Tuesday, November 22, 2011
ဆေးမင်ကြောင်
                        ငယ်ငယ်က နှစ်ခြိုက်ကြိုက်မက်လွန်းစွာ ကိုယ်ပေါ်မှာ ထိုးနှံထားခဲ့မိဖူးတဲ့ ဆေးမင်းကြောင် အရုပ်တွေကို တဖြည်းဖြည်း စိတ်ပျက်လာခဲ့ပြီ။ အိမ်ထောင်မှု၊ ဘုရားတည်၊ ဆေးမင်ရည်စုတ်ထိုး၊ ဤသုံးမျိုး ချက်မပိုင်လျှင် နောင်ပြင်ရန် ခက်လိမ့်အမျိုးဟု ရှေးလူကြီးတွေ ဆိုခဲ့ကြသော်လည်း ဒီနေ့အခါမှတော့ ကိုယ်မကြိုက်တော့တဲ့ ကိုယ်ပေါ်က ဆေးမင်ရုပ်တွေကို ဖျက်နိုင်၊ ပြင်နိုင်နေပါပြီ။ ဒါပေမယ့် ဆေးမင်ကြောင်အရုပ်တို့ရဲ့ သဘောသဘာဝကိုက အလွယ်တကူ ရေးထိုးဖို့မခက်ခဲပေမယ့် ဖျက်ပြင်ဖို့တော့ အချိန်ယူရလေသည်။ အနည်းငယ်မက နာကျင်ပင်ပန်းရကာ ခက်ခဲဆဲလည်း ဖြစ်ပါသည်။
                        *******
                        ဆယ်တန်းစာမေးပွဲအောင်မြင်ပြီး တက္ကသိုလ်တက်ရန်ပြင်ဆင်ဆဲ   အပေါင်းအသင်းတွေနှင့် ဟေးလားဝါးလား နေလို့ ကောင်းနေစဉ် ပထမဆုံးဆေးမင်ကြောင်းကို သူ့ကိုယ်ပေါ်မှာ စတင်ရေးထိုးမိခဲ့လေသည်။ ထိုစဉ်ကတော့ ဆေးမင်ကြောင် ယဉ်ကျေးမှုက ခေတ်မှိန်နေဆဲအချိန်လည်း ဖြစ်သည်မို့ ပတ်ဝန်းကျင်၏ ထိပါးရှုံ့ချမှုကို သူ အတော်ကလေး တောင့်ခံခဲ့ရပါသည်။
                        ထိုစဉ်က ပေါ့စတစ်တွေလည်း ခေတ်မစားသေးသလို ဆေးမင်ကြောင်ရေးထိုးခြင်းကို အနုပညာတစ်ခုလို ခံစားတတ်ကြသည့် ယဉ်ကျေးမှုလည်း မထွန်းကားသေးပေ။ အရပ်ထဲမှာ အကျင့်စာရိတ္တတွင် နာမည်ပျက်ရှိသော…၊ အချုပ်၊ ထောင်တန်းတို့ဆီသို့ ၀င်ချည်ထွက်ချည်ရှိတတ်ကြသော... ညစ်ထေးထေး၊ ပေစုတ်စုတ်၊ မှုန်ကုတ်ကုတ် လူတစ်ချို့၏ ကိုယ်ပေါ်မှာသာ ဆေးမင်ရုပ်များကို မြင့်ရလေ့ရှိတာ ဖြစ်သည်။ သူတို့ကိုယ်ပေါ်က ဆေးမင်ကြောင် အရုပ်တွေ၊ စာတွေကလည်း မလှမပတွေဖြစ်သည်။ ဘယ်လိုမှ ၊ ကြည့်ငေးချင်စရာ မကောင်းပါ။ လူ၏ အသရေကို တိုးမလာစေသည့်ပြင် ယုတ်လျော့စေတာကတောင် ပိုဦးမည်။ ညစ်နွမ်းမွဲပြာနေသော နက်ကျောကျော အရေပြားပေါ်မှာ ကြပ်ခိုးမှိုင်းတွေနှင့်ဆေးဖျော်ပြီး ကြုံရာစုတ်ဖြင့် ဆေးမင်ထိုးခဲ့ကြတာဟု သိရသည်။
မိုက်ကြွေး မိုက်ပြစ်
မွေးမေ ကျေးဇူး ဆပ်ဖူးချင်သည်
အသည်းစား ဘုရင်မကြီး။  မင်းကို သတ်ပစ်ချင်လောက်အောင် မုန်းတယ်
သံသရာ အဆက်ဆက် မောင်တောင်းပန်မယ်
သားရဲ့ဖေဖေ လုမိုက်ကြီး
                        … စသည်ဖြင့်။ မလှပ၊ မညီညာသော ကောက်ကွေးလိန်တွန့်လက်ရေးတွေနှင့် စိတ်ထင်ရာစားသားတွေကို လက်မောင်း၊ လက်ဖျံတွေမှာ၊ ပြီး… ရင်ဘတ်နှင့် ကျောပေါ်မှာ ရေးထိုးတတ်ကြတာ တွေ့ရဖူးသည်။ တချို့စာသားများကတော့ မဖွယ်မရာ အဓိပ္ပါယ် သက်ရောက်နေတတ်သေးသည်။ တချို့ ကျတော့ မပီပြင်လှသည့် ရုပ်ပုံတွေလည်း ရေးထိုးထားတတ်သည်။
ထို ဆေးမင်ကြောင်စာသား ရုပ်ပုံများကို ကိုယ်ပေါ်မှာ ရေးခြယ်ထားသော သူတွေကို  တွေ့လျှင် လူအများက မသိမသာ ဖယ်ခွာချင်ကြသည်။ ကွယ်ရာတွင် မဲ့ရွဲ့ကာ ရှုပ်ချပစ်တင်ကြလေသည်။
သူလို၊ ကိုယ်လိုလူတစ်ယောက်၏ ကိုယ်ပေါ်မှာ ဆေးမင်ကြောင်ရုပ်ကလေးများ တွေ့ရလျှင်လည်း သူ၏ ပတ်ဝန်းကျင်က မနှစ်သက်နိုင်သူသာ ပိုများပါသည်။ အပေါင်းအသင်း သူငယ်ချင်း တစ်ချို့တလေကသာ ငေးမောအားကျနေတတ်ကြတာ ဖြစ်သည်။ ဒါပေမယ့် ဆေးမင်ကြောင်ထိုးရအောင်ဟု အဖော်ညှိဖြစ်လျှင်တော့ လူညီခဲလှပါသည်။ စဦးတိုင်ပင်စမှာ မောင်းတင်ထားသူတွေတောင်မှ တကယ့်တကယ် ဆေးမင်ကြောင် အရုပ်ရေးထိုးသူရှေ့ရောက်တော့ အဖျားရှူးသွားတတ်ကြသေးသည်။ ဆေးမင်ကြောင် အရုပ်ရေးထိုးဖြစ်သူ အများစုသည်ပင် မူးယစ်ရူးနှမ်းနေချိန်ခဏမှာ အဆင်ခြင်မဲ့ ရေးထိုးဖြစ်ခဲ့တာဖြစ်ပြီး အမူးပြေကာ  နာကျင်မှုကို ခံစားရချိန်တွင် နောင်တတွေ တစ်လှေကြီးနှင့် စိတ်ညစ်နေ တတ်ကြသေးတာဖြစ်သည်။
သူကတော့ ဆေးမင်ကြောင်ကို နှစ်သက်မြတ်နိုးလွန်းခဲ့လို့ကို ကိုယ်ပေါ်မှာ အကြိမ်ကြိမ် ရေးထိုးဖြစ်ခဲ့တာ ဖြစ်ပါသည်။
**********
သူ၏ ကိုယ်ပေါ်မှ ပထမဆုံးဆေးမင်ကြောင်ရုပ်ကလေးမှာ ချစ်စဖွယ် ရိုးသားသည်ဟု သူထင်ခဲ့သည်။ အသည်းနှလုံးပုံကလေးပေမယ့် ဆေးမင်ကြောင်ရေးထိုးပေးသူက အသည်းပုံ၏ တစ်ဖက်ခြမ်းကို လှပသော ကနုတ်နွယ်ကလေးတွေ ရစ်ခွေထားပေးပါသည်။ အသည်းပုံရေးထိုးတတ်ကြသော သက်ရွယ်တူတွေကြားမှာ သူ့နှလုံးသားလေးက ဆန်းဆန်းကြယ်ကြယ်၊ ချစ်မက်စဖွယ်။ ထိုဆေးမင်ကြောင်ရုပ်ကလေးက သူ့နှလုံးသားကို ကိုယ်စားပြုသည်လေ။ နှလုံးသားကလေးရဲ့ အတွင်းနက်နက် အလည်ဗဟိုမှာတော့ ပန်းစာလုံးဖော်ထားသော အင်္ဂလိပ်အက္ခရာ T&Z…။ သူနှင့် ချစ်သူကောင်မလေး၏ အမည်အတိုကောက်စာလုံးလေးတွေဖြစ်သည်ဆိုတာ ပြောစရာတောင် လိုမည်မထင်ပါ။ ချစ်သူနှင့် အတူရှိမနေနိုင်သေးတဲ့ အချိန်တွေမှာ ထိုအသည်းပုံကလေးကို တစိမ့်စိမ့် စိုက်ကြည့်ရင်း ချစ်သူကို သတိတရ ရင်ခုန်သည်။ လက်ဖမိုးပေါ်မှ ထိုစာလုံးလေးကို နဖူးပေါ်တင်ကာ မျက်လုံးမှေးမှိတ်အိပ်စက်နေပေမယ့် ချစ်သူက ကိုယ်အနားမှာ အတူရှိနေနိုင်သလို ရင်ထဲမှာ တငြိမ့်ငြိမ့်လှုပ်ခုန်ကာ နွေးထွေးရှိန်းမြသော ခံစားချက်တို့ဖြင့် အားအင်တွေ ပြည့်ဝနေတော့သည်။
                        အစကတော့ ငြိုငြင်ချင်သလို၊ အပြစ်ဆိုသေးတဲ့ ချစ်သူက သူ၏ ရင်ခုန်ဖွယ် စိတ်ကူးနှင့် ခံစားချက်ကို သိနားလည်လာသောအခါ…
“သူ က အသားဖြူတော့ ကြည့်ကောင်းပါတယ်”
                        …တဲ့။  သူက အတင့်ရဲလာကာ…
“ကိုယ်တို့နှစ်ယောက်   လက်ထပ်တဲ့ နေ့ကျရင် အဲဒီနေ့ကလေးကို ဘယ်ဘက်ရင်ညွန့်မှာ မှတ်တမ်းတင်ထားရမယ်”
                        ချစ်သူက ရှက်နေခဲ့သော်လည်း  ငြင်းဆန်ဟန့်တားခြင်း မပြုခဲ့ပါ။
                        တကယ်လည်း သူတို့ချစ်သူနှစ်ဦး၏ လက်ထပ်မင်္ဂလာရက်မြတ်ကို မှတ်တမ်းတင်ခွင့် သူ ရရှိခဲ့ပါသည်။ ထို့အတွက် ကံကြမ္မာ၏ မျက်နှာသာပေးမှုကို သူ.. အထူးကျေးဇူးတင်နေပါမည်။
                        နောက်တော့ သားကြီးအတွက်… အမည်စာလုံး အတိုကောက်ကလေးနှင့် မွေးနေ့။
                        သမီးလတ် အတွက်…
                        သားငယ်အတွက်….
                        အငယ်ဆုံး သားငယ်လေးအတွက်…
                        သူ့ကိုယ်ခန္ဒာအနှံ့ပေါ်က ဆေးမင်ကြောင်တွေဟာ သူ့ဘ၀ရဲ့ ဆုလဒ်များစွာကို ရရှိပိုင်ဆိုင်နိုင်မှု အတိမ်းအမှတ်တွေသာ မဟုတ်လား။ သူ ပျော်ရွှင်ကျေနပ်ခဲ့သည်။ ပြုံးမော့ဂုဏ်ယူခဲ့ရဖူးပါသည်။
                        ************
                        ဖေဖေ့ဘကြီးတော်စပ်သော သူတို့၏ ဖိုးဖိုးကြီးကို သူ သိမီလိုက်ဖူးသည်။ ရှားပါးကာ အမြင်ဆန်းသော သျှောင်တစ်စောင်းနှင့် ဖိုးဖိုးကြီးသည် ပေါင်နှစ်ဖက်မှာ ထိုးကွင်းမင်ကြောင်တွေနှင့် ဖြစ်သည်။ ပုဆိုးစကို ပေါင်လယ်အထိဆွဲလှန်ကာ တင်ပလ္လင်ခွေချိတ်ထိုင်လေ့ရှိသော ဖိုးဖိုးကြီးသည် ဘယ်အချိန်ကြည့်ကြည့် အိမ်ဦးခန်းမှာ ကွမ်းတစ်မြုံ့မြုံ့ဝါးလို့ပေ။ အသက်ကြီးရင့်ပြီမို့ ရွာလူကြီးအလုပ်မှ အနားယူခဲ့ပြီဖြစ်သော်လည်း ရပ်ရေးရွာရေးမှန်သမျှ သူ့ အကြံအဥာဏ်၊ အဆုံးအဖြတ်နှင့် မကင်းနိုင်ကြသေး။ ဖိုးဖိုးကြီးကိုက သူ့ရပ်ရွာမှာ အပ်ကျသည်ကအစ မသိရပဲ မနေနိုင်။ စိတ်ရင်း ဖြူဖြောင့်သလောက် အသက်အရွယ်နှင့်မျှ စိတ်မြန်လက်မြန်ရှိတတ်ပြန်ရာ ဖိုးဖိုးကြီးဆိုလျှင် တစ်ရွာလုံးက ကြောက်ရွံ့ရိုသေကြလေသည်။ ထိုစဉ်အချိန်ကတည်းက ထိုးကွင်းမင်ကြောင်နှင့် ဖိုးဖိုးကြီး၏ ခန့်ညားမှုကို သူ အားကျငေးမောနေခဲ့ရဖူးသည်။
                        နောက် မေမေ့ အစ်ကို အကြီးဆုံး တစ်ယောက်ရှိသေးသည်။ သူသည်လည်း ရောက်ရာအရပ်မှာတော့ သြဇာတိက္ကမ ကြိးမားလွန်းလှသော ဆရာတစ်ဆူသာပင်။ အရပ်တကာလှည့်ကာ နေလေ့ရှိသူမို့ တစ်ခါတစ်ရံမှသာ ပြန်တွေ့ရတတ်တာ ဖြစ်သည်။ မေမေသင်ပေးသာကြောင့် ဘဘဆရာဟု နှုတ်ကျိုးနေခဲ့ပြီ။ တစ်ကိုယ်လုံးမှာ များပြားစုံလင်လွန်းလှသော ဆေးမင်ကြောင် အရုပ်များ၊ နားမလည်နိုင်သော စာတမ်းများကြောင့် အပ်ချစရာပင် မရှိဟု ထင်ရသည်။ ဘဘဆရာက မြန်မာသိုင်းဆရာကြီးတစ်ဦး ဟုလည်း ဆိုကြသည်။ ဆေးကုသတာလည်း တွေ့ဖူးသည်။ မြွေဆိပ်ဖြေရာမှာ အလွန်တော်သည်ဟု ပြောစမှတ်ပြုကြသည်။
                        ဖေဖေနှင့်မေမေက ဘဘဆရာအား ရိုသေလေးစားမှုပြသော်လည်း ကိုယ်ပေါ်မှာ ဆေးမင်ထိုးဖို့ တိုက်တွန်းစည်းရုံးလာလျှင်တော့ မျက်စေ့မျက်နှာပျက်ကာ တက်ညီလက်ညီ ငြင်းဆန်တတ်ကြတာ မှတ်မိသည်။
“တောထဲတောင်ထဲ၊ ယာထဲကိုင်းထဲ သွားနေရတာမှ မဟုတ်တာပဲ။ ကိုယ့်အလုပ်က မြို့ပေါ်မှာဆိုတော့ မြွေပါးကင်းပါး ပူစရာ မရှိလောက်ပါဘူး ထင်ပါတယ်”
                        ဖေဖေက ခပ်ရွံ့ရွံ့ဆိုလေလျှင် မေမေကပါ…
“သမီးတို့ မြိုမှာတော့ အဲလို ဆေးဝါးအရုပ်တွေက လူမှုဆက်ဆံရေးအတွက်  အနည်းနဲ့ အများ ကသိကအောင့် ဖြစ်ရတယ်လေ..”
                        ဘဘဆရာက သူ့ထံမျက်စောင်းတ၀ဲဝဲ။ မေမေက သူ့ ကိုယ်ခန္ဒာကိုယ်လေးကို ရင်ခွင်ထဲမှာ မြုတ်ဝင်တော့မတတ် ခပ်တင်းတင်းပွေ့ဖက်ထားလေသည်။
                        သူ အရွယ်ရောက်ပြီးချိန် ကိုယ်ခန္ဒာပေါ်မှာ ဆေးမင်ကြောင် တစ်စွန်းတစ်စကို မေမေ စတင်တွေ့မြင်လိုက်ချိန်မှာ တစ်နေကုန် တစ်ဖျစ်တောက်တောက် ဆူပူကျိန်းမောင်းခဲ့လေ၏။
                        **********
                        ထိုစဉ်ကတော့ ကိုယ်ပေါ်မှ ဆေးမင်ကြောင်အရုပ်နှင့် စာတမ်းများအတွက် သူ အလွန် ဂုဏ်ယူတတ်ခဲ့ ဖူးလေသည်။ ယခုလို တက်တူးထိုးသည့် အနုပညာအလေ့ တွင်ကျယ်ပြန်နှံ့လာချိန်မျိုးမှာသာ ငယ်ရွယ်စဉ်က စိတ်နှင့် လူဖြစ်ခွင့်ရလျှင် သူလည်း ဒေးဗစ်ဘက်ခ်ဟမ်းနှင့် အပြိုင် တက်တူးခရေဇီ ဖြစ်ခဲ့မည်လား မသိ။ ခုတော့ အင်ဂျလီနာဂျိုလီတို့လို အမျိုးသမီးတွေလောက်တောင် တက်တူးကို မရူးသွပ်ချင်မိတော့ပါ။  ဖြစ်နိုင်လျှင် ကိုယ်ပေါ်မှာ ရှိနှင့်ပြီးသော ဆေးမင်တို့ကိုတောင် အရေပြားခွာလှန်ကာ ဖျက်ဆီးပစ်ချင်နေပြီ။
                        သူ့ကိုယ်ပေါ်မှ ဆေးမင်များကို  အမှန်တကယ်  ဖျက်ဆီးဖြစ်မည်ဆိုလျှင် သူ ပထမဆုံး ဖျက်ဆီးပစ်မည့် ဆေးမင်ရုပ်မှာ ပထမဆုံး ထိုးခဲ့ဖူးသော ဆေးမင်ရုပ်သာ ဖြစ်ပါသည်။ သူတို့ ဇနီးမောင်နံ (ထိုစဉ်ကတော့ ချစ်သူနှစ်ဦးပေါ့) တို့၏ အမည်စာလုံးလေးတွေပါသော ကနုတ်နွယ်ခွေယှက်ထားသည့် အသည်းပုံလေးပဲပေါ့။
                        သူ မတွေးထင်ခဲ့ဖူးပါ။ သူ ရူးသွတ်မှုတွေနှင့် တစိမ့်စိမ့် နှစ်သိမ့်ပျော်ရွှင်ခဲ့ရတဲ့ ထို ဆေးမင်ရုပ်ကလေးကို တစ်ချိန်ချိန်မှာ ဖျက်ဆီးပစ်ချင်စိတ် ပေါပေါက်လာခဲ့လိမ့်မည်ဟု ဘယ်တုန်းဆီကမှ ယောင်လို့တောင် မတွေးမိစဖူး။ ထို့အတူ သူ အရူးအမူး စွဲလန်းမြတ်နိုးခဲ့ဖူးတဲ့ ချစ်သူမိန်းကလေးဟာလည်း တစ်ချိန်ချိန်မှာ ခုလို အပြောင်းလဲကြီး ပြောင်းလဲသွားလိမ့်မည်ဟု ဘယ်မှာ ထင်မှတ်မျှော်လင့်ထားခဲ့ပါ့မလဲ။ ဒါပေမယ့် သူမသည် မမှတ်မိနိုင်လောက်အောင် တကယ်ကို ပြောင်းလဲသွားခဲ့လေသည်။ တစ်ခါတစ်ရံ သူက…
“မင်း… မင်းမှ ဟုတ်ရဲ့လားကွာ”
                        တအံ့တသြ ရေရွတ်မြည်တမ်းမိသည် အထိ ဖြစ်သည်။ ထိုအခါ သူမက ရှိရင်းစွဲဒေါသများကို အစွမ်းကုန် ဖွင့်လှစ်ပေါက်ကွဲပစ်တတ် ပြန်သေးသည်။ သူမ ဒီလောက် ဒေါသမာန်ကြီးတတ်မှန်း အစကသာ သိခဲ့လျှင် သူချစ်ခဲ့မိမှာ မဟုတ်မှာဘူး။ ချစ်ခဲ့မိသည့်တိုင်အောင် ချစ်ဝံ့ခဲ့မှာ မဟုတ်ပါဘူးဟု နောင်တနှင့် နာကျင်နေရသည်။
                        အဲသည်စဉ်တုန်းကတော့ သူ့ချစ်သူ ကောင်မလေးဟာ ဒေါသတကြီး စိတ်ဆိုးတတ်ဖို့ဝေးလို့ စကားပြောတာတောင် နှစ်ကိုယ်ကြားသာရုံ  ညံ့ညံ့သက်သက် တိုးဖွဖွကလေး ဆိုတတ်ခဲ့တာ ဖြစ်သည်။ အလွန် အရှက်အကြောက်ကြီးလှသည်။ ရိုးသားအေးချမ်းကာ သူ့ကိုလည်း အလွန်အထင်ကြီးလှတာ ဖြစ်သည်။ အဲဒီချစ်စဖွယ် မခိုတရို့ အပြုံးနှင့် ထိုကောင်မလေးသည် သူ့ရှေ့မှာပင် တဖြည်းဖြည်း တုတ်ခိုင်၊ဆူဖြိုး ဖောင်းကားလာသော ကိုယ်ခန္ဒာနှင့်အတူ အလိုလောဘတွေလည်း အတောမသတ် တိုးပွားများပြားလာခဲ့တော့တာ အံ့သြစရာ မကောင်းပေဘူးလား။
                        အလွန် အလုပ်ကြိုးစားသော လူတစ်ယောက်အဖြစ် သူ့အား သူ့ အလုပ်ပတ်ဝန်းကျင်မှာ ချီးမွမ်းဂုဏ်တင် နေကြစဉ်မှာ သူမကတော့ လက်ကြောမတင်းဟု အားမရနိုင်ခဲ့ပေ။ အလုပ်မှာ လာဘ်မြင်သူဟု အလုပ်ရှင်ကိုယ်တိုင်က ချီးမွမ်းနေစဉ်မှာ သူမက ဦးနှောက်နည်းသူဟု စွတ်စွဲနေပြန်သည်။ တကယ်က သူမ၏ လိုအပ်ချက်ထက် အဆများစွာ သာလွန်များပြားသော လိုအင်ဆန္ဒတွေကို ဖြည့်ဆည်းရန် သူက လုံလောက်သည်ထက်မက ပိုလျှံကဲမောက်သော ငွေကြေးကို မရှာဖွေ၊ မပေးစွမ်းနိုင်သောကြောင့်သာ ဖြစ်ပါသည်။
                        သူသည် ဆွေစဉ်မျိုးဆက် ကြွယ်ပိုးကြွယ်ဝ ချမ်းသာခဲ့ရသူ မဟုတ်ပါ။ သူမသည်လည်း လက်လုပ်လက်စား မိသားစုမှ ပေါက်ဖွားဆင်းသက်လာသူသာ ဖြစ်ပါသည်။ ကိုယ့်ဒူးကိုယ်ချွန်ကာ ကိုယ့်လမ်းကိုယ်ဖောက် လျှောက်ခဲ့ကြရတာ ဖြစ်သည်။ သူတို့၏ မိသားစုဘ၀သည် မချမ်းသာသော်လည်း မဆင်းရဲခဲ့။ မော်ကြွားတောက်စားလောက်အောင် မ၀င့်ဝါနိုင်သော်လည်း ဂုဏ်မငယ်ခဲ့။ ဒီလောက်ဆိုလျှင် ဘ၀က နေပျော်စရာ  မကောင်းဘူးလား။ သူမကတော့ မရောင့်ရဲနိုင်ခဲ့ပေ။ စီးပွားရှာရာမှာ  သူ့ကို ဖြတ်လမ်းက လိုက်စေချင်သည်။ လိုအပ်လျှင် စာရိတ္တချစားလိုလျှင်လည်း စားပါစေဟု ဖွင့်ဟ မတိုက်တွန်းရုံတမယ်။ ကိုယ်ကျင့်သိက္ခာကို ထိုးကျွေးကာ အလဲအထပ်လုပ်ရမည်ဆိုလျှင်လည်း အဆင်ခြင့်မဲ့ စွန့်စားကြည့်စေချင်နေခဲ့သည်။ တစ်ခါတရံတော့ သူက…
“ငါ့ အလုပ်ကိစ္စထဲမှာ မင်း ၀င်မပါစမ်းပါနဲ့”
                        သူမ မပါဝင် မပတ်တော့သော အခါ  စိတ်အေးလက်ချထားဖို့ စိတ်ကူးရုံရှိသေးသည်။ တစ်စခန်း ထပြန်တော့သည်။ ကပ်ဖိုးကပ်ဖဲ့ အရွဲ့တိုက်တတ်လာသည်။ ဟိုလူ့ပြောသလို၊ ဒီလူ့ပြောသလိုနှင့် စောင်းချိတ်သည်။ ပြီး.. မေ့လောက်ရှိတော့လည်း သူ့အလုပ်မှာ သူမ စွက်ဖက်ချယ်လှယ်ဖို့ ကြိုးစားပြန်တာပဲ။ အဆိုးဆုံးကတော့ သားသမီးများကို ဖခင်အား အရိုသေတန်စေရန် အဆင်ခြင်မဲ့သော စကားများကို ဆိုလေ့ရှိတတ်တာပင် ဖြစ်သည်။
                        မိကြောင်းဖကြောင်း မသိတတ်၊နားမလည်သော သားသမီးများသည်လည်း သူ့အပေါ် စာနာစိတ် စိုးစဉ်းမျှ မရှိကြပေ။ လိုချင်တာတွေ့လျှင် ခေါင်းဝှေ့ပူဆာမည်။ ချက်ချင်းမရလျှင် ညူစူစိတ်ကောက်ကြမည်။ ဆန္ဒပြမည်။ မိခင်၊ ဖခင်တို့ထက် တော်ထူးထက်မြက်သော အတိဇာတ သားသမီးများကို သူမျှောင်လင့်ခဲ့သည်။ ခုတော့.. ဟင်းရွက်ကန်စွန်းသာ ဆိုလျှင် နင်းခြေမီးမြိုက်ကာ အပင်သစ်သာ ပြန်ပျိုးယူချင်မိတော့ပြီ။
                        သူမျှော်လင့်သော သီရိဂေဟာသည် အတိအကျ ပြောင်းပြန်ဆန့်ကျင် ပုံပေါ်လာသောအခါ သူ.. အိမ်ပြန်ရမှာ ကြောက်လာသည်။ အိမ်မဟုတ်လျှင် ဘယ်နေရာမဆို သူပျော်သည်။ မိသားစုဝင်တွေသာ မဟုတ်လျှင် ဘယ်အတန်းအစားက၊ ဘယ်လိုလူမျိုးနှင့်မဆို သူ ယှဉ်တွဲနေထိုင်နိုင်သည်။ အလုပ်မှာပင် ညအိပ်ဖြစ်ခဲ့သော အကြိမ်တွေ များလာခဲ့ပြီ။ သူ့မိန်းမကတော့ သူအား အယုံအကြည်လွန်ခဲ့လေသလား။ ဒါမှ မဟုတ် လျစ်လျှူရှုထားလေသလားမသိ။ လကုန်လို့ ငွေမအပ်လျှင်သာ တဖျစ်တောက်တောက် ဆူပူတတ်လေ့ရှိသော အမျိုးသမီးသည် ရှင် .. ညက ဘယ်မှာအိပ်ခဲ့သလဲဟု တစ်ခွန်းတစ်စ မေးမြန်းဖော်မရခဲ့ပေ။ အိမ်ပြန်ရောက်လာသော ခင်ပွန်းသည်ထက် ကိုယ်ပေါ်မှ ချွတ်ခွာပြီး ချိတ်တွင် ချိတ်လွှားမည့် အင်္ကျီမှ အိတ်ကပ်ကိုသာ  ပိုမိုစိတ်ဝင်စားတတ်တာဖြစ်သည်။ သားသမီးများကလည်း လိုဘပြည့်နေသမျှ ဖခင်ကို မျှော်ရကောင်းမှန်း  သတိမရကြပေ။
                        သူသည်  လက်ဖမိုးနှင့် လက်ဖျံပေါ်မှ ဆေးမင်ကြောင်ရုပ်များကို ဖျက်ဆီးပစ်ချင်စိတ် ပေါ်ပေါက်လာခဲ့မိတော့တာ သူ မလွန်ပါ။ ဒါပေမယ့် အချိန်ကတော့ နှောင်းလွန်ခဲ့ပါပြီ။
                        ************
                        သူသည် လက်ဖမိုးနှင့် လက်ဖျံပေါ်မှ ဆေးမင်ကြောင်များကို ဖျက်ဆီးပစ်ချင်စိတ်တွေနှင့် ပြင်းပြင်းပြပြ ဆာလောင်ဆူဝေလာသည့်အခါ ထိုအရုပ်များအပေါ် လက်ဖ၀ါးတစ်ဖက်အုပ်လျှက် အကြိမ်ကြိမ်ပွတ်တိုက် ဖျက်ဆီးနေမိသည်။ ဒါပေမယ့် သူအသားတွေ နီရဲပွန်းပဲ့ကာ နာကျင်ကျိန်းစပ်လာတာပဲ အဖတ်တင်သည်။ ဆေးမင်ရုပ်များကတော့ ဖျော့မှိန်မသွားကြပေ။
                        သူ့မှာ သည့်ထက်နည်းနည်း စွန်လွှတ်စွန့်စားရဲသည့် သတ္တိရှိခဲ့လျှင်….၊ နာကျင်မှုကို အချိန်ကာလတစ်ခုထိ တောင့်ခံနိုင်ခဲ့မည်ဆိုလျှင် ထိုဆေးမင်ကြောင်များကို ဖျက်ဆီးပစ်နိုင်လိမ့်ဟု သူ သိပါသည်။ သို့သော် သူ သွေးကြောင်နေသေးသည်။
                        ခုတော့ ဆေးမင်ကြောင်များသည်ပင် သူ့ခန္ဒာအရေပြား ပျော့တွဲတွဲပေါ်မှာ မထင်းပ၊ မ၀င့်ဝါနိုင်ကြတော့ရှာ။ ဒါပေမယ့် စွဲထင်နေနိုင်ဆဲတော့ ဖြစ်သည်။ သူ သေသည်အထိ စွဲမြဲစွာ ထင်ကျန်နေတော့မည်လည်း သေချာနေပါသည်။
                        ***********
“ခင်ဗျားရဲ့ ဆေးမင်ကြောင်တွေ အကြောင်း ကျွန်တော် စာတစ်ပုဒ်လောက် ရေးချင်မိတယ်”
                        တစ်ဖက်က ရုတ်တရက်ပြောလာတော့ သူ လန့်သွားမိသည်။ ပြီး ဇဝေဇ၀ါ ၊နားမလည်နိုင်သော အတွေးတွေနှင့်…
“ခင်ဗျားက ကျွန်တော့်ရဲ့ ဆေးမင်ကြောင်တွေအကြောင်း စာရေးမယ်။ နေပါဦး။ အဲဒါတွေအကြောင်း ခင်ဗျားကို ကျွန်တော် တစ်ခါမှ ပြောမပြခဲ့မိပါဘူးနော်”
                        သေချာပါသည်။ သူ့ကိုယ်ပေါ်က ဆေးမင်တွေအကြာင်းကို ထိုလူ့ကိုမှ မဟုတ်။ သူ.. ဘယ်သူ့ကိုမှ ပြောပြမထားခဲ့ပါ။ သူ့ရင်ညွန့် ဘယ်ဘက်နားက ဆေးမင်ကြောင်စာတမ်းကလေးကိုဆိုလျှင် ဒီလူ ရှိနေမှန်းတောင် သိမည် မထင်။
“ခင်ဗျား မပြောလည်းပဲ တချို့တလေကိုတော့ ကျွန်တော် မှန်းဆ ရနိုင်မယ်လို့ ထင်ပါတယ်။ ဒါမေယ့် ခင်ဗျားကိုယ်တိုင် ပြောပြခဲ့ရင်တော့ ပြည့်ပြည့်စုံစုံ၊ တိတိကျကျ ပိုပြီး သိရတာပေါ့”
                        မဖြစ်နိုင်ပါ။ သူ့ ဆေးမင်ကြောင်တွေအကြောင်း သူ… ဘယ်သူ့ကိုမှ ပြောပြဖို့ စိတ်ကူးမရှိပါ။ သူ့ကိုဆိုလျှင် ပိုလို့တောင် မပြောဖြစ်ဖို့ သေချာနေသေးသည်။
                        တကယ်တော့ သူတို့ နှစ်ယောက် အတန်ငယ်မက ရင်းနှီးနေပြီးသား ဖြစ်ပါသည်။ သို့သော် သူတို့ နှစ်ယောက်၏ ခင်မင်မှုမှာ တစ်စုံတစ်ရာသော ဖုထစ် ခုခံမှုတစ်ခု ရှိနေသေးသလို သူ့စိတ်မှာထင်နေသေးသည်။ တစ်ဖက်သားကတော့ ဘယ်လိုရှိမည် မသိရပေ။
နှစ်ယောက်စလုံးက အရွယ်လွန်ကာ အိုမင်းသည့်ဘက်သို့ နီးကပ်လာနေပြီးသော သက်ရွယ်တူတွေလည်း ဖြစ်သည်။ သူက လက်ရှိအလုပ်မှ အငြိမ်းစားယူလာခဲ့သော်လည်း ထိုသူကတော့ အလုပ် မယ်မယ်ရရ ရှိခဲ့ဖူးပုံမပေါ်။
“အရင်ကတော့ တူမအိမ်မှာ ခိုကပ်နေတာပေါ့။ အလုပ်ကတော့ စာရေး၊ ကဗျာရေးတာ အလုပ်ဆိုရင် အဲဒါ ကျွန်တော့်အလုပ်ပဲ။ တူမ ရှိတုန်းကတော့ မငြိုငြင်ရှာပါဘူး။ တူမက ဆုံးသွားတော့ အားကိုးပျောက်သလို ဖြစ်သွားတယ်။ ကျန်ခဲ့တာက စိမ်းသူမဟုတ်လား။ ခုတော့ ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ ခိုကပ်နေရပြန်ပြီ”
                        သူမှာတော့ ခိုနားစရာ အိမ်ရှိပါသေးသည်။ အမိုး၊အကာ၊ အခင်း လုံခြုံသည့် အဆောက်အဦးသည် အိမ်ဟု သတ်မှတ်နိုင်မည် ဆိုလျှင်ပေါ့လေ။ ဒါပေမယ့် အိမ်တစ်အိမ်၏ နွေးထွေးမှု အငွေ့အသက်တွေ မခံစားခဲ့ရတော့တာ ကြာပြီမို့ သူက ခိုနားရာအဖြစ် မသတ်မှတ်ချင်။ ဒါကြောင့်လည်း ဒီနေရာလေးကို  သူ မရမနေ အရောက်လာခဲ့မိတာ။ ဒီနေရာမှာ စာအုပ်တွေပဲရှိသည်။ ရောက်လာကြသည့် သူတွေကလည်း စာပေမှာ မွေ့လျော်နေပျော်သော စိတ်အခံကလေးတွေနှင့်မို့ ဘာသာစကားခြင်း နီးစပ်သည်ဟု ထင်သည်။
“ဟို တစ်ယောက်ကလည်း ဒီနေရာလေးကို လိုချင်နေတယ် ပြောတယ်။ လူအတော်များများကလည်း သူနဲ့ သင့်တော်တယ်လို့ ထောက်ခံကြတယ်လေ…”
                        ဖြစ်မှ ဖြစ်ရလေ..။ မြို့နယ်ကလေးတစ်ခုမှ စာပေ၀ါသနာရှင်တွေ စုစည်း အကောင်အထည် ဖော်ခဲ့ကြတဲ့ ဒီစာကြည့်တိုက်ကလေးမှာတောင် စာကြည့်တိုက်ဝန်ထမ်း တာဝန် ထမ်းဆောင်လိုသူတွေက အများသားပါလား။ သင့်တင်မျှတဲ့ လစာငွေကို စီစဉ်ပေးထားတာလည်း ပါမှာပေါ့။ လစာခံစားခွင့် မသေချာသေးသော စာကြည့်တိုက်ကလေး စတင်တည်ထောင်စ အချိန်ကတော့ ဒီနေရာလေးကို သူလည်း စိတ်မ၀င်စားခဲ့ပါ။ ခုတော့မှ…။  အငြိမ်းစား အလုပ်လက်မဲ့တစ်ယောက်အတွက် အိမ်မှာ လူပိုမဖြစ်ချင်တာလည်း ပါပါသည်။ ခုတော့ ဟိုလူ…။ သူ့နေရာကို လုယူတော့မည်။
                        အခွင့်အရေးတစ်ခု လက်လွတ်ဆုံးရှုံးသွားမှာ နှမျောတပ်မက်စိတ်ဖြင့် သူ့နှုတ်ဖျားမှ ဟိုလူ၏ အားနည်းချွတ်ယွင်းချက်တွေကို အကြားအလပ်မရှိ ထောက်ပြပြစ်တင်ခဲ့မိသလား။ ဟိုလူ့ထံသို့ သူ့စကားတွေ  ပြန်လည်ပေါက်ကြားသွားဖို့ မသေချာသော်လည်း သူ အတွေးနှင့် ရှက်မိခဲ့ပါသေးသည်။ ဒါပေမယ့် သူ့မိန်းမက…
“အလကားနေလည်း အလကားပဲ။ အလုပ်ကလေးတစ်ခုရှိတော့ ရှင်လည်း စိတ်ငြိမ်တာပေါ့”
                        သူ.. ထိုအလုပ်ကို အရယူမှ ဖြစ်တော့မည်ဟု နားလည်ဆုံးဖြတ်ပြီး ဖြစ်နေပြန်တော့ပြီ။
“ခင်ဗျား ခု မပြောနိုင်သေးလည်းပဲနေပါဗျာ။ ပြောချင်လာတဲ့ နေ့ကျတော့မှ ပြောပြပါတော့.. ဟုတ်လား။ ကွှန်တော်ကတော့ ခင်ဗျားရဲ့ တက်တူးတွေကို တကယ်ကို စိတ်ဝင်စားမိတာပါဗျ”
                        ရွေးချယ်ရေးမှတ်ပြီးသော စာအုပ်တစ်ချို့ကို ပွေ့ပိုက်လျှက်  ချာခနဲ နောက်လှည့်ပြန်သွားသော ကျောပြင်နောက်သို့ အကြည့်တွေ ကပ်ပါသွားပါသည်။ သူ့ လက်ဖ၀ါးအစုံသည် လက်ဖျံပေါ်ရှိ ဆေးမင်ကြောင်တို့ဆီ အလိုလိုရောက်ရှိနေပြန်ကာ အထပ်ထပ်ပွတ်ဖျက်နေမိပြန်ပြီ။ ဟိုလူကတော့ ချိုင်းထောက်ကလေး တစ်ဒေါက်ဒေါက်နှင့် လမ်းပေါ်မှာ လျှောက်သွားနေလိုက်တာ…။
                                                                                                       သတိုး
8 comments:
  1. တင်သမျှအားလုံးဖတ်ဖြစ်ပါတယ်
    ReplyDelete
  2. ကျနော်လည်း တက်တူးလေးတစ်ခုရှိတယ် တော်တော့ကို ငယ်တုန်းကထိုးထားတာလေး အဖွားက ညီအစ်ကိုတွေကို မုန့်ဖိုးတစ်ယောက် ၅ ကျပ်ပေးတုန်းက ညပွဲဈေးမှာ သွားထိုးတာ အဲ့အရွယ်တုန်းက အဲ့အရုပ်လေးက ခမ်းနားတယ်လို့ထင်ရပေမယ့် ခုကျတော့ တကယ့်ရယ်စရာလေးဖြစ်လို့ နောက်တစ်ပုံ အပေါ်က ထပ်ဆွဲမယ်စိတ်ကူးတိုင်းလည်း တစ်ခါကနေ နှစ်ခါ သေရာပေါ အရုပ်တွေ မထင်ချင်တော့တာနဲ့ မဆွဲဖြစ်တော့ဘူး ကျနော်လည်း အရုပ်ကလေးကို တစ်ခါတလေ ခဏခဏပွတ်ထုတ်မိပါရဲ့ ဘာလို့လည်းတော့မသိ.။
    ReplyDelete
  3. ရှေးမြန်မာတွေ ထိုးကွင်းမှင်ကြောင်ထိုးတာကို ငယ်ငယ်က စာအုပ်တွေထဲ တွေ့တော့ သဘောကျမိတယ်။ အရွယ်ရောက်လာတော့ ဆေးမှင်ကြောင်ထိုးထားသူတွေကို တွေ့ရင် အလိုလိုကို လန့်နေမိတယ်။ အခုတော့ ဆေးမှင်ကြောင်တွေကို ကျား၊ မ မရွေး ဖက်ရှင်တစ်ခုလို ထိုးနေတာ တွေ့ရချိန်ကြတော့ စိတ်ထဲ ခံစားလို့မရဘူး။ ဘာကြောင့် ဒီလိုများလုပ်ကြသလဲ တွေးမိတယ်။ လူတစ်ကိုယ်အကြိုက်တစ်မျိုးဆိုတော့ ပြောရခက်သား...။ ကိုယ်မကြိုက်ရင် မျက်နှာသာ လွှဲပစ်လိုက်မိတယ်။
    ReplyDelete
  4. ဟန်ကြည်November 23, 2011 at 6:48 PM
    အိမ်ထောင်ပြု ဘုရားတည် ဆေးမင်ရည်စုတ်ထိုး ဤသုံးမျိုးချက်မပိုင်လျှင် နောင်ပြင်ရန် ခက်သည့်အမျိုး...ဆိုတဲ့ စာဆိုကို ပြန်သတိရမိပါရဲ့...
    ဆေးကျောင်းသားဘ၀တုန်းက လူနာတွေကို inspection ယူတဲ့အခါမှာ ဆေးမင်ကြောင်ထိုးထားတဲ့ လူတွေကို uneducated type, aggressive type လို့ အုပ်စုခွဲသတ်မှတ်ပြီး STD နဲ့ ပတ်သက်တဲ့ ရောဂါအုပ်စုတွေထဲကနေ ရောဂါနံမည်တပ်ဖို့ ပထမဦးစားပေးစဉ်းစားရတာပါပဲ...ဒီဘက်ခေတ်ရောက်တော့ ဒီကိစ္စက သမားရိုးကျ အလှအပကိစ္စဖြစ်လာပြန်ရော...
    ရှေးမြန်မာတွေရဲ့ မင်ကြောင်ဓလေ့ကို စာတမ်းတစ်စောင်ဖတ်ဖူးတာမို့ သူရို့တွေရဲ့ အယူအဆတွေကို သဘောတကျရှိခဲ့ပေမယ့် အလှအပအတွက်တော့ဖြင့် ဆေးမင်ကြောင် ထိုးတာ မခံစားတတ်သေးပါဘူးကိုသတိုးရေ...
    ReplyDelete
    Replies
    1. ကိုဟန်ကြည်ရဲ့ တက်တူးဗဟုသုတတွေအတွက် - www.kagyie.blogspot.com
      Delete
  5. ကျနော်တောင်မှ အခုတလော ထိုးချင်စိတ် ပေါ်နေတာဗျ။ Special One ဆိုပြီးတော့လေ။
    ReplyDelete
  6. အင်း..နောင်ပြင်ရန်ခက်တဲ့ ဒီအိမ်ထောင် နဲ့ ဆေးမင်ကြောင်...
    အစ်ကိုသတိုးရဲ့ ရေးဟန်အတိုင်း လှလှပပလေးပဲး)
    ReplyDelete
  7. ကိုသတိုးရဲ့ လက်က်ရာ စံချိန်ပါပဲဗျာ။ ကျနော်တော့ ဘာတက်တူးမှ ထိုးဖို့ စိတ်ကူးမရှိဘူးရယ်။ ကိုယ်ပေါ်က အကြောင်းအမျိုးမျိုးကြောင့် ရလာတဲ့ အမာရွတ်တွေလည်း မဖျက်ချင်တော့ဘူး။ ငါးနှစ်သားလောက်တုန်းက သီတင်းကျွတ်မှာ နိုင်လွန်အင်္ကျီလေး ဝတ်ပြီး ဖယောင်းတိုင်မီးနားကပ်နေလိုက်မိတာ အင်္ကျီလက်မောင်း မီးစွဲပါလေရာ။ အဖေ့ဆီပြေးသွားတော့ အဖေက သူ့ လက်ဝါးနဲ့ အုပ်ပြီး ငြိမ်းပေးလိုက်တယ်။ အဲဒီကနေ ရလာတဲ့ လက်မောင်းက အမာရွတ်က ဖေဖေ့အတွက် အမှတ်တရမို့ မဖျက်ချင်တော့ဘူး
    ReplyDelete
စိတ်ထဲ ခံစားမိသလို မျှဝေပြောပြခဲ့ပါဦး...။