Saturday, September 7, 2013

လှပသော ဒဏ်ရာ


ဆေးခန်းပိတ်ချိန် ဆရာဝန် အိမ်အပြန်ကို အကြိုထောက်သည့်ကားက ဆေးခန်းရှေ့မှာ ရပ်ထားဆဲမို့ အဝေးမှပင် လှမ်းမြင်ရလျှင် စိတ်ပူပန်မှု အနည်းငယ် လျော့ပြေရလေသည်။
“ကံကောင်းတယ် သမီးရေ…။ ဆရာဝန်မ မပြန်သေးဘူးဟ။ ဆေးခန်း မပိတ်သေးဘူး”
သမီးကို အားပေးရင်း ဆိုက္ကားကို အားကုန်ကျုံးနင်းပစ်လိုက်သည်။ ဆေးခန်းမျက်နှာစာရှိ ခေါက်တံခါးတချို့က ပိတ်လက်စ ဖြစ်နေပြီ။ လူနာစောင့် ထိုင်ခုံတန်းလျားမှာပင် စောင့်ဆိုင်းလက်စ လူနာ တစ်ယောက်တလေမျှ မကျန်တော့ပြီ။ ဆရာဝန်မ… ပစ္စည်းပစ္စယတွေ သိမ်းဆည်းပြီးပြီလား။ တအောင့်ခဏတော့ အချိန်ပေးကာ သမီးကို ကြည့်ပေးဖို့ တောင်းပန်ရမည်ပင်။ သမီးကြီး ဖျားနေတာ သုံးရက်ရှိပြီ။ သမီးကြီးက ပင်ကိုယ်နှုတ်နည်းလွန်းလှသည်သာမက အားငယ်ပူပန်တတ်လွန်းသူလည်း ဖြစ်သည်။ မိဘကို သိတတ်ငဲ့ညှာသူလည်း ဖြစ်သေးသည်မို့ တော်တန်ရုံ နာဖျားမကျန်းကိစ္စကို ဘယ်တော့မှ ဖွင့်ဟမပြော။ ခပ်နုံးနုံးနွမ်းလျဟန်နှင့် နီမြန်းမျက်နှာပျက်နေတတ်သည်ကို အမေက ရိပ်မိကာ မေးစမ်းလာလျှင်တောင် မပွင့်တပွင့်သာ ၀န်ခံတတ်သူ ဖြစ်သည်။ မိဘက နဖူးကလေးစမ်းကာ ယုယဟန်ပြလျှင် မျက်ရည်က လည်ချင်ပြန်သည်။ ခါတရံ တိတ်တိတ်ကလေးကြိတ်ကာ ကွယ်ရာမှာ မျက်ရည်ကျတတ်သေးသူဖြစ်သည်။
“နင်ကလည်း လူကသာ တဲကုတ်ထဲနေပြီး စိတ်ကတော့ မင်းသမီး..”
                        ပြောပေမယ့် သမီးကြီးဖျားနာလျှင် အငယ်တွေထက်ပိုလို့ စိတ်ရှုပ်ဗျာများရပါသည်။ စိတ်ဓါတ်ပျော့ပြောင်းရပါမည်လားဟု စိတ်မရှည်၊ ဆူပူချင်သော်လည်း နာလန်ထရက် နောက်ကျနှေးကွေးနေလျှင်တော့ ပူပန်ရသည်။ ကျောင်းစာမှာ စိတ်ဝင်တစား ကြိုးစားပြီး ထူးချွန်ပြန်လှတဲ့ သမီးက ကျောင်းပျက်ရက်များလာလျှင် စာခြောက်ကာ တငိုငို တရယ်ရယ် ပြုတတ်ပြန်သေးသည်။
“ဆရာဝန် မပြန်သေးဘူး မဟုတ်လား”
                        သူတို့ဆိုက္ကားကို ကြိုတင်မြင်တွေ့ကာ စောင့်ကြည့်နေပုံရသော မျက်နှာလေးတစ်ခုက ကားပြတင်းမှထွက်ပြူကာ အကဲခပ်နေတာ သိသာလှစွာ။
“ရှိပါတယ်။ အထဲမှာ…”
                        ယဉ်ကျေးဖွယ်ရာ တုန့်ပြန်စကားကြောင့် ဖျတ်ခနဲ အမှတ်မဲ့ကြည့်မိစဉ် လွင့်ခနဲ မျက်စောင်းတစ်ချက်ပစ်လွှတ်ကာ မျက်နှာတစ်ဖက်လွှဲသွားလေသည်။ ဇဝေဇ၀ါနှင့် အံ့အားသင့်သွားရသော်လည်း တုန့်ပြန်စူးစမ်း မပြုအားသေး။ တဟီးဟီးအဖျားတက်နေဆဲမို့ စောင်ခေါင်မြီးခြုံကာလိုက်ပါလာခဲ့သော သမီးကြီးကို သူ့အမေတစ်ယောက်တည်း တွဲကူဖို့မနိုင်နင်းသည်မို့ သူပဲ ပွေ့ယူချီမလိုက်ရပါသည်။
“ဒေါက်တာ့ကို အားနာလိုက်တာဗျာ။ သမီးရယ် ဖျားနေတာ သုံးရက်ရှိပြီ။ အဲဒါ.. အဖျားမကျလို့…”
                        ပါရာစီတမောလ်ဖြစ်ဖြစ်၊ ဒီကိုဂျင်ဖြစ်ဖြစ် လက်သင့်ရာဆေးတစ်လုံးကို ရေနွေးပူပူနှင့်သောက်စေကာ စောင်ခြုံအိပ်ပျော်စေပြီး ချွေးထုတ်ပေးသည့် သူတို့ရပ်ကွက်၏ ကုထုံးကို ဆရာဝန်မလည်း အကျွမ်းတ၀င်ဖြစ်နေပုံ။ အဖျားမကျသောကြောင့် သုံးရက်မြောက်နေ့မှ ဆေးခန်းရောက်လာရသည့်အတွက် ထူးခြားစွာခံစားပြစ်တင်ခြင်း မပြုပါ။
“ဖြစ်ဖြစ်ချင်း လာပြဖို့ပါပဲ ဒေါက်တာရယ်။ တစ်ရက်.. တစ်ရက်နဲ့..”
                        ပြောလျှက်မှ နှုတ်စကားတွေ တစ်ဆို့ပျောက်ဆုံးကုန်ပြန်သည်။ အဖျားသွေးတိုင်းသည့် ဖန်ပြွန်ချောင်းလေးကို သမီး၏ ချိုင်းကြားသို့ ထိုးညှပ်ပေးရင်း ဆရာဝန်မက နားလည်စွာ ခေါင်းတစ်ချက်ညိတ်ဆတ်ပြလေသည်။ မျက်နှာတစ်ချက်မပျက်၊ စိတ်ငြိုငြင်ဟန် နည်းနည်းမျှ မပြပဲ ကြည်ကြည်လင်လင် ကြိုဆိုကာ သမီးအား အရေးတယူ စမ်းသပ်ပေးနေသော ဆရာဝန်မကို အားနာကျေးဇူးတင်လှစွာ…
“ခုလည်း အလုပ် သိမ်းပြီးပြီးချင်း ကမန်းကန်းပြေးလာခဲ့တာ။ ဒေါက်တာ ဆေးခန်းပိတ်နေပြီလားလို့ တထင့်ထင့်နဲ့…”
သွေးပေါင်ချိန်တိုင်းကိရိယာမှ လေဘောလုံးလေးကို ဆုတ်ညှစ်နေရင်း…
“ဘာ အလုပ် လုပ်လဲ”
“ဆိုက္ကား နင်းပါတယ်”
                        သူ့ ဇနီးက ၀င်ဖြေပေးသည်။ ထိုစဉ် လူနာကြည့်သည့် အခန်းဝမှ ခန်းဆီးစလေး လှုပ်ခါသွားလျှင်…
“ဟန်နီ…အခန်းထဲ ၀င်မလာနဲ့လေ”
                        ကားထဲမှာ တွေ့ခဲ့သော သူငယ်မကလေးက သူ့မာမီစကားကို အပြုံးတစ်ပွင့်ဖြင့် လှစ်ခနဲ ခြေဖျက်ပစ်ကာ လူနာကုတင်နားအထိ ထော့နဲ့နဲ့ကလေး တိုးရွှေ့လာခဲ့တော့သည်။ ချိုရွှင်မြူးထူးသော ချစ်စဖွယ်ဟန်ပန်ကလေးသည် သူ့တစ်ယောက်တည်း အပေါ်တွင်တော့ ၀ဲခနဲ စိမ်းတောက်ကျွတ်ဆတ်သွားတော့ပြန်။
“ကျူရှင်တက်ရင်း ဒဏ်ရာရလာတယ်လေ။ ခါတိုင်း အိမ်ကကားနဲ့ ကြိုပို့နေကျကို ဒီနေ့မှ သူငယ်ချင်းတွေနဲ့ အတူသွားချင်တာတဲ့။ တစ်နေ့တလေ ပေးလွှတ်လိုက်တာ..။ လမ်းပေါ်ရပ်နေတုန်း ဆိုက္ကားက ခြေဖမိုးပေါ် ဖြတ်ကြိတ်သွားလို့တဲ့။ တော်သေးတာပေါ့.. ဆိုက္ကားမို့လို့…”
                        ကလေးမ၏ ဖြေမိုးပေါ်မှ ပတ်တီးဖွေးဖွေးကို မ၀ံ့တ၀ံ့ ခိုကြည့်ရင်း အသိစိတ်မှာ နံနက်ခင်းက အဖြစ်ကို ဒိန်းခနဲ  ပြန်လည် အမှတ်ရမိသွားဆဲ…
“ဆိုက္ကားဆရာတွေကလည်း ဂျိန်းစဘွန်းတွေပဲ ဆရာမရဲ့။ အိမ်ကယောက်ျားလည်း အတူတူပဲ။ အတင်း တရကြမ်းနင်းကြတာ…”
                        မိန်းမက မသိနိုးနားနှင့် ၀င်ပါဖြည့်စွက်ပေးနေပြန်သည်မို့ တင်းခနဲ ဖြစ်ရပြန်သည်။ ဒါပေမယ့် သူပြောတာ အမှန်တွေဆိုတော့ နာသာခံခက်ပေ။ သူ့ အကြောင်းသိနေသော ခရီးသည်တချို့က သူ့ဆိုက္ကားကို ရှောင်ဖယ်ချင်တတ်ကြသည် မဟုတ်လား။ မရှောင်သာ၊ မရှောင်ရက်လို့ ဆိုက္ကားပေါ် ထိုင်မိကြလျှင်တောင်…
“ငါတို့ အလျှင် မလိုဘူးနော်။ ဖြည်းဖြည်းနင်း…”
“ခင်ဗျားတို့ မလိုပေမယ့် ကျုပ် ကျောင်းကြိုပေးဖို့ ရှိသေးတယ်”
                        သူက မခိုမခန့် ရယ်စစမျက်နှာပေးဖြင့် အရှိန်မလျှော့ချင်။
“သမီး အမြန်ဆုံး ပြန်နေကောင်းအောင် ဆေးထိုးပေးလိုက်မယ်နော် သမီး”
                        ဆေးထိုးအပ်ဖြင့် ပုလင်းငယ်မှာ ဆေးရည်များကို စုတ်ယူနေစဉ်…
“ဟိုတစ်ဘက် ဆိုက္ကားဆရာကလည်း ကလေးကို ဘယ်နား နာသလဲ။ ထိမိခိုက်မိသလား.. ဘာညာ မမေးမမြန်းနဲ့ ကလေးကိုတောင် ပြစ်တင်ငေါက်ငန်းသွားသေးတာတဲ့။  သူ့ဒက်ဒီရော.. ကျွန်မရော စိတ်တွေတိုလို့…။ ကျိုးပဲ့ မသွားတာ ကျေးဇူးတင်ရဦးမယ်”
                        ဆေးထိုးအပ်မြင်သည်နှင့် ငိုမဲ့မဲ့ဖြစ်လာသော သမီးကို သူ့အမေက ချော့နေသည်။
“မြန်မြန် နေကောင်းအောင်လို့ပါ။  သမီး မနာအောင် ထိုးပေးပါ့မယ် နော်။ ခဏလေး…”
                        ဆရာမကြီးကပါ ၀င်ချော့နေပေမယ့် ဆေးထိုးကြောက်သောသမီးက ကုတင်ပေါ် လျှောင်းနေလျှက်ကနေ မျက်ရည်တလည်လည်နှင့် သူ့အမေကို လှမ်းဖက်တွယ်ထားသည်။
“ သမီး.. ညည်း ကလေးပေါက်စန မဟုတ်ဘူးနော်”
                        ရှစ်တန်းကျောင်းသူမဖြစ်သော သမီးသည် အဖေ လေသံတင်းလျှင်တော့ ရွံ့ရှိန်ကြောက်လန့်တတ်ပြန်သည်။ သမီးတို့နှင့် သက်ရွယ်တူလောက်ရှိမည့် ဟိုကလေးမတွေလည်း သူ.. သဟောက်သဟန်းပြုခဲ့တော့ ရုတ်တရက်ကြောက်လန့်ကျန်ရစ်ကာ စကားတစ်ခွန်းတစ်စတောင် မတုန့်ပြန်နိုင်ခဲ့ကြဘူး မဟုတ်လား။ အဲဒီကလေးမတွေ အုပ်စုထဲက ကာယကံရှင်ကောင်မလေးက သူ့ရှေ့မှောက်မှာ ရောက်ရှိနေတဲ့ ကလေးမတဲ့လား။ ဆရာဝန်မရဲ့ သမီးလေး…။
                        တကယ်က လွတ်မည်အထင်နှင့် ဆိုက္ကားကို ကပ်အကွေ့မှာ သူမ၏ ခြေဖမိုးဖျားကလေးကို အမှတ်မဲ့ ဖြတ်ကြိတ်မိသွားခဲ့တာဖြစ်သည်။ အိမ်ကသမီးကို ဆေးခန်းပြဖို့တောင် တစ်ရက်က နှစ်ရက် ရက်ရွှေ့လာခဲ့ရတာမို့ စိတ်ညစ်စိတ်ရှုပ်နေရသည့်ကြားမှာ စကားတွေ ရှည်နေ၊ ရှုပ်မနေချင်တော့သည်မို့ ကလေးမကို သေချာတောင် မကြည့်ခဲ့။
“ညည်းတို့ကရော… လမ်းဘေး ကပ်မရပ်ပဲ ဘာလို့ လမ်းမလည် ထွက်ရပ်နေကြတာလဲ”
                        နှုတ်တွေ့သလို ခပ်ငေါက်ငေါက် တစ်ချက်အော်ပစ်ခဲ့လိုက်ကာ နောက်ကြောင်းမျှ လှည့်မကြည့်ခဲ့တော့ပြီ။
“မြို့ပေါ်မှာလည်း ဆိုင်ကယ် ကယ်ရီတွေ ပိုများလာသလိုပဲနော်။ ဆိုက္ကား နင်းရတာ အဆင်ပြေရဲ့လား”
                        ဆရာဝန်မ၏ အမှတ်မဲ့စကားက မိန်းမကို ငိုချင်လျှက် လက်တို့ပေးလေသည်။
“ဒီလိုပါပဲ ဆရာမရေ..။ မရတမော့၊ ရတမော့ ဆိုသလိုပါပဲ။ ဟိုနား၊ ဒီနား ဆိုင်ကယ်လေးနဲ့ သွားရတာ ပိုမြန်မြန်လည်းရောက်၊ ကြော့ကြော့ကလေးလည်း လိုက်ရတာ မဟုတ်လား။ မနိုင်ရင်ကာ ကုန်တွေ၊ ၀န်စည်စလယ်တွေပါမှပဲ ဆိုက္ကားငှားကြတော့တယ်လေ..။ အိမ်က ဆိုက္ကားလည်း ကိုယ်ပိုင်မို့သာပဲ။ အုန်နာခ မပေးရလို့ မငတ်သေးပေမယ့် မပြင်ဆင်နိုင်တာကြာတော့ ဂျုံးဂျုံးကျနေပြီလေ။ သမီးနေမကောင်းတာတောင် ဒီနေ့မှ ဆေးခန်းရောက်လာတာသာကြည့်တော့….”
                        ပြောလျှက်က လက်ထဲ ခပ်ကျစ်ကျစ်ဆုတ်ထားသော ငွေစက္ကူလိပ်ကလေးကို ဖြန့်ဖြည်နေပြန်ရင်း…
“ဆရာမ.. မရိုမသေ၊ ကျွန်မတို့  ဘယ်လောက်…”
“မာမီ…”
                        သူ.. ထိတ်ခနဲ ဖြစ်သွားသည်။ ကလေးမက သူ့မာမီအနားသို့ လှစ်ခနဲ ပြေးကပ်လိုက်လေကာ သူတို့ မိသားစုထံ အကြည့်တစ်ချက်ဝေ့လိုက်လျှက်…
"မာမီ… ဆေးဖိုး မယူပါနဲ့နော်။ သူက ဟန်နီတို့ ကျောင်းကပဲ။ တန်းခွဲချင်း မတူပေမယ့် စာအရမ်းတော်တော့ ဟန်နီက သူ့ကို အားကျပြီး သိနေတာပေါ့။ သူကတော့ ဟန်နီ့ကို သိမှာ မဟုတ်ပါဘူး။ ဟုတ်တယ် မဟုတ်လား”
                        ကုတင်ပေါ်မှာ သူမိခင်၏ ရင်ခွင်ထဲ မှေးမှီထားဆဲ သမီးအား ရွှန်းလဲ့စွာ စိုက်ကြည့်လျှက် လှမ်းပြုံးပြလေလျှင် သမီးကလည်း ခပ်နွမ်းနွမ်း တုန့်ပြန်ပြုံးပြဖော်ရလေသည်။
“သိပါတယ်။ နင်လည်း စာတော်တာပဲကို..”
                        သမီး၏ စကားသံခပ်တိုးတိုးလေးကြောင့် သူမ၏ မျက်နှာကလေးလည်း ကျေနပ်ဟန်ဖြင့် ပြုံးလဲ့ချိုရွှင်နေလေသည်။ လက်လှမ်းတော့မလို ဆရာဝန်မက သူ့မိန်းမလက်ထဲမှ ငွေစက္ကူတွေကို ခပ်ပြုံးပြုံးပြန်တွန်းလိုက်ကာ…
“ဟန်နီက အဲဒီလိုပဲ..”
                        ဂုဏ်ယူကျေနပ်နေဟန် အထင်းသား။ မိန်းမ၏ ကျေးဇူးတင်စကားတဖွဖွကို မကြားတစ်ချက်ကြားတစ်ချက်မှ မျက်ဝန်းတွင်စိမ့်အိုင်လာသော မျက်ရည်တို့ကို မျက်တောင်တဖျတ်ဖျတ် ခပ်ထုတ်ရင်း မနိုင်မနင်းရှိနေဆဲ…။
“ဦးလေး…က သူ့အဖေကိုး။ ဟန်နီက ပါစင်ဂျာ လိုက်ပို့ပေးတယ် ထင်နေတာ..”
ပွင့်လင်းစွာ ဆိုနေပြန်ရင်း…
“ဟန်နီ့သူငယ်ချင်း ကျောင်းပျက်ရက်တွေ များလှပြီ။ မြန်မြန်နေကောင်းအောင် ဂရုစိုက်လိုက်ပါဦးနော်။ နောက်နေ့လည်း မာမီ့ဆီ ထပ်လာပြပါဦး”
                        အိမ်အပြန်ခရီးမှာတော့ မသိနိုးနားမိန်းမက မျက်စောင်းတချီချီ၊ တဖျစ်တောက်တောက်…။
“ရှင့် သမီး နားချင်နေပြီရှင့်။ ဆိုက္ကားကို ဘယ်လိုနင်းနေတာလဲ…။ တုန့်နှေးနှေးနဲ့…တကတည်း”

                                                                                      သတိုး

12 comments:

  1. သတိုး ဆိုတဲ့ ကလောင်တစ်ချောင်းကတော့ ခိုင်မာသထက် မာလာတယ်လို့ ခံစားနေရတယ်အကို ...တစ်ပုဒ်ဆို တစ်ပုဒ်ဆိုရလောက်အောင်ပါပဲ....

    ReplyDelete
  2. မထင်မှတ်တဲ့ ရိုက်ချက်လေးဝင်လာတယ် အကို...။
    စဖတ်နေရင်း အခန်းတွေမှာ ထုံးစံအတိုင်း လက်လုပ်လက်စားဘ၀သမားတွေရဲ့နင်းပြားခံရမှု၊ စိတ်အခြေအနေကို သာ ရေးခဲ့မယ် မှတ်ခဲ့တာ..။
    တဖြည်းဖြည်းနဲ့မှ စိတ်ရင်းလေးတစ်ခုကို လှစ်ခနဲမြင်လိုက်ရတဲ့ အခါ ဆိုက္ကားဆရာကြီးသာမက ကိုယ်ပါ မောကျသွားခဲ့ရတယ်..။

    ညီၤမသူသူ

    ReplyDelete
  3. တော်လိုက်တာဗျာ ... ကလေး နဲ့ မလိုက်ဘူး ... ဖြူလိုက်တဲ့ စိတ်သဘောထား ၊ ရင့်ကျက်လိုက်တဲ့ ပြောပုံဆိုပေါက် နဲ့ ဗျာ ... ။ စိတ် အကောင်းစားတွေ ရှားပါးလာတဲ့ ခေတ် မှာ ... အဲလို ကလေးတွေ ရှိတယ် လို့ ဖတ်ရတာ သိပ်ကျေးဇူးတင်မိပါတယ် ... ကိုသတိုးရေ ...

    ReplyDelete
  4. ဟား ရင်ထဲကို ခံစားသွားရတယ်၊၊ ဖွဲ့နွဲ့သွားတာ တကယ်ကောင်းတယ်ဗျာ :)
    မိုးနေသွေး

    ReplyDelete
  5. ဟန်ကြည်September 8, 2013 at 1:29 PM

    လှည့်ကွက်ကလေး အတော်လှတယ်...မထင်တဲ့ အပေါက်က တိုးထွက်သွားတာ တကယ့် အိုဟင်နရီပဲ ကိုသတိုး...တစ်ပုဒ်ပြီးတစ်ပုဒ် အတတ်ပညာပိုင်း ပိုပြောင်မြောက်လာတာမြင်ရတော့ ၀တ္ထုတိုတွေရဲ့ အနာဂတ်အတွက် ပီတိဖြစ်မိတယ်ဗျာ...

    ReplyDelete
  6. ကောင်းတယ်။ ဇာတ်မနာပေမဲ့..ဇာတ်တော့ အောင့်သွားရတာပေါ့။း)

    ReplyDelete
  7. သူ့ဘ၀နဲ့ သူပေဘဲ သတိုးရေ။
    ပညာတတ် စိတ်နုံ
    ပညာမဲ့ စိတ်နုံ
    ပညာတတ် စိတ်မြတ်
    ပညာမဲ့ စိတ်မြတ် ဆိုသလိုပေါ့။

    ဒေါက်တာ့သမီး ကလေးမလေးရဲ့ နားလည်မှု ရှိတတ်ပုံကို အားကျသွားတယ်။

    ReplyDelete
  8. မျက်ရည်တောင် လည်မိတယ် ကိုသတိုးရေ
    စာရေးကောင်းတာလည်း အားကျမိပါတယ်။

    ReplyDelete
  9. အနာဂတ်တခါးကိုခေါက်လိုက်တဲ့ ဝေဒနာအသံကိုကြားလိုက်မိပါတယ် ။ စာနာ နားလည်ခြင်း ... တဲ့ ...

    ReplyDelete
  10. Hello! This is kinmd of off topic but I need some advice from an established blog.
    Is it very hard to set up your own blog? I'm not very techincal but I can figure things out
    pretty fast. I'm thinking about making my ownn but I'm not sure where to begin.
    Do you have any tips or suggestions? Appreciate it

    Visit my web page; auto blogs

    ReplyDelete
  11. ချမ်း သာ ကြွယ် ဝ တဲ့ ၊ ပြည့် စုံ တဲ့ နိုင် ငံ က လူ မျိုး တွေ က ပို ပြီး စိတ် ကောင်း မွေး မြူ နိုင် ကြ တယ် ၊ သ ဘော ထား ပို ကြီး တယ် ၊ စာ နာ စိတ် ပို များ တယ် ' ဆို တဲ့ စစ် တမ်း လေး တစ် ခု ဖတ် လိုက် မိ ဘူး တာ ပြန် သ တိ ယ သွား တယ် ။

    ReplyDelete
  12. ဘ၀အမောတွေကြား ဘ၀ရဲ့ ဘ၀တွေကို မြင်တွေ့ခဲ့ပါတယ်..

    ReplyDelete

စိတ်ထဲ ခံစားမိသလို မျှဝေပြောပြခဲ့ပါဦး...။