Sunday, April 3, 2011

ပန်ပါ

ဝါရွှေရောင်ပိတောက်ဖူးတို့ တစ်ကြိမ်ဖူးပွင့်ခဲ့ပြီးဖြစ်သော်လည်းသင်္ကြန်ကျရန် ရက်အနည်းငယ်လိုပါ သေးသည်။
မျှော်လင့်သောသင်္ကြန် ရောက်မလာသေးသော်လည်းတူးပို့..တူးပို့… သင်္ကြန်ဒိုးသံများကတော့ ဒီနှစ်မှ ပိုလို့တောင်မြူးကြွမြိုင်ဆိုင်နေသလိုပင်။

``ဒီနှစ် သင်္ကြန် ငါအရောက်ပြန်လာခဲ့မယ် မီ´´

ညီ့ထံမှ စေပါးလိုက်သော အမှာစကားကို ရရှိ၊ ကြားသိပြီးချိန်မှစလို့သင်္ကြန်ကျဖို့ မီ…မျှော်မောစိတ်စော နေခဲ့ပါသည်။

ခြံထောင့်က ပိတောက်ပင်ကြီးမှာ ပိတောက်ဖူးလက်ကျန်တို့ စိမ်းမြမြ၊စီရရီကျန်ရှိနေသေးသည်။ စိမ်းညိုစိုလက် အရွက်ဖားဖားတို့ကြားမှ ရွှေဝါအဆင်းနှင့် ၀င်းလက်ပွင့်ဖူးလာ တော့မည့် ပိတောက်ပန်းတို့ ကလည်း ညီပြန်ရောက်အလာကိုစောင့်ကြိုငံ့လင့်နေကြသည်ထင့်။

* * *

မီ နှင့် ညီတို့သည် ငယ်နုစဉ်ကလေးဘ၀မှာကတည်းက ဒီပိတောက်ပင်ကြီးအောက်မှာအတူဆော့စား ကြီးပြင်းလာခဲ့ကြပါသည်။ ဒါပေမယ့် …ညီခူးပေးသော ပိတောက်တစ်ခက်ကိုဖြင့် မီ တစ်ခါဖူးမျှ မပန်ဆင်ခဲ့စဖူး။

``ညီရေ….ပိတောက်တွေ ပွင့်တော့မယ်နော်´´

ညီကတော့ အရေးမထားစွာ``အင်း´´ တစ်လုံးထက်မပိုတတ်ခဲ့။

``ညီရေ…ငါတို့ခြံမှာ ဒီမနက် ပိတောက်တွေ စပွင့်တယ်´´
``ဟုတ်လား..။လာ…သွားကြည့်ရအောင်´´

…ရယ်လို့ ညီ..ဘယ်တော့မှ မဆိုခဲ့ပါ။

``ညီရယ်…လာပါ။မီ့ကို ပိတောက်ပန်းတွေ ခူးပေးစမ်းပါ´´

..ဟုတော့ မီ့နှုတ်က အတင်းအကျပ် ထုတ်ဖေါ် မတောင်းဆိုချင်ခဲ့ပေ။ မီလည်းပဲမိန်းကလေးပီပီ ပန်းကြိုက်တတ်သေးသော်လည်း ကေသာရွရွ ပန်ဆင်ရန်အတွက်တော့ဘယ်တုန်းကမှ စိတ်ကူးတရ ရှိခဲ့ဖူးတာမဟုတ်။

ဒါပေမယ့် မီ့ဖို့ရယ်လို့ ညီကစိတ်လိုလက်ရ ခူးလာပေးခဲ့လျှင်တော့အမှန်တကယ် ၀မ်းမြောက်ပျော်ရွှင်မည့် သူဖြစ်ပါသည်။ ညီ ခူးယူပေးသော ပိတောက်ပန်းတို့ကို အဦးဆုံး ဘုရားမှာ ကပ်လှူပူဇော်မည်။ ပြီး…မီ့ အိပ်ခန်းပန်း အိုး လေးမှာ လှပဝေဆာစွာ ထိုးစိုက်ထားဦးမည်။ညီကမီကို ပန်စေချင်သည်ဆိုလျှင်တာ့ ကေသာဆံစပ်မှာ တစ်ပွင့်၊တစ်ခက်ထိုးစိုက်ပန်ဆင်ကာ အမူပို အပြုံးနှင့် ငြူစူရောင်ပြုမိဦးတော့မည်။

ဒါပေမယ့်…ညီသည် ပိတောက်ဝါတို့ ဖူးပွင့်လေတိုင်း မီ့ကို တစ်ကြိမ်တစ်ခါမျှ သတိမရခဲ့ပါပေ။

* * *

``ဟယ်…ညီ၊ ပိတောက်ပန်း တက်ခူးနေတာလား´´
``အင်း……´´

မီတို့နှစ်ယောက်သားထို့ထက်ပု၍ စကားမဆိုဖြစ်ကြတော့။ သူ..အပင်ပေါ်မှခူးယူချွေချပေးသော ပိတောက်ခက်တွေကို မီက တစုတစည်းတည်းဖြစ်အောင်ကောက်ယူစုဆောင်း ပေးထားရသည်။ ပြီး ရွှေဝါရောင် ပိတောက်ပွင့်ဖတ်တို့နှင့်လိုက်ဖက်သင့်တော်ရုံ အနေတော်ဖယ်ချန်ကာ အရွက်စိမ်းစိမ်းတွေကိုချွေပစ်ရသည်။ ညီက ထိုပိတောက်ဝါတို့ကို လှလှပပစည်းနှောင်ထုတ်ပိုး နေ တော့  လည်း ဘေးကကူညီ၊ကြည့်ပေးရုံပင်။ ဘယ်သူ့အတွက်လဲရယ်လို့ မီမမေးပါ။ မေးနေစရာ လိုသေး လို့လား။ မီဖို့မဟုတ်တာ သေချာနေပြီးသားပဲလေ။

``မီ…ဒီည ….နင်တို့ ယိမ်းအက တိုက်ရဦးမှာလား´´
``အင်းလေ…..´´
``ညကျရင် နင့်ကို ငါလိုက်ပို့ပေးမယ်´´

မီ့နှုတ်ခမ်းတွေ မဲ့ကွေးထားပြလိုက်သည်။ သူကများ မီ့ကိုသင်္ကြန်ယိမ်းတိုက်နေသော ရပ်ကွက်ဓမ္မာရုံဆီ လိုက်ပို့ပေးဦးမလို့တဲ့။

ညီတို့အကြောင်းကို မီက နောကျေနေအောင်သိထားပြီးသူမို့ မယုံကြည်ပါ။ မီတို့ယိမ်းအဖွဲ့မှ တစ်ယောက်ယောက်ကို ညီ…ပတ်သက်ရန်ကြိုးစားနေတာဖြစ်ရမည်။ မီ့အထင်မမှားဘူးဆိုလျှင်ဒီနှစ်ခရိုင်သင်္ကြန်မယ်ဆုအတွက် လျာထားတစ်ပေးခံထားရသော `ရွှေရည်´´ဖြစ်နိုင်ပါသည်။

အဲဒီညနေ ညီ့ဆိုင်ကယ်ပေါ်က မီအဆင်း၊ ဓမ္မာရုံထဲဝင်ရောက်ပြီးခဏအကြာမှာပင် ရွှေရည်တို့အုပ်စု ရောက်လာခဲ့ကြတော့ ပိတောက်ပန်းတွေ ထိန်ဝါဝေလို့ပင်။

``မီ…ပန်ဦးမလား´´

ရွှေရည်ကမေးတော့….

``ဟင့်အင်း…။ အဲဒါ မီတို့ခြံထဲက ပွင့်တာလေ….။ မီက ပန်းမပန်တတ်လို့……´´

တကယ်လည်း မီက စင်ပေါ်မှာ ဧည့်ခံကပြနေစဉ် ပန်ထားရသော ပိတောက်ပန်း အတုကိုတောင် စင်အောက်ရောက်သည်နှင့် ဆွဲဖြုတ်ပစ်တတ်သူမို့ယိမ်းခေါင်းဆောင်ဆရာမ၏ ဆူပူကြိမ်းမောင်းခြင်းကို အမြဲခံယူ နေရသူဖြစ်လေသည်။


* * *

“ရွှေရည်က လှတယ်မဟုတ်လား…မီ”
““အဲတော့ ဘာဖြစ်လဲ”

မီ့မျက်စောင်းတို့ သူ့ထံလွင့်ခနဲ ရောက်လေလျှင် သူက လှစ်ခနဲပြုံးလိုက်ကာ ….

“သင်္ကြန်အတက်နေ့ကျမှ ငါ့ကို အဖြေပေးမှာတဲ့”
“…………………..”
“ငါ ဈေးဆစ်တာပေါ့။ ဒါပေမယ့် မရပါဘူးဟာ…”
“အဲဒါ…ငါနဲ့ဆိုင်လို့လား….”
“နင်ကလည်း….အသားလွတ်ကြီး စွတ်အော်နေစရာလား။ ငါကဆိုးတိုင်ပင်၊ကောင်းတိုင်ပင် သူငယ်ချင်း တွေမို့ နင့်ကိုပြေပြတာ….”

မီ့လေသံ အနည်းငယ်လျှော့ချရတော့သည်။ သို့သော်…

“အဲဒါတွေ ငါ့ လာမပြောနဲ့…“

ဒါပေမယ့် ခဏနေတော့လည်း ဒီစကားတွေဆီပဲ ပြန်ဦးတည်လာပြန်တော့တာပင်။

အဲဒီရွှေရည်ဟာ ရုပ်ကလေးလှသလောက် အထာအမျိုးမျိုးနဲ့ စိတ်ကစားတတ် သေးတာ။ ညီအပါအ၀င် သူမကို ပတ်သက် နွယ်ငင်လာသူမှန်သမျှကို မျှတစွာအရောတ၀င်နေတတ်သူဆိုတာ ညီမသိဘူးလား။ သိလည်းပဲ ညီ ဂရုစိုက်လိမ့်မည် မထင်။ မီကလည်း သူတပါးမကောင်းသတင်းပြောရန် နှုတ်တွန့်ဝန်လေးလှပါသည်။

ဒါပေမယ့် ညီဟာ ရွှေရည့်အပေါ် ဘယ်လောက် စွဲလန်းခဲ့ပြီလဲ မသိ။ အဲဒီလိုဆိုလျှင်တော့ ညီ ခံစားနာကျင်ရ တော့မှာ သေချာသည်။

ညီ့နှလုံးသားမှာ ဒဏ်ရာအနာတရဖြစ်ရမှာမျိုးတော့ မီမလိုလားတာအမှန် ။ ဒါပေမယ့်….

“ငါ……ရင်တွေခုန်နေတယ် မီရဲ့”
“ဖြစ်တတ်တာပဲလေ…..”
“အံမယ်…..နင်က ဆရာမကြီးစတိုင်နဲ့။ နေစမ်းပါဦး။ နင်က ဘယ်တုန်းက အဲလိုခံစားဖူးလို့လဲ”
“ဆယ်တန်းအောင်စာရင်း စောင့်ကြည့်ကြတဲ့ ညတုန်းကလေ………”
“အာကွာ……။ အောင်စာရင်းရင်ခုန်တာနဲ့ ဘာမှမဆိုင်ပါဘူး…။ တစ်မျိုးစီပဲ ။ သိလည်းမသိပဲနဲ့…..”
“ဟုတ်ကဲ့။ ကျွှန်မကတော့ မသိနားမလည်ပါဘူး လူကြီးမင်းရယ်…။ ဒါပေမယ့် တစ်ခုတော့သတိပေးလိုက်ပါမယ်နော်။ ဘယ်သူ့ဆီကမှ အများကြီးမျှော်လင့်မထားပါနဲ့။ ကဲ…… ကြွပေတော့။ နားငြီးတယ်…………”

* * *

“ယိမ်းနွဲ့ကာ တီးကွက်နဲ့အတူ က…စဉ်……လက်ခုတ်သံ စည်းချက်လိုက်မှာလား…………”

စင်ပေါ်မှာ မီတို့အဖွဲ့ ပြိုင်ပွဲဝင်နေစဉ်ကတည်းက ပရိတ်သတ်ကြားမှာ ညီ့ကိုလှမ်းတွေ့လိုက်သေးသည်။

သီချင်းပြီး၍ စင်အောက်ပြန်ဆင်းတော့ မီတို့ကို လှမ်းတွေ့မြင်သာရုံခပ်ဝေးဝေး ကနေ ကြည့်ငေးနေတာ တွေ့ရပြန်သည်။ ရွှေရည့် သူငယ်ချင်းတွေက ရွှေရည့်ကို သတင်းလှမ်းပို့ရင်း တွတ်ထိုးနေကြတာကို မီက ဂရုစိုက်မနေပဲခေါင်းပေါ်က ပိတောက်ပန်းခြောက် အတုတွေကို ဖြုတ်ပစ်ရန် ကြိုးစားနေမိသည်။

“မီ….ပန်းတွေကို ဖြုတ်ပစ်နေပြန်ပြီလား။ နောက်တစ်ကြိမ်ပြိုင်ပွဲဝင်ဖို့ရှိသေးတာ သိသားနဲ့။ အဲဒီကလေးမ ကတော့…..”

မီ မျက်နှာကြီးမအီမလည်နှင့် စူပုတ်နေရတော့သည်။

“မီ…ဘာဖြစ်နေပြန်တာလဲ…”
“ငါ ဆူခံထိထားတာ နင်မကြားဘူးလား”
“ကြားတယ်လေ။ နင်ကလည်းနင်ပဲကို……….”
“ငါ ဇက်ညောင်းလို့………..”
“အပိုတွေ…..။ ညီက နင့်ကို အရေးမလုပ်ပဲ ရွှေရည့်ကိုပဲ ခစားနေလို့မဟုတ်လား…..”
“မိနွယ်နော်….။ငါ စိတ်တိုနေတာ။ မဟုတ်တာတွေ လာမပြောနဲ့”
“ကဲပါ။ မပြောနဲ့ဆို မပြောပါဘူး။ ရော့….အချိုရည်ဗူး ယူလိုက်ဦး။ဒီမှာမုန့်လည်းစား…..။ ဒီည ညည့်နက်လိမ့်မယ် ထင်တယ်ဟ…”

မီ တကယ်ပဲ ဗိုက်ဆာနေတာမို့ မိနွယ်လက်လှမ်းသော မုန့်ကို ပလုတ်ပလောင်း စားကာ အချိုရည်နှင့် မျှောချနေလိုက်သည်။

“ဟဲ့ ..ဟိုမှာတွေ့လား။ ဒီအချိုရည်နဲ့ မုန့်လာကြွေးတဲ့ အန်ကယ်လ်နဲ့အန်တီတို့ လင်မယားလေ… ။ သူတိုကဘေးက တစ်ယောက်က သူတို့သားတဲ့…အမိုက်စားပဲဆရာ……“
“………………..”
“နင့် ညီတော့ ခံရပြီထင်တယ်။ အဲဒီတစ်ယောက်က ရွှေရည်နဲ့ ဘာလိုလိုပဲတဲ့။သူ့သူငယ်ချင်းတွေ ၀ိုင်းစနေကြတာ…”

မီ သောက်လက်စ အချိုရည်တောင် သီးသွားရလေသည်။

* * *

သင်္ကြန် အတက်နေ့……။

ညီ့စကားအရ ရင်ခုန်မျှော်လင့်သောနေ့ ဖြစ်လေသည်။

သို့သော်………

“ရွှေရည် ပုံပြောသွားပြီ….တောက်”
“ဟဲ့..သူ့မှာ ဘာအခက်အခဲရှိလို့ရောက်မလာနိုင်တာလဲ စုံစမ်းပါဦးတော့….”
“စုံစမ်းပြီးပြီ။ သူ့ အကောင်သစ်နဲ့ ရေပက်ခံထွက်လည်နေတာလေ…”

မီ ဘာဆက်ပြောရမလဲတောင် မသိတော့။ ထိုနေ့ တစ်နေ့လုံး ညီတစ်ယောက်အိမ်ပြန်မရောက်တော့……

“မီရေ…ညီ ဘယ်တွေသွားတတ်သလဲ။ သမီးသိလား...”

ညီ့အမေက ဖုန်းဆက်မေးလေလျှင် မီလည်းမသိတတ်နိုင်။

ညနေပိုင်းမှာ မီတို့ယိမ်းအက တစ်ဖွဲ့လုံး ရေပက်ခံကားဖြင့် မြို့ထဲလည်ရန်လူကြီးများက စီိစဉ်ပေးပါသည်။

“ဟဲ့ တို့နောက်က ကပ်ပါလာတဲ့ဆိုင်ကယ်ဟာ ညီတို့မဟုတ်လား”
“ဟုတ်ပါရဲ့။ ဟဲ့ မူးနေကြပြီ ထင်တယ်”

ညီတို့ဆိုင်ကယ်သည် မီတို့ကားကု ကျော်တက်သွားလျှင်ရနိုင်လျှက်နှင့်ကျော်မတက်။ နောက်က ကပ်လိုက်လာရင်း နှုတ်ကလည်း ဘာတွေအော်ဟစ်နေမှန်းမသိ။

မီတို့ကားပေါ်မှာလည်း ကက်ဆက်က သင်္ကြန်သီချင်းတွေ ဖွင့်ပေးထား သောကြောင့်အားလုံးသံပြိုင် လိုက်အော်ဆိုနေကြရာ ဆူညံနေလေပြီ။ ညီတို့ ဆိုင်ကယ်ကိုရွှေရည်လည်း တွေ့ထားပြီးဖြစ်ပုံရကာ မမြင်ယောင် ပြုနေခဲ့လေသည်။

မီတို့၏ရေပက်ခံကား ည ရပ်ကွက်ထဲပြန်ဝင်လေမှ ညီတို့တတွေ ဆိုင်ကယ်ကိုဝူးခနဲ အရှိန်ပြင်းပြင်း မောင်းနှင်လမ်းခွဲသွားလေသည်။


* * *


မီတို့မြို့ကလေးက ညီထွက်ခွာသွားခဲ့တာ သင်္ကြန်သုံးနှစ်ပင် ဖြတ်သန်း လွန်မြောက်ခဲ့ပြီ။

ညီ မရှိတော့သော သင်္ကြန်ရက်များသည် မီအတွက် ပျော်စရာမကောင်းခဲ့ တော့ပေ။

မီတို့ ခေါင်းရင်းခြံသို့ ညီတို့သားအမိပြောင်းရွှေ့လာခဲ့ကြစဉ် မီနှင့်သူ ငါးတန်းနှစ်ကတည်းက သင်္ကြန်တွေမှာ အတူတူပျော်ရွှင်ခဲ့ဖူးကြတာ…..။

မီတို့တတွေ အရွယ်ရောက်လာချိန်မှာတော့ ညီသည် မီ့အနားမှာ အမြဲရှိ မနေတတ်ခဲ့တော့ပါ။

“ညီ…နင်တို့ရေပက်ခံထွက်ကြမလို့ဆို….”
“အေးလေ။ ဘာလဲ…နင်က လိုက်ချင်ပြန်ပြီလား….”

အမှန်တော့ မီလည်းလိုက်လည်ချင်လို့သာ စကားစမိတာဖြစ်သည်။

ဒါပေမယ့်…“နင်လည်းလိုက်ခဲ့ပါလား မီ” ဟု သူက စမခေါ်ပဲတော့မီဘက်ကခွင့်တောင်းခံပြီး မလိုက်လိုပါ။ သူကလည်း…..

“လိုက်မနေပါနဲ့ မီရယ်။ သင်္ကြန်လည်တာ မိန်းခလေးတွေအတွက် မကောင်းပါဘူး။မထော်မနန်းတွေ နင်လည်းမြင်တွေ့ နေတာပဲ မဟုတ်လား“
“ဒါဆို..နင်တို့ဆိုင်ကယ်နောက်က ကောင်မလေးတွေကျတော့ရော…“
“သူတို့က သူတို့ပဲလေ…။ နင်လိုက်မတုနဲ့…။လိုအပ်ရင် ငါကသူတို့အားလုံးကိုလျစ်လျှူရှုနိုင်တယ်။ နင်ပါလာရင်သာ ငါ နောက်ဆံငင်နေရမှာ…”
“ငါက ဘာဖြစ်နေမှာမို့လဲ…”
“နင်ကတော့ ဘာမှမဖြစ်ဘူးပေါ့။ဒါပေမယ့် …..အာကွာ။မလည်ချင်ပါနဲ့ဆိုကွာ…။ ငါနဲ့လည်းမလိုက်နဲ့..။ ဘယ်သူခေါ်လို့မှလိုက်မလည်ပါနဲ့မီရယ်…နော်။ပလိစ်….”
“…………………”
“ငါ နှစ်ဆန်းတစ်ရက်နေ့ကျရင် နင့်ကို နံနက်အစောကြီးဘုရားလိုက်ပို့ပေးမယ်ကွာ…။ ကျေနပ်တော့ ဟုတ်လား….”

ဒီလောက်ဆိုလျှင်ပင် မီကျေနပ်နိုင်ခဲ့ပါသည်။

နှစ်ဆန်းတစ်ရက်နေ့ရောက်တိုင်း မီ့အားဘုရားပို့ပေးနေကျ ညီသည်ထိုနှစ်သင်္ကြန်မှာတော့ မီ့အပေါ် ကတိပျက်ခဲ့တော့သည်။

မီကတော့ ဘုရားပေါ်မှာ ညီ့အတွက် ပန်း၊ရေချမ်း၊အမွှေးနံ့သာတိုင်သက်စေ့ထွန်းလှူကာ ညီတစ်ယောက် ကျန်းမာပကတိရှိနိုင်ပါစေကြောင်း အထပ်ထပ်တောင်းဆုချွေ နေခဲ့မိသည်။

မီတို့ ရေပက်ခံကားနောက်မှ ကပ်လျှက်လိုက်ပါလာခဲ့ကြပြီး လမ်းခွဲအထွက်မှာပင် ညီတို့ ဆိုင်ကယ်အက်ဆီးဒင့်ဖြစ်ခဲ့ကြတာ…။ ညီကဆိုင်ကယ်နောက်မှလိုက်စီးသူမို့ အဝေးကြီး လွင့်သွားကာဒဏ်ရာပိုမိုပြင်းထန်ခဲ့ပါသည်။

မြန်မာပြည် အလယ်ပိုင်းမြို့ကလေးမှာ နေထိုင်သောညီ့ဖခင်ထံ ဖုန်းဆက် ကာရန်ကုန်မှာကြိတင်စောင့်ဆိုင်း နေစေရသည်။ သတိမရသေးသော ညီ့ကိုတော့ရန်ကုန်ဆေးရုံကြီးသို့ လွှဲပို့ရန် စီစဉ်ကြရပြန်သည်။

ရန်ကုန်မှာ နှစ်လနီးပါးခွဲစိတ် ကုသအပြီး ညီတစ်ယောက် ပြန်လည် နေကောင်း ကျန်းမာလာခဲ့လျှင်တော့ မီလည်း မြိုကကလေးမှနေ ညီကိုမျှော်ရင်းမောလှပြီ။

ဒါပေမယ့် မီတို့မြို့ကလေးသို့ ညီတစ်ယောက်ပြန်ရောက်မလာခဲ့တော့ပါ။ ညီ့ ဖေဖေနှင့်မေမေက နယ်လုကြရင်း လမ်ခွဲခဲ့ကြအပြီး …ညီကသူ့မေမေနှင့်လိုက်ပါနေထိုင်ခဲ့တာ ဖြစ်ပါသည်။ ညီဆယ်တန်းအောင်ပြီးချိန်မှာ ဖခင်နှင့်တလှည့်ပြန်နေကာ တကသိုလ်ဆက်တက်စေရန်စီစဉ်ခဲ့ကြပြန်သည်။ ခေါင်းမာသော ညီက အဝေးသင်ပဲယူကာ မြို့ကလေးမှတဖ၀ါးမခွာ။

“ငါက နင်တစ်ယောက်တည်း ကျန်နေခဲ့မှာစိုးလို့ သိလား”

နောက်တောက်တောက် အပြောမှာ အမှန်တ၀က်မက ပါဝင်နေတာ မီခံစားနားလည်ကျေနပ်နေခဲ့ဖူးသည်။

အက်ဆီးဒင့် ဖြစ်ပြီးနောက်မှာတော့ မိခင်ကြောင့် ညီပျက်စီးရသည်ဟုအပြစ်တင်ဖို့ကာ အဘွားနှင့်ဖခင်က ဆေးရုံမှအဆင်းတွင် သူ့ကိုတစ်ပါတည်းခေါ်ချသွားတော့သည်။

ညီ…ဟိုမြို့ကလေးသို့ရောက်စကတော့ မီ့ထံ တယ်လီဖုန်းလောက် လှမ်းဆက်ဖေါ်ရသေးသားပင်။

“ငါ…ဖေဖေ့ ပွဲရုံမှာ ၀င်ကူနေရပြီ…”

….ဆိုကာ တဖြည်းဖြည်းသွေးအေးသွားသောအခါ တစ်နှစ်လုံးနေမှတစ်ကြိမ်၊နှစ်ကြိမ် စကားပြောဖြစ်ကြရုံရှိတော့သည်။ ခု…နောက်ဆုံးတစ်ကြိမ်… မိံထံဖုန်းဆက်ခဲ့ လျှင်တော့ ……

“မီတို့ ခြံထဲက ပိတောက်ပင်ကြီး အဖူးတွေနဲ့လား”
“တစ်ကြိမ်တောင် ပွင့်ပြီးသွားပြီ”
“ဟာကွာ ။နစ်နာလိုက်တာ”

မီက….

“ဘာ ဇာတ်လမ်းတွေ လာရှာဦးမလို့လဲ”

သူ တဟဲဟဲသာ ရယ်မောနေခဲ့သည်။

“နေဦး…။ပိတောက်တွေပွင့်တာမြင်ရင် နင်ရော…ငါ့ကို သတိမရနေဘူးလား”

မကွယ်မ၀ှက် ၀န်ခံကြေးဆိုလျှင်တော့ မီ သူ့အားပြင်းပြင်းပြပြ သတိရ နေတတ်တာပေါ့။ နှုတ်ကတော့…..

“ငါ နင့်လို ပိတောက်ရူးမဟုတ်ဘူး ”

ပြောပြီး ဖုန်းချပစ်လိုက်တော့သည်။


* * *

သင်္ကြန်ရက်အတွင်းအရောက်လာခဲ့မည်ဆိုသော ညီက တကယ်တမ်းမှာ သင်္ကြန်လွန်လေမှရောက်လာနိုင်တော့သည်။

သင်္ကြန်၇က်အတွင်းမှာ သူ့ဖခင်ဘက်မှ ဆွေမျိုးများ၏ အလှူရှိ နေလို့ဟုဆိုပါသည်။ ညီ့အဖွားက ညီ့ကိုပါ ရဟန်ခံပေးချင်သည်ဖြစ်ပြန်ရာ ရှင်လိန်ပြန်ညီတစ်ယောက် ကတုံးအသစ်စက်စက်နှင့် မီ့ထံသို့ရောက်လာခဲ့ပါသည်။

“မီ ..ပိတောက်တွေကျန်သေးလား”
“ဘယ်လိုဖြစ်နေလဲ …..အသည်းအသန်။ တို့မြို့မှာ နင်မရှိကတည်းက ပိတောက်လက်ကျန်တွေ အများကြီး….”

ပိတောက်ပင်အောက်သို့ သူနှင့်အတူ ပထမဆုံးအကြိမ် ပြန်ရောက်ရခြင်းပဲဖြစ်သည်။

“နင်..ခဏလေးစောင့်ဦး မီ”
“ဟဲ့…”

တားမနိုင်၊ဆီးမရစွာ ပိတောက်ပင်ပေါ် တလွှားလွှားရောက်သွားခဲ့ပြီ။

“မီရေ…ဖမ်းထား…..ရော့….”

မီကတော့ အေးဆေးစွာ …ပိတောက်တွေ မြေပေါ်ရောက်ပြီးမှ တစ်ခက်ချင်းကောက်ယူစုပုံ ပေးထားလိုက်ပါသည်။

အကိုင်းနိမ့်တစ်ခုဆီအရောက်မှာတော့ ညီသည် မီ့ရှေ့တည့်တည့်သို့ ရုတ်တရက် ခုန်ချလိုက်တော့တာမို့ မီလန့်သွားရတာကို ညီကသဘောကျရယ်မောနေခဲ့သေးသည်။

“ရော့…….”

မီက သူမ၏ လက်ကလေးကို ချက်ချင်းနောက်ပြန် သိမ်းဝှက်လိုက်ကာ ခြေတစ်လှမ်းတောင် ဆုတ်လိုက်မိသေးသည်။

“ပိတောက်လက်ဆောင်လေ မီရဲ့…။ နင့်ဖို့…...”

မီ ချာခနဲ လှည့်ထွက်ခဲ့လိုက်တော့သည်။


* * *


“ဒီ ငုဝါပင်ကလေးက နင်ကိုယ်တိုင်စိုက်ထားတာပေါ့။ ဟုတ်လား….မီ”

မီ ခေါင်းညိတ်ပြလိုက်ပါသည်။ ညီက လေးလေးနက်နက်ပြုံးနေခဲ့လျှက်က…..

“……ဟုတ်တယ်နော်။ မီပြောမှ တွေးမိတယ်။ လူတွေအတော်များများက တစ်နှစ်မှတစ်ခါသာပွင့်တယ်ရယ်လို့ ပိတောက်ကိုသာ သဲကြီးမဲကြီး ရှိနေကြတာ..။ ဒါပေမယ့်ပိတောက်အလှက ခဏပဲ။ ငုဝါပန်းလေး တွေကမှ ဘယ်သူသိသိ၊မသိသိ တစ်နွေလုံးလှနေ၊ ဝေနေတော့တာပဲ…”

အဲဒီ ဇွတ်တရွတ်နိုင်သောညီက အညာမှ သူ့အဖေနှင့်အဘွားကို ချက်ချင်းကြီး လှမ်းမှာကာ သူ့အမေနှင့်အတူ မီ့မိဘတွေထံ လာရောက် ကြောင်းလမ်းကြတော့မည်။ ပြီး.....

“တို့နှစ်ယောက် တူတူနေရင် ငုဝါပန်းတစ်ပင် ကိုယ် ကိုယ်တိုင်စိုက်ပေးဦးမယ်”

………..တဲ့။

မီ ငြင်းလိုက်ပြန်လျှင်လည်း အနှစ်နှစ်၊ အလလက ….ငယ်သံယောဇဉ်တွေကိုမထောက်ညှာရာ ရောက်မှာ စိုးပါသည်။ ။



သတိုး

2 comments:

  1. ချော(အစိမ်းရောင်လွင်ပြင်)April 3, 2011 at 2:35 PM

    ချစ်စရာ ၀တ္ထုလေးဘဲ
    ရာသီချိန်ခါနဲ့ ကိုက်ညီနေတာမို့ သင်္ကြန်ကိုတောင် မျက်စိထဲ မြင်ယောင်သွားမိရတယ်။
    သိပ်လှတဲ့ ငုဝါရယ် ပိတောက်ရယ် နဲ့ အချစ်ဇာတ်လမ်းလေးဘဲ

    ReplyDelete
  2. ကြိုက်တယ်ဗျာ...

    ReplyDelete

စိတ်ထဲ ခံစားမိသလို မျှဝေပြောပြခဲ့ပါဦး...။