Thursday, July 26, 2012
မှိတ်တုတ် မှိတ်တုတ် ကြယ်ကလေးတွေ..
                     အကြောင်းကိစ္စရှိတိုင်း ဒီနေရာလေးကို ဖြတ်သန်းသွားလာ ပြုဖူးနေကျပေမယ့် မှတ်မှတ်ထင်ထင် သတိမပြုခဲ့မိပေ။ ခုလည်း သားကြောင့်သာ မဟုတ်လျှင် ဒီနေရာလေးကို ဂရုပြု၊ စိတ်ဝင်စားဖြစ်ဦးမည် မထင်။
ဂျူဂျူ
ဆံပင်မိတ်ကပ်
                        ခြံဝရှိ ဆိုင်းဘုတ်ကလေးက အရောင်တွေ လွင့်ပြယ်ဖျော့မှိန်ကာ ဆေးသားတချို့ ကွာကျနေခဲ့ပြီ။ အနည်းငယ် တွန့်ဆုတ်နေသော ခြေလှမ်းတွေကို တုန့်ရပ်လျှက် ဆိုင်းအတွင်းဘက်ဆီ လှမ်းမျှော်စူးစမ်းမိသည်။ အပွင့်မှိန်မှိန် ခန်းဆီးကန့်လန့်ကာလေးတစ်စက ဆိုင်ရှေ့မှာ တလူလူလွင့်ကာ ဆိုင်အတွင်းပိုင်းမြင်ကွင်းကို နှောင့်ယှက်နေပြန်သည်။ ဆိုင်မျက်နှာစာ တစ်ဖက် တစ်ချက်စီမှာတော့ ကိုရီးယားစတားတစ်ယောက်၏ ဆံပင်ပုံဆန်းနှင့် ဗီနိုင်းဆိုင်းဘုတ်ကလေးတွေ ထောင်ထားတာ လှမ်းတွေ့၏။
            ရှေ့မျက်နှာစာမြေကွက်လပ်ကို ခပ်များများဖယ်ချန်ကာ ဆိုင်ကို ခြံဝန်းနောက်ပိုင်း အထိ နောက်ဆုတ် ဆောက်ထားသည်မို့ လမ်းမနှင့် ဝေးလှမ်းနေသေးသည်။ ထို့ကြောင့်လည်း ဒီဆိုင်လေးကို ယခင်က အမှတ်မထားခဲ့မိတာ ဖြစ်မည်။
                        ဆိုင်ရှေ့ မြေကွက်လပ်ငယ်မှာတော့ တရုတ်ဆိုင်ကယ်နှစ်စီးနှင့် စက်ဘီး လေး၊ငါးစီး ရှိနေပါသည်။ ဒါဆို ဒီလူငယ်လည်း အလုပ်ရှုပ်နေတော့မည် ထင်သည်။ အလုပ်လက်စတန်းလန်းနှင့်လူကို မေးမြန်စပ်စုရတာတော့ မကောင်းလှပါ။ အားနာစရာ…။ ဒါပေမယ့် ရောက်လက်စနှင့်မို့ လူချင်း မြင်ဖူးအောင်တော့ ၀င်တွေ့သွားလိုက်တော့မည်ဟု တွေးသည်။ သူ အဆင်ပြေမည့် အချိန်ကို ချိန်းဆိုစောင့်ဆိုင်းရတော့မှာပေါ့။
                        ဒါပေမယ့် ဆိုင်အတွင်းသို့ ရောက်လျှင်တော့ အလုပ်လုပ်နေဟန် ထင်ရသူ တစ်ယောက်တလေကိုမျှ မတွေ့ရပေ။ ဆံပင်ညှပ်သည့် ဆုံလည်ကုလားထိုင်နှစ်လုံးပေါ်မှာ ဒူးထောင်ပေါင်ကားနှင့် ကိုယ်ကိုနောက်လှန်ကာ ပိုးလိုးပက်လက်လန်နေသော သူကောင်းသားလေး နှစ်ယောက် ရှိနေသည်။ လက်ထဲမှာ အငွေ့တလူလူ စီးကရက်ကိုယ်စီနှင့်။ ဆံပင်ပုံဆန်းအမျိုးမျိုးနှင့် နိုင်ငံခြားမော်ဒယ်တို့၏ ပုံကလေးတွေပါသော နံရံကပ်ပိုစတာများ ကပ်ထားသည့် နံရံတို့၏ တစ်ဘက်မှာ ကပ်လျှက် တန်းစီချထားသော ပလပ်စတစ်ထိုင်ခုံလေးတွေပေါ်မှာလည်း လူငယ် သုံးလေးယောက် တွေ့ရပြန်သည်။ သူတို့လည်း ကွမ်းတဖတ်ဖတ်ဝါးလျှက် နှုတ်ခမ်းလေးတွေ ရဲပနေလို့ပေ။ သားတို့နှင့် သက်ရွယ်တူ ကလေးတွေ။ တချို့ကတော့ သားတို့ထက် လေးငါးနှစ်ခန့်ကြီးမည် ထင်ရဲ့။ သက်နှစ်ဆယ် ၀န်းကျင်တွေ။ ဆံပင်ပုံစံတွေကတော့ သူတို့ခေတ် အပြောအရဆို တကယ့် အလန်းတွေချည်းပေ။ အရောင်အသွေးစုံလင်လှသလို အကောက်၊ အဖြောင့် ရောရာ။ အိုး.. တစ်ဝက်တစ်ပျက် လှမ်းမြင်တွေ့နေရသော ဆိုင်နောက်ဘက် အတွင်းခန်းထဲရှိ သစ်သားခေါက်ကုတင်လေး ပေါ်မှာလည်း တုံးလုံးပက်လက်တွေ ရှိကြသေးသည်ပဲ။
                        ထိုင်ခုံပေါ်မှ လှမ်းတွေ့ကာ အသိပေးလိုက်သည်ထင်၏။ ဆုံလည်ပေါ်မှ နှစ်ယောက်ကလည်း ကုလားထိုင်ကို တစ်ပတ်လှည့်ကာ ခေါင်းငဲ့စွေစောင်းကြည့်လာကြသည်။
“ဦးနဲ့ အန်တီ ဆံပင်ညှပ်ဖို့လား”
                        နှုတ်စကားလေးတွေက ယဉ်ကျေးဖွယ်ရာပေမယ့် အကြည့်အပြုံးတို့က လှောင်ပြောင် ချင်သလို ရယ်ဟဟ များပေ။ 
“ဘယ်သူ ညှပ်ပေးမှာလဲ”
                        ခပ်တည်တည် အမေးစကား မဆုံးခင်…
“ဂျူရေ….ဆံပင်ညှပ်မယ်တဲ့”
                        တစ်ယောက်က လှည့်အော်လေလျှင် အတွင်းခန်းထဲမှ မှိုတက်နေသော ချောကလက်တုံးလို မိတ်ကပ်ဖွေးဖွေးနှင့် မျက်နှာညိုညိုကြီး ဘွားခနဲပေါ်လာခဲ့လေသည်။
                                           *************
                        မိတ်ကပ်တွေ ဟိုတစ်ကွက်၊ သည်တစ်ကွက်နှင့် အဆီပြန်ကာ ပြာနှမ်းညိုညစ်နေသော မျက်နှာကြီးက ပကတိ အရောင်မဲ့၊ အပြစ်ကင်းစွာ…။ နှုတ်ခမ်းထူနက်နက်ကြီးကလည်း လှိုက်လှဲဖော်ရွေစွာ အစွမ်းကုန် ပြုံးမြနေလျှက်။ ခပ်သြသြ ပင်ကိုယ်သံကို အိညက်ညက်လုပ်ပြောနေတာတော့ အတော်ကလေး သီးခံရပါသည်။
“ပြည့်……..စုံ …ဖြိုး …။ ဟဲ့ ပြည့်စုံဖြိုးဆိုတာ ဘယ်သူလဲ။ နင်တို့နဲ့ သိကြလား ”
“မနေ့က အာကာတို့အုပ်စုနဲ့ ပါလာတဲ့တစ်ယောက်လေ။ ပါးဖောင်းဖောင်း ၊ မျက်လုံးပြူးနဲ့ကောင်..”
                        သားကို နာမည်နှင့်လူ တွဲသိမှတ်မိခြင်း မရှိဘူးဆိုတော့ သားဟာ ဒီနေရာကို အကြိမ်ကြိမ် ရောက်ဖူးနေကျ မဟုတ်ဘူး ထင်သည်။
“အရင်က တစ်ခါနှစ်ခါ ဆံပင်လာညှပ်ဖူးတယ်။ ဒီလောက်ပဲ။ အာကာတို့ကတော့ ဒီမှာ ကျောက်ချ နေနေကျလေ။ သူက မနေ့ကမှ ပါလာတာ…”
                        သားတစ်ယောက် ကျောင်းပြေးတတ်နေပြီ ဆိုတာ သားတို့၏ အတန်းပိုင်ဆရာမထံမှ အကြောင်းကြားစာကို မမျှော်လင့်စွာ လက်ခံရရှိခဲ့လေမှ သိခွင့်ရတော့တာ ဖြစ်ပါသည်။
                        ဆရာမကလည်း သား ကျောင်းပြေးခဲ့သည်ဟု မထင်။ ခွင့်မဲ့ ကျောင်းပျက်ခဲ့သည်ဟုသာ ထင်မှတ်ကာ မိဘထံ အသိပေး အကြောင်းလာခဲ့တာ ဖြစ်သည်။ ဒါပေမယ့် သားတစ်ယောက် နံနက်ကတည်းက အဖြူအစိမ်း ၀တ်စုံပြည့်နှင့် ကျောပိုးအိတ်ကလေးလွယ်လို့ အိမ်က ထွက်သွားခဲ့တာ မဟုတ်လား။ သူတို့မေမေ ထမင်းဘူးထည့်တာ နောက်ကျနေလို့ ခရီးဖင့်ရသည်ဆိုကာ မျက်နှာညိုပြခဲ့သေးသည်ပင်။ ခုတော့ သားက ကျောင်းကို မရောက်ဘူး ဆိုပါလား။
                        ညနေ ကျောင်းဆင်းချိန်မှာ ခပ်တည်တည် အိမ်ပြန်ရောက်လာခဲ့သော သားက အဖေနှင့်အမေ မျက်နှာ မသာယာစွာ ခေါင်းချင်းရိုက်နေကြတာ လှမ်းအမြင်မှာ သူ့အပြစ်အတွက် မလုံလဲသလို ခြေလှမ်းတုံ့နှေးကာ မျက်နှာမူယာ ပျက်ယွင်းသွားခဲ့တော့သည်။
                                               ***********
                        အဖေ့လက်ထဲမှာ သူ့ထက် အလျှင် ကြိုရောက်နေနှင့်သော အကြောင်းကြားစာကို မြင်လျှင်တော့ သားလည်း အမှန်အတိုင်း ၀န်ခံရတော့ပြီ။
“သား.. ဘယ်တွေ သွားနေတာလဲ။ ဘယ်သူတွေနဲ့ ဘာတွေ လုပ်ခဲ့သလဲ”
                        သား တစ်ယောက် ခုလို ကျောင်းပြေးတတ်လာခဲ့တာ ကျောင်းပြေးတတ်နေသော၊ ကျောင်းပြေးနေကျ သူငယ်ချင်းတချို့ကြောင့်ဟု အမေက ထမင်းရည်ပူ လျှာလွှဲချင်နေသည်။ သား၏ ကျောင်းသားသက်တမ်းတစ်လျှောက် နေထိုင်မကောင်းဖြစ်သော နေ့တချို့မှလွဲလျှင် ကျောင်းပျက်ခဲလှပါသည်။ တချို့သော စာသင်နှစ်တွေမှာ ပညာရည်ချွန်ဆုနှင့် အတူ ကျောင်းတက်မှန်သူအဖြစ်ပါ ဆုယူခဲ့ဖူးလေတာ…။ ယခု ဆယ်တန်းစတက်သော နှစ်ဦး အစပိုင်းကာလမှာပင် သားတစ်ယောက် ကျောင်းပြေးတတ်နေပါပြီကော။
                        သား၏ ၀န်ခံစကားအရတော့ သူငယ်ချင်းတချို့နှင့်အတူ ဘုရားမှာ တစ်နေကုန် ရှိနေခဲ့သည် တဲ့။ သားပြောသမျှ ယုံကြည်နေကျ အမေက ခုတစ်ကြိမ်မှာလည်း အလွယ်တကူ ယုံကြည်လက်ခံတော့မည် ဆဲဆဲ။
“တစ်နေ့လုံး မင်းတို့ ဘာတွေ လုပ်နေကြလဲ”
“ဓမ္မာရုံထဲမှာ အိပ်နေကြတာ”
“ဘာလို့ ကျောင်းကို မသွားချင်တာလဲ”
“Physics ဆရာမကဒီနေ့ defination တွေ စစ်မယ်လို့ မှာလိုက်တာ။ သားတို့ မကျက်ရသေးလို့….”
                        ကျောင်းသားအများစု ထံမှ အလွယ်တကူ ပြောထွက်နေကျ ဆင်ခြေမျိုးကိုပဲ သားက သုံးနှုန်းနေပါသည်။ ဒါပေမယ့် ဘုရားပေါ်မှာပဲ တစ်နေကုန် အိပ်နေခဲ့သည်ဆိုတာတော့ လုံးဝ မဖြစ်နိုင်ဟု နားလည်မိသည်။
“မင်းတို့ကောင်တွေ တခြား ဘယ်နေရာမှ မရောက်ဘူးဆိုတာတော့ ငါ မယုံဘူး”
“တကယ်ပါ ဖေဖေရ”
                        သားက မျက်နှာငုံ့လွှဲလျှက် လေသံ ခပ်တိုးတိုးဖြင့် ဆိုခဲ့သော်လည်း နေ့မကူးခင် သားတို့၏ ၀ပ်ကျင်းကို ခြေရာခံမိခဲ့ပြီ။
                                                   *************
“ကျွန်တော်လည်း သူတို့ကို လက်မခံသင့်ဘူးဆိုတာ သိပါတယ် ဦးရယ်။ တတ်နိုင်သလောက်လည်း ဖြောင်းဖျပြောဆို လွှတ်တာပါပဲ။ ဒါပေမယ့် ဘယ်သူ့အပေါ်မှာမှ ကျွန်တော့်စကား မအောင်ဘူး။ သူတို့က ကျွန်တော့်ဆို ခွေး… ချေးနိုင်သလိုကို နိုင်ကြတာ။ အဲ.. ကန်တော့ပါနော် ဦး”
                        နှုတ်ခမ်းကို လက်ဖ၀ါးလေးနှင့် အုပ်ကွယ်လိုက်ပြီးမှ လက်အုပ်ကလေးချီလာပြန်တော့ စိတ်မှာ ခိုးပြုံးချင်မိသည်။ သူ့အသက်လည်း ရှိလှမှ အစိတ်ပေါ့။ ဟို ကလေးတွေနှင့် ကွာလွန်းလှမည်မထင်။ ဂျာစေ့ ခေါ်ရမလား မသိသော အပွင့်ကြီးကြီးတွေပါသည့် အရောင်တောက်တောက် အင်္ကျီပါးပါးလက်ပြတ်ကလေးနှင့်..။ လက်မောင်း ပိန်မည်းမည်းကလေးတွေက သွယ်သွယ်ပျောင်းပျောင်း။ ဒူးဖုံးရုံ ဂျင်းဘောင်းဘီကလေးက ခန္ဓာကိုယ်မှာ ချပ်ကပ်နေသည်။ မျက်နှာရှေ့မှာ အချောင်းလိုက် ၀ဲကျနေသော ဆံမျှင်စုကလေးက အနီရောင် တောက်တောက်ကလေးမို့ ဆန်းပြားနေသည်။ ကျွန်တော်တို့ ငယ်စဉ်ကတော့ ဒီလို ဟိုမရောက်၊ ဒီမရောက် ဖားတစ်ပိုင်း၊ ငါးတစ်ပိုင်း လူကလေးတွေကို ရှုတ်ချခဲ့ကြတာ ဖြစ်သည်။ သူ့ဘ၀ပေး ကုသိုလ်နဲ့သူပါပဲဟု နားလည်ပေးနိုင်လျှင်တောင် အရောတ၀င် ပတ်သက်ရင်းနှီး လို့တော့ မနေတတ်ခဲ့ကြပါ။
                        ခုခေတ်ကလေးတွေကတော့ သူ့ဆိုင်ပေါ်မှာ မဆင်းစတမ်း၊ ကပ်မခွာလုပ်ကာ နေတတ်လိုက်ကြတာ။
“သူက ရောက်လာသမျှ အားလုံးရဲ့ ဆိုးမျိုးသည်းညည်းကို ခံပေးနေတာကိုး ဖေဖေရ။ ထမင်းမစားရသေးဘူးဆိုလည်း သူ့ထမင်းဘူးကို ကိုယ်တိုင်ဖွင့်ပြီး လှန်လှောစားနေကြတာပဲ။ ပိုက်ဆံ မရှိဘူးဆိုလည်း ချေးရတာပဲ။ ပြီး ပြန်လည်း မဆပ်ကြဘူး”
“သားက တစ်နေ့တည်း ရောက်သွားပြီး သိလှချည်လား”
“သူတို့ ခဏ ခဏ ပြောနေကြတာ ကြားနေဖူးတာပဲ”
                        တစ်နေကုန်နေခဲ့သော သားမပြောနှင့်။ ခုမှ ရောက်ပြီး ခဏငယ်မှာပင် အခြေအနေအရပ်ရပ်ကို အတော်အတန် ရိပ်မိနားလည်နေရပြီ။
“ဂျူရေ .. ကီးမားနံ့လေး မွှေးမနေဘူးလား။ ငါတို့ကို ၀ယ်ကျွေးမယ်လို့ နင် ပြောထားတယ်နော်”
“ဟဲ့ ဒီမှာ ငါ ဧည့်သည်နဲ့ စကားပြောနေတယ်လေ။ ဘယ်လိုဖြစ်နေလဲ”
                        တစ်ဖက်က စကားမရပ်ပါ။
“ငါ ဘယ်တုန်းက ပြောဖူး လို့လည်း။ အမြဲတမ်း ငါပဲ ၀ယ်ကျွေးနေရတာပဲ။ နင်တို့ကျွေးတာ ငါ တစ်ခါမှ မစားဖူးဘူး”
“နင်က အလုပ်နဲ့ အကိုင်နဲ့လေဟာ။ ငါတို့က တစ်ရာ့ကိုး၊ တစ်ရာ့တစ်ဆယ် ဘ၀ဆိုးလှတယ်”
“နင်တို့ က အလုပ် လုပ်ချင်စိတ်မှ မရှိကြတာ။ တစ်နေ့ တစ်နေ့ ဘိလိယက်ထိုး၊ ကွန်ပြူတာ ဂိမ်းဆော့ နဲ့ ..။ ကျန်တဲ့ အချိန် ငါ့ဆိုင်မှာ အချိန်လာဖြုန်းမယ်။ ဆိုင်ရှေ့ဖြတ်လျှောက်သမျှ ကောင်မလေးလှလှမြင်ရင် ကြောင်မယ်။ ဒါပဲ နင်တို့ အလုပ်က။ ဟွန်း…ထီးထမ်းလမ်းလျှောက်တွေ…”
                        မိန်းမကြီးတစ်ယောက်နှယ် တစ်ဖျစ်တောက်တောက် ရှုံမဲ့ပြစ်တင်နေတာကို ဘယ်သူကမှ နာရ၊ ရှက်ရ ကောင်းမှန်း မသိကြပေ။
“နင်မှတ်ထားပါနော်။ မနေ့က မောင်မှူးတို့ကိုကျတော့ ၀ယ်ကျွေးတယ် မဟုတ်လား”
“ပြောမနေနဲ့ ဟေ့ယောင်။ ဒီမှာ ငါ့ဆီက ပိုက်ဆံယူပြီး သွားဝယ်လိုက် ရော့”
“ဟဲ့ ငါ့ ပိုက်ဆံအိတ်ကို မလုပ်နဲ့နော်”
                        နောက်ကျသွားခဲ့ပြီ။ ခဏငယ်မျှ လုံးထွေးရစ်ပတ်သွားကြသေးမယ့် သူ၏ ပိုက်ဆံအိတ်ကလေး လက်ထဲပြန်ပါလာသော အခါ ငွေက လျော့နေပြီဟု စူပွပွနှင့် ငိုမဲ့မဲ့ဟန်ပြုသည်။
“မင်းကောင်တွေနဲ့ ဒီလောက် ယောက်ယက်ခပ်နေတော့ တော်တန်ရုံ မျက်နှာစိမ်းဧည့်သည်က မင်းဆိုင်ကို ၀င်လာချင်ပါ့မလား”
“ဘယ် မျက်နှာစိမ်း တစ်ယောက်မှ မလာကြတော့ပါဘူး ဦးရယ်။ သူတို့တွေနဲ့ပဲ။ ဆေးဆိုးလိုက်ကြ၊ ကောက်လိုက်ကြ၊ ဆန့်လိုက်ကြ အမျိုးမျိုး ခိုင်းနေကြတော့တာ”
“ပိုက်ဆံရော ရရဲ့လား”
                        ရှုံ့မဲ့ခေါင်းခါပြန်သည်။
“ပေးတဲ့ အခါပေး။ အကြွေးမှတ်တဲ့ အခါ မှတ်ပေါ့ ဦးရယ်။ ပွဲတွေလမ်းတွေမှာ မိတ်ကပ်၊ဆံပင် ပြင်ဖို့ဆင်ဖို့ကျတော့လည်း သူတို့ အဆက်အသွယ်နဲ့ပဲ ရောက်လာတတ်ကြတာပဲ။ ဘာပဲပြောပြော ကျွန်တော် ခုထိ ရပ်တည်နေနိုင်သေးတယ် ဆိုတော့ သိပ်တော့ မဆိုးဘူး ပြောရမှာပဲ”
                        ကျွန်တော်က အဲဒီ ယောင်ခြောက်ဆယ် ကလေးတွေကြားမှာ သားတစ်ယောက် ၀င်ပါရောနှောကာ လမ်းပျောက်သွားမှာကို စိုးရိမ်ကြီးခဲ့မိတာ ဖြစ်သည်။ နှောင်းလွန်နောက်ကျနေမှာကို ကြိုတွေးပူပန်ခဲ့ရတာဖြစ်သည်။
“ဖေဖေကလည်း ဒီတစ်ရက်ထဲပါ။ ဒါတောင် ဟိုကောင်တွေ ခေါ်လို့ ပါသွားတာ”
                        သား၏ စကားနှင့် သူငယ်လေး၏စကားက ထပ်တူကျနေသည်မို့ သားတို့အမေရော ကျွန်တော်ပါ စိတ်လက် အနည်းငယ်ပေါ့ပါးကာ နှုတ်ဆက်ပြန်ကြရန် တစ်ယောက်နှင့် တစ်ယောက် အကြည့်နှင့် အချက်ပြဆဲ…
“ဟော.. ဇေဇေရယ်။ မပြောမဆိုနဲ့ ဘယ်တွေ လျှောက်သွားနေတာလဲ။ ဒီမှာ စိတ်ပူလို့ သေတော့မယ်”
                        ဧည့်သည်ကို ငုတ်တုတ်ထားရစ်ခဲ့ကာ အပြေးတပိုင်းထွက်ခွာ နွဲ့တာနေပြန်တော့သည်။
                                                     *************
“အဲဒါ သူဖမ်းမိထားတဲ့ သူငယ်လေးပေါ့ ဖေဖေရဲ့”
                        သူ့စကားကို မေမေက နားမလည်နိုင်ပြန်တော့…
“ဘယ်လိုပြောမလဲ မေမေရာ။ အဲ ယောက်ျားလေး အဖော်ပေါ့”
                        သားက သဘောတကျ ရယ်မောနေပြန်သည်။
“အမှန်တော့ ကိုယ့်လိုဘနဲ့ ကိုယ် ပတ်သက်မိကြတာပေါ့ မေမေရာ။ အဲဒီကောင်ကလည်း ကိုယ်တိုင်က လက်ကြောမတင်း။ ဒါပေမယ့် ၀တ်ချင်စားချင်၊ သုံဖြုန်းချင်တော့ ရုပ်ကလေး ဗန်းပြပြီး အဲဒါကြီးဆီမှာ လက်ဝေခံ လုပ်နေတာပေါ့”
                        သူတပါး ကိစ္စ ခဏထားလို့ သားတစ်ယောက် လမ်းမှားဆက်မလျှောက် မိစေဖို့ အဖေနှင့်အမေ ညှပ်ကာ ဆိုဆုံးမစကားဆိုလိုက်ရတာ ဖတ်ဖတ်မောသွားပါတော့သည်။ ။
                                                                                      သတိုး
10 comments:
  1. Hi, very Interesting blog you have here... It would be my pleasure if you visit my website too. Here's the link
    http://ads.com.mm/?cid=4fe2db67e4b0d19a0f5e0b1e&utm_campaign=ads_mm_lb_blog_riche&utm_so
    ReplyDelete
  2. ကိုသတိုး ရေ စာလေးဖတ်သွားတယ် ယောက်ကျားအခြင်းခြင်း မှီခိုစားချင်တဲ့ ယောက်ကျားတွေ ကို စိတ်ညစ်မိတယ်
    ReplyDelete
  3. ဒါမျိုးကြီးတွေကတော့ ဆိုးလွန်းတယ်ဗျာ ... ။ ပိုင်းလုံးလို့ ပြောရမှာတောင် ပိုင်းလုံး ဆိုတဲ့ စကားလုံးဘက်က ရှက်စရာကောင်းနေသေးသလားပဲ ...
    ReplyDelete
  4. ဒါမျိုးကြီးတွေကတော့ ဆိုးလွန်းတယ်ဗျာ ... ။ ပိုင်းလုံးလို့ ပြောရမှာတောင် ပိုင်းလုံး ဆိုတဲ့ စကားလုံးဘက်က ရှက်စရာကောင်းနေသေးသလားပဲ ...
    ReplyDelete
  5. အဲ့လိုလူတွေ ရှီတယ်ဆိုတာ မြင်ဖူးတွေ့ဘူးတယ်အကိုရေ...
    ဘယ်လိုပြော၇မှန်းမသိအောင်ပါပဲ..
    ReplyDelete
  6. လာဖတ်သွားပါတယ် ...
    ကောင်းတဲ့ပို့စ်လေးတစ်ခုပါ ...
    အားပေးနေပါတယ် ...
    ReplyDelete
  7. ရန်ကုန်မှာတုန်းက အဲဒီလို ကောင်လေးမျိုးတွေ တွေ့ဖူးတယ်
    ဆံပင်ညှပ်ဆိုင်တစ်ဆိုင်မှာ ခုလိုဘဲ လူငယ်လေးတွေ တစ်အုန်းအုန်းနဲ့ပေါ့။
    လက်ကြောမတင်းဘဲ အလွယ်လမ်းလိုက်ချင်ကြတဲ့ လူငယ်လေးတွေ..
    လူကြီးတွေ စိတ်ပူမယ်ဆိုလဲ ပူစရာပါဘဲ
    ReplyDelete
  8. မရှိတာထက် မသိတာခက်ဆိုတဲ့ လူစားပေါ့ သတိုးရေ။ ခေတ်ရေစီးကြောင်းမှာ
    ဖြတ်လမ်းနည်းကို အသုံးချသူတွေလည်းပိုများလာတယ်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
    မေတ္တာဖြင့်
    အန်တီတင့်
    ReplyDelete
  9. အကွက်သဘောဆန်ဆန် အသုံးချတာတွေက လူမှုအလွှာထဲမှာ ရှေးတုန်းကတည်းက စရိုက်သေဖြစ်ခဲ့ပေမယ့် ပုံဟန်ပြောင်းတတ်ဖမ်းစားတတ်တာကို ဖော်ပြနိုင်ခဲ့ပါတယ် ...
    ReplyDelete
  10. ဒီလို လူစားမျိုးတွေ တကယ်ရှိနေပါတယ်။
    တစ်ဘက်သားကိုတော့ မပြောချင်တော့ဘူး။
    မှီခိုညာစားနေတဲ့ ယောကျာ်းစစ်စစ်တွေကိုပဲ
    စက်ဆုတ်မိတယ်။
    ReplyDelete
စိတ်ထဲ ခံစားမိသလို မျှဝေပြောပြခဲ့ပါဦး...။