Wednesday, February 1, 2012

ချိတ်ဆွဲထားပါသတဲ့လေ ရေသဖန်းပင်မှာ...



သူ့ရဲ့ ထူးခြားပြောင်းလဲမှုကို သတိထားမိလာတာ သိပ်တော့ မကြာသေးဘူး။ ရာထူးနေရာက ပိုနေမြဲ၊ ကျားနေမြဲပေမယ့် လုပ်ပိုင်ခွင့်နဲ့ တွင်ကျယ်ဝင်ဆန့်မှုကတော့ အားလုံးထက် ရှေ့ထွက်ထင်ရှားလွန်းနေတယ်။
စကတည်းကသာ ဒီလိုမှန်းသိရင် တစ်ဆောင်တည်း အတူနေဖြစ်ကြဖို့ ခေါ်ထားဖြစ်မှာလည်း မဟုတ်ဘူး။ ရုပ်ရည်ကလေးက စင်စင်သန့်သန့်ကလေး။ စေတနာသက်ဝင် ချစ်ချင်စရာလေးမို့ နေလက်စအဆောင်မှာ အဆင်မပြေဘူးပြောတော့ ချက်ချင်း ကိုယ်တွေအဆောင်မှာ ပြောင်းလာနေဖို့ ပြောလိုက်မိတော့တာ နောင်တရချင်ပြီ။ ကိုယ့်နှစ်ယောက်ခန်းက လူပြည့်နေလို့ သူကို တခြားတစ်ခန်းမှာ နေစေရတာအတွက်တောင် နောက်ဆန်ငင်မိခဲ့သေးတာပါ။ ခုတော့ ကိုယ်ခေါ်လာပေးတဲ့ အဆောင်သူက အချိုးမပြေတော့ အဆောင်ပိုင်ရှင် အန်တီကတောင် ကိုယ့်ကို အပြစ်တင်ချင်တဲ့ လေသံထွက်လာနေပြီ။
ခါတိုင်း အလုပ်က အတူတူပြန်နေကျပါ။ ခုတော့ အချိန်ပိုဆင်းရပြန်ပြီတဲ့။ သူ ပြောရင် ယုံမှာ မဟုတ်ပေမယ့် သူဌေးကိုယ်တိုင်က ၀န်ထမ်းအားလုံးရှေ့မှာ ကြော်ငြာသလို ပြောတော့ လက်မခံလို့လည်း မရတော့ဘူး။ အချိန်ပို ဆင်းရလောက်အောင်  ဒီလောက်ကြီးလည်း အလုပ်ရှုပ်နေတာ မဟုတ်ပါဘူးလို့တော့ စိတ်ထဲမှာ တွေးမိကြတာပေါ့။ အချင်းချင်းလည်း တွတ်ထိုးဖြစ်ကြသေးတာပေါ့။ ဒါပေမယ့် ဘယ်တတ်နိုင်မလဲ။ သူကိုယ်တိုင်က အများထဲက တစ်ယောက်စ၊ နှစ်ယောက်စ ရွေးချန်ခေါ်ခံရတာကို ဂုဏ်ယူပျော်ရွှင်ကျေနပ်နေတဲ့ပုံ။ 
သူဌေးကလည်း သူ့ကို တစ်ဆိတ်တော့ အရေးပေးလွန်းတယ်လို့ ထင်ကြတယ်။ ခန်းဆီးထူထူတွေချထားတဲ့ ရုံးခန်းထဲကို ဖိုင်တစ်ခုပိုက်ပြီး ၀င်သွားးလိုက်ရင် တော်တော်နဲ့ ပြန်ထွက်မလာတော့ဘူး။ အလုပ်အပြန် သူဌေးကိုယ်တိုင် လိုက်ပို့ရတာနဲ့။ အဆောင်ပြန်အ၀င် နောက်ကျလို့ ငြိုငြင်ဆူကျိန်းချင်လာတဲ့ အန်တီကြီးကိုလည်း ကိုယ်တိုင်ဝင်တွေ့ပြီး ခွင့်တောင်းပေးရတာနဲ့။ 
  ပြီး.. မန်နေဂျာယောင်ယောင် သူဌေးသားနဲ့လည်း အရောတ၀င်ရှိလွန်းလှတာ။ သူတို့ နှစ်ယောက်က ချစ်သူတွေလား ဆိုပြီး စပ်စုစောင်းငဲ့ချင်ကြသူတွေလည်း ဇဝေဇ၀ါပါပဲ။ သူဌေးသားက လူလွတ်ဆိုတော့ ယိုးစွတ်ချင်စရာပေါ့။ သူဌေးကိုယ်တိုင်နဲ့လားလို့တော့ မတွေးကောင်းဘူးထင်ပါတယ်။ ဒါပေမယ့် သူစကားတွေအရ သားရွှေသွေးလေးအတွက် ပီတာဖခင်ကြီးက ဘေးဆီးရန်ကာ ၀င်ပါလာခဲ့တာ လို့ ဆိုပါတယ်။ တစ်ခါတစ်ရံ သူတို့ရဲ့ ရင်းနှီးရောနှောလွန်းလှတဲ့ အပြုအမူ၊ အနေအထိုင်တွေက မတွေးကောင်း၊ မတွေးဝံ့တဲ့ အတွေးတွေနဲ့ ပတ်ဝန်းကျင်ကို ယောက်ယက်ခပ်စေခဲ့ပြန်တယ်။  
သူတို့ဘာသာ ဘယ်အခြေအနေရှိရှိ ကိုယ်နဲ့တော့ တိုက်ရိုက် မသက်ဆိုင်လှဘူးပေါ့။ ဒါပေမယ့် သက်ဆိုင်တယ်လို့ ယူဆချင်ရင်လည်း ယူဆလို့ ရနိုင်တဲ့ အခြေအနေဖြစ်နေတယ်။  အဆောင် တစ်ခုတည်း အတူနေပြီး  အလုပ်ထဲမှာလည်း အတူတူ အလုပ်လုပ်နေကြရင်း နေ့စဉ်ထိတွေ့ ဆက်ဆံပတ်သက်နေကြရသူတွေ မဟုတ်လား။ 
အလုပ်ရှင်နဲ့ အလုပ်သမားကြားမှာလည်း အဖုအထစ်ဆိုတာတော့ အနည်းနဲ့အများတော့ ရှိကြတာချည်းပဲ။ အများအားဖြင့်တော့ ၀န်ထမ်းမှန်သမျှ အလုပ်ရှင် စေညွှန်ရာ လိုက်နာကြရတာချည်းပါပဲ။ ကျေနပ်သည်ဖြစ်စေ၊ မကျေနပ်သည်ဖြစ်စေ အလုပ်ရှင်ကို စောဒက တက်ရဲတဲ့ အလုပ်သမားဆိုတာ ရှိကို မရှိတာ။ ရှိခဲ့တယ်ဆိုရင်တောင် အဲဒီလူ အလုပ်ဘယ်နှစ်နေရာ ပြောင်းနေရပြီလဲလို့ မေးလိုက်စမ်းချင်တယ်။ နေ့မကူးခင်၊ လမကူးခင် အလုပ်ဖြုတ်ခံထိသွားရမှာပေါ့။
 ဒီနေ့ခေတ်အခါမှာ အလုပ်လုပ်ရတာ အဆင်ပြေလှပါတယ် ဆိုတဲ့လူက ခပ်ရှားရှားရယ်။ မလောက်မင လစာလေးနဲ့ မိုးလင်းမိုးချုပ် အလျှင်မီအောင် ပြေးလွှားရင်း အံခဲရုန်းကန်နေကြရသူချည်းပဲ။ ဘွဲ့လက်မှတ်တစ်ခုလောက် လက်ထဲဆုတ်ထားနိုင်ရုံနဲ့ အလုပ်က ရဖို့ လွယ်ကူလှတာ မဟုတ်ဘူးလေ။ မြို့ပတ်ပြီး လူစည်ကားရာ၊ ဆိုင်တကာလှည့်၊ ကုမ္ပဏီတွေရှေ့မှာ ခေါက်တုန့်ခေါက်ပြန် လမ်းသလားရင်း အလုပ်ခေါ်စာ ရှာဖွေကြရတာ မဟုတ်လား။ ကြော်ငြာသင်ပုန်းထောင်ထားပြီး ၀န်းထမ်းအလိုရှိသည် ဆိုတိုင်းလည်း အစစ်အမှန် မဟုတ်သေးဘူး။ တချို့က အဲဒီကြော်ငြာသင်ပုန်းကို အရောင်းမြှင့်တင်ရေး နည်းဗျူဟာတစ်ခုလို အသုံးချတတ်ကြသေးတာပါ။ ၀န်းထမ်းအသစ်တောင် ထပ်တိုးခေါ်ယူရလောက်အောင် လုပ်ငန်းအ၀၀က တိုးတက်နေပါတယ်လို့ အမြင်ကောင်းရစေချင်ကြတာ။ လုပ်ငန်းတောင်  ထပ်မံတိုးချဲ့နေရပါတယ်လို့ မြင်သူတကာတို့ရဲ့ ဘ၀င်မှာ အထင်ရောက်စေချင်တဲ့သဘောလည်း ဆောင်ချင်တတ်ကြသေးတာပါ။ အင်တာဗျူးလုပ်မယ့်နေ့မှာ ဖုန်းဆက် အကြောင်းကြားပါ့မယ် ဆိုပြီး လျှောက်လွှာကို ခပ်တည်တည်လက်ခံလိုက်ကြပြန်တော့ လိုင်စင်ဓါတ်ပုံဖိုး၊ မိတ္တူဖိုးတွေ အလဟသဿ ဆုံးရှုံးခံလိုက်ကြရပြန်ရောလေ…။ တချို့ကတော့ ကြော်ငြာမှာ ထည့်သွင်းဖော်ပြမထားတဲ့ နေ့စွဲတွေကို ကိုးကားကာကွယ်ပြီး ဖောင်ပိတ်သွားပါပြီ လို့ ရုပ်တည်နဲ့ ဖြီးဖြန်းတတ်ကြသေးတာ။
တိုက်ဆိုင်ကံကောင်းပြီး အလုပ်ရခဲ့မယ်ဆိုရင်တောင် သူတို့လုပ်ငန်းက ဘယ်လောက်ကြာကြာ တာရှည်ခံနိုင်မလဲဆိုတာလဲ ပူပန်ရသေးတာပါ။ အနည်းဆုံး လုပ်ငန်းချုံ့ပစ်ချင်လို့ ၀န်ထမ်းလျှော့ပေါ့ရပါတယ် အကြောင်းပြပြီး အလုပ်ဖြုတ်ခံထိသွားနိုင်သေးတယ်။
ကံကောင်းထောက်မလို့ ရလာခဲ့တဲ့ အလုပ်နေရာလေး၊ ဒီနေ့အထိ ကိုယ်ကို လိုအပ်နေသေးလို့ လုပ်ခွင့်ရနေတဲ့ အလုပ်ကလေးကို  အကြောင်းမဲ့တော့ ဘယ်သူမှ လက်မလွှတ်ချင်ကြဘူး။ ဘယ်လောက် သဘောဆိုးတဲ့အလုပ်ရှင်နဲ့ တွေ့ရပါစေ၊ တတ်နိုင်သမျှတော့ ကိုယ့်ဘက်က အလျှော့ပေးကြရတာပါပဲ။ စိတ်ရှည်သီးခံကြရတာပါပဲ။
ဒါပေမယ့် ၀န်ထမ်းဆိုတာလည်း စက်ရုပ်တွေတော့ မဟုတ်ကြဘူးလေ။ ခံစားတတ်ကြတယ်။ နာကျင်ဝမ်းနည်းတတ်ကြတယ်။ စိတ်နှလုံး ညှိုးချုံးပင်ပန်းရတာတွေလည်း ရှိတာပဲ။ အလုပ်ခွင်ထဲကဖိအားတွေနဲ့ နောက်ကြောင်းမအေးလှတဲ့ ကိုယ့်ဘ၀အခြေအနေကြောင့် ထွက်ပေါက်ပိတ်မိနေကြရတာတွေ ရောနှောပေါင်းစပ်လိုက်တော့ တစ်ခါတစ်ခါ အသက်ရှူရတာတောင် လေ၀၀ မရှူရသလို မွန်းကျပ်နေရတတ်ပြန်တာ။ 
ရင်ထဲမချောင်တော့ နှုတ်ဖွာတတ်ကြလာတယ်။ ဘ၀တူ တစ်ယောက်ယောက်နဲ့ သူ့ခံစားချက်တွေ နားထောင်ပေးရင်း၊ ကိုယ့်ဝေဒနာ၊ ကိုယ့်အခက်အခဲတွေ ရင်ဖွင့်ပြရင်း မရှိတဲ့ထွက်ပေါက်ကလေးတစ်ခု တွေ့ရလေနိုးနိုး မျှော်လင့်ကိုးမိတတ်လာကြတာပေါ့။ အလုပ်သမား ၀န်ထမ်းတွေ စုဆုံမိတဲ့အခါ ကိုယ်တွေရဲ့ အဖိနှိပ်ခံဘ၀ကို  စိတ်နာမပြေသမျှ အလုပ်ရှင်ရဲ့  အားနည်းချက်၊ တာဝန်ပျက်ကွက်မှုနဲ့ အလုပ်သမားအပေါ် နိုင်စားလိုမှု၊ စာနာစိတ်ကင်းမဲ့မှုတွေကို ဖွဲနွဲ့ပြောကြရတာလောက် နှုတ်မြိန်ဖွယ် ကောင်းလှတာလည်း မရှိတော့ဘူး။ ဒီလို အကြောင်းအရာမျိုးမှာ အလုပ်သမားအားလုံးက တက်ညီလက်ညီ ရှိကြတယ်။ ဘာသာစကား၊ လေယူလေသိမ်းကအစ ထပ်တူကျတယ်ပြောရတော့မှာ..။ 
ဇာတ်လမ်းက အဲဒီမှာ စတာပါပဲ။ ကိုယ်တွေ အချင်းချင်း အမှတ်တမဲ့ ရင်ဖွင့်တိုင်တည်မိခဲ့တဲ့ စကားတစ်ခွန်းက နေ့တစ်ဝက်မကုန်ခင် အလုပ်ရှင်ရဲ့နားကို ပေါက်ကြားသွားတတ်တာ တစ်ကြိမ်၊ တစ်ခါ မကတော့ဘူး မဟုတ်လား။ အစကတော့  အကြောင်းရင်းကို ရှာဖွေမရ။ ရုပ်လုံးမဖော်နိုင်ခဲ့ကြဘူး။ သူဌေးက ပါးနပ်လွန်းလိုက်တာလို့ အံအားတသင့် ။ ထိတ်လန့်လို့လည်း သွားမိကြသေးရဲ့။ ဒီလို ကွက်ကျော်ရိုက်တတ်လို့..၊ လျှင်မြန်ဖျတ်လတ်လွန်းလို့လည်း  သူဌေးဖြစ်နေတာရယ်လို့ လေးစားမိကြသေးရဲ့။ နေ့ပြောနောက်ကြည့် စကားလေးတစ်ခွန်းကိုတောင် သတိတရ ဆင်ခြင်ရကောင်းမှန်းမသိတဲ့ မိမိတို့ကိုယ်ကို အပြစ်တင်ချင်မိတော့တာပါပဲ။
အဲဒီလို လူမိခံခဲ့ရတဲ့ အဖြစ်မျိုးက တစ်ကြိမ်တစ်ခါမက၊ အကြိမ်ကြိမ်ရှိလာခဲ့လျှင်တော့ ကိုယ့်အချင်းချင်းကြားမှာတောင် မယုံကြည်ချင်စရာ ဖြစ်လာကြတော့တာ။ တစ်ယောက်နှင့် တစ်ယောက် နောက်ကျောမပေးရဲတော့သလို သံသယ ၀င်မိကြတော့ပြီ။ သစ္စာဖောက်က ငါလား၊ နင်လား။ မဟုတ်ရင် သူ… ဘယ်သူပါလိမ့်။
သိပ်ကြာကြာ အချိန်မယူလိုက်ကြရပါဘူး။ လက်သည် တရားခံကို အလိုလို ရိပ်မိနားလည်လာရတော့တယ်။ အံ့လည်း သြမိရဲ့ ။ စိတ်လည်း ဆိုးကြရဲ့ ။ ဒါပေမယ့် သူနှင့် ထိပ်တိုက်ရင်ဆိုင်ဖို့ရန်တော့ ဘယ်သူမှ မရဲ။ သူက အများထင်မြင်ယူဆထားကြသလို သူလိုငါလို ပမွှားဝန်းထမ်းကလေးတစ်ယောက် မဟုတ်တာ သိထားနှင့်ကြပြီ မဟုတ်လား။ သူ့နောက်မှာ တံတိုင်းထူထူ ရှိနှင့်နေပြီ။
အံသြရတာက သူ့ကိုပဲ ။ အလုပ်ထဲ ၀င်လာစ၊ စတင်တွေ့သိ စကနေ ယနေ့အချိန်အထိ မပြောင်းလဲသေးဘူး ထင်ရတဲ့  သူ့ဟန်ပန်၊ သူ့လေသံတွေက သူ ဒီလို လုပ်ခဲ့မယ်လို့ ထင်ရက်စရာမရှိ။ တကယ့် သိမ်သိမ်မွေ့မွေ့ကလေး။ လေယူလေသိမ်းကလည်း သူလို ချိုသာနူးညံ့လှတာမျိုး နှစ်ယောက်မရှိနိုင်ဟု ထင်ရဲ့ ။ နယ်မှာ ရောဂါသည်မိခင်နှင့် မောင်လေးတစ်ယောက် ကျန်ရစ်ခဲ့သေးသတဲ့။ အဖေကတော့ ငယ်ကတည်းက ဆုံးပါးသွားခဲ့သလို ဆိုဖူးတာပင်။ ရတတ်သမျှ လစာလေးကို ခြစ်ခြုတ်စုဆောင်းကာ အမေ့အိမ်စရိတ်၊ ဆေးဝါးကုသ စရိတ်အဖြစ် အကူအပံ့ဖြစ်စေရဦးမှာလို့လည်း သနားစဖွယ် ဆိုတတ်ခဲ့ပြန်တာ။ မိမိကိုယ်တိုင် ကျောင်းမပြီးသေးပဲ ရပ်နားထားရသော်လည်း မောင်လေး၏ ကျောင်းစရိတ်ကိုတော့ တတ်နိုင်သမျှ ထောက်ပံ့ဖြည့်ဆည်းပေးနေရတဲ့ သူ့ဘ၀လေးကို ကရုဏာသက်မိခဲ့ကြတာ။
 ခုတော့ လခမှန်မှန်မပေးနိုင်လို့ မကြာခဏ ဆင်းပေးရလုဆဲဆဲ အဆောင်ကလေးဆီမှနေ တိုက်ခန်းကလေးဆီ ပြောင်းရွှေ့နိုင်ခဲ့ပြီ။ ရပ်နားထားရတဲ့  အဝေးသင်တက္ကသိုလ်စာမေးပွဲအတွက် တစ်နှစ်စာ ကျောင်းလခငွေလည်း ပေးသွင်းပြီးခဲ့ပြီ။ ထမင်းဖြူတစ်ထုတ်ကို မုန့်ဟင်းခါးတစ်ပွဲနှင့် ရောမွှေကာဖြေရှင်းနေကျ နေ့လည်စာကလည်း ဆီစိုစို ဟင်းအမည် မထပ်တော့။ သူဌေးကို ဦးဟု ချွဲနွဲ့ချင်သလို ခေါ်တတ်ပြီး မန်နေဂျာ သူဌေးသားကိုတော့ ကို… ဟု နွဲ့တာချင်နေပြန်တာ။ ယောက်ျားလေးဝန်ထမ်းတွေက သိပ်ပိုင်တဲ့မင်းပဲ ဟု မကြားတကြားစလာလျှင် အရိုးခံမျက်နှာကလေးနှင့်ပင်။ သို့ပေမယ့် ညနေတိုင်လည်း ထိုဝန်ထမ်းကောင်လေးဟာ သူဌေးရုံးခန်းသို့ဝင်ရကာ သူ ထင်မှတ်မထားသော အခြားပြစ်မှုတစ်ခုအတွက် သတိပေးခံရဖို့ သေချာနေခဲ့ပြီ။ 
သူ့ အဆင်တန်ဆာတွေ တောက်ပြောင်လာလျှက် သူ့သွင်ပြင်ဆင်းလျတို့ မှိန်ဖျော့ညှိုးငယ်လာပြန်တာလည်း အံ့သြစရာ။ ဘ၀တူဝန်ထမ်းတွေနှင့် သူ သင်းကွဲလာခဲ့သလို အားလုံးက ခံစားမိလာကြပေါ့။ သူလည်း ထပ်တူခံစားချက် ဖြစ်ပေါ်နေမှာပဲထင်တယ်။ တခြားသူတွေမှာ ရင်ဖွင့်စရာ ရှိပေမယ့် သူမှာတော့ အထီးတည်း။ သူ့ကို နားလည်စာနာပေးနိုင်မယ့် နားတစ်စုံ၊ ရင်ခွင်တစ်ခုကို သူ တောင့်တနေမှာလား။ နှစ်သိမ့်မယ့် အားပေးဖော်က ဘယ်မှာလည်း။
မောင်လေးဆယ်တန်းအောင်တဲ့ သတင်းကြောင့် သူ ရက်အနည်းငယ်စာ ခဏပဲ ပျော်ရွှင်ခဲ့ရတယ်။ အမေ အသဲအသန် နေကောင်းဘူး ဆိုတဲ့ ဖုန်းသတင်းကြောင့် အမောတကော နယ်ပြန်ပြေးရပြန်ရော..။ ဒါပေမယ့် အမေ့အသက်ကိုတောင် မမီခဲ့ဘူးဆိုပြန်တော့ စိတ်မကောင်းဖြစ်ရုံပဲ တတ်နိုင်ခဲ့ကြတယ်။ အံ့သြစရာကောင်းတာက သူရဲ့ ဘွဲ့နှင်းသဘင်အခမ်းအနားအတွက် ၀ိရိယထား စီစဉ်ပေးခဲ့တဲ့ သူဌေးက မိခင်ရဲ့ နာရေးကိစ္စအတွက် ငွေးကြေးအနည်းငယ် ပေးလိုက်ရုံ။ ဒါဟာ နောက်ဆုံးပတ်သက်မှုပဲ ဖြစ်လိမ့်မယ်။ အလုပ်နားရက်တွေတိုင်း အဆောင်ရှေ့ ကားကလေးလျှောခနဲထိုးဆိုက်လာပြီး ညှို့ ပြုံးကလေးနဲ့အကြိုထောက်တတ်တဲ့ သူဌေးသားလေးလည်း ကားဂိတ်တောင် လိုက်ပို့ မပေးတော့ဘူးတဲ့။ သူ ဘွဲ့နှင်းသဘင် မတက်ဖြစ်ခဲ့တဲ့အတွက် ဘယ်သူမှ ၀မ်းမသာသလို၊ ၀မ်းနည်းခြင်းလည်း မဖြစ်ခဲ့ကြပါဘူးတဲ့။ 
အလုပ်ကိုလည်း သူ ပြန်မလာတော့ပါဘူး။ ဘယ်သူမှ မျှော်မနေမိကြတော့ ဘယ်သူမှလည်း စိတ်မကောင်းမဖြစ်ခဲ့ကြပါဘူး။
မြို့ကလေးဆီက သူရဲ့ လက်ထပ်မင်္ဂလာသတင်းက သတင်းစာမှာ ကြော်ငြာမထည့်ဖြစ်ခဲ့တော့ ဘယ်သူမှ မသိလိုက်ကြတာလည်း ဘာမှ မဆန်းကြယ်ပါဘူး။
ဒါပေမယ့် အလုပ်ထဲမှာ သူ မရှိတော့တဲ့အခါ လတ်လပ်ပေါ့ပါးလို့ ပျော်ရွှင်ကျေနပ်စရာတွေ ရောက်ရှိလာလိမ့်မလား။ မျှော်လင့်နေကြတဲ့ လုပ်ဖော်ကိုင်ဖက် ၀န်ထမ်းတွေအတွက်လည်း အခြေအနေက ပြောင်းလဲထူးခြားမလာကြသေးဘူး။ သူစားပွဲ၊ သူ့ကုလားထိုင်မှာ တခြားတစ်ယောက်က နေရာဝင်ယူလို့ သိမ်မွေ့ညံ့သက်တဲ့ လေသံကလေးနဲ့ မခို့တရို့ ပြုံးနေပြန်ပြီ မဟုတ်လား။
 အဲဒီတစ်ယောက်ဟာ သူတို့နဲ့ အဖြစ်တူ၊ ဘ၀တူ ၀န်ထမ်းတွေထဲက တစ်ယောက်ဖြစ်နေတာလည်း တကယ်တော့ အံ့သြစရာ မကောင်းလှတော့ပါဘူးလေ။    ။
         
                                                                        သတိုး

ပုံလေးကို ဒီနေရာ http://thettantcho.grou.ps/talks/5159596 က ယူလာခဲ့တာပါ။

6 comments:

  1. အင်း.... ဘာပြောရမှန်း မသိအောင်ပါပဲ...အကို.. ရုံးတွေမှာ အဲလိုတွေ ကလည်း များသား..နော်..

    ReplyDelete
  2. စိတ်ညစ်စရာပါဗျာ

    ReplyDelete
  3. ရေးပြီးပြောသွားလိုက်တာ အဲဒီ့ပတ်ဝန်းကျင်ရောက်နေရသလိုပါပဲ၊
    ဒီလိုပါပဲ တစ်ယောက်ပြီး တစ်ယောက်ပေါ့၊ သူလိုလူတွေက ကမ္ဘာပေါ်မှာ အများသားပဲ၊
    သီလ ဆိုတဲ့ စကားကို ဘာသာပြန် တတ်ခဲ့ကျရင်တော့ မဖြစ်တန်ကောင်းပါရဲ့။

    ReplyDelete
  4. ကိုကိုမောင်(ပန်းရနံ့)February 3, 2012 at 8:58 PM

    ဖြစ်ရလေ။း(

    ဒီပို့စ်လေးက အဲဒီလို အသိုင်းအ၀ိုင်းထဲ ရောက်နေတဲ့ သူတွေအတွက် သင်ခန်းစာတစ်ခုခုတော့ေ ပေးနေသလိုပါဘဲ။

    ReplyDelete
  5. နောက်ဆုံးစာကြောင်းလေးက ကောင်းလွန်းတယ်။ ဇာတ်လမ်းတခုလုံးကို ချိုးကွေ့ပေးလိုသလိုလို ဒါမှမဟုတ် ရည်ရွယ်ရာကို ထိရောက်အောင် မီးမောင်းထိုးပေးလိုက်သလိုလို...

    လက်ရာတွေကတော့ ကောင်းလျက်ပါပဲဗျာ

    ReplyDelete
  6. အဲ့ဒီလိုဘ၀တွေ ပတ်ဝန်းကျင်မှာ တကယ်ရှိနေတယ် ကိုသတိုးရေ...။

    ReplyDelete

စိတ်ထဲ ခံစားမိသလို မျှဝေပြောပြခဲ့ပါဦး...။