Sunday, February 20, 2011

ပတ္တမြား လှံတံ

ကိုငွေမောင်းမှာ ပတ္တမြားလက်စွပ်တစ်ကွင်းရှိခဲ့ဖူးပါတယ်။

 ရွှေကွင်းရဲ့အလယ်မှာ အရည်လည်ပြီး တလက်လက်ဖြာနေတဲ့ ဒီကျောက်နီရဲရဲလေးဟာ ပတ္တမြားဆိုလို့သာ ပတ္တမြားလိုက်ကြရတယ်။ ရွာကလူတွေအတွက်တော့ ပတ္တမြားဝေးလို့ ဘာကျောက်မျက်ရတနာမှ ကောင်းကောင်းမြင်သိဖူးကြတာလည်း မဟုတ်ပါဘူး။ ကိုယ်တွေအတွက်တော့ ဂ၀ံကျောက်တောင်မှ မြို့ပေါ်တက် ဈေးဝယ်ဖြစ်လေမှ အစုလိုက်၊ အပုံလိုက် အရွယ်အစားစုံအောင် မြင်ခွင့်ရနိုင်ကြတာကိုး။ ကျောက်ကိုကွင်းထားတဲ့ရွှေချိန်ကတော့ တော်တော်များမယ်ထင်ပါရဲ့။ တစ်ကျပ်သားကျော်ကျော်လောက်တော့ ရှိမလား မဆိုနိုင်ဘူး။ ကိုငွေမောင်းက အရပ်ရှည်ရှည်၊ လူကောင်ထွားထွားကြီးဆိုတော့ သူ့လက်ချောင်းကြီးတွေကလည်း တုတ်ခဲတစ်ရစ်နေတော့တာ။ လက်စွပ်က ကွင်းကလည်းကြီး။ ထုကလည်းအထူကြီး။ အလယ်က ပတ္တမြားကလည်း လက်သည်းခွံလောက်ကိုရှိတာဆိုတော့ သူ့လက်ထဲမှာသာ တင့်တယ်လှတာ ပြောရမှာပါ။ တော်တန်ရုံလူမျိုးဆို ခြေမမှာ စွတ်ရလောက်ရဲ့။

အဲ…လွန်ခဲတဲ့ သုံးနှစ်ကတော့ ကိုငွေမောင်းရဲ့ ပတ္တမြားလက်စွပ်ကြီး ပျောက်ခြင်းမလှ ပျောက်သွားခဲ့ပါတယ်။

*** ** **
ကိုငွေမောင်းက သူ့လက်စွပ်ကို အလွန်၊ အင်မတန် တန်ဘိုးထားတဲ့သူပါ။ ဂုဏ်လည်း အလွန်ယူတာ။ ရွှေတန်ဘိုးကတော့ မပြောပလောက်ပါဘူးတဲ့။ အလယ်က သူ့ပတ္တမြားကြီးရဲ့ တန်ဘိုးကိုက သိန်းငါးဆယ်လောက်တန်တာဆိုပဲ။ သူများပြောရင်တော့ ဘယ်ယုံကြမှာတုန်း။ တန်ဘိုးအမှန်ကို မသိပေမယ့် လက်သည်းခွံလောက် ကျောက်တစ်လုံးကို ကိုယ်တွေ တစ်ဘ၀လုံး အငတ်ခံပြီး ရှာဖွေစုဆောင်းဖို့တောင် မဖြစ်နိုင်လောက်တဲ့ ငွေကြေးပမာဏနဲ့ နှိုင်းယှဉ်တန်ဘိုးထားနိုင်လောက်အောင် ကြေးများလိမ့်မယ်လို့တော့ လက်မခံနိုင်ဘူး။ ဒါပေမယ့် ကိုငွေမောင်းကိုယ်တိုင်ရဲ့ နှုတ်ထွက်စကားဆိုတော့လည်း မယုံလို့က မဖြစ်ပြန်ဘူး။

ပြောရရင် ဒီရွာစုလေးမှာ ကိုငွေမောင်းရဲ့ အရိပ်သြဇာနဲ့ ကင်းနိုင်သူရယ်လို့ ခပ်ရှားရှားရယ်။ ဒီရွာစုလေး ခုလောက်စည်ကားလာခဲ့တာကိုက ကိုငွေမောင်းကြောင့်လို့ ပြောရင်ရတယ်။ ရေကြည်ရာမြက်နုရာ လှည့်လည် လုပ်ကိုင်စားသောက်ကြရင်းက ကိုငွေမောင်းရဲ့ လက်အောက်မှာ သောင်တင်နေဖြစ်ကြသူတွေနဲ့ ဒီရွာလေးက စည်ကားလာခဲ့တာပေါ့။

ဒီရွာမှာ၊ မနီးမဝေး ရွာနီးချုပ်စပ်တွေမှာ ကိုငွေမောင်းပိုင်ဆိုင်တဲ့ လယ်တွေ၊ ကျွဲနွားတွေဆိုတာ လက်ညိုးထိုးလို့မှ မလွဲတာပဲ။ ခု..ကျွဲ နွားတွေနေရာမှာ စက်တွေအစားထိုးလားခဲ့တော့လည်း လယ်ထွန်စက်၊ ပေါင်းရှင်းစက်၊ စပါးနယ်၊ ချွေလှေ့စက်ဆိုတာတွေကို ကိုငွေမောင်းပဲ စသုံးခဲ့တာပါ။ ဒီရွာစုလေးမှာ…  လယ်ပိုင်၊ ကျွဲပိုင် လူနည်းစုကလွဲရင် ကျန်လူအတော်များများဟာ ကိုငွေမောင်းကိုသာ မှီခိုပြီး သူ့လယ်ပွဲတွေမှာပဲ ၀င်လုပ်နေကြရတဲ့ လက်လုပ်လက်စားတွေပါ။ ကိုငွေမောင်းရဲ့အရိပ်နဲ့ ကင်းချင်လို့ တခြားတစ်နေရာပြောင်းပြီး ကူလီကပ်ပါးလုပ်စားမယ်ဆိုလျှင်တောင် အဲဒီအလုပ်ရှင်က ကိုငွေမောင်းရဲ့ သြဇာနဲ့ မကင်းတဲ့ သူ့ရဲ့ဆွေတော်ရှစ်သောင်းထဲကပဲ ဖြစ်မှာပဲ။

ပြီး လက်လုပ်လက်စား၊ ကူလီကပ်ပါးချင်းအတူတူမှာ ကိုငွေမောင်းရဲ့ အရိပ်ကို မှီခိုရတာက အများကြီး သာလွန်ကျေနပ်စရာကောင်းတယ်လို့ သူ့အလုပ်သမားအားလုံးက သဘောညီကြပါတယ်။ ကိုငွေမောင်းက သူကိုယ်တိုင် လျှမ်းလျှမ်းတင်နေထိုင်ပြုမူတတ်သလို အလုပ်သမားချင်းယှဉ်ရင်လည်း သူ့အလုပ်သမားက သူများတကာထက် နှာတစ်ဖျားစာလောက်ဖြစ်ဖြစ် ချွန်ထွက်ထူးခြားနေစေချင်တာ။ အလုပ်မှာ မခိုနဲ့ ။ မတွက်ကပ်နဲ့။ အချင်းချင်းစုစည်းညီညွတ်စွာနဲ့ သူ့ကိုသာ ခြံရံထားကြ။ အဲဒီအလုပ်သမားနဲ့ သူ့မိသားစုအပေါ် သူကလည်း ချွေတယ်။ ကျတယ်။ သူ့ဆီမှာ အလုပ်လုပ်ပေးနေသမျှ ကာလပတ်လုံး လိုငွေပိုငွေအကြောင်း ဇာချဲ့ပြောမနေဘူး။ စားစရာမရှိရင် ပြောလှည့်။ အ၀တ်အစားလည်း မညှိုးနွမ်းစေရဘူး။ အလုပ်သမားတွေရဲ့ သားသမီးတွေအတွက် စာသင်ကျောင်းလေးဖြစ်မြောက်အောင် စီစဉ်ပေးထားတယ်။ နာဖျားမကျန်းရှိလာရင်လည်း ဆေးရုံဆေးခန်း နီးနီးနားနားမရှိလေတော့ စက်လှေအဆင်သင့်။ ဆေးဝါးဓါတ်စာလည်း သင့်တင့်လျှောက်ပတ်တော့ ရောက်လာဦးမှာ။ အဲတော့ ဒီရွာစုကလေးမှာ ကိုငွေမောင်းကိုဆိုရင် ဘုရားတစ်ဆူ၊ ဂူတစ်လုံးလို အထွဋ်ထားပြီး လေးစားဦးတင်ကြတော့တာ။

ဒါပေမယ့် ပြောစရာတော့လည်းရှိသေးတာပေါ့။ ကိုငွေမောင်း ဘယ်လောက်ပဲ ကောင်းပါတယ် ဆိုဆို။ ဒါတွေအားလုံးဟာ သူ့အတွက် ကိုယ်က ရုန်းကန်၊ အလုပ်လုပ်ပေးနိုင်နေတုန်းမို့သာ အသာလင့်၊ အဆင်သင့်ရနေတာ မဟုတ်လား။ သွေးနဲ့ကိုယ်၊သားနဲကိုယ် ကြာရှည်ကြာများ မကျန်းရေးမမာရေးရှိလာပါပြီတဲ့။ သူ့အတွက်လည်း အသုံးမ၀င်တော့တဲ့ နာတာရှည်လူမမာသည်နဲ့ မိသားစုကို သူက ဘယ်လောက်ကြာကြာ တာဝန်ယူပေးမှာတဲ့လဲ။ တခြား ကိုယ့်မျှော်လင့်ချက်၊ ကိုယ့်အနာဂါတ်တွေလည်း ကိုယ်စီရှိကြသေးတာပဲ မဟုတ်လား။ ကိုယ့်စားဝတ်နေ အရေးသုံးပါးစလုံးကို သူကပဲ မင်းမူခြယ်လှယ်နေတာမျိုးကို ဘယ်သူက ရေရှည် သဘောကျနိုင်ပါ့မလဲ။ ဒါပေမယ့် တုဖက်ပြိုင်၊ အာခံဖို့လည်း မဖြစ်နိုင်ပြန်ဘူး။ ကိုငွေမောင်းက သူစိတ်တိုင်းကျနေစဉ်တော့ သူတော်စင်အလား လေးစားကြည်ညိုစရာကောင်းလှပေမယ့် သူစိတ်ကွက်ညိုညင်ချင်စရာ အပြုအမူ၊ အပြောအဆိုမှားသွားခဲ့ရင်တော့ အင်မတန်သွေးဆိုးသူပါ။ သူ့လက်အောက်မှာ စေသည့်ကျွန်၊ ထွန်သည့်နွားလို မနေနိုင်လို့ ပခုံးချင်းယှဉ်တယ်ထင်လာရင် လှလှပပ ဒုက္ခရောက်အောင် ပညာပေးတတ်တဲ့ သာဓကတွေလည်း ရှိခဲ့ဖူးပါတယ်။

*** *** ***

လွင်ဦးတို့မိသားစုသုံးယောက် ကိုငွေမောင်းဆီ ရောက်လာစကတည်းက ကိုငွေမောင်းက လွင်ဦးကို အလွန်သဘောကျခဲ့တာပါ။ လွင်ဦးက လူလုံးလူဖန်ကောင်းကောင်း။ အလုပ်မှာလည်း မျက်နှာလွှဲရလောက်အောင် ကြိုးစားတယ်။ စိတ်ချရတယ်။ သူ့မျက်ဝန်းစူးစူးတွေက သူ့ရှေ့နောက်ဆင်ခြင် တိုင်းထွာဥာဏ်ရဲ့ အတိမ်အနက်ကို ဖေါ်ပြနေတယ်။ နှုတ်က စကားတစ်ခွန်းကို လွယ်လွယ်မပြောဘူး။ စကားမဖွာဘူး။ ဆိုခဲစေမြဲစေဆိုသလို အလွန်လည်းစကားတည်သူပါ။ ကိုငွေမောင်းကိုတောင် ကျိုးကြောင်းသင့်ပြန်ပြောရဲသူမို့ လက်ညှိုးထောင်ခေါင်းညိတ်သမား အများစုကြားမှာ သူက တစ်ဘာသာထူးခြားနေတာ ကိုငွေမောင်းက သတိပြုမိနေခဲ့တယ်။ ပြီး… သူမြှောက်စားမြှင့်တင်သလောက် မြောက်တက်မလာတဲ့၊ သူခြိမ်းခြောက်သလောက်လည်း ကြောက်ရွံ့လန့်ရှိန်ဟန်မပြတဲ့ လွင်ဦးကို ကိုငွေမောင်း အထူးသတိထားလာရပါပြီ။

လွင်ဦးရဲ့အိမ်သူ ညိုရိန်တစ်ယောက်ကတော့ ရိုးလွန်းလို့ နုံတဲ့၊ အတဲ့ဖက်တောင်ရောက်နေတဲ့ ပေါချာချာကောင်မလေးပါပဲ။ မျက်လုံးလေးတွေ ကြည်တောက်တောက်နဲ့ ရုပ်ကလေးက ဖြူဖြူစင်စင်၊ ပါးပါးရှားရှားရှိသလောက် စကားပြောရင်တော့ တောင်တစ်လုံး၊ မြောက်တစ်လုံးဆိုတာလို ဘယ်ပြောလို့ ဘယ်ရောက်မှန်း သူကိုယ်တိုင်တောင် သိမှသိရဲ့လားပဲ။ တကယ့်ကို အူတူတူ၊ အတတ ကလေးမ။ တစ်လောကလုံးမှာ သူသိတဲ့အရေးကိစ္စဆိုလို့ သူ့ယောက်ျားလွင်ဦးနဲ့ အခါလည်ကျော်အရွယ် သူ့သား ကျော်ညိုဦးပဲ။

 လွင်ဦးတို့မိသားစုတွေ ကိုငွေမောင်းဆီမှာ သုံးနှစ်လောက်ပဲကြာခဲ့တယ်။ တခြားတစ်နေရာရွှေ့ရဖို့ အကြောင်းပေါ်လာပါတော့တယ်။ ကိုငွေမောင်းတစ်ယောက် သူအင်မတန်အားထားရတဲ့လွင်ဦးကို တားဦးမယ်လို့ အားလုံးကထင်ထားခဲ့ကြတာ။ ဒါပေမယ့် ကိုငွေမောင်းက အေးဆေးပဲ။ အသာတကြည့်ခွင့်ပေးလိုက်တာမို့ အားလုံးက အံသြကုန်ကြတယ်။ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကြတယ်။ ဘယ်သူမှ ဘာစကားမှ မဆိုဝံ့ကြဘူး။

ကိုငွေမောင်းက ဟိုတစ်ဘက်ရွာမှာရှိတဲ့ သူပိုင်လယ်တစ်ကွက်ကိုတောင် လွင်ဦးတို့မိသားစု ကိုယ်ပိုင်လုပ်ကိုင်စားစေဖို့ အခွင့်ပေးသလိုလိုလည်း တစ်စွန်းတစ ပြောကြရဲ့။ သေချာတော့ ဘယ်သူမှ ကြားကြ၊ သိကြတာမဟုတ်ဘူး။ ဒါပေမယ့် လွင်ဦးကလည်း လက်မခံဘူးတဲ့။

အဲဒီကတည်းက လွင်ဦးတို့မိသားစုတတွေ ပျောက်သွားလိုက်ကြတာ။ ဘယ်မှာနေလို့ ဘာတွေလုပ်ကိုင်စားသောက်နေကြတယ်တောင် သတင်းအစအန မရတော့ပါဘူး။ ကိုယ်တွေလည်း ကိုယ့်အကြောင်းနဲ့ကိုယ်ဆိုတော့ မေ့မေ့ပျောက်ပျောက်နေလိုက်မိကြတာလည်း ပါတာပေါ့။ ဟော…ခုတော့ လွန်ခဲတဲ့ သုံးနှစ်ကျော်က ပျောက်ရှသွားခဲတဲ့ ကိုငွေမောင်းရဲ့ ပတ္တမြားလက်စွပ်ကို လွင်ဦးဆီမှာတွေ့သတဲ့။
*** *** ***

ကြားရသူအပေါင်း ဘယ်သူမှ ဒီသတင်းကို မယုံနိုင်ကြပါဘူး။ ဒါပေမယ့် သေချာသလောက်ပဲတဲ့။ မြို့မှာနေတဲ့ကိုငွေမောင်းရဲ့တူတစ်ယောက်က အသေအချာကို ဖုန်းဆက်ပြီးပြောလာတာပါ။ ဦးလေးရဲ့ ပတ္တမြားလက်စွပ်ပြန်တွေ့ပြီ။ ခုချက်ချင်းသာ အမြန်ဆုံးလိုက်လာခဲ့..တဲ့။ ကိုငွေမောင်းကလည်း ဟုတ်ပါ့မလားကွာ။ သေချာရဲ့လား..ဆိုပြီး ပြန်မေးနေသေးတာပါ။ သူ့တူက စိတ်တွေတိုလာပြီး…

``ကျွန်တော်ကိုယ်တိုင် လုပ်ပေးလိုက်တဲ့လက်စွပ်ကို ကျွန်တော်က မမှတ်မိပဲ နေမလား။ ဘယ်နေရာမှာ ဘာအနာပါတယ်ဆိုတာကအစ မှတ်မိတယ်။ တိတိကျကျ ပြောနိုင်တယ်´´

သူ့တူက ပန်းတိမ်ဆရာလေ။ ကိုငွေမောင်းရဲ့ လက်စွပ်ကို သူ့ပန်းတိမ်ဖိုမှာ ကိုယ်တိုင်သေချာလုပ်ပေးခဲ့တဲ့သူမို့ ကိုငွေမောင်းလည်း ဘာမှပြန်မပြောသာဘူး။ အားချင်း မြို့ပေါ်တက်ဖို့ စီစဉ်ရတော့တာပဲ။ သူ့တူဆီလည်းရောက်ရော မျက်နှာငယ်ငယ်၊ မျက်ရည်အရွှဲသားနဲ့ ညိုရိန်က ဆီးငိုနေနှင့်တော့တာပဲ။

ကံကြမ္မာရဲ့ တိုက်တိုက်ဆိုင်ဆိုင်လှည့်စားပုံများ သြချလောက်ရဲ့။ ညိုရိန်တစ်ယောက် အထည်ဟောင်းကို ပြန်ရောင်းထုခွဲဖို့ ရွေးချယ်မိတဲ့သူက ကိုငွေမောင်းရဲ့ တူအရင်းခေါက်ခေါက်ဖြစ်နေလေရဲ့။

``ကျွန်မလည်း အဲလိုရောင်းဖူးချဖူးတာမဟုတ်တော့ ဘယ်သွားလို့ ဘယ်လာရမှန်းမသိဘူးရယ်။ တည်းခိုတဲ့ အသိအိမ်က သူတို့နဲ့ရင်းနှီးတဲ့ ပန်းတိမ်ဖိုရှိတယ်။ ကျောက်အကြောင်းလည်း နားလည်ဆိုပြီးခေါ်လို့ ရောက်လာတာ…´´

လက်စွပ်က ရွှေကွင်းတော့ မရှိတော့ဘူး။

``ဦးလေးတူ ပထမတစ်ခါ အတော်လေးနေမကောင်းဖြစ်တာနဲ့ ဆေးကုဖို့ ငွေလိုလို့ ရောင်းလိုက်ရတယ်´´

အမှန်တော့ အဲဒီတစ်ကြိမ်မှာကတည်းက ဒီလက်စွပ်ကို အပြတ်ရောင်းခဲ့ကြဖို့ သူတို့လင်မယား ဆုံးဖြတ်တိုင်ပင်ခဲ့ကြတာပါ။ ဒါပေမယ့် ဈေးက သူတို့မျှော်လင့်ထားသလောက်မရဘူး။ မရဆို အစွန်းအစသာသာလောက်ပဲ ပေးကြတာပါ။ ကိုငွေမောင်းရဲ့စကားအတိုင်း သူတို့နားလည်ထားတဲ့ တန်ဖိုးက ပတ္တမြားတစ်လုံးတည်းတင် သိန်းငါးဆယ်လောက်တန်တယ် ဆိုတာကိုး။ ခုတော့ သူတို့ရဲ့ ပတ္တမြားရဲရဲက ပေါပေါပဲပဲ ရွှေဈေးသာသာလောက်ပဲ ရမယ်ဆိုလာတော့ တစ်ဖက်သားကို မသင်္ကာချင်တော့ဘူး။ ငါတို့ကို မသိနားမလည်ဘူးဆိုပြီး ဈေးနှိမ်တာ။ အချောင်ရဖို့ကြံကြတာပဲရယ်လို့ စိတ်ကထင်လာမိပြီ။

``ဒါဆို..ကျောက်ကို ပြန်ထုပ်ယူထားလိုက်လေ။ ရွှေချိန်အရှိပဲ ပေါက်ဈေးနဲ့ ရောင်းခဲ့လိုက်တော့´´

လတ်တလော အဆင်ပြေစေဖို့ ဒီအကြံက အကောင်းဆုံးပဲ မဟုတ်လား။ ခုတစ်ကြိမ်မှာတော့ လွင်ဦးတစ်ယောက် ရက်ကြောရှည်ကြာ အိပ်ယာထဲလဲပြီး လေဖြတ်သလို ကိုယ်တစ်ခြမ်းလှုပ်မရ၊ ရွှေ့မရတော့။ အလုပ်မလုပ်နိုင်တဲ့ ကာလတွေကြာရှည်လာခဲ့ပြီ။ ညိုရိန်ကိုယ်တိုင်ကလည်း မလည်မ၀ယ်၊ လက်တိုငါးရိုးမျက် ဖြစ်နေတော့တာမို့ ဒီကျောက်ကလေးကို စိတ်ပြန်လည်လာမိတော့တာ။

ပထမတစ်ခေါက်တုန်းက ရောင်းခဲ့ဖူးတဲ့ဆိုင်ကိုတောင် စိတ်ထဲ မရှင်းလို့ ပြန်မသွားမိခဲ့။  ခုတော့ နှာခေါင်းကျည်ပွေ့တွေ့နေပြီ။ သူ့မိန်းမရဲ့ နုံအမှုကို အစင်းသိနေတဲ့ လွင်ဦးတစ်ယောက်လည်း ခုလောက်ရှိ လည်ပင်းရှည်လှရောပေါ့။ ကိုငွေမောင်းရဲ့တူ၊ ပန်းတိမ်ဆရာကလည်း တိုင်မယ်၊တောမယ် တကဲကဲ။ ဖုန်းဆက်ဖို့ တပြင်ပြင်…။

``ဉီးလေး…ညိုရိန်တို့ မခိုးဘူးဆိုတာ ဦးလေးသိပါတယ်နော်။ အဲဒီလက်စွပ်က ဦးလေးပဲ…´´
``အေးပါ။ အေးပါ…။ ငါ့တူမ စိတ်မပူပါနဲ့။ ဦးလေးရှင်းပါ့မယ်´´

                       ညိုရိန်ကတော့ သူ့ဦးလေးကိုငွေမောင်းကိုသာ အားကိုးရှာတယ်။ ကိုငွေမောင်းကလည်း မျက်နှာချင်းဆိုင်မိကတည်းက…ဦးလေး ပြေလည်အောင်ရှင်းပါ့မယ် ဆိုတာချည်းပဲ။ သူ့ဦးလေးပစ္စည်းကို သူ့ပစ္စည်းလို သဲသဲလှုပ်လှုပ် ယမ်းပုံမီးကျနေရှာတဲ့ ပန်းတိမ်ဆရာလည်း ကြာလာတော့ ဇဝေဇ၀ါဖြစ်လာပါရော။ သူ့ အလိုအတိုင်းသာဆို.. သက်ဆိုင်ရာကို တိုင်တောအရေးယူဖို့ စိတ်ကူး ပြီးသား။ ညိုရိန်တို့ကို စားဖွယ်စုံလင်၊ အအေးတစ်ပုလင်းစီနဲ့ သုံး၊လေးနာရီလောက် အချိန်ဆွဲ ဧည့်ထောက်ခံထားပြီး ဦးလေးဆီ ဖုန်းဆက်အကြောင်းကြားစဉ်ကတည်းက လိုအပ်တာမှန်သမျှ စီစဉ်ပြီးနေပြီ။ ဦးလေးကို ကျော်မလုပ်ရဲတာမို့သာ ဦးလေးရဲ့ ခွင့်ပြုချက်ကို စိတ်မရှည်၊ လက်မရှည် စောင့်နေတာ။ ခုတော့ ဦးလေးက မယုံကြည်ချင်စရာကောင်းလောက်အောင် သွေးအေးနေပါရောလား။ ခိုးရာပါပစ္စည်းနဲ့တကွ လက်ပူးလက်ကျပ်မိထားတာတောင် ခွင့်လွှတ်ကျေအေးပေးတော့မှာလို သူကတစ်ပြန် တရားခံကို နှစ်သိမ့်ဖေးမပေးနေသေးရဲ့။

``ကဲ…မောင်ကြည်တိုးရေ။ ရေအဆုံး ကုန်းတစ်ဝက်လို့သာ သဘောထားလိုက်ရတော့မှာပဲကွာ။ ဒီကလေးတွေ လင်မယားက ငါ့ဆီမှာ အလုပ်လုပ်သွားဖူးကြတယ်။ သားလို၊ သမီးလိုတွေလည်း ဖြစ်နေကြတာလေ။ သူတို့တတွေလည်း စားဖို့တောင် အနိုင်နိုင်မို့သာ ခုလိုလုပ်မိတာပါ.။ သူ့ယောက်ျားက ခု..အိပ်ယာထဲ လဲနေတယ်လို့ သူပြောတာ မင်းလည်း ကြားတယ်မဟုတ်လား။ ဘာအမှုမှ ဆက်လုပ်မနေပါနဲ့တော့´´

ညိုရိန်က ဒီစကားမျိုးကိုတော့ ငြိမ်ခံနေဖို့ မဖြစ်မှန်းသိတယ်။ ကိုငွေမောင်းစကားက ညိုရိန်တို့ကပဲ သူ့လက်စွပ်ကို ခိုးယူခဲ့တယ်လို့ စွတ်စွဲတဲ့သဘောဆောင်နေတယ်လေ။ ညိုရိန်တို့မှ မခိုးပဲ။

``ဦးလေး…´´
ကိုငွေမောင်းက စကားဆုံးအောင်ပြောခွင့် မပေးပဲ ညိုရိန့်ကို ပန်းတိမ်ဆရာအိမ်ကနေ ဒယဥ့်တိုက်မတတ် လက်ဆွဲပြီးဆင်းတယ်။
*** *** **
ကိုငွေမောင်းတစ်ယောက် သဘောထားကြီးလိုက်ပုံတော့ လူတိုင်းက အံ့သြအားကျယူုရရော။ ညိုရိန့်ကို စက်လှေပေါ်တင်ခေါ်ပြီး အိမ်တိုင်ရာရောက် လိုက်ပို့ပေးတဲ့အပြင် လွင်ဦးကိုတောင် သတင်းမေးရင်း ဓါတ်စာ၊ဆေးဝါးတွေပါ အလျှံပယ်ပို့ပေးခဲ့သေးသတဲ့။

ဒါပေမယ့် လွင်ဦးတစ်ယောက်ကတော့ ကိုငွေမောင်းရဲ့ စေတနာနဲ့ ထိုက်တန်ပုံမရဘူးထင်ပါရဲ့။ ကိုငွေမောင်းရဲ့ ဆေးဝါးဓါတ်စာတွေကို လုံးဝ မထိမတို့ပဲ နေခဲ့ပါသတဲ့။

``သူ့လိပ်ပြာ သူရှက်နေမှာပေါ့´´

ပတ်ဝန်းကျင်က အတင်းအဖျင်း၊ သတင်းစကားတွေကို လွင်ဦးတစ်ယောက် မကြားမသိနိုင်ပေမယ့် တကယ်ရှက်တဲ့စိတ်နဲ့ပဲ သေရှာပါတယ်။ ကိုငွေမောင်း အိမ်လာတွေ့ပြီး နောက်တစ်နေ့နံနက်လင်းတော့ အိပ်ယာထဲမှာပဲ လွင်ဦးတစ်ယောက် အသက်ပျောက်နေခဲ့ပါသတဲ့။
*** *** ***

လွင်ဦးသတင်းကိုကြားတော့ ကိုငွေမောင်းမိန်းမ မသိန်းဥက မျက်ရည်ကျရှာတယ်။ နှုတ်ကလည်း…

``နင်တော်တော် ၀ဋ်ကြီးပါလား လွင်ဦးရယ်။ ပြေးမယ့်ပြေးလည်း ဝေးဝေးလံလံ အရပ်ကို လွတ်အောင်ပြေးပါတော့လား။´´

မချိတင်ကဲ ပြစ်တင်ရေရွတ်နေသေးတာတဲ့။

ညိုရိန့်စကားတွေအရ လွင်ဦးတစ်ယောက် ရုတ်တရက် နာဖျားမကျန်းရှိခဲ့ရာက ရက်ကြောရှည်ကြာပြီး နာလန်မထူနိုင်။ အလုပ်မလုပ်နိုင်တာလည်း ကြာလာတော့ စားဝတ်နေရေး ခက်ခဲလာတော့တာပေါ့။ ညိုရိန်က ချီတုံချတုံနဲ့ သူဝှက်ထားတဲ့ ပတ္တမြားလက်စွပ်အကြောင်း ထုပ်ပြရကောင်းနိုး။ ဖွင့်ပြောရကောင်းနိုးနဲ့ပါ။ မနေနိုင်တဲ့အဆုံး လွင်ဦးကိုအသိပေးမိတော့ ဖြစ်ပျက်သွားလိုက်တဲ့လွင်ဦးရဲ့ မျက်နှာဆိုတာ။ ညိုရိန့်ကိုတောင် မရိုက်စဖူး ရိုက်နှက်ခဲ့သေးတာတဲ့။

``ကျွန်မ ခိုးယူခဲတာ မဟုတ်ပါဘူး ကိုလွင်ဦးရဲ့။ ဦးလေးဘာသာ ကျွန်မတို့အိမ်ရောက်လာရင်း ဘယ်လိုကျန်ခဲ့လဲ မသိဘူး။ ကျွန်မ…ကျွန်မ အပြစ်က ကောက်ရတဲ့ ပစ္စည်းကို ပြန်မပေးခဲ့တာပဲရှိတာ။´´

ကိုငွေမောင်းလိုလူတစ်ယောက်အဖို့ သူ့လက်မှာ တစ်သက်လုံးစွဲစွဲမြဲမြဲဝတ်ဆင်လာခဲ့တဲ့ လက်စွပ်ဟာ လက်လွတ်စံပယ် ကျပျောက်မေ့ကျန်စရာလား။ လယ်တစ်ကွက်နဲ့ လာဘ်ထိုးပြီး လွင်ဦးကိုချွေးသိပ်ဖို့ကြိုးစားခဲ့တာ မအောင်မြင်လို့ ဥပါယ်တံမျဉ်သုံးပြီး ဒီလက်စွပ်ကို ရအောင်ပေးခဲ့တာ။ ညိုရိန်နားမလည်တတ်ပေမယ့် လွင်ဦးကတော့ ချက်ချင်းရိပ်မိနေပြီ။ အဲဒီလောက်ထိ အရိပ်သုံးပါးကို နားမလည်၊ မသိတတ်ရှာတဲ့ညိုရိန့်ကို သနားလည်းသနားမိရဲ့။ ရိုက်နှက်ပစ်ချင်လောက်အောင် ဒေါသတွေလည်း တလိပ်လိပ်ထွက်ရရဲ့။ သင်း..အဲဒီလောက် လူ့အရိပ်အကဲနားမလည်တတ်ခဲ့လို့သာ ဟိုတစ်ဘက်သားက မအပ်မရာ ကြံစဉ်ဝံ့ခဲ့လေတာ။ မဖွယ်ရာတဲ့စကားမူယာတွေနဲ့ အတင့်ရဲရဲ သွေးတိုးစမ်းချင်ခဲ့တာ။ ခုနေပြန်တွေးမိလျှင်တောင် ဆံတစ်ပင်တင်းတဲ့စိတ်တွေ ခေါင်းထောင်ထလာပြီး လွင်ဦးတစ်ယောက် လူသတ်ချင်စိတ်ပေါက်နေမိတုန်း။

လက်စွပ်ကို ကိုငွေမောင်းဆီရောက်အောင် ပြန်ပေးနိုင်ဖို့ လွင်ဦး အတန်တန် အားတင်းကြိုးစားခဲ့ဖူးတာ ကျိန်တွယ်လို့တောင် ပြောဝံ့ပါရဲ့။ ဒါပေမယ့် ဒီပစ္စည်းက ကိုယ့်တွေလက်ထဲမှာ ရှိနေခဲ့တာကြာလာတော့ ကိုယ်ပိုင်ပစ္စည်းနှယ် စိတ်အထင်ရောက်ချင်ခဲ့ပြီ။ သူ့ဥစ္စာရှင်ဆီပြန်ပေးဖို့ရာတောင် နှမျောစုံမက်စိတ်ဝင်နေပြီ။ ဒီပစ္စည်းရဲ့ တန်ဘိုးအမှန်ကို မသိလို့ပဲဖြစ်ဖြစ်၊ မဟုတ်ရင်လည်း တန်ဘိုးနည်းပစ္စည်းတစ်ခုမျှသာဖြစ်ခဲ့ရင်တောင် ခုလိုချီတုံချတုံဖြစ်နေစရာမလိုပါ။ ကိုယ့်ရပ်တည်ချက်ကို တစ်ရွေးသားတောင် အလျှော့ပေးစရာမလို။ ဒါပေမယ့် ဒီလက်စွပ်က ပတ္တမြားတစ်လုံးတည်းနဲ့တင် သိန်းငါးဆယ်လောက် အဖိုးထိုက်တန်တယ်ဆိုပါလား။ မိမိတို့ မိသားစုအဖို့ ဘယ်တုန်းဆီကမှ စိတ်ကူးနဲ့တောင် မမျှော်မှန်းရဲခဲ့တဲ့ အဆမတန်များပြားခမ်းနားလွန်းလှတဲ့တန်ဖိုးတစ်ရပ် ဆိုတဲ့အတွေးက အိပ်မောကျနေတဲ့ လွင်ဦးရဲ့လောဘကို ပုတ်နှိုးလိုက်တယ်။ လွင်ဦး တွေဝေသွားတော့တယ်။

လတ်တလောအခြေအနေမှာလည်း လွင်ဦးကိုယ်တိုင် ကျန်းမာရေးမကောင်းလှလို့ အလုပ်မလုပ်နိုင်တာ လနဲ့ချီပြီးရှိနေပြီ။ လက်လှုပ်မှ ပါးစပ်လှုပ်နိုင်မယ့် ဘ၀တွေမို့ စားဝတ်နေရေးက အတော့်ကို ကသီလင်တ၊ ကသောင်းကနင်းနိုင်းလှပြီ။ ချေးငှားထားတာလေးတွေလည်း ပြန်ပေးရဦးမယ်။

အင်း…ဒီကိစ္စကို ကာယကံရှင်တွေကလွဲရင် ဘယ်သူမှ မရိပ်မိတန်ဘူးထင်ပါရဲ့လို့ စွန့်စွန့်စားစား၊မိုက်မိုက်မဲမဲ မျက်စေ့မှိတ် အရဲကိုးပြီး တွေးပစ်လိုက်မိတော့တယ်။

ခုတော့ ကိုငွေမောင်းတစ်ယောက် သူ့ဆီဆိုက်ဆိုက်မြိုက်ကြီးကို ရောက်ချလာပါရောလား။ ညိုရိန့်ကို အိမ်တိုင်ရာရောက်၊ ဂရုတစိုက် လိုက်ပို့ပေးသလိုနဲ့ စကားတွေရွှန်းရွှန်းဝေ၊ အပြုံးတွေ လှိုင်လှိုင်ကျဲသွားလိုက်တာ။ လွင်ဦးကတော့ ချုံးပွဲချငိုမိတော့တာ။

ဘေးလူအမြင်မှာ လှိုက်လှဲဖော်ရွေပြီး အလွန်အင်မတန် သဘောထားကြီးမယ့်ပုံထင်ရတဲ့ ကိုငွေမောင်းရဲ့ အကြည့်အပြုံးတွေကို အနက်ပြန်ကြည့်မိတယ်။

``ငါပေးခဲတဲ့ ပစ္စည်းကို မင်း..ကျေကျေနပ်နပ်ကြီးလက်ခံခဲ့တယ်ဆိုတာ ငါ…အခုသိပြိကွ။ ဒီကိစ္စမှာ မင်းလည်းအလိုတူအလိုပါ ဖြစ်သွားပြီ ဟား..ဟား´´

လွင်ဦးရဲ့နားထဲမှာ ကိုငွေမောင်းရဲ့ အောင်မြင်ထည်ဝါတဲ့ သရော်မော်ကား ရယ်မောဟားတိုက်သံတွေပဲ ဟိန်းညံပဲ့တင်နေတော့တယ်။

``ငါ..ဘယ်လိုမှ သဘောမထားဘူး လွင်ဦး။ မင်း..စိတ်အေးအေးသာနေတော့။ ကိုယ့်ကိုယ်ကိုယ် နေကောင်းအောင်ပဲ ကြိုးစား။ ဟုတ်လား´´

ဒီလောက်နဲ့တင်ပဲ လွင်ဦးတစ်ယောက် အရှက်အိုးဖြန်းဖြန်းကွဲကာ သွေးပေါင်ချိန်တွေ တရိပ်ရိပ်တက်၊ မှိုင်းဝေမူးရီလျှက် အသက်နဲ့ကိုယ် အိုးစားခွဲဖို့ လုံလောက်သွားပါပြီ။
*** **** ***

လွင်ဦးရဲ့ ဈာပနမှာ ဦးစီးစီမံပေးနေတဲ့ ကိုငွေမောင်းတစ်ယောက် ရက်လည်ပြီးနောက်ပိုင်းမှာလည်း ညိုရိန်တို့သားအမိထံ မြစ်ကူးချောင်းခြားခရီးကို စက်လှေကလေးတစ်စီးနဲ့ ကူးချည်သန်းချည်၊ သွားလာဝင်ထွက် လည်ပတ်မပျက်ရှိနေပြန်တာကြောင့် သူ့မိန်းမ မသိန်းဥက သွားလေသူလွင်ဦးကိုတ,လို့ ရင်ဘတ်စည်တီးနေပါတော့သတဲ့။

``ရှက်တတ်တဲ့လူများကျတော့လည်း အသေစောကြတယ်။ အရှက်နည်းတဲ့ တစ်ဘ၀စံတွေကတော့ …ဟွန်း။ မပြောလိုက်ချင်ဘူး။ နင် စောစောသေသွားတာပဲ ကောင်းပါတယ် လွင်ဦးရယ်။´´
                                                                                                         သတိုး


Saturday, February 19, 2011

နက်ဖြန် မနက် ကျောင်းတက်မယ်

အိမ်ရှေ့ရေဆိပ်မှ လှေကလေး ကမ်းကိုခွာလာခဲ့ပြီး လမ်တစ်ဝက်အရောက်မှာပင် မနီးမဝေးဆီမှ ကျောင်းတက်ခေါင်းလောင်းသံက ဆီးကြိုလွင့်ပျံရောက်လာနှင့်လေသည်။

``ဖိုးဆေးရေ…ကျောင်းခေါ်နေပြီဟဲ့။ လှေကို မြန်မြန်လေး အားစိုက်လှော်စမ်းပါ´´

အရေးထဲမှာ ဖိုးဆေးက လှေလှော်ရင်းကနေ ရေဆော့နေပြန်သည်။ တစ်ယောက်ထိုင် ဘဲကျောင်းလှေကလေးထဲမှာ မောင်နှမလေးယောက်သား ကျပ်ကျပ်သပ်သပ် ထိုင်လိုက်လာကြတာဆိုတော့ ချောင်းရေက လှေနံကိုတောင် ထိနမ်းမိနေပြီ။ လှေကလေး နည်းနည်းလောက် ဘယ်ညာလူးလိုက်တာနဲ့ ချောင်းရေထဲမှာ စုံးစုံးနစ်မြုပ်သွားတော့မှာလိုပင်။

``ဟဲ့ ရေဆော့မနေနဲ့။ လှေမှောက်သွားလိမ့်မယ်။ ဖိုးဆေးနော်... ကျောင်းရောက်ရင် ငါ…ဆရာနဲ့ ပြန်တိုင်မှာနော်´´

ခင်မာတို့မောင်နှမတွေအားလုံးက မြစ်၊ ချောင်းကမ်းနားနံဘေးမှာပဲ မွေးဖွားကြီးပျင်းလာခဲ့ကြသူချည်းမို့ ရေတော့မကြောက်ကြပေ။ ရေကူးလည်း ကျွမ်းကျင်ကြသူတွေချည်းမို့ အဖေနဲ့ အမေတို့က အိမ်နဲ့ကျောင်းသို့ နေ့စဉ်အသွားအပြန် ရေလမ်းခရီးကို စိတ်အေးလက်ချရှိကြပါသည်။ ဒါပေမယ့် နန္ဒီလေးလည်း ပါလာသေးတာမို့ ခင်မာက လှေလူးမှာ၊ လှေမြုပ်မှာ စိတ်ပူပန်ပါသည်။

``မြန်မြန်လှော်ပါဟဲ့။ ခုလောက်ရှိ နိုင်ငံတော်အလံတောင် အလေးပြုနေလောက်ပြီ´´

အင်မတန်ကျောင်းတက်ပျင်းသော ဖိုးဆေးကတော့ ခင်မာ့ ပြောစကားများကို ဂရုမစိုက်ပါ။

``ဖိုးဆေးနော် …ကျောင်းနောက်ကျတာ ဆရာမကြိုက်ဘူးဆိုတာ နင်လည်းအသိပဲ မဟုတ်လား။ ငါ…နင့်ကို ဆရာနဲ့ ပြန်တိုင်လိုက်မှာ´´

ဆရာနဲ့ လှည့်ချောက်တော့မှ ဖိုးဆေးတစ်ယောက် လှေကို အားစိုက်လှော်ပါတော့သည်။ ဒါပေမယ့် ကျရေက ရေစီးသန်သန်။ ပြီးတော့ ရေဆန်လည်း ဖြစ်နေသည်။ လေကလေးကလည်း တဖြူးဖြူးဖြင့် ရှေ့ကပင် ဆီးကြိုတိုက်နေပြန်တာမို့ လေလည်းအဆန်ပေ။ လေကွယ်စေရန် ချောင်းကမ်းနံဘေးကပ်လျှက် ဓနိပင်တန်းကို အကွယ်အကာယူကာ အားစိုက်လှော်ရသည်မို့ ဖိုးဆေးတစ်ယောက် ချွေးတွေနစ်လို့လာတော့သည်။ ကျောင်းရှေ့တည့်တည့်ရှိ ရေဆင်းတံတားဆီ ခင်မာတို့မောင်နှမ၏ လှေကလေးဆိုက်ကပ်ချိန်မှာပင် စာသင်ခန်းအတွင်းဆီမှ မင်္ဂလာပါဆရာဟူသော သံပြိုင်နှုတ်ခွန်းဆက်စကားက ဆီးကြိုနှင့်နေပြန်ပါသည်။

*** *** **

ရေဆင်းတံတားက ချောကျိပစ်ချွဲနေပါသည်။ တက်ရေတုန်းက ချောင်းရေထဲမှာနစ်မြုပ်ခဲ့ရသော ရေဆင်းတံတားမှာ ရေကျချိန်ရောက်တော့ နွံနှစ်တွေတင်ကျန်ရစ်ခဲ့သည်။ ခင်မာသည် နန္ဒီလေးကို ခါးထစ်ခွင်ထားလျှက် လှေဆီမှတံတားပေါ်သို့ လှမ်းအတက်… ဟန်ချက်ပျက်ကာ ချော်လဲတော့မလိုဖြစ်သွားရတာမို့ လန့်ဖျတ်တုန်လှုပ်သွားပါသည်။ နန္ဒီလေးသည်လည်း အဲခနဲ အထိတ်တလန့်အော်ငိုမည်ပြင်တော့သည်။ ခင်မာ့မှာ ပြာပြာသလဲနှင့် ကလေးကိုချော့နေရင်း ချောကျိကျိတံတားပေါ်မှာ ခြေကုပ်မြဲမြဲ၊ ဟန်ချက်ညီညီလှမ်းတက်နိုင်ဖို့ အတော့်ကိုထိန်းသိမ်းနေရသေးသည်။ နှုတ်ကလည်း….

``အေး…အေး…နန္ဒီလေး မငိုနဲ့။ တိတ်….တိတ်…။ ဟဲ့ ဖိုးဆေး…စန္ဒီ့ကို တွဲခေါ်ဦးနော်´´

ပြောမည့်သာပြောရပေမယ့် ဖိုးဆေးလည်း စန္ဒီကိုတွဲခေါ်ရန် လက်နှစ်ဖက်စလုံးမအားလပ်ပါ။ ခင့်မာ့လွယ်အိတ်၊ စန္ဒီ့လွယ်အိတ်နှင့် သူကိုယ်တိုင်၏လွယ်အိတ်ပါ..လွယ်အိတ်သုံးလုံးနှင့် မနိုင်နင်း၊ မအားလပ်နိုင်ရှာ။ ကလေးတွဲလောင်းနှင့် ခင်မာ့လောက်တော့ ကသီးကရွဲဖြစ်မနေပေမယ့် သူလည်းပဲ ကျောင်းတံတားပေါ်မှာ ခြေချော်မလဲပြိုရလေအောင် အတော်ထိန်းလျှေက်နေရသေးသည်။

``စန္ဒီရေ…။ ခဏနေဦးနော်။ ပြီးမှ မမပြန်လာခေါ်မယ်´´

စန္ဒီကတော့ လှေနံနှစ်ဘက်ကိုလှမ်းကိုင်ထားလျှက် ငိုမဲ့မဲ့နှင့် ခေါင်းကလေးညိတ်ပြလေသည်။ နန္ဒီလေးကို ဖိုးဆေးလက်ထဲမှာ ထည့်ခဲ့လျှက် စန္ဒီ့ကို တစ်ခေါက်ပြန်ဆင်းခေါ်ရပြန်သည်။

ကျောင်းခြေရင်းဘက်မှ ခြေဆေးအိုင်မှာ နန္ဒီလေးကို ခါးထစ်ခွင်မပျက်စေပဲ ခြေဆေးရပြန်သည်။ ခြေသလုံးဆီမှာ ကပ်တွယ်ပါလာသော လုံးချောချွဲပစ်မျှော့နက်မဲတစ်ကောင်ကို လက်ညှိုး၊ လက်ခလယ်နှစ်ချောင်းတည်းသုံးကာ ကျင်လည်စွာဆွဲခွာပြီး ဖတ်ခနဲလွှင့်ပစ်လိုက်သည်။ ခင်မတို့မောင်နှမတတွေ ရေစိုစက်လက်ဖြင့်စာသင်ခန်းဆီ အလျှင်စလိုလှမ်းဝင်ခဲ့လိုက်တော့ စာသင်ခန်းအတွင်းမှာ ကြိုရောက်နှင့်နေပြီဖြစ်သော ဆရာက မေးခွန်းပါသော အကြည့်တစ်စုံဖြင့် လှမ်းကြည့်နှုတ်ဆက်လေသည်။

``ခင်မာ…ဒီနေ့ စာရလာရဲ့လား´´

** ** **
ဆရာပေးလိုက်သော အိမ်စာအကြွေးတွေပုံထပ်ကာ ခင်မာ..စာမရသောနေ့တွေကတော့ များပြားလွန်းခဲ့ပြီ။

``ဆရာ မနေ့က အလွတ်ကျက်ခိုင်းလိုက်တဲ့ ကဗျာတွေ ကျက်လာခဲ့ကြရဲ့လား´´
``ကျက်လာပါတယ်´´
``အားလုံး ရရဲ့လား´´
``ရပါတယ်´´

အတိုင်အဖောက်ညီစွာ တက်ညီလက်ညီမေးဖြေနေကြသော အတန်းတူ သူငယ်ချင်းတွေကြားမှာ ခင်မာခေါင်းကို ငုံ့ထားရတော့သည်။

``ကဲ…စာမရတဲ့သူတွေ မတ်တပ်ရပ်ကြပါ´´

ဝုန်းခနဲ အပြိုင်းအယိုင်း၊ ပြိုင်တူမတ်တပ်ရပ်လိုက်ကြသူတွေထဲမှာ ခင်မာရှေ့ဆုံးက ပါပါသည်။ ဒါပေမယ့် ခင်မာမတ်တပ်ထအရပ်မှာပင် နန္ဒီလေးက ဗြဲခနဲထငိုပါတော့သည်။ ခင်မာသည် အငိုလွယ်သောနန္ဒီလေးအား စိတ်လည်းတိုမိသည်။ သူငိုကြောရှည်လာလျှင် ဆရာကြားသိစိတ်ဆိုးမှာလည်း ကြောက်ရွံ့ရပြန်တာမို့ အလျှင်စလို ကိုယ်ကို ငုံ့ကိုင်းကာ ကလေးကို ကောက်ယူချီပိုးလိုက်ရပြန်တော့သည်။ ဒါပေမယ့် အငိုလွယ်သလောက် စမိလျှင် မဆုံးတမ်းငိုကြောရှည်ကြာတတ်သော နန္ဒီလေးက ချက်ချင်း အငိုတိတ်မသွား။ ခင်မာ့ခမျာ ကိုယ်ကိုဘယ်ညာလွှဲယမ်း၊ ယိမ်းနွဲ့ကာ ခါးပေါ်မှကလေးကို ချော့ချော့မော့မော့ ပြုနေရပြန်တော့သည်။

သူ့ကျောင်းသားတွေမှာ နန္ဒီတို့လို ဘုစုခရုတွေ ကိုယ်စီပါလာခဲ့တာအတွက် ဆရာခမျာလည်း ဘ၀င်မကျနိုင်ခဲ့တာ ခင်မာသိပါသည်။

``ဟေး..ကျောင်းကို ကလေးပေါက်စနတွေ ခေါ်မလာပါနဲ့ကွာ။ မင်းတို့တတွေလည်း အလုပ်အပိုတွေနဲ့ရှုပ်လှပါတယ်။ ဆရာလည်း စာဖြောင့်ဖြောင့် သင်လို့မရဘူး´´

ဆရာ့နှုတ်က ထိုစကားဆိုအပြီး နောက်တစ်နေ့မှာတော့ ကျောင်းခေါ်ချိန်ကျောင်းသားဦးရေ တစ်ဝက်နီးပါး လျော့ကျသွားခဲ့တော့သည်။ ခင်မာတို့ရွာကလေးက လယ်ယာလုပ်ငန်း၊ ငါးသရောက်ပိုက်လုပ်ငန်းဖြင့် အဓိက အသက်မွေးကြပါသည်။ ကျောင်းဖွင့်စ မိုးဦးကျကာလများတွင် ယောက်ျားလေးအများစုတို့ ကျောင်းပျက်ကြပါသည်။ ထိုအချိန်က ငါးသလောက် အရအမိရှိချိန်ဖြစ်သောကြောင့် သူတို့တတွေ ငါးသလောက်လှေနဲ့ မြစ်ထဲထွက်လိုက်ကာ ခဲသီးပစ်ကူကြရသည်။ မိုးလည်မှာတော့ ကောက်စိုက်၊ ပျိုးနှုတ်ကြချိန်ဖြစ်လေသည်။ ယောက်ျားလေးတွေက ပျိုးနှုတ်၊ ပျိုးသယ်ရာမှာ ကူကြရပြန်သည်။ မိန်းကလေးတွေက အိမ်မှာ ထမင်းချက်ကြရသည်။ ကလေးထိန်းကူရသည်။ အမိ၊အဖ နှစ်ဦးစလုံးက လယ်ထဲမှာ တစ်နေကုန်ကြရသည်ကိုး။မိန်းကလေးတချို့မှာတော့ လယ်ထဲဆင်းကာ ကောက်စိုက်ကူကြရပြန်သည်။ ပညာလိုလားလွန်းလှသည်မဟုတ်သော်လည်း ကလေးကို ကျောင်းမပျက်စေချင်သော၊ ရက်ကြောရှည်ရှည် ခွင့်တိုင်ရမှာ ဆရာ့ကို အားနာသော မိဘတွေကတော့ ခင်မာတို့လိုပင် ကလေးငယ်ကို ကျောင်းသို့ ထည့်လွှတ်လိုက်တော့လေသည်။ ခင်မာ အပါအ၀င် ကျောင်းသို့ကလေးငယ်ခေါ်လာသူတွေ ဆယ့်ငါးယောက်လောက်ရှိနေပြီ။

သူတကာ သူငယ်ချင်းတွေ သူတို့၏ မောင်၊ ညီ၊ ညီမတွေကို ကျောင်းသို့ခေါ်လာကြတာ စတွေ့ရချိန်ကတော့ ခင်မာလည်း အားကျမိခဲ့သည်ပင်။ အမေက စိတ်မချ၊ ကျောင်းသို့ထည့်မလွှတ်ချင်ခဲ့တာတောင် မရမနေချော့မော့ကာ ကျောင်းသို့ခေါ်လာမိခဲ့တာဖြစ်ပါသည်။

ခုတော့ နန္ဒီလေးကို ကျောင်းသို့ခေါ်မလာချင်တော့ပေ။ ခင်မာ့မှာ စာသင်ချိန်လည်း စိတ်ဖြောင့်ဖြောင့် စာမှာ စိတ်ဝင်စားလို့မရ။ တော်နေကြာရေသောက်မယ်၊ ရှူးပေါက်မယ် အမျိုးမျိုး နားပူနားဆာပြုတတ်သည်။ နေ့လည်မုန့်စားကျောင်းဆင်းချိန်မရောက်မီ မုန့်စားမယ်ဟု ဂျီကျတတ်သေးသည်။ သူ့အလိုမလိုက်ရင် အိမ်ပြန်ချင်တယ်ဆိုကာ အော်ဟစ်ငိုကြွေးတတ်တာလည်း ရှိသေးသည်။ သူမငိုလျှင်ပြီးရောဟု စိတ်ဆုံးဖြတ်ကာ ရသမျှမုန့်ဖိုးကို သူ့အတွက်သာ မုန့်ဝယ်ကြွေးရင်း ခင်မာ့ခမျာ ၀မ်းဗိုက်ဟောင်းလောင်းနေ့ရက်တွေများပြားလွန်းခဲ့ပြီ။ နေ့လည်ခင်း ကစားချိန်တွေမှာလည်း သူ့ကို ထိန်းနေရတာနှင့် စိတ်ရှိသလောက် ဆော့ကစားခွင့်မရပြန်။

တစ်နေ့တစ်လေ မေ့ချင်ယောင်ဆောင်ကာ နန္ဒီလေးကို အိမ်တွင်ထားခဲ့ရန် ခင်မာ ကြိုးစားမိသေးသည်။ ဒါပေမယ့် ခင်မာတစ်ယောက် ကလေးထိန်းမပျက် ကျောင်းတက်နိုင်သည်ဆိုတာ အမေသိသွားခဲ့ပြီ။ နန္ဒီကလည်း ခင်မာမို့ ကျောင်းသွားရန်ပြင်ပြီဆိုလျှင် သူပါ လိုက်ပါရန်အသင့်ဖြစ်နေနှင့်ပြီ။ ကျောင်းမှာက အိမ်မှာထက်ပို၍ အနေအစားချောင်သည်ကိုး။ ခင်မာက သူငိုမည်ကြံတိုင်း အငိုမခံ။ သူဂျီကျလေသမျှ အလိုလိုက် ဖြည့်ဆည်းပေးသည်။ ပြီး မုန့်လည်း တ၀စားနေရသည်မဟုတ်လား။

ကလေးတွဲလောင်းနှင့် မနိုင်မနင်းဖြစ်နေရှာသော ခင်မာ့အား ဆရာက ထုံးစံမပျက် စကားဆိုလာပါသည်။

``ကဲ…ခင်မာ။ ထိုင်တော့…။ နောက်နေ့တော့ စာရအောင်ကျက်လာခဲ့ဦးနော်´´
``ဟုတ်…´´

** ** **

တကယ်တမ်းမှာ ခင်မာသည် စာညံ့သူတစ်ယောက်တော့မဟုတ်ပါပေ။ အတွက်အချက်လည်ဝယ်ချက်ချာသလို စာကျက်ရာမှာလည်း အလွန်မြန်ပါသည်။ စာတစ်ပုဒ်ကို စိတ်ပါလက်ပါ ကျက်မှတ်လျှင် အချိန်ခဏအတွင်း ရလွယ်သူဖြစ်ပါသည်။

ဒါပေမယ့် ခင်မာ့မှာ စာကျက်ချိန်၊ သင်္ချာတွက်ရန်အချိန်တွေ မရှိသလောက် ရှားပါးလွန်းနေသည်။ ခင်မာတို့အဖေရော၊ အမေပါ တစ်နေကုန်လယ်ထဲဆင်းနေကြရသည်။ ခုချိန်က လယ်စိုက်ချိန်မို့ အလုပ်အရှုပ်ဆုံးအချိန်လည်းဖြစ်ပါသည်။ အဖေက သူတပါး၏လယ်မှာ သူရင်းငှား အလုပ်သမားမျှသာဖြစ်ပါသည်။ အမေကတော့ ကောက်စိုက်သမ နေ့စားလိုက်နေတာဖြစ်သည်။

မိဘနှစ်ပါးစလုံး လယ်ထဲဆင်းသေားအခါ အိမ်မှုကိစ္စ အ၀၀တို့မှာ အစ်မကြီးအရာတွင် ရှိနေသော ခင်မာ့ ပခုံးပေါ်မှာသာ ကျရောက်လာပါတော့သည်။ နံနက်လင်းတာနဲ့ ခင်မာ ထမင်းအိုးတစ်လုံးတော့ မဖြစ်မနေ ခွင်ပေါ်ရောက်အောင် တင်ရသည်။ ဟင်းကိုတော့ အမေက ညဦးကတည်းက ကြိုတင်စီမံခဲ့တာမို့ ထပ်နွှေးရုံ။ မဟုတ်လျှင်လည်း အသီးအရွက် တမျိုးမျိုး ရောထည့်ရုံမျှသာ။

အဓိကကတော့ နန္ဒီလေးကို ထိန်းကျောင်းရင်း သူမ၏ ဝေယျာဝစ္စ၊ အလတ်နှစ်ယောက်၏ ဝေယျာဝစ္စများဖြင့် အအားမနေရခြင်းသာ။

``ဖိုးဆေးရေ။ ကျောင်းသွားချိန်နီးနေပြီ။ ရေချိုးတော့´´

ဒုတိယတန်းကျောင်းသား ဖိုးဆေးအတွက်တော့ နှုတ်ဖြင့်ပြောရုံသာ။ တစ်ခွန်းပြောရုံဖြင့်မရလျှင် အမေ့ကို အတုခိုးကာ အဆဲအဆို၊ အကျိန်းအမောင်းကလေးတွေလည်း ထည့်ပြောရတာတော့ရှိတာပေါ့။ ဒါပေမယ့် စန္ဒီနှင့် နန္ဒီတို့အတွက်တော့ ခင်မာကိုယ်တိုင်လုပ်မပေးလို့မှ မရ။

``ခင်မာ့ကို ကျောင်းနုတ်မှပဲ´´

အဖေနဲ့ အမေတို့ တိုင်ပင်နေကြတာ တစ်စွန်းတစ်စ ကြားရုံမျှနှင့်ပင် ခင်မာငိုကြွေးဆန္ဒပြခဲ့ရသေးသည်။ ဆရာကလည်း ……

``ဒီတစ်နှစ်ပဲကျန်တော့တာ။ ကလေးကို မူလတန်းကုန်အောင်တော့ထားပေးပါဗျာ။´´

…ဆိုလေတာမို့ ခင်မာတစ်ယောက် ခုထိ ကျောင်းတက်နေရသေးတာဖြစ်သည်။ မဟုတ်လျှင် ထမင်းချက်ရင်း၊ ကလေးထိန်းရင်း လက်သင်ကောက်စိုက်သမ ဖြစ်နေပေတော့မည်။

** **** ***

ဒီနေ့တော့ ခင်မာတစ်ယောက် ကျောင်းတက်ရန်စိတ်စောကာ အိပ်ယာမှ နံနက်အစောကြီး နိုးနေခဲ့လေသည်။ မနေ့က ဆရာပေးလိုက်သော အိမ်စာအားလုံးကို ညည့်နက်ခံကာ ပြီးပြတ်အောင် လုပ်ထားပြီးပြီ။ ဒါတောင်အမေက…

``ဟဲ့ ခင်မာ မအိပ်သေးဘူးလား။ ဘက်ထရီအားကုန်တော့မယ်´´
``အင်းပါ အမေရဲ့။ခုပဲ သိမ်းတော့မှာပါ´´

ဆိုကာ အိမ်စာတွေဆက်လုပ်နေတာမို့ ဘက်ထရီအားကုန်မှာ နှမျောနေသော အမေက အိပ်ယာထဲမှနေကာ တဖျစ်တောက်တောက်လုပ်နေပြန်သေးသည်။

``ဟဲ့ မီးလင်းရင် ငါ မအိပ်တတ်ဘူး´´

..ဆိုကာ ဇွတ်ပင် ခင်မာ့အား အိပ်ယာဝင်စေတော့သည်။

စူပွပွဖြင့် အိပ်ယာသို့ မ၀င်ချင့် ၀င်ချင် ၀င်ခဲ့ရသော ခင်မာသည် ဒီနေ့နံနက်မှာလည်း အိပ်ယာမှစောစောထကာ စာတွေ အော်ကျက်နေပြန်တော့သည်။

``ခင်မာ …နောက်နေ့တော့ စာရအောင်ကျက်လာရမယ်နော်´´

နေ့စဉ်မပျက်သော ဆရာ့၏ အမှာစကားတွေကို ခင်မာမမေ့ပါ။ ဆရာ့အား ရှက်ရွံ့အားနာလှပါပြီ။ ထို့ကြောင့် ဒီနေ့တော့ ခင်မာ စာရအောင် မနားမနေကျက်မှတ်အာဂုံဆောင်ထားခဲ့ပြီ။ ကျောင်းသို့ရောက်လျှင် ဆရာ့ရှေ့မှာ ဂျောင်းဂျောင်းပြေးအောင်ပင် စာတွေ အလွတ်ပြန်ဆိုပြလိုက်မည်။ နေ့တိုင်းနှင့်မတူခြားနားစွာ စာတွေရနေသော ခင်မာ့ကိုကြည့်ကာ ဆရာ…အံ့သြ၀မ်းသာနေမှာလား။ အမေလည်း ကိုယ်တွေလက်တွေ ညောင်းညာကိုက်ခဲနေတာကြောင့် ဒီနေ့လယ်ထဲမဆင်းနိုင်ဟု ညဦးကတည်းက ညည်းငြူပြောဆိုနေတာ ခင်မာ ကြားမိသည်။ အမေ အလုပ်မဆင်းဖြစ်လျှင် နန္ဒီလေးကို အိမ်မှာထားခဲ့လို့ ရမည်ထင်၏။ အမေ့အတွက် ထမင်းအိုး တစ်လုံးတော့ ကျက်အောင်ချက်ပေးခဲ့ရဦးးမည်။

ကိုယ့်အတွေးနှင့်ကိုယ် ပျော်ရွှင်ကျေနပ်နေမိသော ခင်မာသည် ဆန်ထည့်သိမ်းနေကျ စဥ့်အိုးငယ်ထဲသို့ လက်နှိုက်လိုက်စဉ် ဟင်ခနဲ စိတ်ပျက်သွားရတော့ကာ…

``အမေ…´´

ခင်မာတစ်ယောက် မူပျက်စွာ ပျာယာခပ်နေသလောက် အမေကတော့ မထူးဆန်းလှသလို အေးဆေးစွာပင် အိပ်ယာထဲမှနေ စီမံပေးနေပြန်တော့သည်။

*** **** ***

ခင်မာသည် အမေ့စကားအတိုင်း နာခံမပျက်သော်လည်း နှုတ်ကတော့ အမေမကြားအောင် စူပွပွလုပ်နေမိပြန်သည်။

အမေ့အစီအစဉ်အရ အဖေအလုပ်လုပ်ရာနောက်သို့ လိုက်သွားရတော့မည်။ အလုပ်ရှင်ထံမှာ အဖေက အကျိုးအကြောင်းပြောဆိုပြီးယူပေးမည့် ဆန်ထုတ်နှင့် ငွေးကြေးကို အိမ်ပြန်ယူလာရမည်။

``အရီးညွန့်တို့ ကုန်စုံဆိုင်ပါ တစ်ခါတည်း ၀င်လာခဲ့။ အကြွေးစာရင်းအားလုံး ပေါင်းခိုင်း ။ ပြီး..နင့်အဖေပေးလိုက်တဲ့ငွေထဲက မျှပြီး တချို့တ၀က် ဖဲ့ဆပ်ခဲ့။ ဆီနဲ့ ငြုပ်သီး။ အော် မန်ကျီးသီးလေး ငါးကျပ်သားလောက်ပါ ထည့်ဝယ်ခဲဦး´´

အဖေ့အလုပ်ရှိရာ ချောင်းဖျားအထိ သွားရမည့်ခရီးက မနီးလှပါ။ ပြီး ဇီဇာကြောင်ကာ ကပ်စေးနဲလှသော အဖေ့အလုပ်ရှင်က အဖေ့လုပ်အားခထဲမှ ခုနှိမ်ရမည်ဖြစ်သော ဆန်နှင့်ငွေကို ချက်ချင်း ပေးလိုက်ဦးမှာမဟုတ်။ အီးရောဆွဲကာ ခိုလိုညည်းငြူနေဦးတော့မှာ။ အပြန်မှာ အဖွားညွန့်ဆိုင်သို့ဝင်ကာ ကြွေးဟောင်းဆပ်၊ ကြွေးသစ်မှတ်စေကာ စာရင်းရှင်းရဦးမည်။ အိမ်ပြန်လာ အမေ့ကို ချက်ပြုတ်ပေး…။ ကိစ္စအားလုံးပြီးစီးချိန်မှာ ခင်မာတို့ကျောင်းက နေ့လည် မုန့်စားကျောင်းပင် ဆင်းတော့မည်။ ခင်မာ..ဒီနေ့ ကျောင်းမတက်ရပြန်ဘူးလား အမေ။ ကျောင်းတက်ပျင်းသော ဖိုးဆေးကတော့ ပျော်နေသလားတောင်မသိ။ ကျောင်းမှာသင်ပေးသော ကဗျာတွေကို သူငယ်တန်းမ စန္ဒီနှင့် နှစ်ယောက်သား သံပြိုင်ပင် ဆိုနေလိုက်သေးသည်။

`` ဆွမ်းအုပ်နီနီ အမေရွက်လို့
နက်ဖြန်၊ မနက် ကျောင်းထွက်မယ်….
………….
………. ´´

ရုတ်တရက်တော့ ခင်မာလည်း စိတ်ပါသွားရကာ…

``မောင်လည်းလိုက်မယ် ချန်မထားနဲ့´´

လိုက်အော်ဆိုနေမိပြီးမှ ...

``ဟဲ့ ဖိုးဆေး...ဆွမ်းအုပ်နီနီ အမေရွက်လို့
နက်ဖြန် မနက် ကျောင်းတက်မယ် လို့ပြောင်းဆို´´
``ဟာ..ငါတို့ကို ကျောင်းမှာ သင်တာ နက်ဖြန် မနက် ကျောင်းထွက်မယ်ပဲ။ ဆရာကတောင် ရှင်းပြသေးတယ်။ ကျောင်းထွက်မယ်ဆိုတာ သီလယူဖို့ ဥပုသ်ကျောင်းကို သွားကြတာတဲ့ ´´

ဖိုးဆေးဆိုနေတဲ့ ကဗျာက အမှန်ပဲလို့ ခင်မာလည်း သိပါသည်။ ဒါပေမယ့် ဖိုးဆေးကို အဲလိုမဆိုစေချင်။

``ဟဲ့ ကျောင်းတက်မယ်လို့ ဆိုပါဆို´´
``ဟင့်အင်း...ကျောင်းထွက်မယ်´´
``ကျောင်းတက်မယ်..ဆို။ ကဲဟယ်...´´

ဘာကိုမှန်းမသိ။ စိတ်တို၊ အလိုမကျသလိုဖြစ်လာရကာ ဖိုးဆေး၏ဦးခေါင်းကို ဒေါက်ခနဲမြည်အောင် လက်ဆစ်ကလေးနှင့် ခေါက်ချလိုက်မိတော့သည်။

ဖိုးဆေး၏ ဗြဲခနဲ အော်ဟစ်ငိုယိုသံ၊ အမေ့ မြည်တွန်ဆူပူသံတွေကို နောက်ချန်ရစ်ခဲ့ကာ ခင်မာတစ်ယောက်ကတော့ ချောင်းငယ်လေးထဲမှာ လှေကလေးကို အားကုန်ကျုံး၍ လှော်ခတ်လျှက် ရေဆန်၊လေဆန်ခရီးကို ဆန်တက်နေပြန်တော့သည်။ နှုတ်မှလည်း…

`` ဆွမ်းအုပ်နီနီ အမေရွက်လို့
နက်ဖြန်၊ မနက် ကျောင်းတက်မယ်´´

…တဲ့။

*****ကျွန်တော့်ပို့စ်ပါ ကဗျာစားသားကို ချစ်ကြည်ရင်းနှီးစွာ အကြိမ်ကြိမ်အမှားပြင်ပေးကြသော ညီငယ် `ပိုင်´ နှင့် သူ့မိတ်ဆွေတို့ကို ကျေးဇူးတင်စွာ အမှတ်ရနေပါမည် ...။

သတိုး