Tuesday, April 26, 2011
စုန်ရေတိုက်စားခြင်း
အပြ ;
............
ဒီနေ့တော့ အတော် အရောင်းပါးတဲ့နေ့ပါပဲ။
တစ်ဆိုင်လုံးမှ စားသောက်သူက တစ်ဝိုင်းထဲသာ ရှိနေတော့တယ်။
မျက်နှာစိမ်း လူငယ်လေးကတော့ ရုပ်ရည်သန့်ကလေးပဲ။ ၀တ်စားထားပုံးကလည်း သပ်သပ်ရပ်ရပ်ပါပဲ။ ကွမ်းရိုးစင်းကလေးတွေ ရိပ်ရိပ်ပါတဲ့ ရှပ်လက်ရှည်အဖြူကလေးက လင်းလို့။ ကချင်ပုဆိုးကွက်စိတ်ကလေးကတော့ အရောင့်ရင့်မှိုင်းမှိုင်းရယ်…။ ဆံပင်တိုတိုကိုလည်း သေသေသပ်သပ် ဖြီးသင်ထားပြန်တော့ သူ့ဆိုင်နှင့် ဘယ်လိုမှ မအပ်မရာဟု စိတ်အတွေးနဲ့တင် အားနာလှပြီ။ ဒါပေမယ့် လူငယ်လေးနဲ့ အတူတွဲထိုင်နေတဲ့သူကတော့ ညစ်ထေးပေကြံနေတာပဲ။ အင်္ကျီက လက်နှီးအ၀တ်တစ်စလို စွန်းထင်းပေပွလို့။ စုတ်ပြဲတစ်ချို့။ အဖာရာ ဗရဗွ။ ဂျင်းဘောင်းဘီရှည်ကို ဒူးဆစ်အောက်နားကနေ ဖြစ်သလိုဖြတ်ဝတ်ထားသေးတာ။ အပေါက်အပြဲ၊ ဖွာရာကျဲနေပြန်တော့ ဒီခောတ်အလန်းဒီဇိုင်း ပြောရမှာပေါ့။ သူကမှ ဆိုင်ကလေးနဲ့ လိုက်ဖက်ညီနေတော့တာ။ အသက်ကတော့ ခြောက်ဆယ်ကျော်ရောပေါ့။ ကောင်လေးနဲ့ဆိုရင် မြေးအဖိုးအရွယ်လို့တောင်ထင်ရတယ်။ ကောင်လေးကရှိလှမှ နှစ်ဆယ်ကျော်ပေါ့။
သိဟောင်းကျွမ်းဟောင်းတွေတော့ ဟုတ်ပုံမရ။ အခုမှ ဆုံတွေ့ကြရတဲ့ပုံနဲ့ တစ်ယောက်ကိုတစ်ယောက် မိတ်ဆက်နေကြပြန်တယ်။ လူငယ်လေးရဲ့လေသံက သိမ်သိမ်မွေ့မွေ့၊ စကားနည်းသလောက် မပြောမဖြစ် စကားထောက်ရတော့လည်း တိုးတိုးကလေးရယ်ဆိုတော့ သူ့နှုတ်ထွက်စကားတွေကို ဘေးလူတောင် မနည်းနားထောင်နေရတဲ့ပုံ။ လူကြမ်းကြီးကတော့ အားပါးတရ၊ ဟောင်ဖွာဖွာမို့ ငြိမ်သက်နေတဲ့ဆိုင်ကလေးထဲမှာ သူ့တစ်ယောက်တည်းရဲ့ အသံပဲ လှုပ်ခတ်နေတော့တယ်။
********
အဖြစ်(က);
..........
ဖြစ်နိုင်ရင် အဲဒီအကြောင်းတွေကို ပြန်မတွေးချင်ဘူး။ ပြန်လည်း မပြောချင်တော့ဘူး။ နှစ်တွေလည်း ကြာခဲ့ပြီ မဟုတ်လား။ အနည်းဆုံး နှစ် နှစ်ဆယ်ထက်တော့ မလျော့တော့ဘူးမောင်။
အင်း။ မင်းတိုက်တဲ့အရက်ကိုလည်း သောက်ထားမိနေပြီ။ မင်းကလည်း သိချင်လှတယ် ဒီလောက်ဖြစ်နေတာ။ အော်…အွန်လိုင်းပေါ်မှာ ၀တ္ထုဇာတ်လမ်းရေးချင်လို့..ဟုတ်စ။ မောင်ရင်က…ဘာ။ ဘလောဂ် စာရေးဆရာလား။ ကျုပ်တို့ဖြင့် ကြားဖူးပေါင်ဗျာ။
သူနဲ့ ကျုပ်နဲ့…။ အဲ…အဲဒီအဖွားကြီးနဲ့ ကျုပ်နဲ့ စတွေကြတာက မိုးတွေတအားသွန်ချသလိုရွာခဲ့တဲ့ တစ်ညမှာပေါ့။ ကျုပ်က အရက်ကလေးလည်း ခပ်ထွေထွေနဲ့ အိမ်အပြန် ညည့်နက်တတ်တဲ့ကောင်လေ။ မိန်းမကလည်း ဆုံးပြီးစ အချိန် ၊ သားတွေ သမီးတွေကလည်း အနားမှာ တစ်ယောက်မှ မနေနိုင်ကြတော့ လူကလွတ်နေတာ။ဆိပ်ကမ်းမှာ အလုပ်ရှိနေရင် ထမ်းစရာရှိတာ ထမ်းပိုပြီး အရက်ဆိုင်မှာ အချိန်ဖြုန်းနေတော့တာပဲ။ အချိန်လွန်မှ ကိုယ့်အရှိန်နဲ့ကိုယ် သိုင်းကွက်းနင်းပြီး အိမ်ပြန်တာ။ အဲဒီညက…ကျုပ်အိမ်ရှေ့ တံစက်မြိတ်ကလေးရှေ့မှာ အဖွားကြီးက မိုးခိုနေတာ။ တစ်ကိုယ်လုံးလည်း မိုးရေတွေ ရွှဲနစ်နေပြီး ခိုက်ခိုက်တုန်နေတာပဲ။
ကျုပ်လည်း စဉ်းစားမနေအားပါဘူး။ အိမ်ထဲခေါ်သွင်းပြီး နွေးထွေးအောင် ကျုပ်မိန်းမကျန်ရစ်တဲ့ အ၀တ်အစားတွေ လဲခိုင်းရတော့တာပေါ့။ ဒါတောင် နှုတ်ခမ်းတွေပြာနှမ်းပြီး တဆတ်ဆတ်တုန်နေတာက တော်တော်နဲ့ မပျောက်ဘူး။
န့နက်လင်းတော့ အဖွားကြီး…အသားတွေ ခြစ်ခြစ်တောက်ပူပြီး အဖျားတွေတက်နေလို့ ကျုပ်မှာ အိမ်ပေါ်သေသွားပြီး အမှုပတ်မှာလည်းစိုး။ သူ့အသက်တစ်ချောင်းလည်း မျက်နှာမလွှဲရက်နဲ့ ဒုက္ခတွေများလိုက်သေးတာ။ တစ်ပါတ်လောက် ဆေးကုယူရတယ် မောင်။
*********
အဖြစ် (ခ) ;
........
လောကမှာ ဒီလိုဖြစ်မျိုးတွေ တကယ်ရှိနိုင်သလားကွာ။ ငါတော့ ဒီတစ်ခါပဲ ကြုံဖူးတော့တယ်။ တစ်ခါဆိုလည်း ဆိုသလောက်ပဲ မောင်ရေ။
သူ့ဇာတိက ကျုပ်တို့မြို့နယ်ထဲက ရွာကြီးတစ်ရွာကဆိုပဲ။ ရွာမှာအိမ်နဲ့ ခြံဝိုင်းကလေးရှိပေမယ့် ကြုံရာကျဘမ်း လုပ်ကိုင်စားသောက်နေကြရတာတဲ့။ သားနှစ်ယောက်နဲ့ သမီးတစ်ယောက်ရှိတယ်တဲ့။ တစ်ယောက်ပြီးတစ်ယောက် အိမ်ထောင်တွေခွဲဆင်းသွားကြတော့လည်း အဖိုးကြီး ၊အဖွားကြီး လင်ကိုယ် မယားနှစ်ယောက်တည်း ကြုံရာ၊ကျရာ ဖြစ်သလိုလုပ်ကိုင်စားသောက်နေခဲ့ကြသေးတာ။ ဒီလိုနဲ့ အဖိုးကြီးဆုံးတော့လည်း ကိုယ့်ခြံ၊ ကိုယ့်အိမ်လေးမှာပဲ ရာသီစာသီးနှံလေးတွေစိုက်ပျိုးရင်း ခြိုးခြိုးခြံခြံ စားသောက်နေထိုင်ခဲ့ရသေးတာတဲ့။ သားသမီးတွေက သူတို့နဲ့ အတူလာနေလှည့်ပါ ခေါ်ပေမယ့် လိုက်မနေနိုင်ဘူး။
ဒါပေမယ့် သမီးလတ်ရဲ့ယောက်ျားက သူတို့ရွာမှာ ရန်ပွဲနွှဲရင်း အမှုတွေဘာတွေဖြစ်ကရော။ ငွေလိုတော့ အမေ့ဆီ အပူကပ်လာရော။ အမေ့မှာလည်း ဒီခြံဝိုင်းလေးတစ်ခုပဲရှိတာလေ။ ဒါပေမယ့် လောလောဆယ် ငွေလိုတဲ့ သမီးသာမက ကျန်သားနှစ်ယောက်ကလည်း အမေ့ခြံလေးကို မျက်စပစ်နေကြတာ အမေသိတယ်။
``ခြံကလေးရောင်းလိုက်ရင် ငါ…ဘယ်မှာ နေမလဲ။´´
``အိမ်မှာလိုက်နေ´´
သားကြီးရဲ့စကားကို သားလတ်နဲ့ သမီးငယ်ကလည်း ထောက်ခံတယ်။
``အမေ ပျော်သလို တစ်လှည့်စီ လိုက်နေလည်း ဖြစ်တာပဲ။´´
``အင်းလေ။ သမီးတို့လည်း အမေ့ကို ပြုစုခွင့်ရချင်သေးတာပေါ့´´
အမေကြီးက မျက်ရည် ကျရှာတယ်။ သွားလေသူ ကျေးဇူးရှင်ကြီးကိုလည်း သတိရရဲ့။ သားသမီးတွေရဲ့ သိတတ်မှုအတွက်လည်း ၀မ်းသာဝမ်းနည်း ဖြစ်မိရဲ့။ ပီတိတဝေေ၀နဲ့ သားကြီးအိမ်ပေါ်တက်လိုက်သွားမိတော့တာ တစ်နှစ်တောင် မကြာလိုက်ဘူး။ ခြံရောင်းရငွေကလေးက အသုံးမှ မခံတာ ကလား။ ငွေကုန်တာနဲ့ ချွေးမကြီးက ပညာပြလာတယ်။ သားကြီးက မမြင်ယောင်၊ မကြားယောင်ပြုနေတယ်။ ခြံရောင်းရငွေ အညီအမျှရခဲ့တာကို နည်းအံ့ထင်ပြီး စောင်းမြောင်းငြူစူဖူးတဲ့ ချွေးမငယ်ကလည်း အရိပ်အယောင်ပြလို့ ကြိုငြင်းနှင့်နေပြီ။ သားငယ်ကလည်း မိန်းမသြဇာအောက်မှာ နေသားကျပြီးသူ မဟုတ်လား။ သူစိမ်းဘက်ခပ်ပါပါ သမီးအိမ်ရောက်တော့လည်း သူ့ယောက်ျားရဲ့ ဘီးလူးဆိုင်းမှာ စီးချက်ညီညီ အသုံးတော်ခံနေခဲ့ပြီ။ အဖွားအိုတစ်ယောက် ကူကယ်ရာမဲ့ဘ၀မှာ ကြာရှည်သီးခံမနေနိုင်ဘူး။ အဲတော့ ဖြစ်ချင်ရာဖြစ်ဆိုပြီး ခြေဦးတည့်ရာထွက်လာခဲ့လိုက်တာ အဲဒီမှာ ကျုပ်နဲ့တွေ့တာပဲ။
********
အဖြစ် (ဂ);
.........
ကျုပ်ကိုယ်တိုင်က တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့သူဆိုပေမယ့် ကိုယ့်အမေအရွယ် ဒုက္ခသည်ကြီးကို မျက်နှာလွှဲမထားနိုင်ခဲ့ဘူးလေ။
ကျုပ်က နံနက်မိုးမလင်းခင် အိမ်ကထွက် အလုပ်သွား၊ မိုးစုန်းစုန်းချုပ်၊ ညည့်နက်မှ အိမ်ပြန်ရောက်တော့တာ။ ထမင်းဟင်းကိစ္စလည်း လမ်းဘေးဆိုင်မှာပဲ ဖြစ်သလို ရှင်းတာ..။ အဖွားကြီးရောက်လာတော့ သူ့အတွက်ပါ စဉ်းစားရပြီ။ ဒါပေမယ့် အဖွားကြီးက မပူနဲ့တဲ့။ သူ့ဘာသာ ရှာဖွေစားမယ်တဲ့။ ပြီးရော…ကျုပ်အိမ်ပေါ်မှာ သဘောရှိသလိုသာနေပေတော့လို့။ ခမျာ ကျေးဇူးတင်လို့ မျက်လုံးမှုန်သီသီက မျက်ရည်တွေတောင် ၀ဲလို့။
ကျုပ်ကလည်း ဘယ်လောက်တောင် အနားသတ်မဲ့တဲ့လူလည်းဆိုတာ ကိုယ့်အိမ်ရောက်နေတဲ့ အဲဒီအဖွားကြီး ဘာတွေလုပ်နေတယ်ဆိုတာတောင် သူများပြန်ပြောမှ သိရတော့တဲ့ အဖြစ်။ အဖွားကြီးက လူစည်ကားတဲ့ မြို့ထဲက လက်ဘက်ရည်ဆိုင်တွေ၊ စားသောက်ဆိုင်တွေမှာ လိုက်ပြီး တောင်းရမ်းနေတာကိုး။ နေ့တဓူဝ ဘုံဆိုင်လောက်ပျော်နေတတ်တဲ့ ကျုပ်အတွက် အဲဒီဆိုင်တွေဆီ ခြေဦးမှ မလှည့်ဖူးတော့ မသိလိုက်တာ ဆန်းသလား။
တစ်နေ့တော့ လိုင်းမော်တော်တစ်စီးဆီ ကုန်တွေဆင်းချပေးရင်း အဖွားကြီးနဲ့ အမှတ်မထင် ဆုံဖြစ်ခဲ့သေးတယ်။ ကျုပ်ကတော့ မော်တော် အတက်အဆင်းမှာ အဖွားကြီး ခြေချော်ကျမှာတို့၊ဘာတို့ ပူတာပေါ့။ အမေကြီး နောက်ဆို ကမ်းနားကို မဆင်းနဲ့ ပြောမိသေးတယ်။ အဲဒီနေ့က ရွာမှာကျန်ရစ်တဲ့ သူ့သားကြီးကမွေးတဲ့ မြေးအကြီးကောင်အတွက် ကျောင်းဝတ်စုံလေးတွေ သင်္ဘောစာရေးကတဆင့် ပို့ပေးခဲ့တာဆိုပဲ။ ရှုပ်ရှုပ်ယှက်ယှက်လို့တောင် ကျုပ်က ငြူစူမိသေးရဲ့။ ဘာလုပ်မှာလဲ။ ကိုယ့်ကိုတောင် မကြည်ဖြူတဲ့ဟာတွေ။ မိမှန်း၊ ဘမှန်း မသိတတ်တဲ့ဟာတွေကို လှည့်ကြည့်စရာလားလို့။ ဟုတ်တယ်လေ။ မိဘမေတ္တာဆိုတာ ပွဲရုံတို့ စားသောက်ဆိုင်တို့မှာ မှည့်လေ့ရှိတဲ့ နာမည်လောက်နားလည်တဲ့ဟာတွေ။
ဒါပေမယ့် မိခင်ကတော့ ဘယ်ရမှာလဲ။ ဘာလေးရရ ကမ်းနားဆင်းပြီး လှေကြုံမျှော်တတ်တာ။ သူစားဖို့ အိမ်တွေကပေးလိုက်တတ်တဲ့ ပန်းသီးလေးတစ်လုံးကအစ မြိုမကျပဲ လှမ်းပို့တတ်တာ သိလာရတော့ မနေနိုင်တော့ဘူး။ အဖွားကြီး အိမ်ပြန်ချင်ပြီလားလို့ တွေးတယ်။ သားသမီး၊ မြေးမြစ်တွေကိုလည်း လွမ်းလှရောပေါ့။ အဖွားကြီး ကျုပ်အိမ်မှာ ရှိနေတဲ့အကြောင်း သူ့သားသမီးတွေကို အသိပေးသင့်တယ်လို့ တွေးမိတယ်။ ဒါပေမယ့် သူတို့ အမေကို ပြန်လာခေါ်ကြလိမ့်မယ်လို့တော့ တယ် မထင်ပါဘူး။ ကျုပ်အထင်လည်း မလွဲပါဘူး။ ခွေးတစ်ကောင်၊ ကြောင်တစ်မြီးမှ ရောက်မလာကြပါဘူး။
********
အဖြစ်(ဃ);
..........
အကုသိုလ်ဆိုတာ အဖော်နဲ့ အပေါင်းနဲ့လာတတ်တယ် ဆိုတဲ့စကား သိပ်မှန်တာပဲ။
အဖွားကြီး ကားတိုက်ခံလိုက်ရတယ် တဲ့။ ကျုပ် ကြား ကြားချင်း အပြေးရောက်သွားတော့ ဆေးရုံမှာတင် ဆုံးနှင့်ရှာပါပြီ။
အမှန်တော့ အဖွားကြီးဟာ ကားတိုက်ခံရလို့ သေတာ မဟုတ်ဘူး။ နေ့လည်ကြောင်တောင် နေပူကြီးထဲမှာ မူးပြီး လဲကျသွားတာ။ သူလဲကျတာက ခပ်ဖြည်းဖြည်းမောင်းလာတဲ့ ကားပေါ်ကိုလေ။ ထိခိုက်ဒဏ်ရာ ဘာမှ ရှာမတွေ့ပဲ ဦးနှောက်သွေးကြောပြတ်ပြီး သေရတော့တာ။
ဒါပေမယ့် ကားပေါ်ပါလာတဲ့ မိသားစုက သဘောထားပြည့်ကြပါတယ်။ မြို့ပေါ်မှာ ကြွယ်ပိုးကြွယ်ဝ မိသားစုတွေဆိုတော့ အဖွားကြီးရဲ့ဆေးရုံကိစ္စ၊ နာရေးကိစ္စ အားလုံးကို ကူညီစီစဉ်ပေးကြပါတယ်။ သူ့သားသမီးတွေကိုလည်း အကြောင်းကြားကြရတာပေါ့.။ ဒါပေမယ့် အသုဘသာ ရက်လည်သွားရော။ ဘယ်သူမှ အရိပ်အယောင်တောင် လာမပြကြပါဘူး။
ကားပိုင်ရှင် မိသားစုကလည်း တမှောင့်။ သူ့သမီးလေးက ညတိုင်းအိပ်မက်မက်နေတယ်တဲ့။ အိပ်မက်ထဲမှာ အဖွားကြီးက ညှိုးငယ်ငိုယိုနေတာတဲ့။ ရွာမှာကျန်ရစ်တဲ့ သားသမီးတွေကို အရမ်းတွေ့ချင်နေတယ်တဲ့။ သူ့ဆီခေါ်လာပေးဖို့ အထပ်ထပ်တောင်းပန်သတဲ့။ အဲဒါ အဖွားကြီးကို ရည်စူးပြီး အလှူအတန်းလေး လုပ်ပေးချင်ပါတယ်ပေါ့။ ဖြစ်ပြန်ရော..။ ဒါပေမယ့် အဲဒီအထိ ကျုပ်လက်ခံနိုင်ပါတယ်။ ခက်တာက သူ့သားသမီးတွေကိုလည်း အဖွားကြီး စကားအတိုင်း မှာပေးပါတဲ့လေ။ အဖွားကြီးကို ရည်စူးလို့ ရွာမှာအလှူလေး၊ အတန်းလေးပြုခိုင်းရအောင် သူတိုလည်း ငွေကြေးထောက်ပံ့ပေးချင်တယ်တဲ့။ ကျုပ်ဘ၀င်မကျလှပေမယ့် သူတို့ တတ်နိုင်လို့ သူတို့ပေးတာ။ ကြားလူ ကျုပ်က ဘာပြောနေတော့မှာလဲ။ ကလေးမက ပြောသေးတာ။ သူတို့က ငွေကြေးထောက်ပံ့ပါ့မယ်ဆိုတဲ့အကြောင်း သေချာစာနဲ့ရေးပေးတာ။ ကျုပ်ကိုစာပို့ပြီး မှာပေးဖို့ အထပ်ထပ်ပြောနေသေးရဲ့။
ရောက်မလာနိုင်တော့ဘူး ထင်ထားပေမယ့် ရောက်လာကြတော့လည်း ဆိုင်းမဆင့်၊ ဗုံးမပါပဲ။ ချက်ချင်းကို ရောက်ချလာကြတာ။ ကျုပ်ဖြင့် အံ့အားကိုသင့်လို့။
သမီးနဲ့ချွေးမတွေ ငိုသံပွက်လောရိုက်နေပြန်တော့တာ ကျုပ်ရဲ့ တဲသာသာအိမ်ကလေးကို ပြိုကျတော့မတတ်ပဲ။ သူတို့ အမေရဲ့ သတင်းကို ခုမှ ရလို့ ချက်ချင်း၊ အားချင်းလိုက်လာကြတာဆိုပဲ။ လိုင်းမော်တော် ဆိုက်ကပ်ချိန်မဟုတ်လို့ ပဲ့ထောင်စက်လှေနဲ့တောင် လာခဲ့ကြ သတဲ့ဗျာ။
အမေကိုတငိုရင်း ဇာတ်ကြောင်းပြန်ကြသေးတာပေါ့။ အမေကြီးပျောက်လို့ အရပ်တကာလှည့်ပြီး စုံးစမ်းကြ၊ ရှာဖွေကြတာ လည်းပါရဲ့။ ဆေးရုံရောက်နေတယ်လို့ ခုမှကြားသိတော်မူကြဆိုပဲ…ထွီ။ ကျုပ်ဖြင့် ပြောချလိုက်ချင်တာ အူကိုယားနေတာပဲ။
အလှူရှင်သားအဖတွေ ရောက်လာပြန်တော့ အရှိန်ကျလုနေပြီဖြစ်တဲ့ အဆို၊ အငိုတွေက တစ်စခန်းထလာပြန်ရော။ သမီးကြီးက ဒီတစ်ခါ မျက်ဖြူလန်ပြီးတက်သွားလို့ ယောက်ျားတွေက နှာနှပ်ပေးကြ၊ ကျန်မိန်းမတွေက ယပ်ခတ်ပေးကြနဲ့ ဟုတ် ဟုတ်သေးတော့။ မနေနိုင်တဲ့ အဆုံးတော့ ကျုပ်လည်း ရောက်နေကျဘုံဆိုင်ကလေးဆီပဲ ထွက်လာခဲ့လိုက်တော့တယ်။ သင်းတို့တတွေကို ကျောခိုင်းခဲ့ရတာတောင် နားထဲ၊ အူထဲမှာ ပလုံစီထနေသေးတယ်။
ဟိုမိသားစုက အဖွားအတွက်သူတို့တတွေ ရည်စူးအလှူလုပ်ခဲ့တဲ့အကြောင်း၊ သားသမီးတွေလည်း တတ်နိုင်သရွေ့ အမေ့အတွက် ရည်စူးလှူဒါန်း၊ အမျှပေးဝေစေချင်ကြောင်း ပြောပြီး အားလုံးမျက်နှာစုံညီရှေ့မှာ မတည်အလှူငွေ ငါးသိန်းပေးလိုက်သေးသတဲ့။
သင်းတို့လား…ငွေရပြီးကတည်းက ပျောက်သွားလိုက်ကြတာ အလှူသတင်းလည်း မကြားဘူး။ လူသတင်းလည်း စုန်းစုန်းမြုပ်ကရော။
ပြောခဲ့ပါပကော။ လောကမှာ ဒီလို သားသမီးတွေလည်း ရှိသေးတယ်ဆိုတာ ယုံချင်စရာတောင် မကောင်းဘူး မဟုတ်လား။ ယုံရင်တော့လည်း မင်းရေးမယ့် ဇာတ်လမ်းမှာ ထည့်ရေးပေါ့ကွာ။
မင်းကအစဖော်ပေးလို့သာ ပြောရတာ။ ဒါမျိုးအဖြစ်တွေကို နှစ်ခါပြန်မတွေးချင်၊ မပြောချင်ဘူး။ မင်းကတော့ ကျုပ်ကိုပြုစုထားတဲ့ မျက်နှာလည်းရှိတော့ ဟေး…ဟေး..။ သွားတော့မယ်မောင်၊ ကံမကုန်ရင်တော့ ပြန်ဆုံကြသေးတာပေါ့ကွာ။
********
အတွေး ;
..........
တစ်လှမ်းချင်းထွက်ခွာသွားတဲ့ လူကြီးရဲ့ ကျောပြင်ကို ငေးမောရင်း လူငယ်လေးကတော့ အတွေးတစ်ချို့နဲ့ ငြိမ်သက်နေခဲ့တယ်။
လူငယ်လေးရဲ့ အတွေးထဲမှာ…
သူ…ခုနစ်နှစ်သားအရွယ်မှာ မြို့ကစာတစ်စောင်ရောက်လာအပြီး အဖေတို့မောင်နှမတတွေ ၀မ်းသာအူမြူးနေခဲ့ကြတာ….
အားချင်း ပဲ့ထောင်လေးနဲ့ တစ်အုပ်တစ်မကြီး လိုက်ပါသွားကြတော့ သူတို့ရဲ့ နောက်ဆုံးခရီးမှန်း မသိတတ်ခဲ့သေးတဲ့ သူက အဖွားပို့ပေးခဲ့တဲ့ အဖြူအစိမ်းဝတ်စုံလေးနှင့် ရပ်လျှက် ငေးကျန်ရစ်ခဲ့တာ….
ခုတော့ အဖေတို့ မောင်နှမတွေ၊ သူတို့ရဲ့ ဇနီးခင်ပွန်းတွေ အိမ်အပြန်လမ်းမှာ အစုလိုက်ပဲ့ထောင် စောင်းမှောက်ခဲ့ရတဲ့ အကြောင်းရင်းကို လူငယ်လေး သိသွားခဲ့ရပါပြီ။ ။
မြတ်စိုး
သူငယ်ချင်းတစ်ယောက်ရဲ့ ပထမဆုံး ၀တ္ထုတိုပါ။
8 comments:
  1. ကောင်းလိုက်တဲ့ဝတ္ထုလေး။ ဒီဝတ္ထုလေးသာ အွန်လိုင်းဝတ္ထုတိုဆုမှာ ၀င်ပြိုင်ခဲ့ရင် ပထမဆုရမှာ သေချာတယ် ။ ဒီဘလော့ဂ်က ၀တ္ထုအားလုံး ရသမြောက်တဲ့လက်ရာတွေချည်းပါဘဲ။
    ReplyDelete
  2. ဖတ်ရတာ တော်တော်တန်တယ်.... ဖတ်ရင်းနဲ့ပေးချင်တဲ့အကြောင်းကို စဉ်းစားနေရတာ အရသာရှိလှတယ်..း))))
    ခင်မင်လျက်
    နေ၀ဿန်
    ReplyDelete
  3. ဟူးးးး
    မြင်ယောင်ပြီး မောသွားတယ်
    ReplyDelete
  4. သူငယ်ချင်းရဲ့ ပထမဆုံးလက်ရာပေမဲ့ ကောင်းတယ်
    ကိုယ်တိုင်ဘလောဂ့်လေး လုပ်ပြီး ရေးသင့်တယ်။ လက်ရာကောင်းမို့ ဆက်လက်ရေးပါဦးလို့ အားပေးပါရစေ
    ReplyDelete
  5. ဟန်ကြည်April 27, 2011 at 11:25 PM
    အရသာရှိတယ်...ဖတ်ရင်းနဲ့ တွေးနေရတာ ကောင်းတယ်...ဇာတ်သိမ်းပိုင်းမှာ အနိုင်နဲ့ပိုင်းသွားတာမျိုးလေ...စာဖတ်သူရှုံးပြီး စာရေးတဲ့သူနိုင်သွားတာပဲ...ဒါမှ ဖတ်ရကျိုးနပ်တာ...ကျေကျေနပ်နပ် အရှုံးပေးလိုက်တယ်...
    ReplyDelete
  6. ပထမဦးဆုံး လက်ရာပေမဲ့ ကိုယ်ပိုင် Style နဲ့ ဟန်ရှိတယ်။ ဆက်ရေးပါ အားပေးပါမယ်။
    ReplyDelete
  7. လာေ၇ာက်ခံစားသွားပါတယ်ရှင့်
    ReplyDelete
  8. ဒီလို သားသမီးမျိုးတွေ အပြင်မှာလည်း ရှိကြတာပဲ..
    သူတို့ စေတနာ သူတို့ အကျိုးပေးတာပါပဲ..လှေမမှောက်ရင်လည်း စာဖတ်သူတွေ ထင်လိုက်ကြသလိုပဲ ဖြစ်သွားမယ် လို့ ထင်ပါတယ်..။
    ဒီဘလော့မှာ တင်သမျှ ဘဝသရုပ်ဖော် ဝတ္တုကောင်းလေးတွေ ချည်းပါပဲ.. မဖတ်ရသေးတာတွေ ခုမှ လာပြန်ဖတ်ပါတယ်..။
    ReplyDelete
စိတ်ထဲ ခံစားမိသလို မျှဝေပြောပြခဲ့ပါဦး...။