Monday, February 6, 2012

ရိပ်ကြီးခိုလျှင်…………..

                                   
                                                                                               
                တာလမ်းက ဖုံနေအောင် ကောင်းလှသည်။ တရုတ်ဆိုင်ကယ်လေးက ငြိမ့်နေအောင် ပြေးသည်။ တာတစ်ဖက်မှာ ရွေးမြစ်ပြင်ကျယ်ကြီးက တပြန့်တပြော ရေလွှာသင်ဖြူးခင်းနေသည်။။ မုန်တိုင်းဆင်ပြီးစမို့ မောနွမ်းငြိမ်သက်နေသလိုမျိုး၊ မဟုတ်လျှင်လည်း မကြာခင် မုန်တိုင်းလှိုင်းကြမ်း ဆင်တော့မည်မို့  အားယူကာ ဆင်ကြံ ကြံနေသလိုမျိုးဟု မကြည်လင်သော စိတ်အခံနှင့် တွေးမိသေးသည်။
                        တာအတွင်း ရွာကလေးတွေကိုတော့ ငယ်ငယ်က ဖြတ်သွားဖြတ်လာ ရင်းနှီးနေသလို စိတ်မှထင်သည်။ ထင်းစုတဲ့။ ကန့်ဘလာငူတဲ့။ ကိုယ်သွားချင်သည့် ကြာနီကန်ကျေးရွာကတော့ တာလမ်းနှင့် ဝေးလှမ်းသည်။ ငယ်ငယ်က နွေကျောင်းပိတ်ရက်တိုင်း အလည်ရောက်ဖူးနေကျမို့ အုန်းပင်စုစုကို လှမ်းမြင်ရုံနှင့် မှတ်မိနေသည်။ အဲသည်စဉ်ကတော့ ကြာနီကန်ချောင်းနှင့် ရွေးမြစ်ကို ရေကျော်ချောင်းကလေးက ဆက်ပေးထားသည်။ ရေ၀က်ကျချိန်လောက်အထိ လှေ၊ သမာန်တွေ ဖြတ်လို့ရသေးသည်။ ရေစစ်ချိန်တွေမှာတော့ ရေကျော်ချောင်းကို မည်သည့်ရေယာဉ်မှ ကူးဖြတ်မရနိုင်တော့။ ခုတော့ ငယ်ငယ်က ချွေးဒီးဒီးကျအောင် လှေဖြင့် လှော်ခတ်ခဲ့ရသော ရေကျော်ချောင်းကလေးလည်း ကောခဲ့ပြီ။ လွင်ပြင်ငယ်လေး ဖြစ်နေခဲ့ပြီ။
ကြာနီကန်ကျေးရွာနှင့် ကပ်လျှက် သွတ်မိုးပြောင်ပြောင် ဘုန်းကြီးကျောင်းနှင့် နေအိမ်တန်းများကတော့ မိဦးကျေးရွာ။ လွန်ခဲ့လျှင်တော့ လွန်ချောင်း။ ရှေ့မှာ ဥက္ကံ၊ ပျဉ်ထောင်တွင်း။
                        ဟိုတုန်းက တစ်ရွာနှင့်တစ်ရွာ ကူးလူးသွားလာချင်လျှင် လှေဖြင့်သာ လှော်ခတ်သွားကြရတာဖြစ်သည်။ မြစ်ချောင်းတွေ ခြားနေတာ မဟုတ်လား။ တာလမ်းပတ်လိုက်သောအခါ ချောင်းတွေလည်း တာအတွင်းသို့ ရောက်ကာ ကောကုန်ပြီ။ နွေအခါ ကုန်းကြောင်းခြေကျင်လမ်းပေါက်ခဲ့ပြီ။ ပတ်လမ်းတာကြီးကို မြေပြန်ဖို့ပြင်ဆင်ပြီးသောအခါ ဆိုင်ကယ်၊စက်ဘီး၊ဒိန်းဒေါင်းတွေကအစ ကားကြီးပါ မကျန် သွားလမ်း၊လာလမ်း သာခဲ့ကြတော့ပြီ။ ကောင်းလေစွ..။
                        သို့ပေမယ့် ငယ်ငယ်က ရွေးမြစ်နံဘေး ကမ်းနှင့်နီးနီး ကပ်သီကာ ရေဆန်၊ လေဆန် လှေခတ်သွားခဲ့ဖူးတာလည်း လွမ်းစရာကောင်းလှပါသည်။ ရွေးမြစ်ကမ်းနံဘေးက လမု၊ လဘ၊ သမှည့်၊ ဗိုင်းတောင့်၊ သခွတ်၊ ကန့်ဘလာစသော ဒီရေတောတန်းတွေလည်း ခုခါ မရှိတော့ပြီ။ လမုပန်းဖူးလေးတွေပြုတ်၊  ငါးပိချက်ချဉ်ချဉ်၊စပ်စပ်ကလေးနှင့် တို့မြုတ်စားရလျှင် ထမင်းမြိန်လှတာ။ ကန့်ဘလာသီး၊ လမုသီးမှည့်တွေကလည်း ငါးပိဖျော်နှင့် လိုက်ဖက်လှသည်ပင်။ ငယ်ငယ်က လတာပြင်မှာ ကန့်ဘလာသီးမှည့်၊ လမုသီးမှည့် ကောက်ခဲ့ဖူးတာ၊ ကန့်ဘလာသီးချဉ်ချဉ်၊ လမုသီးချဉ်ချဉ်တို့ကို ရှုံ့ရှုံ့မဲ့မဲ့၊ မက်မက်မောမော စားခဲ့ဖူးတာ ခုပြန်တွေးလျှင်တောင် ခု သွားရည်ယိုတုန်း။ ပါးတွေ ကျဉ်တက်လာတုန်း။
                        ဗိုင်းတောင့်သီးရှည်မျောမျောတွေကိုလည်း ကလေးဘ၀ကတော့ အလွန်သဘောကျသည်။ သူ့အညှာနှင့် သီးတောင့်ရှည်ကလေးကိုက အမြင်ဆန်းကာ လိုက်ဖက်နေတာဖြစ်သည်။ ဗိုင့်တောင့်ပင်ရဲ့ ထူးခြားမှုကတော့ သူ့အမြစ်တွေက မြေပြင်ပေါ် ပင်စည်တစ်ဝက်နီးပါးမှ စတင်ထွက်နေတာပဲဖြစ်သည်။ အသွယ်သွယ်ကားနေသော ဂါဝန်ဖားဖားလေး ၀တ်ထားသလိုမျိုး ။ အမေက ဗိုင်းတောင့်မြစ်ကို ပုလင်းဖုံးဖော့ဆို့လုပ်ပေးရန် အဖေ့ကို ပူဆာတတ်သည်။
                        သမှည့်သီးကတော့ အသည်းပုံလေးမို့ ကဗျာဆန်လှသည် ထင်ရသည်။ သမှည့်သီးမှည့်ချိန်ဆိုလျှင် ထမင်းဝိုင်းမှာ ငါးတန်လတ်လတ်ဆတ်ဆတ်ကိုချက်သော ဟင်ရံပွဲကို အငွေ့တလူလူ၊ ချိုအီနေအောင် စားရတတ်သည်။ ငါးတန်တွေ၏ အစာက သမှည့်သီးတွေ ဖြစ်နေသည်ကိုး။
                        မဒမတို့၊ ကနစိုတို့လို အပင်တွေကတော့ ရွေးမြစ်အောက်ဖက်ဆီမှာ ပေါက်ရောက်နေသေးသည်ဟု အဖေက ပြောဖူးသည်။ အပင်ကို မမြင်ဖူးသော်လည်း ကိုယ်တို့အိမ်ခြံဝန်းကို မဒမသား နီရဲရဲတွေနှင့် ၀န်းခတ်ထားသောကြောင့် သိနေသည်။ ကနစိုမျောသား ဖြောင့်ဖြောင့်တွေကလည်း အိမ်အချင်တန်းအဖြစ် သုံးကြတာ သိသည်။ ပြီးတော့ သင်ပေါင်းသားကတော့ ရွာမှာ မီးဖိုချောင်၊ ဘိနပ်ချွတ် အခင်းအဖြစ်သုံးကြရသည်။ သင်ပေါင်းပင်က ဆူးတွေကားနေသည်တဲ့။ အဖေ့မိတ်ဆွေတွေ ထင်းလှေပြန်အ၀င်တိုင်း သင်ဖောင်းဖူးတွေ လက်ဆောင်ပေးလာတတ်သည်။ သင်ပေါင်းဖူး အူတိုင်နုနုလေးတွေက အစိမ်းအတိုင်း စားလျှင်လည်း ချိုလှသည်။ များများစားလျှင် ၀မ်းဖောတတ်သည်ဟု အမေက ဟန့်သည်။ အမေ့အလစ်စောင့်ကာ ခိုးစားရသည်။ သင်ပေါင်းဖူးက ငရုပ်စပ်စပ်နှင့် ဟင်းချက်လျှင်လည်း ထမင်းမြိန်လှသည်ပင်။ အချိုချက်ပြန်လျှင်လည်း ဆိမ့်ဆိမ့်ကလေး အလွန်စားကောင်းလှတာဖြစ်သည်။ ရေလုံပြုတ်ကာ ငါးပိရည်နှင့် အတို့အမြုတ် လုပ်စားတော့လည်း ခေါင်းမဖော်နိုင်။ သင်ပေါင်းပိုးကတော့ ရတောင့်ရခဲ့ဖြစ်သည်။ ရွှေဝါရောင်သန်းနေသော လှုတ်တွန့်တွန့် သင်ပေါင်ပိုးမှာ အူယားစရာကောင်းလှသော်လည်း ထမင်းဦးပေါင်းထဲ ထည့်နှပ်ရုံနှင့် ချိုအီစိမ့်သက်နေတာမို့ ထမင်းနှင့်နယ်စားလျှင် ဆီမလို။ ဆားကလေး ပြက်သိကာဖြူးရုံမျှနှင့် ပြည့်စုံပြီ။ သင်ပေါင်းသီးတွေရလျှင်တော့ ကစားစရာ အသစ်အဆန်းပဲ ဖြစ်သည်။ သင်ပေါင်းသီးက ပန်းခိုင်ကားကားကြီးလို အလွန်လှသည်။ အစိမ်ရောင့် ရင့်ရင့်။ မှည့်လာလျှင် လိမ္မော်ဝါရောင် တောက်တောက် ဖြစ်သည်။ လတ်လတ်ဆတ်ဆတ် စားလျှင် စေးထန်းထန်း တစ်မျိုးအရသာပင်။ အခွံကတော့ ဖန်တွတ်သည်။
                        ငယ်ငယ်က ရွာကို အလည်ရောက်ဖြစ်တိုင်း ဒီရောက်တောထဲဝင်၊ ထင်းခွေရတာ စိတ်လည်းညစ်၊ ပျော်လည်း ပျော်ခဲ့ကြသည်။ လတာပြင်မှာ ဒူးကောက်ခွက်နစ်နေသော ရွှံ့ဗွက်ရုန်းရတာ တောသားတွေလောက် ခရီးမတွင်။ သူရို့တော့ ခရာဆူးတောထဲလည်း ခပ်ရဲရ၊ဲ တဖျောင်းဖျောင်း ဖြတ်နင်းလျှောက်သွားနေကြတာပင်။ ကိုယ်ကတော့ ရှေ့မှာကွယ်ကာနေသော ခရာဆူးပင်ကလေးကိုပင် ရွရွကလေးကိုင်ဖယ်ကာ ဖွဖွကလေးလှမ်းနေပြန်သည်မို့ သူတို့အဖို့ ရယ်ပွဲဖွဲ့စရာ ဖြစ်ခဲ့ဖူးသည်။ ကိုယ်က ခရောင်းတောတိုးရတာ စိတ်ပျက်သော်လည်း ဆူးပန်းပွင့် ခရမ်းဖျော့ကလေးတွေကိုတော့ ချစ်သည်။ ညှာတံအဖြူပိုင်းလေးတွေကို စုတ်ယူလျှင် လျှာဖျားမှာ ချိုမြမြအရသာ အတွေ့ကိုလည်း ကြိုက်သည်။ ပြီး ကြက်ဖသီးဟု ခေါ်ကြသော ခင်မွန်သီးလေးတွေသည်လည်း ငှက်ကလေးတွေ ပုံသဏ္ဍာန် ချစ်စရာကောင်းလှသလို စားလို့ အလွန်ချိုပြန်သည်။ ကျီးသေရွက်ကိုတော့ အရသာ မခံတတ်။ သူရို့ ရွာသားတွေကတော့ ကျီးသေရွက်၊ ကျီးသေသီး အားလုံးကို တို့စရာ လုပ်နေကြပြန်တာပင်။
 သမှည်ကိုင်းခြောက်တွေကို ထင်းခွေကြပြန်လျှင်လည်း ကိုယ့်ထင်းစည်းကလေးက ခပ်သေးသေးပင်။ သို့သော်လည်း ထင်းစည်းသေးသေးလေးကို ထမ်းကာ လာလမ်းအတိုင်း တောတိုးပြန်ထွက်ရတာ သေချင်စော်နံနေတော့ပြီ။ သူရို့ကတော့ ထင်းစည်းကြီးတွေ ပခုံးပေါ်စွေ့ကနဲထမ်းတင်ကာ ရှေ့ကနေ ပြေးနေသလားတောင် ထင်ရသည်။ ခုတော့ထင်းရှားလို့ဆိုပြီးညည်းကြ၊ငြူကြသံရွာလုံးညံနေပြီ။
                        ဒီတောထဲမှာ ပျော်စရာ ကောင်းတာကတော့ ကဏန်းချိတ် လိုက်ရတာပဲ ဖြစ်သည်။ ကိုယ်တို့ ကြီးတော်(ကိုယ်တို့ အားလုံးက အမေ့ဘက်မှ အစ်မမို့ ကြီးကြီးဟုခေါ်ကြသည်။ ) တစ်ယောက်က ကဏန်းချိတ်အလွန်တော်သူဟု နာမည်ကြီးလှသည်။ ကဏန်းချိတ်ထွက်ကြသူချင်းအတူတူ သူတကာထက် သူက ကဏန်းပိုရလေ့မြဲ။ ကြီးကြီးက သူ့ကဏန်းတွင်းတွေကို ကိုယ့်အမှတ်အသားနှင့်ကိုယ် မှတ်သားထားတတ်သည်တဲ့။ သူဘာသာ ရက်ပတ်တွက်မှတ်သားထားကာ အလှည့်ကျ နှိုက်ယူနေတာ ဖြစ်သည်။ ကြီးကြီး၏ ကဏန်းချိတ်ပညာကိုတော့ ကိုယ်တွေ့မို့ အံ့သြအားကျခဲ့ဖူးသည်။ ကဏန်းတွင်း တစ်တွင်းမြင်သည်နှင့် ကဏန်းရှိနေသလား၊ မရှိတော့ဘူးလား အတတ်သိသည်။ဘယ်လောက်ကောက်ကွေ့နေသောကဏန်းတွင်းဖြစ်ပါစေ တွင်းထဲသို့ သံချိတ်ကောက်ကလေးနှင့် တစ်ချက်နှစ်ချက် ထိုးချိတ်ဆွဲယူလိုက်ရုံနှင့် ကဏန်းက သူ့သံချိတ်ကို လက်မနှင့် ညှတ်လျှက် ပါလာပြီးသား။ ထိုသို့မဟုတ်ပါကလည်း သံချိတ်နှင့် အသာကလေး တွင်းအပြင်ရောက်အောင် ချိတ်ဆွဲထုတ်နိုင်ခဲ့တာပင်။ လက်မကြီးတကားကားနှင့် သူ့အသက်အန္တရာယ်ကို ခုခံကာကွယ်နေဟန်ရှိသော ကဏန်းကောင်ကို သူတကာတွေလို လက်မကို သံချိတ်လက်ကိုင်နှင့် လှမ်းရိုက်ချိုးပြီးမှ ဖမ်းတာမျိုး ကြီးကြီးက လုပ်လေ့မရှိပါ။ ကဏန်းကောင်ကို လက်မ ပုံမပျက်အောင်  သူ့လက်နဲ့ပဲ ကျင်လည်လှပစွာ ဖမ်းနိုင်သူ ဖြစ်လေသည်။ ကြီးကြီးကို အားကျအတုခိုးကာ သူများ သံချိတ်နှင့် ချိတ်ထုတ်ပေးသော ကဏန်းကောင်ကို လက်နှင့် ဖမ်းဖူးသည်။ ဒေါသချောင်းချောင်းထွက်နေသော ကဏန်းကောင်က ကိုယ့်လက်မကို သူ့လက်မနှင့် ညှတ်လိုက်ရာ မလွှတ်တော့။ နာလိုက်သည်ဖြစ်အင်မှာ ဆိုဖွယ်ရာ မရှိ။ စိတ်ကြီးသောကဏန်းကောင်က မလွှတ်တော့ သူ့လက်မကို ကိုယ်နှင့် တခြားစီဖြစ်အောင် ရိုက်ချိုးပစ်ပြီးမှ သွားနှင့်ကိုက်ဖြုတ်ယူခဲ့ရသည်။ နှစ်ရက်ခန့် အော်ငိုနေရတော့သည်။
                        ကဏန်းက အန္တရာယ်ပြုတတ်သော်လည်း အရသာ အလွန်ရှိသည်။  လသာရက်တွေမှာတော့ အခွံများကာ လမိုက်ရက်တွေမှာ အသားပြည့်နေတတ်သည်။ ပြုတ်စားလျှင်လည်း ကောင်းသည်။ ကန်စွန်းရွက်၊ တောင်သလဲရွက်နှင့် ချဉ်ရည်ဟင်းချက်စားလည်းပဲ မရိုးနိုင်။ ကဏန်းဦးနှောက်ကို ထမင်းပူပူနှင့် ဆီဆမ်း၊ ဆားဖြူးစားခဲ့ဖူးသည့် အရသာကို တော့ ခုထိ မမေ့နိုင်သေး။
                        ငယ်ငယ်က တောတိုးခဲ့ဖူးသော ဓနိပင်တန်းတွေလည်း မရှိတော့ပေ။ တာပတ်လိုက်သောအခါ ရေငန်တွေ ချိုကာ ဓနိပင်တွေလည်း သေကုန်ပြီ ထင့်။ တာအပြင်ဘက်မှာလည်း ပုဇွန်ကန်တွေ အပြိုင်းအရိုင်းမို့ ဓနိတောပြုန်းရပြန်တော့သည်။ ငယ်ငယ်တုန်းက ကိုယ်တို့မြို့သားတွေအတွက် ၀ါးကျဉ်ထောက်အသစ်နှင့်ခံယူကာ  နံနက်စောစောယူလာပေးသော ဓနိရည်ချိုချိုကို လွမ်းလှတော့သည်။ ထိုဓနိရည်ချိုကို မီးအပူပေးကြိုကာ သကာရည်အဖြစ် ကောက်ညှင်းကြိုးဖြတ်လုပ်ကျွေးကြပြန်တော့လည်း အကြိုက်တွေ့ခဲ့ဖူးသည်ပင်။
                        ရွာကို နံနက်စောစောရောက်လျှင် ကောက်ညှင်းပေါင်းပူပူလေးကိုဆုတ်ကာ ငါးပိကင်မွှေးမွေးနှင့် စားချင်မိသည်။ ဒါပေမယ့် ရွာမှာ ကောက်ညှင်းမစိုက်ကြတော့ဘူး ထင်ရဲ့။ လသာသာမှာ မုန့်ဆန်းထောင်းကြသော ဆုံသံမကြားရတာတောင် ကြာလှပြီဟု ရွာကလူတွေ မြို့သို့လာစဉ် ပြောသံကြားဖူးသည်။
                        ရွာကလေးလည်း အတော်ပြောင်းလဲနေပါပြီ။ ဒီရေအတက်အကျ ရှိသော ချောင်းကိုခွကာ ဟိုဘက်ကမ်း၊ ဒီဘက်ကမ်း ခွဆောက်ထားသော တဲကလေးတွေက မပြောင်းလဲဟု ထင်ရသော်လည်း ချောင်းရေက သေနေပြီ။ ချောင်းကောရေတိမ်ဖြစ်လာကာ ရေအရောင်က စိမ်းညစ်ညစ်။
                        ငယ်ငယ်က တက်ချည်ဆင်းချည် ပြေးဆော့ခဲ့ဖူးသော မီးသွေးဖိုတွေကတော့ အုတ်ပုံ အပြိုအပျက်များအဖြစ် မြို့ဟောင်းကလေးလို ဖြစ်နေပြီ။ အဲဒီတုန်းက ချောင်းကမ်းနံဘေးမှာ ထင်းပုံကြီးတွေ ဟီးထနေခဲ့ဖူးတာ မှတ်မှတ်ရရ ရှိလွန်းလှသည်။ ထင်းသမာန်ကြီးတွေကလည်း လက်ညှိးထိုးလို့ မလွဲနိုင်အောင်ပင် ချောင်းလယ်မှာ စီတန်းလျှက် ကျောက်ချရပ်နားနေခဲ့တာ မဟုတ်လား။ ရွှေဌေးမြင့်၊ လှမြတ်ကေသီ၊ ချမ်းသာကြီး စသည့်ရန်ကုန်သွားမည့် သင်္ဘောကြီးတွေက ညနေတိုင်း ရောက်လာဆိုက်ကပ်တတ်သေးသည်။ မီးသွေးဖိုတွေက မီးသွေးအိတ်တွေ ၀ိုင်းတင်ပေးလိုက်ကြသည်။ လွှဲငွေတွေ ရေတွက်ရင်း အမေကတော့ ပျော်ရွှင်နေတတ်သည်။ မီးသွေးအလုပ်သမားတွေ၊ အလုပ်သမတွေကတော့ အမြဲတမ်း ပုံဖမ်းမရအောင် မည်းနက်နေခဲ့ကြတာ။ သူတို့လည်း အလုပ်မှာတော့ စကားဖောင်ဖွဲ့မပျက် မီးသွေးအိတ်ထည့်ရင်း၊ အိတ်တွေ ပြန်ချုပ်ရင်း ပျော်နေကြတာပဲ။ ထင်းကျည်ထောက်တွေ အိမ်အပြန်ပေးလိုက်လျှင် ဆွေ့ဆွေ့ခုန်နေပြီ။ ဒါပေမယ့် နောက်ပိုင်းတော့ အမေက ထင်းကျည်ထောက်တွေအား အလုပ်သမားတွေကို မပေးတော့။ အမေမှ မဟုတ်။ ဘယ် ဖိုသူကြီးမှ ထင်းကျည်ထောက်တွေ အလုပ်သမားကို မပေးနိုင်ကြတော့။ အမေပြောတော့ ထင်းကျည်ထောက်က အရင်လို မပေါများတော့ဘူးတဲ့။ ဈေးကောင်းလည်း ရနေပြီ မဟုတ်လား။ ထင်းလှေသူကြီးတွေကလည်း တောမှာ ထင်းရှားလာပြီဟု ခြူသံပါအောင် ညည်းငြူကြတာ ကြားဖူးလှပြီ။
 အဖေအပါအ၀င် မီးသွေးဖို ပိုင်ရှင်အားလုံးက အရင်ကတော့ မဒမ၊ မြင်းက မှ မဟုတ်လျှင် မီးသွေးထင်းလို့ မှတ်ခဲ့ကြတာ မဟုတ်။ ခုတော့ လမု၊ လဘ၊ ကန့်ဗလာ၊ သစ်ပင်မှန်သမျှ ထင်းအဖြစ် သတ်မှတ်ရတော့ပြီ။ နောက်တော့ အပင်ကြီးမှ မဟုတ်။  လမု၊ လဘ အပင်အနုပေါက်လည်း မငြင်းဆန်နိုင်ကြတော့။ တချို့ကတော့ လယ်ရိုင်းတွေဆီတက်ကာ မြေကြီးအတွင်း နစ်နေသော မဒမ အမြစ်ငုတ်တွေကို ပေါက်တူးနှင့် တူးဆွဖော်ယူကာ ထင်းမီးသွေးအဖြစ် အသွင်ပြောင်းရသည်အထိ ဖြစ်လာကြတော့ပြီ။ ကိုယ်တိုင် လက်ပမ်းကျချိန်ရောက်မှ နောက်က သစ်တောကို မျှော်ကြည့်ဖို့ သတိရတော့ နောက်ကျလွန်းနေခဲ့ပြီ။ ခါးလည်သာသာ လမုပင်၊ ကန့်ဘလာပင် ကျိုးကျဲသာ ယိုင်ယဲ့ယဲ့ ကျန်တော့သည်။ ကိုယ့်အရပ်ဟာ ပင်လယ်နှင့် နီးလွန်းလှတာ သိပင်သိငြား ပင်လယ်ဘယ်မှာ မမြင်ဖူးကြသော အဖြစ်မှ ပင်လယ်ကို တိုးလျှိုပေါက် လှမ်းမျှော်ကြည့်လို့ ရနိုင်လာတော့ပြီ။ ကားဆီးထားသော သစ်တောတွေ မရှိတော့ပြီလေ။
                        နေ့စဉ် ရွှေဥ ဥပေးနေသော ငန်းကို တစ်ချက်တည်း ရိုက်သတ်စားသူ၏ အဖြစ်ကမှ တော်ဦးမည်။ ဘ၀စဉ်ဆက် မှီခိုနေလာသော သဘာဝတရားကြီးကို ကိုယ်တို့တွေ တစ်ကိုယ်စာ သက်ရှင်ရပ်တည်နိုင်ရုံ မျက်တောင်တဆုံး အတွေးတိမ်တိမ်နှင့် တစ်ယောက်တစ်လက် ၀ိုင်းဝန်းဖျက်ဆီးခဲ့လိုက်ကြတာ။ ကမ္ဘာကျော် ပင်လယ်လှိုင်းကြီးက အဆီးအတားမဲ့ ခဏအတွင်း ကျော်လွှားခုန်ပျံကာ ကုန်းမြေပေါ်အလွယ်တကူလွှမ်းဖုံးလာလေမှ နောက်တရချင်မိတော့ နောက်ကျလွန်းခဲ့ပြီ။  အသက်အိုးအိမ်များစွာ ရင်းနှီးပေးဆပ်လိုက်ရပြန်တော့ တုန်လှုပ်ခြောက်ခြားရကောင်းမှန်း သိကြပြီ။ သဘာဝတရားကြီး၏ ဒဏ်ခတ်မှုက ပြီးဆုံးခဲ့ပြီထင်ရသော်လည်း ရာသီဥတုတွေ မမှန်သေး။ အခါမဲ့ မိုးတွေ ရွာသွန်းတတ်လာသည်။ မိုးရာသီလည်းပဲ နေကျဲကျဲ ဆာဟာရငယ် ဖြစ်နေတတ်ပြန်တာ။ မုန်တိုင်းသတိပေးချက်တွေကလည်း တစ်နှစ်တာလုံး ကြားနေရပြန်တော့တာ..။
“အဲဒါတွေလာပြောနေရအောင်မင်းက ဘာများလုပ်ပေးနိုင်လို့ တုန်း”
                        ကြီးကြီး၏ သားအကြီးဆုံး၊ သားသမီ်း ငါးယောက်၏ ဖခင်၊ ၊ မြေး တစ်ကျိပ်ခြောက်ယောက်တို့၏ အဖိုး၊ ကိုယ်တို့ အစ်ကိုက ငေါ်တော်ငေါက်တောက် ဆိုလာတော့ရုတ်တရက်နှုတ်တုန့်ဆွံ့အသွားရသေးသည်။
“ ကျွန်တော် တစ်ယောက်တည်းတော့ မတတ်နိုင်ဘူးပေါ့ဗျာ။ ကျွန်တော်နဲ့ အတူတူ အားလုံး၊ အားလုံး…”
“မင်းနှယ်ကွယ်။ အားအားလပ်လပ်…”
                        စကားမဆုံးမီကိုယ်တို့ မရီးက ခေါင်းဖြူစွယ်ကျိုးမှ အားမနာ သန်းဥစမ်းရင်း မဲ့ရွဲ့ပြသည်။
“ဟာ.. အဲလို လက်လွတ်မပြောကြနဲ့ဦးဗျာ။ ဒီမှာ..”
လည်ချောင်းတစ်ချက်ရှင်းလိုက်သည်။ နောက်တော့ သတိတရ သောက်ရေ တစ်ဖန်ခွက် တောင်းရပြန်တော့သည်။ ကိုယ် စကားတွေ အများကြီး ဆက်ပြောချင်သေးသည်လေ။ ရာသီဥတုကလည်း ပူလွန်းလိုက်တာ ဟူး…။

                         

                                                                                                               သတိုး                        


5 comments:

  1. ကျေးလက်ဒေသရဲ့ အငွေ့အသက်တွေ ..
    တွေ့ထိခံစားလိုက်ရတယ်...။

    ReplyDelete
  2. ကိုသတိုးရေ
    ကိုယ်တွေက ပင်လယ်ကမ်းနား နီးတဲ့ အရပ်မဟုတ်လေတော့ ကိုသတိုးရေးသွားတဲ့ အကြောင်းအရာနဲ့ အသီးအနှံတွေက စိတ်ဝင်စားဖို့ ကောင်းလှတယ်။
    မစားဖူးတဲ့အသီးတွေ များတယ်လေ
    သင်ပေါင်းပင်လည်း မမြင်ဖူးဘူး..။ သင်ပေါင်းပိုးတော့ မြင်ဖူးတယ်။
    အဲဒီလို ဒေသတွေမှာ တစ်ပတ်လောက်ဖြစ်စေ သွားနေပြီး ကိုယ်မသိသေးတဲ့ ဒေသန္တရ ဗဟုသုတလေးတွေ ရှာချင်ပါသေးတယ်.. ဓနိရည်ဆိုတာကိုတော့ ခုတစ်ခေါက် ပင်လယ်နားသွားတော့ မြည်းစမ်းကြည့်ခဲ့ဖူးပါပြီ။ အခြားသော စားဖွယ်ရာလေးတွေလည်း မြည်းစမ်းချင်ပါသေးတယ်။
    အဆုံးသတ်ကိုဖတ်တော့ ရင်မောသွားတယ်... အဲဒီဒေသတွေ ဘယ်တော့များမှ ပုံမှန်အတိုင်းပြန်ဖြစ်ပါ့မလဲ မသိဘူးနော်...

    ReplyDelete
  3. စိတ်ဝင်စားဖို့ကောင်းလိုက်တာ...အဆုံးလေးကိုလဲသဘောကျတယ်။ ရွာတွေမှာက အဲ့လိုပဲး)



    နောင့်

    ReplyDelete
  4. သဘာဝရဲ့ အငွေ့အသက်တွေကို ထိတွေ့ခံစားခွင့်ရလိုက်တယ်။

    ReplyDelete
  5. ဗိုက်အရမ်းဆာသွားတယ်။
    အကိုဖြစ်စေချင်သလိုတော့ မလွယ်ဘူးအကိုရေ။ တောသူတောင်သားတွေက သူတို့ချစ်တဲ့ celebrity တွေကို အသုံးချပြီး စည်းရုံးမှ ရမှာ။ ဥပမာ ချစ်သုဝေသာ သစ်ပင်လာစိုက်ပြလိုက်။ ရွာလုံးကျွတ်ကို သစ်ပင်စိုက်လာလိမ့်မယ်။

    ReplyDelete

စိတ်ထဲ ခံစားမိသလို မျှဝေပြောပြခဲ့ပါဦး...။