Sunday, January 29, 2012
ရေယဉ်ငယ် စီးပါလို့ ရေစီးငယ် ဘောင်ဘင်
                       ကိုနှစ်ဦး၏ လှေကလေး အိမ်ရှေ့ရေဆင်းတံတားမှာ ဦးထိုးလာပြီဆိုလျှင် အိမ်သားတစ်ယောက်ယောက်ကို မရမနေ၊ ကမန်းကတန်းလှမ်းခေါ်မိတတ်တာ မနှင်းဆီ၏ အကျင့်တစ်ခု ဖြစ်နေခဲ့ပြီ။ လှေကြိုးချည်နေသော ကိုနှစ်ဦးအား ကျော်လွန်ကာ ချောင်းရိုးမှာ လှော်ခပ်သွားလာနေသည့် လှေကလေးတွေကိုလည်း မျက်ချည်မပြတ် လှမ်းကြည့် အကဲခပ်ရသေးသည်။ လှေပေါ်မှနေ တစ်ယောက်ယောက်က လည်ပြန်ငေးကာ တီးတိုးစကားတင်းဆိုနေကြမှာလားဟုလည်း မလုံမလဲ ဖြစ်ရသေးသည်။ သူနေထိုင်ရာ ချောင်းဖျားဆီမှ မနှင်းဆီတို့ အိမ်ရှေ့ ရေဆိပ်အရောက် သီချင်းတအေးအေးနှင့် လှေလှော်လာမည့်ကိုနှစ်ဦးအား ချောင်းကမ်းနံဘေးဝဲယာရှိ အကြောင်းသိ အိမ်တွေ့ရော မေးငေါ့ကောင်းနေကြဆဲပဲလား။
                   ကိုနှစ်ဦးနှင့် အလုပ်ကိစ္စစကားတွေ ဆိုနေစဉ်မှာလည်း အနားတွင် လူပိုတစ်ယောက် အမြဲရှိနေစေဖို့ ကိုယ့်ဘာသာ စည်းကမ်းတင်းကျပ်ထားရပါသည်။
                   မနှင်းဆီ၏ သားသမီးတွေက မနှင်းဆီ၏ ခေါ်သံကို မကြားယောင် ဆောင်ချင်ကြသေးသည်။ ကိုနှစ်ဦးနှင့် စကားမျှင်တန်းမပြတ်ဖြစ်နေချိန်မှာ အနားမှ လှစ်ခနဲ လစ်ထွက်သွားချင်တတ်ကြသည်။ ဒါပေမယ့် မနှင်းဆီကို ဒီလိုလုပ်လို့ ဘယ်ရမလဲ။ ကိုနှစ်ဦး၏ ရှေ့မှာတင် သင်းတို့ကို ဆူပူကြိမ်းမောင်းပစ်လိုက်သည်။ အိမ်နောက်ဘက်အထိဝင်ကာ နားရွက်တစ်ဖက်ကို ဆွဲလျှက်ခေါ်ကာ ထိုင်ခုံမှာ မလှုပ်မယှက်ရှိနေဖို့ ဗီတိုအာဏာ သုံးရတာတွေလည်း ရှိသေးသည်။
“မေမေကလည်း။ ဖေဖေ့ကို အားနာစရာ”
                   အဖေ့အသည်းကြော် ဖြစ်ခဲ့ဖူးသော သမီးကြီးက ခပ်လျော့လျော့ ပြုံးပြထားရရှာသော သူ့အဖေမျက်နှာကို ခိုးကြည့်လျှက် စကားတိုးတိုးဆိုသည်။ မနှင်းဆီက သူ့ရှေ့မှာတင် ခပ်ကျယ်ကျယ် အော်ဟစ်ပစ်လိုက်သည်။
“အော… ညည်းတို့ အဖေကိုကျတော့ တယ်သိတတ်ကြတယ်။ ငါ့ကို လူအထင်သေးကြ၊ စကားတင်းဆိုကြမှာကျတော့ နင်တို့ နည်းနည်းမှ ထည့်မတွက်တော့ဘူးလား”
                   ကိုနှစ်ဦးကတော့ မျက်နှာထား ခက်ခက်ကြားကပင် ထုံးစံမပျက် ခပ်အေးအေး၊ ပြုံးမြမြ။ သို့ပေမယ့် ချက်ချင်း စကားစဖြတ်ကာ သုတ်ခြေတင်ရန် ပြင်လေပြီ။
“အဲဒါဆိုလည်း ဖေဖေ့ကို အိမ်မလာစေနဲ့ပေါ့ မေမေရာ”
                   အိမ်ရှေ့ရေဆင်းတံတားအတိုင်း ခပ်စိုက်စိုက်ဆင်းကာ ချောင်းကျဉ်းကလေးကို လှေကလေးနှင့် ကူးဖြတ်လှော်ခတ် သွားသော ဖခင်၏ နောက်ကျောကို လှမ်းငေးလျှက် သားလတ်က ဆိုပြန်လျှင်…
“ငါက နင်တို့အဖေကို လွမ်းလွမ်းတတ လုပ်နေတယ်များ ထင်လို့လား။ မတတ်သာသေးလို့ဟေ့။ ငါကိုယ်တိုင် အစွမ်းအစမဲ့လွန်းလို့ မတတ်သာလို့ ပတ်သက်နေရတာ သိရဲ့လား။ အဲဒါလည်း နင်တို့အတွက်ပဲဆိုတာ နားလည်ထားကြ”
သူ့ လှော်တက် အသိမ်းအနုတ်မှာ ၀ဲဂယက်ထကျန်ရစ်သော ချောင်းရေဘောင်ပင်ကို ငေးလျက် ရင်အနာ မပြေချင်သေးသော မနှင်းဆီက ခုနစ်သံချီ ဟစ်ချင် ဟစ်ပစ်တတ်သေးတာ ဖြစ်သည်။။
                    အငယ်မနှစ်ယောက်ကတော့ မနှင်းဆီ၏ ဘက်တော်သားစစ်စစ်များ ဖြစ်လေသည်။ သူတို့ ငယ်စဉ်က  ဖခင်နှင့် လက်ပွန်းတတီး နေခဲ့ရသော ဘ၀ကို ရေးရေးပြပြ မှတ်မိရုံသာ ရှိကြတော့တာ မဟုတ်လား။ အဖေ အိမ်ပေါ်မှဆင်းတော့လည်း သူတို့တတွေ မူလတန်းတက်စအရွယ်မို့ ဘာမှ သိတတ်သေးတာတော့ မဟုတ်။ သို့သော် ဖေဖေ့ကြောင့် မေမေ ငိုခဲ့ရသည်ဆိုသော အသိကတော့  ရင်မှာ စွဲထင်ကျန်နေခဲ့သည် ထင်ပါသည်။ ယခုထိတိုင် ဖေဖေခေါ်လျှင်လာ၊ ပေးလျှင် ယူသော်လည်း အနားကပ်မခံကြ။ အဝေးကသာ ခပ်စိမ်းစိမ်း လှမ်းငေးနေတတ်ကြသည်။
                   တကယ်တော့ အကြီးနှစ်ယောက်သည်လည်း အဖေ့ကို သိပ်တော့ ကြည်လင်ခဲ့ကြတာ မဟုတ်ပါ။ ခုနောက်ပိုင်းကာလတွေရောက်လာမှ တစ်ဘက်သားကို အမြင်မကြည်လင်၊ မုန်းတီးနေခဲ့သမျှ အဖေ့ကို သူတို့ အနားသို့ ပိုရောက်လာစေချင်ခဲ့ကြတာ ဖြစ်မည် ထင်၏။
“နင်တို့တွေ သိပ်ပြီး စိတ်ကူးယဉ်မနေကြနဲ့။ ဟိုက ငါ့ထက် ငယ်တယ်။ လှတယ်။ ပြီး သူတို့နှစ်ယောက်တည်းလည်း မဟုတ်တော့ဘူးလေ။ ပေါက်ပွားထားတာလေးလည်း ရှိသေးတာ…”
“သူ ပေါက်ထားတာ တစ်ယောက်တည်းပါ။ မိသက်တို့က မောင်နှမလေးယောက်တောင်ရှိတာ။ ပြီးတော့ အဲဒီမိန်းမက မေမေနဲ့လည်း အသက်ချင်း မကွာလှပါဘူး။ တစ်သက်လုံး အလှပြစားလာတာဆိုတော့ ကြော့ကြော့ကလေး နေတတ်တာကိုး။ မေမေလည်း အဲလို ပြင်ပြင်ဆင်ဆင်နေကြည့်ပါလား”
“တော်စမ်းပါ ဟယ်”
                   ကလေးတွေကို စကားစ ဇွတ်ဖြတ်ခဲ့ရသော်လည်း ဘီးကြော့ပတ်ကြီးစောက်စောက်နှင့် နေလောင် တင်းတိတ်ကွက်တွေ မျက်နှာပြည့်နေသော မိမိ၏ တောသူမရုပ်သွင်ကြီးကို နည်းနည်းသံသယ၀င်စပြုချင်ခဲ့ပြီ။ ခက်တာက ကိုယ့်ရုပ်ရည်သွင်ပြင်ကို ထူးခြားလှပအောင်လည်း မပြင်ဆင်၊ မခြယ်သတတ်တာ ဆိုးသည်။ ဘယ်တုန်းကမှလည်း သနပ်ခါးဘဲကြားထက်ပိုလို့ ပြင်ပြင်ဆင်ဆင် နေဖူးခဲ့တာမဟုတ်။ ဘ၀က ထိုသို့ အခွင့်အရေး၊ အခြေအနေကို တစ်ကြိမ်တစ်ခါမျှ မပေးစဖူး မဟုတ်လား။
                   မြို့မှာ နေစဉ်ကလည်း လူမှန်းသိတတ်စကတည်းက အလုပ်နှင့်လက် မပြတ်ခဲ့ရ။ အုတ်သယ်၊ ကျောက်သယ် လုပ်ခဲ့ရသည်။ ပန်းရံနေ့စားလိုက်ကာ မဆလာဒယ် ရွက်ခဲ့ဖူးသည်။ နနွင်းမှုန့်၊ အချိုမှုန့်လည်း ထုတ်ဖူးသေးသည်။ အချဉ်ထုတ်၊ အချည်ပေါင်းထုတ်လည်း ထုတ်ခဲ့ဖူးသေးသည်။ ဖယောင်းစက်မှာ ဖယောင်းနင်းရင်းက သင်းနှင့် ဖူးစာဆုံခဲ့ကြတာပင်။ လယ်ယာချောင်းမြောင်း အလုပ်ကိုစွန့်ကာ  တောသားမြို့ရောက်လာသော သူက မနှင်းဆီတို့ ဖယောင်းတိုင် ဖောက်သည်ပေးသွင်းရသော ကုန်စုံဆိုင်မှ အလုပ်သမားကိုး။
                   မနှင်းဆီနှင့် အိမ်ထောင်ကျချိန်မှာ မနှင်းဆီတို့၏ ဖခင်ဘက်မှ ဘကြီးတစ်ယောက်က သူ့ရွာမှာ လာနေလှည့်ဟု ရာဇသံပေးသည်။ သားထောက်သမီးခံမရှိရှာသော ဘကြီးက တူမနှင့် ပတ်သက်ကာ တော်စပ်ရသော ဆွေမျိုးအသစ်စက်စက်ကို…
“ မင်းကို အားကိုးချင်လို့ကွာ”
                   တကယ်တမ်းကျတော့ မနှင်းဆီတို့ကသာ ဘကြီးကို မှီခိုခဲ့ကြရတာ ဖြစ်ပါသည်။ ဒါပေမယ့် ဘကြီး၏ လယ်ပွဲတွေကို သူက ဘကြီးကိုယ်စား ဦးစီးဦးဆောင်နိုင်နေတာကို ဘကြီးက အားရကျေနပ်မဆုံး။ မကြာခဏ ပန်းနာရင်ကြပ်ထတတ်သော ဘကြီးအား မနှင်းဆီက မငြီးမငြူ ပြုစုဖော်ရပြန်သည်မို့ ကျေးဇူးတင်နေရပြန်သည်။ ဘကြီးက သူ .. လူ့ဘ၀မှာ ကြာရှည်မနေနိုင်တော့ပြီကို ရိပ်မိလေလျှင် သူ့လယ်မြေဧက အနည်းငယ်ကိုပင် တစ်ဝက်တိတိခွဲကာ မနှင်းဆီတို့မိသားစုအား ပေးခဲ့သည်။
“ကျန်တာလေးတော့ နောင်သံသရာအတွက်ပါအောင် ယူသွားဦးမှ ဟ”
                   ဘကြီး၏ သိမ်ရေစက်ချပွဲကလေးကို ကိုနှစ်ဦးတို့ မနှင်းဆီတို့ကပဲ အောင်အောင်မြင်မြင် စီစဉ်ဆောင်ရွက်ပေးနိုင်ခဲ့ပြန်ရာ ဘကြီးမှာ နောက်ဆုံးထွက်သက်အထိ ကျေးဇူးတင် မဆုံးနိုင်အောင် ရှိခဲ့လေသည်။
                   မနှင်းဆီကတော့ အရေးအကြောင်းကြုံတိုင်း ဘကြီး၏ စေတနာ၊ မေတ္တာတို့ကို ပြန်လည်တမ်းတဖွဲ့နွဲ့ ပြနေတော့တာပင်။
“ဘကြီးက ကျွန်မတို့ဖို့ဆိုပြီး ပေးခဲ့တာ။ ရှင် အမြှောင်နဲ့စားဖို့မှန်းသာသိရင် သူရေစက်ချခဲ့တဲ့ သိမ်ကို ဒီထက်နှစ်ဆ ထပ်ချဲ့ပြီး လှူပစ်ခဲ့မှာပေါ့”
“ကျွဲနဲ့ နွားနဲ့ ငါဖက် ရုန်းခဲ့တာကျတော့ရော…”
“ရှင်ဖက်ခဲ့တဲ့ အဲဒီနွားတွေ၊ ကျွဲတွေက ဘကြီးစွန့်ခဲ့တာလေ။ ထွန်တုံး၊ ထွန်တံတွေကအစ ဘကြီးရဲ့ လက်ငုတ်တွေ မဟုတ်ဘူးလား။ ရှင့်လက်ထက်ပွားဆိုလို့ ဒီ ကလေး လေးကောင်ပဲ ရှိတယ်။ လိုချင်ရင် တစ်ဝက်ခွဲယူသွား”
 သူတို့ ချစ်စခင်စအချိန်မှာ သားသမီးတွေက အနှောင့်အယှက်ပင် ဖြစ်လိမ့်မည် ဆိုတာ  အစင်းသိနေလို့သာ ခပ်ရဲရဲ ပြောချပစ်နိုင်ခဲ့တာ ဖြစ်သော်လည်း သူ တကယ်တောင်းလာလျှင် မျက်စေ့မှိတ်ပေးပစ်လိုက်မည်ဟု မနှင်းဆီ၏ စိတ်မှာရှိလေသည်။ လယ်ကွက်ကိုတော့ အထိမခံနိုင်ဘူး။
“ဒီလယ်နဲ့ ထွန်တုံး၊ ထွန်တံ၊ ကျွဲနွားတွေကို တစ်စက်မှ အထိမခံနိုင်ဘူးနော်”
“ဒါဆို ငါက ဘာနဲ့ သွားလုပ်စားမလဲ”
“ရှင်ယောက်ျား မဟုတ်ဘူးလား။ သူများသားသမီးယူထားရင် မငတ်အောင် ရှာကျွေးပေါ့။ ကျွန်မမှာ ရှင့် သားတွေ၊ သမီးတွေ အရွယ်ရောက်အောင် ကျွေးမွေးပြုစုရဦးမယ်”
                   သားသမီးနှင့် လှည့်ခြောက်ရပြန်တာပင်။ သို့ပေမယ့် မနှင်းဆီ အောင်မြင်ခဲ့ပါသည်။
“ရှင် မရှိလည်းပဲ ကျွန်မရဲ့ သားသမီးတွေကို လူဖြစ်အောင် မွေးနိုင်တယ်။ ရှင်လည်း ကိုယ့်ဘ၀နဲ့ကိုယ် ပျော်အောင်သာ နေတော့။ ရှင့်မျက်နှာကို ဒီတစ်ခါတွေ့ရတာ ဒီတစ်သက် နောက်ဆုံးလို့ မှတ်လိုက်မယ်”
                   စကားတစ်ခွန်း အဖတ်တင်ကျန်ရစ်တာပဲ ရှိသည်။ ရွာအစွန်က သူ့တဲအိမ်နန်းနှင့် မနှင်းဆီတို့ကြားမှာ ရှိနှင့်ပြီးသောချောင်းငယ်လေးမှာ ရေတက်၊ ရေကျ အချိန်မရွေး ၀ဲဂယက်ထနေတော့တာပင်။
“အရင်းအနှီးလေးတော့ ပေးပါဟာ။ ငါတို့ မျက်နှာကို နင် ဒီတစ်သက် မမြင်စေရတော့ဘူ။ စိတ်ချ”
                   သို့သော် အရင်းအနှီးကုန်လျှင် ထိုမျက်နှာကို  ပြန်မြင်ရပြန်တာပင်။
“အလုပ်တွေက ချော်လို့ပါဟာ။ ဒီတစ်ခါ တကယ် နောက်ဆုံး”
                   မဆုံးနိုင်တော့သော နောက်ဆုံးတွေ အထပ်ထပ်ဖြစ်လာလျှင်တော့…
“ရှင့်တစ်သက် လယ်ပဲ ဦးစီးလုပ်တတ်ခဲ့တာ မဟုတ်ဘူးးလား။ ရောင်းရေးဝယ်တာနဲ့ ပတ်သက်လို့ သူများခိုင်းမျှ လိုက်လုပ်တတ်တာလောက် ရှင်တတ်တာလေ။  ခုချိန်မှာ ရှင်နဲ့တန်တဲ့ အလုပ်က လယ်သူရင်းငှား အလုပ်ပဲ ရှိတယ်”
                   လယ်ပိုင်၊ ကျွဲပိုင်ဖြစ်ခဲ့ဖူးသော ဘ၀ဟောင်းက သူ့အား သူရင်းငှားအဖြစ်ကို သိမ်ငယ်သယောင် ခြောက်လှန့်နေသည်ထင်ပါ၏။
“နင်တို့ ဆီမှာ လုပ်ရရင် လုပ်မယ်”
                   ဘုရားစူးရစေ့။ မနှင်းဆီခင်းထားသော အဆင်အကွက် မဟုတ်ခဲ့ရပါ။ သို့ပေမယ့် မနှင်းဆီအဖို့ ရေကန်အသင့် ဖြစ်ခဲ့သည်။
 တကယ်က လယ်တစ်ပွဲကို ဦးစီးရတာ မနှင်းဆီအတွက် မလွယ်ကူခဲ့ပါ။ သူတစ်စိမ်း ယောက်ျား အလုပ်သမားများကို ခိုင်းစေရတာ အဘက်ဘက်မှာ ချင့်တွက်ချိန်ဆနေရသည်။ တစ်လင်ကွာမိန်းမရယ်လို့လည်း အရိုသေတန်သော အပြုအမူများကို အတော်ကလေး သီးခံရသည်။ နှိမ်နှင်းရသည်။ အကျိုးအမြတ်ဖြစ်ထွန်းမှုမှာလည်း သူရှိစဉ်ကလို ကိုယ်ဖိရင်ဖိ မရှိနိုင်ပြီမို့ သူများ သဒ္ဒါသရွေ့သာ စားရတော့သည်ဟု ပြောရတော့မည်။
နေအိမ်က ရွာတန်းထဲမှာ ရှိတာဖြစ်သည်။ ကိုယ့်လယ်ထဲရောက်အောင် အိမ်ရှေ့ချောင်း တစ်ဖက်ကမ်းကို လှေဖြင့်ဖြတ်ကူးပြီးမှ သွားရသည်။ အရွယ်ရောက်စ သမီးကြီးကို စိတ်မချ၊ လက်မချ ကြားကပင် အငယ်နှစ်ယောက်နှင့်ထားကာ အိမ်စောင့်ရင်း ချက်ပြုတ်လျှော်ဖွတ် ကျန်ရစ်စေရသည်။ သားလတ်ကို လက်ကသုံးတောင်ဝှေးပြုလို့ ကန်သင်းရိုးမှာ လမ်းသလားပြရသည်။ ညရေး၊ ညတာမရှောင် တလင်းထဲ လှည့်ပတ်ကြည့်ရသည်။ ကောက်ဆိုင်ပုံရာမှာလည်း ၀င်ပါဖြစ်သည်ပင်။ ကောက်ပြန့်နယ်၊ လှေ့ကာ စပါးကျီထဲရောက်လေမှ အောင့်ထားရသော ပင့်သက်မောကို မှုတ်ထုတ်ဖြေလျှော့ချဖို့ သတိရတော့သည်။
 သားလတ်က ကျွဲနွားတွေကို ချစ်ခင်တွယ်တာတတ်သူ၊ လယ်ယာချောင်းမြောင်းကြားမှာ ပျော်မွေ့ချင်သူ ဖြစ်သည်မို့ ကျောင်းစာမှာ အာရုံလျော့သွားမှာလည်း ပူပန်ရသေးသည်။ ဒီနှစ် ရှစ်တန်းအောင်လျှင် အမေတို့ဆီပို့ကာ မြို့ကျောင်းမှာ ထားရတော့မည်။ သမီးကြီးကိုတော့ ရွာကျောင်းမှာ ရှစ်တန်းအောင်ပြီးကတည်းက ကျောင်းနုတ်လိုက်ရသည်။  သမီးကြီးကို ကျောင်းနုတ်လိုက်ရစဉ်က မနှင်းဆီတစ်ယောက်  ကလေးတွေ မသိအောင် ကျိတ်ငိုခဲ့ရသေးသည်။ ကလေးမ တိတ်တိတ်ကလေး မျက်ရည်ခိုးကျခဲ့ရှာတာကိုလည်း မသိချင်ယောင် ဆောင်ခဲ့ရပြန်သည်။
မနှင်းဆီကတော့ မျက်ရည်သွင်သွင်ကျနေရင်းက သူ့ကိုသာ စိတ်မှန်းရောက်ကာ ကြိမ်ဆဲပစ်လိုက် မိတော့တာပဲ။ တကယ်ဆို သူသာ အသိုက်အမြုံပြိုကွဲအောင် မဖျက်ဆီးခဲ့ဘူးဆိုလျှင် မနှင်းဆီတို့၏ စီးပွားရေး၊ လူမှုရေးသာမက ကလေးတွေ၏ ပညာရေးလည်းပဲ ခုလို ကမောက်ကမ ဖြစ်လာစရာ အကြောင်းမရှိပါ။ သူတို့လေးတွေ၏ အနာဂါတ်ရေးကိုလည်း တွေးမောနေစရာ လိုမည် မထင်။  သင်း လော်မာခဲ့လို့သာ။
ကိုယ့်ပတ်ဝန်းကျင်က ကလေးတွေ ရွှံ့ညွံအလူးလူးနှင့် ညစ်ထေးပေကျံလျှက် ချောင်းစပ်မှာ ပုဇွန်စမ်း၊ ဂဏန်းထောင်၊ လယ်ကွက်တွေ အနှံ့ ငါးမျှားကိုင်းတံ တလွှားလွှားဖြစ်နေကြတာ မနှင်းဆီ၏ အမြင်မှာ ဘ၀င်မကျ။ စိတ်လည်း မချမ်းမြေ့နိုင်ခဲ့ပါ။ ကိုယ်တွေ ငယ်ဘ၀ သဲထမ်းရင်း၊ မဆလာသယ်ရင်း လှမ်းငေးခဲ့ရသည့် ကျောင်းသားဘ၀ကို သားသမီးတွေ လက်ထက်မှာတော့ အပြည့်အ၀ အခွင့် အရေးရစေချင်မိပါသည်။ အကြီးမလက်ထက်မှာ မဖြည့်ဆည်းနိုင်ခဲ့တော့ ၀မ်းနည်းနာကျင်ခဲ့ရသည်။ သားလတ်လက်ထက်မှာတော့ဟု မောင်းတင်အားခဲ့ထားမိပြန်ပြီ။ ဒါကြောင့်သာ သူ့စကားအကျွံကို မနှင်းဆီက အမိအရ ဖမ်းဆုတ်လိုက်မိတော့တာ ဖြစ်သည်။
“ရှင် ဒီမှာ အလုပ် လုပ်နေတာကို အကြောင်းပြုပြီး ရှင့်ဟာမမျက်နှာကို မမြင်ရချင်ဘူး”
“သူကလည်း မင်းလိုပဲ ရှိမှာပေါ့”
                   ထောင်းခနဲ ဒေါသက ငယ်ထိပ်တက်ဆောင့်ချင်ပြန်သည်။ သင်းကများ  ရာရာစစ..။ သို့ပေမယ့်  ဘယ်သူက ရှောင်ချင်သည်ပဲ ဖြစ်ပါစေ။ တစ်ယောက်နဲ့တစ်ယောက် မမြင်တွေ့ကြရဖို့ အဓိက မဟုတ်လား။ ရှိစေတော့။
                   အကျိုးဆက်ကတော့ သူနှင့် ခပ်စိမ်းစိမ်းတန်းတန်း ဆက်ဆံနေကျ သားသမီးတွေက သူတို့အဖေဘက်သို့ ယိုင်လာကြတော့တာပဲ ဖြစ်သည်။
“နင်တို့ အဖေကို ဒီလောက် ခင်နေရင်လည်း မိထွေးအိမ်လိုက်နေကြ”
                   ကြားနာရသူသာ နားမှာ ခါးသက်တာမဟုတ်။ ပြောထွက်သူ အဖို့မှာလည်း ဘယ်လိုမှ နှုတ်မြိန်စရာ မကောင်းလှပါ။ သည်ကြားထဲ အရပ်ထဲမှာလည်း တီးတိုးစပ်စု စောင့်ငဲ့ကြတာ မသိချင်ယောင် ဆောင်လို့မရ။ အလိုလေး.. ဟိုတစ်ယောက်ကလည်း ဥစ္စာခြောက်နေရသည် ဆိုပါလား။
“ရှင့် ဟာမကို ပြောထားစမ်း။ လူ့လှေကို ၀က်လှေဖြစ်အောင် လုပ်တာ ဘယ်သူလည်းလို့”
                   နားမျက်စေ့တွေ ကန်းနေ၊ ပင်းနေသူလို သူမို့နေတတ်တာဖြစ်သည်။ ဒီမီးတွေကို စတင်မွှေးခဲ့သူမှာ သူမဟုတ်သလိုပင်။
“သီးခံလိုက်ပါကွာ။ ငါ တောင်းပန်ပါတယ်”
                   ရွှေပြည်အေးတရားပင် ဟောနေပြန်သေးသည်။ သို့သော် ပြီးစလွယ် သာဓုမခေါ်နိုင်သော မနှင်းဆီက…
“အဲဒီ မိန်းမကို ပြောလိုက်။ ဒီလောက် စိတ်မချတတ်ရင် ကြိုးနဲ့ပူးစည်းထားပြီး အငတ်နေကြလို့…”
“နှင်းဆီ။ မင်းစကားတွေက လွန်လှပြီ။ ငါက မင်းကျွေးထားလို့ ထမင်းဝနေတဲ့ကောင် လား။ မင်းပြောပုံက..။ ငါ တခြားမှာ လုပ်ကိုင် မစားတတ်လို့ မင်း ထမီနားလာခိုစားနေတဲ့ကောင် မဟုတ်ဘူး။ အဲဒါ မင်းမှတ်ထားစမ်း”
                   ရုတ်တရက် ခက်ထန်သွားသော သူအမူအယာ၊ စကားသံတို့ကို မကြုံစဖူးမို့ ခဏတော့ ငေးမေ့ မင်တက်မိသွားရသည်။
“ငါ မှန်ခဲ့တယ်လို့ မပြောပါဘူး။ မှားခဲ့တယ်။ ငါ မှားခဲ့ပါတယ်။ အဲဒီအတွက် အရွယ်မရောက်သေးတဲ့ ငါ့သားသမီးလေးတွေ မျက်နှာငယ်ခဲ့ရတယ်။ ခုလည်း မင်းတစ်ယောက်တည်း မနိုင်ဝန်ထမ်းပြီး  သူတို့တွေ ဒုက္ခရောက်ကြရမှာစိုးလို့ ငါ့အတ္တ၊ ငါ့မာနကို မေ့ထားပြီး ငါ… မင်းကို လာကူနေတာပါ။ အဲဒါတွေ သူများနားမလည်ပေမယ့် မင်း နားလည်သင့်တယ်”
                   ခက်ထန်ရိုင်းပြ နေခဲ့သော မနှင်းဆီ၏ စိတ်ဆင်ရိုင်းကလေး နူးညံ့ညွတ်ပြောင်းလာလုဆဲဆဲ…
“ပြီးတော့ မင်းသိထားသင့်တာက မင်းကို မပြတ်နိုင်လို့ လာပြီး ရစ်သီနေတာလည်း မဟုတ်ဘူးဆိုတာ…”
“ဖေဖေရော.. မေမေပါ  ဒီနေ့ မျက်နှာ မကောင်းကြပါလား။ စကားများထားကြလို့လား”
                   လယ်ထဲက အပြန် ချောင်းကို လက်ပစ်ကူးလာခဲ့ပြီး တစ်ခါတည်းရေချိုးခဲ့သည်။ အစ်မထံမှာ လုံချည်လှမ်းတောင်းသံ၊ မောင်နှမတွေ တိုးတိုးကြိတ်ကြိတ် တွတ်ထိုးသံတွေကို မနှင်းဆီက မရိပ်မိပဲနေပါ့မလား။ သူအစ်မ ပြောထားလို့ သိပြီးဖြစ်နေလျှက် သားက သူမသိသလို စကားစသည်။
“အပိုတွေ ပြောမနေပါနဲ့။ ကျောင်းဆင်းတာနဲ့ လွယ်အိတ်ပစ်ချပြီး လယ်ထဲလိုက်သွားတာ။ လယ်ထဲကိုရော တကယ်ရောက်လို့လား”
“ဟာ.. ရောက်ပါတယ်မေမေရ။ ဖေဖေ့ကိုတောင် ကျွဲတွေ ကူသိမ်းပေးခဲ့သေးတယ်လေ”
                   သားက မလုံမလဲ ပြုံးပြနေရှာသေးသည်။ မနှင်းဆီက သား၏ မျက်ဝန်းတွေထဲ စေ့စေ့စိုက်ကြည့်ပစ်ကာ…
”ဟို မိန်းမရဲ့ သားလည်း လယ်ထဲလိုက်လာတယ်ဆို”
                   ဒါဟာ တိုက်ဆိုင်မှု မဟုတ်ကြောင်း၊ သားနှင့် ချိန်းဆော့ကြတာ ပထမဆုံး အကြိမ်မဟုတ်ကြောင်း သား၏ အမူအယာတွေက သက်သေခံနေကြပါသည်။ ကလေးငယ်ကို သူကိုယ်တိုင် အိမ်လိုက်ခေါ်ခဲ့တာတောင် ဖြစ်နိုင်သေးသည်။
“ဖေဖေ့သားလေးက ချစ်ဖို့ ကောင်းလွန်းလို့ပါမေမေရာ။ စကားလည်း တတ်လိုက်တာ အလွန်ပဲ။ ဒီနှစ်မှ မူကြိုရှိသေးတာ။ ကကြီးခကွေး ဂျောင်းဂျောင်းပြေးနေပြီ။ ပြီး.. ကဗျာတွေလည်း ရနေတယ် သိလား။ ပြီးတော့ ဖေဖေ့သားလေးကလေ…”
“သားလတ်…”
                   မနှင်းဆီ ဖြတ်အော်လိုက်သောကြောင့် သားလတ်၏ မျက်နှာပေါ်မှ အပြုံးကလေးတွေ ရုတ်ချည်းပျောက်သွားသဖြင့် စိတ်မကောင်းဖြစ်ရပြန်သည်။ ဖေဖေ့သားလေးလို့ မနှင်းဆီရှေ့မှာ စကားမမှားအောင် သူ… သတိထားပြောနေရရှာတာ မနှင်းဆီ သိပါသည်။ သူက ညီလေးလို့ ချစ်နိုးမဆုံးရှိခဲ့တာ မနှင်းဆီ သိပြီးနေပါပြီ။
“အိမ်က ညီမလေးတို့လိုပဲ။ ဒါလည်း သားညီလေးပါပဲ ဖေဖေရယ် “
                   သူ့အဖေကိုတောင် လူကြီးလေးလို ပြောခဲ့သေးသည်ဆိုပဲ။
                   သားဖြတ်ကူးလာခဲ့သော အိမ်ရှေ့ချောင်းရိုးကလေးက ဒီရေကျချိန်မို့ ရေစီးသန်လှသည်။ ရေကိုတားသော် အကြားမထင်ဘူးလို့ ဘယ်သူတွေက မြော်မြင်စွာ ဆိုခဲ့ကြတာလဲ။  ပိုင်းခြားဖြတ်တောက်လို့ မရနိုင်သော ရေစီးကြောင်းမှာ မနှင်းဆီကရော အလိုက်သင့် မျှောပါလိုက်သွားရမှာလား။    ။
                                                                                              သတိုး
Sunday, January 22, 2012
ကမ်းပါးစွန်းမှာ.........
                        ပယင်းရောင် အကြည်ရည်တို့ကို ဖန်ခွက် အသီးသီးမှာ ညီတူညီမျှဖြစ်အောင် ချိန်ချိန်ဆဆ ဖြည့်လောင်းလိုက်ချိန်အထိ နှစ်ဖက်နားအစုံသည် ညည်းအူအီတောက်တာ ဦးခေါင်းတွေလည်း ကိုက်ခဲမူးဝေနေဆဲဖြစ်သည်။ တနုံ့နုံ့ အတွေးက အမြင်အာရုံတွေကိုေ၀၀ါးမှိုင်းရီလာစေသလို စိတ်မှာထင်လျက် ပျို့အန်အော်ဂလီဆန်လာပြန်သည်။ သည်အလုပ်က ထွက်ပစ်လိုက်မှ အေးမှာပဲ။ သို့ပေမယ့် အတွေးသည် လက်တွေ့ အကောင်အထည် မဖော်နိုင်သေးသော စိတ်ကူးတစ်ခုသာ ဖြစ်နေပြန်သည်။
“ချီးယား..”
                        လက်ထဲရှိ ဖန်ခွက်တွေကို ကိုင်မြှောက်ထိတိုက်လိုက်ကြသည်။ လည်ချောင်းဆီမှ အပူစီးချောင်းကလေးက ရင်ထဲမှာ ခပ်နွေးနွေး နေသာစေရုံကလေး ဖြစ်သည်။။ ခန္ဒာကိုယ်အတွင်း လှည့်ပတ်စီးဆင်းနေသော သွေးတွေပါ ချက်ချင်းဆိုသလို နွေးထွေးစွာ လှည့်ပတ်မှု မြန်ဆန်လာတော့သလို စိတ်ထင်ရောက်သည်။  လူလည်း သွက်သွက်လက်လက် ဖြစ်လာပြီ။ သို့ပေမယ့် အတွေးလည်ပြန်က မပြီးဆုံးတတ်သေး။
                        ဦးစီးမှူးတစ်ယောက် မြို့နယ် အစည်းအဝေး သွားရမည် သတင်းကြားကတည်းက မျက်ခုံးလှုပ်နေခဲ့ကြတာ ဖြစ်သည်။ ဦးစီးပြန်လာလျှင် သူတို့ တစ်ရုံးလုံး အဆူအပြော၊ အကြိမ်းအမောင်းခံရတော့မှာ ဗေဒင်မေးစရာမလိုအောင် သေချာနေတော့ပြီ မဟုတ်လား။
                        အာလူးကြော် တစ်ဖတ်ကောက်ဝါးလျှက် မြို့နယ် တာဝန်ရှိ ပုဂိုလ်လေးထံ စိတ်မှန်းရောက်ပြန်သည်။  သည်မြို့ကလေးကို ပြောင်းရွှေ့လာတာဖြင့် မကြာသေး။ ဒါပေမယ့် သူ့ဂုဏ်သတင်းကတော့ အလျှင်အမြန် မွှေးလွင့်လို့ နေခဲ့ပြီ။ အသက်ကလေးက ဋ္ဌာနဆိုင်ရာ အရာရှိတွေ အားလုံးထက် အပုံကြီး ငယ်နုပေမယ့် အပြောအဆို၊ အမူအယာ ရိုင်းပြခက်ထန်သည်ဟု ပခုံးတွန့်ကြတာ မြင်ရ၊ ကြားခဲ့ရဖူးသည်။ ဦးလေးအရွယ်၊ အဖေအရွယ် အရာရှိကြီးတွေကို “ခင်ဗျား” လုံးရိုက်ကာ မထောက်မညှာတမ်း၊ ခေါင်းမဖော်နိုင်အောင် ထိုးနှက်တိုက်ခိုက်တတ်ပါသေး သတဲ့။ လကုန်ရက် အစည်းအဝေး တက်ရောက်ရတော့မည့် အရေးကို  ဋ္ဌာနဆိုင်ရာ ဦးစီးအရာရှိကြီးတွေအားလုံးက တွန့်ဆုတ်လေးကန်လျှက် ရှိနေကြရတော့တာ ဖြစ်သည်။
                        သူတို့၏ ဦးစီးမှူးသည်လည်း လပတ်အစည်းအဝေးမို့ တက်ရတော့မည်ဆိုလျှင် သားရဲတွင်းထဲ ဆင်းရအံ့ဆဲဆဲ လူတစ်ယောက်လို မူပျက်ကာ ပြာယာခပ်လျှက် မိမိနိုင်စားရသော ရုံးဝန်ထမ်းတွေကိုသာ မာန်မဲဟိန်းဟောက်နေပြန်တော့သည်ပင်။ အစည်းအဝေးမှ ပြန်ရောက်လျှင်လည်း ကိုယ်တိုင် ဟိန်းဟောက်ခံခဲ့ရသမျှ မကျေနပ်နိုင်ခဲ့သည်များကို ၀န်ထမ်းများ အပေါ်မှာသာ ပြစ်တင်ပုံချကာ တစ်ရှည်တစ်လျား ဆူပူမြည်တွန်ဦးတော့မှာ အတွေ့အကြုံအရ သိနေနှင့်ကြပြီ။
                        စီးကရက် တစ်လိပ်ကို နှုတ်ခမ်းဖျားမှာ ချိပ်လျှက် ချက်ချင်း မီးမညှိ ဖြစ်သေး။ တကယ်ဆို သူတို့၏ ဦးစီးဟာ အစည်းအဝေးမှာကတည်းက ကျိုးကြောင်းသင့် ပြန်ပြောကာ ဖြေရှင်းပြခဲ့သင့်သည် ဟူသော အတွေးကို ပြီးဆုံးအောင် ဆက်တွေးနေလိုက်သည်။။ အစည်းအဝေးဆိုသည်မှာ ရာထူးအာဏာပိုကြီးမားသူ၏ နှုတ်ထွက်စကား အလုံးစုံကို ထိုင်းနားထောင်ရုံဟု စွဲနေခဲ့ကြတာ ဆိုးလွန်းသည်။ အမည်တပ်ကာ မေးမြန်းလာလျှင် မ၀ံ့တ၀ံ့၊ ၀ှက်ဝှက်ကွယ်ကွယ် လျှောက်တင်ကြလိမ့်မည်။ ဆူပူကြိမ်းမောင်းလာလျှင် ခေါင်းငုံခံလိုက်မည်။ စိတ်ထဲမှာ ကြိတ်ခဲမပြေသမျှ ဖောက်ထုတ်ဖွင့်ချချင်လျှင်လည်း အရပ်အနေ မသင့်တော်သေးဟု အံကြိတ်ကာ ဇွတ်မျိုချခဲ့ပေရော့။ မိမိရုံးသို့ ပြန်ရောက်လေမှ ရေငုံခေါင်းငုံ့ခံလာခဲ့ရသမျှ အောင့်လုံးတွေကို မိမိနိုင်စားသမျှရနေသော လက်အောက်ဝန်ထမ်းတွေထံ ပုံချ ဖောက်ခွဲ ပစ်ကြတော့သည် ။
သူတို့၏ ဦးစီးမှူးသည်လည်း နဂိုမူလကတည်းက တစ်ဖက်သား၏ အားနည်းချက်ကို ဖိနင်းအနိုင်ကျင့်ရန် ၀န်လေးလှသူမဟုတ်။ စကားတစ်စရလျှင် မဆုံးစတမ်း၊ မပြီးစတမ်း တဖျစ်တောက်တောက် ရှိတတ်သူ၊ စကားတန်ရှည်ကာ ဇီဇာကြောင်သူတစ်ယောက် ဖြစ်နေသေးသည် မဟုတ်လား။
                        စီးကရက်ကို မီးညှိပြီး အဆုတ်ထဲသို့ အားပါးတရှိုက်သွင်းကာ ဟူးခနဲ မှုတ်ထုတ်လိုက်သော မီးခိုးငွေ့တွေနှင့်အတူ သက်ပြင်းမောတွေပါ ရောနှောလွင့်ပျံလို့သွားသည်။
                        သည်ရုံးသို့ ဦးစီးအရာရှိအသစ် ပြောင်းလာပြီးကတည်းက အလုပ် လုပ်ရတာ မပျော်ရွှင်နိုင်ကြတော့တာ ဖြစ်သည်။ အလုပ်ထွက်မယ် ဆိုစကားတွေလည်း ညံနေအောင် ကြားနေရသည်ပင်။ ဒါပေမယ့် ဒီနေ့အထိ ဘယ်သူမှ ထွက်စာ မတင်ဖြစ်ကြသေး။ ဆုံလည်နွားတွေလို စိတ်လက်မကြည်သာနိုင်ပါပဲ တပေပေ လည်နေကြပြန်တော့သည်ပင်။
                        ဖန်ခွက် ထဲမှာ ပြောင်နေပြီ။ ထပ်ဖြည့်ကြရပြန်သည်။
                        ကိုယ့်အထက်လူကြီးကို အရှိ၊အမှန် ပြန်မပြောရဲကြတာ အရိုးစွဲနေပြီမို့ မကျေနပ်နိုင်လည်းပဲ ဇွတ်မှိတ်အောင့်အည်း သီးခံရပြန်ရသီးတော့မှာပဲ။ ရွေးချယ်စရာ နည်းပါးလှသော အခြေအနေမှာ ကိုယ့်နေရာကိုယ် မကျေနပ်နိုင်ဘူးဆိုလျှင် လဲသေလိုက်တော့။ ကိုယ့်ကိုယ်ကိုယ် မေတ္တာပို့လျှက် မျက်နှာကို ဆတ်ခနဲမော့သည်။ ဂွတ်ခနဲ…။ နောက်တစ်ခွက်..။
                                                *********
                        ကိုယ်ရေချိန်ကလေးနှင့်ကိုယ် အိမ်အပြန် ခြေလှမ်းများကတော့ ယိုင်နဲ့နေသော်လည်း မြူးသွက်နေပြန်တာပင်။ မျက်စောင်းတခဲခဲ ရှိနေတတ်သော အိမ်သူကိုပင် ပိုတိုးလို့ ချစ်ကြင်နာချင်မိသည်။ သည်အဖေ၊ သည်အမေနှင့် သမီးလေးလည်း ပါဝင်သော  မိသားစုကလေးသည်  စည်းလုံးချစ်ကြည်စွာ နေပျော်ကျေနပ်စရာ ဟု သူ မကြာခဏ တွေးလျှက် ဂုဏ်ယူချင်ပြန်သည်။။
                        သို့ပေမယ့် ခက်တာက သမီးပဲ ဖြစ်သည်။
“သမီးရေ…”
                          လျှာလေး၊အာလေးနှင့် ခေါ်လျှင် တုန့်ပြန်မထူးချင်တော့။ ပွေ့ချီချော့မြူမွှေးကြူချင်မိလျှင်လည်း ပြေးရှောင်ပုန်းလျှိုးနေတတ်သည်။ မိခင်ကိုသာ အတင်းဖက်တွယ်တက်ကာ သူ့ကိုယ်လုံးလေးကို ကျုံ့ဝင်သွားတော့မတတ် ပုဝင်ပုန်းခိုနေပြန်တာ အသည်ယားချင်စရာ။ မရှောင်နိုင်သည့်အဆုံး အဖေ့ရင်ခွင်ထဲမှာ အမိခံလိုက်ရလျှင်တောင် ကိုယ်ကို လိန်တွန့် ရုန်းကန်နေပြန် သေးတော့ မခက်လား။
“သမီးရေ..။ လာဦး၊ ဖေ့ဆီကို လာပါဦး”
                        သူ့အသံ ဗလုံးဗထွေးကြီးကို သမီးက မတုန့်ပြန်ပါ။
“သမီး.. လာဦးဆို…”
                        အလုပ်ထဲမှာ၊ အများနှင့် ဆက်ဆံရာမှာ စိတ်ရှည်သီးခံတတ်သူအဖြစ် အသိအမှတ်ပြုခံရသောသူက အိမ်မှာတော့ စကားတစ်ခွန်းကနေ နှစ်ခွန်းဆင့်လာရလျှင် ဒေါသစွက်ချင်ပြီ။ မူးနေသော အရှိန်ကလေးကလည်း သူ့ ဒေါသ အရှိန်ကို ဒီဂရီတိုးမြင့်စေသည်။ သမီးကလည်း သူ့ဒေါသရိပ်ငွေ့ကို မြင်သိနားလည်နေပြန်ရာ ပို၍ပင် အနားကပ်မခံတော့ပြန်။
“ကျုပ်က ညည်းအဖေလေ။ မမှတ်မိတော့ဘူးလား”
                        ဖခင်၏ ခနဲ့တဲ့တဲ့ အပြောကို အကင်းပါးသော သူငယ်တန်းကျောင်းသူမကလည်း ရိပ်မိနားလည် နေသည်ပင်။
“လာ.. ဖေ့ကို အာဘွားပေးပါဦး သမီးလေးရယ်”
                        တရိပ်ရိပ်၊ တရှိန်ရှိန်တက်လာနေသော ဒေါသတွေကို ဇွတ်မြိုချကာ လေသံကိုလည်း လျှော့ချပစ်ရသည်။ တကယ်တော့ သမီးက အမေထက်၊ အဖေကို ပို၍ ခင်မင်တွယ်ကပ်တတ်သူ ဖြစ်ပါသည်။ အရပ်ထဲက ရင်းနှီးသူတွေထဲမှာ မူးရူးသောင်းကျန်းနေတတ်ကြသူတွေကို  သမီးမြင်တွေ့ဖူးထားခဲ့သည်။ ထို့ကြောင့် အမူးသမားဆိုလျှင် သမီးက ကြောက်လန့်နေတတ်ပြီ။ တစ်ခါတစ်ရံ အဖေ၊ အမေတို့ကလည်း အခွင့်သင့်တိုင်း သမီးကို ထိုအမူးသမားတွေနှင့် လှည့်ပတ်ခြောက်လှန့်ခဲ့ကြဖူးသည်။ ခုတော့ အမူးသမားဆိုလျှင် အဖေကိုပင် အနားမကပ်ချင်တော့ပေ။
“ကလေး သူ့ဘာသာ နေပါစေကွယ်။ ထမင်းပွဲ ပြင်ပြီးပြီ။ လာ.. စားလိုက်တော့”
                        ဇနီးသည်က သူ့အား ချော့ချော့မော့မော့ အာရုံလွှဲရန်ကြိုးစားသည်။ သို့ပေမယ့်…
“မင်း အသာနေစမ်းပါ။ သမီး…လာစမ်း ဆို ။ ဖေဖေ ခေါ်နေတာ”
                        မိခင်၏ ရင်ခွင်ကြားမှ ကလေးငယ်ကို ဇွတ်အတင်း ၀င်လုသည်။ အမေက ကလေးအသား နာကျင်မှာ စိုးရိမ်သောကြောင့် အလိုက်သင့်လွှတ်ပေးရှာသည်။ သမီးငယ်က ကြောက်လန့်တကြား တွန်းထိုးရုန်ကန်တော့ပြီ။
“ဖြန်း…”
                        လက်ဖ၀ါးတစ်ဘက် သမီး၏ တင်ပါးပေါ် ရောက်သွားသည်။ သမီးက စူးစူးဝါးဝါး အော်ငိုတော့၏။
“မငိုနဲ့..။ တိတ်စမ်း”
                        လက်ဖ၀ါး တစ်ဖက် နောက်တစ်ချက်။ သမီးက အသံအထွက်ရဲတော့သော်လည်း မျက်ရည်တွေကျကာ ကိုယ်လုံးလေးပင် တုန်ရင်နေပြီ။
“ကို…”
                        ဇနီးသည်၏ တောင်းပန်မှုက အရာမရောက်ပါ။
“နောက်တစ်ခါ အဖေခေါ်ရင် တစ်ခွန်းထဲနဲ့ လာမှာလား”
                        သမီး ခေါင်းညိတ်စေချင်သည်။
“မေးနေတယ်လေ။  နောက်တစ်ခါ အဖေခေါ်ရင် တစ်ခွန်းထဲနဲ့ လာမှာလားလို့ ”
“ခေါင်းညိတ်လိုက်လေ သမီးရဲ့”
                        အမေက မနေနိုင်စွာ ၀င်ပြောပေးလေမှ သမီးက ခပ်ဆဆ ခေါင်းညိတ်ပြဖော်ရတော့သည်။ ဒါပေမယ့် တကယ်တမ်း သမီးက ခေါင်းညိတ်ပြလာသောအခါ  မကျေနပ်နိုင်တော့ပြန်။
“မရဘူး။ ပါးစပ်ကပြော…”
                        သမီးက အသံတိတ် ကြိတ်ရှိုက်နေပြန်သည်။
“ပြောလေ…”
                        ရှိုက်ငင်နေမြဲ။
‘ဟေ့။ မေးနေတာ ပြောလေ”
                        သမီး၏ နှုတ်ခမ်းလေးများက တလှုပ်လှုပ်။ သို့သော် အသံထွက်မလာ။ သူလိုချင်သော အဖြေကို မရရှိခြင်းက သူ၏ ဒေါသကို မီးလောင်ရာ လေပင့်ပေးသလိုပင်။ သမီးက သူ့ကို အာခံသလား။ သူ့လက်တစ်ဖက် လေထဲမြောက်တက်သွားသည်။ သမီးက ကျီခနဲ အော်ဟစ်ငိုလိုက်သည်။ မိခင်က သမီးကို  ပြေးပွေ့ကာ သူ့အား ရန်တွေ့ရင်းငို၏။ သူတို့မိသားစုကလေး၏ ရုန်းရင်းဆန်ခတ်မှု အပြီးသတ်ကို သူ.. မမှတ်မိနိုင်တော့လောက်အောင် မူးရီမှောင်မိုက်သွားခဲ့တော့သည်။
                        ********
                        ကြိတ်မြုံထားရသော အနာတရတို့သည် မမြင်သာသည်မို့ မေ့ချင်ဟန်ဆောင်လို့ ရနေသည်ထင်ပါ၏။
                        နောက်တစ်နေ့နံနက်လင်းကတည်းက သမီးအား ဇွတ်ပြန်ချော့ရင်း၊ မုန့်ဝယ်ကျွေးရင်း၊ အရုပ်တွေ လိုက်ဝယ်ပေးရင်း သူတို့၏ မိသားစုလေးကြားမှာ ပုံမှန်ခံစားမှုဖြင့် ချမ်းမြေ့ကြည်နူးဖွယ်ရာ ပြန်ဖြစ်နေပြန်ပြီ။ သို့သော်…
“နောက်တစ်ခါ ငါခေါ်ရင် တစ်ခွန်းထဲနဲ့ လာမှာလား။ မေးနေတာ ဖြေလေ…။ ကဲဟယ်…။ ဖြန်း… ဖြန်း…။ အဲဒါ ငါ့ကို အာခံဦး။ ပြန်မပြောပဲ ပါးစပ်ကြီး ပိတ်နေဦး ။ ဖုန်း…”
                        သမီးက သူ့နှင့် ရွယ်တူနီးပါး Pooh အရုပ်ကြီးကို ၀ါးခြမ်းတစ်ချောင်းနှင့် တဖြန်းဖြန်း၊ တဖုန်းဖုန်း ရိုက်နှက်နေပါသည်။ နှုတ်ကလည်း လူကြီးတစ်ယောက်နှင့် မခြား တတွတ်တွတ် မြည်တွန်ကြိမ်းမောင်းနေပြန်တော့သည်။ သူ သမီးအနားသို့ ညင်သာစွာ တိုးလှမ်းလျှက်…
“သမီး…”
                        ခပ်တိုးတိုး ခေါ်လိုက်လျှင် သမီးက ဟီးခနဲ ရှက်ရယ် ရယ်မောလိုက်လျှက်…
“အရုပ်ကြီးနဲ့ ရိုက်တမ်းကစားနေတာလေ ဖေဖေ။ သူက သိပ်ခေါင်းမာတာပဲ။ ဒါကြောင့် မှတ်လောက်သားလောက်ဖြစ်အောင် တုတ်နဲ့ရိုက်ပြီး ဆုံးမနေရတာပေါ့”
                        သူ့ မျက်နှာ နွေးခနဲ ပူသည်။ သို့သော်  သမီးမသိအောင် သက်ပြင်းကြိတ်ရှိုက်လျှက်…
“ကဲ.. လာပါ သမီးရယ်။ သမီးပဲ မြို့ပြင်ထွက်ပြီး ဆိုင်ကယ် စီးချင်တယ်ဆို။ မေမေရော အဆင်သင့်ဖြစ်ပြီလား။ ခေါ်လိုက်တော့…”
“ဟုတ်.. ဖေဖေ”
                        သမီးက မေမေ့အခန်းထဲသို့ ပြေးသွားမည် ဟန်ပြင်ပြီးမှ ချာခနဲ နောက်ပြန်လှည့်ကာ…
“ဟွန်း.. ငါ့စိတ်ကို နင်သိတယ်နော် ။ဖေဖေရှိလို့ နင် သက်သာသွားတယ် မှတ်ပါ။”
                        သမီးက သူ့ထံ တစ်ချက်ပြုံးပြကာ ရွှင်သွက်မြူးပြပြေးထွက်သွားလေလျှင် သူကတော့ လက်ထဲမှာ သမီးထံမှ ဆွဲယူထားလိုက်ရသော ၀ါးခြမ်းတစ်ချောင်းကိုင်လျှက်၊ ငူငိုင်လျှက်…။   
                                                                                                သတိုး
Wednesday, January 11, 2012
ကြည့်ချင်ပွဲ
ခပ်တည်တည်ပဲ...။
ဦးထုပ်နက်နက် ဆောင်းထားတယ်။
ဝတ်စုံအနက် ထက်အောက်ဆင်ယင်လို့
လူကြီးလူကောင်းစတိုင်လ် အပြည့်ဖမ်းထားတယ်။
လည်တိုင်က လိပ်ပြာပုံ ဖဲပြားဖြူလေးကတော့
ရွဲ့စောင်းနေလေရဲ့
ဒါပေမယ့်
ကြည့်နိုင်မှ မြင်ရလိမ့်မယ်။
မျက်မှန် နှစ်ထပ် တပ်ထားတာလည်း ထူးခြားတယ်။
ခပ်တည်တည်ပဲ...။
ဖြူလွသန့်စင်ထင်ရတဲ့ လက်ကိုင်ပုဝါ တစ်ထည်
ဦးထုပ်နက်အတွင်းထဲ.....
ရွရွကလေး ပစ်ချပြတယ်။
ပြီးတော့...
လက်အိတ်နက် လက်တွေကို လှပစွာ ဝေ့၀ိုက်ပြောင်းနွဲ့ကစားလိုက်တယ်။
ခပ်တည်တည်ပဲ...။
ချောင်းတစ်ချက် ဟန့်တယ်။
"အဟမ်း..."
(လည်ချောင်းထဲမှာ အမြဲတစေ
ခဲကျပ်ပိတ်ဆို့နေပုံ ရတယ်)
ခပ်တည်တည်ပဲ...။
မျက်တောင် မခတ်ကြပါနဲ့။
နားရွက်တောင် မလှုပ်လိုက်မိစေနဲ့။
ဆူညံသံတွေ သော့ပိတ်ပေးပါ။
ကျေးဇူးပြု၍...ငြိမ်ပါ။
ရှုလှည့်ပါ။
မျက်စေ့တစ်မှိတ်၊ လက်ဖျစ်တစ်တွက်အတွင်းမှာ
ပြေးလာထွက်ပျံ
ကောင်းကင်တိမ်ယံထက်မှာ
ငှက်ချိုးရွှေဖြူ ကူလိမ့်နိုး...။
တစ်စက္ကန့်...
တစ်မိနစ်...
တစ်နာရီ...
............
ဟော... တစ်ရာသီ...
.......
...........
ငေးငေးမေ့မေ့
မော့မယ့်သာမော့နေမိကြတာ
တကယ့် ဇာတ်လိုက် က
ဘယ်ဆီရွာရိုး
သဝေထိုးနေသလဲ မသိ။
ခုထိကို....
လက်ခုပ်သံ မကြားရသေးဘူး။       ။
                                   သတိုး
Saturday, January 7, 2012
နာတာရှည် မျှော်လင့်ခြင်းများ
မျှော်လင့်ချက်ဆိုတဲ့ အရာတစ်ခုဟာ မေမေတို့မိသားစုရဲ့ကြားမှာ အခိုင်အမာ တည်ရှိခဲ့ဖူးပါတယ် သား။
********
မျှော်လင့်ချက်ဆိုတဲ့ အဲဒီအရာသာမရှိတော့ရင် မေမေတို့လူသားတွေရဲ့ အသက်ရှင်ရပ်တည်မှုဟာ ဘာများ အဓိပ္ပါယ် ရှိဦးမှာလဲ။ အဓိပ္ပါယ် ကင်းမဲ့နေတဲ့ဘ၀ဟာ နေပျော်စရာရော… ကောင်းပါဦးတော့မလား။ ရေသေလို ဘ၀ဟာ သေသည်နှင့်မခြား။
“မနုသတ္တဘာဝေါ၊ ဒုလ္လဘော” လို့ ဆိုကြရဲ့ မဟုတ်လား။ ရခဲလှတဲ့ လူအဖြစ်ကို အလွယ်နဲ့တော့ စွန့်ပစ်ထွက်ခွာသွားဖို့ မဖြစ်ဘူးနော်။ ဘ၀ဆိုတာ ဓါးသွားပေါ်က ပျားရည်စက်ဆိုရင်တောင် ဒဏ်ရာစက်လက်၊ သွေးအလိမ်းလိမ်းကြားကပဲ မက်မောတွယ်တာစရာ ကောင်းနေပြန်တာပဲ။ အဲဒီတော့ မျှော်လင့်ချက်ဆိုတဲ့ “သက်ဆက်ကြိုးလေး” ကိုလည်း မေမေကတော့ ဘယ်လိုအကြောင်းကြောင့်မှ စွန့်မပစ်နိုင်ဘူး။ မေမေ့ရဲ့သားဟာလည်း မျှော်လင့်ချက်တွေကို ရေစုန်မျှောပစ်လိုက်မယ့်သူ မဟုတ်ဘူးဆိုတာ မေမေ အကြွင်းမဲ့ ယုံကြည်နေပါတယ် ။ ဒီကမ္ဘာကြီး မရပ်တန့်သေးသရွေ့ လူသားတိုင်းမှာ မျှော်လင့်ခွင့်ဆိုတာ ရှိကို ရှိနေရမယ် မဟုတ်လား သားရယ်။
********
မျှော်လင့်ချက်ဆိုတာ မေမေတို့ရဲ့ လူသားဘ၀ အစမှာကတည်းက လူအဖြစ်နဲ့ အတူတကွ မွေးဖွားလာခဲ့တဲ့ ဖွားဖက်တော်တစ်ယောက်လည်း ဖြစ်နေသေးရဲ့ သား။
သားရဲ့ ငယ်ဘ၀နေ့ရက်တွေမှာ မျှော်လင့်ချက်များစွာနဲ့ ရွှေရောင်ပြိုးပြက်၊ တလက်လက်သက်ဝင်၊ ရှင်သန်လှပခဲ့ဖူးတာ…။ အမြဲတစေ ဖျတ်လတ်နိုးကြားနေခဲ့တာ..။ တက်ကြွရဲရင့်ခဲ့ဖူးတာ..။ မေမေ သိပ်အားရခဲ့တာပဲ။ သားဟာ ဖေဖေ၊ မေမေတို့ရဲ့ အနာဂါတ် အိပ်မက်ဦး။ ထွန်းတောက်ရဲရင့်၊ ပွဲလည်တင့်မယ့် သူကလေးပဲရယ်လို့လည်း ရင်ခုန်မျှော်လင့်ရင်း အရိပ်ကြည့် မ၀နိုင်ခဲ့။ ပြုစုယုယ မြဲခဲ့။
သားကို မွေးဖွားပြီးကတည်းက သားဟာ ဖေဖေ၊ မေမေတို့ရဲ့ အဆုံးမဲ့ မျှော်လင့်ချက်ကလေးပဲ မဟုတ်လား သား။ သားကို တော်ထူးထက်မြက်တဲ့သူ ဖြစ်စေချင်မိခဲ့တယ်။ ရိုးသားဖြောင့်မတ် စေချင်မိတယ်။ သူတပါးကို ကိုယ်နဲ့ထပ်တူ စာနာတတ်စေချင်တယ်။ လိုအပ်ရင် စွန့်လွှတ်စွန့်စား အနစ်နာခံတတ်တဲ့ ရဲဝံ့သတ္တိမျိုးလည်း သားမှာ ရှိစေချင်ပါတယ်။ ပြီး…
အိုး… သားနဲ့ပတ်သက်တဲ့ မေမေ့ရဲ့ မျှော်လင့်လောဘတွေက မဆုံးစတမ်း များပြားလွန်းလှချည်လားကွယ်။ ဒါပေမယ့် မေမေ ကံကောင်းခဲ့ပါတယ်။ မေမေ့ရဲ့ သားကလေးဟာ မေမေမျှော်လင့်ထားခဲ့သလို အတိအပ ဖြစ်မလာနိုင်ခဲ့ပေမယ့် သားကြောင့် မေမေ တစ်ကြိမ်တစ်ခါမျှ အရှက် မရခဲ့စဖူး။ မျက်နှာ အောက်မချခဲ့ရစဖူးး။ သားက မေမေ့အိပ်မက် တချို့တ၀က်မကကိုတောင် စွမ်းဆောင်ပေးခဲ့သေးတယ် မဟုတ်လား။ အဲဒီအတွက်လည်း သားမှာ ၀န်ထုတ်ဝန်ပိုး မဖြစ်ခဲ့ဘူး။ ပင်ပန်းတကြီးလည်း မဖြစ်ခဲ့ပါဘူးနော်။ သားကိုယ်တိုင် ယုံကြည်လက်ခံနိုင်ခဲ့လို့သာ သိတတ်စွာ ကြိုးစားစွမ်းဆောင်ခဲ့တာ မဟုတ်လား။ ကိုယ်တိုင် မယုံကြည် ၊ လက်မခံနိုင်တဲ့ အရာမှန်သမျှကို သားက ဟန်ဆောင်ပန်ဆောင်ကလေးတောင် အသိမှတ်ပြုဖော် ရတဲ့သူမှ မဟုတ်ပဲ။
ပြီး…မမျှတဘူးထင်လျှင် အားနည်းသူဘက်မှ ဖေးကူချင်သော သားက မိမိ ယုံမှတ်သော အမှန်တရားအတွက် လိုအပ်လျှင် အာခံဆန့်ကျင်ရဲသည့် စိတ်လည်းရှိသးသည်။
မေမေ မထင်မှတ်သော သားရဲ့ ယုံကြည်မှု၊ စွမ်းဆောင်စွန့်လွှတ်မှုများ အတွက်တော့ဖြင့် မေမေ့တစ်သက် ဂုဏ်ယူလို့တောင် ဆုံးနိုင်တော့မည်မထင်။ ဒါပေမယ့် အဲဒီအတွက် မေမေတို့ ပြန်လည်ပေးဆပ်ခဲ့ ရတာကတော့ ဘ၀နဲ့ကို ချီပါရောလား သားရယ်…။
*********
မေမေ့မှာ သားတစ်ယောက်လုံး ရှိသေးတယ်ဆိုတဲ့ အသိ၊ အဲဒီနှောင်ကြိုးလေးဟာ မြစ်ကူးချောင်းခြားခရီးကို မမောမပမ်း အရောက်လှမ်းနိုင်စေခဲ့တယ် သား။ ဒီခရီးဟာ မေမေ့အဖို့တော့ ရိုးတောင် နေပါပြီ။ သားနဲ့သာ တွေ့ခွင့် ရမယ်ဆိုရင် ဘယ်လို ခက်ခဲကြမ်းတမ်းတဲ့ ခရီးကိုမှ မေမေ မမှုပါဘူး။ သားရဲ့ ညီမလေးနဲ့ သူခင်ပွန်းသည်က မေမေ့ကိုယ်စား သားဆီ လာတွေ့ပါ့မယ်လို့ ပြောတိုင်း မေမေ လက်မခံဘူး။ အဖော်လိုက်ပေးချင်ကြတယ် ဆိုရင်တောင် မေမေကတော့ တစ်ခေါက်တစ်ကျေးလောက်သာ ခေါင်းညိတ်ခဲ့တာပဲ။ သူတို့မှာလည်း သူတို့တာဝန်၊ သူတို့စီးပွားနဲ့ ကိစ္စ၀ိစ္စ အများသား မဟုတ်လား။ တစ်ခါတရံတော့ ညီမလေးလည်း အစ်ကို့ကို အလွမ်းပြေ တွေ့ချင်ရှာမယ်၊ သားလည်းပဲ ညီမလေးကို မျှော်နေလေမလားရယ်လို့ အဖော်ခေါ်ဖြစ်ခဲ့တာပါ။ အခါများစွာမှာတော့ မေမေတစ်ယောက်တည်းပဲ။
အခုလည်း သားဆီရောက်ဖို့၊ သားနဲ့တွေ့ရဖို့အတွက် သင်္ဘောပေါ်မှာ ကွေးကွေးကလေး ၊ တရေးမျှသာ မှေးစက်ခဲ့ရပေမယ့် မေမေ မောနွမ်းချိနဲ့ မနေပါဘူး။ နံနက်လင်းလို့ သင်္ဘောကမ်းကပ်ချိန်မှာ မေမေက အားလုံးရဲ့ရှေ့ဆုံးကပဲ။ ကုန်းဘောင်တံတားပေါ် အကူအတွဲမရှိပဲ ခြေလှမ်းမှန်မှန်၊ တည်တည်ငြိမ်ငြိမ် လှမ်းတက်နိုင်ခဲ့တာပဲ။ သားအတွက် အချိုအချဉ် ဖွယ်ရာစုံလင်အောင် မေမေ စီမံမလာနိုင်ပေမယ့် သားသိပ်ကြိုက်တဲ့ ခြူးနဂါးဆေးပေါ့လိပ် တစ်ထုတ်တော့ မမေ့မလျော့ ပါလာခဲ့သေးရဲ့။ သား အိမ်မှာ ရှိစဉ်ကတော့ ဆေးလိပ်သောက်လွန်းတဲ့သားကို မေမေ့မှာ ငြိုငြင်ပြစ်တင်ရတာ အမော။ ခုတော့ အလိုလောဘ နည်းပါးလှတဲ့ မေမေ့သားတစ်ယောက် သူကြိုက်တဲ့ ဆေးပေါ့လိပ်ကလေးမှ အာသာဖြေ ရှိုက်ဖွာခွင့် ရပါရဲ့လားလို့ မေမေ စိတ်ပူမိတယ်။
မေမေ ဘယ်မိတ်ဆွေ၊ ဘယ်ဆွေမျိုးဆီမှ နှုတ်ဆက်ဝင်ထွက် လုပ်မနေတော့ဘူး။ လေးဆူဓါတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီးကိုတောင် ကားပေါ်ကပဲ ဦးတော်တင်လို့ လှမ်းဖူးခဲ့တယ်။ အပြန်ခရီးကျမှ တပည့်တော်မရဲ့ သားကလေးနှင့်အတူ ဖူးရောက်ခွင့် ပေးသနားပါ အရှင်ဘုရား။ ခုတော့ သားဆီအရောက် နောက်ကျနေမှာ စိုးရိမ်ပူပန်နေရတာမို့ပါ။
လှောင်အိမ်ထဲက ထွက်လာတဲ့ ငှက်ငယ်ကလေးတွေရဲ့ လွတ်လပ်ပေါ့ပါးမှုမျိုးနဲ့ သားရဲ့ ခြေလှမ်းသွက်သွက်တွေကို မေမေ လှမ်းငေးချင်တယ် သား။ လူအုပ်ကြားမှာ ရောနှောနစ်မြုတ်နေမယ့် မေမေ့ကို သားကတော့ ရုတ်တရက် လှမ်းတွေ့နိုင်မယ် မထင်ဘူးနော်။ မေမေကတော့ “သားရေ… မေမေ ဒီမှာဟေ့” လို့ ၀မ်းမြောက်အူမြူးသံကြီးနဲ့ အော်ခေါ်မှာပဲ။ သား.. မကြားမချင်း။ ဒါပေမယ့် သားရဲ့ နားအစုံက မကြားနိုင်တဲ့ မေမေ့အသံကို သားရဲ့ နှလုံးသားလေးကတော့ အသေအချာ ကြားမှာပဲ လို့ မေမေ ယုံကြည်တယ်။ မေမေ့ကို တွေ့ချင်ဇောကြီးလွန်းလှတဲ့သားဟာ လူထုပရိတ်သတ် ကုဋေကုဋာကြားက မေမေ့ကို မလွဲမသွေ တွေ့ရမှာပါပဲ။
နံနက်ဦးနေခြည်အောက်မှာ မျှော်လင့်ချက်တွေ တလက်လက်တောက်ပနေကြတယ် သား။ သားတို့လို ဘ၀တူတွေရဲ့ မိသားစုဝင်တွေ။ အဲ မေမေနဲ့ ဘ၀တူတွေပေါ့နော်။ ဟိုတစ်စု၊ သည်တစ်စု ပြန့်ကျဲနေရာက ခဏအတွင်းမှာ လူပင်လယ်ကြီး ဖြစ်သွားတော့တာပဲ။ စိတ်အတွေးတွေက ဆယ်စုနှစ်ကျော်ကာလဆီ ပြန်ရောက်ကြ။ နှုတ်က အတိတ် တချို့ တ၀က်ကို ပြန်လှန်တူးဆွကြရင်း ပင်ပန်းတကြီး ခက်ခဲကြမ်းတမ်းစွာ လွန်မြောက်ခဲ့ရတဲ့ အချိန်တွေကို နှမျောတသမိကြ။ တံတိုင်းကြီးရဲ့နောက်ကို စိတ်လှုပ်ရှားစွာ မျှော်လင့်တကြီး လှမ်းငေးမိကြတာလည်း အကြိမ်ကြိမ်ပါပဲ သားရယ်။
*********
သားတို့ ဖေဖေရဲ့ နောက်ဆုံးနေ့ရက်တွေမှာ သားကို တွေ့လိုဇောနဲ့ တမ်းတ ခဲ့ရှာတယ်။
သားတစ်ယောက် ဖေဖေ၊ မေမေတို့နဲ့ ဝေးလွင့်ခဲ့ရတာ တစ်ကြိမ်တစ်ခါတည်းမှ မဟုတ်တော့ပဲ။ မိဘရင်ငွေ့ကလေး ပြန်လာခိုလှုံလိုက်။ မကြာခင် ရွက်လွှင့် လိုက်ပါသွားခဲ့ရပြန်…။ ဒါပေမယ့် ယုံကြည်ချက်ကိုတော့ ဘယ်တော့မှ မစွန့်လွှတ်ဘူးလို့ တစ်ခေါက်ပြန်လာတိုင်း တစ်ခါကြွေးကြော်ခဲ့တဲ့ သားဟာ ဒီတစ်ကြိမ်တော့ ဝေးဝေးလွင့်လွင့်၊ အကြာကြီးကြာမြင့် ခဲ့ပြီနော်။ ဖေဖေဆုံးတဲ့ သတင်းကိုတောင် ရက်အတန်ကြာမှ သားသိနိုင်ခဲ့သည် မဟုတ်လား။
ဖေဖေမရှိတော့ သားကို မေမေလည်း ပိုလို့ လွမ်းမိရဲ့။ သို့ပေမယ့် မျှော်လင့်ချက်များစွာဖြင့်သာ မေမေအလွမ်းဖြေရတော့မည်လေ။ တစ်နေ့တော့… သား ပြန်လာမည်။
*********
ဖလ်ဝါနေမင်းလည်း တဖြည်းဖြည်း ပူရှိန်ပြင်းလာခဲ့ပြီ။ မေမေတို့အားလုံးရဲ့ မျှော်လင့်ချက်တွေဟာလည်း ရဲရဲငြီးငြီး တောက်လောင်နေကြပြီ။
ဟော… တချို့တော့ လာနေကြပြီ။ လှုပ်လှုပ်ရွရွလူအုပ်ကြီးလည်း ကုလားအုပ်လည်ပြန် မျှော်ငေးနေကြတော့တာ။ ၀မ်းမြောက်အားရသံ တချို့ တိုးသဲ့သဲ့။ သက်ပြင်းကြိတ်ရှိုက်သံတွေက ပိုလို့ ကျယ်လောင်လွှမ်းမိုးလို့လာပြီ။ သားရော.. ရောက်မလာသေးဘူးလား။
နောက်မှာ … နောက်ထပ်တစ်စု။ သား … ပါမလာပြန်ဘူးကွယ်။
နောက်မှာ…။
မေမေ့ မျက်နှာဟာ ပြိုမယ့်မိုးလား။
နောက်ထပ် တစ်စု….။
မျက်ဝန်းမှာ ငွေ့ရည်ဖွဲ့လို့ တစိမ့်စိမ့် စွတ်စို။
နောက်ထပ်…….
ဟင်…နောက်ထပ်ဆိုတာ မရှိနိုင်တော့ဘူးလား။
ပါးပြင်အနှံ့ မျက်ရည်မြစ်တို့ စီးသွယ်။
မေမေ မျှော်ရောက်နေလိမ့်မယ်လို့တော့ သား သိနေတယ်မဟုတ်လားကွယ်။
**********
ဘာပဲဖြစ်ဖြစ်……
စိတ်မလျှော့လိုက်နဲ့ သား။
မျှော်လင့်ချက်ဆိုတဲ့ အရာတစ်ခုဟာ မေမေတို့မိသားစုရဲ့ကြားမှာ အခိုင်အမာ တည်ရှိနေတုန်းပဲလေ။
သတိုး