ဦးခွေးနီစပ်ကြီးမှာ ငယ်နာမည်နောက်တစ်မျိုး
ရှိသေးတဲ့အကြောင်းကို သူ့မိသားစုနဲ့ နီးစပ်ပတ်သက်ရာ တချို့ကလွဲရင် ဘယ်သူမှ
မသိခဲ့ကြပါဘူး။ မသိဆို….သူတို့တစ်သက်လုံး ဦးခွေးနီစပ်ကို ဦးခွေးနီစပ်ရယ်လို့ပဲ
ခေါ်ကြတာသာ ကြားခဲ့ဖူးကြတာလေ။ သူတို့တွေကိုယ်တိုင်လည်း ပြောဆိုဆက်ဆံစရာ
အရေးအကြောင်းကြုံလာရင် ဦးခွေးနီစပ်ကို ကိုခွေးနီစပ်၊ ဦးလေးခွေးနီစပ်၊
ဘကြီး..ခွေးနီစပ် ရယ်လို့သာ သုံးနှုန်းဆက်ဆံလာခဲ့ကြဖူးတာ။ အဲဒီအခါတွေတုန်းကလည်း
အဆင်ပြေနေခဲ့တာပဲ မဟုတ်လား။ ဦးခွေးနီစပ်ကြီးမှာ တခြားငယ်နာမည်တစ်မျိုး
ရှိနေဦးမယ် ဆိုတဲ့အတွေးကို တစ်ခါမှကို မတွေးခဲ့ကြစဖူး။ တစ်ယောက်ယောက်က
ပြောလာခဲ့ရင်လည်း သိပ်စိတ်ဝင်စားမိ၊ မှတ်သားထားမိမယ် မထင်ဘူး။ သူတို့အဖို့တော့
ဦးခွေးနီစပ်ကြီးကို ဦးခွေးနီစပ်ကြီးရယ်လို့သာ ခေါ်ပြောဆက်ဆံရတာ နှုတ်စွဲပြီး
အဆင်ပြေနေခဲ့ကြတာ မဟုတ်လား။
ဒါပေမယ့်…အခု…ဦးခွေးနီစပ်ကြီးကို ဦးခွေးနီစပ်ကြီးလို့ ခေါ်ဖို့
အဆင်မပြေ တော့ဘူးတဲ့။
@@@@@@@@@@@
ဖြစ်ပုံက ရပ်ကွက်ထဲမှာ မင်္ဂလာဆောင်အခမ်းအနား တစ်ခုအတွက်
ဖိတ်စာဝေရာက စတာပဲ။ ရပ်ကွက်ထဲကို မင်္ဂလာဆောင်ဖိတ်စာ ဝေကြမယ်ဆိုတော့
နှစ်ဘက်မိဘတွေနဲ့ သတိုးသာလောင်း၊ သတို့သမီးလောင်းတွေ ခေါင်းချင်းဆိုင်ကြ။ သူ့ဘက်၊
ငါ့ဘက်အမျိုးအဆွေ၊ ရပ်နီးရပ်ဝေး မိတ်သင်္ဂဟတို့ရဲ့နာမည်တွေ ရွတ်ကြ၊ ရေးကြပေါ့။
လမ်းထဲက အိမ်တွေကိုတော့ တန်းစီပြီး ဖိတ်ကြရမှာပဲ။ ရောက်လာချီးမြှင့်တာ၊
မချီးမြှင့်တာကတော့ သူတို့ဘက်က အပိုင်းပဲမဟုတ်လား။
ဥိးဇော်မင်းသန်းနဲ့ဇနီး
ဦးထွန်းထွန်းသူနဲ့
ဇနီး
…စသည်ဖြင့် နာမည် ခေါ်ပေးတဲသူက ခေါ်ပေး။ ဖိတ်စာထည့်မယ့်
စာအိတ်ပေါ်မှာ လက်ရေးလှလှနဲ့ ရေးတဲ့သူကရေးပေါ့။
``ဦးခွေးနီစပ်နဲ့ဇနီး´´
အနားမှာရှိနေတဲ့တစ်ယောက်က သတိပေးတယ်။ ဦးခွေးနီစပ်ရဲ့နာမည်က
ဦးခွေးနီစပ် မဟုတ်တော့ဘူးတဲ့။ ဒါဆို ဘယ်သူလဲဆိုတော့ သူလည်း ဇဝေဇ၀ါနဲ့
မေ့တေ့တေ့ဖြစ်နေတယ်တဲ့။ လက်တစ်ကမ်းမှာရှိနေတဲ့ လူပရိတ်သတ်ထဲမှာလည်း
သိတဲ့သူမရှိဘူး။ နာမည်သေချာအောင် စောင့်နေရရင် အလုပ်နှောင့်နှေးမှာလည်း
စိုးရသေးတယ်။ ခဏဆိုပြီး တေးမှတ်ဖယ်ချန် ထားခဲ့ဖို့ဆိုတော့လည်း မတော်တဆ
အပြီးမေ့ကျန်နေခဲ့မှ မျက်နှာပျက်စရာတွေ ဖြစ်နေရဦးမယ်။ အဲဒီအခါကျ ဖိတ်စာရေးတဲ့သူတွေ
အပြစ်ကျလာဦးတော့မယ်။ အဲတော့ ထူးပါဘူးကွာ။ ရေးသာရေး…။ အေးလေ… ဒီပြင်တခြားနာမည်
ရှိနေတယ်လို့ တို့လည်း မကြားမိပါဘူး။ ရေးသာရေးလိုက်တော့ ဦးခွေးနီစပ်ပဲ။
အဲလိုနဲ့ ဖိတ်စာဝေတဲ့ လူငယ်လေးတွေ ဦးခွေးနီစပ်ကြီးရဲ့
အိမ်လည်းရောက်ရော ပြဿနာတက်ကြပါလေရော…။
``ဒီဖိတ်စာ
ဘယ်သူရေးတာလဲ´´
ဘယ်သူရေးတယ်ရယ်လို့တော့ အသေအချာ ဘယ် မှတ်မိမှာတုန်း။
သတို့သားရဲ့ သူငယ်ချင်းအသိုင်းအ၀ိုင်းတွေထဲက ဒီလိုပဲကြုံရာလူ
ဝိုင်းဝန်းရေးပေးကြတာပဲပေါ့။
``ငါ့နာမည်
ဦးခွေးနီစပ်လို့ မင်းတို့ကို ဘယ်သူပြောလဲ´´
ပြောစရာ လိုသေးလို့လား။ ဦးခွေးနီစပ်ကြီးရဲ့နာမည်ဟာ
ဦးခွေးနီစပ်ဆိုတာ တစ်ရပ်ကွက်လုံး သိနေနှင့်တဲ့ဥစ္စာ။
``မင်းတို့ကောင်တွေ
မသေမချင်း မှတ်ထားကြ။ ငါ့နာမည် ခွေးနီစပ် မဟုတ်တော့ဘူး။ အောင်…….မှတ်၊
ဦးအောင်မှတ်ကွ´´
ဦးခွေးနီစပ်ကြီးရဲ့ အမျိုးသမီးကလည်း….
``ပြောလိုက်
အဲဒီမင်္ဂလာဆောင်အိမ်ကို ။ ဦးခွေးနီစပ်လို့ ဖိတ်စာမှာရေးဖိတ်တာ
အရမ်းစိတ်ဆိုးတယ်လို့။ မင်္ဂလာပွဲကိုလာစေချင်ရင် ဦးအောင်မှတ်လို့ ပြောင်းဖိတ်ပေးမှ
လာမယ်´´
ဖိတ်စာဝေတဲ့ ကလေးတွေလည်း ပြာပြာသလဲ တောင်းပန်ကြရတာပေါ့၊ ပြီး…
အပိုပါသွားတဲ့ ဖိတ်စာအသစ်ပေါ်မှာ …..
ဦးအောင်မှတ်နှင့်
ဇနီး
…ဆိုပြီး ချက်ချင်း ရေးဖိတ်ခဲ့ကြတာတောင် မကျေနိုင်၊ မချမ်းနိုင်
မြည်တွန်ဗျစ်တောက်သံတွေက တတွတ်တွတ် နောက်က လိုက်လာနေတုန်းမို့ ဝေးရာဝေးကြာင်းဆီ
အသော့နှင်ပြေးခဲ့ကြရသတဲ့။
@@@@@@@@@@@
နောက်မှ သိကြရတာက ဦးခွေးနီစပ်ကြီး ဆိုတဲ့ အဲဒီနာမည်က
ရာဇ၀င်နဲ့ကို ချီလာခဲ့တာဆိုပဲ။
မိနစ်ပိုင်းကလေးခြားပြီး လူ့လောကထဲ ရောက်လာကြတဲ့ အမြွာညီအစ်ကို
နှစ်ယောက်ကို သဲသဲလှုပ်လှုပ် အထွဋ်တင်ချစ်မ၀တဲ့ သူတို့ရဲ့မိဘနှစ်ပါးက အောင်မြတ်နဲ့
အောင်မှတ်ဆိုပြီး အောင်အတိတ်နဲ့မင်္ဂလာယူကာ အမည်သညာ မှည့်ခေါ်ခဲ့ကြတာပါ။
ညီအစ်ကိုအမြွာ လူမှန်းသိတတ်စ ကတည်းက မိဘအပါအ၀င် ၀န်းကျင်အသိုင်းအ၀ိုင်းနဲ့
ဆွေမျိုးစုအားလုံးက အရေးပေး၊ အလိုလိုက်ခဲ့ကြတော့ တစ်နေ့တခြားကို
ဆိုးသွမ်းလာခဲ့ကြတော့တာ။ လူပျိုပေါက်အရွယ်ကလေးတွေ ရောက်လာကြတော့ မိဘပိုက်ဆံကိုလည်း
ရေလိုသုံးတတ်နေကြပြီ။ လစ်ရင်ခိုးယူတယ်။ မလစ်ရင် လုယူမယ် ဆိုတဲ့အထိကို ဖြစ်လာကြပြီ။
မကောင်းမှုနဲ့ မွေ့လျော်သူတွေ နေပျော်ရာအရပ် မှန်သမျှ သူတို့ညီအစ်ကိုလည်း
ရောက်ဖူးတယ်။ မင်းမူဗိုလ်ကျတယ်။ ရမ်းကားနေပျော်တယ်။ အရပ်ထဲမှာ ရန်ပွဲဟေ့လို့
အသံမကြားလိုက်ရနဲ့။ အမြွာနှစ်ယောက်ကတော့ တစ်ဖက်မှာပါပြီးသားပဲ။ တစ်ခြားသူတွေနဲ့မှ
ရန်မဖြစ်ရရင် ညီအစ်ကို အချင်းချင်းဖြစ်တယ်။ ရန်ဖြစ်ပြီဆို ဘယ်သူဝင်ဆွဲ၊ ၀င်တားလို့မှ
မနိုင်ဘူး။ ညီအစ်ကို အချင်းချင်း သူစိမ်းပြင်ပြင်တွေလို တုတ်ဆွဲ၊ ဓါးဆွဲလည်း
လုပ်တတ်ကြသေးတာပါ။ ဆိုဆုံးမလို့ မနိုင်တာထားလို့ လိုဘမပြည့်ရင် အဖေ၊အမေကိုတောင်
ချမ်းသာမပေးပဲ ရန်လုပ်ရမ်းကားတတ်သေးတာဆိုတော့ ကမ်းကုန်ပါလေရော။ အိမ်မှာ
လက်တိုလက်တောင်း အကူခေါ်ထားတဲ့ ဆွေမျိုးနီးစပ် မိန်းခလေးတွေ ဆိုလည်း ဘယ်သူမှ
လပိုင်းထက်ပိုပြီး ကြာကြာ မမြဲဘူး။ အစ်ကိုမဟုတ်ရင် ညီက အနိုင်ကျင့်ပြီးသား။
အခွင့်သာတာနဲ့ စော်ကားပြီးသား။ အဲဒီလိုနဲ့ အငယ်ကောင်အောင်မြတ် တစ်ယောက်တော့
သူတပါးလက်ချက်နဲ့ စောစောစီးစီး သေခဲ့ရတော့တယ်။
အောင်မြတ်ဆုံးသွားတော့ အောင်မှတ်တစ်ယောက်လည်း နည်းနည်းတော့
ဆင်ခြင်သွားတယ် ပြောရမယ်။ ရန်ပွဲတွေလည်း ကျဲသွားတယ်။ အိမ်နေလည်း မြဲလာခဲ့တယ်။
အသုံးအဖြုန်းလည်း အရင်ထက်စာရင် အတော်ကလေး ဆင်ခြင်လာတယ်လို့ ဆိုကြရဲ့။ ဒါပေမယ့်
ခဏပါပဲ။ ခွေးမြီးကောက် ကျည်ထောက်စွတ်ပေးထားလည်း ခဏနေတော့ မူလပကတိအတိုင်း
ကောက်မြဲကွေးမြဲပဲမဟုတ်လား။
ဒီပုံအတိုင်းဆိုရင် အောင်မှတ်တစ်ယောက်လည်း ဘယ်သူ့လက်ချက်နဲ့
တစ်နေ့ သေရဦးမယ်မသိဘူး။ မိဘတွေက ပူပန်စိုးရိမ်လာကြတယ်။ အဲဒီမှာ ဘယ်သူကစပြီး
ရွှေဥာဏ်တော် စူးရောက်ခဲ့တယ်မဆိုနိုင်ဘူး။ အောင်မှတ်တို့ ညီအစ်ကိုတတွေက
နာမည်စီးနေတာဆိုပဲ။ ဒါကြောင့် အောင်မှတ်ကလေး လိမ္မာကျိုးနွံလာအောင်၊
အသက်ရှည်ရှည်နေနိုင်အောင် နာမည်ပြောင်းမှဖြစ်မှာတဲ့။ ပြောင်းမယ့်နာမည်ကိုလည်း
ရှည်ရှည်ဝေးဝေး တွက်ချက်စဉ်းစားမနေကြတော့ပါဘူး။ ဘယ်သူက စလိုက်မှန်း မသိတဲ့
နာမည်တစ်ခုက တမဟုတ်ခြင်း တောမီးလို ပြန့်နှံ့သွားတော့တယ်။ တစ်ခါတည်း
နာမ်နှိမ်ပြီးသားဖြစ်အောင် ဆိုပြီး ခွေးနီစပ် လို့ပဲ အလွယ်တကူ
ပြောင်းမှည့်လိုက်ကြပါတော့တယ်။
အံ့သြစရာကောင်းတာကတော့ နာမည်ပြောင်းပြီး နောက်ပိုင်းမှာ
ခွေးနီစပ် တစ်ဖြစ်လဲ အောင်မှတ်ကလေးဟာ အကျင့်နဲ့ စိတ်ဓါတ်တွေ
တစစပြောင်းလဲလာခဲ့တယ်ဆိုပဲ။ ဒါပေမယ့် တစ်ခါတစ်ရံတော့လည်း ငုတ်နေတဲ့ညဉ်ဆိုးတွေက
ပေါ်လာတတ်သေးတာပေါ့။ အသက်အရွယ်လည်းရလာခဲ့ပြီ။ သားနဲ့
မယားနဲ့တွယ်တာနှောင်ငင်စရာတွေတိုးလာခဲ့ပြီ ဆိုတော့လည်း အရင်ကလောက်တော့
မဆိုးတော့ဘူး ဆိုရမှာပေါ့။
@@@@@@@@@@
မဆိုးတော့ဘူး ဆိုတာတောင် ဦးခွေးနီစပ်ကြီးနဲ့တော့ ဘယ်သူမှ
မပတ်သက်ချင်ကြပါဘူး။ ကုန်ကုန်ပြောရင် သားသမီးတွေကတောင် သူတို့အဖေနှင့်
မျက်နှာချင်းဆိုင်ရဖို့ဆို သတိဆွဲနေပြီးသားပဲ။ စိတ်က အပြောင်းအလဲမြန်ပြီး
တယူသန်ဆန်သလောက် သူစိတ်တိုင်းမကျရင် ဒေါသကရှေ့ကို ကြိုရောက်နေနှင့်တတ်တာ။
ကြိုးကြောင်းသင့်ပြောပြရုံနဲ့ ငြိမ်းငြိမ်းချမ်းပြီးပြတ်ရမယ့် ကိစ္စဟာ သူတို့အဖေ
ငါတကော ကောတာနဲ့ အော်ကြီးဟစ်ကျယ်၊ ရပ်ကျော်ရွာကျော်ဖြစ်ရတာတွေလည်း အကြိမ်ကြိမ်။
``ငါမွေးထားလို့
လူဖြစ်လာတဲ့ ဟာတွေက…လူပါးဝတယ်´´
မိဘကို လူပါးဝတယ်ရယ်တော့ ဘယ်ဟုတ်ပါ့မလဲ။ ကိုယ့်အရွယ်နှင့်
အတွေ့အကြုံအရ အသိအတွေးကိုယ်စီ ရှိနေကြပြီမို့ ထားရာနေ၊ စေရာသွားတော့
မနေနိုင်ကြဘူးလေ။ ကိုယ်ယုံကြည်ရာနှင့် သွေဖယ်နေလျှင် သားသမီးပေမယ့် မိဘကို
ကျိုးကြောင်းသင့် ငြင်းဆိုရှင်းပြခွင့် မရှိရဘူးလား။
``ငါ..မင်းတို့ထက်ပိုသိတယ်။
ငါပြောသလိုသာလုပ်´´
``အာ…ကျွန်တော်တို့
သိတာတွေကိုတော့ အဖေမသိပါဘူး´´
နှုတ်လှန်ထိုးရကောင်းလားရယ်လို့ ဆွေ့ဆွေ့ခုန်၊ ဒေါသအုံကြွလျှင်
လှံဆွဲ၊ ဓါးဆွဲ။ လက်ထဲပါလာတဲ့လက်နက်နှင့် မဆင်မခြင် လက်လွတ်စံပါယ် ပစ်လွှတ်၊
ခုတ်ပိုင်းမယ် ကြံခဲ့ဖူးတာလည်း အကြိမ်ကြိမ်မို့ စကားချေတင်ကြုံရတိုင်း ပြေးလမ်းကို
လေ့လာထားပြီး မျက်ခြည်မပြတ်စေရအောင် ကျီးကန်းတောင်းမှောက် ကြည့်ထားရသေးတာ။
ဦးခွေးနီစပ်ရဲ့ သားသုံးယောက်စလုံး အိမ်ပေါ်ကနေ အကြိမ်ကြိမ်
ဆင်းရဖူးကြတဲ့သူချည်းပဲ။ သမီးငယ်ကတော့ရှင်းတယ်။
``အဖေနဲ့နေရတာ
စိတ်ဆင်းရဲတယ်´´
ပြောပြီးမကြာဘူး။ တရပ်ခြားက အခြေအနေမဲ့တစ်ယောက်ကို
စွန့်စွန့်စားစား လက်ထပ်ယူပြီး ကောက်ကောက်ပါအောင် လိုက်သွားလိုက်တာ။
အိမ်ထောင်နှစ်ဆက် ပြောင်းခဲ့ပြီဆိုတာတောင် သတင်းပဲလှမ်းပို့တယ်။ လူကတော့ ဒီနေ့ထိ
အရိပ်တောင်လာမပြဘူး။ ဦးခွေးနီစပ်ကလည်း မလျှော့ဘူး။
``ငါ့
အိမ်ရိပ်နင်းရင် ဓါးနဲ့ပိုင်းမယ်မှတ်´´
လမ်းထဲမှာလည်း ဦးခွေးနီစပ်ဆိုလျှင် ရွံကြောက်ကြီးဖြစ်ကို
ဖြစ်လို့ပါ။ ဘာအကြောင်းကိစ္စရှိလို့မှ ဆန့်ကျင်စကား မပြောရဲဘူး။ ကိုယ့်မြေပေါ်
ကျူးကျော်ခြံခတ်လာလည်း ခပ်တင်းတင်းမပြောရဲဘူး။ မျက်နှာချိုသွေးပြီး
လေပြည်ထိုးရတယ်။ ဦးခွေးနီစပ်ကတော့ မျက်စေ့ထဲ ရိပ်ခနဲမြင်တာနဲ့ ရန်လုပ်ပြီးသားပဲ။
လမ်းထိပ်အုတ်ခုံပေါ် ညဘက် ဂစ်တာတီး၊ သီချင်းဆိုတဲ့ကလေးတွေကို လေးခွနဲ့ ပစ်လွှတ်တယ်။
အိမ်ရှေ့ဆွမ်းဆန်ရပ်တဲ့ သီလရှင်လည်း ရန်တွေ့လွှတ်တာပဲ။ ကိုယ်တိုင်ပင့်ထားလို့
အိမ်မှာ ဆွမ်းခံကြွနေကျကိုယ်တော်လည်း စိတ်အဆင်မပြေတဲ့နေ့မှာ ကန်တော့ဆွမ်းပဲ။
အလှူခံလာရင် စေ့စေ့ပေါက်ပေါက် စစ်မေးနေတာ အကြာကြီး။ ပြီး…
``ခင်ဗျားတို့ လူလိမ်တွေ´´
…ဆိုပြီး နှင်ချင်နှင်လွှတ်တတ်တာ။ သာမှု၊ နာမှုမှန်သမျှ
စိတ်လိုမှ ရောက်လေ့ရှိတယ်။ စိတ်မလိုရင် ဘယ်သူ့ကိုမှ အားနာမျက်နှာပူနေတာတွေ၊
ဘာတွေမရှိဘူး။ ခပ်တည်တည်ပဲ။ လစဉ်ထည့်ဝင်နေကျ ရပ်ကွက်မီးကင်းကြေးတောင်….
``နေစမ်းပါဦး။
မင်းတို့ကောင်တွေ ကိုယ်အိမ်ကအိပ်ယာကနေ ကင်းတဲပေါ်ကအိပ်ယာဆီ ပြောင်းအိပ်နေတာကို
ငါတို့က ပိုက်ဆံပေးရမှာလား´´
``အဲဒါဆို ဦးလေး
လာပြောင်းအိပ်ပါလား´´
မီးကင်းလခကောက်တဲ့သူက မရူးမကောင်းနဲ့ ခံပက်တော့
ရှူးရှူးရှားရှားနဲ့ ထုံးစံအတိုင်း အိမ်ထဲဝင်ပြီး ဓါးရှာနေတုန်း
အပြေးကောင်းခဲ့လို့သာပေါ့။ ကိုယ်ထူကိုယ်ထ လမ်းခင်းရအောင်ဆိုလည်း…
``ငါ မထည့်ဘူး။
ငါ့အိမ်ရှေ့လမ်းနေရာ ကွက်ချန်ထားခဲ့လိုက်´´
…..ဆိုပြီး ကပ်ဖဲ့လုပ်နေတတ်ပြန်ရောလေ…။
မိန်းမနဲ့လည်း ဒီလိုပဲ။ စိတ်ကောင်းဝင်နေစဉ်တော့ `ဖေကြီးရေ၊
မေကြီးရေ…´ ပါပဲ။ ခဏနေကြရင် ဆူဆဲပွက်လောညံကြရော။ ရိုက်နှက်အော်ဟစ်သံ၊ ကယ်ပါယူပါ
ငိုညည်းသံတွေနဲ့ အုန်းခြိမ့်ခြိမ့်ညံပြန်ရော…။ ရွာရိုးစုန်ပြီး မိန်းမကို
ဓားနဲ့လိုက်၊ လှံနဲ့ပစ် ဆိုတာလည်း မကြာခဏ။ သူ့မိန်းမ မချိုအေးတစ်ယောက်
သူများအိမ်မှာ ပုန်းအိပ်ခဲ့ရတာတွေလည်း အကြိမ်ကြိမ်ရှိခဲ့တာပါ။
ခုတော့ သားတွေတင်မက မြေးတွေတောင် အရွယ်ရောက်လာခဲ့ပြီဆိုတော့ အရင်လောက်တော့
မဟုတ်တော့ပါဘူးလို့ ဆိုကြပြန်ပြီ။
@@@@@@@@@@
ဦးခွေးနီစပ်ကြီးအိမ်က ဆွမ်းကျွေးအလှု ဖိတ်စာကလေးရောက်လာတော့
တစ်ရပ်ကွက်လုံးက အံ့သြတကြီး စိတ်ဝင်တစားရှိခဲ့ကြတာပါ။ ဖိတ်စာရဲ့ အတွင်းထဲမှာတော့…
ဦးအောင်မှတ်+
ဒေါ်ချိုအေး
...တဲ့။ ဦးခွေးနီစပ်ရဲ့ ဆန္ဒအတိုင်း ထည့်ပေးထားတာပါ။ သားတွေ၊
သမီးတွေ မင်္ဂလာဆောင်ဖိတ်စာတွေမှာ ကတည်းက `ဦးအောင်မှတ်´လို့သာ ရေးစေချင်ခဲ့တာ။
ဒါပေမယ့် သင်းတို့က…
``အာ…အဖေ့ကို
တစ်ရပ်ကွက်လုံးက သိနေကြတာဦးခွေးနီစပ် ပဲကို။ တော်ကြာ အဖေ့သားသမီးမှန်း
သိတဲ့လူကသိ။ မသိတဲ့လူက မသိနဲ့ မင်္ဂလာဆောင် မှာ ဧည့်သည်နည်းနေပါ့မယ်´´
ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ မတော်လို့ ဧည့်သည်အလာနည်းနေလျှင်
ကိုယ့်အပြစ်ဖြစ်လာဦးမှာ စိုးရသည်မို့ အလျှော့ပေးခဲ့ရတာချည်းပင်။ ဦးခွေးနီစပ်ု(ခ)
ဦးအောင်မှတ်…တဲ့။ မနှစ်မြို့နိုင်ပေမယ့် ကျေနပ်ခဲ့ရတာပေါ့။ ခု…အလှူကတော့
ကိုယ့်စိတ်တိုင်းကျ ကိုယ့်အလှူ၊ ကိုယ့်သဘောပဲ။ သူမှန်းမသိလို့ မလာချင်လည်း
နေကြပေတော့။ လာသလောက် ဧည့်သည်တွေကိုပဲ သူ့ကိုယ်သူ ဦးအောင်မှတ်အဖြစ်
အသိမှတ်ပြုစေရတော့မှပဲ။
ဒါပေမယ့် ဆရာတော်ကတရားပေးတော့လည်း…
``ဒီကနေ့ ဒကာကြီး
ဦးခွေး၊ အဲ… ဦးအောင်မှတ်ရဲ့ အသက်ခြောက်ဆယ်ပြည့် မွေးနေ့ဆွမ်းကျွေးအလှူ….´´
..ဆိုတော့ မခက်ပေဘူးလား။ ရေစက်ခွက်ကြီးရှေ့ချထားပြီး
ဦးအောင်မှတ် ကျွဲမြီးတိုမိတယ်။ ဒီဆရာတော်ဟာ အသေအချာ လျှောက်ထားပန်ကြားခဲ့လျှက်နဲ့
စကားမှားဖြစ်အောင် မှားရသေးတယ်။
ဆရာတော်၊ သံဃာတော်တွေကို ဆွမ်းကပ်အပြီး ဝေးနီးဆီမှ
ရောက်လာချီးမြှင့်ကြတဲ့ ဧည့်သည်တွေကို သေသေချာချာ ဧည့်ခံကျွေးမွေးတယ်။
အေးအေးဆေးဆေး တစ်ဝိုင်းချင်းကို ရှင်းပြတောင်းပန်ခဲ့တယ်။ ဒီနေ့အလှူက
သူ့ရဲ့အသက်ခြောက်ဆယ်ပြည့် မွေးနေ့အလှူလည်းဖြစ်သလို ဦးအောင်မှတ်နာမည်
ပြန်လည်အတည်ပြုရေး ကင်ပွန်းတပ်မင်္ဂလာလည်း ဖြစ်တဲ့အကြောင်း….။ နေ့မြင်ညပျောက် သေကာလ၊
ပျောက်ကာလ လူ့ဘ၀မှာ နေစရာနေ့ရက်တွေ သိပ်ကျန်တော့မယ်ဟု မမျှော်လင့်နိုင်ကြကြောင်း၊
သူကတော့ ကျန်ရှိသေးတဲ့ ဘ၀ရဲ့နေ့ရက်ကလေးကို ဦးအောင်မှတ်ဆိုတဲ့
အမည်ကောင်းတစ်မျိုးတည်းနဲ့သာ ဆက်လက်ရှင်သန် ချင်တော့ကြောင်းတွေ….
ဝေေ၀ဆာဆာပြောခဲ့လေရဲ့။
ပြီးတော့…ဦးအောင်မှတ် ဘ၀တုန်းက မိဘဂုဏ်ရှိန်နဲ့
လျှမ်းလျှမ်းတောက် လူဇော်လုပ် နေခဲ့ရတဲ့ ဘ၀နေ့ရက်တွေကိုလည်း
ပြန်ပြောင်းတမ်းတမိသေးရဲ့။ ခွေးနီစပ်ဆိုတဲ့ နာမည်ကို ရခဲ့ချိန်ကစလို့ သူ့စိတ်ထဲမှာ
သိမ်ငယ်နိမ့်ကျနေခဲ့ရတာ ဘယ်သူမှစာနာနိုင်မှာမဟုတ်။
သူ့ ပတ်ဝန်းကျင်မှာ နာမည်ပြောင်တစ်ခုနဲ့ တစ်သက်လုံး
နေသွားခဲ့ကြသူတွေ အများအပြား ရှိနေခဲ့တာလည်း သူ… သိပါရဲ့။ ဒါပေမယ့် အဲဒီနာမည်တွေဟာ
ကာယကံရှင်ကို ချစ်နိုးစိတ်နဲ့ ကျီစယ်ခေါ်ဝေါ်ခဲ့ကြရင်း တွင်ကျယ်လာခဲ့ ကြတာပဲ။
သူ့နာမည်ဟာ သူ့အတွက် ချစ်စနိုး ကျီစယ်လိုစိတ်နဲ့ ပေးထားတဲ့ နာမည်မျိုး ဆိုရင်တော့
ဘယ်လို အကောင်ပလောင်၊ တိရိစ္ဆာန်နာမည်ဖြစ်ပါစေ။ သူ… ကျေကျေနပ်နပ် ခံယူချင်ပါရဲ့။
အခု… သူ့နာမည်ကျတော့ သူ့ဘ၀တစ်လျှောက်လုံး ဆိုးမိုက်ရမ်းကားခဲ့၊ အနိုင်ကျင့်
ဗိုလ်ကျခဲ့သမျှ ခံခဲ့ကြရသူ၊ တစ်နွယ်ငင်၊ တစ်စင်ပါ ရန်ငြိုးသိုဖွဲ့သူတွေက လိမ္မာစွာ
ဆန့်ကျင်ကာ၊ သူ့အပေါ် နိုင်သလောက်အားနဲ့ လက်စားချေ တုန့်ပြန်ခဲ့ကြတာ။ တပြန်
ဖိနှိမ်နိုင်စားခဲ့ကြတာ မဟုတ်လား။ ဒါကြောင့်သာ ဒီ နာမည်ပြောင်ဟာ တစ်ယောက်ကစ၊
တစ်ရာမကတော့ပဲ ပတ်ဝန်းကျင်အနှံ့ အလွယ်တကူ ပျံနှံ့တွင်ကျယ်ခဲ့တော့တာ။
သူ့မှာတော့
အချိန်တိုင်း ရှက်ရွံ့နာကျင်နေခဲ့ရတာ။ နာကျည်းနေခဲ့မိတာ။ သူ့အပြုအမူ၊ သူ့နေထိုင်မှုဟန်ပန်တွေဟာ
ဘုကလန့်၊ လူ့ဂွစာတစ်ယောက်လို မူမှန်ဖြစ်မနေပြန်တာလည်း သိပါရဲ့။ ဒါပေမယ့်
ကိုယ့်ကိုယ်ကိုယ်မှ မကျေနပ်နိုင်တဲ့ လူတစ်ယောက်ဟာ သူတပါးကျေနပ်အောင်
နေပေးစရာလိုလို့လား။ နေလည်း မနေတတ်ခဲ့ပါဘူး။
အသက်အရွယ်ကလေး ရလာခဲ့တော့မှ အတွေးတွေ တဖြည်းဖြည်း ပြောင်းလာခဲ့တော့တာ။
ဆင်းပဲ ရဲရဲ၊ ချမ်းပဲသာသာ ကိုယ့်ဂုဏ်ကလေးကို ကိုယ်ဆယ်လို့ ဦးအောင်မှတ်ဘ၀နဲ့ပဲ
တင့်တောင့်တင့်တယ် သေပါရစေတော့။
တပျော်တပါး၊ အားပါးတရ စားသောက်ရယ်မောနေကြတဲ့ ဧည့်ပရိတ်သတ်ကလည်း
ဦးအောင်မှတ်ရဲ့ စိတ်ကူးနဲ့ ရည်ရွယ်ဦးတည်ချက်ကို ခုမှ နားလည်စာနာနိုင်ကြတော့တဲ့ပုံနဲ့…
``ဦးအောင်မှတ်
သက်တော်ရာကျော်ရှည်ပါစေ
…ပေါ့။ အားလုံးရဲ့ နှုတ်ဖျားမှာ ဦးအောင်မှတ်ဆိုတဲ့နာမည်က
တွဲလဲခို၊ ရေပမ်းစားနေပြန်တာကို ဦးအောင်မှတ်တစ်ယောက် ဂွမ်းဆီထိသလို၊ ရွှန်းပီတိတွေ
တအိအိစိုနေတုန်းမှာပဲ….
``အား..ကောင်းလိုက်တဲ့
ဝက်သားဗျာ။ စားကောင်းကောင်းနဲ့ စားလိုက်တာ စူစကာဗိုက်ဖြစ်နေပြီ။ အင်း…
ပြန်လိုက်ဦးမှ..ကိုခွေးနီစပ်ရေ….
ပြောတဲ့သူက အမှတ်မဲ့ပေမယ့် ဦးအောင်မှတ်က ဧည့်ပရိတ်သတ်အလည်မှာ
သပြေသီးမှည့်ရောင် မျက်နှာညိုကြီးနဲ့၊ မျက်ထောင့်ကြီးနီလို့။ ပါးစပ်ကလည်း အယုတ္တ၊
အနတ္တတွေ တရစပ် မရပ်မနား ဆဲရေးရေရွတ်ပစ်လိုက်တာ ပွဲကို ပျက်ကရောတဲ့။
@@@@@@@@
ခုတော့ အလွယ်တကူ ပျက်စီးခဲ့ရတဲ့ နာမည်တစ်ခုကို ပြန်ပြင်၊
အဖတ်ဆယ်ဖို့ တစ်ဘ၀စာလုံး အတင်းအကျပ် ကြိုးစားခဲ့ရတဲ့ ဦးခွေးနီစပ်ကြီးတစ်ယောက်
ဆုံးပါးကွယ်လွန် ခဲ့ရှာပါပြီ။ နာရေးဖိတ်စာမှာ…၊ နာရေးမှာ ဧည့်ပရိတ်သတ်ကို ကမ်းတဲ့ယပ်တောင်မှာ…
`ဦးခွေးနီစပ်(ခ)ဦးအောင်မှတ်´လို့ပဲ ဖော်ပြထားပါတယ်။ သရဏဂုံတင်တဲ့
ဘုန်တော်ကြီးရဲ့ ရေစက်ချတရားတော်ထဲမှာလည်း ဦးခွေးနီစပ်(ခေါ်) ဦးအောင်မှတ်ပါပဲ။
“ငါသေရင် မီးသဂြိ
င်္ုလ်ပစ်ပြီး ဘာအရိုးပြာမှ ကောက်ယူ ဂူတည် မနေနဲ့။ အို.. ကုန်ကုန်ပြောမယ်။ ငါ့နာမည်နဲ့
ပတ်သက်သမျှ ဘာ…လက်စလက်နမှ မကျန်ခဲ့ချင်ဘူး… ရှင်းလား”
အခုထိတော့ ဦးခွေးနီစပ်ကြီးအကြောင်း စကားစပ်ဆိုင်လို့
ပြောဖြစ်ကြရင် ဦးခွေးနီစပ်ဆိုတဲ့ နာမည်ကိုပဲ သုံးစွဲပြောဆိုနေကြတုန်းပါပဲ။
လူကြီးမင်းများခင်ဗျာ…အိမ်ထောင်မှု၊ ဘုရားတည်၊ ဆေးမင်ရည်
စုတ်ထိုး ဆိုတဲ့ `နောင်ပြင်ရန်အခက်
တွေထဲမှာ `နာမည်ဆိုး´ဆိုပြီး နောက်တိုးတစ်မျိုး မပါဝင်ခဲ့ဖူးတာ
သေချာပါရဲ့လား။ ။
သတိုး
မပြင်ပါဘူး နာမည်ဆိုးရှိတာ ပိုတောင်ကောင်းသေး သိချင်ရင် လာမေးလှည့် ဘယ်လိုခေါ်လဲလို့ ကိုသတိုးကြီးရေ....။
ReplyDeleteပြင်လို့မလွယ်တော့တဲ့ နာမည်ကို အသားတံဆိပ်ခေါင်းစဉ်ပေးထားပုံကြိုက်တယ်၊
ReplyDeleteဆိုးလွန်းတာတော့ ကြောက်စရာကြီး
နှစ်သစ်မှာ အစစအရာရာ ပိုလို့တိုးတက်အောင်မြင်ပါစေ
ခင်မင်လေးစားလျှက်
ကိုသတိုး ရေ
ReplyDeleteစာဖတ်သွားပါပြီ မင်္ဂလာနှစ်သစ်ပါ
ခင်မင်စွာဖြင့်
ရွှေစင်ဦး
ဒါဖြင့် သတိုးကကော နာမည်အရင်းလားမသိဘူး။ တော်ကြာ ဘယ်သူ (ခ) သတိုး ဖြစ်နေပါဦးမယ်။
ReplyDeleteအားပေးလျက်ပါ။
ဖတ်လို့ကောင်းလို့ဖတ်သွားပါတယ်ရှင်။
ReplyDeleteI love this short novel also. Thank God I have a beautiful name and no bad nicknames :))
ReplyDelete