Tuesday, June 25, 2013

အလင်းဖျော့ဖျော့ ကြယ်



           
မဆုံဖြစ်ခဲ့ကြသော နှစ်များစွာအတွင်းမှာ ချမ်းမြေ့တစ်ယောက် မြို့ကြီးသားနှင့်မခြား အပြောင်းလဲကြီး ပြောင်းလဲခြားနားသွားခဲ့ပြီ။ လှစ်ခနဲပြုံးလိုက်တိုင်း ဖွေးခနဲလင်းပြက်လာတတ်သော သွားတက်ချွန်ချွန်ကလေးတွေသာ မရှိလျှင် ချမ်းမြေ့ကို မာ… မှတ်မိမည်တောင်မထင်။ ဆယ်တန်းအောင်ပြီးစ ချမ်းမြေ့ရဲ့ ပုံရိပ်ကလေးကိုပဲ စွဲလန်းငြိတွယ်နေမိဆဲ ဖြစ်သော မာ့ခမျာ ချမ်းမြေ့၏ ငယ်ရုပ်သွင်ကို မနည်းကြီး ပုံဖမ်းယူနေရသည်။
မာ့ရှေ့မှာ နွေးထွေးသောပြုံးတုံ့မူယာနှင့် လက်ပိုက်လျှက်ရပ်နေသော ချမ်းမြေ့ဟာ အသားတွေလည်း ဖွေးလက်ဝင်းပနေတာပဲ။ ရွှေရောင်ဖျော့ပြေပြေ အရောင်သွင်းထားပုံရတဲ့ ပုံစံကျနလှပနေတဲ့ ဆံစမျှင်တွေကို ခေါင်းကလေးငဲ့ကာ ဆတ်ခါပစ်လိုက်တိုင်း လှစ်ခနဲပေါ်လာတဲ့ မျက်နှာနုမျစ်မျစ်ကလေးကလည်း ပြုံးမြနေလို့ပေ။ ဂျင်းပဲန်အပြာဖျော့နုနုနဲ့ တီရှပ်ဖြူလွလွကို ရိုးရှင်းစွာ ဆင်ယင်ထားတာတောင် ကျော့မော့သန့်ပြန့်နေလိုက်တာ…။ မာ့ မှာတော့ ချမ်းမြေ့လှုပ်ရှားပြုမူသမျှ မလွတ်တမ်း လိုက်ငေးနေမိကာ စကားတစ်ခွန်းတောင် မဆိုနိုင်ရှာ။
“မာ… စကားလေး ဘာလေး ပြောဦးလေ ဟာ”
                        ချမ်းမြေ့နှင့် ၀မ်းသာအားရစကားတွေဆိုကာ အလွမ်းသယ်လို့ ကောင်းနေဆဲဖြစ်သော ကိုတောက်က မာ့ကို စကားဝိုင်းထဲ ဆွဲသွင်းလိုက်လေမှ မာ…. ချမ်းမြေ့အား မ၀ံ့တ၀ံ့ လှမ်းပြုံးနှုတ်ဆက်နိုင်တော့သည်။ ချမ်းမြေ့ကတော့ သူ့မူပိုင် သွားတက် ချွန်ကလေးတွေ လှစ်ဖော်ပြုံးလိုက်ရင်း…
“မာ… နင်ရော အခု ဘာတွေ လုပ်နေလဲ”
“မာ.. ရွာကျောင်းမှာပဲ စာပြန်သင်ပေးနေတယ်”
                        ကိုတောက်က မာ့ကိုယ်စား ၀င်ဖြေပေးသည်။ မာတို့ ဒေသကို  ကမ္ဘာကျော်နာဂစ်မုန်တိုင်း ၀င်မွှေခဲ့ပြီးစအချိန်မှာ မုန်းတိုင်းဒဏ်သင့်ဒေသများအား အကူအညီပေးရန် အန်ဂျီအိုရုံးခွဲတွေ တဖွဲဖွဲလှိမ့်ဝင်လာခဲ့စဉ် မာနှင့် ကိုတောက်တို့လည်း ဇာတိရွာကို ခေတ္တစွန့်ကာ မြို့ကလေးဆီမှ အန်ဂျီအို ၀န်ထမ်းဘ၀ကို ရောက်ခဲ့ဖူးကြပါသေးသည်။ ဒုတိယနှစ်အဝေးသင်တက္ကသိုလ် တက်ရောက်နေဆဲ မာတို့အားလုံးမှာ လူအရေးအရာမျှနားမလည်၊ အင်္ဂလိပ်စာကျွမ်းကျင်မှုမှာ အားနည်း၊ စာရင်းဇယားနှင့် ကွန်ပြူတာအခြေခံမျှမသိ… စသော အားနည်းချက်ကလေးတွေ တပုံတပင်ကြောင့် မ၀ံ့တ၀ံ့ အလုပ်လျှောက်လွှာ တင်ခဲ့ကြရတာ ဖြစ်ပါသည်။ ဒါပေမယ့် အန်ဂျီအို အားလုံး၏ မူလရည်ရွယ်ချက်ကိုက ဒေသခံလူငယ်အားလုံးကို အလုပ်အကိုင်အခွင့်အလန်းများ ဖန်တီးပေးရေး ဖြစ်သောကြောင့်သာ ကံအခွင့်သာခဲ့ရတာ ဖြစ်သည်။ မြို့နယ်အတွင်းရှိ မြစ်ကူးချောင်းခြား၊ မုန်တိုင်းဒဏ်ခံ ကျေးရွာများအရောက် အစားအစာ၊ဆေးဝါးနှင့် သောက်သုံးရေ ဝေငှပေးရေး၊ စာသင်ကျောင်းများ၊ နေအိမ်များ ပြန်လည်တည်ဆောက်ရေး၊ သောက်သုံးရေကန်များ ပြန်လည်တူးဖော်ရေး.. စသည်အကူအညီ လုပ်ငန်းများစွာတွင် မြို့နယ်အတွင်းရှိ လူငယ်အားလုံးနီးပါး အလုပ်ကိုယ်စီ ရရှိကြကာ လုပ်ငန်းခွင်အတွေ့အကြုံနှင့် သိမြင်သုတများစွာ ရရှိခဲ့သော်လည်း ထို.. ကံမျက်နှာသာပေးမှုက ဘယ်လောက်မှ မရှည်ကြာခဲ့ပါ။ အန်ဂျီအိုရုံး အားလုံးနီးပါး တတိတိ၊ တဖြည်းဖြည်း တပ်ဆုတ်ထွက်ခွာခဲ့ကြတော့ မာတို့အားလုံးလည်း ဒုံရင်းအခြေအနေ အလုပ်လက်မဲ့ဘ၀သို့ ပြန်ရောက်ခဲ့ရတော့သည်ပင်။
                        မာ့ထက်စောစီးစွာ အလုပ်ပြုတ်ခဲ့ရသော ကိုတောက်က ရွာကို စောစီးစွာ ပြန်ရောက်နှင့်နေသည်။ မာကတော့ ကိုတောက်ထက် တစ်နှစ်ခန့်နောက်ကျပြီးမှ လက်ရှိအလုပ်ကို လက်လွတ်ခဲ့ရတာ ဖြစ်ပါသည်။ ဒါပေမယ့် မြို့ကလေး၏ လူမှုဝန်းကျင်မှာ ပျော်ဝင်ချင်ခဲ့ပြီဖြစ်သော မာက  ရွာကို မပြန်ချင်တော့ပြီမို့ မြို့ကလေးပေါ်မှာ ရှာကြံခိုကပ်နေထိုင်နိုင်ဖို့ ကြိုးစားကြည့်ချင်ခဲ့သေးသည်။ ကိုတောက်က…
“နင်က တောသူမပဲ မာရဲ့။ အချိန်တန် ကိုယ့်ရွာ ကိုယ်ပြန်ရမှာပဲ”
“ပြန်ချင်ပါဘူးဆို…”
“မပြန်ချင်လို့ ရမလား။ နင့်မှာ အလုပ်အကိုင် အလှမ်းအကမ်းကော မြင်ထားလို့လား”
                        ပုတ်ပြတ်နေ့စားလစာ မြိုးမြက်စွာ ခံစားရရှိဖူးသော အန်ဂျီအို၏ အောက်ခြေ၀န်ထမ်းဟောင်း ဖြစ်ဖူးသူတို့သည် လစာလေး သုံး၊ လေးသောင်းခန့်ဖြင့် ခြေထောက်တွေ ညောင်းချိတောင့်အောင့်သည်အထိ မိုးလင်းမိုးချုပ် မတ်တပ်ရပ်ရသော  စတိုးဆိုင် အရောင်းစာရေးမဘ၀ကို အိပ်မက်ပင် ထည့်မမက်ချင်ကြပြီကို ကိုတောက်လည်း နားလည်နေသည်ပင်။ ဒါပေမယ့် မြို့ကလေးမှာ အန်ဂျီအိုရုံး လေး၊ ငါးရုံးမက ကျန်နေသေးသည်။ ထိုရုံးတွေမှာလည်း ၀န်ထမ်းတွေ မကြာခဏ လျှော့ချခံနေရတာလည်း ကြားသိနေရသည်ပင်။ ဒါပေမယ့် ရံဖန်ရံခါတော့ ၀န်ထမ်းအသစ်တွေလည်း ထပ်ခန့်နေကြသေးတာပဲ မဟုတ်လား။
“လုပ်မနေနဲ့ ။ ပရော့ဂျက်အသစ် ထပ်ရလို့ ၀န်ထမ်းအသစ်လိုအပ်ရင်လည်း သူ့ဝန်ထမ်းဟောင်းကိုပဲ ပြန်ခေါ်မှာပဲ”
“ငတုံး… ။ ဟိုဘက်ရုံးကနေ ဒီဘက်ရုံးပြောင်းပြီး လွန်းထိုးကူးသွားနေကြတဲ့သူတွေ နင်မတွေ့ဘူးလား”
“ငါ.. မတုံးဘူး မိမာ။ နင့်ထက် သိလို့ ပြောနေတာ။ ပြုတ်သွားတဲ့ဝန်ထမ်းဦးရေနဲ့ ပြန်ခန့်တဲ့ ၀န်ထမ်းဦးရေ…. ဘယ်အရေအတွက်က ပိုများလဲ။ ဒီလောက် အဆများစွာ ကွာနေတာ။ ဒီလောက် အပြိုင်အဆိုင်၊ အလုအယက် အလုပ်လိုချင်နေတဲ့သူတွေကြားထဲမှာ အပေးအယူ၊ ရင်းနှီးမှု ကိစ္စတွေကို ငါ… နင့်ထက်ပိုသိတယ်။  တော်ကြာ သူများလက်ညှိုးညွှန်သမျှ၊ ခိုင်းသမျှ လိုက်လုပ်ပေးနေရတဲ့ အလုပ်ကလေးတစ်နေရာစာအတွက် နင်.. လူပါ ထိုးကြွေးနေရမှာစိုးလို့ ပြောနေတာ”
                        ကိုတောက် တကယ်ပဲ အပြောရက်စက်လိုက်တာ။ မာ့ကိုတောင် မညှာတာရကောင်းလားဟု မာ..စိတ်ခုမိသော်လည်း ကိုတောက်၏ ပြောစကားများကို မာ မငြင်းနိုင်ခဲ့ပါ။ မာလည်း ဒီလောကထဲမှာ ကျင်လည်နေသူပဲ။ နားနဲ့ မျက်စိနဲ့ပါပဲ။ မာတို့တတွေ တစ်ခါဖူးမျှ မကျွမ်းဝင်ဖူးခဲ့သော ဒင်နာအမည်ခံ ပါတီပွဲများစွာနှင့် အပါတ်စဉ်၊လစဉ်တိုင်း အကျွမ်းတ၀င် အတွေ့အကြုံရှိနေခဲ့ဖူးပါပြီ။ ဘီယာဆိုင်ရှေ့ လမ်းဖြတ်လျှောက်ရန်ပင် တွန့်ဆုတ်တွေဝေတတ်သော ဘ၀မှ အမြုတ်တစီစီ၊ ပယင်းရောင် အရည်ကြည်ကို ကိုယ်တိုင် မြည်းစမ်းကာ ရီဝေမြူးကြွဖူးသော အခြေအနေအထိ ပြောင်းလဲတိုးတက်နေခဲ့ပြီ။ မိုက်ခရိုဖုန်းလုကာ သံသေးသံကြောင် သံပြိုင်ဟစ်ဖို့၊ ရိုက်ချက်ခပ်ပြင်းပြင်း ဒရမ်စည်းချက်တို့နှင့်အတူ လှုပ်တွန့်ခုန်ပေါက်ဖို့လည်း ရှက်ရွံ့တွန့်ဆုတ်မနေတတ်ကြတော့ပါ။ အလုပ်တည်မြဲရေးအတွက် လုံးပမ်းကြိုးစားနေကြသော မိန်းကလေးတချို့နှင့် ပတ်သက်သည့် တီးတိုးသတင်းတချို့ကလည်း ခပ်တိုးတိုးပေမယ့် ညှီအဲ့အဲ့။
                        ကိုတောက်ကတော့…
“အလုပ်နေရာ တည်မြဲချင်ရင် ကိုယ့်ကိုယ်ကိုယ် ပညာဖြည့်ဆည်းလေ။ လုပ်ငန်းခွင်မှာ ကျွမ်းကျင်အောင်၊ မရှိမဖြစ် လိုအပ်တဲ့သူ ဖြစ်အောင် ကြိုးစားကြလေ…။ ခုတော့ တလွဲဆံပင်ကောင်း…။ အထက်လူကြီး မျက်စေ့ကျဖို့၊ လုပ်ငန်းခွင် အသိမိတ်ဆွေ တိုးပွား ကျွမ်းဝင်ဖို့ ငါတို့ နင်တို့က ပါတီမှာ မိုးလင်းပေါက် ကဲလို့ကောင်းနေတုန်း…၊ အဲဒီအချိန်မှာ ရွာတွေမှာ ဒုက္ခသည်အားလုံး နေအိမ်အတည်တကျမဖြစ်သေးဘူး။ လုပ်ငန်းတွေ ပြန်မစနိုင်ကြသေးဘူး။ နံနက်စာ၊ ညစာအတွက်တောင် ရိက္ခာဝေမယ့်သူတွေကို မျှော်လင့်အားကိုးနေရတုန်းလေ…”
                        အဲသည် ပြောပုံဆိုပေါက်တွေကြောင့် ကိုတောက်တစ်ယောက် စောစီးစွာ အလုပ်ပြုတ်ခဲ့ရတာဟု မာက တိတ်တခိုး ရှုံ့ချနေမိဆဲ။
“ငါတို့ ဒေသခံတွေ ရတဲ့ အခွင့်အရေးဟာ ငါတို့ဒေသမှာရှိတဲ့ ကျေးရွာဒေသအားလုံးက အသက်အိုးအိမ်ပေါင်းများစွာ ရင်းနှီးပေးဆပ်ပြီးမှ မစို့မပို့ရလာခဲ့ကြတာပါ။ ပြီးတော့ အဲဒီအခွင့်အရေးက ရေရှည်.. အကြာကြီးလည်း မဟုတ်ဘူး။ ငါတို့ သောကဒုက္ခတွေကို မေ့ပြီး ပျော်နေနိုင်လောက်အောင် မတန်ပါဘူး”
“မာက အရည်အချင်းနဲ့ ယှဉ်မှာပါ ကိုတောက်ရယ်”
“နင့်ထက် အရည်အချင်းရှိတဲ့သူတွေတောင် တဖြုတ်ဖြုတ် ပြုတ်နေတာ နင်… မသိလို့လား။ နင့်မှာ ရှိတဲ့ အရည်အချင်းလောက်ကိုလည်း ဘယ်သူမှ စိတ်မ၀င်စားဘူး… ရှင်းလား”
                        မာအလုပ်ပြုတ်တာ သတင်းကြားလျှင် ကြားချင်း ကိုတောက်က ရွာပြန်ရန် အကြိုထောက် နေနှင့်ခဲ့သည်။
                                    @@@@@@@@
“ငါလည်း ခုထိ အလုပ်အကိုင် အတည်တကျ မရှိသေးပါဘူး မာရယ်”
                        ချမ်းမြေ့ ပြောလာတော့ မာ အံ့သြရသေးသည်။ မာတို့တတွေ မြို့ကလေးမှာ အန်ဂျီအို အလုပ်ဝင်နေကြချိန်မှာ ချမ်းမြေ့ကိုလည်း လှမ်းခေါ်ဖြစ်ခဲ့ကြသေးသည်။
“အန်ဂျီအို ပရောဂျက် အများစုက ကာလတိုလေးပဲ မဟုတ်လား မာရဲ့။ ငါ… ဒီမြို့လေးမှာ နှစ်နှစ်၊ သုံးနှစ်လောက် ပြန်အောင်းလိုက်တာနဲ့ ရန်ကုန်ပြန်ရောက်ရင် အားလုံး အသစ်ကနေ ပြန်စနေရဦးမှာ…။ အရာရာ နောက်ကျနေမှာပေါ့။ ဒါကြောင့် ပြန်မလာခဲ့တော့တာ။  ပြီးတော့ အဲဒီအချိန်တုန်းကလည်း ငါ မျှော်လင့်ထားတဲ့ ငါ့အတွက်တစ်နေရာ ရန်ကုန်မြေမှာ ရှိကို ရှိနေတယ်လို့ ယုံကြည်နေသေးတာကိုး”
                        ချမ်းမြေ့က လောဘကြီးသလို ကြိုးစားနိုးကြားသူတစ်ယောက်အဖြစ်လည်း ငယ်ပေါင်းတစ်ယောက် ဖြစ်သော မာက အစင်းသိ ယုံကြည်မိသည်ပင်။ ချမ်းမြေ့တစ်ယောက် ရန်ကုန်မြေမှာ အဆင်တပြေ၊ အခြေတကျ ဖြစ်နေလောက်ပြီဟု မာက ထင်စားနေခဲ့မိတာဖြစ်သည်။ ကိုတောက်ကိုတောင် ရန်ကုန်မှာ အလုပ်သွားလုပ်ကြရအောင်ဟု အဖော်ညှိခဲ့ဖူးသေးတာ မဟုတ်လား။ ကိုတောက်က…
“ထသွားမှ ကျိုးမှန်းသိနေပါ့မယ် မာရယ်”
                        ကိုတောက် အတော်သွေးကြောင်ပါလားဟု မာက တိတ်တခိုးမှတ်ချက်ချခဲ့ဖူးသေးသည်။ အဲဒီ ကိုတောက်ဟာ တမျိုးပဲ။ တခါတရံ သူ့ကို မာ… နားမလည်နိုင်။ အခုဆို ရွာက သက်ရွယ်တူ အတော်များများ တစ်ပြည်ရပ်ခြားမှာ စီးပွားထွက်ရှာ နေကြပြီ။ အခြေအနေကောင်းနှင့် ကြုံကြိုက်ကာ ရွာမှာကျန်ရစ်သူ မိသားစုတွေပင် ပြုံးမော့မာန်ဝင့်နေနိုင်ခဲ့ကြပြီ။ သူ့အမေကတောင် ကိုတောက်ကို သွေးတိုးစမ်းနေပြီ။ ကိုတောက်က မလှုပ်။
“အမေရှိရင် ငွေရှိတယ် မဟုတ်လားမာရဲ့။ အမေမရှိတဲ့ အရပ်မှာ ငါ မနေနိုင်ဘူး”
                        ရယ်စစ ဆိုနေပြန်သည်။ ကိုတောက်က သူ့မိခင်ကိုတော့ အတော့်ကို ချစ်မြတ်တွယ်တာလွန်းသူပေ။ မိခင်ကလည်း ကိုတောက်ကိုတော့ ဘယ်အခါမှ စိတ်ငြိုငြင်မခံခဲ့စဖူး။ ရွှေထီးဆောင်းရစဉ် စီးပွားအခြေအနေကောင်းခဲ့သည့် အချိန်တွေကဆိုလျှင် ပိုလို့တောင် ရွှေပေါ်မြတင်၊ သဲသဲလှုပ်တတ်ခဲ့သေးသည်။
                        ကိုတောက်က ဆယ်တန်းစာမေးပွဲကိုတောင် သုံးနှစ်လောက် ဖြေယူခဲ့ရသူ ဖြစ်သည်။ မာတို့က ကိုတောက်ကို နင်..ငါ သုံးကာ သက်ရွယ်တူတွေလို စကားပြောဖြစ်နေပေမယ့် မာတို့နှစ်ယောက်ထက် အသက်ကြီးသလို အတန်းလည်းကြီးခဲ့သည်။ ဆယ်တန်းကို နှစ်ကြောရှည်ကြာ ဖြေခဲ့သည်မို့သာ မာတို့၊ ချမ်းမြေ့တို့ နှင့် အတူတူဖြေသောနှစ်မှာမှ မာတို့နှင့် တစ်နှစ်တည်း အတူ အောင်မြင်နိုင်ခဲ့တော့တာ ဖြစ်သည်။ မြို့က ဘော်ဒါမှာ လေးနှစ်လောက်နေခဲ့ရသော ကိုတောက်ကို ဖခင်က တဖျစ်တောက်တောက် မဲ့ရွဲ့ပြစ်တင်ချင်သော်လည်း မိခင်ကတော့ အစဉ် ကာကွယ်ပေးမြဲ။ မငြိုမငြင် ဖြည့်ဆည်းစွမ်းဆောင်ပေးမြဲ။ ဖြည့်ဆည်းစွမ်ဆောင် နိုင်လောက်အောင်လည်း ကိုတောက်တို့ မိခင်က ငွေကြေးရှာဖွေရာမှာ အစွမ်းအစ ပြနိုင်ခဲ့သူ ဖြစ်လေသည်။
                        ကိုတောက်၏ဖခင်ကတော့ ရွာကျောင်းမှာ အလယ်တန်းကျောင်းအုပ်ဆရာကြီးအဖြစ် ငြိမ်းအေးစွာ၊ ရိုးသားစွာ အရိုးထုတ်သွားခဲ့သူ ဖြစ်သည်။ မိခင်ကတော့ လယ်ဧကများစွာနှင့် ကုန်စုံဆိုင်ကြီးတစ်ဆိုင် ခြေကန်ပြုကာ စပါးပေး၊ ပဲပေး လက်မလည်နိုင်အား။ သားကို ဂရုတစိုက် ဆိုဆုံးမဖို့ထက် မြှောက်ပင့်ဖျက်ဆီးနေသူ၊ သားမျက်နှာ မညိုစေရအောင် အလိုလိုက်ထားဖို့သာ သိသူဟု ဆရာကြီးက စွတ်စွဲလိုသော်လည်း ဓနဥစ္စာ ရှာဖွေနိုင်စွမ်းသူ ဇနီးသည်ကို လွန်ဆန်အားလျော့နေသည် ထင်ပါ၏။
                        ဆရာကြီး၏ သြဇာသည် ကိုတောက်အပေါ် ဘယ်အခါမှ မတည်ခဲ့ပေ။ ကိုတောက်က လိုချင်တာမှန်သမျှ မိခင်ထံမှာ ခေါင်းတစ်ချက်ဝှေ့ရုံနှင့် ရနေနိုင်သောကြောင့် ဖခင်အား အနည်းငယ်မျှပင် အရေးမစိုက်ချင်။ ကိုတောက် အရေးမထားခဲ့သော ဖခင်က သူ.. ဆယ်တန်းအောင်မြင်ခဲ့သည်ကိုပင် စောင့်ကြည့်မသွားနိုင်အား။ အဆုတ်ကင်ဆာရောဂါဟု သိရချိန်မှာ ရောဂါကျွမ်းနေနှင့်ပြီ။ ဖခင်ဆုံးသည့်နှစ်မှာ ကိုတောက်လည်း ဆယ်တန်းစာမေးပွဲကို ဒုတိယအကြိမ် ရှုံးနိမ့်ခဲ့တာ ဖြစ်သည်။
“ကျောင်းဆရာသားဖြစ်ပြီး ဘွဲ့လေးတစ်လုံးမှ မရရင် ရှက်စရာကွာ”
                        ရောဂါဒဏ်ကို မချိမဆံ့ခံစားနေရဆဲမှာပင် သားဖြစ်သူ၏ ပညာရေးအတွက် နောက်ဆံငင်ချင်သေးသော ဖခင်ကို ကိုတောက်တစ်ယောက် ထိုတစ်ကြိမ်.. စာနာသနားမိခဲ့သည် ထင်ပါ၏။ နောက်တစ်နှစ်မှာ စာမေးပွဲအောင်လာခဲ့သည်။
“ငါက စိတ်မပါတဲ့ အလုပ် ဘာမှ မလုပ်ချင်ဘူး”                                                  
                        ဆိုသော ကိုတောက်တစ်ယောက် ဘာကို စိတ်ပါဝင်စားခဲ့ပါသလဲဟု မာ… မေးကြည့်ချင်ခဲ့သည်။ ကျောင်းမပြီးခင်က အန်ဂျီအိုအလုပ် ၀င်ခဲ့ဖူးသည်သာ ပြောစရာရှိကာ သည့်နောက်ပိုင်းကာလတွေမှာတော့ မိခင်အို၏ လုပ်စာဖြင့်သာ ကျောင်းပြီးဘွဲ့ယူခဲ့တာ ဖြစ်သည်။ ကျောင်းပြီးနောက်မှာလည်း အချိန်အတော်ကြာသည်အထိ လက်ဆုတ်လက်ကိုင်ပြစရာ ကိုတောက်မှာ အလုပ်အကိုင်တစ်ခုပင် ရှိမနေခဲ့ဘူး မဟုတ်လား။ ဟိုယခင် မိဘတွေ သောင်သာစဉ်ကတော့ အကြောင်းမဟုတ်။ ခုတော့ ကိုတောက်တို့ မိခင်၏ စီးပွားရေးက စောက်ထိုးဦးစိုက် ကျဆင်းသွားခဲ့ရတာ ဖြစ်သည်။
                        လေပြင်းတွေ တ၀ှူးဝှူးတိုက်နေစဉ် မြစ်ရေတွေ တရကြမ်းထိုးတက်လာချိန်မှာ ကိုတောက်၏ မိခင်က ပစ္စည်းဥစ္စာဇောကပ်ကာ သိမ်းထုပ်သေချာလို့ ကောင်းနေဆဲ ဖြစ်သည်။ တစ်ရွာလုံး အုံးအုံးကျွတ်ကျွတ်ဖြင့် ရေလွတ်မည်ထင်ရာ မျက်ရမ်းမှန်းဆ အော်ဟစ်ပြေးလွှားနေကြပြီ။ တချို့ ဘုန်းကြီးကျောင်းကို ပြေးကြသည်။ ဘုန်းတော်ကြီးကျောင်းက ခြေတံရှည် ဆောက်ထားသည် မဟုတ်လား။ ကိုတောက်၏ မိခင်ကတော့ သူတပါးဆွဲခေါ်လေမှ ဒရောသောပါးပါလာရသူမို့ နေအိမ်နှင့် အလှမ်းဝေးသော ဘုန်းကြီးကျောင်းကို ပြေးရန် အချိန်မမီတော့ပြီ။ နေအိမ်နှင့် အနီးဆုံးဖြစ်သော အလယ်တန်းကျောင်း၏ နှစ်ထပ်စာသင်ကျောင်းဆောင်ပေါ် မနိုင်ရင်ကာ တွယ်တက်ဆဲ..၊ နေအိမ်ကို လှိုင်းလုံးတစ်လုံးက ရိုက်ခတ်ဖုံးလွှမ်းခံပစ်ခဲ့ရကာ တစ်စစီ မျောပါပြိုကျနှင့်ခဲ့ပြီမို့ ပွတ်ကာသီကာ အသက်ဘေးမှ လွတ်ရုံကလေးရှိသည်။ မိုးသည်းထန်၊ လေလှိုင်းကြမ်း၊ ဒီရေက တဟုန်ထိုးမြင့်တက်လာကာ တစ်ရွာလုံးပင်လယ် ရေပြင်ကျယ်ကြီးဖြစ်နေပြီး လှိုင်းလုံးနှင့် ဒိုက်သရောတို့ မဲမဲလှုပ်နေသည့်ကြားမှ မိခင် အသက်ရှင်ကျန်ရစ်သည်မို့သာ ကိုတောက် ကံကောင်းလှသည် ဆိုရမည်။ မာတို့မိသားစုအားလုံးကတော့ လေပြင်းတွန်းဖြို၊ ဒီရေလွှမ်းဖုံးဆွဲချခံလိုက်ရသော ဘုန်းတော်ကြီးကျောင်းပြိုကျရာမှာ တကွဲတပြားမျောပါကာ ဘ၀ချင်းပါ ခြားနာခဲ့ကြရတော့တာ။ ကံဝဋ်ကြွေး မကုန်နိုင်သေးသော မာ့ကို အသက်ငွေ့ငွေ့ဖြင့် သူတို့ ရှာဖွေတွေ့ရှိခဲ့သောနေရာက ရွာနှင့် အတော်ဝေးဝေး၊ လယ်ကွင်းတွေအလွန် တောတန်းပေါ်တင်ကျန်ရစ်သော ဒိုက်သရော အမှိုက်ပုံပေါ်မှာ ဖြစ်လေသည်။
                        @@@@@@@
                        ရွာကနေ ပြောင်းသွားပြီးကတည်းက တစ်ခေါက်တကျေးမျှ ပြန်မရောက်နိုင်ခဲ့ရှာသော ချမ်းမြေ့က တောင်းပန်စကားတွေ ဆိုနေသေးသည်။ မာ့မိသားစုတွေအကြောင်းကိုလည်း သူ.. ကြားသိပါကြောင်း၊ မာနှင့်ထပ်တူ ၀မ်းနည်းစိတ်မကောင်းဖြစ်ရကြောင်းတွေ ချမ်းမြေ့ဆိုလာတော့ မာ နှုတ်ဆိတ်လျှက် မျက်ရည်ဝဲချင်ပြန်သည်။
ချမ်းမြေ့ ဘယ်လိုအကြောင်းပြချက်တွေ ပြောလာလည်းပဲ မာ လက်မခံချင်ပါ။ ရန်ကုန်နဲ့ မာတို့ရွာအကြား ခရီးတာ ဘယ်လောက်ဝေးလှမ်းခြားနားနေ လည်းပဲ ချမ်းမြေ့ကိုယ်တိုင်က အရောက်မလာချင်ခဲ့လို့သာ ဖြစ်မှာ..ဟု ၀မ်းနည်းစွာ ပြစ်တင်စွတ်စွဲလိုက်ချင်သည်။ လာချင်ရင် အနီးလေးမဟုတ်လား ချမ်းမြေ့ရဲ့။
“ရန်ကုန်ကနေ ကားစီးလာပြီး၊ မြို့ရောက်ရင် ကြုံရာ စက်လှေနဲ့ တို့ရွာကို ရောက်တယ်ဆိုတာ ဒီရွာမှာမွေးတဲ့ အဲဒီ ရန်ကုန်သားက မသိဘူးတဲ့လား”
… ဟု ခါတရံ ပေါက်ကွဲတတ်ချင်ခဲ့သော  ကိုတောက်ကတော့ သိသိသာသာ စကားလွှဲယူပစ်သည်။
“ မင်းရောက်တုန်း ငါတို့ ကျောင်းကို ၀င်ကြည့်သွားဦးလေ”
                        ချမ်းမြေ့ကတော့ ကိုတောက်နဲ့ မာတို့ ဦးဆောင်ရာနောက်ကို ထပ်ကျပ်မကွာ လိုက်ပါလာရင်း သူ့ဇာတိရွာလေးရဲ့ ရင်ငွေ့နွေးနွေးကို တစိမ့်စိမ့်ခံစား ကျေနပ်နေတဲ့ဟန်နဲ့ ရွှင်သွက်းမြူးကြွနေပြန်သည်ပင်။
“ကိုတောက်ရေ… ညကျ ငါတို့ ငှက်ပစ်ထွက်ကြရအောင်”
                        ကိုတောက်က ..
“ရန်ကုန်သားက ခြုံတိုးတတ်သေးလို့လား”
                        ဆိုပြီး ချမ်းမြေ့ကို စနောက်ရယ်မောနေသည်။ ချမ်းမြေ့ဟာ ငယ်စဉ်ကတည်းက နူးညံ့ငြိမ်သက်သူကလေး ဖြစ်သည်။ မာ့လောက်တောင်မှ အကြမ်းမခံ။ မာကတော့ ကိုတောက်သွားရာနောက် တစ်ကောက်ကောက်ပါကာ ကိုတောက်ဆော့သလို ဘောလုံးလည်းကန်ပစ်သည်ပင်။ ချောင်းထဲ ရေကူးလျှင်လည်း ချန်မနေခဲ့။ ချောင်းစပ်က ဓနိပင်တန်းတွေကြား ရေစစ်ချိန်မှာ ပုဇွန်စမ်းရာတွင်လည်း ပါသည်။ ရေတက်ဦးအချိန် တံတားဦးမှာ ကဏန်းထောင်၊ ငါးမျှားကြလျှင်လည်း အားကျမခံပင်။ လယ်ကန်သင်းတွေကြား ကိုတောက် ငါးမျှားကိုင်းထောက်ရာနောက် တလွှားလွှား နောက်ကလိုက်ပါတတ်သော မာက ကိုတောက်တို့ ယောက်ျားလေးတွေချည်း တောထဲဝင် ငှက်ပစ်ထွက်လျှင်လည်း မရမက နားပူနားဆာပြုကာ ကပ်မခွာလိုက်ပါချင်သေးသည်။
“နင်.. လေးခွပစ်တတ်လို့လား”
“နင့် နဖူးကို မှန်အောင်ပစ်ပြမယ်”
                        မာ.. တကယ် လေးခွပစ်ကျွမ်းကျင်တာ ကိုတောက် အသိပါပင်။ သူသွားလေရာ မာနှင့် ချမ်းမြေ့ကို တကောက်ကောက်ခေါ်လေ့ရှိသော ကိုတောက်က ရွာနှင့် အတန်ငယ်လှမ်းသော တောစပ်မှာ ငှက်တွေ အိပ်တန်းဝင်ချိန်၊ ညည့်အချိန်မတော်မို့သာ မာ့ကို ချန်ထားရစ်ချင်ခဲ့တာ ဖြစ်ပါသည်။ မာ.. တအီအီ နာပူနားဆာပြုလျှင် လျစ်လျှူရှုမနေတတ်ခဲ့သော ချမ်းမြေ့က မာ့ကို ငှက်ပစ်ခေါ်ရန် ကူပြောပေးလာလျှင်…
“မင်းပါ ချန်နေခဲ့..”
ချမ်းမြေ့က ကိုတောက် လေသံတင်းတင်းဆိုလာလျှင် အစဉ်အလျှော့ပေးလေ့မြဲ။ အဲသည်ချမ်းမြေ့ဟာ မာ့ကိုလည်း အစဉ်အလျှော့ပေး အလိုလိုက်တတ်ခဲ့တာပါပဲ။ ကိုတောက်က အမေ့ကို စစ်ကူခေါ်ကာ တဆက်တည်းတိုင်တန်းသောအခါ မာ့ခမျာ ငှက်ပစ်မလိုက်ရသည့်အပြင် ဆူခံထိရသေးသည်မို့ ကိုတောက်ကို စိတ်ကောက်ရပြန်သည်။ ငြုပ်သီးစပ်စပ်နှင့် ကြွတ်နေအောင် ကြော်ထားသော ငှက်သားကြော်ကို မာကြိုက်မှန်း သိသည်မို့ သီးသန့်ဖယ်ချန်ပေးထားကာ ချော့လာသည့်တိုင် မာ့မှာ စိတ်ကောက်မပြေ။  ဒါပေမယ့် ကိုတောက်က လူရည်လည်နေပြီ။ မာ.. တော်ရုံနှင့် စိတ်ကောက်မပြေနိုင်မှန်းသိလျှင် ချမ်းမြေ့ကို ကူချော့ခိုင်းတတ်သည်။ ချမ်းမြေ့ချော့လာလျှင် မာ.. ကြာရှည်တင်းခံမနေတတ်တာ ကိုတောက်က အဲသည်စဉ်ကတည်းက ရိပ်မိနားလည်နေခဲ့သည်။
                        မာကလည်း မာပဲ။ ကိုတောက်ကိုသာ ဆိုးနွဲ့ဗိုလ်ကျချင်ခဲ့သည်။ ချမ်းမြေ့ကိုတော့ မာကပင် တပြန် အလျှော့ပေးချင်ခဲ့သေးသည်။ လယ်ပိုင်၊ ကျွဲပိုင်မရှိရှာသော ချမ်းမြေ့တို့က ကိုတောက်တို့၊ မာတို့ထက်စာလျှင် နွမ်းပါးသူတွေမို့ သနားညှာတာမိတာလည်း ဖြစ်နိုင်ပါသည်။ ပြီး… မာနှင့်ချမ်းမြေ့က အတန်းတူပေမယ့် ချမ်းမြေ့က မာ့ထက် လပိုင်းမျှ ငယ်သည်။
                        ငယ်ကတည်းက သွားလာမခွဲ တတွဲတွဲ ရှိကြသူချင်းအတူတူ မာတို့ ခုနစ်တန်းနှစ်မှာ ကိုတောက်ကို မြို့သို့ပို့ကာ ဘော်ဒါမှာ ကျောင်းအိပ်၊ကျောင်းစားနေစေခဲ့စဉ်က လွမ်းရကောင်းမှန်း နားမလည်ခဲ့သော်လည်း ချမ်းမြေ့တစ်ယောက် ဆယ်တန်းစားမေးပွဲပြီးလျှင်ပြီးချင်း ရန်ကုန်ပြောင်းသွားလျှင်တော့ လွမ်းမျက်ရည်မစဲတမ်း ရှိခဲ့ဖူးတာ ဖြစ်သည်။
“ချမ်းမြေ့ မာ့ဆီ စာရေးနော်”
                        တဖွဖွမှာတမ်းချွေခဲ့သည့်အတိုင်း ချမ်းမြေ့က မာ့ထံ လစဉ် စာရေးဖော် ရခဲ့ဖူးသေးသည်။ ခါတရံ ဖုန်းဆက်တတ်သေးသည်။ ဖုန်းထဲမှာ မာ့အိပ်မက်တွေ ရောင်စုံထွေပြားယစ်မူးချင်စရာ ဘာလိုလိုစကားတွေနှင့် မာ့နှလုံးသားကို ဆွဲယူညှို့လာလေတော့ မာ.. အမူပိုကာ ရုန်းဖယ်ချင်စိတ်ပင် မရှိခဲ့ပေ။
                        ဒါပေမယ့် ချမ်းမြေ့က မာ့အား ဒီနေ့အထိ ချစ်စကားတိတိပပ မဆိုခဲ့စဖူး။ မာ့မှာသာ လှပစွာ ထုတ်ပိုးပြင်ဆင်ထားမိသော နှလုံးသားအမွန်ဦးအတွက် လူမသိ၊ သူမသိ အရှက်သည်းနေခဲ့ရသည်။ ချမ်းမြေ့တစ်ယောက်ကတော့ အနေဝေးခဲ့တာ အချိန်ကြာလာသည်နှင့်အမျှ တစစ၊ တဖြည်းဖြည်း သွေးအေးသွားခဲ့ပြီ ထင်ပါသည်။ မာ ကြိတ်မျှော်နေမိသော ချမ်းမြေ့ထံမှ စာတွေ ရောက်မလာတော့။ ဖုန်းအဆက်အသွယ်လည်း မရတော့ပြီ။ ချမ်းမြေ့တို့ လိပ်စာပြောင်းသွားသည်ဟု သတင်းသဲ့သဲ့ကြားလေလျှင် မာ့ခေါင်းအုံးလေး မျက်ရည်ဖြင့် နစ်တော့သည်။
                                    @@@@@@@@
                        လူမသိသော တစ်ဖက်သတ်အလွမ်းတို့ဖြင့် မာ နေသားတကျရှိနေချိန်ရောက်မှ ချမ်းမြေ့တစ်ယောက် မာ့ရှေ့သို့ ပြန်ရောက်လာခဲ့တာ ဖြစ်ပါသည်။ မာ.. မမျှော်လင့်ရဲခဲ့သော်လည်း မ၀ံ့တ၀ံ့တော့ မျှော်လင့်နေမိသေးတာ ၀န်ခံပါသည်။ ဒါပေမယ့် မျက်စေ့တစ်မြင် အနီးဆုံးရောက်နေလေမှ မာတို့ ပိုလို့ဝေးလှမ်းလို့သွားခဲ့သလို ခံစားသိမှာ သေချာလို့ နေခဲ့ပြီ။
“ရောက်ရောက်ချင်း ဖေဖေတို့က ရန်ကုန်မှာ အခြေတကျ မဖြစ်နိုင်ဘူးလေ။ ခုထိလည်း တလည်လည်ပါပဲ မာရယ်။ ငါလည်း အဝေးသင် တက်လက်စကြီးနဲ့ ရပ်ထားလိုက်ပြီး ကြုံရာလုပ်နေရတာပေါ့။ ခုတော့ ဖုန်းဆိုင်တစ်ခုမှာ ၀င်လုပ်နေတယ်။ ရောက်စကထက်စာရင်တော့ ရှာတတ်၊ စားတတ်နေပြီပေါ့”
“နင့် ညီလေးနဲ့ ညီမလေးရော…”
“အလတ်ကောင်က ဆယ်တန်းကို သုံးနှစ်မြောက် ပြန်ဖြေမှာ၊ အငယ်မလည်း ဒီနှစ် ဆယ်တန်းပဲလေ…။ သူတို့ အထက်တန်းမအောင် မချင်း ငါ… ကျောင်းပြန် မတက်နိုင်သေးဘူး”
                        ချမ်းမြေ့ဟာ ငယ်စဉ်ကတည်းက မပြည့်မစုံကြီးပြင်းခဲ့ရသူမို့လားမသိ။ အလွန်စိတ်အားငယ် တတ်သည်။ ထိရှခံစားလွယ်သူလည်း ဖြစ်ပြန်သည်။ နေရာသစ်မှာ အခြေတကျမဖြစ်ပဲ စားဝတ်နေရေးအတွက် ရုန်းကန်ရင်ဆိုင်နေရချိန်မို့ မာ့ကို ခဏငယ်မျှ မေ့ချန်ထားခဲ့သည်လားမသိ။ မာ့နှလုံးအိမ်မှ မျှော်လင့်လိပ်ပြာကလေး တလွန့်လွန့် လှုပ်ခတ်လာပြန်သည်။ ဒါပေမယ့် …
“ရွာပြန်ရောက်မှ အသက်၀၀ သေချာရှူဖြစ်တော့တာ မာရဲ့။ ရန်ကုန်မှာဆို မိုးလင်းမိုးချုပ် ကျုံးရင်းရုန်းရင်း အားကုန်ပင်ပန်းလွန်းလို့ တခါတလေ ဘာကိုဦးတည်ရည်ရွယ်၊ ဘာကိုအားစိုက်ရမယ်မှန်းလည်း မသိ။ အဲလို ဘာမှန်းမသိပဲနဲ့ကို အလောတကြီး ပူပန်ဆာလောင်နေမိတာ…။ ကိုယ့်ကိုယ်ကိုယ် အသက်ရှူနေသေးတယ် ဆိုတာတောင် သတိမထားမိဘူး။ ရန်ကုန်က လည်ဖို့၊ ပတ်ဖို့လောက်သာ ကောင်းတာပါကွာ၊ နေဖို့တော့ စိတ်မကူးနဲ့ သိလား”
“ဒါဆို နင်လည်း ရွာပြန်လာတော့လေ”
                        ချမ်းမြေ့က သိသိသာသာပင့်သက်ရှိုက်လိုက်သည်။
“ငါလည်း ရွာကို ချစ်ပါတယ် မာရဲ့။ ဒါပေမယ့် တို့ရွာလေးက ခုထိ ဘာမှ မပြောင်းလဲဘူးနော်။ ဟိုအရင် ခြောက်နှစ်၊ ခုနစ်နှစ် ငါတို့ထွက်သွားတုန်းကအတိုင်းပဲ။ အားမနာတမ်းပြောရရင် ပိုပြီးတော့တောင် ဆုတ်ယုတ်ခြောက်ကပ်လာသလို ထင်နေမိတယ်။ ငါ… အဲလို မနေတတ်တော့ဘူး မာရဲ့..သိလား။ တစ်နေ့ တစ်နေ့ ဒီလူတွေနဲ့ပဲတွေ့၊ ဒီအတွေးတွေပဲတွေးပြီး ဒီစကားတွေပဲပြောနေရမှာ ပျင်းစရာ”
“ဒါကတော့ နင့်အမြင်ပဲ ချမ်းမြေ့ရဲ့။ နင်တို့ဆီမှာလို ဆူဝေလှုပ်ရှားမနေပေမယ့် ငါတို့ ငြိမ်နေကြတာ မဟုတ်ဘူး။ မတွေးမတောပဲ ငုတ်တုပ်မိုးလင်းခံနေကြတာလည်း မဟုတ်ဘူး။ ငါတို့မှာလည်း မျှော်လင့်ချက်ဆိုတာ ရှိတာပဲ။ အခွင့်ရှိသလောက်လည်း ရုန်းကန်တိုးထွက်နေကြတာပဲ”
                        မာ့အသံက အနည်းမက စူးစွာသွားခဲ့တော့ ချမ်းမြေ့က လေသံလျော့လျော့ကလေးနှင့်…
“ဟိုမှာက အခွင့်ပိုသာတယ်လေ မာရဲ့”
“ဒါဆို… အဲဒီအခွင့်အရေးတွေအားလုံး နင့်လက်ထဲ ရောက်ပြီလား”
                        မာ့မေးခွန်းက ချမ်းမြေ့အား အရှိုက်ထိသွားစေခဲ့သည် ထင်ပါ၏။ ချမ်းမြေ့တစ်ယောက် ငိုင်ဆင်းသွားတော့သည်မှာ စကားတစ်ခွန်းတစ်စပင် ခွန်းတုန့်မတုန့်ပြန်နိုင်။
“နင်တို့လည်း အခွင့်အရေးကို ချောင်းမြောင်းစောင့်ဖမ်းနေကြသလို ငါတို့လည်း အဲဒီအခွင့်အရေးကို မျှားယူနေကြတယ် ဆိုတာ နင်သိစေချင်တာပါ ချမ်းမြေ့။ ငါတို့ ငုတ်တုပ်မေ့မနေပါဘူးဆိုတာ နင်သိအောင် ပြောပြတာပါ”
                        မာက အလျှင်ဦးအောင် စကားစ ဖြတ်ချပစ်ခဲ့လိုက်သည်။
                                    @@@@@@@
                        နှစ်ထပ်စာသင်ဆောင်ဟောင်း၏ ၀ရံတာလက်ရမ်းတွေပေါ် ပြိုင်တူလက်ထောက် တင်ထားရင်း ဝေးပြပြဆီမှ ဒီရေတောတန်းပါးပါးကို ကျော်လွန်ကာ ပြာမလော့မြစ်ပြင်ကျယ်ဆီ လှမ်းငေးနေမိကြသည်။   မြစ်ပြင်ဖွေးဖွေးက အမှတ်တမဲ့ အဝေးကြည့်မှာ ငြိမ်သက်နေသယောင် ထင်ရသော်လည်း လှိုင်းငြိမ့်ငြိမ့်တော့ ရှိနေသည် ထင်ပါ၏။ တစ်ချက်တစ်ချက် လှိုင်းခေါင်းဖြူတစ်အုပ် အမောက်ထောင်နေကြဟန်ပင်။
                        မာတို့၏ ရွာချောင်းကလေးက ပြာမလော့မြစ်မှ ခွဲဖြာစီးဝင်ကာ ရွာကို ရစ်ခွေပစ်လိုက်ပြီး ပြာမလော့မြစ်ဆီသို့ပင် တစ်ဘက်မှ ပြန်စီးဝင်ပြန်တာ ဖြစ်သည်။ အထက်စီးမှ ကြည့်လျှင် ချောင်းကလေးနှင့် ပြာမလော့မြစ်ကို တစ်ဆက်တစ်စပ်ထဲလို ထင်ရကာ ရွာကိုတော့ ပြာမလော့မြစ်ထဲမှ ထွက်ပေါ်လာသော ကျွန်းကလေးအသွင် မြင်ရမည်ပင်။  ကိုတောက်တို့ဖေဖေ မာတို့ဆရာကြီး ရှိစဉ်က ကျောင်းသားတွေကို စာစီစာကုံးသင်လေတိုင်း “ကျွန်တော်တို့ ရွာကို ကျွန်းရွှေသာ ဟု ခေါ်ပါသည်။” .. ဟုသင်ပေးလေ့မြဲ။ ဒါပေမယ့် ဆရာကြီး၏ တပည့်မဟုတ်သော ကျောင်းသားမိဘတွေကတော့ မူလအမည်အတိုင်းပဲ ခေါ်လေ့မြဲ။ သပြေဝေ…တဲ့။ ရွာမှာ အထိကရ သပြေပင်ကြီးကြီးမာမား၊ ဝေေ၀ဆာဆာရယ်လို့လည်း မရှိပါပဲ။ အပင်ကြီးကြီးမားမားရယ်လို့ အုန်းပင် ခပ်မြင့်မြင့်တွေပဲ ရှိသည်။ သရက်ပင်၊ ပိန္နဲ ပင်စသော သီးပင်၊စားပင် တချို့တော့ ရှိသေးသည်။ မြစ်ပြင်မှာရော…ချောင်းစပ်မှာပါ လမုပင်၊ သမှည့်ပင်ကျိုးကျဲနှင့် ဓနိတောတန်းတွေသာ ပေါက်ရောက်လေတာ ဖြစ်သည်။ မိုးကာလတွေမှာ ရေထရေခေါင်ရက်တချို့တွင် တစ်ရွာလုံး ဒီရေလွှမ်းခံရတတ်ပြန်ရာ ရွာလမ်းကလေးသည်လည်း ရွှံ့နုံးလတာထုတက်နေတတ်ပြန်တော့သည်။ မာတို့ ငယ်ငယ်က ကျောင်းတက်လျှင် လုံချည်တိုတိုတင်းတင်းဝတ်ကာ လွယ်အိတ်ကို ကျောမှာနောက်ပြန်ပိုးရင်း သလုံးနစ်နေသော လတာပြင်မှာ ရုန်းလျှောက်နေကျဖြစ်သည်။ ခုတော့ ရွာလမ်းတာဘောင်ကို ရေမလွှမ်းနိုင်အောင် ထပ်မြှင့်ကာ မြေဖို့ပစ်ခဲ့ပြီးပြီ။ မြစ်စပ်မှာ ထွန်းလာသော သဲသောင်စပ်ဆီမှ သဲတွေကို လှေကြီး၊ လှေငယ် အသွယ်သွယ်ဖြင့် ရွာလုံးကျွတ် သွားကြုံးကာ ရွာလမ်းကို ခင်းခဲ့ပြီးကြပြီ။ ခုတော့ ရွာလမ်းကလေးလည်း အတော်သာယာနေပြီပေါ့။
                        မြစ်လယ်မှာ လှော်ခပ်သွားနေကြသော လှေငယ်လေးတွေကို ခပ်ပြပြ မြင်ရသည်။ ချောင်းတစ်ဘက်ကမ်းရှိ ၀ါခြောက်ခြောက် ရိုးပြတ်ငုတ်တိုနှင့် ရိတ်သိမ်းပြီးစ လယ်ကွင်းပြင်ကျယ်များ အလွန်မှာတော့ အုန်းပင်စုစု ရွာတန်းကလေးတွေဆီမှ ဓနိအမိုးနိမ့်နိမ့်လေးတွေကို စီးမိုးမြင်နေရသည်။ ဘုန်းတော်ကြီးကျောင်းနှင့် မူလတန်းကျောင်းငယ်ကိုယ်စီကတော့ သွပ်အမိုးဖွေးဖြူလျှက်..။ ထိုရွာငယ်လေးတွေဆီမှ ကလေးငယ်အားလုံးနီးပါးဟာ မူလတန်းသင်ရိုးကုန်သည်နှင့် ကျောင်းမှထွက်ကာ မိရိုးဖလာလုပ်ငန်းခွင်မှာ တစ်နိုင်တစ်ပိုင် ၀င်ကူရတော့သည်မှာ အစဉ်အလာပင် ဖြစ်နေခဲ့ပြီ။ အနည်းစုသော ကျောင်းသားတချို့သာလျှင် မာတို့ရွာရှိ ဆွေမျိုးအိမ်တွေမှာ တည်းခိုနေထိုင်ရင်း အလယ်တန်းပညာကို ဆက်လက်သင်ယူခွင့်ရကြတာ ဖြစ်ပါသည်။ အခုတော့ အထက်တန်းကျောင်းသားကြီးတွေလည်း ရိုးချောင်းငယ်တွေအကြား လှေငယ်လေးတွေလှော်ခတ်ကာ ကိုယ့်ရွာကနေ တစ်စုတစ်ဝေးတည်း ကျောင်းတက်နိုင်ခဲ့ကြပြီ။ ကျောင်းခြံဝန်းက ချောင်းကမ်းနဖူးမှာ မေးတင်ထားတာဖြစ်သောကြောင့် ကျောင်းဖွင့်ရက်ဆိုလျှင် ကျောင်းဝန်း၏ ရေဆင်းတံတားမှာ သူတို့၏ လှေငယ်လေးတွေ တန်းစီနေတတ်မြဲ။
“ကိုတောက်ရေ… လှေစီးချင်တယ်။ မြစ်ဘက်ထွက်ပြီး သောင်စပ်မှာ ခရုကောက်ရအောင်လေ..”
                        ချမ်းမြေ့က သတိတရ ဆိုလျှင် မာ နှာခေါင်းရှုံ့ပြမိသည်။ သောင်စပ်မှာ ခရုမျက်ပြဲ အပြင် သောင်ခရုတွေလည်း အလွန်ပေါလှတာ။ သဲမြေနှောသော ရွံ့နုံးစပ်စပ်မှာ ဂုံးကောင်တွေလည်း ရတတ်သေးသည်။ လောဘကြီးသော ချမ်းမြေ့နှင့်တော့ ဟန်ကိုကျနေမှာ။ ခရုကောက်ရင်း သောင်စပ်မှာ လှိုင်းစီးရတာလည်း ပျော်စရာ။ မြစ်လယ်မှ လှိုင်းလုံးကြီးတွေ လိမ့်အလာကို ကြိုစောင့်နေနင့်ကာ လှိုင်းလုံးက ကိုယ့်ရှေ့ရောက်လာလျှင် ၀မ်းလျားထိုးချပစ်လိုက်ကြသည်။ လှိုင်းငြိမ့်အတိုင်း နိမ့်ချည်မြင့်ချည် တအိအိအရသာကို မာတို့ အားလုံး မက်မောခုံမင်ကြသည်။ မြူးပြပျော်ရွှင်စရာ မဟုတ်လား။ ဒါပေမယ့် ခရုတွေ အများကြီးရလာလျှင် ရေထည့်ပြုတ်ပြီး အဆံချွတ်ရတာတော့ အတော် လက်ဝင်လှတာဖြစ်သည်။ မာဖြင့် စိတ်မရှည်။ ဒါပေမယ့် ကိုတောက်ရှိနေလျှင် မာ… အချောင်ခိုလို့မရ။ ဟိန်းဟောက်ကာ စောင့်ခိုင်းနေတတ်ပြန်တာ ဖြစ်သည်။ မာ့မှာ နည်းမျိုးစုံနှင့် လိမ်တွန့်ပျင်းရိပြ၊ ရှုံ့မဲ့ မျက်ရည်လည်ပြလေမှ…
“ဒါဆို  နင်.. ငရုပ်သီး ကူထောင်းပေး။ ချမ်းမြေ့..  မင်းမကူရဘူး”
                        သူတို့ အလုပ်တွေ ပြီးချိန်အထိ မာက ငရုပ်သီးမညက်ပဲ တအိအိ လုပ်နေလျှင် ချမ်းမြေ့က မျက်နှာလွှဲ မနေနိုင်ပဲ မာ့ကို ကူဦးမှာလည်း ကိုတောက်က ကြိုသိနေနှင့်ပြီး ဖြစ်တာကိုး။ ခုနေပြန်တွေးတော့ မာ.. အလွမ်းဝေ့၀့ဖြင့် ရင်ငြိမ့်ခုန်ချင်ပြန်သည်။
“မာ.. ဘာတွေ တွေးပြီး ပြုံးနေတာလဲ”
“ငယ်ငယ်တုန်းက ခရုကောက်သွားဖူးကြတာ ပြန်သတိရသွားလို့ပါ။ နင်.. လှေခတ် တတ်သေးလား ချမ်းမြေ့”
“မာရယ်.. ငါလည်း တောမှာမွေးတဲ့ တောသားပဲ။ ခပ်တက်ကိုင်တာတော့ မမေ့သေးပါဘူး”
“’ဒါဆို ငါနဲ့ လှေခပ်ပြိုင်ရဲလား”
                        ချမ်းမြေ့ပြန်ဖြေပုံမှာ…
“ငါ.. နင်တို့လောက်တော့ အပင်ပန်း မခံနိုင်တော့ဘူးထင်တယ်”
                        … တဲ့။
                                    @@@@@@@
သူ ပညာရင်နို့ စို့သောက်ခဲ့ဖူးတဲ့ အလယ်တန်းကျောင်းကလေးဟာ ခုတော့ သွပ်မိုး၊ အုတ်ထရံကာ မြေစိုက်ကျောင်းဆောင်သစ်နှင့် အထက်တန်းကျောင်းခွဲကလေး ဖြစ်နေပြီမို့ ချမ်းမြေ့တစ်ယောက် အံ့သြ၀မ်းသာနေခဲ့သည်။
“အဲဒါ ကိုတောက် ကြောင့်…”
                        မာ့ အပြောကို ကိုတောက်က မငြင်းဆန်၊ မကန့်ကွက်ပေမယ့်…
“တစ်ရွာလုံး ကြိုးစားခဲ့ကြရတာပဲ မာရဲ့”
                        ဒါပေမယ့် ကိုတောက် စတင်စိတ်ကူးပြီး အကောင်အထည်ဖော်ဖို့ ကြိုးစားခဲ့တာ မာ မသိခဲ့တာလည်း မဟုတ်ပဲ။
လယ်ယာလုပ်ငန်း၊ ရေလုပ်ငန်းတွေနဲ့ စည်ပင်ဖွံ့ဖြိုးခဲ့ဖူးတဲ့ မာတို့ရဲ့ ရွာကလေးဟာ အပေါ်ယံ စည်ကားဟန်ဆောင်ထားသော်လည်း ခုချိန်ထိ ခြောက်ကပ်တိတ်ဆိတ်နေဆဲ။ လျှပ်တစ်ပြက်အတွင်းမှာ ဆုံးရှုံးပျက်စီးသွားခဲ့သော စီးပွားရေးလုပ်ငန်းများသည်လည်း နာလန်မထူနိုင်ကြသေး။ ကျွဲနွားကစလို့ ထွန်တုံး၊ ထွန်တံစသည့် လယ်လုပ်ကိရိယာက မပြည့်မစုံ။ ရှာရဖွေရ၊ ငှားရမ်းစုဆောင်းကြရ။ မုန်တိုင်းမိုးက လယ်မြေတွေကို ဆာငံဓါတ်တွေ ပြည့်နက်စေကာ စပါးအထွက် ဆုတ်ယုတ်စေခဲ့သည်။ တချို့ မျိုးပဲမျှပင် ပြန်မရကြသည်မို့ အလုပ်သမားခ၊ လုပ်အားခတွေ ဆုံးရှုံးကြရပြန်သည်။ ရေထဲက ငါးတွေလည်း တစ်ကောင်တစ်မြီးမှ မမြင်ကြရပြန်တော့ပြီမို့ ပိုက်တစ်ဖောင်၊ လှေတစ်စီးနှင့် မိုးလင်းမိုးချုပ် မြစ်ပြင်မှာ စုံဆန်ရသည်သာ ရှိကာ ဖတ်ဖတ်မောလို့ အမောမပြေ။
ကျဲပြန့်ပြိုကွဲသွားသော မူလလက်ငုတ်လုပ်ငန်းကို တစ်စစီစုကောက်ကာ ပြန်လည်ထူမတ်ရန် ကြိုးစားနေကြဆဲမှာ ငွေးကြေးအခက်အခဲသာမက အလုပ်သမားများ ရှားပါးမှုပြဿနာကိုပါ ရင်ဆိုင်ကြရပြန်သည်။ လုပ်ငန်းရှင်များကိုယ်တိုင် ယိုင်နဲ့နေမှတော့ မှီခိုသူ အလုပ်သမားများကလည်း မျှော်လင့်အားကိုး မနေနိုင်ကြပြီ။ ရေကြည်ရာ၊ မျက်နုရာဆီ ရွှေ့ပြောင်းကြတော့ပြီ။ အများစုကတော့ မြို့သို့ တက်သွားကြသည်ပင်။ ရွာသံယောဇဉ်၊ ဆွေးမျိုးသံယောဇဉ်ဖြင့် တွယ်ကပ်နေကြရသူတွေမှာလည်း ပင်ပန်းတကြီး၊ ဆင်းရဲကျပ်တည်းစွာ ရုန်းကန်ရင်ဆိုင်နေရသည်မှာ အားရ၊ နားရသည်ပင် မရှိရှာ။
ကိုတောက်တို့၊ မာတို့ တုန်းကတော့ ရွာကျောင်းမှ အလယ်တန်းအောင်မြင်သူတွေ တစ်စုတစ်ဝေးကြီးကို မြို့သို့ပို့ကာ အထက်တန်းကျောင်းပြောင်းတက်စေခဲ့သည်မှာ ရွာအစဉ်အလာတစ်ခုလိုတောင် ဖြစ်ခဲ့ဖူးသည်ပင်။ ခုတော့ တစ်ယောက်တလေ၊ တစ်စုတစ်ဖွဲ့မှလွဲလို့ ရွာကျောင်းမှာပင် ပညာရေးကို ဖုတ်လှိုက် ဖုတ်လှိုက် ဆုံးခန်းတိုင်ခဲ့ရသူတွေ များလှပြီ။ အထက်တန်းပညာရေးသည် တစစ၊ ဝေးသည်ထက်ဝေးလို့လာကာ ချောင်းထဲဆင်းကာ ပိုက်ချ၊ ငါးရှာရသူ ၊ ထွန်တံကိုင်ရသူ၊ ပျိုးနုတ်၊ ကောက်စိုက်ရသူ၊ … စသည်ဖြင့် ဗာဟီရ လုပ်သားသစ်တွေ တိုးပွားလို့ လာနေပြီ။ ပညာထက် ၀မ်းစာက လတ်တလောလိုအပ်ချက် ဖြစ်နေကြပြီ။
“ဒီအတိုင်း ဆက်သွားနေရင် ငါတို့ ရွာတော့ ဒုက္ခပဲ”
                        ကိုတောက်က ကျောင်းဆရာသား ဖြစ်နေလို့လားမသိ။ ကျောင်းနေအရွယ်ကလေးတွေ လယ်ထဲ၊ ချောင်းထဲမှာ ကဏန်းထောင်၊ ပုဇွန်စမ်း၊ ငါးမျှားကိုင်းတံတလွှားနှင့် တွေ့ရလျှင် စုတ်တသပ်သပ်။ ၀မ်းနည်းစိတ်မကောင်းသလို တဖျစ်တောက်တောက်လည်း လုပ်နေတတ်သေးသည်။
“ဘွဲ့ရ၊ ပညာတတ်တွေ များလာတော့လည်း ဘာဖြစ်မှာမို့လဲ ကိုတောက်ရယ်”
                        ကိုတောက် စိတ်သက်သာရာ ရပါစေတော့ဟု ပြောမိပြောရာ၊ ပြေရာပြေကြောင်း စကားကို အဆင်ခြင်မဲ့ ပြောမိသောကြောင့် မာ့ကို ကိုတောက် စိတ်မဆိုးစဖူး ဆိုးကာ အော်ငေါက်သည်အထိ ဖြစ်ခဲ့ဖူးသေးသည်။ မာ့တစ်သက် ကိုတောက်ထံမှ စိတ်ဆိုးမာန်ဆိုး အော်ငေါက်မခံရစဖူးမို့ ၀မ်းနည်းရကာ ကိုတောက်အား စကားမပြောပဲ နေပစ်လိုက်ခဲ့သေးသည်။ နောက်တစ်နေ့ကူးလေမှ ကိုတောက်က လိုက်ချော့နေပြန်ကာ…
“… ပညာတတ်တော့ ထူးတာပေါ့ မိမာရယ်။ အခု.. ငါ တွေးသလိုမျိုး ဘယ်သူ တွေးကြသလဲ။ ငါက နည်းနည်းတတ်လို့ ဒီလောက် တွေးတတ်တာ။ ငါ့ထက်တတ်တဲ့သူတွေ အခုထက်များလာရင် တို့ရွာလေး ခုလောက် ဆင်းရဲတွင်းနက်မှာ မဟုတ်ပါဘူးလို့ ငါ.. ယုံတယ်”       
                        ဒီလောက်နှင့်တော့ မာ.. စိတ်ကောက်မပြေချင်သေးပါ။ ဒါပေမယ့် ရွာခံ ဆရာ၊ ဆရာမတွေ၊ ကိုတောက်တို့လို ဘွဲ့ရသူငယ်ချင်းတွေ ရွာရှိ ဘုန်းတော်ကြီးကျောင်းမှ ဆရာတော်နှင့် စုဝေးတိုင်ပင်ကြ၊ ဆရာတော်၏ သြ၀ါဒကို ခံယူကာ ရွာစဉ်လှည့်လျှက် တစ်အိမ်တက်ဆင်း စည်းရုံးရေးဆင်းကြတော့ မာ.. ကိုတောက်ကို အထင်ကြီး လေးစားစိတ် မဖြစ်စဖူး ဖြစ်မိသည်။
“ကလေးတွေ သနားစရာ ကောင်းလိုက်တာ မာရယ်။ ကျောင်းပြန်တက်ရမယ်ဆိုတာ မသေချာသေးပဲနဲ့တောင် ပျော်နေလိုက်ကြတာ။ ခက်တာက မိဘတွေကွ…။ နားလည် သဘောပေါက်အောင် မနည်း ရှင်းပြနေရတယ်”
                        သားသမီး ပညာတတ်မယ့်အရေးကို မလိုလားသော မိဘတော့ မရှိလောက်ဘူး ထင်ပါသည်။  အရေးအားလုံးတို့ထက် ၀မ်းရေးခက်နေကြတာ ဖြစ်လိမ့်မည်။ ကိုတောက်တစ်ယောက် မြို့တက်ပြန်ကာ အလှူရှင်တွေ လှည့်ရှာပြန်သည်။ ပြည်ပရောက် ရွာသားဟောင်းတို့ထံ သတင်းစကားရောက်လေလျှင် အားလုံးနီးပါးက တက်ကြွစွာ အချင်းချင်းစည်းရုံးစုဆောင်းပြီး အလှူငွေပို့ပေးခဲ့ကြသေးသည်။ မြေစိုက်ကျောင်းကလေး ရုပ်လုံးပေါ်လာပြီ။ မြို့နယ်ပညာရေးမှူးရုံးသို့လည်း အကြိမ်ကြိမ်ရောက်ခဲ့ပြီး နှင့်ပြီ။ ပင်မ ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့်လည်း ညှိနှိုင်းတိုင်ပင်ပြီးဖြစ်နေပြီ။ ပုံနှိပ်၊ ဗလာစာအုပ်၊ စာရေးကိရိယာများ ရွာကိုသယ်ယူလာနှင့်ပြီ။
“ဦးတောက်… ကျောင်းတက်ရတော့ မလား”
“ဒီနှစ် ကျောင်းစဖွင့်တာနဲ့ တက်ရစေမယ်ဗျား”
“ဟေး… ပျော်လိုက်တာ။ အင်.. ဒါပေမယ့် အမေက ကျောင်းလခ မပေးနိုင်သေးဘူးတဲ့ဗျ”
                        ပြုံးမျက်နှာကလေး ဖျတ်ခနဲ ညှိုးလျသွားရှာလျှင်…
“အေးဆေးပါ။ ကျောင်းလခ မပေးရပဲ သားတို့ကျောင်းတက်နိုင်အောင် ဦးတောက် စီစဉ်ထားတယ်။ ဘာမှ.. စိတ်မပူနဲ့”
“အဖြူ အစိမ်း ၀တ်စုံတွေလည်း မရှိတော့ဘူး ဦးတောက်ရဲ့။ ရှစ်တန်းစားမေးပွဲပြီးတော့ ကျောင်းက အပြီးနားရမယ်ဆိုလို့ ချဝတ်ပစ်လိုက်တာ ကုန်ပြီ ..ဟီး..ဟီး”
“ကျေးဇူးရှင်။   ကျွန်တော်မျိုးတို့ စီစဉ်ထားပါတယ် ဆို”
                        ဇွန်လဆန်းသည်နှင့် ကလေးတွေ ကျောင်းတက်နိုင်ရန် ကိုတောက်တစ်ယောက် ပြေးလွှားပျားပန်းခပ်နေရတော့သည်မှာ အနားမရနိုင်ရှာ။
“မင်း ညီက ကျောင်းပြန်တက်ချင်တယ် လုပ်နေတယ် ကိုတောက်ရယ်။ တငိုငို၊ တရယ်ရယ်နဲ့ …”
“တက်ပါစေ… အဒေါ်ရယ်။ ဒီကောင် စာတော်တယ် မဟုတ်လား။ တောက်လျှောက်သာတက်ရရင် ဒီနှစ်ဆို ဆယ်တန်းအောင်ပြီးနေလောက်ပြီနော်…”
“ခက်တာက ကွယ်။  သူ့ကို ထွန်ကိုင်သင်ရင်း ကျွဲကျောင်းနောက်လိုက် အလုပ်ကလေး ခိုင်းနေတာ။ သူ့လုပ်အားခလေး.. စပါး ဆယ့်လေးငါးတင်းရတော့လည်း ခုသာ ခံသာ ဖြစ်တာမဟုတ်လား”
                        စိတ်လိုလက်ရ ရှိချိန်မှာတော့ ကိုတောက်က ကလေးကို ကျောင်းပြန်ထားရေးအတွက် စိတ်ရှည်လက်ရှည် ရှင်းပြစည်းရုံးနေတတ်သည်ပင်။ တစ်ခါ တရံတော့…
“မြို့ပေါ်ကကျောင်းကို ရွာရောက်အောင် ယူလာပြီလေဗျာ။ ဆရာတွေလည်း ရွာအရောက် ခေါ်ပင့်ပေးပြီးပြီ။ အဲ့ဒီအပြင် ကလေးကိုယ်စား ကျွန်တော်က ကျွဲကျောင်းနောက်လိုက် လုပ်ပေးရဦးမှာလား”
                        ဘုတောလွှတ်တတ်ပြန်ပါသည်။
“စိတ်ရှည်ရှည်ထားပါ ကိုတောက်ရယ်။ လူအများနဲ့ အလုပ်လုပ်ရတာ ဒီလောက်တော့ ရှိမှာပေါ့”
“ငါလည်း လူပဲ မိမာရဲ့။ တစ်ခါတစ်လေ စိတ်တိုတယ် ဟ”
“အဲလို စိတ်တိုတတ်ရင် ကိုတောက် တစ်လျှောက်လုံး ကြိုးစားခဲ့တာတွေကို သံပုရာတစ်ခြမ်းနဲ့ ခြေသလို ဖြစ်နေမယ်နော်”
                        ဒါပေမယ့် ကိုတောက်ကိုတော့ အားလုံးက ကျေးဇူးတင်စွာ ချစ်ခင်လေးစားကြပါသည်။ ကိုတောက်ကလည်း သူ့ကျောင်းသားတွေအတွက်ဆိုလျှင် အလွန် အရေးထားတတ်ပြန်လေတာ။
“အင်္ဂလိပ်စာ သင်တဲ့ဆရာ ဘယ်လိုမှ ရှာမရဘူး ကိုတောက်ရေ…”
                        ရွာကျောင်း၏ အဓိက ပြဿနာမှာ ဘာသာရပ်သင် ဆရာ၊ ဆရာမ မလုံလောက်ခြင်းပင်ဖြစ်သည်။ အရည်အတွက် ရာချီနေသော ကိုးတန်းနှင့် ဆယ်တန်းကျောင်းသား၊ ကျောင်းသူအားလုံးအတွက် အထက်တန်းပြဆရာ၊ ဆရာမ ငါးဦးသာ ခန့်ထားပေးနိုင်ကြသေးသည်။ ပညာရေးတက္ကသိုလ် ဆင်းပြီးစ ဆရာ၊ ဆရာမငယ်တို့သည်လည်း ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ ကြိုးစားသင်ကြားပေးနေကြတာ တစ်ရွာလုံး အမြင်အသိပါပင်။ သို့သော် ဆရာနှင့် ကျောင်းသား ၀န်နှင့်အားက မမျှ။ အလယ်တန်းပြ ဆရာတချို့အား ကူညီသင်ကြားစေသော်လည်း ခရီးမတွင်လှဟု ဆိုကြပြန်သည်။ စာသင်နိုင်စွမ်းသူ၊ ဘွဲ့ရလုပ်အားပေးဆရာများ၏ အကူအညီကို မလွှဲသာစွာယူကြရတော့သည်။
“မပူနဲ့။ အဲဒီပြဿနာက မနှစ်က ကြုံဖူးထားတာ စိတ်ပျက်လွန်းလို့ ကျွန်တော် ပြင်ဆင်ထားပြီးသား။ ဒီနှစ် ကိုးတန်းရော၊ ဆယ်တန်းရော.. အင်္ဂလိပ်စာ ကျွန်တော်သင်မယ်”
                        ကိုတောက်က သင်္ချာလို အတွက်အချက်သာ ၀ါသနာ မပါ၊ မလည်ဝယ်တာ ဖြစ်သည်။ မြန်မာစာနှင့် အင်္ဂလိပ်စာကိုတော့ အလွန်စိတ်ဝင်စားလေသူ။ ကျောင်းနေစဉ်ကတည်းက ပြဌာန်းစာအုပ်များကိုသာမက ပြင်ပ စာအုပ်မျိုးစုံ၊ စာစုံဖတ်သူလည်း ဖြစ်ပြန်သည်။ ဒါပေမယ့် အထက်တန်းကျောင်းခွဲဖြစ်မြောက်အောင် ကြိုးပမ်းခဲ့စဉ်ကတည်းက ကိုတောက် စာသင်ဖို့ ငြင်းပယ်ခဲ့ဖူးတာ ဖြစ်သည်။ သူ့ကိုယ်သူ စိတ်တိုစိတ်ဆတ်သူမို့ စာသင်သည့်အလုပ်နှင့် မဖြစ်ဟု စွဲမှတ်ထားခဲ့တာ မဟုတ်လား။ ဒါပေမယ့် သူ.. စိတ်လိုလက်ရ ရှိချိန်တွေမှာ ကျောင်းသို့သွားကာ ကလေးတွေနှင့် ဘောလုံးကန်တတ်သည်။ သူသိသမျှ ဘောလုံးနည်းစနစ်တွေ၊ စည်းကမ်းတွေကိုလည်း သင်ပြပေးတတ်သေးသည်။ ကျောင်းသားတွေအတွက် ၀ိုင်းခြင်းသာမက ပိုက်ကျော်ခြင်းအတွက်လည်း ချွေးတလုံးလုံးနှင့်ကွင်းဖောက်ပေးခဲ့ပြန်တာ ဖြစ်သည်။
                        ရှပ်အင်္ကျီဖားဖား၊ ဒူးဆစ်နားမှ ဖြတ်ထားသော ဂျင်းဘောင်းဘီ တစ်ပတ်နွမ်းနှင့် လယ်ကန်သင်းရိုးကို ပတ်လျှောက်ရကောင်းမှန်း နားလည်တတ်လာခဲ့သော၊ လက်ထွန်စက်ကူမောင်းဖော်ရလာသည်အထိ မိဘလက်ငုတ်ကို စိတ်ဝင်စားလာခဲ့သော ထာဝစဉ် ဖရိုဖရဲမြင်ရနေကျကိုတောက်ကို ရှပ်လက်ရှည်အဖြူ၊ လုံချည်စိမ်းနှင့် သပ်ရပ်သားနားစွာ ပြန်တွေ့ရစဉ် ပထဆုံးနေ့က မာ့မှာ သူမသိအောင် ခိုးပြုံးခဲ့ရသည်။
အခုတလောမှာတော့သူ့ကျောင်းသားတွေအတွက် ကျောင်းစာကြည့်တိုက်ကလေး လုပ်ပေးချင်သည်ဟု ချဉ်ခြင်းတပ်လာခဲ့ပြန်ပြီ။  အိမ်က သူ့စာအုပ်တွေသာမက မာ့စာအုပ်တွေကိုပါ မပြောမဆို၊ ပိုင်စိုးပိုင်နင်း လာမချလေလျှင်…
“နင် မလုပ်ချင်တာ ဘာကျန်သေးလဲ”
                        မာ… ငြူစူသလို ဆိုမိလေလျှင် …
“လာဦးမှာ…။ နောက်တစ်ခါ ကျေးရွာ စာကြည့်တိုက်”
                        … ဟု အားကျမခံ ပြန်အော်သွားခဲ့ပြန်သည်။
                                    @@@@@@@
                         ကိုတောက်နှင့် မာတို့နှစ်ယောက်စလုံး ရွာအထက်တန်းကျောင်းခွဲလေးမှာ ဆွဲခန့်ဆရာ၊ ဆရာမတွေ ဖြစ်နေကြတာကို ချမ်းမြေ့ကတော့ အံ့သြလို့ မဆုံး။ ကိုတောက်က …
“ငါတို့ ကျောင်းလေး ရေရှည် မြဲသွားစေချင်လို့ပါ”
                        ကိုတောက်ပြောသလိုပါပင်။ မာတို့လို ကျေးရွာ ခွဲကျောင်းကလေးကို ဘာသာရပ်ကျွမ်းကျင်သော လုပ်သက်ရင့် ဆရာ၊ ဆရာမများက ရောက်လာကာ တာဝန် မထမ်းဆောင် လိုကြပေ။ ပညာရေးတက္ကသိုလ်ဆင်းစ ဆရာ၊ ဆရာမငယ်လေးတို့သည်လည်း အတွေ့အကြုံ၊ လုပ်သက်ယူရုံ ရောက်လာထွက်သွားကြစမြဲမို့ ဆရာ၊ ဆရာမ အင်းအားသည် နှစ်စဉ်အားနည်းနေခဲ့မြဲ၊ ပြင်ပမှ ခေါ်ယူခန့်ထားရန်မှာလည်း လုပ်အားပေးချင်သူ ဆရာ၊ ဆရာမတွေက တစ်နှစ်ထက် တစ်နှစ် ရှားပါးလို့လာနေတာဖြစ်သည်။ ဘာသာရပ်ပိုင်နိုင်ကျွမ်းကျင်သူ၊ အသင်အပြ ဖြစ်မြောက်သူတို့က မြို့ပေါ်မှမခွာ၊ ကျူရှင်ဆရာ၊ ဆရာမတွေ ဖြစ်ကုန်ကြပြီ။ ကျောင်းပြီးစ လူငယ်အများစုတို့ကျတော့ ဘာသာရပ်မကျွမ်းကျင်သည်သာမက ကလေးတို့နှင့် အပေးအယူမျှတအောင်ပင် နေထိုင်ပြုမူတတ်ကြသည်မဟုတ်။ သူတို့ကိုယ်တိုင်ကလည်း စာသင်ကြားရခြင်းကို ၀ါသနာရှိရင်းစွဲပါလာကြသည်မဟုတ်ပါပေ။ အခြားအလုပ်တစ်ခု မရမီ စပ်ကြား ခွဲကျောင်းလေးတွေမှာ ခေတ္တခဏ ခိုဝင်ကာ ခရီးကြုံ တစ်ထောက်နားကြခြင်းသာ ဖြစ်သည်။ ကိုယ့်ရွာ၊ ကိုယ့်ကျောင်းအပေါ် စေတနာထားသော၊ ၀ါသနာပါသော ရွာခံ ဆရာ၊ ဆရာမများ ကိုသာ စောင့်ကြည့်မျှော်လင့်ကြရတော့သည်။
“ကိုတောက်.. မာလည်း စာဝင်သင်မယ်လေ”
“ဒါ… ကလေးကစားနေတာ မဟုတ်ဘူး မိမာ”
                        မာ စိတ်တွေ တိုလိုက်တာ။ မာလည်း ဒီရွာသားပဲ မဟုတ်ဘူးလား။ ကိုတောက်တို့နှယ်ပင် မာလည်း စေတနာထားနိုင်လိမ့်မည်ဟု ကိုတောက်က မယုံကြည်ဘူးတဲ့လား။
“ထင်သလောက် မလွယ်ဘူးနော် မာ။ စာသင်တယ်ဆိုတာ ဘာသာရပ်ကျွမ်းကျင်ရုံနဲ့ သင်ရိုးမပေါက်ဘူး”
                        မာ.. သီးမခံနိုင်အောင် ဖြစ်လာရလေလျှင်…
“ကိုတောက်နော်။ မာ့ကိုဆို နင်… သိပ် အထင်သေးတာပဲ။  မာ.. ကြိုးစားမှာပါ။ ကတိပေးတယ်”
                        အခုတော့ ….
“မာက တကယ် စာသင်ကောင်းတဲ့ ဆရာမပဲ ချမ်းမြေ့ရ။ သိပ်တော်တာပဲ”
                        မာ့ကို ချမ်းမြေ့ရှေ့မှာ ချီးမွမ်းခံရသည်မို့ မာ ကျေနပ်ကြည်နူးမိရပြန်သည်။ ချမ်းမြေ့က မာ့ကို အံ့သြနေသလို ငေးနေပြန်ရင်း…
“မာ… ကျောင်းဆရာမပဲ ဆက်လုပ်နေတော့ မှာပေါ့”
                        မာ ချက်ချင်းပင် ခေါင်းညိတ်ပစ်နိုင်ခဲ့သည်။
“မာ.. စာသင်ရတာ ပျော်နေပြီ ချမ်းမြေ့ရဲ့။ မာတို့ကျောင်းကလေး အထက်တန်းကျောင်းအဖြစ် ပီပီပြင်ပြင်ဖြစ်လာတဲ့အခါ၊ မာ့ကို မလိုအပ်တော့ဘူးဆိုရင်လည်း မာ့ကို လိုအပ်မယ့် တခြားတစ်နေရာမှာ မာ.. စာဆက်သင်ဖြစ်လိမ့်မယ် ။ မူလတန်းပြဆိုရင် မာပိုပျော်မိမယ် ထင်တယ်”
                        ချမ်းမြေ့တစ်ယောက် မာ့အား ငေးမြဲငေးနေ၏။
                                    @@@@@@@@@
                        ချမ်းမြေ့က မာတို့ကို သတိရလို့ ပြန်လာတာဖြင့် မဟုတ်ပဲ။ မာ့စွတ်စွဲစကားကို ချမ်းမြေ့တစ်ယောက် ပြင်းပြင်းထန်ထန် ငြင်းဆန်အား မရှိတာ သူ့မျက်နှာပေါ်မှ အားတုံ့အားနာဟန် အထင်းသားက သိသာနေစေပေါသည်။
“ပတ်စပို့ လုပ်ထားတာ ကြာလှပြီ မာရဲ့။ စီစဉ်ပြီးမှ တေ့လွဲ လွဲနေလို့သာလေ…။ ခု.. အဲဒီကိစ္စ ကြီးကြီးမြိုင်နဲ့ လာတိုင်ပင်တာ”
                        ကြီးကြီးမြိုင်၏သား ကိုကြီးအောင်က လွန်ခဲ့သော လေး၊ငါးနှစ်ခန့်ကတည်းက ရွာက ထွက်သွားခဲ့တာ ဖြစ်သည်။ ပြည်ပထွက်သူတွေထဲမှာ ရွာမှာတော့ ကိုကြီးအောင်က အစောဆုံးဟု ဆိုရမည်။ ကိုကြီးအောင်တစ်ယောက် ဟိုမှာ အဆင်ပြေအောင်မြင်နေသည်ဟု ကောင်းသတင်းတွေ လွင့်လာပြန်တော့ ကိုကြီးအောင်ကိုအားကျကာ အလျှိုလျှို နောက်ကလိုက်ကြတော့သည်။ ရွာမှာလည်း လက်ငုတ်အလုပ်တွေက ပင်ပန်းကျိုးမနပ်။ အရာမထင်၊ အဆင်မပြေတာသာ များလှတာ မဟုတ်လား။ ပြည်ပမှာ အဆင်ပြေသူတွေ၏ သတင်းကောင်းများကြားရသလို ကြုံရာဝင်လုပ်ကာ ခုထိ တလည်လည်ရှိနေဆဲဆိုသူတွေလည်း အများသားပေ။ ကြီးကြီးမြိုင်ကတော့ ပြည်ပထွက်လိုသော အရင်းမဲ့ ကျေးရွာသားတွေကို ငွေထုတ်ချေးပေးနေသော ကျေးဇူးရှင် စာရင်းဝင်တစ်ယောက်ပါပေ။
“ကြီးကြီးမြိုင်နဲ့ ကြိုတင်ပြောဆိုထားပြီးသားပါ။ အဆင်ပြေရင် ငါ… သိပ်မကြာခင် ထွက်ဖြစ်မှာ။ ဟိုမှာ .. အားလုံးစီစဉ်ခဲ့ပြီးသားလေ…”
                        လှိုက်ခနဲ ရင်ထဲဆွေးလျသွားခဲ့သလား။ ကိုယ်တိုင်မသဲကွဲပေမယ့် သေချာလည်း မဆန်းစစ်ရဲပါ။ မျက်ဝန်းမှာ ရစ်လည်တွယ်ခိုလာချင်သော မျက်ရည်ဥတို့ကို မာ မျက်တောင် တဖျတ်ဖျတ်ခပ်ကာ မနိုင်မနင်း ထိန်းနေဆဲ…
“မာ…”
                        ဘုရား။ ချမ်းမြေ့ရဲ့ ခေါ်သံက ထူးခြားစွာ နူးညံ့မှုတစ်မျိုးနှင့် တိုးလှိုက်တုန်ခါနေသလား။ မာ… ထိတ်ခနဲ လန့်ဖျတ်လို့သွားသည်။ မော့မကြည့် မိစေနဲ့။ မာ့မျက်ဝန်းတွေကတဆင့် ရင်ထဲက သက်တမ်းလွန်မျှော်လင့် ပန်းပွင့်တို့၏ ရနံ့ကို ချမ်းမြေ့တစ်ယောက် ရှူရှိုက်မိကာ ရိပ်မိတွေ့သိသွားမှာ မာ… စိုးရိမ်လှပါသည်။
“မာ… ငါလေ….ငါ”
                        မာ.. အသက်ရှူဖို့တောင် မေ့လျော့နေမိသည်။ မမျှော်လင့်မိစေနဲ့ဟု စိတ်မှာ ဖွဖွရေရွတ်နေရင်း တပြိုင်နက်မှာပဲ မျှော်လင့်ချင်စိတ်က တလှစ်လှစ်ခေါင်းထောင်ထချင်နေပြန်သည်။
                        သို့ပေမယ့် မာ ကံကောင်းခဲ့သည် ထင်သည်။ ကံဆိုးတာလည်း ဖြစ်နိုင်ပါသည်။ ရည်လဲ့ကာ တလက်လက်ဖြာနေခဲ့သော ချမ်းမြေ့၏ မျက်ဝန်းများ ရုတ်တရက် ဖျော့မှိန်ကာ ညှိုးယော်သွား၏။ ချက်ချင်းသတိဝင်ကာ တစုံတရာအား အလျှင်စလို သိမ်းဝှက်လိုက်သလို ဖျတ်ခနဲ မျက်နှာမူယာပြောင်းလဲသွားတော့လျှက်…
“ငါ… နင့်ကို ဘယ်တုန်းကမှ မမေ့ခဲ့ဘူး သိလား”
မာ… အသက်မျှမရှူရဲ။ တမင်လွဲဖယ်ငုံ့ဝှက်ထားမိသော ဦးခေါင်းကလည်း လှုပ်ရွှေ့ပင့်မော့မရ။
“ငါ.. နင့်ကို အမြဲ သတိရနေခဲ့တာ။ ပြီးတော့… ဒီရွာကလေးနဲ့ ကိုတောက်ကိုရော ပေါ့”
                        နားထဲမှာ ငလျှင်တော်လဲသံတွေ ဆူညံတုန်ဟီးလာတော့ကာ မာ.. မိုက်ခနဲ ယိမ်းယိုင်သွားမိတော့မလို့။ ရပ်တည်ရာ မြေအပြင်သည် ငြိမ့်ကနဲ နိမ့်ဆင်းကာ မာတစ်ယောက် နစ်ကြွံဝင်သွားတော့မှာလား။ ဖျတ်ခနဲ ကွဲကြေကာ အမှုန်အစလေးတွေ ဖြစ်သွားသလို ကိုယ့်ကိုယ်ကိုယ် စိတ်မှာထင်သည်။ ဒီလိုပဲ ဖြစ်သင့်တယ်။ ဒီလိုပဲ ဖြစ်ရမည်ရယ်လို့ ကိုယ့်ဘာသာ အကြိမ်ကြိမ်ဖြောင်းဖျနေရင်း မာ… တလှိုက်လှိုက် နာကျင်ရကာ နှမြောဝမ်းနည်းလို့ မဆုံးတော့ပြန်။ ကိုယ့်ကိုယ်ကိုယ် သတိမထားမိခင် မာငိုနေမိပြီ။
တကယ်ဆို… မာ့ သူ့အပေါ် စိတ်နာမုန်းတီးသင့်လှသည် မဟုတ်လား။ သွေးနည်းရကောင်းလားဟု ပြစ်တင်ရန်တွေ့ကာ ပြေးခွာချန်ထားခဲ့လိုက်သင့်သည်။  ဒါပေမယ့် မာ.. ချမ်းမြေ့ရှေ့က တစ်လက်မစာမျှပင် နေရာ မရွှေ့မိသေး။ သူ့အား နှင်ရန်စိတ်ကူးလည်း မရှိပါ။ မာ… ပြုံးပြနိုင်ရမည်။ မာ.. ကြိုးစားပြုံးပြမည်။
 မာ့မျက်ရည်တွေကို တို့သုတ်ပေးရန် လှမ်းလာသော သူ့လက်တွေကို မာ.. နောက်ဆုတ်ခေါင်းငဲ့ရှောင်ရင်း မျက်ရည်လက်စနှင့်ပင် ဇွတ်ပြုံးပြလိုက်သည်။
“ကိုတောက်ရော… ဘာပြောသေးလဲ”
                        မာ… ဇွတ်ပင် စကားလွှဲယူလိုက်သည်။
 “ဘယ်လိုမှ စည်းရုံးလို့  မရဘူး ဟာ။ ငါ့ကိုတော့ မတားပါဘူး။ သူ့အတွက်တော့ အမေကျွေးနိုင်နေသေးသမျှ မသွားဘူးတဲ့။ ပြောပုံက…”
                        ကိုတောက်ပြောတာလည်း မမှားပါ။ ကိုတောက်အမေမှာ အိမ်ကြီးရခိုင်မရှိတော့ပေမယ့် သပ်ရပ်ခိုင်ခန့်သည့် သစ်မာသား အိမ်ကလေးကို အခိုင်အခံ့ ပြန်ဆောက်ထားနိုင်ခဲ့သေးသည်ပဲ။ လက်ဝတ်လက်စားအတွင်းပစ္စည်းတွေ ဆုံးရှုံးခဲ့ရသော်လည်း မညှိုးမမှိန် လူတန်းစေ့နေဆဲ။ ပြိုကျပျက်စီးကုန်ရသော စပါးကျီများ၊ မပြိုပျက်သည့်တိုင် ရေလွှမ်းနစ်မြုတ်ခံရကာ ပျက်စီးခဲ့ရသော စပါးတင်းပေါင်းများစွာ ဆုံးရှုံးခံခဲ့ရသော်လည်း ရှိစုမဲ့စု ခွန်အားဖြင့် မားမတ်စွာ ရပ်တည်နေနိုင်ဆဲသာ။ ကုန်စုံဆိုင်သည်လည်း အဆများစွာ သေးငယ်သွားကာ ဟိုအရင်ကလောက် ကုန်ပစ္စည်းအမျိုးအမည် မစုံလင်လှတော့ပေမယ့် သူ့သားတစ်ယောက်ကိုတော့ မပူမပင် ဆင်ယင်ကျွေးမွေးနိုင်နေဆဲ။ ရပ်ရေးရွာရေး၊ လှူရေးတန်းရေးများမှာလည်း လက်မနှေးစတမ်း ပါဝင်နိုင်ခဲ့သည်ပင်။ တစ်ကောင်ကြွက် မာ့ကိုလည်း ကိုတောက်နဲ့တန်းတူထားကာ သမီးရင်းနှင့်မခြား မွေးစားပြုစုလာခဲ့တာပဲ မဟုတ်လား။
“ကျုပ်က ညည်းကို ကိုတောက်နဲ့ လက်ထပ်ပေးချင်တာ။ ဒါပေမယ့် ညည်းတို့ဖူးစာပါမှ ပါအေ။ နဖူးစာ မင်ရေကျဲလို့ လွဲသွားရင်လည်း ညည်းက ကျုပ်သမီးပါပဲ။ ကိုတောက်ရဲ့  ညီမလေးပဲ”
                        မာ.. မျက်ရည်မဆည်နိုင်အောင် ကြည်နူးပီတိနှင့် ကျေးဇူးတင်ခဲ့ရသော ကြီးမေပါပဲ။ ကြီးမေ၏ စကားကို နားစွန်နားဖျား ကြားသိသွားပုံရသော ကိုတောက်ကလည်း…
“ငါ့ အမေက ငါ ဘာလိုချင်တယ်ဆိုတာ အရမ်းသိတတ်တာပဲ။ အင်းလေ… ငါ.. နင့်ကို ချစ်နေတာ နင်ကလွဲရင် တစ်ရွာလုံး အသိမှတ်ပြုထားကြတာပဲ”
“ကိုတောက်နော်…”
ကိုတောက်က နည်းနည်းမှ နောက်တွန့်မသွားပဲ…
“နည်းနည်းလောက် စာနာစိတ်လေး ရှိစမ်းပါ မာရဲ့။ နင့်ကို ငါ… ဟိုးငယ်ကတည်း ချစ်လာခဲ့ရတာပါ။ နင်.. ပြန်ချစ်လာနိုင်မယ့် အချိန်ကို ငါ… အရိပ်ကြည့် စောင့်နေခဲ့တာရော…”
                        ဒါပဲ…။ အပ်ကြောင်းထပ် ဓါတ်ပြားဟောင်း ဆိုစကားတွေပဲ။ မာ… ကိုတောက် ကျောပြင်ကို တဘုန်းဘုန်းထုရိုက်ပစ်လိုက်ရင်း ရင်ခုန်မြန်ချင်ခဲ့ပြန်သည်။
                                    @@@@@@@@@@@@

                        ချမ်းမြေ့က ငိုမဲ့မလို ပြုံးယောင်ပြုလျှက်ပင်…
“ငါက အတ္တကြီးတယ်လို့ နင်မထင်ဘူးလား”
                        မာသည် ကိုယ့်ဒဏ်ရာကို ကိုယ်တိုင်မေ့ကာ သူ့ကိုပင် တပြန် ဖြောင်းဖျနှစ်သိမ့်ချင်မိပြန်သည်။
“မထင်ပါဘူး…။ ထင်နေရင်တောင် မပြောရက်ပါဘူး ချမ်းမြေ့ရယ်။ လူတိုင်းဟာ ကိုယ့်အခြေအနေနဲ့၊ ကိုယ့်ခံစားချက်ကိုယ်စီတွေနဲ့ပဲ မဟုတ်လား။ မာတို့ ကိုတောက်တို့လည်း ကိုယ့်အတ္တနဲ့ ကိုယ်ပါပဲ”
“ငါ.. ရွာကို နောက်တစ်ကြိမ် ပြန်ရောက်ဖို့ မသေချာတော့ဘူး”
“အို.. ချမ်းမြေ့။ မပြောကောင်း မဆိုကောင်း..ဖွ..ဖွ”
                        ဒါပေမယ့် ဒီတစ်ကြိမ် ချမ်းမြေ့ကို နှုတ်ဆက်ခွင့်ရခြင်းဟာ အပြီးအပြတ်ပဲလို့တော့ မာစိတ်က တိတ်တဆိတ် ခိုင်မာနေနှင့်ခဲ့ပြီးပါပြီ။ ဘာပဲဖြစ်ဖြစ် အချိန်တန်လျှင်တော့ မချိသောနှလုံးကို ဟန်လုပ်ပြုံးတစ်ခုဖြင့် ဖုံးကွယ်ကာ အားတင်းနှုတ်ဆက်ကြရမည်ပင်။
                        ခုတော့ ကိုတောက်နှင့် မာတို့နှစ်ယောက်သား Viberမှာ ချမ်းမြေ့နှင့် စကားကြုံတိုင်း လက်သုံးစကားမှာ…
“အဆင်ပြေရဲ့လားချမ်းမြေ့ရေ…။ ညောင်သီးလည်းစား၊ လေးညှို့သံလည်း နားထောင်နော်”
                         တလွင်လွင် ရယ်မောသံပြုလေသော ချမ်းမြေ့၏မျက်နှာ ဘယ်လိုရှိလေမလဲ သိချင်စွာ ဖုန်းစကရင်ကို စိုက်ငေးကြည့်မိပြန်သည်။
“အဆိုးတွေကောင်းလာဖို့ မျှော်လင့်ကြိုးစားနေတာပဲကွာ။ ကောင်းမလာသေးခင် အဆိုးထဲမှာ ပိုဆိုးမလာအောင် ရှာကြံနေရတာပဲ။ စိတ်မပူပါနဲ့”
ချမ်းမြေ့တစ်ယောက် ခလုပ်မထိ၊ ဆူးမငြိပါစေကြောင်း မာ… နေ့စဉ် ဆုတောင်းပေးနေပါသည်။ ဆုတောင်းပေးရုံထက်လည်း မာ.. ဘာတစ်ခုမှ ပိုလို့ မတတ်နိုင်တာပဲ ချမ်းမြေ့ရယ်။
 ကိုတောက် တစ်ယောက် အနားမှာရှိနေခဲ့လို့သာ မာ့ ပါးပြင်ပေါ် စီးသွယ်ကျလာသော မျက်ရည်တွေကို မာကိုယ်တိုင် သုတ်ဖယ်ပစ်ဖို့ မလိုအပ်ခဲ့တာ ဖြစ်သည်။                
                                                                                  သတိုး

2 comments:

  1. အဆုံးလဲကျရော ဟူးခနဲတောင် သက်ပြင်းချမိလိုက်တယ် ကိုသတိုးရေ..။ ပျော်ရာမနေရ၊ တော်ရာမှာနေရတဲ့ ဘ၀တွေရဲ့ အမောတွေက စာဖတ်ရင်း လာရိုက်ခတ်တာ ခံလိုက်ရတယ်။

    ReplyDelete
  2. ဘာပြောရမှန်း မသိအောင်ပါပဲ အကို.... လက်တွေ့ဘဝဆိုတာ စိတ်ကူးယဉ်သလောက်
    မချောမွေ့တတ်တာ....အမှန်ပါပဲ။

    ReplyDelete

စိတ်ထဲ ခံစားမိသလို မျှဝေပြောပြခဲ့ပါဦး...။