ကိုယ့်စာသင်ခန်းထဲက
ကျောင်းသားတပည့်တွေ ပညာအပေါ် တန်ဘိုးမထား၊ သဘောထား မလေးနက်၊ ခံယူချက် ပေါ့တန်၊ ကြိုးစားမှုလျော့လျဲလာနေကြတဲ့အကြောင်းကို
ပညာရေးနယ်ပယ်တွင် ကျင်လည်နေကြသော ဆရာ၊ ဆရာမတိုင်းက အားမလို၊အားမရ ဖြစ်နေကြရသည်ပင်။
ထိုအကြောင်းအရာ၊ ခေါင်းစဉ်သည် ကျောင်းတွင်းမှ ဆရာ၊ ဆရာမတွေသာမက၊ ပြင်ပဘော်ဒါဆောင်တွေ၊
ကျူရှင်ဆရာတွေပါ မကျန်… လူချင်းဆုံမိလျှင် အပြန်အလှန်ဆွေးနွေးကြ၊ အပြိုင်အဆိုင် ညည်းတွားကြ။
ကြံရာမရသည့်အဆုံးမှာတော့ ပညာရေးစနစ်ကြီးတစ်ခုလုံးက ကမောက်ကမနိုင်လှစွာ ဖြစ်ချင်းတိုင်းဖြစ်ပျက်ကာ
ယိုင်ရွဲ့ပြိုလဲခဲ့ရသည်ကိုသာ လက်ညှိုးထိုးပြစ်တင်လိုက်ကြတော့သည်ပင်။
ထိုစကားဝိုင်းတွေမှာ
ကျွန်တော်ပြောနေကျ လက်သုံးစကားကတော့…
“ကျွန်တော်တို့ ကျောင်းသားတွေမှာ စံပြုအတုယူစရာ အနီးကပ်ဆုံးပုဂိုလ်၊
ကျွမ်းဝင်ကျင်လည်ရာပတ်ဝန်းကျင်ကောင်း မရှိတာလည်း အကြောင်းတစ်ချက်ပဲ”
ကျွန်တော်တို့
မြို့ငယ်လေး၏ ဆယ်တန်းအောင်ချက်က ၂၀%မျှထက်ပိုသာရုံ။ ဖြေဆိုသူကျောင်းသားတစ်ထောင်ကျော်အနက်
အစွန်းထွက်မျှသော အောင်မြင်သူတွေကြားမှာ ဆယ်တန်းစာမေးပွဲရှုံးနိမ့်ရသည့် သိမ်ငယ်ဝမ်းနည်းခံစားမှုကို
ထောင်ဂဏန်းဝန်းကျင် ရှုံးနိမ့်သူ ကိုယ်လိုလူစားအများကြီးဆိုသော ခံယူချက်က ပျက်ရယ်ပြုကာ
နေ့ချင်းပြီး ကုစားပေးနိုင်ခဲ့လေသည်။
အောင်မြင်သူ
အများစုတို့ကျတော့လည်း အောင်မှတ်မီရုံမို့ လူရိုသေ၊ ရှင်ရိုသေ ဘွဲ့လက်မှတ်စက္ကူတစ်ချပ်ရရုံ
အဝေးသင်တက္ကသိုလ်နှင့် ဆက်သွယ်ကာ ပျော်မော်မဆုံး။ စာသင်ခန်းမှအပ တက္ကသိုလ်ဝန်းကျင်နေရာအနှံ့
လည်ပတ်ပျော်ပါးမပျက်။ သောက်စားသုံးဖြုန်းကြလျှက်။ တချို့ အတန်းတင်စာမေးပွဲ အချိန်ဇယားပင်
မသိ။ ကိုယ့်မေဂျာမှာ paper ဘယ်နှစ်ခုရှိသလဲဆိုတာတောင် ဇဝေဇ၀ါ။ ပညာနှင့် ဘွဲ့လက်မှတ်ကို
ခွဲခြားမသိပဲ အရောရော အထွေးထွေး ထင်မှတ်တွေးကာ ဘွဲ့ရလည်း ဘာမှ မထူးခြားဘူးဟု သူတို့အားလုံး၏
အသိမှာ အလိုလို ပြဋ္ဌာန်းပြီးဖြစ်နေနှင့်ပြီ။ အားစိုက်ကြိုးစားလိုစိတ်တို့ ကုန်ခမ်းပျောက်ပျက်ခဲ့ကြတာ
ဘယ်အချိန်ကတည်းကပါလိမ့်။
“ပညာကို တန်ဘိုးထားတဲ့ ပတ်ဝန်းကျင်ကောင်းလေးတစ်ခု
ရှိရင်တော့….”
@@@@@@@@@@
မဟာပညာကျော်
ဘော်ဒါမှ အဆောင်မှူးဆရာတစ်ဦးက….
“ကျွန်တော်တို့ ဘော်ဒါရှေ့မှာ အအေးဆိုင်ကလေး တစ်ဆိုင် လာဖွင့်တယ်။
နေကြာစေ့လို၊ အာလူးကြော်လို သွားရည်စာထုတ်ရောင်စုံလေးတွေလည်း တွဲလွဲချိတ်ဆွဲထားသေးတာလေ…။
ကလေးတွေအတွက် အားလပ်ချိန်၊ နားချိန်ကလေး ခြေညောင်းလက်ဆန့် ခဏတစ်ဖြုတ် သွားချင်၊ လာချင်ရင်
နီးနီးနားနား၊ အဆင်ပြေတာပဲ လို့ အစက ထင်ခဲ့တာ။ ကိုယ်လည်း ဘော်ဒါဆောင် အပေါ်ထပ်ကနေ လှမ်းကြည့်ရင်
မြင်တွေ့နေရတော့ စိတ်ချမိတယ်။
…..
တစ်လကျော်လောက်ကြာမှ ကိုယ့်ကျောင်းသားတချို့ အကဲမရလွန်းတာနဲ့ ရိပ်မိတော့တာ။ သူက အအေးဆိုင်ကလေး
ဟန်ပြပြီးတော့ နောက်ဘက်မှာ ဆေးလိပ်၊ ကွမ်းယာပါ ကလေးတွေကို ရောင်းပေးနေတာကိုး။ ဆေးလုံး၊
ဆေးပြားကအစ ..ရတယ်ဆိုတာ သိတော့ တော်တော်လန့်သွားတယ်။ ကျွန်တော့်ကျောင်းသားတွေကို အဲဒီဆိုင်
ပေးမလွှတ်တော့ဘူး။ အံမယ်.. ဒါတောင် နည်းအမျိုးမျိုးနဲ့ ကလေးတွေဆီရောက်အောင် ပို့ပေးနေသေးတာ။
တောင်းပန်တာရော.. ခြိမ်းခြောက်တာရော… နည်းအမျိုးအမျိုးသုံးမှ ဆိုင်ပိတ်သွားတယ်”
@@@@@@@@@@
စကားပြောလျှင်
ဟန်များသလောက် ဖောင်ဖောင်ကျဲကာ ဟောင်ဖွာလေ့မြဲသူ့ဟန်အတိုင်း အင်္ဂလိပ်စာ ကျူရှင်ဆရာ က…
“တစ်မြန်နှစ်က D-Target ဘော်ဒါက ကျောင်းသားတွေကို ငွေဆောင်ကမ်းခြေ
အပန်းခြေခရီးစဉ် စီစဉ်ပေးတယ်လေ။ ကျွန်တော်တို့ ဆရာတွေလည်း ကလေးထိန်းလိုက်ကြရတာ..။ ပင်လယ်လည်းမြင်ရော…
ဘာပြောကောင်းမလဲ…။ ကျွန်တော့်တို့ကောင်တွေဆိုတာ ပျော်လွန်းလို့ အော်ဟစ်ခုန်ပေါက်နေတော့တာ။
ရေကူးရင်း ရေနက်ပိုင်းကို နယ်ကျွံသွားမှာစိုးလို့ တရရ၊ တဖွဖွသတိပေးနေကြရတာ ။ နောက်တော့
ဆရာ နှစ်ယောက်က ရင့်စို့လောက် ရေနက်မှာ ရပ်နေပြီး ကင်းစောင့်ရတော့တယ်။
…အဲ
ပြဿနာက ကုန်းပေါ်ရောက်မှ စတာ။ ရေချိုး၊ အ၀တ်အစားလဲပြီး ညစာစားကြဖို့ စီစဉ်နေတုန်း ကျောင်းသားအငယ်နှစ်ယောက်
လစ်ထွက်သွားတာ မသိလိုက်ဘူး။ ဆရာတို့ ကျောင်းသားတွေ ဆိုင်ကယ်မှောက်လို့ ဆိုပြီး လာပြောမှ
မျက်ကလူးဆန်ပြာ လိုက်ကြရတာ…။ ငွေဆောင်လမ်းက ကွန်ကရစ်လမ်းကြီးမှ ဖြူးလို့ပဲ။ ကံကောင်းလို့
ကလေးနှစ်ယောက်က လမ်းဘေးလွင့်ကျလို့သာပေါ့။ လမ်းမပေါ်သာကျလို့ကတော့ မတွေးရဲဘူး။ ဒါတောင်
ဆိုင်ကယ်နောက်က လိုက်စီးတဲ့ကလေး လက်ဖျံတစ်ဘက် သွင်သွင်ကျိုးသွားခဲ့တာ။ မျက်ခုံးလည်း
ကွဲသွားတယ်..။ သူတို့ နာရီနဲ့ ငှားစီးခဲ့တဲ့ ဆိုင်ကယ်ကတော့ ရစရာကို မရှိတော့ဘူး။ ပိုင်ရှင်က
အလျော်စကားပြောတော့ …
…အသက်မပြည့်သေးတဲ့
ကလေးတွေကို ဆိုင်ကယ်ငှားရကောင်းလားလို့ ၀ိုင်းပြောကြတာပေါ့။
…လျော်တော့
လျော်ခဲ့ရတာပဲ။ ဒီကလေးတွေဆီက ငွေလေး တစ်ထောင်လောက်ကို မက်မောပြီး သင့်၊ မသင့်၊ တော်၊
မတော် ဒီလူ မစဉ်းစားတာကို အံ့သြတာ”
@@@@@@@@@@@@@
“မြို့သစ်က ဘော်ဒါတစ်ခုက ကျောင်းသားတွေ အရိုက်ခံရလို့တဲ့”
“ဆရာရိုက်တာလား”
“စာသင်ခန်းထဲမှာ မဟုတ်ဘူး။ ကေတီဗီ ဆိုင်မှာ”
“ဟေ…”
သတင်းက
အော့နှလုံးနာစရာ။ ညည့်သန်းခေါင်းကျော်အချိန်လောက်မှာ ဘော်ဒါဆောင်ကနေ ခိုးထွက်ခဲ့သော
ကျောင်းသားက ဆယ့်နှစ်ယောက်ဖြစ်သည်။ ကေတီဗီဆိုင်က ဒီအချိန်အထိ မပိတ်သိမ်းသေးဘူးလား။
ဆိုင်မန်နေဂျာကို ကြိုတင်ချိန်းဆို မှာကြားထားခဲ့သလိုတောင် ဆိုကြသည်။ ဒီ နယ်မြို့ကျဉ်းကျဉ်းလေးအတွင်းမှာ
ဒီကလေးအုပ်စုဟာ ဘော်ဒါနေကျောင်းသားများဟု ထိုဆိုင်က အသေအချာသိမည်မလွဲ။ တကယ်ဆို ဖြောင်းဖျပြောဆို
ဆုံးမကာ လက်သင့်ခံဖို့ မသင့်။ သက်ဆိုင်ရာ လူကြီးမိဘ၊ ဒါမှမဟုတ် ရပ်ရွာလူကြီးကိုဖြစ်ဖြစ်
အကြောင်းကြားသင့်သည် မဟုတ်လား။ ခုတော့ ငွေကြေးရလိုမှုတစ်ခုတည်းနှင့် မအပ်မလျှော်သော
အမှုကို သူတို့ပြုမူခဲ့ကြတာပင်။ အရက်သေစာပါ စီစဉ်ထားပေးတတ်သော ထိုဆိုင်မှာ ကလေးများက
အပျော်လွန်ကာ ထိန်းမနိုင်အောင်ဖြစ်လာလေမှ သီးမခံနိုင်ဖြစ်ကာ တံခါးမကြီးကို သော့ချ၊
အချိန်ယူစီစဉ် ပြေးပေါက်ပိတ်ပြီးမှ ဆိုင်အလုပ်သမား လူငယ်တို့က ရိုက်နှက်ခဲ့တာ ဖြစ်သည်။
လူ့ဂုဏ်ဒြပ်နှင့် မအပ်လျော်၊ မတန်ရာသူတွေ…။
“ဒါမျိုးကျတော့ တရားဥပဒေအထက်က ကြောင်ဖားတွေက ဆီးဆို့အုပ်ဆိုင်းထားချင်သေးတာ။
ဒီဆိုင်မျိုးတွေက သူတို့နဲ့ မကင်းရာ မကင်းကြောင်းတွေချည်းပဲလေ။ တစ်နည်းမဟုတ် တစ်နည်းနဲ့
ဆက်စပ်ပတ်သက်ထားကြတာဆိုတော့ ညောင်မြစ်တူးရင်း ပုတ်သင်ဥပေါ်မှာ စိုးရိမ်ကြတယ်”
“…………”
“……………..”
@@@@@@@@@
တပည့်ကျောင်းသားငယ်များ၏
အိပ်ကပ်ထဲမှ မုန့်ဖိုးကို သူတို့ ရိက္ခာအတွက် ဖျားယောင်းမြှူဆွယ်ကာ လက်တွင်းတဆုံးနှိုက်ယူနေကြသည့်
ပတ်ဝန်းကျင်အကြောင်း အတွေးလက်စသိမ်းလျှက်…
“ကဲ.. ဒီမှာဟေ့။ လာမယ့်စာမေးပွဲကြီးအတွက် အရေးကြီးတဲ့ သင်္ခန်းစာအားလုံးကို
ဆရာကိုယ်တိုင် စုစည်းပေးထားတဲ့ Exam Special ။ စာအုပ်တန်ဖိုးကတော့ မများသော နှုန်းထားနဲ့…
ဟဲ..ဟဲ”
စာသင်ခန်း၏နောက်ဆုံးတန်းမှ
ကျောင်းသားတစ်ယောက် လက်တစ်ဘက်မြောက်တက်လာကာ…
“ဒီရက်ထဲမှာ မုန့်ဘိုးတောင် လက်ထဲပြတ်နေလို့ပါဆရာ။ အဲဒါ…”
“ရပါတယ်ကွာ။ လကုန်မှပေးပေါ့”
မျက်နှာချိုပြုံးနေလျှက်
စာအုပ်ဖိုးငွေကျန်ကျောင်းသားများ၏ အမည်စာရင်းရေးမှတ်ရန် အိပ်ကပ်ထဲက ဘောလ်ပင်ကို ခလုတ်နှိပ်ဖွင့်ပြီး
ဖြစ်နေပြီ။ ။
သတိုး