Sunday, July 22, 2012

မင်္ဂလာ နဒီ

             အမေ ခံစားနေရသော ရောဂါဝေဒနာသည် အနည်းငယ်မက သည်းသန်ကာ မဖြစ်မနေ ဆေးရုံတက်ရောက် ကုသမှ ဖြစ်တော့မည်ဟု သေချာသွားခဲ့စဉ် မသိစိတ်မှာ လှစ်ခနဲ ၀မ်းသာမိတော့မလို ကျေနပ်စိတ်ကလေး ၀င်ခဲ့မိလေတာ …။
                   အမေ ချစ်မြတ်အားအကိုးရဆုံးသော အမေ့သားကြီး၏ လျှပ်တစ်ပြက် စိတ်အပြောင်းအလဲကို အခြားသူတွေသိလျှင် ဘာပြောကြမလဲ မသိ။ အမေသာသိနိုင်ခဲ့လျှင်တော့ အံ့သြတကြီး မျက်မှောင်ချီကာ …
“အကြောင်းပြချက်ကလေး လင်းစမ်းပါဦးတော်”
                   ... ဟု မေးကလေးဆတ်လို့ ပြုံးစနဲ့နဲ့ ဆိုလေဦးမည် ထင်သည်။
                   ကျွန်တော့် စိတ်အတွေးတွေဟာ ရူးမိုက်လွန်းလှတာတော့ ကိုယ်တိုင်လည်း သိပါရဲ့။ ဒါပေမယ့် ဘာအတွက်မှ ငဲ့ကွက်ချင့်တွက်ရခြင်းမရှိသော အခြေအနေမှာ လိုအပ်သော ဆေးဝါးဓါတ်စာ အပြည့်အစုံ၊ အလျှံပယ်နှင့် အမေ့ကို ပြုစုကုသဖို့ အခွင့်အရေးရခဲ့ပြီ မဟုတ်လား။ အမေ ပြန်လည် နေကောင်း ကျန်းမာလာဖို့ လိုအပ်သမျှ ဖြည့်စွမ်းနိုင်သည့် အခြေအနေ ကျွန်တော်တို့မှာ အသင့်ရှိနေသည်။ အမေ အားငယ်ပူပန်မရှိစေရ..။ ဘယ်လောက်များ ကျေနပ်စရာ ကောင်းလိုက်ပါသလဲ။
                   အမေ့ရောဂါ ဝေဒနာဟာ ကင်ဆာလို ကုသရန်ခက်ခဲနေမှာ မဟုတ်ပေမယ့် အမေ့အသက်အရွယ်အရ ရောဂါဒဏ်ကို အလူးအလဲ ခံစားနေရတာကတော့ မကြည့်ရက်စရာ ပဲ ဖြစ်ပါသည်။ အသက်အန္တရာယ်နှင့်လည်း အတန်ငယ် ဝေးလှမ်းနေသေးသည်ဟု ပြောနိုင်ပေမယ့် ခွဲစိတ်ကုသမှုဒဏ်ကို အမေ တောင့်ခံနိုင်ပါ့မလား။ တထိတ်ထိတ်ပူပန်ကာ အမေ့အတွက် စိုးရိမ်ကြီးမိရပါသည်။
                   ဒါကြောင့်မို့လည်း အမေ့ရောဂါဝေဒနာတွေ ပျောက်ကင်းလို့ ဆေးရုံကဆင်း၊ အိမ်ပြန်ရောက်တဲ့ အချိန်အထိ အမေ့ကို ခွဲစိတ်ကုသနေချိန်တလျှောက်လုံး အမေ့တွက် ကျွန်တော့်ရဲ့ ပူပန်ရင်မောခြင်း သောကတွေကို တလှစ်လှစ် ပေါ်လာတတ်တဲ့ အဲဒီကျေနပ်ကြည်နူး စိတ်ကလေးနဲ့ပဲ ဖြေဖျောက်ခဲ့ရတာ…။
*********
                   သည်းခြေမှာ ကျောက်တည်တဲ့ရောဂါက အမေ့အတွက် ဒုတိယ အကြိမ်ဖြစ်ပါသည်။ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ဆီက တစ်ကြိမ် အမေ့မှာ သည်းခြေကျောက်တည်ခဲဖူ့းသေးသည်။ အဲသည်စဉ်အချိန်က ဒုက္ခ၊သောကနဲ့ ပူပန်ပင်ပန်းခဲ့မှုတွေကို ဘယ်အခါမှ ပြန်မတွေးချင်ပါ။
                   အမေ့ ၀မ်းဗိုက်က အောင့်အောင့်နေတတ်တာ နှစ်နဲ့ကို ချီခဲ့ပြီဖြစ်ပေမယ့် လေဆေးကလေး သောက်လို့ ရင်ဘတ်အောက် ခေါင်းအုံးကလေးခုပြီး တဟင်းဟင်း ညည်းငြူနေရုံထက် မပို။ မခံနိုင်လောက်အောင် အခြေအနေဆိုးလျှင်တော့ မတတ်သာစွာ ဆေးခန်းပြေးရပြန်တော့ပြီ။ ဆေးထိုး၊ ဆေးသောက် ကြောက်လွန်းလှတဲ့ အမေက တော်တန်ရုံ အပရိက အနာလောက်တော့ဖြင့် ခံနိုင်သလောက် ပေခံနေခဲ့တာပင်။ အမေက ဆေးဖိုး အပို ကုန်ကျရမှာကိုလည်း အလွန်အင်မတန် နှမျောစေးနဲလှသူ မဟုတ်လား။ အဲသည်စဉ်တုန်းက အခြေအနေဟာ မနှမျောလို့လည်း မဖြစ်သော အကျပ်အတည်းဆုံး အခြေအနေပေ။ ကျွန်တော်တို့ညီအစ်ကို ကျောင်းသားလေးယောက်ရဲ့ ကျောင်းစရိတ်ဟာ ကျောင်းဈေးသည် အမေ့အတွက် ကြီးမားလေးလံလှတဲ့ ၀န်ထုပ်၊၀န်ပိုးလို့ မဆိုရက်ခဲ့လျှင်တောင် ခါးချိမတတ် အန်ခဲရုန်းကန်ခဲ့ရတာတော့ အမှန်။ အသက်နှစ်နှစ်စီသာ ခြားသော သားတွေက အတန်းချင်းလည်း သိပ်မကွာကြ။ အကြီးဆုံး သားကြီး ဆယ်တန်းဖြေချိန်မှာ အငယ်ဆုံးသားက ငါးတန်းတက်နေရပြီ။
                   လောကဓံနဲ့ အလိုက်သင့်၊ အလျားသင့် ထုသားပေသား ကျနေသူမို့ အမေက ဘယ်တော့မှ မောနွမ်းဟန် မပြခဲ့ စဖူး။ ညည်းငြူဖို့တော့ ဝေးလာဝေး.။ သူ့သားတွေ စိတ်အားငယ်ကြမှာကိုပင် အစဉ် တွေးပူနေတတ်ပြန်သေးတာ။
                   အဲသည်စဉ် အချိန်ကတည်းက ကျွန်တော်တို့ ညီအစ်ကိုတတွေ အချင်းချင်း ညီညွတ်တိုင်ပင်ခဲ့ဖူးသည်။ အမေ့ကို ငွေးကြေးဥစ္စာ ချမ်းသာပြည့်စုံအောင် မထားနိုင်လျှင်တောင် သားတွေအတွက် ပူပန်ခြင်းကင်းကင်းနဲ့ စိတ်လက်ချမ်းသာအောင် ထားကြမယ်… လို့ပင်။
                   အဖေရှိစဉ်တုန်းကတော့ စားဝတ်နေမှုအတွက် အမေ မပူပန်၊ မပင်ပန်းခဲ့ရစဖူး။ ဒါပေမယ့် အဖေက ယစ်ရွှေရည်ကလေး တမြမြနှင့် “လူ့မင်းသား” ပေ။ ပြီး မူးလာလျှင်လည်း အလွန်သွေးဆိုးတတ်ပြန်သေးတာ…။ ပုံမှန် အချိန်တွေမှာ အနေအေးဆေးပြီး သဘောကောင်းလွန်းလှတဲ့ အဖေက မူးလာလျှင်တော့ ဘယ်သူ့ကိုမှ ချမ်းသာ မပေးတတ်။ အယုတ်၊ အလတ်၊ အမြတ်လည်း ရွေးမနေဘူး။ အမေကတော့ အဖေနဲ့ အနီးကပ်ဆုံးသော ဆွေမျိုးရင်းချာဆိုတော့ အဖေ့ ဆိုးမျိုးသည်းညည်းကို လိမ့်နေအောင် ခံခဲ့ရဖူးတာ။ ဒါပေမယ့် ဒီနေ့အထိ အဖေနဲ့ ပတ်သက်လို့ အမေ့နှုတ်က ငြိုငြင်ပြစ်တင်စကား တစ်ခွန်းမှ မဆိုခဲ့စဖူးလေ….။
                   ဒါပေမယ့် အမေ့ဒုက္ခနှင့် သောကမျက်ရည်တွေကို ခပ်ရေးရေးပြပြ သိမီနားလည်လိုက်တဲ့ ကျွန်တော်တို့ ညီအစ်ကိုတတွေကတော့ အရက်သေစာ ဝေရာမဏိကြဖို့ အဲသည်စဉ်ကတည်းက တညီတညွတ်တည်း ဆုံးဖြတ်ဖြစ်ခဲ့ကြတာ…။ ကျွန်တော်အောက် ညီ အလတ်ကောင်က တစ်သက်လုံးတော့ မလုပ်နဲ့ကွာ။ တို့က ယောက်ျားတွေဆိုတော့လေ.. တဲ့။ အစ်ကိုလတ်ရဲ့ ဈေးဆစ်ခြင်းကို ညီငယ်နှစ်ယောက်ကပါ တပြုံးပြုံးနဲ့ ထောက်ခံအားဖြည့်ချင်နေတဲ့ပုံ။ အနည်းဆုံး အမေ့တစ်သက်ကွာ။ ကျွန်တော်က အစ်ကိုကြီးပီပီ ရုပ်တည်နဲ့ ဆုံးဖြတ်လိုက်တော့ သူတို့သဘောတူလိုက်ကြရတာပဲ။ အရက်သောက်တတ်တဲ့ သွေးဆိုးဆိုးယောက်ျားရဲ့ ၀ဋ်ကြွေးတွေပြေချိန်တန်လို့ မုဆိုးမဘ၀ ရောက်ပြီးနောက်မှာတောင် သား အရက်သမားတွေရဲ့ ဒဏ်ကို ဆက်ခံရဦးမည်ဆိုလျှင် အမေ့ဘ၀ ဘယ်မှာ ဖြေစရာ ရှိတော့မှာပါလဲ။ အမေ့တစ်သက်မှာ သားဆိုးအမေ မဖြစ်စေရ…။
************
                   ဘ၀တစ်လျှောက်လုံး ခင်ပွန်းနဲ့ သားတွေအတွက် ပေးဆပ်ဖြည့်ဆည်းပေးခဲ့တဲ့ အမေက သူ့အတွက်ကျတော့ ရောဂါ၊ ဝေဒနာတွေကိုသာ အဆောက်အဦးဖွဲ့ စုဆောင်းမိခဲ့သတဲ့။ ဒါတောင် သားတွေအားလုံး အတောင်အလက်စုံလေမှ အမေက သူ့ဝေဒနာကို မခံမရပ်နိုင်ပဲ ဖွင့်ချခဲ့လေတာဖြစ်သည်။ တစ်ရစ်ပြီးတစ်ရစ် လျော့ပြေလာတဲ့ တာဝန်တွေအတွက် အမေ ကျေနပ်လက်လျော့ရင်း ကိုယ်ခံစွမ်းအားတွေ ဆုတ်လျော့သွားခဲ့သလား။
                   ဆိုးတာက အရေးအကြောင်းကျတော့ အမေ့သားတွေဟာ အမေ့နံဘေးမှာ ခြေဆုတ်လက်နယ် ပြုပေးရုံသာ တတ်နိုင်ခဲ့ကြပြီး ငွေနဲ့ ကြေးနဲ့ ဆုတ်ဆုတ်ခဲခဲ ကူပံ့အားဖြည့်မပေးနိုင်ကြပေ။ ဘ၀ကိုယ်စီမှာ ရုန်းကန်ကြိုးစားရင်း ခါတရံ လဲပြိုလုလု အခြေအနေ…။ မနည်းဇွဲခပ်ကာ အံခဲရပ်တည် နေကြရတာ မဟုတ်လား။
                   အမေတစ်ယောက် ၀မ်းဗိုက်ဆီက မခံမရပ်နိုင်အောင် စူးအောင့်သော ဝေဒနာနှင့် လိမ့်လိမ့်လူးနေခဲ့ရသော နေ့ရက်တွေ။ ဆောက်တည်ရာမဲ့ ညည်းတွားဟစ်အော်လျှက် အံကြိတ်မျက်ရည်ကျခဲ့ရတာတွေ..။ ၀မ်းဗိုက်က အနည်းငယ် သက်သာလို့ ခဏငယ်မျှ ငြိမ်ငြိမ်ကလေး မှေးစက်မည်ပြင်လျှင် ချမ်းတုန်လျှက် အဖျားတက်လာခဲ့ပြန်တာ။ အမေ့အသားအရည်၊ မျက်လုံးတွေက ဖြူလျော်လျော်၊ ၀ါရီရီ…။ အစာပျော့ကလေး အနည်းငယ်မျှပင် စားမ၀င်၊ ပင်ပန်းတကြီး မြိုချနေရကာ ၀မ်းဗိုက်ဆီမှ ဘယ်အချိန် ထအောင့်ကာ ထိုးအန်လိုက်တော့မလဲ တထင့်ထင့်ပူပန်နေလျှက် ၀မ်းဗိုက်ကြီးက ကျောက်ပြင်တစ်ချပ်နှယ် မာတင်းနေခဲ့ပြန်တာ..။
                   ဆေးရုံသို့ ရှေ့တိုးနောက်ငင်ခြေလှမ်းတွေနှင့် ရောက်လာခဲ့အပြီး ရက် အတန်ကြာမှာ အတော်အတန် သက်သာရာ ရခဲ့ပြီ ဖြစ်ပေမယ့်…
“ခွဲရမယ်”
                   ပါရဂူကြီးရဲ့ နှုတ်မိန့်စကားတစ်ခွန်းက ညင်သာညံ့သက်လွန်းပါရဲ့။ ဒါပေမယ့် သားအမိတတွေ နှုတ်ဆွံ့ငြိမ်ငေးသွားခဲ့ကြတာ အကြာကြီး။ သားလေးယောက် မွေးထားနိုင်လို့ မိန်းမမြတ်အဖြစ် ထင်စားဝင့်ကြွားခဲ့ဖူးတဲ့ အမေ့ခမျာ အသက်ဆက်ခွင့်အတွက် သိန်းဂဏန်းမျှ ငွေကြေးအတွက် အခက်ကြုံကာ အသက်ရှူမ၀တော့။ အမေ့တစ်ဘ၀လုံး စွမ်းဆောင်ဖြည့်ဆည်းပေးခဲ့သမျှနှင့် မထိုက်တန်လှအောင် လက်စခြေစတုံးလွန်းလှတာအတွက် ကျွန်တော်တို့ ညီအစ်ကိုတတွေ ရှက်ရွံ့မဆုံးတော့နိုင်။ အစွမ်းအစမဲ့ သားတို့တတွေ အမေ့ကွယ်ရာမှာ ပုန်းပုန်းဝှက်ဝှက် ငိုခဲ့ကြရတာ အမေ မရိပ်မိပါစေနှင့်။
“မြို့ပြန်ပြီး ငွေရှာမယ်”
                   သွေးရူးသွေးတမ်း အော်ဟစ်မိခဲ့သော စကားတွေ…။ အမေကတော့ ပြတ်သားစွာပင်..။
“လုပ်မနေနဲ့။ မခွဲဘူး”
“အမေ…”
“ဟင့်အင်း။ မခွဲချင်ဘူး။ အမေ… အမေကြောက်တယ်”
                   အမေ ဘာကို ကြောက်နေတာလဲ။ ခွဲစိတ်ကုသဖို့ ငွေရှာရင်း သားတွေ ပင်ပန်းဆင်းရဲမှာ၊ ၀န်ထုတ်ဝန်ပိုးဖြစ်မှာကို အမေ စိုးရိမ်တွေးပူကာ ကြောက်လန့်နေတာ မဟုတ်လား။
                   အမေရယ်လေ…။ အဲဒီနေ့တွေက စလို့ မူဟန်သွင်ပြင် ထူးခြားမာကျော လာခဲ့ပြန်တာ အံစရာ။ တစ်သက်လုံး ရွတ်ပွားပူဇော်လာခဲ့တဲ့ ဘုရားဂုဏ်တော်တွေ ရွတ်ပွားကာ သစ္စာဆိုခဲ့ သည်တဲ့။ ပြီး.. ပရိတ်ကြီး (၁၁)သုတ်နှင့် ပဋ္ဌာန်းဒေသနာတော်မြတ်ကြီးကိုလည်း နေ့ညည့်မပြတ် နှုတ်တက်ရွရွ ရွတ်ဖတ်မပျက်။ မြန်မာတိုင်းရင်းဆေးနှင့် ဆေးမြီးတိုတွေကလည်း ကံအခွင့်သင့်တဲ့အခါ အစွမ်းထက်မြက်တာပါပဲဟု ဆိုပြန်ပြီ။ “ကတိသစ္စာ၊ တည်သောခါဝယ်၊ သြဇာလေးနက်၊ ပေါ်ဆီတက်သလို၊ နွယ်မြက်သစ်ပင် ဆေးဖက်ဝင်၏” …တဲ့။ အမေ့ အပြုံးတွေက အံသြဖွယ်ရာ တစ်နေ့တခြား လင်းလက်ကာ ထူထောင်မာချာရှိလာခဲ့လေမှ မျက်ရည်ဝေ့ဝေ့ကြားမှ မယုံကြည်နိုင်စွာ ၀မ်းမြောက်ကြည်နူးခဲ့ကြရတာ။ ယနေ့ အချိန်ထိတိုင် သားတို့ဘ၀မှာ အမေ့ကို ရှိနေစေသော ကံကြမ္မာကို အထူးကျေးဇူးတင်ခဲ့မိရဲ့။
*************
“အရင် တစ်ခါလိုပဲတဲ့။ ခွဲမှ ဖြစ်မယ်လို့ ပြောပြန်ပြီ”
“ခွဲမှ ပျောက်မယ်ဆို ခွဲရမှာပေါ့ အမေရဲ့”
“အရင်ကတောင် မခွဲရပဲနဲ့ ပျောက်ခဲ့သေးတယ် မဟုတ်လား”
                   အမေကတော့ ထုံးစံအတိုင်း ငြင်းဆန်မြဲပဲ။ ဒါပေမယ့် အမေ့အားကိုးရာ ဆေးမြီးတိုတွေလည်း လက်လှမ်းတမီ စုံလုပြီ။
“ဟိုတစ်ခါနဲ့ မတူတာက အမေ့အသက် ဆယ်နှစ်ကျော် ပိုကြီးသွားပြီ။ တော်တန်ရုံရောဂါဒဏ်ကို အမေ မခံနိုင်တော့မှာ စိတ်ပူတယ် အမေ။ ဟိုဆေး၊ သည်ဆေး ကောင်းနိုးရာရာတွေ မျက်ရမ်းမှန်းဆ၊ လက်တည့်စမ်းရင်း အမေ လုံးပါး ပါးသွားပါ့မယ်”
                   အခုပင် အမေခမျာ ပင်ပန်းဖျော့တော့လွန်းလှပြီ မဟုတ်လား။
“ဟိုတစ်ခါက လက်ထဲလည်း ငွေမရှိကြဘူးလေ အမေရဲ့။ ခုက အမေ့သားကြီးက ဘောစိပါ။ ဟဲ ..ဟဲ”
                   အမေ့မျက်ဝန်းမှိန်မှိန်ကလေး ခဏတော့ အရောင်လက်သွားခဲ့တယ် ထင်ပါရဲ့။ ဒါပေမယ့် ခေါင်းခါငြင်းဆန် နေမြဲပဲ။ ငွေကြေးအသုံးအစွဲ ကျစ်လျစ်စနစ်ကျလှတဲ့ သားကြီးဟာ ခြိုးခြံစုဆောင်းရသမျှ ငွေးကြေးကလေးကို ကြွေးသစ်ချဖို့ ရည်ရွယ်လို့ ထုပ်ထုပ်ပိုက်ပိုက်ထားခဲ့တာ..။ ဒီနှစ်လာမယ့်နွေမှာ အမေ့မြေးတွေကို ရှင်ပြုပေးရအောင် လို့ အမေ့ကို တိုင်ပင်ခဲ့ဖူးသား မဟုတ်လား။
“အခြေအနေပေးရင် လှူဖြစ်မယ် ပြောတာပါ အမေရယ်။ ကျွန်တော်ကသာ ဆန္ဒစောနေတာ…။ လှူဖြစ်ရင်လည်း အမေ့မြေးအားလုံး တပြိုင်တည်း ဖြစ်စေချင်သေးတာ မဟုတ်လား။ အငယ်ကောင်တွေက သင်္ကန်းတောင် မနိုင်သေးပါဘူး”
                   ဘာပဲဖြစ်ဖြစ်ပေါ့ ။ မြေးတွေအတွက် လှူမည်ဟု ရည်စူးပြီးသားငွေကို အသက်ရှင်သန်ဖို့ အတွက် မသုံးစေချင်။
                   ဒါပေမယ့် အမေ ကြာကြာ မငြင်းဆန်နိုင်တော့ဘူး မဟုတ်လား။ သေခြင်းတရားကိုတောင် တည်ငြိမ်စွာ ရင်ဆိုင်နိုင်စွမ်းရှိလိမ့်မယ်လို့ ကိုယ့်ကိုယ်ကိုယ် ထင်စားယုံကြည်ခဲ့တဲ့ အမေတစ်ယောက် နာခြင်းတရားရဲ့ ဖိစီးနှိပ်စက်မှုဝေဒနာမှာ လူးလူးလိမ့်လိမ့် မခံရပ်နိုင်တော့ပြီ။
                   အမေရှောင်ဖယ်ချင်သော ဆေးရုံဆီ တစ်ခေါက်ရောက်ခဲ့ရပြန်ပြီ။ သည်တစ်ကြိမ်တော့ တကယ်ကို ခွဲခန်းဝင်ဖြစ်ခဲ့ရပြီ။
**************
                   အမေ ခွဲခန်းဝင်ချိန်က အနည်းငယ် ပိုမိုကြံ့ကြာနေပါလား။ ဆရာဝန်၊ ဆရာမတွေ၏ ပုံမှန် လှုပ်ရှားမှုတွေကိုပဲ အမြင်မှာ ပူပန်ပြာယာခပ်နေကြသလို ထင်ယောင်ကာ စိတ်မှာ တထင့်ထင့်။ ဒါပေမယ့် သည်တစ်ကြိမ်မှာလည်း အမေ ပြန်လည် နာလန်ထူလာဦးမည်ဟု မျှော်လင့် ယုံကြည်ချင်ပါရဲ့..။
                   အစ်ကိုကြီးဖြစ်သော ကျွန်တော့်၏ တစ်ချက်လွှတ် ရာဇသံအရ အမေ့သား ညီအစ်ကိုတတွေ လက်ရှိအလုပ်ကိုယ်စီကို လွှတ်ချကာ အမေ့အနားမှာ ရံနေစေရသည်။ ခွဲခန်းကအထွက်မှာ တံခါးဝတွင် တန်းစီစောင့်ဆိုင်းနေကြသော ကျွန်တော်တို့အတွက် ပလပ်စတစ်အိတ်ငယ်ကလေးနှင့် ထည့်ပေးလိုက်ကြသော ငြုပ်ကောင်းစေ့လို ကျောက်စမည်းမည်း အရွယ်စုံကို တမြတ်တနိုး သိမ်းဆည်းကြဖို့ စိတ်ဝမ်းလက်ညီ ရှိခဲ့ကြသည်။
                   အမေ သတိမလည်ခင်အထိ နေ့တစ်ဝက်နီးနီး စိတ်ပူနေမိသေးပေမယ့် နေ့လည်နှောင်းပိုင်းမှာ အမေ သတိဝင်ကာ အနည်းငယ် နာကျင်မှုကို ခံစားနေရချိန်မှာတော့ ကျွန်တော်တို့က အပျော်လွန်နေနှင့်ခဲ့ပြီ။
“စကားများလိုက်ကြတာဟယ်။ အနာက နာရတဲ့ကြားထဲ နားတွေ ညည်းလိုက်တာ…”
                   အမေက စိတ်တွေ တိုနေဆဲ။ သားတွေက တသောသောပွဲကျမဆုံး။ သီးသန့်ခန်းမို့ ညရောက်လျှင် အမေ့ကုတင်ကို ၀ိုင်းပတ်ခြံရံကာ အိပ်စက်ရသည့်အခါ ငယ်ငယ်က အမေ့ရင်ခွင်နှင့် အနီးဆုံးအိပ်ယာကို ညီအစ်ကိုတတွေ ညစဉ်လုခဲ့ကြဖူးတာ လွမ်းလှတော့သည်။
“အိမ်ပြန်ချင်တယ်”
                   ချုပ်ရိုးမှ မဖြည်ရသေးခင် အမေက အိမ်ကို လွမ်းနေနှင့်ပြီ။
“အမေ အိမ်ပြန်ရောက်ရင် အမေ့သားတွေက တစ်အိမ်စီ၊ တစ်နေရာစီ ပြန်ကြရတော့မှာ..။ ဒီ ဆေးရုံအခန်းလေးမှာပဲ သားတွေ အားလုံး စုံစုံညီညီ နဲ့နေရတာ မဟုတ်လား အမေရဲ့ ။ဒီအခန်းလေးက ပျော်စရာမကောင်းဘူးလား“
“တော်စမ်းပါ။ မဦးမချွတ်တွေ….”
                   ….ဆိုပေမယ့်အမေကျေနပ်ကြည်နူးစွာပြုံးမြသွားခဲ့သေးသည်ပင်။ ဒါပေမယ့် အဲဒီအခြေအနေမျိုး အမြဲတမ်းတော့ မရနိုင်တာ အမေလည်း သိမည်ပင်။
“အလုပ်တွေလည်း ပျက်လှပြီ”
“စိတ်ချရအောင် အားလုံး စီစဉ်ခဲ့ပါတယ် အမေရဲ့။ လိုအပ်ရင် ဖုန်းနဲ့ လှမ်းပြောပေးနေတာပဲ”
                   မြို့မှာ ကျန်ရစ်ကြသော ချွေးမတွေ၊ မြေးတွေကိုလည်း အမေလွမ်းမှာပေါ့။ သူ့မြေးတွေ တစ်ယောက်ချင်းစီရဲ့ အမူအကျင့်နှင့် ဟန်ပန်တွေကို တစ်ကြောင်းဆွဲ ပုံဖော်ကာ ပြန်ပြောရင်း တပြုံးပြုံး။
“ငွေတွေ တော်တော် ကုန်သွားသလား”
                   အမေက နှမျောအားနာ သလို ခပ်တိုးဆိုလာခဲ့လျှင်တော့…
“အမေကလည်း.. ဒီလောက်ကတော့ ပါးပါးလေး”
                   ပြုံးဝင့်လျှက် ကျေနပ်ကြည်နူးစွာ တုန့်ပြန်လိုက်မိတော့ အမေလည်း ကြည်နူးမျက်ရည် လည်နေပြန်သေးကာ…
“အမေ့ သားတွေကြောင့် အမေ သေတွင်းက လွတ်ခဲ့ပြန်ပြီ”
                   ကျွန်တော်တို့တတွေက မဆိုင်းမတွပင်…
“ဒါ မင်္ဂလာပဲ မဟုတ်လားအမေရဲ့”
                   သားအမိတတွေ ၀မ်းမြောက်အူးမြူးလျှက် ရယ်ရယ်မောမော သောသောညံလိုက်ကြသည်။ အမေ ဆိုသော မြစ်တစ်စင်း နာဖျားခြင်းကင်းစွာ ထာဝရ စီးဆင်းနေစေ ချင်ပါသည်။ ။

                                                                        သတိုး

7 comments:

  1. ရင်တစ်ထိတ်ထိတ်ဖတ်လိုက်ရတာ....အကို
    တစ်ကယ့်မင်္ဂလာပါပဲ အကိုရေ..

    ReplyDelete
  2. ဖတ်ရတာ ရင်တထိတ်ထိတ်နဲ့ အကို..
    တစ်ကယ်ံမင်္ဂလာ တစ်ပါးပါအကိုရေ..

    ReplyDelete
  3. ဝတ္ထုလေးကိုဖတ်ရတာ မိခင်တစ်ယောက်ရဲ့နက်ရှိုင်းတဲ့ စေတနာမေတ္တာတွေ ပေါ်လွင်တယ် သတိုးရေ။
    မိခင်နေရာရောက်လာတဲ့အချိန်မှာတော့ မိခင်ရဲ့တန်ဘိုးကို ပိုပြီးနာလည်လာတယ်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  4. အမေဆိုတဲ့ မြစ်မင်းဧရာ...
    အမြဲရှင်သန်စီးဆင်းနေပါစေ....။

    ReplyDelete
  5. အပြန်အလှန်စီးဆင်းနေတဲ့ မေတ္တာမြစ်တွေ ပျံ့နှံ့နိုင်ပါစေ ...

    ReplyDelete
  6. အ​မေ့ သား​တွေ​ကြောင့်​ အ​မေ​ သေတွင်းလွတ်​ခဲ့ ပြန်​ပြီး။

    ReplyDelete
  7. ဆေးရုံကိုလာတုံးက ကိုသတိုးအမေအတွက် စိုးရိမ်ခဲ့ပေမဲ့ တကယ်တမ်းကျ အန်တီက ထင်ထားတာထက် စိတ်ဓာတ်ကြံ့ခိုင်ခဲ့တယ်နော်။

    ReplyDelete

စိတ်ထဲ ခံစားမိသလို မျှဝေပြောပြခဲ့ပါဦး...။