Sunday, September 26, 2010

လွမ်းမောရသော အဖြစ်များအကြောင်း

ချစ်ရသူ၏သစ္စာဖေါက်ဖျက်မှုအကြောင်းကို ထိုချစ်သူ၏ အစ်မအရင်းထံ ရင်ဖွင့်တိုင်တည်ရမည့် အဖြစ်သည် အနည်းငယ်တော့ ကသိကအောင့်ဖြစ်စရာ ကောင်းနေပေလိမ့်မည်။ ပြီး… ဇာတ်ကြောင်းပြန်၊ ပြောပြနေချိန် တစ်လျှောက်လုံး မှာ မျက်ရည် အလွန်လွယ်သော သူမက ခံနိုင်ရည်ကင်းမဲ့စွာ ကျမျက်ရည်ကြွေမဆုံး
ရှိနေလိမ့်ဦးမှာ သေချာသလောက်ပင်။

ဒါပေမယ့်…ဇင်မျိုးပိုင်ရဲ့ သစ်စိမ်းချိုးအပြုအမူတွေအကြောင်းကို သူအစ်မ ယဉ်မျိုးခိုင်ထံ မတိုင်တန်း၊ ပြစ်မတင်ရပဲတော့ မနေနိုင်ပါ။ ဘာကြောင့်ဆို..အဲဒီ ယဉ်မျိုးဟာ သူမ၏ အချစ်ဆုံးသူငယ်ချင်းတွေထဲက ချစ်သူငယ်ချင်း တစ်ယောက်လည်း ဖြစ်နေသေးတာကြောင့်ပင်။ သူ့မောင်ငယ်၏ သစ္စာမတည်၊ သွေဖယ်ဖေါက်ပြန်မှုအတွက်
ယဉ်မျိုးသည်လည်း အားနာ၊အနေခက်ရ ပေလိမ့်မည်။

ဒါပေမယ့် သူမတို့ သူငယ်ချင်း အုပ်စုထဲမှာ အလျှင်ဦးဆုံး၊ စောစီးစွာ အိမ်ထောင်ကျခဲ့သော ယဉ်မျိုးဟာ နေ့ချင်း၊ ညချင်း ဇွတ်ကြီးပင် လူကြီးဆန်သွားရ တော့ကာ အုပ်စုဗိုလ်၊ ဆရာကြီးအဖြစ်….သူသိ၊သူတတ် လုပ်နေကျပင်။ တစ်ဘက်သား စိတ်ကျေနပ်ကြည်လင်အောင် နားခံသာစရာ ချေငံပြေပြစ်သော စကားတို့ဖြင့် နှစ်သိမ့်ဖေးမတတ်သူလည်း ဖြစ်ပြန်သည်။

ဇင်မျိုး၏ ကိစ္စမဟုတ်ပဲ တခြားစိတ်ရှုပ်၊ စိတ်ညစ်စရာ အကြောင်းကိစ္စတိုင်းမှာလည်း ယဉ်မျိုးထံ အရောက်သွားကာ ရင်ဖွင့်၊ အကြံဥာဏ်ယူနေကျမို့ ပိုလို့တွေ့ချင်တာဖြစ်သည်။

ဇင်မျိုးကို အဖြေမပေးခင်ကလည်း……

“ဒေါ်ပိုးဥရေ…။အချိန်ယူ စဉ်းစားပါဦးဟယ်”

“ရှင့်မောင်က စောင့်ရတာ စိတ်မရှည်ဘူးတဲ့”

“အဲဒါနဲ့ပဲ ရှင်က ချက်ချင်းအဖြေ ပြန်ပေးချင်နေပြီပေါ့လေ…”

အဲသည်စဉ်ကတည်းက….

“ရှင်တော့ ပိုင်ပိုင် နိုင်စားသမျှ တသက်လုံး ခေါင်းငုံ့ခံရတော့မှာပဲ ထင်တယ်”

…ဟု ကြိုတင်နိမိတ် ဖတ်ခဲ့ဖူးသေးသည်။

ယဉ်မျိုး၏ တွေးထင်မှုတွေဟာ ရာနှုန်းပြည့်နီးပါး မှန်ကန်နေလိမ့်မည် ဟု ပိုးဥလည်း တင်ကြိုယုံကြည်၊ ပြင်ဆင်နှင့်ခဲ့ပြီးသားပင်။

ယဉ်မျိုး နှင့် သက်ရွယ်တူ၊ အပျိုကြီးမမ စာရင်းဝင်နေပြီဖြစ်သော ပိုးဥထက် ပိုင်ပိုင်က ငါးနှစ်ခန့် ငယ်ပါသေးသည်။ သူ့အိမ်မှာလည်း သူသာအငယ်ဆုံးမို့နေရာတကာ ဦးစားပေးခံ၊ ချစ်မြတ်အရေးပေးခံဘ၀မှာ အသားကျ ၊သာယာနေသူ ဖြစ်သည်။ ပိုးဥကိုတော့ ဆိုစရာပင်မရှိ။

တစ်ခုခု အရေးဆိုလာလေတိုင်း…ပိုးဥဘက်က ချစ်နိုးငဲ့ညှာစွာ လိုက်လျောနေလျှက်က….

“OK ကျွန်တော်ပြောသလိုပဲဖြစ်ရမှာပေါ့”

အဲသလို အတွန့်တက်တတ်ပြန်သေးတာ…။

“နင်က အရမ်း အလိုလိုက်တာကိုး ပိုးဥရဲ့”

“နင်တို့ တစ်မိသားစုလုံးရော….ဘာထူးလဲ”

ယဉ်မျိုးက စိတ်ပျက်၊လက်ပျက် ခေါင်းယမ်းလိုက်လေကာ…..

“မတူဘူးဟဲ့။ နင်ကတော့ သူ့ကို ထိန်းပေးနိုင်ဖို့ လိုကိုလိုအပ်တယ်”

“ရှင့်မောင်က ကလေးလား…ကဲ”

“သူ့ထက် အသက်ကြီးတဲ့ မိန်းမကိုကြိုက်ပြီး ကလေးပြန်လုပ်နေတာပဲလေ”

ယဉ်မျိုးက အဲသလိုလည်း အပြောရက်စက်တတ်ပါသေးသည်။

ပိုးဥကတော့ ဒီလူနဲ့ ဒီလူအကြား စကားအကျကောက်ကာ နာကျင်ခံစား၊ ပုံကြီးချဲ့မနေချင်ပါ။ တကယ်တမ်းမှာလည်း ယဉ်င်္မျိုး၏ စကားတို့က အဖြစ်မှန်နှင့် ကွက်တိမှန်ကန်နေခဲ့တာပဲ မဟုတ်လား။

ပိုးဥ ကိုယ်တိုင်ကလည်း ဘယ်သူ့ကိုမဆို သီးခံလိုက်လျော၊ နားလည်အလျှော့ပေးမြဲအလေ့မှာ ငါက…အကြီး…ဟူသောအသိက ထပ်ပေါင်းဖြည့် ပေးရပြန်တာမို့ ပိုင်ပိုင် နိုင်စားစရာ ဖြစ်နေတော့တာလားသိ။

“ကဲ…ခုတော့ ဘယ့်နှယ်ရှိစ…”

ယဉ်မျိုးကတော့ ဟန်ပါပါ မျက်စပစ်လျက် နွေးထွေးဖေးမစွာ ကြိုဆိုရှာပေသည်။


* * *

ယဉ်မျိုးထံရောက်လျှင် သူ့မောင်၏မတရားမှု၊ မိမိနာကျင်ခံစားရမှု တို့အကြောင်း မချွင်းမချန် ရင်ဖွင့်ပစ်တင်ကာ ငိုကြွေးပစ်လိုက်မည်ဟု မောင်းတင် လာခဲ့ပါသည်။

“ဟော…ရှင်ပိုးဥနဲ့ မိသီ…၊ ရှင်တို့ ရောက်လာလိမ့်မယ်လို့တော့ ထင်သားပဲ။ ကျုပ်လည်း ရှင်တို့ကိုမျှော်နေတာပဲ။”

တဆက်တည်း အိမ်နောက်ဘက်ဆီ လှမ်းကာ….

“အေးမာရေ..၊ မမပိုးဥတို့အတွက် သံပုရာရည် နှစ်ခွက် လုပ်ခဲ့ပေးပါဟယ်…”

“ဟုတ် အန်တီလေး…၊ချဉ်ချဉ်လေး ဖျော်လိုက်မယ်နော် မမပိုးဥ၊ မမသီရော….”

အေးမာတစ်ယောက် သည်အိမ်သို့ ရောက်စကတည်းက ၀င်ထွက်၊ရင်းနှီး သိကျွမ်းနေခဲ့ပြီးမို့ သီသီက….

“အေးမာ…အရမ်းတိုးတက်နေပါလား”

ယဉ်မျိုးကတော့…

“ချီးမွမ်း စောမနေနဲ့။ ဒီနံနက် ထမင်းအိုးတစ်လုံး ပစ်လိုက်ရပြီ”

“ဟယ်….ဘယ်လိုဖြစ်ပြန်တာလဲ”

``ခါတိုင်းက ဆန်ခြောက်လုံး ချက်နေကျလေ။ ဒီနေ့မှ ငါကလည်း ပိုပိုမိုမို ခြောက်လုံးခွဲချက်ဖို့ ပြောလိုက်မိတယ်။ အဲဒါ ဆန်ခြောက်ဗူးရယ်၊ ခြောက်ဗူးကို ထက်ဝက်ခွဲတော့ သုံးဗူးရယ်….ထည့်ပေါင်းပြီး ကိုးဗူးချက်လိုက်သတဲ့ဟယ်။ ….ထမင်းအိုးက မောက်လျှံပြီး ထမင်းရည်မှ ငှဲ့မရတော့ ပျော့ပျဲပြီး….၀က်စာ ဖြစ်ပါရော…..´´

``ဟိ…ဟိ ...ခြောက်ဗူးခွဲကို ကိုးဗူးဖြစ်အောင် သူမို့ စဉ်းစားတတ်တာ။ တို့တောင် မတွေးမိဘူး…ဟား…ဟား… တော်လိုက်တဲ့အေးမာ´´

ယဉ်မျိုးတစ်ယောက် ရှုံ့မဲ့နေရသလောက် ပိုးဥနှင့် သီသီကတော့ ရယ်မောမဆုံး။

အေးမာသည် ဘယ်အချိန်မဆို..နှုတ်ခမ်းအစုံက ရယ်မောရန်အသင့် ဖြစ်နေသလို ပွင့် ဟဟ။ အရယ်လည်း သန်သူဖြစ်ပါသည်။ဆူပူကျိန်းမောင်းခံရလျှင်လည်း နာကျင်စိတ်ဆိုးရကောင်းမှန်းမသိ။ ဘယ်တော့မှ မျက်နှာ မညှိုး။ ယဉ်မျိုး၏
သားနှစ်ယောက်က အနိုင်ကျင့်သမျှ ဆိုးမျိုး သည်းညည်းကိုလည်း ခံနိုင်ရည်ဝနေသူ ဖြစ်ပါသည်။

ခုလို အူကြောင်ကြောင်အတွေးအခေါ်တို့ဖြင့် မှားမှားယွင်းယွင်း၊ လွဲလွဲချော်ချော် ရှိတတ်လှတာလည်း အကြိမ်ကြိမ်….။

``ပေါတာမ။ အူကြောင်ကြား….´´

နှိပ်ကွတ်ခံရမှုများကြားမှာ ရယ်ဟဟ အပြုံးမပျက် နေနိုင်သူ လည်းဖြစ်သည်။

``တစ်ေ န့တစ်နေ့ …ငါ့မှာ ဟိုမျောက်နှစ်ကောင်ရဲ့ ဝေယျာဝစ္စက တစ်ဖက်၊ သူတို့အဖေကိုလည်း စိတ်တိုင်းမကျ။ အဲဒီကြားထဲ အေးမာက ဘာလုပ်လုပ်စောင့်ကြည့်ပြောနေ ရတယ်ဟယ်။´´

``ကိုသက်ဇော်က နင်စိတ်တိုင်းမကျလောက်အောင် ဘာတွေလုပ်နေလို့လဲ´´

``ဟဲ့…ဘာမှမလုပ်လို့စိတ်တိုင်းမကျတာ..သိပြီလား´´

``အန်…..´´

``ဟုတ်တယ်လေ။ စိတ်တိုင်းမကျစရာလည်း ဘာမှမလုပ်ဘူး။ စိတ်တိုင်းကျလောက် အောင်လည်း ငါမပြောပဲ ဘာမှမလုပ်ဘူး…´´

``နင်က နင့်သြဇာ တည်ရမှကိုး..´´

``ဟဲ့ အဲဒီသြဇာကလည်း တည်ချင်လို့ တည်တယ်အောက်မေ့နေကြလား။ သူ့ဘာသာ အလိုအလျှောက် ဘယ်တော့မှ စ, မလှုပ်လို့ မနေနိုင်တဲ့ငါက ၀င်ပါ၊၀င်ပြောရင်း ဖြစ်လာတာ.....…ရပ်ကွက်ရုံးမှာ ဧည့်စာရင်းတိုင်တဲ့ ကိစ္စလောက်ကလေးတောင် ငါက သွား….လို့ မလွှတ်ပဲ၊မပြောပဲ သူ့ဘာသာ သွားတတ်တယ်ထင်လို့လား´´

ပိုးဥတို့ ခပ်ပျော့ပျော့တော့ ပြုံးရပါသည်။ အဲဒီ ကိုသက်ဇော်တစ်ယောက် ဟာလည်း ပြောချင်စရာ..။ နေရာတကာ…. ယဉ်မျိုးနှုတ်က စေညွှန်ရာအတိုင်းသာ စောင့်ဆိုင်းလိုက်နာရတဲ့ အကျင့်မှာ နေသားကျနေခဲ့ပြီ ထင်ပါရဲ့။ ဘယ်တော့မဆို…

``ခင်ဗျားတို့ သူငယ်ချင်းကိုပြန်မေးကြည့်လိုက်ဦးမယ်´´

…ဆိုနေတတ်သူပင်။

ယဉ်မျိုးက ရုတ်တရက်အသံကို နှိမ့်လိုက်လေကာ…

``ဟိုတလောကလည်း အေးမာ ယောက်ျားနောက် လိုက်ဖို့လုပ်သေးတာ´´

``ဟဲ့ အေးမာကလေ…´´

``ဟုတ်ပါ့…ရှင်။ ငါ့မှာ ခေါင်းမီးတောက်မတတ် လိုက်ရှာ၊ လိုက်ရှင်းရတာ..´´

``……………..´´

``သူ…ဘယ်အချိန် ရီးစားရလိုက်သလဲတောင် မသိပါဘူးဟယ်။ အ၀တ်အစား လေး၊ငါးစုံနဲ့ ကောင်လေးချိန်းတဲ့ဆီ သွားကြိုစောင့်နေ တာလေ။ အချိန်မီ သတင်းရလို့စုံစမ်းပြီးလိုက်တော့ ကောင်လေးက ရောက်မလာသေးဘူး တဲ့။ အဲဒီနေရာမှာ
သင်းက တစ်ယောက်တည်း ငုတ်တုပ်…´´

``နင်ပြန်ခေါ်လာတော့ရော….၊သူ…ကြည်ကြည်သာသာ ပြန်လိုက်လာတာပဲလား…´´

``အမလေး…ငိုကာရယ်ကာနဲ့ပေါ့။ ငါ့မှာ ချော့လိုက် ၊ခြောက်လိုက် နည်းမျိုးစုံနဲ့….´´

``အခုကော…အခြေအနေက…..´´

``အခြေအနေမဟန်ရင်တော့ ငါက တောပြန်ပို့မယ် စိတ်ကူးပြီးသားပဲ။ ဒါပေမယ့် ခု…နင်တို့ မြင်တဲ့အတိုင်းပဲ။ သူက အေးဆေး ပြန်ဖြစ်နေပြီ´´

``သူ့ကောင်လေးကရော…´´

``မဟန်ပါဘူးဟယ်။ ချေချေငံငံထဲကလည်း မဟုတ်ပါဘူး။ ခုလည်း သင်းက နောက်တစ်ယောက်နဲ့ တွဲနေပြန်သတဲ့လေ´´

သံပုရာရည် နှစ်ခွက်လာချပေးရင်းက သူ့အကြောင်းပြောနေကြသည် ဆိုတာ အေးမာရိပ်မိနေခဲ့သည်။

``ဟဲ့ လက်သုတ်ပုဝါ´´

ယဉ်မျိုးစကား မဆုံးခင် ခပ်သွက်သွက်ပြေးယူပြီိး ပြန်ရောက်လာသည်။

``နင့် အကြောင်း ပြောနေတာ…´´

``အန်တီလေးကလည်း…ဟီးဟီး´´

အေးမာက ရှက်ရိပ်ဝေ့ဝေ့ ရယ်ဖြဲဖြဲ။ ပိုးဥက သူ့လက်ကို ဆွဲယူကာ အနီးမှာထိုင်စေရင်း….

``အန်တီလေးက အေးမာရဲ့ အုပ်ထိန်းသူဆိုတော့ အေးမာနဲ့ ပတ်သက်ရင် တာဝန်လည်းရှိတယ်။ ပြီးတော့ အတူနေကြတာဆိုတော့ စေတနာလည်း ထားနေမိတော့ အေးမာကို မသင့်တော်တဲ့အနေအထားမို့လို့ ပြန်ခေါ်ထိန်းသိမ်းထားရတာပါ။ အဲဒီအကြောင်းမမတို့ကို ခုပဲပြောပြနေတာ…´´

``ဟုတ်…´´

``အေးမာ ခု..ပျော်ရဲ့လား´´

``ဟုတ်၊ ပျော်ပါတယ် မမပိုးဥ´´

``အဲဒီ တစ်ယောက်ကရော..အေးမာကို ပြန်ဆက်သွယ်သေးလား´´

``အင်း…။ဆက်သွယ်တယ်´´

ယဉ်မျိုးထံ မလုံမလဲ တစ်ချက်ကြည့်သည်။

``ဒါပေမယ့် အေးမာက ပြတ်ပြီ လို့သူ့ကိုပြောလိုက်တယ်´´

``တကယ်...´´

``တကယ်ပေါ့။ သူကမှ အေးမာကို သစ္စာမရှိပဲ။ သစ္စာမရှိတဲ့လူကို လွမ်းနေ၊ ငိုနေရင် အေးမာ အလုပ်ကောင်းကောင်း မလုပ်နိုင်ဘူး။အဲဒါဆို အန်တီလေးက အေးမာကို ဒီ အိမ်မှာမထားတော့ပဲ တောပြန်ပို့လိုက်မှာ။ အေးမာ အမေတို့အိမ် ပြန်ရောက်ရင် ဟိုအရင်လိုပဲ ငတ်လုတဲခါဖြစ်ဦးမှာ…။ခုတောင်…အန်တီလေးဆီက အမေကြိုထုတ်သွားတဲ့ လစာတွေအတွက် အေးမာ အလုပ်ဆက်လုပ်ရင်းပြန်ဆပ်ပေးရဦးမှာလေ…´´

သည်တစ်ကြိမ်မှာတော့ ပိုးဥနှင့် သီသီ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လျှက် အသံမထွက် နိုင်ကြတော့။

* * *

``ဒီနေ့ နင့်အိမ်လာလည်ရတာ တန်လိုက်တာ….။ စားလိုက်၊ရယ်လိုက်နဲ့ဗိုက်တွေလည်းတင်း၊ ပါးတွေလည်း ညောင်းလှပြီ။ ကဲ…ကျုပ်တို့ ပြန်သင့်ပြီ သီသီရေ..´´

``ဟဲ့ မိန်းမတွေ၊ ရှင်တို့ တစ်ခုခုပြောစရာရှိလို့ ကျုပ်ဆီလာကြတာ မဟုတ်ဘူးလား။ဘာမှ မပြောရသေးပဲ မပြန်ရပါဘူး။´´

``ဟာ..မပြောချင်တော့ဘူးကွာ။ အေးမာကိုရှက်တယ်´´

စကားအဆက်အစပ်ကို နားမလည်ရှာသော အေးမာကတော့ သူ့မူပိုင်ဟန်အတိုင်း ရယ်ဟဟ၊ပြုံးတုံ့တုံ့…ရှက်နိုးစွာ လက်ပြကျန်ရစ်သည်။ ။

______________________________________________ သတိုး___________

No comments:

Post a Comment

စိတ်ထဲ ခံစားမိသလို မျှဝေပြောပြခဲ့ပါဦး...။