Friday, June 13, 2014

သုဉ်း ရွာကလေး




                        ဖိုးဖိုးကြီး၏ ဈာပနပွဲသည် ထင်မှတ်ထားသည်ထက်ပင် ခြောက်ကပ်တိတ်ဆိတ်လှတော့သည်ဟု ဖိုးဖိုးကြီး၏ သမီးအကြီးဆုံးဖြစ်သော ကြီးကြီးညွန့်က မချိတင်ကဲ မျက်ရည်ကျရှာသည်။
                        လွန်ခဲ့သော အနှစ်နှစ်ဆယ်ခန့်၊ ကြက်ပျံမကျ စည်ကားလှသည်ဟု ပြောစမှတ်တွင်ခဲ့သော ဖွားဖွားကြီး၏ အသုဘအခမ်းအနားနှင့် လားလားမျှမဆိုင်။ ရဟန်းဒါယိကာ၊ ကျောင်းဒါယိကာကြီးမို့သာ ထီးဖြူယှက်မိုးသဂြိုလ်ခွင့်ရသည်ဆိုရုံ။ ဖွားဖွားကြီး၏ အုတ်ဂူနံဘေးမှာ အရွယ်တူ၊ ပုံစံတူ အုတ်ဂူလေးဖြင့် လျှောင်းစက်ရရုံဖြင့် ကျေနပ်ဖြေသာရတော့မည် ဟု ဖိုးဖိုးကြီး၏သား ဦးလေးတစ်ယောက်က သူ့ကိုလိုလို၊ ကိုယ်ကိုယ်တိုင်ပဲ နှစ်သိမ့်သလို ဆိုပြန်သည်။
                        ဖွားဖွားကြီးတုန်းကတော့ သက်တမ်းကုန်လို့ ကြွေလွင့်သေလွန်ခဲ့ရသည်ကိုပင် ယူကျုံးမရ ပူဆွေးဝမ်းနည်းမဆုံး၊ ရင်ဘတ်စည်တီး ငိုကြွေးမြည်တမ်းကြသူတွေလည်း များမှများလှပေ။ သားနှင့်သမီး ငါးယောက်၊ အိမ်ထောင်ဘက်ငါးဦးနှင့် စုံဖက်ထားသော မြေးမြစ်များက တစ်ဖြာမက၊ ဖိုးဖိုးကြီးတို့က ရွာမှာ လယ်မြေဧကများစွာ ပိုင်ဆိုင်ထားသည်မို့ ကြည့်ရှုစောင့်ရှောက်ထားရသူ အလုပ်သမား မိသားစုလည်း များလှသည်။ ဖိုးဖိုးကြီးတို့၏ ငွေကြေးအထောက်အပံ့နှင့်လည်း တစ်ရွာလုံးနီးပါး မကင်းရာ၊ မကင်ကြောင်းချည်းသာမို့ ရွာမှာ သြဇာအသင့်အတင့် ရှိကြသည်။ တစ်ရွာလုံးက ဖွားဖွားကြီး၏ ရုပ်ကလပ်ကို သာမန်အသုဘအဖြစ် ပြီးစလွယ် မပျောက်ကွယ်သွားကြစေလို။ ရဟန်းမယ်တော်ကြီးမို့ “မယ်တော်ပျံ” ဟု အထူးပြုကာ ဈာပနအခမ်းအနားကို ကိုးရက်ကိုးညတိုင်တိုင် ၀ှဲချီးကျင်းပခဲ့ကြတာဖြစ်သည်။
                        ဖိုးဖိုးကြီး၏ အလှည့်မှာတော့ ငိုကြွေးမြည်တမ်းသံ ကြားရသော်လည်း မမြိုင်ဆိုင်လှဘူးဟု လက်ရှိသားသမီး၊ မြေးမြစ်အားလုံးက စိတ်မှာ အားမရချင်။ ဖွားဖွားကြီးတုန်းကလို အလောင်းကို ရေချိုးသန့်စင်၊ ခုံတင်၊ သေတ္တာထည့်ကြရာမှာ အယုအယက်၊ အုန်းတသဲသဲလည်း မရှိကြပြီ။ ဟိုလူ့သွားခေါ်ပါဦး၊ ဒီလူ့စောင့်ပါဦး တစ်ယောက်တစ်ပေါက်ဆိုကြရင်း အနားမှာ ရှိနိုင်သလောက်သော လူနှင့်ပင် မြေကျရတော့မည့် အဖြစ်ပေ။
                        ဘွားဘွားကြီး၏ မယ်တော်ပျံအခမ်းအနားအတွက် ဟီးထနေအောင် ထည်ဝါပြိုးပြက်သော မဏ္ဍပ်ကြီးကို နေ့ချင်းပြီးဆောက်ခဲ့ကြသည်ဟု ပြောလျှင် ခုခါ… ယုံချင်စရာပင် မရှိပြီ။ ဖွားဖွားကြီးတုန်းက ထမင်းကျွေးရုံတစ်ခြမ်းစာ ကန္နာဖျင်းကလေးကိုပင် သစ်ဝါးရှာတော့လည်း သည်လူတွေ၊ တိုင်ထူ၊ တာပေါ်လင် အမိုးတင်၊ နှီးစချည်နှောင်တော့လည်း သည်မျက်နှာတွေ၊ အိုးခွက်၊ ပန်းကန်ခွက်ယောက် ငှားပါဦးဆိုတော့လည်း သည်လူတစ်စုသာပေ။ ချက်ရေးပြုတ်ရေးသာမက ထမင်းကျွေးလည်း သည်လူတွေပဲ ပါရပေဦးမည်။ ဘုန်းကြီးပင့်လည်း သူတို့နှင့် လွတ်မည်မထင်။ မြေကျလျှင်လည်း သူတို့နှင့်သာ ပြီးရဦးမည်ပဲ။
                        ဖွားဖွားကြီးမယ်တော်ပျံမှာ ဧည့်ခံဆိုင်းငှားရန်၊ ဧယာဉ်ကျူး မင်းသမီးထည့်ရန် တစ်ယောက်တစ်ပေါက် အကြံဥာဏ်ပေးနေကြတာသည်ပင် ပတ်တုတ်လို့မရခဲ့။ ရွာဦးကျောင်းဆရာတော်ပင် မနေသာပဲ ၀င်ပါလေမှ စကားနည်း၊ ရန်စဲ ဆုံးဖြတ်ချက်ကျနိုင်ခဲ့တော့တာဖြစ်သည်။ ဒါတောင် မော်ကျွန်းဧည့်ခံဆိုင်းကို မြို့အထိ စက်လှေဖြင့် အကြို၊ အပို့လိုက်ချင်သူတွေ စကားနိုင်လုကြသေးသည်။ ဧယာဉ်ကျူးမင်းသမီးကို မိမိအိမ်မှာ တည်းခိုစေချင်သူတွေလည်း မရှားလှ။ ဆိုင်းအဖွဲ့လိုက်ပါလာသော စက်လှေကြီး  ရွာကမ်းနဖူးသို့ဆိုက်ရောက်လျှင် ရွာရှိလူကုန်နီးပါး၊ ပျိုပျိုအိုအို၊ ကျားမ မဟူ ဆင်းကြိုကြသည်မှာ ကမ်းလုံးညွတ်တော့သည်။ လုလင်ပျိုများက ဆိုင်းသေတ္တာတွေကို အလုအယက်ထမ်းတင်ကြသည်မို့ ပြိုက်ခနဲ၊ စက်လှေအခွံချည်း ဖြစ်သွားရတော့သည်။
“သူ့အဖေရှိရင် ဒီလိုပွဲမျိုး ရှေ့ဆုံးကရောက်လာမှာ။ သာမှုနာမှု တစ်ရွာလုံးကိစ္စ၊ သူ့ကိစ္စလိုပဲ”
                        ဦးလေးငယ်၏ ဇနီးက အဝေးရောက်ခင်ပွန်းသည်ကို တမ်းတမျက်ရည်ကျပြန်သည်။ ဦးလေးငယ်၏ ဇနီးမှ မဟုတ်ပါ။ ရွာမှာ သာမှုနာမှု ကိစ္စပေါ်တိုင်း ကိုယ့်ဆွေကိုယ်မျိုးအရင်းအချာတွေဆီ ပြေးပြေးလွှားလွှား ဖုန်းဆက်အကြောင်းကြားကြ၊ ဟိုတစ်ဘက်သားတွေက ပြန်လာချင်တယ်၊ လာနိုင်ဖို့ ကြိုးစားကြည့်ဦးမယ် … မယုတ်မလွန် စကားပြန်လာကြ၊ ကျန်ရစ်သူများခင်မျာ တမျှော်မျှော်နှင့် ပွဲလန်းအမှုကိစ္စကြီးသာ ပြီးမြောက်သွားခဲ့သော်လည်း ရွာကိုတစ်ခေါက်တကျေး ပြန်ရောက်လာနိုင်သူက ရှာမှ ရှားလှတော့သည်။
                        ဖွားဖွားကြီးတုန်းက ဖွားဖွား၏မြေး၊ ကျွန်တော်တို့မောင်နှမတွေမှာ လူကြီးတွေ ငိုတော့လည်း ငိုလိုက်ကြရ၊ ပြီးလျှင် တရုန်းရုန်းနှင့် ဆူညံပွက်လောရိုက်ကာ ပျော်ရွှင်နေကြပြန်တာဖြစ်သည်။ စပ်ပန်းချီလက်ရာ စုလစ်မွန်းချွန်တွေနှင့် ပြိုးပြက်ကာ နေရောင်မှာ တလက်လက်ဖြာနေသော ဖွားဖွားကြီး၏ အလောင်းစင်ကို ပြင်ဆင်မွမ်းမံကြ၊ ကိုယ့်ကိုယ်ကိုလည်း ပွဲလန်းသဘင်နွှဲရတော့မှာလို ပြင်ဆင်ခြယ်သကြနှင့် အနားမျှ မရနိုင်။အဖိုးအဖွားသေရင် မြေးတွေပျော်ကြတယ်ဆိုတာ ဟုတ်မှာပဲ။
“ကျွန်မတို့တောင် ရွာပြန်မရောက်နိုင်တာ ဘယ်လောက်ကြာပြီလဲ။ လာမယ်၊ လာမယ်… ချိန်နေရင်း ဟော… အခု မဖြစ်မနေအရေးကိစ္စရှိမှ ရောက်နိုင်တော့တာလေ။ တစ်ပြည်ရပ်ခြားက လူတွေတော့ ပြောမနေနဲ့တော့။ ကိုယ်ချင်းစာပါတယ်”
                        မေမေက မျက်ရည်မစင့်တစင် မို့အစ်နီရဲ မျက်ဝန်းတွေနှင့် ဆွေးဆွေးလျလျ ဆိုသည်။ အမှန်ပဲ။ မေမေတောင် ဖိုးဖိုးကြီး၏ ဈာပန၊ ဖခင်အရင်း၏ ကိစ္စမို့သာ ရွာကို ပြန်ရောက်နိုင်ခဲ့တာပင်။ ဖေဖေပင် ချက်ချင်း လိုက်မလာနိုင်ခဲ့။ ကျွန်တော်လည်း သင်တန်းတက်လက်စ၊ အလုပ်လက်စတွေကို ဇွတ်ပင်အာရုံဖြတ်ကာ ပြန်မရောက်ဖြစ်တာကြာပြီဖြစ်သော ရွာကို စွန့်စွန့်စားစား လိုက်ပါလာဖြစ်ခဲ့တာ ဖြစ်သည်။
“ကိုမိုးကတော့ ပညာတွေတတ်တော့ မိဘနဲ့ ရင်အုပ်မကွာ နေနိုင်တာပေါ့။ မင်း အစ်ကိုတွေ၊ ညီတွေကတော့ ပညာလေး မတောက်တခေါက်၊ မစို့မပို့နဲ့ ရောကြည်ရာ၊မျက်နုရာ… ရှာလိုက်ကြတာ၊ ခုနေ တို့သေရင်တောင် သင်္ဂြိုလ် မီမှာ မဟုတ်ပါဘူး”
                        အငိုသန်လွန်းသူဟု နာမည်ရသော ဒေါ်လေးမြိုင်က မေမေ့နှင့် အထက်အောက် ညီမငယ်ဖြစ်သည်။ ဒေါ်လေးမြိုင်၏သားနှစ်ယောက်က ကျွန်တော်နှင့် မတိမ်းမယိမ်းမို့ ငယ်ငယ်ကတော့ ရွာမှာ ကျောင်းသွားဖော်၊ ကစားဖော်တွေဖြစ်သည်။ နိုင်ငံခြားထွက်ကာ အလုပ်လုပ်ကြမည်ဟု ဆုံးဖြတ်စီစဉ်ခဲ့ကြစဉ်ကလည်း မြို့ပေါ်ရှိ ကျွန်တော်တို့အိမ်ဆီ အ၀င်အထွက်ခပ်စိတ်စိတ် ရှိခဲ့ဖူးကြတာပင်။
“ကိုယ့်ရွာမှာပဲ မိရိုးဖလာ လုပ်ကိုင်စားကြရောပေါ့ သားလေးတို့ရယ်။ အဖေတို့ အမေတို့လည်း အသက်တွေ ရလာကြပြီမဟုတ်လား။ မမာရေး၊ မကျန်းရေးရှိလာရင်တောင် ပြန်လာတွေ့ဖို့ မလွယ်ဘူး”
                        မေမေကတော့ တစ်ဦးတည်းသော သားတစ်ယောက်တည်းသာမို့ ကျွန်တော့်ကို ဝေးဝေးမလွှတ်နိုင်ဟု ဖက်တွယ်ထားဆဲပင်။
“သားတို့လည်း အတတ်နိုင်ဆုံး ကိုယ့်ရွာမှာပဲ ဓားမဦးချ နေသွားဖို့ ကြိုးစားကြည့်တာပဲ ကြီးကြီးလှိုင်ရယ်။ ဒါပေမယ့်.. ရွာမှာ ဘယ်လိုမှ အဆင်မပြေတော့ဘူးဗျ။ မိုးလေတွေမမှန်လို့ လယ်လုပ်ငန်းတွေ မကောင်းတော့တာ ကြာပြီ။ လယ်ထဲက မရရင်တောင် မြစ်ထဲက ငါးက မှန်မှန်လေးတိုးနေရင် အကြောင်းမဟုတ်သေးဘူး။ မြစ်ထဲကရတာလေးနဲ့ လယ်ထဲကိုဖြည့်နိုင်တာပေါ့။ ခုတော့ … တစ်နှစ်ပြေလည်နိုးနဲ့ အကြွေးချင်းထပ်ပြီး အတိုးငွေက လည်ပင်းနစ်လာပြီ”
                        ဒေါ်လေးမြိုင်က သူ့သားတွေ အလွန်အလုပ်ကြိုးစားကြောင်းကို အမြဲချီးမွမ်းနေခဲ့ဖူးတာပင်။ လယ်ထဲလည်း လယ်ထဲအလုပ်မို့ နေကုန်နေခမ်း မမောပမ်းတတ်ကြသူတွေ…တဲ့။ မြစ်ထဲလည်း တစ်ယောက်လျှင် လှေတစ်စင်း၊ ငါးသရောက်ပိုက် တစ်ဖောင်စီနှင့် စုန်ဆန်မပျက်ကြ။
“ကြိုးစားသလောက် အရာမထင်တော့လည်း သူတို့ စိတ်ပျက်ပြီး ဒီအလုပ်တွေကို အီလာ၊ တောက်လာတော့တာပေါ့”
                        အခုတော့ ဒေါ်လေးမြိုင်က …
“သူတို့ပုံမှန်ပို့ပေးတာလေးတွေနဲ့ လယ်စားရိတ်ထည့်နိုင်တော့ အကြွေးလေးတွေလည်း တဖြည်းဖြည်း ချောလာပါပြီ”
အကြွေးတွေကျေရင်တော့ ငါ့သားတွေ ငါပြန်ခေါ်မယ် ပြောကာ မျက်ရည်တာကျိုးပြန်သည်။
ရွာမှာ သိဟောင်း၊ ကျွမ်းဟောင်း သူငယ်ချင်းတွေလည်း အတော့်ကို ရှားပါးနေခဲ့ပြီပဲ။ တချို့က မလေးမှာ…။ တချို့ကလည်း ထိုင်းဘက်ရောက်နေတယ်… ဟု သံတူကြောင်းကွဲတွေချည်းသာ။ သူငယ်ချင်းမတစ်ယောက်ကတော့ နင်ရောက်တုန်း နင့်သူငယ်ချင်းအကြောင်းတိုင်ရဦးမယ် အစချီကာ မျက်ရည်တလည်လည် ဖြစ်နေပြန်သည်။
“လက်ထပ်ပြီး တစ်နှစ်ကျော်ပဲ နေတယ်။ တစ်ရွာလုံး အလျှို အလျှို ထွက်ကြတော့ သူပါ လိုက်ထွက်၊ အလုပ်လုပ်မယ် ဖြစ်ရော…။ ဟိုကိုရောက်စ တစ်နှစ်လောက်ပဲ ငွေပို့ဖော်ရတယ်။ ခု… သေသလား၊ ရှင်သလား မသိရအောင် ဖုန်းလည်းမဆက်၊ လူကြုံလည်း မမှာ… နေနေတာ သုံးနှစ်ကျော်။ သူ… ဟိုမှာ ထောင်များကျနေမလား။ သူများသတ်လို့ သေသွားပလား ပူလိုက်ရတာ။ ငါ့မှာ မိန်းမသားတန်မဲ့ သူ့အကြွေးလက်ကျန်တွေကို တော်တော် ဆပ်လိုက်ရတယ်လေ။
…. ငါ့ သောက၊ ဒုက္ခတွေ အနည်ကျမှ သင်းက ပြန်လာတယ်လေ။ တစ်ပြားတစ်ချပ်တောင် ပါမလာပဲနဲ့။ နင်ပဲ စဉ်းစားကြည့်တော့။ ငါ… တကယ် စိတ်နာတယ်။  မပေါင်းတော့ဘူးလို့ အပြတ်ပြောလိုက်တယ်”
                        ထိုင်းနိုင်ငံကို ထွက်ဖို့တောင် ကုန်ကျစားရိတ်က ခြောက်သိန်းဝန်းကျင်ခန့်သာ ဆိုပေမယ့် ကိုယ့်မှာ ငွေမရှိလို့ အတိုးနှင့် ယူရလျှင် အတိုးငွေကို ပြန်ဆပ်ရတာနှင့်တင် လျှာပေါ် မြက်ပေါက်နှင့်တော့မည်။
“သင်းကျေးဇူးပဲ ပြောပါတော့။ ငါ့မှာ ရွာထဲလည်း ကြာလေ မျက်နှာမပြရဲလေဖြစ်လာတော့ သူ့နောက်လိုက်မယ် ဆိုပြီး ရန်ကုန်တက်သွားတာ။ ဟိုမှာ အေးဂျင့်နဲ့ ပြောဆိုပြီး အတော်ခရီးပေါက်နေမှ… ရွာဘက်မှာ အပြင်ထွက်ချင်၊ အလုပ်လုပ်ချင်သူတွေ ရှိသေးလား။ ခေါ်ပေးနိုင်မလား စကားစပ်မိပြီး ရွာနီးချုပ်စပ်က အလုပ်လိုချင်တဲ့သူတွေကို ငါပဲဆက်စပ်ခေါ်ပေးရင်း ဒီလမ်းကြောင်းထဲ ရောက်လာတာပဲ။ ခုတော့… ရွာထဲက သွားချင်တဲ့လူရှိလာရင် ငါ့ငွေနဲ့၊ ငါ့ အဆက်အသွယ်နဲ့ ပို့ပေးတယ် ဟယ်။ ပြီးမှ လုပ်ခထဲကနေ ပြန်ခုနှိမ်ယူတာပေါ့။ တစ်ယောက် ဆယ်ပုံးလောက်တော့ ငါ့အတွက်ကျန်အောင် လုပ်ရတာပေါ့ ဟယ်”
“နင့် ၀န်ဆောင်ခက များလိုက်တာ…”
                        သူငယ်ချင်းမက ချက်ချင်း ပက်ခနဲ ပြန်ချေပသည်။
“၀န်ဆောင်ခချည်းတော့ ဒီလောက်ကျမလားဟဲ့။ ငွေတိုးအတွက် ယူတာ။ ငါ့တုန်းကလည်း ခံခဲ့ရတာပဲလေ။ ဒုက္ခသံသရာမှာ ချာလပတ်ရမ်းနေအောင် ခံခဲ့ရတာ။ ခု… အဲဒီဒုက္ခရဲ့ အသီးအပွင့်တွေအဖြစ် ငါပြန်ယူတာပဲ”
                        ဖိုးဖိုးကြီးတို့နှင့် သက်ရွယ်တူ၊ ရှားရှားပါးပါး အသက်ကိုးဆယ် အဘွားအိုက နားစွန်နားဖျားဖြင့် စကားဝိုင်းထဲ ၀င်ပါလာပြန်ကာ…
“ညည်းပဲယူ၊ ညည်းပဲ ရတာပါအေ…။ ကျုပ်တို့ရွာထဲမလဲ ကျားကျား၊ မမ သန်သန်မာမာပျိုပျိုရွယ်ရွယ် ရယ် လို့လည်း တယ်… မကျန်တော့ပါဘူး။ ကျုပ်တို့သေရင်တောင် ရွာထဲကျန်တဲ့ အိုကြီးအိုမအချင်းချင်းပဲ ဒရွတ်ဆွဲချမှ မသာမြေကျရမယ့်ကိန်း ဆိုက်နေပါပြီ”
                        ရွာမှာလည်း လယ်သူရင်းငှားအလုပ်သမားက ရွှေထက်ရှားနေပြီရယ်ဟု လယ်လုပ်သူတိုင်း၏ နှုတ်ဖျားမှာ ညည်းချင်းဆိုနေကြပြန်တာပင်။
“ထွန်ကိုင်အလုပ်သမားမို့ စောစောစီးရရင် အလုပ်မှာ ပျော်အောင်လို့ ရှိခိုးဦးတင်ထားရတော့တာ”
“ရှိခိုးရုံနဲ့ ထမင်းဝတာ ကျလို့ အရီးရယ်။ အရီးတို့ တစ်နွေလုံး၊ တစ်မိုးလုံးစာ သူတို့ကိုပေးနိုင်တဲ့ လုပ်အားခက ဟိုမှာ.. တစ်လထဲနဲ့ ရနိုင်တာ”
“ဒါဆို ညည်းပို့ပေးလို့ ရောက်သွားကြတဲ့သူတွေ ဘယ်သူ… အထုတ်အထည်နဲ့ ပြန်ပို့နိုင်သလဲ။ ရွှေတွဲလဲ ငွေတွဲလဲနဲ့ ရွာမှာအေးအေးလူလူထိုင်စားနိုင်တဲ့ မိသားစု ဘယ်နှစု ရှိပြီလဲ။ ဟွန်း… မစားရ ၀ခမန်း…”
“ဒါတော့ သူတို့ လိမ္မာသလောက် သူတို့ရတာပဲ အရီးရဲ့။ လိမ်လိမ်မာမာ၊ ခြိုးခြိုးချန်ချန်နဲ့ ပြန်ပို့နေတဲ့သူတွေလည်း အများကြီးပဲ ရှိပါတယ်နော်။ ဘာပဲ ပြောပြော ကိုယ့်နေရာထက် သာလို့သာ စွန့်စွန့်စားစား သွားးနေကြတုန်း မဟုတ်လား”
                        မလေးရှားမှာ လှုပ်လှုပ်သဲသဲ သတင်းသန့်သန့်ကြားလျှင် တစ်ရွာလုံးတုန်လှုပ်နေကြ။ ထိုင်းမှာ စစ်တပ်က အာဏာသိမ်းသည်ဆိုလျှင်လည်း ရင်ပူကာ နေမထိကြတော့တာလည်း ရွာ၏ ထုံးစံ၊ အစဉ်အလာ ဖြစ်နေခဲ့ပြီ။ လက်ကိုင်ဖုန်းလေးတွေ တတူတူကိုင်နေနိုင်ပြီမို့ ကမ္ဘာ့ရွာကို ခြံစည်းရိုးအစပ်ကနေ လှမ်းမျှော်ကြည့်တတ်လာခဲ့ကြပြီ ဆိုပါစို့။
“အငယ်မတွေလည်း ရန်ကုန်မှာ မဟုတ်တော့ဘူးလေ။ သူတို့ အထည်ချုပ်စက်ရုံတွေက ဆန္ဒတွေပြကြတော့ စက်ရုံတွေလည်း ဖွင့်လိုက်၊ ပိတ်လိုက်… ငါတို့လည်း စိတ်တွေပူနေရတာ နေ့စဉ်နဲ့ အမျှပဲ။ အဲတုန်းက ရွာကို ခဏ ပြန်လာတယ်။ ခုတစ်ခေါက် ပြန်တက်တော့ ထိုင်းဘက်မှာ အထည်ချုပ်စက်ရုံတွေမှာ ၀င်လုပ်နေတဲ့ သူတွေ အဆင်ပြေကြတယ်ဆိုတော့ မပြောမဆို ရွှေ့သွားလိုက်ကြတာ။ ဟိုရောက်မှ အိမ်ကို လှမ်းအသိပေးတယ်”
“ကျွန်တော်က မမကြီးတောင် သူတို့နဲ့အတူ အပြင်ထွက် အလုပ် လုပ်နေတယ် ထင်တာ”
                        မေမေတို့ အစ်မအကြီးဆုံးကမွေးပြီး မောင်နှမတွေထဲမှာ အသက် အကြီးဆုံးမို့ အားလုံးက မမကြီးဟု ချစ်ခင်စွာခေါ်ကြရသော မမကြီးပင် အသက်သုံးဆယ်ကျော် သီသီစွန်းခဲ့ပြီထင့်။ ငယ်ငယ်က အလွန်အရှက်အကြောက်ကြီးလှသော မမကြီးက သူ့ဒုတိယမြောက် သားငယ်ကို နို့လှန်တိုက်နေရင်း…
“လိုက်ချင်ပါဘူး ဟယ်။ အဖေနဲ့ အမေကိုလည်း စိတ်မချပါဘူး။ ခုတော့ ဒီသံယောဇဉ်တွေနဲ့ ရွာကနေ ဘယ်မှ မခွဲနိုင်တော့ဘူး”
                        ပြောကာ သားငယ်ကို ချစ်စနိုး ငုံ့နမ်းနေပြန်တော့သည်။ မမကြီး၏ ယောက်ျားကတော့ ဖိုးဖိုးကြီး၏ ဈာပနပွဲ တစ်လျှောက်လုံး ခြေသည်လက်သည်အဖြစ် ပါလေရာပေ။ မမ၏ မိဘများက သားမက်ကို သမီးနှင့် မတူမတန်ဟု မျက်မာန်မပြေပဲ ပစ်ထားခဲ့ဖူးတာ သိနေတာမို့…
“မြေးတွေတောင် တစ်ယောက်က နှစ်ယောက် ဖြစ်လာပြီ။ နင့် အဖေတွေ၊ အမေတွေက ယောက်ဖကို မကြည်လင်ကြသေးဘူးလား”
                        မမကြီးက မဲ့ရွဲ့ကာ…
“အရင်လို အိမ်ရိပ်မနင်းရ ဆိုတာမျိုးတွေတော့ မဟုတ်တော့ဘူးလေ။ အကြောင်းရှိရင်  ခုလို… သွားသွားလာလာ လုပ်လို့ ရနေပြီ။ ပြောစရာရှိရင် နာမည်တိုက်ရိုက်မခေါ်ပဲ စကားလုံးရိုက်ပြီး မျက်နှာလွှဲဖယ်ဖယ်နဲ့တော့ စကားပြောနေပြီ။ လိုအပ်ရင်လည်း ငါ့သားကြီးက စကားပြန်ပေါ့.. ဟားဟား”
“နင့်ယောက်ျားက ခုထိ လက်ကြောမတင်း၊ ထီးထမ်းလမ်းလျှောက် နေ နေတုန်းလား”
                        မမကြီးတစ်ယောက် ရှုံ့မဲ့သွားလေသည်။
“သူ့မိဘလက်ထက်ကတည်းက နေလာတာ။ ငါလည်း ပြောရလွန်းတော့ မပြောချင်တော့ဘူးဟာ။ ထားလိုက်တော့တယ်။ လူကြီးယောင်ယောင်နဲ့ ရပ်ရွာကိစ္စလည်း သူ့အရေးကိစ္စလို ဖြစ်ပြီး နေရာတကာ ၀င်ပါနေတတ်တော့ အားရ၊ နားရတယ်လည်း မရှိပါဘူး။ လယ်အလုပ်လည်း သူက ဖိဖိစီးစီး ရှိလှတာ မဟုတ်ဘူးလေ။ အဲတော့ အလုပ်သမားသာ အလုံအလောက် ရအောင်ရှာပေး။ အလုပ်ပြီးအောင် ငါ ခိုင်းမယ်ပြောရတယ်။ အမေတို့ကလည်း အဲဒါကို မကြိုက်နိုင်တာပဲ”
                        မမကြီးက ပင့်သက်ယောင်ယောင်မျှ ရှိုက်ကာ…
“သူများတွေ ပြည်ပထွက် အလုပ်လုပ်နေကြတာကျတော့ အမေတို့ကလည်း သူ့ကို လွှတ်ချင်နေတယ်။ ငါကတော့  သဘောမကျဘူးဟယ်။ သူကလည်း မိသားစုကိုထားပြီး မထွက်ချင်ဘူး တဲ့”
“ နင့်ယောက်ျားက သူမှ အရိုးနာနာ ခါးချိုးပြီး အလုပ်မလုပ်ချင်တာကိုး”
                        လွှတ်ခနဲ စကားထောက်လိုက်မိပြီးမှ အားနာရကောင်းမှန်း သတိရကာ နောင်တ ရသွားပါသည်။ ဒါပေမယ့် မမကြီးက ကျွန်တော့်စကားကို ချက်ချင်းတုန့်ပြန်လာသည်။
“အေး… အဲလို လက်ကြောမတင်းတဲ့ ယောက်ျားနဲ့ ရလို့သာ ငါ့ သားသမီးတွေ ခုချိန်ထိ မိစုံဖစုံနေနိုင်သေးတာလည်း ထည့်ပြောဦးလေ”
                        ယောက်ျားအပေါ် ချစ်တတ်သလောက် လိုရာဆွဲတွေးကာ ရှာကြံကျေးဇူးတင်တတ်သော မမကြီးက ဆက်ပြောလာပြန်တာ….
“နင့်တူက ဘာပြောလဲ သိလား။ ဖေဖေမသွားချင်ရင်နေ..။ သားကြီးလာမှ သွားမယ်။ ဟိုမှာ အလုပ် လုပ်ပြီး ပိုက်ဆံတွေအများကြီးရရင် မေမေ့ဆီ ပြန်ပို့ပေးမယ်တဲ့။ ရုတ်တရက်တော့ ငါကျေနပ်ပီတိဖြစ်နေသေးတာ…။ နောက်မှ တဖြည်းဖြည်းတွေးပြီး ငါ့မှာ တစ်ညလုံးအိပ်မပျော်ဘူး။ ဖွ… လွဲပါစေ၊ ဖယ်ပါစေ၊ ငါ့သားလေးတွေ အရွယ်ရောက်လာတဲ့အထိ ငါတို့ရွာမှာ ဒီအစဉ်အလာကြီး  ရှိမနေပါစေနဲ့တော့ ဆုတောင်းရင်း ငါ့မှာ မျက်ရည်တောင် ကျတယ်”
                        …တဲ့။ မမကြီးရဲ့ ဆုတောင်းဟာ တစ်ရွာလုံးရဲ့ ဆုတောင်းလည်း ဖြစ်နေမှာ ထင်ပါရဲ့။        
…..
                       

Thursday, May 1, 2014

မြတ်သော အလင်းဖြင့် ထွန်းညှိခဲ့သော....





မြတ်ဆရာ ပုံရိပ်(၁)

                        နှုတ်ကျွံသွားခဲ့ပြီဟု ချက်ချင်းသိသော်လည်း ပြင်ဆင်ချိန်မျှ မရလိုက်။ စကားကျွံတော့ နုတ်ရခက်လေပြီ။
                        တပည့်များနှင့် ဆက်ဆံရာမှာ ဘယ်အခါမှ မျက်နှာထား မတင်းမာတတ်သော၊ သာယာငြင်းပျောင်းစွာ ဆိုဆုံးမလေ့မြဲဖြစ်သော ဆရာသည် ရုတ်ချည်း မျက်နှာနီးမြန်းလို့လာသည်။ ချုပ်တည်းထားရသော ဒေါသသံကတော့ ကျွတ်ဆတ်မာကျောကာ စဉ်းငယ်မျှ တုန်ခါနေပြန်သည်
“မင်း… အဲဒီအလုပ်ကို မလျှောက်သင့်ဘူး”
                        ရုတ်တရက် နားမလည်နိုင်စွာ ဇဝေဇ၀ါ ဖြစ်နေဆဲ….
“မင်းရဲ့ ရည်ရွယ်ချက်တွေထဲမှာ ကျောင်းဆရာလုပ်ဖို့၊ စာသင်ဖို့ဆိုတာ တစ်ခါမှ မပါခဲ့ဘူး မဟုတ်လား။ ဒီအလုပ်မှာ ၀ါသနာမှ မရှိပဲနဲ့ အခြေအနေအရ ဆိုတဲ့ အကြောင်းပြချက်နဲ့တော့ ဒီအလုပ်ကို မလုပ်ပါနဲ့”
                         “အလုပ်တွေက ဘယ်မှာမှ အဆင်မပြေဘူး ဆရာရယ်။ အခြေအနေအရ အလုပ်တစ်ခု လုပ်မှ ဖြစ်တော့မှာ…။  အဲဒါ ကျောင်းဆရာပဲ ၀င်လုပ်ကြည့်မလားလို့...” ကျွန်တော် အမှတ်တမဲ့ နှုတ်လွန်သွားခဲ့မိသည်ကို ဆရာက အတော်ကို ခါးသီးသွားပုံပင်။
“၀ါသနာ မပါရင် အလုပ်မှာ စေတနာလည်း မထည့်နိုင်တော့ဘူး ကလေး။ တို့အလုပ်က အဲဒီ ၀ါသနာ၊ စေတနာပေါ်မှာ အခြေခံမှ အောင်မြင်တာ။ မင်းမှာ အဲဒီ စိတ်အခြေခံ ချို့ယွင်းနေမှတော့ ဒီအလုပ်မှာ မင်း… ဘယ်လိုလုပ်အောင်မြင်ပါတော့မလဲ။ မအောင်မြင်တဲ့အလုပ်မှာ ဘယ်သူမှ ရေရှည် မပျော်နိုင်ဘူး။
…..ပြီးတော့ … ဒီအလုပ်က အရမ်းပင်ပန်းဆင်းရဲတာ မင်းလည်း သိတာပဲ။ ဆရာအလုပ်နဲ့ တိုက်ဆောက်၊ ကားစီးနေကြတာ မင်းတွေ့ဖူးလို့လား။ လူတန်းစေ့ဖို့တောင် အဲဒီဆရာရဲ့ တစ်မိသားစုလုံး ၀ိုင်းပြီးရုန်းကန်နေကြရတာ မဟုတ်လား”
… မင်း ၀ါသနာ မပါတဲ့အလုပ်၊ အောင်မြင်မှုမရတဲ့ အလုပ်မှာ မင်း… ပင်ပန်းဆင်းရဲမှုဒဏ်ကိုလည်း ရေရှည်တောင့်မခံနိုင်ပါဘူး။ အဲတော့ မင်းက… ခဏနဲ့ ဒီလောက ကနေ ထွက်ပြေးပြီး လွတ်လမ်းရှာလာတော့မှာ…”
တုန့်ပြန်ရန် နှုတ်စကားတို့ ဆွံ့အ ရှားပါးနေဆဲ ဆရာကတော့…
“သားရယ်…”
                        …တဲ့။ ဆတ်ခနဲ ပင့်မော့သွားရသော ကျွန်တော့်မျက်နှာအား ဆရာက နူးညံ့စွာ စိုက်ငေးကြည့်နေသော်လည်း မျက်ဝန်းများကတော့ မာနဖြင့် လက်ဖြာနေပြန်ရာ ကျွန်တော် ရင်ဆိုင်ရန်မ၀ံ့စွာ ခေါင်းငုံ့ရပြန်သည်။
“တို့ ဆရာ လောက ကို ခဏ အလည်လာ၊ မပျော်တဲ့အခါ ပြန်ထွက်သွား… အဲဒီလို အပျင်းပြေသဘောမထားပါနဲ့”
                        ကျွန်တော် အရှက်အိုး ဖြန်းခနဲကွဲကာ ခြေဖ၀ါးအောက်က မြေပြင်ကို ထိနမ်းလုမတတ် ခေါင်းငိုက်စိုက်ကျခဲ့ရဖူးသည်။
                                                @@@@@@@@@@
မြတ်ဆရာ ပုံရိပ်(၂)

                        ချစ်မြတ်တွယ်တာဆဲ မိခင်ကျောင်းတော်ကြီးတွင် ချစ်ခင်လေးစားရသော ဆရာ၊ ဆရာမများအားလုံး အတူတကွ ရှိနေကြဆဲဟု ဆ၀ါးတွေးကာ အဝေးမှသာ မှန်းဆလွမ်းနေခဲ့ရသည်။ သို့သော်… ရာထူးတိုး၊ အပြောင်းအရွှေ့စသော အခြေအနေအရပ်ရပ်သည် အချိန်၏ တိုက်စားပြောင်းလဲမှုနှင့်အတူ အလိုက်သင့် ရွေ့လျားဖြစ်တည် လာနေခဲ့တာပင်။ ဆရာမလည်း ရန်ကုန်ကို ပြောင်းရွှေ့သွားခဲ့ပြီဟု လပေါင်းများစွာ လွန်မှသိခဲ့ရသည်။
                        ဖြူသွယ်ပိန်ပါးသော်လည်း စာသင်ရာမှာတော့ ဇွဲကြီးလှသော ဆရာမသည် အတန်းပိုင် ဆရာလည်း ဖြစ်နေသည်မို့ ပိုလို့ ရင်းနှီးချစ်ခင်မိရသည်။
“သင်္ချာ ပုစ္ဆာဆိုတာ အဖြေမှန်ရရုံ၊ စာမေးပွဲ အောင်ရုံအတွက် မဟုတ်ဘူးလေ။ တို့တတွေ လူကြီးတွေ ဖြစ်လာ၊ လူ့လောကထဲ တိုးဝင်လာတဲ့အခါ စီးပွားရေး၊ လူမှုရေး ပုစ္ဆာပြဿနာတွေလည်း မလွဲမသွေရင်ဆိုင်လာရမှာပဲ။ ဖြေရှင်းရတော့မှာပဲ။ သင်္ချာပုစ္ဆာတွေမှာ ပေးထားချက်တွေကို ထုတ်ယူဆင်ခြင်ပြီး ကိုယ်ဖြေရှင်းရမယ့် နည်းလမ်းတွေကို ဆုံးဖြတ်ရသလို ဘ၀ပုစ္ဆာတွေကိုလည်း မင်းတို့ အဲသလိုပဲ ရှေ့နောက်တိုင်းထွာပြီး၊ အကျိုးအကြောင်းဆက်စပ်စဉ်းစားပြီး ဆုံးဖြတ်ဖြေရှင်းကြရမှာ…။ ဆရာမရဲ့ ပုစ္ဆာတွေက မင်းတို့ ဘ၀အတွက် ကြိုတင်လေ့ကျင့်ပေးနေတာလို့ နားလည်ထား။ ပုစ္ဆာတွေကို ဘယ်တော့မှ မကြောက်နဲ့…”
                        ဆရာမ၏ အိမ်သားက နိုင်ငံခြားသင်္ဘောလိုင်းတစ်ခုမှ အရာရှိတစ်ယောက်မို့ မိသားစုဘ၀ သာတောင့်သာယာ၊ ပျော်ရွှင်ငြိမ်းချမ်းနေပေလိမ့်မည်။ “ရန်ကုန်ရောက်တဲ့အခါ ၀င်လာခဲ့၊ လိုတဲ့ အကူအညီ ရှိရင် တောင်းနော်” တဖွဖွမှာကာ တောင်ဥက္ကလာ၊ မြင်သာလမ်း အိမ်လိပ်စာကလေးကို ဆရာမ၏ လက်ရေးဖြင့် ရေးပေးထားခဲ့တာ။ လိပ်စာ စာရွက်ကလေးပင် ၀ါရီဖျော့တော့နေခဲ့ပြီ။ သွားရောက်တွေ့ဆုံနှုတ်ဆက်ရန် မရဲ။ အဝေးကသာ မှန်းဆ ကန်တော့ရပါသည်။
                        လူကိုယ်တိုင် မရောက်ဖြစ်သော်လည်း ဆရာမ၏ မိသားစုသတင်းကို အစဉ်နားစွင့်လေ့မြဲလည်း ဖြစ်ပါသည်။ ဆရာမတစ်ယောက် အိမ်နှင့်နီးသော မူလတန်းကျောင်းငယ်လေးမှာ ပြောင်းရွှေ့တာဝန် ထမ်းဆောင်နေသည်ဟု သတင်းကြားမိစဉ် အံ့သြရသေးသည်။ တကယ်က ဆရာမ၏ ခင်ပွန်းသည် ကားအက်ဆီးဒင့်ကြောင့် အောက်ပိုင်း လှုပ်ရွှေ့မရ။ သားနှစ်ယောက်နှင့် ခင်ပွန်းသည်၏ ဝေယျာဝစ္စ၊ တာဝန်ဝတ္တရားများကို မလစ်ဟင်းစေရန် ခက်ခက်ခဲခဲ၊ ပင်ပန်းတကြီး ရှိနေချိန်မို့ စေလိုရာ နာခံမဖြစ်သော အခြေအနေကြောင့်သာ။ လောကစစ်မျက်နှာမှာ အန်တုရင်ဆိုင်နေရချိန်မှာပင် စာသင်ခန်းကို သံယောဇဉ် မဖြတ်နိုင်ခဲ့ရှာသော ဆရာမ၏ စိတ်ဝိညဉ်ကို အတော်နောက်ကျမှ နားလည်လေးစားရပါသည်။
                                    @@@@@@@@@@

မြတ်ဆရာ ပုံရိပ်(၃)

“ဆရာ ဘာမှ မလိုအပ်ဘူးနော် သားတို့။ မင်းတို့ အပို ဒုက္ခ မရှာကြနဲ့”
                        ဆိုသော်လည်း ဆရာ့ဇနီး၏ မျက်ဝန်းများက ဖျော့တော့မှုန်သီနေပါသည်။
“အားနာ လိုက်တာ..”
                        သူ့အဖို့ မျက်နှာစိမ်းနေသော ဆရာ၏ ကျောင်းသားဟောင်းများကို မိုးလေ မလုံခြုံသော တဲသာသာ အိမ်ခန်းကျဉ်းကလေးမှာ ကြုံသလို ဧည့်ခံနေရတာအတွက် အားနာ အနေခက်ရှာသည်။
                        ကျွန်တော်တို့ အလယ်တန်းကျောင်းတော်သား အသစ်စက်စက်ကလေးတွေ ဘ၀က ကျွန်တော်တို့၏ အတန်းပိုင်ဆရာသည် နုမျစ်ချောမောခန့်ငြားသူတစ်ယောက် ဖြစ်ပါသည်။ ကျွန်တော်တို့ အတန်းတွေကြီးလာတော့ ဆရာလည်း အထက်တန်းပြဆရာ၊ ကျွန်တော်တို့ ကျောင်းနှင့် ဝေးကွာခဲ့ပြီးနောက်မှာတော့ ဆရာလည်း အထက်တန်းကျောင်းအုပ်ဆရာကြီး ဖြစ်လာခဲ့သည်။ ဆရာ အငြိမ်းစားယူခဲ့သည်ကို အမှတ်မဲ့ မသိလိုက်။
“အရင်အိမ်ကလေးက နာဂစ်မှာ ပြိုကျသွားတယ်လေ။ ခုတော့ နေဖြစ်ရုံ ပြန်ဆောက်ထားတာ..”
                        ဆရာ့ ဇနီးက ရောင်းရေးဝယ်တာ ချက်ချာပုံတော့ရပါသည်။
“အရင်းအနှီးနည်းတော့လည်း အမြတ်အစွန်းက မပြောပလောက်ပါဘူးကွယ်။ မမာရေး၊ မကျန်းရေး ရှိလာရင် အရင်းထဲက ပဲ့ထွက်သွားပြန်ရော…”
                        ဇနီး၏ ပွင့်လင်းမှုကို ဆရာ သဘောကျပုံ မရပါ။ ကျွန်တော်တို့တတွေ စုဆောင်းလာခဲ့ကြသော ကန်တော့ငွေကို အမြင်မှာ ဆရာ့မျက်နှာသည် မာနဖြင့် တင်းခနဲ။
“ငါ… ဘာမှ မလိုဘူးကွ”
                        ခပ်ထန်ထန်တစ်ချက် ဟစ်အော်သည်။ ကျွန်တော်တို့တတွေ ဇွတ်ပင် လက်အုပ်ချီကြတော့ ဆရာမျက်ဝန်းတို့ မှုန်မှိုင်းညွတ်နူးစ ပြုသည်။ ဆုပေးစကားတွေကို တုန်ရီစွာဆိုနေပြန်ရင်း….
“ကျေးဇူး….”
                        ကျွန်တော်တို့ အလုအယက် ဟန့်တားလိုက်ကြသည်။ ဆရာက တပည့်တွေအပေါ် တပြန် ကျေးဇူးစကားဆိုဖို့ မလိုအပ်ပါ။
“အလုပ် ကလေး တစ်ခုတော့ လုပ်ချင်တယ်ကွ။ ဆရာ အလုပ် လုပ်နိုင်ပါသေးတယ်”
                        ဆံစဖွေးလွလွ၊ မျက်နှာပေါ်မှာ ဇရာနှင့် လောကဒဏ်၏ အရေးအကြောင်းတို့ မင်းမူနေပြီဖြစ်သော ဆရာအိုက အားမာန်အပြည့်နှင့် ဆိုပြန်သည်။ လုပ်ငန်းရှင် တပည့်များမှာ ပေးစရာအလုပ် ရှိကြသည် ဆိုငြား ကိုယ့်ဆရာကို ၀န်ထမ်းပြန်ခန့်ရန် ဘယ်သူမှ သတ္တိ မရှိကြပါ။ ဆရာ့ ဇနီးအတွက်သာ အိမ်နှင့်နီးနီး၊ ဈေးငယ်လေးမှာ ဆိုင်ခန်းတစ်နေရာ ရှာကြံဖန်တီးပေးဖြစ်ကြရင်း….
“ဆရာ…ပင်ပန်းလှပြီ။ နားနားနေနေပဲ”
                        ဆရာက စကားဆုံးအောင်ပင် လက်မခံနိုင်ခဲ့ပဲ…
“ဟေ့ ကောင်တွေ။ ဆင်းရဲ ပင်ပန်းမှာ မကြောက်လို့ တစ်သက်လုံး ကျောင်းဆရာ လုပ်လာတာ…”
                        မှုန်သီနေသော ဆရာ့ မျက်ဝန်းများသည် အလျှံတစ်မျိုးဖြင့် လင်းလက်နေဆဲပင်။

                                    @@@@@@@@@

မြတ်ဆရာ ပုံရိပ်(၄)

 “မြတ်ဆရာ ပူဇော်ပွဲ ဖိတ်စာရကတည်းက ပျော်နေတာ။ နီးစပ်ရာ လုပ်ဖော်ကိုင်ဖက်ဟောင်းတွေဆီ ဖုန်းတွေလိုက်ဆက်၊ မဖြစ်မနေ ရောက်အောင်လာရမယ်ဆိုပြီး…”
                        အဲဒါ ကျွန်တော်တို့ရဲ့ ဆရာမပေါ့။ ဘောဂဗေဒသင်ခန်းစာတစ်ပုဒ်ကို ဆရာမ ရှင်းလင်းသင်ကြားနေပြီဆိုလျှင် တစ်တန်းလုံး အပ်ကျသံမျှ မကြားရအောင် တမော့တမော နစ်မျောနေမိကြရသည်။ ဆရာမ၏ ဟန်ပန်က ရိုးရှင်းသလောက် လေယူလေသိမ်းကကျတော့ ဌာန်နှင့် မာန်နှင့် အစဉ် ၀င့်ထည်တက်ကြွနေလေ့မြဲဖြစ်သည်ကို ခုတိုင် မေ့မရ။ တပည့်ဟောင်းတွေ အားလုံး လွန်ခဲ့တဲ့ နှစ်အစိတ်ကျော်ကာလကို နောက်ပြန်သွားဖို့မလိုပဲ ဒဿမတန်း(ခ) ရဲ့ စာသင်ခန်းထဲ ပြန်ရောက်နေရသလို နုမျစ်လန်းဆန်းကာ ပျော်ရွှင်နေမိကြသည်။ ဆရာမ၏ မျက်နှာနှင့် အကြည့်အပြုံးများက နူးညံ့ကြည်လင်နေဆဲ။ နွေးထွေးနူးညံ့နေဆဲ မဟုတ်လား။ ဟိုယခင် ကာလတွေထက် ပိုမိုလာတာကတော့ လောကဒဏ်ကို ထီမထင်သော သတ္တိထူးများနှင့် ဗုဒ္ဒ၏ တရားဓမ္မ၊ အဆုံးအမတို့ကြောင့် ပိုမိုနူးညံ့သိမ်မွေ့လာခဲ့တာပဲ ဖြစ်သည်။
                        ဒါပေမယ့် အကျင့်တန်သောကာလငယ် တစ်ခုအကြောင်း ကျွန်တော်တို့ စကားထဲမှာ ဖယ်ချန်ထားခဲ့ကြတာ ဆရာမရော၊ ကျွန်တော်တို့အားလုံးပါ မသိယောင်ဆောင်ရင်း သတိရနေခဲ့ကြပါသည်။ ထိုကာလငယ်မှာ မြတ်ဆရာပူဇော်ပွဲဟု ခမ်းနားသော ပွဲလန်းမျိုး ကျင်းပခွင့်မရကြသေး။ လူထူထူစုဝေးမိလျှင် ကျိုးကြောင်းပြစရာမရှိပဲ အလိုအလျှောက် အပြစ်သားဘ၀ ရောက်နေကြရသော ကြပ်တည်းကျဉ်းမြောင်းလှသည့် နေ့လည်ကြောင်တောင် အမှောင်ကျနေ့ရက်များပေ။ သို့ပေမယ့် ဆရာကန်တော့ပွဲကလေးကို ရိုးရှင်းစွာ ကျင်းပကြဖို့ ကျောင်းသားဟောင်းတို့ ကြိုးစားခဲ့ကြသည်။ လက်လှမ်းတမီ နီးစပ်ရာ ကျောင်းသားဟောင်း သူငယ်ချင်းတွေကြား အချင်းချင်း နှုတ်ဖြင့် ဖိတ်ကြသည်။ မြို့ပေါ်မှာ လက်ရှိနေထိုင်ဆဲ ဆရာ၊ ဆရာမဟောင်းများကို ဖိတ်ကြား ကန်တော့ကြမည်။ ကိုယ့်မိခင်ကျောင်းတော်၏ ရင်ရိပ်ခိုလှုံကာ ကျင်းပချင်ခဲ့သော်လည်း အခွင့်မရခဲ့ပြန်ပါ။ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံကို ရွေးချယ်ကြရသည်။ သို့ပေမယ့်…
“ဘောဂဗေဒ ဆရာမကို ကန်တော့ခံ တက်ရောက်ခွင့် မပေးဘူး တဲ့”
                        စကားအပို့အယူ လူများစွာကြားမှာ နှလုံးနာခဲ့ကြရပြန်။ ဖိနှိပ်ခံ မှောင်တရီခေတ်မှာ ဆရာမက လင်းပွင့်လွတ်လပ်သော အမြင်၊ ခိုင်မာမြဲမြံသော ခံယူချက်နှင့် ကိုယ်ရောင်လင်းလက်သူမဟုတ်လား။  ကျိုးကြောင်းဆီလျော်သော ထက်မြသည့် နှုတ်စကားကိုလည်း ဆိုတတ်သေးသူ ဖြစ်သည်။ သို့သော် တစ်သက်တာနီးပါး မြုတ်နှံပျော်ဝင်ထားခဲ့ရသော ဆရာဘ၀၏ အသီးအပွင့်အဖြစ် ပီတိချိုချို တစ်ကိုက်တစ်ဖဲ့မျှ စားသုံးရန် အခွင့် မရှိတော့…ဟု အဓိပ္ပါယ်မဲ့ တရားလက်လွတ် မတားမြစ်ကောင်းဘူး မဟုတ်လား။ သီးမခံထိုက်ပေမယ့် လက်ပိုက်ကာ ရပ်ကြည့်နေခဲ့ကြရ။
 ဆရာကန်တော့ပွဲမှာ ကန်တော့ခံဆရာ တစ်နေရာစာ လွတ်ဟာနေခဲ့သော်လည်းပဲ ဆရာမ၏ နေအိမ်သို့ ကျွန်တော်တို့တတွေ ရောက်သွားတော့ အိပ်ခန်းကျဉ်းကလေးထဲမှပင် ပုတီးစိတ်မပျက် စောင့်မျှော်နေခဲ့ရှာသည်။ ဆရာမ၏ ကုတင်အနားမှာ ၀ိုင်းပတ်ကာ တပည့်ဟောင်းတွေ တိုးဝှေ့ပူးကပ်ပျပ်ဝပ်နေကြရင်း တိုးတိတ်သော ရှိုက်ငိုသံများကြားမှာ လက်အုပ်ချီမပျက်၊ ဆုပေးစကားမပျက် …။
“ပြန်တွေ့ခွင့်ရတဲ့ တပည့်များအတွက်လည်း ကြည်နူးပျော်ရွှင်ရပါတယ်။ အကြောင်း ကြောင်းကြောင့် ရောက်မလာ၊ တွေ့ခွင့်မရတဲ့ တပည့်များကိုလည်း မေတ္တာ ပို့ပါတယ်”
                                    @@@@@@@@@@@
မြတ်ဆရာ ပုံရိပ်များ

                        ယခုတော့ လင်းပွင့်သာယာသော နေ့ရက်တို့ အမှန်တကယ် ရောက်ရှိလာခဲ့ပြီ။ နွေးထွေးသော နေရောင်ခြည်အောက်မှာ ပျားပန်းခပ် ငယ်သွေးကြွနေကြပြန်တာ တချိန်က မိခင်ကျောင်းတော်ကြီး၏ ရင်ငွေ့ခိုလှုံကာ ပညာရည်နို့ချို သောက်စို့ခဲ့ကြသည့် ရင်သွေးဟောင်းတွေ မဟုတ်လား။ အတောင်အလက်စုံကာ အသီးသီးအသက ပြန်ထွက်သွားလိုက်ကြ၊ ခုတော့ ရောက်ရာအရပ်ကနေ အပြေးရောက်ပြန်လာကြပြန်ကာ ယဉ်ကျေးဖွယ်ရာ၊ စကားတီတာ ဆိုနေကြပြန်ပြီ။
                        ဟော…. ရင်သွေးတို့၏ ဥယျဉ်မှူးများလည်း ပီတိပြုံးပန်းတဝေေ၀၊ ဟန်ရေးကြွယ်လျှက် စင်မြင့်ထက်မှာ နေရာ ယူကြပြီ။ 
“ဒီကနေ့ ကျင်းပပြုလုပ်တဲ့ လပွတ္တာမြို့၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းရဲ့ တတိယအကြိမ်မြောက် မြတ်ဆရာ ပူဇော်ပွဲ အခမ်းအနားကို  ကျွန်တော်တို့ ကျောင်းသားဘ၀က နေ့စဉ်ကျောင်းခေါ်ချိန်တိုင်း နားဆင်ခဲ့ကြရတဲ့ ကျောင်းလုလင်ကြီး ဦးစံအေး   ရဲ့ ကျောင်းတက်ခေါင်းလောင်းသံနှင့် စတင်ဖွင့်လှစ်လိုက်ရအောင်ပါ”
ဒေါင်ဒေါင်ဒင်ဒင် ခေါင်းလောင်းသံ အကြားမှာ မြတ်ဆရာပူဇော်ပွဲသို့ တက်ရောက်လာသူ ကျောင်းသူ၊ ကျောင်းသားဟောင်းများ အားလုံးက ရိုကျိုးသော အမူအယာများဖြင့် မတ်တပ်ရပ်လိုက်ကြသည်။ ခေါင်းလောင်းသံ ပြီးဆုံးလျှင်တော့ ညီညီညာညာ၊ သောင်းသောင်းဖြဖြပင်….
“မင်္ဂလာပါ ဆရာ၊ မင်္ဂလာပါ ဆရာမ”
                        ကြည်နူးစိတ်ဖြင့် ရွှင်လန်းတက်ကြွသော နှုတ်ခွန်းဆက်သံများက လွင့်ပျံဟိန်းညံကာ ဘ၀ဂ်ထိတိုင်တော့၏။     


                                                                                 သတိုး
                                                             (၁၉၈၀ - ၈၇   ကျောင်းသားဟောင်း)