Thursday, April 12, 2012

မျှော်သူ




ပေါင်မုန့်ညို နှစ်လုံးပါသော အိပ်ကျွတ်မဲမဲကို လက်မှာဆွဲလျှက် လမ်းထိပ်ဆီသို့ ထွက်လာခဲ့သည်။ ကျနေ၏ အရောင် စူးပြဲ့ပြဲ့က မျက်လုံးတွေကို ကျိန်းစပ်နေစေနိုင်သေးသည်မို့ လက်ထဲမှာ ပါလာသော ဂျာနယ်စက္ကူသန့်သန့် နှစ်ရွက်ကို နဖူးပေါ်တင်ကာ နေရောင်ကာပြုရသည်။ ကျင့်သားရ မျက်လုံးများက အမှတ်မထင် ရှာဖွေမိတော့ ထင်သည့်အတိုင်း ဟိုကောင်လေး ကြိုရောက်နေနှင့်ကာ …လမ်းထိပ်မှာ အသင့်စောင့်နေနှင့်ပြီ။
“နေရီ။ ခဏစောင့်ဦး”
နောက်ဖက်ခပ်ဝေးဝေးဆီမှ လွင့်ခနဲ လိုက်လာသော ကြီးမေ၏ အသံကြောင့် လှမ်းလက်စခြေလှမ်းတွေကို တုန့်ကာ ရပ်စောင့်နေရသေးသည်။
“ငါပါ လိုက်ခဲ့မယ်”
ကြီးမေသည် နေရီအား စိတ်ချဟန်မတူ။
ကြီးမေ စိတ်ပူပန်မည်ဆိုလည်း ပူပန်သင့်ပါသည်။ နေရီတစ်ယောက် နေ့ဆက်နီးပါး ပေါင်မုန့်ကြမ်းနှစ်လုံးနှင့် လမ်းထိပ်ထွက်ခဲ့တာ တစ်လနီးပါးပင်ရှိတော့မည်။ ခုထိ အခြေအနေက မထူးခြားသေးဟု ကြီးမေက ဆိုလေသည်။
“နေရီ။ ညည်း ငါမှာသလို သေချာလုပ်ခဲ့ရဲ့လား”
“ဟုတ်။ လုပ်တယ်လေ ကြီးမေကလည်း…။ ကြီးမေ မှာလိုက်သလို စက္ကူသေချာခင်းပြီး ထားပေးခဲ့တာပဲ”
“ခွေးတွေရော ရောက်လာကြရဲ့လား”
“အင်း… လာတယ်”
“ဘာ… ပြန်ပြောစမ်း။ ဘာအင်း လဲ။ ဟုတ်ကဲ့လို့ ပြောဖို့ သင်ထားလျှက်နဲ့ …။ ကဲ … အဲဒါ အင်းဦး။ အင်းလို့ ပြောဦး”
အားခနဲ စူးစူးရှရှအော်ဟစ်ပစ်ရင်း ကြီးမေ လိမ်ဆွဲလိုက်သောပေါင်တစ်ဖက်ကို ခပ်ကြာကြာ ပွတ်သတ်ကာ နာကျင်လွန်းလှသယောင် တရှူးရှူး အမူပိုပြလိုက်ရသည်။ ကြီးမေတစ်ယောက် အဓိက ကိစ္စကို တိတိပပ စစ်မေးရန် မေ့သွားပြီ။ နေရီတစ်ယောက် အပြောအဆို မယဉ်ကျေး၊ မဖွယ်ရာသည့်အကြောင်း၊ ဘယ်လောက်သင်သင် မတတ်ကြောင်း တဖျစ်တောက်တောက် ရေရွတ်မြည်တွန်လို့ မဆုံးတော့ပြီ။
တကယ်က ဟုတ်ကဲ့ စကားတစ်ခွန်းက နေရီ့အဖို့ အသားကျ၊ နှုတ်စွဲနေခဲ့ပါပြီ။ နေရီ ကြီးမေတို့အိမ်ဆီ ရောက်ခဲ့တာဖြင့် နှစ်နှစ်ကျော်လို့ သုံးနှစ်အတွင်း ၀င်ခဲ့ပြီဥစ္စာ..။ ကြီးမေကို လိမ်ပြောရမှာ မ၀ံ့သောစိတ်ကြောင့်သာ အင်း…ဆိုပြီး ရုတ်တရက် နှုတ်ကထွက်သွားခဲ့တာ။
ခွေးတွေ ရောက်လာ၊ စားသောက်ကြတဲ့အထိ စောင့်ကြည့်လာခဲ့ဖို့ ကြီးမေက နေရီ့ကို သေချာ မှာထားခဲ့ဖူးတာ ဖြစ်သည်။ နေရီက ပေါင်မုန့် နှစ်လုံးကို စက္ကူခင်းပေါ် တင်ထားပြီးသည်နှင့် စောင့်ကြည့်မနေတော့ပဲ နောက်မလှည့်စတမ်း သုတ်ခြေတင် လှည့်ပြန်ခဲ့သည်ချည်း မဟုတ်လား။
လှည့်ကြည့်ဖြစ်လျှင်လည်း ဘယ်ခွေးတစ်ကောင်မှ ရောက်လာဦးမှာ မဟုတ်တာ နေရီ သိနေပါသည်။ ဟို အလျှင်ကတော့ နေရီတို့ လမ်းထဲမှာရော တစ်ရပ်ကွက်လုံးမှာပါ ခွေးလေ၊ ခွေးလွင့်တွေ ပေါများလွန်းခဲ့ဖူးသည်။ နောက်တော့ လမ်းပေါ်မှာ သွားလာနေသူတွေ မကြာခဏ ခွေးဆွဲခံရသည်။ ခွေးလိုက်ခံရသူ၊ ခွေးဆွဲခံရသူ အများစုမှာ ကလေးတွေ ဖြစ်နေတတ်ပြီး မိဘတွေက ကျိတ်မနိုင် ခဲမရ ဒေါသအမျက် ချောင်းချောင်းထွက်ကြရသော်လည်း ခွေးတွေက ပိုင်ရှင်မဲ့တွေဖြစ်နေပြန်ရာ ဘယ်သူ့ကို အရေးယူရမှန်းလည်း မသိ။ တချို့ကတော့ ခွေးကို ရက်စက်စွာ ရိုက်နှက်သတ်ဖြတ် လိုက်ကြလေသည်။ တချို့ကလည်း ကဏန်းထောင်ဖမ်းရာမှာ အစာအဖြစ် ခွေးသားက အကောင်းဆုံးဟု ဆိုကြလျှက် ၀င်ငွေစီးပွားကောင်းနေကြပြန်ရင်း ခွေးလေ၊ခွေးလွင့်တွေ တစစ လျော့နည်းရှားပါးလာတော့ပြီ။ ဒီလိုကာလ ရောက်လာလေမှ ကြီးမေ၏ အခါပေးဆရာက ခွေးလေခွေးလွင့်တွေကို ပေါင်မုန့်ကျွေးရန် အကြံပေးလိုက်သည်တဲ့။
စဦး တစ်ရက်၊ နှစ်ရက်မှာတော့ နေရီတစ်ယောက် စိတ်ရှည်သီးခံကာ လမ်းဆုံရောက်အောင်ထွက်လျှက် ခွေးလေလွင့်တို့ အရိပ်အယောင်ကို ရှာဖြစ်ခဲ့ပါသေးသည်။ တစ်ကောင်စ၊ နှစ်ကောင်စ အရိပ်မြင်မှ စက္ကူစ သေချာဖြန့်ခင်းကာ ပေါင်မုန့်ကို မြင်သာအောင်ပြလျှက် တအို့အို့ ခေါ်သည်။ မတတ်တတတ်ဖြင့် လက်ဖျစ်တီးသည်။ သို့ပေမယ့် တစ်ရပ်ကွက်လုံးမှာ သူတို့လို ခွေးတွေကို တယုတယ၊ ကျနသေချာစွာ တည်ခင်းကျွေးမွေးတာမျိုး ဘယ်သူမှ မရှိစဖူး။ တစ်ခါဖူးမျှ မကြုံစဖူးမို့ထင့်။ ဘယ်တစ်ကောင်မှ နေရီ့အနားသို့ ရစ်သီမလာရဲကြပေ။ တချို့က မယုံသင်္ကာဟန်ဖြင့် စောင်ပေပေ စောင့်ကြည့်နေကြသည်။ တချို့ကတော့ လည်ပြန် တချက်မျှကြည့်ကာ ကြောက်လန့်တကြား ထွက်ပြေးသွားကြတော့သည်။
ပေါင်မုန့်နှစ်လုံးမှ ကျပ်ငါးရာသာ ကျသင့်တာ နေရီ သိပါသည်။ ဒါပေမယ့် စားစရိတ်ငြိမ်း တစ်လ ကျပ်တစ်သောင်းခွဲသာရသော နေရီကတော့ နှမျောလို့ မဆုံးပေ။ ငွေငါးရာ အဟောသိကံ ဖြစ်သွားရတာ မဟုတ်လား။ အဲဒီ ငွေကို ခွေးလေလွင့်တွေကို ပေါင့်မုန့်ဝယ်မကျွေးပဲ နေရီ့အား မုန့်ဖိုးပေးလျှင် ဘယ်လောက် ကောင်းမလဲဟု တွေးမိသည်။ ရွာမှာ ကျန်နေရစ်သော အမေတို့ဆီ ငွေပို၍ ပို့နိုင်မည်။ အဲလိုဆို လာမယ့်နှစ်မှာ မောင်လေးတစ်ယောက် ကျောင်းထွက်ပြီး အလုပ် လုပ်စရာ မလိုတော့။ မောင်လေးက ရွာနှင့် နှစ်မိုင်လောက်ဝေးသော အလယ်တန်းကျောင်းမှာ ခြောက်တန်းတက်နေရတာ ဖြစ်သည်။
နေရီ့တုန်းကတော့ ရှစ်တန်းအောင်တဲ့အထိ အဖေက သူများလယ်မှာ သူရင်းငှားဘ၀နှင့် ကျောင်းထားပေးနိုင်ခဲ့သည်။ ခုတော့ အဖေက ရုတ်တရက်ဆုံးကာ အမေကလည်း မိုးမှာ ကောက်စိုက် အငှားလိုက်၊ နွေမှာ ကောက်ရိတ်၊ ပဲနုတ်လောက်သာ လုပ်တတ်သည်မို့ နေရီ့အား ကြီးမေတို့ဆီ ပို့ခဲ့ရတော့သည်။
စာတော်၍ ဇွဲရှိသောမောင်လေးတစ်ယောက် ကျောင်းထွက်ချင်မှာ မဟုတ်။ ဒါပေမယ့် သူ့အောက်မှာ လေးတန်းကျောင်းသား အမြွာမောင်နှမ ရှိသေးသည်။ အငယ်နှစ်ယောက်ကိုလည်း ချစ်မက်ညှာတာရမည်ကို မောင်လေး မသိပဲနေမည် မဟုတ်။ မိသားစုအကြောင်းကို သူလည်း အထိုက်အလျှောက်တော့ နားလည်တတ်နေပြီမို့ အလုပ်ထွက်လုပ်ရန်လည်း ၀န်းလေးနေမှာတော့ မဟုတ်ပါ။
ပေါင်မုန့်တွေကို ခွေးမကျွှေးတော့ပဲ ရွှေရင်အေးရောင်းသည့် ဒေါ်ရင်ကြည့်ကို လျှော့ဈေးနှင့် ရောင်းလိုက်ဖို့ နေရီ အကြိမ်ကြိမ် စိတ်ကူးမိသေးတာ ၀န်ခံပါသည်။ ဒါပေမယ့် လမ်းတကာလှည့်နေသော ရွှေရင်အေးသည်မှတဆင့် ကြီးမေ၏နားသို့ ပြန်မရောက်ပဲ နေမှာ မဟုတ်။ နေရီ အလုပ်ပြုတ်၊ အရှက်ရမည့်အပြင် ထမင်းအိုးပါ ကွဲရမည့်ကိန်းမို့ လက်လျှော့လိုက်ရတော့သည်။ ခုချိန်မှာ နေရီ့အပေါ် ကြီးမေ အမြင်ကြည်လင်နေဖို့ ကြိုးစားနေပြမှ ဖြစ်မည်။ မိုးဦးမကျမီ ကြီးမေထံမှ ကြိုတင်လုပ်အားခငွေ ခြောက်လစာကြိုထုတ်ချင်သည်။ အမေက ကြီးမေအား ကြိုတင်နားသွင်းထားရန် လူကြုံနှင့် မှာလိုက်သည်လေ။
ကြီးမေကလည်း ခုရက်တွေထဲမှာ အလုပ်တွေ အဆင်မပြေဟု ခိုညည်းသလို ညည်းနေတော့တာပဲ။ ဘဘကြီးနှင့် ကိုကိုကြီးတို့၏ အိမ်ဆောက်ပစ္စည်းဆိုင်က အရောင်းအ၀ယ် ကောင်းနေသော်လည်း လက်လွန်ထားသော ကုန်ကြွေးတွေက ပြန်မရဘူးလိုလို ဆိုပြန်သည်။ ဟိုပြေး၊ ဒီလွှား ဗေဒင်မေး၊ ယတြာချေ စသည်ဖြင့် ကြီးမေတစ်ယောက် စိတ်လေကာ ဗျာများနေသမျှ နေရီလည်း ဗာဟီရ အလုပ်တွေရှုပ်ကာ ဂျင်ခြေလည်ရတော့သည်သာ။ ဈေးကိုပတ်ကာ သစ်သီးစုံ ရှာဖွေဝယ်ရဖူးသည်။ အရွက်၊ အခက်တွေလည်း အရပ်ထဲလှည့်ကာ မေးမြန်းရ၊ ခူးဆွတ်ရနှင့် အနားကို မနေရတော့။ ဘုရားကျောင်းဆောင်မှာလည်း မွှေးရနံ့မျိုးစုံ ကြိုင်လှောက်နေတော့ပြီ။ ခု.. နောက်ဆုံး ကုစားရာကတော့ ကြီးမေတို့ မိသားစုမှာ ငွေကြေးကံနိမ့်နေသောကြောင့် တနလာင်္နံဖြင့် ယတြာချေကာ ကံမြှင့်နေရတာ ဖြစ်လေသည်။
ခွေးလေလွင့်တွေကို (ကြီးမေ အထင်) အစာကျွေးလာခဲ့တာ တစ်လနီးပါး ရှိတော့မည်။ အခြေအနေက ပြောင်းလဲထူးခြားကာ တိုးတက်မလာသေးဟု ကြီးမေခမျာ အားမရ၊ ညည်းငြူပြလေတိုင်း နေရီ လိပ်ပြာမလုံလှပါ။ လမ်းထိပ်မှာ နေရီ ချထားခဲ့သော ပေါင်မုန့်တွေကို ခွေးတွေ လာမစားလို့များလားဟု တွေးနေမိခဲ့ပြီ။ တကယ်တမ်းမှာ ခွေးလေလွင့်တွေ ထိုနေရာသို့ မျက်စေ့လည်ရောက်လာခဲ့လျှင်တောင် နေရီချထားခဲ့သော ပေါင်မုန့်နှစ်လုံးကို သူတို့ တွေ့ရမည်မထင်။ နေရီ့အား ချောင်းမြောင်းစောင့်ကြည့်ကာ နေရီကျောခိုင်းနောက်လှည့်ပြန်သည်နှင့် ပေါင်မုန့်နှစ်လုံးကို အလျှင်စလို လာယူသွားတတ်သော တစ်စုံတစ်ယောက် ရှိနေတာ နေရီသာမက ကြုံကြိုက်တိုက်ဆိုင်သော လမ်းထဲက လူတချို့ပါ သိကြပါသည်။ ဒါပေမယ့် နေရီကတော့ မသိယောင် ဆောင်နေမိဆဲပင်။
အဲဒီကောင်ကလေးကို နေရီ သိနေပါသည်။ မူလအရောင် မခန့်မှန်းနိုင်တော့သော လက်နှီးရောင် အင်္ကျီ ပွကြီးက ကြယ်သီးတွေ တောင်တက်တောင်ဆင်းမို့ ထောင့်တန်းဆွဲနေသည်။ ဒူးကျဘောင်းဘီကြီးကလည်း မထော်မနန်းပေ။ မဲညစ်ပေတူးနေသော မျက်နှာပေါ် ချွေးတွေစီးကျလာနေသည်ကို လက်ခုံတစ်ဖက်ဖြင့် ပွတ်သုတ်ထားသည်မို့ နဖူးပေါ်မှာ ကြေးကြောင်းရာကြီး ကန့်လန့်ဖြတ်ပေါ်နေတတ်တာ ရယ်ချင်စရာ။ ပြီး သနားစရာလည်း ဖြစ်ပြန်သည်။ ခြောက်တန်းကျောင်းသား၊ နေရီ့မောင်လေးအရွယ်မို့လည်း ထူးထူးခြားခြား သတိထားဖြစ်ခဲ့တာ ဖြစ်မည်။
“အစ်မ၊ ရေသန့်ဗူးခွံတို့၊ အချိုရည်ဗူးခွံတို့ရှိရင် ပေးပါလား”
နေရီတို့ ခြံနားမှာ ရစ်သီယောင်လည်နေဆဲ ကြီးမေက မယုံသင်္ကာစိတ်နှင့်…
“အဲဒီကလေးတွေ ခြံထဲထိ ၀င်မလာစေနဲ့”
… နေရီ့ကို သူ့အားနှင်ရန် စေခဲ့တာဖြစ်သည်။ ဒါပေမယ့် နောက်တစ်နေ့မှာတော့ သူမေးသော ရေသန့်ဗူးခွံတွေကို နေရီက အိမ်ထဲအနှံ ရှာဖွေနေမိပြန်တောတာ့ပင်။ ခြံထောင့်ရှိ သစ်ကိုင်းတစ်ခုမှာ မြင်သာအောင် ချိတ်ဆွဲထားပေးကာ ကောင်ကလေး ရောက်အလာကို မျှော်ရသည်။ တခြားကလေးတွေ တွေ့မြင်ယူငင်သွားမှာလည်း ပူပန်ရသေးသည်။ ဖြစ်နိုင်လျှင် ထမင်းဟင်း အကျန်လေးတွေ လူးလိမ်းနယ်ဖတ်ကာ ကောင်လေးကို ကျွေးချင်ပါသေးသည်။ ကြီးမေတို့က မိသားစုနည်းပါးလှသည့်ပြင် စိတ်သဘောလည်း မဆိုးလှသူတွေမို့ နေရီဆို ကိုယ်တိုင် ချက်ပြုတ်ခူးခပ်ပြီးသမျှ ထမင်းဟင်းတွေကို အိမ်ရှင်နှင့်တန်းတူ စားခွင့်ရနေတာဖြစ်သည်။ ခါတလေ…ကိုယ်က ဆီဦးထောပတ်နှင့် အညွန့်သား စားသောက်နေစဉ် ရွာမှာကျန်ရစ်သော မိသားစုတွေ ဘယ်လိုများ စားသောက်နေကြမှာပါလိမ့်ဟု သတိတရနှင့် မျိုမကျချင်။ နေရီ့မောင်လေးဆို အလွန် အကောင်းကြိုက်ကလေး ဖြစ်သည်။
“နင့်မှာ မိဘတွေ မရှိဘူးလား”
“အမေတော့ ရှိတယ်”
“အဖေကရော….”
“မရှိဘူး။ ဘယ်ရောက်သွားလည်း မသိဘူး”
“အမေကရော ဘာလုပ်လည်း…”
“အရင်တုန်းက ဗူးခွံတွေ လိုက်ကောက်သေးတယ်။ ယောက်ျားရတော့ မကောက်တော့ဘူး။ သူ့ယောက်ျားက ကန္နားတွေမှာ ကုန်ထမ်းတယ် ပြောတာပဲ။ ခု ကွဲသွားပြီ။ ညီမလေးက ငယ်သေးတော့ အမေက အလုပ် မလုပ်နိုင်သေးဘူးတဲ့”
“ညီမလေးက ဘယ်အရွယ်လဲ”
“အခါ မလည်သေးဘူး။ ဒါပေမယ့် အမေက ညီမလေးကို သူများပေးပစ်ဖို့ လုပ်နေတယ်။ ယူချင်တဲ့သူ ရှိတယ်တဲ့။ သားက ညီမလေးနဲ့ မခွဲနိုင်ဘူး။ မပေးချင်ဘူး။ အမေက မပေးချင်ရင် အလုပ်ပိုလုပ်တဲ့…”
ကြီးမေတို့ မကြည်ဖြူပဲ ဒီအိမ်မှ ထမင်း၊ ဟင်းကို ယူငင်ပေးသည်အထိတော့ နေရီ အတင့်မရဲသင့်ဘူး မဟုတ်လား။ ထို့ကြောင့်လည်း နေရီ ချထားသော ပေါင်မုန့်နှစ်လုံးကို ထိုကောင်ကလေး စောင့်ကာ ကောက်ယူသွားတတ်တာကိုတော့ သိသိကြီးနှင့် မမြင်ယောင်ဆောင်ကာ ၀ိနည်းလွတ် နေဖြစ်ခဲ့တော့တာ။
ခုတော့ ကြီးမေက အားမလို၊ အားမရတွေ ဖြစ်လာကာ အခါပေးဆရာဆီ နောက်တစ်ခေါက်ပြန်သွားဖြစ်ခဲ့ရာ…
“ဟဲ့.. နေရီ။ ပေါင်မုန့်က ဒီအတိုင်း ကျွေးရမှာ မဟုတ်ဘူးတဲ့။ ရေကလေး နည်းနည်းလောက် စိမ်ကျွေးရမှာတဲ့”
နေရီ လန့်ဖျတ်သွားသည်။ ပေါင်မုန့်ကို ရေစိမ်လိုက်ရင် စားလို့ ဘယ်ကောင်းပါတော့ မလဲ။
“ရေစိမ်လိုက်ရင် နူးပျော်ပြီး ပေါင်မုန့်အလုံးပျက်သွားမှာပေါ့ ကြီးမေရဲ့”
“ဟဲ့… မပျက်အောင် စွတ်ရုံကလေး ချိန်ဆလုပ်ရမှာပေါ့။ ဟိုတစ်ခါတည်းက ဆရာက သေချာမှာလိုက်တာ။ ငါက မေ့မေ့လျော့လျော့မို့…။ နင်လည်း ပါလျှက်သားနဲ့ သေချာ မှတ်မလာခဲ့ဘူး။ ဘာမှ အားမကိုးရဘူး”
ခုတော့ ရေစိမ်ပေးလိုက်သည်ကို အားမရ၊ စိတ်မချနိုင်ပဲ ကိုယ်တိုင်လိုက်ပါလာခဲ့တော့ပြီ။
“ဘယ်နေရာမှာ ကျွေးတာလဲ”
“ဟို မြင့်မြင့်နေရာ…”
မျက်ဝန်းထောင့်မှာ ညစ်ထေးပေစုတ်နေသော ချွေးအလိမ်းလိမ်း၊ ကြေးအထပ်ထပ် အရိပ်ကလေး ဖျတ်ခနဲပေါ်လာသည်။
“ညည်း သတ္တ၀ါတွေ တစ်ကောင်မှလည်း ပေါ်မလာကြသေးပါလား”
စိုစိစိ ပေါင်မုန့်တွေပေါ် ယင်ကောင်မည်းမည်းတွေ ၀ဲစပြုပြီမို့ လက်ဖ၀ါးကလေး တယမ်းယမ်းပြုနေမိသည်။
“အနီးအနားမှာ ရောက်နေမယ် ထင်တယ် ကြီးမေရဲ့။ ဒီနေ့ ကြီးမေပါလာတော့ မျက်နှာစိမ်းနေလို့ ချက်ချင်း အနားမကပ်ရဲသေးတာ ဖြစ်မယ်”
အောက်ခင်းစက္ကူတွေ ရေထိလျှက် စိုနူးကာ တရိရိ စုတ်ပြဲတော့မည်။ ကြီးမေကတော့ ဇွဲကောင်းနေဆဲ။ ဟို ကလေးကလည်း ခုထိ မပြန်သေး။ လက်လျှော့လိုက်ပါတော့လား မောင်လေးရယ်။ ကြီးမေကလည်း….
“ဆရာက သေချာ မှာလိုက်တာ ကြားတယ် မဟုတ်လား။ သူတို့စားနေတာကို သေချာစောင့်ကြည့်။ ကိုယ့်ဒါနအတွက် ပီတိတွေ တစိမ့်စိမ့်ပွားနေရမှာတဲ့။ ခုထိလည်း တစ်ကောင်မှ ပေါ်မလာကြသေးပါလား”
နေရောင် ညှိုးလုပြီ။ စိတ်ရှည်ဇွဲကြီးလွန်းလှသော ကြီးမေကလည်း နောက်လှည့် အိမ်ပြန်မည့်ပုံမပေါ်။ ဟို ကောင်ကလေးကလည်း ခုထိ မလှမ်းမကမ်းမှာ နေရာ မရွှေ့သေး။ ယင်တလောင်းလောင်းနှင့် ပေါင်မုန့်နှစ်လုံးကတော့ တဖြည်းဖြည်း ရိရွဲပျော့ပြဲလို့ လာသည်။ နေရီသည် ဘာကိုမှန်းမသိ။ အလိုမကျသလို၊ ၀မ်းနည်းသလိုကြီးဖြစ်လာကာ ငိုချပစ်လိုက်ချင်စိတ်ကို အတန်တန် ထိမ်းချုပ်နေရတော့သည်။               

                                                                                 သတိုး

8 comments:

  1. ဖတ်လို့ကောင်းလိုက်တာ အစ်ကိုရေ.... သိမ်သိမ်မွေ့မွေ့လေး ဖွဲ့သွားတယ်..း)...


    ခင်မင်လျက်
    နေ၀သန်

    ReplyDelete
  2. သူဌေးတွေဆိုသူရဲ့ မယောင်ရာဆီလူးတဲ့အဖြစ်..
    ဆင်းရဲသူတွေရဲ့ ကိုယ်ချင်းစာ သနားစိတ်..
    ဖတ်ရင်းနဲ့ မျက်စိထဲ မြင်ယောင်လာမိတယ်။
    မုန့်ကလေးကို စောင့်နေရှာတဲ့ ကလေးလေး သနားပါတယ်။
    ထိထိမိမိဖြစ်အောင်ကို ရေးတတ်ပါတယ် ကိုသတိုးရယ်

    ReplyDelete
  3. လက်တွေ့ဘဝမှာ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ဖြစ်ရပ်မှန် ဇာတ်အိမ်မျိုးလေးတွေကို သဘာဝကျကျ ဖွဲ့နွဲ့ရေးသားထားတာ အသက်ဝင်တယ် သတိုးရေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  4. စေတနာတွေရဲ့ အကြား ပွဲစားတွေ ရောက်တတ်တာကို စောင့်ကြရတဲ့ အဖြစ်မျိုးတွေဝေးအောင် နှိုးဆွပေးပါတယ် ...

    ReplyDelete
  5. ၀တ္ထုတိုလေးဖတ်လိုက်ရတော့ ရင်ထဲမှာ ညိုးလျော့ သွားတယ်အကိုရာ
    တွေးယူကြရမည့် အကြောင်းအရာတွေကိုလည်းတွေ့လိုက်ရဲ့။

    လင့်လေးပါယူသွားပါရစေ အကို။

    လေးစားစွာဖြင့်။

    ReplyDelete
  6. နေရီလို ခံစားချက်မျိုး ဖြစ်ဖူးတယ်။ ဝတ္တုလေး ဖတ်သွားခဲ့ပါတယ်။

    ReplyDelete
  7. သရုပ်ဖော်သွားတာလေး သပ်ရပ်တယ်ဗျာ.
    နေရီရဲ့ ဘ၀နောက်ခံကားချပ်လေးတွေရယ်၊ ကောင်လေးရဲ့ သူ့ညီမလေးကိုကို ချစ်မြတ်နိုးစိတ်နဲ့ အလုပ်ကြိုးစားလုပ်ချင်ပုံလေးတွေရယ်ကို ကြည့်ပြီး စိတ်မကောင်းဖြစ်မိသွားတယ်.

    တကယ်တော့ မျှော်သူက နေရီလား၊ ကောင်လေးလား ဆိုပြီးတော့လည်း အတွေးနည်းနည်းများသွားတယ်.

    ခင်မင်လျက်

    Y.

    ReplyDelete
  8. ၀တ္တုလေး ကောင်းလိုက်တာ...
    ဖဘမှာ လင့်ခ်တွေ့လို့ ခုမှ ဖတ်ဖြစ်တယ်...

    ခင်မင်ခြင်းအားဖြင့်...
    ဏီလင်းညို

    ReplyDelete

စိတ်ထဲ ခံစားမိသလို မျှဝေပြောပြခဲ့ပါဦး...။