Friday, February 17, 2012

ချစ်ခြင်းကို ဖွဲ့ဆိုခဲ့သော



 
“ဘ၀မှာ အရူးသွပ်၊ အမက်မောဆုံး အလုပ်ကို ပြောပါဆိုလျှင် စာရေးခြင်းဟုသာ ကျွန်မ ပြောရမည်ထင်ပါသည်”
သူမအား လူချင်းမရင်းနှီးခင်၊ အွန်လိုင်း မသုံးတတ်ခင်ကတည်းက မဂ္ဂဇင်းစာမျက်နှာပေါ်မှ သူမ၏ ၀တ္ထုတိုကလေးတွေနှင့် ရင်းနှီးနေနှင့်ခဲ့တာ။ အွန်လိုင်းသုံးတတ်စ၊ အွန်လိုင်းစာမျက်နှာတွေဆီ လျှောက်လည်ဖွရှုပ်ရင်း သူမ၏ စာမျက်နှာဆီ မျက်စေ့လည် ရောက်ခဲ့ဖူးတာ။ နောက်တော့ မကြာခဏ သူမ၏ “မေဇူး၏ စိတ်ကူးအိမ်” စာမျက်နှာဆီ မကြာခဏ အလည်ရောက်ကာ ၀တ္ထုတိုကလေးတွေ ဖတ်ရှုအားပေးဖြစ်ခဲ့ပြန်တာ..။
စိတ်ခံစားမှု မှန်သမျှ စာရွက်များပေါ် သွန်ချရင်း အသက်နှစ်ဆယ် အရွယ်ကပင် မဂ္ဂဇင်းစာမျက်နှာများပေါ်မှာ ပုံနှိပ်မှတ်တမ်းတင်ခြင်း ခံခဲ့ရသော သူမအား ပထမဆုံး မေးဖြစ်သော မေးခွန်းမှာ မဂ္ဂဇင်းစာမျက်နှာပေါ်မှာ သူမ၏စာတွေ ဘာကြောင့် အတွေ့ရနည်းသွားတာလဲ ဟူ၍ပင်။ ဒီမေးခွန်းကို…
“အခြားသော အကြောင်းအရာများစွာတို့ ဦးနှောက်ကို ဖိစီးလာသည့်အခါ ငယ်စဉ်ကလို စာရေးမသွက်တော့ပါ။ ဒီလိုနှင့် ကျွန်မ၏ ၀တ္ထုများ စာမျက်နှာများပေါ်တွင် ကျဲပါးလာခဲ့တော့သည်” လို့ အမှာစာလေးမှာ ဖြေခဲ့ဟန်တူပါသည်။
သူမ၏ ထူးခြားမှုကတော့ တစ်ဖက်သားကို စိတ်ချမ်းသာစေတတ်တာ၊ ထာဝစဉ်ချိုရွှင်သော မျက်နှာထားဖြင့် တက်ကြွရွှင်လန်းလျှက် မည်သူ့ကို မဆို အကူအညီပေးရန် အသင့်ရှိနေတတ်တာပဲ ဖြစ်သည်။  ကြီးမားများပြားလှတဲ့ အလုပ်တာဝန်၊ ၀တ္တရားတွေကြားမှာ ခေါင်းမဖော်နိုင်အောင် နစ်မြုတ်နေသည့်ကြားမှ အခွင့်ရသည်နှင့် လူမှုရေးလုပ်ငန်းတွေမှာ မညည်းမငြူ၊ တက်ကြွရွှင်လန်းစွာ ပါဝင်ရင်း၊ စာပေ၀ါသနာပိုးကလေးကိုလည်း တယုတယမွေးမြူရင်း ၀တ္ထုတို လုံးချင်းစာအုပ်ကလေးတစ်အုပ်ကို သူမ ကြိုးစားဖန်းတီး နိုင်ခဲ့ပြန်ပြီ။ ထပ်တူ ၀မ်းမြောက်မျှော်လင့်မိခဲ့ကြပါသည်။
“ဘတ်ဒေး ဗယ်လင်တိုင်းနှင့် ချစ်ခြင်းဖွဲ့ ၀တ္ထုများ”
…တဲ့။ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ (၁၄) ရက်နေ့မှာ စတင် ဖြန့်ချီလိုက်သော သူမ၏ ၀တ္ထုတိုများသည် တကယ်ပဲ ဗယ်လင်တိုင်းဒေးနှင့် လိုက်ဖက်ပြေပြစ်စွာ ချစ်ခြင်းများဖြင့် ထုံမွှမ်းနေခဲ့ပါသည်။ မာတိကာမှာ ၀တ္ထုတို (၁၀) ပုဒ်ထဲတွေ့ရတော့ နည်းလိုက်တာဟု အားမလို ၊အားမရ တွေးခဲ့မိသေးသည်။ တကယ်ဖတ်သောအခါ ၀တ္ထုတို တစ်ပုဒ်ချင်းစီသည် လုံးချင်းဝထ္ထုရှည်ကြီးတစ်ပုဒ်စီနှယ်ပင် ရှည်လျားကွေ့ကောက်စွာ သက်ဝင်နစ်မျောရသော ဇာတ်လမ်းရှည်ကြီး တစ်ပုဒ်ပမာ ဖြစ်နေပြန်တော့သည်။
ပထမဆုံး တစ်ပုဒ်မှာ “ဝေးလွင့်လိပ်ပြာ” ။ ဗယ်လင်တိုင်းဒေးနောက်ခံ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းတစ်ပုဒ် ဖြစ်သော်လည်း မာယာမပါ၊ လှည့်ဖျားခြင်းကင်းသော ချစ်ခြင်း၊ ပြီး.. အချစ်နှင့် ဝေးလွင့်ကွေကွင်းရခြင်းဆင်းရဲမှာ အပြုံးမပျက်စတမ်း နားလည်ခွင့်လွှတ်တတ်ကြသော၊ တစ်ဦးအပေါ် တစ်ဦး အလိုက်သိ၊ ဖြည့်ဆည်း ပေးတတ်ကြသော စိတ်နေစရိုက်ကလေးတွေကို ဖတ်ရှုခဲ့ရသည်။ ဂရုဏာဖြင့် မျက်ရည်သီဝေ့ချင်သော်မှ စာရေးသူက နူးညံ့ငြင်သာစွာ စာဖတ်သူအား ထွက်ပေါက်ပေး နှစ်သိမ့်ခဲ့သေးသည်။ စာရေးသူ၏ အောင်မြင်သော ၀တ္ထု၊ ဗွီဒီယိုအဖြစ် အသက်သွင်းခံရသည် အထိ တာသွားခဲ့သော ၀ထ္ထု ဖြစ်မည် ထင်ပါသည်။
ဒုတိယတစ်ပုဒ် “အရိပ်မဲ့ နှလုံးသား” ကတော့ မာနကြီးပြီး ထက်မြက်သော (သို့သော် ဘယ်သူမှ မမြင်သိ၊ နားမလည်နိုင်တဲ့ နှလုံးသားတစ်စုံကတော့ နူးညံ့သိမ်မွေ့စွာ)  မိန်းမသားတစ်ယောက် အချစ်၊ ဘ၀မျှော်လင့်ချက်၊ ခံစားချက်ပင်။
“မာနကို ဖက်တွယ်ရင်း ကျန်ရှိတဲ့ ဘ၀တွေကို ငါ ရင်ဆိုင်ရဦးမှာ”
..မာန်တင်းနိုင်ခဲ့တဲ့ မိုးပပက…
ဒိုင်ယာယီရီထဲမှာ သော့ခတ်သိမ်းဆည်းထားသော မျက်ရည်များနှင့်အတူ..
“ကျွန်မဘ၀ရဲ့ နောက်ဆုံး အချိန်လေးမှာပဲ ကျွန်မ အနားကို ‘ကို’ ရောက်လာရင် ကျေနပ်ပါပြီ”
…တဲ့လေ။ ကံဆိုးတာက သူမဘ၀ရဲ့ နောက်ဆုံး အချိန်က တကယ်ပဲ ကျရောက်ခဲ့သည်။ သူမရဲ့ ကို ကရော.. သူမထံ တကယ်ရောက်ခဲ့သလား။
 တတိယ တစ်ပုဒ်ဖြစ်သော "ပျောက်ဆုံးသွားသော အချစ်တစ်ခု" ကတော့ နှစ်ထောင့် တစ်ခုနှစ်မှာ ချစ်သူတွေ အဖြစ် လက်တွဲခဲ့ကြသူ၊ အခြေခံ လူတန်းစား ကောင်လေးနှင့် ကောင်မလေးတို့၏ မသိမသာ တဖြည်းဖြည်း ပြောင်းလဲလာသော ခံစားချက်၊ ဘ၀အမြင်၊ လက်ဆောင်၊ တွေးမြင်ဆုံးဖြတ်ပုံတွေကို ၂၀၀၁/ ၂၀၀၂/ ၂၀၀၃/ ၂၀၀၄/ ၂၀၀၅/ ၂၀၀၆/ ၂၀၀၇/ ၂၀၀၈ စသည့်ဖြင့် ခုနှစ်အလိုက် ဆစ်ပိုင်းပုံဖော်သွားသည်မှာ နှစ်သက်ဖွယ် ကောင်းလွန်းလှတော့သည်။
နောက်တစ်ပုဒ်ကတော့ "စတုတ္ထမြောက်အိပ်မက်" ဖြစ်သည်။ အိပ်မက်တွေနှင့် ပတ်သက်လျှင် အစွဲအလန်းကြီးသူ တစ်ယောက်၏ အချစ်၊ ဘ၀၊ ခံစားချက်ကို စိတ်ဝင်စားဖွယ်ရေးဖွဲ့ထားလျှက် အဆုံးသတ်မှာတော့ စာရေးသူက မေးခွန်းတစ်စဖြင့် စာဖတ်သူကို မဆုံးတမ်း အတွေးထွေပြားစေရပြန်တော့သည်။
"လမ်းခွဲ.". ... ။ အံသြသွားသည်။ အချစ်နောက်ခံ မဂ္ဂဇင်း ၀တ္ထုတို တစ်ပုဒ်အတွက် စာရေးသူ၏ အရင်းအနှီးကား ကြီးမားလွန်းသည်ဟု ဆိုချင်သည်။ သူမ၏ အားထုတ်မှုကိုလည်း လေးစားရပါသည်။ စာရေးသူရွေးချယ်သော နောက်ခံမှာ ကျွန်တော်တို့နှင့် မစိမ်းလှသော မြစ်ဝကျွန်းပေါ်၊ ပုဇွန်မွေးမြူရေးကန်များ အကြောင်းဖြစ်သည်။  သို့သော် ကျွန်တော်တို့ သူမလောက် နှိုက်နှိုက်ချွတ်ချွတ် မလေ့လာ မိခဲ့၊ မသိပါ။ စာရေးသူ ဖန်တီးထားသော ဇာတ်ကောင် မိန်းကလေးမှာ M.Sc (Zoogloy ) နှင့် ကျောင်းပြီးသူ၊ နည်းပြဆရာမလုပ်ရန် ရည်ရွယ်စောင့်ဆိုင်းရင်း ပုဇွန်မွေးမြူရေးလုပ်ငန်းမှာ အလုပ်ဝင်ဖြစ်၊ နိုင်ငံခြားပညာတော်သင်အဖြစ် ပင်ပန်းတကြီး၊ နေပူထဲပြေးလွှား ပညာသင်ယူကာ နူးညံ့အေးဆေးသော ရုပ်ရည်နှင့်မလိုက် တက်ကြွလှုပ်ရှားသော၊ ထက်မြက်သော ၊ ကိုယ်စွမ်းကိုယ်စ ရှိသော နာမ၀ိသေသနတို့ဖြင့် ရုပ်လုံးကြွနေပါသည်။ ဇာတ်ကောင်၏ လှုပ်ရှားပြုမူပုံ၊ ခံစားချက်၊ ဆုံးဖြတ်ချက်များမှာ လေးစားနှစ်သက်စရာ....။ လုံးချင်းဝတ္ထုတစ်ပုဒ်အဖြစ် တစိ့်စိမ့် ခံစားဖတ်ရှုချင်စရာ ကောင်းလွန်းလှတော့သည်။
မျက်ရည်ခံ မှဲ့ကလေး ကိုယ်တိုင်ပိုင်ဆိုင်ထားသော်လည်း အစွဲအလန်းမထားချင်သော၊ အယူသီးသူများကိုလည်း ဆန့်ကျင်တော်လှန်ချင်သော အရွဲ့တိုက်ချင်စိတ်နှင့် ကောင်မလေး ‘မေပန်းဖူး’ အကြောင်း “သက်မဲ့ဆူး၏ နှောင်ဖွဲ့ခြင်း”
အသက်အရွယ်၊ အတွေ့အကြုံအရ ခံစားချက်တွေ ပြောင်းလဲခါးသီးလာတတ်တာ..။ ရင်ခုန်စွဲလန်းလှသော ဗယ်လင်တိုင်းဒေးဟာ ခုတော့လည်း…။ ဘတ်ဒေးဗယ်လင်တိုင်း ထဲက ဇာတ်ကောင် အိမ့်သဲပြည့် ကတော့ နေ့စွဲတွေကို မုန်းတယ်…တဲ့လေ။
နောက်…  GTI ကျောင်းကြီးနောက်ခံ အတိတ်ပန်းချီ…။
နောက်… အဆင်ခြင်မဲ့ မိုက်မှားကျူးလွန်မှုအတွက်  နောင်တတရားက ကျိန်စာသဖွယ်ဖြစ်ကာ ဘ၀တစ်လျှောက်လုံး ခံစားပေးဆပ်နေရရှာသော မေးစိုးသူ ၏ခင်ပွန်း။ သူ့အကြောင်း၊ သူ့ဒဏ်ရာများအတွက် “ကျိန်စာ”
”တွေ့ခွင့်မကြုံ
ဆုံခွင့်မရ
ဘ၀ချင်းပင် ဘယ်လိုဝေးစေဦးတော့
သူ.. ရှိနေသေးတယ်ဆိုတဲ့
အသိလေးနဲ့သာ…”
…ကဗျာလေးနဲ့ သက်မှူးညီညီ ဆိုသော မိန်းခလေး၏ ခရစ်စမတ်နောက်ခံ ဇာတ်လမ်းလေးသည်လည်း ဆွံ့ပျံ့ဖွယ်ရာပင်။
ဝတ္ထုတို (၁၀) ပုဒ်ထဲဟု အားမရချင်သလို ဖြစ်ခဲ့ရသော ဒီဝတ္ထုတိုစု စာအုပ်ကလေးသည် တစ်ပုဒ်ဖတ်ပြီး ခဏနား၊ စဉ်းစားရင်း တွေးတောရင်း၊ ရင်ခုန်စွာ နှစ်သက်မိရင်း အားရကျေနပ်ခဲ့ရပြန်သည်။ ထပ်ဆင်ပြောလိုသေးသည်မှာ ‘လမ်းခွဲ’  ၀တ္ထုတိုပင် ဖြစ်သည်။ ကျွန်တော်တစ်ယောက်တည်း၏ ခံစားချက်အရ ဤစာအုပ်တွင်ပါရှိလာသော ၀တ္ထုတိုအားလုံးအနက် အကောင်းဆုံး ၀တ္ထုတိုဟု သတ်မှတ်ချင်တော့သည်။ ထိုပြင် မ်းခွဲ ကို တင်ဆက်မှု ပုံစံတစ်မျိုးဖြင့် အားပါးတရ ထပ်မံခံစား အားပေးချင်မိပါသေးသည်။ စာဖတ်သူများလည်း ဖတ်ဖြစ်လျှင် ကျွန်တော်နှင့် အကြိုက်ညီကြမည် ထင်မိပါ၏။
မမေဇူးသည် မအားလပ်သော တာဝန်များကြားမှ ယခုကဲ့သို့သော ထိရှနက်ရှိုင်းသည့် ခံစားမှု တစုံတရာပေးစွမ်းသော ၀တ္ထုတို အသစ်ကလေးတွေ ထပ်မံရေးဖွဲ့လာဦးမည်ဟုလည်း မျှော်လင့်လျှက် ဆက်လက်အားပေးနေပါဦးမည်။ မမေဇူး ဆက်လက်ချီတက် အောင်မြင်ပါစေကြောင်း ဆုမွန်ချွေလျှက်…..

MMG မောင်နှမများနှင့် မမေဇူးသို့ ချစ်ခင်စွာ….
                                                                                             ကိုသတိုး

2 comments:

  1. ကိုသတိုးရေ တကယ်ဖတ်ချင်လာပြီ။

    ReplyDelete
  2. ထပ်ပြီး အသေးစိတ်လေး သုံးသပ်ပေးရင် ပိုကောင်းလေမလားလို့ ...

    ReplyDelete

စိတ်ထဲ ခံစားမိသလို မျှဝေပြောပြခဲ့ပါဦး...။