Thursday, July 4, 2013

ကြားနေသူ

တကယ်က နှုတ်စကားလေး တစ်ခွန်းနဲ့ဖြစ်ဖြစ် ကျွန်တော် တားမြစ်ခဲ့သင့်တယ်။ ကောင်လေးဘက်က ဖေးမကာကွယ်ဖို့ ကျွန်တော့်နှလုံးသားကလည်း အကြိမ်ကြိမ်ကြိုးစားကြည့်ခဲ့ပါတယ်။ ဒါပေမယ့် အသိတရားက သွေးကြောင်နှောက်ယှက်ခဲ့တော့ ကျွန်တော် နှုတ်အာစေးမိနေခဲ့ရတယ်။

                                တကယ်ဆို အဲဒီအချိန်၊ အဲဒီပတ်ဝန်းကျင်မှာ ရှိနေခဲ့တာ ကျွန်တော်တစ်ယောက်တည်းလည်း မဟုတ်ဘူး။ အဲဒီပုဂိုလ်တွေရဲ့ စားပွဲဝိုင်းအပြင် တခြားစားပွဲဝိုင်း နှစ်ဝိုင်းလောက်လည်း ရှိနေသေးတယ်။ တစ်ဝိုင်းက နှစ်ယောက်တည်း။ နောက်တစ်ဝိုင်းက လေးယောက်။ ကျွန်တော်တို့ကလည်း သူငယ်ချင်းငါးယောက် တစ်ဝိုင်း ၀ိုင်းထားကြတာပဲ။
ဟိုပုဂိုလ်ကလည်း တစ်ကိုယ်တော် ထိုင်နေတာတော့ မဟုတ်ဘူး။ သူလည်း ကျွန်တော်တို့မြို့မှာ မျက်နှာဖုံးမဟုတ်ပေမယ့် ထင်ရှားတဲ့ လုပ်ငန်းရှင်တွေထဲက တစ်ယောက်ပဲ။ ချွေရံသင်းပင်းပေါများသူပဲ။ သူ့လို လုပ်ငန်းရှင်၊ စီးဖွားဖက်နှစ်ယောက်လည်း ပါတယ်။ ဒါပေမယ့် အဲဒီလူတွေ အားလုံးဟာလည်း ဟိုပုဂိုလ်နဲ့ အလိုတူ၊ အလိုပါတွေချည်းပါပဲ။ တစ်ခွန်းတစ်စ ၀င်ပြောစ,နောက်နေတဲ့သူနဲ့၊ အနည်းဆုံး ရယ်ရယ်မောမော ထောက်ခံသယောင်ပြုနေကြတဲ့ သူချည်းပဲ။
                        ဒီဆိုင်လေးရဲ့ တည်နေရာက ကျွန်တော်တို့မြို့ရဲ့ အစွန်အဖျားကျနေတယ်။ သိပ်ကြီးလည်း ထည်ထည်ဝါ၀ါမဟုတ်ပေမယ့် သပ်သပ်ရပ်ရပ်ကလေးပဲ။ သစ်ရိပ်ဝါးရိပ်ဝေနေတဲ့ ခြံဝန်းရဲ့အလည်မှာ အေးချမ်းတိတ်ဆိတ်စွာ တည်နေပုံကလေးက ကျွန်တော်တို့ သူငယ်ချင်းတစ်စုကို စိတ်ဝင်စားစေခဲ့တာ။ ပြီး .. အစားအသောက်လည်း ဖွယ်ရာစုံလင်တယ်လို့ ပြောကြတာကိုး။ အဓိက စည်ဘီယာအပြင် အရက်ပြင်းတချို့လည်း ရနိုင်တယ်လို့ ဆိုကြတာကိုး။
                        ညနေ..ညနေ စည်တယ်လေလေ့လို့ မြို့ကလေးရဲ့ သူတော်ချင်းချင်းကြား သတင်းလွေ့လွေ့ဖြစ်နေတာ မကြာလှသေးတဲ့ ဆိုင်ကလေးကို ကျွန်တော်တို့ရောက်တော့ ည ဆယ့်တစ်နာရီ ထိုးလုနေခဲ့ပါပြီ။
သူငယ်ချင်းတစ်ယောက်ရဲ့ လူပျိုည ဧည့်ခံပွဲဟာ ည ရှစ်နာရီလောက်ကတည်းက မြို့ထဲက ဆိုင်တစ်ခုမှာ သိုင်းသိုင်းဝိုင်းဝိုင်း၊ စည်းစည်ကားကားပါ။ သူ့အလုပ်၊ ကိုယ့်အရှုပ်တွေနဲ့ ဆုံဖြစ်ကြဖို့မလွယ်တဲ့ သူငယ်ချင်းတွေ အတိုးချ ၀ိုင်းဖွဲ့ဖြစ်ကြရင်းက အဲဒီဆိုင်ကလေးအကြောင်း တစ်ယောက်က စကားစ ဖော်ပေးတာနဲ့ စိတ်မြန်တဲ့ သူငယ်ချင်းတစ်ယောက်က အခုသွားကြမယ် ဖြစ်လာရော…။ မြို့ကျဉ်းကျဉ်းလေးမှာ ဖင်ကျားဆိုင်ကယ်ညှပ်ထားကြသူချည်းပဲဆိုတော့ ခဏနဲ့ ရောက်သွားဖြစ်ကြရော ဆိုပါတော့။
                        ဆိုင်ကလေးကလည်း ဧည့်မျှော်ဖို့ ပန်းလှပြီ ထင်ပါရဲ့။ ကျွန်တော်တို့ကို ၀တ္တရားကျေဧည့်ခံတယ်။ နောက်ထပ်အချိန်အနည်းငယ်အတွင်း လက်ရှိစားပွဲဝိုင်းတွေသိမ်းတာနဲ့ ဆိုင်ပိတ်ဖို့တာစူနေချိန်ဆိုတော့ မီနူးထဲက ဖတ်မိသမျှ အစားအသောက်တွေလည်း မရနိုင်တော့တာချည်းပဲ ဖြစ်နေပြီ။ ကျွန်တော်တို့ကလည်း မရမနေ မှာယူဖို့ ဘယ်သူမှ စိတ်မ၀င်စားကြတော့ပါဘူး။ စားချင်စိတ်လည်း သိပ်မရှိကြတော့ဘူး။ ဗိုက်ထဲမှာ အရည်ရော၊ အဖတ်ရော ၀င်တန်သလောက် ၀င်ထားပြီးခဲ့ပြီ ဥစ္စာ။ ဒါပေမယ့် အရက်နည်းနည်းလောက် ထပ်သောက်ကြဖို့တော့ အားလုံးက စိတ်ဝမ်းလက်ညီ သွေးတောင်းနေကြပါတယ်။ အေးအေးလူလူ စကားဝိုင်းလေးဖြစ်ရုံပဲ။
                        နွမ်းနယ်ငိုက်မြည်းချင်ဟန်နဲ့ စားပွဲထိုးကောင်လေးက ကျွန်တော်တို့မှာကြားသမျှကို စိတ်ဝင်တစား၊ မှတ်သားနေသယောင်ဆောင်နေပေမယ့် သူ့အာရုံက ကျွန်တော်တို့ စားပွဲမှာ ရှိမနေတာ အသိသာကြီးပဲ။ သူ့မျက်လုံးတွေက တစ်ဖက်စားပွဲကို ဝေ့၀ဲနေတာ။ ပြီး… နှုတ်ခမ်းဖျားက ရယ်ချင်စစ…။ အဲဒီတော့မှ တစ်ဆိုင်လုံးမှာ ရှိသမျှ လူအားလုံးရဲ့အာရုံဟာ အဲဒီစားပွဲမှာပဲ စုရုံးရောက်ရှိနေကြတယ်ဆိုတာ သတိပြုမိသွားရတော့တာပဲ။
                        အားခနဲ စူးစူးဝါးဝါးအော်သံတစ်ခု လွင့်လာတယ်။ အသံက လိုတာထက်ပိုလို့ စူးစူးရှရှ ကျယ်လောင်နေလေရဲ့။ ရှုံ့မဲ့ထားတဲ့ မျက်နှာကလည်း အမူပိုလှတယ် ထင်မိတယ်။ ဒီဆိုင်က စားပွဲထိုး ကောင်လေးတစ်ယောက်ပဲ ဖြစ်မှာလို့ တွေးရင်းမျက်နှာလွှဲမိစဉ် အားခနဲ တစ်ချက် ထပ်အော်ပြန်တယ်။
“သူတို့ သားအဖတွေက ညတိုင်း အဲလိုပဲ”
                        ရေသန့်ဗူး လာချပေးရင်း စားပွဲထိုးကောင်လေးက ရှင်းပြနေတယ်။ ဟိုဘက်ဝိုင်းက အသံစူးစူးနဲ့ စာပွဲထိုးကောင်လေးက သူ့ထက် အတော်ငယ်မယ် ထင်တယ်။ ရှိလှ ဆယ့်နှစ်နှစ်ပေါ့။ ဒီ့ထက် ငယ်ချင်တောင် ငယ်နေလိမ့်ဦးမှာ…။ အဲဒီကလေးကို တစ်ဝိုင်းလုံးက ၀ိုင်းစနောက်နေကြတာပဲ။
“မင်းအမေ…”
                        သူတို့နဲ့ ကျွန်တော်တို့ကြားမှာ စားပွဲဝိုင်းအလွတ်တစ်လုံးခြားနေသေးတဲ့အပြင် စကားသံက ခပ်တိုးတိုးမို့ သဲသဲကွဲကွဲ မကြားရပေမယ့် ညစ်ညစ်ညမ်းညမ်း အဓိပ္ပါယ်ရတဲ့စကားပဲလို့ နားလည်လိုက်တယ်။ တစ်ဝိုင်းလုံးက ဟားတိုက်ရယ်မောနေကြတယ်။ ကောင်လေးကတော့ ဆတ်ဆတ်ခါနာသွားတဲ့ပုံ။ မျက်နှာခပ်ညိုညိုကလေးက မီးရောင်အောက်မှာ အရောင်ရင့်လာတယ်။ ပျက်ကျချင်နေပြီဖြစ်တဲ့ မျက်နှာကို ဇွတ်ကြီးပြုံးပြထားရပုံက သိပ်တော့ အချိုးမကျချင်။ ခပ်ကြိတ်ကြိတ်တစ်ယောက်တစ်ပေါက်ရယ်သံကြားက တဒီးဒီး တီးတိုးစကားသံ။ ပြောပြီးသားစကားကိုပဲ အရသာတွေ့သွားကာ နောက်တစ်ခေါက် ထပ်ကြော့ပြန်ပြီထင်ပါတယ်။ အုန်းခနဲ ရယ်မောပွဲကျသွားပြန်တယ်။
“ဦးနော်……သားပြန်ပြောမှ မနာနဲ့”
“အံမာ… မင်းက… ငါ့ကို ဘာ ပြန်ပြောမှာလဲ။ ပြောရဲရင် ပြောစမ်း”
                        ဟိုပုဂိုလ်က တစ်ခွန်းမှ မပြောရခင် စိတ်တိုနှင့်နေပြီမို့ ကောင်လေး မလှုပ်ဝံ့တော့ဘူးထင်ရဲ့။
“ဟေ့ယောင်… အရာ မယွင်းသေးပါလား။ ဘာငေးနေတာလဲ”
                        သူငယ်ချင်းတစ်ယောက်က လက်တို့လာလေမှ ရှေ့ကဖန်ခွက်ကို လှမ်းကိုင်ဖို့ သတိရသွားတယ်။ ပေါလောပေါ်နေတဲ့ ရေခဲတုံးလေးတွေ လုံးပါး ပါးတော့မယ်။ ဖန်ခွက်ကို နှုတ်ခမ်းဖျားမှာတေ့လိုက်ဆဲ…
“အား..”
                        နာနာကျင်ကျင်စူးစူးဝါးဝါးအော်လိုက်တဲ့ ကောင်လေးရဲ့ မျက်နှာက ဒီတစ်ခါ တကယ်နာကျင်ရှက်ရွံ့နေခဲ့တာ အထင်းသား။ ဟိုလူရဲ့ လက်တစ်ဖက်က ကောင်လေးရဲ့ ပေါင်ခွကြားနေရာမှာ မိမိရရ၊ မြဲမြဲမြံမြံ ဆုတ်ကိုင်ထားတယ် ထင်ရဲ့။ ကောင်လေးကလည်း သူ့လက်ကလေးတွေနဲ့ တတ်နိုင်သမျှ ကာကွယ်တွန်းဖယ်ရင်း ကိုယ်ကလေးကို လိမ်ဖယ်ကာ ခပ်သာသာရုန်းနေသေးပေမယ့် ဘယ်လိုမှ မလွန့်လှုပ်သာတဲ့ပုံ။
“ပြောဦးမလား”
“မပြောတော့ပါဘူး ဦးရဲ့။ ကြောက်ပါတယ်…အား..အောင့်တယ်ဗျ”
                        ကိုယ့်သားအရွယ်ကလေးက ၀န်ခံတောင်းပန်နေပေမယ့် တစ်ဘက်ပုဂိုလ်ကတော့ ကျေနပ်အားရပုံ မပေါ်ဘူး။ လက်လွှတ်မပေးဘူး။
“လွှတ်ပါ ဦးရဲ့…ကျွတ်..ကျွတ်”
                        တော်ပါတော့ဗျာ။ ကလေးသနားပါတယ်။ အဲဒီခဏမှာ ကျွန်တော် သူတို့အနား ပြေးသွားပြီး ကောင်လေးကိုယ်စား ၀င်ပြောပေးချင်မိတယ်။ ဒါပေမယ့် နေရာက ရွှေ့မရဘူး ဖြစ်နေတယ်။ ကျွန်တော့်နှုတ်ကလည်း တွန့်ဆုတ်တွေဝေနေဆဲ။ ဆိုင်ပိုင်ရှင် ဖြစ်ပုံရတဲ့ ကောင်တာကလူကလည်း တစ်စက်ကလေးတောင် လှမ်းမတားဘူး။ သူ့အတွက် မြင်နေကျ ရိုးအီနေတဲ့ မြင်ကွင်းလိုမျိုး ထင်ပါရဲ့။ တစ်ချက် တစ်ချက် လှမ်းငေးလို့ သူကပါ အားပေးအားမြှောက်လုပ်နေသေးတယ်။ ကျွန်တော့်တို့ဝိုင်းဆီ ပြေးသွားပြန်လာလုပ်နေတဲ့ကောင်လေးကတောင် သခင်အားရ ၀င်အော်နေပြန်တယ်။
                        သူငယ်ချင်းတွေ ဘာတွေ ပြောနေဖြစ်ကြသလဲ ကျွန်တော် စိတ်မ၀င်စားအားတော့ဘူး။ ကလေး.. သနားပါတယ်။ လူကြီးက စနောက်တော့ ချစ်နိုးကျီစယ်တာရယ်လို့ ကွယ်ကာနိုင်ပေမယ့် ကလေးက ပြန်လှန် နှုတ်လှန်ထိုးတော့ မိုက်ရိုင်းလှတယ်လို့ စိတ်ဆိုးချင်ကြဦးမှာ။
                        ဟိုပုဂိုလ်က ကောင်လေးကို သူ့နံဘေးက ကုလားထိုင်လွတ်တစ်လုံးမှာ ထိုင်စေတယ်။
“ဒါ…ကုန်အောင်သောက်ရင် လွှတ်ပေးမယ်”
                        သူ့လက်က ကောင်လေးရဲ့ ပေါင်ခွကြားထဲမှာ မြဲမြဲမြံမြံ နေရာယူထားဆဲ။ ကျန်လက်တစ်ဘက်နဲ့ ရေသန့်ဗူးထဲကရေကို ဖန်ခွက်ထဲ လောင်းထည့်ပေးတယ်။
“သောက်ချင်ဘူး…”
“သောက်ရမယ်….ဒီမှာ”
“အား… သောက်မယ်။   သောက်မယ်”
                        မျက်နှာကလေး မဲ့လျှက် သနားစဖွယ် ဆိုနေပြန်တယ်။ ရေတစ်ဖန်ခွက် ချက်ချင်းကုန်သွားတယ်။ လွှတ်ပေးလိုက်တော့လေ…။ ဒါပေမယ့် ဟိုပုဂိုလ်က အားရကျေနပ်နိုင်ခြင်း မရှိဘူး။
“တယ်ဟုတ်ပါလားကွ။ နောက်တစ်ခွက်…ရော့”
“အာ… အရက်တော့ မသောက်ဘူးဗျာ”
“တကယ် မသောက်ဘူးလား”
“အား… သောက်မယ်.. ဖွီး”
“ဟေ့ကောင်.. မင်း ယောက်ျားမဟုတ်ဘူးလား။ အခု မြိုချစမ်း။ ထွေးချပစ်ရင် ထပ်နာမယ်နော်။ အဲဒါ ပိုက်ဆံနဲ့ ၀ယ်ထားရတာ”
                        ဖန်ခွက်တွေထဲ အရက်လိုက်ဖြည့်ပေးနေတဲ့ စားပွဲထိုးကောင်လေးကို ပြောမိတယ်။
“သူ့ကို တစ်ခုခု လှမ်းခိုင်းလိုက်ပါလားကွာ။ ငါတို့ဝိုင်းအတွက် အာလူးကြော် ယူလာပေးခိုင်းလိုက်”
                        စားပွဲထိုးလေးက…
“မရဘူး အစ်ကိုရ။ သူတို့ဝိုင်းရှိနေသမျှ အဲဒီကောင် ဘယ်မှ မသွားရဘူး။ ဘာမှ ခိုင်းလို့ မဖြစ်ဘူး။ လိုသမျှ လုပ်ပေးပြီးရင် အဲလိုပဲ  ၀ိုင်းစနေကြတာပဲ”
“စတာမှ မဟုတ်တော့ပဲ ကွာ”
“ကျန်တဲ့သူတွေက နည်းနည်း တော်သေးတယ် ။ အဲဒီလူကြီးက အဆိုးဆုံးပဲ။ တခါတလေ သူပဲ စ.. ပြီး သူပဲ စိတ်ဆိုးနေတာပဲ”
                        ပြန်ကြရအောင်ကွာ.. လို့ ပြောပြီး ကျွန်တော် နေရာကနေ အရင်ဆုံး ထထွက်ခဲ့လိုက်တယ်။ကျွန်တော်တို့ အရင် ရှိနေနှင့်တဲ့ စားပွဲနှစ်ဝိုင်းလည်း ဘယ်အချိန်က ထပြန်သွားခဲ့ကြသလဲ မသိတော့ဘူး။ သူတို့ ၀ိုင်းကရော.. ဒီည သိမ်းဖြစ်ကြဦးမှာလား။ အတွေးနဲ့ ချာလည်မူးနေတယ်။
“မင်းကောင်လေး… အရက်ကောင်းမှန်း သိသွားပြီကွ။ ဒုတိယခွက်ကို ကြည်ကြည်သာသာ သောက်နေပြီ”
                        သူငယ်ချင်းတစ်ယောက်က ရယ်ရယ်မောမောပြန်ပြောလာပေမယ့် ကျွန်တော် မရယ်နိုင်ဘူး။
                        သူ့ သားတွေ၊ သမီးတွေတောင် အထက်တန်းတက်နေရလောက်ပြီ ထင်ပါတယ်။ သူ့သားသမီးတွေကိုရော ဘယ်လို ဆက်ဆံသလဲ။ ကိုယ့်သားသမီးဆိုရင်တော့ အထွဋ်တင်ထားမယ့်သူချည်းပါပဲ။ သူများသားငယ် လူမမယ်လေးကိုတော့ စိတ်ထင်သလို နှိပ်စက်နေလိုက်တာ။ တော်တော်အောက်တန်းကျတဲ့လူ။
“ငါ့ ဆိုင်ကယ် မင်းမောင်းကွာ”
“ဘာလဲ.. မူးနေပြီလား”
                        သူငယ်ချင်းကို ခွန်းတုန့်ပြန်ဖြေရှင်းမနေတော့ပဲ လက်ထဲက ဆိုင်ကယ်သော့ကို လက်လှမ်းပေးလိုက်တယ်။
                        နံနက်လင်းလို့ ရဲစခန်းက ခဏလိုက်ခဲ့ပါ လာခေါ်တော့ နေတောင် အတော်မြင့်လှပေါ့။
“မေးခွန်း နည်းနည်း မေးရုံပါ။ ဆရာတို့ ရှိနေချိန်မှာ မြင်တာကြားတာလေးတွေ ပြောပြပါ”
                        …တဲ့။ ဘုရားရေ..။ ဒါဆို… ကောင်လေးရော..။
                        လမ်းကြားတစ်ခုမှာ ပစ်ထားခံခဲ့ရတဲ့ လူသေအလောင်းဟာ အဲဒီကောင်လေး ဟုတ်ရဲ့လား။
“သေချာပါတယ် ဆရာ။ စားပွဲထိုးအကြီးကောင်လေးကို လှည့်ပတ်မေးတော့ အားလုံးပြောပြပြီးနေပါပြီ”
                        …. ကလေးက အူရိုင်းဆိုတော့ ၀မ်းထဲ အရက်ကလေးရောက်တာနဲ့ ရိုင်းတော့တာ။ သူ့ကိုလည်း အနိုင်ကျင်ထားတာတွေ များလှပြီကိုး။ တစ်ခွန်းမကျန်ခံပက်၊ ရိုင်းရိုင်းစိုင်းစိုင်းတုန့်ပြန်တော့ ၀ိုင်းပြီး ရိုက်နှက်၊ ကန်ကျောက်နဲ့ သွေးထွက်သံယိုအထိ ဖြစ်ကုန်တာ။ ဆိုင်ရှင်ကလည်း ဖောက်သည်ကိုသာ အားတွေနာ၊ ကျေနပ်လောက်အောင် တောင်းပန်တာတွေ လုပ်တာ။ ကလေးကိုတော့ အပြစ်ပေးရမယ်ဆိုပြီး ကြိုးတုတ်ပြီး အခန်းတစ်ခုထဲ ထည့်ပိတ်ထားခဲ့တာတဲ့လေ”
                        စားပွဲထိုး အကြီးလေးက…
“သားတို့က နေ့တိုင်း နေမြင့်မှ အိပ်ယာထကြတာ။ အဲဒီညကတော့ သား…တော်တော်နဲ့ အိပ်မပျော်ဘူး။ ညက သူ့ကို အခန်းထဲ ထမ်းခေါ်ကတည်းက လူက ပျော့ခွေပြီး သတိလစ်နေခဲ့တာဆိုတော့ စိတ်ထဲ ထင့်နေတာ။ အိပ်ပျော်တော့လည်း ခဏလေးနဲ့ လန့်နိုးလာတော့ သူ့ကို စိတ်မချတာနဲ့ သူ့အခန်းကို သွားချောင်းကြည့်တာ။ သူ… သူ… ဘယ်အချိန်ကတည်းက သေနေလဲ မသိဘူး”
“အခု ပစ်ထားခဲ့တဲ့နေရာကို ဘယ်သူ သယ်လာသလဲ”
                        ကောင်လေး ခေါင်းငိုက်စိုက်ကျသွားတယ်။
“သား…သား.. ကြောက်လို့ပါ။ ခိုင်းတာမလုပ်ရင်၊ သူများတွေကို ပြန်ပြောရင် သားကိုပါ သတ်မယ်…တဲ့”
                        သူ့ကို ငွေပေးပြီး ရွာပြန်ပြေးခိုင်းခဲ့တာကလည်း အချင်းချင်း လက်လွန်ခြေလွန်လုပ်ခဲ့ပြီး ထွက်ပြေးတိမ်းရှောင်သွားခဲ့သူလို အများအမြင်မှာ တွေးချင်စရာဖြစ်အောင် အကွက်ချ စီစဉ်ခဲ့ကြတာသာ ဖြစ်မှာပဲ။ သူက လူကင်းပါပြီး စကားပြော ချက်ချာလည်ဝယ်လို့သာ တော်တော့တယ်။
ဒါပေမယ့် ကိုယ်ကလေး တဆတ်ဆတ်တုန်လို့ မျက်ရည်တွေ တတောက်တောက်ကျနေတဲ့ ကောင်လေးဆီမှ မျက်နှာလွှဲမိစဉ် ကျွန်တော်တို့ အချင်းချင်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်မိကြပြန်တယ်။ ကျွန်တော့် စိတ်လိပ်ပြာလေး မလုံမလဲ၊ ရှက်ရွံ့လို့လည်း နေခဲ့ပေါ့။
တကယ်က နှုတ်စကားလေး တစ်ခွန်းနဲ့ဖြစ်ဖြစ် ကျွန်တော် တားမြစ်ခဲ့သင့်တယ်။ ကောင်လေးဘက်က ဖေးမကာကွယ်ဖို့ ကျွန်တော့်နှလုံးသားကလည်း အကြိမ်ကြိမ်ကြိုးစားကြည့်ခဲ့ပါတယ်။ ဒါပေမယ့် အသိတရားက သွေးကြောင်နှောက်ယှက်ခဲ့တော့ ကျွန်တော် နှုတ်အာစေးမိနေခဲ့ရတယ်။
“မတရားမှုတခုမှာ ကြားနေ တယ်ဆိုရင် သင်ဟာ ဖိနှိပ်သူဘက်က လိုက်ဖို့ရွေးချယ်လိုက်တာနဲ့ အတူတူပဲ”
(ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရ ဘုန်းတော်ကြီး ဒက်စမွန်တူးတူး)
                        ကြားနေသူတိုင်းလည်း ဒီကမ္ဘာကျော်စကားကို ကြားဖူးခဲ့ကြတယ်ဆိုတာ သေချာပါတယ်။    

                       

1 comment:

  1. တကယ့်ဖြစ်ရပ်လေးကို ပြန်တွေးမိစေ ၊ ကမ္ဘာကျော်စကားကို သတိရစေပြီး အမှားဆိုတာဟာ မိမိကိုယ်တိုင်ပြင်သလို တစ်ပါးသူကိုလည်း ပြင်ဖို့ တိုက်တွန်းမှ တာဝန်ကျေနိုင်မယ်ဆိုတာ အမှတ်ရစေပါတယ် ...

    ReplyDelete

စိတ်ထဲ ခံစားမိသလို မျှဝေပြောပြခဲ့ပါဦး...။