Tuesday, August 20, 2013

ရှေ့တိုး နောက်ငင်



                        အရွယ်ရောက် သားတော်မောင်အား ကျိုးကြောင့်သင့် ဆိုဆုံးမမည်ကြံတိုင်း သူ၏အဖွား၊ ကျွန်မ၏ ဒေါ်လေးက မြေးဘက်မှ အစဉ် ဖေးမကွယ်ကာလေ့မြဲမို့ အလွန်စိတ်ပျက်စရာ ကောင်းလှတော့သည်။ တခါတရံ “ညည်းတို့ငယ်တုန်းက ဒီ့ထက်ဆိုးသေး”… ဟု သားရှေ့မှာ မဆင်မခြင် အမြစ်ဖော်၊ အကြေးလှန်တတ်ပြန်သေးရာ သားက တပြန် ပြုံးစစ၊ ခနဲ့ကြည့်ခံရပြန်တော့ တနုံ့နုံ့ ဒေါသဖြစ်ရပြန်သည်။ ဒေါ်လေးဟာ ကျွန်မအား ၀မ်းနှင့်မလွယ်ခဲ့ရရုံတမည် ကျွေးမွေးပြုစုစောင့်ရှောက်ခဲ့သူလည်းဖြစ်၊ တစ်သက်လုံးက နှုတ်လှန်ပြန်ပြောသည့် ထုံးစံလည်း မရှိခဲ့စဖူးမို့ ကျွန်မ ငြိမ်ဆိတ်ကြိတ်မှိတ်ခံနေခဲ့ရသော်လည်း သားကိုတော့ နေနှင့်ဦးဟု အံတကြိတ်ကြိတ်၊ လက်ညှိုးတစ်ထောင်ထောင် ပြုမိပြန်သည်။
                        ယခုနှစ်မှ ဆယ်တန်းအောင်ပြီးစ၊ ဖွံ့ထွားဖြူစင်ကာ အရပ်ကြီးမိုးထိုးထွက်လာသော သားသည် ပြောမနိုင်၊ ဆိုမရ လူဆိုးလေးတော့ မဟုတ်ရှာပါ။ ဒါပေမယ့် သူတို့ခေတ်၊ သူတို့လို လူငယ်လေးတွေ၏ ပြောဆိုပြုမူပုံ။ ၀တ်စားဆင်ယင်တတ်ပုံလေးတွေကအစ… တခါတရံ မိခင်မျက်စေ့မှာပင် အချိုးသိပ်မပြေချင်တတ်ပြန်ပါ။ အင်္ကျီ ကျပ်ကျပ်၊ ဘောင်းဘီကျပ်ကျပ်ဝတ်တတ်တာ အပြစ်မပြောချင်သော်လည်း အထိုင်၊ အထမှာပင် ခါးနားတစ်ဝိုက်မှာ လက်တစ်ဝါးခန့်လွတ်နေတတ်ပြန်တာ သဘောမကျပါ။ လူကြီးသူမရှေ့မှာ မလွဲကင်းသားစွာ လက်ခြေမြှောက် ပြုရလျှင် သူတို့အင်္ကျီက ရင်ညွန့်ရောက်လုတော့မလိုမို့ အရိုသေတန်ရာ မရောက်ပေဘူးလား။ သူ့အဘွားကတော့…
“ယောက်ျားလေးပဲအေ…။ ကိုယ်ဗလာနဲ့နေလည်း ဘာဖြစ်မှာ လိုက်လို့…”
“ကိုယ်ဗလာကမှ တော်ဦးမယ်။ ခုတော့ ခါးတိုပြတ်ကလေးတွေနဲ့ မိန်းခလေး ဘလောက်စ်တွေကျနေတာပဲ။ ပြီးတော့ အင်္ကျီတစ်ထည်လုံးလည်း ဒေါက်တွေက ပတ်ချာလည်။ သူတို့မှာ ရှိုက်ဖိုအသွယ်သွယ် ဘာများဖော်စရာ ရှိလို့တုန်း”
“အဲဒါတွေ ခုမှ ၀တ်ကြတာ မဟုတ်ပါဘူးအေ..။  ညည်းတို့ငယ်ငယ် ၀င်းဦးတို့၊ ဇော်ဝမ်းတို့၊ ကျော်ဟိန်းတို့ ခေတ်ကတည်းက ဒေါက်တွေနဲ့ ကျပ်ထုတ်စည်းတွေ ၀တ်ခဲ့တာပဲကို။ ခုမှ အဆန်းလုပ်နေကြတာ။ ကလေးတွေခေတ်ကမှ ယဉ်သေးတယ်။ အဲဒီခေတ်တုန်းကဆို ညည်းဦးလေးတွေလည်း လိုက်ဝတ်ကြတာပဲ။ လက်တွေကလည်း အလိန်တွေ။ မီးပူတိုက်ရ၊ ခေါက်သိမ်းရတာ သိပ်လက်ဝင်တာပေါ့။ ကော်လံတွေကလည်း အပြားကြီးတွေ ချွန်မြလို့…။ လက်ဖတ်ပြားကြီးတွေကလည်း အကြီးကြီးကြီးတွေ…”
                        ဒေါ်လေးအောက်က မောင်နှစ်ယောက်ရှိသေးသည်မို့ ဦးလေးတို့ခေတ် အဆင်အယင်ကို ဒေါ်လေးတစ်ယောက် ယဉ်ပါးခဲ့ဟန်တူပါသည်။ ပရက်စလေကို ဒေါ်လေးမသိတာ ကျွန်မ ကံကောင်းသွားသည်။ သိများသိလျှင် ထည့်သွင်းကိုးကားဖို့ နောက်ထပ်တစ်ယောက် တိုးဦးတော့မည်။                                           
                                                @@@@@
တကယ်တော့ ကျွန်မတို့ ဇနီးမောင်နှံနှစ်ဦးစလုံးအား ယခုလိုဘ၀ အခြေတကျ ဖြစ်လာသည်အထိ အရိပ်ကြည့်ပြုစုခဲ့ရသူမှာ ဒေါ်လေးသာ ဖြစ်ပါသည်။ ကျွန်မတို့နှစ်ဦးမှ ထပ်ဆင့်ပေါက်ပွားလာခဲ့သည့် သားလက်ထက်မှာလည်း ဒေါ်လေး၏ အသက်ရှူသံတိုင်းသည် သားမှ သားသာ ဖြစ်နေပြန်တော့ပြီ။ သား၏ အဖေရော၊ ကျွန်မပါ နှစ်ယောက်စလုံးက ပွဲရုံအလုပ်မှာ မိုးလင်းမိုးချုပ် ခေါင်းစိုက်နစ်မြုတ်နေရချိန်မှာ သားသည်လည်း ဒေါ်လေး၏ လက်ပေါ်မှာသာ လူလားမြောက်ခဲ့ရတာ မဟုတ်လား။
                        သားက တစ်ခုခု လိုချင်ပူဆာလျှင် အဖေနှင့် အမေက ချင့်ချိန်နေဆဲ အဖွားကို ခေါင်းဝှေ့လိုက်လျှင် ချက်ချင်းရတတ်တာ သားတစ်ယောက် နောကျေနေခဲ့ပြီ။ ဟင်းဒ်ဖုန်းပူဆာလာခဲ့ချိန်မှာလည်း ၀ယ်ပေးသင့်၊ မပေးသင့် ကျွန်မက သူ့အဖေနှင့် ခေါင်းချင်းရိုက်နေဆဲ …
“ဆယ်တန်းအောင်ရင် အဖွားလေး ၀ယ်ပေးမယ်”
                        ပြောကာ ဆယ်တန်းအောင်စာရင်းပင် မစောင့်ချင်ခဲ့သောသားအား စာမေးပွဲ ပြီးလျှင်ပြီးချင်း လက်ထဲသို့ ဖုန်းထည့်ပေးခဲ့သူဖြစ်သည်။
“ဒေါ်လေးကလည်း.. တစ်ထောင့်ငါးရာတန် ကဒ်တွေ ထွက်တော့မယ့်ဟာ…”
“ညည်းတို့ဟာက ဆောက်ဖြစ်မှ ကျောင်းဒကာပါအေ…။ ကျုပ်လည်း စုံစမ်းကြည့်ပြီးပါပြီ။ ကျုပ်မြေးက ငယ်ငယ်ကတည်းက ခုဆိုခုမှ ကြိုက်တာ။ ကိုယ်လည်း တတ်နိုင်နေတာကို…”
                        နှစ်သိန်းတန် ဂျီအက်စ်အမ် ကိုင်ထားသော သားက ခုတစ်ခါ စီဒီအမ်အေက အင်တာနက်လိုင်းဆွဲအားပိုကောင်းသည် ဆိုလာပြန်ပြီ။
“လက်ရှိကို လက်မဲ့မလုပ်ရဘူး”
                        ကျွန်မ စကားမှ မဆုံးခင် ဂျီအက်စ်အမ်ကို တစ်သိန်းရှစ်သောင်းနှင့်ရအောင်ရောင်းကာ တစ်ထောင့်ငါးရာတန် စီဒီအမ်အေ ဆင်းမ်ကဒ်ကို ခုနစ်သောင်းခွဲနှင့် ၀ယ်ပေးခဲ့ပြန်သည်။
“မတန်မရာ ဈေးတွေကို ဒေါ်လေးကလည်း…”
“ခင်မျာများ နေကုန်နေခမ်း အလုပ်အကိုင်ဖျက်ပြီး တန်းစီစောင့်တိုး ထားရတာပါအေ။ ဒါတောင် ကံတရားက မျက်နှာသာပေးလို့ မဲပေါက်လို့ ရကြတာပါ။ ကိုယ်က လိုချင်တဲ့အချိန် အဆင်သင့်ရတာ တန်ပါတယ်”
                        ဒေါ်လေးတွေးသလို တွေးကြည့်တော့လည်း ဟုတ်နေသယောင်ပါပင်။ ဆင်းကဒ်ရပါမည့်အရေး ဓါတ်ပုံပြေးရိုက်ကြ၊ မိတ္တူပြေးဆွဲရ။ မဲနှိုက်သည့်နေရာမှာလည်း တစ်နေကုန် တမော့တမော စောင့်ဆိုင်းမျှော်မောမဆုံးမို့ ကိုယ်စိတ်ပင်ပန်းကြရရှာပါသည်။ သတိထားကြည့်မိတော့ ဆင်းကဒ်လျှောက်ထားကြသူ အားလုံးနီးပါးဟာ ကိုယ်တိုင်သုံးစွဲဖို့ ရည်ရွယ်သူ မရှိသလောက် နည်းပါးလှသည် ဆိုတာပင်။ မဲပေါက်လျှင် ပြန်ရောင်းစားမည် ဆိုတဲ့သူတွေချည်းသာဖြစ်သည်။ ဖုန်းကိုင်မည့်သူအားလုံးမှာ တစ်ဆင့်ခံ ပြန်ဝယ်သုံးနေကြသူချည်းပင်။ ကျွန်မကတော့ ဟင်းဒ်ဖုန်းမကိုင်သေးပဲ ခုထိတောင့်ခံနေဆဲ။ ဘာလုပ်ရမည်လဲ။ ပွဲရုံမှာရော..၊ အိမ်မှာပါ ကြိုးဖုန်းတစ်လုံးစီ ရှိပြီးသား မဟုတ်လား။ သားတို့အဖေမှာလည်း ဟင်းဒ်ဖုန်းတစ်လုံးရှိနေသေးသည်ပင်။ တစ်ထောင့်ငါးရာတန် ဆင်းမ်ကဒ်ကို တစ်ထောင့်ငါးရာကျပ်ထက် တစ်ကျပ်တောင် ပိုမပေးချင်ပါ။ ဒေါ်လေးကတော့ ကျွန်မအား လှောင်ပြုံးသဲ့သဲ့ဖြင့် ထောပနာပြုလေသည်။
                                                @@@@@
“ဘွားလေးက မေမေ့ထက် အများကြီး ပိုပြီး ခေတ်အမြင်ရှိတယ်”
                        သားက ကျီစယ်သလိုဆိုလာတိုင်း မခံချိလှသော်လည်း ကျွန်မ တုန့်ပြန်အား လျော့နေတတ်သည်။ ဒေါ်လေးတစ်ယောက် နေထိုင်ဝတ်စားတာကအစ ခေတ်မီသပ်ရပ်ကြော့မော့တာလည်း ကျွန်မ မငြင်းနိုင်ပါ။ အသက်ခြောက်ဆယ်ကျော်သီသီစွန်းလာပြီဖြစ်သော အမျိုးသမီးကြီးပေမယ့် မိတ်ကပ်ပါးပါးခြယ်လေ့မြဲ။ မျက်ခုံးမွေးသေးသေးတင်ကာ နှုတ်ခမ်းကိုလည်း ဆိုးဆေးဖျော့ဖျော့တင်ပြန်မြဲ။ အလှူအတန်း၊ အခမ်းအနားတချို့မှာသာ မြန်မာရင်ဖုံးအင်္ကျီ ၀တ်လေ့ရှိတာဖြစ်သည်။ အများအားဖြင့်တော့ ပါတိတ်အဆင်နုတ်နုတ်၊ အရောင်စိုနုနုဝမ်းဆက်နှင့်။ ရင့်စေ့၊ ခါးတင်လေးတွေနှင့် နုပျိုလန်းဆန်းနေတတ်ပြန်သည်။ ဆံပင်ကိုလည်း ထာဝစဉ်နက်မှောင်ပြောင်လက်နေစေကာ ဆံထုံးပုံ့ပုံ့မှာ ၀တ်စုံနှင့်အဆင်အသွေးတူ ပန်းတစ်ပွင့်ကို ယဉ်စစ ပန်ထားလေ့မြဲ။
                        ဒေါ်လေးအား သိဟောင်း၊ ကျွမ်းဟောင်းများက အရွယ်တင်နုပျိုသည်ဟု အံ့သြချီးကျူးလျှင် ပြုံးပီတိ တဝေေ၀ ရှိနေတတ်သည်။ တကယ်လည်း ဒေါ်လေးဟာ ရှိရင်းစွဲအသက်ထက် အပုံကြီး နုပျိုစိုလန်းနေသူ ဖြစ်ပါသည်။
“ဒေါ်လေး.. ခုတောင် ဒီလောက် နုတုန်း၊ ချောတုန်း။ ငယ်ငယ်ကဆို ချစ်ကြိုက်သူတွေ ၀ိုင်းဝိုင်းလည်နေမှာပဲ။ ဘာလို့ အပျိုကြီး ဖြစ်ရတာလဲ”
                        ကျွန်မတော့ ထိုမေးခွန်းမျိုး တစ်သက်လုံးမမေးရဲခဲ့သူဖြစ်ပါသည်။ ကျွန်မ၏ ၀မ်းကွဲ အစ်ကို၊ အစ်မတွေကတော့ ကြုံလျှင်၊ ဆုံလျှင် ရယ်ရွှန်းဖတ်ရွှန်း မေးရဲကြသည်။ ထိုအခါတိုင်း..
“ကျုပ်က အပျိုမဖြစ်ခင်ကတည်းက ကလေးအမေဖြစ်လာတာကိုး”
                        ကျွန်မတို့ ဇနီးမောင်နှံအား ချစ်နိုးမှုကို ဖုံးကွယ်မရနိုင်သည့်ကြားမှ ငြူစူယောင်ပြုတတ်ပြန်သည်။ ကျွန်မက မွေးကတည်းက မိဘမဲ့ခဲ့ရတာ ဖြစ်သည်။ မေမေ… ကျွန်မကိုယ်ဝန်ကို လွယ်ပိုးထားရစဉ်မှာပင် ဖေဖေတစ်ယောက် ရေလမ်းခရီးမှာ သဘောင်္နစ်မြုတ် သေဆုံးခဲ့ရသည်။ သောကတွေနှင့် ယိုင်နဲ့ကာ ပြိုလဲလုလု မေမေကတော့ ကျွန်မအား မွေးဖွားအပြီး မှာပင် ဆုံးပြန်သည်။ ကျွန်မသည် ဖိုးဖိုးဖွားဖွားလက်ထဲမှာ ဒေါ်လေး၏ ပြုစုစောင့်ရှောက်မှုတို့ဖြင့် ကြီးပြင်းလူလားမြောက်ခဲ့ရပါသည်။
                        သားတို့အဖေ၏ မိခင်ကတော့ ဒေါ်လေး၏ အချစ်ဆုံးသူငယ်ချင်းတစ်ယောက်ဖြစ်သည်။ သားတစ်ယောက်အမေ၊ မုဆိုးမဘ၀ဖြင့် ဆင်းရဲပင်ပန်းစွာ ရုန်းကန်နေရစဉ် ဒေါ်လေးက အစဉ်စောင့်ရှောက် ကူညီပေးခဲ့ဖူးတာလည်း ဖြစ်ပါသည်။ အမျိုးသမီးရောဂါဖြင့် မျက်ကွယ်ပြုမည့်အချိန်မှာတော့ ဒေါ်လေး၏လက်သို့ သားလူမမည်ကို စိတ်ချလက်ချ အပ်နှံသွားခဲ့သည်။ သူ.. ကျွန်မတို့အိမ်ရောက်ရှိသည့်နှစ်မှာ ကျွန်မတို့နှစ်ယောက် မူလတန်းကျောင်း စတက်ခဲ့ရတာ မှတ်မိသေးသည်။
                                                @@@@@
                        ဒေါ်လေး၏ လက်ထဲမှ စီဒီအမ်အေ ဆင်းမ်ကဒ်များကို အမှတ်မဲ့ မြင်တွေ့လိုက်လေလျှင် အံ့သြမင်သက်မိလျှက် မယုံကြည်နိုင်ခဲ့။
“ဘာခက်လို့တုန်းအေ..။ ကျုပ်တစ်သက်လုံး ဒီအလုပ်လုပ်ပြီး ညည်းတို့ကို ဒီအခြေအနေအထိရောက်အောင် မွေးကျွေးခဲ့တာ ဥစ္စာ”
                        မှန်သောစကားသာဖြစ်သည်ကြောင့် ကျွန်မ မငြင်းဆန်သာပြန်။
                        ကျွန်မတို့ငယ်စဉ် သမ၀ါယမအရောင်းဆိုင်လေးတွေ ရပ်ကွက်တိုင်းမှာ တွင်ကျယ်နေခဲ့သောကာလကို ကျွန်မ ပြေးသတိရမိပြန်သည်။ သွားတိုက်ဆေးနှင့် ဆပ်ပြာ ခွဲတမ်းရမည်ဟု ရပ်ကွက်သ/မဆိုင်ရှေ့ရှိ သင်ပုန်းမှာ ကြေငြာထားတာတွေ့လျှင် တစ်ရပ်ကွက်လုံး မျှော်ကြ၊ ပျော်ကြသည်။ ရေနံဆီ၊ ဖယောင်းတိုင်၊ ဓါတ်ခဲ  စသည်ဖြင့်လည်း ထုတ်ရောင်းပေးတတ်သေးသည်။ ခါတရံ ပုဆိုးကြမ်း၊ ဂွမ်းစောင်၊ မောင်ဗမာစက်ဘီး.. စသည်ဖြင့်ကိုတော့ မဲနှိုက်ပေးတတ်ပါသည်။ စက်ဘီးမဲပေါက်သူဟာ သိန်းဆုပေါက်သလို ပျော်ရွှင်ရကာ အများက ကြည့်ငေးအားကျကြရသည်။ ။ စက်ဘီးက တစ်ဆင့်ပြန်ရောင်းလျှင် အမြတ်ငွေအများဆုံး ရတတ်သည်ကိုး။ စက်ဘီးမှ မဟုတ်ပါ။ သမဆိုင်က ရောင်းချပေးသမျှ ခွဲတမ်းပစ္စည်းတွေကို မည်သည့် မိသားစုတွေမှ ကိုယ်တိုင် သုံးစွဲကြတာ မဟုတ်ပါ။ သုံးစွဲနိုင်သော အင်းအား၊ အခြေအနေလည်း ဘယ်သူ့မှာမှ မရှိကြပေ။ ထုတ်ရောင်းပေးသမျှကို ငွေကြေးတတ်နိုင်သူအား လက်လွှဲပြန်လည်ရောင်းချခြင်းဖြင့် လတ်တလော စားဝတ်နေရေး အခက်အခဲကို ဖြေရှင်းတတ်ကြသည်ချည်းပင်။
                        ကျွန်မတို့ ရပ်ကွက်မှာ အိမ်ထောင်စု တစ်ထောင်နီးပါးရှိသည်။ အိမ်ထောင်တစ်စုလျှင် ကုန်ဝယ်စာအုပ် တစ်အုပ်စီ ရှိကြလေသည်။ ဒေါ်လေးထံမှာ ကုန်ဝယ်စာအုပ် သုံးရာကျော်ရှိသည်ဟု ဒေါ်လေး ခဏ.. ခဏ ပြောဖူးတာ မှတ်မိသည်။ ဒေါ်လေး၏ အလုပ်က အရပ်အခေါ် “ဆွဲခြင်းသည်”…။ အိမ်ရှင်မများက ဒေါ်လေးထံမှာ ကုန်ဝယ်စာအုပ်ကို အပြီးအပ်ထားကာ လိုအပ်သောငွေကိုလည်း ကြိုတင်ယူငင် သုံးစွဲလို့ ကုန်နှင့်ကြပြီ။ သ/မဆိုင်မှ သကြား၊ ဆပ်ပြာ၊ သွားတိုက်ဆေးမှ အစ ရောင်းချပေးသမျှ ခွဲတမ်းပစ္စည်းအားလုံးကို သူတို့၏ ကုန်ဝယ်စာအုပ်ဖြင့် ဒေါ်လေးက ကိုယ်စားထုတ်ယူရသည်။ ထုတ်ဈေးမှာ ပြင်ပပေါက်ဈေးနှင့်ဖြတ်၍ တစ်ဦးချင်းကို အမြတ်ငွေပြန်ရှင်းပေးချိန်မှာတော့ ကြိုတင်ငွေကိုလည်း ခုနှိမ်ယူထားလိုက်ရသည်ပင်။ ကြိုတင်ငွေအတွက် အတိုးမပေးရသောကြောင့် အိမ်ရှင်မတို့လည်း ကရိကထ မများပဲ အဆင်ပြေလှသည်။ ဒေါ်လေးအတွက်လည်း ကုန်ပစ္စည်း များများရသည်။ ကုန်ပစ္စည်းများကို ဒေါ်လေးက မြို့မဈေးမှ ကုန်စုံဆိုင်ကြီးသို့ တဖန်ပြန်ပေးသွင်းရာ အမြတ်မြိုးမျက်ခဲ့သည် ဆိုပါစို့။
                        ဖုန်းကဒ်တွေ ထုတ်ရောင်းပေးလာစဉ် သူ့မူလလက်ငုတ်စီးပွားနှင့် သဘောသဘာဝ ဆင်တူလှကြောင်း ဒေါ်လေးတစ်ယောက် ဘယ်အချိန်ကတည်းက တွေးမိလိုက်ပါလိမ့်ဟု အံ့သြချီးကျူးရတော့သည်။
“ဒေါ်လေးရဲ့ ဆင်းမ်ကဒ်တွေကို ဘယ်သူတွေ ၀ယ်မှာလဲ။ နောက်ထပ် ကဒ်အသစ်တွေ ထွက်လာရင် ဒေါ်လေးလက်ထဲ ပိုက်မိနေမှ ဒုက္ခ”
“ညည်းလောက်တော့ ကျုပ်လည်း တွေးတတ်ပါ့ အေရယ်။ အခုက အရပ်ထဲ မဲပေါက်တဲ့သူတွေဆီက ၀ယ်ထားတာလေ။ အခုအချိန်က ကဒ်ထုတ်ပေးစဆိုတော့ ဈေးသိပ်မမြောက်ခင် ၀ယ်ထားလိုက်တာပေါ့။ မကြာဘူး..။ တကယ်သုံးမယ့်သူတွေလိုက်လာရင် ဈေးက ထပ်မြောက်သွားတော့မှာ..။ အဲအချိန်မှ ထုတ်ရောင်းမှာပေါ့”
“ဒေါ်လေးဆီ ဘယ်သူတွေ လာဝယ်ကြမှာလဲ”
                        ဒေါ်လေးက စိတ်မရှည်သလို နှုတ်ခမ်းမဲ့ပြပြန်သည်။
“ညည်းပွဲရုံမှာ တင်ထားမှ ရောင်းရမှာ လို့ ညည်းက ထင်နေလို့လား။ မြို့ပေါ်က ဖုန်းဆိုင်တွေအားလုံး ဆင်းမ်ကဒ် လိုက်ဝယ် စုနေကြတာပဲ။ ခုအချိန်က ထုတ်ပေးပြီးစမို့ နည်းနည်း အ၀ယ်အေးနေသေးလို့။ နောက်တစ်သုတ်ထုတ်မပေးခင် စပ်ကူးမတ်ကူးကျ အ၀ယ်လိုက်လာတော့မှာ။ အဲဒီကျ သူတို့မှာ ရောင်းလို့ကုန်ရင် ငါ့ဆီက လာယူဖြုန်းပေးကြမှာပေါ့။ ဆိုင်အားလုံးကို သေချာဆက်သွယ်ပြောထားပြီးသား…”
                        တုန့်ပြန်စကား ဆွံ့ရှားရပါ၏။
                                                @@@@@
                        သားက မပြောမဆို ၀မ်းဝေးခေါ်သလား မပြောတတ်သော ဆံပင်ပုံစံသစ်နှင့် တသွင်ထူးနေရာ ကျွန်မ ဆွေ့ဆွေ့ခုန်ရပြန်သည်။ ဆေးရောင်စုံ အမျိုးမျိုးပြောင်းဆိုးနေသော ဆံပင်ကို နောက်စေ့နှင့် ဘေးနှစ်ဘက် အပြောင်နီးပါး တိုတိုပါးကာ ငယ်ထိပ်ပေါ်မှာတော့ ရှည်လျားထိုးထောင်ဖွာရာခွေကောက်နေရာ မျက်နှာပြည်ဖောင်းသော သားမျက်နှာက ပန်းအိုးလေးတစ်လုံးနှယ် အမြင်တော့ ဆန်းလှသည်ပင်။
“ကိုယ်မွေးထားတဲ့ရုပ် ကိုယ်မမှတ်မိတော့တဲ့ အဖြစ်ပါလားဟယ်။ ကာတွန်းရုပ်ကလေးကျနေတာပဲ”
                        ထုံးစံအတိုင်း မြေးဘက်မှ ၀င်ပါကာ ပြောလာပုံက…
“ညည်းတို့တုန်းကလည်း ပန့်ကေဆိုလား.. အဲဒီဆံပင်ပုံစံကလည်း အဲလိုပဲ ခပ်ဆင်ဆင် မဟုတ်ဘူးလား။ ညည်းရော.. ညည်းယောက်ျားရော.. တပန့်ထဲ ပန့်ခဲ့ဖူးတာ မေ့နေပြီလား။ ဟွန်း…ပြောလိုက်ချင်ဘူး”
                        အဲသည်စဉ်က ကျွန်မက ထမီတိုတို၊ ဆံပင်အကျေကောက်နှင့်..။ သား၏ အဖေကလည်း ရခိုင်လုံချည်ကို ဒူးဆစ်ထိရောက်လုခမန်း ခပ်တိုတိုပင်။ ခွေကောက်ရှုပ်ထွေးနေသော ပန့်ခ်ဆံပင်ပုံလေးကတော့ သား၏ အဖေနှင့် ကျွန်မတို့ နှစ်ယောက်စလုံး၏ နဖူးပေါ်မှာဆင်တူ…။ ငယ်ကဓါတ်ပုံတွေက သက်သေအဖြစ် မိသားစုအယ်လ်ဘမ်ထဲမှာ ခုတိုင်ရှိဆဲမို့ ကျွန်မ ရှောင်လွဲမရစွာ ၀န်ခံရအံ့ဆဲဆဲ။
“ညည်းတို့ ပြောနေတော့... ခေတ်က ဆန်းသစ်ပြောင်းလဲလာ ဆို…၊ အပိုတွေ။ အရင်အဟောင်းတွေ ပုံစံပြောင်းပြီး တစ်ပတ်လည်လာတာများ…ကျုပ်အဘွားကြီးတောင် မြင်တယ်။ ဟွန်း …ပြောလိုက်ချင်ဘူး”

                                                                        သတိုး

4 comments:

  1. ခေတ်နဲ့လိုက်လျောညီထွေတဲ့ ၀တ္ထုလေးပဲ သတိုးရေ..
    သတိုးရဲ့ ၀တ္ထုဖတ်ပြီး သားတွေဆံပင်ရှည်နေရင် ညှပ်ဘို့းတည့်တည့် မပြောဖြစ်ဘူး သူတို့အဖေ တက္ကသိုလ်ကျောင်းသားဘ၀မှာ ရိုက်ထားတဲ့ ဆံပင်ပုံစံကြောင့်လေ :P
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  2. ဆိုရှယ်လစ် အာဏာရှင် ဒီမိုကရေစီ လည်ပတ်စက်လှေကားမှာ ဆွဲခြင်းသည်က အခုန်လေးနဲ့ ကူးပြောင်းလိုက်တဲ့ အသွင်ကို ထင်ဟပ်လို့ ...

    ReplyDelete
  3. ဟုတ်တာပဲနော. ။ ကိုယ်အလှည်.ကျ သားကိုဘယ်လိုထိန်းရမလဲ ဆိုတာကြိုတွေးထားရမယ် ။

    ReplyDelete
  4. အရင်အဟောင်းတွေ ဟာ
    အသစ်ဖြစ်ပြီး ပြန်လည်လာတာပါပဲ..

    ReplyDelete

စိတ်ထဲ ခံစားမိသလို မျှဝေပြောပြခဲ့ပါဦး...။