Saturday, January 7, 2012

နာတာရှည် မျှော်လင့်ခြင်းများ



မျှော်လင့်ချက်ဆိုတဲ့ အရာတစ်ခုဟာ မေမေတို့မိသားစုရဲ့ကြားမှာ အခိုင်အမာ တည်ရှိခဲ့ဖူးပါတယ် သား။
********
မျှော်လင့်ချက်ဆိုတဲ့ အဲဒီအရာသာမရှိတော့ရင် မေမေတို့လူသားတွေရဲ့ အသက်ရှင်ရပ်တည်မှုဟာ ဘာများ အဓိပ္ပါယ် ရှိဦးမှာလဲ။ အဓိပ္ပါယ် ကင်းမဲ့နေတဲ့ဘ၀ဟာ နေပျော်စရာရော… ကောင်းပါဦးတော့မလား။ ရေသေလို ဘ၀ဟာ သေသည်နှင့်မခြား။
“မနုသတ္တဘာဝေါ၊ ဒုလ္လဘော” လို့ ဆိုကြရဲ့ မဟုတ်လား။ ရခဲလှတဲ့ လူအဖြစ်ကို အလွယ်နဲ့တော့ စွန့်ပစ်ထွက်ခွာသွားဖို့ မဖြစ်ဘူးနော်။ ဘ၀ဆိုတာ ဓါးသွားပေါ်က ပျားရည်စက်ဆိုရင်တောင် ဒဏ်ရာစက်လက်၊ သွေးအလိမ်းလိမ်းကြားကပဲ မက်မောတွယ်တာစရာ ကောင်းနေပြန်တာပဲ။ အဲဒီတော့ မျှော်လင့်ချက်ဆိုတဲ့ “သက်ဆက်ကြိုးလေး” ကိုလည်း မေမေကတော့ ဘယ်လိုအကြောင်းကြောင့်မှ စွန့်မပစ်နိုင်ဘူး။ မေမေ့ရဲ့သားဟာလည်း မျှော်လင့်ချက်တွေကို ရေစုန်မျှောပစ်လိုက်မယ့်သူ မဟုတ်ဘူးဆိုတာ မေမေ အကြွင်းမဲ့ ယုံကြည်နေပါတယ် ။ ဒီကမ္ဘာကြီး မရပ်တန့်သေးသရွေ့ လူသားတိုင်းမှာ မျှော်လင့်ခွင့်ဆိုတာ ရှိကို ရှိနေရမယ် မဟုတ်လား သားရယ်။
********
မျှော်လင့်ချက်ဆိုတာ မေမေတို့ရဲ့ လူသားဘ၀ အစမှာကတည်းက လူအဖြစ်နဲ့ အတူတကွ မွေးဖွားလာခဲ့တဲ့ ဖွားဖက်တော်တစ်ယောက်လည်း ဖြစ်နေသေးရဲ့ သား။
သားရဲ့ ငယ်ဘ၀နေ့ရက်တွေမှာ မျှော်လင့်ချက်များစွာနဲ့ ရွှေရောင်ပြိုးပြက်၊ တလက်လက်သက်ဝင်၊ ရှင်သန်လှပခဲ့ဖူးတာ…။ အမြဲတစေ ဖျတ်လတ်နိုးကြားနေခဲ့တာ..။ တက်ကြွရဲရင့်ခဲ့ဖူးတာ..။ မေမေ သိပ်အားရခဲ့တာပဲ။ သားဟာ ဖေဖေ၊ မေမေတို့ရဲ့ အနာဂါတ် အိပ်မက်ဦး။ ထွန်းတောက်ရဲရင့်၊ ပွဲလည်တင့်မယ့် သူကလေးပဲရယ်လို့လည်း ရင်ခုန်မျှော်လင့်ရင်း အရိပ်ကြည့် မ၀နိုင်ခဲ့။ ပြုစုယုယ မြဲခဲ့။
သားကို မွေးဖွားပြီးကတည်းက သားဟာ ဖေဖေ၊ မေမေတို့ရဲ့ အဆုံးမဲ့ မျှော်လင့်ချက်ကလေးပဲ မဟုတ်လား သား။ သားကို တော်ထူးထက်မြက်တဲ့သူ ဖြစ်စေချင်မိခဲ့တယ်။ ရိုးသားဖြောင့်မတ် စေချင်မိတယ်။ သူတပါးကို ကိုယ်နဲ့ထပ်တူ စာနာတတ်စေချင်တယ်။ လိုအပ်ရင် စွန့်လွှတ်စွန့်စား အနစ်နာခံတတ်တဲ့ ရဲဝံ့သတ္တိမျိုးလည်း သားမှာ ရှိစေချင်ပါတယ်။ ပြီး…
အိုး… သားနဲ့ပတ်သက်တဲ့ မေမေ့ရဲ့ မျှော်လင့်လောဘတွေက မဆုံးစတမ်း များပြားလွန်းလှချည်လားကွယ်။ ဒါပေမယ့် မေမေ ကံကောင်းခဲ့ပါတယ်။ မေမေ့ရဲ့ သားကလေးဟာ မေမေမျှော်လင့်ထားခဲ့သလို အတိအပ ဖြစ်မလာနိုင်ခဲ့ပေမယ့် သားကြောင့် မေမေ တစ်ကြိမ်တစ်ခါမျှ အရှက် မရခဲ့စဖူး။ မျက်နှာ အောက်မချခဲ့ရစဖူးး။ သားက မေမေ့အိပ်မက် တချို့တ၀က်မကကိုတောင် စွမ်းဆောင်ပေးခဲ့သေးတယ် မဟုတ်လား။ အဲဒီအတွက်လည်း သားမှာ ၀န်ထုတ်ဝန်ပိုး မဖြစ်ခဲ့ဘူး။ ပင်ပန်းတကြီးလည်း မဖြစ်ခဲ့ပါဘူးနော်။ သားကိုယ်တိုင် ယုံကြည်လက်ခံနိုင်ခဲ့လို့သာ သိတတ်စွာ ကြိုးစားစွမ်းဆောင်ခဲ့တာ မဟုတ်လား။ ကိုယ်တိုင် မယုံကြည် ၊ လက်မခံနိုင်တဲ့ အရာမှန်သမျှကို သားက ဟန်ဆောင်ပန်ဆောင်ကလေးတောင် အသိမှတ်ပြုဖော် ရတဲ့သူမှ မဟုတ်ပဲ။
ပြီး…မမျှတဘူးထင်လျှင် အားနည်းသူဘက်မှ ဖေးကူချင်သော သားက မိမိ ယုံမှတ်သော အမှန်တရားအတွက် လိုအပ်လျှင် အာခံဆန့်ကျင်ရဲသည့် စိတ်လည်းရှိသးသည်။
မေမေ မထင်မှတ်သော သားရဲ့ ယုံကြည်မှု၊ စွမ်းဆောင်စွန့်လွှတ်မှုများ အတွက်တော့ဖြင့် မေမေ့တစ်သက် ဂုဏ်ယူလို့တောင် ဆုံးနိုင်တော့မည်မထင်။ ဒါပေမယ့် အဲဒီအတွက် မေမေတို့ ပြန်လည်ပေးဆပ်ခဲ့ ရတာကတော့ ဘ၀နဲ့ကို ချီပါရောလား သားရယ်…။
*********
မေမေ့မှာ သားတစ်ယောက်လုံး ရှိသေးတယ်ဆိုတဲ့ အသိ၊ အဲဒီနှောင်ကြိုးလေးဟာ မြစ်ကူးချောင်းခြားခရီးကို မမောမပမ်း အရောက်လှမ်းနိုင်စေခဲ့တယ် သား။ ဒီခရီးဟာ မေမေ့အဖို့တော့ ရိုးတောင် နေပါပြီ။ သားနဲ့သာ တွေ့ခွင့် ရမယ်ဆိုရင် ဘယ်လို ခက်ခဲကြမ်းတမ်းတဲ့ ခရီးကိုမှ မေမေ မမှုပါဘူး။ သားရဲ့ ညီမလေးနဲ့ သူခင်ပွန်းသည်က မေမေ့ကိုယ်စား သားဆီ လာတွေ့ပါ့မယ်လို့ ပြောတိုင်း မေမေ လက်မခံဘူး။ အဖော်လိုက်ပေးချင်ကြတယ် ဆိုရင်တောင် မေမေကတော့ တစ်ခေါက်တစ်ကျေးလောက်သာ ခေါင်းညိတ်ခဲ့တာပဲ။ သူတို့မှာလည်း သူတို့တာဝန်၊ သူတို့စီးပွားနဲ့ ကိစ္စ၀ိစ္စ အများသား မဟုတ်လား။ တစ်ခါတရံတော့ ညီမလေးလည်း အစ်ကို့ကို အလွမ်းပြေ တွေ့ချင်ရှာမယ်၊ သားလည်းပဲ ညီမလေးကို မျှော်နေလေမလားရယ်လို့ အဖော်ခေါ်ဖြစ်ခဲ့တာပါ။ အခါများစွာမှာတော့ မေမေတစ်ယောက်တည်းပဲ။
အခုလည်း သားဆီရောက်ဖို့၊ သားနဲ့တွေ့ရဖို့အတွက် သင်္ဘောပေါ်မှာ ကွေးကွေးကလေး ၊ တရေးမျှသာ မှေးစက်ခဲ့ရပေမယ့် မေမေ မောနွမ်းချိနဲ့ မနေပါဘူး။ နံနက်လင်းလို့ သင်္ဘောကမ်းကပ်ချိန်မှာ မေမေက အားလုံးရဲ့ရှေ့ဆုံးကပဲ။ ကုန်းဘောင်တံတားပေါ် အကူအတွဲမရှိပဲ ခြေလှမ်းမှန်မှန်၊ တည်တည်ငြိမ်ငြိမ် လှမ်းတက်နိုင်ခဲ့တာပဲ။ သားအတွက် အချိုအချဉ် ဖွယ်ရာစုံလင်အောင် မေမေ စီမံမလာနိုင်ပေမယ့် သားသိပ်ကြိုက်တဲ့ ခြူးနဂါးဆေးပေါ့လိပ် တစ်ထုတ်တော့ မမေ့မလျော့ ပါလာခဲ့သေးရဲ့။ သား အိမ်မှာ ရှိစဉ်ကတော့ ဆေးလိပ်သောက်လွန်းတဲ့သားကို မေမေ့မှာ ငြိုငြင်ပြစ်တင်ရတာ အမော။ ခုတော့ အလိုလောဘ နည်းပါးလှတဲ့ မေမေ့သားတစ်ယောက် သူကြိုက်တဲ့ ဆေးပေါ့လိပ်ကလေးမှ အာသာဖြေ ရှိုက်ဖွာခွင့် ရပါရဲ့လားလို့ မေမေ စိတ်ပူမိတယ်။
မေမေ ဘယ်မိတ်ဆွေ၊ ဘယ်ဆွေမျိုးဆီမှ နှုတ်ဆက်ဝင်ထွက် လုပ်မနေတော့ဘူး။ လေးဆူဓါတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီးကိုတောင် ကားပေါ်ကပဲ ဦးတော်တင်လို့ လှမ်းဖူးခဲ့တယ်။ အပြန်ခရီးကျမှ တပည့်တော်မရဲ့ သားကလေးနှင့်အတူ ဖူးရောက်ခွင့် ပေးသနားပါ အရှင်ဘုရား။ ခုတော့ သားဆီအရောက် နောက်ကျနေမှာ စိုးရိမ်ပူပန်နေရတာမို့ပါ။
လှောင်အိမ်ထဲက ထွက်လာတဲ့ ငှက်ငယ်ကလေးတွေရဲ့ လွတ်လပ်ပေါ့ပါးမှုမျိုးနဲ့ သားရဲ့ ခြေလှမ်းသွက်သွက်တွေကို မေမေ လှမ်းငေးချင်တယ် သား။ လူအုပ်ကြားမှာ ရောနှောနစ်မြုတ်နေမယ့် မေမေ့ကို သားကတော့ ရုတ်တရက် လှမ်းတွေ့နိုင်မယ် မထင်ဘူးနော်။ မေမေကတော့ “သားရေ… မေမေ ဒီမှာဟေ့” လို့ ၀မ်းမြောက်အူမြူးသံကြီးနဲ့ အော်ခေါ်မှာပဲ။ သား.. မကြားမချင်း။ ဒါပေမယ့် သားရဲ့ နားအစုံက မကြားနိုင်တဲ့ မေမေ့အသံကို သားရဲ့ နှလုံးသားလေးကတော့ အသေအချာ ကြားမှာပဲ လို့ မေမေ ယုံကြည်တယ်။ မေမေ့ကို တွေ့ချင်ဇောကြီးလွန်းလှတဲ့သားဟာ လူထုပရိတ်သတ် ကုဋေကုဋာကြားက မေမေ့ကို မလွဲမသွေ တွေ့ရမှာပါပဲ။
နံနက်ဦးနေခြည်အောက်မှာ မျှော်လင့်ချက်တွေ တလက်လက်တောက်ပနေကြတယ် သား။ သားတို့လို ဘ၀တူတွေရဲ့ မိသားစုဝင်တွေ။ အဲ မေမေနဲ့ ဘ၀တူတွေပေါ့နော်။ ဟိုတစ်စု၊ သည်တစ်စု ပြန့်ကျဲနေရာက ခဏအတွင်းမှာ လူပင်လယ်ကြီး ဖြစ်သွားတော့တာပဲ။ စိတ်အတွေးတွေက ဆယ်စုနှစ်ကျော်ကာလဆီ ပြန်ရောက်ကြ။ နှုတ်က အတိတ် တချို့ တ၀က်ကို ပြန်လှန်တူးဆွကြရင်း ပင်ပန်းတကြီး ခက်ခဲကြမ်းတမ်းစွာ လွန်မြောက်ခဲ့ရတဲ့ အချိန်တွေကို နှမျောတသမိကြ။ တံတိုင်းကြီးရဲ့နောက်ကို စိတ်လှုပ်ရှားစွာ မျှော်လင့်တကြီး လှမ်းငေးမိကြတာလည်း အကြိမ်ကြိမ်ပါပဲ သားရယ်။
*********

သားတို့ ဖေဖေရဲ့ နောက်ဆုံးနေ့ရက်တွေမှာ သားကို တွေ့လိုဇောနဲ့ တမ်းတ ခဲ့ရှာတယ်။
သားတစ်ယောက် ဖေဖေ၊ မေမေတို့နဲ့ ဝေးလွင့်ခဲ့ရတာ တစ်ကြိမ်တစ်ခါတည်းမှ မဟုတ်တော့ပဲ။ မိဘရင်ငွေ့ကလေး ပြန်လာခိုလှုံလိုက်။ မကြာခင် ရွက်လွှင့် လိုက်ပါသွားခဲ့ရပြန်…။ ဒါပေမယ့် ယုံကြည်ချက်ကိုတော့ ဘယ်တော့မှ မစွန့်လွှတ်ဘူးလို့ တစ်ခေါက်ပြန်လာတိုင်း တစ်ခါကြွေးကြော်ခဲ့တဲ့ သားဟာ ဒီတစ်ကြိမ်တော့ ဝေးဝေးလွင့်လွင့်၊ အကြာကြီးကြာမြင့် ခဲ့ပြီနော်။ ဖေဖေဆုံးတဲ့ သတင်းကိုတောင် ရက်အတန်ကြာမှ သားသိနိုင်ခဲ့သည် မဟုတ်လား။
ဖေဖေမရှိတော့ သားကို မေမေလည်း ပိုလို့ လွမ်းမိရဲ့။ သို့ပေမယ့် မျှော်လင့်ချက်များစွာဖြင့်သာ မေမေအလွမ်းဖြေရတော့မည်လေ။ တစ်နေ့တော့… သား ပြန်လာမည်။
*********
ဖလ်ဝါနေမင်းလည်း တဖြည်းဖြည်း ပူရှိန်ပြင်းလာခဲ့ပြီ။ မေမေတို့အားလုံးရဲ့ မျှော်လင့်ချက်တွေဟာလည်း ရဲရဲငြီးငြီး တောက်လောင်နေကြပြီ။
ဟော… တချို့တော့ လာနေကြပြီ။ လှုပ်လှုပ်ရွရွလူအုပ်ကြီးလည်း ကုလားအုပ်လည်ပြန် မျှော်ငေးနေကြတော့တာ။ ၀မ်းမြောက်အားရသံ တချို့ တိုးသဲ့သဲ့။ သက်ပြင်းကြိတ်ရှိုက်သံတွေက ပိုလို့ ကျယ်လောင်လွှမ်းမိုးလို့လာပြီ။ သားရော.. ရောက်မလာသေးဘူးလား။
နောက်မှာ … နောက်ထပ်တစ်စု။ သား … ပါမလာပြန်ဘူးကွယ်။
နောက်မှာ…။
မေမေ့ မျက်နှာဟာ ပြိုမယ့်မိုးလား။
နောက်ထပ် တစ်စု….။
မျက်ဝန်းမှာ ငွေ့ရည်ဖွဲ့လို့ တစိမ့်စိမ့် စွတ်စို။
နောက်ထပ်…….
ဟင်…နောက်ထပ်ဆိုတာ မရှိနိုင်တော့ဘူးလား။
ပါးပြင်အနှံ့ မျက်ရည်မြစ်တို့ စီးသွယ်။
မေမေ မျှော်ရောက်နေလိမ့်မယ်လို့တော့ သား သိနေတယ်မဟုတ်လားကွယ်။
**********
ဘာပဲဖြစ်ဖြစ်……
စိတ်မလျှော့လိုက်နဲ့ သား။
မျှော်လင့်ချက်ဆိုတဲ့ အရာတစ်ခုဟာ မေမေတို့မိသားစုရဲ့ကြားမှာ အခိုင်အမာ တည်ရှိနေတုန်းပဲလေ။



သတိုး



7 comments:

  1. အဲဒီလို မျှော်လင့်နေကြတဲ့ မိသားစုပေါင်းများစွာ ဘယ်လောက်တောင် သောကမီးတွေနဲ့ ပူလောင်နေမလဲဆိုတာ စာနာမိရပါတယ်အကိုရေ...
    မျှော်လင့်ခြင်းများ ရောင်နီသန်းနိုင်ပါစေလို့ ဆန္ဒပြုရင်း...

    ReplyDelete
  2. ဒါဏ်ရာရနေတဲ့ နာတာရှည် မျှော်လင့်ချက်တွေ မြန်မြန်အဆုံးသတ်စေချင်ပါပြီ...

    ReplyDelete
  3. တစ်နေ့တော့ ရောက်လာမည်ပေါ့ဗျာ။ စောင့်လက်စနဲ့ ဆက်စောင့်ကြရုံပေါ့။ သူ့သားအတွက် သူ့အမေလဲ ကျေနပ်ဂုဏ်ယူနေမှာ သေချာပါတယ်။

    မြင်တတ်တွေးတတ်ရေးတတ်တယ်။ တဂျီးနဲ့ တခြားစီဘဲ။း) တဂျီးက ခပ်ပေါ့ပေါ့ လျှပ်ပြေးလေးတွေဘဲ တွေးတတ်ရေးတတ်တယ်။

    ReplyDelete
  4. မျှော်လင့်ရင်းနဲ့ပဲ သေဆုံးရမှာပါပဲလေ။
    မျှော်လင့်ရုံပဲ တတ်နိုင်တယ် မဟုတ်လား။

    ReplyDelete
  5. ဟန်ကြည်January 8, 2012 at 2:06 PM

    အင်း မျှော်လင့်ချက်ဆိုတာ လူသားတိုင်းရဲ့ အသက်ပဲ ကိုသတိုးရေ...ပန်ဒိုရာသေတ္တာထဲက လက်ကျန်ပစ္စည်းကလည်း အဲဒီမျှော်လင့်ချက်ကလေးပေါ့...

    မျှော်လင့်ခွင့်ရှိနေတာလေးတစ်ခုနဲ့တင် ကျေနပ်နေရတာလည်း ကြာလှပေါ့...

    ReplyDelete
  6. ဒီပိုစ့်လေးဖတ်မိတော့ မျှော်လင့်နေကြတဲ့ လူတွေ အများကြီးရဲ့ မျက်နှာကို မြင်ယောင်မိပါရဲ့
    မျှော်လင့်သလို ဖြစ်မလာလို့ စိတ်ပျက်ညှိုးငယ်သွားရရှာတဲ့ သူတို့မျက်နှာတွေကိုကြည့်ပြီး ရင်ထဲက မချိပါဘူး
    မျှော်လင့်ချက်ကို ပျက်ပြားအောင် လုပ်ရက်ကြသူတို့ကိုလည်း စိတ်ဆိုးမိပါသည်။

    ReplyDelete
  7. မျှော်လင့်ချက်နဲ့ အသက်ရှင်နေကြရတယ်...
    မျှော်လင့်ချက်နဲ့ အသည်းနှလုံးတွေ အားလုံး ပြန်လည် ပေါင်းစည်းခွင့် ရချင်လှစေချင်စမ်းတယ်..။

    ReplyDelete

စိတ်ထဲ ခံစားမိသလို မျှဝေပြောပြခဲ့ပါဦး...။