Saturday, June 23, 2012
ကြိုတင် ပန်ကြားချက်
                        နွေကျောင်းပိတ်ရက် အစဦးရက်များမို့ထင်သည်။ မလဲ့တို့နှင့် မျက်နှာချင်းဆိုင် လမ်းမတစ်ဘက်ရှိ Game ဆိုင်လေးမှာ ကျောင်းသားကလေးငယ် အရွယ်စုံတို့ ပျားပန်းခပ် စည်ကားနေတော့သည်။ တချို့ကလေးတွေက ထမင်းမေ့၊ ဟင်းမေ့မို့ အဖေ၊အမေတွေက စားချိန်လွန်မှ လိုက်ခေါ်ကြရတာလည်း မြင်နေ၊ ကြားနေရပြန်သည်။
                        မလဲ့တို့ ငယ်ငယ်တုန်းကတော့ အတန်းတင်စာမေးပွဲကြီးပြီးလျှင် စာအုပ်အငှားဆိုင်တွေဆီ ပြေးကြရတာ အောက်မေ့မိသေးသည်။ အငှားဆိုင်စာအုပ်စင်ပေါ်မှာ မဖတ်ရသေးသော ကာတွန်းအသစ်တွေက အပြိုင်အဆိုင်။ စံရွှေမြင့်၊ နန်းဦး၊ တင်အောင်နီ၊ မြိတ်ဝင်းထိန်၊ မင်းသိုက်…။ သမိန်ပေါသွပ်လည်း ကြိုက်သည်။ အာဖျံကွီးလည်း ရယ်ရသည်ပင်။ ရွှေဂေါင်းပြောင်ကိုတော့ အဟောင်း တစ်အုပ်စ၊ နှစ်အုပ်စသာ ဖတ်ဖူးသည်။ ဓါးရေး၊ လှံရေး တစ်ဖက်ကမ်းခပ်ကြသော ဇာတ်လိုက်ရုပ်ပုံလေးတွေက ချစ်စရာ။ အမြင်အာရုံမှာ သူတို့အားလုံးဟာ သက်ဝင်လှုပ်ရှားနေသလို ထင်ယောင်ရင်ခုန် နေမိတော့တာပင်။
                        ကာတွန်းစာအုပ်တချို့ကို ရွေးချယ်နေရင်းမှာပင် တချို့ကိုတော့ အငှားဆိုင်မှာပဲ အစ၊ အဆုံးပြီးအောင် ခပ်သွက်သွက်၊ တစ်ထိုင်တည်းဖတ်ခဲ့ကြသေးတာ ဖြစ်သည်။ ကိုယ်ကြိုက်သော စာအုပ် တစ်အုပ်၊ နှစ်အုပ်လောက်ကိုတော့ စာရင်းမှတ်ကာ အိမ်သို့ငှားလာခဲ့ကြတာပင်။ အိမ်ရောက်လျှင် ရောက်ချင်း ခဏငယ်ပင် မစောင့်ဆိုင်းနိုင်ပဲ တစ်ချောင်ချောင်မှာ ကိုယ့်လက်ထဲက ကာတွန်းစာအုပ်ကို အလုအယက်၊ အငန်းမရ ဖတ်ကာ ကြည်နူးပီတိ တငြိမ့်ငြိမ့်ဖြင့် ရှိနေရပြန်တော့သည်။ ဖတ်ပြီးသော စာအုပ်ကလေးကို ရင်မှာပိုက်ကာ သူငယ်ချင်းတွေနှင့် စာအုပ်အလဲအလှယ်ပြုရင်း သူ့စာအုပ်၊ ကိုယ်စာအုပ် အကောင်းပြိုင်ကြရတာလည်း ရှိသေးသည်။
                        မလဲ့တို့မေမေက ကာတွန်း၊ ၀ထ္ထုဖတ်တာ လူကို စိတ်လေစေသည်။ အမူအကျင့်ပေါ့သွမ်းစေသည်တဲ့။ မလဲ့၏ သူငယ်ချင်းတော်တော်များများ၏ မိဘတွေမှာလည်း မေမေ့လို အသိနှင့်ချည်းသာပင် ဖြစ်သောကြောင့် လူကြီးတွေမသိအောင် ခိုးဖတ်ကြရတာ ဖြစ်သည်။ စာအုပ်ချင်း လဲလှယ်လိုလျှင် ထိပ်တန်းလျှို့ဝှက်ချက်တစ်ခုလို အချင်းချင်းသာ သိနိုင်သော စကားဝှက်တွေသုံးကာ လူကြီးများ မျက်ကွယ်မှာ အချိန်းအချက်ပြုခဲ့ကြရတာ ခုနေပြန်တွေးလျှင် ပြုံးချင်၊ လွမ်းချင်စရာ…။
                        မလဲ့ ရှစ်တန်းနှစ်မှာ ကျောင်းစာအုပ်ကြားထဲမှာ ၀တ္ထုစာအုပ် ထည့်ညှပ်ပြီး စာခိုးဖတ်ခဲ့ဖူးရာ မေမေမိသွား၍ ရိုက်ခံထိဖူးခဲ့သေးသည်။ ဒါပေမယ့် ဆယ်တန်းအောင်ပြီးနောက် အနည်းငယ် ငြိုငြင်စကား ဆိုတတ်သည်မှ အပ မဂ္ဂဇင်း၊ ၀တ္ထုဖတ်ခွင့် ပါမစ် အလိုလို ရလာခဲ့တော့ပြီ။
                        ဆယ်တန်းအောင်တော့ အဝေးသင်တက္ကသိုလ်သာ တက်ခွင့်ရမည်မို့ ပိုနေသော အချိန်တွေမှာ အလုပ်တစ်ခုခု လုပ်ရမည် စဉ်းစားဖြစ်ရာ သူငယ်ချင်းတချို့မှာ ဆွဲခန့်မူလတန်းပြ ဆရာမလေးတွေ အဖြစ် ကျေးလက်သို့ တစ်ကွဲစီ ရောက်ရှိကုန်ကြသည်။ မလဲ့ကိုတော့ မေမေက စိတ်မချဟုဆိုကာ ပေးမလွှတ်ခဲ့ပြန်ပေ။ ရုံးဝန်းထမ်းဘ၀ကို ဖက်တွယ်ဖို့ ကြိုးစားကြည့်သော်လည်း အရာ မထင်ခဲ့ပြန်။ အလုပ်ရှာရင်း ဖူးစာရှာတွေ့ခဲ့ရသော မလဲ့သည် ယောက္ခမက ဆင်ပေးလိုက်သော တစ်ကျပ်သားလျော့လျော့ ရွှေကြိုးကလေးကို အရင်းအနှီးပြုကာ စာအုပ်အငှားဆိုင်ကလေးပဲ အိုးမကွာ၊ အိမ်မကွာ ဖွင့်တော့မည်ဟု အိမ်သားနှင့် နှစ်ဦးသဘောတူခဲ့လိုက်တော့သည်။
“စွဲစွဲမြဲမြဲ စာပေ”
                        အဖြူခံပေါ်မှာ စာလုံးနက်ပြာရင့်ရောင်နှင့် စာအုပ်အငှားဆိုင် ဆိုင်းဘုတ်ပြားလေးကို ငေးမော့လျှက် မလဲ့တို့ ဇနီးမောင်နှံ နှစ်ဦးသား ပီတိတွေ ရွှန်းအိလျှက် တသိမ့်သိမ့်ရင်ခုန်ကာ မျှော်လင့်ချက်တို့ ပြည့်လျှမ်းနေခဲ့သည်။
                        မလဲ့၏ စိတ်အတွေးမှာတော့ စွဲစွဲမြဲမြဲစာပေဟာ စာအုပ်ဖတ်သူ၊ ငှားသူတွေ ၀င်ချည်ထွက်ချည်၊ ပျားပန်းခပ်လျှက် သိုက်မြိုက်စည်ကားနေခဲ့တာ ဖြစ်သည်။ စာအုပ်အငှား ကျဲပါးသော နံနက်ခင်း၊ ညနေခင်းတွေမှာ သူက စာအုပ်အဖုံးတွေ ချုပ်နေလျှင် မလဲ့တစ်ယောက် စာအုပ်တွေကို အမျိုးအစားတူရာအလိုက် စီကာစဉ်ကာ နေရာချရင်း ကိုယ်နှစ်သက်ရာ စာအုပ်ကလေးတွေကို မြည်းစမ်းဖတ်ရှုနေမှာပေါ့။ ညနေခင်း လူစည်ကားချိန်မှာတော့ မလဲ့ကြိုက်တဲ့စာအုပ်ကလေးတွေကို စာဖတ်သူတွေကို ညွှန်းဆိုငှားရမ်းလိုက်ရမည်။ နောက်တစ်နေ့ အချိန်ရလျှင် အကြိုက်တူတဲ့ စာဖတ်သူချင်းနှစ်သက်မိသော စာအုပ်အကြောင်း စကားစမြည်ဆိုကြရင်း ရင်းနှီးမှုတွေ တိုးဖွဲ့လာတော့မည်။ ထိုသို့သော ရွှေရောင်ကာလကို မလဲ့တစ်ယောက် ကံအလှည့်သင့်စွာ ဘုရားစူး သိမီလိုက်ရသေးသော်လည်း ထိုကာလက အလွန်တိုတောင်းလျှင်မြန်စွာ ကုန်ဆုံးသွားခဲ့ပါသည်။
                        ခုတော့ မလဲ့၏ ပရိတ်သတ်က မလဲ့၏ စင်ပေါ်မှ စာအုပ်တွေကို သိပ်မကြိုက်ကြဘူးထင်သည်။ သူတို့တောင်းဆိုသော နာမည်ရှည်လျားဆန်းပြားသည့် စာရေးဆရာ၊ ဆရာမများ၏ လုံးချင်းဝတ္ထုများကိုသာ လှိုင်လှိုင်တင်ပေးဖို့ တောင်းဆိုကြသည်။ တစ်အုပ်လုံးနီးပါး ကြော်ငြာအရုပ်တွေချည်းလိုလိုပါသော မဂ္ဂဇင်းတွေသာ ဖတ်လိုကြသည်။ မင်းသား၏ မွေးနေ့၊ မင်းသမီးလေး၏ မင်္ဂလာဆောင် အခမ်းအနား ဓါတ်ပုံများကိုသာ ကြည်နူးရင်ခုန်လိုကြသည်။ အဆိုတော်မလေး၏ အတင်းဆန်ဆန် အချစ်ဇာတ်လမ်းကို အဦးဆုံး သိချင်စပ်စုလိုကြသည်။ တက်သစ်စ မော်ဒယ်လ်လေးတို့၏ လိုအပ်တဲ့နေရာမှာ ဟင်းလင်းဖွင့်ကာ မလိုသောနေရာမှာ ဝေ့၀ိုက်တွန့်ဖတ်၊ ပုံထပ်နေသော အဆန်းထွင်ဒီဇိုင်းများကိုသာ အာသာငန်းငန်း ရှုမြင်လိုကြသည်။ စာများသော မဂ္ဂဇင်းဆိုလျှင် ပျင်းကြသည် တဲ့။ ၀တ္ထုတောင်မှ စာတစ်ပိုဒ်မှာ ခပ်ကျဲကျဲဝါကျ တစ်ကြောင်းစီသာပါသော စာမျက်နှာများမှသာတဲ့လေ။
                        မလဲ့ဖတ်လိုသော ရသဇောင်းပေးသည့် မဂ္ဂဇင်းပရိသတ်က လေးငါးယောက်တောင်မှ ဖြစ်ဖြစ်ညှစ်ညှစ်ရှိတော့ရာ အရင်းကျေဖို့ပင် မလွယ်။ အနှစ်သာရရှိသော လုံးချင်းဝတ္ထုရယ်လို့လည်း လုံးဝကို မထွက်နိုင်သလောက် ဖြစ်ခဲ့ပြီ။ မလဲ့တစ်ယောက် ဖောင်စီးရင်း ရေငတ်နေတော့တာ…။
                        စာရေးသူနှင့် ထုတ်ဝေသူ တချို့ကလည်း ယုတ်မာကြသေးသည်။ ထုတ်ဝေပြီးသား ကာတွန်း၊ ၀တ္ထုတွေကို နာမည်ပြောင်းကာ စာအုပ်အသစ်ဟန် ထုတ်ဝေလာကြတော့ စာအုပ်တန်ဖိုး နှစ်ခါရင်းရသည်။ စာဖတ်သူထံမှ ယုံကြည်မှု လျော့နည်းလာတော့ စာအုပ်အငှားဆိုင်တွေသာပဲ ကြားက နစ်နာရပြန်တော့သည်။
“စာအုပ်ငှားခတွေလည်း မသက်သာတော့ပါလားဟယ်”
“အားနာပါတယ် အစ်မရယ်။ စာအုပ်ဈေးတွေကလည်း တက်ပြီးရင်း တက်နေလို့ပါနော်”
                        မဂ္ဂဇင်းတစ်အုပ်ကို ပျမ်းမျှ ဆယ့်ငါးရက်လောက် ငှားရမှ အရင်းကျေမှာ ဖြစ်သည်။ သို့ပေမယ့် တစ်ပါတ်၊ဆယ်ရက် ငှားရဖို့တောင် အနိုင်နိုင်ဖြစ်လာနေရာ အရင်းကျေဖို့ပင် မလွယ်ကူတော့သော အခြေအနေဖြစ်ပါသည်။ အပျော်ဖတ် ကာတွန်း၊ ၀တ္ထုတွေသည်လည်း အသစ်ဘ၀မှာ တစ်လချင်း အရင်းကျေနိုင်တာ ခပ်ရှားရှားပေ။ သို့ပေမယ့် ကာတွန်းနှင့် ၀တ္ထုတွေကမှ နယ်အငှားဆိုင်လေးတွေကို ပြန်ချလို့ ရသေးသည်။ ဆယ့်ငါးရက်တစ်ဖြတ် ငှားယူပြီး ဆိုင်တင်ကာ လက်လီပြန်ငှားပေးကြသော ဆိုင်ကလေးတွေက ကာတွန်း၊ ၀တ္ထုတွေကို စုတ်ပြဲသည်အထိ ငွေပြန်ဖော်ပေးနေသောကြောင့် ကျေးဇူးတင်နေရတော့သည်။ မဂ္ဂဇင်းကတော့ လလယ်ရောက်လျှင် ပုံထပ်နေတော့ပြီ။ နောက်လထုတ် ရောက်လာသည်နှင့် ချက်ချင်း တန်းဆင်းရတော့ကာ စက္ကူအလေးချိန်တန်ဖိုးသာ ရှိတော့သည်။
“ညီမလေးရေ..။ စာအုပ် အသစ်တွေ ရောက်တယ်နော်”
                        ကျေးဇူးတင်စွာ ၀မ်းသာအားရ ၊ ဆိုင်ပေါ်သို့ ခုန်ပေါက်ရောက်လာကြဖို့ မျှော်လင့်သော်လည်း…
“ဒီည မြန်မာကား အသစ် ရလာလို့ မလဲ့ရေ။ နောက်ညမှ လာမယ်နော်”
                        မြန်မာ ဗီဒီယိုဇာတ်လမ်းတစ်ခွေက တစ်အိမ်လုံး ကြည့်လို့ရသည်။ စည်းလုံးချစ်ကြည်စွာ စုစုရုံးရုံး၊ အုံးတသဲသဲလည်း ပွဲကျနိုင်သေးသည်။ ကုန်ကျငွေကြေးကတော့ သိပ်မကွာလှပေ။ အနှစ်သာရ ကင်းမဲ့တာချင်း ကျတော့လည်း အတူတူပင်။ အပျင်းပြေ၊ အချိန်ဖြုန်းကြသော သဘော သက်ရောက်မှုချင်းလည်း မကွာလှ။
                        မလဲ့တို့ ကျောင်းသားဘ၀ကတော့ ကျောင်းပိတ်ရက်ကို မျှော်ကြရတာ ဖြစ်သည်။ ကျူရှင်နှင့်ကျောင်းကို ပြေးလွှားလွန်းထိုးရကောင်းမှန်းလည်း မသိကြသေးဘူး မဟုတ်လား။ တီဗွီ၊ ဗွီဒီယို မရှိ။ ရုပ်ရှင်က တစ်ပါတ်၊ ဆယ်ရက်လောက်နေမှ ကားသစ် ရုံတင်နိုင်တာ ဖြစ်သော်လည်း ရုပ်ရှင်ဇာတ်ကား အသစ်လဲတိုင်း မကြည့်ကြရပါ။ စနေ၊ တနင်္ဂနွေလို ကျောင်းပိတ်ရက်တွေမှာ စာအုပ်အငှားဆိုင်ဆီသာ အပြေးပြိုင်ကြရတာ။ ကျောင်းရက်ရှည်ပိတ်လျှင်တော့ တေးမှတ်ထာေးသာ စာအုပ်တွေကို အလုအယက်၊ တိုးဝှေ့ရွေးချယ်ကာ အပြိုင်အဆိုင်၊ ထိုင်ရာမထ အလုအယက် စာဖတ်ကြတော့တာ။ ခုတော့ ကျောင်းပိတ်ရက်တွေမှာ ဂိမ်းဆိုင်၊ အင်တာနက်ဆိုင်တွေမှာသာ လူစည်နေပြန်တော့တာ…။ အင်တာနက်မှာ ဟိုဝင်သည်ထွက်ပြုကြရင်း ညည့်နက်ထိ ချက်တင်ထိုင်ကြသော အလေ့ကလည်း စာအုပ်တွေကို မေ့လျော့စေသည် ထင်ပါ၏။ ပြောကြကြေး ဆိုလျှင် မလဲ့တို့နှင့် လက်လှမ်းတမီမှာ မရှိနိုင်သော စာအုပ်ကောင်း အတော်များများကို အွန်လိုင်းပေါ်မှာ free download ယူလို့ရနေတာ မဟုတ်လား။
                        မလဲ့ သိမီသလောက် မလဲ့တို့ခေတ်က မလဲ့တို့နှင့် ရွယ်တူ ယောက်ျားလေးအများစုသည် သွားလေရာ စာအုပ်ကလေးတစ်အုပ် ကိုင်လျှက် လမ်းထွက်တတ်ကြတာ စတိုင်လ်တစ်ခုလို ဖြစ်ခဲ့ဖူးသည်။ လူအထင်ကြီး ခံရရုံ၊ ဟန်ပြသက်သက်သမားတွေတော့ ဟုတ်ပုံမရကြပါ။ လက်ဘက်ရည်ဆိုင်မှာ၊ ဒါမှမဟုတ်လည်း တစ်နေရာရာမှာ စောင့်ဆိုင်းစရာ ကိစ္စတစ်ခုကို စောင့်နေရလျှင် စာအုပ်ကလေးနှင့် မျက်နှာအပ်လျှက်ပေ။ ခုခေတ် လူငယ်လေးတွေကတော့ ဘိလိယက်ခုံမှာ တစ်နေကုန်တတ်ကြပြန်တာ။ ဘောလုံးပွဲလောင်းရင်း အိပ်ရေးပျက်တတ်ကြပြန်တာ။ ဘီယာဆိုင်မှာ ရီဝေေ၀ လေလုံးထွားတတ်ကြသူတွေလည်း မရှား။ သူတို့သိမီသော မြန်မာစာရေးဆရာ၊ ဆရာမကြီးများ၏ အမည်ကို ပြောပြစမ်းပါဆိုလျှင် လက်ဆယ်ချောင်းပင် ပြည့်အောင် ရွတ်ပြနိုင်ကြမည် မထင်။ သူတို့ နှုတ်မှ ပေါ့ပေါ့လွယ် ထွက်ကျလာမည့် ထိုအမည်တွေထဲမှာ အပျော်ဖတ် လုံးချင်းလိုင်းမှ best seller စာရေးဆရာ၊ ဆရာမတွေ၏ အမည်ပင် ပါဝင်လိမ့်ဦးမည် ထင်သည်။ ပြီး ဘယ်စာရေးဆရာက ဘယ်လို စာပေအမျိုးအစား ရေးသားသည်ကိုလည်း သိပုံမရ။ စိုးစဉ်းမျှလည်း စိတ်ဝင်စားပုံ မရကြပါ။ “မောင်ထင်နှင့် ငဘ” ကို စာရေးဆရာနှင့် စာအုပ်အမည် သေချာခွဲခြားမသိကြပေ။ မြသန်းတင့်ဟု ပြောလျှင် စာရေးဆရာမဟု အထင်ရောက်တတ်ကြပြန်တာ..။ “ ဓါးတောင်…” ဟူသော ဂန္ထ၀င်ဝတ္ထုရှည်ကြီး၏ အမည်ကို ကြားဖူးသည်ဟုဆိုလျှင် ကျေးဇူးတင်ရမည်။ ဇာတ်လိုက် သံချောင်း၏ အမည်ကို သူတို့ရှေ့မှာ ပြောမိလျှင် အရပ်ထဲမှ ရေထမ်းသမားနှင့် မှားဦးမည် မုချ။
                        စာကို တမ်းတမ်းမက်မက် ဖတ်ရှုကြသော စာဖတ်ပရိတ်သတ် မရှိဘူးလားမေးလျှင် လက်တစ်ဆုတ်စာ ရှားရှားပါးပါးတော့ ရှိနေပါသေးသည်ဟု ဆိုရပါမည်။ သူတို့ခမျာများကျတော့လည်း တစ်ဒုက္ခဟု ဆိုရပါမည်။ ဂန္ထ၀င် စာအုပ်အဟောင်းတွေကျတော့လည်း အကြိမ်ကြိမ် ဖတ်ပြီးခဲ့ကြပြီ။ ရသစာအသစ်ကို သူတို့ သွေးတောင်းနေကြပါသည်။ ဒါပေမယ့် လောက်လောက်လားလား ဖတ်ရှုစရာ ရသစာအသစ်တစ်အုပ် ဖတ်ရပါမည့်အရေးက သူတို့အတွက် ဒုလ္လဘ တရားကြီးပေ။ နေ၀င်းမြင့်၊ ဂျူး၊ ခင်ခင်ထူး၊ လင်္ကာရည်ကျော် လောက်သာ မ၀ရေစာ စောင့်ဖတ်ကြရပြန်တော့တာ ဖြစ်သည်။ ခြောက်လ၊ တစ်နှစ်နေလိုလည်း ထိုစာရေးဆရာများ၏ စာအုပ်သစ်ကို ဖတ်ကြရဖို့ မသေချာပါ။ မင်းလူလည်း အဟောင်းလေးတွေပဲ အကောင်းလုပ်ကာ ရယ်မောရွှင်ပြနေကြရတော့တာပင်။
                        သူတို့ကျတော့ည်း အငှားဆိုင် စားပွဲပေါ်ရှိ တောင်ပုံယာပုံ အနုအလှ၊ သမုဒယများကိုတော့ မျက်နှာဖုံးပင် မကြည့်။ ကောက်ကိုင်ဖော်မရကြ။ သရဲတစ္ဆေ ၀တ္ထုများကျတော့လည်း ည…ည ၀တ္ထုအကြောင်း ပြန်တွေးမိပြီး အိပ်မပျော်မှာ ကြောက်လို့ဟု ရယ်ရယ်မောမော ဆိုကြပြန်သည်။
“ကြောက်တတ်လိုက်တာ လွန်ပါရော...”
                        မသိသား ဆိုးရွားစွာ စကားထောက်မိစဉ်…
“ကြောက်ချင်လို့ဖတ်တာ မကြောက်ရတဲ့အပြင် ဘာတွေမှန်းမသိလို့ စိတ်တွေတိုရ၊ တနုံ့နုံ့ ဒေါသ ဖြစ်ရနဲ့ အိပ်မပျော်တာဟေ့”
                        ဒါပေမယ့် ပေတ ၀တ္ထုတွေက မလဲ့တို့လို စာအုပ် အငှားဆိုင်လေးတွေကို အချိန်ကာလ တစ်ခုအထိ လုပ်ကျွေးခဲ့ဖူးသေးတာမို့ ကြံဖန်ကျေးဇူးတင်ချင်စရာ ပါ။ သူ့အရင်က ဂမ္ဘီရတွေပေါ့။ အခုတလောမှာတော့ ပဟေဠိ ၀တ္ထုလေးတွေ ခေတ်စားနေပြန်ပြီ။
“မလဲ့ဆိုင်ကလည်း တဖြည်းဖြည်း ဖတ်စရာ စာအုပ် မရှိတော့ဘူး”
“ဟယ်.. အဲလိုတော့ မတရား မပြောကြပါနဲ့။ တစ်ဆိုင်းလုံး ကျုပ်ထိုင်စရာ နေရာလွတ်ကလေးက လွဲရင် စာအုပ်ချည်းပဲ ။ မတွေ့ကြဘူးလား”
“အဲဒါတွေက လူဖတ်တဲ့ စာအုပ်တွေ မဟုတ်ဘူး”
                        မလဲ့ခမျာ မချိသော်လည်း သွားဖြဲပြနေရတော့သည်။
“မဂ္ဂဇင်းတွေကလည်း တကယ် ခွန်အားရှိတယ်။ စာအုပ်နဲ့ လူကို ရိုက်သတ်ရင်တောင် ချက်ကောင်းထိရင် သေနိုင်လောက်တယ်”
“ကြော်ငြာများလို့ အချိန်စီးနေတာပါဟယ်။ အတွင်း ပုံတွေကတော့ အလန်းချည်းပဲ”
“ အရုပ်ကြည့်ရုံတော့ ကာဗာ နဲ့ တင်တန်ပါတယ်။ စာဖတ်ချင်ရင် ရှာမရတာ ဆိုးလှတယ်”
“အေးဟယ်။ မာတိကာ ကြည့်ချင်ရင်တောင် ကူညီပါရစေ ခေါ်ပြီး ရှာခိုင်းရမလို ဖြစ်နေပြီ”
“ဖတ်ချင်တဲ့ စာကလေး တစ်ပုဒ်တလေ တွေ့ရနိုးနဲ့ အရုပ်စာမျက်နှာတွေလှန်ရတာ ဗလတောင် တော်တော် တက်လာပြီ”
                        ပြောချင်ရာသာ ပြောကြပါစေတော့။ စွဲစွဲမြဲမြဲ စာပေ အငှားဆိုင်လေး ဆက်လက်တည်မြဲ နေစေ ချင်သေးသည်မို့ သီးခံခွင့်လွှတ်ထားရတော့သည်။ ဒါပေမယ့် စွဲစွဲမြဲမြဲလည်း ဘာသားနှင့် ထုဆစ်ထားတာ မို့လဲ။ မကြာမီ အမြစ်က ကျွတ်ထွက် လဲပြိုတော့မလားဟု တထင့်ထင့် တွေးပူနေရပြီ။
                        စာအုပ်ဖိုး ငွေချေရမည့် အကြိမ်တိုင်း မလဲ့တို့ လင်မယားနှစ်ယောက် ခေါင်းချင်းရိုက်လျှက် အသက်ရှူမ၀တာ ဘယ်သူ့ရှေ့မှာပဲ ဖြစ်ဖြစ် မငြီးတွားဖြစ်အောင် အထူး သတိထားနေရပါသည်။ ထိုသို့ နေနိုင်အောင်လည်း မလဲ့တစ်ယောက် ဆိုင်မှာ အအားမနေပဲ အပ်ချုပ်ဆိုင်မှ အပ်ထည်တွေကို လက်ချုပ်လိုက်၊ စီးကွင့်စ်ထိုး ခြင်းဖြင့် အပိုဝင်ငွေရှာကာ ဖြည့်ဆည်းစွမ်းဆောင်နေရတာ ဖြစ်သည်။ ဒါတောင် မလဲ့ယောက်ျားက မြော်မြင်စွာ စောစောစီးစီး အလုပ်ထွက်လုပ်ဖို့ သတိရခဲ့လို့ တော်တော့သည်။
                        အစဦးကတော့ စာအုပ် အငှားဆိုင်မှ ထွက်လာမည့် ငွေပိုလေးတွေစုပြီး မိတ္တူကူးဆိုင်လေးဖွင့်၊ စာစီစာရိုက်အလုပ်ကလေးပါ တွဲလုပ်ကြဖို့ တိုင်ပင်စိတ်ကူးထားကြတာ ဖြစ်သည်။ ခုတော့ တတ်မြောက်ထားသည့် DTP ပညာလေးလည်း မေ့လျော့ကာ အလကားမဖြစ်ရအောင် သူ့သူငယ်ချင်းဆိုင်မှာ လက်ခစား စာရိုက်ကူနေရပါသည်။ ဆိုင်မဖွင့်ခင် နံနက်ပိုင်းမှာ စက်ဘီးတစ်စီးနှင့် ဂျာနယ် လိုက်ပို့နေသေးသည်။ ဒါပေမယ့် မလဲ့တို့တတွေ ခုလိုကြာကြာ ဆက်လက် ထောက်ကန်အားတင်းထားဖို့ မလွယ်ကူတော့တာ ပိုလို့ သေချာလာနေပါပြီ။
                        သားကို ဒီနှစ် မူကြိုစထားရပြီ။ ရှေ့နှစ် ကျောင်းကြီးမှာ ပြောင်းထားရတော့မှာ။ သားအတွက်တော့ မိဘတွေထုံးစံ မလဲ့တို့နှစ်ဦးစလုံးက အများကြီး မျှော်လင့်ပြင်ဆင်ထားချင်သည်။ ပေးဆပ်ဖြည့်ဆည်းနိုင်သော အင်အားများစွာလည်း ရှိနှင့်နေချင်ကြပါသည်။
                        လောလောဆယ်တော့ စွဲစွဲမြဲမြဲ နှင့် တွဲလျှက် ကွမ်းယာ၊ ဆေးလိပ်အပါအ၀င် သွားရည်စာထုပ် အမျိုးမျိုးရောင်းချသောဆိုင် ကလေးကို တိုးချဲ့ထားလိုက်ပြီ။ မကြာခင် ဂျာနယ်အရောင်းကောင်တာလေးတစ်ခု စမ်းသပ်တိုးချဲ့ကြည့်ရဦးမည်။ ထီကိုယ်စားလှယ် အသိတစ်ယောက်နှင့်လည်း စကားစထားတာ ရှိသေးသည်။ ထီလက်မှတ်အရောင်းဆိုင်ကလေး ဖွင့်ဖြစ်လျှင်တော့ ဆိုင်နေရာ အတော်ပေးရမည်မို့ မလဲ့၏ စာအုပ်တွေကို အဖြစ်မနေ သံယောဇဉ်ဖြတ်ပစ်ရတော့မှာ…။ မဆိုစကောင်း ဒီနှစ် မိုးဦး၊ လေဦးမှာ မလဲ့တို့၏ စွဲစွဲမြဲမြဲ ဆိုသော ယိုင်နဲ့နဲ့ ဆိုင်ကလေး အမြစ်က ကျွတ်ထွက် လဲပြိုသွားလျှင် နားလည်ခွင့်လွှတ်ကြစေချင်ပါသည်။ ။
                                                                                              သတိုး
Thursday, April 12, 2012
မျှော်သူ
ပေါင်မုန့်ညို နှစ်လုံးပါသော အိပ်ကျွတ်မဲမဲကို လက်မှာဆွဲလျှက် လမ်းထိပ်ဆီသို့ ထွက်လာခဲ့သည်။ ကျနေ၏ အရောင် စူးပြဲ့ပြဲ့က မျက်လုံးတွေကို ကျိန်းစပ်နေစေနိုင်သေးသည်မို့ လက်ထဲမှာ ပါလာသော ဂျာနယ်စက္ကူသန့်သန့် နှစ်ရွက်ကို နဖူးပေါ်တင်ကာ နေရောင်ကာပြုရသည်။ ကျင့်သားရ မျက်လုံးများက အမှတ်မထင် ရှာဖွေမိတော့ ထင်သည့်အတိုင်း ဟိုကောင်လေး ကြိုရောက်နေနှင့်ကာ …လမ်းထိပ်မှာ အသင့်စောင့်နေနှင့်ပြီ။
“နေရီ။ ခဏစောင့်ဦး”
နောက်ဖက်ခပ်ဝေးဝေးဆီမှ လွင့်ခနဲ လိုက်လာသော ကြီးမေ၏ အသံကြောင့် လှမ်းလက်စခြေလှမ်းတွေကို တုန့်ကာ ရပ်စောင့်နေရသေးသည်။
“ငါပါ လိုက်ခဲ့မယ်”
ကြီးမေသည် နေရီအား စိတ်ချဟန်မတူ။
ကြီးမေ စိတ်ပူပန်မည်ဆိုလည်း ပူပန်သင့်ပါသည်။ နေရီတစ်ယောက် နေ့ဆက်နီးပါး ပေါင်မုန့်ကြမ်းနှစ်လုံးနှင့် လမ်းထိပ်ထွက်ခဲ့တာ တစ်လနီးပါးပင်ရှိတော့မည်။ ခုထိ အခြေအနေက မထူးခြားသေးဟု ကြီးမေက ဆိုလေသည်။
“နေရီ။ ညည်း ငါမှာသလို သေချာလုပ်ခဲ့ရဲ့လား”
“ဟုတ်။ လုပ်တယ်လေ ကြီးမေကလည်း…။ ကြီးမေ မှာလိုက်သလို စက္ကူသေချာခင်းပြီး ထားပေးခဲ့တာပဲ”
“ခွေးတွေရော ရောက်လာကြရဲ့လား”
“အင်း… လာတယ်”
“ဘာ… ပြန်ပြောစမ်း။ ဘာအင်း လဲ။ ဟုတ်ကဲ့လို့ ပြောဖို့ သင်ထားလျှက်နဲ့ …။ ကဲ … အဲဒါ အင်းဦး။ အင်းလို့ ပြောဦး”
အားခနဲ စူးစူးရှရှအော်ဟစ်ပစ်ရင်း ကြီးမေ လိမ်ဆွဲလိုက်သောပေါင်တစ်ဖက်ကို ခပ်ကြာကြာ ပွတ်သတ်ကာ နာကျင်လွန်းလှသယောင် တရှူးရှူး အမူပိုပြလိုက်ရသည်။ ကြီးမေတစ်ယောက် အဓိက ကိစ္စကို တိတိပပ စစ်မေးရန် မေ့သွားပြီ။ နေရီတစ်ယောက် အပြောအဆို မယဉ်ကျေး၊ မဖွယ်ရာသည့်အကြောင်း၊ ဘယ်လောက်သင်သင် မတတ်ကြောင်း တဖျစ်တောက်တောက် ရေရွတ်မြည်တွန်လို့ မဆုံးတော့ပြီ။
တကယ်က ဟုတ်ကဲ့ စကားတစ်ခွန်းက နေရီ့အဖို့ အသားကျ၊ နှုတ်စွဲနေခဲ့ပါပြီ။ နေရီ ကြီးမေတို့အိမ်ဆီ ရောက်ခဲ့တာဖြင့် နှစ်နှစ်ကျော်လို့ သုံးနှစ်အတွင်း ၀င်ခဲ့ပြီဥစ္စာ..။ ကြီးမေကို လိမ်ပြောရမှာ မ၀ံ့သောစိတ်ကြောင့်သာ အင်း…ဆိုပြီး ရုတ်တရက် နှုတ်ကထွက်သွားခဲ့တာ။
ခွေးတွေ ရောက်လာ၊ စားသောက်ကြတဲ့အထိ စောင့်ကြည့်လာခဲ့ဖို့ ကြီးမေက နေရီ့ကို သေချာ မှာထားခဲ့ဖူးတာ ဖြစ်သည်။ နေရီက ပေါင်မုန့် နှစ်လုံးကို စက္ကူခင်းပေါ် တင်ထားပြီးသည်နှင့် စောင့်ကြည့်မနေတော့ပဲ နောက်မလှည့်စတမ်း သုတ်ခြေတင် လှည့်ပြန်ခဲ့သည်ချည်း မဟုတ်လား။
လှည့်ကြည့်ဖြစ်လျှင်လည်း ဘယ်ခွေးတစ်ကောင်မှ ရောက်လာဦးမှာ မဟုတ်တာ နေရီ သိနေပါသည်။ ဟို အလျှင်ကတော့ နေရီတို့ လမ်းထဲမှာရော တစ်ရပ်ကွက်လုံးမှာပါ ခွေးလေ၊ ခွေးလွင့်တွေ ပေါများလွန်းခဲ့ဖူးသည်။ နောက်တော့ လမ်းပေါ်မှာ သွားလာနေသူတွေ မကြာခဏ ခွေးဆွဲခံရသည်။ ခွေးလိုက်ခံရသူ၊ ခွေးဆွဲခံရသူ အများစုမှာ ကလေးတွေ ဖြစ်နေတတ်ပြီး မိဘတွေက ကျိတ်မနိုင် ခဲမရ ဒေါသအမျက် ချောင်းချောင်းထွက်ကြရသော်လည်း ခွေးတွေက ပိုင်ရှင်မဲ့တွေဖြစ်နေပြန်ရာ ဘယ်သူ့ကို အရေးယူရမှန်းလည်း မသိ။ တချို့ကတော့ ခွေးကို ရက်စက်စွာ ရိုက်နှက်သတ်ဖြတ် လိုက်ကြလေသည်။ တချို့ကလည်း ကဏန်းထောင်ဖမ်းရာမှာ အစာအဖြစ် ခွေးသားက အကောင်းဆုံးဟု ဆိုကြလျှက် ၀င်ငွေစီးပွားကောင်းနေကြပြန်ရင်း ခွေးလေ၊ခွေးလွင့်တွေ တစစ လျော့နည်းရှားပါးလာတော့ပြီ။ ဒီလိုကာလ ရောက်လာလေမှ ကြီးမေ၏ အခါပေးဆရာက ခွေးလေခွေးလွင့်တွေကို ပေါင်မုန့်ကျွေးရန် အကြံပေးလိုက်သည်တဲ့။
စဦး တစ်ရက်၊ နှစ်ရက်မှာတော့ နေရီတစ်ယောက် စိတ်ရှည်သီးခံကာ လမ်းဆုံရောက်အောင်ထွက်လျှက် ခွေးလေလွင့်တို့ အရိပ်အယောင်ကို ရှာဖြစ်ခဲ့ပါသေးသည်။ တစ်ကောင်စ၊ နှစ်ကောင်စ အရိပ်မြင်မှ စက္ကူစ သေချာဖြန့်ခင်းကာ ပေါင်မုန့်ကို မြင်သာအောင်ပြလျှက် တအို့အို့ ခေါ်သည်။ မတတ်တတတ်ဖြင့် လက်ဖျစ်တီးသည်။ သို့ပေမယ့် တစ်ရပ်ကွက်လုံးမှာ သူတို့လို ခွေးတွေကို တယုတယ၊ ကျနသေချာစွာ တည်ခင်းကျွေးမွေးတာမျိုး ဘယ်သူမှ မရှိစဖူး။ တစ်ခါဖူးမျှ မကြုံစဖူးမို့ထင့်။ ဘယ်တစ်ကောင်မှ နေရီ့အနားသို့ ရစ်သီမလာရဲကြပေ။ တချို့က မယုံသင်္ကာဟန်ဖြင့် စောင်ပေပေ စောင့်ကြည့်နေကြသည်။ တချို့ကတော့ လည်ပြန် တချက်မျှကြည့်ကာ ကြောက်လန့်တကြား ထွက်ပြေးသွားကြတော့သည်။
ပေါင်မုန့်နှစ်လုံးမှ ကျပ်ငါးရာသာ ကျသင့်တာ နေရီ သိပါသည်။ ဒါပေမယ့် စားစရိတ်ငြိမ်း တစ်လ ကျပ်တစ်သောင်းခွဲသာရသော နေရီကတော့ နှမျောလို့ မဆုံးပေ။ ငွေငါးရာ အဟောသိကံ ဖြစ်သွားရတာ မဟုတ်လား။ အဲဒီ ငွေကို ခွေးလေလွင့်တွေကို ပေါင့်မုန့်ဝယ်မကျွေးပဲ နေရီ့အား မုန့်ဖိုးပေးလျှင် ဘယ်လောက် ကောင်းမလဲဟု တွေးမိသည်။ ရွာမှာ ကျန်နေရစ်သော အမေတို့ဆီ ငွေပို၍ ပို့နိုင်မည်။ အဲလိုဆို လာမယ့်နှစ်မှာ မောင်လေးတစ်ယောက် ကျောင်းထွက်ပြီး အလုပ် လုပ်စရာ မလိုတော့။ မောင်လေးက ရွာနှင့် နှစ်မိုင်လောက်ဝေးသော အလယ်တန်းကျောင်းမှာ ခြောက်တန်းတက်နေရတာ ဖြစ်သည်။
နေရီ့တုန်းကတော့ ရှစ်တန်းအောင်တဲ့အထိ အဖေက သူများလယ်မှာ သူရင်းငှားဘ၀နှင့် ကျောင်းထားပေးနိုင်ခဲ့သည်။ ခုတော့ အဖေက ရုတ်တရက်ဆုံးကာ အမေကလည်း မိုးမှာ ကောက်စိုက် အငှားလိုက်၊ နွေမှာ ကောက်ရိတ်၊ ပဲနုတ်လောက်သာ လုပ်တတ်သည်မို့ နေရီ့အား ကြီးမေတို့ဆီ ပို့ခဲ့ရတော့သည်။
စာတော်၍ ဇွဲရှိသောမောင်လေးတစ်ယောက် ကျောင်းထွက်ချင်မှာ မဟုတ်။ ဒါပေမယ့် သူ့အောက်မှာ လေးတန်းကျောင်းသား အမြွာမောင်နှမ ရှိသေးသည်။ အငယ်နှစ်ယောက်ကိုလည်း ချစ်မက်ညှာတာရမည်ကို မောင်လေး မသိပဲနေမည် မဟုတ်။ မိသားစုအကြောင်းကို သူလည်း အထိုက်အလျှောက်တော့ နားလည်တတ်နေပြီမို့ အလုပ်ထွက်လုပ်ရန်လည်း ၀န်းလေးနေမှာတော့ မဟုတ်ပါ။
ပေါင်မုန့်တွေကို ခွေးမကျွှေးတော့ပဲ ရွှေရင်အေးရောင်းသည့် ဒေါ်ရင်ကြည့်ကို လျှော့ဈေးနှင့် ရောင်းလိုက်ဖို့ နေရီ အကြိမ်ကြိမ် စိတ်ကူးမိသေးတာ ၀န်ခံပါသည်။ ဒါပေမယ့် လမ်းတကာလှည့်နေသော ရွှေရင်အေးသည်မှတဆင့် ကြီးမေ၏နားသို့ ပြန်မရောက်ပဲ နေမှာ မဟုတ်။ နေရီ အလုပ်ပြုတ်၊ အရှက်ရမည့်အပြင် ထမင်းအိုးပါ ကွဲရမည့်ကိန်းမို့ လက်လျှော့လိုက်ရတော့သည်။ ခုချိန်မှာ နေရီ့အပေါ် ကြီးမေ အမြင်ကြည်လင်နေဖို့ ကြိုးစားနေပြမှ ဖြစ်မည်။ မိုးဦးမကျမီ ကြီးမေထံမှ ကြိုတင်လုပ်အားခငွေ ခြောက်လစာကြိုထုတ်ချင်သည်။ အမေက ကြီးမေအား ကြိုတင်နားသွင်းထားရန် လူကြုံနှင့် မှာလိုက်သည်လေ။
ကြီးမေကလည်း ခုရက်တွေထဲမှာ အလုပ်တွေ အဆင်မပြေဟု ခိုညည်းသလို ညည်းနေတော့တာပဲ။ ဘဘကြီးနှင့် ကိုကိုကြီးတို့၏ အိမ်ဆောက်ပစ္စည်းဆိုင်က အရောင်းအ၀ယ် ကောင်းနေသော်လည်း လက်လွန်ထားသော ကုန်ကြွေးတွေက ပြန်မရဘူးလိုလို ဆိုပြန်သည်။ ဟိုပြေး၊ ဒီလွှား ဗေဒင်မေး၊ ယတြာချေ စသည်ဖြင့် ကြီးမေတစ်ယောက် စိတ်လေကာ ဗျာများနေသမျှ နေရီလည်း ဗာဟီရ အလုပ်တွေရှုပ်ကာ ဂျင်ခြေလည်ရတော့သည်သာ။ ဈေးကိုပတ်ကာ သစ်သီးစုံ ရှာဖွေဝယ်ရဖူးသည်။ အရွက်၊ အခက်တွေလည်း အရပ်ထဲလှည့်ကာ မေးမြန်းရ၊ ခူးဆွတ်ရနှင့် အနားကို မနေရတော့။ ဘုရားကျောင်းဆောင်မှာလည်း မွှေးရနံ့မျိုးစုံ ကြိုင်လှောက်နေတော့ပြီ။ ခု.. နောက်ဆုံး ကုစားရာကတော့ ကြီးမေတို့ မိသားစုမှာ ငွေကြေးကံနိမ့်နေသောကြောင့် တနလာင်္နံဖြင့် ယတြာချေကာ ကံမြှင့်နေရတာ ဖြစ်လေသည်။
ခွေးလေလွင့်တွေကို (ကြီးမေ အထင်) အစာကျွေးလာခဲ့တာ တစ်လနီးပါး ရှိတော့မည်။ အခြေအနေက ပြောင်းလဲထူးခြားကာ တိုးတက်မလာသေးဟု ကြီးမေခမျာ အားမရ၊ ညည်းငြူပြလေတိုင်း နေရီ လိပ်ပြာမလုံလှပါ။ လမ်းထိပ်မှာ နေရီ ချထားခဲ့သော ပေါင်မုန့်တွေကို ခွေးတွေ လာမစားလို့များလားဟု တွေးနေမိခဲ့ပြီ။ တကယ်တမ်းမှာ ခွေးလေလွင့်တွေ ထိုနေရာသို့ မျက်စေ့လည်ရောက်လာခဲ့လျှင်တောင် နေရီချထားခဲ့သော ပေါင်မုန့်နှစ်လုံးကို သူတို့ တွေ့ရမည်မထင်။ နေရီ့အား ချောင်းမြောင်းစောင့်ကြည့်ကာ နေရီကျောခိုင်းနောက်လှည့်ပြန်သည်နှင့် ပေါင်မုန့်နှစ်လုံးကို အလျှင်စလို လာယူသွားတတ်သော တစ်စုံတစ်ယောက် ရှိနေတာ နေရီသာမက ကြုံကြိုက်တိုက်ဆိုင်သော လမ်းထဲက လူတချို့ပါ သိကြပါသည်။ ဒါပေမယ့် နေရီကတော့ မသိယောင် ဆောင်နေမိဆဲပင်။
အဲဒီကောင်ကလေးကို နေရီ သိနေပါသည်။ မူလအရောင် မခန့်မှန်းနိုင်တော့သော လက်နှီးရောင် အင်္ကျီ ပွကြီးက ကြယ်သီးတွေ တောင်တက်တောင်ဆင်းမို့ ထောင့်တန်းဆွဲနေသည်။ ဒူးကျဘောင်းဘီကြီးကလည်း မထော်မနန်းပေ။ မဲညစ်ပေတူးနေသော မျက်နှာပေါ် ချွေးတွေစီးကျလာနေသည်ကို လက်ခုံတစ်ဖက်ဖြင့် ပွတ်သုတ်ထားသည်မို့ နဖူးပေါ်မှာ ကြေးကြောင်းရာကြီး ကန့်လန့်ဖြတ်ပေါ်နေတတ်တာ ရယ်ချင်စရာ။ ပြီး သနားစရာလည်း ဖြစ်ပြန်သည်။ ခြောက်တန်းကျောင်းသား၊ နေရီ့မောင်လေးအရွယ်မို့လည်း ထူးထူးခြားခြား သတိထားဖြစ်ခဲ့တာ ဖြစ်မည်။
“အစ်မ၊ ရေသန့်ဗူးခွံတို့၊ အချိုရည်ဗူးခွံတို့ရှိရင် ပေးပါလား”
နေရီတို့ ခြံနားမှာ ရစ်သီယောင်လည်နေဆဲ ကြီးမေက မယုံသင်္ကာစိတ်နှင့်…
“အဲဒီကလေးတွေ ခြံထဲထိ ၀င်မလာစေနဲ့”
… နေရီ့ကို သူ့အားနှင်ရန် စေခဲ့တာဖြစ်သည်။ ဒါပေမယ့် နောက်တစ်နေ့မှာတော့ သူမေးသော ရေသန့်ဗူးခွံတွေကို နေရီက အိမ်ထဲအနှံ ရှာဖွေနေမိပြန်တောတာ့ပင်။ ခြံထောင့်ရှိ သစ်ကိုင်းတစ်ခုမှာ မြင်သာအောင် ချိတ်ဆွဲထားပေးကာ ကောင်ကလေး ရောက်အလာကို မျှော်ရသည်။ တခြားကလေးတွေ တွေ့မြင်ယူငင်သွားမှာလည်း ပူပန်ရသေးသည်။ ဖြစ်နိုင်လျှင် ထမင်းဟင်း အကျန်လေးတွေ လူးလိမ်းနယ်ဖတ်ကာ ကောင်လေးကို ကျွေးချင်ပါသေးသည်။ ကြီးမေတို့က မိသားစုနည်းပါးလှသည့်ပြင် စိတ်သဘောလည်း မဆိုးလှသူတွေမို့ နေရီဆို ကိုယ်တိုင် ချက်ပြုတ်ခူးခပ်ပြီးသမျှ ထမင်းဟင်းတွေကို အိမ်ရှင်နှင့်တန်းတူ စားခွင့်ရနေတာဖြစ်သည်။ ခါတလေ…ကိုယ်က ဆီဦးထောပတ်နှင့် အညွန့်သား စားသောက်နေစဉ် ရွာမှာကျန်ရစ်သော မိသားစုတွေ ဘယ်လိုများ စားသောက်နေကြမှာပါလိမ့်ဟု သတိတရနှင့် မျိုမကျချင်။ နေရီ့မောင်လေးဆို အလွန် အကောင်းကြိုက်ကလေး ဖြစ်သည်။
“နင့်မှာ မိဘတွေ မရှိဘူးလား”
“အမေတော့ ရှိတယ်”
“အဖေကရော….”
“မရှိဘူး။ ဘယ်ရောက်သွားလည်း မသိဘူး”
“အမေကရော ဘာလုပ်လည်း…”
“အရင်တုန်းက ဗူးခွံတွေ လိုက်ကောက်သေးတယ်။ ယောက်ျားရတော့ မကောက်တော့ဘူး။ သူ့ယောက်ျားက ကန္နားတွေမှာ ကုန်ထမ်းတယ် ပြောတာပဲ။ ခု ကွဲသွားပြီ။ ညီမလေးက ငယ်သေးတော့ အမေက အလုပ် မလုပ်နိုင်သေးဘူးတဲ့”
“ညီမလေးက ဘယ်အရွယ်လဲ”
“အခါ မလည်သေးဘူး။ ဒါပေမယ့် အမေက ညီမလေးကို သူများပေးပစ်ဖို့ လုပ်နေတယ်။ ယူချင်တဲ့သူ ရှိတယ်တဲ့။ သားက ညီမလေးနဲ့ မခွဲနိုင်ဘူး။ မပေးချင်ဘူး။ အမေက မပေးချင်ရင် အလုပ်ပိုလုပ်တဲ့…”
ကြီးမေတို့ မကြည်ဖြူပဲ ဒီအိမ်မှ ထမင်း၊ ဟင်းကို ယူငင်ပေးသည်အထိတော့ နေရီ အတင့်မရဲသင့်ဘူး မဟုတ်လား။ ထို့ကြောင့်လည်း နေရီ ချထားသော ပေါင်မုန့်နှစ်လုံးကို ထိုကောင်ကလေး စောင့်ကာ ကောက်ယူသွားတတ်တာကိုတော့ သိသိကြီးနှင့် မမြင်ယောင်ဆောင်ကာ ၀ိနည်းလွတ် နေဖြစ်ခဲ့တော့တာ။
ခုတော့ ကြီးမေက အားမလို၊ အားမရတွေ ဖြစ်လာကာ အခါပေးဆရာဆီ နောက်တစ်ခေါက်ပြန်သွားဖြစ်ခဲ့ရာ…
“ဟဲ့.. နေရီ။ ပေါင်မုန့်က ဒီအတိုင်း ကျွေးရမှာ မဟုတ်ဘူးတဲ့။ ရေကလေး နည်းနည်းလောက် စိမ်ကျွေးရမှာတဲ့”
နေရီ လန့်ဖျတ်သွားသည်။ ပေါင်မုန့်ကို ရေစိမ်လိုက်ရင် စားလို့ ဘယ်ကောင်းပါတော့ မလဲ။
“ရေစိမ်လိုက်ရင် နူးပျော်ပြီး ပေါင်မုန့်အလုံးပျက်သွားမှာပေါ့ ကြီးမေရဲ့”
“ဟဲ့… မပျက်အောင် စွတ်ရုံကလေး ချိန်ဆလုပ်ရမှာပေါ့။ ဟိုတစ်ခါတည်းက ဆရာက သေချာမှာလိုက်တာ။ ငါက မေ့မေ့လျော့လျော့မို့…။ နင်လည်း ပါလျှက်သားနဲ့ သေချာ မှတ်မလာခဲ့ဘူး။ ဘာမှ အားမကိုးရဘူး”
ခုတော့ ရေစိမ်ပေးလိုက်သည်ကို အားမရ၊ စိတ်မချနိုင်ပဲ ကိုယ်တိုင်လိုက်ပါလာခဲ့တော့ပြီ။
“ဘယ်နေရာမှာ ကျွေးတာလဲ”
“ဟို မြင့်မြင့်နေရာ…”
မျက်ဝန်းထောင့်မှာ ညစ်ထေးပေစုတ်နေသော ချွေးအလိမ်းလိမ်း၊ ကြေးအထပ်ထပ် အရိပ်ကလေး ဖျတ်ခနဲပေါ်လာသည်။
“ညည်း သတ္တ၀ါတွေ တစ်ကောင်မှလည်း ပေါ်မလာကြသေးပါလား”
စိုစိစိ ပေါင်မုန့်တွေပေါ် ယင်ကောင်မည်းမည်းတွေ ၀ဲစပြုပြီမို့ လက်ဖ၀ါးကလေး တယမ်းယမ်းပြုနေမိသည်။
“အနီးအနားမှာ ရောက်နေမယ် ထင်တယ် ကြီးမေရဲ့။ ဒီနေ့ ကြီးမေပါလာတော့ မျက်နှာစိမ်းနေလို့ ချက်ချင်း အနားမကပ်ရဲသေးတာ ဖြစ်မယ်”
အောက်ခင်းစက္ကူတွေ ရေထိလျှက် စိုနူးကာ တရိရိ စုတ်ပြဲတော့မည်။ ကြီးမေကတော့ ဇွဲကောင်းနေဆဲ။ ဟို ကလေးကလည်း ခုထိ မပြန်သေး။ လက်လျှော့လိုက်ပါတော့လား မောင်လေးရယ်။ ကြီးမေကလည်း….
“ဆရာက သေချာ မှာလိုက်တာ ကြားတယ် မဟုတ်လား။ သူတို့စားနေတာကို သေချာစောင့်ကြည့်။ ကိုယ့်ဒါနအတွက် ပီတိတွေ တစိမ့်စိမ့်ပွားနေရမှာတဲ့။ ခုထိလည်း တစ်ကောင်မှ ပေါ်မလာကြသေးပါလား”
နေရောင် ညှိုးလုပြီ။ စိတ်ရှည်ဇွဲကြီးလွန်းလှသော ကြီးမေကလည်း နောက်လှည့် အိမ်ပြန်မည့်ပုံမပေါ်။ ဟို ကောင်ကလေးကလည်း ခုထိ မလှမ်းမကမ်းမှာ နေရာ မရွှေ့သေး။ ယင်တလောင်းလောင်းနှင့် ပေါင်မုန့်နှစ်လုံးကတော့ တဖြည်းဖြည်း ရိရွဲပျော့ပြဲလို့ လာသည်။ နေရီသည် ဘာကိုမှန်းမသိ။ အလိုမကျသလို၊ ၀မ်းနည်းသလိုကြီးဖြစ်လာကာ ငိုချပစ်လိုက်ချင်စိတ်ကို အတန်တန် ထိမ်းချုပ်နေရတော့သည်။               
                                                                                 သတိုး
Tuesday, March 27, 2012
ဆူးကြိမ်လုံး
လူကို ခြေဆုံးခေါင်းဖျား၊ ထက်အောက်စုံဆန် သိသာစွာ အကဲခပ်နေပုံက အနည်းငယ် ရိုင်းပြလွန်းသည်ဟု ကျွန်မ ခံစားခဲ့ရသည်။ ဒါပေမယ့် သူ့မအား တုန့်ပြန် မကြည့်ရဲခဲ့ပါ။ သူမက ကျွန်မထက် အပုံကြီး စီနီယာကျသော ၀ါရင့်ဆရာ တစ်ယောက်ဖြစ်သည်။ ကျွန်မက လုပ်သက် လက်ငါးချောင်းတောင် မပြည့်သေးသော ဆရာမ ပေါက်စလေးမျှသာ။ သင်ကြားမှု အတွေ့အကြုံ၊ ကျောင်းသားစရိုက်မျိုးစုံတို့အား အလျှော့အတင်းမှန်မှန် ထိန်းညှိကာ ဆုံးမသွန်သင်၊ ဆွဲဆောင်ပဲ့ပြင်ရာမှာ ကျွန်မထက် ရှေ့ကျသော ၀ါရင့် ဆရာ၊ ဆရာမများအားလုံး အား စံထားကာ သင်ယူရပါဦးမည်။ 
************
အမှန်အတိုင်း ၀န်ခံရလျှင် သူမထံမှလည်း ကျွန်မ လိုချင်လိုအပ်သောအရာ များစွာကို စုတ်ယူရရှိနိုင်မည်ဟု မျှော်လင့်ထားခဲ့မိတာ ဖြစ်ပါသည်။
**************
ကျွန်မ၏ ပထမဆုံးပိုစတင်က မြို့နှင့်ဝေးလှမ်းသော ကျေးရွာအုပ်စု ရွာကြီးတစ်ရွာ ဖြစ်သည်။ အထက်တန်းကျောင်း ဖွင့်ခွင့်ရခဲ့တာပင် ကျွန်မ အလုပ်မ၀င်မီ တစ်နှစ်နီးပါးခန့်က ဖြစ်သည်မို့ အသားမကျသေးသောကျောင်းမှာ အသစ်စက်စက် ဆရာမပေါက်စ ကျွန်မအတွက် အစစ၊ အရာရာ ခက်ခဲကြမ်းတမ်းခဲ့ပါသည်။ သွားရေးလာရေး၊ နေရေးစားရေးက အစ အဆင်မပြေဟု ကျွန်မ ခံစားခဲ့ရသော်လည်း ခုနေပြန်တွေးတော့ လွမ်းလွမ်းတတ ဖြစ်ရပြန်သည်ပင်။ အထူးသဖြင့် ရိုးသား၍ အရိုင်းဆန်သော တောသူတောင်သား၊ ကျွန်မ၏ တပည့်များပဲပေါ့။ မြို့ကျောင်းကို ပြောင်းရွှေ့မိန့်ရစဉ်က ကျွန်မ ထခုန်မတတ် ၀မ်းသာပျော်ရွှင်ခဲ့ရသော်လည်း သူတို့လေးတွေ၏ ငိုမဲ့မဲ့ မျက်နှာလေးတွေကို အမြင်မှာတော့ ကျွန်မလည်း သူတို့နှင့်အတူ ငိုခဲ့ရသေးသည်ပင်။ သူတို့နှင့်ဝေးရာ မြို့သို့ ကျွန်မအား တင်ဆောင်ခေါ်သွားတော့မည့် သဘောင်္ကလေး မြစ်လည်ရောက်သည်အထိ မြင်ကွင်းတဆုံး ကမ်းလုံးညွှတ်မျှ လိုက်ပို့ကာ နှုတ်ဆက်ကြပြန်လျှင် ကျွန်မ ၀မ်းပန်းတနည်း၊ မျက်ရည်လည်ရွှဲ ကြားက ရှက်ရွံ့ရကောင်းမှန်း သတိရသေးသည်။ ဘ၀ရဲ့ အစိတ်အပိုင်းများစွာထဲက နှစ်နှစ်ကျော်ကာလ ကလေးပဲ သူတို့နှင့်အတူ နေနိုင်စွမ်းသတ္တိ ရှိခဲ့တဲ့ ကျွန်မဟာ သူတို့အပေါ် တာဝန်ကျေခဲ့ရဲ့လား။ ကျွန်မတို့၏ တွေ့ဆုံကြုံကွဲ ဖြစ်ပျက်ပြောင်းလဲမှုက အနည်းငယ်တော့ မြန်ဆန်လှချည့်ဟု တွေးကာ နောင်တနှင့် လိပ်ပြာမလုံချင်။
အချိန်အားကလေးရတိုင်း လိပ်ပြာဆေးသည့်သဘောလည်း သက်ရောက်၊ ကျွန်မ၏ ကျောင်းသား များကိုလည်း အမှန်တကယ် သတိရကာ စိတ်မှန်းဖြင့် လွမ်းနေမိသေးသည်မို့ သူတို့လေးတွေ၏ ပုံသဏ္ဍန်၊ အကျင့်စရိုက်ကလေးတွေကို တစ်ကြောင်းဆွဲပုံဖော်ကာ ပြောပြဖြစ်သေးရာ…
“ဒီလို ပါပဲအေ။ ပထမဆုံး အတွေ့အကြုံဆိုတော့ လွမ်းမဆုံးဘူးပေါ့။ ကျုပ်တို့တော့ ရိုးဟိုးဟိုးနေလို့ သင်းတို့တတွေနဲ့များ ဝေးလေ၊ ကောင်းလေ…”
ကျွန်မ၏ စိတ်လိပ်ပြာကလေး လန့်ကာပြေးလေလျှင် ကျွန်မလည်း အလန့်တကြား နှုတ်ပိတ်နေလိုက်ရတော့သည်။
***************
ကျောင်းသို့ ရောက်စ နှစ်မှာ ကျွန်မ အတန်းပိုင် မရခဲ့ပါ။ ထို့ကြောင့် စာရင်းဇယားများ ပြုစုထိန်းသိမ်းရေးတာဝန် အနည်းငယ်မျှ သက်သာနေခဲ့သည်။ သို့ပေမယ့် ကျွန်မ အအားမနေခဲ့ပါ။ သင်ကြားရေးမှာ ပိုလို့ အာရုံစိုက်ဖြစ်ခဲ့ပါသည်။ ဝေယျဝစ္စ များပြားရှုပ်ထွေးလှသဖြင့် အတန်းမှန်မှန်မ၀င်နိုင်သော အတန်းပိုင်ဆရာများ၏ ကိုယ်စား ကျွန်မ တတ်နိုင်သမျှ စာသင်ချိန်ကို အစားယူကာ စာသင်ဖို့သာ ဆန္ဒပြင်းပြနေခဲ့သည်။ သူမကတော့ ကျွန်မအား နောက်ကွယ်မှာသာမက ရှေ့တင်လည်းပဲ…
“တံမျက်စည်း အသစ်ကလေးကိုး”
ပြောင်ပြောင်တင်းတင်းပဲ ချီမွမ်းခြေကျောက်ခဲ့လေသည်။ ကျွန်မ၏ ကျောင်းသားတွေက နားစွန်နားဖြား ကြားကာ စပ်စုကြပြန်ရာ….
“အလုပ်ဝင်စမို့သာ စာတွေ ကြုံးသင်နေတာ။ နောက်နှစ်တွေဆို သွေးအေးပြီး စာသင်တာလည်း လျော့လာမှာလို့ ပြောတာ”
ကျွန်မ၏ ကျောင်းသူတွေက သူမ၏ နောက်ကျောအား မျက်စောင်းယောင်ယောင်ဝဲလျှက် နှုတ်ခမ်းမဲ့ကြတာ မြင်လျှင်တော့ ကျွန်မ၏ အပြောအဆိုကို ကျောင်းသားတွေ ရှေ့မှာ ဆင်ခြင်ထိန်းသိမ်းသွားတော့ဖို့ ကိုယ့်ကိုယ်ကိုယ် တင်းတင်းကြပ်ကြပ် သတိပေးလိုက်မိတော့သည်။
“အပျိုဆရာမ ဆိုရင်တော့ သင်းတို့က သိပ်ခင်တွယ်တယ်”
ထောင်းခနဲ ဒေါသနှင့် စိတ်ထဲဆာလောင်လာပေမယ့် အသက်ပြင်းပြင်းရှူကာ ပူလောင်မှုတွေကို ဖျောက်ဖျက်လျှော့လျှ ပစ်ရတာ ပင်ပန်းတကြီးရှိလှလေသည်။
တကယ်ဆို ကျွန်မ၏ ကလေးတွေက သူတို့နှင့် အသက်အရွယ်ချင်း နီးစပ်သော၊ စိတ်ဝင်စားရာခြင်းလည်း သိသာစွာ မခြားနားလှသေးသော ဆရာ၊ ဆရာမတွေအား ပြောရဲဆိုရဲ ရှိကာ ရင်းနှီးကျွမ်းဝင်လွယ်ကြတာ ဖြစ်ပါသည်။ ဆရာ့ဂုဏ်သိက္ခာကို အရောင်မမဲ့စေပဲလျှက် ကျောင်းသားနှင့် အကျွမ်းတ၀င် ရှိခြင်းဟာ သင်ကြားရေးကို များစွာအထောက်အကူပြုသည်ဟု ကျွန်မ ထင်ပါသည်။ ထို့ပြင် ကျောင်းသား၏ လေးစားရင်းနှီးမှုကိုလည်း သင်ကြားခြင်းဖြင့်သာ တည်ဆောက်ရယူရပြန်သည်မို့ ကျွန်မ စာသင်ဖို့ရန် လောဘ ကြီးနေတတ်ပြန်မြဲ။
“နင်တို့သိပ်စိတ်ပျက်ဖို့ ကောင်းတာပဲ။ အပြင်ကျူရှင်တွေအားကိုးနဲ့ တစ်ယောက်မှကို အချိုးမပြေတော့ဘူး။ နင်တို့ သိပ်သိ၊ သိပ်တတ်နေကြပြီလား။ ဟုတ်လား။ နင်တို့ အတန်းကို စာမသင်ချင်တော့ဘူး”
…ပြောပြီး စာသင်ခန်းထဲက ဆောင့်ဆောင့်အောင့်အောင့် ထွက်လာသော သူမ၏နောက်မှာ ကလေးများက ပွစိပွစိ ပွက်လောရိုက်ကျန်ရစ်ခဲ့တာ သူမ မသိနိုင်ပါ။
“အဲဒီကောင် ပိုပြီး ရိုင်းစိုင်းလာတယ်”
ကလေးများဘက်မှ အယူခံဝင်ချင်မိသော်လည်း သတိကြီးကြီးထားကာ နှုတ်ပိတ် နေရပါသည်။ သူမတို့တတွေက ကလေးတွေကို ဖြတ်မလျှောက်ရဲလောက်အောင် အပြစ်ရှာတွေ့ တတ်ကြသူတွေဖြစ်သည်။ ဆံပင် ဘယ်လို လုပ်လာတာလဲ။ ပုဆိုးပြင်ဝတ်စမ်းကအစ အော်ဟစ် ငေါက်ငန်းကာ ပြောရမှ စေးစေးပိုင်ပိုင်ရှိသလို ထင်ကြတာ ဖြစ်သည်။ ဘာမှ ပြောစရာ မရှိလျှင် ခေါင်းငုံ့၊ လက်ပိုက်ကာ ပြုံးပြုံးကလေးနှင့် ဖျတ်ခနဲ ခိုးငေးအလာကို စောင့်ဖမ်းကာ ရှုတည်တည် တုန့်ပြန်တတ်ကြတာ ဖြစ်သည်။
ကျွန်မကတော့…
“ဆေးမင်ရည် စုတ်ထိုးဆိုတာ ဖျက်ဖို့ ပြင်ဖို့ မလွယ်ပါဘူးကွာ”
“ခု ဖျက်လို့ လွယ်နေပြီ ဆရာမရဲ့”
“လွယ်ပေမယ့် ငွေကုန်ကြေးကျ များတယ်ကွ။ ပြီးတော့ လူမှာ ကိုယ်ရောင်ကိုယ်ဝါရှိတယ်။ ဥပဓိလို့ ခေါ်မလားမသိဘူး။ တချို့တွေ ရုပ်မလှ၊ မချမ်းသာပေမယ့် သူတို့နဲ့ ဆက်ဆံတဲ့အခါ အရှိန်အ၀ါတစ်မျိုး ရှိနေတတ်သလို ခံစားရတာမျိုးလေ။ ဆရာမကတော့ ဆေးမင်ထိုးရင် နှစ်လိုလေးစားစရာ အရှိန်အ၀ါကောင်းတွေ လျော့သွားတယ်လို့ ထင်တယ်။ အသရေ လျော့တယ်ပေါ့”
“ဗီဒီယိုထဲမှာ ရာကူဇာတွေ ထိုးထားတာ နဂါးရုပ်ကြီးတွေ အရမ်းလှတာ။ ခုဆို အဆိုတော်တွေ၊ ရုပ်ရှင်မင်းသား၊မင်းသမီးတွေရော…။ အားကစားသမားတွေရော… တက်တူးထိုးကြတာ”
“ဟဲ့.. သူတို့က အသက်မွေး ၀မ်းကျောင်းအရ သူများထက်ထူးအောင်၊ ပေါ်ပြူလာဖြစ်အောင် လုပ်ကြတာပါ။ ကိုယ်က ကျောင်းသား။ ဘာဆိုင်တာ မှတ်လို့။ အားကျပြီး အတုခိုး မနေကြနဲ့ ။ မနေနိုင်လို့ လုပ်ချင်လှပါတယ်ဆိုရင်လည်း စတေကာကပ်ကြည့်…”
“တကယ်လား ဆရာမ”
စကားကျွံခဲ့ပြီကို သတိရပေမယ့် နုတ်ပယ်ပြင်ဆင်ရန် ခက်ခဲခဲ့ပြီမို့ နောင်တရချင်ပြီ။
“ဟေ့.. ကျောင်းကို လုပ်လာလို့ မရဘူးလေ။ ကျောင်းပိတ်ရက်တွေ မင်းတို့ဘာသာ အိမ်မှာ ကပ်ကြည့်ပေါ့။ ဒါပေမယ့် ဆရာမ ပြောရဲပါတယ်။ အဲဒါတွေကိုယ်ပေါ်မှာ ရှိနေကာကို မင်းတို့ ရေရှည် မကြိုက်နိုင်ပါဘူး”
တကယ်လည်း သူတို့တတွေ အကြာကြီး မနှစ်သက်ခဲ့ကြပါ။ ဘယ်အရာကိုမှလည်း တစွဲတလန်း သိပ်ရှိလှကြတာ မဟုတ်ပေ။ သူများလုပ်လျှင် လိုက်လုပ်ချင်ကာ ခဏကြာတော့လည်း မေ့ပျောက်လွယ်ကြသည်သာ။ သို့သော် မလုပ်နဲ့ဟု ဇွတ်တားလျှင် ရှေ့တိုးခိုးလုပ်ချင်ကြတာ ဆိုးလှသည်။
“ရုပ်က ဘာရုပ်ထွက်နေမှန်းမသိဘူး။ သူခိုး၊ ဂျပိုးရုပ်”
သူမက ထိုသို့ဆိုဖန်များလေလျှင်တော့ ကလေးတွေက အရွဲ့တိုက်ကာ ဆန့်ကျင်လိုဟန် ပြကြပြန်တော့ သည်ပင်။ ရှေ့တွင်တော့ ကုတ်ချောင်းချောင်းကလေးတွေ လုပ်ပြခဲ့ပေမယ့် ကွယ်သည်နှင့် ကော့ပက် ကော့ပက် တမင်လျှောက်ကာ လက်မနှင့် လက်သန်းထောင်လျှက် ဖုန်းဆက်ဟန် လုပ်ပြနေကြပြန်သည်မို့ ကျွန်မ မှာ ခိုးရယ်ခဲ့ရတာ အကြိမ်ကြိမ်..။
**************
ကျောင်းမှာ လက်ကိုင်ဖုန်း စ,ကိုင်နိုင်ခဲ့သူမှာ ကတော်ဆရာမ တစ်ယောက်ဟု ကြားသိမှတ်သား ခဲ့ဖူးပါသည်။ ထိုအချိန်ကတော့ လက်ကိုင်ဖုန်းဆိုတာ လူလတ်တန်းစား အများစုနှင့်ပင် အလှမ်းဝေးနေသေးသော အမြင့်စားဈေးနှုန်းမို့ ကျန် ဆရာ၊ ဆရာမတွေမှာ အားကျငေးမောလျှက်က ကြည့်မရနိုင်ခဲ့ကြပြန်။ ငါးသိန်းတန် လက်ကိုင်ဖုန်း တစ်ခေတ်မှာတော့ ဆရာ၊ ဆရာမ အတော်များများ လက်ကိုင်ဖုန်းတွေနှင့် ဖြစ်ကုန်ကြပြီ။ ထိုအခါ ဖုန်းအခွံပြိုင်ရသည့် အလုပ်တစ်လုပ်တိုးလာခဲ့သည်။ ဖုန်းမပိတ်ပဲ စာသင်ခန်းနှင့် အစည်းအဝေးခန်းမထဲ ၀င်သည့်ကိစ္စကို ကျောင်းအုပ်ကြီးက သတိပေးတားမြစ်ထားသောကြောင့် နေ့လည် ကျောင်းဆင်းချိန်တွေမှာသာ မိမိအိမ်ဆီ အပြိုင်ဖုန်းဆက်ကာ မှာတမ်းချွေကြရသည်။ တချို့ဆရာမတွေကတော့ ခင်ပွန်းသည်၏ အလုပ်ခွင်ဆီ ထမင်းစားကောင်းရဲ့လား၊ ညနေ အလုပ်ကနေ အိမ်တန်းပြန်နော်။ နောက်မကျစေနဲ့ စသည်ဖြင့် အီစီကရီ ကြရပြန်သည်။ သူမကိုတော့ တစ်နေ့တာ ကြိမ်နှုန်းအများဆုံး ဖုန်းပြောသူ ဆရာမ အဖြစ် ကျောင်းသားများက အသိမှတ်ပြုထားကြပါသည်။
ကျောင်းမှာတော့ ခပ်အေးအေးနေသော ဆရာ၊ ဆရာမ တချို့က လွဲလျှင် အားလုံးက အစစ ပြိုင်ဆိုင်နေကြတာပဲ ဖြစ်သည်။ လက်ကိုင်ဖုန်း၊ လက်ကိုင်အိတ်၊ လက်ဝတ်ရတနာသာ မက အဖြူအစိမ်း ဆင်တူဝတ်စုံကိုပင် ပိတ်စ တန်ဘိုးချင်းပြိုင်ကြသည်။ ကျောင်းသို့အလာ ဆိုင်ကယ်၊ ကားလည်း ပြိုင်သည်။ ဖိနပ်၊ ရေမွှေးလည်း ပြိုင်သည်။ ဆံထုံးနှင့် ပန်းလည်း ပြိုင်သည်။ အဆိုးဆုံးမှာ ကျောင်းသားများထံမှ ကန်တော့လက်ဆောင်ချင်း ပြိုင်ကြတာပဲ ဖြစ်သည်။
“ညည်းတို့နော်။ မသိတတ်ကြတာလား။ မသိချင်ယောင် ဆောင်နေကြတာလား။ သီတင်းကျွတ်တုန်းကလည်း ရောက်မလာကြဘူး။ ခု ကျောင်းပိတ်တော့မယ် ဟွန်း”
ကျွန်မမှာတော့ ရှေ့သို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာသော ကန်တော့လက်ဆောင် တွေကိုပင် အချိန်မရွေး ထပေါက်ကွဲတော့မည့်ဗုံးတစ်လုံးလို လက်ခံရန် တွန့်ဆုတ်တွေဝေနေရတာ သစ္စာ ဆိုဝံ့ပါသည်။ သည်ဆရာကို ကန်တော့လျှင် ဟိုဆရာက ဘာပြောမလဲဟု ကြောက်ရွံလို့သာ ရောက်လာရသော ကျောင်းသား ဘယ်နှစ်ယောက်ရှိနေမလဲဟု သံသယနှင့် အကဲခပ်မပျက်။ လက်အုပ်ချီကန်တော့နေကြစဉ်မှာ အသက်အောင့်ကာ ဘုရားကို အာရုံပြုနေမိသည့်ကြားမှ ငါ ကန်တော့ခံထိုက်တဲ့ ဆရာတစ်ယောက် ဟုတ်ရဲ့လားဟု ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်ရတာလည်း အမောပေ။
“သမီးတို့ကိုလေ။ မုန့် ၀ယ်လာမပေးလို့တဲ့…ဟီး…ဟီး”
တစ်လုပ်တစ်ဆုတ်စာ မုန့်အတွက်လည်း ပြောစရာဖြစ်အောင် လုပ်နေတတ်ပြန်တာ မခက်လား။ ကျောင်းအပ်လျှင်လည်း မုန့် ၀ယ်လာစေချင်ကြသည်။ ခုံနံပါတ် ထုတ်လျှင်လည်း အချိုရည်ကလေးနှင့် တွဲလျှက်ပါစေချင်ကြသည်။ ဆိုးစာပါသော တချို့ ကျောင်းသားတွေကတော့…
“ဆယ်တန်းအောင်မှ တစ်ကျောင်းလုံးကို အ၀ကျွေးမယ်လေ ဆရာမရဲ့ ဟဲ..ဟဲ”
“နင်တို့က ဒီတစ်သက် အောင်ဦးမှာမို့လား”
မည်းခနဲ မျက်နှာပျက်ကျသွားသော ထိုကျောင်းသားတို့ နှလုံးသားမှာ အမာရွတ်နက်နက် တစ်ခု စွဲထင်မသွားခဲ့ပါဘူးဟု ဘယ်သူ ငြင်းမလဲ။
**************
“ဘယ်သူ တရားပျက်ပျက် ကိုယ်မပျက်ဖို့ပဲ လိုတယ်”
ကျွန်မရဲ့ ဆရာမကတော့ အခါများစွာကအတိုင်း အေးချမ်းချစ်မက်ဖွယ် မူပိုင်အပြုံးကလေးမပျက် သိမ်မွေ့စွာ စကားဆိုလျှက်ပေ။
“သမီး စိတ်ညစ်တယ် ဆရာမ”
ဆရာမက ဦးခေါင်းကို ရွေ့ရွေ့ညင်သာ ခါရမ်းလိုက်လေကာ….
“သမီးကို ဆရာမ ပြောထားဖူးတယ်လေ။ ဘယ်တော့မှ…၊ ဘာအကြောင်းကြောင့်မှ…”
“ဟုတ်.. သမီး စိတ်တော့ မပျက်သေးပါဘူး”
ဆရာမက သူ့တပည့်မအား ကျေနပ်စိတ်ချသွားပုံနှင့်….
“အဲဒါတွေက အခိုက်အတန့်ပါ။ ရေရှည် မတည်နိုင်ပါဘူး။ ခေတ်စနစ် တစ်ခုပြောင်းရင်း သူ့အလိုလို ပြောင်းလဲလာလိမ့်မယ်။ မပြောင်းမလဲလုပ်နေရင် သူတို့တွေ ရပ်ကျန်ခဲ့ရလိမ့်မယ်။ သေချာတယ်”
…..ပြီးတော့ သမီးရဲ့ တပည့်တွေ…. ။ ခု ဆယ့်လေးငါးနှစ် အသက်အရွယ်မှာတောင် သူ့အသက်အရွယ်နဲ့တန်အောင် အကောင်းအဆိုး ခွဲခြားတတ်နေကြတာပဲ မဟုတ်လား။ သူတို့လေးတွေက ဒီအသက်အရွယ်၊ ဒီအသိတရားနဲ့ တသမတ်တည်း ရပ်တန့်နေကြမှာ မဟုတ်ဘူးလေ ။ ကိုယ် ပြင်ဆင်ထားရမှာက သူတို့ကို လူကြီးဘ၀နဲ့ ပြန်တွေ့ရမယ့် နောင်တစ်ချိန်မှာ ကိုယ့်ဘက်က လိပ်ပြာသန့်သန့်၊ ရဲရဲတင်းတင်း နှုတ်ဆက်ပြုံးပြနိုင်ဖို့ပဲ”
ကျွန်မ တွေဝေခြင်းကင်းစွာ ကတိပေးနိုင်ပါသည်။ ကျွန်မ၏ ရှေ့မှာ ကျွန်မ အတုယူ၊ အားကျခဲ့ရ၊ အားကျနေရဆဲ ဆရာမ တစ်ယောက်လုံး ရှိနေသေးတာ မဟုတ်လား။ ကျွန်မ ဆယ်တန်းကျောင်းသူ ဘ၀ ဘက်စုံထူးချွန်စားမေးပွဲဖြေရန် ရွေးချယ်ခံရစဉ်က သူ့အိမ်မှာပဲ နေ့နေ့ညည ခေါ်ထားကာ ထမင်းကျွေး၊ မုန့်ဖိုးပေးရင်း စာသင်ပေးခဲ့သော ဆရာမ။ တော်တဲ့သူတွေမှ ဆရာ၊ ဆရာမ ပိုဖြစ်ထိုက်တာ။ ဘီအီးဒီ ၀င်အောင်ကြိုးစားနော် လို့ တဖွဖွ အားပေးခဲ့ဖူးသေးတာ…။ ကျောင်းတက်နေစဉ်တစ်လျှောက်သာမက အလုပ်ခွင်ဝင်နေစဉ်မှာတောင် အဆင်ပြေရဲ့လား၊ ဘာတွေ လိုအပ်သေးလဲဟု လူကြုံတိုင်း မေးမြန်း ဖြည့်ဆည်းမှု မပျက်ကွက်ခဲ့စဖူး။ ဒီလိုနေ၊ ဒီလိုစား၊ ဒီလူနဲ့တွေ့ရင် ဒီစကားမျိုးဆိုဟု သွန်သင်လမ်းပြခဲ့ရုံမက ဖတ်ဖို့စာအုပ်က အစ ရှာဖွေကာ ပို့ပေးနေတုန်း။
“အားလပ်မှ လာပါအေ။ ညည်းမရောက်လာအားလည်းပဲ ကျုပ်က နားလည်ပါတယ်။ ညည်းရဲ့ သတင်းကောင်းကိုလည်း အမြဲ နားစွင့်ထားတာပဲ”
ကျွန်မရဲ့ လက်အုပ်ချီမှုကို ဆရာမက တွေဝေခြင်းကင်းစွာ ပီတိဖြင့်ခံယူနေတော့တာ ကျွန်မဖြင့် အားကျမဆုံးနိုင်ခဲ့။
***********
“၀မ်းမနည်းဘူး”
ထိုစကားကို သူမ၏နှုတ်မှ မမျှော်လင့်စွာ ကြားသိမိရစဉ် ကျွန်မ တုန်လှုပ်အံ့သြ သွားခဲ့ပါသည်။ သူမကိုယ်တိုင်ကတော့ အဆင်ခြင်မဲ့ စကားတစ်ခွန်းအတွက် အနည်းငယ်မျှ နောင်တရသွားဟန်မရှိ။ ပြန်လည်ပြင်ဆင် ရုတ်သိမ်းရကောင်းမှန်းလည်း သိတတ်ပုံမပေါ်ခဲ့ပေ။
“၀မ်းမနည်းဘူး”… ဆိုစကားဟာ ၀မ်းသာလိုက်တာ လို့ အဓိပ္ပါယ် မသက်ရောက်မှန်းတော့ ကျွန်မလည်း သိတာပေါ့။ ဒါပေမယ့် လူသားအချင်းချင်းကြားမှာ ဒီလိုနေစိမ့်ကြောင်တောင်တဲ့ စကားမျိုးတွေကို လက်လွန်ခြေလွန် သုံးနှုန်းဖို့တော့ မသင့်ဟု ထင်သည်။ ပြီးတော့ ဒါဟာ သူမ၏ တပည့်ဟောင်းများနှင့် ပတ်သက်သော သတင်းဆိုးဖြစ်နေသည် မဟုတ်လား။
ကျောင်းအုပ်ကြီး ရုံးခန်းကို ခဏ.. ခဏ ရောက်ကာ အကြိမ်ကြိမ် သတိပေးခံခဲ့ရဖူးတဲ့ ကလေးတွေဟာ လူလိမ္မာလေးတွေတော့ မဟုတ်ဘူးပေါ့။ ဆရာ၊ ဆရာမတွေ ဆိုဆုံးမစဉ်မှာတော့ ခေါင်းကလေးတညိတ်ညိတ်နှင့် ဟုတ်ကဲ့ချင်း ထပ်နေပေမယ့် နောက်ကွယ်သွားလျှင် ထင်ရာစိုင်း တတ်ကြပြန်တာလည်း ကျောင်းသားဆိုးကလေးတွေရဲ့ အမူအကျင့်ပါပဲ။ ဒါပေမယ့် ဥပက္ခာတရားနှင့် ဆုတ်နစ်စေသည်အထိတော့ သူတို့ ဘယ်သူ့ကိုမှ ဒုက္ခမပေးခဲ့ကြပါဘူး ထင်သည်။ ခုတော့.. တက္ကသိုလ်ကျောင်းသား လူဆိုးလေးနှစ်ယောက်၏ ဆိုင်ကယ်အက်ဆီးဒင့် ဖြစ်ရပ်က မရှုမလှ၊ ပွဲချင်းပြီး…။
အိုး…။ ဘယ်လောက်ခါးသီးဖို့ ကောင်းလိုက်ပါသလဲ။ ကြေကွဲဖွယ်လည်း အတိပြီးလေသည်။ သူမကတော့….
“ကြားကြတယ် မဟုတ်လား။ ဆရာကို ဆရာမှန်း မသိတဲ့ဟာတွေ….”
ဆရာကို ဆရာမှန်း မသိတတ်လောက်အောင် အရိုသေတန်သော ယဉ်ကျေးမှုတို့ ကျွန်မတို့ ၀န်းကျင်မှာ မတွယ်ကျယ်သေးဟု ထင်ပါသည်။ ဒါပေမယ့် ယိုယွင်းစတော့ ပြုလာနေပြီလား။ မည်သို့ပင်ဖြစ်စေ အသွားရှိလျှင် အပြန်လည်း ကြုံတတ်သော မေတ္တာတရား၏ အနက်သဘောကိုတော့ ကျွန်မတို့ မေ့မပစ်သင့်ကြပါ။
သူမ စာသင်ခန်းထဲမှ ထွက်ခွာသွားလေလျှင် ဆူးဒဏ်ရာနှင့် နှလုံးသားများစွာကတော့ ညည်းငြူသံ သဲ့သဲ့ပြုလျှက် နွမ်းယဲ့စွာ ကျန်ရစ်ခဲ့လေသည်။ ။
                                                                                    သတိုး