Sunday, February 20, 2011

ပတ္တမြား လှံတံ

ကိုငွေမောင်းမှာ ပတ္တမြားလက်စွပ်တစ်ကွင်းရှိခဲ့ဖူးပါတယ်။

 ရွှေကွင်းရဲ့အလယ်မှာ အရည်လည်ပြီး တလက်လက်ဖြာနေတဲ့ ဒီကျောက်နီရဲရဲလေးဟာ ပတ္တမြားဆိုလို့သာ ပတ္တမြားလိုက်ကြရတယ်။ ရွာကလူတွေအတွက်တော့ ပတ္တမြားဝေးလို့ ဘာကျောက်မျက်ရတနာမှ ကောင်းကောင်းမြင်သိဖူးကြတာလည်း မဟုတ်ပါဘူး။ ကိုယ်တွေအတွက်တော့ ဂ၀ံကျောက်တောင်မှ မြို့ပေါ်တက် ဈေးဝယ်ဖြစ်လေမှ အစုလိုက်၊ အပုံလိုက် အရွယ်အစားစုံအောင် မြင်ခွင့်ရနိုင်ကြတာကိုး။ ကျောက်ကိုကွင်းထားတဲ့ရွှေချိန်ကတော့ တော်တော်များမယ်ထင်ပါရဲ့။ တစ်ကျပ်သားကျော်ကျော်လောက်တော့ ရှိမလား မဆိုနိုင်ဘူး။ ကိုငွေမောင်းက အရပ်ရှည်ရှည်၊ လူကောင်ထွားထွားကြီးဆိုတော့ သူ့လက်ချောင်းကြီးတွေကလည်း တုတ်ခဲတစ်ရစ်နေတော့တာ။ လက်စွပ်က ကွင်းကလည်းကြီး။ ထုကလည်းအထူကြီး။ အလယ်က ပတ္တမြားကလည်း လက်သည်းခွံလောက်ကိုရှိတာဆိုတော့ သူ့လက်ထဲမှာသာ တင့်တယ်လှတာ ပြောရမှာပါ။ တော်တန်ရုံလူမျိုးဆို ခြေမမှာ စွတ်ရလောက်ရဲ့။

အဲ…လွန်ခဲတဲ့ သုံးနှစ်ကတော့ ကိုငွေမောင်းရဲ့ ပတ္တမြားလက်စွပ်ကြီး ပျောက်ခြင်းမလှ ပျောက်သွားခဲ့ပါတယ်။

*** ** **
ကိုငွေမောင်းက သူ့လက်စွပ်ကို အလွန်၊ အင်မတန် တန်ဘိုးထားတဲ့သူပါ။ ဂုဏ်လည်း အလွန်ယူတာ။ ရွှေတန်ဘိုးကတော့ မပြောပလောက်ပါဘူးတဲ့။ အလယ်က သူ့ပတ္တမြားကြီးရဲ့ တန်ဘိုးကိုက သိန်းငါးဆယ်လောက်တန်တာဆိုပဲ။ သူများပြောရင်တော့ ဘယ်ယုံကြမှာတုန်း။ တန်ဘိုးအမှန်ကို မသိပေမယ့် လက်သည်းခွံလောက် ကျောက်တစ်လုံးကို ကိုယ်တွေ တစ်ဘ၀လုံး အငတ်ခံပြီး ရှာဖွေစုဆောင်းဖို့တောင် မဖြစ်နိုင်လောက်တဲ့ ငွေကြေးပမာဏနဲ့ နှိုင်းယှဉ်တန်ဘိုးထားနိုင်လောက်အောင် ကြေးများလိမ့်မယ်လို့တော့ လက်မခံနိုင်ဘူး။ ဒါပေမယ့် ကိုငွေမောင်းကိုယ်တိုင်ရဲ့ နှုတ်ထွက်စကားဆိုတော့လည်း မယုံလို့က မဖြစ်ပြန်ဘူး။

ပြောရရင် ဒီရွာစုလေးမှာ ကိုငွေမောင်းရဲ့ အရိပ်သြဇာနဲ့ ကင်းနိုင်သူရယ်လို့ ခပ်ရှားရှားရယ်။ ဒီရွာစုလေး ခုလောက်စည်ကားလာခဲ့တာကိုက ကိုငွေမောင်းကြောင့်လို့ ပြောရင်ရတယ်။ ရေကြည်ရာမြက်နုရာ လှည့်လည် လုပ်ကိုင်စားသောက်ကြရင်းက ကိုငွေမောင်းရဲ့ လက်အောက်မှာ သောင်တင်နေဖြစ်ကြသူတွေနဲ့ ဒီရွာလေးက စည်ကားလာခဲ့တာပေါ့။

ဒီရွာမှာ၊ မနီးမဝေး ရွာနီးချုပ်စပ်တွေမှာ ကိုငွေမောင်းပိုင်ဆိုင်တဲ့ လယ်တွေ၊ ကျွဲနွားတွေဆိုတာ လက်ညိုးထိုးလို့မှ မလွဲတာပဲ။ ခု..ကျွဲ နွားတွေနေရာမှာ စက်တွေအစားထိုးလားခဲ့တော့လည်း လယ်ထွန်စက်၊ ပေါင်းရှင်းစက်၊ စပါးနယ်၊ ချွေလှေ့စက်ဆိုတာတွေကို ကိုငွေမောင်းပဲ စသုံးခဲ့တာပါ။ ဒီရွာစုလေးမှာ…  လယ်ပိုင်၊ ကျွဲပိုင် လူနည်းစုကလွဲရင် ကျန်လူအတော်များများဟာ ကိုငွေမောင်းကိုသာ မှီခိုပြီး သူ့လယ်ပွဲတွေမှာပဲ ၀င်လုပ်နေကြရတဲ့ လက်လုပ်လက်စားတွေပါ။ ကိုငွေမောင်းရဲ့အရိပ်နဲ့ ကင်းချင်လို့ တခြားတစ်နေရာပြောင်းပြီး ကူလီကပ်ပါးလုပ်စားမယ်ဆိုလျှင်တောင် အဲဒီအလုပ်ရှင်က ကိုငွေမောင်းရဲ့ သြဇာနဲ့ မကင်းတဲ့ သူ့ရဲ့ဆွေတော်ရှစ်သောင်းထဲကပဲ ဖြစ်မှာပဲ။

ပြီး လက်လုပ်လက်စား၊ ကူလီကပ်ပါးချင်းအတူတူမှာ ကိုငွေမောင်းရဲ့ အရိပ်ကို မှီခိုရတာက အများကြီး သာလွန်ကျေနပ်စရာကောင်းတယ်လို့ သူ့အလုပ်သမားအားလုံးက သဘောညီကြပါတယ်။ ကိုငွေမောင်းက သူကိုယ်တိုင် လျှမ်းလျှမ်းတင်နေထိုင်ပြုမူတတ်သလို အလုပ်သမားချင်းယှဉ်ရင်လည်း သူ့အလုပ်သမားက သူများတကာထက် နှာတစ်ဖျားစာလောက်ဖြစ်ဖြစ် ချွန်ထွက်ထူးခြားနေစေချင်တာ။ အလုပ်မှာ မခိုနဲ့ ။ မတွက်ကပ်နဲ့။ အချင်းချင်းစုစည်းညီညွတ်စွာနဲ့ သူ့ကိုသာ ခြံရံထားကြ။ အဲဒီအလုပ်သမားနဲ့ သူ့မိသားစုအပေါ် သူကလည်း ချွေတယ်။ ကျတယ်။ သူ့ဆီမှာ အလုပ်လုပ်ပေးနေသမျှ ကာလပတ်လုံး လိုငွေပိုငွေအကြောင်း ဇာချဲ့ပြောမနေဘူး။ စားစရာမရှိရင် ပြောလှည့်။ အ၀တ်အစားလည်း မညှိုးနွမ်းစေရဘူး။ အလုပ်သမားတွေရဲ့ သားသမီးတွေအတွက် စာသင်ကျောင်းလေးဖြစ်မြောက်အောင် စီစဉ်ပေးထားတယ်။ နာဖျားမကျန်းရှိလာရင်လည်း ဆေးရုံဆေးခန်း နီးနီးနားနားမရှိလေတော့ စက်လှေအဆင်သင့်။ ဆေးဝါးဓါတ်စာလည်း သင့်တင့်လျှောက်ပတ်တော့ ရောက်လာဦးမှာ။ အဲတော့ ဒီရွာစုကလေးမှာ ကိုငွေမောင်းကိုဆိုရင် ဘုရားတစ်ဆူ၊ ဂူတစ်လုံးလို အထွဋ်ထားပြီး လေးစားဦးတင်ကြတော့တာ။

ဒါပေမယ့် ပြောစရာတော့လည်းရှိသေးတာပေါ့။ ကိုငွေမောင်း ဘယ်လောက်ပဲ ကောင်းပါတယ် ဆိုဆို။ ဒါတွေအားလုံးဟာ သူ့အတွက် ကိုယ်က ရုန်းကန်၊ အလုပ်လုပ်ပေးနိုင်နေတုန်းမို့သာ အသာလင့်၊ အဆင်သင့်ရနေတာ မဟုတ်လား။ သွေးနဲ့ကိုယ်၊သားနဲကိုယ် ကြာရှည်ကြာများ မကျန်းရေးမမာရေးရှိလာပါပြီတဲ့။ သူ့အတွက်လည်း အသုံးမ၀င်တော့တဲ့ နာတာရှည်လူမမာသည်နဲ့ မိသားစုကို သူက ဘယ်လောက်ကြာကြာ တာဝန်ယူပေးမှာတဲ့လဲ။ တခြား ကိုယ့်မျှော်လင့်ချက်၊ ကိုယ့်အနာဂါတ်တွေလည်း ကိုယ်စီရှိကြသေးတာပဲ မဟုတ်လား။ ကိုယ့်စားဝတ်နေ အရေးသုံးပါးစလုံးကို သူကပဲ မင်းမူခြယ်လှယ်နေတာမျိုးကို ဘယ်သူက ရေရှည် သဘောကျနိုင်ပါ့မလဲ။ ဒါပေမယ့် တုဖက်ပြိုင်၊ အာခံဖို့လည်း မဖြစ်နိုင်ပြန်ဘူး။ ကိုငွေမောင်းက သူစိတ်တိုင်းကျနေစဉ်တော့ သူတော်စင်အလား လေးစားကြည်ညိုစရာကောင်းလှပေမယ့် သူစိတ်ကွက်ညိုညင်ချင်စရာ အပြုအမူ၊ အပြောအဆိုမှားသွားခဲ့ရင်တော့ အင်မတန်သွေးဆိုးသူပါ။ သူ့လက်အောက်မှာ စေသည့်ကျွန်၊ ထွန်သည့်နွားလို မနေနိုင်လို့ ပခုံးချင်းယှဉ်တယ်ထင်လာရင် လှလှပပ ဒုက္ခရောက်အောင် ပညာပေးတတ်တဲ့ သာဓကတွေလည်း ရှိခဲ့ဖူးပါတယ်။

*** *** ***

လွင်ဦးတို့မိသားစုသုံးယောက် ကိုငွေမောင်းဆီ ရောက်လာစကတည်းက ကိုငွေမောင်းက လွင်ဦးကို အလွန်သဘောကျခဲ့တာပါ။ လွင်ဦးက လူလုံးလူဖန်ကောင်းကောင်း။ အလုပ်မှာလည်း မျက်နှာလွှဲရလောက်အောင် ကြိုးစားတယ်။ စိတ်ချရတယ်။ သူ့မျက်ဝန်းစူးစူးတွေက သူ့ရှေ့နောက်ဆင်ခြင် တိုင်းထွာဥာဏ်ရဲ့ အတိမ်အနက်ကို ဖေါ်ပြနေတယ်။ နှုတ်က စကားတစ်ခွန်းကို လွယ်လွယ်မပြောဘူး။ စကားမဖွာဘူး။ ဆိုခဲစေမြဲစေဆိုသလို အလွန်လည်းစကားတည်သူပါ။ ကိုငွေမောင်းကိုတောင် ကျိုးကြောင်းသင့်ပြန်ပြောရဲသူမို့ လက်ညှိုးထောင်ခေါင်းညိတ်သမား အများစုကြားမှာ သူက တစ်ဘာသာထူးခြားနေတာ ကိုငွေမောင်းက သတိပြုမိနေခဲ့တယ်။ ပြီး… သူမြှောက်စားမြှင့်တင်သလောက် မြောက်တက်မလာတဲ့၊ သူခြိမ်းခြောက်သလောက်လည်း ကြောက်ရွံ့လန့်ရှိန်ဟန်မပြတဲ့ လွင်ဦးကို ကိုငွေမောင်း အထူးသတိထားလာရပါပြီ။

လွင်ဦးရဲ့အိမ်သူ ညိုရိန်တစ်ယောက်ကတော့ ရိုးလွန်းလို့ နုံတဲ့၊ အတဲ့ဖက်တောင်ရောက်နေတဲ့ ပေါချာချာကောင်မလေးပါပဲ။ မျက်လုံးလေးတွေ ကြည်တောက်တောက်နဲ့ ရုပ်ကလေးက ဖြူဖြူစင်စင်၊ ပါးပါးရှားရှားရှိသလောက် စကားပြောရင်တော့ တောင်တစ်လုံး၊ မြောက်တစ်လုံးဆိုတာလို ဘယ်ပြောလို့ ဘယ်ရောက်မှန်း သူကိုယ်တိုင်တောင် သိမှသိရဲ့လားပဲ။ တကယ့်ကို အူတူတူ၊ အတတ ကလေးမ။ တစ်လောကလုံးမှာ သူသိတဲ့အရေးကိစ္စဆိုလို့ သူ့ယောက်ျားလွင်ဦးနဲ့ အခါလည်ကျော်အရွယ် သူ့သား ကျော်ညိုဦးပဲ။

 လွင်ဦးတို့မိသားစုတွေ ကိုငွေမောင်းဆီမှာ သုံးနှစ်လောက်ပဲကြာခဲ့တယ်။ တခြားတစ်နေရာရွှေ့ရဖို့ အကြောင်းပေါ်လာပါတော့တယ်။ ကိုငွေမောင်းတစ်ယောက် သူအင်မတန်အားထားရတဲ့လွင်ဦးကို တားဦးမယ်လို့ အားလုံးကထင်ထားခဲ့ကြတာ။ ဒါပေမယ့် ကိုငွေမောင်းက အေးဆေးပဲ။ အသာတကြည့်ခွင့်ပေးလိုက်တာမို့ အားလုံးက အံသြကုန်ကြတယ်။ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကြတယ်။ ဘယ်သူမှ ဘာစကားမှ မဆိုဝံ့ကြဘူး။

ကိုငွေမောင်းက ဟိုတစ်ဘက်ရွာမှာရှိတဲ့ သူပိုင်လယ်တစ်ကွက်ကိုတောင် လွင်ဦးတို့မိသားစု ကိုယ်ပိုင်လုပ်ကိုင်စားစေဖို့ အခွင့်ပေးသလိုလိုလည်း တစ်စွန်းတစ ပြောကြရဲ့။ သေချာတော့ ဘယ်သူမှ ကြားကြ၊ သိကြတာမဟုတ်ဘူး။ ဒါပေမယ့် လွင်ဦးကလည်း လက်မခံဘူးတဲ့။

အဲဒီကတည်းက လွင်ဦးတို့မိသားစုတတွေ ပျောက်သွားလိုက်ကြတာ။ ဘယ်မှာနေလို့ ဘာတွေလုပ်ကိုင်စားသောက်နေကြတယ်တောင် သတင်းအစအန မရတော့ပါဘူး။ ကိုယ်တွေလည်း ကိုယ့်အကြောင်းနဲ့ကိုယ်ဆိုတော့ မေ့မေ့ပျောက်ပျောက်နေလိုက်မိကြတာလည်း ပါတာပေါ့။ ဟော…ခုတော့ လွန်ခဲတဲ့ သုံးနှစ်ကျော်က ပျောက်ရှသွားခဲတဲ့ ကိုငွေမောင်းရဲ့ ပတ္တမြားလက်စွပ်ကို လွင်ဦးဆီမှာတွေ့သတဲ့။
*** *** ***

ကြားရသူအပေါင်း ဘယ်သူမှ ဒီသတင်းကို မယုံနိုင်ကြပါဘူး။ ဒါပေမယ့် သေချာသလောက်ပဲတဲ့။ မြို့မှာနေတဲ့ကိုငွေမောင်းရဲ့တူတစ်ယောက်က အသေအချာကို ဖုန်းဆက်ပြီးပြောလာတာပါ။ ဦးလေးရဲ့ ပတ္တမြားလက်စွပ်ပြန်တွေ့ပြီ။ ခုချက်ချင်းသာ အမြန်ဆုံးလိုက်လာခဲ့..တဲ့။ ကိုငွေမောင်းကလည်း ဟုတ်ပါ့မလားကွာ။ သေချာရဲ့လား..ဆိုပြီး ပြန်မေးနေသေးတာပါ။ သူ့တူက စိတ်တွေတိုလာပြီး…

``ကျွန်တော်ကိုယ်တိုင် လုပ်ပေးလိုက်တဲ့လက်စွပ်ကို ကျွန်တော်က မမှတ်မိပဲ နေမလား။ ဘယ်နေရာမှာ ဘာအနာပါတယ်ဆိုတာကအစ မှတ်မိတယ်။ တိတိကျကျ ပြောနိုင်တယ်´´

သူ့တူက ပန်းတိမ်ဆရာလေ။ ကိုငွေမောင်းရဲ့ လက်စွပ်ကို သူ့ပန်းတိမ်ဖိုမှာ ကိုယ်တိုင်သေချာလုပ်ပေးခဲ့တဲ့သူမို့ ကိုငွေမောင်းလည်း ဘာမှပြန်မပြောသာဘူး။ အားချင်း မြို့ပေါ်တက်ဖို့ စီစဉ်ရတော့တာပဲ။ သူ့တူဆီလည်းရောက်ရော မျက်နှာငယ်ငယ်၊ မျက်ရည်အရွှဲသားနဲ့ ညိုရိန်က ဆီးငိုနေနှင့်တော့တာပဲ။

ကံကြမ္မာရဲ့ တိုက်တိုက်ဆိုင်ဆိုင်လှည့်စားပုံများ သြချလောက်ရဲ့။ ညိုရိန်တစ်ယောက် အထည်ဟောင်းကို ပြန်ရောင်းထုခွဲဖို့ ရွေးချယ်မိတဲ့သူက ကိုငွေမောင်းရဲ့ တူအရင်းခေါက်ခေါက်ဖြစ်နေလေရဲ့။

``ကျွန်မလည်း အဲလိုရောင်းဖူးချဖူးတာမဟုတ်တော့ ဘယ်သွားလို့ ဘယ်လာရမှန်းမသိဘူးရယ်။ တည်းခိုတဲ့ အသိအိမ်က သူတို့နဲ့ရင်းနှီးတဲ့ ပန်းတိမ်ဖိုရှိတယ်။ ကျောက်အကြောင်းလည်း နားလည်ဆိုပြီးခေါ်လို့ ရောက်လာတာ…´´

လက်စွပ်က ရွှေကွင်းတော့ မရှိတော့ဘူး။

``ဦးလေးတူ ပထမတစ်ခါ အတော်လေးနေမကောင်းဖြစ်တာနဲ့ ဆေးကုဖို့ ငွေလိုလို့ ရောင်းလိုက်ရတယ်´´

အမှန်တော့ အဲဒီတစ်ကြိမ်မှာကတည်းက ဒီလက်စွပ်ကို အပြတ်ရောင်းခဲ့ကြဖို့ သူတို့လင်မယား ဆုံးဖြတ်တိုင်ပင်ခဲ့ကြတာပါ။ ဒါပေမယ့် ဈေးက သူတို့မျှော်လင့်ထားသလောက်မရဘူး။ မရဆို အစွန်းအစသာသာလောက်ပဲ ပေးကြတာပါ။ ကိုငွေမောင်းရဲ့စကားအတိုင်း သူတို့နားလည်ထားတဲ့ တန်ဖိုးက ပတ္တမြားတစ်လုံးတည်းတင် သိန်းငါးဆယ်လောက်တန်တယ် ဆိုတာကိုး။ ခုတော့ သူတို့ရဲ့ ပတ္တမြားရဲရဲက ပေါပေါပဲပဲ ရွှေဈေးသာသာလောက်ပဲ ရမယ်ဆိုလာတော့ တစ်ဖက်သားကို မသင်္ကာချင်တော့ဘူး။ ငါတို့ကို မသိနားမလည်ဘူးဆိုပြီး ဈေးနှိမ်တာ။ အချောင်ရဖို့ကြံကြတာပဲရယ်လို့ စိတ်ကထင်လာမိပြီ။

``ဒါဆို..ကျောက်ကို ပြန်ထုပ်ယူထားလိုက်လေ။ ရွှေချိန်အရှိပဲ ပေါက်ဈေးနဲ့ ရောင်းခဲ့လိုက်တော့´´

လတ်တလော အဆင်ပြေစေဖို့ ဒီအကြံက အကောင်းဆုံးပဲ မဟုတ်လား။ ခုတစ်ကြိမ်မှာတော့ လွင်ဦးတစ်ယောက် ရက်ကြောရှည်ကြာ အိပ်ယာထဲလဲပြီး လေဖြတ်သလို ကိုယ်တစ်ခြမ်းလှုပ်မရ၊ ရွှေ့မရတော့။ အလုပ်မလုပ်နိုင်တဲ့ ကာလတွေကြာရှည်လာခဲ့ပြီ။ ညိုရိန်ကိုယ်တိုင်ကလည်း မလည်မ၀ယ်၊ လက်တိုငါးရိုးမျက် ဖြစ်နေတော့တာမို့ ဒီကျောက်ကလေးကို စိတ်ပြန်လည်လာမိတော့တာ။

ပထမတစ်ခေါက်တုန်းက ရောင်းခဲ့ဖူးတဲ့ဆိုင်ကိုတောင် စိတ်ထဲ မရှင်းလို့ ပြန်မသွားမိခဲ့။  ခုတော့ နှာခေါင်းကျည်ပွေ့တွေ့နေပြီ။ သူ့မိန်းမရဲ့ နုံအမှုကို အစင်းသိနေတဲ့ လွင်ဦးတစ်ယောက်လည်း ခုလောက်ရှိ လည်ပင်းရှည်လှရောပေါ့။ ကိုငွေမောင်းရဲ့တူ၊ ပန်းတိမ်ဆရာကလည်း တိုင်မယ်၊တောမယ် တကဲကဲ။ ဖုန်းဆက်ဖို့ တပြင်ပြင်…။

``ဉီးလေး…ညိုရိန်တို့ မခိုးဘူးဆိုတာ ဦးလေးသိပါတယ်နော်။ အဲဒီလက်စွပ်က ဦးလေးပဲ…´´
``အေးပါ။ အေးပါ…။ ငါ့တူမ စိတ်မပူပါနဲ့။ ဦးလေးရှင်းပါ့မယ်´´

                       ညိုရိန်ကတော့ သူ့ဦးလေးကိုငွေမောင်းကိုသာ အားကိုးရှာတယ်။ ကိုငွေမောင်းကလည်း မျက်နှာချင်းဆိုင်မိကတည်းက…ဦးလေး ပြေလည်အောင်ရှင်းပါ့မယ် ဆိုတာချည်းပဲ။ သူ့ဦးလေးပစ္စည်းကို သူ့ပစ္စည်းလို သဲသဲလှုပ်လှုပ် ယမ်းပုံမီးကျနေရှာတဲ့ ပန်းတိမ်ဆရာလည်း ကြာလာတော့ ဇဝေဇ၀ါဖြစ်လာပါရော။ သူ့ အလိုအတိုင်းသာဆို.. သက်ဆိုင်ရာကို တိုင်တောအရေးယူဖို့ စိတ်ကူး ပြီးသား။ ညိုရိန်တို့ကို စားဖွယ်စုံလင်၊ အအေးတစ်ပုလင်းစီနဲ့ သုံး၊လေးနာရီလောက် အချိန်ဆွဲ ဧည့်ထောက်ခံထားပြီး ဦးလေးဆီ ဖုန်းဆက်အကြောင်းကြားစဉ်ကတည်းက လိုအပ်တာမှန်သမျှ စီစဉ်ပြီးနေပြီ။ ဦးလေးကို ကျော်မလုပ်ရဲတာမို့သာ ဦးလေးရဲ့ ခွင့်ပြုချက်ကို စိတ်မရှည်၊ လက်မရှည် စောင့်နေတာ။ ခုတော့ ဦးလေးက မယုံကြည်ချင်စရာကောင်းလောက်အောင် သွေးအေးနေပါရောလား။ ခိုးရာပါပစ္စည်းနဲ့တကွ လက်ပူးလက်ကျပ်မိထားတာတောင် ခွင့်လွှတ်ကျေအေးပေးတော့မှာလို သူကတစ်ပြန် တရားခံကို နှစ်သိမ့်ဖေးမပေးနေသေးရဲ့။

``ကဲ…မောင်ကြည်တိုးရေ။ ရေအဆုံး ကုန်းတစ်ဝက်လို့သာ သဘောထားလိုက်ရတော့မှာပဲကွာ။ ဒီကလေးတွေ လင်မယားက ငါ့ဆီမှာ အလုပ်လုပ်သွားဖူးကြတယ်။ သားလို၊ သမီးလိုတွေလည်း ဖြစ်နေကြတာလေ။ သူတို့တတွေလည်း စားဖို့တောင် အနိုင်နိုင်မို့သာ ခုလိုလုပ်မိတာပါ.။ သူ့ယောက်ျားက ခု..အိပ်ယာထဲ လဲနေတယ်လို့ သူပြောတာ မင်းလည်း ကြားတယ်မဟုတ်လား။ ဘာအမှုမှ ဆက်လုပ်မနေပါနဲ့တော့´´

ညိုရိန်က ဒီစကားမျိုးကိုတော့ ငြိမ်ခံနေဖို့ မဖြစ်မှန်းသိတယ်။ ကိုငွေမောင်းစကားက ညိုရိန်တို့ကပဲ သူ့လက်စွပ်ကို ခိုးယူခဲ့တယ်လို့ စွတ်စွဲတဲ့သဘောဆောင်နေတယ်လေ။ ညိုရိန်တို့မှ မခိုးပဲ။

``ဦးလေး…´´
ကိုငွေမောင်းက စကားဆုံးအောင်ပြောခွင့် မပေးပဲ ညိုရိန့်ကို ပန်းတိမ်ဆရာအိမ်ကနေ ဒယဥ့်တိုက်မတတ် လက်ဆွဲပြီးဆင်းတယ်။
*** *** **
ကိုငွေမောင်းတစ်ယောက် သဘောထားကြီးလိုက်ပုံတော့ လူတိုင်းက အံ့သြအားကျယူုရရော။ ညိုရိန့်ကို စက်လှေပေါ်တင်ခေါ်ပြီး အိမ်တိုင်ရာရောက် လိုက်ပို့ပေးတဲ့အပြင် လွင်ဦးကိုတောင် သတင်းမေးရင်း ဓါတ်စာ၊ဆေးဝါးတွေပါ အလျှံပယ်ပို့ပေးခဲ့သေးသတဲ့။

ဒါပေမယ့် လွင်ဦးတစ်ယောက်ကတော့ ကိုငွေမောင်းရဲ့ စေတနာနဲ့ ထိုက်တန်ပုံမရဘူးထင်ပါရဲ့။ ကိုငွေမောင်းရဲ့ ဆေးဝါးဓါတ်စာတွေကို လုံးဝ မထိမတို့ပဲ နေခဲ့ပါသတဲ့။

``သူ့လိပ်ပြာ သူရှက်နေမှာပေါ့´´

ပတ်ဝန်းကျင်က အတင်းအဖျင်း၊ သတင်းစကားတွေကို လွင်ဦးတစ်ယောက် မကြားမသိနိုင်ပေမယ့် တကယ်ရှက်တဲ့စိတ်နဲ့ပဲ သေရှာပါတယ်။ ကိုငွေမောင်း အိမ်လာတွေ့ပြီး နောက်တစ်နေ့နံနက်လင်းတော့ အိပ်ယာထဲမှာပဲ လွင်ဦးတစ်ယောက် အသက်ပျောက်နေခဲ့ပါသတဲ့။
*** *** ***

လွင်ဦးသတင်းကိုကြားတော့ ကိုငွေမောင်းမိန်းမ မသိန်းဥက မျက်ရည်ကျရှာတယ်။ နှုတ်ကလည်း…

``နင်တော်တော် ၀ဋ်ကြီးပါလား လွင်ဦးရယ်။ ပြေးမယ့်ပြေးလည်း ဝေးဝေးလံလံ အရပ်ကို လွတ်အောင်ပြေးပါတော့လား။´´

မချိတင်ကဲ ပြစ်တင်ရေရွတ်နေသေးတာတဲ့။

ညိုရိန့်စကားတွေအရ လွင်ဦးတစ်ယောက် ရုတ်တရက် နာဖျားမကျန်းရှိခဲ့ရာက ရက်ကြောရှည်ကြာပြီး နာလန်မထူနိုင်။ အလုပ်မလုပ်နိုင်တာလည်း ကြာလာတော့ စားဝတ်နေရေး ခက်ခဲလာတော့တာပေါ့။ ညိုရိန်က ချီတုံချတုံနဲ့ သူဝှက်ထားတဲ့ ပတ္တမြားလက်စွပ်အကြောင်း ထုပ်ပြရကောင်းနိုး။ ဖွင့်ပြောရကောင်းနိုးနဲ့ပါ။ မနေနိုင်တဲ့အဆုံး လွင်ဦးကိုအသိပေးမိတော့ ဖြစ်ပျက်သွားလိုက်တဲ့လွင်ဦးရဲ့ မျက်နှာဆိုတာ။ ညိုရိန့်ကိုတောင် မရိုက်စဖူး ရိုက်နှက်ခဲ့သေးတာတဲ့။

``ကျွန်မ ခိုးယူခဲတာ မဟုတ်ပါဘူး ကိုလွင်ဦးရဲ့။ ဦးလေးဘာသာ ကျွန်မတို့အိမ်ရောက်လာရင်း ဘယ်လိုကျန်ခဲ့လဲ မသိဘူး။ ကျွန်မ…ကျွန်မ အပြစ်က ကောက်ရတဲ့ ပစ္စည်းကို ပြန်မပေးခဲ့တာပဲရှိတာ။´´

ကိုငွေမောင်းလိုလူတစ်ယောက်အဖို့ သူ့လက်မှာ တစ်သက်လုံးစွဲစွဲမြဲမြဲဝတ်ဆင်လာခဲ့တဲ့ လက်စွပ်ဟာ လက်လွတ်စံပယ် ကျပျောက်မေ့ကျန်စရာလား။ လယ်တစ်ကွက်နဲ့ လာဘ်ထိုးပြီး လွင်ဦးကိုချွေးသိပ်ဖို့ကြိုးစားခဲ့တာ မအောင်မြင်လို့ ဥပါယ်တံမျဉ်သုံးပြီး ဒီလက်စွပ်ကို ရအောင်ပေးခဲ့တာ။ ညိုရိန်နားမလည်တတ်ပေမယ့် လွင်ဦးကတော့ ချက်ချင်းရိပ်မိနေပြီ။ အဲဒီလောက်ထိ အရိပ်သုံးပါးကို နားမလည်၊ မသိတတ်ရှာတဲ့ညိုရိန့်ကို သနားလည်းသနားမိရဲ့။ ရိုက်နှက်ပစ်ချင်လောက်အောင် ဒေါသတွေလည်း တလိပ်လိပ်ထွက်ရရဲ့။ သင်း..အဲဒီလောက် လူ့အရိပ်အကဲနားမလည်တတ်ခဲ့လို့သာ ဟိုတစ်ဘက်သားက မအပ်မရာ ကြံစဉ်ဝံ့ခဲ့လေတာ။ မဖွယ်ရာတဲ့စကားမူယာတွေနဲ့ အတင့်ရဲရဲ သွေးတိုးစမ်းချင်ခဲ့တာ။ ခုနေပြန်တွေးမိလျှင်တောင် ဆံတစ်ပင်တင်းတဲ့စိတ်တွေ ခေါင်းထောင်ထလာပြီး လွင်ဦးတစ်ယောက် လူသတ်ချင်စိတ်ပေါက်နေမိတုန်း။

လက်စွပ်ကို ကိုငွေမောင်းဆီရောက်အောင် ပြန်ပေးနိုင်ဖို့ လွင်ဦး အတန်တန် အားတင်းကြိုးစားခဲ့ဖူးတာ ကျိန်တွယ်လို့တောင် ပြောဝံ့ပါရဲ့။ ဒါပေမယ့် ဒီပစ္စည်းက ကိုယ့်တွေလက်ထဲမှာ ရှိနေခဲ့တာကြာလာတော့ ကိုယ်ပိုင်ပစ္စည်းနှယ် စိတ်အထင်ရောက်ချင်ခဲ့ပြီ။ သူ့ဥစ္စာရှင်ဆီပြန်ပေးဖို့ရာတောင် နှမျောစုံမက်စိတ်ဝင်နေပြီ။ ဒီပစ္စည်းရဲ့ တန်ဘိုးအမှန်ကို မသိလို့ပဲဖြစ်ဖြစ်၊ မဟုတ်ရင်လည်း တန်ဘိုးနည်းပစ္စည်းတစ်ခုမျှသာဖြစ်ခဲ့ရင်တောင် ခုလိုချီတုံချတုံဖြစ်နေစရာမလိုပါ။ ကိုယ့်ရပ်တည်ချက်ကို တစ်ရွေးသားတောင် အလျှော့ပေးစရာမလို။ ဒါပေမယ့် ဒီလက်စွပ်က ပတ္တမြားတစ်လုံးတည်းနဲ့တင် သိန်းငါးဆယ်လောက် အဖိုးထိုက်တန်တယ်ဆိုပါလား။ မိမိတို့ မိသားစုအဖို့ ဘယ်တုန်းဆီကမှ စိတ်ကူးနဲ့တောင် မမျှော်မှန်းရဲခဲ့တဲ့ အဆမတန်များပြားခမ်းနားလွန်းလှတဲ့တန်ဖိုးတစ်ရပ် ဆိုတဲ့အတွေးက အိပ်မောကျနေတဲ့ လွင်ဦးရဲ့လောဘကို ပုတ်နှိုးလိုက်တယ်။ လွင်ဦး တွေဝေသွားတော့တယ်။

လတ်တလောအခြေအနေမှာလည်း လွင်ဦးကိုယ်တိုင် ကျန်းမာရေးမကောင်းလှလို့ အလုပ်မလုပ်နိုင်တာ လနဲ့ချီပြီးရှိနေပြီ။ လက်လှုပ်မှ ပါးစပ်လှုပ်နိုင်မယ့် ဘ၀တွေမို့ စားဝတ်နေရေးက အတော့်ကို ကသီလင်တ၊ ကသောင်းကနင်းနိုင်းလှပြီ။ ချေးငှားထားတာလေးတွေလည်း ပြန်ပေးရဦးမယ်။

အင်း…ဒီကိစ္စကို ကာယကံရှင်တွေကလွဲရင် ဘယ်သူမှ မရိပ်မိတန်ဘူးထင်ပါရဲ့လို့ စွန့်စွန့်စားစား၊မိုက်မိုက်မဲမဲ မျက်စေ့မှိတ် အရဲကိုးပြီး တွေးပစ်လိုက်မိတော့တယ်။

ခုတော့ ကိုငွေမောင်းတစ်ယောက် သူ့ဆီဆိုက်ဆိုက်မြိုက်ကြီးကို ရောက်ချလာပါရောလား။ ညိုရိန့်ကို အိမ်တိုင်ရာရောက်၊ ဂရုတစိုက် လိုက်ပို့ပေးသလိုနဲ့ စကားတွေရွှန်းရွှန်းဝေ၊ အပြုံးတွေ လှိုင်လှိုင်ကျဲသွားလိုက်တာ။ လွင်ဦးကတော့ ချုံးပွဲချငိုမိတော့တာ။

ဘေးလူအမြင်မှာ လှိုက်လှဲဖော်ရွေပြီး အလွန်အင်မတန် သဘောထားကြီးမယ့်ပုံထင်ရတဲ့ ကိုငွေမောင်းရဲ့ အကြည့်အပြုံးတွေကို အနက်ပြန်ကြည့်မိတယ်။

``ငါပေးခဲတဲ့ ပစ္စည်းကို မင်း..ကျေကျေနပ်နပ်ကြီးလက်ခံခဲ့တယ်ဆိုတာ ငါ…အခုသိပြိကွ။ ဒီကိစ္စမှာ မင်းလည်းအလိုတူအလိုပါ ဖြစ်သွားပြီ ဟား..ဟား´´

လွင်ဦးရဲ့နားထဲမှာ ကိုငွေမောင်းရဲ့ အောင်မြင်ထည်ဝါတဲ့ သရော်မော်ကား ရယ်မောဟားတိုက်သံတွေပဲ ဟိန်းညံပဲ့တင်နေတော့တယ်။

``ငါ..ဘယ်လိုမှ သဘောမထားဘူး လွင်ဦး။ မင်း..စိတ်အေးအေးသာနေတော့။ ကိုယ့်ကိုယ်ကိုယ် နေကောင်းအောင်ပဲ ကြိုးစား။ ဟုတ်လား´´

ဒီလောက်နဲ့တင်ပဲ လွင်ဦးတစ်ယောက် အရှက်အိုးဖြန်းဖြန်းကွဲကာ သွေးပေါင်ချိန်တွေ တရိပ်ရိပ်တက်၊ မှိုင်းဝေမူးရီလျှက် အသက်နဲ့ကိုယ် အိုးစားခွဲဖို့ လုံလောက်သွားပါပြီ။
*** **** ***

လွင်ဦးရဲ့ ဈာပနမှာ ဦးစီးစီမံပေးနေတဲ့ ကိုငွေမောင်းတစ်ယောက် ရက်လည်ပြီးနောက်ပိုင်းမှာလည်း ညိုရိန်တို့သားအမိထံ မြစ်ကူးချောင်းခြားခရီးကို စက်လှေကလေးတစ်စီးနဲ့ ကူးချည်သန်းချည်၊ သွားလာဝင်ထွက် လည်ပတ်မပျက်ရှိနေပြန်တာကြောင့် သူ့မိန်းမ မသိန်းဥက သွားလေသူလွင်ဦးကိုတ,လို့ ရင်ဘတ်စည်တီးနေပါတော့သတဲ့။

``ရှက်တတ်တဲ့လူများကျတော့လည်း အသေစောကြတယ်။ အရှက်နည်းတဲ့ တစ်ဘ၀စံတွေကတော့ …ဟွန်း။ မပြောလိုက်ချင်ဘူး။ နင် စောစောသေသွားတာပဲ ကောင်းပါတယ် လွင်ဦးရယ်။´´
                                                                                                         သတိုး


16 comments:

  1. အလွန်ကောင်းတဲ့ သရုပ်ဖော်ဖွဲ့ပါပဲ။
    လူ့စရိုက် သဘာဝလဲ သိပ်ကို ပေါ်လွင်တယ်။

    ဒီလို ရသ ၀တ္ထုကောင်းလေးတွေ မဖတ်ရတာ ကြာပြီ။
    ခုမှ ဒီဆိုက်ကို တွေ့လို့ မဖတ်ရသေးတဲ့ စာတွေ ပြန်ဖတ်ပါအုံးမယ်။

    ReplyDelete
  2. ၀တ္ထုလေး ကကောင်းတယ် စာတွေပြန်ဖတ်ပါအုန်းမယ် အခုမှ စရောက်ဖူးပါတယ် လင်ခ်လည်းချိတ်ဖို့ ယူသွားပါတယ်
    ကျေးဇူးပါ

    ခင်မင်စွာဖြင့်
    ရွှေစင်ဦး

    ReplyDelete
  3. အင်း ဖြစ်တတ်တဲ့ လူ့သဘာဝကို သရုပ်ဖော်ထားလို့ အရမ်းဖတ်လို့ ကောင်းပါတယ်။ နောက်ကို လဲ အမြဲ ဝင်ဖတ်မယ်နော်။

    ReplyDelete
  4. အဖြစ်အပျက်က ရင်နင့်ချင်စရာ။

    လွင်ဦးလို အရှက်ကြီးတတ်မယ်ဆိုရင်တော့ လူဦးရေ အတော်လျော့နေလောက်ကြပြီထင်ရဲ့။

    အားလုံးအဆင်ပြေပါစေ။

    ခင်မင်လျက်
    ကိုကိုမောင်(ပန်းရနံ့)

    ReplyDelete
  5. စကာတင် ၀တ္တုတို စာရင်းမှာတွေ့လို့
    လာဖတ်သွားပါတယ် ...
    နောင်လည်း လာဖတ်ဖို့အတွက်
    လင့်ခ်လည်း ယူသွားပါတယ် ..

    ခင်မင်လျှက်
    ဆောင်းနှင်းရွက်

    ReplyDelete
  6. ဇကာတင် ၀တ္ထုလေး လာဖတ်သွားပါတယ်ခင်ဗျ။ တကယ်ကောင်းတဲ့ သရုပ်ဖော်လေးပါပဲ။

    ReplyDelete
  7. ကိုသတိုးရေ

    ဆိုက်ထဲဝင်ရောက်ကူညီရေးသားပေးတဲ့အတွက်ရော ဒီပို့စ်လေးကို ဖတ်ရတဲ့အတွက်ပါ အထူးကျေးဇူးတင်ပါတယ်ရှင်။

    မိတ်ဆွေ ဘလော့ဂ္ဂါတွေကိုလည်း ဖိတ်ခေါ်ပေးပါဦးရှင်။
    အကူအညီတောင်းပါတယ်ရှင်။

    ခင်မင်လေးစားလျက်
    မေသိမ့်သိမ့်ကျော်
    www.moba4all.org

    ReplyDelete
  8. အစ်ကိုသတိုး

    ပထမဆုံးလာဖတ်ဖြစ်တာပါ..အွန်လိုင်းဝတ္ထုတိုဆုရရှိသွားတဲ့အတွက် ဂုဏ်ယူပါတယ်..

    လေးစားခင်မင်စွာဖြင့်

    ပန်းချီ :)

    ReplyDelete
  9. ဝထ္တုလေးက တကယ်ကောင်းပါတယ်။ ဆုရတဲ့အတွက် ဂုဏ်ယူပါတယ်

    ReplyDelete
  10. ကိုသတိုးရေ
    ကျွန်တော်က အကို ပထမ ရမယ်လို့ထင်ထားတာ
    ဒါပေမယ့်အကိုရာ အကိုဝတ္ထုတိုထဲမှာ မရှင်းတာတွေရှိသေးတယ်။
    ဒီဝတ္ထုတိုကို အကျယ်ထည့်ရေးပြီး ၀တ္ထုရှည်လုပ်လိုက်ရင်ပိုကောင်းမယ်ထင်တယ် အကို
    ကျွန်တော်က အကြံပေးတာပါး)

    ReplyDelete
  11. လာရောက်ဖတ်ရှုသွားပါတယ်ခင်ဗျာ...

    ReplyDelete
  12. ဒီလိုလူယုတ်မာတွေအမျာုးကီး..ပညာတတ်..မျိုးရိုးကောင်းဆိုတာ
    တွေယုတ်မာနေုကတာ..ေုကာင်သူတော်ုကွက်သူခိုးတွေကိုမှလူတွေ
    ကအထင်ုကီးတတ်ုကတာလား..
    လေးစားစွာဖြင့် လာဖတ်သွားပါတယ်..

    ReplyDelete
  13. စာကောင်းလေးမို့လင့်ခ်ချိတ်သွားပါတယ်..........နောက်လည်းစာကောင်းပေမွန်လေးတွေရေးနိုင်ပါစေ

    ReplyDelete
  14. နွေမိုးDecember 22, 2011 at 1:58 AM

    ဆရာသတိုး -ခင်ဗျား
    ကျွန်တော်ဟာ နွေမိုးအမည်နဲ့ အွန်လိုင်းဝက်ဆိုက်များပေါ်မှာ
    လေ့လာနေသူတစ်ဦးဖြစ်ပါတယ်။ စာရေးဆရာတစ်ဦးလည်းဖြစ်ပါတယ်။
    အခု ကျွန်တော်ဟာ အင်တာနက်နဲ့ပတ်သက်တဲ့စာအုပ်တစ်အုပ်ထုတ်ဝေဖို့
    စီစဉ်နေပါတယ်။ ထုတ်ဝေနေကျ နည်းပညာစာအုပ်မျိုးမဟုတ်ပါ။
    အင်တာနက်ဝက်ဆိုက်များနဲ့ နီးစပ်မှုမရှိ၊ ကျွမ်းဝင်မှုမရှိသေးသူများ
    အင်တာနက်ဝက်ဆိုက်များပေါ်က ဖော်ပြချက်များကို သိရှိခံစားနိုင်ဖို့ရည်ရွယ်ပြီး ထုတ်ဝေမယ့်စာအုပ်ဖြစ်ပါတယ်။ စာအုပ်အမည်ကို Paper Websiteလို့ပေးထားပြီး
    အမှတ်စဉ်တပ်ပြီး လစဉ် တစ်လတစ်အုပ်ထုတ်ဝေသွားမှာဖြစ်ပါတယ်။
    အဲဒီစာအုပ်လေးထဲမှာ ၀က်ဆိုက်များပေါ်က ကောင်းနိုးရာရာ၊ လူအများဖတ်သင့်တယ်
    လို့ယူဆရတဲ့ စာပေများကို ဖော်ပြသွားဖို့ စီစဉ်ထားပါတယ်။
    လူကြီးမင်းရဲ့ သတိုး-၀က်ဆိုက်မှာဖော်ပြထားတဲ့
    ပတ္တမြားလှံတံ--ကို နှစ်သက်တဲ့အတွက်
    ကျွန်တော်ထုတ်ဝေမယ့် Paper Websiteစာအုပ်မှာ ထည့်သွင်းအသုံးပြုခွင့်ပေးပါရန်
    ပန်ကြားအပ်ပါတယ်။ လောလောဆယ်တွင် စာအုပ်မှ အကျိုးအမြတ်ကို မျှော်လင့်၍မရပဲ
    အရှုံးခံထုတ်ဝေရမည်ဖြစ်၍ စာမူခချီးမြှင့်နိုင်မည်မဟုတ်ပါသဖြင့် နားလည်ခွင့်လွှတ်ပေးပါရန်
    တောင်းပန်အပ်ပါသည်။ စာအုပ်လက်ဆောင်ပေးပို့ပေးပါမည်။ စာအုပ်ပို့ပေးနိုင်ရန်
    လူကြီးမင်း၏လိပ်စာကို အောက်ပါအီးမေးသို့ပေးပို့ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

    nwaytamun@gmail.com

    စာအုပ်ပေးပို့ရန် အခက်အခဲရှိတဲ့နေရာဆိုရင် (ဥပမာ) နိုင်ငံခြားမှာနေသူဆိုရင်
    စာအုပ်ပီဒီအက်ဖိုင်ကို ပို့ပေးပါမယ်။

    နောက် ဆက်လက်ထုတ်ဝေမည့်စာအုပ်များတွင်လည်း
    ပုံနှိပ်ဖော်ပြရန်သင့်လျော်သည့် လူကြီးမင်း၏စာမူများကို
    မည်သည့်ဝက်ဆိုက်မှဖြစ်စေ အသုံးပြုခွင့်ပေးပါရန်နှင့် အသုံးပြုလိုပါက
    ခွင့်ပြုချက် ကြိုတင်တောင်းခံသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

    ခင်မင်လေးစားစွာဖြင့်-
    နွေမိုး

    ReplyDelete
  15. အောင်မြင်မှုအတွက် ဂုဏ်ယူတယ်အကိုရာ။ ကျနော်တော့ ဒီထက်ကောင်းတဲ့ အပုဒ်တွေ အများကြီးလို့ မြင်မိတော့တာပဲ။

    ReplyDelete
  16. ကိုသတိုးရေ...
    မင်္ဂလာပါ. ဒီဝတ္ထုတိုလေးကို Myanmar Blogs Digest Page လေးမှာ ဝေမျှဖို့ ယူသွားခဲ့ပါတယ်။
    အခုလိုမျိုး စာကောင်းပေမွန်လေးတွေ ဆက်လက်ရေးသားနိုင်ပါစေဗျာ.

    https://www.facebook.com/mmblogsdigest

    ခင်မင်စွာဖြင့်

    Yan.

    ReplyDelete

စိတ်ထဲ ခံစားမိသလို မျှဝေပြောပြခဲ့ပါဦး...။