Thursday, December 29, 2011

ဘယ်သူ့ကြောင့်


                                                                                                                       
ညက အိပ်မက်မှာ ဖိုးသိကြားကို တွေ့ပြန်သည်။
အိပ်မက်မှနိုးသောအခါ အရီးပျိုသည် ထုံးစံအတိုင်း လှိုက်လှဲသည်းထန်စွာ တ၀ကြီးငိုကြွေးပစ်လိုက်ပြန် တော့သည်။ ငိုလို့ ၀သွားတော့ လူလည်းမောနွမ်းကာ အိပ်ယာပေါ်ပြန်လှဲချနိုင်တော့သည်။
ဒါပေမယ့် အရီးပျို…ပြန်အိပ်မပျော်နိုင်တော့။

``အရီးပျို….။ ဖိုးသိကြားတစ်ယောက်တည်းနေ နေရတယ်..´´

ဖိုးသိကြား၏ မျက်နှာငယ်ငယ်လေးက အတွေးအာရုံမှာ တရစ်ဝဲ၀ဲ။

``ဖိုးသိကြား တစ်ယောက်တည်းမနေချင်ဘူး… .ဟင့်´´

ငိုမဲ့မဲ့လေး ဆိုနေပြန်သေးတာ အရီးပျို မျက်လုံးထဲ ဖျောက်ဖျက်မေ့ပျောက် မသွားတော့နိုင်။
အိပ်ယာကနိုးတော့ နေတောင် အတော်မြင့်လှပြီ။ ဦးခေါင်းတွေနာကျင်ကိုက်ခဲကာ မကြည်လင်လှသော စိတ်နှင့်ပင် ဈေးသို့ သွားဖို့ပြင်ဆင်ရပြန်သည်။
သနပ်ခါးအဖွေးသားနှင့် သစ်လွင်သားနားစွာ ဈေးအတွင်းလှမ်းဝင်လာသော အရီးပျိုအားမြင်လေလျှင် ဈေးသူဈေးသားတွေ အချင်းချင်း လက်တို့သတင်းပေးပို့ကာ သတိအနေအထား ပြင်ဆင်ပြီးဖြစ်နေကြပြီ။

``ဟော…အရီးပျို၊ ဒီနေ့နောက်ကျတယ်နော်…´´

သူ့ထက်ငါ အလုအယက် ဖေါ်ရွေပြကြပါသည်။

``အရီးပျိုတို့ပဲ အေးတယ်။ ဘယ်အချိန်ကြည့်ကြည့် လှလှပပ။ စိတ်ကိုချမ်းသာနေတာပဲ။ အားကျလိုက်တာ……´´

အရီးပျို၏ တုန့်ပြန်ပြုံးက ပီပြင်ပါရဲ့လားမသိ။ သူတို့တတွေ ကြည့်ငေးအားကျနေရသော အရီးပျို၏ ဘ၀က သူတို့ထင်သလောက် မအေးချမ်း၊ မငြိမ်သက်လှတာ ကိုယ်တိုင်သာသိသည်လေ…။
ဈေးထဲအ၀င် နောက်ကျပေမယ့် အေးအေးလူလူဝယ်ရင်းခြမ်းရင်း အချိန်ဖြုန်းနေရသေးသည်။ ဈေးကွဲချိန် တိုင်လာခဲ့လျှင်တော့ တစ်ဆိုင်ဝင်၊တစ်ဆိုင်ထွက် ပျားပန်းခပ်ရတော့ပြီ။

``ညည်းတို့နော်..၊ကျုပ်ဆီမှာ လာယူတုန်းကတော့ ဒီမျက်နှာ၊ ဒီအချိုးမျိုးတွေလား။ ပြန်ပေးခါနီးကျရင် ဖြစ်လာကြပြီ။´´

ပေးစရာရှိလျှင်ပေးပြီး ရစရာရှိတဲ့လူကိုလည်း ရှေ့မျက်နှာနောက်ထားကာ မျက်နှာအပွေးသတ် အားမနာ စတမ်း စကားစစ်ထိုးရတော့တာပင်။

``ဒီရက်တွေထဲ ဈေးအရောင်းပါးလို့ပါ အရီးပျိုရယ်။ ကျွန်မ အရီးပျိုကို ဘယ်တုန်းကဘယ်တုန်းက ဆိုင်းထား၊ ချန်ထားဖူးလို့လဲ။ ဒီနေ့တစ်နေ့တည်းပါ၊ တောင်းပန်တာပါ။´´
``ဒါဆို မနက်ဖန်ကျရင် နှစ်ရက်စာပေါင်းပေးမှာလား….´´
``ဟင်…၊ အင်းပါ အရီးပျိုရယ်။ ကျွန်မကြိုးစားကြည့်ပါ့မယ်။´´
``အေး..ပြီးရော….၊ညည်းစကားတည်ပါစေနော်…´´

အရီးပျို၏ အတွေ့အကြုံအရတော့ သူတို့တတွေ....ဘယ်သူမှ၊ ဘယ်အခါမှ စကားမတည်တတ်ကြပါ။ စကားမတည်ရကောင်းလားရယ်လို့ တေးမှတ်ဗွေယူလို့လည်းမဖြစ်နိုင်တာ အရီးပျိုသိပါသည်။ကိုယ့်ဘက်က အသာစီး ရနေတယ်ရယ်လို့ စီးလားနင်းလား နှုတ်လွန်မိလျှင် နေ့စဉ်ရက်ဆက် ရန်ပွဲ အလီလီ နွှဲနေရရုံသာ ရှိတော့မည်။ပြီးလျှင် အခေါ်အပြော စိမ်းတန်းသွားတော့ကာ ကိုယ်ပေးကမ်းလက်လွန်ထားမိသမျှ အတိုးရရန်ဝေးလို့ ငွေရင်းပြန်ရဖို့တောင်
လမ်းစ မြင်ရတော့မည်မဟုတ်။ သည်တော့….. သူတို့ ရောင့်တက်မလာအောင်၊ ကိုယ့်ကို လေးစားရွံ့ရှိန်ရုံသာ ခပ်ဖိဖိတင်းတင်း ပြောနိုင်ရုံရှိလေသည်။

နောက်တစ်နေ့…ကိုယ့်ငွေ ပြန်ရမလာသေးတော့လည်း နုတစ်လှည့်၊ ကြမ်းတစ်ခါလှည့်ပတ်ပြောရ ဦးတော့ မှာပင်။

                                               **************

``အရီးပျိုနဲ့ဆက်ဆံရတာ စိတ်ချမ်းသာတယ်´´

ဒီစကားမျိုတွေ အရီးပျိုနားထဲပြန်ရောက်လာတော့ တစ်ကိုယ်တည်း ပြုံးဖြစ်ရသေးသည်။ ဘယ့်နှယ်ကွယ်။ ကိုယ့်ဆိုင်ရှေ့ နေ့တဓူဝ လာရပ်၊ ကြွေးတောင်းနေကျလူနဲ့ဆက်ဆံရတာ စိတ်ချမ်းသာစရာလား။ ဒါပေမယ့် သူတို့စကား၏ အနက်အဓိပ္ပါယ်ကို အရီးပျိုသိပါသည်။ လဆိုင်း၊ခေါက်ပြန်ပေး၊နေ့ပြန်တိုး… စသည့် သူတို့တွေ၏ နေ့စဉ်စီးပွားကူးသန်းလောကမှာ ဆက်ဆံဖူးသမျှ ငွေရှင်၊ကြေးရှင်တို့နှင့်စာလျှင်တော့ အရီးပျိုက အကောက်ထဲက ခပ်ကွေးကွေးလေးရယ်ပေါ့။
ရုံးပြင်ကန္နား တိုင်တန်းမတောင်း။ အော်ဟစ်ဆဲဆိုကာ ရန်မထောင်။ ကြွေးဟောင်းမကျေသေးလည်းပဲ အငိုကောင်းလျှင် အသစ်ထပ်ယူလို့ရနိုင်သေးသည်။
အရီးပျို၏ နေရာကကြည့်တော့လည်း အထီးတည်းခြောက်သွေ့လွန်းသော မိမိ၏ဘ၀မှာ သူတို့တတွေ သာ တွယ်မှီိအားထားရာ။ ထိတွေ့ဆက်ဆံစရာ။ တဖျစ်တောက်တောက်ပြောစရာ သူတို့တတွေသာမရှိလျှင်
ပြောနေကျစကား လုံးတွေတောင် မေ့ကုန်မှာစိုးရသည်။
ငယ်စဉ်ကတည်းက မျက်နှာခပ်တည်တည်၊ မျက်ဝန်းစူးစူးတွေနှင့် အရီးပျိုက စကားထွေလီလည်း ဖွယ်ဖွယ်ရာရာ မဆိုတတ်ခဲ့။ တုံးတိတိ ၊တည့်တိုးပဲဆိုကာ ဘယ်သူ့ကိုမှ ထီမထင်ပုံ ဖမ်းထားလိုက်သေးသည်။
အရီးပျို အပျိုဖော်ဝင်စအရွယ်မှာပင် အမေဆုံးခဲ့သည်။ အဖေက သူ့အလုပ်ကလွဲလျှင်မိသားစုကိစ္စ ထွေထွေရာရာကို လှည့်မကြည့်၊ စိတ်မ၀င်စား။ သည်တော့ အရီးပျိုအောက်က မောင်၊ညီမသုံးယောက်ကို ကိုယ်ပဲလူကြီး လုပ်ကာ
အုပ်ချုပ်စီမံရတော့သည်။ အမေရှိစဉ်က အမေထမ်းရွက်နေကျ အိမ်မှုတာဝန်နေ့စဉ်ဝတ္တရားတို့ကို အကြီးဆုံး ဖြစ်သော အရီးပျိုကပဲ
မနိုင့်တနိုင် တာဝန်ယူဖြေရှင်းပေးနေရတော့တာပင်။

``ဟေ့..အလတ်ကောင်နဲ့ အငယ်ကောင်တို့…၊ ကျောင်းချိန်နီးနေပြီ မဟုတ်လား၊ လာ…ရေချိုးတော့´´
``…..မီးငယ်လေးက ခဏစောင့်ဦးနော်၊ မမကြီး ဒီမှာသူတို့ဖို့ထမင်းဘူးပြင်ပေးလိုက်ဦးမယ်။ အင့်… ဒီမုန့်ကလေးစားထား…´´

အငယ်ဆုံးမက အမေဆုံးတော့ လေးနှစ်သမီးသာရှိသေးသည်။ လူဖြစ်လာကတည်းက တစ်အိမ်လုံး၏ အသည်းကြော်ကလေးဖြစ်ရာ မိတဆိုးကလေးဖြစ်လာပြန်တော့ သနားကြင်နာပိုကြရပြန်တော့သည်။
သင်းကလေးကလည်း တစ်အိမ်လုံးအပေါ် ဗိုလ်ကျဆိုးနွဲ့ကာ အစ်မကြီးအပေါ်မှာတော့ကပ်မခွာရှိနေပြန် တာကြောင့် ကိုးတန်းနှစ်အရောက်မှာ အရီးပျို တစ်ယောက် ကျောင်းကနားလိုက်ရတော့သည်။

``ငါ့သမီးကြီးရှိလို့တော်တော့တယ်´´

အဖေက အသိအမှတ်ပြုရှာပါသည်။ အရီးပျိုတို့ကလည်း သက်ဆုံးတိုင်အောင် တစ်ပင်လဲမူတစ်ပင်ထူ မသွား ခဲ့ရှာသောအဖေ့ကို ကျေးဇူးတင်မဆုံးနိုင်အောင် ရှိခဲ့ကြပါသည်။
အရီးပျို၏မောင်နှစ်ယောက် ရှေ့ဆင့်နောက်ဆင့် အိမ်ထောင်ကျပြီးချိန်မှာတော့ အဖေလည်းအသက်အရွယ် အတော်ရင့်ငြောင်းလာခဲ့ပြီ။

``ငါ့သမီးကြီးရော…အိမ်ထောင်လေး ဘာလေးပြုဖို့ မစဉ်းစားတော့ဘူးလား။´´

အရီးပျိုက ကြိုတင်ပြင်ဆင်ထားပြီးသလိုပင် ဦးခေါင်းကို တိတိပပ ရမ်းခါပြလိုက်ပါသည်။

``ကျွန်မ စိတ်မ၀င်စားပါဘူးအဖေရယ်။ဒီအရွယ်ပဲရောက်နေပြီ။နေတတ်ပါပြီ။´´

``ဟင်..မမကြီးက အပျိုကြီးလုပ်မှာလား..´´
``အင်းပေါ့။ အံမယ်…ညည်းလေးလည်း အပျိုကြီးပဲလုပ်ရမှာနော်၊ မမကြီးနဲ့ ညီမလေး ဒီလိုပဲတစ်သက်လုံးအတူတူ နေသွားကြမယ်လေ….´´

ကိုယ့်စကားက အခြေအမြစ်မဲ့နေတာ အရီးပျိုနားလည်ပါသည်။ ဒါပေမယ့် အရီးပျို၏ ညီမကလေးဟာ အရီးပျိုအတွက်တော့ သမီးကလေးနှင့်မခြားခဲ့။ ဆယ်တန်းတစ်နှစ်ကျပြီးသား သည်အပျိုဖားဖားကလေးသည် အရီးပျို၏အမြင်မှာတော့ အမေဆုံးပြီးစ ပီဘိ လေးနှစ်သမီးကလေးသာပင်။
ညီမလေးတစ်ယောက် အိမ်ကပျောက်တော့ အရီးပျိုတစ်ယောက် ပျာယာခပ်ပူလောင်ကာ ဖျတ်ဖျတ်လူးမတတ် ရင်နင့်ခံစားခဲ့ရလေသည်။

                                            ***********

                      စကားရိုင်းရိုင်းခိုင်နှိုင်းဆိုရလျှင်တော့``ကိုယ်ခြံဝင်ကိုယ်နွား´´ဟုမွေးစားရတော့မှာပင်။
                      ကိုယ်တွေက ဒီတစ်ဦးတည်းသော ညီမလေးကို ပြတ်တောက်စိမ်းကား မနေနိုင်ကြဘူးမဟုတ်လား။ ဒါပေမယ့် အရီးပျို၏ မတ်အသစ်ကလေးက ကေသရာဇာလေးဖြစ်သည်။ ဘာထူးသေးလဲ။ အရီးပျိုတို့၏ ညီမလေးသည်လည်း ခြင်္သေ့မလေး အလား မြှောက်စားမြှင့်တင် ထားခဲ့ကြတာပဲ မဟုတ်လား။
သင်းတို့နှစ်ယောက်ကို အရီးပျိုက အထွဋ်တင်ထားပါသည်။ ဒါပေမယ့် မျက်နှာသာတော့ မပေးနိုင်ခဲ့။ သူတို့ ကိုယ်၌က အသိမကြွယ်ကြသေးတာလား။ အသက်အရွယ်ကွာခြားမှုအရ အရီးပျိုကပဲ အမြင်အတွေးနားလည်မှု လွဲမှားခဲ့သည်လားမသိ။
ဘာပဲပြောပြော အမြင်မတော်လျှင်တော့ ပြောဆိုဆုံမရမည်ပင်။ ကိုယ့်မှာဝတ္တရားရှိသည်၇ယ်လို့လည်း အရီးပျိုက ယုံကြည်ထားလေသည်။

``နေရ၊ စားရတာ မလွတ်လပ်ဘူး။ အပြစ်ပဲလိုက်မြင်နေတာပဲ´´
``အဲလိုဆိုလည်း စိတ်တိုင်းကျတဲ့နေရာ ကြွကြ….´´

                    ကိုယ်ကလူကြီးပဲရယ်လို့ စကားအရာနှင့် နိုင်စားပြောလိုက်မိတာပေမယ့် သူတို့တတွေကလည်း မခေကြပေ။ လင်မယားနှစ်ယောက်သား တက်ညီလက်ညီ အိတ်ဆွဲဆင်းကြတော့ ကိုယ့်မှာ မတားသာ။ မျက်နှာလွှဲဖယ်ကာ မျက်ရည်သာ ကြိတ်သုတ်ရတော့သည်။ သင်းတို့ အိမ်ပေါ်က ဆင်းသွားကတည်းက ကြိတ်မျှော်ခဲ့ရသလောက် သူတို့ကတော့ ပျော်မော်မဆုံးနှင့် သတိတောင်ရနိုင်အားရဲ့လားမသိ။

``ရန်ဖြစ်ကြတာလည်းတကျက်ကျက်ပဲ´´

စိတ်မချမ်းသာရပြန်။ ကိုယ့်အိမ်ပေါ်မှာဆို ဒီလိုတွေအဖြစ်မခံ။ လိုက်သွားပြန်ခေါ်ဖို့ အကြိမ်ကြိမ်အား တင်းသေးသေးပေမယ့် မသင့်ဘူးထင်ပါရဲ့။ သူတို့ဘာသာ ပြန်လာကြရင်တော့ အကောင်းဆုံးပေါ့။ အရီးပျို နေ့စဉ်မျှော်နေမိတာကြောင့်လားမသိ။ ကေသရာဇာလေးမပါပဲ ခြင်္သေ့မလေးတစ်ယောက်တည်း အိမ်ပြန်ရောက်ချလာပါသည်။

``ဒီတစ်သက် အပြတ်ပဲ´´
``ဟဲ့…မဦးမချွတ်…´´

ညီမလေး၏ ၀မ်းဗိုက်ပုံ့ပုံ့လေးကို ကြည့်ကာ အရိးပျို ဘုရားတနေမိသည်။ နှုတ်ကသာ နာကျည်းစကားတွေ ဆိုနေသော်လည်း သူ့ကိုယ်ဝန်ကလေး လရင့်လာလေလေ.. သူ့ကေသရာဇာလေးကို ပို၍မျှော်ငေးလေလေဆိုတာ အရီးပျိုက ရိပ်မိနေပါသည်။ ဒါပေမယ့် ပုဂ္ဂိုလ်လေးက အရိပ်အရောင်တောင် လာပြဖေါ်မရ။ အရီးပျိုမနေနိုင်တော့စွာ
ထွက်စုံစမ်းလေမှ ပိုဆိုးတော့သည်။ ဟိုကလေးက တစ်ပြည်ရပ်ခြားပဲ ထွက်ခွာသွားတော့သလိုလို….။

``တစ်နေ့နေ့ အဆင်ပြေရင် ပြန်လာမှာပေါ့ဟယ်..´´

အရီးပျိုနှစ်သိမ့်မိသော တစ်နေ့နေ့ကို လက်ချိုးရေစောင့်ရင်း ညီမလေးတစ်ယောက် ညှိုးချုံးကျလာ ခဲ့ပါသည်။

``ညည်းမှာလည်းမပေါ့မပါးနဲ့နော်။ကိုယ့်ကိုယ်ကိုယ်ကျန်းမာအောင်နေ…´´

အရီးပျိုသတိပေးရင်း၊ ဂရုတစိုက်စောင့်ကြည့်နေရင်းမှပင် ဖိုးသိကြားကို မွေးဖွားအပြီးမှာ ညီမလေးတစ်ယောက် လူ့လောကကို နှုတ်ဆက်လက်ပြ သွားခဲ့ပါတော့သည်။
ပူလောင်သောကတို့ကို ခံစားနေဖို့ထက် ရှေ့ရေးကိုသာ ကြိုတွေးပူပင်လေ့ရှိသော အရီးပျိုသည် ညီမလေးကို လွမ်းတိုင်း သူမ၏ကိုယ်ပွား ဖိုသိကြားကိုသာ အတိုးချပြုစုယုယနေမိတော့သည်။
မောင်နှစ်ယောက်၏သားသမီးများက ``အရီးပျို´´ဟုခေါ်ကြရာက တစ်ရပ်ကွက်လုံးရှိ ငယ်ရွယ်သူအားလုံးက ``အရီိးပျို´´လိုက်ခေါ်ခဲ့ကြတာ။ ခုတော့ ဖိုးသိကြားကပါ အရီးပျိုတဲ့လေ။ မေမေခေါ်ခိုင်းဖို့ အရီးပျိုကြိုးစားကြည့်သေးသည်။
ဖိုးသိကြားက အရီးပျိုပဲ..။
ဘာပဲပြောပြော ဖိုးသိကြားသည် အရိးပျို၏ ဘ၀ငုတ်တိုအတွက်တော့ အညွန့်အညောက်မျှော်လင့်ချက် ရောင်ခြည်ကလေးပဲဖြစ်သည်။ ဖေဖေဆုံးသွားခဲ့လျှင်တော့ ဖိုးသကြားသည် အရီးပျို၏ တစ်ခုတည်းသောဖက်တွယ်
တည်မှီရာစစ်စစ် ဖြစ်လာခဲ့တော့သည်။

                                   ***********

``အရီးပျိုဆီလာတာ´´

မြင်ကတည်းက အရီးပျိုသိနှင့် နေပါသည်။ ခြံဝိုင်းခြင်းကပ်လျှက် နေလာခဲ့ကြတာပဲ သူတို့အိမ်ထောင် တစ်သက် ရှိခဲ့ပြီမဟုတ်လား။
 အရေးအကြောင်းရှိလျှင် ငယ်ပေါင်းကြီးဖေါ်တွေလို အင်မတန်အားကိုးရတဲ့ သည်ကလေး လင်မယားဟာ
အရီးပျို၏အိမ်ကို အကြောင်းကိစ္စမရှိပဲ ၀င်ထွက်လည်ပတ်လေ့မရှိကြပါ။

``လဲ့ရီတို့က အိမ်လည်တတ်တဲ့အကျင့် မရှိလို့ပါအရီးပျိုရယ်၊ နှစ်ယောက်စလုံးကလည်း အလုပ်တွေတစ်ဖက်နဲ့
ဆိုတော့လေ…။ ဒါပေမယ့် အရီးပျိုကိုတော့ ကိုယ့်မိဘလိုသဘောထားပါတယ်။ခင်ပါတယ်….။´´

ယောက်ျားဖြစ်သူကလည်း…….

``အရီးပျိုခိုင်းစရာရှိရင် ခေါ်ပါ၊ခိုင်းပါ။ အားမနာပါနဲ့´´

အရီးပျိုကိုယ်တိုင်ကလည်း လဲ့ရီတို့လင်မယားကိုတော့ ကိုယ့်တူသားနောင်မယ်၊သွေးသားရင်းချာ များလိုပင် နှစ်လိုခင်မင်လှပါသည်။
သူတို့၏သားလေး ခိခိက ဖိုးသိကြားထက် ခြောက်လခန့်ကြီးပါသည်။ ဖိုးသိကြားလသားအရွယ် နီတာရဲလေးကို သူတို့တတွေက ခိခိနှင့်တန်းတူထားကာ နို့မျှတိုက်ပေး၊ ၀ိုင်းကူမျှပေးကြသေးတာကြောင့်သာ အရီးပျိုကသီလင်တ မဖြစ်ခဲ့ရတာ…။
ဖိုးသိကြားနှင့် ခိခိတို့ ဆော့ကစားတတ်သည့် အရွယ်ရောက်လာခဲ့လျှင်တော့ အရီးပျို၏ အိမ်ဝိုင်းကလေးသည် ကလေးနှစ်ယောက်၏ ကစားကွင်းဖြစ်လာခဲ့တော့သည်။

``ခိခိကိုခေါ်ပေးပါ။ ဖိုသိကြားပျင်းလို့ပါ´´

ဖိုးသိကြားကနေံ့စဉ် ဂျီကျလေ့မြဲ။ ခိခိက ဖိုးသိကြား၏ ဆိုးမျိုးကို သီးခံအလိုလိုက်တတ်သူဖြစ်သည်။
နေ့လည်နေ့ခင်းတွေမှာ အရီးပျိုခမျာ တရေးမှေးစက်ချိန်တောင်မရ။ သူတို့နှစ်ယောက် အရိပ်အကဲကို စောင့်ကြည့်ကာ စိတ်မချ။
ဖိုးသိကြားက ချူချာသူလေးလည်းဖြစ်သည်။ ကလေးတို့သဘာဝ ခိခိက ခုန်ပေါက်လှုပ်ရှားဆော့ကစားတာ မြင်လျှင်သူကလည်းချက်ချင်းအတုခိုးကာ လိုက်ပါ၊လိုက်ဆော့တတ်လေသည်။ ပြီးလျှင်တော့ ခြေပစ်လက်ပစ်မောပမ်း ဟိုက်ထိုး
နေပြန်တော့သည်။ ညပိုင်းရောက်လျှင်တော့ ဖိုးသိကြားတို့ကိုယ်ငွေ့နွေးစပြုပါပြီ။
ဖိုးသိကြားနေမကောင်းသောရက်များမှာ ခိခိက ခဏငယ်မျှ ရောက်လာကြည့်တတ်ကာ သူ့အိမ်မှာသာ ပြန်ဆော့ဖို့ပြင်သည်။

``ခိခိ….မပြန်နဲ့´´
``ခိခိရယ်…။ မပြန်ပါနဲ့ဦးကွယ်။ ညီလေးအိပ်ပျော်အောင် ခဏစောင့်ပေးပါဦးနော်´´

….ပြောလျှင် အရီးပျိုပေးသောမုန့်ကလေးကိုင်ကာ ဖိုးသိကြားအနားမှာ ရှာကြံဆော့ပေးတတ်သော ခိခိကို အရီးပျို ချစ်နိုးမဆုံး ရှိရပြန်ပါသည်။
ဖိုးသိကြား၏ တစ်ဝမ်းကွဲမောင်နှမများဖြစ်သော အရီးပျို၏ အခြား တူ၊တူမများသည် အနေဝေးရုံမက သွားလာဆက်ဆံမှုလည်း ကျဲပါးကြလေရာ အရီးပျိုတို့တူဝရီးအပေါ် သံယောဇဉ်နည်းပါးကြဟန်ရှိပါသည်။
သူတို့မိဘတွေကစလို့ယူငင်စရာ အရေးအကြောင်းမပေါ်ပဲ အရီးပျိုထံသို့ ခြေဦးလှည့်မလာတတ်ကြပါ။ အဲတော့ အရီးပျိုကလည်းတောင်းရမ်းချေးငှားလာကြသောအခါ ဘယ်ခါမှ မငြင်းဆန်ခဲ့သော်လည်း ရင်ထဲကြိတ်ခဲမပြေ တာလေးတွေတော့သိသိမှတ်မှတ်ဖြစ်အောင် ပြောလိုက်ရမှ….။

``နင်တို့ လိုချင်စရာရှိမှ ငါ့ဆီလာ အဆဲခံကြတာပဲ…။ အဆဲခံအလျော်ယူဆိုတာ နင်တို့တွေကိုပြောတာ´´

နှုတ်ချို သျှိုတစ်ပါးရယ်လို့ အရီးပျို မသိမဟုတ်ပါ။ ဒါပေမယ့် ဆွေမျိုးစုကြားမှာ အရီးပျို ကျင့်သုံးဖြစ် နေတာကတော့ ``နှုတ်ကြောင့်သေ၊လက်ကြောင့်ကျေ´´ ဟုပဲပြောရတော့မည်။ အရီးပျိုထံ အရောက်အပေါက်နည်းပါးလှသော သူတို့တတွေက ဖိုးသိကြားကိုကျတော့ ၀န်တိုမစ္ဆရိယ ပွားကြပြန်သေားရာ……

``မျက်စောင်းထိုးမနေကြနဲ့၊ ငါပိုင်တာမှန်သမျှ ငါသေရင် ဖိုးသိကြားကို ပဲပေးခဲ့မှာ´´
``ဟွန့်..သူတူကဖြင့် သက်ဇိုးရှည်ပါစေဦး´´

ဖိုးသိကြားကို ထိပါးလာခဲ့လျှင်တော့ အရီးပျို ဆွေ့ဆွေ့ခုန်လေသည်။
ဒါပေမယ့် သူတို့စကားအတိုင်းဖိုးသိကြားက လှူု့လောကမှ စောစီးစွာထွက်ခွာသွားခဲ့ပြန်လျှင်တော့…

``နင်တို့အားလုံး ငါ့အိမ်ရိပ်ကိုမနင်းနဲ့…´´

ရင်နာသောနှလုံးဖြင့် ကျုံးအော်ပစ်လိုက်သည်။
အမှန်က အရီးပျိုခံစားနေရသမျှ သောကပဋိဒေ၀တို့ လျော့ပါးသက်သာရာ ရလိုရငြားထွက် ပေါက်ရှာမိတာ ပဲဖြစ်သည်။ အချိန်တန် တစ်ယောက်တည်းကျန်နေရစ်ရသောအခါ သူတို့တတွေကိုအရီးပျိုအမှန်တကယ်ပင် မျှော်တနေခဲ့မိပါသည်။

                               ************

အရီးပျို၏နေ့စဉ်ဘ၀က ပေးရန်၊ ရရန်ရှိသူတို့နှင့် စကားခြေတင်မှ မဆိုရလျှင် ဖိုးသိကြားအကြောင်း တွေးနေ၊ ဖြေမပြေ ဖို့သာရှိတော့သည်။

``အရီးပျို….´´

အရီးပျို လန့်ဖျတ်သတိဝင်သွားခဲ့ပါသည်။

``အရီးပျိုဆီ ငွေနည်းနည်းလှည့်ချင်လို့….၊ အဲဒါ….လဲ့ရီ အဲလိုမျိုးတစ်ခါမှ မပြောဖူးပါဘူး အရီးပျိုရယ်။ အခုက…ခိခိ..ခိခိကို
ဆေးရုံတင်ရဖို့ဖြစ်လာလို့…´´

အရီးပျို အံ့သြလန့်ဖျတ်သွားရပြန်သည်။

``ခိခိ..။ ခိခိ…ဘာဖြစ်လို့လဲ လဲ့ရီရယ်…´´
မျက်ရည်လေးတလည်လည်နှင့်လဲ့ရီရှင်းပြနေတာကို နားထောင်ရင်း အရီးပျို၏ မျက်ဝန်းတွေ စိုစွတ်လာ ကြပါသည်။

``စိတ်မပူပါနဲ့လဲရီရယ်။ ရိုးရိုးဖျားတာ နာတာမျိုးပဲဖြစ်မှာပါ။ အဖျားကရက်လည်းရှည်သွား၊ ကလေးကလည်း နုသေးတော့
နည်းနည်းပြင်းထန်သလိုထင်ရတာ နေမှာပါ´´
………ကဲ…အရီးပျိုဆီက ဘယ်လောက်လိုချင်လဲ။´´
``ဟို…အရီးပျို…။ ဒီ..ဒီဆွဲကြိုးလေး ဘယ်လောက်တန်သလဲ မသိဘူး´´
``မလိုပါဘူးလဲ့ရီရယ်။ အရီးပျိုကို ဘယ်လိုများထင်နေလဲဟယ်။ ဒီအချိန်မှာ ဒါတွေပြောနေရတာ ခရီးဖင့်လိုက်တာ…´´
                     ……ကဲ၊သမီးလိုချင်တာသာပြော။ ထပ်လိုသေးရင် ပြန်လာဦး..ဟုတ်လား။´´
``ကျေး…ကျေးဇူးတင်လိုက်တာ အရီးပျိုရယ်။´´
``မလိုပါဘူးဟယ်။ နေဦး… အရီးပျိုပါ တစ်ခါတည်းလိုက်ခဲ့မယ်…´´

ဘုရား…ဘုရား…။ ခိခိတစ်ယောက် နေကောင်းကျန်းမာပါစေ….။

                                        ***************

အိပ်မက်မှာ ဖိုးသိကြားကို မကြာခဏ မြင်မက်နေမိခြင်းဟာ မိမိ၏ စိတ်စွဲလန်းမှုကြောင့်ဟု အရီးပျိုလက်ခံ ပါသည်။ ဒါပေမယ့်…..

``ဖိုးသိကြားတစ်ယောက်တည်း မနေချင်ဘူး။ ခိခိကိုခေါ်ပေး….´´

အဲဒီလို ငိုယိုပူစာသော အိပ်မက်မြင်ကွင်းမျိုးအတွက်တော့ စိတ်မကောင်းခြင်းကြီးစွာနှင့်အတူ အထိန့် တလန့်ရှိလှသည်။ ပြီး…ခိခိနေမကောင်းဖြစ်ရပုံကိုလည်းကြည့်….။ အခြားကလေး အဖော်ရွယ်တူတွေနှင့် ကောင်းကောင်း မွန်မွန်ဆော့ကစားနေ လျှက်က …

``ဟိုမှာ…ဖိုးသိကြား….´´

ဆိုကာ ရုတ်တရက်ကြီး လမ်းပေါ်ပြေးထွက်သွားခဲ့တာ။ အရှိန်ဖြင့်မောင်းလာခဲ့သော ဆိုင်ကယ်က အချိန်မီရုံကလေး
ဘရိတ်အုပ်နိုင်ခဲ့လို့ တော်တော့သည်။ ဒါတောင် ချော်လဲပြီးပွန်ပဲ့သော ဒဏ်ရာအရှိန်ဖြင့် ခိခိကလေးဖျားလေပြီ။
ထိုအဖျားက ရက်ကြောရှည်ကြာ လာခဲ့လျှင်တော့ ခိခိတစ်ယောက် ဆေးရုံပေါ်ရောက်ခဲ့ရပြီ။
အရီးပျိုသည် ခိခိထံ နေ့စဉ်သွားရောက် သတင်းမေးကာ ဒီရက်ထဲမှာအိပ်မက်တွေ ရက်ဆက်လာခဲ့တာအတွက် အပြစ်တစ်ခု ကျူးလွန်ထားမိသလို လိပ်ပြာမလုံရှိလှသည်။ အိပ်မက်ကလန့်နိုးတိုင်းလည်း ဗျာပွေသောခံစားချက်တိြု့ဖင့်……

``ဖိုးသိကြား ကောင်းရာသုကတိရောက်ပါစေ…..´´
``ခိခိကလေး အမြန်ဆုံးပြန်လည်နေကောင်းကျန်းမာပါစေ…..´´

လက်အုပ်တချီချီ ဆုတောင်းရတာအမော။
ကိုယ့်အိပ်ယာထဲက ကိုယ့်အိပ်မက်ကို ကိုယ်တိုင်ဖွင့်မပြောလျှင် ဘယ်သူသိမှာလဲ။ ဒါပေမယ့် အရီးပျို နောက်ကျောမလုံပါ။
ဖိုးသိကြား ဆုံးပြီးစကတော့ ဆောက်တည်ရာမဲ့နေသော အရီးပျိုသည် သူတပါးမိသားစုတွေ စုစုရုံးရုံး၊ ပျော်ပျော်ရွှင်ရွှင် မြင်ရလျှင် မရှုစိမ့်သဖြင့် မျက်နှာလွှဲဖယ်နေခဲ့မြဲ။ ရပ်ကွက်ထဲရှိ နာရေးကိစ္စမှန်သမျှ ရင်းနှီးနေသူတွေရော၊ မျက်မှန်းတန်မိရုံတွေပါမကျန် သတင်းကြားသည်နှင့် ရောက်အောင်သွားပြီးသားဖြစ်သည်။ သူတကာတွေ ငိုကြွေးနေကြ၊ ပူဆွေး သောကရောက်နေကြတာ မြင်နေရလျှင်ပဲ အရီးပျို၏ ခံစားနေရသမျှသောကတို့ ပြေလျော့သက်သာ ရာရ သွား ခဲ့သလိုပင်။
ချစ်သောသူတို့နှင့် ကွေကွင်းရသော ဆင်းရဲဒုက္ခသည် အရီးပျိုတစ်ယောက်တည်းအတွက်တော့ မဖြစ်သင့် ဘူးမဟုတ်လား။

``ဆွေနည်း၊မျိုးနည်း ငါ့သားလေးလည်း အဖော်ရမှာပဲ….´´

အဲသလို အရီးပျိုသည် စိတ်တွေတည်ငြိမ် အနည်ထိုင်စပြုလာခဲ့လျှင်တော့ မိမိ၏အတွေး၊ ၀န်တိုမစ္ဆရိယစိတ် တို့အတွက် ထိတ်လန့်ကြောက်ရွံ့ရန် သတိတရရှိလာခဲ့ပါသည်။ ဘုရား…..ဘုရား…။ သည်လို ယုတ်ညံ့နိမ့်ကျသော
အတွေးစိတ်ကူးမျိုးတွေကို ဘူရားတပည့်တော်၏ ခန္ဓာကိုယ်အတွင်းမှ ဖယ်ရှားရှင်းလင်း ပေးတော်မူပါ။
ထိုအချိန်ရောက်လေမှ တရားရိပ်သာသွားရန် အရီးပျိုသတိရလိုက်တော့တာဖြစ်သည်။ ဒါပေမယ့်… ကိုယ်ရောက်ဖူးကျင်လည်နေကျဝန်းကျင်ဒေသလည်းမဟုတ်ပြန်တာ ကြောင့် ခြေလှမ်းတုံ့ရပြန်သည်။ ပြီး… သွေးရူးသွေးတန်း ဖြစ်လေမှ ဘုရားခြေတော်ရင်းပြေးဝင်ဆောက်တည်ရာရှာမိသော အဖြစ်မျိုးကိုလည်း ဘ၀င်မကျနိုင်ပါ။
အရီးပျို၏ နေအိမ်မှာ ဆီမီးမြိုင်မြိုင်၊ မွှေးရနံ့တဝေေ၀ဖြင့် ညစဉ်ဘုရားဝတ်တက်၊ အမျှဝေ….။ ပြီး…
ဝင်လေသသိ…၊ ထွက်လေသိ….။
 ဆောက်တည်ရာရ တည်ငြိမ်စပြုလာပြီဖြစ်သော အရီးပျိုသည် တခါတရံ ဖိုးသိကြားကို အိပ်မက်မြင်မက်မိပြန်လျှင် မျက်ရည် အရွှဲသားဖြင့် ငုတ်တုတ်မိုးလင်းရပြန်တော့သည်။ခုတော့ ဖိုးသိကြားက…

``ခိခိကိုခေါ်ပေး…..´´

……..တဲ့လေ။ အဲဒီအိပ်မက်မျိုးတွေက ခိခိနေမကောင်းကြောင်း ကြားသိရကတည်းက ရက်ခြားဆိုသလို အရီးပျိုထံ ရောက်လာတတ်ခဲ့တာ။
ဖိုးသိကြား… အဲဒီလိုမပြောရဘူး……။ ထိုစကားကို ပြောမည်ကြံတိုင်း မပြောဖြစ်မီ အိပ်မက်မှလန့်နိုးခဲ့ရတာ အကြိမ်ကြိမ်မို့ ကြိတ်မနိုင်ခဲမရ ဒေါသဖြစ်မိရသေးသည်။
တကယ်က မိမိစိတ်နေမှန်ခဲ့လျှင် ဒီအိပ်မက်မျိုး မြင်မက်လာစရာ အကြောင်းကိုမရှိတာ..။ အရီးပျိုသည် မိမိ ကိုယ်ကိုအပြစ် တင်ဖို့ရင်း အချိန်နှင့်အမျှ စိတ်ပင်ပမ်းခြင်းကြီးစွာ ရှိနေရတော့သည်။

``ခိခိကို ကျွန်မတို့ လက်လွှတ်ရတော့မလားမသိပါဘူး အရီးပျိုရယ်….´´

ဒုတိယအကြိမ်ငွေလာအယူမှာ မျက်ရည်အရွှဲသားနှင့် ပြောသွားခဲ့သော လဲ့ရီ၏စကားတွေကို နှစ်သိမ့်တုန့် ပြန်မပြုနိုင်ခဲ့သော်လည်း အရီးပျို၏ နားထဲကမထွက်။ ပြီး…..

``ခိခိကိုခေါ်ပေး…၊ခုခေါ်ပေး…´´

ဖိုးသိကြား၏ အသံတွေ…။ အရီးပျို ခေါင်းတွေနောက်ကာ အော့အန်ချင်သလိုပင် ဖြစ်လာရသည်။ အိပ်ယာ ထဲမှာ ခဏငယ်ကလေး လဲလျောင်းလိုက်ချင်တာတောင် မ၀ံ့ရဲတော့ပြန်။ မတော်တဆ အိပ်ပျော်သွားခဲ့လျှင် ဖိုးသိကြား ရောက်လာမှာလား…….။
အရီးပျိုသည် ပန်းတွေဝေနေသော နေအိမ်ဘုရားကျောင်းလေးမှာပင် ရေချမ်း၊ဆီမီး၊အမွှေးနံ့သာတိုင်တွေ စီစီညီညီကပ်လှူပူဇော်ကာ ဘုရားဝတ်ပြုနေလိုက်သည်။ ပြီးလျှင်…ကိုယ်တိုင်အမျှအတန်းပေးဝေ…ကာ ကိုယ်တိုင်သာဓု အ ကြိမ်ကြိမ်ခေါ်ဆိုနေလိုက်ပြန်သည်။ ထို့နောက် ကျုံ့ကျုံ့ထိုင်ပုံစံမပျက် ၊မျက်လွှာကလေးအသာချလျှက် ငြိမ်သက်နေလိုက် သည်။
အာရုံမှာ….
ဝင်လေသိ……။ထွက်လေသိ……..။
ဖိုးသိကြား…..။ဟင့်အင်း……
ဝင်လေသိ…..
ခိခိကလေးရော…နေကောင်းရဲ့လား….
ဝင်လေသိ……၊ထွက်လေသိ.......

                                   ********

``ခိခိရေ…ခုမှနေကောင်းစပဲရှိသေးတယ်။ဘယ်ကိုတုန်း…..”
``အရီးပျို ဆီကို….´´
``ဟယ်…မသွားရပါဘူး သားလေးရယ်..။ လာ….ပြန်လာခဲ့”
``ဟင့်….´´
``ဒီမှာ မေမေပြောတာ နားထောင်စမ်း သားလေး။ အရီးပျိုက အခု သူ့အိမ်မှာမနေတော့ဘူး…။ အဲ.. အရီးပျို အိမ်ပြောင်းသွားပြီ သားလေးရဲ့´´
``ဘယ်ကိုပြောင်းသွားတာလဲ….´´
``ဟိုး…အဝေးကြီးကို….။ ဖိုးသိကြားနောက်ကို လိုက်သွားတယ်……´´။          


                                                                                                  သတိုး

8 comments:

  1. လူတွေရဲ့ အတ္တကို ဖော်ပြထားတဲ့ ဝတ္ထုလေးပါဘဲ
    ကိုသတိုးဝတ္ထုတွေက ဇာတ်ကောင်စရိုက်တွေပီပြင်တော့ ဘယ်လိုရေးရေး ဖတ်လို့ကောင်းတယ်
    အသိတရားလေးတွေလည်း ရစေတယ်..
    အရီးပျိုကို သနားမိပါရဲ့..

    ReplyDelete
  2. စိတ်ထဲမှာနင့်ခနဲဖြစ်သွားတယ်..ဖိုးသိကြားလေးလည်း သနားလိုက်တာ..အရီးပျိုလည်း သနားမိတယ်.. အကို့ ၀တ္ထုတွေက အရမ်းကောင်းတယ်။

    ခင်မင်လျက်
    Junemoe

    ReplyDelete
  3. အကိုဖော်ပြတဲ့ ရူဒေါင့်လေးတွေကို အားကျလေးစားမိတယ် အကို...
    ခံစားအားပေးလျှက်ပါလို့..

    ReplyDelete
  4. ဒါလေးက ဘယ်ချိန်ကြည်ကြည့် စိတ်ထဲ နင့်သွားအောင် စွမ်းဆောင်နိုင်တယ်

    ReplyDelete
  5. စိတ်ထဲမှာ ဆို့နင့်ကျန်ခဲ့ရတယ်
    အရီးပျူိအတွက်ရော...
    ဖိုးသကြားလေးအတွက်ပါ...။

    ReplyDelete
  6. အရင်က ဖဘမှာ ကတည်းက ဖတ်ဖူးတယ်။
    တော်တော် နှစ်သက်ပါတယ်။

    ReplyDelete
  7. ဆရာ သတိုး-ခင်ဗျား
    ကျွန်တော်ဟာ နွေမိုးအမည်နဲ့ အွန်လိုင်းဝက်ဆိုက်များပေါ်မှာ
    လေ့လာနေသူတစ်ဦးဖြစ်ပါတယ်။ စာရေးဆရာတစ်ဦးလည်းဖြစ်ပါတယ်။
    အခု ကျွန်တော်ဟာ အင်တာနက်နဲ့ပတ်သက်တဲ့စာအုပ်တစ်အုပ်ထုတ်ဝေဖို့
    စီစဉ်နေပါတယ်။ ထုတ်ဝေနေကျ နည်းပညာစာအုပ်မျိုးမဟုတ်ပါ။
    အင်တာနက်ဝက်ဆိုက်များနဲ့ နီးစပ်မှုမရှိ၊ ကျွမ်းဝင်မှုမရှိသေးသူများ
    အင်တာနက်ဝက်ဆိုက်များပေါ်က ဖော်ပြချက်များကို သိရှိခံစားနိုင်ဖို့ရည်ရွယ်ပြီး ထုတ်ဝေမယ့်စာအုပ်ဖြစ်ပါတယ်။ စာအုပ်အမည်ကို Paper Websiteလို့ပေးထားပြီး
    အမှတ်စဉ်တပ်ပြီး ထုတ်ဝေသွားမှာဖြစ်ပါတယ်။
    အဲဒီစာအုပ်လေးထဲမှာ ၀က်ဆိုက်များပေါ်က ကောင်းနိုးရာရာ၊ လူအများဖတ်သင့်တယ်
    လို့ယူဆရတဲ့ စာပေများကို ဖော်ပြသွားဖို့ စီစဉ်ထားပါတယ်။
    ဘာသာရပ်အလိုက်… ဘာသာရေး၊ ကျန်းမာရေး၊ အလှအပနှင့်ဖက်ရှင်၊ ၀တ္ထုတိုများ၊
    ဟာသများ၊ ကဗျာ၊ ကာတွန်း…စသည်ဖြင့် တစ်အုပ်ချင်း စုစည်းထုတ်ဝေမှာဖြစ်ပါတယ်။
    လူကြီးမင်းရဲ့ -သတိုး--၀က်ဆိုက်မှာဖော်ပြထားတဲ့
    ပတ္တမြားလှံတံ နှင့် ဘယ်သူ့ကြောင့် (၀တ္ထုတို၂ပုဒ်)-ကို နှစ်သက်တဲ့အတွက်
    ကျွန်တော်ထုတ်ဝေမယ့် Paper Websiteစာအုပ်မှာ ထည့်သွင်းအသုံးပြုခွင့်ပေးပါရန်
    ပန်ကြားအပ်ပါတယ်။ လောလောဆယ်တွင် စာအုပ်မှ အကျိုးအမြတ်ကို မျှော်လင့်၍မရပဲ
    အရှုံးခံထုတ်ဝေရမည်ဖြစ်၍ စာမူခချီးမြှင့်နိုင်မည်မဟုတ်ပါသဖြင့် နားလည်ခွင့်လွှတ်ပေးပါရန်
    တောင်းပန်အပ်ပါသည်။ စာအုပ်လက်ဆောင်ပေးပို့ပေးပါမည်။ စာအုပ်ပို့ပေးနိုင်ရန်
    လူကြီးမင်း၏လိပ်စာကို အောက်ပါအီးမေးသို့ပေးပို့ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

    nwaytamun@gmail.com

    စာအုပ်ပေးပို့ရန် အခက်အခဲရှိတဲ့နေရာဆိုရင် (ဥပမာ) နိုင်ငံခြားမှာနေသူဆိုရင်
    စာအုပ်ပီဒီအက်ဖိုင်ကို ပို့ပေးပါမယ်။

    နောက် ဆက်လက်ထုတ်ဝေမည့်စာအုပ်များတွင်လည်း
    ပုံနှိပ်ဖော်ပြရန်သင့်လျော်သည့် လူကြီးမင်း၏စာမူများကို
    မည်သည့်ဝက်ဆိုက်မှဖြစ်စေ အသုံးပြုခွင့်ပေးပါရန်နှင့် အသုံးပြုလိုပါက
    ခွင့်ပြုချက် ကြိုတင်တောင်းခံသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

    ခင်မင်လေးစားစွာဖြင့်-
    နွေမိုး

    ဆရာခင်ဗျား-
    ပတ္တမြားလှံတံဝတ္ထုရဲ့ comment boxမှာလည်း ခွင့်တောင်းစာ ရေးထားပါသေးတယ်။
    ဆရာ့ဆီက ခွင့်ပြုချက်စောင့်ရင်းနဲ့
    ဘယ်သူ့ကြောင့်ကို ဖတ်မိတော့
    ထပ်ပြီးကြိုက်တာနဲ့ ခွင့်ထပ်တောင်းလိုက်ရပါတယ်။
    ဆရာလည်း ကွန်မန့်တွေ မဖတ်ဖြစ်လို့ အကြောင်းမပြန်ဖြစ်တာ ထင်ပါတယ်။
    အကြောင်းပြန်ကြားပေးပါရန် လေးစားစွာ ခွင့်တောင်းအပ်ပါတယ်ဆရာ။
    ခင်မင်လေးစားလျှက်-
    နွေမိုး

    ReplyDelete
  8. ကောင်းရာကောင်းကြောင်း ပြောဆို အားပေးကြတဲ့ မိတ်ဆွေများကို ကျေးဇူးတင် အမှတ်ရနေမှာပါ။

    ကိုနွေမိုး..>> ကျွန်တော် မေးလ်ပို့ထားပါတယ်။ gtalkလည်း အက်ထားပါတယ်။ ကျွန်တော်ဘက်က နောက်နှေးပျက်ကွက်ခဲ့တာအတွက်လည်း တောင်းပန်ပါတယ်။
    ခင်မင်သော...သတိုး

    ReplyDelete

စိတ်ထဲ ခံစားမိသလို မျှဝေပြောပြခဲ့ပါဦး...။