Sunday, January 29, 2012
ရေယဉ်ငယ် စီးပါလို့ ရေစီးငယ် ဘောင်ဘင်
                       ကိုနှစ်ဦး၏ လှေကလေး အိမ်ရှေ့ရေဆင်းတံတားမှာ ဦးထိုးလာပြီဆိုလျှင် အိမ်သားတစ်ယောက်ယောက်ကို မရမနေ၊ ကမန်းကတန်းလှမ်းခေါ်မိတတ်တာ မနှင်းဆီ၏ အကျင့်တစ်ခု ဖြစ်နေခဲ့ပြီ။ လှေကြိုးချည်နေသော ကိုနှစ်ဦးအား ကျော်လွန်ကာ ချောင်းရိုးမှာ လှော်ခပ်သွားလာနေသည့် လှေကလေးတွေကိုလည်း မျက်ချည်မပြတ် လှမ်းကြည့် အကဲခပ်ရသေးသည်။ လှေပေါ်မှနေ တစ်ယောက်ယောက်က လည်ပြန်ငေးကာ တီးတိုးစကားတင်းဆိုနေကြမှာလားဟုလည်း မလုံမလဲ ဖြစ်ရသေးသည်။ သူနေထိုင်ရာ ချောင်းဖျားဆီမှ မနှင်းဆီတို့ အိမ်ရှေ့ ရေဆိပ်အရောက် သီချင်းတအေးအေးနှင့် လှေလှော်လာမည့်ကိုနှစ်ဦးအား ချောင်းကမ်းနံဘေးဝဲယာရှိ အကြောင်းသိ အိမ်တွေ့ရော မေးငေါ့ကောင်းနေကြဆဲပဲလား။
                   ကိုနှစ်ဦးနှင့် အလုပ်ကိစ္စစကားတွေ ဆိုနေစဉ်မှာလည်း အနားတွင် လူပိုတစ်ယောက် အမြဲရှိနေစေဖို့ ကိုယ့်ဘာသာ စည်းကမ်းတင်းကျပ်ထားရပါသည်။
                   မနှင်းဆီ၏ သားသမီးတွေက မနှင်းဆီ၏ ခေါ်သံကို မကြားယောင် ဆောင်ချင်ကြသေးသည်။ ကိုနှစ်ဦးနှင့် စကားမျှင်တန်းမပြတ်ဖြစ်နေချိန်မှာ အနားမှ လှစ်ခနဲ လစ်ထွက်သွားချင်တတ်ကြသည်။ ဒါပေမယ့် မနှင်းဆီကို ဒီလိုလုပ်လို့ ဘယ်ရမလဲ။ ကိုနှစ်ဦး၏ ရှေ့မှာတင် သင်းတို့ကို ဆူပူကြိမ်းမောင်းပစ်လိုက်သည်။ အိမ်နောက်ဘက်အထိဝင်ကာ နားရွက်တစ်ဖက်ကို ဆွဲလျှက်ခေါ်ကာ ထိုင်ခုံမှာ မလှုပ်မယှက်ရှိနေဖို့ ဗီတိုအာဏာ သုံးရတာတွေလည်း ရှိသေးသည်။
“မေမေကလည်း။ ဖေဖေ့ကို အားနာစရာ”
                   အဖေ့အသည်းကြော် ဖြစ်ခဲ့ဖူးသော သမီးကြီးက ခပ်လျော့လျော့ ပြုံးပြထားရရှာသော သူ့အဖေမျက်နှာကို ခိုးကြည့်လျှက် စကားတိုးတိုးဆိုသည်။ မနှင်းဆီက သူ့ရှေ့မှာတင် ခပ်ကျယ်ကျယ် အော်ဟစ်ပစ်လိုက်သည်။
“အော… ညည်းတို့ အဖေကိုကျတော့ တယ်သိတတ်ကြတယ်။ ငါ့ကို လူအထင်သေးကြ၊ စကားတင်းဆိုကြမှာကျတော့ နင်တို့ နည်းနည်းမှ ထည့်မတွက်တော့ဘူးလား”
                   ကိုနှစ်ဦးကတော့ မျက်နှာထား ခက်ခက်ကြားကပင် ထုံးစံမပျက် ခပ်အေးအေး၊ ပြုံးမြမြ။ သို့ပေမယ့် ချက်ချင်း စကားစဖြတ်ကာ သုတ်ခြေတင်ရန် ပြင်လေပြီ။
“အဲဒါဆိုလည်း ဖေဖေ့ကို အိမ်မလာစေနဲ့ပေါ့ မေမေရာ”
                   အိမ်ရှေ့ရေဆင်းတံတားအတိုင်း ခပ်စိုက်စိုက်ဆင်းကာ ချောင်းကျဉ်းကလေးကို လှေကလေးနှင့် ကူးဖြတ်လှော်ခတ် သွားသော ဖခင်၏ နောက်ကျောကို လှမ်းငေးလျှက် သားလတ်က ဆိုပြန်လျှင်…
“ငါက နင်တို့အဖေကို လွမ်းလွမ်းတတ လုပ်နေတယ်များ ထင်လို့လား။ မတတ်သာသေးလို့ဟေ့။ ငါကိုယ်တိုင် အစွမ်းအစမဲ့လွန်းလို့ မတတ်သာလို့ ပတ်သက်နေရတာ သိရဲ့လား။ အဲဒါလည်း နင်တို့အတွက်ပဲဆိုတာ နားလည်ထားကြ”
သူ့ လှော်တက် အသိမ်းအနုတ်မှာ ၀ဲဂယက်ထကျန်ရစ်သော ချောင်းရေဘောင်ပင်ကို ငေးလျက် ရင်အနာ မပြေချင်သေးသော မနှင်းဆီက ခုနစ်သံချီ ဟစ်ချင် ဟစ်ပစ်တတ်သေးတာ ဖြစ်သည်။။
                    အငယ်မနှစ်ယောက်ကတော့ မနှင်းဆီ၏ ဘက်တော်သားစစ်စစ်များ ဖြစ်လေသည်။ သူတို့ ငယ်စဉ်က  ဖခင်နှင့် လက်ပွန်းတတီး နေခဲ့ရသော ဘ၀ကို ရေးရေးပြပြ မှတ်မိရုံသာ ရှိကြတော့တာ မဟုတ်လား။ အဖေ အိမ်ပေါ်မှဆင်းတော့လည်း သူတို့တတွေ မူလတန်းတက်စအရွယ်မို့ ဘာမှ သိတတ်သေးတာတော့ မဟုတ်။ သို့သော် ဖေဖေ့ကြောင့် မေမေ ငိုခဲ့ရသည်ဆိုသော အသိကတော့  ရင်မှာ စွဲထင်ကျန်နေခဲ့သည် ထင်ပါသည်။ ယခုထိတိုင် ဖေဖေခေါ်လျှင်လာ၊ ပေးလျှင် ယူသော်လည်း အနားကပ်မခံကြ။ အဝေးကသာ ခပ်စိမ်းစိမ်း လှမ်းငေးနေတတ်ကြသည်။
                   တကယ်တော့ အကြီးနှစ်ယောက်သည်လည်း အဖေ့ကို သိပ်တော့ ကြည်လင်ခဲ့ကြတာ မဟုတ်ပါ။ ခုနောက်ပိုင်းကာလတွေရောက်လာမှ တစ်ဘက်သားကို အမြင်မကြည်လင်၊ မုန်းတီးနေခဲ့သမျှ အဖေ့ကို သူတို့ အနားသို့ ပိုရောက်လာစေချင်ခဲ့ကြတာ ဖြစ်မည် ထင်၏။
“နင်တို့တွေ သိပ်ပြီး စိတ်ကူးယဉ်မနေကြနဲ့။ ဟိုက ငါ့ထက် ငယ်တယ်။ လှတယ်။ ပြီး သူတို့နှစ်ယောက်တည်းလည်း မဟုတ်တော့ဘူးလေ။ ပေါက်ပွားထားတာလေးလည်း ရှိသေးတာ…”
“သူ ပေါက်ထားတာ တစ်ယောက်တည်းပါ။ မိသက်တို့က မောင်နှမလေးယောက်တောင်ရှိတာ။ ပြီးတော့ အဲဒီမိန်းမက မေမေနဲ့လည်း အသက်ချင်း မကွာလှပါဘူး။ တစ်သက်လုံး အလှပြစားလာတာဆိုတော့ ကြော့ကြော့ကလေး နေတတ်တာကိုး။ မေမေလည်း အဲလို ပြင်ပြင်ဆင်ဆင်နေကြည့်ပါလား”
“တော်စမ်းပါ ဟယ်”
                   ကလေးတွေကို စကားစ ဇွတ်ဖြတ်ခဲ့ရသော်လည်း ဘီးကြော့ပတ်ကြီးစောက်စောက်နှင့် နေလောင် တင်းတိတ်ကွက်တွေ မျက်နှာပြည့်နေသော မိမိ၏ တောသူမရုပ်သွင်ကြီးကို နည်းနည်းသံသယ၀င်စပြုချင်ခဲ့ပြီ။ ခက်တာက ကိုယ့်ရုပ်ရည်သွင်ပြင်ကို ထူးခြားလှပအောင်လည်း မပြင်ဆင်၊ မခြယ်သတတ်တာ ဆိုးသည်။ ဘယ်တုန်းကမှလည်း သနပ်ခါးဘဲကြားထက်ပိုလို့ ပြင်ပြင်ဆင်ဆင် နေဖူးခဲ့တာမဟုတ်။ ဘ၀က ထိုသို့ အခွင့်အရေး၊ အခြေအနေကို တစ်ကြိမ်တစ်ခါမျှ မပေးစဖူး မဟုတ်လား။
                   မြို့မှာ နေစဉ်ကလည်း လူမှန်းသိတတ်စကတည်းက အလုပ်နှင့်လက် မပြတ်ခဲ့ရ။ အုတ်သယ်၊ ကျောက်သယ် လုပ်ခဲ့ရသည်။ ပန်းရံနေ့စားလိုက်ကာ မဆလာဒယ် ရွက်ခဲ့ဖူးသည်။ နနွင်းမှုန့်၊ အချိုမှုန့်လည်း ထုတ်ဖူးသေးသည်။ အချဉ်ထုတ်၊ အချည်ပေါင်းထုတ်လည်း ထုတ်ခဲ့ဖူးသေးသည်။ ဖယောင်းစက်မှာ ဖယောင်းနင်းရင်းက သင်းနှင့် ဖူးစာဆုံခဲ့ကြတာပင်။ လယ်ယာချောင်းမြောင်း အလုပ်ကိုစွန့်ကာ  တောသားမြို့ရောက်လာသော သူက မနှင်းဆီတို့ ဖယောင်းတိုင် ဖောက်သည်ပေးသွင်းရသော ကုန်စုံဆိုင်မှ အလုပ်သမားကိုး။
                   မနှင်းဆီနှင့် အိမ်ထောင်ကျချိန်မှာ မနှင်းဆီတို့၏ ဖခင်ဘက်မှ ဘကြီးတစ်ယောက်က သူ့ရွာမှာ လာနေလှည့်ဟု ရာဇသံပေးသည်။ သားထောက်သမီးခံမရှိရှာသော ဘကြီးက တူမနှင့် ပတ်သက်ကာ တော်စပ်ရသော ဆွေမျိုးအသစ်စက်စက်ကို…
“ မင်းကို အားကိုးချင်လို့ကွာ”
                   တကယ်တမ်းကျတော့ မနှင်းဆီတို့ကသာ ဘကြီးကို မှီခိုခဲ့ကြရတာ ဖြစ်ပါသည်။ ဒါပေမယ့် ဘကြီး၏ လယ်ပွဲတွေကို သူက ဘကြီးကိုယ်စား ဦးစီးဦးဆောင်နိုင်နေတာကို ဘကြီးက အားရကျေနပ်မဆုံး။ မကြာခဏ ပန်းနာရင်ကြပ်ထတတ်သော ဘကြီးအား မနှင်းဆီက မငြီးမငြူ ပြုစုဖော်ရပြန်သည်မို့ ကျေးဇူးတင်နေရပြန်သည်။ ဘကြီးက သူ .. လူ့ဘ၀မှာ ကြာရှည်မနေနိုင်တော့ပြီကို ရိပ်မိလေလျှင် သူ့လယ်မြေဧက အနည်းငယ်ကိုပင် တစ်ဝက်တိတိခွဲကာ မနှင်းဆီတို့မိသားစုအား ပေးခဲ့သည်။
“ကျန်တာလေးတော့ နောင်သံသရာအတွက်ပါအောင် ယူသွားဦးမှ ဟ”
                   ဘကြီး၏ သိမ်ရေစက်ချပွဲကလေးကို ကိုနှစ်ဦးတို့ မနှင်းဆီတို့ကပဲ အောင်အောင်မြင်မြင် စီစဉ်ဆောင်ရွက်ပေးနိုင်ခဲ့ပြန်ရာ ဘကြီးမှာ နောက်ဆုံးထွက်သက်အထိ ကျေးဇူးတင် မဆုံးနိုင်အောင် ရှိခဲ့လေသည်။
                   မနှင်းဆီကတော့ အရေးအကြောင်းကြုံတိုင်း ဘကြီး၏ စေတနာ၊ မေတ္တာတို့ကို ပြန်လည်တမ်းတဖွဲ့နွဲ့ ပြနေတော့တာပင်။
“ဘကြီးက ကျွန်မတို့ဖို့ဆိုပြီး ပေးခဲ့တာ။ ရှင် အမြှောင်နဲ့စားဖို့မှန်းသာသိရင် သူရေစက်ချခဲ့တဲ့ သိမ်ကို ဒီထက်နှစ်ဆ ထပ်ချဲ့ပြီး လှူပစ်ခဲ့မှာပေါ့”
“ကျွဲနဲ့ နွားနဲ့ ငါဖက် ရုန်းခဲ့တာကျတော့ရော…”
“ရှင်ဖက်ခဲ့တဲ့ အဲဒီနွားတွေ၊ ကျွဲတွေက ဘကြီးစွန့်ခဲ့တာလေ။ ထွန်တုံး၊ ထွန်တံတွေကအစ ဘကြီးရဲ့ လက်ငုတ်တွေ မဟုတ်ဘူးလား။ ရှင့်လက်ထက်ပွားဆိုလို့ ဒီ ကလေး လေးကောင်ပဲ ရှိတယ်။ လိုချင်ရင် တစ်ဝက်ခွဲယူသွား”
 သူတို့ ချစ်စခင်စအချိန်မှာ သားသမီးတွေက အနှောင့်အယှက်ပင် ဖြစ်လိမ့်မည် ဆိုတာ  အစင်းသိနေလို့သာ ခပ်ရဲရဲ ပြောချပစ်နိုင်ခဲ့တာ ဖြစ်သော်လည်း သူ တကယ်တောင်းလာလျှင် မျက်စေ့မှိတ်ပေးပစ်လိုက်မည်ဟု မနှင်းဆီ၏ စိတ်မှာရှိလေသည်။ လယ်ကွက်ကိုတော့ အထိမခံနိုင်ဘူး။
“ဒီလယ်နဲ့ ထွန်တုံး၊ ထွန်တံ၊ ကျွဲနွားတွေကို တစ်စက်မှ အထိမခံနိုင်ဘူးနော်”
“ဒါဆို ငါက ဘာနဲ့ သွားလုပ်စားမလဲ”
“ရှင်ယောက်ျား မဟုတ်ဘူးလား။ သူများသားသမီးယူထားရင် မငတ်အောင် ရှာကျွေးပေါ့။ ကျွန်မမှာ ရှင့် သားတွေ၊ သမီးတွေ အရွယ်ရောက်အောင် ကျွေးမွေးပြုစုရဦးမယ်”
                   သားသမီးနှင့် လှည့်ခြောက်ရပြန်တာပင်။ သို့ပေမယ့် မနှင်းဆီ အောင်မြင်ခဲ့ပါသည်။
“ရှင် မရှိလည်းပဲ ကျွန်မရဲ့ သားသမီးတွေကို လူဖြစ်အောင် မွေးနိုင်တယ်။ ရှင်လည်း ကိုယ့်ဘ၀နဲ့ကိုယ် ပျော်အောင်သာ နေတော့။ ရှင့်မျက်နှာကို ဒီတစ်ခါတွေ့ရတာ ဒီတစ်သက် နောက်ဆုံးလို့ မှတ်လိုက်မယ်”
                   စကားတစ်ခွန်း အဖတ်တင်ကျန်ရစ်တာပဲ ရှိသည်။ ရွာအစွန်က သူ့တဲအိမ်နန်းနှင့် မနှင်းဆီတို့ကြားမှာ ရှိနှင့်ပြီးသောချောင်းငယ်လေးမှာ ရေတက်၊ ရေကျ အချိန်မရွေး ၀ဲဂယက်ထနေတော့တာပင်။
“အရင်းအနှီးလေးတော့ ပေးပါဟာ။ ငါတို့ မျက်နှာကို နင် ဒီတစ်သက် မမြင်စေရတော့ဘူ။ စိတ်ချ”
                   သို့သော် အရင်းအနှီးကုန်လျှင် ထိုမျက်နှာကို  ပြန်မြင်ရပြန်တာပင်။
“အလုပ်တွေက ချော်လို့ပါဟာ။ ဒီတစ်ခါ တကယ် နောက်ဆုံး”
                   မဆုံးနိုင်တော့သော နောက်ဆုံးတွေ အထပ်ထပ်ဖြစ်လာလျှင်တော့…
“ရှင့်တစ်သက် လယ်ပဲ ဦးစီးလုပ်တတ်ခဲ့တာ မဟုတ်ဘူးးလား။ ရောင်းရေးဝယ်တာနဲ့ ပတ်သက်လို့ သူများခိုင်းမျှ လိုက်လုပ်တတ်တာလောက် ရှင်တတ်တာလေ။  ခုချိန်မှာ ရှင်နဲ့တန်တဲ့ အလုပ်က လယ်သူရင်းငှား အလုပ်ပဲ ရှိတယ်”
                   လယ်ပိုင်၊ ကျွဲပိုင်ဖြစ်ခဲ့ဖူးသော ဘ၀ဟောင်းက သူ့အား သူရင်းငှားအဖြစ်ကို သိမ်ငယ်သယောင် ခြောက်လှန့်နေသည်ထင်ပါ၏။
“နင်တို့ ဆီမှာ လုပ်ရရင် လုပ်မယ်”
                   ဘုရားစူးရစေ့။ မနှင်းဆီခင်းထားသော အဆင်အကွက် မဟုတ်ခဲ့ရပါ။ သို့ပေမယ့် မနှင်းဆီအဖို့ ရေကန်အသင့် ဖြစ်ခဲ့သည်။
 တကယ်က လယ်တစ်ပွဲကို ဦးစီးရတာ မနှင်းဆီအတွက် မလွယ်ကူခဲ့ပါ။ သူတစ်စိမ်း ယောက်ျား အလုပ်သမားများကို ခိုင်းစေရတာ အဘက်ဘက်မှာ ချင့်တွက်ချိန်ဆနေရသည်။ တစ်လင်ကွာမိန်းမရယ်လို့လည်း အရိုသေတန်သော အပြုအမူများကို အတော်ကလေး သီးခံရသည်။ နှိမ်နှင်းရသည်။ အကျိုးအမြတ်ဖြစ်ထွန်းမှုမှာလည်း သူရှိစဉ်ကလို ကိုယ်ဖိရင်ဖိ မရှိနိုင်ပြီမို့ သူများ သဒ္ဒါသရွေ့သာ စားရတော့သည်ဟု ပြောရတော့မည်။
နေအိမ်က ရွာတန်းထဲမှာ ရှိတာဖြစ်သည်။ ကိုယ့်လယ်ထဲရောက်အောင် အိမ်ရှေ့ချောင်း တစ်ဖက်ကမ်းကို လှေဖြင့်ဖြတ်ကူးပြီးမှ သွားရသည်။ အရွယ်ရောက်စ သမီးကြီးကို စိတ်မချ၊ လက်မချ ကြားကပင် အငယ်နှစ်ယောက်နှင့်ထားကာ အိမ်စောင့်ရင်း ချက်ပြုတ်လျှော်ဖွတ် ကျန်ရစ်စေရသည်။ သားလတ်ကို လက်ကသုံးတောင်ဝှေးပြုလို့ ကန်သင်းရိုးမှာ လမ်းသလားပြရသည်။ ညရေး၊ ညတာမရှောင် တလင်းထဲ လှည့်ပတ်ကြည့်ရသည်။ ကောက်ဆိုင်ပုံရာမှာလည်း ၀င်ပါဖြစ်သည်ပင်။ ကောက်ပြန့်နယ်၊ လှေ့ကာ စပါးကျီထဲရောက်လေမှ အောင့်ထားရသော ပင့်သက်မောကို မှုတ်ထုတ်ဖြေလျှော့ချဖို့ သတိရတော့သည်။
 သားလတ်က ကျွဲနွားတွေကို ချစ်ခင်တွယ်တာတတ်သူ၊ လယ်ယာချောင်းမြောင်းကြားမှာ ပျော်မွေ့ချင်သူ ဖြစ်သည်မို့ ကျောင်းစာမှာ အာရုံလျော့သွားမှာလည်း ပူပန်ရသေးသည်။ ဒီနှစ် ရှစ်တန်းအောင်လျှင် အမေတို့ဆီပို့ကာ မြို့ကျောင်းမှာ ထားရတော့မည်။ သမီးကြီးကိုတော့ ရွာကျောင်းမှာ ရှစ်တန်းအောင်ပြီးကတည်းက ကျောင်းနုတ်လိုက်ရသည်။  သမီးကြီးကို ကျောင်းနုတ်လိုက်ရစဉ်က မနှင်းဆီတစ်ယောက်  ကလေးတွေ မသိအောင် ကျိတ်ငိုခဲ့ရသေးသည်။ ကလေးမ တိတ်တိတ်ကလေး မျက်ရည်ခိုးကျခဲ့ရှာတာကိုလည်း မသိချင်ယောင် ဆောင်ခဲ့ရပြန်သည်။
မနှင်းဆီကတော့ မျက်ရည်သွင်သွင်ကျနေရင်းက သူ့ကိုသာ စိတ်မှန်းရောက်ကာ ကြိမ်ဆဲပစ်လိုက် မိတော့တာပဲ။ တကယ်ဆို သူသာ အသိုက်အမြုံပြိုကွဲအောင် မဖျက်ဆီးခဲ့ဘူးဆိုလျှင် မနှင်းဆီတို့၏ စီးပွားရေး၊ လူမှုရေးသာမက ကလေးတွေ၏ ပညာရေးလည်းပဲ ခုလို ကမောက်ကမ ဖြစ်လာစရာ အကြောင်းမရှိပါ။ သူတို့လေးတွေ၏ အနာဂါတ်ရေးကိုလည်း တွေးမောနေစရာ လိုမည် မထင်။  သင်း လော်မာခဲ့လို့သာ။
ကိုယ့်ပတ်ဝန်းကျင်က ကလေးတွေ ရွှံ့ညွံအလူးလူးနှင့် ညစ်ထေးပေကျံလျှက် ချောင်းစပ်မှာ ပုဇွန်စမ်း၊ ဂဏန်းထောင်၊ လယ်ကွက်တွေ အနှံ့ ငါးမျှားကိုင်းတံ တလွှားလွှားဖြစ်နေကြတာ မနှင်းဆီ၏ အမြင်မှာ ဘ၀င်မကျ။ စိတ်လည်း မချမ်းမြေ့နိုင်ခဲ့ပါ။ ကိုယ်တွေ ငယ်ဘ၀ သဲထမ်းရင်း၊ မဆလာသယ်ရင်း လှမ်းငေးခဲ့ရသည့် ကျောင်းသားဘ၀ကို သားသမီးတွေ လက်ထက်မှာတော့ အပြည့်အ၀ အခွင့် အရေးရစေချင်မိပါသည်။ အကြီးမလက်ထက်မှာ မဖြည့်ဆည်းနိုင်ခဲ့တော့ ၀မ်းနည်းနာကျင်ခဲ့ရသည်။ သားလတ်လက်ထက်မှာတော့ဟု မောင်းတင်အားခဲ့ထားမိပြန်ပြီ။ ဒါကြောင့်သာ သူ့စကားအကျွံကို မနှင်းဆီက အမိအရ ဖမ်းဆုတ်လိုက်မိတော့တာ ဖြစ်သည်။
“ရှင် ဒီမှာ အလုပ် လုပ်နေတာကို အကြောင်းပြုပြီး ရှင့်ဟာမမျက်နှာကို မမြင်ရချင်ဘူး”
“သူကလည်း မင်းလိုပဲ ရှိမှာပေါ့”
                   ထောင်းခနဲ ဒေါသက ငယ်ထိပ်တက်ဆောင့်ချင်ပြန်သည်။ သင်းကများ  ရာရာစစ..။ သို့ပေမယ့်  ဘယ်သူက ရှောင်ချင်သည်ပဲ ဖြစ်ပါစေ။ တစ်ယောက်နဲ့တစ်ယောက် မမြင်တွေ့ကြရဖို့ အဓိက မဟုတ်လား။ ရှိစေတော့။
                   အကျိုးဆက်ကတော့ သူနှင့် ခပ်စိမ်းစိမ်းတန်းတန်း ဆက်ဆံနေကျ သားသမီးတွေက သူတို့အဖေဘက်သို့ ယိုင်လာကြတော့တာပဲ ဖြစ်သည်။
“နင်တို့ အဖေကို ဒီလောက် ခင်နေရင်လည်း မိထွေးအိမ်လိုက်နေကြ”
                   ကြားနာရသူသာ နားမှာ ခါးသက်တာမဟုတ်။ ပြောထွက်သူ အဖို့မှာလည်း ဘယ်လိုမှ နှုတ်မြိန်စရာ မကောင်းလှပါ။ သည်ကြားထဲ အရပ်ထဲမှာလည်း တီးတိုးစပ်စု စောင့်ငဲ့ကြတာ မသိချင်ယောင် ဆောင်လို့မရ။ အလိုလေး.. ဟိုတစ်ယောက်ကလည်း ဥစ္စာခြောက်နေရသည် ဆိုပါလား။
“ရှင့် ဟာမကို ပြောထားစမ်း။ လူ့လှေကို ၀က်လှေဖြစ်အောင် လုပ်တာ ဘယ်သူလည်းလို့”
                   နားမျက်စေ့တွေ ကန်းနေ၊ ပင်းနေသူလို သူမို့နေတတ်တာဖြစ်သည်။ ဒီမီးတွေကို စတင်မွှေးခဲ့သူမှာ သူမဟုတ်သလိုပင်။
“သီးခံလိုက်ပါကွာ။ ငါ တောင်းပန်ပါတယ်”
                   ရွှေပြည်အေးတရားပင် ဟောနေပြန်သေးသည်။ သို့သော် ပြီးစလွယ် သာဓုမခေါ်နိုင်သော မနှင်းဆီက…
“အဲဒီ မိန်းမကို ပြောလိုက်။ ဒီလောက် စိတ်မချတတ်ရင် ကြိုးနဲ့ပူးစည်းထားပြီး အငတ်နေကြလို့…”
“နှင်းဆီ။ မင်းစကားတွေက လွန်လှပြီ။ ငါက မင်းကျွေးထားလို့ ထမင်းဝနေတဲ့ကောင် လား။ မင်းပြောပုံက..။ ငါ တခြားမှာ လုပ်ကိုင် မစားတတ်လို့ မင်း ထမီနားလာခိုစားနေတဲ့ကောင် မဟုတ်ဘူး။ အဲဒါ မင်းမှတ်ထားစမ်း”
                   ရုတ်တရက် ခက်ထန်သွားသော သူအမူအယာ၊ စကားသံတို့ကို မကြုံစဖူးမို့ ခဏတော့ ငေးမေ့ မင်တက်မိသွားရသည်။
“ငါ မှန်ခဲ့တယ်လို့ မပြောပါဘူး။ မှားခဲ့တယ်။ ငါ မှားခဲ့ပါတယ်။ အဲဒီအတွက် အရွယ်မရောက်သေးတဲ့ ငါ့သားသမီးလေးတွေ မျက်နှာငယ်ခဲ့ရတယ်။ ခုလည်း မင်းတစ်ယောက်တည်း မနိုင်ဝန်ထမ်းပြီး  သူတို့တွေ ဒုက္ခရောက်ကြရမှာစိုးလို့ ငါ့အတ္တ၊ ငါ့မာနကို မေ့ထားပြီး ငါ… မင်းကို လာကူနေတာပါ။ အဲဒါတွေ သူများနားမလည်ပေမယ့် မင်း နားလည်သင့်တယ်”
                   ခက်ထန်ရိုင်းပြ နေခဲ့သော မနှင်းဆီ၏ စိတ်ဆင်ရိုင်းကလေး နူးညံ့ညွတ်ပြောင်းလာလုဆဲဆဲ…
“ပြီးတော့ မင်းသိထားသင့်တာက မင်းကို မပြတ်နိုင်လို့ လာပြီး ရစ်သီနေတာလည်း မဟုတ်ဘူးဆိုတာ…”
“ဖေဖေရော.. မေမေပါ  ဒီနေ့ မျက်နှာ မကောင်းကြပါလား။ စကားများထားကြလို့လား”
                   လယ်ထဲက အပြန် ချောင်းကို လက်ပစ်ကူးလာခဲ့ပြီး တစ်ခါတည်းရေချိုးခဲ့သည်။ အစ်မထံမှာ လုံချည်လှမ်းတောင်းသံ၊ မောင်နှမတွေ တိုးတိုးကြိတ်ကြိတ် တွတ်ထိုးသံတွေကို မနှင်းဆီက မရိပ်မိပဲနေပါ့မလား။ သူအစ်မ ပြောထားလို့ သိပြီးဖြစ်နေလျှက် သားက သူမသိသလို စကားစသည်။
“အပိုတွေ ပြောမနေပါနဲ့။ ကျောင်းဆင်းတာနဲ့ လွယ်အိတ်ပစ်ချပြီး လယ်ထဲလိုက်သွားတာ။ လယ်ထဲကိုရော တကယ်ရောက်လို့လား”
“ဟာ.. ရောက်ပါတယ်မေမေရ။ ဖေဖေ့ကိုတောင် ကျွဲတွေ ကူသိမ်းပေးခဲ့သေးတယ်လေ”
                   သားက မလုံမလဲ ပြုံးပြနေရှာသေးသည်။ မနှင်းဆီက သား၏ မျက်ဝန်းတွေထဲ စေ့စေ့စိုက်ကြည့်ပစ်ကာ…
”ဟို မိန်းမရဲ့ သားလည်း လယ်ထဲလိုက်လာတယ်ဆို”
                   ဒါဟာ တိုက်ဆိုင်မှု မဟုတ်ကြောင်း၊ သားနှင့် ချိန်းဆော့ကြတာ ပထမဆုံး အကြိမ်မဟုတ်ကြောင်း သား၏ အမူအယာတွေက သက်သေခံနေကြပါသည်။ ကလေးငယ်ကို သူကိုယ်တိုင် အိမ်လိုက်ခေါ်ခဲ့တာတောင် ဖြစ်နိုင်သေးသည်။
“ဖေဖေ့သားလေးက ချစ်ဖို့ ကောင်းလွန်းလို့ပါမေမေရာ။ စကားလည်း တတ်လိုက်တာ အလွန်ပဲ။ ဒီနှစ်မှ မူကြိုရှိသေးတာ။ ကကြီးခကွေး ဂျောင်းဂျောင်းပြေးနေပြီ။ ပြီး.. ကဗျာတွေလည်း ရနေတယ် သိလား။ ပြီးတော့ ဖေဖေ့သားလေးကလေ…”
“သားလတ်…”
                   မနှင်းဆီ ဖြတ်အော်လိုက်သောကြောင့် သားလတ်၏ မျက်နှာပေါ်မှ အပြုံးကလေးတွေ ရုတ်ချည်းပျောက်သွားသဖြင့် စိတ်မကောင်းဖြစ်ရပြန်သည်။ ဖေဖေ့သားလေးလို့ မနှင်းဆီရှေ့မှာ စကားမမှားအောင် သူ… သတိထားပြောနေရရှာတာ မနှင်းဆီ သိပါသည်။ သူက ညီလေးလို့ ချစ်နိုးမဆုံးရှိခဲ့တာ မနှင်းဆီ သိပြီးနေပါပြီ။
“အိမ်က ညီမလေးတို့လိုပဲ။ ဒါလည်း သားညီလေးပါပဲ ဖေဖေရယ် “
                   သူ့အဖေကိုတောင် လူကြီးလေးလို ပြောခဲ့သေးသည်ဆိုပဲ။
                   သားဖြတ်ကူးလာခဲ့သော အိမ်ရှေ့ချောင်းရိုးကလေးက ဒီရေကျချိန်မို့ ရေစီးသန်လှသည်။ ရေကိုတားသော် အကြားမထင်ဘူးလို့ ဘယ်သူတွေက မြော်မြင်စွာ ဆိုခဲ့ကြတာလဲ။  ပိုင်းခြားဖြတ်တောက်လို့ မရနိုင်သော ရေစီးကြောင်းမှာ မနှင်းဆီကရော အလိုက်သင့် မျှောပါလိုက်သွားရမှာလား။    ။
                                                                                              သတိုး
6 comments:
  1. အကိုရေးတဲ့ စာလေးတွေ ဖတ်တိုင်း ရင်ထဲစွဲညှိရတယ်...
    ReplyDelete
  2. ရေစီးကြောင်းသံယောဇဉ်မှာ မနှင်းဆီမျောမမျောတော့
    မသိဘူး သတိုးရေ။ တီတင့်တော့ ဇာတ်လမ်းလေးထဲ
    အဆုံးထိမျောသွားတယ်။ ရေးသားသရုပ်ဖော်ပုံတွေက
    မျက်လုံးထဲကွင်းကွင်းကွက်ကွက်ပါပဲ။ လက်တွေ့ဘဝတွေ
    အတိုင်းဖြစ်လေ့ဖြစ်ထရှိတဲ့လူနေမှုဘဝလေးတစ်ခုပါ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
    မေတ္တာဖြင့်
    အန်တီတင့်
    ReplyDelete
  3. မျောသွားတယ် အကိုရေ။
    အိမ်ထောင်ရေး ဖောက်ပြန်မှုတွေ တော်တော်လေး တရားရစရာကောင်းတယ်။
    ခင်မင်လျက်
    Junemoe
    ReplyDelete
  4. ဇာတ်လမ်းကတော့ ထုံးစံအတိုင်း သဘာဝကျကျ ဖတ်ကောင်းလိုက်တာ..
    သဘာဝ မကျတဲ့ ကိုယ့်စိတ်ကတော့ တစ်မျိုး..
    အဲလို အဖေမျိုးသာ ရှိခဲ့ရင် သူ့သားကို ချစ်ဖို့ နေနေသာသာ လှည့်တောင် ကြည့်ချင်မှာ မဟုတ်ဘူး..။
    ReplyDelete
  5. ကိုသတိုး ရေ
    စာလေးကို စိတ်ဝင်စားစွာနဲ့ ဖတ်သွားတယ် ကျေးဇူးပါ
    ခင်မင်စွာဖြင့်
    ရွှေစင်ဦး
    ReplyDelete
  6. ဒီပို့စ်လေးကို တင်တဲ့နေ့ထဲက ဖတ်ထားပြီးပြီ။ ကွန်နက်ရှင်နှိပ်စက်လို၊့ အခုမှ တစ်ခေါက်ပြန်လာ ကွန်မန့်ပေးရတာ။ မနှင်းဆီရဲ့စိတ်ကို မြင်အောင်ရေးထားတာလေး သဘောကျတယ်။ မာနတွေ တင်းခံထားပေမယ့် သားသမီးအတွက် စိတ်လျှော့ထားရတယ်။ ယောကျာ်းလုပ်သူကိုလဲ သံယောဇဉ်လေး အမျှင်တမ်းနေသလို ခံစားရတယ်။
    ReplyDelete
စိတ်ထဲ ခံစားမိသလို မျှဝေပြောပြခဲ့ပါဦး...။