Sunday, September 26, 2010

ကမ္ဘာထဲကရွာ၊ ရွာထဲက ကမ္ဘာ

ကိုယ်တိုင်က ဖြစ်နိုင်ရင် ကမ္ဘာပတ်ချင်နေတာ။ အခြားတပါးသူတွေကိုလည်း ကမ္ဘာတစ်ပတ် လည်ရောက်ဖူးပြီး အသိပညာ ဗဟုသုတထူးတွေ ရကြစေချင်တယ်။

တွေးကြံ ကြည့်မိတယ်။ ကိုယ်တိုင် ကမ္ဘာ မပတ်နိုင်သေးတော့ရော....ဘာဖြစ်သေးလဲ။ ကမ္ဘာကြီးကို ရွာထဲ အရောက် ဖိတ်ခေါ်သယ်ယူလာလိုက်တယ်လေ။

``ကမ္ဘာ့ရွာ အင်တာနက်ကဖေး´´

လာကြ၊လည်ကြလှည့်။ ကိုက်ညီသင့်တော်ရာ ရွေချယ်ယူကြလှည့်။







Table(5) ................

အင်တာနက်သုံးပြီးတဲ့ နာရီအရေအတွက်ကို ငွေကြေးနဲ့တန်ဘိုးပြန်သင့်ကြည့်ရင် ကိုယ်ပိုင်ကွန်ပြူတာကောင်းကောင်းတစ်လုံးတော့ လက်ဝယ်ပိုင်ပိုင်ရနေနိုင်လောက်ပြီပေါ့။

ဒါပေမယ့် နှမျောနောင်တ မဖြစ်မိပါဘူး။

ရင်းနှီးပေးဆပ်ခဲ့ရတဲ့အချိန်၊ ငွေကြေးတို့အတွက် ထိုက်တန်တဲ့ အသိပညာ၊ ဗဟုသုတ၊ ပြီးတော့....မိတ်ဆွေကောင်းတွေ....။ အားလုံးရထားပြီးပြီလေ။

လူရော၊ စိတ်ပါ ပင်ပမ်းခဲ့ရတာတော့ ပြောမနေနဲ့တော့။ တစ်ဆိုဒ်ဝင်၊တစ်ဆိုဒ်ထွက် လုပ်နေရာက blogရေးချင်ပိုးလေး ၀င်လာတော့ ရောဂါပိုတက်ရော။ web design သင်တန်းလေးတစ်ခုလောက် ပြေးတက်ထား မိရင်အကောင်းသားလို့တောင် တွေးမိတယ်။ ဒါပေမယ့် အခြေအနေမှမပေးတော့ စာအုပ်စာတမ်းတွေပဲ အားကိုးတကြီး ရှာဖွေလှန်လှောရတော့တယ်။ htmlနဲ့ ပတ်သက်တဲ့ ၀က်ဘ်ဆိုဒ်လိပ်စာတွေ လိုက်ရှာ။ ပို့စ်တွေဝင်ဖတ်။ လက်လှမ်းတမီ လိုက်မေး။ down တန်တာdownရပြန်တယ်။ တစ်ခုသိ တစ်ခုလုပ်၊ မဟုတ်သေးဘူး၊ ဟန်မကျသေးရင်ပြန်ပြင်။ အကြိမ်ကြိမ် အခါခါ ဖျက်ရင်းပြင်၇င်း သူငယ်ချင်းတွေကိုလည်း ပို့စ်တွေ ၀ိုင်းတင်ပေးကြဖို့ စည်းရုံးရသေးတာပေါ့။ ခုတော့....ကိုယ်ပိုင်ဝက်ဘ် ဆိုဒ်ကလေးတစ်ခု အောင်အောင်မြင်မြင် တင်ထားနိုင်ခဲ့ပါပြီ။ကိုယ့်ဆိုဒ်အပြင်အဆင်၊ တင်ထားပြီးသမျှ ပို့စ်တွေ အားလုံးဟာ အမောပြေ၊ကျေနပ်စရာချည်ပဲ။

ခုဆို...ကိုယ်သိချင်၊ကြည့်ချင်တဲ့ နည်းပညာဆိုဒ်လေးတွေထဲ လိုက်ဝင် မွှေနှောက်၊ အသစ်ရလာရင် ကိုယ်ပိုင်ဆိုဒ်မှာ ပြန်အသုံးချ၊၊ကိုယ့်အသိပညာတွေကိုလည်း အခြားသူတွေထံ ပြန်လည်မျှဝေဖို့ ပို့စ် အသစ်တွေ ထပ်တင်ပေးရင်း နေပျော်သလောက် ရှိခဲ့ပါပြီ။

အင်း....ကိုယ်ပိုင်domain nameတစ်ခုလောက်တော့ လျှောက်ဦးမှ....။






Table(3) ...............



အစက တီဗွီဂိမ်းပဲ နှိပ်ဖြစ်နေတာ။ ခု ...နက်ဝပ်ဂိမ်းဆော့ဖြစ်တော့မှပဲ ထမင်းမေ့ ဟင်းမေ့ ဖြစ်ရတော့တယ်။ ကျောင်းလည်းတစ်ဖက် ပြေးတက်ရသေးတယ်။ ကျူရှင်လည်း မလစ်ရဲဘူးခင်ဗျ။ ဆရာမက အိမ် ကိုပြန်တိုင်လိုက်ရင် အကွိုင်ခံရမှာ။ ဒါပေမယ့် အချိန်အားရ၇င်တော့ မနေနိုင်ဘူး။ အင်ကာနက်ဆိုင် ပြေးလာပြီး ဂိမ်းနှိပ် ဖြစ်တာပဲ။

သူငယ်ချင်းတွေနဲ့ ချိန်းပြီး ဖိုက်ကြတာပေါ့။ သူတို့နဲ့ မတွေ့လည်း ကြုံရာလူနဲ့ ချဲတာပဲ။

မုန့်ဖိုးလည်း စားရတယ်ကို မရှိဘူး။ လက်ထဲမုန့်ဖိုး များများ ရှိရင် အချိန် ကြာကြာဆော့။ နည်းနည်းရှိလည်း ရှိသလောက်ကလေးတော့ ဆော့ရမှာပဲ။ ``ဦးရေ....သား နှစ်ရာဖိုး ဆော့မယ်နော်´´






Table(7) ................



`` သမီးလေး...၊သမီးလေးလား၊ နေကောင်းရဲ့လား´´

``.............................´´

``အင်း....အေး...ကြားတယ်၊ အလုပ်ရဖို့ရော....နီးစပ်ပြီလား။သြော် ....အခြေအနေ ကောင်းတယ်ပေါ့၊ ၀မ်းသာပါတယ်ကွယ်´´ `........................´´

``...........ဖေတို့၊မေတို့ အတွက်မပူပါနဲ့။စိတ်ချနေ၊ ကျန်းမာရေးလည်း ကောင်းကြ ပါတယ်´´

``................................´´

``အေးပါ....သမီးသာ ကိုယ့်ကိုယ်ကို ဂရုစိုက်၊ဟုတ်လား၊ လိမ္မာနော် သမီး.....၊ဒါပဲနော်´´

အိုကြီးအိုမ အရွယ်ကြီးေ၇ာက်မှ သူများနက်လို့ လိုက်နက်ရတော့တာလေ။ ကိုယ်တွေငယ်တုန်းကတော့ ဒါတွေဟာ စိတ်တောင်မကူးကြည့်ဖူးဘူး။မောင်မင်းကြီးသား၊ ကျေးဇူးရှင်လေးများ ... တော် ကြပါပေရဲ့။

သမီးငယ်လေးက ဟိုးအဝေး မြို့ကြီးမှာ.။ကျောင်းမပြီးခင်ကတည်းက သင်တန်းမျိုးစုံ လျှောက်တက်နေလိုက်တာ။ ခု...ဘွဲ့ရပြန်တော့ အလုပ်ရှာနေပြန်ပြန်ပြီတဲ့။ ဟိုတုန်းအချိန်ကတော့ သာကြောင်းမာကြောင်း သိချင်ရင်တောင် သူကလေးဆီဖုန်း ခေါ် ရတာ သိပ်ကို ခက်ခဲခဲ့တာပေါ့။ခုတော့ voice mail နဲ့ပြောနိုင်နေပြီ။ vzoနဲ့ဆိုရင် မျက်နှာချင်းဆိုင်တောင် မြင်၇နိုင်သေးဆိုပဲ။ accuntတစ်ခုလောက်တော့ ဆိုင်က ကောင်လေး တွေ အကူအညီတောင်းပြီး လုပ်ထားဦမှပါပဲ။ အီးမေးလ် လည်းပို့လို့ ရသေးသတဲ့။ ဒါပေမယ့် ကိုယ်က လက်နှိပ်စက် မရိုက်တတ်ဘူးလေ။ သားကြီးရဲ့ သူငယ်ချင်းတစ်ယောက်တောင် သူ့ကောင်မလေးနဲ့ Gtalk ပြောနိုင်ဖို့ typingကျင့်နေဆိုလားပဲ။ ပြုံးရသေးတယ်။

အိမ်က အဖွားကြီးကတောင် နားစွန်နားဖျားကြားသွားလို့ ..... ``သမီးနဲ့ပြောရင် သမီးဆီပဲရောက်ပစေ။တခြားတွေဆီ ခြေရှည်မနေနဲ့´´

....တဲ့။

သူပြောမှပဲ သတိပေးသလိုဖြစ်ရတာ ခမျာမသိရှာ။






Table(6) .............



စားပွဲထိုင်လိုက်တာနဲ့ မေးလ်းဘောက်စ်ကိုအရင်ဖွင့်ပြီး စာတွေစစ်မိတာ အကျင့်ဖြစ်နေပြီ။အပြန်အလှန် inviteလုပ်ထားကြတဲ့ သူငယ်ချင်းတွေနဲ့ သင့်နိုးရာရာ ၊ စိတ်ဝင်စားစရာ massagesတွေ အပြန်အလှန် forwardလုပ်နေကျမဟုတ်လား။

gtalkဘောက်စ်ကိုတော့ တခါတရ့မှပဲဖွင့်ဖြစ်တယ်။ စကားစမြည်ဝင် ပြောချင်တဲ့ သူငယ်ချင်းတွေ ပေါ့ပေါ့ပါးပါး ၀င်ပြောသွားနိုင်အောင်ပါ။ ကိုယ်ကစ လို့လည်း သိပ်မပြောဖြစ်ပါဘူး။

ခုတစ်ကြိမ်gtalkဘောက်စ် ဖွင့်လိုက်မိတော့ အကောင့်တစ်ခု ကျန်နေ ရစ်တာတွေတယ်။ ရှေ့က gtalkသူံးသွားသူဟာ sign outမလုပ်မိပဲ စက်ကို အမှတ်မဲ့ ပိတ်သွားခဲ့တယ်ထင်ပါရဲ့။ စိတ်ကူးတစ်ခု လက်ခနဲ ပေါ်လာတာနဲ့ ချက်ချင်းပဲ invite လုပ်လိုက်မိတယ်။

``yes´´.......တဲ့။

``သိလို့လား´´

`အင်း........´´

``ဘယ်တုန်းက......လဲ´´

``.....................´´

``......................´´

``.........................´´

``အသက် ဘယ်လောက်ရှိပြီလဲ´´

တွံထွေးနင်သွားတယ်။မေးစရာလား ဟယ်။

``ချီတုံချတုံနဲ့ ဆယ်နှစ်လောက်လျှော့ပြောတာတောင် ရှစ်နှစ်လောက်ကွာ နေသေး တယ်၊ဟား....ဟား....´´

သူငယ်ချင်းတစ်ယောက်ရဲ့ အတွေ့အကြုံ ဇာတ်ကြောင်းပြန်ကို ပြန်ကြား ယောင်မိရင်း...........

``နှစ်ဆယ်ကျော်...´´

ဒါတောင် ယုံရပါ့မလား လုပ်နေသေးတယ်။

သူ့ပြန်မေးရင်ရော.....အမှန်ပြောမှာမို့လား.............ကဲ။

ခုတော့ အင်တာနက် သုံးမယ်ကြံရင် gtalk အရင်ဖွင့်ဖြစ်နေပြန်ပြီ။








Table(12) ................



စာတိုပေစ ပိုးလေးရှိထားတာ သိနှင့်နေတဲ့ သူငယ်ချင်းက ဒီဆိုဒ်ကို ညွှန်လိုက်တာ။ ရောက်ပြီးတာနဲ့ ပြန်မထွက်ချင်တော့လောက်အောင်ပဲ။

ရီဂျစ်စတာလုပ်ပြီးတာနဲ့ ကိုယ်ပိုင်စာမျက်နှာတစ်ခု အပိုင်ရပြီးဖြစ်နေပြီ။ ကိုယ့်ဓါတ်ပုံနေရာမှာ ဟောလိဝုဒ် မီဂါစတားတစ်ယောက်ပုံကောက်တင်ပစ်လိုက်တယ်။ အလဲ့ကွယ်..။ပီတိတွေဝေလျှမ်းသွားတယ်။ ကဗျာတစ်ပုဒ် ပို့စ်အဖြစ်တင်ပေးလိုက်တယ်။ နောက်နေ့မှာ ကော့မက်တွေ တဖွဲဖွဲ။ တစ်သက်လုံး တောင့်တ ကြားယောင်လိုက်ရတဲ့ ပရိတ်သတ်အသံပါပဲ။ ကြည်နူးမဆုံးတော့။

မဂ္ဂဇင်း တစ်စောင်ဆီ စာမူပိုကရင် အနည်းဆုံး ခြောက်လလောက်တော့ သီးခံစောင့်ဆိုင်းရတာပဲ။ အပါယ်ခံရဖို့ကလည်း ကိုးဆယ့်ကိုး ဒဿမ ကိုး ရာခိုင်နှုန်း လောက် သေချာသလောက် ရှိနေတာ။

ခုတော့ ဟန်ကိုကျလို့ပဲ။ ခု..စာရိုက်၊ခုပဲ ပို့စ်အဖြစ်တင်ပေးလိုက်၊။ ဘယ်သူကမှပယ်မချ။ အားပေးမြှောက်ပင့်မည့်သူတွေတောင်ရှိသေးသည်။ နေ့မကူး ခင် ရောက်လာဖတ်သွားကြ။ မှတ်ချက်ကလေးတေါ ရေးထားပေးခဲ့ကြပြီ။ကဲ...blogကဗျာ ဆရာဘ၀က ဘာများလိုသေးသလဲ။ ရေးပြီးသားစာမူရှိရင် ကိုယ်ပိုင်ကဗျာတင်၊။ မရေးနိုင်သေးလို့ လက်ထဲ မရှိသေးရင် စာအုပ်စာတမ်းတွေမွှေနှောက်။ သင့်နိုးရာရာရွေးချယ်တင်ရုံပဲ။

typing skillကတော့ အားရစရာ မကောင်းလှသေးဘူးထင်သည်။ နံဘေးက လူရွယ်လေးဆို အကောင့်တွေ ဘယ်နှစ်ခု ဖွင့်ထား သလဲတောင် မခန့်မှန်း တတ်နိုင်။ gtalk ဘောက်စ်တွေ ငါးခုလောက်ပြိုင်တူဖွင့် ထားကာ အားလုံးကို လက်လည်အောင် စာရိုက် စကားပြောနိုင်လေသည်။ ကီးဘုတ်ပေါ် သူ့လက်ကလေးတွေ ဖြိုးဖြိုးဖျောက်ဖျေက် ရွေ့ပြေးနေတာကိုကကြည့်ငေးချင်စရာ။ တခါတရံ ear phone ဖြင့် သီချင်းနားထောင်ပင်မပျက်။ အားကျမိရဲ့။

ဝတ္ထု၊မဂ္ဂဇင်း၊ဂျာနယ်တွေလည်း အတော်များများ ၀င်ဖတ်လို့ရနေပြီ ဆိုတော့ ရောက်နေကျ စာအုပ်အငှားဆိုင်လေးဆီတောင် ခြေဦး မလှည့်ဖြစ်တော့ တာ ကြာ။ စာအုပ်အငှားဆိုင်က ကောင်လေးနဲ့တွေ့တော့တောင် ......

“ဒီလ မဂ္ဂဇင်းအသစ်တွေထွက်လို့ ဆရာ့ကို မျှော်နေတာ”

..... တဲ့။ “အေး....အေး...နောက်မှ၊အေးဆေးမှ......”

ပြုံးမော့မော့၊ပြီးစလွယ်ပြောခဲ့လိုက်သည်။






Table(15) ................



အိုး.....လေ....လှုပ်ပါဟေ့ ......ရေအိုးလေးလှုပ်ပါဟေ့...”

“ဟာကွာ...အရေးထဲ...၊ဟလို.......အေး၊ပြော.....”

မန်နေဂျာကောင်လေး အလုပ်ထဲကနေ လှမ်းဆက်နေတာ။

“အော်ကွာ။ ဘာများလဲလို့၊ အဲဒါတွေ မင်းတစ်သက်လုံး လုပ်လာခဲ့တာ မဟုတ်ဘူး လားကွာ၊ မင်းကျွမ်းကျင်ပြီးသား ဥစ္စာ။ အေးပါ....ငါခွင့်ပြုပါတယ်။ အကောင်းဆုံးသာ လုပ်ထားလိုက်။ ဟုတ်ပါ.ပြီ။ ကဲ.... ထပ်မဆက်နဲ့တော့.....ဒါပဲ။”

ပြောပြီး ဖုန်းပါ အပြီး ပိတ်ချလိုက်တော့တယ်။ အေးရော...။နံဘေးက ဘောလုံးပွဲစဉ် ဇယားတွေ၊ goal scrollတွေဆီ မမှိတ်မသုန် ကြည့်ငေး အတွေးနက်နေတဲ့ လောင်းကစားငနဲကတော့ ဘယ်သူ့ကိုမှ မမှုပုံနှင့် ..။ သူ့ဆိုဒ်ထဲသူ စုန်းစုန်းနစ်မြှုတ်လို့။ ထောင့်စားပွဲကို ကိုယ်ရွေးထားတယ်ဆိုကတည်းက ဆိုင်ကကောင်လေးတွေ လည်း သဘောပေါက်နေကြပြီ။ မနေ့ညက သူတို့ပေးထားတဲ့ လိပ်စာ စာရွက်လေး ဘယ်နားထားမိပါလိမ့်။ ပိုက်ဆံအိတ် ထဲမှာ ပဲထင်ပါရဲ့။မှန်း ....။တွေ့ပြီ။ searchဘားမှာ လိပ်စာရိုက်ထည့်။ enterတစ်ချက် ဖျောင်းခနဲ။ လာထား..။ အားပါး..... အလန်းလေး တွေ ပါလား။ကျေးဇူးပဲ ကောင်လေးတွေရေ...။

လှရာရာ ရွေးနေမိတာ အချိန်ဘယ်လောက် ကုန်သွားသလဲတောင်မသိ။ stick ထဲမှာ ကူးယူသွားမှ။ “အိမ်လိုက်ခဲ့တော့ ဘရစ်တနီ”






Table(1) ................



ဒီအလုပ်တစ်ခုတော့ မရလို့ကို မဖြစ်တော့ဘူး။

အလုပ်လက်မဲ့ဘ၀နဲ့ မိဘကိုမှိခိုနေလာတာ ရှက်လှပြီ။ ကျောင်းပြီးခဲ့တာ တောင် နှစ်တွေ မနည်းတော့ဘူး။ အသိ အတွေးတွေလည်း သံချေးတက်လှပြီဟု တွေးနေ မိကာ တကယ်ကို အလုပ်လိုချင်မိပါသည်။

အလုပ်ခေါ်မည် သတင်းကြားကတည်းက ခြေတိုအောင် လှည့်ပတ် စုံစမ်း လိုက်ရတာ။ ခန့်မှာက ရန်ကုန် ရုံးချုပ်ကတဲ့။ လျှောက်လွှာလည်း ရန်ကုန်ရုံးချုပ်ပဲ သွားတင်ရမှာလား။

အလုပ်ရမည်ဆိုတာ သေချာရင်တော့ တမျိုးပေါ့။ ခုလို မသေချာတဲ့ အခြေအနေမှာ မြို့ရန်ကုန်ဆီ အကြိမ်ကြိမ် လမ်းသလား ၊မသွားနိုင်ပါ။ခရီး စားရိတ် က သက်သာလှတာမဟုတ်။ လူတွေ့ကျတော့လည်း တစ်ခေါက်ထပ်သွားနေရဦးမှာ မဟုတ်လား။

“ဟဲ့ အွန်လိုင်းကနေ လျှောက်လို့ ရတယ်တဲ့”

“တကယ်..............”

ပျော်လိုက်တာ.....။

စမ်းတ၀ါးဝါး၊ ဟိုလူဒီလူမေးရင်းမြန်းရင်း ခလုပ်တွေလျှောက်ကလစ်။ ကိစ္စ ၀ိစ္စ အထွေထွေပြီးမြောက်လေမှ ဟင်းချနိုင်တော့သည်။

အွန်လိုင်းကနေ ဘွဲ့လွန်ဆက်တက်လို့ရသေးတာ သိရတော့ စိတ်ဝင်စား မိပြန်ပြီ။

web address မှတ်သွားဦးမှ။ အလုပ်ရခဲ့ရင်တော့ အွန်လိုင်းကနေ ဘွဲ့လွန် ဆက်တက်ကာ ဒီပလိုမာတစ်ခု ထပ်ယူလိုက်ဦးမည်။






Table(9) ...............



“hello"

''hi....."

''chat room ထဲ ခုမှရောက်ဖူးတာ၊ ခင်ချင်လို့”

''OK....."






ွှTable(11) ..............



“ဟေး....face bookထဲမှာ နင့်စိုက်ထားတဲ့ အပင်တွေ သေတော့မယ်...”

“ဟယ်...ဟုတ်လား၊ ဒုက္ခပါပဲ၊ ငါလည်းအလုပ်တွေ ရှုပ်နေတော့ ဒီရက်ထဲ စိုက်ခင်းကို ပစ်ထားမိတယ်ဟယ်...။ခု..၀င်ကြည့်လိုက်ဦးမှ...”

“ငါ...နင့်ဆီ နှင်းဆီတစ်ခင်းပို့ပေးလိုက်တာ ရောက်တယ်မဟုတ်လား ”

“ရောက်ပြီ၊ ငါလည်း နင့်ဆီ ကားအကောင်းစားတစ်စီး ခုပဲပို့ပေးတော့မလို့”

“ကောင်းတယ်၊ ငါ ကားမောင်းသင်ထားလိုက်မယ် ဟား....ဟာ.း.........”

“.........................”

“..........................”







Admin .....................

ကိုယ်တိုင် ကမ္ဘာ မပတ်နိုင်သေးတော့ရော....ဘာဖြစ်သေးလဲ။ ကမ္ဘာကြီးကို ရွာထဲ အရောက် ဖိတ်ခေါ်သယ်ယူလာလိုက်တယ်လေ။

``ကမ္ဘာ့ရွာ အင်တာနက်ကဖေး´´

လာကြ၊လည်ကြလှည့်။ ကိုက်ညီသင့်တော်ရာ ရွေချယ်ယူကြလှည့်။ ။


သတိုး

No comments:

Post a Comment

စိတ်ထဲ ခံစားမိသလို မျှဝေပြောပြခဲ့ပါဦး...။