Sunday, July 1, 2012

ကြော်ငြာမြို့




ပြည်ပေါ်မှာ ရွှေကြော်ငြာ ဗျိုးဟစ်နေကြတဲ့ တစ်ခေတ်မှာ ဦးသုန်တို့ မိသားစုရဲ့ ကြော်ငြာအားကို ဘယ်သူမှ မီကြမယ် မထင်ဘူး။ မြို့ပေါ်မှာ ရှိသမျှ လက်ကမ်းကြော်ငြာ၊ နံရံကပ်ကြော်ငြာက စပြီး အိမ်ဧည့်ခန်းနံရံပေါ်က ပြက္ခဒိန်၊ ပိုစတာကအစ ရေတွက်ကြည့်နိုင်ရင် ဦးသုန်တို့နဲ့ ပတ်သက်တဲ့ ကြော်ငြာအရေအတွက်က ရာနှုန်းပိုများမယ် ထင်ရတယ်။ များတာလည်း မပြောနဲ့လေ..။ ဦးသုန်တို့က ကြော်ငြာရဲ့ စွမ်းပကားကို ယုံလည်း ယုံကြည်၊ သူတကာထက်လည်း နှံ့စပ်သိမြင်မှုရှိ ဆိုတော့ ကြော်ငြာမဟာဗျူဟာကို စနစ်တကျကို အသုံးချပြီး ဈေးကွက်ကို ထိုးဖောက်နေတော့တာ မဟုတ်လား။ နှစ်တွေလည်း နည်းမှ မနည်းလှတော့ပဲ။ ရှိလှပေါ့။ အနှစ် နှစ်ဆယ်ကျော်တော့…။
                                မှတ်မိသေးတယ်။ လွန်ခဲ့တဲ့ အနှစ် နှစ်ဆယ်ကျော်ကာလတွေဆီက ဦးသုန်ကို လက်ဘက်ခြောက်ကုန်သည် အဖြစ် လူတွေ သတိထားမိခဲ့ကြတာ..။ ရှမ်းပြည်နယ်က တိုက်ရိုက်မှာယူရောင်းချတဲ့ ပလောင်ပျိုဖြူ ရွှေဖီမိုးလွတ် လက်ဘက်ခြောက်က အတော်လေးကို နာမည်ကြီးလိုက်သေးတာပါ။ နာမည် ကြီးတာလည်း မပြောနဲ့လေ။ ဈေးထဲမှာ ဆိုင်ကြီး ဟီးထနေရုံ အားမရပဲ လက်တွန်းလှည်းကလေးပေါ် လက်ဘက်ခြောက်အထုတ် အရွယ်စုံ တောင်ပုံ၊ ယာပုံ ပုံပြီး မြို့ထဲမှာ လည်ရောင်းပေးသေးတာ။ နှုတ်ကလည်း သူ့ ရွှေဖီမိုးလွတ်က ဘယ်လောက်ကောင်းကြောင်း၊ သူကိုယ်တိုင် ရှမ်းပြည်တက်ပြီး စိုက်ခင်းအရောက် ခူးဆွတ်ဝယ်ယူခဲ့ရသလို အာဘောင်အာရင်းသန်သန်နဲ့ လေတစ်လုံး၊ မိုးတစ်လုံး  အသံချဲ့စက်ကလေးနဲ့ ကြော်ငြာနေတော့တာ။ ဦးသုန်က လူကသာ ရေနံဝနေတဲ့ ပျဉ်ထောင်အိမ်နံရံတွေလို မည်းနက်မွဲခြောက် အသားရေနဲ့၊ ဂင်တိုတို ပုအိုင့်အိုင့်။ ဗိုက်ရွှဲရွှဲ တစ်ခွဲသားပေမယ့် ထူနက်နက် နှုတ်ခမ်းဖျားက ထွက်ကျလာသမျှ စကားလုံးတိုင်းကတော့ ကျောက်ဆင်းတုတောင် ခေါင်းညိတ်မိမတတ်ဖြစ်ရပါတယ် ဆို။  တကယ် အပြောကောင်းတဲ့ သူပါပဲ။  ဋ္ဌာန်နဲ့ မာန်နဲ့ လေယူလေသိမ်း အဖြတ်အတောက် ၊ အဖိအဖော့ကလည်း တကယ့်ကို ငေးမေ့မတတ် နားထောင်ယူရတာ။ အသံသြဇာကလည်း  တကယ် ကောင်းပဲ။ လှည်လည်ရောက်သွားသမျှ လမ်းတိုင်းက အိမ်တိုင်းစေ့နီးပါး သူ့ရွှေဖီမိုးလွတ်ကို အားပေးကြတာ ရောင်းမလောက်ပါပဲ။
                                 လမ်းဘေးဝဲယာမှာ ရှိသမျှ ဓါတ်တိုင်နဲ့ သစ်ပင်မှန်သမျှလည်း သူ့ ပလောင်ပျိုဖြူ ရွှေဖီမိုးလွတ်  ကြော်ငြာချည်းပဲ။ အိမ်တိုင်းစေ့ကိုလည်း လက်ကမ်းကြော်ငြာကလေးတွေ ဝေလိုက်သေးတာပါ..။ ဒါပေမဲ့ လက်ဘက်ခြောက် အမြည်းတော့ ဘယ်သူ့ကို မှ ရေနွေးကြမ်း တစ်ခါခပ်တောင် မပေးခဲ့ဘူးတဲ့။
                                ဦးသုန်တို့ … အချိန် အတော်ကြာ အောင်ပွဲခံလိုက်ရပါသေးတယ်။ သူ့ ရွှေဖီမိုးလွတ် အရသာကို မစွဲလန်း၊ မယုံကြည်လှပေမယ့် နှုတ်ဖျားမှာ၊ နားထဲမှာ လက်ဘက်ခြောက်ဝယ်မယ်ဆိုရင် ဦးသုန်ရဲ့  ပလောင်ပျိုဖြူ ရွှေဖီမိုးလွတ် ပဲ စိတ်ကစွဲနေတယ်။ ကျန်တဲ့ လက်ဘက်ခြောက်ဆိုင်တွေကလည်း လက်ဘက်ခြောက်မှာသာ အရောအနှောကင်းကင်းနဲ့ အရသာပိုကောင်းအောင် စေတနာထား၊ အားစိုက်ထုတ်နိုင်ကြပေမယ့် သူ့လိုမျိုး မြို့လုံးပတ်ပြီး အာဝဇ္ဖန်းရွှင်ရွှင်နဲ့ လော်တတ်ပြီး မကြော်ငြာရဲကြဘူး။ ပြီး ကြော်ငြာရဲ့  စွမ်းအားနဲ့ သက်ရောက်မှုကိုလည်း နားမလည်နိုင်လောက်အောင် ရိုးအကြသေးတာဆိုတော့ ကြော်ငြာစရိတ်ဆိုတာ အပိုသက်သက် ဖြုန်းတီးခြင်းတစ်မျိုးလို့ ယူဆမိကြတာကိုး။
                                ဒါပေမယ့် အချိန်တန်တော့လည်း  ဦးသုန်ရဲ့ ပလောင်ပျိုဖြူ ရွှေဖီမိုးလွတ်ဟာ ၀ါးလုံးထိုး စိုင်ဆင်းကျဆုံးရတော့တာပါပဲ။ ဦးသုန် နာမည်ကြားရင်ကို လူတွေက တဖူးဖူးမှုတ်နေဆဲ ရေနွေးကြမ်းခွက်ကို အနှမျောမဲ့ သွန်ချပစ်တတ်ကြတော့တာ။ တချို့ လက်ဘက်ရည် အရောင်၊ အနံ့ ကြည့်လိုက်တာနဲ့ ဦးသုန်ပဲလို့ သိပြီး မကြားဝံ့မနာသာ ဆဲရေးကြပြန်တာ..။
                                ဦးသုန်တို့ကတော့ မမှုပါဘူး။ သူ့သားနာမည်နဲ့ စားသုံးဆီ အရောင်းဆိုင် ပြောင်းဖွင့်ပြန်တာပဲ။ တမြို့လုံးကို လက်တွန်းလှည်းကလေးနဲ့ လှည့်ပြီး မကြော်ငြာတော့ပေမယ့် မြို့ထဲက ဓါတ်တိုင်တွေ၊ သစ်ပင်တွေတော့ ချမ်းသာရာ မရကြသေးပါဘူး။ လဘက်ရည်ဆိုင်တွေ၊ တိုက်နံရံတွေလည်း မထားဘူး။ လမ်းဆုံလမ်းခွမှာလည်း ဆိမ့်ဆိမ့်လေး ပဲဆီသန့် ကြော်ငြာတွေ ဟီးထလိုပဲ့။
                                လူတွေကလည်း လူတွေပဲ။ ရွှေဖီမိုးလွတ်တုန်းက အလိမ်ခံခဲ့ကြရတာ မေ့နေကြသလား မသိဘူး။ မမေ့သည့်တိုင်အောင် စားသုံးဆီ ကိုတော့ လက်ဘက်ခြောက်တုန်းကလို လိမ်ညာရောနှော မရောင်းတန်ကောင်းဘူးလို့ ထင်စားယုံကြည်ပေးချင်ကြတာ ဖြစ်မယ်။ ကြော်ငြာမှာပါတဲ့ “ကျန်းမာဘေးကင်း၊ စားမြိန်ဟင်းတစ်ခွက်အတွက်…  ဆိမ့်ဆိမ့်လေး ပဲဆီ၊ ဆုံဆီသန့်” ဆိုတာကို သည်းခြေကြိုက်သွားခဲ့ကြတယ် ထင်ပါရဲ့။  အဲတော့ ခံလိုက်ရပြန်ရော…။ ပဲဆီသန့်နဲ့ ချက်တဲ့ ဟင်းတွေက စားခါနီးတော့ ခဲနေတတ်တာ။ ဆီအိုးထဲမှာ ဖြူညစ်ညစ် အနည်အနှစ်တွေ ထုတက်လာမှ နံရံက ဆိမ့်ဆိမ့်လေးပဲဆီသန့် ကြော်ငြာပြက္ခဒိန်ကို စိတ်ဆိုးမာန်ဆိုး ဆွဲဆုတ်မိကြတော့တာ…။
                                သူ့ကို လူတွေ သတိထားလာမိကြတာ၊ ရိပ်မိနားလည်လာကြတာ ဦးသုန်လည်း သိပါတယ်။ ဒါပေမယ့် တစ်သက်လုံး စွဲလာတဲ့ အကျင့်က ပြင်လို့မှ မရတော့တာ။ ပြီး ကြော်ငြာနဲ့ ၀ါဒဖြန့်ခြင်းရဲ့ စွမ်းပကားကိုလည်း ဦးသုန်က ယုံကြည်နေတုန်းပဲ။ ဒီ တစ်ကြိမ် အောင်ဘာလေထီ ရောင်းတယ်။ အောင်ဘာလေထီဆိုတာ နိုင်ငံတော်က ထုတ်တာ။ ဦးသုန်က ဘာလုပ်လို့ ရမှာလဲ။ ကြော်ငြာပြန်တာပဲ။ မြို့ထဲအနှံ့ ထီလှည်းကလေးနဲ့ လှည့်ပြီး အာဘောင်အာရင်း သန်နေပြန်တာပဲ။ ဆုကြီးပေါက်ရင် ဆုကြေးအပြင်  အပိုဆုနဲ့ လက်ဆောင်တွေ ဘယ်လိုချီးမြှင့်မယ် ဆိုပြီး သာချင်းတစ်ထပ် ကြော်ငြာနေပြန်တာပဲ။  ရောင်းလည်း ရောင်းရပြန်တာပါပဲ။
                                ဆိုင်မှာလည်း အုန်းပွဲ၊ ငှက်ပျောပွဲတွေနဲ့ မြိုင်ဆိုင်နေတော့တာပါ။ အမွှေးတိုင်ရနံ့တွေလည်း ကြိုင်လှောက်လို့ပေါ့။ ထီဆုကြီး မ၀င်ခင်တော့ ဘယ်သူမှ မရိပ်မိကြဘူး။ ၀င်ပြန်တော့လည်း ဆုကလေးတွေ ဆိုတော့ သိပ် အကဲခပ် မရကြဘူး။ “မဟာကုဋေကြွယ် သိန်းသန်းထီဆိုင်” မှာ ထီဆုကြီး တစ်ဆုလည်း ၀င်ဆောင့်လိုက်ရော.. ဘူးပေါ်သလို ပေါ်ပါလေရော..။ ဘယ်မှာလည်း အပိုဆုကြေး။ သူ့ကြော်ငြာမှာပါတဲ့ နိုင်ငံကျော်ထီဆိုင်ကြီးက သူနဲ့ လားလားမှ မဆိုင်တာပဲ။ ကိုယ်စားလှယ် ယူထားပါတယ် ဆိုတာလည်း အဟုတ်မှ မဟုတ်ပဲ။ ထီလက်မှတ် အစစ်ဖြစ်နေတာတောင် ကျေးဇူးတင်စရာ ကောင်းလှပြီ။
                                ဦးသုန်ကတော့ မလျှော့သေးပါဘူး။ ထီဆိုင်ပျက်တာနဲ့ သင်္ကန်း၊ ပရိက္ခရာဆိုင် ဖွင့်လိုက်ပြန်ပါပြီ။ ကြော်ငြာအင်အားကတော့ ထုံးစံအတိုင်းပဲ။ နည်းနည်းမှ မလျှော့တဲ့အပြင် ပိုပြီးတောင် အင်အားသုံးနေပြန်သေးတယ်။ ကားဂိတ်၊ သဘောင်္ဆိပ်တွေတင် မကတော့ဘူး။ မြို့နယ်နမိတ်အတွင်းထဲက ဘုန်းကြီးကျောင်းတွေအထိ ကိုယ်တိုင်ဝင်ပြီး ကြော်ငြာကမ်းပါတယ်ဆို။
                                ဆိုင်ရှေ့ဖြတ်လျှောက်မိသူ  မှန်သမျှလည်း မလွတ်စေရဘူး။ ရဟန်းဆောင်းထီး တစ်လက်၊ ယပ်တစ်ချောင်းလာဝယ်တဲ့ သူကိုလည်း ကြော်ငြာလေး ကမ်းပေးလိုက်တာပဲ။ ၀တ်ခွက်ကလေး တစ်ကဒ်လောက် ၀ယ်သူလည်း  ကြော်ငြာကမ်းတာပဲ။
                                ဒါပေမယ့် အချိန်တန်တော့လည်း ဦးသုန်က ဦးသုန်ပါပဲ။ ချွေးနဲစာလေး ခြစ်ချုပ်စုဆောင်းလို့ မြတ်ဆုပန်သင်္ကန်းပရိက္ခရာတိုက်က သင်္ကန်းဒွိစုံ အသစ်စက်စက်ကလေး အမွန်အမြတ်ထားပြီး ၀ယ်ယူဆက်ကပ် မိပါတယ်။ ကြည်ကြည်နူးနူး ၊ သာဓုလေးမှ သုံးခွန်းပြည့်အောင် မခေါ်ရသေးမီ ကိုယ်ကပ်လှူလိုက်တဲ့ သင်္ကန်းက ပိုးပေါက်ပါလာလို့ စိတ်အနှောင့်အယှက် ဖြစ်ရပါရော..။ ပါကင်ဗူးခွံကတော့ လှပကြွရွလို့၊ အထဲက သင်္ကန်းက ကျောင်းပြန်အဟောင်းကြီး ဖြစ်နေလို့ အလှူရှင်တွေမှာ ငိုမဲ့မဲ့ဖြစ်ရတာလည်း အကြိမ်ကြိမ်..။
                                ဒီတစ်ခါတော့ ဦးသုန်ကို ဘယ်သူကမှ အယုံအကြည်ကို မရှိကြတော့တာ..။ တကယ်တော့ ဦးသုန်လည်းပဲ စိတ်သာ ရှိတော့တာပါ။ လူလည်း အိုနာစာကျလုနေပါပြီ။ စိတ်ရှိသလောက်လည်း ကိုယ်က စိတ်နောက်ကိုယ်ပါ မလိုက်နိုင်တော့ပါဘူး။ ဒါပေမယ့် ဦးသုန်ရဲ့ မျိုးဆက်၊ သူ့သားတွေလည်း ရှိသေးတယ် မဟုတ်လား။ သူတို့ကလည်း ဘမျိုးဘိုးတူလေးတွေပါပဲ။ ငယ်ငယ်ကတည်းက ဒီအဖေက လက်တွဲခေါ်ယူလို့ တတ်မှတ်သင့်ရာ ပညာအမွေက ရပြီးသား။
                                မန္တလေးမြို့တော်က နာမည်ကျော် ပုဏားဆရာကြီး  ----ရဲ့ တစ်နှစ်စာ ဗေဒင်ဟောစာတမ်းနဲ့ မဟာသင်္ကြန်စာ တဲ့။ သူကိုယ်တိုင်က ဆရာကြီးရဲ့ ပညာရင်နို့ သောက်စို့နေဆဲ လက်ရင်းတပည့် လိုလို ပြောဟောနေပြန်တာပါ။  နောက် တစ်လလောက်နေတော့ အကြောပေါင်းတစ်ထောင် လျော့ပြေစေတဲ့ တောင်ဆိတ်ဆီတဲ့။ ကချင်ပြည်နယ်ရဲ့ တောတောင်အထပ်ထပ်ကို ကိုယ်တိုင်တိုးဝင်ဖြတ်ကျော်လို့ ကိုယ်တိုင်ပဲ အမဲလိုက်ပြီး တောင်ဆိတ်ကိုဖမ်းမိခဲ့သလိုလည်း ဆိုပြန်သေးရဲ့။ ဘယ်လူမျိုး၊ ဘယ်တိုင်းရင်းသားမှန်းမသိတဲ့ ခပ်ဝဲ၀ဲ မပီကလာ သေသံနဲ့  သူတိုပဲ့ တတ်နိုင်တယ်။ ဖားဥနဲ့ အစွန်းချွတ်ဆေး ဆိုပြီး ရန်ကုန်ပင်ရင်းဆိုင် လိပ်စာပါ အတိအကျ ညွှန်းလို့ ကြော်ငြာရောင်းကြပြန်တော့လည်း မနေနိုင်တဲ့ လူတွေက အဲဒါ တီဗွီက နေ့စဉ်ကြော်ငြာနေတဲ့ တိုင်းရင်းဆေး ဖြန့်ချိရေးဆိုင် လိပ်စာကြီးလို့ ပြောကြပြန်ရော…။
                                ပြောရရင်တော့ ဦးသုန်က ဆင်းသက်ပြီး ဦးသုန်ရဲ့ သားတွေ လက်ထက်အထိပါ ဘယ်လိုမှ ယုံကြည်လို့ မရတဲ့သူတွေပါ။  ဒါပေမယ့် ဦးသုန်တို့သားအဖတွေကလည်း ဒီနေ့အထိ ခပ်တည်တည်ပဲ။ နည်းနည်းမှ မလျှော့တဲ့ အထဲကပါပဲ။  အခါအားလျော်စွာ ကြော်ငြာနေကြဆဲပဲ။ အာဘောင်အာရင်းနဲ့ မစားရ ၀ခမန်းတွေ ဆိုနေကြတုန်းပဲ။
ဒီမြို့က ဓါတ်တိုင်တွေ၊ သစ်ပင်တွေ၊ နံရံလွတ်တွေလည်း အားရတယ်ကို မရှိပါဘူး။ တော်ကြာနေ သူတို့ ကြော်ငြာလာကပ် ကြတော့မှာ..။  
  ။

10 comments:

  1. တစ်ခေတ်ပြောင်းတိုင်း ခေတ်အကြောင်းကို သိနေတဲ့ သူတွေက ဒီလိုဘဲ ကြော်ငြာအားကိုးနဲ့ အမြတ်ထုတ်နေကျလေ။ ကြော်ညာ ဆိုကထဲက အမှန်မှ မဟုတ်တာ။ ယုံတဲ့သူတွေ ခံရုံဘဲပေါ့။း)

    မရောက်တာ အတော်လေး ကြာသွားတယ်။

    ReplyDelete
  2. အင်း.. ကျော်အောင်ညာ တော့လည်း ယုံတဲ့လူက ယုံတာပေါ့.. ဒါပေမယ့်လည်း ကြာကြာတော့ မခံပါဘူးလေ..

    ReplyDelete
  3. Hi, Very Interesting post you have here... It would be my pleasure if you visit my website too. Here's the link http://motors.com.mm/?utm_campaign=mot_mm_lb_blog_riche&utm_source=mot_lb_blog&;

    ReplyDelete
  4. မရောက်တာ ကြာသွားတယ် ကိုသတိုး။ မဖတ်ရသေးတာတွေ ခုမှဖတ်ရတယ်။
    ကြော်ငြာအားက ဘယ်လောက်တာသွားလဲဆိုတာ....
    ခင်မင်လျက်
    သဒ္ဓါ

    ReplyDelete
  5. ရွှေမြို့တော်နဲ့ ကြော်ငြာ....:):)

    ReplyDelete
  6. တစ်ချို့လူတွေကျပြန်တော့ ကြော်ငြာကိုမှ အထင်ကြီးပြီးသုံးကြပြန်တယ် သတိုးရေ။
    မမှန်မကန်လုပ်တဲ့သူဟာ ရေရှည်မခံတာသဘာဝပါ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  7. Hi your blogs looks so impormative and interesting.would you come and visit us back too
    http://motors.com.mm/?utm_campaign=mot_mm_lb_blog_mgesc&utm_source=mot_lb_blog&utm_medium=lb_blog

    ReplyDelete
  8. ကြော်ငြာနဲ့လုပ်စားသွားတာ သားစဉ်မြေးဆက်ပါပဲလား။

    ReplyDelete
  9. အဖေအမွေ သားဆက်ခံလိုက်တာပေါ့နော်။
    အနှစ်မရှိ ကြော်ငြာတွေ ပလူပျံနေတာကတော့ နေရာအနှံ့ပါဘဲ။
    အဲ့ဒီလို ကြော်ငြာမျိုးကြ အသက်အောင့်ပြီးတောင် မကြည့်ချင်တာ..။

    ReplyDelete
  10. ကျွန်တော်ကတော့တွေးရတာဝါသနာပါတော့တွေးပါတယ်ကိုသတိုး။ ခင်ဗျားဆိုလိုချင်တာကြော်ငြာကိုမဟုတ်ဘူး။ လူ့သဘာဝကိုပါ။ ပြီးတော့ ခင်ဗျားတစ်ခုခုကိုပြောချင်နေတယ်ဆိုတာကျွန်တော်သိတယ်။ အဲဒါဘာလဲကိုထုတ်ပြောလိုက်ရင် ခင်ဗျားစာလာဖတ်သူတွေပေါ့သွားမှာစိုးလို့ ကျွန်တော်မပြောတော့ပါဘူး။ ဒေါင်းတံဆိပ်အင်္ကျီဒီဇိုင်းသစ်ကို ၀တ်ချင်လို့ဝတ်စုံသစ်ကိုစောင့်နေတဲ့ကျွန်တော်တို့လိုလူတွေအတွက် အဲဒီကြော်ငြာရှင်ကြီးလုပ်ရပ်ကတော့ ဒီနေ့အထိ အော့နှလုံးနာနေဆဲပါ။ သူ့သားတွေဆိုတာလည်း သူ့လိုပဲပေါ့ဗျာ။ ကျွန်တော့်အတွေးဆိုတော့ မှန်ချင်မှလည်းမှန်ပါလိမ့်မယ်။

    ReplyDelete

စိတ်ထဲ ခံစားမိသလို မျှဝေပြောပြခဲ့ပါဦး...။