Sunday, May 31, 2015

နတ်စီတဲ့ ချစ်ခြင်းတရား




                                  စာမရေးဖြစ်တာ ကာလအတော်ကြာခဲ့ပြီမို့ ပိတ်လျှက်သား ပစ်ခပ်ထားခဲ့သော လက်ပ်တော့လေးကို အလျှင်စလို ဖုန်ခါကာ ပါဝါဖွင့်လိုက်ချိန်ထိ ကျွန်တော့်ရင်ထဲ ဆွတ်ကျင်ဆို့နစ်နေဆဲ။ နံဘေးမှာ ဖတ်ပြီးစ ဖွဖွပစ်ချထားခဲ့သော မီးခိုညိုရောင်အဖုံးနှင့် ချစ်စဖွယ် ၀တ္ထုစာအုပ်လေး..။

 “နတ်စီတဲ့ အိပ်မက်ဆိုတာ…” တဲ့။ စာရေးသူက ချစ်ခင်သူ ဘလော့ဂါ မောင်နှမတွေထဲက တစ်ယောက ဖြစ်သည်။ နူညံ့အေးဆေးသော၊ ခါတရံ လျှို့ဝှက်ချင်တတ်သလို ခါတရံ နွေးထွေးပွင့်လင်းတတ်ပြန်သော သူ။ ဏီလင်းညို။

တကယ်တော့ ကျွန်တော်နှင့် ဏီလင်းညို.. ဆိုတာ တစ်ယောက်နှင့်တစ်ယောက် မမြင်မသိဖူးခင်၊ ဖုန်းထဲမှာပင် တစ်ယောက်အသံ မကြားမိခင် ထိုစဉ်အချိန်တွေကတည်းက www.blogger.com မှာ တစ်ယောက်ရဲ့ စာတွေ တစ်ယောက်၊ အပြန်အလှန်ဖတ်ရှုနေမိကြရင်း တစ်ယောက်နှလုံးသားကို တစ်ယောက် တိုးလျှိုပေါက် လှမ်းမြင်နားလည်နိုင်ကာ ညီရင်းအစ်ကို၊ သွေးသားအရင်းအချာတွေလို ရင်းနှီးစေးကပ်၊ နွေးထွေးချစ်ခင်ကြသူတွေ..။ အမှန်အတိုင်း ၀န်ခံရလျှင် ဒီစာအုပ်ကလေးကို ဏီလင်းညိုမို့သာ သံယောဇဉ်တင်းသည့်စိတ်ဖြင့် မျက်နှာလိုက်စွာ ဖတ်ခဲ့မိလေတာ။ အချစ်ဝတ္ထုများကို စိတ်လိုလက်ရရှိချိန် ကောက်ကိုင်မိတိုင်း စာမျက်နှာ လေးငါးမျက်နှာလောက်ထက် ပိုကာ အောင့်အဉ်းသီးခံဖတ်ရှုမရတော့တာ ကြာပြီ။ အသက်အရွယ်ကြောင့်လည်း ဖြစ်မည်။ ဖန်တီးသူတို့၏ အသက်အရွယ်၊ အတွေ့အကြုံ၊၀မ်းစာနှင့် စေတနာတွေ နည်းပါးလာတာကြောင့်လည်း ဖြစ်မည်။ အချစ်ဝတ္ထုခေါင်းစဉ်အောက်က စာတချို့ကို ငြီးငွေ့အီတောက်နေခဲ့ပြီ။

နတ်စီတဲ့ အိပ်မက်ဆိုတာ… ဟာလည်း အချစ်ဝတ္ထုခေါင်းစဉ်အောက်က ၀တ္ထုရှည် စ/ဆုံး လုံးချင်းကလေး တစ်ပုဒ်ပါပဲ။ ဒါပေမယ့် သူ့ဝတ္ထုလေးကတော့ ပရိယယ်မပါ၊ ရိုးရှင်းစွာ လှပလို့နေခဲ့သည်ဟု ပြောလျှင် ကျွန်တော် မျက်နှာလိုက်ရာကျတော့မည်။ ဖတ်ကြည့်စေချင်ပါသည်။ ဖတ်ကြည့်ပြီးလျှင်တော့ ကျွန်တော်နှင့်အတူ သဘောမျှလိမ့်မည်ဟုလည်း ယုံကြည်နေပါသည်။

ဇာတ်လမ်းလေးကလည်း အဆန်းတကြယ် မဟုတ်လှပါ။ တစ်ဦးတည်းသောသား တစ်ယောက်ပီပီ မိခင်၊ ဖခင်တို့၏ အရိပ်အောက်မှာ နွေးထွေလုံးခြုံစွာ၊ ဘွဲ့ရပြီးချိန်အထိ ၀ါသနာကို သိမ်းဝှက်ကာ မိဘ စိတ်တိုင်းကျ သားအလိမ္မာ၊ ချစ်နိုးဖွယ်ရာ ကောင်လေး။ သူအမည်က သိင်္ခကျော် ဖြစ်သည်။ ဒါပေမယ့် နောက်ဆုံးနှစ် စာမေးပွဲအပြီးမှာပင် သူ့ဝါသနာ၊ သူ့အနုပညာအတွက် ရဲရဲရင့်ရင့် စစ်မျက်နှာဖွင့်ခဲ့ပုံပဲ ဖြစ်သည်။ အမိကို အာခံ၊ အဘကိုစွန့်ခဲ့သော အိမ်ပြေးကောင်လေးတစ်ယောက် သီချင်းဂီတ၀ါသနာကို ပွေ့ဖက်အားတင်းလျှက် လောကအလယ်မှာ မာန်တင်းလျှောက်လှမ်းခဲ့ရာ လမ်းခရီးတစ်လျှောက် တွေ့ကြုံရသမျှ ချစ်ခင်သူ၊ မုန်းတီးသူ၊ ဖေးမကူညီမည့်သူ၊ ဖိချေချနင်းမည့်သူတွေများစွာကလည်း ယိမ်းလှုပ်သက်ဝင်နေပါသည်။ သူတို့အနက် ကျွန်တော် စိတ်ဝင်စားမိသည်မှာ သီ… ဆိုသော ချစ်သူကောင်မလေးထက် လှိုင်ဘွားဆိုသော အခန်းဖော်သူငယ်ချင်းပဲ ဖြစ်သည်။ သူ့ထက် အသက်ကြီးသော ပန်းချီဆရာလူငယ်တစ်ယောက်လည်း ဖြစ်သည်။  သူက ပေတေတေ၊ ညစ်ထေးထေး၊ တလောကလုံးနှင့် သီးခြားစီလို ဖြစ်နေခဲ့သူ သင်းကွဲကောင်လေး။ အခန်းဖော်သူငယ်ချင်းနှစ်ယောက်၏ ၅၂၈ သံယောဇဉ်ချစ်ခြင်းက ချစ်သူ သီ နှင့် ဖွဲ့သီခဲ့သော ၁၅၀၀ ချစ်ခြင်းမေတ္တာထက်ပင် ပြိုးပြက်လက်ပတာလည်း ၀တ္ထု၏ ထူးခြားမှု၊ လှပမှုအဖြစ် ကျေနပ်စရာ ဖြစ်နေပြန်ပါသည်။ မိဝေး၊ ဖဝေး အရပ်နေရာ ဆုံမှတ်တစ်ခုမှာ လာရောက်ကြုံဆုံကြရသူ အဆောင်နေဘ၀များစွာ၏ ချစ်ခင်စည်းလုံးမှု၊ တစ်ယောက်အပေါ်တစ်ယောက် အနစ်နာခံ ဖြည့်ဆည်းပေးမှုများသည်လည်း နှစ်လိုကြည်နူးဖွယ်။ ခါတရံ လှိုက်ဖြာသောပီတိဖြင့် မျက်ရည်သီသီပင် ဝေ့၀ဲလို့လာချင်ခဲ့သည်။

မထင်မှတ်သော အချိုးအကွေ့၊ အလှည့်အပြောင်းတစ်ခုဖြင့် အထိတ်တလန့် ဖြစ်ရသော ဇာတ်သိမ်းကိုတော့ ကျွန်တော် ချန်ထားလျှို့ဝှက်ပေးချင်ပါသည်။ စာဖတ်သူများ ဖတ်ရှုပြီးမှ ဆက်လက် ဆွေးနွေးကြပါကုန်။ တစ်ခု ပြောစရာ ရှိသည်မှာ စိတ်ဝင်တစား၊ ချစ်ခင်လေးစားဖွယ်ရာ လှိုင်ဘွား၏ ရင်နင့်ဆင်ခြင်ဖွယ်အတိတ်ကို စာရေးသူက အပြနောက်ကျခဲ့သည်ဟု ခံစားရခြင်းပင်။ ဒီလောက် စိတ်ဝင်စားဖွယ် နက်ရှိုင်းရှုပ်ထွေးသော လှိုင်ဘွား၏ နောက်ကြောင်းကို ဇာတ်ကွက်များများ မဖော်ပြနိုင်တော့ပဲ ဒိုင်ယာလော့ဂ်များဖြင့် အလျှင်စလို ပြနေရသည်မှာ ကတိုက်ကရိုက်နိုင်နေသည် ထင်မိသည်။ ပြီး… မိခင်၏ ခါးသီမှုကိုလည်း ၀ါကျအနည်ငယ်ငယ်ဖြင့်သာ ပြနိုင်ခဲ့ပြန်သည်။

မည်သို့ပင် ဖြစ်စေ နတ်စီတဲ့အိပ်မက် ၀တ္ထုကလေးကတော့ ရိုးစင်းစွာ လှပပြီး ချစ်စဖွယ်။ ဏီလင်းညို၏ စေတနာ အပြောက်အမွမ်းများကလည်း နေထားတကျ ။ ရင်ထဲမှာ နင့်သည်းဆွတ်ကျင်လျှက် တမြေ့မြေ့စွဲငြိ ကျန်ရစ်စေခဲ့ပြီ။