Tuesday, March 27, 2012

ဆူးကြိမ်လုံး



လူကို ခြေဆုံးခေါင်းဖျား၊ ထက်အောက်စုံဆန် သိသာစွာ အကဲခပ်နေပုံက အနည်းငယ် ရိုင်းပြလွန်းသည်ဟု ကျွန်မ ခံစားခဲ့ရသည်။ ဒါပေမယ့် သူ့မအား တုန့်ပြန် မကြည့်ရဲခဲ့ပါ။ သူမက ကျွန်မထက် အပုံကြီး စီနီယာကျသော ၀ါရင့်ဆရာ တစ်ယောက်ဖြစ်သည်။ ကျွန်မက လုပ်သက် လက်ငါးချောင်းတောင် မပြည့်သေးသော ဆရာမ ပေါက်စလေးမျှသာ။ သင်ကြားမှု အတွေ့အကြုံ၊ ကျောင်းသားစရိုက်မျိုးစုံတို့အား အလျှော့အတင်းမှန်မှန် ထိန်းညှိကာ ဆုံးမသွန်သင်၊ ဆွဲဆောင်ပဲ့ပြင်ရာမှာ ကျွန်မထက် ရှေ့ကျသော ၀ါရင့် ဆရာ၊ ဆရာမများအားလုံး အား စံထားကာ သင်ယူရပါဦးမည်။ 

************
အမှန်အတိုင်း ၀န်ခံရလျှင် သူမထံမှလည်း ကျွန်မ လိုချင်လိုအပ်သောအရာ များစွာကို စုတ်ယူရရှိနိုင်မည်ဟု မျှော်လင့်ထားခဲ့မိတာ ဖြစ်ပါသည်။

**************
ကျွန်မ၏ ပထမဆုံးပိုစတင်က မြို့နှင့်ဝေးလှမ်းသော ကျေးရွာအုပ်စု ရွာကြီးတစ်ရွာ ဖြစ်သည်။ အထက်တန်းကျောင်း ဖွင့်ခွင့်ရခဲ့တာပင် ကျွန်မ အလုပ်မ၀င်မီ တစ်နှစ်နီးပါးခန့်က ဖြစ်သည်မို့ အသားမကျသေးသောကျောင်းမှာ အသစ်စက်စက် ဆရာမပေါက်စ ကျွန်မအတွက် အစစ၊ အရာရာ ခက်ခဲကြမ်းတမ်းခဲ့ပါသည်။ သွားရေးလာရေး၊ နေရေးစားရေးက အစ အဆင်မပြေဟု ကျွန်မ ခံစားခဲ့ရသော်လည်း ခုနေပြန်တွေးတော့ လွမ်းလွမ်းတတ ဖြစ်ရပြန်သည်ပင်။ အထူးသဖြင့် ရိုးသား၍ အရိုင်းဆန်သော တောသူတောင်သား၊ ကျွန်မ၏ တပည့်များပဲပေါ့။ မြို့ကျောင်းကို ပြောင်းရွှေ့မိန့်ရစဉ်က ကျွန်မ ထခုန်မတတ် ၀မ်းသာပျော်ရွှင်ခဲ့ရသော်လည်း သူတို့လေးတွေ၏ ငိုမဲ့မဲ့ မျက်နှာလေးတွေကို အမြင်မှာတော့ ကျွန်မလည်း သူတို့နှင့်အတူ ငိုခဲ့ရသေးသည်ပင်။ သူတို့နှင့်ဝေးရာ မြို့သို့ ကျွန်မအား တင်ဆောင်ခေါ်သွားတော့မည့် သဘောင်္ကလေး မြစ်လည်ရောက်သည်အထိ မြင်ကွင်းတဆုံး ကမ်းလုံးညွှတ်မျှ လိုက်ပို့ကာ နှုတ်ဆက်ကြပြန်လျှင် ကျွန်မ ၀မ်းပန်းတနည်း၊ မျက်ရည်လည်ရွှဲ ကြားက ရှက်ရွံ့ရကောင်းမှန်း သတိရသေးသည်။ ဘ၀ရဲ့ အစိတ်အပိုင်းများစွာထဲက နှစ်နှစ်ကျော်ကာလ ကလေးပဲ သူတို့နှင့်အတူ နေနိုင်စွမ်းသတ္တိ ရှိခဲ့တဲ့ ကျွန်မဟာ သူတို့အပေါ် တာဝန်ကျေခဲ့ရဲ့လား။ ကျွန်မတို့၏ တွေ့ဆုံကြုံကွဲ ဖြစ်ပျက်ပြောင်းလဲမှုက အနည်းငယ်တော့ မြန်ဆန်လှချည့်ဟု တွေးကာ နောင်တနှင့် လိပ်ပြာမလုံချင်။
အချိန်အားကလေးရတိုင်း လိပ်ပြာဆေးသည့်သဘောလည်း သက်ရောက်၊ ကျွန်မ၏ ကျောင်းသား များကိုလည်း အမှန်တကယ် သတိရကာ စိတ်မှန်းဖြင့် လွမ်းနေမိသေးသည်မို့ သူတို့လေးတွေ၏ ပုံသဏ္ဍန်၊ အကျင့်စရိုက်ကလေးတွေကို တစ်ကြောင်းဆွဲပုံဖော်ကာ ပြောပြဖြစ်သေးရာ…
“ဒီလို ပါပဲအေ။ ပထမဆုံး အတွေ့အကြုံဆိုတော့ လွမ်းမဆုံးဘူးပေါ့။ ကျုပ်တို့တော့ ရိုးဟိုးဟိုးနေလို့ သင်းတို့တတွေနဲ့များ ဝေးလေ၊ ကောင်းလေ…”
ကျွန်မ၏ စိတ်လိပ်ပြာကလေး လန့်ကာပြေးလေလျှင် ကျွန်မလည်း အလန့်တကြား နှုတ်ပိတ်နေလိုက်ရတော့သည်။

***************
ကျောင်းသို့ ရောက်စ နှစ်မှာ ကျွန်မ အတန်းပိုင် မရခဲ့ပါ။ ထို့ကြောင့် စာရင်းဇယားများ ပြုစုထိန်းသိမ်းရေးတာဝန် အနည်းငယ်မျှ သက်သာနေခဲ့သည်။ သို့ပေမယ့် ကျွန်မ အအားမနေခဲ့ပါ။ သင်ကြားရေးမှာ ပိုလို့ အာရုံစိုက်ဖြစ်ခဲ့ပါသည်။ ဝေယျဝစ္စ များပြားရှုပ်ထွေးလှသဖြင့် အတန်းမှန်မှန်မ၀င်နိုင်သော အတန်းပိုင်ဆရာများ၏ ကိုယ်စား ကျွန်မ တတ်နိုင်သမျှ စာသင်ချိန်ကို အစားယူကာ စာသင်ဖို့သာ ဆန္ဒပြင်းပြနေခဲ့သည်။ သူမကတော့ ကျွန်မအား နောက်ကွယ်မှာသာမက ရှေ့တင်လည်းပဲ…
“တံမျက်စည်း အသစ်ကလေးကိုး”
ပြောင်ပြောင်တင်းတင်းပဲ ချီမွမ်းခြေကျောက်ခဲ့လေသည်။ ကျွန်မ၏ ကျောင်းသားတွေက နားစွန်နားဖြား ကြားကာ စပ်စုကြပြန်ရာ….
“အလုပ်ဝင်စမို့သာ စာတွေ ကြုံးသင်နေတာ။ နောက်နှစ်တွေဆို သွေးအေးပြီး စာသင်တာလည်း လျော့လာမှာလို့ ပြောတာ”
ကျွန်မ၏ ကျောင်းသူတွေက သူမ၏ နောက်ကျောအား မျက်စောင်းယောင်ယောင်ဝဲလျှက် နှုတ်ခမ်းမဲ့ကြတာ မြင်လျှင်တော့ ကျွန်မ၏ အပြောအဆိုကို ကျောင်းသားတွေ ရှေ့မှာ ဆင်ခြင်ထိန်းသိမ်းသွားတော့ဖို့ ကိုယ့်ကိုယ်ကိုယ် တင်းတင်းကြပ်ကြပ် သတိပေးလိုက်မိတော့သည်။
“အပျိုဆရာမ ဆိုရင်တော့ သင်းတို့က သိပ်ခင်တွယ်တယ်”
ထောင်းခနဲ ဒေါသနှင့် စိတ်ထဲဆာလောင်လာပေမယ့် အသက်ပြင်းပြင်းရှူကာ ပူလောင်မှုတွေကို ဖျောက်ဖျက်လျှော့လျှ ပစ်ရတာ ပင်ပန်းတကြီးရှိလှလေသည်။
တကယ်ဆို ကျွန်မ၏ ကလေးတွေက သူတို့နှင့် အသက်အရွယ်ချင်း နီးစပ်သော၊ စိတ်ဝင်စားရာခြင်းလည်း သိသာစွာ မခြားနားလှသေးသော ဆရာ၊ ဆရာမတွေအား ပြောရဲဆိုရဲ ရှိကာ ရင်းနှီးကျွမ်းဝင်လွယ်ကြတာ ဖြစ်ပါသည်။ ဆရာ့ဂုဏ်သိက္ခာကို အရောင်မမဲ့စေပဲလျှက် ကျောင်းသားနှင့် အကျွမ်းတ၀င် ရှိခြင်းဟာ သင်ကြားရေးကို များစွာအထောက်အကူပြုသည်ဟု ကျွန်မ ထင်ပါသည်။ ထို့ပြင် ကျောင်းသား၏ လေးစားရင်းနှီးမှုကိုလည်း သင်ကြားခြင်းဖြင့်သာ တည်ဆောက်ရယူရပြန်သည်မို့ ကျွန်မ စာသင်ဖို့ရန် လောဘ ကြီးနေတတ်ပြန်မြဲ။
“နင်တို့သိပ်စိတ်ပျက်ဖို့ ကောင်းတာပဲ။ အပြင်ကျူရှင်တွေအားကိုးနဲ့ တစ်ယောက်မှကို အချိုးမပြေတော့ဘူး။ နင်တို့ သိပ်သိ၊ သိပ်တတ်နေကြပြီလား။ ဟုတ်လား။ နင်တို့ အတန်းကို စာမသင်ချင်တော့ဘူး”
…ပြောပြီး စာသင်ခန်းထဲက ဆောင့်ဆောင့်အောင့်အောင့် ထွက်လာသော သူမ၏နောက်မှာ ကလေးများက ပွစိပွစိ ပွက်လောရိုက်ကျန်ရစ်ခဲ့တာ သူမ မသိနိုင်ပါ။
“အဲဒီကောင် ပိုပြီး ရိုင်းစိုင်းလာတယ်”
ကလေးများဘက်မှ အယူခံဝင်ချင်မိသော်လည်း သတိကြီးကြီးထားကာ နှုတ်ပိတ် နေရပါသည်။ သူမတို့တတွေက ကလေးတွေကို ဖြတ်မလျှောက်ရဲလောက်အောင် အပြစ်ရှာတွေ့ တတ်ကြသူတွေဖြစ်သည်။ ဆံပင် ဘယ်လို လုပ်လာတာလဲ။ ပုဆိုးပြင်ဝတ်စမ်းကအစ အော်ဟစ် ငေါက်ငန်းကာ ပြောရမှ စေးစေးပိုင်ပိုင်ရှိသလို ထင်ကြတာ ဖြစ်သည်။ ဘာမှ ပြောစရာ မရှိလျှင် ခေါင်းငုံ့၊ လက်ပိုက်ကာ ပြုံးပြုံးကလေးနှင့် ဖျတ်ခနဲ ခိုးငေးအလာကို စောင့်ဖမ်းကာ ရှုတည်တည် တုန့်ပြန်တတ်ကြတာ ဖြစ်သည်။
ကျွန်မကတော့…
“ဆေးမင်ရည် စုတ်ထိုးဆိုတာ ဖျက်ဖို့ ပြင်ဖို့ မလွယ်ပါဘူးကွာ”
“ခု ဖျက်လို့ လွယ်နေပြီ ဆရာမရဲ့”
“လွယ်ပေမယ့် ငွေကုန်ကြေးကျ များတယ်ကွ။ ပြီးတော့ လူမှာ ကိုယ်ရောင်ကိုယ်ဝါရှိတယ်။ ဥပဓိလို့ ခေါ်မလားမသိဘူး။ တချို့တွေ ရုပ်မလှ၊ မချမ်းသာပေမယ့် သူတို့နဲ့ ဆက်ဆံတဲ့အခါ အရှိန်အ၀ါတစ်မျိုး ရှိနေတတ်သလို ခံစားရတာမျိုးလေ။ ဆရာမကတော့ ဆေးမင်ထိုးရင် နှစ်လိုလေးစားစရာ အရှိန်အ၀ါကောင်းတွေ လျော့သွားတယ်လို့ ထင်တယ်။ အသရေ လျော့တယ်ပေါ့”
“ဗီဒီယိုထဲမှာ ရာကူဇာတွေ ထိုးထားတာ နဂါးရုပ်ကြီးတွေ အရမ်းလှတာ။ ခုဆို အဆိုတော်တွေ၊ ရုပ်ရှင်မင်းသား၊မင်းသမီးတွေရော…။ အားကစားသမားတွေရော… တက်တူးထိုးကြတာ”
“ဟဲ့.. သူတို့က အသက်မွေး ၀မ်းကျောင်းအရ သူများထက်ထူးအောင်၊ ပေါ်ပြူလာဖြစ်အောင် လုပ်ကြတာပါ။ ကိုယ်က ကျောင်းသား။ ဘာဆိုင်တာ မှတ်လို့။ အားကျပြီး အတုခိုး မနေကြနဲ့ ။ မနေနိုင်လို့ လုပ်ချင်လှပါတယ်ဆိုရင်လည်း စတေကာကပ်ကြည့်…”
“တကယ်လား ဆရာမ”
စကားကျွံခဲ့ပြီကို သတိရပေမယ့် နုတ်ပယ်ပြင်ဆင်ရန် ခက်ခဲခဲ့ပြီမို့ နောင်တရချင်ပြီ။
“ဟေ့.. ကျောင်းကို လုပ်လာလို့ မရဘူးလေ။ ကျောင်းပိတ်ရက်တွေ မင်းတို့ဘာသာ အိမ်မှာ ကပ်ကြည့်ပေါ့။ ဒါပေမယ့် ဆရာမ ပြောရဲပါတယ်။ အဲဒါတွေကိုယ်ပေါ်မှာ ရှိနေကာကို မင်းတို့ ရေရှည် မကြိုက်နိုင်ပါဘူး”
တကယ်လည်း သူတို့တတွေ အကြာကြီး မနှစ်သက်ခဲ့ကြပါ။ ဘယ်အရာကိုမှလည်း တစွဲတလန်း သိပ်ရှိလှကြတာ မဟုတ်ပေ။ သူများလုပ်လျှင် လိုက်လုပ်ချင်ကာ ခဏကြာတော့လည်း မေ့ပျောက်လွယ်ကြသည်သာ။ သို့သော် မလုပ်နဲ့ဟု ဇွတ်တားလျှင် ရှေ့တိုးခိုးလုပ်ချင်ကြတာ ဆိုးလှသည်။
“ရုပ်က ဘာရုပ်ထွက်နေမှန်းမသိဘူး။ သူခိုး၊ ဂျပိုးရုပ်”
သူမက ထိုသို့ဆိုဖန်များလေလျှင်တော့ ကလေးတွေက အရွဲ့တိုက်ကာ ဆန့်ကျင်လိုဟန် ပြကြပြန်တော့ သည်ပင်။ ရှေ့တွင်တော့ ကုတ်ချောင်းချောင်းကလေးတွေ လုပ်ပြခဲ့ပေမယ့် ကွယ်သည်နှင့် ကော့ပက် ကော့ပက် တမင်လျှောက်ကာ လက်မနှင့် လက်သန်းထောင်လျှက် ဖုန်းဆက်ဟန် လုပ်ပြနေကြပြန်သည်မို့ ကျွန်မ မှာ ခိုးရယ်ခဲ့ရတာ အကြိမ်ကြိမ်..။

**************
ကျောင်းမှာ လက်ကိုင်ဖုန်း စ,ကိုင်နိုင်ခဲ့သူမှာ ကတော်ဆရာမ တစ်ယောက်ဟု ကြားသိမှတ်သား ခဲ့ဖူးပါသည်။ ထိုအချိန်ကတော့ လက်ကိုင်ဖုန်းဆိုတာ လူလတ်တန်းစား အများစုနှင့်ပင် အလှမ်းဝေးနေသေးသော အမြင့်စားဈေးနှုန်းမို့ ကျန် ဆရာ၊ ဆရာမတွေမှာ အားကျငေးမောလျှက်က ကြည့်မရနိုင်ခဲ့ကြပြန်။ ငါးသိန်းတန် လက်ကိုင်ဖုန်း တစ်ခေတ်မှာတော့ ဆရာ၊ ဆရာမ အတော်များများ လက်ကိုင်ဖုန်းတွေနှင့် ဖြစ်ကုန်ကြပြီ။ ထိုအခါ ဖုန်းအခွံပြိုင်ရသည့် အလုပ်တစ်လုပ်တိုးလာခဲ့သည်။ ဖုန်းမပိတ်ပဲ စာသင်ခန်းနှင့် အစည်းအဝေးခန်းမထဲ ၀င်သည့်ကိစ္စကို ကျောင်းအုပ်ကြီးက သတိပေးတားမြစ်ထားသောကြောင့် နေ့လည် ကျောင်းဆင်းချိန်တွေမှာသာ မိမိအိမ်ဆီ အပြိုင်ဖုန်းဆက်ကာ မှာတမ်းချွေကြရသည်။ တချို့ဆရာမတွေကတော့ ခင်ပွန်းသည်၏ အလုပ်ခွင်ဆီ ထမင်းစားကောင်းရဲ့လား၊ ညနေ အလုပ်ကနေ အိမ်တန်းပြန်နော်။ နောက်မကျစေနဲ့ စသည်ဖြင့် အီစီကရီ ကြရပြန်သည်။ သူမကိုတော့ တစ်နေ့တာ ကြိမ်နှုန်းအများဆုံး ဖုန်းပြောသူ ဆရာမ အဖြစ် ကျောင်းသားများက အသိမှတ်ပြုထားကြပါသည်။
ကျောင်းမှာတော့ ခပ်အေးအေးနေသော ဆရာ၊ ဆရာမ တချို့က လွဲလျှင် အားလုံးက အစစ ပြိုင်ဆိုင်နေကြတာပဲ ဖြစ်သည်။ လက်ကိုင်ဖုန်း၊ လက်ကိုင်အိတ်၊ လက်ဝတ်ရတနာသာ မက အဖြူအစိမ်း ဆင်တူဝတ်စုံကိုပင် ပိတ်စ တန်ဘိုးချင်းပြိုင်ကြသည်။ ကျောင်းသို့အလာ ဆိုင်ကယ်၊ ကားလည်း ပြိုင်သည်။ ဖိနပ်၊ ရေမွှေးလည်း ပြိုင်သည်။ ဆံထုံးနှင့် ပန်းလည်း ပြိုင်သည်။ အဆိုးဆုံးမှာ ကျောင်းသားများထံမှ ကန်တော့လက်ဆောင်ချင်း ပြိုင်ကြတာပဲ ဖြစ်သည်။
“ညည်းတို့နော်။ မသိတတ်ကြတာလား။ မသိချင်ယောင် ဆောင်နေကြတာလား။ သီတင်းကျွတ်တုန်းကလည်း ရောက်မလာကြဘူး။ ခု ကျောင်းပိတ်တော့မယ် ဟွန်း”
ကျွန်မမှာတော့ ရှေ့သို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာသော ကန်တော့လက်ဆောင် တွေကိုပင် အချိန်မရွေး ထပေါက်ကွဲတော့မည့်ဗုံးတစ်လုံးလို လက်ခံရန် တွန့်ဆုတ်တွေဝေနေရတာ သစ္စာ ဆိုဝံ့ပါသည်။ သည်ဆရာကို ကန်တော့လျှင် ဟိုဆရာက ဘာပြောမလဲဟု ကြောက်ရွံလို့သာ ရောက်လာရသော ကျောင်းသား ဘယ်နှစ်ယောက်ရှိနေမလဲဟု သံသယနှင့် အကဲခပ်မပျက်။ လက်အုပ်ချီကန်တော့နေကြစဉ်မှာ အသက်အောင့်ကာ ဘုရားကို အာရုံပြုနေမိသည့်ကြားမှ ငါ ကန်တော့ခံထိုက်တဲ့ ဆရာတစ်ယောက် ဟုတ်ရဲ့လားဟု ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်ရတာလည်း အမောပေ။
“သမီးတို့ကိုလေ။ မုန့် ၀ယ်လာမပေးလို့တဲ့…ဟီး…ဟီး”
တစ်လုပ်တစ်ဆုတ်စာ မုန့်အတွက်လည်း ပြောစရာဖြစ်အောင် လုပ်နေတတ်ပြန်တာ မခက်လား။ ကျောင်းအပ်လျှင်လည်း မုန့် ၀ယ်လာစေချင်ကြသည်။ ခုံနံပါတ် ထုတ်လျှင်လည်း အချိုရည်ကလေးနှင့် တွဲလျှက်ပါစေချင်ကြသည်။ ဆိုးစာပါသော တချို့ ကျောင်းသားတွေကတော့…
“ဆယ်တန်းအောင်မှ တစ်ကျောင်းလုံးကို အ၀ကျွေးမယ်လေ ဆရာမရဲ့ ဟဲ..ဟဲ”
“နင်တို့က ဒီတစ်သက် အောင်ဦးမှာမို့လား”
မည်းခနဲ မျက်နှာပျက်ကျသွားသော ထိုကျောင်းသားတို့ နှလုံးသားမှာ အမာရွတ်နက်နက် တစ်ခု စွဲထင်မသွားခဲ့ပါဘူးဟု ဘယ်သူ ငြင်းမလဲ။
**************
“ဘယ်သူ တရားပျက်ပျက် ကိုယ်မပျက်ဖို့ပဲ လိုတယ်”
ကျွန်မရဲ့ ဆရာမကတော့ အခါများစွာကအတိုင်း အေးချမ်းချစ်မက်ဖွယ် မူပိုင်အပြုံးကလေးမပျက် သိမ်မွေ့စွာ စကားဆိုလျှက်ပေ။
“သမီး စိတ်ညစ်တယ် ဆရာမ”
ဆရာမက ဦးခေါင်းကို ရွေ့ရွေ့ညင်သာ ခါရမ်းလိုက်လေကာ….
“သမီးကို ဆရာမ ပြောထားဖူးတယ်လေ။ ဘယ်တော့မှ…၊ ဘာအကြောင်းကြောင့်မှ…”
“ဟုတ်.. သမီး စိတ်တော့ မပျက်သေးပါဘူး”
ဆရာမက သူ့တပည့်မအား ကျေနပ်စိတ်ချသွားပုံနှင့်….
“အဲဒါတွေက အခိုက်အတန့်ပါ။ ရေရှည် မတည်နိုင်ပါဘူး။ ခေတ်စနစ် တစ်ခုပြောင်းရင်း သူ့အလိုလို ပြောင်းလဲလာလိမ့်မယ်။ မပြောင်းမလဲလုပ်နေရင် သူတို့တွေ ရပ်ကျန်ခဲ့ရလိမ့်မယ်။ သေချာတယ်”
…..ပြီးတော့ သမီးရဲ့ တပည့်တွေ…. ။ ခု ဆယ့်လေးငါးနှစ် အသက်အရွယ်မှာတောင် သူ့အသက်အရွယ်နဲ့တန်အောင် အကောင်းအဆိုး ခွဲခြားတတ်နေကြတာပဲ မဟုတ်လား။ သူတို့လေးတွေက ဒီအသက်အရွယ်၊ ဒီအသိတရားနဲ့ တသမတ်တည်း ရပ်တန့်နေကြမှာ မဟုတ်ဘူးလေ ။ ကိုယ် ပြင်ဆင်ထားရမှာက သူတို့ကို လူကြီးဘ၀နဲ့ ပြန်တွေ့ရမယ့် နောင်တစ်ချိန်မှာ ကိုယ့်ဘက်က လိပ်ပြာသန့်သန့်၊ ရဲရဲတင်းတင်း နှုတ်ဆက်ပြုံးပြနိုင်ဖို့ပဲ”
ကျွန်မ တွေဝေခြင်းကင်းစွာ ကတိပေးနိုင်ပါသည်။ ကျွန်မ၏ ရှေ့မှာ ကျွန်မ အတုယူ၊ အားကျခဲ့ရ၊ အားကျနေရဆဲ ဆရာမ တစ်ယောက်လုံး ရှိနေသေးတာ မဟုတ်လား။ ကျွန်မ ဆယ်တန်းကျောင်းသူ ဘ၀ ဘက်စုံထူးချွန်စားမေးပွဲဖြေရန် ရွေးချယ်ခံရစဉ်က သူ့အိမ်မှာပဲ နေ့နေ့ညည ခေါ်ထားကာ ထမင်းကျွေး၊ မုန့်ဖိုးပေးရင်း စာသင်ပေးခဲ့သော ဆရာမ။ တော်တဲ့သူတွေမှ ဆရာ၊ ဆရာမ ပိုဖြစ်ထိုက်တာ။ ဘီအီးဒီ ၀င်အောင်ကြိုးစားနော် လို့ တဖွဖွ အားပေးခဲ့ဖူးသေးတာ…။ ကျောင်းတက်နေစဉ်တစ်လျှောက်သာမက အလုပ်ခွင်ဝင်နေစဉ်မှာတောင် အဆင်ပြေရဲ့လား၊ ဘာတွေ လိုအပ်သေးလဲဟု လူကြုံတိုင်း မေးမြန်း ဖြည့်ဆည်းမှု မပျက်ကွက်ခဲ့စဖူး။ ဒီလိုနေ၊ ဒီလိုစား၊ ဒီလူနဲ့တွေ့ရင် ဒီစကားမျိုးဆိုဟု သွန်သင်လမ်းပြခဲ့ရုံမက ဖတ်ဖို့စာအုပ်က အစ ရှာဖွေကာ ပို့ပေးနေတုန်း။
“အားလပ်မှ လာပါအေ။ ညည်းမရောက်လာအားလည်းပဲ ကျုပ်က နားလည်ပါတယ်။ ညည်းရဲ့ သတင်းကောင်းကိုလည်း အမြဲ နားစွင့်ထားတာပဲ”
ကျွန်မရဲ့ လက်အုပ်ချီမှုကို ဆရာမက တွေဝေခြင်းကင်းစွာ ပီတိဖြင့်ခံယူနေတော့တာ ကျွန်မဖြင့် အားကျမဆုံးနိုင်ခဲ့။

***********
“၀မ်းမနည်းဘူး”
ထိုစကားကို သူမ၏နှုတ်မှ မမျှော်လင့်စွာ ကြားသိမိရစဉ် ကျွန်မ တုန်လှုပ်အံ့သြ သွားခဲ့ပါသည်။ သူမကိုယ်တိုင်ကတော့ အဆင်ခြင်မဲ့ စကားတစ်ခွန်းအတွက် အနည်းငယ်မျှ နောင်တရသွားဟန်မရှိ။ ပြန်လည်ပြင်ဆင် ရုတ်သိမ်းရကောင်းမှန်းလည်း သိတတ်ပုံမပေါ်ခဲ့ပေ။
“၀မ်းမနည်းဘူး”… ဆိုစကားဟာ ၀မ်းသာလိုက်တာ လို့ အဓိပ္ပါယ် မသက်ရောက်မှန်းတော့ ကျွန်မလည်း သိတာပေါ့။ ဒါပေမယ့် လူသားအချင်းချင်းကြားမှာ ဒီလိုနေစိမ့်ကြောင်တောင်တဲ့ စကားမျိုးတွေကို လက်လွန်ခြေလွန် သုံးနှုန်းဖို့တော့ မသင့်ဟု ထင်သည်။ ပြီးတော့ ဒါဟာ သူမ၏ တပည့်ဟောင်းများနှင့် ပတ်သက်သော သတင်းဆိုးဖြစ်နေသည် မဟုတ်လား။
ကျောင်းအုပ်ကြီး ရုံးခန်းကို ခဏ.. ခဏ ရောက်ကာ အကြိမ်ကြိမ် သတိပေးခံခဲ့ရဖူးတဲ့ ကလေးတွေဟာ လူလိမ္မာလေးတွေတော့ မဟုတ်ဘူးပေါ့။ ဆရာ၊ ဆရာမတွေ ဆိုဆုံးမစဉ်မှာတော့ ခေါင်းကလေးတညိတ်ညိတ်နှင့် ဟုတ်ကဲ့ချင်း ထပ်နေပေမယ့် နောက်ကွယ်သွားလျှင် ထင်ရာစိုင်း တတ်ကြပြန်တာလည်း ကျောင်းသားဆိုးကလေးတွေရဲ့ အမူအကျင့်ပါပဲ။ ဒါပေမယ့် ဥပက္ခာတရားနှင့် ဆုတ်နစ်စေသည်အထိတော့ သူတို့ ဘယ်သူ့ကိုမှ ဒုက္ခမပေးခဲ့ကြပါဘူး ထင်သည်။ ခုတော့.. တက္ကသိုလ်ကျောင်းသား လူဆိုးလေးနှစ်ယောက်၏ ဆိုင်ကယ်အက်ဆီးဒင့် ဖြစ်ရပ်က မရှုမလှ၊ ပွဲချင်းပြီး…။
အိုး…။ ဘယ်လောက်ခါးသီးဖို့ ကောင်းလိုက်ပါသလဲ။ ကြေကွဲဖွယ်လည်း အတိပြီးလေသည်။ သူမကတော့….
“ကြားကြတယ် မဟုတ်လား။ ဆရာကို ဆရာမှန်း မသိတဲ့ဟာတွေ….”
ဆရာကို ဆရာမှန်း မသိတတ်လောက်အောင် အရိုသေတန်သော ယဉ်ကျေးမှုတို့ ကျွန်မတို့ ၀န်းကျင်မှာ မတွယ်ကျယ်သေးဟု ထင်ပါသည်။ ဒါပေမယ့် ယိုယွင်းစတော့ ပြုလာနေပြီလား။ မည်သို့ပင်ဖြစ်စေ အသွားရှိလျှင် အပြန်လည်း ကြုံတတ်သော မေတ္တာတရား၏ အနက်သဘောကိုတော့ ကျွန်မတို့ မေ့မပစ်သင့်ကြပါ။
သူမ စာသင်ခန်းထဲမှ ထွက်ခွာသွားလေလျှင် ဆူးဒဏ်ရာနှင့် နှလုံးသားများစွာကတော့ ညည်းငြူသံ သဲ့သဲ့ပြုလျှက် နွမ်းယဲ့စွာ ကျန်ရစ်ခဲ့လေသည်။ ။

                                                                                    သတိုး

5 comments:

  1. ကျွန်မ စာလာဖတ်သွားပါတယ်။

    လေးစားစွာဖြင့်
    မြတ်ပန်းနွယ်

    ReplyDelete
  2. အားလားလား
    ဖတ်ရတာ အရသာရှိလိုက်တာ ဆရာရယ်။
    တော်တော် သဘောကျမိတယ်။ လေးစားပါတယ်ဆရာ။ အရေးအဖွဲ့ ပိုင်းရော၊ တင်ပြပုံရော၊ ဇာတ်လမ်းကိုရော ၊ ပေးချင်တဲ့ မက်ဆေ့ခ်ျကိုရော...........အကုန်လုံးကို ကြိုက်မိပါတယ်ဆရာ။

    ReplyDelete
  3. ကျွန်တော်မှတ်ချက်ရေးခဲ့ဖူးတယ်လို့ထင်ပါတယ်။ ဘယ်ရောက်သွားမှန်းမသိတော့ဘူးဗျာ။

    ReplyDelete
  4. တကယ်ရိုက်တာထက်နာတယ်လို့ ကျွန်တော်သုံးသပ်ခဲ့တာပါ။

    ReplyDelete
  5. မမြတ်ပန်းနွယ်နဲ့ ညီ ဝေမိုးနိုင်တို့ကို ကျေးဇူးပါဗျာ..။

    ကိုဆူးသစ် ပြောတာ ဟုတ်ပါတယ်။ ကျွန်တော် တကယ် မတတ်ပဲ ဆိုဒ်ကို ပြင်ဖို့ ကြိုးစားမိတာ ပို့စ် နှစ်ခု ပျောက်သွားခဲ့လို့ပါ။ ဆူးကြိမ်လုံးနဲ့ အတူ ပွင့်သစ်စ ဆိုတဲ့ ကဗျာတစ်ပုဒ်ပါ ။ ခု ဆူးကြိမ်လုံး က အသစ် ပြန်တင်ထားတာပါ။ စာနဲ့အတူ ကွန်မန့်ကိုပါ မှတ်မိနေသေးတဲ့ ကိုဆူးသစ်ကိုလည်း အထူးကျေးဇူးတင်ကြောင်းပါ။

    ခင်မင်သော သတိုး

    ReplyDelete

စိတ်ထဲ ခံစားမိသလို မျှဝေပြောပြခဲ့ပါဦး...။