Sunday, September 26, 2010

ကမ္ဘာထဲကရွာ၊ ရွာထဲက ကမ္ဘာ

ကိုယ်တိုင်က ဖြစ်နိုင်ရင် ကမ္ဘာပတ်ချင်နေတာ။ အခြားတပါးသူတွေကိုလည်း ကမ္ဘာတစ်ပတ် လည်ရောက်ဖူးပြီး အသိပညာ ဗဟုသုတထူးတွေ ရကြစေချင်တယ်။

တွေးကြံ ကြည့်မိတယ်။ ကိုယ်တိုင် ကမ္ဘာ မပတ်နိုင်သေးတော့ရော....ဘာဖြစ်သေးလဲ။ ကမ္ဘာကြီးကို ရွာထဲ အရောက် ဖိတ်ခေါ်သယ်ယူလာလိုက်တယ်လေ။

``ကမ္ဘာ့ရွာ အင်တာနက်ကဖေး´´

လာကြ၊လည်ကြလှည့်။ ကိုက်ညီသင့်တော်ရာ ရွေချယ်ယူကြလှည့်။







Table(5) ................

အင်တာနက်သုံးပြီးတဲ့ နာရီအရေအတွက်ကို ငွေကြေးနဲ့တန်ဘိုးပြန်သင့်ကြည့်ရင် ကိုယ်ပိုင်ကွန်ပြူတာကောင်းကောင်းတစ်လုံးတော့ လက်ဝယ်ပိုင်ပိုင်ရနေနိုင်လောက်ပြီပေါ့။

ဒါပေမယ့် နှမျောနောင်တ မဖြစ်မိပါဘူး။

ရင်းနှီးပေးဆပ်ခဲ့ရတဲ့အချိန်၊ ငွေကြေးတို့အတွက် ထိုက်တန်တဲ့ အသိပညာ၊ ဗဟုသုတ၊ ပြီးတော့....မိတ်ဆွေကောင်းတွေ....။ အားလုံးရထားပြီးပြီလေ။

လူရော၊ စိတ်ပါ ပင်ပမ်းခဲ့ရတာတော့ ပြောမနေနဲ့တော့။ တစ်ဆိုဒ်ဝင်၊တစ်ဆိုဒ်ထွက် လုပ်နေရာက blogရေးချင်ပိုးလေး ၀င်လာတော့ ရောဂါပိုတက်ရော။ web design သင်တန်းလေးတစ်ခုလောက် ပြေးတက်ထား မိရင်အကောင်းသားလို့တောင် တွေးမိတယ်။ ဒါပေမယ့် အခြေအနေမှမပေးတော့ စာအုပ်စာတမ်းတွေပဲ အားကိုးတကြီး ရှာဖွေလှန်လှောရတော့တယ်။ htmlနဲ့ ပတ်သက်တဲ့ ၀က်ဘ်ဆိုဒ်လိပ်စာတွေ လိုက်ရှာ။ ပို့စ်တွေဝင်ဖတ်။ လက်လှမ်းတမီ လိုက်မေး။ down တန်တာdownရပြန်တယ်။ တစ်ခုသိ တစ်ခုလုပ်၊ မဟုတ်သေးဘူး၊ ဟန်မကျသေးရင်ပြန်ပြင်။ အကြိမ်ကြိမ် အခါခါ ဖျက်ရင်းပြင်၇င်း သူငယ်ချင်းတွေကိုလည်း ပို့စ်တွေ ၀ိုင်းတင်ပေးကြဖို့ စည်းရုံးရသေးတာပေါ့။ ခုတော့....ကိုယ်ပိုင်ဝက်ဘ် ဆိုဒ်ကလေးတစ်ခု အောင်အောင်မြင်မြင် တင်ထားနိုင်ခဲ့ပါပြီ။ကိုယ့်ဆိုဒ်အပြင်အဆင်၊ တင်ထားပြီးသမျှ ပို့စ်တွေ အားလုံးဟာ အမောပြေ၊ကျေနပ်စရာချည်ပဲ။

ခုဆို...ကိုယ်သိချင်၊ကြည့်ချင်တဲ့ နည်းပညာဆိုဒ်လေးတွေထဲ လိုက်ဝင် မွှေနှောက်၊ အသစ်ရလာရင် ကိုယ်ပိုင်ဆိုဒ်မှာ ပြန်အသုံးချ၊၊ကိုယ့်အသိပညာတွေကိုလည်း အခြားသူတွေထံ ပြန်လည်မျှဝေဖို့ ပို့စ် အသစ်တွေ ထပ်တင်ပေးရင်း နေပျော်သလောက် ရှိခဲ့ပါပြီ။

အင်း....ကိုယ်ပိုင်domain nameတစ်ခုလောက်တော့ လျှောက်ဦးမှ....။






Table(3) ...............



အစက တီဗွီဂိမ်းပဲ နှိပ်ဖြစ်နေတာ။ ခု ...နက်ဝပ်ဂိမ်းဆော့ဖြစ်တော့မှပဲ ထမင်းမေ့ ဟင်းမေ့ ဖြစ်ရတော့တယ်။ ကျောင်းလည်းတစ်ဖက် ပြေးတက်ရသေးတယ်။ ကျူရှင်လည်း မလစ်ရဲဘူးခင်ဗျ။ ဆရာမက အိမ် ကိုပြန်တိုင်လိုက်ရင် အကွိုင်ခံရမှာ။ ဒါပေမယ့် အချိန်အားရ၇င်တော့ မနေနိုင်ဘူး။ အင်ကာနက်ဆိုင် ပြေးလာပြီး ဂိမ်းနှိပ် ဖြစ်တာပဲ။

သူငယ်ချင်းတွေနဲ့ ချိန်းပြီး ဖိုက်ကြတာပေါ့။ သူတို့နဲ့ မတွေ့လည်း ကြုံရာလူနဲ့ ချဲတာပဲ။

မုန့်ဖိုးလည်း စားရတယ်ကို မရှိဘူး။ လက်ထဲမုန့်ဖိုး များများ ရှိရင် အချိန် ကြာကြာဆော့။ နည်းနည်းရှိလည်း ရှိသလောက်ကလေးတော့ ဆော့ရမှာပဲ။ ``ဦးရေ....သား နှစ်ရာဖိုး ဆော့မယ်နော်´´






Table(7) ................



`` သမီးလေး...၊သမီးလေးလား၊ နေကောင်းရဲ့လား´´

``.............................´´

``အင်း....အေး...ကြားတယ်၊ အလုပ်ရဖို့ရော....နီးစပ်ပြီလား။သြော် ....အခြေအနေ ကောင်းတယ်ပေါ့၊ ၀မ်းသာပါတယ်ကွယ်´´ `........................´´

``...........ဖေတို့၊မေတို့ အတွက်မပူပါနဲ့။စိတ်ချနေ၊ ကျန်းမာရေးလည်း ကောင်းကြ ပါတယ်´´

``................................´´

``အေးပါ....သမီးသာ ကိုယ့်ကိုယ်ကို ဂရုစိုက်၊ဟုတ်လား၊ လိမ္မာနော် သမီး.....၊ဒါပဲနော်´´

အိုကြီးအိုမ အရွယ်ကြီးေ၇ာက်မှ သူများနက်လို့ လိုက်နက်ရတော့တာလေ။ ကိုယ်တွေငယ်တုန်းကတော့ ဒါတွေဟာ စိတ်တောင်မကူးကြည့်ဖူးဘူး။မောင်မင်းကြီးသား၊ ကျေးဇူးရှင်လေးများ ... တော် ကြပါပေရဲ့။

သမီးငယ်လေးက ဟိုးအဝေး မြို့ကြီးမှာ.။ကျောင်းမပြီးခင်ကတည်းက သင်တန်းမျိုးစုံ လျှောက်တက်နေလိုက်တာ။ ခု...ဘွဲ့ရပြန်တော့ အလုပ်ရှာနေပြန်ပြန်ပြီတဲ့။ ဟိုတုန်းအချိန်ကတော့ သာကြောင်းမာကြောင်း သိချင်ရင်တောင် သူကလေးဆီဖုန်း ခေါ် ရတာ သိပ်ကို ခက်ခဲခဲ့တာပေါ့။ခုတော့ voice mail နဲ့ပြောနိုင်နေပြီ။ vzoနဲ့ဆိုရင် မျက်နှာချင်းဆိုင်တောင် မြင်၇နိုင်သေးဆိုပဲ။ accuntတစ်ခုလောက်တော့ ဆိုင်က ကောင်လေး တွေ အကူအညီတောင်းပြီး လုပ်ထားဦမှပါပဲ။ အီးမေးလ် လည်းပို့လို့ ရသေးသတဲ့။ ဒါပေမယ့် ကိုယ်က လက်နှိပ်စက် မရိုက်တတ်ဘူးလေ။ သားကြီးရဲ့ သူငယ်ချင်းတစ်ယောက်တောင် သူ့ကောင်မလေးနဲ့ Gtalk ပြောနိုင်ဖို့ typingကျင့်နေဆိုလားပဲ။ ပြုံးရသေးတယ်။

အိမ်က အဖွားကြီးကတောင် နားစွန်နားဖျားကြားသွားလို့ ..... ``သမီးနဲ့ပြောရင် သမီးဆီပဲရောက်ပစေ။တခြားတွေဆီ ခြေရှည်မနေနဲ့´´

....တဲ့။

သူပြောမှပဲ သတိပေးသလိုဖြစ်ရတာ ခမျာမသိရှာ။






Table(6) .............



စားပွဲထိုင်လိုက်တာနဲ့ မေးလ်းဘောက်စ်ကိုအရင်ဖွင့်ပြီး စာတွေစစ်မိတာ အကျင့်ဖြစ်နေပြီ။အပြန်အလှန် inviteလုပ်ထားကြတဲ့ သူငယ်ချင်းတွေနဲ့ သင့်နိုးရာရာ ၊ စိတ်ဝင်စားစရာ massagesတွေ အပြန်အလှန် forwardလုပ်နေကျမဟုတ်လား။

gtalkဘောက်စ်ကိုတော့ တခါတရ့မှပဲဖွင့်ဖြစ်တယ်။ စကားစမြည်ဝင် ပြောချင်တဲ့ သူငယ်ချင်းတွေ ပေါ့ပေါ့ပါးပါး ၀င်ပြောသွားနိုင်အောင်ပါ။ ကိုယ်ကစ လို့လည်း သိပ်မပြောဖြစ်ပါဘူး။

ခုတစ်ကြိမ်gtalkဘောက်စ် ဖွင့်လိုက်မိတော့ အကောင့်တစ်ခု ကျန်နေ ရစ်တာတွေတယ်။ ရှေ့က gtalkသူံးသွားသူဟာ sign outမလုပ်မိပဲ စက်ကို အမှတ်မဲ့ ပိတ်သွားခဲ့တယ်ထင်ပါရဲ့။ စိတ်ကူးတစ်ခု လက်ခနဲ ပေါ်လာတာနဲ့ ချက်ချင်းပဲ invite လုပ်လိုက်မိတယ်။

``yes´´.......တဲ့။

``သိလို့လား´´

`အင်း........´´

``ဘယ်တုန်းက......လဲ´´

``.....................´´

``......................´´

``.........................´´

``အသက် ဘယ်လောက်ရှိပြီလဲ´´

တွံထွေးနင်သွားတယ်။မေးစရာလား ဟယ်။

``ချီတုံချတုံနဲ့ ဆယ်နှစ်လောက်လျှော့ပြောတာတောင် ရှစ်နှစ်လောက်ကွာ နေသေး တယ်၊ဟား....ဟား....´´

သူငယ်ချင်းတစ်ယောက်ရဲ့ အတွေ့အကြုံ ဇာတ်ကြောင်းပြန်ကို ပြန်ကြား ယောင်မိရင်း...........

``နှစ်ဆယ်ကျော်...´´

ဒါတောင် ယုံရပါ့မလား လုပ်နေသေးတယ်။

သူ့ပြန်မေးရင်ရော.....အမှန်ပြောမှာမို့လား.............ကဲ။

ခုတော့ အင်တာနက် သုံးမယ်ကြံရင် gtalk အရင်ဖွင့်ဖြစ်နေပြန်ပြီ။








Table(12) ................



စာတိုပေစ ပိုးလေးရှိထားတာ သိနှင့်နေတဲ့ သူငယ်ချင်းက ဒီဆိုဒ်ကို ညွှန်လိုက်တာ။ ရောက်ပြီးတာနဲ့ ပြန်မထွက်ချင်တော့လောက်အောင်ပဲ။

ရီဂျစ်စတာလုပ်ပြီးတာနဲ့ ကိုယ်ပိုင်စာမျက်နှာတစ်ခု အပိုင်ရပြီးဖြစ်နေပြီ။ ကိုယ့်ဓါတ်ပုံနေရာမှာ ဟောလိဝုဒ် မီဂါစတားတစ်ယောက်ပုံကောက်တင်ပစ်လိုက်တယ်။ အလဲ့ကွယ်..။ပီတိတွေဝေလျှမ်းသွားတယ်။ ကဗျာတစ်ပုဒ် ပို့စ်အဖြစ်တင်ပေးလိုက်တယ်။ နောက်နေ့မှာ ကော့မက်တွေ တဖွဲဖွဲ။ တစ်သက်လုံး တောင့်တ ကြားယောင်လိုက်ရတဲ့ ပရိတ်သတ်အသံပါပဲ။ ကြည်နူးမဆုံးတော့။

မဂ္ဂဇင်း တစ်စောင်ဆီ စာမူပိုကရင် အနည်းဆုံး ခြောက်လလောက်တော့ သီးခံစောင့်ဆိုင်းရတာပဲ။ အပါယ်ခံရဖို့ကလည်း ကိုးဆယ့်ကိုး ဒဿမ ကိုး ရာခိုင်နှုန်း လောက် သေချာသလောက် ရှိနေတာ။

ခုတော့ ဟန်ကိုကျလို့ပဲ။ ခု..စာရိုက်၊ခုပဲ ပို့စ်အဖြစ်တင်ပေးလိုက်၊။ ဘယ်သူကမှပယ်မချ။ အားပေးမြှောက်ပင့်မည့်သူတွေတောင်ရှိသေးသည်။ နေ့မကူး ခင် ရောက်လာဖတ်သွားကြ။ မှတ်ချက်ကလေးတေါ ရေးထားပေးခဲ့ကြပြီ။ကဲ...blogကဗျာ ဆရာဘ၀က ဘာများလိုသေးသလဲ။ ရေးပြီးသားစာမူရှိရင် ကိုယ်ပိုင်ကဗျာတင်၊။ မရေးနိုင်သေးလို့ လက်ထဲ မရှိသေးရင် စာအုပ်စာတမ်းတွေမွှေနှောက်။ သင့်နိုးရာရာရွေးချယ်တင်ရုံပဲ။

typing skillကတော့ အားရစရာ မကောင်းလှသေးဘူးထင်သည်။ နံဘေးက လူရွယ်လေးဆို အကောင့်တွေ ဘယ်နှစ်ခု ဖွင့်ထား သလဲတောင် မခန့်မှန်း တတ်နိုင်။ gtalk ဘောက်စ်တွေ ငါးခုလောက်ပြိုင်တူဖွင့် ထားကာ အားလုံးကို လက်လည်အောင် စာရိုက် စကားပြောနိုင်လေသည်။ ကီးဘုတ်ပေါ် သူ့လက်ကလေးတွေ ဖြိုးဖြိုးဖျောက်ဖျေက် ရွေ့ပြေးနေတာကိုကကြည့်ငေးချင်စရာ။ တခါတရံ ear phone ဖြင့် သီချင်းနားထောင်ပင်မပျက်။ အားကျမိရဲ့။

ဝတ္ထု၊မဂ္ဂဇင်း၊ဂျာနယ်တွေလည်း အတော်များများ ၀င်ဖတ်လို့ရနေပြီ ဆိုတော့ ရောက်နေကျ စာအုပ်အငှားဆိုင်လေးဆီတောင် ခြေဦး မလှည့်ဖြစ်တော့ တာ ကြာ။ စာအုပ်အငှားဆိုင်က ကောင်လေးနဲ့တွေ့တော့တောင် ......

“ဒီလ မဂ္ဂဇင်းအသစ်တွေထွက်လို့ ဆရာ့ကို မျှော်နေတာ”

..... တဲ့။ “အေး....အေး...နောက်မှ၊အေးဆေးမှ......”

ပြုံးမော့မော့၊ပြီးစလွယ်ပြောခဲ့လိုက်သည်။






Table(15) ................



အိုး.....လေ....လှုပ်ပါဟေ့ ......ရေအိုးလေးလှုပ်ပါဟေ့...”

“ဟာကွာ...အရေးထဲ...၊ဟလို.......အေး၊ပြော.....”

မန်နေဂျာကောင်လေး အလုပ်ထဲကနေ လှမ်းဆက်နေတာ။

“အော်ကွာ။ ဘာများလဲလို့၊ အဲဒါတွေ မင်းတစ်သက်လုံး လုပ်လာခဲ့တာ မဟုတ်ဘူး လားကွာ၊ မင်းကျွမ်းကျင်ပြီးသား ဥစ္စာ။ အေးပါ....ငါခွင့်ပြုပါတယ်။ အကောင်းဆုံးသာ လုပ်ထားလိုက်။ ဟုတ်ပါ.ပြီ။ ကဲ.... ထပ်မဆက်နဲ့တော့.....ဒါပဲ။”

ပြောပြီး ဖုန်းပါ အပြီး ပိတ်ချလိုက်တော့တယ်။ အေးရော...။နံဘေးက ဘောလုံးပွဲစဉ် ဇယားတွေ၊ goal scrollတွေဆီ မမှိတ်မသုန် ကြည့်ငေး အတွေးနက်နေတဲ့ လောင်းကစားငနဲကတော့ ဘယ်သူ့ကိုမှ မမှုပုံနှင့် ..။ သူ့ဆိုဒ်ထဲသူ စုန်းစုန်းနစ်မြှုတ်လို့။ ထောင့်စားပွဲကို ကိုယ်ရွေးထားတယ်ဆိုကတည်းက ဆိုင်ကကောင်လေးတွေ လည်း သဘောပေါက်နေကြပြီ။ မနေ့ညက သူတို့ပေးထားတဲ့ လိပ်စာ စာရွက်လေး ဘယ်နားထားမိပါလိမ့်။ ပိုက်ဆံအိတ် ထဲမှာ ပဲထင်ပါရဲ့။မှန်း ....။တွေ့ပြီ။ searchဘားမှာ လိပ်စာရိုက်ထည့်။ enterတစ်ချက် ဖျောင်းခနဲ။ လာထား..။ အားပါး..... အလန်းလေး တွေ ပါလား။ကျေးဇူးပဲ ကောင်လေးတွေရေ...။

လှရာရာ ရွေးနေမိတာ အချိန်ဘယ်လောက် ကုန်သွားသလဲတောင်မသိ။ stick ထဲမှာ ကူးယူသွားမှ။ “အိမ်လိုက်ခဲ့တော့ ဘရစ်တနီ”






Table(1) ................



ဒီအလုပ်တစ်ခုတော့ မရလို့ကို မဖြစ်တော့ဘူး။

အလုပ်လက်မဲ့ဘ၀နဲ့ မိဘကိုမှိခိုနေလာတာ ရှက်လှပြီ။ ကျောင်းပြီးခဲ့တာ တောင် နှစ်တွေ မနည်းတော့ဘူး။ အသိ အတွေးတွေလည်း သံချေးတက်လှပြီဟု တွေးနေ မိကာ တကယ်ကို အလုပ်လိုချင်မိပါသည်။

အလုပ်ခေါ်မည် သတင်းကြားကတည်းက ခြေတိုအောင် လှည့်ပတ် စုံစမ်း လိုက်ရတာ။ ခန့်မှာက ရန်ကုန် ရုံးချုပ်ကတဲ့။ လျှောက်လွှာလည်း ရန်ကုန်ရုံးချုပ်ပဲ သွားတင်ရမှာလား။

အလုပ်ရမည်ဆိုတာ သေချာရင်တော့ တမျိုးပေါ့။ ခုလို မသေချာတဲ့ အခြေအနေမှာ မြို့ရန်ကုန်ဆီ အကြိမ်ကြိမ် လမ်းသလား ၊မသွားနိုင်ပါ။ခရီး စားရိတ် က သက်သာလှတာမဟုတ်။ လူတွေ့ကျတော့လည်း တစ်ခေါက်ထပ်သွားနေရဦးမှာ မဟုတ်လား။

“ဟဲ့ အွန်လိုင်းကနေ လျှောက်လို့ ရတယ်တဲ့”

“တကယ်..............”

ပျော်လိုက်တာ.....။

စမ်းတ၀ါးဝါး၊ ဟိုလူဒီလူမေးရင်းမြန်းရင်း ခလုပ်တွေလျှောက်ကလစ်။ ကိစ္စ ၀ိစ္စ အထွေထွေပြီးမြောက်လေမှ ဟင်းချနိုင်တော့သည်။

အွန်လိုင်းကနေ ဘွဲ့လွန်ဆက်တက်လို့ရသေးတာ သိရတော့ စိတ်ဝင်စား မိပြန်ပြီ။

web address မှတ်သွားဦးမှ။ အလုပ်ရခဲ့ရင်တော့ အွန်လိုင်းကနေ ဘွဲ့လွန် ဆက်တက်ကာ ဒီပလိုမာတစ်ခု ထပ်ယူလိုက်ဦးမည်။






Table(9) ...............



“hello"

''hi....."

''chat room ထဲ ခုမှရောက်ဖူးတာ၊ ခင်ချင်လို့”

''OK....."






ွှTable(11) ..............



“ဟေး....face bookထဲမှာ နင့်စိုက်ထားတဲ့ အပင်တွေ သေတော့မယ်...”

“ဟယ်...ဟုတ်လား၊ ဒုက္ခပါပဲ၊ ငါလည်းအလုပ်တွေ ရှုပ်နေတော့ ဒီရက်ထဲ စိုက်ခင်းကို ပစ်ထားမိတယ်ဟယ်...။ခု..၀င်ကြည့်လိုက်ဦးမှ...”

“ငါ...နင့်ဆီ နှင်းဆီတစ်ခင်းပို့ပေးလိုက်တာ ရောက်တယ်မဟုတ်လား ”

“ရောက်ပြီ၊ ငါလည်း နင့်ဆီ ကားအကောင်းစားတစ်စီး ခုပဲပို့ပေးတော့မလို့”

“ကောင်းတယ်၊ ငါ ကားမောင်းသင်ထားလိုက်မယ် ဟား....ဟာ.း.........”

“.........................”

“..........................”







Admin .....................

ကိုယ်တိုင် ကမ္ဘာ မပတ်နိုင်သေးတော့ရော....ဘာဖြစ်သေးလဲ။ ကမ္ဘာကြီးကို ရွာထဲ အရောက် ဖိတ်ခေါ်သယ်ယူလာလိုက်တယ်လေ။

``ကမ္ဘာ့ရွာ အင်တာနက်ကဖေး´´

လာကြ၊လည်ကြလှည့်။ ကိုက်ညီသင့်တော်ရာ ရွေချယ်ယူကြလှည့်။ ။


သတိုး

လွမ်းမောရသော အဖြစ်များအကြောင်း

ချစ်ရသူ၏သစ္စာဖေါက်ဖျက်မှုအကြောင်းကို ထိုချစ်သူ၏ အစ်မအရင်းထံ ရင်ဖွင့်တိုင်တည်ရမည့် အဖြစ်သည် အနည်းငယ်တော့ ကသိကအောင့်ဖြစ်စရာ ကောင်းနေပေလိမ့်မည်။ ပြီး… ဇာတ်ကြောင်းပြန်၊ ပြောပြနေချိန် တစ်လျှောက်လုံး မှာ မျက်ရည် အလွန်လွယ်သော သူမက ခံနိုင်ရည်ကင်းမဲ့စွာ ကျမျက်ရည်ကြွေမဆုံး
ရှိနေလိမ့်ဦးမှာ သေချာသလောက်ပင်။

ဒါပေမယ့်…ဇင်မျိုးပိုင်ရဲ့ သစ်စိမ်းချိုးအပြုအမူတွေအကြောင်းကို သူအစ်မ ယဉ်မျိုးခိုင်ထံ မတိုင်တန်း၊ ပြစ်မတင်ရပဲတော့ မနေနိုင်ပါ။ ဘာကြောင့်ဆို..အဲဒီ ယဉ်မျိုးဟာ သူမ၏ အချစ်ဆုံးသူငယ်ချင်းတွေထဲက ချစ်သူငယ်ချင်း တစ်ယောက်လည်း ဖြစ်နေသေးတာကြောင့်ပင်။ သူ့မောင်ငယ်၏ သစ္စာမတည်၊ သွေဖယ်ဖေါက်ပြန်မှုအတွက်
ယဉ်မျိုးသည်လည်း အားနာ၊အနေခက်ရ ပေလိမ့်မည်။

ဒါပေမယ့် သူမတို့ သူငယ်ချင်း အုပ်စုထဲမှာ အလျှင်ဦးဆုံး၊ စောစီးစွာ အိမ်ထောင်ကျခဲ့သော ယဉ်မျိုးဟာ နေ့ချင်း၊ ညချင်း ဇွတ်ကြီးပင် လူကြီးဆန်သွားရ တော့ကာ အုပ်စုဗိုလ်၊ ဆရာကြီးအဖြစ်….သူသိ၊သူတတ် လုပ်နေကျပင်။ တစ်ဘက်သား စိတ်ကျေနပ်ကြည်လင်အောင် နားခံသာစရာ ချေငံပြေပြစ်သော စကားတို့ဖြင့် နှစ်သိမ့်ဖေးမတတ်သူလည်း ဖြစ်ပြန်သည်။

ဇင်မျိုး၏ ကိစ္စမဟုတ်ပဲ တခြားစိတ်ရှုပ်၊ စိတ်ညစ်စရာ အကြောင်းကိစ္စတိုင်းမှာလည်း ယဉ်မျိုးထံ အရောက်သွားကာ ရင်ဖွင့်၊ အကြံဥာဏ်ယူနေကျမို့ ပိုလို့တွေ့ချင်တာဖြစ်သည်။

ဇင်မျိုးကို အဖြေမပေးခင်ကလည်း……

“ဒေါ်ပိုးဥရေ…။အချိန်ယူ စဉ်းစားပါဦးဟယ်”

“ရှင့်မောင်က စောင့်ရတာ စိတ်မရှည်ဘူးတဲ့”

“အဲဒါနဲ့ပဲ ရှင်က ချက်ချင်းအဖြေ ပြန်ပေးချင်နေပြီပေါ့လေ…”

အဲသည်စဉ်ကတည်းက….

“ရှင်တော့ ပိုင်ပိုင် နိုင်စားသမျှ တသက်လုံး ခေါင်းငုံ့ခံရတော့မှာပဲ ထင်တယ်”

…ဟု ကြိုတင်နိမိတ် ဖတ်ခဲ့ဖူးသေးသည်။

ယဉ်မျိုး၏ တွေးထင်မှုတွေဟာ ရာနှုန်းပြည့်နီးပါး မှန်ကန်နေလိမ့်မည် ဟု ပိုးဥလည်း တင်ကြိုယုံကြည်၊ ပြင်ဆင်နှင့်ခဲ့ပြီးသားပင်။

ယဉ်မျိုး နှင့် သက်ရွယ်တူ၊ အပျိုကြီးမမ စာရင်းဝင်နေပြီဖြစ်သော ပိုးဥထက် ပိုင်ပိုင်က ငါးနှစ်ခန့် ငယ်ပါသေးသည်။ သူ့အိမ်မှာလည်း သူသာအငယ်ဆုံးမို့နေရာတကာ ဦးစားပေးခံ၊ ချစ်မြတ်အရေးပေးခံဘ၀မှာ အသားကျ ၊သာယာနေသူ ဖြစ်သည်။ ပိုးဥကိုတော့ ဆိုစရာပင်မရှိ။

တစ်ခုခု အရေးဆိုလာလေတိုင်း…ပိုးဥဘက်က ချစ်နိုးငဲ့ညှာစွာ လိုက်လျောနေလျှက်က….

“OK ကျွန်တော်ပြောသလိုပဲဖြစ်ရမှာပေါ့”

အဲသလို အတွန့်တက်တတ်ပြန်သေးတာ…။

“နင်က အရမ်း အလိုလိုက်တာကိုး ပိုးဥရဲ့”

“နင်တို့ တစ်မိသားစုလုံးရော….ဘာထူးလဲ”

ယဉ်မျိုးက စိတ်ပျက်၊လက်ပျက် ခေါင်းယမ်းလိုက်လေကာ…..

“မတူဘူးဟဲ့။ နင်ကတော့ သူ့ကို ထိန်းပေးနိုင်ဖို့ လိုကိုလိုအပ်တယ်”

“ရှင့်မောင်က ကလေးလား…ကဲ”

“သူ့ထက် အသက်ကြီးတဲ့ မိန်းမကိုကြိုက်ပြီး ကလေးပြန်လုပ်နေတာပဲလေ”

ယဉ်မျိုးက အဲသလိုလည်း အပြောရက်စက်တတ်ပါသေးသည်။

ပိုးဥကတော့ ဒီလူနဲ့ ဒီလူအကြား စကားအကျကောက်ကာ နာကျင်ခံစား၊ ပုံကြီးချဲ့မနေချင်ပါ။ တကယ်တမ်းမှာလည်း ယဉ်င်္မျိုး၏ စကားတို့က အဖြစ်မှန်နှင့် ကွက်တိမှန်ကန်နေခဲ့တာပဲ မဟုတ်လား။

ပိုးဥ ကိုယ်တိုင်ကလည်း ဘယ်သူ့ကိုမဆို သီးခံလိုက်လျော၊ နားလည်အလျှော့ပေးမြဲအလေ့မှာ ငါက…အကြီး…ဟူသောအသိက ထပ်ပေါင်းဖြည့် ပေးရပြန်တာမို့ ပိုင်ပိုင် နိုင်စားစရာ ဖြစ်နေတော့တာလားသိ။

“ကဲ…ခုတော့ ဘယ့်နှယ်ရှိစ…”

ယဉ်မျိုးကတော့ ဟန်ပါပါ မျက်စပစ်လျက် နွေးထွေးဖေးမစွာ ကြိုဆိုရှာပေသည်။


* * *

ယဉ်မျိုးထံရောက်လျှင် သူ့မောင်၏မတရားမှု၊ မိမိနာကျင်ခံစားရမှု တို့အကြောင်း မချွင်းမချန် ရင်ဖွင့်ပစ်တင်ကာ ငိုကြွေးပစ်လိုက်မည်ဟု မောင်းတင် လာခဲ့ပါသည်။

“ဟော…ရှင်ပိုးဥနဲ့ မိသီ…၊ ရှင်တို့ ရောက်လာလိမ့်မယ်လို့တော့ ထင်သားပဲ။ ကျုပ်လည်း ရှင်တို့ကိုမျှော်နေတာပဲ။”

တဆက်တည်း အိမ်နောက်ဘက်ဆီ လှမ်းကာ….

“အေးမာရေ..၊ မမပိုးဥတို့အတွက် သံပုရာရည် နှစ်ခွက် လုပ်ခဲ့ပေးပါဟယ်…”

“ဟုတ် အန်တီလေး…၊ချဉ်ချဉ်လေး ဖျော်လိုက်မယ်နော် မမပိုးဥ၊ မမသီရော….”

အေးမာတစ်ယောက် သည်အိမ်သို့ ရောက်စကတည်းက ၀င်ထွက်၊ရင်းနှီး သိကျွမ်းနေခဲ့ပြီးမို့ သီသီက….

“အေးမာ…အရမ်းတိုးတက်နေပါလား”

ယဉ်မျိုးကတော့…

“ချီးမွမ်း စောမနေနဲ့။ ဒီနံနက် ထမင်းအိုးတစ်လုံး ပစ်လိုက်ရပြီ”

“ဟယ်….ဘယ်လိုဖြစ်ပြန်တာလဲ”

``ခါတိုင်းက ဆန်ခြောက်လုံး ချက်နေကျလေ။ ဒီနေ့မှ ငါကလည်း ပိုပိုမိုမို ခြောက်လုံးခွဲချက်ဖို့ ပြောလိုက်မိတယ်။ အဲဒါ ဆန်ခြောက်ဗူးရယ်၊ ခြောက်ဗူးကို ထက်ဝက်ခွဲတော့ သုံးဗူးရယ်….ထည့်ပေါင်းပြီး ကိုးဗူးချက်လိုက်သတဲ့ဟယ်။ ….ထမင်းအိုးက မောက်လျှံပြီး ထမင်းရည်မှ ငှဲ့မရတော့ ပျော့ပျဲပြီး….၀က်စာ ဖြစ်ပါရော…..´´

``ဟိ…ဟိ ...ခြောက်ဗူးခွဲကို ကိုးဗူးဖြစ်အောင် သူမို့ စဉ်းစားတတ်တာ။ တို့တောင် မတွေးမိဘူး…ဟား…ဟား… တော်လိုက်တဲ့အေးမာ´´

ယဉ်မျိုးတစ်ယောက် ရှုံ့မဲ့နေရသလောက် ပိုးဥနှင့် သီသီကတော့ ရယ်မောမဆုံး။

အေးမာသည် ဘယ်အချိန်မဆို..နှုတ်ခမ်းအစုံက ရယ်မောရန်အသင့် ဖြစ်နေသလို ပွင့် ဟဟ။ အရယ်လည်း သန်သူဖြစ်ပါသည်။ဆူပူကျိန်းမောင်းခံရလျှင်လည်း နာကျင်စိတ်ဆိုးရကောင်းမှန်းမသိ။ ဘယ်တော့မှ မျက်နှာ မညှိုး။ ယဉ်မျိုး၏
သားနှစ်ယောက်က အနိုင်ကျင့်သမျှ ဆိုးမျိုး သည်းညည်းကိုလည်း ခံနိုင်ရည်ဝနေသူ ဖြစ်ပါသည်။

ခုလို အူကြောင်ကြောင်အတွေးအခေါ်တို့ဖြင့် မှားမှားယွင်းယွင်း၊ လွဲလွဲချော်ချော် ရှိတတ်လှတာလည်း အကြိမ်ကြိမ်….။

``ပေါတာမ။ အူကြောင်ကြား….´´

နှိပ်ကွတ်ခံရမှုများကြားမှာ ရယ်ဟဟ အပြုံးမပျက် နေနိုင်သူ လည်းဖြစ်သည်။

``တစ်ေ န့တစ်နေ့ …ငါ့မှာ ဟိုမျောက်နှစ်ကောင်ရဲ့ ဝေယျာဝစ္စက တစ်ဖက်၊ သူတို့အဖေကိုလည်း စိတ်တိုင်းမကျ။ အဲဒီကြားထဲ အေးမာက ဘာလုပ်လုပ်စောင့်ကြည့်ပြောနေ ရတယ်ဟယ်။´´

``ကိုသက်ဇော်က နင်စိတ်တိုင်းမကျလောက်အောင် ဘာတွေလုပ်နေလို့လဲ´´

``ဟဲ့…ဘာမှမလုပ်လို့စိတ်တိုင်းမကျတာ..သိပြီလား´´

``အန်…..´´

``ဟုတ်တယ်လေ။ စိတ်တိုင်းမကျစရာလည်း ဘာမှမလုပ်ဘူး။ စိတ်တိုင်းကျလောက် အောင်လည်း ငါမပြောပဲ ဘာမှမလုပ်ဘူး…´´

``နင်က နင့်သြဇာ တည်ရမှကိုး..´´

``ဟဲ့ အဲဒီသြဇာကလည်း တည်ချင်လို့ တည်တယ်အောက်မေ့နေကြလား။ သူ့ဘာသာ အလိုအလျှောက် ဘယ်တော့မှ စ, မလှုပ်လို့ မနေနိုင်တဲ့ငါက ၀င်ပါ၊၀င်ပြောရင်း ဖြစ်လာတာ.....…ရပ်ကွက်ရုံးမှာ ဧည့်စာရင်းတိုင်တဲ့ ကိစ္စလောက်ကလေးတောင် ငါက သွား….လို့ မလွှတ်ပဲ၊မပြောပဲ သူ့ဘာသာ သွားတတ်တယ်ထင်လို့လား´´

ပိုးဥတို့ ခပ်ပျော့ပျော့တော့ ပြုံးရပါသည်။ အဲဒီ ကိုသက်ဇော်တစ်ယောက် ဟာလည်း ပြောချင်စရာ..။ နေရာတကာ…. ယဉ်မျိုးနှုတ်က စေညွှန်ရာအတိုင်းသာ စောင့်ဆိုင်းလိုက်နာရတဲ့ အကျင့်မှာ နေသားကျနေခဲ့ပြီ ထင်ပါရဲ့။ ဘယ်တော့မဆို…

``ခင်ဗျားတို့ သူငယ်ချင်းကိုပြန်မေးကြည့်လိုက်ဦးမယ်´´

…ဆိုနေတတ်သူပင်။

ယဉ်မျိုးက ရုတ်တရက်အသံကို နှိမ့်လိုက်လေကာ…

``ဟိုတလောကလည်း အေးမာ ယောက်ျားနောက် လိုက်ဖို့လုပ်သေးတာ´´

``ဟဲ့ အေးမာကလေ…´´

``ဟုတ်ပါ့…ရှင်။ ငါ့မှာ ခေါင်းမီးတောက်မတတ် လိုက်ရှာ၊ လိုက်ရှင်းရတာ..´´

``……………..´´

``သူ…ဘယ်အချိန် ရီးစားရလိုက်သလဲတောင် မသိပါဘူးဟယ်။ အ၀တ်အစား လေး၊ငါးစုံနဲ့ ကောင်လေးချိန်းတဲ့ဆီ သွားကြိုစောင့်နေ တာလေ။ အချိန်မီ သတင်းရလို့စုံစမ်းပြီးလိုက်တော့ ကောင်လေးက ရောက်မလာသေးဘူး တဲ့။ အဲဒီနေရာမှာ
သင်းက တစ်ယောက်တည်း ငုတ်တုပ်…´´

``နင်ပြန်ခေါ်လာတော့ရော….၊သူ…ကြည်ကြည်သာသာ ပြန်လိုက်လာတာပဲလား…´´

``အမလေး…ငိုကာရယ်ကာနဲ့ပေါ့။ ငါ့မှာ ချော့လိုက် ၊ခြောက်လိုက် နည်းမျိုးစုံနဲ့….´´

``အခုကော…အခြေအနေက…..´´

``အခြေအနေမဟန်ရင်တော့ ငါက တောပြန်ပို့မယ် စိတ်ကူးပြီးသားပဲ။ ဒါပေမယ့် ခု…နင်တို့ မြင်တဲ့အတိုင်းပဲ။ သူက အေးဆေး ပြန်ဖြစ်နေပြီ´´

``သူ့ကောင်လေးကရော…´´

``မဟန်ပါဘူးဟယ်။ ချေချေငံငံထဲကလည်း မဟုတ်ပါဘူး။ ခုလည်း သင်းက နောက်တစ်ယောက်နဲ့ တွဲနေပြန်သတဲ့လေ´´

သံပုရာရည် နှစ်ခွက်လာချပေးရင်းက သူ့အကြောင်းပြောနေကြသည် ဆိုတာ အေးမာရိပ်မိနေခဲ့သည်။

``ဟဲ့ လက်သုတ်ပုဝါ´´

ယဉ်မျိုးစကား မဆုံးခင် ခပ်သွက်သွက်ပြေးယူပြီိး ပြန်ရောက်လာသည်။

``နင့် အကြောင်း ပြောနေတာ…´´

``အန်တီလေးကလည်း…ဟီးဟီး´´

အေးမာက ရှက်ရိပ်ဝေ့ဝေ့ ရယ်ဖြဲဖြဲ။ ပိုးဥက သူ့လက်ကို ဆွဲယူကာ အနီးမှာထိုင်စေရင်း….

``အန်တီလေးက အေးမာရဲ့ အုပ်ထိန်းသူဆိုတော့ အေးမာနဲ့ ပတ်သက်ရင် တာဝန်လည်းရှိတယ်။ ပြီးတော့ အတူနေကြတာဆိုတော့ စေတနာလည်း ထားနေမိတော့ အေးမာကို မသင့်တော်တဲ့အနေအထားမို့လို့ ပြန်ခေါ်ထိန်းသိမ်းထားရတာပါ။ အဲဒီအကြောင်းမမတို့ကို ခုပဲပြောပြနေတာ…´´

``ဟုတ်…´´

``အေးမာ ခု..ပျော်ရဲ့လား´´

``ဟုတ်၊ ပျော်ပါတယ် မမပိုးဥ´´

``အဲဒီ တစ်ယောက်ကရော..အေးမာကို ပြန်ဆက်သွယ်သေးလား´´

``အင်း…။ဆက်သွယ်တယ်´´

ယဉ်မျိုးထံ မလုံမလဲ တစ်ချက်ကြည့်သည်။

``ဒါပေမယ့် အေးမာက ပြတ်ပြီ လို့သူ့ကိုပြောလိုက်တယ်´´

``တကယ်...´´

``တကယ်ပေါ့။ သူကမှ အေးမာကို သစ္စာမရှိပဲ။ သစ္စာမရှိတဲ့လူကို လွမ်းနေ၊ ငိုနေရင် အေးမာ အလုပ်ကောင်းကောင်း မလုပ်နိုင်ဘူး။အဲဒါဆို အန်တီလေးက အေးမာကို ဒီ အိမ်မှာမထားတော့ပဲ တောပြန်ပို့လိုက်မှာ။ အေးမာ အမေတို့အိမ် ပြန်ရောက်ရင် ဟိုအရင်လိုပဲ ငတ်လုတဲခါဖြစ်ဦးမှာ…။ခုတောင်…အန်တီလေးဆီက အမေကြိုထုတ်သွားတဲ့ လစာတွေအတွက် အေးမာ အလုပ်ဆက်လုပ်ရင်းပြန်ဆပ်ပေးရဦးမှာလေ…´´

သည်တစ်ကြိမ်မှာတော့ ပိုးဥနှင့် သီသီ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လျှက် အသံမထွက် နိုင်ကြတော့။

* * *

``ဒီနေ့ နင့်အိမ်လာလည်ရတာ တန်လိုက်တာ….။ စားလိုက်၊ရယ်လိုက်နဲ့ဗိုက်တွေလည်းတင်း၊ ပါးတွေလည်း ညောင်းလှပြီ။ ကဲ…ကျုပ်တို့ ပြန်သင့်ပြီ သီသီရေ..´´

``ဟဲ့ မိန်းမတွေ၊ ရှင်တို့ တစ်ခုခုပြောစရာရှိလို့ ကျုပ်ဆီလာကြတာ မဟုတ်ဘူးလား။ဘာမှ မပြောရသေးပဲ မပြန်ရပါဘူး။´´

``ဟာ..မပြောချင်တော့ဘူးကွာ။ အေးမာကိုရှက်တယ်´´

စကားအဆက်အစပ်ကို နားမလည်ရှာသော အေးမာကတော့ သူ့မူပိုင်ဟန်အတိုင်း ရယ်ဟဟ၊ပြုံးတုံ့တုံ့…ရှက်နိုးစွာ လက်ပြကျန်ရစ်သည်။ ။

______________________________________________ သတိုး___________

Sunday, September 5, 2010

““စေတနာ ပုံပြင်သစ်””

အခါတပါးမှာပေါ့။

တောကစားရင်း မျက်စေ့လည်လမ်းမှားလာတဲ့ မင်းသားငယ်တစ်ပါးဟာ ခြံဝန်းနယ်မြေတစ်ခုဆီ အမှတ်မဲ့ရောက်ရှိသွားပါသတဲ့။

ခြံဝန်းကျယ်တစ်နေရာမှာ သရက်ပင်ပေါက်ကလေးတွေ စီတန်းစိုက်ပျိုးနေတဲ့ အဖိုးအိုတစ်ယောက်က မင်းသားငယ်ကို ခရီးဦးကြိုဆိုရှာတယ်။ မင်းသားငယ်ဟာ ကြည်နူးစိတ်နဲ့ ပြုံးမြလျက်...

“အဘိုး..ဒီသရက်ပင်က အသီးတွေကို ကိုယ်တိုင်စားသုံးရဖို့တော့ မမျှော်လင့်ပါဘူးမဟုတ်လား”

“ဟုတ်ပ မင်းသားရယ် ..အဖိုးတို့အသက်အရွယ်မှာ သေဖို့တစ်ခုကလွဲလို့ ဘာကိုများမျှော်လင့်နေနိုင်ဦးမှာလဲ။ နောင်လာနောင်သား သင်းတို့လေးတွေ အတွက်ပါပဲ။”

ကြည်နူးမဆုံးရှိလှတဲ့မင်းသားငယ်ဟာ...

“အဖိုးရဲ့စေတနာကို ချီးကျူးပါတယ်။ ဒီမှာ..မွန်မြတ်တဲ့စေတနာရှင်အဖိုးအတွက် တုံ့ပြန်လက်ဆောင်”

ကျေနပ်အားရ နှုတ်ဆက်လက်ပြ ထွက်ခွာသွားတဲ့ မင်းသားငယ်ရဲ့နောက်ကျောကို ကြည့်ငေးကျန်ရစ်တဲ့အဖိုးအိုဟာ ...

“တောက်..ပတ္တမြားလက်စွတ်တို့ ဘာတို့လို အဖိုးတန်လက်ဆောင်ဆိုရင်လည်းဟုတ်သေးရဲ့။ ခုတော့...ဒီ သောက်သုံးမကျတဲ့ မျိုးစေ့ထုတ်ကြီးက ဘာလုပ်ရမှာတုန်း...သွားဟာ..”

အဖိုးအို ဒေါသတကြီးပစ်ပေါက်လိုက်လို့ လွင့်စင်ကွဲထွက်သွားတဲ့ မျိုးစေ့ကလေးတွေဟာ အစို့အညှောက်အပင်တွေပေါက်လို့ စိမ်းမြတောထနေခဲ့ပါပြီ။ ပင်ခြင်းယှက်လိမ်နေတဲ့ အပင်ငယ်တွေရဲ့ အမြစ်ခြေမှာ ပတ္တမြားလက်စွတ်တစ်ကွင်း နစ်မြုတ်နေခဲ့တာ အဖိုးအိုသေလွန်ချိန်ထိ သိမသွားခဲ့ပါဘူး။ ။


“သတိုးလုလင်”

Thursday, August 19, 2010

မျက်ရည် ၀ယ်/ရောင်း


ခုချိန်လောက်ဆိုလျှင် မင်းညိုတစ်ယာက်တော့ လည်တစ်ဆန်ကဆန့် မျှော်မောနေလောက်ပြီ။
စာနာမိသော စိတ်အတွေးဖြင့် ရန်ကုန်မြစ်အတွင်း လှိုင်းထန်၊လေဆန်ကြား ကူးဖြတ်ခုတ်မောင်း နေရရှာသော စက်တပ်မော်တော်ကလေး၏ အသွားနှုန်းကိုနှေးကွေးလှချည့်ဟု အားမလိုအားမရ ရှိလှတော့သည်။
ရေအလှည့်သင့်သော နေ့ရက်များနှင့် ကြုံကြိုက်တိုက်ဆိုင်လာလျှင်တော့ ချိုရီတို့တတွေ ကြည့်မြင်တိုင်
ကမ်းနားဆိပ်ကမ်းကို နံနက်ခင်း ဝေလီဝေလင်း၊ အလင်းရောင်ပြပြကြားမှပင် လှမ်းမြင်နိုင်ခွင့် ရခဲ့ကြသားပင်။
ဒါပေမယ့်…ချိုရီတို့၏ ရွာဆိပ်ဆီ မော်တော်ယာဉ်ကလေး ထွက်ခွာရပ်နားချိန်က ပုံမှန်၊ အချိန်မှန် မဟုတ်ပါ။
တစ်နေ့ထက်တစ်နေ့ တစ်နာရီနီးပါးခန့်နောက်ကျလို့ သွားရသည်။ ချိုရီတို့ရွာမှ ရန်ကုန်မြစ် အတွင်းဝင်ရန် ရေကျော်ချောင်းကျဉ်းကလေးကို ဖြတ်သန်းခုတ်မောင်းရဦးမည်လေ။
ချိုရီတို့ရွာနံဘေး ၊ ထိုရေကျော်ချောင်းကလေးသည် `ရေ၀က်ကျချိန်´ အထိသာ စက်တပ်ရေယာဉ် ငယ်
ဖြတ်သန်းသွားနိုင်သည်။ ရေ၀က်ကျချိန် ကျော်လွန်သွားခဲ့လျှင်တော့ ချောင်းကွေ့တစ်နေရာမှာ သောင်တင်တော့မည် ပြင်ပေရော့။ ရှေ့ဆက်မရ၊ နောက်ပြန်ဆုတ်ရန်လည်း မလွယ်ကူသော အခြေအနေမှာ ချောင်းကြမ်းခင်း၊ ရွံ့နုံးလတာပြင်ပေါ် မို့မောက်မြင့်တက်လာသော သောင်ခုံငယ် တွေကိုသာ စိတ်ပျက်လက်ပျက် စိုက်ငေးနေကြရုံ ရှိတော့သည်။ ချောင်းရေစစ်ကာ မြစ်ရေ ပြန်တိုးလာမည့် အချိန်ကို တမော့တမော စောင့်ဆိုင်းနေကြရုံသာ ရှိတော့သည်။
ဒီနေ့လည်း ချိုရီတို့တတွေကို တင်ဆောင်ခုတ်မောင်းပြေးနေကျ`လိုင်းမော်တော်´ကလေးသည်
ရေတက်ချိန်ကို စောင့်ဆိုင်းနေခဲ့ရသေးသည်မို့ နံနက် ၈း၀၀ နာရီကျော်လေမှ ရွာဆိပ်မှ ခွာနိုင်ခဲ့လေသည်။ ရန်ကုန်မြစ်တွင်း ၀င်မိတော့ နံနက် ၁၀း၀၀ နာရီထိုးလုပြီ။
မော်တော်ဝမ်းထဲမှာ ပူးကပ်ကျပ်ညပ်စွာ တိုးတိုးဝှေ့ဝှေ့တွတ်ထိုးနေနိုင်သေးသော သူငယ်ချင်းမတွေကြားမှာ
ချိုရီတစ်ယောက်တည်းဘေးထွက်ကာ ငြိမ်ငေးနေမိသည်။
``ဟဲ့…ချိုရီ၊ စကားလေး၊ ဘာလေးပြောဦးလေ ဟယ်´´
``အေးလေဟယ်…။ ခဏနေရင် ရောက်တော့မှာကို…´´
``လာပါတော့…ခါခါမော့…။ မာလာဖော့…မျှော်တဲ့ လေးနာရီ…´´
တစ်ယောက်က စပေးလိုက်သည်နှင့် ကျန်အဖော်များကပါ အတိုင်အဖောက်ညီစွာ ၀ိုင်းအော် အားပေး ကြရင်း အုန်းတသဲသဲ၊ ရယ်မောစနောက် မဆုံးကြတော့ပြန်။
ဒီနေ့…ရွာဆိပ်ကမ်းမှ မော်တော်ထွက်ခွာချိန် နောက်ကျခဲ့သောကြောင့် မိန်းခလေးတွေအားလုံး အစွမ်းကုန်
ပြင်ဆင်ခြယ်သကာ လှပနေကြပါသည်။ ခါတလေ…နံနက် ၄း၀၀နာရီလောက်ကြီး  ချမ်းအေးစောစီးစွာ မော်တော် ထွက်စောင့်ကြရသော နေ့ရက်တွေမှာတော့ ဘယ်သူမှ လှဖို့မစဉ်းစားအားကြပါ။ ဖုတ်ပူမီးတိုက်၊ အပြေး တစ်ပိုင်း၊ ဒရောသောပါး ကမ်းစပ်ဆီပြေးကြရသူတွေချည်းသာ။ အိပ်ယာထ နှောင့်နှေး၊ ဖင့်နွဲ့လှသော ချိုရီအတွက်တော့ ဆိုစရာပင်မရှိ။ ရေတစ်ခွက်လောင်းဆေးပြီး မျက်နှာကို ကြုံသလိုသစ်ခဲ့ရတော့သည်။ အထုတ်တစ်ထုတ် ခေါင်းပေါ်ပစ်တင်ကာ ဒယဥ့်တိုက်ပြေးရသည်ချည်းပင်။ မျက်နှာပေါ် သနပ်ခါး တစ်မှုန်တစ်စတောင် မတင်ခဲ့အားနိုင်။
သနပ်ခါးလိမ်း၊ အလှပြင်တားလည်း ဘာထူးမှာလဲ။ မော်တော်ဝမ်းထဲရောက်ဖို့ရန် နုံးထဲ၊ ရွှံှ့ဗွက်ထဲ ရုန်းရ
ဦးမှာပင်။ မော်တော်က ကမ်းပါးနှင့် အတန်အလှမ်းဝေးသော ရေစပ်အထိသာ ကမ်းကပ်ရပ်နား ပေးနိုင်တာ ဖြစ်သည်။ ကုန်းဘောင်တံတားထိုးရန်လည်း အလှမ်းမမီပါ။ ရေဆင်းတံတားလည်း မရှိသောကြောင့် ကမ်းနားဦးမှ လုံချည်ခပ်တိုတို၊ တင်းတင်းပြင်ဝတ်ကာ ရွှံ့နုံးလတာတောထဲ တစွက်စွက်ရုန်းလျှေက်ခဲ့ကြရုံသာ။
ကြည့်မြင်တိုင်ဘက်ကမ်း ကမ်းနားဆိပ်ရောက်လေမှ ကမန်းကတန်း၊ မစင့်တစင်ပွတ်ဆေးလာခဲ့ရသော
ခြေလက်တွေကို အချိန်ယူ ဆေးကြော ကြရတော့သည်။ နီးရာလူထံမှတဘက်တစ်ထည်ဆွဲယူကာ မျက်နှာကို တစ်ချက်၊ နှစ်ချက် ပုတ်လိုက်ရသည်။ ဖွာလံကျဲနေသော ဆံပင်များကို လက်နှစ်ဘက်စုံဖြင့် ကြုံသလို၊ ပြီးစလွယ် သိမ်းသပ်လိုက်ရသည်။
ဆန်တစ်တင်းခွဲဝင် ပီနံအိတ်တစ်ထုတ်စီ ကိုယ်စီခေါင်းပေါ်စွေ့ကနဲပစ်တင်ပြီးလျှင်တော့ ကားဂိတ်ဆီ
ခြေလှမ်းညီညီ အမီလှမ်းကြပြီ။

                                                         * * *
ခေါင်းပေါ်မှာ ရွက်တင်လာခဲ့သော အထုတ်အပိုးများကို တဖုတ်ဖုတ်ပစ်ချစုပုံကာ အခန်းထောင့်တစ်နေရမှာ
ချိုရီတို့တစ်သိုက် ထိုင်နား၊ အမောဖြေ နေကြပါသည်။ ကားမှတ်တိုင်မှ မင်းညိုတို့၏ အရောင်းဆိုင်သို့ရောက်ရန် ခရီးအတော်လှမ်းလှမ်း ခြေကျင်လျှောက်ခဲ့ကြရတာမို့ ချွေးတွေတောင်ရွှဲနစ်နေကြပြီ။
မင်းညိုသည်လည်း ချိုရီတို့ထံ လွင့်ခနဲ အကြည့်တစ်ချက်သာပို့နိုင်ကာ ချိုရီထံ ပြုံးယောင်ပြုလျှက်
အလုပ်ဆက်ရှုပ်နေပြန်တော့သည်။
“ကိုမင်းညိုကြီး၊ နီလေးတို့ ရောက်တာနောက်ကျနေလို့ ဗျိုင်းလည်ပင်းဖြစ်နေတာ မဟုတ်လား”
အနားကပ်ကာ ခပ်တိုးတိုးကျီစယ်နိုင်သေးသော နီလေးအား မင်းညိုသည် မအားမလပ်ကြားကပင်
လက်သီးဆုတ်ထောင်ပြဖေါ်ရသေးသည်။ လူဖြောင့်၊စိတ်ကို ကိုမင်းညိုသည် အလုပ်ဇောလည်း သန်လွန်းသူ တစ်ယောက်မို့ သူ…အလုပ်ရှုပ်နေချိန်မှာ စကားအပိုတွေကို သီးမခံတတ်ပါ။ နီလေးတစ်ယောက် ကိုသာ….။
နီလေး၏ အသက်က ခုမှဆယ့်လေးနှစ်ထဲ ၀င်ရုံရှိသေးသည်။ ဒီနှစ် ရှစ်တန်းတက်ရမည်ဖြစ်သည်။ ဒါပေမယ့်
လူကြီးမိဘများ၏ မပြေလည်မှု၊ အကျပ်အတည်းအခက်အခဲတွေကို အရွယ်နှင့်မမျှ နားလည်နေတတ်သူမို့ ကျောင်းသို့ စေလွှတ်လို့ဘယ်လိုမှမရတော့။
“နီ…ပိုက်ဆံရချင်တယ် မမချိုရီရဲ့။ ချမ်းသာဖို့ ဟုတ်ပါဘူး။ အဖေနဲ့ အမေ့ကို သနားလို့ပါ”
“ပိုက်ဆံက ဘယ်အချိန်ရှာရှာပါ နီလေးရယ်။ ပညာဆိုတာ ငယ်တုန်းသင်ကြရတာ။ ကျောင်းတက်လိုက်ပါဦး…”
“ဟင့်အင်း…။ ကျောင်းတက်နေလို့ ဒီအကျဉ်းအကျပ်ကြားမှာ နီလည်းပျော်မှာမဟုတ်ဘူး”
ပြောမရသည့်အဆုံးတော့ နီလေးတစ်ယောက် ချိုရီ၏ သင်္ကန်းချုပ်သင်တပည့်မ ဖြစ်လာခဲ့တော့သည်။
မိကြောင်း၊ဖကြောင်း သိတတ်သူလေးရယ်လို့ ချိုရီက မင်းညိုအား ပြောပြမိတ်ဆက်ပေးကတည်းက နီလေးကို သနားနေခဲ့သော မင်းညိုသည် ထိုကောင်မလေးအပေါ် မြို့မှာကျန်နေခဲ့သော ညီမအငယ်ဆုံးလေးနှင့်မခြား
သံယောဇဉ် တွယ်နေမိတော့ပြီ။
“နီလေးလက်ရာကို ချိုရီ…တာဝန်ယူပါတယ် မင်းညိုရဲ့။ ချိုရီတပည့်မက လက်ရာကောင်းပါ။ သေသေသပ်သပ်လည်းရှိပါတယ်”
ချိုရီတာဝန်ခံနိုင်သည်ဆိုလျှင် မင်းညိုကလည်း အထည်စိမ်းပေးရန် ၀န်မလေးပါ။ ဒါပေမယ့်…
“ဟို..နီလေးမှာ အပ်ချုပ်စက်လည်းမရှိဘူး မင်းညိုရဲ့…”
မင်းညို၏ ကူညီစီစဉ်မှုဖြင့် နီလေးတစ်ယောက် စက်အဟောင်းကလေးတစ်လုံးကို ငှားရမ်းလိုက်နိုင်ခဲ့သည်။
ထိုအချိန်မှစကာ နီလေးကလည်း မင်းညိုကို ချိုရီနှင့် လွှတ်သဘောတူနေတော့ကာ သူတကာထက် ခင်မင်တွယ်တာ နေခဲ့တော့သည်။
ချိုရီတို့ရှေ့မှာ သင်္ကန်းစုံပြန်အပ်ကာ အထည်စိမ်းပိတ်အုပ်ပြန်ယူကြသော“ကင်းရွာသူ” အုပ်စုရှိနေနှင့် နေလေသည်။ စားရင်းနှင့် တိုက်စစ်ကာ အထည်အရေအတွက်၊ အလျား၊အနံ ပြည့်၊ မပြည့် ၊ချုပ်ရိုးအစိတ်အကျဲ
ညီ၊မညီ စစ်ဆေးနေရတာမို့ မင်းညိုနှင့်အတူ ကျန်ဝန်ထမ်းသုံးယောက်ပါ လက်မလည်အား။
“ဟာ…မကျင်စောအထည်တွေက ချုပ်ရိုးတွေကျဲလိုက်တာဗျာ။ တစ်လက်မ ရှစ်ပေါက် ဘယ်က မလဲ။”
“ငါလည်း ဂရုစိုက်ပါတယ် မင်းညိုရယ်။ ငါ့စက်က အောက်ချည်တွေရှုပ်ပြီး ဘာဖြစ်မှန်းမသိတာနဲ့ ပြင်ရင်းချုပ်ရင်း ..ဒီတစ်ထည်မှာ ပါသွားတာပါ။”
“ဟွန်း …ပြောလိုက်ရင် …ဒီ..စက်ပဲ ကြောင်းပြတော့မှာ သိနေတယ်”
မင်းညိုတစ်ယောက် တဖျစ်တောက်တောက် ဆက်လက်မြည်တွန်နေသောလည်း မကျင်စောကတော့
ခပ်အေးအေးပါပင်။
ချိုရီ့အထည်တွေကို ကိုင်နေရင်း…
“ပြီးရင် ခဏစောင့်ဦးနော်”
“ဟို..ချိုရီတို့ အချိန်မရှိတော့ဘူး မင်းညိုရဲ့”
မျက်နှာငယ်ငယ်နှင့် ချိုရီက ဖြေလေလျှင် မင်းညိုလည်း မျက်နှာတော့ ညိုချင်ပြီ။ ပြီးခဲတဲ့ တစ်ပါတ်
ကတည်းက “နောက်တစ်ခေါက်ကျ ဘုရားတက်ကြရအောင်” ဟု မင်းညိုမှာလိုက်ပါသည်။ ချိုရီလည်း ၀မ်းသာအားရ ခေါင်းညိတ် လက်ခံခဲ့သည်ပင်။
ဒါပေမယ့် …..
“….ချိုရီတို့ ဒီနေ့ ရန်ကုန်အ၀င် နောက်ကျသွားတာကို။ လိုင်း မော်တော်လေးက ခဏကြာရင် ပြန်ထွက်မယ်လို့ မှာလိုက်တယ်”
ချိုရီတို့တတွေသည် ရန်ကုန်မြေကို တစ်ပတ်လျှင် တစ်ခေါက်တော့ နင်းဖြစ်နေကြသူချည်းပင်။ ဒါပေမယ့်
ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ခြေတော်ရင်းကို ခေါက်တုန့်ခေါက်ပြန်ကွေ့ဝိုက်၍သာ သွားလာနေ ဖြစ်သည်က အကြိမ်ရေ ပိုများပါသည်။ ဗာဟီရ ကိစ္စ၀ိစ္စတွေ များမြောင်ရှုပ်ထွေးနေရသည်ကြောင့် စေတီတော်ကြီးအား အဝေးမှသာ လှမ်းမျှော်မော်ဖူးနိုင်ခဲ့ကြသည်။
“ချိုရီတို့က ရန်ကုန်ကို နံနက်ပိုင်းကရောက်၊ နေ့လည်ပြန်ကြရတာမို့ ထားပါတော့။ ကိုယ်တို့တွေက ဘုရားခြေတော်ရင်းမှာ မှီခိုပြီးနေလာခဲ့ကြတာ နှစ်တွေကြာလှပြီ။ ဒါပေမယ့် တနင်္ဂနွေနေတိုင်း ဘုရားကုန်းတော်ပေါ် ပုံမှန်ရောက်နိုင်ဖို့ မနည်းအချိန်ယူကြရတယ်။ ဘုရားပွဲရက်တွေ၊အခါကြီး၊ ရက်ကြီးတွေ ဆို ပိုဆိုးသေးတယ်။ အဲဒီအချိန်ဆို…. နေ့ရော၊ ညပါ ကိုယ်တို့အားလုံး အလုပ်မနိုင်မနင်း ဖြစ်ရဆုံးအချိန်ပဲ”
ဝါဆိုလပြည့်၊ သီတင်းကျွတ်၊တန်ဆောင်မုန်းလပြည့်နှင့် တပေါင်းလပြည့်ရက်များသည် မင်းညိုတို့၏ ဗဟန်းဝန်းကျင်တစ်ဝိုက်သာမက ကြည့်မြင်တိုင်၊ မြို့ထဲ ကုန်ဈေးတန်းဝန်းကျင်ရှိ သင်္ကန်းပရိက္ခရာ တိုက်ကြီးတွေအားလုံး စည်ကားနေလေ့မြဲ။ သင်္ကန်းကပ်ကြမည့် အလှူရှင်တွေ၊ ရဟန်းခံ၊ ရှင်ပြုနားသ ကုသိုလ်ပြုကြမည့် ဈေးဝယ်တို့ဖြင့် တိုးမပေါက်တော့ပြီ။ သင်္ကန်းတိုက်ကြီးတွေအားလုံး တစ်ညလုံး မအိပ်မနေပြင်ဆင်ထုတ်ပိုးကြ၊ နံနက်လင်းသည်နှင့် ပျားပန်းခပ်ဝယ်ကြ၊ ရောင်းကြရသည်မှာ အနားမရနိုင်။
ထိုအချိန်ဆိုလျှင် ချိုရီတို့ သင်္ကန်းချုပ်သမတွေလည်း အခါတိုင်းထက် အလုပ်ပိုရှုပ်လေ့မြဲ။ တစ်နေ့လျှင်
ဒွိစုံသင်္ကန်း သုံးစုံ၊ လေးစုံမျှပြီးသူတွေကို လေး၊ငါးစုံမက စုံအရေအတွက် ပိုထွက်နိုင်သမျှ ထွက်နိုင်စေရန် တွန်းအားပေးကြပြီ။ ချိုရီတို့တတွေ ညမီးဆက်ကာ အပ်ချုပ်စက်ပေါ်မှာပင် ထမင်းစားကြရတော့သည့် အဖြစ်။ ပရိက္ခရာ တိုက်ကြီးတွေအားလုံးက ချိုရီတို့အား ရန်ကုန်အထိ သင်္ကန်းပို့၊ယူ မလုပ်စေတော့ပြီ။ ရွာအထိ ရောက်အောင် လူလွှတ်၍သိမ်းစေတော့သည်။
ခုချိန်ကတော့ ၀ါတွင်းကာလလည်ဖြစ်သောကြောင့် ဥပုသ်နှင့် အဖိတ်နေ့တွေကလွဲလျှင် အတန်ငယ်တော့
အလုပ်ပါးပြီဆိုနိုင်ပါ၏။
ထို့ကြောင့်လည်း မင်းညိုက ချိုရီ့အား ဘုရားပို့ပေရန် ချိန်းခဲ့တာဖြစ်ပါသည်။
ဒါပေမယ့် ချိုရီက မော်တော်အမီ ကမ်းနားပြန်ဆင်းရပါဦးမည်။
“နောက်တစ်ပတ်ပေါ့ မင်းညိုရယ်”
မင်းညိုတစ်ယာက် အလိုမကျသော မျက်နှာဖြင့် ကျန်ရစ်ခဲ့ပါသည်။

                                               * * *
ချစ်သူသက်တမ်း သုံးနှစ်တာကာလအတွင်း `လက်ထပ်ချင်ပြီ´ ဆိုစကားကို မင်းညိုထံမှ အကြိမ်ကြိမ်ကြား
ခဲ့ရဖူးပါသည်။
ဒါပေမယ့် ထိုစကားက ချိုရီ့ထံ ခွင့်တောင်းတိုင်ပင်နေတာဖြင့် မဟုတ်ဘူးထင်ပါသည်။ သူ့ဆန္ဒ သက်သက်ကို ဖွင့်ထုတ်သိကြားစေရုံ သက်သက်သာဟု ချိုရီနားလည်ရပါသည်။
ဆယ်တန်းအောင်ပြီးကတည်းက နယ်မြို့ကလေးတစ်ခုမှ ရန်ကုန်တက်လာခဲ့ပြီး အလုပ်လုပ်နေသော မင်းညိုသည် ရိုးသားအေးဆေးကာ အလုပ်ထဲမှာလည်း မခိုမကပ် ကြိုးစားနိုးကြားသူအဖြစ် နာမည်ကောင်း သတင်း မွှေးလွင့်လှသူပင်။ သင်္ကန်းတိုက်ပိုင်ရှင် သူဋ္ဌေးကိုယ်တိုင်က နှစ်လိုအရေးပေးခြင်းကိုလည်း ခံရသူဖြစ်ပါသည်။ ၀န်ထမ်း အလုပ်သမား အားလုံးထဲမှာ ပိုင်ရှင်မှလွဲလျှင် မင်းညို၏ သြဇာသာ အတည်းဆုံး ဖြစ်ပါသည်။ မန်နေဂျာ၊ လူယုံသဘောမျိုး သက်ရောက်နေသော မင်းညို၏ လုပ်ခလစာသည်လည်း အများတကာထက် ပိုလွန်ပါ၏။
ဒါပေမယ့် မြို့တွင်ကျန်ရစ်သော မိခင်၊ ဖခင်တို့၏ စားဝတ်နေရေး၊ ညီ၊ညီမငယ်များ၏ ပညာသင်စရိတ်
စသည်တို့မှာ မင်းညို၏ အထောက်အပံ၊အကူညီကို မဖြစ်မနေ ငံ့လင့်နေကြရသော အခြေအနေမှာ ရှိပါသည်။ တစ်လ၊ တစ်လ…ရသမျှ လစာငွေကို ခြစ်ကုတ်ခြိုးခြံနေသည့်ကြားမှပင် ကြိုတင်လစာငွေ ကျောပိုးတက်နေတတ်သူပင်။
``နှစ်ချုပ်နဲ့တိုက်ခန်းလေး တစ်ခန်းလောက် ငှားနိုင်ချင်လိုက်တာကွာ´´
သည်မျှလောက်ဆိုလျှင်ပင် မင်းညို၏ ရင်တွင်းစိတ်ကူးနှင့် သောကအတိမ်အနက်ကို ချိုရီမြင်နိုင်ပြီ။
``ခုမတတ်နိုင်သေးလည်း နောက်တော့ဖြစ်လာမှာပေါ့ မင်းညိုရယ်။ အားမလျှော့ပါနဲ့´´
ချိုရီသည်လည်း နှုတ်ဖြင့် နှစ်သိမ့်ရန်မျှသာ တတ်နိုင်သူ ဖြစ်ပါသည်။

                                                    * * *
``ချိုရီရေ…ညည့်နက်လှပြီမဟုတ်လား။ သိမ်းတော့လေ…´´
``ခဏလေးအမေ။ အနားပတ်ကလေး နှစ်ကြောင်းဆွဲနေတာ။ ပြီးတော့မှာပါ´´
မျက်စောင်းထိုးအိမ်က ဝေလွင်တို့လည်း မီးမှိန်ပြပြနှင့် အလုပ်ကောင်းနေကြဆဲထင်သည်။
ချိုရီတို့၏ “သပြေဝေ”သာမက ခရမ်းဝ၊ ကင်းရွာ…စသည့် ရွာနီးချုပ်စပ်အားလုံးတွင် အိမ်တိုင်းနီးပါးမှာ
အပ်ချုပ်စက် ကိုယ်စီရှိကြပါသည်။ မိန်းကလေး ရွယ်လတ်အားလုံးတို့သည်လည်း အပ်ချုပ်စက် နင်းနိုင်သည်။ သင်္ကန်းချုပ် နိုင်ကြပါသည်။ ရွာကျောင်းမှ ထွက်သည်နှင့်အပ်ချုပ်စက်ခြေနင်း စမ်းကြသူ တွေ ချည်းပင်။
အပ်ချုပ်စက်မှ မနင်းလိုလျှင်လည်း မိရိုးဖလာ လယ်ယာလုပ်ငန်းမှာ ကောက်စိုက်၊ပျိုးနုတ် ကြရုံသာ
ရှိတော့သည်။ လယ်ထဲ၊ချောင်းထဲကိုတော့ ဘယ် မိန်းကလေးမှ မဆင်းလိုကြပါပေ။ ရွှံ့နွံဗွက်ထဲမှာ စိုစွတ်ပေကျံကာ ချွေးသံတစ်လုံးလုံး ရုန်းကန်ရသောဘ၀ထက် အိုးမကွာ၊ အိမ်မကွာ အပ်ချုပ်စက် ကလေးနင်းနေတာက လူနေလှသလို ထင်ကြပါသည်။ ယောက်ျားအများစုနှင့် အမျိုးသမီးကြီးတွေသာ လယ်ထဲဆင်းကြပါသည်။ အမျိုးသမီးငယ်အများစု တို့ ကတော့ အပ်ချုပ်စက်သာ ကုန်းနင်းကြလေသည်။
သင်္ကန်းချုပ်သော အလုပ်မှာလည်း ၀ါမ၀င်မီ ၀ါဆိုသင်္ကန်း၊ ၀ါမထွက်မီ ကထိန်သင်္ကန်း၊ နွေကျောင်းပိတ်ရက်
မတိုင်မီ ဒုလ္လဘသင်္ကန်း စသည်ဖြင့်သာ လှိုင်လှိုင်ချုပ်ကြရတာ ဖြစ်ပါသည်။ စပ်ကူးမတ်ကူး ကြားကာလ တွေမှာတော့ အားကစားဘောင်းဘီ၊ ဒူးကျဘောင်းဘီ ဆိုတာတွေ ယူချုပ်ကြရပြန်သည်။
ချိုရီကတော့ ရိုးရိုး ဒွိစုံသင်္ကန်းအပြင် ဒူးကုဋ်နှစ်ထပ်သင်္ကန်းလည်း ချုပ်တတ်နေသေးသူဖြစ်သည်။
ပိတ်စလည်း ကိုယ်တိုင်ဖြတ်တောက်ခွဲစိတ်တတ်သေးသူမို့ သင်္ကန်းတစ်မည်ထဲ ချုပ်နေလည်းပင် တစ်နှစ်လုံး အလုပ်မပြတ်ပါ။
နှစ်ထပ်သင်္ကန်းကြီးက ပိတ်စငယ် အပိုင်းပေါင်းများစွာဖြစ်အောင် ခွဲစိတ်ဖြတ်တောက်ပစ်ပြီးမှ နှစ်ထပ်
သင်္ကန်းပြန် ဖြစ်အောင် လေးထောင့်ကွက် ပိတ်အပိုင်းအစလေးတွေကို အုတ်နံရံကွက်ဖေါ်ကာ စိတ်ရှည်လက်ရှည် စပ်ချုပ်ရပြန်သည်မို့ လက်ဝင်ခက်ခဲသယောင်ရှိပါသည်။ နှစ်ထပ်သင်္ကန်းမှာ (၁၅)ခဏ်းမှသည် (၁၅၅)ခဏ်းအထိ အခဏ်းစုံ ခွဲခြားချုပ်ကြလေ့ရှိပါသည်။ အခဏ်းဝင်များလေ …ပို၍ လက်ဝင် ခက်ခဲလေပါပင်။ ဒွိစုံသင်္ကန်းချုပ်နေကြ အများစုကတော့ နှစ်ထပ်သင်္ကန်းကို လက်ရှောင်ကြပါသည်။
ဒါပေမယ့် ကထိန်သင်္ကန်းနှင့် ဒုလ္လဘ ရဟန်းခံ အလှူရှင်များအတွက်တော့ နှစ်ထပ်သင်္ကန်းကို အမွန်အမြတ်
အထွဋ်ထားထားကာ ၀ယ်ယူလှူဒါန်းလေ့မြဲ။
မင်းညိုတို့တိုက်မှာ ဆိုင်တင်သမျှ နှစ်ထပ်သင်္ကန်းများအားလုံးနီးပါးကို ချိုရီတစ်ယောက်တည်း အလျင်မီအောင် ချုပ်ပေးနေတာဖြစ်ပါသည်။ မင်းညိုတို့ကလည်း ချိုရီ့လက်ရာကို စိတ်ချသည်ကြောင့် ချိုရီ ချုပ်ချိန်ပိုရစေရန် တစ်ရာသီစာ အော်ဒါပေးလျှက် စောစီးကြိုတင်အပ်နှံနေကျပင်။ အချို့သော အလှူရှင်များကတော့ စပယ်ရှယ်အော်ဒါချုပ် နှစ်ထပ်သင်္ကန်းကိုမှ အမွန်အမြတ်၊ ထူးထူးခြားခြား လှူဒါန်းလိုကြပါသည်ဆိုလာလျှင် ချို့ရီကိုသာ အားကိုးရသည်ပင်။ ဒါပေမယ့် အချိန်နှင့်လုပ်အားက ချိုရီ့လောဘကို အမီမလိုက်နိုင်ပါ။
ချိုရီလည်း မင်းညို၏တာဝန်များကို ဝေမျှယူချင်ပါသည် မင်းညိုရယ်…။

                                           * * *
ဒီနေ့တော့ ဘုရားခြေတော်ရင်းဆီ နှစ်ယောက်အတူ ရောက်နိုင်တော့မည် ထင်ပါသည်။
ဒီနေ့ရလာမည့် ၀င်ငွေထဲမှ ဦးဦးဖျားဖျားဖယ်ချန်ကာ နှစ်ဦးအတူ ရွှေသင်္ကန်းကပ်လှူကြမည်ဟု
ရည်ရွယ်တိုင်ပင်လာခဲ့ကြပါသည်။
အေးအေးဆေးဆေး ဘုရားဖူးပြီးမှ ဆေးရုံကိုလူနာသတင်းမေးသွားတော့မည်။
နီလေးတစ်ယောက် ဆေးရုံတင်ထားရတာ သုံးရက်ခန့်ရှိခဲ့ပြီ။ ရွာမှ ရန်ကုန်သို့ သင်္ကန်းပို့ရန်အလာ၊
လမ်းပေါ်မှာတင် ဗိုက်အောင့်သည်ဟု ရှုံ့မဲ့အော်ဟစ်နေခဲ့သော နီလေးအား နီးရာဆေးခန်းတစ်ခုမှာ ၀င်ပြပေးကြသည်။ အူအတက်ယောင်တာဟု ဆရာဝန်က မှတ်ချက်ပေးကာ အားချင်းပင် ဆေးရုံတင်စေပါတော့သည်။
ခုတော့ ခွဲစိတ်ပြိးစီးခဲ့ပြီမို့ စိတ်အေးရမည့် အခြေအနေမှာ ရှိပါပြီ။ ဒါပေမယ့် ငါးရိုးမျက် လက်တို ဖြစ်နေ
ရှာသော ကလေးမ၏ မိသားစု သည် ဆေးရုံပေါ်မှာ လက်ဖ၀ါးဗလာဖြင့် အားငယ်လှရော့မည်။
ခွဲစိတ်ခန်းမ၀င်မီ တစ်ကြိမ်တော့ မင်းညို ဦးဆောင်ကာ ဆိုင်ဝန်ထမ်းတွေ၊ သင်္ကန်းချုပ်သမတွေထံမှ ရတတ်သမျှ စုဆောင်းပေးခဲ့ပါသေးသည်။ အလုပ်ရှင် သူဋ္ဌေးကလည်း စိတ်လိုလက်ရထည့်ဝင်ပေးလိုက်သေး သည်မို့ ခွဲစိတ်ခန်းကိစ္စ အဆင်ပြေခဲ့ရသည်။
ချိုရီက မင်းညိုအနားကပ်ကာ လေသံတီးတိုးဖြင့်…
“ချိုရီ့မှာ နှစ်ထပ်သင်္ကန်း တစ်ထည်ရှိနေတယ် မင်းညိုရဲ့”
                        မင်းညိုက နားမလည်ဟန်ဖြင့် ဇဝေဇ၀ါ တုန်ပြန်ကြည့်လေသည်။
“ပိတ်စ အပိုလေးတွေ စုထားပြီး ကိုယ်ဘာသာ ဖြည်းဖြည်းချင်းပြန်စပ်ချုပ်ထားတာပေါ့။ ပိတ်စအကြီး
လည်းမရတော့ အကွက်သေးလေးတွေနဲ့ပဲ ချုပ်ရတာ။ (၁၅၅)ခဏ်း လေ။”
                        ထိုသင်္ကန်းကို ချိုရီတစ်ယောက် စိတ်ကူးတယဉ်ယဉ်ဖြင့် ချုပ်ခဲ့ရကြောင်း မင်းညိုအား ပြောမပြချင်ပါ။
တကယ်လို့များ ချိုရီတို့ နှစ်ယောက်လက်ထပ်ဖြစ်ခဲ့လျှင် သံင်္ဃာတော်တစ်ပါးပါးကို အိမ်ပင့်၍ ဆွမ်းကပ်မည်။ မင်္ဂလာဦးအလှူအဖြစ် တိစိဝရံ သင်္ကန်းလည်း လှူချင်သေးသည်။ ဒွိစုံသင်္ကန်းကိုတော့ မင်းညိုဝယ်လိမ့်မည်။ နှစ်ထပ်သင်္ကန်းကလေးတော့ ကိုယ်တိုင်လုပ်အားဖြင့် တဖြည်းဖြည်း အချိန်ယူချုပ်၍ လှူမည်ဟု စိတ်ရှည်၊ လက်ရှည် ကျနသေသပ်စွာ ချုပ်ယူခဲ့တာ နှစ်လကျော် ကြာခဲ့ပါသည်။
                        ချိုရီ့စိတ်ကူးများကို မင်းညိုသိလျှင် ချိုရီ့အား သနားအားနာလျှက် အနေခက်ရဦးမည်မို့ ရှင်းပြမနေချင်တော့။ ဒါပေမယ့် မင်ညိုက မေးလွန်းမက မေးလာသောကြောင့်သာ….
“ချိုရီ နောက်တစ်ထည်း ပြန်ချုပ်ဦးမှာပါ မင်းညိုရဲ့။ ဒီအထည်လေးကိုတော့ ပြန်ရောင်းပြီး ချိုလေးတို့ မိသားစုကို ပေးချင်လို့”
                        “ချိုရီရယ်…”ဟု နာကျင်သလို တစ်ချက်ညည်းငြူကာ မင်းညိုငြိမ်ငေးသွားပါသည်။

                                         * * *
                        နောက်ဆုံးတော့လည်း ချိုရီတို့နှစ်ယောက် ဒီနေရာ၊ ၀န်းကျင်လေးကိုပဲ ရွေးချယ်ဖြစ်ခဲ့ကြပါသည်။
                        ချိုရီ့ သင်္ကန်းကို မင်းညိုတို့ဆိုင်မှာ အကျိုးကြောင်းပြောပြ၊ အကူအညီတောင်းကာ ဆိုင်ပြန်တင်ရန်ပြောလျှင်
အဓ္ဓိပါယ်တစ်မျိုးဖြင့် ကြည့်လာကြမည်ကို မင်းညိုက ပူပန်ပါသည်။ တခြားဆိုင်ကြီးတွေမှာလည်း မျက်နှာအောက်ချ မ၀င်ချင်ပါ။ အဲတော့ လမ်းဘေးတစ်နေရာ၊ အဆင်ပြေမည် ထင်ရသူတစ်ယောက်ကို ရွေးချယ်ရတော့ပြီ။
“အသစ်စက်စက်ပါ အစ်မရဲ့။ ဆိုင်တံဆိပ်လည်း မကပ်ရသေးပါဘူး”
                        ပြောမည့်သာ ပြောရသော်လည်း ထိုမိန်းမက ပြန်ဖြန့်လိုက်၊ခေါက်လိုက်၊ လက်ထဲမှာ မသိမသာ လုံးချေ
နေလိုက်ဖြင့် ကြိမ်ဖန်များစွာရှိလာတော့ အထည်ကလေးက နွမ်းကြေနေခဲ့ပြီ။
“………………..တော့ ပေးလိုက်မယ်”
                        အင်တင်တင်ဖြင့် မလွှဲကင်းသာပုံစံ အပြည့် ဖမ်းထားလိုက်သေးသည်။ ချိုရီတို့နှစ်ယောက်သား
တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လျှက် ရှုံ့မဲ့သွားကြရပါသည်။ သည်အထည်မျိုးက ချုပ်ခတင် သောင်းချီနေတာ မဟုတ်လား။ သူမပေးသော ဈေးနှုန်းက သုံးပုံ၊ တစ်ပုံတောင်မရှိ။
“ဆိုင်တင်တဲ့ဈေးကို ကျွန်တော်တို့သိပါတယ် အစ်မရယ်။ အဲလောက်ကြီးတော့ မနှိမ်ပါနဲ့ ဗျာ”
“ဒါဆိုလည်း ဆိုင်တင်ရောင်းပါလား။ ဒီမှာတော့ ဒီဈေးပဲ…”
                        သူ့ဘက်က ခပ်တင်းတင်းဆိုလေတော့ ချိုရီတို့ကလည်း ကိုယ်ပစ္စည်း ကိုယ် ပြန်ယူကာ နောက်ကြောင်း
လှည့်ကြဖို့သာ ရှိတော့သည်။
“နေဦး။ နည်းနည်း ထပ်တိုးပေးလို့ ရမလား၊ မေးလိုက်ဦးမယ်”
                        ရှက်စရာကောင်းလှပြီ။ ဒီနေရာသည် မင်းညိုနှင့် မစိမ်းသောပတ်ဝန်းကျင်ဖြစ်သလို ချိုရီ့အဖို့လည်း
ဆန်းကြယ်လှတာတော့ မဟုတ်ပါ။ ဒါပေမယ့် ကိုယ်တိုင်အခြေအတင်ပြောနေရသော အတွေ့အကြုံမျိုးက နှစ်ယောက်စလုံးအတွက် ခုတစ်ကြိမ်က ပထမဆုံးပင်။ ကိုယ်တွေကို ပတ်ဝန်းကျင်ဖြတ်သွားဖြတ်လာ အသိတွေ တွေ့သွားကြတော့မလား ။နောက်ကျောမလုံချင်ပြီ။
                        ထိုမိန်းမကတော့ ချိုရီအထည်ခေါက်ကလေးကို မလွှတ်တမ်း ဆုတ်ကိုင်ထားကာ မနီးမဝေးမှ
အဖော်တစ်ယောက်ထံ လှမ်းအော်ပြီး အခြေအတင်ပြောနေပြန်တော့ပြီ။ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရန်ပင် ရှက်လန့်နေရတော့မည့် အခြေအနေမှာ ချိုရီကတော့ နောက်ကြောင်းပြန် ပြေးချင်နေမိပြီ။
                        အသားညိုနက်နက်နှင့် ကွမ်းတစ်ပစ်ပစ်မိန်းမသည် စကားဟောင်ဖွာမပျက် ချိုရီတို့အနားသို့ ရောက်လာလေပြီ။ အထည်ကလေးက သူ့လက်ထဲ ရောက်သွားပြန်ပြီ။ စိမ်ပြေနပြေ အထည်ကလေး နွမ်းရိတော့မတတ် လိမ်ခြေမွှေနှောက်နေရာက မျက်နက်ထောင့်ကပ်ကာ၊ ဟန်မူတွေပိုလျှက်…
“ခိုးရာပါတွေ၊ ဘာတွေတော့ မဟုတ်ပါဘူးနော်”
                        ချိုရီ မျက်လုံတွေ ပြာပြာဝေသွားသည်။ လူတစ်ကိုယ်လုံး ထူပူနေကာ နတ်ကျသလို ကတုန်ကရင်
ဖြစ်လာရသည်။
“မရောင်းတော့ ဘူး”
                        သူမ၏ လက်ထဲမှ အထည်ကလေးကို အပြေးတစ်ပိုင်းဖြင့် ဆောင့်ဆွဲယူလိုက်ပါသည်။ မင်းညို…။ အံကို
တင်းတင်းကြိတ်လျှက် လက်သီးကျစ်ကျစ်ဆုတ်ကာ တဆတ်ဆတ်တုန်နေသော မင်းညိုအား မနိုင်မနင်းဆွဲခေါ်လာခဲ့ရသည်။
“ အလုပ်သဘောအရ မေးတာပဲ။ အဖြစ်သည်းနေလိုက်တာ…”
                        မျက်လုံးမှာ မျက်ရည်တွေ ဆိုင်းဝေနေတော့ကာ ဘာဆိုဘာမှ မြင်မရချင်။ ဒါပေမယ့် မလိုတမာ စကားတွေက နောက်ပါးမှာ ကပ်ပါလာနေတုန်း။
                        နှစ်ယောက်သား တစ်ယောက်လက် တစ်ယောက် မလွှတ်တမ်း တွဲဆုတ်ထားလျှက် ဦးတည်ရာမဲ့
တရွေ့ဆက်လျှောက်နေမိသေးသည်။
                        ထိုနေ့ကလည်း ချိုရီတို့နှစ်ယောက် ဘုရားမဖူးဖြစ်ကြပြန်ပါ။ ။


                                                                                                               သတိုး

Wednesday, August 18, 2010

ကြိုး၏ကျွန်

သူတို့သွားရာ ခရီးလမ်းတစ်လျှောက် ကျွန်တော် ခုလို တကောက်ကောက်လျှောက်လိုက် ကပ်ပါလာခဲ့တာ ခိုင်လေးသာ သိသွားလို့ကတော့ သူမ အရမ်းကိုစိတ်ဆိုး ဒေါပွ နေတော့မှာပါ။ သူနှင့် ကျွန်တော်... ချစ်သူတွေဘ၀မှာကတည်းက ကျွန်တော်က သူ့အပါးမှာ အရိပ်ကြည့်၊ကပ်မခွာ စောင့်ကြည့် ချစ်နိုးခဲ့ရသူလေ…။

အဲသည်စဉ်တုန်းကတော့…

``ခိုင်လေး ၀ယ်စရာတစ်ခုရှိလို့ ကိုကိုလိုက်ပို့ပေးပါဦး´´
``ကိုကို အနားမှာရှိတော့ ခိုင်လေးလည်းပိုအားရှိတာပေါ့´´

အဲသလို ချွဲနွဲ့တတ်ခဲ့သော ခိုင်လေးကအခုအိမ်ထောင်သက် တစ်နှစ်ကျော်ကလေး အတွင်းမှာပဲ ကျွန်တော့်ရဲ့ အရိပ်ကြည့် ဂရုစိုက်မှုတို့အတွက် စိတ်ကျဉ်းကျပ်၊ အနေခက်နေတတ်ပြန်ပြီ။

``ကိုကို နေခဲ့ပါ။ ခိုင်တစ်ယောက်တည်းဖြစ်ပါတယ်….´´
``ဟာ…ကိုကိုပါလာရင် ရှုပ်တယ်ကွာ…´´

ကျွန်တော်..၀မ်းနည်းနာကျင်ရမှုတွေကို သူမ မမြင်မသိစေရပဲ…

``ကိုကိုက ခိုင်လေးတစ်ယောက်တည်း စိတ်မချလို့ပါ´´
``ဘာ…စိတ်မချစရာရှိလို့လဲ´´
``မသိဘူး။ ကိုကိုကတော့ စိတ်ပူမိတာပဲ´´
``အဲဒီ…အကြောင်းမဲ့ စိတ်ပူတတ်တာတွေကိုလျှော့´´
``ကိုကိုက ခိုင်လေးကို သိပ်ချစ်တော့…´´
``အဲဒီ သိပ်ချစ်တာတွေကိုလည်း နည်းနည်းတော့လျှော့…´´

ပြုံးယောင်ယောင်၊ပြောင်စပ်စပ်မျက်နှာကလေးနှင့် ဆိုလာခဲ့လျှင်တော့ကျွန်တော်ကလည်း ညစ်ကျယ်စွာ သူမအနားက မခွာတမ်းရှိခဲ့ပြီ။

``ကိုကို ဘယ်လိုဖြစ်နေလဲ…´´
``ပြောပြီးပြီလေ…၊ခိုင့်ကို စိတ်မချလို့ပါဆို…´´
``ရှင်စိတ်မချရအောင် ခိုင်က ကလေးလား…´´

တစ်ယောက်တပြန် အော်ဟစ်ငြင်းခုန်ရင်းကျွန်တော်တို့နှစ်ယေက်ကြားမှာမုန်တိုင်းငယ် တွေ တစ်ခုမက ၀င်မွှေခဲ့ဖူးပြီ။

**********

သူမတို့၏ကားကလေးကို လှမ်းတွေ့ မြင်သာရုံအကွာအဝေးကပဲ ကျွန်တော်ခပ်ခွာခွာလေး လိုက်ပါလာခဲ့ ပါသည်။
ခိုင်လေးတို့တတွေ လမ်းမှာ…ဘယ်မှဝင်မနေကြပဲ ကျွန်တော်တို့အိမ်ကလေးဆီကိုပဲ တန်းတန်းမတ်မတ် ပြန်လာကြတာ တွေ့တော့ကျွန်တော်တစ်ကိုယ်တည်း ကျေနပ်စွာ ပြုံးမိရသေးသည်။

ကျွန်တော် အိမ်ကလေးထဲသို့ လိုက်ဝင်မသွားသေးပဲ ခြံဝမှာပဲ ရပ်တန့်စောင့်ကြည့် နေမိ သေးသည်။ ခိုင်လေးတို့ လိုက်ပါလာသော ကားကလေးက အိမ်ရောက်ပြီး ချက်ချင်းပြန်ထွက်ပြန်တာမို့ ပန်းခြုံကလေးကို အကွယ်အကာပြုကာ ကားဆီကဲကြည့်လိုက်သည်။

ခိုင်လေးပြန်လိုက်မပါသွားတာမို့ တော်ပါသေးရဲ့…။

ကျွန်တော်တို့ အိမ်အ၀င်ဝမှာ ခိုင်လေးနှင့်အတူအမျိုးသမီးသုံးလေးယောက်ကို လှမ်းမြင်ရ လေသည်။ ကျွန်တော်နှင့် ခိုင်လေးတို့အကြား အငြင်းပွား၊အချင်းများရလေတိုင်း ကျွန်တော့်ဘက်မှာ ဘယ်တော့မှ မရှိကြတဲ့ ခိုင်လေးရဲ့ ဘက်တော်သား သူမ၏အချစ်ဆုံးသူငယ်ချင်းများပဲပေါ့။

ခုအချိန်…အိမ်ထဲလိုက်ဝင်သွားမိလျှင် သူမတို့တစ်အုပ်စုလုံးဟာကျွန်တော့်ကိုသာ ၀ိုင်းဝန်းပြစ်တင်ရန် ထောင်ကြတော့မှာ သေချာသလောက်ရှိတာမို့ ကျွန်တော် ခြေလှမ်း တုန့်ရသည်။

သူမတို့တတွေက ခိုင်လေးနှင့် ကျွန်တော် ချစ်သူတွေဘ၀မှာ ကတည်းကကျွန်တော့်အား သိပ်ကြည်လင် ကြသူများ မဟုတ်ခဲ့ပေ။
ကျွန်တော်ကလည်း ကျွန်တော်ပဲ။ ခိုင့်သူငယ်ချင်းတွေအပေါ် ခိုင့်မျက်နှာအား ထောက်ထားသဖြင့်သာ မေးထူးခေါ်ပြော ဆက်ဆံနေရုံရှိခဲ့တာ..။ ဘယ်သူ့အပေါ်မှာမှတလှိုက်တလှဲ ခင်မင်ကျွမ်းဝင်လိုစိတ် မဖြစ်ခဲ့။ ခိုင်လေး ကတော့….

``ခိုင်တို့က လူမှုဆက်ဆံ့ရေးသတ္တ၀ါတွေလေ ကိုကိုရဲ့…။အသိုင်းအ၀ိုင်းနဲ့ဝင်ဆံ့နေပျော် တတ်ရမှာပေါ့´´
``သိပါတယ်ကွာ…။ဒါပေမယ့် ကိုကိုမှ မနေတတ်တာ….´´
``ကိုကိုက သင်းကွဲပဲ….´´

ကျွန်တော့်စိတ်ထဲ တင်းခနဲ…။ ပြီး တသိမ့်သိမ့်ဝမ်းနည်းနာကျင်လာခဲ့သည်။

*************

အဲသည်စဉ်က.. အဖြစ်အပျက်တွေကို ရေလည်သေချာစွာသိနားတတ်ခြင်း မရှိသေးသော အလွန်ငယ်နုချိန် ဖြစ်ပါသည်။

ညဦးတုန်းက ကျွန်တော် မေမေနှင့်အတူ အိပ်ယာ အစောကြီးဝင်ခဲသည်။နံနက်အိပ်ယာ ကနိုးတော့ မေမေ့ အရိပ်အယောင်ကို မမြင်ရ။

``မေမေ…´´

အိပ်ယာနိုးနိုးချင်း မေမေ့ကိုမတွေ့ရလျှင် ကျွန်တော်ဂျီကျလေ့မြဲ။

``မေမေ့ကိုခေါ်ပေး၊ ခု…ခေါ်ပေး´´

မျက်လုံးမဖွင့်ပဲ အာခေါင်ခြစ် အော်ဟစ်တော့တာပင်။

အခါတိုင်း အဲလိုဆန္ဒပြလျှင် မေမေရောက်ရာနေရာမှ ပြေးရောက်လာတတ်ပါသည်။ ခုတော့ မေမေ့ အရိပ်အယောင်ကိုမျှ မမြင်ရ။ အော်ဟစ် ငိုကြွေးနေလျှက်မှကျွန်တော် ဇဝေဇ၀ါ ဖြစ်လာခဲ့ပါသည်။

``ဖေဖေ…´´

ကျုံးအော်ပစ်ခဲ့မိသော်လည်း ဖေဖေရှိနေလိမ့်ဟု မျှော်လင့်မထားခဲ့ပါ။ ဒီအချိန်က ဖေဖေ အလုပ်သွားသော အချိန်ဖြစ်ပါသည်။
သို့သော် ဖေဖေ ကျွန်တော့်အနားသို့ ရောက်လာခဲ့ပါသည်။ ဖေဖေ့မျက်နှာသိပ်မကောင်း ဟုထင်သည်။ ဖေဖေ နေမကောင်းဘူးလား။

ဖေဖေနေမကောင်းလျှင် စိတ်တိုတတ်သည်ဟု မေမေကပြောဖူးသည်။ကျွန်တော် …၇ိုက်ခံထိ မှာကြောက် သောကြောင့် အသံတိတ်ငြိမ်ငေးနေလိုက်သည်။ဒါပေမယ့်အဲဒီနေ့က ဖေဖေ… ကျွန်တော့်ကို မရိုက်ခဲ့ပါ။ သားဖြစ်သူကို အိပ်ယာပေါ်မှပွေ့ယူကာ တင်းတင်းကျပ်ကျပ်ပွေ့ဖက်ထား တော့တာ…။ ကျွန်တော့်မျက်နှာ အားပင့်မော့စေကာ နမ်းမွှေးလိုက်လျှင်တော့ ကျွန်တော့်မျက်နှာပေါ်မှာ ဖေဖေ့မျက်ရည်တို့ ဖြင့် စိုလူးသွားခဲ့ပြီ။ ပြီး…ဖေဖေ့နှုတ်က တတွတ်တွတ်မြည်တမ်းနေခဲ့သေးတာ။

ဖေဖေ ဘာတွေပြောခဲ့သလဲ။ နားမလည်းမမှတ်မိတော့ပေမယ့် ကျွန်တော်တို့သားအဖ၏ ဘ၀ထဲမှ မေမေအပြီးတိုင် ထွက်ခွာသွားခဲ့ပြီဆိုတာတော့ မသိတတ်သေးသော ကလေးအတွေးဖြင့်ပင် နားလည်နိုင်ခဲ့သည်။

*********

ညစဉ် ရီဝေနေတတ်သော ဖေဖေ့၏ မာဃဒေ၀လင်္ကာတို့ကို နားယဉ်မှတ်မိ လာချိန် မှာတော့ ကျွန်တော်ကျင် လည်ရာဝန်းကျင်ကမ္ဘာငယ်သည်ပိုလို့ကျဉ်းမြောင်း ကျုံ့ဝင်သွားရတော့သည်။ ကျွန်တော့်ဘ၀မှာ လက်ချိုးရေတွက်ရနိုင်သော သူငယ်ချင်းအချို့နှင့်စာအုပ်များ သာရှိခဲ့သည်။

ဒါပေမယ့်…စာ၊ကဗျာတွေအကြား မွေ့လျော်နေပျော်သောဘ၀ထဲသို့ခပ်သွက်သွက် လှမ်းဝင်လာခဲ့သော ကောင်မလေး တစ်ယောက်လည်းရှိခဲ့ဖူးလေသည်။

``ကဗျာဆရာဆိုတော့ ရုပ်ရှင်တွေ၊ ဗွီဒီယိုတွေထဲကလို ဖရိုဖရဲ၊ညစ်တီးညစ်ပတ်ကြီး တွေ မှတ်လို့…´´

ပြောပြီး တခစ်ခစ်ရယ်မောနေလိုက်ပုံ..၊ပြီးတော့ ပေါ့ပါးတဲ့ပြုမူလှုပ်ရှားပုံတွေကအစ သံပတ်ပေးထားသောအရုပ်မလှလှလေးလိုပဲ။ တောက်တက်…တောက်တက်…မြင်သူချစ်ချင်စရာ…။

``နွယ်ယိမ်းကိုချစ်ရင် ရှင်စိတ်ညစ်ရလိမ့်မယ်´´
``ကိုယ်တော့ မထင်ပါဘူး။ အခုကိုပဲ ရင်တစ်ခုလုံးအပျော်တွေနဲ့ပြည့်နေတယ်…´´

နွယ်ယိမ်းကတော့ ပေါ့ပါးစွာ သာသာကလေးပဲ ရယ်မောနေခဲ့သည်။

သူမကို တွယ်ငြိသွားမိရတာလည်းအဲဒီပေါ့ပါးရွှင်ချိုမှုတွေ ကြောင့်ပဲဖြစ်သည်။ ဘ၀ တစ်လျှောက်လုံး လေးလံလှသော ၀န်ထုပ်ဝန်ပိုးကြီးတစ်ခုကို ထမ်းပိုးထားရ သူလိုပင်ပမ်းတကြီး ရှိနေခဲ့ရတာ။ ကိုယ်မက်မောလိုချင်ခဲ့သောပေါ့ပါးရွှင်လန်းခြင်းတွေကို သူမထံမှာတွေ့လိုက်ရတော့ အားအကျကြီးကျနေမိခဲ့သည်။ သူမထံမှ အပျော်တွေကို ကူးယူခံစား ရတာ အတော့်ကို နေသာထိုင်သာ ရှိကာ လန်းဆန်းဖျတ်လတ်နေရတော့သလိုပင်။

``ကိုယ်တို့ လက်ထပ်ကြရအောင်…´´

ကျွန်တော်၏တောင်းဆိုမှုက အတန်ငယ်စောစီးစွာအလောတကြီးနိုင်နေ ခဲ့ပေလိမ့်မည်။ နွယ်ယိမ်းကတော့ ပေါ့ပါးစွာပဲ…..

``တားလို့လည်းရမှာမဟုတ်တဲ့ အတူတူ…။သဘောပဲ´´

အဲသလို နွယ်ယိမ်းဖြစ်လေသည်။

***********

တကယ်တော့ ကျွန်တော် ကြည့်ငေးအားကျခဲ့ရသော ၊နှစ်လိုချစ်မက်ခဲ့ရသောနွယ်ယိမ်းသည် ပေါ့ပေါ့ ကလေးလွင့်ဝဲနေခဲ့သော တိမ်ပလီမလေးဖြစ်လေသည်။သူမအားမြဲမြံစွာ ချည်နှောင်ဖို့ ကြိုးစားမိခြင်း သည် မိုက်မဲမှု တစ်ခုသာဖြစ်တော့သည်။

``ရှင်…စိတ်ညစ်ရလိမ့်မယ်လို့ နွယ်ယိမ်း မပြောခဲ့ဘူးလား´´

နည်းနည်းမှ မလျှော့လေသော နွယ်ယိမ်းပါပဲ။ကျွန်တော် စာအုပ်ပုံတွေကြား ပြန်ရောက်သွားရသည့်တိုင်နွယ်ယိမ်းကတော့ လည်ပတ် ပျော်ပါးမှုမလျှော့။

``ပူမနေပါနဲ့။ နွယ်ယိမ်က ရှင့်ဇနီးပဲ။အချိန်တန်ရင် အိမ်ပြန်ရောက်လာမှာပဲ´´

သို့သော် အချိန်တန်သည့်တိုင် နွယ်ယိမ်းအိမ်သို့ပြန်ရောက်မလာခဲ့တော့ပေ။

``မိန်းမဆိုတာ လှေနဲ့၊ မြင်းလိုပဲတဲ့ကွ။ စီးတဲ့လူနောက်…..တောက်။တို့သားအဖကျမှ ဒီလိုအကျိုးပေး မျိုးချင်း လာတူနေ ရတယ်လို့ကွာ…´´

ကျွန်တော့်ဘ၀မှာ အရင်းနှီး၊အတွယ်တာရဆုံးရယ်လို့ ရှားရှာပါးပါး၊မေမေနှင့် နွယ်ယိမ်း တို့သာရှိခဲ့ဖူးတာ။ ပြီး… တစ်ပင်မလဲခင် တစ်စင်ကူးတတ်သော ရှက်စဖွယ်အကျင့် စရိုက်ချင်းပါ ထပ်တူကျ နေခဲ့တာတော့ကျွန်တော့်၏ ကံဆိုးမှု သာဖြစ်တော့သည်။
ခိုင်လေးအလှည့်မှာကျတော့ရော…..

ထိုအတွေးက ကျွန်တော့်အား ခြောက်လှန့်နှိပ်စက်၊အနေခက်စေပါသည်။

``ကိုကို…ခိုင့်ကို ဘာထင်နေလဲ´´

ကျွန်တော်၏ ၀န်တိုပူပန်မှုများအား အတတ်နိုင်ဆုံးထိန်းချုပ်ဝှက်ကွယ် ထားနေ လျှက်ကပင် အကင်းပါး သော ခိုင်လေးက ရိပ်မိနားလည်နေခဲ့သတဲ့။

``ခိုင့်ကို ကိုကို ယုံပါတယ်´´
``ဒါဆို ဘာကို မယုံဘူးလဲ´´

ကျွန်တော် ပြောမပြတတ်ခဲ့ပါ။အထူးသဖြင့် ကျွန်တော့် ကံကြမ္မာကို ကျွန်တော်ယုံစား စိတ်ချမထားနိုင်ပါ။

``ကိုကိုနော်။ ချစ်လို့ကြိုက်လို့ လက်ထပ်ယူထားပြီးတဲ့ ဇနီးမယားတစ်ယောက်ကိုအဲလောက် အကြောင်းမဲ့ ၀န်တိုပူပန် နေတာ ပုံမှန်ကိုမဟုတ်သေးဘူး´´
``ဟုတ်တယ်…ကိုကိုက ရူးနေတာ…´´

ကျွန်တော်တို့နှစ်ယောက်ကြားက မုန်တိုင်းသည် အကြိမ်ရေ များပြားလာခဲ့လေလေ စကား အသုံး အနှုန်းတွေ ရိုင်းကြမ်းပြင်းထန်လာလေလေ…။

´´ရှင်…ရှင် ..ခုလိုဖြစ်နေတာက ခိုင့်သိကာ၊ ခိုင့်မာနကို ထိခိုက်စေတယ်ကိုကိုရဲ့။ရှင် အဲဒီလောက်ကလေးမှ မတွေးတတ် ဘူးလား´´
``…………………..´´

``တကယ်ပဲ။ အရူးလိုပဲ။ စိတ်ကုန်တယ်။´
´´ဘာ……….´´

စိတ်ကုန်တယ်ဆိုပါလား..။ခိုင်က ကျွန်တော့်ကို စိတ်ကုန်တယ်တဲ့လေ…။ဒီမျှစကားလေး တစ်ခွန်းကိုပင် ကျွန်တော် ပုံကြီးချဲ့ကားကာ ရင်နာပေါက်ကွဲမဆုံး။

သူမ၏ ပခုံးနှစ်ဘက်ကို ကိုင်ဆုတ်လှုပ်ခါပစ်လိုက်တော့ ဆက်တီနှစ်လုံး အကြားမှာ ပုံလျှက်သား..။ဒါပေမယ့် နှုတ်ကတော့ ငြိမ်မနေခဲ့ပေ။

``ဒီမှာ…။ရှင်မြျြဲမဲမှတ်ထား။ရှုင်သံသယ၀င်လောက်တဲ့အကျင့်ယုတ်၊အကျင့်ဆိုးမျိုး ကျွန်မတို့ တစ်ဆွေမျိုးလုံးမှာမရှိဘူး´´

ကျားနာမလေးတစ်ကောင်အလား စိမ်းတောက်နေသောမျက်ဝန်များဖြင့် အံ့မခမ်း ထက်မြနေသည့် နှုတ်ထွက်စကားများ……။
ကျွန်မကို ရှင်တို့အသိုင်းအ၀ိုင်းနဲ့ လာမခိုင်းနှိုင်းနဲ့။ အဲသလိုမထောက်မညှာ ဆိုချင်တာလား ခိုင်ရယ်။

ကျွန်တော် ဖျန်းခနဲ အရှက်အိုးကွဲသွားခဲ့ပါသည်။ နေဦး…။ကျွန်တော်ရှက်ကြောက် သိမ်ငယ် ခဲ့ရတာ အခုမှ မဟုတ်ပါဘူး။ ဒါပေမယ့် အခုထိလည်းနည်းနည်းမှ လျှော့ပြယ်မသွားခဲ့ပါဘူး။

ရုတ်တရက် ခိုင်လေးနဲ့ ကျွန်တော်တို့အိမ်ကလေးကိုကျောခိုင်းလှည့်ထွက်ခဲ့တာ ကျွန်တော့် မျက်ရည်တွေကို ခိုင်လေး မမြင်စေချင်လို့ပါ။

************

ခုတော့ ခိုင်လေးရှိရာဆီ ကျွန်တော် ပြန်ရာက်လာခဲ့ရပြန်ပြီ။

နေပါဦး။ ကျွန်တော် အိမ်ကထွက်လာခဲ့တာမနေ့ညကတည်းကဖြစ်ပါသည်။ ညအခါလည် အိမ်ကထွက်ခွာ သွားတဲ့ သူကိုခိုင်လေးရော….မျှော်မော မနေခဲ့ ဘူးတဲ့ လား…။ ကျွန်တော်တို့နှစ်ယောက် တစ်နေ့၊တစ်ရက်တောင် မခွဲခဲ့စဖူး။

ခိုင်လေး အားငယ်ကြေကွဲနေရှာမှာသေချာပါသည်။တမ်တလွမ်းဆွတ်ရခြင်းတို့ဖြင့်ခိုင်လေး မျက်ရည်ကျနေမလား။ ကျွန်တော် တောင်းပန်နှစ်သိမ့်ရဦးတော့မည်။

ခိုင်လေးရှိရာအိမ်လေးဆီ ပြေးရောက်ရန်ခြေလှမ်းအပြင်....။ကျွန်တော့်ကိုဖြတ်သန်းကာကားတစ်စီး ခြံတွင်းသို့ မောင်းဝင်သွားပါသည်။

ခိုင်လေး အိမ်ထဲမှ ထွက်လာကာ ကြိုဆိုသည်။ကျွန်တော်နှင့်လုပ်ဖေါ်ကိုင်ဖက်၊ ကျွန်တော့် သူငယ်ချင်း လင်မယားဖြစ်လေသည်။ သူတို့တတွေကျွန်တော့်ကိုတောင် မမြင်နိုင်လောက်အောင် ဘာတွေအရေးတကြီးဖြစ်နေကြလို့လဲ။

ခိုင်လေး၏မျက်ဝန်းများကတော့ တစ်ညလုံးအပြင်းအထန်ငိုကြွေးထားရသူလို နီရဲ ဖောင်းယောင် နေခဲ့သည်။ ခိုင်လေး၏ ပခုံးထက်ဆီက ပုဝါဖြူကလေးဟာကွှန်တော်တို့နှစ်ယောက်ရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့မှာ ကျွန်တော် သူ့ကိုအမှတ်တရ ပေးထားခဲ့တာပေါ့။

``ခိုင်ရေ..၊အစ်ကိုတို့လည်း ဒီနံနက်မှ သတင်းကြားတာ။ ဘယ်လိုဖြစ်ကြတာလဲ…´´
``ခိုင်လည်းရုတ်တရက်ဆိုတော့ဘယ်သူ့ကိုမှ အကြောင်းကြားဖို့သတိမရနိုင်ဘူးအကိုရယ်။ညဦးကတည်းက ခိုင်တို့ နှစ်ယောက် ထုံးစံအတိုင်းကတောက်ကဆဖြစ်ကြတယ်လေ…´´
……..ဒါပေမယ့် ဒီတစ်ကြိမ်တော့ အခါတိုင်းထက် ပိုပြီးပြင်းထန်သွားခဲ့တယ်။ခိုင်လည်းစိတ်ဆိုးလွန်းလို့ ဘာတွေ ပြောလိုက်မိသလဲတောင်မသိဘူး။ လွန်တော့အတော်လေးလွန်သွားခဲ့တယ်…´´

ပြောရင်း ခိုင်….တစ်ချက်ရှိုက်လိုက်တော့ နောင်တတို့ဖြင့် ကျွန်တော်ရင်နင့် လာပါသည်။

``ကိုကို…။ကိုကိုက ဂိုထောင်ထဲ သိမ်းပြီးသားကားကို ထုတ်ပြီးကမူးရှူးတိုးမောင်းထွက်သွားခဲ့တာ….´´

မငိုပါနဲ့ခိုင်ရယ်။ကိုကိုပြန်ရောက်နေပြီလေ…။

``နံနက်လင်းခါနီးမှ ဆေးရုံကြီးက ဖုန်းဆက်တယ်။ဟိုတစ်ဖက်က ကားကြီးဆိုတော့ဘာမှမဖြစ် လိုက်ဘူး။ ကိုကိုသာ…။ ကိုကိုသာ….အီး….´´

ခိုင်ရေ…။ကိုကိုလည်းဘာမှမဖြစ်ပါဘူး။အခုပဲ…ခိုင့်ဆီ…..

အတွေးနှင့် လှမ်းပြေးအထွက်မှာ အင်အားကြီးသောတစုံတရာကစုပ်ယူဆွဲငင်သွားသလို ပိန်းပိတ် နက်ရှိုင်းသော အမှောင်ထုထဲမျောလွင့်ရုန်းကန်ရင်း ကျွန်တော် ကြေကွဲနာကျင်မဆုံးတော့ပေ။ ။

သတိုး