Friday, February 17, 2012

ဧဒင်မှာ…..




 ထိုနေ့နံနက်ခင်းမှာ ရင်ခွင်ထဲသို့ ရောက်ရှိလာခဲ့သော အနီရဲရဲ နှင်းဆီပန်းစည်းကြီးကို အံ့သြပျော်ရွှင်စွာ ပွေ့ပိုက်လျှက် …
“ကျေးဇူးတင်လိုက်တာ လပြည့်ရယ်။ ပြီးတော့ လီလီ … ရှင့်ကို ချစ်လိုက်တာ”
                   မြူးပြစွာ တဆွဆွခုန်လျှက် သူ့လက်မောင်းတစ်ဖက်ကို ခိုတွယ်နွဲ့တာ နေခဲ့မိသေးတာ ဖြစ်သည်။ သူကတော့ အခါများစွာကအတိုင်း နူးညံ့ရွှန်းလက်သော မျက်ဝန်းတွေနှင့် လီလီ့ကို ချစ်နိုးစွာ စိုက်ကြည့်ကာ ခပ်နွေးနွေး ပြုံးနေခဲ့ရုံသာ။ လီလီက သူ့ကိုယ်စား နှင်းဆီပန်းရဲရဲကြီးတွေကို ခုံမင်နှစ်လိုစွာ ရှိုက်မွှေးပစ်လိုက်မိတော့သည်။
                   ရစ်ပတ်နှောင်တွယ်တတ်သော၊ စစ်မှန်သော အချစ်ကို ကိုယ်စားပြုနေသည့် နှင်းဆီနီရဲရဲက နှစ်ဆယ့်တစ်ပွင့်တိတိ။ အိုး.. ။ အဲဒီအဓိပ္ပါယ်ကို လီလီ သိနေသည်။ လပြည့်က လီလီ့ကို ထာဝရ သစ္စာရှိရှိ ချစ်နေမှာပါလို့ ဆိုလိုချင်တာ ဖြစ်မည်။
                   နှုတ်နည်းအေးဆေးသော လပြည့်က လီလီ့ကို ပန်းပွင့်တွေနှင့် မကြာခဏ စကားပြောတတ်လေ့ ရှိဖူးတာလေ။ လီလီကလည်း လပြည့်၏ ပန်းစကားတွေကို နားလည်နိုင်အောင် ကြိုးစားပမ်းစား လေ့လာ၊ မှတ်သားထားခဲ့ရတော့တာပေါ့။ ဥပမာ… နှင်းဆီပန်း တစ်ပွင့်တည်း ပေးလာလျှင် မြင်မြင်ချင်း ချစ်မိတယ်လို့ အဓိပ္ပါယ် ရတာ။ ပြီးတော့  ကိုယ် မင်းတစ်ယောက်ကိုပဲ ချစ်မှာပါ တဲ့။ နှစ်ပွင့်ဆိုလျှင်တော့ စွဲစွဲမြဲမြဲ ချစ်ကြစို့ တဲ့။ သုံးပွင့်ဆိုလျှင် I love you!
                    လပြည့်က နှင်းဆီ ခုနစ်ပွင့်ကို လီလီထံ နေစဉ်ပေးဆက်ခဲ့ဖူးသေးတာ ဖြစ်သည်။ အဲသည်စဉ်က လီလီ့အချစ်ကို သူ အရူးအမူး တောင်းခံနေခဲ့တဲ့ အချိန်ပေါ့။
                   လီလီ့ကို လက်ထပ်ခွင့်တောင်းမယ့်နေ့ကျရင် နှင်းဆီနီ တစ်ရာ့ရှစ်ပွင့်တိတိ  လက်ဆောင်းပေးကာ ခွင့်တောင်းချင်ပြန် သေးသည်တဲ့။ အဲဒီလပြည့်ဟာ အလွန် စိတ်ကူးယဉ်လှသူလည်း ဖြစ်သည်။ အဲဒါတွေကြောင့်လည်း လီလီ ရှင့်ကို မငြင်းရက်ခဲ့တော့တာ။ မချစ်ပဲမှလည်း မနေနိုင်ခဲ့တာ လပြည့်ရယ်။
လီလီက သူ့ကို  ကျီစယ်ချင်သေးသည်မို့…
 “လီလီက နှင်းဆီ အပွင့်တစ်ထောင်နဲ့မှ ရှင့်ရဲ့ လက်ထပ်ခွင့်ကို လက်ခံမှာ “
                   … ဆိုမိတော့
“အဲဒါဆို လီလီက ကိုယ့်ကို ပန်းဆိုင်ပြန်ဖွင့်ပြီး ကျွေးရတော့မှာ”
                   ….တဲ့။
                                                ***********

ဗယ်လင်တိုင်းဒေးဟု  အများက သတ်မှတ်ရင်ခုန်ကြသော တိမ်ပြာပြာ၊ နေသာနေ့ရဲ့ လမ်းမတွေ ပေါ်မှာ၊ ကားပေါ်မှာ၊ ပန်းခြံတွေမှာ အခါတိုင်းထက် အသွားအလာများ ပျားပန်းခပ်နေလျှက်..။ သို့ပေမယ့် လီလီကတော့ တစ်လောကလုံးမှာ လီလီတို့ နှစ်ယောက်တည်းသာ ရှိနေတော့သလို ထင်ယောင်ပျော်ရွှင်ကာ ကြည်နူးကျေနပ်နေမိခဲ့တာ ဖြစ်သည်။ ဘုရားပေါ်မှာလည်း သက်ရွယ်တူ လူငယ်ချစ်သူ စုံတွဲတွေ အများသားပေ။ လီလီတို့နှယ်ပင် အင်္ကျီ၊ ဘောင်းဘီ အရောင်၊ ဒီဇိုင်း ဆင်တူတွေနှင့်။ လူလတ်ပိုင်းအရွယ် စုံတွဲတစ်ချို့ကိုလည်း မြင်ရတတ်သေးသည်။ လီလီကတော့ လီလီနှင့် လပြည့်တို့၏ ရဲရဲပပ လင်းဖြာနေသော အသည်းနှလုံး ဒီဇိုင်းပုံပါသည့် ဆင်တူအင်္ကျီလေးကို သဘောအကျကြီး ကျနေမိကာ ဘုရားဝတ်ဖြည့်ရတာပင် စိတ်က မငြိမ်ချင်။
                   လီလီ့အာရုံထဲမှာ ချစ်သူများအကြား ခေတ်စားလှသော ‘လမ်းမခွဲကြေး ကတိစာချုပ်ကလေး’ ကလည်း အချိန် အတော်ကြာ နေရာယူနေခဲ့ဖူးတာ ဖြစ်သည်။ လပြည့်ကို အဲဒီ ဆိုင်ကလေးဆီ ခေါ်သွားရမည်။ ထိုစာချုပ်ကပ်ပြားလေးပေါ်မှာ လီလီတို့နှစ်ယောက် အပြန်အလှန်၊ ၀န်ခံကတိတွေ ထားကြမည်လေ။
                   ဆိုင်ကလေးဆီ မျှော်လင့်တက်ကြွစွာ လိုက်ပါလာခဲ့သော လပြည့်က…
 “ကိုယ်တို့နှစ်ယောက်ရဲ့ အကြိုလက်ထပ်စာချုပ်ကလေးလို စိတ်မှာ ထင်နေတယ်”
                   လီလီတစ်ယောက် ရင်ခုန်မြန်ရပြန်သည်။ အပြန်အလှန် ကတိစကားတွေနှင့် ကိုယ်စီလက်မှတ် ရေးထိုးအပြီးမှာတော့ လီလီတို့နှစ်ယောက်ဟာ ဟို ယခင်ကာလတွေကထက် ပိုမိုရင်းနှီးစေးကပ်လာခဲ့ပြီဟု ယုံကြည်မိတော့သည်။  ဘာ အကြောင်းကြောင့်မှ မခွဲချင်တော့ပြီ။
                                                **********

                   ကမ္ဘာဦးအစက အာဒံနှင့် ဧ၀တို့သည် လီလီတို့နှစ်ယောက်အဖြစ် ပြန်ဝင်စားလာကြပါသလားဟု လပြည့် ခွံ့ကျွေးလာသော ချောကလက်ကို မြံ့ဝါးလျှက် တွေးနေမိသေးသည်။ နေဦး..။ ချောကလက်မှာပါတဲ့ ဓါတ်တစ်မျိုးက အချစ်စိတ်ကို နိုးထစေတယ် ဆိုပါလား။ လပြည့်ပဲ ပြောခဲ့ဖူးတာ ဖြစ်သည်။  ဧဒင်ဥယျာဉ် တကယ်ရှိနေလျှင် လပြည့်နှင့်အတူဆို လိုက်ပါရဲသည့် သတ္တိထူးတို့ဖြင့် လီလီတစ်ယောက် မြူးကြွနေခဲ့သည်။
                   ဒါပေမယ့် ချစ်သူ့နယ်မြေသို့ ခြေချမိစဉ် ဧဒင်၏ အ၀င်ဝ မုဂ်ဦးသည်ပင် လီလီ မျှော်လင့်ထားသည်နှင့် ခြားနားလှကြောင်းကို ချက်ချင်း အသိဝင်သည်။ ပန်းရောင်စုံဖူးပွင့်လျှက် စမ်းချောင်းနံဘေးမှာ တေးသီးနေသော ငှက်ကျေးတို့လည်း ဘယ်မှာ ရှာမတွေ့ပြီ။ အဆောင်ဆောင်၊ အခန်းခန်းဖြင့် မွန်းကျပ်လှောင်အိုက်ချင်စရာ။ အလင်းယဲ့ယဲ့အောက်မှ မှိုင်းပြပြ ဧဒင်သည် လီလီမှတ်ထင်ထားသလို သာယာငြိမ်းချမ်းလျှက် ပျော်ရွှင်ကြည်နူးဖွယ် အတိ ရှိမနေနိုင်ခဲ့ပေ။
 သံသယငွေ့ငွေ့ဖြင့် လီလီ့ခြေလှမ်းများ တုန့်နှေးသွားခဲ့တာကို လပြည့်လည်း ရိပ်မိနားလည်နေမှာပဲ။ လီလီ့လက်ကို တွဲဆုတ်ထားတဲ့ လပြည့်ရဲ့ လက်တွေက တင်းကျပ်လာတော့သလို အနေခက်ရပြန်သည်။
                   ဘုရားရေ..။ ဧဒင်မှာ လီလီတို့ချည်းလည်း မဟုတ်ပါပဲ။ အာဒံ၊ ဧ၀တို့၏ ကိုယ်ပွား၊ ချစ်သူစုံတွဲတွေလည်း အများသားပေ။ ဒါပေမယ့် လီလီ မနှစ်မျို့နိုင်တာက သူတို့၏ မျက်ဝန်းတွေ၊ အပြုံးတွေကို ဖြစ်သည်။ ချစ်ခြင်းတွေနှင့်  နွေးမြမြ မိန်းမူးရင်ခုန်ဖွယ် နူးညံ့ရွှန်းလက်နေခဲ့မည် ထင်ခဲ့တာ။ ခုတော့ လူမြင်မခံဝံ့သော၊ လျှို့ဝှက်ထားသော အလျှံတစ်မျိုးဖြင့် လောင်မြိုက်ကာ ဆူဝေနေကြသည်လား။
လီလီသည် ဧဒင်ဧည့်ခန်းမှာ အရုပ်ကြိုးပြတ် ထိုင်ချလိုက်လျှက် နောင်တဖြင့် ပူပန်စပြုသည်။ ရှက်ရွံ့တုန်လှုပ်လျှက် ပြိုကွဲချင်နေခဲ့ပြီ။  
“လီလီ…”
                   ငိုင်ငိုင်ကလေး ငြိမ်တွေးနေမိလျှက် ပါးပြင်နှင့်  နီးးကပ်လွန်းလှသော ထွက်သက်နွေးနွေးကြောင့် ဖြုန်းခနဲ လန့်သွားသည်။
‘လီလီ ငြိမ်လှပါလား။ နေမကောင်းဘူးလား”
“အင်း…”
‘ ခေါင်းမူးလို့လား”
“အိမ်ပြန်ချင်တယ်”
                   လီလီက  အခွင့်ကောင်းကို နင်းလိုက်လျှင် လပြည့်၏ မျက်နှာနုနုက အပျက်ကြီး ပျက်လေသည်။ လီလီ့ကို အဲလို အကြည့်တွေနဲ့ မကြည့်ပါနဲ့ လပြည့်ရယ်။ လီလီ ရှင့်ကို အထင်မသေးချင်ဘူး။ မမုန်းချင်ပါဘူး။
“အိမ်ပြန်ရအောင် လပြည့်ရယ် နော်”
                   ဘုရားရေ…။ လီလီ  လူကဲခပ် မှားတော့မလား မသိ။ လပြည့်၏ နူးညံ့နွေးထွေးခဲ့ဖူးသော မျက်နှာရိပ်မှာ လီလီ တစ်ခါဖူးမျှ မကြုံဆုံခဲ့ဖူးသော သူတစ်စိမ်းတစ်ယောက်၏ အရိပ်တစ်မျိုး ဘယ်အချိန်ကတည်းက ဖြတ်သန်းသွားခဲ့ သလဲ။ နွေးထွေးနူးညံ့ဟန်ဆောင်ထားသော အပြုံးမြမြတို့သည်လည်း  လီလီ့အား အလိုလိုက်မည့်ဟန်လည်း  စွန်းစမထင်တော့ပေ။ လီလီသည် ထိုခဏငယ်မှာပင် ၀မ်းနည်းလျှက် တပြိုင်နက်မှာ ထိတ်လန့်သည်ထက် ထိန့်လန့်လို့ လာခဲ့တော့ပြီ။
မဖြစ်ဘူး။ လီလီ အပြင်းအထန် ငြင်းဆန်ရတော့မည်။ ကြည်ဖြူနှစ်လိုပြီးသား ချစ်သူနှစ်ယောက်ဟာ နံရံတစ်ချပ်ခြားထားသော အမှောင်ကမ္ဘာငယ်မှာ ဘယ်လောက်ကြာကြာ ဖြူစင်နိုင်ကြပါမလဲ။
‘’ဒီထိတောင် ရောက်လာပြီးမှကွာ။ ကိုယ် ဂျုစ်တစ်ခုခု သွားယူပေးမယ်လေ။ ခဏနေရင် ကောင်းသွားမှာ…”
                    လီလီ့ငြင်းဆန်စကားကို ဂရုစိုက်ဖော်မရပဲ ခပ်ပြုံးပြုံးဆိုစကားနှင့်အတူ လပြည့်တစ်ယောက် အပါးမှ ခွာသည်။ ညစ်ကျယ်ကျယ်ပြုံးတုံ့နေသော ကောင်တာမှ လူနှင့် တွတ်ထိုးနေစဉ်  လီလီ လှစ်ခနဲ နေရာမှ ထသည်။ နောက်ကြောင်းပြန်ပြေးရန် ခြေဟန်ပြင်လျှက် အပြေး…။ တစ်လှမ်း…။ နှစ်လှမ်း…။
 အင့်ခနဲ တစ်စုံတစ်ယောက်နှင့် မုဂ်ဦးအ၀င်ဝမှာ ၀င်တိုက်မိကာ  လူက လည်ထွက်သွားရလျှက်  ပုံလျှက်သား ပစ်လဲကျသွားရသည် ။ နာကျင်မှုကို အမှုမထားအား။ အားယူကာ ကုန်းထလိုက်ရင်း အနီးသို့ ရောက်လာသည့် အင်အား ကြီးမားပုံရသော တစ်ဖက်လူကို အငြိုးတကြီး မောကြည့်မိလျှင်..။
                   ဟင်ခနဲ မင်သက်မိလျှက် နေရာမှာ ကျောက်ရုပ်ဖြစ်သွားရသည်။ တစ်ဖက်ကလည်း လီလီအား မြင်တွေ့သွားတော့ကာ အံ့အားတသင့် တုန်လှုပ်လျှက်။
“ဖေဖေ…”
                   လီလီ့ စိတ်အတွေးထဲက အသံကို ဖေဖေ မကြားနိုင်ပါ။ ဖေဖေ့နံဘေးက မေမေ မဟုတ်သော ဖေဖေ့ ဧ၀မလေးကတော့ လီလီ့တို့ အဖြစ်ကို အနည်းငယ်မျှ ရိပ်စားမိဟန်မတူ။ လီလီ့အား ဖျတ်ခနဲ သာမန်မျှ တစ်ချက်ကြည့်ကာ ဖေဖေ့လက်မောင်းတစ်ဖက်ကို ယီးလေးခိုလျှက် ဧဒင်နန်းဆီ မျှော်မော စိတ်စောနေပြန်တော့သည် လား။    
“လီလီ…”
“လီလီ…”
                   လီလီ နောက်လှည့် မကြည့်ဖြစ်ပါ။ လပြည့်ပဲ ဖြစ်ဖြစ်၊ ဖေဖေပဲ ဖြစ်ဖြစ် ..လီလီ ဂရုမစိုက်ဘူး။ ပြီးတော့ အားလုံးကို လီလီမုန်းသည်။ သူတို့နှင့် အဝေးဆုံးကို လီလီ ပြေးပုန်းပျောက်ကွယ်သွားချင်ပြီ။
                   အရှိန်ပြင်းပြင်း မောင်းဝင်လာတဲ့ ကားတစ်စီး၏ အရိပ်က မျက်ဝန်းထောင့်မှာ ဖျတ်ခနဲ အရိပ်ထင်ရုံ။ ဒုန်းခနဲ မြည်ဟီးသံက ကျွီခနဲ ဘရိတ်အုပ်သံထက် စက္ကန့်များစွာ နောက်ကျသွားခဲ့ပေါ့ ။ လေထဲမှာ မြောက်တက်သွားသလို အသိမှောင်။ လီလီ့ရဲ့ နောက်ဆုံးအချိန်မှာ ရင်ဘတ်အစုံပေါ်  နှင်းဆီပန်းတွေ လာတင်မပေးကြဖို့  သူတို့အားလုံးကို မှာခဲ့ချင်သေးသည်။     ။


                                                                                                                 သတိုး




http://www.facebook.com/#!/tin.nwe1

6 comments:

  1. သနားစရာလေး....း(
    ချစ်သူကို မယုံမရဲဖြစ်ရတဲ့ အချိန်မှာ အဖေ့ ကို ပါ အဲ့လို နေရာမှာ ထပ်တွေ့လိုက်ရတာ ဘယ်လောက်များ နာကြင်သွားမလဲး(


    နောင့်

    ReplyDelete
  2. ပြောစရာစကားလုံးတွေ မဲ့နေတယ်ယ.. ကိုသတိုးရေ... အဲဒီဓါတ်ပုံတွေ.. ဒီလိုအဖြစ်တွေကို ကျွန်တော်တို့ ဒီထက်ပိုပြီးရင်ဆိုင်ရလိမ့်မယ်... အလိမ္မာစာမှာရှိသလို.. မျိုးဆက်သစ်တွေ စာဖတ်များရင် ကောင်းမယ်ဗျာ.....


    ခင်မင်လျက်
    နေ၀သန်

    ReplyDelete
  3. ချော(အစိမ်းရောင်လွင်ပြင်)February 18, 2012 at 3:18 PM

    ဖတ်ပြီး ဘယ်လိုပြောရမှန်းမသိတဲ့ ခံစားမှုမျိုးကို ခံစားရတယ်
    လီလီလေး သနားဖို့ကောင်းလိုက်တာ
    ယုံကြည်ဖို့မကောင်းတော့တဲ့ ချစ်သူ
    ကိုယ်ကျင့်တရားပျက်ပြားနေတဲ့ ဖခင်
    သူ့အတွက် တကယ့်ကို ငရဲလိုဖြစ်သွားမှာဘဲ...
    ကြော်ငြာဆိုင်းဘုဒ်ကြည့်ရတာ မသတီစရာကောင်းလိုက်တာ

    ReplyDelete
  4. သနားတာပဲသိတော့တယ်။
    နာကဝမ်းနည်းတတ်တယ်နော် အဟင့်!

    ReplyDelete
  5. ကားတိုက်ခိုင်းလိုက်တာ သမားရိုးကျ ဆန်လွန်းတယ်လို့ ထင်တယ် ကိုသတိုးရာ။ သူ့ဟာသူ အိမ်ပြန်ရောက်သွားလဲ ဇာတ်လမ်းက အရသာမလျော့ဘူး ထင်မိတာပါ။ သူအသက်ရှင်နေမှ ဇာတ်ကို ဖွင့်ပေးထားသလိုဖြစ်နေမယ်လို့ ထင်မိပြန်ရော။

    ReplyDelete

စိတ်ထဲ ခံစားမိသလို မျှဝေပြောပြခဲ့ပါဦး...။