Saturday, December 24, 2011

နှစ်ဦး အမွန်

-->


                   သူ.. ဘာကြောင့် ရောက်မလာရပါသလဲ။ ညချမ်းအေးအေးမှာ ဘယ်သူမှ မရိပ်မိ၊ မသိနိုင်ကြသော မေးခွန်းများနှင့် တစ်ကိုယ်တည်း  မွန်းနစ်နေလေသည်။
                   သူငယ်ချင်းအားလုံး စုံစုံလင်လင်၊ စုစည်းမိနေကြပြီ။ သူတစ်ယောက်သာ ကျန်တော့သည်။ နှစ်စဉ်နှစ်တိုင်း ဒီလိုနှစ်သစ်ကူး ညမျိုးမှာ သူတို့ သူငယ်ချင်းအားလုံး ရောက်ရာအရပ်မှနေ အပြေးရောက်လာနေကျ မဟုတ်ဘူးလား။ လက်ရှိလုပ်ငန်း၊ တာဝန်တွေကြားကနေ ကိုယ်လွတ်ရုန်းကာ မရောက်ရောက်အောင် ဇွတ်ပင် ရောက်လာနိုင်ခဲ့ကြသည်ချည်းပင်။ နှစ်တိုင်းတော့ သူလည်း မပျက်မကွက် ရောက်လာနေကျပင်။ ဒီနှစ်မှ…။ သူ… ဘာတွေ အဆင်မပြေဘူးလဲ။ ဘယ်လို အခက်အခဲတွေ ရှိနေလို့လဲ။ စိတ်ပူသည်။ ပြီး … စိတ်အတွေးမှာ လွတ်ဟာ ၀မ်းနည်းလို့လာသည်။
“ဥာဏ တစ်ယောက်ရော…”
                   သူငယ်ချင်းတွေထဲက တစ်ယောက်ယောက်ကို ဖွင့်မေးလိုက်လျှင် မဖြစ်ဘူးလား။ သူနှင့် ပတ်သက်သော သတင်းစကား တစ်စွန်းတစ်စတော့ ကြားရနိုင်မည်ပင်။ ဒါပေမယ့် သူမ နှုတ်မရဲ..။ အားလုံးက သူမကို ဥာဏနှင့် ယှဉ်တွဲစနောက်ချင် နေကြတာဖြစ်သည်။ သူမ၏နှုတ်က ဥာဏ၏အမည်ကို ကြားရလျှင် မီးခိုးမဆုံး၊ မိုးမဆုံး စနောက်လို့ ဆုံးကြမှာ မဟုတ်တော့ပေ။
                   ည ရှစ်နာရီလောက်မှာပင် မြတ်ဆရာ ပူဇော်ပွဲလေးက စည်စည်ကားကား ပြီးဆုံးအောင်မြင်ပြီးခဲ့ပြီ။ သူမတို့၏ ဆရာများကတော့ လာရောက်နှုတ်ဆက်ကြသူ တပည့်ဟောင်းများအား တပြုံးပြုံးနှင့် ကြည်နူးကျေနပ်စွာ တုန့်ပြန်နှုတ်ဆက်ရင်း ငယ်သွေးကြွကာ နုမျစ်နေပြန်သည်။ သည်ပွဲမှာ အတက်ကြွဆုံး၊ အပျော်ဆုံးလူသားကတော့ သူမတို့၏ဆရာ ဦးသစ်ဝေပေ။ ဆရာသည် ငွေမင်ရောင်ကေသာသာကို သေသပ်စွာ ဖြီးသင်ထားဆဲ။ ဆရာ၏ ပိရိသေသပ်သော နှုတ်ခမ်းများကလည်း နူးညံ့စွာ ပြုံးလွန့်နေဆဲပေ။
“ဆရာ… အညာဆယော်”
“လုပ်ချလိုက်ပြန်ပြီ။ ဂျင်ဆန်းမီတို့ကတော့….”
                   ဆရာနှင့် သူမ ပြိုင်တူ ရယ်မောမိကြတော့ အနီးအနားက ကျောင်းသားဟောင်းတွေပါ လိုက်ပါရယ်မောလျှက် တအုံးအုံး ပွဲကျသွားပြန်တော့သည်။
                   သူတို့တတွေ နှစ်စဉ်နှစ်တိုင်း ဆရာ့ကျောင်းခြံဝန်းလေးထဲမှာ တွေ့ဆုံဖြစ်စေဖို့ ဆရာက စတင် စီစဉ်ဖြစ်ခဲ့တာ သူမတို့ ဆယ်တန်းနှစ်ကတည်းက ဖြစ်သည်။ ထိုနှစ်က ကျောင်းအိပ်၊ကျောင်းစား ကျေင်းသားတွေကို စတင်လက်ခံကာ ဆရာ… ဘော်ဒါ စဖွင့်ဖြစ်သောနှစ်လည်း ဖြစ်ပါသည်။ မြို့ငယ်စွန်ဖျားရပ်ကွက်ကလေးထဲမှ ကလေးငယ်များကို အင်္ဂလိပ်စာကျူရှင်ပေးရင်းက ကိုးတန်း၊ ဆယ်တန်းကျောင်းသား၊ ကျောင်းသူများ၏ ခုံလှုံရာ ဘာသာစုံကျူရှင်ကလေးဖြစ်လာခဲ့ရသည်။ ဆရာ့ ခြံဝန်းကလေးသည် နှစ်ဟောင်းကုန်ဆုံးလျှင် ကျောင်းသားတွေ ထွက်ခွာသွားလိုက်ကြ…။ စာသင်နှစ်ပြန်စလျှင် ကျောင်းသားသစ်တွေ ၀င်လာလိုက်ကြနှင့် ပျားပန်းခပ်မစဲခဲ့ပေ။ သူမတို့ ငယ်ငယ်တုန်းက စာသင်ရင်း၊ ဆော့ကစားရင်း ပျော်ရွှင်ခဲ့ကြရသော ဆရာ့ခြံဝန်းလေးမှာ သစ်ပင် ပန်းမာလ်တွေ ခုလောက် မစုံလင်လှသေးပေ။ ခုတော့ ခြံလေးထဲမှာ ပန်းပေါင်းစုံပွင့်ဝေနေသည်သာမက သီးပင်စားပင်တွေပင် အတော်များပြားစုံလင်နေပြီ။  သူမတို့တတွေ တံခြူတစ်လက်နှင့် နှိပ်စက်ခဲ့သော မာလကာပင်ကြီးမှာ ရောင်စုံမီးသီး၊ မီးပွင့်ကလေးတွေ တဖျတ်ဖျတ် လက်ဖြာနေပြန်သည်။ အို… ဆရာ့ ကျောင်းခြံဝန်းတစ်ခုလုံးဟာ ဒီညမှာတော့ ရောင်စုံမီးပန်း၊ မီဆိုင်းတွေနှင့် တလက်လက်လင်းဖြာနေတော့တာပင်။
ကောင်းကင်က ကြည်လင်လျှက် လ၀ါဝါက ထိန်ထိန်သာလွန်းလှသည်။ အပြင်မှာ အေးခဲခိုက်တုန်နေမည်ထင်သော်လည်း ဆရာ့ခြံဝန်းကလေးကတော့ နေသာရုံ နွေးမြမြကလေးသာ အေးလေသည်။
                   နှစ်စဉ်ကျင်းပမြဲဖြစ်သော မြတ်ဆရာ ပူဇော်ပွဲကို ဆရာက ကျောင်းသားဟောင်းတွေကိုပါ ဖိတ်မြဲဖြစ်သည်။ အဝေးရောက်နေသူ တချို့မှ လွဲလျှင် ကျောင်းသားဟောင်းတို့သည် ဖိတ်စာမရလည်းပဲ အစဉ်အလာကို သိနေပြီမို့ နယူရီယားညတိုင်း ပုံမှန်ရောက်အောင် လာကြလေ့မြဲပင်။ အနားနီးလျှင် အချင်းချင်း မေးမြန်းစုံစမ်းကြ၊ အလှူငွေထည့်ဝင်ကြရသည်။ အနီးဝန်းကျင်ရှိ ကျောင်းသားတွေကတော့ အချိန်းအချက်ပြုကာ တာဝန်ခွဲဝေကြ၊ ကြိုတင်ပြင်ဆင်ကြနှင့် မနားရသော်လည်း ငယ်သွေးကြွကာ ပျော်ရွှင်တက်ကြွနေကြတာပင်။
“ညည်းကိုတွေ့မှ သတိရတော့တယ်။ ဟိုကောင်… ဥာဏ ရောက်မလာနိုင်ဘူးလား”
                   ကိုရီးဇာတ်လမ်းတွဲတွေ သူမတို့ဝန်းကျင်မှာ ပလူပျံစ ပြုနေစဉ် အချိန်မှာ  သူမသည်လည်း ကိုရီးယားရောဂါ စွဲကပ်ခံခဲ့ရဖူးပါသည်။ သူမကိုယ် သူမ ဇာတ်လမ်းတွဲတစ်ခုထဲက ဂျင်ဆန်းမီအဖြစ် မရှက်မကြောက် အရူးထခဲ့တာကို အသိမှတ်ပြုပေးသူမှာ ဆရာနှင့် ဥာဏတစ်ယောက်သာ ရှိခဲ့တာ ဖြစ်သည်။ သူမအား ဆန်းမီ… လို့ နောက်သလိုနှင့် အတည်ခေါ်ခဲ့သော သူ့အား သူငယ်ချင်းတွေက ဒါရိုက်တာရင်ဟု သူမကွယ်ရာမှာ ခေါ်ခဲ့ကြတာ သူမ မသိယောင်ဆောင်ခဲ့ရပါသည်။
“ကျွန်တော်နဲ့ ဖုန်းပြောဖြစ်တော့ သူ… မဖြစ် ဖြစ်အောင် ဆက်ဆက်လာခဲ့မယ် ပြောတာပဲ ဆရာ။ ခုထိ မရောက်လာသေးတော့ ဘာများ အကြောင်းမညီညွတ်လို့လဲ မသိဘူး”
                   သူမသိချင်နေသော သူ့အကြောင်း တစ်စွန်းတစ်စကို သူငယ်ချင်းတစ်ယောက်က ၀င်ပြောလိုက်သောအခါ ဆရာက နားလည်စွာ ခေါင်းညိတ်နေသော်လည်း သူမကတော့ ဥာဏအတွက် စိတ်မအေးရတော့ပေ။ သူမထံ  ဖုန်းဆက်ခဲ့စဉ်ကလည်း သူ… ဆက်ဆက်ရောက်အောင်လာမည်ဟု အထပ်ထပ်ပြောခဲ့တာပင်။
“နင်လည်း ရောက်အောင် လာရမယ်နော်။ ငါ… နင့်ကို ပြောစရာတွေ အများကြီး ရှိတယ်။ တွေ့မှပြောမယ်…”
                   ထိုစကားတစ်ခွန်းကြောင့် သူမ ရင်ခုန်မျှော်လင့်ခဲ့ရတာတွေ ရေစုန်မျောတော့မည်လား။ သူမ အတွေးနှင့်ပင် မျက်ရည် လည်ချင်မိလေသည်။ သူ့ဟန်းဒ်ဖုန်းကို လှမ်းဆက်လျှင် ရနိုင်ပေမယ့် သူမကိုယ်တိုင် မေးဖို့ မကောင်းဘူးထင်သည်။ သူနှင့် ဖုန်းအဆက်အသွယ်ရှိသော သူငယ်ချင်းတစ်ယောက်ယောက်က လှမ်းမမေးကြဘူးလား။
                   မီးပုံကြီး အလယ်မှာထားကာ ပါဆယ်ဂိမ်းကစားနေကြသော အဖွဲ့မှ သီချင်းသံကြားရသည်။ ခဏနေတော့ သီချင်းက တိခနဲ ရပ်သွားပြီး ၀ါးခနဲ ရယ်မောကြသံ။ မိန်းခလေးတစ်ယောက် ကစားဝိုင်း၏ အလယ်သို့ရောက်လာသည်။
“သင်နှစ်သက်ရာ သီချင်းတစ်ပုဒ်ဖြင့် ဖျော်ဖြေပေးပါ”
                   မဲလိပ်ဖွင့်ဖတ်သည်ထင်၏။ မရှေးမနှောင်းဆိုသလိုပင်……
“သူမလာတာ သုံးလေး…ငါးလ ကြာ… ပြီ ရှင်။ ဒါကိုပင် သိန်းသန်းနှစ်မက ရှည်တယ်ထင်…”
                   ဥာဏတစ်ယောက် သူမ၏ အနီးမှ ပျောက်ကွယ်ဝေးလှမ်းနေခဲ့တာ သုံးလေးငါးနှစ်ပင် မကတော့ပေ။ အဲ… ကြားထဲမှာတော့ ခုလို နယူးယီးယားညတွေတိုင်း ကျောင်းခြံထဲမှာ ပြန်တွေ့ဖြစ်ကြတာတော့ ရှိတာပေါ့။ ဒါပေမယ့် နင်ဘာတွေ လုပ်နေလဲ။ နေကောင်းလား၊ အဆင်ပြေလား ဆိုတာလောက်နှင့် သူမက ရှောင်ပြေးချင်နေပြီ။ သူမ အနေခက်နေပုံကို ဥာဏကလည်း ရိပ်မိနားလည်နေစွာ နှုတ်ဆက်စကား တစ်ခွန်း၊ နှစ်ခွန်း ပြောပြီးရုံနှင့် သိတတ်စွာ ခပ်လှမ်းလှမ်းမှာသာ သူအဖော်တွေနှင့် အဖွဲ့ကျနေတော့တာဖြစ်သည်။ အဲ… မနှစ်က တစ်နှစ်သာ..ဥာဏတစ်ယောက် စကားတွေ အကြာကြီး ပြောဖြစ်ခဲ့တာ..။
                   ဥာဏနှင့် မဆုံဖြစ်ကြတာ နောက်ဆုံးတွေခဲ့ကြသည့် နယူးယီးယားညမှ တွက်လျှင်တောင် တစ်နှစ်တင်းတင်း ပြည့်ပြီ။ ကြားထဲမှာ ဥာဏက ဖုန်းလှမ်းဆက်ဖော်ရပါသေးသည်။ ပြည်တွင်း NGO ရုံးတစ်ခုမှာ အလုပ်လုပ်နေသော ဥာဏသည် မြို့နှစ်နေရာ ပြောင်းရွှေ့ပြီးခဲ့ပြီ။ သူ အလုပ်နေရာ ပြောင်းတိုင်း သူမထံ ဖုန်းဆက်ပြောကာ အသိပေးလေ့မြဲ။ သူမကတော့ ဥာဏထံမှ ဖုန်းဆက်လျှင် မြူးပြပျော်ရွှင်နေပါလျှက်…
“နင်… ဖုန်းဘီလ်တွေ ကုန်တော့မှာပဲ။ ငါဖုန်းချလိုက်တော့မယ်”
ညစ်ကျယ်စွာ ဖုန်းကို ပိတ်ပစ်လိုက်မိတော့တာ ဖြစ်သည်။ တကယ်က ဥာဏနှင့် ပတ်သက်ရန် သူမ လိပ်ပြာမရဲသေးဘူးဆိုတာ ဥာဏလည်း ရိပ်မိနေမှာပင်။
“ဒေါ် ဆန်းမီ။  ဒီမှာ တစ်ယောက်တည်း ဘာလာလုပ်နေတာလဲ။ မချမ်းဘူးလား”
                   ရွှေစင်တစ်ယောက် အနားရောက်လာလေမှ အသိဝင်ကာ ဆောင်းလေအေးကို သတိပြုမိသွားသည်။ နှင်းတွေလည်း ဒီလောက်တော့ များများစားစား မဝေလွန်းလှပါဘူး။ သို့ပေမယ့် တဖြည်းဖြည်း ညည့်နက်လာပြီမို့ အအေးဓါတ်က စိမ့်ဝင်ပျံ့နှံ့လာပြီလား မသိ။ အနွေးအင်္ကျီကို လည်ပင်းအထိ ဇစ်ဆွဲတင်လိုက်သည်။
“ချမ်းနေရင်လည်း မီးပုံဘေးသွားနေကြရအောင် ဟာ။ မဟုတ်ရင် ညိုမီတို့အုပ်စု ကြာဇံကြော်နေတဲ့ဆီသွားပြီး ကူသလိုလိုနဲ့ လက်ဘက်သုတ်နဲ့ ရေနွေးကြမ်း ကပ်သောက်ကြမယ်”
                   ကြာဇံကြော်အနံ့က ဆောင်းလေအေးနှင့် ဝေ့လာတော့ ဗိုက်တောင်ဆာလာသလိုပင်။
“ဟိုမိန်းမတွေ စာခါနီးမှ ရောက်လာကြတယ်ပေါ့။ တော်တော် အားကိုးရတယ်နော်”
                   ဆီးကြိုအပြစ်တင်ရင်း မျက်စောင့်ဝင့်နေသော ညိုမီ့ကို ဟီးခနဲ မျက်နှာချိုသွေးရင်း…
“ငါတို့ ဘာလုပ်ပေးရမလဲ။ အချဉ်လုပ်ပြီးပြီလား”
“ပြီးပြီ။ ဟိုမှာ… ဆရာနဲ့ ဆရာကတော်တို့အတွက် ဦးချထားတဲ့ မုန့် ပန်းကန်တွေ  ၀ိုင်းသယ်ပို့ပေးလိုက်ကြ”
                   မုန့်ဗန်းတွေကို ဆရာတို့ အိမ်ကလေးထဲဆီ သယ်ယူလာခဲ့ကြသည်။ ရိုးသားအေးချမ်းကာ ဆရာ့ကျောင်းသားတွေကို သားသမီးရင်းနှယ် သံယောဇဉ်တွယ်တတ်သော ဆရာကတော်က …
“သမီးတွေ ပင်ပန်းနေကြပြီ”
“ ပင်ပန်းပါဘူး အန်တီရဲ့။ နေကောင်းတယ်နော်။ တစ်ခါတစ်လေ အန်တီချက်တဲ့ ကြာဇံချက်ကလေးကို လွမ်းတယ်”
                   တွေ့တာနှင့် ပီယ၀ါစာပြောကာ ချွဲတတ်ကြတာကို အန်တီခမျာ သိသိကြီးနှင့် အရည်ပျော်သွားတတ်မြဲ။ ကိုယ်ပိုင် သားသမီးမရှိရှာတာအတွက် အမြဲစိတ်အားငယ်တတ်နေတတ်တဲ့ အန်တီက…
“ဆရာ့တပည့်တွေဟာလည်း အန်တီတို့ သားသမီးတွေပါပဲ ကွယ်”
                   တကယ်တမ်းမှာလည်း အန်တီဟာ ဆရာ့ကျောင်းသား၊ ကျောင်းသူတို့၏ ဆိုမျိုးသည်းညည်းကို မညည်းမငြူ အနွံတာခံခဲ့ရှာသူ ပင်။
“ဆန်းမီကိုတွေ့မှ သတိရတယ်။ ဥာဏ မနေ့က ဖုန်းဆက်သေးတယ်။ သူ ခု ညကားနဲ့လာခဲ့မယ်တဲ့။ ဆရာကန်တော်ပွဲမီအောင် စောစောကြိုလာဖို့ဟာ သူတို့အထက်အရာရှိက နိုင်ငံခြားခရီးစဉ်တစ်ခု ရှိနေလို့ဆိုလားပဲ။ အန်တီကလည်း ဆရာ ကန်တော့ပွဲ မမီလည်း အားလုံးနဲ့တွေ့ရအောင် လာဖြစ်အောင်လာဖို့ ပြောလိုက်သေးတယ်။ ခု ရောက်နေပြီလား”
                   ခေါင်းကိုသာ ခါပြနိုင်တော့သည်။
“လမ်းမှာ ကားပျက်နေသလားပဲ။ အဲဒါဆိုလည်း ဖုန်းလေးဘာလေး လှမ်းဆက်လိုက်ရောပေါ့ ”
                   အဲဒီ ဥာဏဟာ အင်မတန် လျှို့ဝှက်တတ်သူ၊ တစ်ဖက်သား အပေါ် အားနာငဲ့ညှာတတ်သူ တစ်ယောက်လည်း ဖြစ်သေးသည်ပင်။ သူ.. လမ်းမှာ အခက်အခဲ တစ်ခုခု ဖြစ်နေလျှင်တောင် အကြောင်းကြားမည်မထင်။ ဒီမှာ ရှိနှင့်ကြသူတွေ စိတ်ပူကြမှာ၊ အလုပ်ရှုပ်ကြမှာကို တပြန် ပူပန်ငဲ့ညှာနေဦးမှာ ဖြစ်သည်။ ခုလို အကြောင်းမကြားတော့လည်း ဘာများဖြစ်နေသလဲဟု မှန်းဆ ပူပန်နေကြမှာ မတွေးမိဘူးလား ဥာဏရယ်။
 ဥာဏဟာ ငယ်စဉ်ကတည်းက သူတပါးကို ငဲ့ညှာတတ်ခဲ့တာ…။
အဲဒီနေ့က ဥာဏသာ မဟုတ်လျှင် သူမ ခုလို  ဒီပွဲကို ရောက်လာစရာ အကြောင်းတောင် မရှိခဲ့ပေ။ ထိုစဉ်က ပူပန်ရှက်ရွံ့ခဲ့ရပုံမျိုး တစ်သက်နှင့် တစ်ကိုယ် မကြုံစဖူးပေ။
ဆရာကလည်း မဖြစ်စဖူး ဒေါသတွေနှင့် ဆူပူဟိန်းဟောက်နေခဲ့သည်။ အတန်းထဲမှာ ကျောင်းသူတစ်ယောက်၏ ရင်ထိုးလေးတစ်ခု ပျောက်ရှသွားခဲ့တာ ဖြစ်သည်။ ထိုရင်ထိုးလေးက သူမ၏ ကျောပိုးအိတ်ထဲမှာ ရှိနေတာ မဟုတ်လား။
“အဲဒါလေးက တန်ဘိုးမနည်းဘူးဟ။ ငါ့အစ်ကိုတစ်ယောက် ဖောရီန်းက ပြန်လာလို့ လက်ဆောင်ပေးထားတာလေ”
                   ထိုကျောင်းသူ၏ ကွယ်ရာမှာ တက်ညီလက်ညီ နှာခေါင်းရှုံ့မိခဲ့ကြသည်။ သူမတို့ မြင်တွေ့ဖူးနေကျ ဖန်စီရင်ထိုးလေးကိုပဲ ရွှေဖြူနဲ့ လုပ်ထားတာဟု အမွှမ်းတင်ကာ အသားလွတ် ကြွားလုံးထုတ်နေသည်ဟု ထင်ကြသည်။
“ဟဲ့ အဲလောက် တန်ဘိုးကြီး ပစ္စည်းတွေ ဒီကို ယူမလာရဘူးလို့ ဆရာပြောထားတယ်လေ”
“နင်တို့ကို ပြချင်လို့ မေမေမသိအောင် ယူလာတာပါဟာ။ ဒီတစ်ခေါက် အိမ်ပြန်ရင် ပြန်ထားရမှာ”
                   ကြွားစိန်မ..။ သင်းကို ပညာပေးဖို့ အကြံအား ဘယ်သူက စတင်ခဲ့သည် မသိပေ။ သူခိုးရွှေရ တပြပြလို လုပ်နေသော ကလေးမကို စာသင်ခန်းထဲမှာ  စာတွေမေး၊ ဇာတ်လမ်းတွဲအကြောင်း၊ မော်ဒယ် မင်းသားမင်းသမီးတွေအကြောင်း သောင်းပြောင်းထွေလာတွေ ၀ိုင်းပြောရင်း အချိန်ဆွဲသူက ဆွဲထားကြသည်။ အိပ်ဆောင်မှာ လှန်လှောမွှေနှောက်ရှာသူက ရှာကြသည်။ နောက်ဆုံး ဥစ္စာရှင်က မျက်ရည်နှင့်မျက်ခွက် ဆောက်တည်ရာမဲ့ကာ ဆရာ့နားသို့တိုင် ပေါက်ကြားသွားချိန်မှာတော့ ထိုရင်ထိုးလေးက သူမထံမှာ..။
“ဥာဏ  … လာစမ်း။ မိန်းကလေးတွေ တစ်ယောက်ချင်းရဲ့ အိတ်တွေထဲမှာရှာ”
                   စာသင်ခန်းထောင့်မှာ စီတန်းလျှက် မတ်တပ်ရပ်နေရင်း ဒူးတွေ တဆတ်ဆတ် တုန်ကာ ယိုင်ညွတ်ကျချင် လာခဲ့သည်။ မျက်ဝန်းတွေကေ၀၀ါးလို့ မျက်ရည်တွေ စို့ဝဲနေပြီလား။
‘ပြီးရင် မိန်းခလေး အကြီးတွေက အိပ်ခန်းတွေထဲ ၀င်ရှာမယ်။ ကျန်တဲ့သူတွေ ဘယ်သူမှ နေရာ မရွေ့ကြနဲ့”
 ဥာဏကတော့ မိန်းခလေးတစ်ဦးချင်း၏ ကျောပိုးအိတ်တွေ၊ လွယ်အိတ်နှင့် ပိုက်ဆံအိတ်တွေထဲသို့ စေ့စေ့စပ်စပ် မွှေနှောက်ရှာနေပြန်တော့ပြီ။ သူ… သူမ၏ အိတ်ကို ကိုင်လိုက်ပြီ။ သူမ ဒိန်းခနဲ ရင်တစ်ချက်ဆောင့်ခုန်သည်။ ဖျတ်ခနဲ သူမထံ အကြည့်တစ်ချက်လွင့်လာသည် ထင်၏။ ကျေးဇူးပြု၍ ရှာမတွေ့လိုက်ပါနဲ့ ဥာဏရယ်။ ပြီး.. ဘယ်သူ့ကိုမှ ဘာမှ မပြောလိုက်ပါနဲ့။ ဒါပေမယ့် ဥာဏမျက်နှာထား ဖျတ်ခနဲပြောင်းလဲ ပျက်ယွင်းသွားသည် ထင်၏။ တစ်စုံတစ်ရာကို သူ့လက်တွေက စမ်းသပ်တွေ့ရှိသွားခဲ့ပြီ။ ထိုအရာကလေးကို ကျစ်ကျစ်ဆုတ်လျှက် ဥာဏတစ်ယောက် ဆရာ့ထံ လျှောက်သွားသောအခါ အတန်းသားအားလုံး၏ အကြည့်မြားတို့က သူမထံ စူးစိုက်ရောက်ရှိလာကြတော့ပြီ။ ကောင်းကင်ကြီးတစ်ခုလုံး ကိုယ်ပေါ် ပြိုအိကျလာသလို စိတ်မှာထင်သည်။
“အဲဒါ တစ်ခုပဲတွေ့တယ်ဆရာ။ အ၀ိုင်းပြားလို စမ်းမိတော့ ဟုတ်မယ်မှတ်လို့…”
ခဏငယ်မျှ သူမ၏ အသိသည် ကိုယ်ပေါ်မှ ကင်းလွတ်သွားပြီလားမသိ။ သို့ပေမယ့် မျက်တောင်ဖျားမှာ ခိုတွဲလာသော မျက်ရည်များကို မျက်တောင်တဖျတ်ဖျတ် ခပ်ထုတ်ရင်း  သူမကြားနေရသည်။
“ဆယ့်နှစ်နာရီ ထိုးတော့မယ်ဟေ့။ အားလုံး ခြံထဲကို ဆင်းလာကြတော့”
                   တစ်နေရာစီ ကျဲပြန့်နေသော သူမတို့တတွေ ခြံဝန်းထဲရှိ မီးပုံနံဘေးသို့ အလုအယက် သွားရောက်စုဝေးနေလိုက်ကြသည်။ အားလုံးက နာရီ တကြည့်ကြည့်။ နှစ်သစ်ရောက်တော့မည်။ လမ်းမပေါ်မှာ ဆိုင်ကယ်၊စက်ဘီးတွေ ဥဒဟို စုံဆန်သွားနေကြရင်း အချင်းချင်း အော်ဟစ်စနောက်ကြသံ၊ သီချင်းသံပြိုင် ဆိုသံတွေကိုပါ ကြားနေရသည်။
“သုံးဆယ့်တစ်။ ဒီဇင်ဘာလမ်းလေး..။ ရင်ခုန်သန်းခေါင်ယံအချစ်ရေ…”
                   Phone ring လေးက ကြည်နူးဆွံ့ပျံချင်စရာ…။
“ဟာ… ဥာဏ”
                   တယ်လီဖုန်းဆီ အားလုံးက အာရုံရောက်ကုန်ကြသည်။ ဆရာ့ကို ဖုန်းပေးလိုက်ဖို့ ဥာဏပြောသည် ထင်ပါရဲ့။ ဥာဏနှင့် ဆရာ .. ဖုန်းပြောနေစဉ်မှာ ဥာဏတစ်ယောက် ကားမမီလို့ ဆိုင်ကယ်နဲ့ အလာ မြို့အ၀င်နီးလေမှ ဆိုင်ကယ် အက်ဆီးဒင့်တစ်ခုနှင့် ကြုံခဲ့ရကြောင်း တစ်ယောက်က ဖောက်သည်ချနေသည်။ သူမ နားစွန်နားဖျားဖြင့် ထိတ်ပြာပူပန်မှုကို ဟန်ဆောင်မရ။
“ဥာဏ… ဥာဏ ဘာဖြစ်လို့လည်း”
“ဥာဏ မဟုတ်ပါဘူး။ လမ်းမှာ သူများတွေ ဖြစ်တာနဲ့ ကြုံလို့ ဥာဏက လိုအပ်တာ ၀င်ကူညီပေးနေတာ။ စိုးရိမ်ရလောက်အောင် မထိခိုက်ဘူး ပြောပါတယ်။ ခု.. ကိစ္စတွေပြီးလို့ ဆက်လာနေပြီ…”
                   ဆရာကလည်း ဥာဏနှင့် စကားပြောလိုက်ရလေမှ ပူပန်မှုတို့အနည်းငယ်ပြေလျော့သွားရပုံနှင့် …
“ဆရာကန်တော့ပွဲချိန် မီချင်တာတဲ့ကွာ ။ ဆေးရုံဝင်ရ၊ သက်ဆိုင်ရာနှင့် စကားပြောပေးရနဲ့ နောက်ကျသွားတာကို လှမ်းတောင်းပန်နေတယ်။  ဒီနှစ်ထဲ ရောက်အောင်လာမယ် လုပ်နေလို့ ဖြေးဖြေေးမာင်းဖို့ သတိပေးလိုက်ရသေးတယ်။ မြို့ထဲလည်း ရောက်နေပြီ ဥစ္စာ…”
                   တပည့်တွေကို ငဲညှာစာနာတတ်တဲ့ ဆရာလည်း သူ၏ နှစ်သစ်ကူးညဟာ ခုမှပဲ ပြီးပြည့်စုံရတော့သလို ပြုံးတညိတ်ညိတ် ရှိနေတော့တာ..။
“နင်… သူ့ဥစ္စာကို ပြန်ပေးမယ် မဟုတ်လား”
                   လျှို့လျှို့ဝှက်ဝှက် မေးလာခဲ့သော သူ့ကို စူပုတ်ပုတ်ရှုံ့မဲ့ပြလိုက်ရင်း…
“ပြန်မပေးလို့ ဘာလုပ်ရမှာလဲ။ စကတည်းက လိုချင်လို့ လုပ်ကြတာလည်း မဟုတ်ဘူး။ ပြီးတော့ ငါ့ လက်နဲ့ ကိုယ်ထိလက်ရောက်ယူခဲ့တာလည်း မဟုတ်ဘူး”
                   ပြောရင်း မျက်ရည်ဝဲချင်ပြန်ပြီ။
“ဒါပေမယ့်… ငါ… ငါ… ဘယ်လို ပြန်ပေးရမလဲ မစဉ်းစားတတ်တော့ဘူး”
“ငါ.. ပေး ပေးမယ်”
                   စိတ်မချသလို ပြန်ကြည့်မိသော သူမအား…
“ငါဘာသာ အဆင်ပြေအောင် ကြည့်ပြောပြီး ပေးမှာပါ။ နင့် နာမည် မပါစေရဘူး စိတ်ချ”
                   နောက်မှ ပြန်သိရတာက စာမေးပွဲနောက်ဆုံးနေ့အပြီး ကိုယ်စီ အိမ်ပြန်ရန် ပြင်ကြစဉ် ဆရာ့အား အကြောင်းစုံကို တိုးတိုးတိတ်တိတ် ၀န်ခံကန်တော့ သွားသည်တဲ့။ ဆရာကလည်း အစကတည်းက ရိပ်မိနားလည်နေပါသည်ဟု ပြန်ပြောခဲ့သေးသည်တဲ့ ။
                   ဥာဏအား ခုချိန်ထိ ကျေးဇူးတင်နေမိသေးသော်လည်း…
“နင်က ငါ့အပေါ် ကျေးဇူးပြုခဲ့ဖူးတယ်ဆိုပြီး အခွင့်ကောင်း ယူတာပေါ့လေ…”
                   ဥာဏတစ်ယောက် မျက်စိမျက်နှာပျက်ရှာသည်။
“အဲဒါတွေနဲ့ ဘာမှ မဆိုင်ဘူးဟာ။ ကျွတ်.. နင်ကလည်း အတွေးခေါင်လိုက်တာ။ အဲဒီအကြောင်းတွေကို ငါဖြင့် မေ့တောင်နေပြီ။ နင်လည်း မေ့ထားသင့်ပါပြီ”
                   မမေ့နိုင်သေးပါဘူး ဥာဏရယ်။ နင်ကိုယ်တိုင် ငဲ့ညှာစာနာစွာ ပါဝင်ပတ်သက်ခဲ့တာမို့လည်း ပိုလို့ မမေ့နိုင်ပါဘူး။ မနှစ်က နှစ်သစ်ကူးညမှာ ပြောခဲ့တဲ့ အဲဒီ စကားလှလှတွေကို ပိုလို့တောင် မေ့မရနိုင်ခဲ့တာရော နင်သိနေရဲ့လား။ နင်ပေးခဲ့တဲ့ နှစ်သစ်လက်ဆောင် ဓါတ်ပုံပေါင်လေးထဲမှာ ငါတို့ဆယ်တန်းတုန်းက အုပ်စုလိုက် အမှတ်တရ  ရိုက်ခဲ့ကြတဲ့  ဓါတ်ပုံဟောင်း လေးထည့်သိမ်းလို့ အိပ်ယာနားမှာ ထားအိပ်တတ်တာရော…  နင်သိရင် ဘာပြောမလဲ။
“ဟ..ဆိုင်ကယ်မောင်းနေတဲ့သူကို ဖုန်းမပြောကြနဲ့တော့လေ။ မြိုထဲမှာ လမ်းက လူရှုပ်နေပြီ”
                   သို့ပေမယ့်….
“ဆရာ့ တပည့်က ဆန်းမီနဲ့ ပြောချင်သေးတယ် လုပ်နေတယ်”
“ဟေ.. ကဲ ပေးလိုက်ပါကွာ”
                   ထူထူပူပူနှင့်ပင် လက်ထဲသို့ ဖုန်းက ဘယ်လို ရောက်လာမှန်းမသိ။
“ဆန်းမီ၊ ဆန်းမီလား…”
                   နှုတ်က အင်းဟုဆိုရင်း ခေါင်းကိုပါ ညိတ်ပြမိတော့ အနားက သူငယ်ချင်းတွေက ရယ်ပွဲဖွဲ့နေကြသေးသည်။
“ဆန်းမီ…။ နင့်အနားမှာ ဘယ်သူတွေ ရှိလဲ။ ဟာ.. ဒီမှာ ငါ ပြောတာကို နင်ဘာမှ ပြန်မပြောနဲ့။ နားပဲထောင်နေ ဟုတ်လား။ ငါ…ငါ.. နင့်ကို …”
“မကြားရဘူး။ ရောက်လာမှပြောတော့ ဟာ”
                   ပြောပြီး ဖုန်းပိတ်ချလိုက်ပေမယ့် သူမ၏ နှုတ်ခမ်းများက မြူးထူးပြုံးမြနေဆဲ…
“ဟက်ပီး နယူးယီယား………”
                   ခြံထဲသို့ဝင်လာသော ဆိုင်ကယ်တစ်စီးမှ ၀မ်းမြောက်အူမြူးသံ။
“ဟက်ပီး နယူးယီယား………”
                   ခြံထဲမှာရော၊ တစ်မြို့လုံးမှာပါ လျှံတက်လွင့်ပျံသွားတော့ပြီ။ ဆယ့်နှစ်နာရီတိတိ။ နှစ်သစ်ရောက်ပြီ။
                   ဥာဏက ဆိုင်ကယ်ပေါ်မှ ဆင်းလျှင်ဆင်းချင်း အားလုံးကို လက်တစ်ဖက်ဝှေ့ရမ်းကာ ပြုံးရယ် နှုတ်ဆက်လိုက်လေကာ ဆရာနှင့် အန်တီ့ထံ ကန်တော့ရောက်သည်။ ပြီး ဥာဏ၏ မျက်လုံးတို့က ဆန်းမီအား လူအုပ်ကြားမှာ သိသိသာသာ အပြေးအလွှား ရှာဖွေနေတော့တာမို့ သူမကပဲ သူ့အနားသို့ရောက်အောင် ခပ်သွက်သွက် လျှောက်သွားလိုက်တော့သည်။   ။


                                                                                                  သတိုး



                                      
                 

9 comments:

  1. Merry Christmas & Happy New Year....ပါ အကို....

    ReplyDelete
  2. Wish you a very happy new year...!

    ReplyDelete
  3. မြတ်မွန်December 24, 2011 at 8:49 PM

    ပေါ်ရွှင်ဖွယ် နှစ်ဦးအမွန် ဖြစ်ပါစေ ကိုသတိုး..:))

    ReplyDelete
  4. ကိုသတိုးရေ..
    မကြာခင်ရောက်လာတော့မဲ့နှစ်သစ်ဟာ ပျော်ရွှင်ဖွယ်များကိုဆောင်ကျဉ်းပေးလာတဲ့ နှစ်သစ်ဖြစ်ပါစေရှင်။
    ဝတ္ထုတိုတွေကို အရှိန်ကောင်းကောင်းနဲ့ ရေးထုတ်နိုင်ပြီး ရေးသလောက်လည်း ဖတ်လို့ကောင်းနေတာပါဘဲ။
    ခုပိုစ့်လေးကိုတော့လူငယ်တို့ရဲ့ ပျော်စရာသဘာဝအကြောင်းကို ကြည်နူးစိတ်လေးနဲ့ ဖတ်သွားပါတယ်
    ဝတ္ထုတိုအရေးကောင်းလို့လည်း နှစ်သက်အားကျစိတ် ဖြစ်ရပါတယ်ရှင်..
    ပျော်ရွှင်နှစ်သစ်ဖြစ်ပါစေ..

    ReplyDelete
  5. Merry X'mas & Happy New Year ပါ သတိုးရေ....း)

    ReplyDelete
  6. ကိုကိုမောင်(ပန်းရနံ့)December 26, 2011 at 3:15 AM

    ဥာဏက သတိုးလား။ အခုလောက်ဆို အဆင်ပြေနေကြရောပေါ့။း)

    ReplyDelete
  7. ပျော်ရွှင်ဖွယ်ပို့စ်လေးကို ခံစားဖတ်ရှုရင်း ကိုယ်ပါပျော်လာမိပါတယ်။
    ပျော်ရွှင်ဖွယ်နှစ်သစ်ဖြစ်ပြီး နှစ်သစ်မှာ စာတွေအများကြီးရေးနိုင်ပါစေ ကိုသတိုးရေ...။

    ReplyDelete
  8. တီတင့်က အခုလို ပျော်ရွှင်မှုလေးနဲ့အဆုံးသတ်တဲ့
    ဇာတ်လမ်းလေးတွေကို ပိုသဘောကျတယ် သတိုးရေ။
    Happy New Year !!!
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete

စိတ်ထဲ ခံစားမိသလို မျှဝေပြောပြခဲ့ပါဦး...။