Saturday, June 23, 2012
ကြိုတင် ပန်ကြားချက်
                        နွေကျောင်းပိတ်ရက် အစဦးရက်များမို့ထင်သည်။ မလဲ့တို့နှင့် မျက်နှာချင်းဆိုင် လမ်းမတစ်ဘက်ရှိ Game ဆိုင်လေးမှာ ကျောင်းသားကလေးငယ် အရွယ်စုံတို့ ပျားပန်းခပ် စည်ကားနေတော့သည်။ တချို့ကလေးတွေက ထမင်းမေ့၊ ဟင်းမေ့မို့ အဖေ၊အမေတွေက စားချိန်လွန်မှ လိုက်ခေါ်ကြရတာလည်း မြင်နေ၊ ကြားနေရပြန်သည်။
                        မလဲ့တို့ ငယ်ငယ်တုန်းကတော့ အတန်းတင်စာမေးပွဲကြီးပြီးလျှင် စာအုပ်အငှားဆိုင်တွေဆီ ပြေးကြရတာ အောက်မေ့မိသေးသည်။ အငှားဆိုင်စာအုပ်စင်ပေါ်မှာ မဖတ်ရသေးသော ကာတွန်းအသစ်တွေက အပြိုင်အဆိုင်။ စံရွှေမြင့်၊ နန်းဦး၊ တင်အောင်နီ၊ မြိတ်ဝင်းထိန်၊ မင်းသိုက်…။ သမိန်ပေါသွပ်လည်း ကြိုက်သည်။ အာဖျံကွီးလည်း ရယ်ရသည်ပင်။ ရွှေဂေါင်းပြောင်ကိုတော့ အဟောင်း တစ်အုပ်စ၊ နှစ်အုပ်စသာ ဖတ်ဖူးသည်။ ဓါးရေး၊ လှံရေး တစ်ဖက်ကမ်းခပ်ကြသော ဇာတ်လိုက်ရုပ်ပုံလေးတွေက ချစ်စရာ။ အမြင်အာရုံမှာ သူတို့အားလုံးဟာ သက်ဝင်လှုပ်ရှားနေသလို ထင်ယောင်ရင်ခုန် နေမိတော့တာပင်။
                        ကာတွန်းစာအုပ်တချို့ကို ရွေးချယ်နေရင်းမှာပင် တချို့ကိုတော့ အငှားဆိုင်မှာပဲ အစ၊ အဆုံးပြီးအောင် ခပ်သွက်သွက်၊ တစ်ထိုင်တည်းဖတ်ခဲ့ကြသေးတာ ဖြစ်သည်။ ကိုယ်ကြိုက်သော စာအုပ် တစ်အုပ်၊ နှစ်အုပ်လောက်ကိုတော့ စာရင်းမှတ်ကာ အိမ်သို့ငှားလာခဲ့ကြတာပင်။ အိမ်ရောက်လျှင် ရောက်ချင်း ခဏငယ်ပင် မစောင့်ဆိုင်းနိုင်ပဲ တစ်ချောင်ချောင်မှာ ကိုယ့်လက်ထဲက ကာတွန်းစာအုပ်ကို အလုအယက်၊ အငန်းမရ ဖတ်ကာ ကြည်နူးပီတိ တငြိမ့်ငြိမ့်ဖြင့် ရှိနေရပြန်တော့သည်။ ဖတ်ပြီးသော စာအုပ်ကလေးကို ရင်မှာပိုက်ကာ သူငယ်ချင်းတွေနှင့် စာအုပ်အလဲအလှယ်ပြုရင်း သူ့စာအုပ်၊ ကိုယ်စာအုပ် အကောင်းပြိုင်ကြရတာလည်း ရှိသေးသည်။
                        မလဲ့တို့မေမေက ကာတွန်း၊ ၀ထ္ထုဖတ်တာ လူကို စိတ်လေစေသည်။ အမူအကျင့်ပေါ့သွမ်းစေသည်တဲ့။ မလဲ့၏ သူငယ်ချင်းတော်တော်များများ၏ မိဘတွေမှာလည်း မေမေ့လို အသိနှင့်ချည်းသာပင် ဖြစ်သောကြောင့် လူကြီးတွေမသိအောင် ခိုးဖတ်ကြရတာ ဖြစ်သည်။ စာအုပ်ချင်း လဲလှယ်လိုလျှင် ထိပ်တန်းလျှို့ဝှက်ချက်တစ်ခုလို အချင်းချင်းသာ သိနိုင်သော စကားဝှက်တွေသုံးကာ လူကြီးများ မျက်ကွယ်မှာ အချိန်းအချက်ပြုခဲ့ကြရတာ ခုနေပြန်တွေးလျှင် ပြုံးချင်၊ လွမ်းချင်စရာ…။
                        မလဲ့ ရှစ်တန်းနှစ်မှာ ကျောင်းစာအုပ်ကြားထဲမှာ ၀တ္ထုစာအုပ် ထည့်ညှပ်ပြီး စာခိုးဖတ်ခဲ့ဖူးရာ မေမေမိသွား၍ ရိုက်ခံထိဖူးခဲ့သေးသည်။ ဒါပေမယ့် ဆယ်တန်းအောင်ပြီးနောက် အနည်းငယ် ငြိုငြင်စကား ဆိုတတ်သည်မှ အပ မဂ္ဂဇင်း၊ ၀တ္ထုဖတ်ခွင့် ပါမစ် အလိုလို ရလာခဲ့တော့ပြီ။
                        ဆယ်တန်းအောင်တော့ အဝေးသင်တက္ကသိုလ်သာ တက်ခွင့်ရမည်မို့ ပိုနေသော အချိန်တွေမှာ အလုပ်တစ်ခုခု လုပ်ရမည် စဉ်းစားဖြစ်ရာ သူငယ်ချင်းတချို့မှာ ဆွဲခန့်မူလတန်းပြ ဆရာမလေးတွေ အဖြစ် ကျေးလက်သို့ တစ်ကွဲစီ ရောက်ရှိကုန်ကြသည်။ မလဲ့ကိုတော့ မေမေက စိတ်မချဟုဆိုကာ ပေးမလွှတ်ခဲ့ပြန်ပေ။ ရုံးဝန်းထမ်းဘ၀ကို ဖက်တွယ်ဖို့ ကြိုးစားကြည့်သော်လည်း အရာ မထင်ခဲ့ပြန်။ အလုပ်ရှာရင်း ဖူးစာရှာတွေ့ခဲ့ရသော မလဲ့သည် ယောက္ခမက ဆင်ပေးလိုက်သော တစ်ကျပ်သားလျော့လျော့ ရွှေကြိုးကလေးကို အရင်းအနှီးပြုကာ စာအုပ်အငှားဆိုင်ကလေးပဲ အိုးမကွာ၊ အိမ်မကွာ ဖွင့်တော့မည်ဟု အိမ်သားနှင့် နှစ်ဦးသဘောတူခဲ့လိုက်တော့သည်။
“စွဲစွဲမြဲမြဲ စာပေ”
                        အဖြူခံပေါ်မှာ စာလုံးနက်ပြာရင့်ရောင်နှင့် စာအုပ်အငှားဆိုင် ဆိုင်းဘုတ်ပြားလေးကို ငေးမော့လျှက် မလဲ့တို့ ဇနီးမောင်နှံ နှစ်ဦးသား ပီတိတွေ ရွှန်းအိလျှက် တသိမ့်သိမ့်ရင်ခုန်ကာ မျှော်လင့်ချက်တို့ ပြည့်လျှမ်းနေခဲ့သည်။
                        မလဲ့၏ စိတ်အတွေးမှာတော့ စွဲစွဲမြဲမြဲစာပေဟာ စာအုပ်ဖတ်သူ၊ ငှားသူတွေ ၀င်ချည်ထွက်ချည်၊ ပျားပန်းခပ်လျှက် သိုက်မြိုက်စည်ကားနေခဲ့တာ ဖြစ်သည်။ စာအုပ်အငှား ကျဲပါးသော နံနက်ခင်း၊ ညနေခင်းတွေမှာ သူက စာအုပ်အဖုံးတွေ ချုပ်နေလျှင် မလဲ့တစ်ယောက် စာအုပ်တွေကို အမျိုးအစားတူရာအလိုက် စီကာစဉ်ကာ နေရာချရင်း ကိုယ်နှစ်သက်ရာ စာအုပ်ကလေးတွေကို မြည်းစမ်းဖတ်ရှုနေမှာပေါ့။ ညနေခင်း လူစည်ကားချိန်မှာတော့ မလဲ့ကြိုက်တဲ့စာအုပ်ကလေးတွေကို စာဖတ်သူတွေကို ညွှန်းဆိုငှားရမ်းလိုက်ရမည်။ နောက်တစ်နေ့ အချိန်ရလျှင် အကြိုက်တူတဲ့ စာဖတ်သူချင်းနှစ်သက်မိသော စာအုပ်အကြောင်း စကားစမြည်ဆိုကြရင်း ရင်းနှီးမှုတွေ တိုးဖွဲ့လာတော့မည်။ ထိုသို့သော ရွှေရောင်ကာလကို မလဲ့တစ်ယောက် ကံအလှည့်သင့်စွာ ဘုရားစူး သိမီလိုက်ရသေးသော်လည်း ထိုကာလက အလွန်တိုတောင်းလျှင်မြန်စွာ ကုန်ဆုံးသွားခဲ့ပါသည်။
                        ခုတော့ မလဲ့၏ ပရိတ်သတ်က မလဲ့၏ စင်ပေါ်မှ စာအုပ်တွေကို သိပ်မကြိုက်ကြဘူးထင်သည်။ သူတို့တောင်းဆိုသော နာမည်ရှည်လျားဆန်းပြားသည့် စာရေးဆရာ၊ ဆရာမများ၏ လုံးချင်းဝတ္ထုများကိုသာ လှိုင်လှိုင်တင်ပေးဖို့ တောင်းဆိုကြသည်။ တစ်အုပ်လုံးနီးပါး ကြော်ငြာအရုပ်တွေချည်းလိုလိုပါသော မဂ္ဂဇင်းတွေသာ ဖတ်လိုကြသည်။ မင်းသား၏ မွေးနေ့၊ မင်းသမီးလေး၏ မင်္ဂလာဆောင် အခမ်းအနား ဓါတ်ပုံများကိုသာ ကြည်နူးရင်ခုန်လိုကြသည်။ အဆိုတော်မလေး၏ အတင်းဆန်ဆန် အချစ်ဇာတ်လမ်းကို အဦးဆုံး သိချင်စပ်စုလိုကြသည်။ တက်သစ်စ မော်ဒယ်လ်လေးတို့၏ လိုအပ်တဲ့နေရာမှာ ဟင်းလင်းဖွင့်ကာ မလိုသောနေရာမှာ ဝေ့၀ိုက်တွန့်ဖတ်၊ ပုံထပ်နေသော အဆန်းထွင်ဒီဇိုင်းများကိုသာ အာသာငန်းငန်း ရှုမြင်လိုကြသည်။ စာများသော မဂ္ဂဇင်းဆိုလျှင် ပျင်းကြသည် တဲ့။ ၀တ္ထုတောင်မှ စာတစ်ပိုဒ်မှာ ခပ်ကျဲကျဲဝါကျ တစ်ကြောင်းစီသာပါသော စာမျက်နှာများမှသာတဲ့လေ။
                        မလဲ့ဖတ်လိုသော ရသဇောင်းပေးသည့် မဂ္ဂဇင်းပရိသတ်က လေးငါးယောက်တောင်မှ ဖြစ်ဖြစ်ညှစ်ညှစ်ရှိတော့ရာ အရင်းကျေဖို့ပင် မလွယ်။ အနှစ်သာရရှိသော လုံးချင်းဝတ္ထုရယ်လို့လည်း လုံးဝကို မထွက်နိုင်သလောက် ဖြစ်ခဲ့ပြီ။ မလဲ့တစ်ယောက် ဖောင်စီးရင်း ရေငတ်နေတော့တာ…။
                        စာရေးသူနှင့် ထုတ်ဝေသူ တချို့ကလည်း ယုတ်မာကြသေးသည်။ ထုတ်ဝေပြီးသား ကာတွန်း၊ ၀တ္ထုတွေကို နာမည်ပြောင်းကာ စာအုပ်အသစ်ဟန် ထုတ်ဝေလာကြတော့ စာအုပ်တန်ဖိုး နှစ်ခါရင်းရသည်။ စာဖတ်သူထံမှ ယုံကြည်မှု လျော့နည်းလာတော့ စာအုပ်အငှားဆိုင်တွေသာပဲ ကြားက နစ်နာရပြန်တော့သည်။
“စာအုပ်ငှားခတွေလည်း မသက်သာတော့ပါလားဟယ်”
“အားနာပါတယ် အစ်မရယ်။ စာအုပ်ဈေးတွေကလည်း တက်ပြီးရင်း တက်နေလို့ပါနော်”
                        မဂ္ဂဇင်းတစ်အုပ်ကို ပျမ်းမျှ ဆယ့်ငါးရက်လောက် ငှားရမှ အရင်းကျေမှာ ဖြစ်သည်။ သို့ပေမယ့် တစ်ပါတ်၊ဆယ်ရက် ငှားရဖို့တောင် အနိုင်နိုင်ဖြစ်လာနေရာ အရင်းကျေဖို့ပင် မလွယ်ကူတော့သော အခြေအနေဖြစ်ပါသည်။ အပျော်ဖတ် ကာတွန်း၊ ၀တ္ထုတွေသည်လည်း အသစ်ဘ၀မှာ တစ်လချင်း အရင်းကျေနိုင်တာ ခပ်ရှားရှားပေ။ သို့ပေမယ့် ကာတွန်းနှင့် ၀တ္ထုတွေကမှ နယ်အငှားဆိုင်လေးတွေကို ပြန်ချလို့ ရသေးသည်။ ဆယ့်ငါးရက်တစ်ဖြတ် ငှားယူပြီး ဆိုင်တင်ကာ လက်လီပြန်ငှားပေးကြသော ဆိုင်ကလေးတွေက ကာတွန်း၊ ၀တ္ထုတွေကို စုတ်ပြဲသည်အထိ ငွေပြန်ဖော်ပေးနေသောကြောင့် ကျေးဇူးတင်နေရတော့သည်။ မဂ္ဂဇင်းကတော့ လလယ်ရောက်လျှင် ပုံထပ်နေတော့ပြီ။ နောက်လထုတ် ရောက်လာသည်နှင့် ချက်ချင်း တန်းဆင်းရတော့ကာ စက္ကူအလေးချိန်တန်ဖိုးသာ ရှိတော့သည်။
“ညီမလေးရေ..။ စာအုပ် အသစ်တွေ ရောက်တယ်နော်”
                        ကျေးဇူးတင်စွာ ၀မ်းသာအားရ ၊ ဆိုင်ပေါ်သို့ ခုန်ပေါက်ရောက်လာကြဖို့ မျှော်လင့်သော်လည်း…
“ဒီည မြန်မာကား အသစ် ရလာလို့ မလဲ့ရေ။ နောက်ညမှ လာမယ်နော်”
                        မြန်မာ ဗီဒီယိုဇာတ်လမ်းတစ်ခွေက တစ်အိမ်လုံး ကြည့်လို့ရသည်။ စည်းလုံးချစ်ကြည်စွာ စုစုရုံးရုံး၊ အုံးတသဲသဲလည်း ပွဲကျနိုင်သေးသည်။ ကုန်ကျငွေကြေးကတော့ သိပ်မကွာလှပေ။ အနှစ်သာရ ကင်းမဲ့တာချင်း ကျတော့လည်း အတူတူပင်။ အပျင်းပြေ၊ အချိန်ဖြုန်းကြသော သဘော သက်ရောက်မှုချင်းလည်း မကွာလှ။
                        မလဲ့တို့ ကျောင်းသားဘ၀ကတော့ ကျောင်းပိတ်ရက်ကို မျှော်ကြရတာ ဖြစ်သည်။ ကျူရှင်နှင့်ကျောင်းကို ပြေးလွှားလွန်းထိုးရကောင်းမှန်းလည်း မသိကြသေးဘူး မဟုတ်လား။ တီဗွီ၊ ဗွီဒီယို မရှိ။ ရုပ်ရှင်က တစ်ပါတ်၊ ဆယ်ရက်လောက်နေမှ ကားသစ် ရုံတင်နိုင်တာ ဖြစ်သော်လည်း ရုပ်ရှင်ဇာတ်ကား အသစ်လဲတိုင်း မကြည့်ကြရပါ။ စနေ၊ တနင်္ဂနွေလို ကျောင်းပိတ်ရက်တွေမှာ စာအုပ်အငှားဆိုင်ဆီသာ အပြေးပြိုင်ကြရတာ။ ကျောင်းရက်ရှည်ပိတ်လျှင်တော့ တေးမှတ်ထာေးသာ စာအုပ်တွေကို အလုအယက်၊ တိုးဝှေ့ရွေးချယ်ကာ အပြိုင်အဆိုင်၊ ထိုင်ရာမထ အလုအယက် စာဖတ်ကြတော့တာ။ ခုတော့ ကျောင်းပိတ်ရက်တွေမှာ ဂိမ်းဆိုင်၊ အင်တာနက်ဆိုင်တွေမှာသာ လူစည်နေပြန်တော့တာ…။ အင်တာနက်မှာ ဟိုဝင်သည်ထွက်ပြုကြရင်း ညည့်နက်ထိ ချက်တင်ထိုင်ကြသော အလေ့ကလည်း စာအုပ်တွေကို မေ့လျော့စေသည် ထင်ပါ၏။ ပြောကြကြေး ဆိုလျှင် မလဲ့တို့နှင့် လက်လှမ်းတမီမှာ မရှိနိုင်သော စာအုပ်ကောင်း အတော်များများကို အွန်လိုင်းပေါ်မှာ free download ယူလို့ရနေတာ မဟုတ်လား။
                        မလဲ့ သိမီသလောက် မလဲ့တို့ခေတ်က မလဲ့တို့နှင့် ရွယ်တူ ယောက်ျားလေးအများစုသည် သွားလေရာ စာအုပ်ကလေးတစ်အုပ် ကိုင်လျှက် လမ်းထွက်တတ်ကြတာ စတိုင်လ်တစ်ခုလို ဖြစ်ခဲ့ဖူးသည်။ လူအထင်ကြီး ခံရရုံ၊ ဟန်ပြသက်သက်သမားတွေတော့ ဟုတ်ပုံမရကြပါ။ လက်ဘက်ရည်ဆိုင်မှာ၊ ဒါမှမဟုတ်လည်း တစ်နေရာရာမှာ စောင့်ဆိုင်းစရာ ကိစ္စတစ်ခုကို စောင့်နေရလျှင် စာအုပ်ကလေးနှင့် မျက်နှာအပ်လျှက်ပေ။ ခုခေတ် လူငယ်လေးတွေကတော့ ဘိလိယက်ခုံမှာ တစ်နေကုန်တတ်ကြပြန်တာ။ ဘောလုံးပွဲလောင်းရင်း အိပ်ရေးပျက်တတ်ကြပြန်တာ။ ဘီယာဆိုင်မှာ ရီဝေေ၀ လေလုံးထွားတတ်ကြသူတွေလည်း မရှား။ သူတို့သိမီသော မြန်မာစာရေးဆရာ၊ ဆရာမကြီးများ၏ အမည်ကို ပြောပြစမ်းပါဆိုလျှင် လက်ဆယ်ချောင်းပင် ပြည့်အောင် ရွတ်ပြနိုင်ကြမည် မထင်။ သူတို့ နှုတ်မှ ပေါ့ပေါ့လွယ် ထွက်ကျလာမည့် ထိုအမည်တွေထဲမှာ အပျော်ဖတ် လုံးချင်းလိုင်းမှ best seller စာရေးဆရာ၊ ဆရာမတွေ၏ အမည်ပင် ပါဝင်လိမ့်ဦးမည် ထင်သည်။ ပြီး ဘယ်စာရေးဆရာက ဘယ်လို စာပေအမျိုးအစား ရေးသားသည်ကိုလည်း သိပုံမရ။ စိုးစဉ်းမျှလည်း စိတ်ဝင်စားပုံ မရကြပါ။ “မောင်ထင်နှင့် ငဘ” ကို စာရေးဆရာနှင့် စာအုပ်အမည် သေချာခွဲခြားမသိကြပေ။ မြသန်းတင့်ဟု ပြောလျှင် စာရေးဆရာမဟု အထင်ရောက်တတ်ကြပြန်တာ..။ “ ဓါးတောင်…” ဟူသော ဂန္ထ၀င်ဝတ္ထုရှည်ကြီး၏ အမည်ကို ကြားဖူးသည်ဟုဆိုလျှင် ကျေးဇူးတင်ရမည်။ ဇာတ်လိုက် သံချောင်း၏ အမည်ကို သူတို့ရှေ့မှာ ပြောမိလျှင် အရပ်ထဲမှ ရေထမ်းသမားနှင့် မှားဦးမည် မုချ။
                        စာကို တမ်းတမ်းမက်မက် ဖတ်ရှုကြသော စာဖတ်ပရိတ်သတ် မရှိဘူးလားမေးလျှင် လက်တစ်ဆုတ်စာ ရှားရှားပါးပါးတော့ ရှိနေပါသေးသည်ဟု ဆိုရပါမည်။ သူတို့ခမျာများကျတော့လည်း တစ်ဒုက္ခဟု ဆိုရပါမည်။ ဂန္ထ၀င် စာအုပ်အဟောင်းတွေကျတော့လည်း အကြိမ်ကြိမ် ဖတ်ပြီးခဲ့ကြပြီ။ ရသစာအသစ်ကို သူတို့ သွေးတောင်းနေကြပါသည်။ ဒါပေမယ့် လောက်လောက်လားလား ဖတ်ရှုစရာ ရသစာအသစ်တစ်အုပ် ဖတ်ရပါမည့်အရေးက သူတို့အတွက် ဒုလ္လဘ တရားကြီးပေ။ နေ၀င်းမြင့်၊ ဂျူး၊ ခင်ခင်ထူး၊ လင်္ကာရည်ကျော် လောက်သာ မ၀ရေစာ စောင့်ဖတ်ကြရပြန်တော့တာ ဖြစ်သည်။ ခြောက်လ၊ တစ်နှစ်နေလိုလည်း ထိုစာရေးဆရာများ၏ စာအုပ်သစ်ကို ဖတ်ကြရဖို့ မသေချာပါ။ မင်းလူလည်း အဟောင်းလေးတွေပဲ အကောင်းလုပ်ကာ ရယ်မောရွှင်ပြနေကြရတော့တာပင်။
                        သူတို့ကျတော့ည်း အငှားဆိုင် စားပွဲပေါ်ရှိ တောင်ပုံယာပုံ အနုအလှ၊ သမုဒယများကိုတော့ မျက်နှာဖုံးပင် မကြည့်။ ကောက်ကိုင်ဖော်မရကြ။ သရဲတစ္ဆေ ၀တ္ထုများကျတော့လည်း ည…ည ၀တ္ထုအကြောင်း ပြန်တွေးမိပြီး အိပ်မပျော်မှာ ကြောက်လို့ဟု ရယ်ရယ်မောမော ဆိုကြပြန်သည်။
“ကြောက်တတ်လိုက်တာ လွန်ပါရော...”
                        မသိသား ဆိုးရွားစွာ စကားထောက်မိစဉ်…
“ကြောက်ချင်လို့ဖတ်တာ မကြောက်ရတဲ့အပြင် ဘာတွေမှန်းမသိလို့ စိတ်တွေတိုရ၊ တနုံ့နုံ့ ဒေါသ ဖြစ်ရနဲ့ အိပ်မပျော်တာဟေ့”
                        ဒါပေမယ့် ပေတ ၀တ္ထုတွေက မလဲ့တို့လို စာအုပ် အငှားဆိုင်လေးတွေကို အချိန်ကာလ တစ်ခုအထိ လုပ်ကျွေးခဲ့ဖူးသေးတာမို့ ကြံဖန်ကျေးဇူးတင်ချင်စရာ ပါ။ သူ့အရင်က ဂမ္ဘီရတွေပေါ့။ အခုတလောမှာတော့ ပဟေဠိ ၀တ္ထုလေးတွေ ခေတ်စားနေပြန်ပြီ။
“မလဲ့ဆိုင်ကလည်း တဖြည်းဖြည်း ဖတ်စရာ စာအုပ် မရှိတော့ဘူး”
“ဟယ်.. အဲလိုတော့ မတရား မပြောကြပါနဲ့။ တစ်ဆိုင်းလုံး ကျုပ်ထိုင်စရာ နေရာလွတ်ကလေးက လွဲရင် စာအုပ်ချည်းပဲ ။ မတွေ့ကြဘူးလား”
“အဲဒါတွေက လူဖတ်တဲ့ စာအုပ်တွေ မဟုတ်ဘူး”
                        မလဲ့ခမျာ မချိသော်လည်း သွားဖြဲပြနေရတော့သည်။
“မဂ္ဂဇင်းတွေကလည်း တကယ် ခွန်အားရှိတယ်။ စာအုပ်နဲ့ လူကို ရိုက်သတ်ရင်တောင် ချက်ကောင်းထိရင် သေနိုင်လောက်တယ်”
“ကြော်ငြာများလို့ အချိန်စီးနေတာပါဟယ်။ အတွင်း ပုံတွေကတော့ အလန်းချည်းပဲ”
“ အရုပ်ကြည့်ရုံတော့ ကာဗာ နဲ့ တင်တန်ပါတယ်။ စာဖတ်ချင်ရင် ရှာမရတာ ဆိုးလှတယ်”
“အေးဟယ်။ မာတိကာ ကြည့်ချင်ရင်တောင် ကူညီပါရစေ ခေါ်ပြီး ရှာခိုင်းရမလို ဖြစ်နေပြီ”
“ဖတ်ချင်တဲ့ စာကလေး တစ်ပုဒ်တလေ တွေ့ရနိုးနဲ့ အရုပ်စာမျက်နှာတွေလှန်ရတာ ဗလတောင် တော်တော် တက်လာပြီ”
                        ပြောချင်ရာသာ ပြောကြပါစေတော့။ စွဲစွဲမြဲမြဲ စာပေ အငှားဆိုင်လေး ဆက်လက်တည်မြဲ နေစေ ချင်သေးသည်မို့ သီးခံခွင့်လွှတ်ထားရတော့သည်။ ဒါပေမယ့် စွဲစွဲမြဲမြဲလည်း ဘာသားနှင့် ထုဆစ်ထားတာ မို့လဲ။ မကြာမီ အမြစ်က ကျွတ်ထွက် လဲပြိုတော့မလားဟု တထင့်ထင့် တွေးပူနေရပြီ။
                        စာအုပ်ဖိုး ငွေချေရမည့် အကြိမ်တိုင်း မလဲ့တို့ လင်မယားနှစ်ယောက် ခေါင်းချင်းရိုက်လျှက် အသက်ရှူမ၀တာ ဘယ်သူ့ရှေ့မှာပဲ ဖြစ်ဖြစ် မငြီးတွားဖြစ်အောင် အထူး သတိထားနေရပါသည်။ ထိုသို့ နေနိုင်အောင်လည်း မလဲ့တစ်ယောက် ဆိုင်မှာ အအားမနေပဲ အပ်ချုပ်ဆိုင်မှ အပ်ထည်တွေကို လက်ချုပ်လိုက်၊ စီးကွင့်စ်ထိုး ခြင်းဖြင့် အပိုဝင်ငွေရှာကာ ဖြည့်ဆည်းစွမ်းဆောင်နေရတာ ဖြစ်သည်။ ဒါတောင် မလဲ့ယောက်ျားက မြော်မြင်စွာ စောစောစီးစီး အလုပ်ထွက်လုပ်ဖို့ သတိရခဲ့လို့ တော်တော့သည်။
                        အစဦးကတော့ စာအုပ် အငှားဆိုင်မှ ထွက်လာမည့် ငွေပိုလေးတွေစုပြီး မိတ္တူကူးဆိုင်လေးဖွင့်၊ စာစီစာရိုက်အလုပ်ကလေးပါ တွဲလုပ်ကြဖို့ တိုင်ပင်စိတ်ကူးထားကြတာ ဖြစ်သည်။ ခုတော့ တတ်မြောက်ထားသည့် DTP ပညာလေးလည်း မေ့လျော့ကာ အလကားမဖြစ်ရအောင် သူ့သူငယ်ချင်းဆိုင်မှာ လက်ခစား စာရိုက်ကူနေရပါသည်။ ဆိုင်မဖွင့်ခင် နံနက်ပိုင်းမှာ စက်ဘီးတစ်စီးနှင့် ဂျာနယ် လိုက်ပို့နေသေးသည်။ ဒါပေမယ့် မလဲ့တို့တတွေ ခုလိုကြာကြာ ဆက်လက် ထောက်ကန်အားတင်းထားဖို့ မလွယ်ကူတော့တာ ပိုလို့ သေချာလာနေပါပြီ။
                        သားကို ဒီနှစ် မူကြိုစထားရပြီ။ ရှေ့နှစ် ကျောင်းကြီးမှာ ပြောင်းထားရတော့မှာ။ သားအတွက်တော့ မိဘတွေထုံးစံ မလဲ့တို့နှစ်ဦးစလုံးက အများကြီး မျှော်လင့်ပြင်ဆင်ထားချင်သည်။ ပေးဆပ်ဖြည့်ဆည်းနိုင်သော အင်အားများစွာလည်း ရှိနှင့်နေချင်ကြပါသည်။
                        လောလောဆယ်တော့ စွဲစွဲမြဲမြဲ နှင့် တွဲလျှက် ကွမ်းယာ၊ ဆေးလိပ်အပါအ၀င် သွားရည်စာထုပ် အမျိုးမျိုးရောင်းချသောဆိုင် ကလေးကို တိုးချဲ့ထားလိုက်ပြီ။ မကြာခင် ဂျာနယ်အရောင်းကောင်တာလေးတစ်ခု စမ်းသပ်တိုးချဲ့ကြည့်ရဦးမည်။ ထီကိုယ်စားလှယ် အသိတစ်ယောက်နှင့်လည်း စကားစထားတာ ရှိသေးသည်။ ထီလက်မှတ်အရောင်းဆိုင်ကလေး ဖွင့်ဖြစ်လျှင်တော့ ဆိုင်နေရာ အတော်ပေးရမည်မို့ မလဲ့၏ စာအုပ်တွေကို အဖြစ်မနေ သံယောဇဉ်ဖြတ်ပစ်ရတော့မှာ…။ မဆိုစကောင်း ဒီနှစ် မိုးဦး၊ လေဦးမှာ မလဲ့တို့၏ စွဲစွဲမြဲမြဲ ဆိုသော ယိုင်နဲ့နဲ့ ဆိုင်ကလေး အမြစ်က ကျွတ်ထွက် လဲပြိုသွားလျှင် နားလည်ခွင့်လွှတ်ကြစေချင်ပါသည်။ ။
                                                                                              သတိုး
7 comments:
  1. ကျွန်မလည်း စာအုပ်ဆိုင်ဖွင့်ခဲ့ဖူးတယ်
    ဆယ်တန်းအောင်တုန်းကစာဖတ်ဝါသနာပါလွန်းလို့ ကိုယ်တိုင်လည်း ဖတ်ရအောင်ဆိုပြီး ဖွင့်လိုက်တာပါ။
    မလဲ့ရဲ့ ခံစားချက်ကို ကိုယ်ချင်းစာမိတယ်။
    ကိုယ်ကြိုက်တဲ့စာအုပ်တွေကို စာဖတ်သူတွေက မကြိုက်ကြပါဘူးလေး)
    စွဲစွဲမြဲမြဲဆိုင်လေး အမြစ်က ကျွတ်ထွက်မသွားပါစေနဲ့လို့ ဆုတောင်းရင်း
    ReplyDelete
  2. ဘဝတိုက်စားတဲ့အထဲမှာ စာအုပ်ဆိုင်လေး ပျောက်ကွယ်သွားတာ နှမြောစရာအကို..:(:(
    ReplyDelete
  3. ခေတ်ရေစီးကြောင်းကြောင့်ထင်ပါရဲ့ လူငယ်တစ်ချို့ ချတ်တင်ထိုင်ရင်းအချိန်တွေကို ကုန်လွန်စေတာအမှန်ပဲနော်။
    စွဲစွဲမြဲမြဲဆိုင်လေး နာမည်သွားရာ ဓာတ်သက်ပါ ဆိုသလို တစ်ခြားလုပ်ငန်းလေးတွေပါ
    ထပ်လောင်းပေါင်းစပ်ရင်း ခိုင်မြဲတိုးတက် အောင်မြင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ကွယ်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေနော်။
    မေတ္တာဖြင့်
    အန်တီတင့်
    ReplyDelete
  4. စံရွှေမြင့်၊ နန်းဦး၊ တင်အောင်နီ၊ မြိတ်ဝင်းထိန်၊ မင်းသိုက်၊ သမိန်ပေါသွပ်၊ အာဖျံကွီး၊ ရွှေဂေါင်းပြောင် ..တကယ့်ကို တစွဲတလန်း ဖတ်ခဲ့ရတဲ့ ကာတွန်းစာအုပ်တွေ။ အခုများတော့...။ မလဲ့ညည်းသလို ကျွန်မတို့ အိမ်နားက စာအုပ်ဆိုင်လေးလည်း ညည်းနေရှာပြီလေ။ တောင့်မခံထားနိုင်တော့ အခု video အငှားဆိုင်လေးပါ တွဲဖွင့်ထားတော့ ခံသာသွားတယ်လို့ ပြောလာလို့ သက်ပြင်းမောသာ တွင်တွင်ချမိတယ် ကိုသတိုးရေ..။
    ReplyDelete
  5. hi impressive blog.
    We have a big website to sale cars online throughout Myanmar. Please visit us back at: http://motors.com.mm/?utm_campaign=mot_mm_lb_blog_phung&utm_source=mot_lb_blog&utm_medium=lb_blog
    ReplyDelete
  6. စာအုပ်အငှားဆိုင်လေးတွေ တစ်ဆိုင်ပြီးတစ်ဆိုင်လျှော့ှေလျှာ့သွားကြတာကို မြင်ရတိုင်း စိတ်မကောင်းဖြစ်ရတာ အမှန်ပါပဲ ...
    ReplyDelete
  7. Hi looks so impressive and interesting blogs, come and visit us back too:
    http://ads.com.mm/?cid=4fd9a687e4b0fa6db841e34f&utm_campaign=ads_mm_lb_blog_mgesc&utm_source=ads_lb_blog&utm_medium=lb_blog
    ReplyDelete
စိတ်ထဲ ခံစားမိသလို မျှဝေပြောပြခဲ့ပါဦး...။