွန်မသည် မမရည်အပေါ် အဘယ်မျှအထိ မုန်းမျက်နေမိသည်လည်းဆိုတာ ထိုည အိပ်မက်မှ လန့်နိုးချိန်ရောက်မှပင် ဆင်ခြင်ထိတ်လန့်စွာ သိတတ်နိုင်ခဲ့တော့သည်။
                        ကျွန်မတို့အိမ်သို့ မမရည်ရောက်ရှိခဲ့တာ ရက်သတ္တ တစ်ပါတ်ခန့်ပင် ရှိဦးမည်။ ထိုကာလတစ်လျှောက်လုံးမှာ ကျွန်မသည် မမရည်အပေါ် ၀တ္တရား ကျေပြွန်ရုံမျှမက စေတနာယုယမှုတို့ ပိုလွန်ခဲ့တာ ကျိန်တွယ်သစ္စာဆိုဝံ့ပါသည်။ မမရည်အပေါ် သံသယနှင့် မုန်းမျက်ဝန်တို နေမိခြင်းတို့ကိုလည်း အထူးဆင်ခြင် ထိန်းသိမ်းနေမိသေးသည်။
                        ကာလတစ်လျှောက်လုံး မစ္ဆရိယ အတွေးတို့နှင့် နစ်မွန်းပူလောင်နေမိခြင်းသည် မိမိထက် ကြီးမြတ်သူနှစ်ဦးအပေါ် ပြစ်မှားနေမိခြင်းပဲ မဟုတ်လား။ ကျွန်မ ဆင်ခြင်ရတော့မည်။ မောင့်ကိုလည်း အားနာစရာ..။ တကယ်ဆို မမရည်လည်း သနားစရာ ကောင်းပါသည်။
                        ကျွန်မ ထိုသို့ ဆင်ခြင်ထိန်ချုပ်နေမိသည့်ကြားမှပင်  ထိုညက မြင်မက်ခဲ့သော အိပ်မက်က ဆိုးရွားပြင်းထန်လွန်းတော့သည်။
                        မောင်နှင့် မမရည်တို့သည် ကျွန်မ တင်ကြိုထိတ်လန့်၊ စိုးရိမ်နေသည့်အတိုင်းပင် ကျွန်မ၏ မျက်ကွယ်မှာ ဖြစ်ပျက်နေခဲ့ကြသည်တဲ့။  အိပ်မက်မှာတော့ မောင်က မမရည်အား ကယုကယင်နှင့် နှစ်ဦးသား တွယ်မှီးနီးကပ်လွန်းလှသော အနေအထားမှာ ကျွန်မက ပက်ပင်းမိခဲ့တာ ဖြစ်ပါသည်။ သူတို့ နှစ်ယောက်၏ အခြေအနေမှာ ဘယ်လိုမှ ငြင်းဆန်ရှောင်လွှဲ၍ မရနိုင်သော အခြေအနေပဲ ဖြစ်သည်။
                        ကျွန်မ၏ ၀မ်းနည်းယူကျုံးမရ ခံစားမှုများကို ပြောမပြတတ်တော့ပါ။ အမြင်တွင် မျက်ရည်ငွေ့တို့ ကာဆီးပိတ်ဖုံးနေခဲ့သည်။ နောက်တော့ ကျွန်မ… ဒေါသတွေ တရိပ်ရိပ် ဆူဝေလာတော့သည်။
                        ထိုအချိန်ခဏမှာ မောင်ကတော့ ဘယ်ဆီ ရောက်ရှိ ပျောက်ကွယ်သွားသလဲ မသိ။  ကျွန်မ၏ ဒေါသများကို ကြောက်ရွံ့ကာ မောင် ပြေးပြီပေါ့။
                        မမရည်ကတော့ သတ္တိကောင်းလှစွာ ကျွန်မကိုပင် ထီမထင်ဟန်ဖြင့် အံတုချင်နေခဲ့သေးသည်။ ကျွန်မ၏ ဆင်ခြင်မဲ့ ဒေါသတရားတို့သည် ထိုအခါမှ မမရည်အပေါ် အထိန်းသိမ်းမဲ့ ကျရောက်သင့်လောင်စေခဲ့တော့တာ ဖြစ်သည်။
                        ကျွန်မသည် မမရည်အား အငြိုးတကြီး ၊ သဲသဲမဲမဲ တိုက်ခိုက်သတ်ပုတ်မိတော့သည်။ မမရည်က ကျွန်မအား တန်ပြန်မခုခံ။ ထွက်ပြေးပုန်းရှောင်ခြင်းလည်း မပြု။ ထိုအခါ ကျွန်မသည် မမရည်၏ လည်မြိုအား အားကုန်သုံးကာ စိတ်ရှိ လက်ရှိ  ဖျစ်ညှစ်နေမိတော့ပြီ။
                        မမရည်၏ မျက်လုံးအစုံတို့ ပြူးကျယ်လာ။  လျှာ အလျားလိုက် ထွက်ကျလျှက် ကျွန်မ၏ လက်တွင်းမှာ သူမ၏ ကိုယ်ခန္ဒာ တောင့်မတ်စန့်ထွက်လာသောအခါမှ ကျွန်မ ထိတ်လန့်တကြား ဟစ်အော်မိလျှက် အိပ်မက်မှ လန့်နိုးလာခဲ့တော့သည်။
                        ထိုညက ကျွန်မ ပြန်လည်အိပ်စက် မပျော်နိုင်တော့ပဲ တလူးလွန့်လွန့်ဖြင့်သာ နံနက်လင်းခဲ့ရတော့သည်။ မောင်ကတော့ ကျွန်မ၏ နံဘေးမှာ အပူပင်ကင်းမဲ့စွာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေခဲ့သည်။ အပြစ် ကင်းသန့်ဟန်ရှိသော မောင့်မျက်နှာဆီ တစိမ့်စိမ့်စိုက်ငေးကြည့်ရင်း ကျွန်မ မျက်ရည်ကျနေမိပြန်သည်။ အားနာပါတယ် မောင်ရယ်။ ကျွန်မ မောင့်ကို စော်ကားမိပြန်ပြီ။ ကျွန်မ၏ မသိစိတ်ကပင် မောင့်အပေါ် သံသယတွေ စွန်းထင်းနေခဲ့ပြီ မဟုတ်လား။
                        ထိုအချိန်မှာ အိပ်ယာထက်တွင် မလှုပ်သာ မလှည့်သာဖြင့် ညောင်းချိပင်ပမ်းမှုအား အန်တုသီးခံကာ အိပ်ပျော်အောင် ဇွတ်နှစ်ကြိုးစားနေရရှာမည့် မမရည်ကိုလည်း စာနာသနားစိတ် ၀င်မိသေးသည်။ မမရည်လည်း ကျွန်မကို ခွင့်လွှတ်ပါ။
                        သုံးလောကတွဋ်ထား ရှင်တော် မြတ်ဘုရား…။
                        ကျွန်မ၏ နှလုံးအိမ်တွင် ပူးကပ် နှောင့်ယှက်ကာ ပူပန်သောကတို့ကိုသာ တိုးပွားပျံ့နှံ့စေသော သံသယနတ်ဆိုးတို့အား မဟာကရုဏာတော်ဖြင့် ဖယ်ရှင်းပေးလှည့်ပါ။

                        **********
(ကိုး)
                        နံနက်လင်းလျှင် နီရဲကျိန်းစပ်နေသော အိပ်ပျက်မျက်ဝန်းများနှင့် ကျွန်မ မီးဖိုဆောင် အတွင်းမှာ ထုံးစံမပျက် အလုပ်ရှုပ်နေပြန်တော့ပြီ။ မောင့်အတွက် နံနက်စာအား ထုံးစံများထက် စေတနာပိုလွန်၊ ဂရုစိုက်စွာ ပြင်ဆင်ပေးနေမိသည်။ ပြီးတော့ မမရည် အတွက်…။
                        ခဏကြာလျှင်တော့ ကျွန်မ မမရည်၏ အခန်းသို့ သွားရဦးမည်။ မမရည် အိပ်ယာနိုးနေနှင့်ပြီလား။
“နိုးနေတာ ကြာပြီလား မမရည်။ ညက အိပ်ပျော်ရဲ့လား”
                        ပဋိသန္ဒာရစကား ဆိုဖြစ်ချိန်မှာတော့ ကျွန်မ၏ အပြုံးမျက်နှာသည် အခါတိုင်းနေ့များထက် ထူးခြားကြည်စင်နေစေဖို့ မျှော်လင့်ယုံကြည်ပါသည်။ ပြီးလျှင် မမရည်၏ ဝေယျဝစ္စများကို ကြည်ဖြူစွာ လုပ်ကိုင်ဆောင်ရွက်ပေးရပါဦးမည်။
“ခင်မင်းလည်း နေ့တိုင်း အဖို့ ပင်ပန်းလှတယ်ကွယ်။ မမရည် အားနာလှပြီ”
                        မမရည်က ပြောလာခဲ့လျှင်တော့ ကျွန်မ ကြည်လင်စွာ ပြုံးပြ နှစ်သိမ့်ရဦးမှာပေါ့။
                        ကျွန်မသည် ညက အိပ်မက်အတွက် မမရည်အား တိတ်တဆိတ် အားနာနေမိသည်မှ အပ လိပ်ပြာသန့်စင်စွာပင် မမရည်၏ အခန်းသို့ ခြေလှမ်းပြင်နေမိတော့သည်။
“ဒေါက်… ဒေါက်…။ မောင်ရေ…”
                        မောင့် အခန်းရှေ့ အရောက်မှာ အသံပြုလိုက်မိသေးသောအခါ မောင်လည်း အိပ်ယာမှ နိုးထနေနှင့်ဟန်ဖြင့် တုန့်ပြန်အသံပြုသည်။
“မမရည်ရေ…။ နိုးနေပြီးလား”
                        မမရည်၏ အခန်းရှေ့ အရောက်မှာကျွန်မ အသံပေးကာ ရပ်တန့်နားစွင့်မိသေးသည်။  တုန့်ပြန်သံ မကြားရ။ မမရည် အိပ်ယာက မနိုးသေးဘူးလား။ မဖြစ်နိုင်ပါ။ မမရည် သည်အချိန်အထိ အိပ်စက်နေတတ်သည့် အကျင့် မရှိပါ။
                        မမရည်၏ အခန်းတံခါးသည် ဘယ်အခါမျှ ချက်ချမထားတတ်သော အလေ့ကြောင့် ကျွန်မ အခန်းတ့ခါးကို ပေ့ပါးညင်သာစွာ တွန်းဖွင့်ဝင်လိုက်မိတော့သည်။
“ဟင်…”
                        ကျွန်မအား စောင့်ကြိုလျှက်ရှိသော မမရည်၏ အနေအထားမှာ ကျွန်မ လုံးဝ မမျှောင်လင့်ဖူးသော အခြေအနေဖြစ်ပါသည်။  ကျွန်မ၏ ခန္ဒာကိုယ် တစ်ခုလုံး အေးစက်တောင့်တင်းကာ အသက်ရှူရပ်တန့သြွးတော့ မတတ်ပင်။
“ မောင်ရေ…”
                        ကျွန်မ၏ အသံက စူးရှအက်ကွဲနေမှာ အလွန်သေချာပါသည်။
                        ကျွန်မ၏အသံနှင့် မရှေးမနှောင်းမှာပင် မောင် အပြေးအလွှား ရောက်ရှိလာခဲ့သည်။ ထိုအချိန်အထိ ကျွန်မ ရွေ့လျား လှုပ်ရှားမရပဲ ရှိနေလေသည်။
“မမရည်..”
                        မျက်နှာပေါ်မှာ ခေါင်းအုံးကြီးပိကာ တောင့်မတ်စန့်ရံ့ ပုံစံကြီးနှင့် လဲလျောင်းနေသော မမရည်၏ ပုံစံ မူမမှန်မှုအား မောင်လည်း မြင်တွေ့သွားလေပြီ။
                        မောင်က ကျွန်မ၏ ပခုံးကို တစ်ချက် ဖျစ်ညှစ်အားပေးဟန်ပြုကာ မမရည်၏ အနီးသို့ အလျှင်စလို တိုးကပ်သွားသည်။ မမရည်၏ အနီးတစ်ဝိုက် လှည့်လည်စစ်ဆေးနေကာ ညစ်ညူး စိတ်ရှုပ်ဟန်ပြသည်ကို ကျွန်မ မျက်တောင်မခပ်၊ အသက်ရှူရပ်တန့်ကာ စောင့်ကြည့်နေမိသည်။
                        ဟော.. မောင် ကျွန်မဘက်သို့ မျက်နှာလှည့်လာပြီ။ ဟင့်အင်း မောင်။ မမရည်ကို ကျွန်မ မသတ်ဘူးနော်။
                        ဒါပေမယ့် မောင့် မျက်ဝန်းမှာ ကျွန်မ မတွေ့မြင်လိုသော (ရင်ဆိုင်ရန် အင်အားမရှိသော)  သံသယတွေ စွန်းပေနေသည်ဟု ကျွန်မ ထင်လိုက်သည်။
                         မောင် ကျွန်မထံ တရွေ့ရွေ့ လျှောက်လာနေပြီ။ ကျွန်မ ဦးခေါင်းကို ပြတ်ထွက်မတတ် ပြတ်ထွက်မတတ် ရမ်းခါထားနှင့်ခဲ့သည်။
“ခင်မင်း”
“ဟင့်အင်း ။ ခင်မင်း သတ်တာ မဟုတ်ဘူး။
                        ကျွန်မ ဗလုံးဗထွေး ငြင်းဆန်မိစဉ် မောင် ကျွန်မအနီးသို့ ရောက်လာကာ ကျွန်မ၏ ပခုံးနှစ်ဘက်အား ညင်သာဖွဖွ ဆုတ်ကိုင်လျှက်…
“ခင်မင်း..”
“ဟင့်အင်း”
                        ငြင်းဆန်ခိုက်မှာပင် ကျွန်မ မိုက်ခနဲ မူးဝေပြာမှောင်ကာ အသိကင်းပျောက် သွားရတော့၏။                ။

                                                                                                                              သတိုး