Tuesday, September 28, 2010

ကိုဇော်ဋ္ဌေး၊ မလေးဖြူနှင့် သူတို့၏ သားများ…..

ကိုဇော်ဋ္ဌေးနဲ့ မမွှေးကြူတို့ အိမ်ထောင်ကျတော့ နှစ်ယောက်စလုံး အသက်လေးဆယ်ကျော် ဒီမှာဘက်ဆီ သီသီစွန်းခဲ့ကြပါပြီ။ ခုဆို သူတို့နှစ်ယောက်အိမ်ထောင်သက်ပဲ ရှိလှပြီပေါ့..လေး၊ငါးနှစ်တော့…။ သားသမီးရူးလိုက်ကြတာ လည်း ပြောမနေနဲ့တော့။ ဒါပေမယ့် ကံဇာတာက သားတစ်ရာ၊ မြေးတစ်ဖြာ နေရဖို့ မျက်နှာသာမပေးခဲ့ဘူးထင်ပါရဲ့။

``အဲဒါ…ရှင်အသုံးမကျလို့…´´

မမွှေးကြူကတော့ စကားစပ်ဆိုင်တိုင်း ကိုဇော်ဋ္ဌေး ကိုသာ ရန်လုပ်နေမိတော့တာပဲ။

``အောင်မာ….ငါ နောက်မိန်းမ ယူပြလိုက်ရမလား…´´

စကားနိုင်လုကြရင်း ရန်ဖြစ်၊ စကားများကြရတာလည်း အကြိမ်ကြိမ်။

ကိုဇော်ဋ္ဌေးကတော့ ယောင်္ကျားသားဆိုတော့ သိပ်ကြီးခံစားစွဲလန်းမှု မရှိလှဘူးထင်ပါရဲ့။ မမွှေးကြူကတော့ မနေနိုင်ဘူး။စားစား၊ သွားသွား…အဲဒီချဉ်ခြင်းကို ဖျောက်မရနိုင်ဘူး။

မမွှေးကြူ ကုန်စိမ်းရောင်းတဲ့ ဈေးကလေးက နံနက်ရော..ညနေပါ တစ်နေ့လုံးရောင်းရတဲ့ဈေးလေးဆိုတော့ နေ့လည်၊နေ့ခင်းတွေမှာ ဈေးဝယ်သူက မရှိသလောက် ရှားပါးလှတယ်။အဲဒီအချိန်ဆို ဈေးသူဈေးသားတွေ တရေးတမော မှေးငိုက်၊အနားယူကြတဲ့ အချိန်ပေါ့။ ဆိုင်နားနီချင်း ကလေးအမေတွေ အေးအေးလူလူနှပ်နေချိန်မှာ မလေးဖြူတစ်ယောက် ကတော့ သူတို့တတွေရဲ့ သား၊သမီးအရွယ်စုံကို ထိန်းကျောင်းချော့မြူပေးရင်း တစ်နေ့လည်ခင်းလုံး အချိန်ဖြုန်းနေတော့ တာပင်။

ဒါလည်း မမွှေးကြူနဲ့ ကလေးအမေတွေ အကြောင်းအပေါင်းသင့်နေကြပါမှ…။ပြောလွယ်၊ဆိုလွယ်၊ စိတ်ဆိုး လွယ်ပြီး မေ့ပျောက်လွယ်တဲ့ မမွှေးကြူနဲ့ စကားအကျကောက်ပြီး ပုံကြီးချဲ့ ရန်ထောင်တတ်တဲ့ ဆိုင်နီးချင်းအမျိုးသမီးတွေ ကြားမှာ စကားတင်းဆိုခြင်း၊ ငြူစူစောင်းမြောင်းခြင်း၊ ဆဲရေးတိုင်းထွာ အော်ဟစ်ရန်ဖြစ်ရခြင်းဆိုတာတွေကလည်း ခဏ.. ခဏ။ စိတ်ဆိုးနေတုန်းသာ အနိုင်မခံစိတ်နဲ့ မောင်းကုန်တင်၊ ခုန်ပေါက်အော်ဟစ်နေမိကြတာ…။ ပြောရင်းမောလာကြတော့ နှစ်ဘက်စလုံး စိတ်ဆိုးပြေချင်နေကြပြီ။ ဒါပေမယ့် ကိုယ့်ဘက်က စတင်ပြီး ပြန်လည်ခေါ်ပြောဖို့တော့ ဘယ်ဖြစ်ပါ့မလဲ။ ပြန်လည်ပတ်သက်ခေါ်ပြောစရာ အကြောင်း တစုံတရာပေါ်ပေါက်လာခဲ့လျှင် ခပ်တင်းတင်း၊ကင်းကင်းနေလို့မရသူက စတင် အလံဖြူပြကြစတမ်းပဲလေ။

ဒါပေမယ့် အခါများစွာမှာတော့ အမှတ်အတေးနည်းလှသော မမွှေးကြူကသာ ပြန်လည်စတင်၊ ကမ်းလှမ်း ခေါ်ငင်ဖြစ်ရသည်ချည်းပင်။

ကိုယ်က သင်းတို့တတွေနှင့် မခေါ်မပြောရလျှင်လည်း အောင့်အည်းနေနိုင်သေးပေမယ့် သင်းတို့ ဥက ပေါက်သော တွတ်တီးတွတ်တာလေးတွေနဲ့တော့ ကင်းစိမ်းပြတ်တောက် မနေနိုင်ဘူးလေ။

တခါတလေ…ဇွတ်တင်ထားရတဲ့မျက်နှာကြီးကို ပင့်ချီမော့ထားနေလျှက်က…

``ကြီးမေ…´´

…ဟု ဘယ်သူလေး လှမ်းခေါ်လိုက်မှာလည်းဟု နားစွင့်နေမိလျှက်သား။

``သူများ သားသမီးချစ်ရတာလည်း…. မပိုင် ၀က်မွေးဘ၀´´

တခါတရံ စိတ်နာချင်သလို ရှိသော်လည်း မမွှေးကြူ၏ ဆိုင်မှာ…၊အိမ်မှာ…ဘယ်တော့မှ ကလေးငိုသံ ၊ ရယ်မောချော့မြူသံတို့မစဲ။

``အဲဒီ မိန်းမလည်း တစ်နေ့၊ တစ်နေ့ …အဲဒီဝမ်းမနာတွေနဲ့ အချိန်ကုန်နေတော့တာပဲ´´

ကိုဇော်ဋ္ဌေးက ငြိုငြင်သလို ဆိုလာခဲ့လျှင်……ကလေးလေးငယ်ကို မုန့်ဖဲ့ကျွေးရင်း ရောက်တတ်ရာရာတွေ မနားတမ်းရေရွတ် မြူချော့နေတဲ့ မမွှေးကြူက…..

``ဟုတ်တယ်…။အဲဒါ ဘာဖြစ်လဲ။ဘဘက သားကို မနာလိုဖြစ်နေတာလားလို့ ပြန်မေးလိုက်စမ်းပါ သားရယ်….´´


* * *



``သားလေး….။မေမေ့ သားလေးရေ….၊မေမေ့ကို ဘယ်လောက်ချစ်လဲ ပြောပါဦး..´´
``………………..´´
``အော်….အများကြီးချစ်တယ်။ ဟုတ်လား။ ကြည့်စမ်း လိမ္မာလိုက်တဲ့ မေ့သားလေး…..´´

ခေါင်းရင်းအိမ်က ဘကြီးငွေတစ်ယောက် နံနက်လေးနာရီဆို ဘုရားဝတ်တက်၊ အမျှအတမ်းပေးဝေးနေကျ။ ဒီနေ့နံနက်လည်း ကိုယ်လက်သန့်စင်ပြီး ဆီမီး၊ရေချမ်းကပ်လှူမယ်ရယ်လို့ ဘုရားကျောင်းရှေ့မှာ နေရာယူမိရုံရှိသေးတယ်။ မမွှေးကြူတို့အိမ်က အချိန်မတော် ကလေးချော့မြူသံကြောင့် အံသြသွားတယ်။ မောင်ဇော်ဋ္ဌေးတို့၊ မမွှေးကြူတို့ ကလေး မွေးစားလိုက်တယ်လို့လည်း မကြားမိပါဘူး။

ဇဝေဇ၀ါ အတွေးက နံနက်လင်းတော့မှ အဖြေပေါ်တော့တယ်။ကိုဇော်ဋ္ဌေးက မမွှေးကြူအတွက် သားခွဲအရွယ် ခွေးပေါက်စလေး တစ်ကောင် သူ့ သူငယ်ချင်းတစ်ယောက်အိမ်က တောင်းယူလာပေးသတဲ့။

ပြောရလျှင်တော့ အဲဒီနေ့ကစလို့ ဘကြီးငွေအပါအ၀င် အိမ်နီးချင်းတွေအားလုံး ကသိကအောင့်ဖြစ်ကြရ တော့တာပင်။

မမွှေးကြူက မြို့မကုန်စိမ်းဈေးမှ လက်ကားဒိုင်တွေဆီ နံနက်မလင်းမီ အရောက်သွားတော့မည်ပြင်ဆဲ….

``မေ့သားလေးရေ…၊ မေကြီးသွားတော့မယ်နော်။ အိမ်ကို သေချာစောင့်ထား။ ဘယ်သူမှ ၀င်မလာစေနဲ့ သိလား´´

သူတို့ အိမ်ထောင်တစ်သက် ဒီလိုပဲထားသွားနေကျအိမ်ကို အခုမှ စိတ်မချလေဟန်ဖြင့် မှာတမ်းတွေချွေနေ တော့တာဟာ ပတ်ဝန်းကျင်ကို စော်ကားရာ ရောက်မနေပေဘူးလား။ ပြီးတော့ အိမ်ထဲမှာ ကိုဇော်ဋ္ဌေးတစ်ယောက်လုံးလည်း သက်ရှိရှင်လျှက် ကျန်နေသေးတာမဟုတ်လား။

``သားအဖေ အိပ်ပုတ်ကို နှိုးထားလိုက်ဦး။ လက်ဘက်ရည်ဆိုင် မထွက်ခင် မေ့ဆိုင်ကို လိုက်လာခဲ့ဖို့လည်း သတိပေးလိုက်ဦး´´

မမွှေးကြူ ကုန်စိမ်းဒိုင်ကအပြန်ကို ဆိုင်ကြိုဖွင့်ထားနှင့်ပြီး စောင့်ရလေ့ရှိတာ ကိုဇော်ဋ္ဌေး၏ နေ့တဓူဝ ၀တ္တရားဆိုတာ တစ်လမ်းလုံး၊ တစ်ဈေးလုံးက အသိ။ မမွှေးကြူကို ဆိုင်ခင်းပေးပြီးမှ ကိုဇော်ဋ္ဌေးတစ်ယောက် လက်ဘက်ရည်ဆိုင် သွားရလေ့ရှိတာ…။ လက်ဘက်ရည်ဆိုင်ကအပြန်… မမွှေးကြူထံ နောက်တစ်ကြိမ်ပြန်သွားပြီး မမွှေးကြူဝယ်ခြမ်းပေးလိုက်သမျှ ယူ၊ အိမ်ပြန် ချက်ပြုတ်ပေးထားရသည်။ ဈေးကွဲချိန်လောက်မှန်းကာ မမွှေးကြူကို အိမ်ပြန်စေပြီး ကိုဇော်ဋ္ဌေးက ဆိုင်စောင့်ပေးထားရပြန်တာလည်း ဆံချည်တစ်မျှင်စာပင် အချိန်မလွဲစေရ။

ခုတော့…ကိုဇော်ဋ္ဌေးအား ကြီးကြပ်စေညွှန်ဖို့ သူတို့၏မွေးစားခွေးကိုပင် တဆင့်ခံတာဝန်လွှဲအပ်နေပြန်တာ နားကလောစရာ…။

အိပ်ယာထဲမှာ ရသလောက် နှပ်နေချင်သေးသော ကိုဇော်ဋ္ဌေးကလည်း နားထဲသို့ဇွတ်တိုးဝင်လာသော မလေးဖြူ၏ ညံစာစာ၊ သံသာသာစကားတွေကြောင့် စည်းစိမ်လျော့ကျသည်ဟု စိတ်တိုနေပြီ။

``ဟေ့ကောင်…ခွေးမသား၊ မိုးမလင်းသေးဘူး..မင်းတို့သားအမိ အသံချည်းပဲ။ ဇိမ်ပျက်တယ်ကွာ…´´


* * *


မမွှေးကြူရဲ့ သားလေးက ပြည်တွင်းဖြစ်ခွေးတွေထဲမှာတော့ တသွေးတမွေးပဲပြောရမယ်။ အဆစ်အလျားက တိုတို၊ ၀၀ လုံးလုံးကလေးရယ်။ အမွေးဝါနုနုကလေးတွေကလည်း မြင်ဖူးနေကျ ပတ်ဝန်းကျင်ကခွေးတွေထက် ပိုမိုရှည်လျားပြီး စိုနုနေတော့တာ။
မမွှေးကြူက သူ့ခွေးကို သူ့အသည်းစွဲ ကိုရီးယားစတားတစ်ယောက်ရဲ့ နာမည်မှည့်ပေးလိုက်သေးတာ။ ကိုရီးယားပရိတ်သတ်က ဘယ်ငြိမ်နေကြပါ့မလဲ။ သောသောညံညံ ကန့်ကွက်လိုက်ကြတာ။ ကိုဇော်ဋ္ဌေးလည်း နားပူလာ တာနဲ့ …..

“ကဲ…ငြင်းမနေကြနဲ့။ ငါ့သားကို ငါကိုယ်တိုင် နာမည်ပေးမယ်”

…ဆုိၿပီး “ရမ္ဘုိ”…တဲ့။ ထုံးစံအတိုင်း မမွှေးကြူနဲ့တော့ ငြင်းခုန်အော်ဟစ်ရသေးပေမယ့် အရပ်က သူတို့ ကိုရီးယားလေး ဘေးရန်ကင်းရင်ပြီးရောဆိုပြီး ၀ိုင်းထောက်ခံကြတော့ အများနဲ့တစ်ယောက်မို့ မလေးဖြူအလျှော့ပေး လိုက်ရတော့တယ်။

ဒါပေမယ့် ကိုဇော်ဋ္ဌေးက သူစိတ်မလိုရင်တော့….

“မျိုးမစစ်ကောင်”

…အဲဒီလိုကျီစယ်တတ်ပြန်တာကြောင့် မမွှေးကြူနဲ့ ရန်ပွဲနွှဲရတာလည်း အကြိမ်ကြိမ်ပါ။

“ရှင် ကလေးကို မဟုတ်တန်းတလျားတွေနဲ့ ချိုးချိုးဖဲ့ဖဲ့မပြောနဲ့နော်။ ဖေကြီးတော့ အမျိုးကျတော့ရော ကောင်းလို့လားလို့ ပြန်မေးလိုက်စမ်းသား…”

ခွေးနဲ့လှည့်တိုက်လာတော့ ကိုဇော်ဋ္ဌေး ပါးစပ်ပိတ်နေလိုက်ရတော့တယ်။

မမွှေးကြူကတော့ သူ့သားနဲ့ ပတ်သက်လာရင် နည်းနည်းမှမလျှော့တဲ့ အထဲကပါပဲ။ တလောက ကိုဋ္ဌေးဇော်ဖခင်ကြီး သူတို့အိမ်အလည်ရောက်လာခဲ့တော့…

“ဟော…ဘဘကြီး လာလည်တယ်သားရေ..။ထွက်ကြိုလိုက်ပါဦး..”
“…………”
“ဘဘကြီး နေကောင်းလား…မေးလိုက်ပါဦး သားရယ်။ ကြီးမေကြီးတို့ရော…အဆင်ပြေကြရဲ့လား လို့…”
“ဘဘကြီးကို ဦးတော် လုပ်ပြလိုက်ပါဦး..”

အဖိုးအိုခမျာ…မောမောပမ်းပမ်းကြားက စကားတစ်ခွန်းမှ ပြန်မဆိုနိုင်ရှာဘူး။

“ငါတို့ တစ်မျိုးလုံးလည်း ခွေးမျိုးဖြစ်ပါပြီ”

ရှုံ့ရှုံ့မဲ့မဲ့ ညည်းငြူရင်း ရေနွေးကြမ်းတစ်ခွက်တောင် ဖြောင့်အောင်သောက်မသွားနိုင်ရှာတော့ပါဘူး။

မမွှေးကြူ ကတော့ ကိုဇော်ဋ္ဌေးကိုတောင် တိုက်ရိုက်စကားဆိုတာ မ၇ှိသလောက် နည်းပါးသွားခဲ့ပါပြီ။


“သားကြီးရေ…။နင့်အဖေကို မှာလိုက်ဦး။ ညနေအိမ်စောစောပြန်ဝင်လို့။ ဘောလုံးပွဲပြီးမှ အချိန်မတော် အိမ်ပြန်လာရင် မေမေက အိမ်တံခါး ပိတ်ထားမယ်လို့”

ကိုဇော်ဋ္ဌေးကလည်း မခေဘူး။

“ခွေးမသားရေ…ဖေကြီးအိပ်ကပ်ထဲက ပိုက်ဆံ မင်းအမေနှိုက်ယူထားတာ မင်းမြင်တယ်မဟုတ်လား။ ပြန်တောင်းပေးကွာ။ ဖေကြီး လက်ဘက်ရည်ဆိုင်ထိုင်ဖို့တောင်မရှိတော့ဘူးကွ။ လုပ်ပါကွာ မြန်မြန်လေး၊ မင်းအမေစိတ်မပြောင်းခင်…”

ဘာပဲပြောပြော သူတို့ အချင်းချင်းတော့ အဆင်ပြေနေတာပါပဲ။ အရပ်ထဲကတော့…“ခွေးတို့အဖေနဲ့ ခွေးတို့အမေ”…ဆိုပြီး တီးတိုးတီးတိုးပေါ့။ ဒါပေမယ့် မမွှေးကြူပဲ။

“ခင်ဗျားတို့ ကျွန်တော်စားသလို မစားနိုင်၊ မနေနိုင်တိုင်း မနာလို လိုက်ဖြစ်နေတာလားလို့ ပြောလိုက်စမ်းသားလေး”

ခုတော့ မမွှေးကြူနဲ့ ဖက်ပြိုင်ပြောရဲသူလည်း မရှိတော့ပါဘူး။ မမွှေးကြူက သူ့စိတ်နဲ့ မတည့်ရင် သူ့နှုတ်က ခွန်းတုန့်ပြောချင်လာသမျှ စကားတွေကို ရမ်ဘို့ ပါးစပ်ထဲထည့်ပေးပြီး ရမ်ဘို့ပါးစပ်ကပဲ ထွက်လာတော့ သယောင် ပြောနေတာမို့ ကိုယ်ကပြန်ပြောလျှင် ကိုယ်တွေပဲ ရမ်ဘိုနဲ့ တုဖက်ပြိုင်ပြောရာ ရောက်သွားတော့မှာ မဟုတ်လား။

အဆိုးဆုံးကတော့ မလေးဖြူရဲ့ ကုန်စိမ်းဆိုင်လေးရှေ့ ဖြတ်လျှောက်ရတဲ့ဈေးဝယ်သူတွေပဲ။

“အန်တီကြီးရေ..၊ချဉ်ပေါင်တွေ လတ်တယ်။ အားပေးပါဦးလို့ ပြောလိုက်ပါဦး သားရယ်”
“…………”
“ဈေးလျှော့လို့တော့ မရဘူးဗျာ။ သားမေကြီးမှာ သုံးစည်းမှ တစ်ကျပ်ပဲ အမြတ်ကျန်တော့တာလို့”

ကိုယ်က တစ်ကျပ်တစ်ပြားမြော်မြင်ပြီး ဆက်ပြောနေမိလျှင် ဘယ်အဖြစ်ရောက်သွားမလဲ …ကဲ။ ခက်တာက နေ့ဓဓူဝ ဈေးဝယ်ရပြီးဆိုမှတော့ မမွှေးကြူဆိုင်ရှေ့က မဖြတ်ပဲလည်း နေလို့မှ မရပဲ။အဲတော့…ကိုယ်တွေ သူ့ဆိုင်ရှေ့ဖြတ် လျှောက်မိချိန်တွေမှာ ကိုယ့်ကို မမြင်၊မတွေ့၊ နှုတ်မဆက်အားလောက်အောင် မမွှေးကြူတစ်ယောက် အခြားဈေးဝယ်တွေနှင့် အလုပ်ရှုပ်နေပါစေဟုပဲ ဆုတောင်းရတော့မည်။

ဆိုင်နီးချင်းအမျိုးသမီးတွေမှာလည်း တစ်ဒုက္ခ။ နေ့လည်နေ့ခင်းတွေမှာ ကိုယ့်ကလေး သူ့ဆီထိုးပေးပြီး ကိုယ်ကတရေးမှေးငိုက်နေကျလေ။ ခုတော့ ကလေးထိန်း အကူမရတော့တဲ့အပြင် သူ့ခွေးကို တွတ်တီးတွတ်တာတွေ ပြောရင်း အနှောင့်အသွား မလွတ်သောစကားတွေနှင့် စောင်းလားမြောင်းလားပြောဆိုနေတာတွေကို အောင့်အည်းသီးခံ ရေငုံနေရတော့တဲ့အဖြစ်။

မမွှေးကြူက ကိုယ့်ကလေးကို တခါတရံ စိတ်လိုလက်ရရှိချိန်တွေ ခေါ်ယူထိန်းကျောင်း ချော့မြူလိုခဲ့ လျှင်တောင်….

“ဂူဂူးရေ…၊လာ….မောင်လေးနဲ့ အတူဆော့ရအောင်”

…ဆိုတော့ ခက်….ခက်ရချည်ရဲ့။


* * *

ဖြစ်ပုံက ပြီးခဲ့တဲ့တစ်ပတ်က ကလေးငယ်တစ်ယောက်ရဲ့ ခြေသလုံးကို ဂျမ်ဘိုက အစွယ်နဲ့ခြစ်လိုက်မိတယ်။

အမှန်က ဒီရပ်ကွက်၊ဒီလမ်းထဲက ကလေးတွေအားလုံးဟာ မမွှေးကြူတို့အိမ်ကို ၀င်ထွက်သွားလာ လည်ပတ်နေကျပါ။ အဲဒီနေ့ကတော့ ကလေးတွေက ဂျမ်ဘို့ကို စ,ပြီးရှေ့ကထွက်ပြေးကြ၊ ဂျမ်ဘိုက နောက်ကလိုက်ရင်း မီရာကလေးတစ်ယောက်ကို ဖမ်းမိလိုက်ရာက ကလေးရဲ့ခြေသုံးသားက ဂျမ်ဘို့အစွယ်နဲ့ငြိသွားရော..။ကလေးကလည်း ရုတ်တရက်ဆိုတော့ ကြောက်လန့်တကြားနဲ့ ပြေးနေဆဲ အရှိန်ကိုမလျှော့လေတော့ အစွယ်ရာက မဆိုစလောက် များသွား ခဲ့တယ် ထင်ပါရဲ့။

ကိုဇော်ဋ္ဌေးတို့၊ မမွှေးကြူတို့ဆိုတာ တစ်သက်လုံးက မသုံးနှုန်းဖူးတဲ့ လေသံနူးညံ့လေးတွေနဲ့ ကလေးမိဘ တွေကို မျက်နှာအောက်ချတောင်းပန်ရှာပါတယ်။ ကလေးရဲ့ ဒဏ်ရာ ပကတိကောင်းမွန်တဲ့အထိ ဆေးဖိုးဝါးခ တာဝန် ယူဖို့ လည်း ရဲရဲအာမခံခဲ့ကြပါတယ်။

နေ့တိုင်း သတင်းမေး၊ ဓါတ်စာပို့ပေးရင်းနဲ့လည်း……

“ကိုယ့် ညီလေးကို ဗွေမယူပါနဲ့ သားလေးရယ်…”

…လို့တောင် မမွှေးကြူက နှစ်သိမ့်တောင်းပန်ခဲ့သေးတာပင်။ ဒီနေံနံနက်တော့..

“သားရေ….”

မမွှေးကြူ အိပ်ယာကနိုးနိုးချင်း ထုံးစံမပျက် သားကိုအသံပြုတော့ အနားရောက်မလာ။ သူ့အိပ်ယာ ထဲမှာလည်းရှိမနေ။

“သားရေ…….”

သားပျောက်ပြီဆိုတဲ့ အတွေးနဲ့ မမွှေးကြူတစ်ယောက် နံနက်မလင်းမီ အဦးအဖျား ငိုပစ်လိုက်သေးသည်။ လင်မယားနှစ်ယောက်သား ဈေးမသွား၊ ဆိုင်လည်းမထွက်ဖြစ်ကြတော့ပဲ ရမ်ဘို ရှာပုံတော်ဖွင့်ကြသည်မှာ တစ်လမ်းလုံး အုန်းတသဲသဲ။ နံနက်လင်းလေမှ အိမ်နှင့်ခပ်လှမ်းလှမ်း ၊လမ်းသွယ်ကလေးတစ်ခု၏ နံဘေးမှာ ရမ်ဘို့ကိုတွေ့တော့သည်။

သွေးအလိမ်းလိမ်း၊ အသက်ငွေ့ငွေ့သာကျန်တော့သော မမွှေးကြူ၏သားကလေးက မမွှေးကြူကို မှတ်မိနေသေးသလို တအိုင်အိုင်အော်ညည်းရင်းကနေ မျက်စေ့မှိတ်သွားတော့တာ…။

မမွှေးကြူကတော့ လူသေသလိုကို သဲသဲလှုပ်လှုပ် အော်ဟစ်ငိုကြွေးမိတော့တာပင်။

“ခွေးအကြီး တစ်ကောင်ကောင် အနိုင်ကျင့်သွားတာဖြစ်မှာပေါ့”

မမွှေးကြူကတော့ မယုံနိုင်ပါ။ အနိုင်ကျင့်တဲ့ ညည်ဆိုးက လူတွေမှာ ပိုလို့များတာ…..။

ငိုနေလျှက်က လမ်းထဲရှိသမျှ ဟိုလူ၊ ဒီလူ ထင်မြင်ယောင်မှား သိမ်းကျုံးရမ်းပစ်လိုက်သေးသည်။

အဲဒီညနေမှာတော့ မျက်ရည်မခြောက်သေးသော မို့အစ်နီရဲမျက်နှာနှင့်ပင် မမွှေးကြူတို့လင်မယားက ရမ်ဘို့အတွက်ရည်စူးကာ လမ်းထဲရှိကလေးငယ်တွေကို သာကူယာဂုတိုက်ခဲ့လေသည်။

* * *



အခု မမွှေးကြူတို့ရဲ့ တတိယမြောက်ခွေးကလေးအမည်က “ဆူမို”…တဲ့။ ။

                                                                                                               သတိုး

1 comment:

  1. ကိုသတိုးရဲ့ ခွေးဇာတ်လမ်းက ရီရတယ် ကျန်တာတွေ နောက်နေ့မှ ထပ်လာဖတ်မယ် ကျေးဇူးပါ...

    ReplyDelete

စိတ်ထဲ ခံစားမိသလို မျှဝေပြောပြခဲ့ပါဦး...။