Sunday, February 12, 2012

လက်ဆောင်


“ဖေဖော်ဝါရီ ဆယ့်နှစ်ရက်နေ့က ပြည်ထောင်စုနေ့လေ…”
“ဖေဖော်ဝါရီ ဆယ့်သုံးမှာ ဗိုလ်ချုပ်မွေးနေ့ပါ …”

ပြုံးမြရွှင်သွက်လှတဲ့ ဟန်ပန်လေးနှင့် စကားတီတာဆိုတတ်လှသော ချစ်စဖွယ်ကောင်မလေးသည် ဗယ်လင်တိုင်းဒေးကိုလည်း ရင်ခုန်မျှော်လင့်တတ်သေးသူ ဖြစ်သည်။ ချစ်သူနှင့် အတူ နေရာအနှံ့ လျှောက်လည်ချင်သေးသည်တဲ့။ ချစ်သူပေးသော လက်ဆောင် တစ်ပွေ့တစ်ပိုက်ကို မက်မောစွာ ငံ့လင့်လျှက်ရှိသည် ဟုလည်း ပွင့်လင်းစွာ ၀န်ခံပြီးဖြစ်လေသည်။ ပြီး ကြည်နူးဆွံ့ပျံ့ဖွယ်ရာ ကော်ဖီဆိုင် တစ်ဆိုင်ဆိုင်မှာ ခေါင်းချင်းဆိုင်ကာ တွတ်ထိုးချင်ပြန်သတဲ့။

“ကိုယ် အဲဒီနေ့မှာ သွားစရာ တစ်ခုရှိနေတယ်”

…ဆိုလျှင်တော့ နှုတ်ခမ်းစူချင်ပြီ။

“ဒါဆို ဒီလို လုပ်ရအောင်လေ…”
“ဘယ်လိုမှ မလုပ်နဲ့။ ကိုကို့ကို မုန်းလိုက်ပြီ”
“ဟာ… ဘယ်တုန်းက…”
“အခုပဲ”
ပြောပြီး ခြေဆောင့်ကာ လှည့်ထွက်ရန် ခြေဟန်ပြင်တော့ပြီ။ ဒါပေမယ့် ထိုကောင်မလေးသည် စိတ်ဆိုးစိတ်ကောက်မြန်ဆန်သလောက် ချော့မော့သည့်အခါ အလွယ်တကူ စိတ်ပြေကြည်လင်လာတတ်ပြန်တာ ကျွန်တော့်အဖို့ ကံကောင်းလှပါသည်။ ထိုနေ့ရောက်ခဲ့လျှင်လည်း နှင်းဆီနီနီ ပန်းစည်းကြီးကို ကျေနပ်ပျော်ရွှင်စွာ၊ တယုတယပွေ့ပိုက်ကာ ချောကလက် မြုံ့ဝါးမပျက်ပဲ…

“ကိုကို သွားချင်တဲ့ဆီ သွားလို့ရပါပြီ။ ဒါပေမယ့် လုံမေကတော့ ကိုကိုနောက် တကောက်ကောက် လျှောက်လိုက်နေမှာပဲနော်။ ကိုကို မခေါ်လည်း လိုက်မှာပဲ”

ညစ်ကျယ်ကျယ် ဆိုနေပြန်ရာ ကျွန်တော် ပြုံးမိရသည်။

“ကိုကိုကလည်း လုံ့ကို အတူခေါ်သွားချင်တာပါ။ လုံ လိုက်ချင်ပါ့မလား မသေချာလို့သာ မခေါ်ဖြစ်ခဲ့တာ”
“အခုကစပြီး သေချာလိုက်တော့”

ကျွန်တော်က ရွှီခနဲ လေတစ်ချက်ချွန်လိုက်တော့ လုံက ပြုံးစစ မျက်စောင်းဝင့်သည်။

မြို့ထဲမှာ တုန်းကတော့ ကျွန်တော့်ပခုံးကိုင်ကာ ကြည်နူးပြုံးမြနေခဲ့သော လုံသည် အရာအားလုံးကို မထေမဲ့မြင် မေ့လျော့နေသလား ထင်ရသည်။ ဆိုင်ကယ် တစ်ချက် အခုန်မှာတော့ ကျောက်ခင်းလမ်းကြမ်းကို သတိပြုမိသွားတောပြီ။ သတိမထားမိခဲ့သော ပတ်ဝန်းကျင်မြင်ကွင်းများ၏ ပြောင်းလဲမှု၊ နုံချာမှုတို့ကိုလည်း သတိထားမိသွားရကာ ဇဝေဇ၀ါ ဖြစ်နေပြန်တော့သည်။

“ကိုကို ဘယ်သွားနေတာလဲ”

ကျွန်တော် ပြန်မဖြေပဲ လည်ပြန်ပြုံးပြလိုက်သည်။ လုံသည် တစ်စုံတစ်ရာအား သတိတရ လန့်ဖျတ်သွားဟန်ရှိလာတော့ကာ…

“ကိုကို… ကိုကို… လုံ့ကို ခိုးလာတာ မဟုတ်ပါဘူးနော်”

ကျွန်တော်က သဘောတကျ တဟားဟားရယ်လေ လုံကြောက်လာလေဖြစ်နေသည်။

“ကိုကို လုံတောင်းပန်တယ်နော်။ လုံ…လုံ ကြောက်လို့ပါ။ အဲလို မဟုတ်ဘူး မို့လားဟင်”

နောက်ကြည့်မှန်မှတဆင့် လှမ်းမြင်တွေ့နေရသော လုံမျက်နှာလေးက သနားကြင်နာချင်စရာ ကောင်းနေခဲ့ပါသည်။

ကျွန်တော့်ပခုံးကို ကျော်၍ကြည့်ကာ ဆိုင်ကယ် ရှေ့ခြင်းထဲမှ သစ်သီးနှင့် မုန့်၊ အချိုရည်ပုလင်းတွေဆီ အကဲခတ်နေပြန်သည်။

“ကိုကို့ကို ယုံယုံကြည်ကြည်နဲ့ လိုက်ခဲ့ပါ လုံရယ်။ ရောက်တော့ သိမှာပေါ့။ ဒီ ရှေ့နားလေးတင်ဆို ရောက်ပြီ်”

လုံ ယုံကြည်ပုံမရပါ။ ကျွန်တော့်မျက်နှာအား မရအရ လှမ်းကြည့် အကဲခပ်နေပြန်သည်။ လက်ထဲမှာ အမြတ်တနိုး ပွေ့ပိုက်ထားဆဲ ပန်းစည်းကြီးကိုလည်း ယောင်ယမ်းကာ လွှင့်ပစ်မိတော့မယောင်။

“လုံ… ပန်းစည်းကြီး လွတ်ကျကျန်ခဲ့ ဦးမယ်နော်”

ပတ်ဝန်းကျင်ရှိ ခြံဝန်းကျိုးကျဲနှင့် တဲသာသာ အိမ်ကလေးတွေက လုံ့အဖို့ စိမ်းသစ်နေဟန်ရှိပါသည်။

“ဒီဘက်တွေကို လုံ တစ်ခါမှ မရောက်ဖူးဘူး”

…ဟုလည်း ရိုးသားစွာ ၀န်ခံရှာပါသည်။ ခြံဝန်းတစ်ခုဆီ လှမ်းဝင်လိုက်သောအခါ လုံသည် ဆုတ်တွဲထားသော လက်တွေကို ဆောင့်ရုန်းပစ်လေကာ ခြံဝမှာ ခြေစုံရပ်နေတော့သည်။

“လာပါ လုံရဲ့။ ဒါ.. ကိုကို့ ဘော်ဒါတစ်ယောက် နေတဲ့ခြံပါ။ ခြံထဲမှာလည်း သူ တစ်ယောက်တည်း…”

ပြောလေမှ လုံ့မျက်နှာသည် ပြိုလုမိုးနှယ် ဖြစ်ရတော့သည်။

“ကိုကို… အကြံဆိုးပဲ။ လုံ ကိုကို့ကို မုန်းမိတော့မယ်”

လုံ့ မျက်ဝန်းမှ မျက်ရည်စ တချို့ကြောင့် ကျွန်တော် နောင်တရချင်လာခဲ့ပါသည်။ တကယ်ဆို ကျွန်တော်နှင့် လုံတို့က နှစ်ဘက်မိဘ ကျေနပ် ကြည်ဖြူပြီး ချစ်သူတွေ ဖြစ်ပါသည်။ နှစ်ယောက်စလုံး အလုပ်အကိုင် အတည်တကျနှင့် နှစ်ကိုယ်တူနေ့ရက်တွေအတွက် ကြိုးပမ်းဆဲ ကာလမို့သာ လက်ထပ်ရက်ကို ရွှေ့ဆိုင်းထားခဲ့ကြတာ မဟုတ်လား။

“ကိုကို လုံ့ကို အိမ်ပြန်ပို့ပါနော်”

ကျွန်တော့် နှုတ်ခမ်းများက ဖွင့်ဟ၀န်ခံလု ဆဲဆဲ…

“ဟော.. လူကလေးလား။ သူငယ်ချင်းပါ ပါလာတာလား။ အိမ်ထဲခေါ်ခဲ့လေ”

ခပ်အုပ်အုပ် ဆူညံသံကို အဖိုးက ကြားနှင့်နေခဲ့ပြီ။ အသက် ရှစ်ဆယ်နားနီးနေပြီ ဖြစ်သော်လည်း အဖိုးက ကျန်းမာသည်။ သတိလည်း ကောင်းသည်။ သို့ပေမယ့် တစ်ကြိမ် ချော်လဲပြီး ခြေတစ်ဖက်ကျိုးအက်ခဲ့ဖူးသော အဖိုးက ချိုင်းထောက်ကလေး အားပြုကာ ခြံဝန်းထဲမှာသာ ကျင်လည်နေရရှာသူမို့ စိတ်ကတော့ အားငယ်နွမ်းလျနေခဲ့ဖူးတာ။

“မချမ်းသာပေမယ့် အဖိုးတစ်ယောက်စာတော့ သူတို့ သဒ္ဒါကြပါတယ် လူကလေးရဲ့။ ဒါပေမယ့် ဒီခေတ်က အိမ်ရှိလူကုန် တစ်နေကုန် အိမ်ကထွက်ပြီး ရုန်းကန်နိုင်မှ ၀မ်းဝရုံ ရှိတာ မဟုတ်လား။ ကလေးတွေက ကျောင်းနဲ့ ကျူရှုင် ကူးရင်းနဲ့ မိုးလင်းမိုးချုပ် အလုပ်ရှု့ပ်၊ အဖေနဲ့ အမေက အလုပ်မှာ နေကုန်နေခမ်း၊ အိမ်ပြန်ရောက်တော့လည်း တီဗွီရှေ့မှာ တန်းစီ အပမ်းဖြေကြရင်း အိပ်ယာဆီ တန်းဝင်ကြပြန်တော့ အဖိုးကလည်း အလိုက်သိရတာပေါ့။ ဘုရားစင်နဲ့ အိပ်ယာ ကူးချည်သန်းချည်ပေါ့။ ဒီလို နေရတာပဲလေ…”

အားလပ်ရက်တချို့တိုင်း ကျွန်တော် အရောက်လာမည်ဆိုတော့ နားမလည်နိုင်ခြင်းများစွာဖြင့်……..

“လူကလေးက အဖိုးနဲ့ အဖော်လာနေပေးမယ်ဆိုတာ ဘာအတွက်လည်း”

ကျွန်တော်တို့ သူငယ်ချင်းတစ်စု၏ home care အစီအစဉ်အကြောင်းပြောပြလျှင်တော့ အဖိုးတစ်ယောက် ၀မ်းသာကြည်နူးမှု မျက်ရည်တွေ သီဝေ့လျှက် သာဓု အထပ်ထပ်ခေါ်ခဲ့သေးတာ ဖြစ်သည်။

“…. အဖိုး တစ်ယောက်တည်းလည်း နေတတ်ပါပြီ။ တစ်ခါတစ်လေတော့လည်း ကိုယ့်ရင်ထဲမှာ ပြောစရာလေးတွေရှိတတ်တာပေါ့။ တစ်ယောက်ယောက်ကို ပြောပြချင်တာပေါ့။ ဒါပေမယ့် ကိုယ့် အသက်အရွယ်က ကြောင်အိုတော့ ကြွက်မလေး ဆိုသလို ဖြစ်နေပြီ မဟုတ်လား။ အလိုက်သိတတ်ရတာပေါ့။ အမှန်အတိုင်း ၀န်ခံရရင်တော့ ကိုယ်လက်မအီမသာ ဖြစ်လာလို့တောင် ကိုယ့်ဘာသာ ဆေးပေးနေရတဲ့ ဘ၀ဆိုတော့ နည်းနည်းတော့ အားငယ်တယ်။ လူလေး ရောက်လာမှ စကားပြောဖော်ရတော့ ၀မ်းသာနေတာ။ ကျေးဇူးလည်း တင်တယ်”

ကျွန်တော် ရောက်လာမယ့် အားလပ်ရက်တွေကို မျှော်နေရှာတတ်တဲ့ အဖိုးက အိမ်အ၀င်ဝမှာ ခြေတစ်ဖက်တွဲလဲချလျှက် ထိုင်ကာ ဆိုင်ကယ် စက်သံကို နားစွင့်နေလေ့မြဲ။ ခုလည်း ကျွန်တော့် ဆိုက်ကယ်စက်သံကြားကတည်းက အိပ်ယာဆီမှ ဖင်ရွှေ့တရွတ်ဆွဲကာ အိမ်ရှေ့ထွက်လာတာ ဖြစ်မည်။ အဖိုး၏ မျှော်လင့်ချက်ဖြင့် ဖော်ရွေပျူငှာနေသော မျက်ဝန်းဝေသီတို့အား လုံတစ်ယောက် လှမ်းငေးနေဆဲ….

“သူက မလိုက်ချင်ဘူး လုပ်နေတယ် အဖိုး”

ကျွန်တော်၏ မချိုမချဉ် အပြုံးကို အဖိုးနားမလည်သော်လည်း လုံတစ်ယောက်တော့ တဖြည်းဖြည်း ရိပ်မိနားလည်လာဟန်ဖြင့် အဖိုးထံ ခပ်ဆဆ ခြေလှမ်းများဖြင့် တိုးလှမ်းသွားပါသည်။

"အဖိုးအတွက် မိတ်ဆွေအသစ် ခေါ်လာပေးတာ။ သူ့နာမည်က လုံမေပျိုတဲ့ အဖိုး"

လုံကလည်း...

“ဟက်ပီး ဗယ်လင်တိုင်းပါ အဖိုး”

ပန်းစည်းကြီး လက်ထဲရောက်လာသည့်တိုင် အဖိုးက လုံ့စကားကို နားလည်ဟန်မရှိတာ ရိပ်မိသွားလျှင်တော့ လျှာတစ်လစ်နှင့် ပခုံးတွန့်သည်။ ပြီး... အဖိုးအား နွေးထွေးစိတ်ရှည်စွာ ပြုံးပြနေလျှက်…

“’ဒီနေ့က ကိုယ် ချစ်တဲ့၊ ခင်တဲ့သူတွေကို လက်ဆောင်ပေးတဲ့နေ့လေ အဖိုးရဲ့။ ဒါကြောင့် လုံတို့က အဖိုးအတွက် လက်ဆောင်လာပေးကြတာ။ လုံက အဖိုး ပျော်ရွှင်ပါစေလို့လည်း ဆုတောင်းပေးတာ”

အဖိုးနှင့်အပြိုင် နှစ်လိုကြည်နူးစွာ ပြုံးမြနေသည့်တိုင် လုံက ကျွန်တော်ထံ မျက်စောင်းလှလှတွေ ပစ်လွှတ်လို့ပဲ မဆုံးတော့နိုင်။ ။

သတိုး

9 comments:

  1. အဖိုးတယောက် ကြည်နူး ဝမ်းသာသွားတဲ့ ဗယ်လင်တိုင်းပေါ့... ဟုတ်တယ် အသက်ကြီးလာတဲ့သူတွေအတွက် စကားပြောဖေါ်ဆိုတာ သိပ်ကို အရေးတကြီး လိုအပ်ပါတယ်...း)

    ReplyDelete
  2. ဟန်ကြည်February 12, 2012 at 11:49 AM

    အိုး တကယ်လှတဲ့အတွေးလေးပါလား...ကွန်ဂရက်ပါ ကိုသတိုး...တစ်ခါမှ မတွေးဖူးတဲ့ အတွေးမျိုးမို့...

    ReplyDelete
  3. စာလေးအဆုံးမှာတော့ တကယ်ကိုကြည်နူးသွားမိတယ်...
    ချစ်စရာကောင်းလိုက်တဲ့ အတွေးလေး..
ူဗယ်လင်တိုင်းဒေးကို လူငယ်တွေ ဘယ်လိုကျော်ဖြတ်ကြတယ်တော့မသိဘူး
    ဒီဝတ္ထုထဲက လူငယ်လေး နှစ်ယောက်ကို ကျော်ဖြတ်တဲ့သူတွေ များလာရင်တော့ ချစ်စရာ ဗယ်လင်တိုင်းဒေးဖြစ်နေမှာတော့ အသေအချာဘဲ

    ReplyDelete
  4. ဟုတ်ပါတယ်။ ဗယ်လင်တိုင်းဒေးဆိုတာ ဆန့်ကျင်ဘက်ချစ်သူ အချင်းချင်းသာမက၊ ကိုယ်ချစ်တဲ့ မည်သူ့ကိုမဆို ချစ်ခင်ကြင်နာကြောင်း ပြပေးနိုင်တဲ့နေ့..။ ချစ်စရာ၊ ကြည်နူးစရာ ပို့စ်လေးပါ ကိုသတိုးရေ...။

    ReplyDelete
  5. တစ်ကယ်ကောင်းတဲ့ အကြံဥာဏ်လေးပဲ အကိုရေ..:):)

    ReplyDelete
  6. သိပ်ကောင်းတဲ့ လက်ဆောင်လေးပါပဲလားဗျာ။ ဝတ္ထုလေးက ရိုးရိုးရှင်းရှင်းလေးနဲ့ ထိထိမိမိရှိလွန်းတယ်။

    ReplyDelete
  7. Very Nice idea! Thanks for sharing it.

    ReplyDelete
  8. အားပေးလျက်ပါ ဆြာသတိုး

    ReplyDelete
  9. Goodတယ် ကိုသတိုးရေ

    ReplyDelete

စိတ်ထဲ ခံစားမိသလို မျှဝေပြောပြခဲ့ပါဦး...။