Wednesday, February 27, 2013
ရေစီး ရေလာ
                                                တကယ်လျှင်တဲ့ ကောင်လေးတွေ။ နည်းနည်းလေး လူလစ်တာနဲ့ အိမ်အောက်မှာ ရောက်နေကြပြန်ပြီ။
                                ဒီ အနီးနားဝန်ကျင်က လူတွေဆိုတာလည်း အဲဒီကောင်လေးတွေကို ဘယ်လို ကြည့်မရကြမှန်းကိုမသိဘူး။ အရိပ်မြင်တာနဲ့ ကြိမ်းမောင်း၊ ခြောက်လှန့် မောင်းထုတ် နှင်လွှတ်ကြဖို့ တက်ညီလက်ညီ အသင့်ပြင်ထားကြတာပဲ။ တစ်ချို့အိမ်တွေဆို ကြမ်းခင်းကို ဖနောင့်နဲ့ဆောင့်ပြီး မောင်းလွှတ်ကြတယ်။ တချို့က မအေ၊ နှမ ပြစ်ပြစ်နှစ်နှစ်ဆဲတဲ့အပြင် ခဲနဲ့ပါ ပစ်လွှတ်တတ်ကြသေးတာ။ ကျုပ်တို့ ဒိုင်က စာရေးကောင်လေးကတော့ မကြံအပ်၊ မစည်ရာ အိမ်အောက်ကို ရေနွေးပူနဲ့ လောင်းချပါ့မယ်တကဲကဲလုပ်နေလို့ ကျုပ်မှာ ရှိခိုးဦးတင်နဲ့ မနည်း တောင်းပန်နေရတယ်။
ကောင်လေးတွေကလည်း ကောင်လေးတွေပဲ။ ဘယ်လောက်နှိမ်နင်းပေမယ့် ဘယ်တော့မှ ဝေးဝေးခွာသွားကြတယ်မရှိဘူး။ ဆူပူဆဲဆိုနေတုန်းခဏပဲ ပုန်းကွယ်ပျောက်သွားတတ်ကြပေမယ့် ခဏနေရင် ပြန်ရောက်နေကြပြန်တာပဲ။
*********
ဒီလမ်းမတန်း တစ်တန်းလုံးဟာ အရင် ကျုပ်တို့ အပျိုပေါက်စလောက်တုန်းကတော့ ရွှံ့နုံးလတာပြင်ကြီးပေါ့။ လမုပင်တွေ၊ ကန့်ဘလာပင်တွေ၊ သမှည့်ပင်တွေ နဲ့ တောကို ညို့လို့ပဲ။ ခရာဆူးခြုံတွေလည်း အပြိုင်းအရိုင်းပဲ။ ရွေးမြစ်ပြင်ကနေ မြို့ကို လှမ်းငေးလို့ကတော့ ဒီရေတောတန်းနဲ့ သူနောက်က အုန်းပင်မြင့်မြင့်တွေကိုသာ မြင်ရမှာပဲ။ မြို့ကလေးက တောထဲမှာ ပုန်းပြီး ပျောက်နေခဲ့တော့တာ။ ရွှေရောင်ဝင်းနေတဲ့ အောင်တော်မူမြို့လယ်စေတီတော်ကြီးကို ဖူးတွေ့နေရလို့သာ မြို့ကို မှတ်မိနိုင်ကြတာ။ ဆက်သွယ်ရေး တာဝါတိုင်မြင့်မြင့်ကြီးကို မြင်ရလို့သာ မြို့ကလေးကို သိမှတ်မိကြတော့တာ။
ရွေးမြစ်က သူ့ရင်ခွင်ထဲကမြို့ကလေးကိုတော့ မျက်နှာလိုက်ရှာတယ်။ တစ်ဘက်ကမ်းပါးကို တိုက်စားဖြိုချလို့ မြို့ကလေးဘက်ခြမ်းဆီ နုံးအနည်အနှစ်တွေ ပို့ချပေးခဲ့တော့ မြို့ကလေးက ရွေးမြစ်ဆီ တဖြည်းဖြည်း ခြေဆန့်ဆင်းလာပြီး ညိုစိုစို လတာပြင်ကြီးလည်း တရိပ်ရိပ်ပြန့်ကား မြင့်တက်လာတော့တာ။ မြို့လူထုက ဒီရေတောတန်းပါးပါးကို ရှင်းလင်းလို့ မြေကွက်ရိုက်၊ လမ်းသစ်လည်း ဖော်ပေးလိုက်ရော ရွေးမြစ်ကမ်းနားဘေးမှာ ကဏန်း၊ ပုဇွန်အ၀ယ်ဒိုင်တွေ တစုတဝေးကြီး၊ အလျှိုလျှို အပြိုင်းအယိုင်းပေါ်ပေါက်လာခဲ့တော့တာ။
မြို့ကလေးမှာလည်း တစ်စစီ ပြန့်ကျဲနေတဲ့ ရေလုပ်ငန်းရှင်ဆိုတဲ့ လူတန်းစားတစ်ရပ် ထင်မြင်သာ၊ တစ်စုတစ်ဝေတည်း ပေါ်ပေါက်လာပြီး ဂုဏ်တက်လာသလို ကျုပ်တို့လို လက်လုပ်လက်စားတွေအတွက်လည်း ယောက်ျားမိန်းမ မကျန် အလုပ်နဲ့လက် မပြတ်ကြရတော့တာ ၀မ်းသာစရာကြီးပဲ။
အိမ်ယာကွက်သစ်တွေက မြို့ မျက်နှာစာလိုလည်းဖြစ်နေပြီး ကာလပေါက်ဈေးကလည်း အမြောက်စားဆိုတော့ တော်ရုံလူလည်း လက်မလှမ်းနိုင်ကြပါဘူး။ ကျုပ်တို့တော့ မြေယာ အလကားပေးလာရင်တောင် မယူဝံ့ပါဘူး။
အောက်ခံမြေက နုံးတင်စမြေပျော့ဆိုတော့ ပျဉ်းကတိုးပတ်လည်တိုင်ကြီးတွေကို မြေ၀င်ချည်းပဲ ဆယ်တောင်လောက် ၀င်အောင်စိုက်ပြီး အပေါ်က တိုင်ဆက်ဆောက်ကြရမှာဆိုတော့ အိမ်တိုင်အတွက် ကုန်ကျစရိတ်ကတင် နည်းတဲ့ ကုန်ကျစားရိတ်လား။ ရေတက်၊ ရေကျရှိဦးမှာဆိုတော့ အမှိုက်သရိုက်ကင်းကင်းနဲ့ အနေသန့်တယ် ဆိုပေမယ့် ရေထရေခေါင်ရက်တွေမှာ တက်ရေလွတ်အောင်ပါ တွက်ဆလို့ ခြေတံရှည်ရှည်၊ ကြမ်းခင်းမြင့်မြင့် ဆောက်ရပြန်တာ။ တော်တန်ရုံလူလောက်တော့ အိမ်အောက်ဝင်ရပ်လို့တောင် ရနိုင်တယ်။ ဒါကြေင့်လည်း အဲဒီကလေးတွေဟာ ရေကျချိန်တွေ၊ ရေစစ်ချိန်တွေတိုင်း ဒီပုဇွန်၊ ကဏန်းဒိုင်အိမ်တန်းတွေအောက်က လတာပြင်မှာ ရွှံ့နုံးဗရပွနဲ့ အမြဲရှိနေတတ်ပြီး ဟိုမှသည်မှ ကူးလူးသွားလာမပျက် နေနိုင်ကြတော့တာပေါ့။
************
ခုလို ပုဇွန်၊ကဏန်းအတက်ကြမ်းတဲ့ မိုးတွင်းကာလတွေဆို ကိုယ်တွေကသာ အမှတ်မဲ့ နေရင် နေမိမယ်။ ကောင်လေးတွေကတော့ ဟိုအိမ်အောက်ကနေ ဒီအိမ်အောက်ဆီ တလှစ်လှစ်ကူးသွားပြေးလွှားရင်း ပွဲတော်ကြီးကျနေတော့တာ။ အပေါ်မှာက ပုဇွန်၊ ကဏန်း ဒိုင်လာသွင်းသူတွေ တရုံးရုံး။ ကျုပ်တို့ အလုပ်သမားတွေလည်း  ဆိုဒ်ခွဲကြ၊ ချိန်တွယ်ကြ၊ ရေခဲခွဲကြ၊ ရေခဲထပ်ကြ၊ ငွေပေးငွေယူပြေစာတွေနဲ့ စာရင်းရှင်းကြနဲ့ ပွက်လောညံနေပြန်တော့ သူတို့အဖို့ လှုပ်ရှားရတာ အခွင့်သာနေတော့တာပေါ့။
အများအားဖြင့်တော့ ကဏန်းဒိုင်တွေအောက်မှာ သူတို့ ပိုလို့ပျော်ကြတယ်။ ကဏန်းတွေက နယ်လက်ခွဲဒိုင်တွေဆီက တက်လာရင် လက်မကို သင်အူ၊ ဓနိဖူးစတဲ့ ကြုံရာကြိုးတွေနဲ့ ချည်တုတ်ယူလာတတ်ကြတာလေ။ ဒိုင်မှာပြန်သွင်းတော့ ကဏန်းအရွယ်အစား၊ အကြီးအသေး မခွဲတော့ပဲ (ဂျွန်) ပေးသွင်းပြီး ဈေးဖြတ်ခဲ့ကြတာ။ ကျုပ်တို့ ဒိုင်အလုပ်သမတွေက ဆိုဒ်ခွဲခြားရင်း ပါလာတဲ့ ကြိုးတွေကို ကပ်ကြေးနဲ့ဖြတ်ပစ်၊ ပလပ်စတစ်အဖတ်ကြိုးနဲ့ လှလှသေသပ်အောင် ပြန်ပြင်ချည်တုတ်ကြရတော့ ခြင်းတောင်း တစ်ခုနဲ့ တစ်ခုကြားမှာ ကဏန်းက အလျော့၊ အပျောက် အလေအလွင့်ရှိတတ်ကြပြန်တယ်။ ကဏန်းဆိုတဲ့ အကောင်မျိုးကလည်း လက်မနှစ်ချောင်းစလုံး ကြိုးတုတ်ခံထားရတာတောင် အငြိမ်မနေတတ်သေးတဲ့ သတ္တ၀ါမျိုး မဟုတ်လား။ ထပ်ညပ်နေတဲ့ ခြင်းတောင်းထဲကနေ သူထက်ငါ ဖက်တွယ် တက်နေကြပြန်တာပါ။ တစ်ကောင်အပေါ်ရောက်သွားရင် အောက်က တစ်ကောင်ကဆွဲချတတ်လို့ လူတွေနဲ့ အကျင့်တူလွန်းလှတယ် ဆိုပြီး ခိုင်းနှိုင်းခံရတတ်တဲ့ ကဏန်းကောင်တွေဟာ သူ့ထက်ငါ လုယက်ကုတ်ခြစ်တွယ်တက်ရင်း ခြင်းတောင်း အပြင်ရောက်သွားတတ်ကြတာပဲ။ ခြင်းတောင်းထဲက လွတ်ပြီဆိုတာနဲ့ နီးစပ်ရာ အပေါက်တစ်ခုကနေ ကြမ်းခင်းအောက် လတာပြင်ဆီပြေးကြတာလည်း မြန်မှမြန်ပဲ။ လမ်းခုလတ်မှာ အမြင်မတော်သူတစ်ဦးနဲ့ တွေ့ရင်တော့ ကံဆိုးပြန်တာပဲ။ ခြင်းတောင်ထဲဆီ ယက်ကန်ယက်ကန် ပြန်ထည့်ထားခံရပြန်တာပဲ။ အများအားဖြင့်တော့ ကဏန်းကြိုးချည်ကြတဲ့ အလုပ်သမားတွေ၊ အလုပ်သမတွေက မမြင်ယောင် ဆောင်တတ်ကြတာများပါတယ်။ အလုပ်ရှင် လစ်လျှင်ပိုလို့တောင် ပစ္စလက္ခတ်နိုင်ကြသေးတာပါ။ ကျုပ်ကတော့ အဆိုးဆုံးပေါ့။ ဒီလောက် တန်ချိန်များလှတဲ့ ကဏန်းတွေကြားမှာ တစ်ကောင်တလေ၊ နှစ်ကောင်နှစ်လေ ထွက်ကျသွားလည်းပဲ ထူးခြားဆုံးရှုံးနိုင်စရာရယ်လို့မှ မမြင်ကြတော့ပဲ။
အိမ်အောက်က လတာပြင်ကိုယ်တော်လေးတွေကလည်း အဲဒီအကွက်ကို ငြိမ်ငြိမ်ကလေး ချောင်းပြီး စောင့်နေကြတာပါ။ ကဏန်းတစ်ကောင် အောက်ကျလာတာနဲ့ တပြိုင်နက် ခြေသလုံးမြုတ်နေတဲ့ ရွှံ့နုံးလတာပြင်ထဲမှာ ခြေသံလုံလုံနဲ့ ရုန်းလျှောက်၊ ပြေးကောက်ပြီးသားပဲ။ ကဏန်း လေး၊ ငါးလုံးလောက်ရလည်းပဲ သူတို့အဖို့ နေ့တွက်စည်တယ် ပြောရမှာပေါ့။ ကဏန်းက သေဖို့ အင်မတန်လွယ်ကူတဲ့ အကောင်မျိုးဆိုတော့ နီးစပ်ရာ အ၀ယ်ဒိုင်တွေမှာ ပြန်သွင်းကြရပြန်တာ။ မရှောင်သာလို့ ကဏန်းက ကိုယ့်လက်ထဲမှာ သက်ဇိုးမရှည်ပြန်ရင်လည်း အလကားတော့ မဖြစ်ပါဘူး။ ဟင်းစားအဖြစ်နဲ့ လက်သင့်ရာ အိမ်ရှင်မတွေကို ကဏန်းအသေ ပြန်ရောင်းရုံပဲ။ ဈေးတော့ တူတူတန်တန် ဘယ်ရမလဲ။ မဟုတ်ရင်လည်း ကဏန်းပြုတ်ပြီး ဟင်းလုပ်စားကြရုံ။ ရေသေရက်တွေမှာတော့ ကုန်အ၀င်မရှိသလောက်နည်းတတ်ပြန်တော့ သူတို့တတွေ ၀င်ငွေလျော့တတ်ကြတယ်။ အဲဒီလို့ နေ့မျိုးကျတော့လည်း သူတို့ အလကားမနေပါဘူး။ ရွှံ့ထဲရေထဲမှာ သစ်တိုသစ်စ၊ ပျဉ်တိုပျဉ်စတွေ လျှောက်ရှာကောက်ပြီး ထင်းရောင်းကြရပြန်တာပေါ့။
                                ဒါပေမယ့် ထင်းရှာရတာ ကဏန်း ရှာရတာထက် ပိုခက်ခဲတယ်။ တောထဲမှာလည်း မဟုတ်ပါပဲ သူတကာအိမ်အောက်မှာ သစ်သားတစ်စ အလွယ်တကူ ရှာတွေ့နိုင်ဖို့ လွယ်ပါ့မလား။ သူတို့ကတော့ ရအောင် ရှာတတ်ကြတယ်။ မီဖိုဆောင် ရေသွန်ခန်းက အခင်းသစ်သားတစ်ချောင်း သံပြုတ်နေတာတွေ့လည်း ခွာယူခဲ့တာပဲ။ ရေဆင်းတံတားတွေမှာ လူသွားလူလာပြတ်ရငတောင် သံကို ရိုက်ခွာပစ်ပြီး ယူတတ်ကြတာပဲ။ အိမ်နောက်ဖက်မှာ လှန်းထားတဲ့ ပုဆိုး၊ အင်္ကျီ၊ ထမီက အစ ဆွဲလွဲသွားကြပြန်တော့တာ။
                                ကဏန်းဒိုင်တွေမှာ တော်နေကြာ ဘာပျောက်လို့၊ ညာပျောက်လို့ အောက်ကကောင်လေးတွေတွေကို ကျိန်ဆဲနေတဲ့အသံတွေလည်း နေ့ဆက်နီးပါး ကြားနေရတာ ကျုပ်တော့ ကြားကနေ ခေါင်းကျိန်းလှတယ်။ တော်ကြာနေ တဟေးဟေးနဲ့ သင်းတို့ကို ခွေးမောင်းသလို မောင်းထုတ်နေကြတာတွေလည်း မကြည့်ချင် မြင်လျှက်သားပါပဲ။ ကျုပ်မျက်စေ့ရှေ့မှာ ပြောနေတာတွေ့လို့ကတော့  ကျုပ်က သူတို့ဘက်က ကာကွယ်ပြောတာပဲ။
“ကလေ ကချေလေးတွေ”
                                ကဏန်းဒိုင် အလုပ်သမတွေထဲက သူတို့ကို ဒီလိုပြောနေသံကြားရင် ကျုပ်က ချက်ချင်းထတွယ်တာပဲ။
“ဟဲ့.. သူများကို ကလေကချေပြောရအောင် နင်တို့ကရော ဘယ်လောက် အဆင့် အတန်းရှိနေလို့လဲ”
                                အလုပ်သမတွေကိုထိရင် စာရေးကလည်း ကြားကနေ နာတတ်ပြန်တာပဲ။
“ကျုပ်တို့က လူဆင်းရဲလို့ သူများ အလုပ်သမားဖြစ်နေပေမယ့် သူများပစ္စည်း မခိုးတတ်ဘူးလေဗျာ။ စိတ်ဓါတ်အဆင့်အတန်းရှိတာပေါ့”
                                ဟွန်း… မပြောလိုက်ချင်ဘူး။ နယ်လက်ခွဲဒိုင်လေးတွေက ကုန်လာသွင်းရင် သူတို့လည်း ကီလိုမခိုးဖူးတာ မှတ်လို့။ ဆိုဒ်ခွဲတဲ့အခါမှာရော ဘက်မပင်းတတ်ကြဘူးလား။ ပြောလိုက်ရ ကျုပ်အလုပ်ပြုတ်မှာ ကြောက်လို့သာ။ နယ်ဒိုင်ခွဲလေးတွေနဲ့ တစ်နိုင်တစ်ပိုင် ပုဇွန်လာသွင်းတတ်ကြသူတွေလည်း ဘာထူးလဲ။ ပုဇွန်ထုတ်တွေများ ဆေးထိုးအပ်ထဲ ရေစုတ်ယူပြီး စိတ်ရှည်လက်ရှည် ရေထိုးသွင်းလာလိုက်ကြတာ ဒိုင်မှာပြန်ချိန်ကြည့်တော့ ပုဇွန်ထုတ်ကလေးတွေဟာ တင်းပြောင်ပြီး ကားနေတော့တာ။ ဒိုင်အလုပ်သမားတွေကလည်း လည်ပြီးသား။ ရေကို ဘယ်လို ပြန်ထုတ်ရမယ်ဆိုတာ သိတယ်။ ငါးသရောက်ငါးတွေရဲ့ ၀မ်းဗိုက်ထဲမှာ ခဲဆံချောင်းတွေ ထည့်လာလည်းပဲ အကောင်မပျက်၊ ပုံမပျက်အောင် ပြန်ညှစ်ထုတ်တတ်ကြတာပဲ။ အဲလို မရိုးမသားလုပ်လာတာမျိုး လက်ဆုတ်လက်ကိုင်မိလာရင် ဒိုင်ကလည်း အညှာကိုင်ပြီး အနိုင်ကျင့်တော့တာပဲ။ ဈေးကို မတရား နှိမ်ပြီး ဖြတ်ချပစ်လိုက်ကြပြန်တာ။ ဒါပေမယ့် ဘယ်သူတွေများ ဒီ မရိုးမသားအလုပ်တွေကို ရပ်တန်းက ရပ်ကြသလဲ။
“လူတွေက မရှိခိုးနိုးကွ။ ငါ တစ်ကျပ်တစ်ပြားခိုးတာကျ အပြစ်ပေးခံရတယ်။ ငါ့ထက် ချမ်းသာတဲ့၊ ဂုဏ်ရှိတဲ့လူတွေ ခိုးတာကျတော့ ဘယ်သူမှလည်း အရေးမယူကြဘူး”
                                အစုတ်ထုတ်ကြီးပိုက်ပြီး အချုပ်ကျဖူးတဲ့ သွားလေသူ ကျုပ်ယောက်ျားရဲ့ စကားကို ပြန်ကြားယောင်မိသေးတယ်။
“ဒါတော့ ကိုယ်စွမ်းသလောက် ကိုယ်ခိုးကြတာပဲ။ ရှင်က သူများနောက်ဖေးချောင်က အစုတ်လောက်စွမ်းတာတောင် အသုံးမကျတော့ လူမိခံရရော မဟုတ်လား”
                                စိတ်ပေါက်ပေါက်နဲ့ ပြောပစ်ခဲ့ဖူးသေးတာ။ ဟုတ်တယ်။ သင်းနဲ့ ညားခဲ့ရတာ သူခိုးမယားဆိုတဲ့နာမည်ဆိုးနဲ့ ထောင်ဝင်စာတွေ့ရတဲ့ ဒုက္ခ၊ သောကတွေပဲ အဖတ်တင်တယ်။ အဲ.. ကလေးသုံးယောက်လည်း အဖတ်တင်ကျန်ရစ်တယ်လေ။ သူ့အဖေက အားမကိုးရပေမယ့် သူ့သားလေးက အားကိုးရနေလို့ တော်နေတာ။ မူလတန်းတောင် မကုန်ပဲ ကျောင်းကထွက်ပြီး အမေနဲ့ ညီမတွေကို ကြုံရာလုပ်ကျွေးနေလို့သာ။ ကျုပ် ကဏန်းဒိုင်မှာ ကဏန်းကြိုးချည်ရတဲ့ အလုပ်ကလည်း ရေထရက်ကလေးလောက် အလုပ်တွင်တာ။ ရေသေရက်တွေကျ ငုတ်တုတ်ထိုင်နေရတာ ဆိုတော့ တစ်ရေနဲ့ တစ်ရေ အလျှင်မီတယ်ကို မရှိဘူး။ သင်းကလေး အထောက်အကူ ရနေလို့သာ။
                                တစ်နေ့ တစ်နေ့ နေကုန် နေခမ်း အိမ်ကထွက်သွားပြီး မိုးစုန်းစုန်းချုပ်မှ အိမ်ပြန်ဖော်ရတဲ့သားကို စိတ်တော့ သိပ်ချလှတာ မဟုတ်ဘူး။ အလုပ်ကလည်း အမည်တပ်မရအောင် ကြုံသလို လုပ်နေတာဆိုပေမယ့် အမေကိုတော့ တစ်ထောင်မျိုး၊ ထောင့်ငါးရာမျိုးပေးတတ်နေတော့ မပြောသာပြန်ဘူး။ အသက်က ဆယ့်သုံးနှစ်ထဲ ၀င်လာပြီဆိုပေမယ့် လူကြီးဟန်တော့ မမြင်ရသေးတာ တစ်မျိုးတော့ စိတ်အေးရတယ်။ လူကောင်ကလည်း သေးညှက်ညှက် ကလေးရယ်။ တစ်နေ့ကတော့ နှုတ်ခမ်းမှာ ကွမ်းသွေးစတွေ့လို့ ဆော်ပစ်လိုက်ရသေးတယ်။ အာခံချင်သလို စောင်ပေပေ ပြန်လုပ်နေလို့ ပိုပြီး ဒေါသဖြစ်ရသေးတယ်။ ဒါပေမယ့် ရှေ့လျှောက် ဆိုဆုံးမဖို့ ခက်ခဲသွားပြီဆိုတာ အဲဒီနေ့ကတည်းက နားလည်သွားပါပြီ။ ဒီနေ့နံနက်လည်း ဒိုင်ကို ထွက်အလာမှာ လမ်းထိပ်ကွမ်းယာဆိုင်မှာ စီးကရက်ခဲနေတဲ့ သားတို့အုပ်စုကို မမြင်ယောင် ဆောင်ခဲ့ရသေးတာ မဟုတ်လား။
+++++++++++
                                                ဘယ်သူမှ မမြင်လိုက်ကြပေမယ့် ကျုပ်က တွေ့နေတယ်။ အသားအရည်က ရွံ့နုံးရောင်နဲ့ ခွဲမရအောင် ပေလူးညစ်ပတ်နေတဲ့ အပြင် အိမ်ထောက်တိုင်တွေက အတော်ကြီးတာဆိုတော့ သူတို့ ကိုယ်သေးသေးလေးတွေ တိုင်မှာကပ်ပြီးကွယ်နေရင် တော်ရုံလူ မမြင်နိုင်ဘူးပေါ့။ ဒါပေမယ့် တိုင်အကွယ်နောက်က မျက်လုံးလက်လက်ကလေးတွေကို ကျုပ်က သတိထားနေမိတယ်။
                                                ကုန်အ၀င်များတဲ့ နေ့တွေလို ဆိုလို့ကတော့ ကျုပ်က ကဏန်း တစ်ကောင်စ၊ နှစ်ကောင်စဆိုသလို မတော်တဆလိုလုပ်ပြီး လွှတ်ချပေးနေကျပဲ။ ဒီနေ့ ၀င်လာတဲ့ ကဏန်းခြင်းကလည်း နည်းတော့ ကျုပ်တို့တောင် နေ့တွက်စည်နိုင်ပါ့မလားလို့ ပူပန်နေရတာ။ ကဏန်းကောင်ရေကလည်း ခြေနိုင်၊လက်နိုင် ဖြစ်နေတော့ တစ်ကောင်တလေတောင် ထွက်ကျနိုင်စရာ အကြောင်းမမြင်လှဘူး။ မျက်လုံးလေးက တမျှော်မျှော်လုပ်နေတာ ကျုပ်ကလည်း ခဏ ခဏ ငုံ့ကြည့်နေမိတော့ မြင်နေရတယ်။ ဘယ်နှယ်လုပ်ရပါ့။
“ဟောတော်…”
                                ကဏန်းခြင်းထဲက ဖြုတ်ခနဲခုန်ချပြီး တလှစ်လှစ်ပြေးသွားတဲ့ ကဏန်းကောင်ရဲ့နောက်ကို အလုပ်သမတစ်ယောက်က ထိုင်ရာမထပဲ လှမ်းဆွဲလိုက်တယ်။ ဟွန်း.. မော်ဒယ်မင်းသမီးက သူ့ကိုယ်သူ အလှပျက်မှာစိုးလို့ ယဉ်စစ၊ လက်ဖျားချီပြီး တုံ့နှေးလေးကွေးနေတာနဲ့ သူလင် ကဏန်းက တာ့တာတောင် လုပ်ပြသွားပြီ။ ဒါပေမယ့် ကျုပ် ကျေနပ်သွားတယ်။ အောက်ကကောင်လေး အဆင်ပြေသွားပြီ။ သို့ပေမယ့် ကံဆိုးချင်တော့ သင်းကလေးကို အပေါ်က အလုပ်သမားတွေအားလုံးက မြင်တွေ့သွားပြီလေ။ ကောင်လေးကလည်း လောလိုက်တာ။ ဒီကဏန်းကောင်က တွင်းတူးပြီး လတာနုံးတောထဲပျောက်သွားမှာ စိုးရိမ်တယ် ထင်ပါရဲ့။ ကဏန်းကောင်မြေပေါ်ရောက်တာနဲ့ သူက ပြေးကောက်တော့တာကိုး။
“အောက်မှာ သူခိုးလေးတွေ ရောက်နေကြပြီ”
                                တစ်ယောက်က အလန့်တကြားအော်တယ်။ ခါတိုင်း အဲလိုစကားကြားရင် ကျုပ်က လူမရွေးပဲ ရန်ထောင်နေကြပေမယ့် ခုတော့ ကောင်လေးအတွက်  စိုးရိမ်စိတ်ကဲနေမိတော့ ဘာမှ တုန့်မပြန်အားဘူး။
                                မနေ့ညနေက နောက်ဖေးရေကပြင်မှာ ကျန်ရစ်တဲ့ ပလပ်စတစ်ပုံးကြီးပျောက်သွားလို့ အလုပ်ရှင်က ဒီနေ့နံနက်အထိ ဒေါကန်နေတာလေ။ အလုပ်သမားတွေကိုလည်း ပေါ့လျော့ရကောင်းလားလို့ မာန်မဲနေပြန်တာ ဘယ်သူမှ မလှုပ်ရဲဘူး။ အဲဒီအချိန်ကြီးမှာ သင်းကိုတွေ့တော့ အားလုံးက တက်ညီလက်ညီ ညာသံပေးလို့ သင်းကိုပဲ ၀ိုင်းလိုက်ကြပါလေရော….။
“ကောင်လေး…ပြေး…ပြေးတော့”
                                ကျုပ်ရင်ထဲက အသံကုန်ဟစ်နေမိပေမယ့် စကားသံ အပြင်မထွက်လာနိုင်အောင် ပါးစပ်ကို တင်းတင်း စေ့ပိတ်ထားမိတယ်။ ဒါပေမယ့် ရင်ထဲ တဒိန်းဒိန်းခုန်နေရဲ့။
                                ကောင်လေးက အတွေ့အကြုံအများကြီးရှိလို့ တော်တော့တယ်။ ရွှံနုံးလတာတောထဲမှာ တစွတ်စွတ် ရုန်းလျှောက်ပြေးသွားလိုက်တာ လှစ်ခနဲ ခဏနဲ့ မြင်ကွင်းမှာ မရှိကြတော့ဘူး။ တော်ပါသေးရဲ့လို့ ရင်ထဲက အလုံးကြီးကျသွားတော့မလို ရှိဆဲ ခေါင်းရင်းဘက် ခပ်လှမ်းလှမ်းမှာ အော်ဟစ်ဆူညံသံတွေ လွင့်လို့လာပြန်တယ်။ သူခိုးလေးတစ်ယောက် မိထားတယ် ဆိုပါလား။ ဘုရား။
                                ကျုပ် လက်ထဲက  ကြိုးဖြတ်မယ်ပြင်ဆဲ ကဏန်းကို လွှတ်ချပစ်ခဲ့တယ်။ ဆူဆူညံညံ လူအုပ်စုထဲ အပြေးအလွှား အတင်းတိုးဝင်သွားမိချိန်မှာ တဘုန်းဘုန်း၊ တအုန်းအုန်း ထုရိုက်သံတွေက ကြိုနေနှင့်တယ်။ ကိုယ်ကိုယ်ကိုယ် သတိမပြုမိနိုင်သေးခင် လူအုပ်စုရဲ့ ရှေ့ဆုံးကိုရောက်သွားတော့ ရွှံနွံ အလူးလူး အလိန်းလိန်းမှာ ဖုံတွေသဲတွေပေလူးနေသေးတဲ့ ကောင်လေးဟာ မြေမှာ လိမ့်နေတယ်။ ခပ်စွာစွာ လူတစ်ယောက်က ကလေးငယ်ကို ထိရာ၊ မိရာ ရိုက်နှက်ကန်ကျောက်ထားတယ် ထင်တယ်။
“မင်းကို ရဲစခန်း ပို့ရမယ်”
                                ရဲစခန်းကို ပို့မှာဖြင့်လည်း မြန်မြန်ပို့လိုက်ကြပါတော့လား။ ခုတော့ ကလေးကို နှိပ်စက်နေလိုက်ကြတာ။ ရှင်တို့မှာ သားသမီးမရှိဘူးလား။ ပြောချင်လွန်းလှတဲ့ စကားတွေနဲ့ တင်းတင်းစေ့ပိတ်ထားတဲ့ နှုတ်ခမ်းတွေက တလှုပ်ရွရွ ဖြစ်နေတယ်။
“မင်း…ဘယ်ကလဲ။ မင်းနာမည် ဘယ်လိုခေါ်လဲ”
                                တစ်ယောက်တစ်ပေါက် ၀ိုင်းမေးနေတာကို ငိုသံတစ်ဝက်နဲ့ ကောင်လေးက တွန့်ဆုတ်ကြောက်ရွံ့စွာဖြေနေတယ်။
“မင်းမိဘတွေရော….’
“မရှိတော့ဘူး။ သေပြီ”
                                ကောင်လေးက ချက်ချင်းဖြေတယ်။ ဒါပေမယ့် ဘယ်သူမှ ယုံကြည်ပုံမရကြဘူး။
“ဒါဆို မင်း ဘယ်သူနဲ့နေလဲ”
                                ကောင်လေးက ခဏတွေပြီး စဉ်းစားနေသလို ငြိမ်သွားတော့ စိတ်မရှည်နိုင်ပုံနဲ့ လူရမ်းကားတစ်ယောက်က ကောင်လေးကို နောက်ကနေ ဇက်ပိုးကို ၀င်ရိုက်လိုက်တာ။ ကျုပ်မျက်လုံးထဲ ပြာပြာဝေသွားတယ်။ ကောင်လေးခမျာ ရှေ့ဆီငိုက်ခနဲ စိုက်ဆင်းသွားရင်း တစ်ပါတ်လည်ကာ ခွေလဲကျသွားရှာတယ်။
“ပြောစမ်း ဟေ့ကောင်။ မင်း ဘယ်သူ့သားလည်း မပြောရင် မင်း အသေပဲ”
                                ကောင်လေးက တရှုံ့ရှုံ့ ငိုယိုတောင်းပန်နေတယ်။ ဒါကို ဟို သေချင်းဆိုးက မလျှော့ပဲ….
“ပြောလေ.. မင်း ဘယ်သူ့သားလဲ ဟေ့ကောင်”
                                မေးရင်း လက်တပြင်ပြင်နဲ့ ကလေးရှေ့ တိုးလှမ်းသွားနေပြီ။ တစ်လှမ်..။ နှစ်လှမ်း…။ ကျုပ် အူအသည်းတွေ ဗြောင်းဆန်လို့ နတ်ကျသလို တစ်ကိုယ်လုံး ဆတ်ဆတ်တုန်နေပြီ။ မလုပ်နဲ့…။
“မလုပ်နဲ့….”
“အမေ့…”
“ဘယ်သူမှ အနားကပ်မလာနဲ့နော်။ ဒါ…ငါ့သား”
                                လူတွေအားလုံး အုပ်အုပ်ကျက်ကျက် ဆူလောင်လှုပ်ရှားလို့ အင်အားအစုအဝေးလိုက်ကြီး ကိုယ်ပေါ်ကို  ပြိုယိုင်ကျလာသလို ထင်မိတယ်။ သူတို့အားလုံးရဲ့ မျက်နှာတွေဟာ အံ့သြ၊ ကြောက်ရွံ့၊ စက်ဆုတ်၊ ရွံ့ရှာ…စတဲ့မနှစ်မျို့ဖွယ်ရာ အရိပ်မျိုးစုံ ရောယှက်နေကြမလား။ ဒါပေမယ့် ဂရုမစိုက်အားပါဘူး။ ဒီအချိန်မှာ ကျုပ် သားရဲ့ အသံကလွဲရင် ဘာမှ မကြားဘူး။ ကျုပ်သားတစ်ယောက်ကလွဲရင် ဘယ်သူ့မှလညှ်း မမြင်ဘူး။      ။
                                                                                                                                                      သတိုး
6 comments:
  1. မိခင်တွေဟာ ပျော့ရင်ဖယောင်း မာရင် သံချောင်းဆိုတာ ဟုတ်လောက်တယ်။ သူတို့ တကယ်သတ္တိရှိလာပြီဆိုရင် ဘယ်ယောက်ျားသားမှ လိုက်မမီဘူး။ အခုလဲ သားဇောနဲ့ သူ ပြစ်မှုတစ်ခုကိုတောင် ဂရုမစိုက်တော့ဘူး မဟုတ်လား။
    အောက်ပြည်အောက်ရွာက အသုံးအနှုန်းအခေါ်အဝေါ်တွေကို တော်တော် လိုက်ဖတ်ယူရတယ်။ ဗဟုသုတ ရပါတယ်။
    ReplyDelete
  2. သူတို့တွေဟာ စတေးခံတွေအဖြစ်နဲ့ လူမှုနိမ့်ကျခြင်းရဲ့ သက်သေတွေအဖြစ် အကောင်းဆုံးသရုပ်ဆောင်သွားကြလေသလား ...
    ReplyDelete
  3. မရှိသူ ယူတော့... သူခိုး..
    ရှိသူယူတော့ ......???
    အဆုံးထိဖတ်ပြီး အတွေးတွေး ပွားသွားရတယ် ကိုသတိုးရေ..
    ReplyDelete
  4. မိခင်မေတ္တာဆိုတာ အဲ့ဒါပဲနေမယ်ထင်ပါရဲ့...
    ဘ၀နွမ်းတွေအကြောင်း... ဖတ်ရတိုင်း သက်ပြင်းချမိတယ်...ကိုသတိုး...
    ခင်မင်ခြင်းအားဖြင့်....
    ဏီလင်းညို
    ReplyDelete
  5. လက်တွေ့ဘ၀နဲ့ ယှဉ်နေတဲ့ ဖြစ်ရပ်လေးတွေပေါ့ သတိုးရေ။
    မိခင်ရဲ့ နက်ရှိုင်းတဲ့မေတ္တာတရား ဖေါ်ပြရင်တော့ မလုံလောက်သေးဘူးလေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
    မေတ္တာဖြင့်
    အန်တီတင့်
    ReplyDelete
  6. စာပေ၀ိုင်းမှာလည်း အားပေးခဲ့သလို အစ်ကို့ဘလော့လေးမှာလည်း လည်ပတ်အားပေးသွားပါတယ်။
    ReplyDelete
စိတ်ထဲ ခံစားမိသလို မျှဝေပြောပြခဲ့ပါဦး...။