Friday, April 18, 2014

ကြောက်​ရွံ့ခြင်း အက်​​ဆေး

   ကြောက်ရွံ့ခြင်း အက်ဆေး
                                                                သတိုး

စိတ်ရှည်တတ်တာဟာ သူ့ရဲ့အားသာချက်များ ဖြစ်နိုင်မလား။ ကျွန်တော်တို့အားလုံး၏ အတွေးကို သူကိုယ်တိုင် ချေဖျက်ပစ်ခဲ့သည်။
“လိုအပ်တဲ့အခါ စကားတော့ များများ ပြောရတာပေါ့။ သိပါစေ၊ တတ်ပါစေတော့ ဆိုတဲ့ စေတနာရှေ့ဆောင်သွားတော့လည်း အားမစိုက်ရပဲ သူ့အလိုလို နှုတ်က ကရားရေလွှတ်ပြောနေမိတာပဲ။ ခါတလေ ငါ.. တော်တော် စကားများပါလားလို့တောင် အံ့သြမိတယ်”
….. တဲ့။
“စာသင်ခန်းထဲမှာဆို စိတ်က တိုရှည်ပဲ ။ တိုတတ်တဲ့ ချိန်ကတောင် ပိုသေးတယ်”
                        သူ့တပည့်ဖြစ်ဖူးသူ ကျွန်တော်၏ တူတစ်ယောက်မှာ သူ့ဆရာကို ခုထိ ချစ်ခင်လေးစားရင်းစွဲ ရှိသော်လည်း ကြောက်ရွံ့လန့်ရှိန်မှု မလျော့။ ဘွဲ့ရပြီး လုပ်ငန်းခွင် ရောက်နေသည့်တိုင် အကြောင်းကိစ္စရှိလျှင် ဆရာ့အနားကိုကပ်ရမှာ ၀န်လေးတွန့်ဆုတ်နေတုန်းပင်။
“မင်း ကလေးတွေကို ဘယ်လို မမေ့နိုင်အောင် ခြိမ်းခြောက် နှိပ်စက်ထားခဲ့သလဲ”
                        သူငယ်ချင်းက ပြုံးတုံ့မူယာနှင့် နှုတ်ပိတ်ကာသာ နေခဲ့သော်လည်း သူတပည့်ဟောင်းတွေက တဆင့် ပြန်ကြားရသည်မှာ……
“ဆရာက အများအားဖြင့် တပြုံးပြုံးနဲ့ နေတတ်ပေမယ့် သားတို့က စိတ်အေးလက်ချ ဘယ်တော့မှ မနေဘူး။ သူ သဘောမကျတာတစ်ခုခု သားတို့ အမှားလုပ်မိသွားရင် မျက်နှာက ချက်ချင်းခက်ထန်လာတာ။ စကားလုံးတွေကလည်း ခက်ထန်ရိုင်းကြမ်းလာတော့တာပဲ။ ဆရာ စိတ်ဆိုးရင်၊ ဆူပူမာန်မဲနေရင် သားတို့တစ်တန်းလုံး တုပ်တုပ်တောင် မလှုပ်ရဲဘူး။ ရိုက်တာထက်နာတယ်။ အဲ… ရိုက်ရင်လည်း နာတာပါပဲ။ အသားကုန် သမတာ…”
                        သူ့တပည့်ဟောင်းတွေ၏ စကားလုံးတချို့ သူ့နားပြန်ရောက်ခဲ့လျှင်တော့ စိတ်မကောင်းဟန်မျက်နှာ ညိုးပြန်တော့သည်။
“တပည့်တွေ ငါ့ကို ကြောက်ကြတာကို ငါ… သာယာ ကျေနပ်နေတယ်လို့ မင်းတို့ ထင်သလား။ အကျိုးအကြောင်း စဉ်းစားလက်ခံနိုင်အောင်၊ သေချာ သဘောပေါက်ပြီး နာခံချင်လာအောင် ငါ.. စိတ်ရှည်လက်ရှည်၊ သာယာငြင်းပျောင်း ဆိုဆုံးမကြည့်ပါတယ်။ ဒါပေမယ့် ဆိုင်ကယ်စီးရင်တောင် ယာဉ်ထိန်းရဲက စောင့်ဖမ်းပြီး ဒဏ်ငွေရိုက်ပါမှ။ မေ့လောက်ရှိရင် ဟဲလ်မက်ဆောင်းဖို့ ၀န်လေးကြတဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းကြရတဲ့ ငါ့တပည့်တွေက မကြောက်ရရင် လုပ်သင့်တယ်လို့ နားလည်နေတာကိုတောင် ဘာတစ်ခုမှ လိုက်မလုပ်ချင်ကြဘူး”
                        …. ဥပမာ ကျောင်းမှန်မှန်တက်ဖို့၊ စာမှန်မှန် ကျက်ဖို့၊ စာသင်ခန်းထဲ အမှိုက်မချဖို့၊ အချင်းချင်း စကားပြောကြတဲ့အခါ ဆဲရေးတိုင်းထွာ စကားလုံး ရိုင်းရိုင်းတွေ မသုံးကြဖို့၊ ကွမ်းမစားဖို့၊ ဆေးလိပ်ခိုးမသောက်ဖို့…”
                        သူ့တပည့်ကလေးတွေရဲ့ ဘ၀တစ်လျှောက်မှာ ကြောက်တတ်တဲ့အကျင့်တွေ၊ အရှိန်အ၀ါတစ်ခုကို ရွံ့ရှိန်ရိုကျိုးတတ်တဲ့အကျင့်တွေ ပါကုန်မှာ စိုးရိမ်ပူပန်ပါကြောင်း သူက ၀န်ခံခဲ့သေးသည်။ ဒါပေမယ့်….
“ငါတို့ ပတ်ဝန်းကျင်မှာလည်း အသက်မွေးမှု အလုပ်ကအစ ၀ါသနာပါလို့၊ လုပ်ချင်လွန်းလို့ စူးစူးစိုက်စိုက်၊ မြတ်မြတ်နိုးနိုး လုပ်နေကြတာထက် ကြောက်လို့လုပ်နေကြရတာတွေသာ များလှတာလေ။ အလုပ်ရှင်ကို ကြောက်လို့၊ အထက်လူကြီးက အပြစ်ပေးမှာ ကြောက်လို့၊ လက်ရှိရာထူးအာဏာလေး လက်လွတ်ဆုံးရှုံးရမှာ ကြောက်လို့၊ မိသားစုကြားမှာ အလုပ်လက်မဲ့အဖြစ် နှိမ်ချခံရမှာ ကြောက်လို့၊ ငတ်မှာ ကြောက်လို့….”
“ဘာပဲပြောပြော၊ အဲဒါ မင်းတို့လို လက်ဦးဆရာတွေကြောင့်…”
                        ကျွန်တော်တို့က စကားဝိုင်းကို ရယ်ရွှင်ပေါ့ပါးသွားစေရန် ရည်ရွယ်သော်လည်း သူငယ်ချင်းက…
“ဟုတ်တယ်လေ။ ငါလည်း ကြောက်တာကိုး”
                        … တဲ့။
“သူတို့ပညာဆုံးခန်း မတိုင်ပဲ လမ်းလွဲသွားကြမှာ ကြောက်တယ်။
ငါ့စာသင်ခန်း အောင်ချက်ရာနှုန်းကျမှာကြောက်တယ်။
ငါ… သိက္ခာကျမှာ၊ နာမည်ပျက်မှာ ကြောက်တယ်…။ ….ကြောက်တယ်။ …. ကြောက်တယ်”
@@@@@@@
                        အကြောက်တရားက ကျွန်တော်တို့၏ ဘ၀မှာ ဘယ်အချိန်ကစလို့ ထဲထဲဝင်ဝင် ရင်းနှီးပတ်သက်လာခဲ့သလဲ။
“သ… တိ….ထား။ သတိထား”
                        ဖေ၊ မေ… ဟု တစ်လုံးတစ်စ ပြောတတ်စဉ်ဘ၀ကတည်းက အမေက လက်ညိုးကလေးထောင်ကာ ချိုရွှင်ရယ်မောဟန် မျက်နှာထားနှင့် ကြောက်တတ်အောင် သင်ပေးရာ ရောက်ခဲ့သလား။ ဒါပေမယ့် ကျွန်တော်တို့၏ နှလုံးသားဖြူစင်နုနုကလေးများက စကားလုံးကိုသာ သင်ယူခဲ့ကြတာ ထင်ပါသည်။ စကားလုံးများ၏ အနက်အဓိပ္ပါယ်ကို သိနားလည်ခြင်း မရှိသေးသော အရွယ်ပေကိုး။
“ဘုန်း… ကျမယ်နော်။ ဘုန်းကျ…”
                        အမြင့်တစ်နေရာ အစွန်းတစ်ခုခုမှ အနိမ့်နေရာဆီ ဆင်းဖို့ ရှေ့ဆက်တိုးရန် အားယူဟန်ပြင်နေသော ကလေးငယ်သည်လည်း ထိုစကား၏အဓိပ္ပါယ်ကို အတိအပ နားလည်နိုင်ဦးမည် မထင်။        ဒါပေမယ့် လူကြီးက သူ့အား ရှေ့ဆက် မတိုးစေချင်ဘူးဟုတော့ ရေးရေးပြပြ နားလည်နေပြီလား မသိ။
“ ဘုန်း…”
                        နှုတ်က မပီတပီ လိုက်လံရေရွတ်သည်။ ခါတရံ လက်ခုတ်လက်ဝါးတီးကာ ရယ်မောချိုရွှင်ဟန်ပြုနေပြန်တာ။ လူကြီးတစ်ယောက်၏ ငြိုငြင်မှုက သူ့အား အနေခက်စေကာ ရေးရေးပြပြ ကြောက်ရွံ့တတ်စပြုခဲ့ပြီလား မသိ။
“ခါးခါးလူးရင် ငြိမ်ငြိမ်နေနော်။ မနေရင် ဒေဝေါကြီး ကိုက်လိမ့်မယ်”
                        ရေချိုးခြင်းကို ကလေးတချို့ ကြောက်ရွံ့တတ်ကြသော်လည်း အများစုကတော့ ရေနှင့်ဆော့ကစားရတာ ပျော်ကြပါသည်။ သို့သော် သနပ်ခါးလူးပေးလျှင်တော့ ယောက်ျားလေး အများစုက ငြိမ်သက်စွာ မခံယူလို။ သူတို့က လှုပ်ရှားပြေးလွှားကစားရတာကိုသာ ခုံမင်နှစ်ခြိုက်သူတွေ မဟုတ်လား။ မိခင်၏ ကိုယ်ပေါ်ကနေ တွန့်လိမ်လွန့်လူးနေပြန်တာ ဖြစ်သည်။ မျက်နှာကို ဘယ်ညာခါယမ်းကာ အမှုကိစ္စ နှောင့်နှေးအောင် ပြုတတ်ကြသေးသည်။
                        ဒါပေမယ့် မေမေက ဒေဝေါကြီးလာပြီဟု ခြောက်လျှင်တော့ ကြောက်ရွံ့ငြိမ်သက်သွားတတ်တော့သည်။ ဒေဝေါကြီးကို ကလေးငယ် တစ်ခါမှ မမြင်ဖူးပါ။ အဆင်းသဏ္ဍန် ဘယ်လို ရှိမယ် မသိရသော်လည်း မိခင်၏ လေယူလေသိမ်းအရတော့ အလွန်ကြောက်စရာ ကောင်းမည်ဟု အတတ်သိနေသည်။ မေမေကတော့ အရေးအကြောင်းကြုံတိုင်း ဒေဝေါကြီးကို လက်ကသုံးတောင်ဝှေးပြုကာ နိုင်ကွက်ရနေတော့ပြီထင့်။
@@@@@@@@
                        ကျွန်တော် ငယ်ငယ်တုန်းက အမှောင်ကြောက်တတ်သည်။ အမှောင်ထဲမှာ သရဲ ရှိတယ်ဟု ပြောကြတာကိုး။ အမွေးအမျှင်တွေ အရှည်ကြီးပဲ တဲ့။ နီရဲရဲမျက်လုံးကြီးတွေက လင်းကွင်းလောက် ပြူးကျယ် နေသတဲ့။ လျှာပြားကြီးတွေက ကြမ်းခမ်းထိအောင် ရှည်လျားလှသတဲ့။ နားရွက်ကြီးတွေကလည်း တစ်ဘက်ကို ဖြန့်ခင်းကာ ကျန်တစ်ဘက်ကို စောင်ခြုံသလို ထွေးခြုံထားနိုင်လောက်အောင် ပြန့်ကားကြီးမားလှသည်တဲ့။ တစ္ဆေပုံပြင်တွေ အပြောကောင်းလှသော ဖေဖေ့အစ်မ၊ ကြီးမေကြီးက ပြောဖူးတာပင်။ ပြီး လမ်းထိပ်က ဦးလူဝကြီးကလည်း သူ့ဝမ်းဗိုက် ဖောင်းဖောင်းကြီးထဲမှာ ကလေးတွေ ထည့်ထားသတဲ့။ မလိမ္မာတဲ့ ကလေးဆိုလျှင် သူ့ဗိုက်ထဲထည့်ပစ်လိုက်ရောတဲ့။ သူနှင့်တွေ့တိုင်း လိမ္မာရဲ့လား၊ လူကြီးတွေ ပြောစကား နားထောင်ရဲ့လား အမြဲမေးတတ်သည်။ ဖောင်းအစ်ယောင်ယမ်းကာ အဆီပြန်မဲနက်နေသော သူ့မျက်နှာ မဲ့မဲ့ကြီးကို ရင်ဆိုင်အတွေ့မှာ နှုတ်က ပြန်ဖြေရန် အသံပင် မထွက်တော့အောင် ကြောက်ရွံ့လွန်းရသည်မို့ ဦးခေါင်းကိုသာ ပြတ်ထွက်မတတ် ညိတ်ပြရသည်။ မျက်နှာက ငိုမဲ့မဲ့ ဖြစ်နေပြီ။ ပြီး  ၀တ်ဖြူစင်ကြယ်နှင့် ဥပသကာ လူကြီးကိုလည်း ကြောက်သည်။ ယူနီဖောင်းဝတ် ရဲသားကိုလည်း ကြောက်သည်။ သေနပ် တကားကားနှင့် စိတ်မထင်လျှင် ဖမ်းချုပ်ပစ်တတ်သည်ဟု ဆိုကြသည်လေ။
“ လူကို ကြောက်တာလား၊ တုတ်ကို ကြောက်တာလား”
                        တုတ်နဲ့ရိုက်တာက လက်နှင့်ရိုက်တာထက် ပိုနာသည်မို့ တုတ်ကိုကြောက်သည်ဟု ပြောလျှင် အဖေစိတ်တိုမည်။ လူကို ကြောက်တာဟု ပြောတော့လည်း ကျေနပ်ဟန်မတူ။ အဖေ့အင်အားနှင့် တုတ်ကို သုံးကာ ရိုက်သည်မို့ အရှိုးချင်းထပ်ကာ လူးလွန့်အော်ဟစ် နာကျင်ခဲ့ရသည်တော့ အမှန်။ အဖေ့ကိုရော.. တုတ်ကိုရော ကြောက်လှပါသည်။
                        ရိုက်နှက်ဆုံးမရမှ ပိုင်နိုင်အားရဟန်ရှိသော အဖေဆုံးပြီး နောက်ပိုင်း အမေ့ကိုပါ လက်လွတ်ဆုံးရှုံးကာ မိဘမဲ့ဖြစ်ရမည်ကို အထူးပူပန် ကြောက်လန့်တတ်ခဲ့သည်။
                        ကျောင်းမှာတော့ စာမရမှာ ကြောက်သည်။ ကျောင်းတက်နောက်ကျမှာ ကြောက်သည်။ အရိုက်ကြမ်းသော ဆရာ၏ ကြိမ်လုံးကို ကြောက်သည်။ အပြစ်ရှာတတ်သော ဆရာမ၏ ညူစူဆူပူခံရမှာကို ကြောက်သည်။ စာမေးပွဲ ကျရှုံးမှာ ကြောက်သည်။
                        အလုပ်ထဲမှာ အစွမ်းအစ မပြနိုင်မှာကြောက်သည်။ အလုပ်ရှင်ငြူစူမှာ ကြောက်သည်။ ရာထူးမတိုးမှာကြောက်သည်။ အလုပ်ပြုတ်မှာ ကြောက်သည်။ လက်ရှိအနေအထားလေးကနေ တိုးတက်မြင့်မားလာဖို့ မျှော်လင့်ကြိုးစားရင်း နိမ့်ကျဆုံးရှုံးရမှာ ကြောက်သည်။
                        ပြီး… ကာလတစ်ခုမှာ ရပ်ကွက်ရုံးနှင့် ဆယ်အိမ်မှူး၊ ရာအိမ်မှူးပါမကျန် ရက်ကွက်လူကြီးမှန်သမျှကို ကြောက်ခဲ့ရဖူးသည်။ ဧည့်စာရင်းစစ်မှာလည်း ကြောက်ရဖူးသည်။ ဘောင်းဘီဝတ် ယူနီဖောင်းလည်း ကြောက်ဖူးသည်ပင်။ ရုံးပြင်ကန္နား၊ တရားတဘောင် ရင်ဆိုင်ရမှာ ကြောက်ဖူးသည်။ ခေတ်မီဖွံဖြိုးသော နိုင်ငံတော်ကြီးဆီသို့ ရည်ရွယ်ကာ မြေတူး၊ တာဖို့၊ ကျောက်ခွဲ လမ်းခင်းလုပ်အားပေးလိုက်ရမှာ ကြောက်ရဖူးသည်။ ပါတီနိုင်ငံရေးကင်းရှင်းကြောင်း ထောက်ခံစာတွေ ခဏ ခဏ ယူကာ နိုင်ငံရေးကို စိတ်ဝင်စားပတ်သက်ရမှာ ကြောက်ခဲ့ရဖူးသည်။ ဘ၀တစ်လျှောက်လုံး ရင်းနှီးကျွမ်းဝင်ခဲ့ရသော အကြောက်တရားတို့သည် လျော့နည်းသွားသည် မရှိပဲ တစ်နေ့ထက်နေ့ တိုးပွားလို့သာ လာနေတော့သည် ထင်မိ၏။
@@@@@@@@@
                        ကျွန်တော်တို့ ဘာကို ကြောက်ကြသလဲ။ ရာထူးအာဏာ ရှိသူကို ကြောက်ကြသည်။ ငွေကြေးအရှိန်အ၀ါ၊ သြဇာကိုလည်း ကြောက်ကြသည်။ လန့်ရှိန်ပြားဝပ်ကြသည်။ လက်နက်ဖြင့် နှိပ်စက်ကလူ ၊ အနိုင်အထက် ပြုလာမှာကို ကြောက်သည်။ လွတ်လပ်မှုကို စွက်ဖက်ကာ ချုပ်နှောင်အကျဉ်းကျခံရမှာကိုလည်း ကြောက်ကြသည်ပင်။
                        ပြီး ကမ္ဘာကြီးမှာ စစ်မီးခိုးတွေ တလူလူလွင့်ကာ မငြိမ်းချမ်းမှာ၊ လူတန်းစေ့ မနေရမှာကိုလည်း တွေးပူကြောက်ရွံ့တတ်ကြပါသေးသည်။ အနာရောဂါဖြင့် စောစီးစွာ သေလွန်ရမှာကိုရော ကြောက်ရွံ့တတ်ကြသည်ပင် မဟုတ်လော။ သေလွန်ပြီးနောက် ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကယ်စသော အပါယ်လေးဘုံရောက်မှာအထိ တွေးပူစိုးရွံ့ ကြောက်လန့်တတ်ကြသည် မဟုတ်လား။
                        ကျွန်တော်တို့ ကြောက်ရွံနေကြသော အကြောင်းတရားများကို ခွဲဖြာစိတ်ပိုင်းကြည့်လျှင် ကြိုတင်သိမြင်နိုင်သော အကြောက်တရားများနှင့် ကြိုတင်မသိမြင်နိုင်သော အကြောက်တရားများဟု အကြမ်းဖျင်း ဆစ်ပိုင်းကြည့်ကြအောင်။
                        ကြိုတင်သိမြင်နိုင်သော အကြောက်တရားများကတော့ ကျွန်တော်တို့အား ဖိစီးနှိပ်စက်မှုကာလ သိပ်မရှည်ကြာဟု ထင်ပါသည်။ ထို အကြောက်တရားများက ကြုံဆုံရင်ဆိုင်ရချိန် မတိုင်ခင်ကတည်းက နီးနီးစပ်စပ် ခန့်မှန်းလို့ရသည်။ မိမိ၏ ခံနိုင်ရည်အားနှင့် ချိန်ညှိကာ ကြိုတင်ပြင်ဆင်ထားနိုင်သည်။ ကိုယ် စွန့်လွှတ်စွန့်စားရမည့် အတိုင်းအတာ၊ ကာလကို တွက်ဆဆင်ခြင်နိုင်နေသည်မို့ မကြုံရမီမှာ တထိတ်ထိတ်ပူပန်မှု အနည်းငယ်ဖြစ်ရသေးသည့်တိုင် တကယ်ရင်ဆိုင်ကြုံဆုံလာရသည့်အခါ သွေးအေးတည်ငြိမ်စွာ ရင်ဆိုင်နိုင်မည် ထင်ပါသည်။
                        မသိမြင်နိုင်သော အကြောက်တရားများကတော့ ကျွန်တော်တို့၏ ဘ၀တစ်လျှောက် အရိပ်ကဲ့သို့လိုက်ကာ သေသည့်တိုင် နှိပ်စက်ကလူ ပြုနိုင်ကြမည် ထင်ပါ၏။ သူတို့အား ကျွန်တော်တို့က မခန့်မှန်းတတ်ကြတော့ စိတ်ကူးမှာ အရှိတရားထက် ပြင်းထန်ကြီးမားနေတော့တာ ဖြစ်သည်။ ရှိပြီး အကြောက်တရားက အချိန်ကြာလာလေ ပိုမိုဆပွားများပြားလာလေ အဖြစ်မျိုးလည်း ရှိနိုင်သေးသည်ပင်။ တွေးတောနေမိသော အကြောက်တရားထက် အကြောက်တရားကို တွေးနေမိသည့်အတွေးက ပိုလို့ပင် ကြောက်စရာ ကောင်းနေပြန်သေးတော့သည်။
                        အကြောက်တရား ကြီးမားလွန်ကဲသူတို့သည် မိမိ၏ကြောက်ရွံမှုကိုပင် လူသိမှာ ကြောက်တတ်ကြပါသေးသည်။  ၀န်ခံဖို့ရာ ဝေးလေစွ။ သို့ပေမယ့် မြင်နိုင်ပါသည်။ သူတို့သည် ကြောက်ရွံ့မှုကို ရာထူးအာဏာနှင့် ကာကွယ်ကြသည်။ လက်နက်ဖြင့် နိုင်လိုမင်းထက် ခြိမ်းခြောက်ကာ မိမိ၏ အကြောက်တရားကို ထိန်းချုပ်တတ်ကြသည်။ အမူအယာ ရိုင်းကြမ်းလာကြသည်။ နှုတ်ထွက်စကားများ ရှေ့နောက်မညီ မရေရာ။ ခါတရံ ဖရုဿဝါစာ စကားတို့ဖြင့် သိမ်ဖျင်းယုတ်ညံ့လာကြတော့သည်။ စိတ်စေရာ ပြုမူကာ အိနြေ္ဒမဲ့ အလွဲအမှားများကိုလည်း ဆက်တိုက်ပြုမူတတ်ကြပြန်သည်ပင်။
                        တချို့ အာဏာနန်းထိုင်တည်မြဲရေးအတွက် အခြားတပါးသူတို့၏ အသိုက်အမြုံကို ဖျက်ဆီးတတ်ကြသည်လည်း ရှိသည်။ မိမိကိုယ်ကို စစ်စစ်ထိမခံ၊ နာကျင်ဒဏ်ရာရမှာ ကြောက်ရွံ့သောကြောင့် အခြားတပါးသူကို သွေးထွက်သံယိုပြုတတ်ကြတော့သည်။ ကိုယ့်အသက်သေရမှာ ကြောက်သောကြောင့် ကိုယ်တိုင် လက်မရွံ့တပ်သားများ ဖြစ်လာကြသည်။ အကြောက်ကြီးသူများ ကြောက်ရမ်း ရမ်းသဖြင့်သာ လောကကြီး ထောင်းထောင်းထ၊  မွမွကြေရသည်ပင် မဟုတ်လား။
@@@@@@@@
                        စင်စစ် လူသားတိုင်း အကြောက်တရားနှင့် မကင်းနိုင်ပါ။ အကြောက်တရားကြောင့် ကိုယ်တိုင်ဘ၀၊ မိသားစုဘ၀မှသည် နိုင်ငံလူမျိုးတိုးတက်မြင့်မားသည်အထိ စွမ်းဆောင်နိုင်ခဲ့ကြသူ သူရဲကောင်းတွေလည်း အများအပြား ပေါ်ထွန်းလာခဲ့၊ ပေါ်ထွန်းနေဆဲ မဟုတ်ပါလား။
                        ဗိုလ်ချုပ်အပါအ၀င် သူရဲကောင်း၊ အာဇာနည်တို့သည်လည်း သူ့ကျွန်ဘ၀မှာ လူမျိုးတစ်မျိုးလုံး အစစ နိမ့်းပါးဆင်းရဲခြင်းတွေ သံသရာရှည်မှာကို တွေးပူကြောက်ရွံ့ခဲ့ကြမည်ပင်။
လူမျိုးတစ်မျိုးလုံး လူအခွင့်အရေးများစွာ ပျောက်ဆုံးကာ အနိုင်အထက်ဖိနှိပ်ခံရင်း အနေကြာလာလျှင် လူဖြစ်ရှုံးမည်ကို တွေးပူစိုးရွံ့တတ်သူများစွာကိုလည်း ဒီနေ့အထိ မြင်နိုင်သေးသည်ပင်။ ကြောက်ရွံ့ရမှာ ကြောက်သောကြောင့် အံတုရင်ဆိုင်ရင်း ရဲရင့်လာကြသူတွေ ဖြစ်သည်။
                        တချို့ကျတော့လည်း အကြောက်တရားကြောင့် ငြိမ်သက်ကျောက်ရုပ်တွေဖြစ်ကုန်ကြကာ မတရားမှုဟု သိသိကြီးနှင့်ပင် ကြားနေပြေလည်ရေးသမားသက်သက်အဖြစ် ဘေးကင်းလုံခြုံ(သည် ထင်ရသော) ဘ၀မှာ နေသားကျနေကြပြန်သည်။ သူတို့ကတော့ ရေအိုးထဲက ဖားတွေနှယ်ပင်။ ရေအေးအိုးကို တဖြည်းဖြည်းအပူပေးသည့်အခါ ပူနွေးလာသည်ကို သတိပြုမိကာ အနေခက်ခဲလာကြသည်မှန်သော်လည်း အဆင်ပြေမှာပါဟူသော ဂါထာကို တဖွဖွရေရွတ်ကြသည်။ တကယ်လည်း တစ်နေ့အဆင်ပြေလာနိုး မျှော်လင့်ကိုးရင်း ရေနွေးကျိုက်ကျိုက်ဆူသောအခါ မိမိကိုယ်ကိုယ် သေလွန်ခဲ့ပြီကိုပင် သတိမပြုမိအားနိုင်လောက်အောင် ကြမ္မာဆိုးနှင့် အကျိုးနည်းရတော့သည်ပင်။
@@@@@@@@
                        ပြောရလျှင်တော့ လူတိုင်းမှာ အကြောက်တရား အနည်းနှင့် အများတော့ ရှိတတ်ကြသည်ချည်းဖြစ်သည်ကို ၀န်ခံရမည်ပင်။ ထိုအကြောက်တရားကို ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ရင်ဆိုင်ကြသောအခါ ဗိုလ်ကျစိုးမိုးခြင်းနည်းဖြင့် အခြားတပါးသူတို့၏ သောကနှင့် မျက်ရည်တို့ကို ခုတုံးလုပ်ကာ ချမနင်း သင့်လှပါ။ သွေးမျက်ရည် စွန်းပေရလျှင် ထိုသွေးတစ္ဆေက တစ်ဘ၀လုံးစာခြောက်လှန့်ကာ အကြောက်သံသရာ ဆုံးနိုင်ကြတော့မည်မထင်။ လောကကြီးအတွင်းမှာ အကြောက်တရားတို့ တစစ ပိုမိုနည်းပါးလာမှသာ လူသားတို့ကမ္ဘာသည်လည်း ပိုမိုပျော်ရွှင်ဖွယ် သာတောင့်သာယာ ငြိမ်းချမ်းလှပလာပေလိမ့်မည်။          


                                                                              သတိုး