Sunday, December 11, 2011

ရောင်းစားခြင်း


                    အားလာ လား…။ နာလိုက်တာဗျာ။ အဲဒီမိန်းမ လုပ်လိုက်ရင် ဒီလိုချည်းပဲ။ လက်ကို ဆေးလူး၊ ပတ်တီးစည်းတာလောက်ကို လူသတ်နေသလား မှတ်ရတယ်။
                   ကျုပ်… စိတ်တွေ တိုလိုက်တာ။ ဒဏ်ရာတွေကနာ..၊ ဖြစ်ပြီးသမျှကို တရိပ်ရိပ်ပြန်တွေးပြီး တနုံ့နုံ့ ဒေါသတွေက အလိပ်လိုက်တက်။ ဒီကြားထဲ မိန်းမက အပြုစု မကျွမ်းကျင်၊ မငြင်သာတော့ ကျုပ်ဒေါသတွေက အနီးဆုံးမှာ ရှိနေတဲ့ သင်းအပေါ်ပဲ ပုံကျရတော့တာပဲ။
              သင်းကတော့ ကျုပ်ရဲ့ ရှူးရှူးဒိုင်းဒိုင်း အကျင့်တွေနဲ့  တစ်သက်လုံး ရင်းနှီးယဉ်ပါးလာခဲ့သူဆိုတော့ ထူးပြီး နာရကောင်းမှန်းလည်း မသိတတ်တော့ဘူးထင်ပါရဲ့။ ထုံးစံအတိုင်း မျက်စောင်းတစ်ချက်ကို ပစ်ကျွေးရင်း အနားကနေ ဆောင့်ဆောင့်အောင့်အောင့် ထ,ထွက်သွားတော့တယ်။ ကျုပ်ကလည်း မကုန်နိုင်၊ မပြေနိုင်သေးတဲ့ ဒေါသ လက်စတွေနဲ့ သူနောက်ကျောပြင်ဆီ စောင်းစောင်းမဲမဲ လိုက်ကြည့်နေရင်း ဒဏ်ရာရထားတဲ့ လက်တစ်ဖက်ကို အမှတ်တမဲ့ လှုပ်ရမ်းလိုက်မိတော့……
အား…။ အသည်းခိုက်အောင် နာနေတုန်းပဲဗျို့။
                   လက်က ဒဏ်ရာတွေထက် ပိုဆိုးနေတာက ရင်ထဲကအနာပဲ။ ခက်တာက ကျုပ် ရင်တွေနာနေရပါတယ် ဆိုတာကို ဘယ်သူကမှ စာနာနားလည် မပေးနိုင်ကြတာပဲ။ အိမ်က မိန်းမတောင် ကျုပ်ကို တမဲတရွဲ့ အပြစ်တင်ချင်နေသေးတာပါ ဆို။
“ရှင်ကလည်း ရှင်ပဲ ”
“ဟာ.. မင်း ပါးစပ်ပိတ်ထားစမ်း။ ဘာမှမသိ၊ နားမလည်ပဲ သောက်တလွဲ…”
                   ဘာတစ်ခွန်းမှ နှုတ်က ထွက်မလာတော့ပေမယ့် စိတ်ထဲမှာတော့ သူ့ အထင်အတွေးတွေ ပြောင်းလဲမသွားသေးတာ စူအောင့်အောင့် အမူအယာတွေက သက်သေခံနေတာပေါ့။ ဆက်ပြောမနေတော့ဘူး။ ပြောရမယ်ဆိုရင်လည်း ကိုယ့်ပတ်ဝန်းကျင်က ရှိသမျှလူတွေ အားလုံးကို တစ်စုတစ်ဝေတည်း ခေါ်ပြီး သတင်းစာရှင်းလင်းပွဲ လုပ်ရဖို့သာ ရှိတော့တာလေ။ ကျုပ်က တစ်ဖက်သားကို မနာလို တိုရှည်စိတ်နဲ့ ရန်စစော်ကားပြီး ထိုးကြ၊ ကြိတ်ကြရပါတယ် ဆိုတဲ့ စကားက ခုလောက်ဆို.. ဈေးတစ်ဈေးလုံးမှာ တောမီးလို ပျံ့နေလောက်ပြီ မဟုတ်လား။ ထွီ..။
                   ရလာတဲ့ ဒဏ်ရာတွေရဲ့ အရှိန်နဲ့ တစ်ကိုယ်လုံး ရှိန်းဖိန်းပြီး ကိုယ်တွေလက်တွေ နာကျင်ခိုက်ခဲလာတယ်။ မိန်းမက နဖူးပေါ်လက်တင်ရင်း ကိုယ်ပူစမ်းတယ်။ ၀ရုန်းသုန်းကားဖြစ်ပြီးကတည်းက ဆိုင်လည်း ဆက်မထိုင်နိုင်တော့ပဲ အိမ်တန်းပြန်လာ၊ ဆေးတစ်ခွက် သောက်ထားပြီးသားပေမယ့် နောက်ထပ်တစ်ခွက်  ထပ်သောက်ထားလိုက်တယ်။ ရေနွေးပူပူ နှစ်ခွက်၊သုံးခွက် ဆင့်သောက်ပြီး စောင်ခေါင်းမြီးတင်းတင်းခြုံ အိပ်ပစ်လိုက်ဖို့ ကြိုးစားတယ်။ အိပ်ပျော်သွားရင်တော့ အနာအကျင်တွေ ခဏလောက် လျော့သွားနိုင်ကောင်းပါရဲ့။ ဒါပေမယ့် အိပ်မပျော်နိုင်ပါဘူး။ လက်ကောက်ဝတ်နဲ့ လက်ဆစ်ကလေးတွေမှာ တဆစ်ဆစ်၊ တဖျဉ်းဖျဉ်း..။ နံနက်က အကြောင်းတွေ ခေါင်းထဲ အစီအရီပြန်ပေါ်လာတော့ ဒေါသတွေ တရိပ်ရိပ်တက်လာပြန်ရင်း တလူးလွန့်လွန့် ဖြစ်နေရပြန်တော့တယ်။
                   တက်တစ်ချက် ခေါက်မိပြန်တယ်။ စိတ်ထဲကပါ။ လက်သီးတစ်လုံးပဲ ပစ်ကျွေးလိုက်နိုင်ခဲ့တာ စိတ်မကောင်းဘူး။ တကယ်ဆို ဒီလိုကောင်မျိုးကို မျက်ခွက်ကြီး စုတ်ပြတ်သတ်သွားအောင်ကို လုပ်ပစ်ခဲ့ရမှာ..။ လုပ်မလို့ပဲ။ အနားက အမြင်မတော်တဲ့သူတွေ ၀ိုင်းဆွဲကြလို့ စိတ်ရှိလက်ရှိ မကျဲလိုက်ရတာ။ ဒီကောင့်မျက်ခွက်ကို မိမိရရ မထိုးလိုက်ရတော့ ဒေါသက တယ်မပြေဘူး။ အဲတော့ နီးစပ်ရာ ဈေးဆိုင် ကြမ်းခင်းကိုပဲ ထိုးချပစ်လိုက်ရတယ်လေ။ အေးရော…။ အဲဒီ အချိန်တုန်းကတော့ ဒေါသတွေနဲ့ မွှန်ထူနေတာကိုး။ နာကျင်ရမှန်းလည်း မသိခဲ့ဘူး။ ခုမှ.. နည်းနည်း သွေးအေးသွားမှ ပေါက်ပြဲစုတ်ပြတ်လာခဲ့တဲ့ ဒဏ်ရာတွေက နာပြီး လက်အဆစ်တွေက ရောင်ကိုင်း ကိုက်ခဲလာတော့တာ..။
                   ကျုပ်က သင်းလို ကောင်ကို မနာလိုစရာလား။ ပြောပြန်ရင်လည်း ကိုယ့်ဂုဏ်ကိုယ့်ဖော်ရာ ရောက်ဦးမယ်။ ဒီဈေးထဲမှာ မေးကြည့်လိုက်ပါဦး။ တစ်ချိန်က ရာဇာငုံးဥဆိုရင် ကလေးကအစ၊ ခွေးပါမကျန်သိတယ်လို့တောင် ပြောလိုက်ချင်တယ်။ ရာဇာနေ၀င်း နာမည်ကြီးခဲ့တဲ့ တစ်ခေတ်မှာ ဆံပင်ကို နောက်ကကြည့်ရင် ကတုံးသာသာ၊ ရှေ့ဘက်မှာ ရှည်ရှည်မျှင်မျှင်လေး ဆွဲချ။ တရုပ်တီရှပ်ပေါ် ရှပ်လက်တိုကွက် တစ်ထည်ထပ်ဝတ်ပြီး ဂျင်းဘောင်းဘီ ဖင်ကျပ်နဲ့ စတိုင်ထွားခဲ့တဲ့ ရာဇာငုံးဥဆိုတာလည်း ဟော့ဖြစ်ခဲ့ဖူးတာပဲ။  အဲဒီ အချိန်တုန်းက အဲဒီအကောင် စားကျက်ပျောက်ပြီး ခွက်မှောက်နေရတဲ့ အချိန်လေ။ ရာဇာငုံးဥတို့က ဒီဇိုင်းသစ်နဲ့ ဈေးကွက်ကို ထိုးဖောက်ပြီး နေ့ချင်းညချင်း တွင်ကျယ်လာခဲ့တာ။  နံနက်ပိုင်း ဈေးထဲမှာ လည်ရောင်းတယ်။ နေ့လည်နဲ့ ညနေခင်းတွေမှာ မြို့ထဲ ပတ်ရောင်းတယ်။ တစ်မြို့လုံးက ကလေးတွေဟာလည်း ငုံးဥပြုတ်စားချင်ရင် ရာဇာငုံးဥဆီကပဲ စောင့်ပြီး အားပေးခဲ့ကြတာ။ ကျုပ် ငုံးဥတွေက လတ်ဆတ်တယ်။ အားရှိမယ်။ ပြီး… ငုံဥပြုတ်စားရင်း သူတို့ရဲ့ ခရေဇီ ရာဇာ့စတိုလ်တွေလည်း ကြည့်ရ၊ ရယ်မောရမယ်လေ။
                   နောက်တော့ ငုံးဥက ဒိုင်မှာ ပြတ်တာလပ်တာ ရှိလာတော့ နေ့တိုင်းပုံမှန် မရောင်းရတော့ပြန်ဘူး။ တခါတစ်လေ ဆယ့်လေးငါးရက်လောက် အကြာကြီး ကုန်ပြတ်နေတာမျိုးလည်း ကြုံရတတ်ပြန်တော့ ဈေးကွက်က မခိုင်တော့ဘူး။ အဲဒါနဲ့ မိန်းမရောင်းတဲ့ ဘုရားပန်းတွေကို ကူရောင်းပေးရင်း မြို့ထဲကို ဆိုက္ကားတစ်စီးနဲ့ လည်ရောင်းဖြစ်သွားတယ်။
“ကဲ.. ပန်း ပန်းတိမ်မနိုင်တွေ လတ်တယ်နော်။ ၀ယ်ရင်ရောင်းတယ်။ တောင်းရင်ပေးတယ်”
“တောင်းရင် ကိုရာဇာကြီးက တကယ်ပေးမှာလား”
                   ငုံးဥပြုတ် ဖောက်သည်ဟောင်းတွေက တပြန် ကျီစယ်ကြတယ်။
“တကယ်ပါ။ အတည်ပြောတာပါ။ ကျွန်တော်.. ရာဇာပြောတာတော့ ဟုတ်ပါဘူး”
                   သူတကာထက် ပိုရောင်း ခဲ့ရပြန်တာပဲ။ ဆိုလိုတာက ဒီမြို့ကလေးမှာ ရာဇာ့အတွက် ရောင်းကုန်မရှားသလို ရောင်းကွက်လည်း မရှားပါဘူး။ တစ်မိသားစုလုံးကို တစ်သက်လုံး ဈေးရောင်းပြီး မချမ်းသာသော်လည်း ၀မ်းဝ၊ ခါးလှအောင် ထားနိုင်ပါတယ်။
ဆယ်တန်းကို တဖုန်းဖုန်းကျပြီး အိမ်ထောင် အစောကြီးကျ။ ကလေးတွဲလောင်းနဲ့ အလုပ်လက်မဲ့ အဲဒီကောင်ကို ဒီစားကျက်မှာ ရေကြည်ရှာပေး၊ မျက်နုကျွေးခဲ့တာလည်း ကျုပ်ပဲ။ ဆွေရိပ်မျိုးရိပ်လည်း မကင်းတော့ အမြင်မတော်ဘူး မဟုတ်လား။
အစက အဲဒီ ယောင်ခြောက်ဆယ်ကောင်ကို ဈေးထဲမှာ ဆိုင်နေရာရှာပေးပြီး  ပရိတ်၊ ပဋ္ဌာန်းနဲ့ ဘုရားရှိခိုး စာအုပ်ကလေးတွေ၊ ဗေဒင်၊  မာတြာ၊ အိပ်မက်တိတ္တုံ စာအုပ်ကလေးတွေ၊ ကြီးပွားရေးလမ်းညွှန်တို့ အပျို၊ လူပျိုလမ်းညွှန်တို့လို စာအုပ်ပါးလေးတွေ၊ ပုံတော် အိပ်ဆောင်ကလေးတွေ ရောင်းစေခဲ့တာ။ နောက်တော့ ဝေါရှိတို့၊ ပြက္ခဒိန်တို့၊ မဂဇင်း၊  ဂျာနယ် အဟောင်းတို့ အပြင် ဘုရားကား၊ နတ်ကား မှန်ဘောင်လေးတွေပါ ရောင်းခိုင်းပြန်ရော..။ သူ့ ရောင်းကုန်တွေက ဈေးဝယ်ခပ်ကျဲကျဲပေမယ့် ရောင်းရတဲ့ တမည်ချင်းအပေါ်မှာ လည်ဝယ်ရင် လည်ဝယ်သလို အမြတ်များများ တင်လို့ရတယ်။ ၀ါဝင်၊ ၀ါထွက်မှာ ၃၇ မင်းနတ်ပုံတော် မှန်ပေါင်ကားတွေ ရောင်းရတယ်။  ဘယ်ဆရာတော်ကြီး နာမည်ကြီးလို့ဆိုရင် အဲဒီ ဆရာတော်ကြီးရဲ့ပုံတော်၊ ပိုစတာတွေ ရောင်းမလောက်တော့ဘူးပဲ။ တစ်နှစ်ဆန်းရင်၊ မင်းသား၊ မင်းသမီးအသစ် နာမည်ကြီးရင်လည်း ပြက္ခဒိန်တွေ အ၀ယ်လိုက်ပြန်တာပဲ။  ပုံတော်၊ ပိုစတာ အသစ်ထွက်တိုင်းလည်း လက်ပွေ့ပြီး သင်္ဘောဆိပ်တွေ ဆင်းရောင်းခိုင်းတယ်။ မြို့ထဲ လှည့်ရောင်းခိုင်းတယ်။
သူ့လည်း ပြောရတယ်။ လမ်းဘေးမှာ ရောင်းရတယ်ဆိုပေမယ့် ဆိုင်ခင်းတဲ့အခါ မော်ဒယ်တွေ၊ မင်းသမီးတွေနဲ့ ဆရာတော်ကြီးတွေရဲ့ ပုံတော်တွေကို တသီးတခြားစီ       ခင်းဖို့..။ ဘုရားကားတွေ၊ ဆရာတော်ကြီးများရဲ့ ပုံတော်တွေကို အမြင့်တစ်နေရာမှာ မြင့်မြင့်မြတ်မြတ်ကလေးထားပြီး ကြည်ညိုဖွယ်ရာဖြစ်အောင် ခင်းကျင်းချိတ်ဆွဲပါ။ ပုံတော်တွေကို ရောင်းစားတယ် သဘောမထားပဲ ကုသိုလ်မျှတယ် သဘောထားပါ။ အဲဒီအတွက် သူတို့က ကိုယ်ကို သဒ္ဒါကြေးပြန်ပေးခဲ့တယ်လို့ မှတ်ပါ။ ကိုယ့်အိမ်မှာ ပြန်သိမ်းရင်တောင် ခေါင်းရင်းခေါင်းဖျားမှာ ရိုရိုသေသေ သိမ်းပါ။ အထပ်ထပ်မှာဖူးတယ်။ အကြိမ်ကြိမ် ရှင်းပြခဲ့ဖူးတယ်။ နောင်တစ်ချိန်မှာ ကိုယ့်ဆိုင်ကို နိဗာန်ကုန်ဆိုင်လေးဖြစ်လာအောင် တဖြည်းဖြည်း တို့ချဲ့ ပြောင်းလဲယူ ဖို့လည်း လမ်းကြောင်းချပေးခဲ့တာပါ။  အဲဒီ အချိန်တုန်းကတော့..
“စိတ်ချပါ။ အစ်ကို ပြောသလိုပဲ ဘုရားခန်းရှေ့မှာ ခုံကလေးနဲ့ ပိတ်စဖြူလေး ခင်းတင်ထားပါတယ်။ ညတိုင်းလည်း ဆရာတော်ကြီးတွေကို ရည်မှန်းပြီး ပန်း၊ရေချမ်းနဲ့၊ အမွှေးနံ့သာနဲ့ ပူဇော်ပြီး ရည်မှန်းကန်တော့ပါတယ်..”
“ကောင်းတယ်။ မင်း..တစ်သက်လုံး ထမင်းမငတ်တော့ဘူး။ ငါပြောရဲတယ်”
                   သူရောင်းတဲ့ စာအုပ်တွေကို သူကိုယ်တိုင် ဖတ်ဖြစ်ဖို့လည်း တိုက်တွန်းရသေးတယ်။ စာအုပ်ဆိုတာမျိုးက ဘယ်လို အမျိုးအစားပဲ ဖြစ်ဖြစ် ယူတတ်ရင် ရတာပဲ မဟုတ်လား။ ကိုယ်က စာအုပ်ရောင်းစားနေတာဆိုတော့ ပိုတောင် ဖတ်သင့်သေးတယ်။ ဈေးဝယ်သူကို ခြေခြေမြစ်မြစ်ကလေးရှင်းပြပြီး ဆွဲဆောင်ရောင်းနိုင်ရင် ပိုရောင်းမကောင်းပေဘူးလား။ သူတို့ကမှ အတန်းပညာ သင့်သင့်တင့်တင့် သင်ခဲ့ရ၊ တတ်ခဲ့ကြရသေးတယ်။ ကျုပ်တို့မှာ အတန်းပညာရယ်လို့ ဟုတ်ဟုတ်ငြားငြား မသင်ခဲ့ရပါဘူး။ အမေ၊ အဖေကိုငဲ့၊ ညီ၊ ညီမတွေကို သက်ညှာရင်း အလယ်တန်းတောင် မကုန်ခင် ကျောင်းထွက်ခဲ့ရတာပဲ။ ဒါပေမယ့် ပညာသိနဲ့ သညာသိကို ကျုပ် ခွဲခြားသိလာနိုင်ခဲ့တာ စာအုပ်တွေ ဆက်ဖတ်လာခဲ့လို့ပေါ့။ အဲတော့ ကိုယ့်အတွေ့အကြုံနဲ့ ယှဉ်ပြီး သူ့ကိုလည်း စာဖတ်ဖို့ တိုက်တွန်းရတယ်။ လူဆင်းရဲတာ အားငယ်စရာ မဟုတ်ဘူး။ အသိ မဆင်းရဲစေနဲ့။ အသိမဆင်းရဲရင် လူဆင်းရဲတာလည်း မကြာရှည်ဘူး လို့ အားပေးရတယ်။
                   ကိုယ်ရည်သွေးတာတော့ မဟုတ်ပါဘူး။ ကျုပ်ဆိုရင် ငုံးဥပြုတ်ရောင်းခဲ့တုန်းကလည်း သူတကာထက် ချွန်အောင် ရောင်းခဲ့တာပဲ။  ငုံးဥ အဆင်မပြေတော့ ချက်ချင်း ဘုရားပန်း ပြောင်းရောင်းတယ်။ ဘာဖြစ်သေးလဲ။ ဘုရားပန်းလည်း အကြာကြီး ရောင်းဖို့ မရည်ရွယ်ခဲ့ပါဘူး။ ကျုပ်တို့ အသက်တွေကြီးလာ။ သားတွေ ၊သမီးတွေ အရွယ်ရောက်လာတဲ့ အချိန်မှာကိုယ်ပိုင် လုပ်ငန်းလေးတစ်ခုတော့ အခြေတကျ ရှိနေနိုင်ဖို့ ကျုပ်တွေးထားပြီးသား။ ကျုပ် မြန်မာဆေးဈေးကွက်ကို အဲဒီ အချိန်ကတည်းက တစေ့တစောင်း လေ့လာနေခဲ့တာ။ စာအုပ်တွေလည်း ဖတ်ရင်းနဲ့ပေါ့။ ဘယဆေးလောကဟာ ဒီဘက်နှစ်တွေမှာ တိုးတက်ပြောင်းလဲလာနေတယ်။ အိမ်တွင်းလုပ်ငန်းငယ်ကလေးတွေအဖြစ်ကနေ စက်တွေသုံးပြီး ထုတ်လုပ်၊ ဈေးကွက်ချဲ့ထွင်လာနေတာ၊ တီဗီမှာ ၊ ရေဒီယိုနဲ့ မဂဇင်း၊ သတင်းစာတွေ၊ ဂျာနယ်တွေမှာ အပြိုင်အဆိုင် ကြောငြာနေကြတာ သတိထားမိခဲ့တယ်။  ပြပွဲတွေ ကျင်းပနိုင်နေတာလည်း ကြားသိနေခဲ့ရတယ်။ လူတွေကလည်း ဘယဆေးအပေါ် ယုံကြည်အားကိုးပြီး သုံးစွဲမှုတွေ တစ်နေ့တခြား တိုးပွားလို့လာနေတာပဲ မဟုတ်လား။ ကျုပ် ဘယဆေး ဖော်စပ်ရောင်းဖို့ မရည်ရွယ်ပါဘူး။ မြန်မာဆေး သီးသန့် ရောင်းတဲ့ဆိုင် ဖွင့်မယ်လို့ ဆုံးဖြတ်ခဲ့တယ်။ ဘယ်..ဆိုင်ခန်းနဲ့ အိနြေ္ဒရရ၊ ကျကျနန ရောင်းနိုင်ဦးမှာတုန်း။ လက်တွန်းလှည်းကလေးနဲ့ တင်ပြီး ဈေးကလေးထိပ်မှာပဲ ရောင်းနေရသေးတာပေါ့။ တစ်ချိန်ချိန်မှာတော့ ဆိုင်ခန်းလေးနဲ့ အတည်တကျ ရောင်းနိုင်ရမှာပေါ့။
သူ့ကိုလည်း ကိုယ့်လို တစ်ဆင့်ချင်း၊ တစ်လှမ်းချင်း မှန်မှန်သွားဖို့ အားပေးစကားပြောရတယ်။  တစ်လျှောက်လုံး ကျုပ်စကားနာထောင်ပြီး လူမွေးပြောင်လာတဲ့ကောင်က ခုတော့ လုပ်ပုံက မဟုတ်တော့ဘူး။ အမြင်မတော်လို့ ပြောမိတော့လည်း ကိုယ်ကပဲ သူ့အပေါ် စိတ်ထားမမှန်လို့ မလိုတမာစိတ်ထားနဲ့ အပြစ်ရှာတယ်လို့ တပြန်စွတ်စွဲလာတယ်။
                   ကြည့်ဦး။ ခုတလောကလေးမှာ ဗိုလ်ချုပ်နဲ့ အမေစုတို့ ရဲ့ ဓါတ်ပုံ ၊ ပိုစတာ ဗီနိုင်းစတွေ ခေတ်စားလာပြန်တယ်။ ဒီကောင်တွေ ပွပေါက်ပဲပေါ့။ သင်းကလည်း ဒါမျိုးတော့ လျှင်တယ်။ ဗီနိုင်းဆိုဒ်စုံ မှာချလာလိုက်တာ နည်းမှတ်လို့။ ဈေးကလေးထဲမှာ၊ မြို့ထဲမှာဆိုတာလည်း ဗိုလ်ချုပ်တို့ သားအဖဆိုတာ ပလူပျံနေတော့တာပဲ။ လူတွေခမျာ အနှစ်နှစ်အလလက တောင့်တ လာခဲ့ကြတာ မဟုတ်လား။ သူတို့ ချစ်မြတ်ကြည်ညိုတဲ့ ပုဂိုလ်တွေရဲ့ ဓါတ်ပုံကို အိမ်နံရံမှာ အမြတ်တနိုး ချိတ်ဆွဲခွင့်ရပြီဆိုတော့ ပျော်လိုက်ကြတာ။ ရေငတ်တုန်း ရေတွင်းထဲကျသလိုပါပဲ။ ရောင်းလို့ မနိုင်ပါဘူးဆို..။
                   အဲဒီမှာ ပြောစရာ စတာပဲ။ တကယ်ဆို ပိုစတာတွေအားလုံးကို ညကတည်းက ဘောင်ကလေးတွေ ကြိုတင်ညှပ်လာခဲ့ပါတော့လား။ ပလပ်စတစ်ချောင်းကလေးရဲ့ တစ်ဘက် ခွဲကြောင်းကြားကို ခွဲပြီး ဗီနိုင်းစကို ညှပ်သွင်းရတဲ့ အလုပ်ဟာ လက်ဝင်သရောင် ရှိပေမယ့် ကျွမ်းကျင်ရင် မကြာပါဘူး။ သူလည်း ကျွမ်းကျွမ်းကျင်ကျင် လုပ်နေကျပါ။ ဒါပေမယ့် ညဦးက ဘောင်ညှပ်လာခဲ့တဲ့ ပုံတွေက ရောင်းလို့ကုန်ပြီ ထင်ပါရဲ့။ ရောင်းရင်းချရင်းကပဲ တခါတည်း ဘောင်ညှပ်ပေးတဲ့ အလုပ်ပါ လုပ်နေရတော့ နည်းနည်း ကသီလင်တ နိုင်ပြီပေါ့။ လူကလည်း အလျင်စလို ဖြစ်လာပြီဆိုတော့ ပိုစတာတွေတွေကို အရောရော၊ အနှောနှော ကြုံသလိုချထားပြီး  ၀ယ်သူကရွေး၊ သူက ဖြစ်သလို အနေအထားမှာ ဘောင်ညှပ်ပေးရင်း ငွေပေး၊ငွေယူလည်း လုပ်နေရတော့ ဗျာများရတော့တာပေါ့။ ပိုစတာတွေက ပျံ့ကျဲပြီး မြင်မကောင်းတော့တဲ့အပြင် တချို့ မြေပေါ်ပြုတ်ကျနေပြီ။ မမြင်လို့ မဟုတ်ဘူး။ မြင်လျှက်နဲ့ ပြန်မကောက်အားဘူး။ မဟုတ်သေးဘူး။ ဒီလို ပိုစတာမျိုးတွေဟာ ကြုံသလို ဆိုင်ခင်းပြီး ဖြစ်ကတတ်ဆန်းရောင်းချဖို့ လုံးဝမသင့်လျော်ဘူးဆိုတာ နားကို မလည်တာ။ သိကို မသိတတ်တာ။ အဲတော့ ဘေးထွက်ပြီး မြေပေါ်ရောက်ကုန်တဲ့ ပိုစတာတွေကို  ချက်ချင်း၊ အရေးတယူပြန်ကောက်မနေတော့ဘူး။ ကျုပ်ကလည်း ဓါးရှည်ကြီးနဲ့ ဗိုလ်ချုပ်ပုံကလေး လိုချင်လွန်းနေတာ ကြာပြီမို့ အပြေးရောက်သွားမိတော့တာ။ အဲဒီမှာ အမြင်မတော်တာနဲ့ ပက်ပင်းတို့တော့တာပဲ။
                   ကျုပ်လည်း လူရှေ့၊ သူရှေ့ဆိုတာတွေ၊ ပြောသင့်မပြောသင့် ဆိုတဲ့ အချိန်အခါ၊ အခြေအနေတွေကို တွက်ချင့်  မဆင်ခြင်နိုင်တော့ဘူး။ ဗိုလ်ချုပ်ကို မြေပေါ်မှာ ပစ္စလက္ခတ်ထားပြီး ထင်တိုင်းကျဲနေကြတော့တာ၊ ဈေးရောင်းရဖို့ တစ်ခုပဲ သည်းသည်းမည်းမည်း အာရုံကျနေတော့တာ မြင်ပြင်းကပ်လွန်းလို့။ ဒေါသထွက်ထွက်နဲ့ နစ်နစ်နာနာတွေ ပြောထွက်သွားမိတော့တာပဲ။
“မင်း အဖေ၊ အမေပုံဆိုရင် အဲလို လုပ်မလား။ ဒါ က မင်းတစ်ယောက်တည်းမကဘူး။ အားလုံး... တစ်နိုင်ငံလုံးရဲ့ အဖေ ၊ အမေတွေ ကွ”
                   အဲဒီစကားတစ်ခွန်းတော့ ထပ်တလဲလဲ ပြောမိခဲ့တာ မှတ်မိတယ်။ သူကလည်း လူကြား၊သူကြားဆိုတော့ ရှက်ပြီး တစ်ခွန်းတစ်စ ပြန်ပက်တာပေါ့။ အဲဒီမှာ ဒီကောင့်မျက်နှာပေါ် လက်သီးတစ်ချက်ပစ်ကျွေးထည့်လိုက်တာ..။ အနီးအနားက လူတွေ ၀ိုင်းလာ၊ ဆွဲကြ၊ လွဲကြ၊ ဖြန်ဖြေကြမို့ မိမိရရတော့ မထိလိုက်နိုင်ပါဘူး။ အဲဒီအချိန်မှာ..
“ခင်ဗျား ကျုပ် အလုပ်ကို ပျက်စီးရာ၊ ပျက်စီးကြောင်း လာလုပ်တာ”
                   …အဲဒီကောင် အောက်ကလိအာလိုက်တာ။ ကျုပ်..  သူ့ဆီ ပြေးသွားတာ။ နောက်က ၀ိုင်းဆွဲထားတော့ အနား မရောက်နိုင်တော့ဘူး။ ဒေါသက အထွဋ်အထိပ်ရောက်နေပြီ။ အဲဒါနဲ့ နီးရာ ဈေးဆိုင်ခုံတစ်လုံးကို ဖြစ်ချင်ရာဖြစ်  လက်သီးနဲ့ ထိုးချလိုက်တယ်။ မှတ်ကရော…။ ဈေးဆိုင်ပိုင်ရှင်က မျက်နှာနာနေတဲ့သူမို့ ကံကောင်းလို့ တရားစွဲ မခံရတာ။
                   ဒါပေမယ့် ညရင့်လာလေလေ လက်က တဆစ်ဆစ်ကိုက်ခဲနာကျင်လို့ လာလေလေ..။ ညကြီးအချိန်မတော် တက်တစ်ချက် ခပ်ပြင်းပြင်းခေါက်လိုက်မိပြန်တော့ လိမ်းဆေးဗူးကြီးကိုင်ပြီး အိပ်ချင်မူးတူးနဲ့ ထလာတဲ့ မိန်းမက …
“အခံရဆိုးလောက်အောင် နာနေလို့လား”
                   …တဲ့။ မပြေသေးတဲ့ ဒေါသတွေနဲ့ အိပ်ယာထဲကနေ ကျုပ်..  ပြန်အော်ပစ်လိုက်တယ်။
“နာတယ်ဟေ့။ နာတယ်။ နာရကောင်းမှန်းသိလို့ကို ပိုနာတယ်….  တောက်”


                                                                                          သတိုး

6 comments:

  1. ကိုကိုမောင်(ပန်းရနံ့)December 12, 2011 at 2:25 AM

    အင်း...
    နာမည်ကြီးရင် လမ်းဘေးရောက်တယ်ဆိုတာ အဲဒါကို ပြောတာထင်တယ်။ ဗိုလ်ချုပ်တို့ကတော့ အခုထက်ထိ လူတွေကို လုပ်ကျွေးနေတုန်းဘဲနော်။

    သတိုးမင်းလဲ နာမည်မကြီးချင်တော့ဘူး မဟုတ်လား။း)

    ReplyDelete
  2. ယုံကြည်ချက်ချင်းလွဲချော်သွာတာပါ
    နာအောင်လုပ်တဲ့သူနဲ့ နာတတ်တဲ့သူ မနာတတ်တဲ့သူ နာရကောင်းမှန်းမသိတဲ့သူ နာစရာရှိသူ
    အားလုံးကို
    ခွင့်လွတ်လိုက်ကြပါ၊
    ဗိုလ်ချုပ်ဝမ်းသာသွားလိမ့်မည်။

    ReplyDelete
  3. နာတတ်သူမို့ နာတာပါ ကိုသတိုးရေ...
    ခါတော်မှီတွေကတော့ လုပ်စားနေတာ တွေ့နေရတာပဲ..။ ပြီးစလွယ် စီးပွားဖြစ်ကြီးကတော့ အမြင်ရ ဆိုးလွန်းပါတယ်။ ဖတ်ရင်းနဲ့ မျက်လုံးထဲ ဆိုင်တစ်ဆိုင်ကို မြင်လာမိတယ်..။ ကွက်တိပဲ။ ဒါပေမယ့် လက်သီးတော့ မထိုးဖြစ်ခဲ့ပါဘူး။

    ReplyDelete
  4. ကိုသတိုးက ဘဝသရုပ်ဖော်တွေရေးရင် သိပ်ပီပြင်တာဘဲ.. ဒီဝတ္ထုလေးကနေ ပြောချင်တဲ့ ရင်ထဲက စကားတွေကို မြင်လိုက်မိပါရဲ့..
    လူတစ်ချို့ရဲ့ မြတ်နိုးကိုးစားမှု၊ နှစ်ချိုက်လေးစားမှုဟာ လူတစ်ချို့ရဲ့ စီးပွားစားကျက် ဖြစ်ကြရတယ်နော်။

    ReplyDelete
  5. တစ်ကယ်ကိုပဲ ဘဝရသပါလားအကို... ဘာပြောရမှန်းမသိအောင်ပါပဲ...:)

    ReplyDelete
  6. ဒီလို ခဏခဏ နာမိတတ်ပါရဲ့။ ဒါပေမဲ့ ဗိုလ်ချုပ်တို့ကတော့ စွန့်လွှတ်တတ်သူတွေ မဟုတ်လား။ သူတို့က ငါတို့ကြောင့် လည်ပတ်နေနိုင်ကြတာပါလား ဆိုပြီး ထပ်တောင်မှ ဝမ်းသာကြလိမ့်ဦးမယ် ထင်တယ်။

    ReplyDelete

စိတ်ထဲ ခံစားမိသလို မျှဝေပြောပြခဲ့ပါဦး...။