Saturday, December 17, 2011

သက်ဆက် နှောင်ထုံး



 “ငါမရှိရင် ညည်းတော့ မလွယ်ဘူး”

                   ထိုစကားကို မေမေ ဆိုလေတိုင်း ခင်ခင်ဦးတစ်ယောက် ခံခက်နာကျင်နေတတ်တာ မေမေလည်း မသိလို့မှ မဟုတ်ပဲ။ သို့ပေမယ့် ဘယ်တော့မှ မဆင်ခြင်။ အကြောင်းတိုက်ဆိုင်လေတိုင်း (အထူးသဖြင့် ခင်ခင်ဦးအား စိတ်တိုင်းမကျလေတိုင်း) ထိုစကားကိုသာ မကြာခဏ ရေလဲသုံးတတ်ခဲ့လေသည်။

                   တကယ်က ခင်ခင်ဦး မရှိတော့လျှင်သာ မေမေ့အတွက် သက်ရှင်ရပ်တည်မှု မလွယ်ကူမှာ၊ ခက်ခဲပင်ပမ်းရမှာ မဟုတ်ဘူးလား။ စိတ်အတွေးထဲက တန်ပြန်မေးခွန်းကို မေမေ သေလွန်သည်အထိ မကြားသိသွားရလေအောင် ခင်ခင်ဦးတစ်ယောက် လိမ်လိမ်မာမာ ထိန်းသိမ်းသိုဝှက် ထားနိုင်ခဲ့သည် ထင်သော်လည်း မေမေကတော့ ရိပ်မိနားလည်နေခဲ့လေသလား မသိ။

“ငါက ညည်းကို မွေးလာခဲ့တာပါ ခင်ဦးရယ်”

                   မေမေက သူမွေးထားသော သားသမီးအားလုံးနှင့် ပတ်သက်၍ ဘာတစ်ခုမှ မသိတာ မရှိဟု ထင်စားယုံကြည်နေပြန်သေးတာ ဖြစ်သည်။ ဖြစ်နိုင်ပါ့မလား မေမေရယ်။ မေမေ့သားသမီးတွေအားလုံးဟာ  မေမေ့ရင်ခွင်ထဲက ပုလုကွေးလေးတွေမှ မဟုတ်ကြတော့ပဲ။ တစ်အိုးတစ်အိမ်ခွဲထွက်ကာ ကိုယ်စီမိသားစုနှင့်…၊ အောင်မြင်သော လုပ်ငန်းစီးပွား ကိုယ်စီနှင့် ဖြစ်ကြသည်။ သူတို့ဝင်ဆန့်တွင်ကျယ်သော လောကအလွှာမှ လူ့သဘော၊ လူ့အထာ ကိုယ်စီနှင့်ပဲ ရှိတော့မှာပေါ့။ သူတို့အားလုံး၏  အတွင်းမနောကို မေမေက ဘယ်လို နား၊ မျက်စေ့တို့နှင့်  လိုက်သိနေနိုင်ပါ့မလဲ။ ဒါပေမယ့် တကယ် မသိသော အရာအားလုံးကို သိနေနိုင်သလို ထင်ယောင်မှားနေခြင်းက မေမေ့အား စိတ်ချမ်းသာစေခဲ့မည် ထင်ပါသည်။

“ငါ  … မမြတင်တို့နဲ့ ဘုရားဖူးလိုက်ချင်တယ်”
“ဟာ… မေမေ ရန်ကုန်က ပြန်ရောက်တာ ဘယ်လောက်ကြာသေးလို့လဲ ။ အေးအေးဆေးဆေး အိမ်မှာ နားပါဦးလား”
“ဘာဆိုင်လို့လဲ။ ရန်ကုန်သွားတာက ဆေးသွားပြတာပဲ ဥစ္စာ။ ခုက ဘုရားဖူးသွားမှာ”
“ဆေးပြရတာက တစ်ရက်၊ နှစ်ရက်ပဲလေ။ ရန်ကုန်အနှံ့ မေမေ လည်ခဲ့ရတာပဲ မဟုတ်ဘူးလား။ ရန်ကုန်က ဘုရားတွေရော မေမေ မဖူးရောက်ဖူးတာ ရှိသေးလို့လား”
“ခုက ရန်ကုန်ကို  မဟုတ်ဘူး။ ပုဂံဘုရားတွေ လိုက်ဖူးမှာ…”

                   မေမေ.. ခုလို ကျန်းကျန်းမာမာနှင့် လည်ပတ်သွားလာနိုင်နေတာ ၀မ်းသာစရာ ကောင်းလှပါသည်။ သို့ပေမယ့် မေမေ့ခရီးစရိတ်ကို စိုက်ထုတ်ပေးရန် သူမ မတတ်နိုင်တာမို့ မတားကောင်းမှန်းသိသိကြီးနှင့် ကဖျက်ယဖျက် လုပ်နေမိတာ ဖြစ်ပါသည်။ ပြီး… မေမေသွားမည့် ခရီးမှာ ခင်ခင်ဦးက အဖော်အဖြစ် မဖြစ်မနေ လိုက်ပါပေးရဦးမည်။ မေမေ့ကျန်းမာရေးက ရွှေတစ်နေ့၊ ငွေတစ်နေ့ မဟုတ်လား။ ဒါပေမယ့် မေမေက တစ်နေရာဆီ သွားချင်၊ လာချင်လျှင်တော့ ပေါ့ပါးလန်းဆန်းကာ နေကောင်းကျန်းမာနေပြန်တော့ပြီ။ ကျန်းမာရေးကို အကြောင်းပြ တားမြစ်လို့လည်း ဘယ်တုန်းကမှ မရတတ်ခဲ့တာ အတွေ့အကြုံတွေ များလှပြီ။

“ကျုပ် ညည်းဆီက ပိုက်ဆံ မတောင်းပါဘူး။ ခင်မော့်ကို ပြောထားတယ်”

                   ခင်မော်က သူမ၏အောက်က ညီမငယ်ဖြစ်သည်။ ယောက်ျားက အဝေးပြေးကားလုပ်ငန်းနှင့် ပြေလည်ကြွယ်ဝသည် ဆိုပါစို့။ မေမေပြောလျှင် ခင်မော်က လက်နှေးမည့်သူ မဟုတ်တာလည်း သေချာပါသည်။ ခင်မော်မှ မဟုတ်။ ခရိုင်တရားသူကြီး ခင်ဆွေရော၊ ၊ မြိုနယ် ဆန်ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ မောင်နေရော… မေမေ့အလိုကို အတတ်နိုင်ဆုံး သိတတ်ဖြည့်ဆည်းပေးနေကြတာ မေမေ့ သားသမီးကံ ကောင်းလှလို့သာ ဖြစ်သည်။ သို့ပေမယ့် သူတို့မှာလည်း သူတို့မိသားစုနှင့် သူတို့  အကြောင်းကိုယ်စီ ရှိနေနိုင်သေးသည် မဟုတ်လား။ အခွင့်အရေးဆိုတာ ရတိုင်း ယူကောင်းသော အရာမဟုတ်ဟု သူမက တွေးမိလေသည်။ စိမ်းသူကိုယ်စီကိုလည်း ထည့်တွက်ရဦးမည် ထင်သည်။

                   ပြီးခဲ့သောလကပင် မေမေက မျက်စိခွဲချင်သည်ဆိုသောကြောင့် မေမေ့သား အငယ်ဆုံး မောင်ဆန်းက ငွေပေးလိုက်သေးသည်။ မောင်ဆန်းသည်လည်း အောင်မြင်သော ရေလုပ်ငန်းရှင်တစ်ယောက်မို့ မေမေ တစ်ခွန်းပြောရုံနှင့် ငွေက လျှောခနဲထွက်လာခဲ့သည်ပင်။ ပြီး သည်တစ်ကြိမ်က မေမေ၏ ဒုတိယ အကြိမ်မြောက် ခွဲစိတ်မှုဖြစ်သည်။ ပထမအကြိမ် မျက်လုံးခွဲတုန်းက ခင်ဆွေက ငွေကြေးကုန်ကျခံခဲ့တာ ဖြစ်သည်။ သားသမီးတွေက မေမေလိုအပ်သမျှ အဆင်သင့်ရှိနေနိုင်သည်မို့လည်း မေမေက သူ့ကိုယ်ပေါ်မှ အနာရောဂါဟူသမျှ နည်းနည်းကလေးတောင် သီးမခံချင်။ ပြီး ဘယ်လို ဝေဒနာ အပယိက လေးပဲ ဖြစ်နေပါစေ… ရန်ကုန်ကိုသွားကာ အထူးကု သမားတော်နှင့်သာ ပြသ၊ စမ်းသပ်ခံလိုတာ ဖြစ်သည်။ ခရီးသွားဖို့တော့ မေမေ ဘယ်တော့မှ မကြောက်..။ ဖေဖေဆုံးပါးပြီးကတည်းက အငယ်တွေကို ခင်ခင်ဦးနှင့်ထားကာ  ခင်ခင်ဦးကိုသာ စီမံအုပ်ချုပ်စေပြီး  မေမေက တစ်မြို့မှ တစ်မြို့သို့ ကူးလူးသွားလာ၊ ရောင်းဝယ်ရှာဖွေရင်း သားသမီးတွေကို ယခု အခြေအနေအထိရောက်အောင်တင့်တင့်တယ်တယ်ထားနိုင်ခဲ့တာမဟုတ်လား။

“မြန်မာ ပြည်မှာ ငါ မစီးဖူးသေးတဲ့ ယာဉ်က လေယာဉ်ပျံပဲ။ ကျန်တာ အကုန် စီးဖူးတယ်။ တစ်ခါလောက်တော့ လေယာဉ်ပျံ စီးကြည့်ဖူးချင်တယ်”

                   ထိုသို့သော မေမေ ဖြစ်ပါသည်။ သို့သော် သန်မာပျိုရွယ်စဉ်ကတော့ အကြောင်းလား။ ခုက မေမေ့အသက် ခုနစ်ဆယ်တွင်း ၀င်နေပြီ။ မေမေ့ သမီးကြီး ခင်ခင်ဦးသည်ပင်  လေးဆယ့်ငါး ကျော်ခဲ့ပြီ။ သို့ပေမယ့် မေမေက သူ့အသက်ကို မကြာခဏ မေ့လျော့ထားလေသလား မသိ။ သူ့သားသမီးတွေဖြစ်သော ခင်ခင်ဦးတို့ အားလုံးကိုလည်း သူ…. စေရာအတိုင်း လိုက်ပါနာခံလေ့မြဲ ရင်ခွင်ပိုက်တွေအဖြစ် ထင်ယောင်နေဆဲပင်။

မေမေက အစားအသောက်၊ အနေအထိုင် ကျတော့လည်း မဆင်ခြင်နိုင်ပြန်။ သွေးတိုးအခံရှိပေမယ့် အဆီအဆိမ့်လည်း ရှောင်မည် မထင်နှင့်။ မျက်လုံးခွဲထားလည်းပဲ တစ်ပါတ်ကျော်လျှင် တီဗွီရှေ့မှာ ကိုရီးယားကား မော့နေတတ်တာဖြစ်သည်။ နည်းနည်းကလေးဖြစ်လာလျှင် ဆရာဝန်ထံပြလိုက်ရမှ ကျေနပ်သည်။ ရောဂါသက်သာသည် ထင်၏။

                   ခင်ခင်ဦးက အကျိုးအကြောင်းရှင်းပြကာ ချော့မော့ဖြောင်းဖျမိလျှင် ဓမ္မာသောက ဖြစ်ရတော့သည်။ ကျန် မောင်နှမတွေကလည်း…

“မေမေ့ကို မပြောပါနဲ့ မမဦးရယ်။ သူ စိတ်ချမ်းသာသလို နေပါစေ”

                   ခင်ခင်ဦးက မေမေ့အတွက် အလိုလို သားသမီးဆိုး စာရင်းဝင်ရတော့မလို ဖြစ်တော့လေသည်။

                   ခင်ခင်ဦး ဖြစ်စေချင်တာက လိုအပ်လွန်းမှသာ၊ သူတို့ထံမှ အကူအညီကို မဖြစ်မနေ ယူမှဖြစ်မည်ဆိုမှသာ ယူစေချင်သည်။ ခဏ.. ခဏ ပတ်သက်ယူငင်နေရတာမျိုးကို မနှစ်မြို့နိုင်ပါ။ ခု… ဘာမှ မဖြစ်သေးပေမယ့် နောက်တစ်ချိန်မှာ  ထောက်ပြပြစ်တင်စရာ ဖြစ်လာမှာစိုးရိမ်လှပါသည်။ ကိုယ်တိုင်က မှီခိုသူဘ၀ပဲမို့ ကိုယ့်ဘက်ကိုပါ ဦးလည်လာကြမှာ ပိုလို့ ပူပန်မိတာဖြစ်သည်။

                   ငယ်ရွယ်စဉ် မောင်နှမတတွေ တစ်စည်းတစ်လုံးထဲ ရှိကြစဉ်ကတော့ မေမေပြီးလျှင် ခင်ခင်ဦးပဲ လူကြီးဖြစ်သည်လေ။ ဖေဖေ ဆုံးပါးကွယ်လွန်ပြီးနောက် အားလုံးအပေါ် ခင်ခင်ဦး၏ သြဇာက မေမေထက်တောင် ပိုညောင်းခဲ့သေးတာ မဟုတ်လား။ တစ်အိမ်လုံး၏ စီးပွားရေးက မေမေ့တာဝန်ဖြစ်သလို ကျန်းမာရေး၊ လူမှုရေးမှစလို့ အရာအားလုံးသည် ခင်ခင်ဦး၏ တာဝန်ချည်းသာ။ သို့ပေမယ့် အဲသည်စဉ်တုန်းက ဘ၀ကို ခင်ခင်ဦးတစ်ယောက် ကျေနပ်နေပျော်ခဲ့ပါသည်။

                   ဆယ်တန်းအောင်ပြီးကတည်းက မူလတန်းပြ ဆရာမဖြစ်ခဲ့သော ခင်ခင်ဦးတစ်ယောက် စာပေးစာယူဖြင့် ဘွဲ့တစ်လုံးရပြီးနောက်မှာ အလယ်တန်းပြ ဆရာမရာထူးကို လက်မခံနိုင်ခဲ့ပေ။ ရာထူးတိုးလျှင် နယ်အပြောင်းအရွှေ့ ရှိသည် မဟုတ်လား။ အိမ်နှင့် ဝေးဝေးခွာဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါ။ ထို့ကြောင့် အိမ်နှင့် နီးနီးနားနား မူလတန်းကျောင်းကလေးမှာပဲ စာသင်နှစ် တစ်နှစ်ပြီးတစ်နှစ် ကျောက်ချကာ ဖြတ်သန်းလာခဲ့ရတော့တာ မောင်၊ညီမတွေ ဘွဲ့အသီးသီးရကြသည် အထိဖြစ်သည်။ ပြီး … အသီးသီး အလုပ်ဝင်ကြသည်။ အိမ်ယာကိုယ်စီ ထူထောင်ခဲ့ကြသည်။ နောက်ဆုံးတော့ မေမေနှင့် ခင်ခင်ဦးတို့ နှစ်ဦးတည်း အိမ်မှာကျန်ရစ်ခဲ့တော့သည်။

                   မေမေ အလုပ်လုပ်နိုင်စဉ်ကတော့ အခြေအနေအရပ်ရပ်က ဘာမှ မသိသာလှသော်လည်း မေမေ ကျန်းမာရေး ချွတ်ယွင်းကာ အလုပ် မလုပ်နိုင်သောကာလရှည်ကြာလာခဲ့လျှင်တော့ ခင်ခင်ဦးတို့၏ အခြေအနေ အရပ်ရပ်သည်လည်း တစစ ယိမ်းယိုင်လာခဲ့တော့ပြီ။ ပိုဆိုးသည်ကတော့ မေမေ့အား အနီးကပ် ပြုစုစောင့်ရှောက်ရန် ခင်ခင်ဦးတစ်ယောက် အလုပ်ထွက်လိုက်ရတာပဲ ဖြစ်သည်။

                   ခင်ခင်ဦး၏ သဘောအရသာ ဆိုလျှင်တော့ အလုပ်မှ မနုတ်ထွက်ချင်ခဲ့ပါပေ။ ကျောင်းဆရာ၊ ဆရာမတို့၏ အလုပ်သံယောဇဉ်ကို တခြားသူတို့ နားလည်နိုင်မည် မဟုတ်ပါ။ သူတို့ နားမလည်ကြလို့သာ မေမေ့အတွက် အိမ်အကူမိန်းခလေးတစ်ယောက် ခေါ်မည့် အစီအစဉ်ကို အားလုံး တက်ညီလက်ညီ ကန့်ကွက်ခဲ့ကြတာပေါ့။ သူတို့၏ အကြောင်းပြချက်ကတော့…

“သူတစိမ်းက သားသမီးအရင်းလောက် အားကိုးရပါ့မလား”

                   မေမေ့ကို တခြားသူနှင့် ပစ်ခတ်ထားဖို့ စိတ်မချနိုင်ပါဘူးဟု တညီတညွတ်တည်း လေသံပစ်ကြသည်။ မြားဦးက ခင်ခင်ဦးထံသို့ ဦးတည်ရည်ရွယ်နေကြတာ သိသာလှပါသည်။ ခင်ခင်ဦး ကိုယ်တိုင်ကလည်း မသိတတ်၊ မပြုစုချင်လို့မှ မဟုတ်ပဲ။ ကျောင်းအားချိန်တွေမှာ ခင်ခင်ဦး၏ အချိန်ပို အားလုံးကို မေမေ့အတွက် ပုံအောသုံးစွဲပေးနိုင်ပါသည်။ ဒါပေမယ့် ကျောင်းချိန်လေးမှာတော့ စာပြေးသင်ချင်သေးသည်။ ခင်ခင်ဦး၏ ဘ၀၊ ခင်ခင်ဦး၏ စိတ်က စာသင်ခန်းထဲမှာပဲ ရှိနေတာ မဟုတ်လား။

                   ဒါပေမယ့် မူလတန်းပြ ဆရာမ ဒေါ်ခင်ခင်ဦး၏ လစာဝင်ငွေက မေမေ့ကို ၀လင်ဆူဖြိုးစေမှာမဟုတ်။ ကျန်းမာရေးအတွက် ဆေးခန်းမှန်မှန် ပို့ပေးနိုင်ဖို့ မလွယ်။ ဆေးဝါးဓါတ်စာ ပြည့်စုံလျှံပယ်အောင် ထားပေးနိုင်စရာ အကြောင်းလည်း မရှိ။ ခင်ခင်ဦးတစ်ယောက် ဘယ်တုန်းကမှ မလိုချင်ခဲ့သော သူတပါးတို့၏ မှီခိုသူဘ၀သို့ နေ့ချင်းညချင်း ကူးပြောင်းခဲ့ရတော့တာ ခုပြန်တွေးလျှင် ခုထိ ၀မ်းနည်းနာကျင်ရဆဲဖြစ်ပါသည်။

                   ခင်ခင်ဦး နားလည်တာကတော့ ဘယ်အရာမှ အလကားမရဘူး ဆိုတာပဲဖြစ်သည်။ သူတို့အားလုံးက မေမေအတွက် လိုအပ်ပိုလျှံရုံမျှမက ခင်ခင်ဦးအတွက်ပါ မပူပန်ရအောင် ထောက်ပံ့ပေးကမ်းကြပါသည်။ ကျေးဇူးတင်ရပါ၏။ ဒါပေမယ့် ခင်ခင်ဦး၏ အတ္တနှင့် မာနတို့ တစ်နေ့ထက်တစ်နေ့ တတိတိ တိုက်စားခံ၊ လျော့ပါးလာနေတာကျတော့ ဘယ်လို ရင်းစား ပြန်ရဦးမှာမို့လဲ။

                   မေမေကလည်း အလုပ်မှ အနားယူခဲ့ပြီး တရှောင်ရှောင် ကျန်းမာရေး အခြေအနေမှာ ပိုလို့ ဇီဇာကြောင်လာသည်။ မေမေသည်လည်း တစ်သက်လုံး  ကိုယ့်ခြေ၊ ကိုယ့်လက် ချယ်လှယ်ကာနေခဲ့သူ မဟုတ်လား။ နေညိုချိန်က စောစီးခဲ့သည်ဟု အားမလိုအားမရ ရှိခဲ့မည်ပင်။ သားသမီးမျက်နှာ ကြည့်နေရသော ဘ၀ကို ပျော်ပိုက်နိုင်မည်လည်း မထင်။ သို့ပေမယ့် အားလုံးက ထောက်ပြပြစ်ရှာမရအောင် မေမေ့အပေါ် သိတတ်လိမ္မာနေခဲ့ကြပါသည်။ လူကိုယ်တိုင် ရောက်မလာနိုင်လျှင်သာရှိမည်။ မေမေ ဘာလိုသလဲဟု အမြဲမေးမြန် ဖြည့်ဆည်းမှု မပျက်။ ပြီး တစ်အိုးတစ်အိမ်စီ၊ တသီးတခြားနေကြသူတွေမို့ ရောက်တုန်းရောက်ခိုက် ခဏငယ် အချိန်တွေမှာတော့ မေမေ့အား အလိုလိုက် အကြိုက်ဆောင်နိုင်ခဲ့ကြသည်။ ။ မေမေပြောသမျှ နာခံကြသည်။ အလိုက်သင့် ခေါင်းညိတ်ယောင်ပြုကြသည်။ ထိုအခါ လက်ပွန်းတတီးနေသော ခင်ခင်ဦးသည်သာ မေမေ့ပစ်မှတ် ဖြစ်လာရတော့သည်။

“ညည်းကိုများ အားမကိုးသေးဘူး”
“မေမေက မေမေ့ သားသမီးတွေ အားကိုးရှိတာကိုး”

                   မေမေက သားသမီးတွေ ပံ့ပိုးနိုင်ကြတာကို ဂုဏ်ဖော်ပြောရင်း ခင်ခင်ဦးအား ခပ်နှိမ်နှိမ် ဆက်ဆံတတ်လာသည်ဟု  ခံပြင်းဝမ်းနည်းလျှက် နာကျင်ကြေကွဲ မဆုံးတော့ပြန်။

                   သူတို့ကတော့ ခင်ခင်ဦးအား ကျေးဇူးတင်စကားပြောဖော်ရကြပါသည်။

“မမဦးတစ်ယောက် ရှိနေလို့သာပဲ”

                   ဒါပေမယ့် အချိန်တန်တော့လည်း ပေးကမ်းပံ့ပိုးနိုင်သူတွေက ပေးကမ်းရတာနှင့်ထိုက်တန်သော ၀င့်ဝါမှုတွေကို တလှစ်လှစ် ပြသလာကြတာပါပဲ။

“တော်တန်ရုံ ကိစ္စနဲ့တော့ မမှာပါနဲ့ မမဦးရယ်။ တို့တွေလည်း အားကြတာ မဟုတ်ဘူး”
“ရှင်တို့ရဲ့ မာတာမိခင်ကိုယ်တိုင်က အမှာတော် စေလို့  မှာရတာပါရှင့်။ လူကြီးမင်းတို့ မအားလပ်ကြတာလည်း ကျွန်တော်မျိုးမ သိပါတယ်”

                   အဲဒါက ခင်ခင်ဦးဖြစ်သည်။  ကိုယ့်စိတ်နှင့်မတွေ့လျှင် စကားကို အဆင်တန်ဆာတွေ ထုံမွမ်းကာ အငေါ်ကလေးတူးလိုက်ရမှ..။

“တွေ့ချင်တာက ငွေလို လို့မဟုတ်လား။ လိုတဲ့ငွေ လာယူလိုက်ပေါ့ဗျာ..”

                    ထောင်းခနဲ ဒေါသထွက်သွားသည်။

“ငွေအတွက် သက်သက် မှာရပါတယ်လို့တော့ ကျုပ်ကို မပြောဘူး။ ကျုပ်ကလည်း အဲလို မထင်မိဘူးလေ။ ရှင်တို့ကတော့ ကိုယ်တိုင် သားသမီး မွေးထားကြတာဆိုတော့ ပိုသိမှာပေါ့”

                   ထိုစကား၊ ထိုလေသံတွေကြောင့် ခင်ခင်ဦးအား သူတို့ မေတ္တာမပျက်ကြသည့်တိုင် အနည်းငယ်တော့ စိတ်မှာ မျက်ရှ ငြိုငြင်ချင်ကြမည် ထင်ပါရဲ့။ ခင်ခင်ဦးကတော့ မမှုပါ။ မသဒ္ဒါရင် လာ မကျွေး၊ မပေးကြနဲ့။ စကားတော့ နည်းနည်းမှ တင်စီးမလာနဲ့။ ခက်တာက မေမေပဲ ဖြစ်သည်။

“ညည်းကတပြန် အကြောကြီးနဲ့……”
“ခင်ဦးက သူတို့ကို အလျှော့ပေးရမှာလား။ လာသမျှလူကို လက်ညှိုးထောင်၊ ခေါင်းညိတ်နေရတော့မှာလား။ ဝေးသေး….”
“ညည်းလည်း သူတို့ကို အမှီခို ကင်းလို့လား”

                   မေမေစကားက ခင်ခင်ဦးကပဲ အစွမ်းအစမဲ့သောကြောင့် မောင်၊ ညီမတွေထံမှာ လက်ဖြန့်ခံကာ မျှော်ကိုးစားနေရသည့် အဖြစ်သို့ ရောက်စေတော့သည်။

“ အဲဒါ… မေမေ့ကြောင့် မကင်းနိုင်သေးတာလေ”

                   မေမေက ရှုတ်ချဟန် မဲ့ရွဲ့ပြသည်။

“ငါသာသေသွားရင် ညည်းတော့ မလွယ်ဘူး”

                   မေမေဆိုလိုတာက မေမေ့မျက်နှာနှင့် ၀ိုင်းဝန်းပေးကမ်းထောက်ပံ့နေကြလို့သာ ခင်ခင်ဦး၏ဘ၀ လူနေလှရသည်ဟု ပြောနေသယောင်။ မဆိုစကောင်း မေမေ အရိုက်အရာလွဲလျှင် ရနေကျ ဖြည့်ဆည်းပံ့ပိုးမှုတွေဟာ မရနိုင်တော့ဘူးပေါ့။ ခင်ခင်ဦးကလည်း ထိုအကြောင်းအရာတို့ကို ကြိုမတွေးတတ်သည့် အနုံမဖြင့် မဟုတ်ပဲ။ ဒါပေမယ့် မေမေက ခင်ခင်ဦးကို အထင်မကြီးတတ်တော့တာ ကြာလှပေါ့။ မေမေ အထင်ကြီးတာ၊ အားကိုးတာက လိုအပ်တောင့်တသမျှ အချိန်မဆိုင်းပဲ ဖြည့်ဆည်းစွမ်းဆောင်နိုင်ကြသူတွေကို ဖြစ်သည်။ တစ်ခါတစ်ရံ ခင်ခင်ဦးတစ်ယောက် မေမေ့ကွယ်ရာမှာ မျက်ရည်ခိုးကျရသည်။          

                   မေမေ့ရဲ့ ညရေးညတာ၊ ချေးသေးကစလို့ ကရိကထခံပြုစုပေးနေတာ ခင်ခင်ဦး မဟုတ်ဘူးလားမေမေရယ်။   မေမေ့သားသမီးတွေက  လာသည့်အခိုက်၊ သွားသည့်အခိုက်ကလေး မေမေ့အား အလိုက်သင့် ပြောပေး၊ ခေါင်းညိတ်ပေးသွားကြတာ။

“မမဦး။ မေမေ့ကို ဂရုစိုက်ပါနော်။ လိုတာရှိလည်း ပြောပါ”

                   ပြောပြီး ပြန်ကြတော့ မေမေက လွမ်းကျန်ရစ်တော့သည်။ ခင်ခင်ဦးကတော့ မေမေ့ အနွံတာ၊ ကရိကထမှန်သမျှ မညည်းမငြူ ဖြည့်စွမ်းပြုစုပေးရင် တစ်ခါတစ်ရံ စကားအခန့်မသင့်သော အကြိမ်ရေတွေလည်း များစွာရှိခဲ့ဖူးတာပေါ့။

“ငါမွေးထားတဲ့ အထဲမှာ ညည်း အကြီးဆုံး။ ညည်း အမိုက်မဲဆုံး”

                   ထိုစကားက အငယ်တွေ နားထိတိုင် ပေါက်ကြားသွားသောအခါ မမဦးက မေမေ့ကို စိတ်ချမ်းသာအောင် မထားဘူး ဟု ငြူစူချင်ကြပြန်သည်။

“ဒါဆိုလည်း တစ်ပါတ်တန်သည်၊ တစ်လတန်သည် ခေါ်ထားပြုစုဖို့ စိတ်ကူး ၀င်ကြည့်ကြပါလား”

                   သူတို့ မေမေ့အား ခေါ်ထားဖော်ရကြပါသည်။ ဒါပေမယ့် မေမေကိုယ်တိုင်က ဧည့်သည်နေ၊ ဧည့်သည်စားထက်ပိုကာ ရက်ပိုင်းမျှပင် မနေနိုင်ခဲ့တာ ဖြစ်ပါသည်။

“အလျှံပယ်တော့ နေရ၊ စားရပါရဲ့ဟယ်။ ဒါပေမယ့် ငါနဲ့ နာရီဝက်ပြည့်အောင်တောင် စကားမပြောနိုင်ကြပါဘူး။ သူတို့ကိုကြည့်ရင်း မူးနောက် မောဟိုက်နေတာပဲ။ ငါ့မှာ ဆေးလေးသောက်ချင်လို့တောင် ရေတစ်ဖန်ခွက် ယူလာပေးမယ့်သူ မရှိဘူး”
“ခိုင်းထားတဲ့ ကောင်မလေးတွေက လုပ်မပေးဘူးလား”
“မေးရှာကြပါတယ်။ မေမေကြီး ဘာလုပ်ပေးရလဲ ဆိုပြီး…။ နေပါစေလို့ ပြောလိုက်တယ်။ ခိုင်းချင်ပါဘူး။ သူတို့က ကိုယ်မွေးထားတာတွေမှ မဟုတ်ပဲ”

                   သူ့သားသမီး၊ မြေး၊မြစ်တွေနှင့် သိုက်သိုက်ဝန်းဝန်းနေချင်ရှာသော မေမေ့ဆန္ဒကို နားလည်ရပါသည်။ သို့ပေမယ့် သူတို့မှာလည်း မေမေ့ထက် ပိုမို အရေးကြီးသော အကြောင်းအရာတွေ ကိုယ်စီရှိနေကြတာဆိုတော့ အချိန်မပေးနိုင်ကြဘူး ထင်ပါသည်။

                   သည်ဘက်နှစ်ကာလတွေမှာတော့ ခင်ခင်ဦးတစ်ယောက်လည်း မေမေ့နှယ် သွေးတိုးတတ်ခဲ့ပြီ။ မေမေထက်ပိုတာကတော့ သွေးချိုပါ တက်တတ်လာခဲ့တာ ဖြစ်ပါသည်။ ကိုယ်နေမကောင်းလျှင် မိမိကိုယ်ကိုယ်ထက် မေမေ့အတွက် နောက်ဆန်ငင်ရ၊ ပူပန်ရတာလည်း ခင်ခင်ဦး၏စိတ်ကို ပို၍ နုံးညစ်မောပမ်းစေပါသည်။

“ညည်းကလည်း  ဒီအသက်အရွယ်နဲ့ ရောဂါထူလိုက်တာ”

                   တဖျစ်တောက်တောက် ဆီမန်း မန်းနေပြန်သော မေမေ့အား…

“ခင်ဆွေတို့ အိမ်မှာ ခဏ သွားနေပါလား မေမေရယ်။ ဒါမှ မဟုတ်လည်း ခင်မော်တို့ အိမ်…”
“သွားနိုင်ပါဘူးဟယ်။ သူများအိမ်မှာ သွားနေရအောင် ကျုပ်မှာ နေစရာ မရှိလို့လား”
“ခင်ဦးနေမကောင်းလို့ပါ မေမေရယ်။ မေမေ့ ဝေယျာဝစ္စတွေ ခင်ဦးမှ လုပ်မပေးနိုင်တာ..”

                   လမ်းထဲက မိန်းခလေးတစ်ယောက်ကို မေမေ  ဘယ်အချိန်ကတည်းက ခေါ်လာနှင့်ခဲ့သည် မသိ။

“ညည်းနေကောင်းတဲ့ အထိ နေ့တိုင်း လာကူညီပေးဖို့ ပြောထားပြီးသား”

                   ခင်ခင်ဦးအနားမှာ နဖူးလာစမ်းလိုက်၊ လက်ကလေးတွေ လာကိုင်ကာ ထွေးဆုတ်ပေးလိုက် လုပ်နေရင်း…

“မေမေသိပါတယ် ခင်ဦးရယ်။ ညည်းတို့အားလုံးကို မေမေမွေးထားတာပဲ”

                   အပ်ကြောင်းထပ် စကားတွေကို မေမေဆိုဦးတော့မည်ဟု ခင်ခင်ဦးက  စိတ်မောသွားရဆဲ…

“မေမေ့ သားသမီအားလုံး သိတတ်လိမ္မာ ကြပါတယ်။ မေမေ ၀မ်းသာဂုဏ်ယူပါတယ်။ ဒါပေမယ့် ညည်းတစ်ယောက်ကလွဲရင် မေမေ ဘယ်သူနဲ့မှ ကြာကြာမနေနိုင်ဘူး”

                   မမျှော်လင့်သော ထိုစကားကြောင့် နှုတ်လှန်ရန်စွာရန် အသင့်ပြင်ထားသော ခင်ခင်ဦးတစ်ယောက် ဆွံ့အ လို့သွားရသည်။

                    သည်တစ်ကြိမ်မှာတော့ မေမေ့ ဟန်ပန်မူယာတို့က အခါများစွာတို့နှင့် ခြားနားလျှက် နူးညံ့တည်ကြည်စွာ။ ခင်ခင်ဦးအပေါ် ကရုဏာဖြင့် သိမ်မွေ့ညံ့သက်စွာ…။ ပြီး…. ရေလဲသုံးနေကျ မေမေ့ စကားတစ်ခွန်းကြောင့် အခါများစွာတွေတုန်းကလို မခံချင်စိတ်တွေ ရုန်းကြွမလာပဲ ခင်ခင်ဦးတစ်ယောက် ၀မ်းပန်းတနည်း မျက်ရည်လည်ချင်လာသည်။  

“ငါမရှိရင် ညည်းလည်း မလွယ်ဘူးနော်”
  



       

11 comments:

  1. တစ်မျိုးလေး ခံစားခဲ့ရတယ် အကိုရေ
    ခေါင်းစဉ်လေးနဲ့လည်း အရမ်းလိုက်တာပဲ
    နောက်ဆုံးကျတော့လည်း မေမေနဲ့ခင်ဦး ရဲ့ မေတ္တာက တကယ်ကို အနှစ်သာရပြည့်တဲ့ သူများထက်ပိုတဲ့ နှောင်ထုံးတွေပါလားနော်...

    ခင်လျက်
    Junemoe

    ReplyDelete
  2. တစ်မျိုးလေး ခံစားခဲ့ရတယ် အကိုရေ
    ခေါင်းစဉ်လေးနဲ့လည်း အရမ်းလိုက်တာပဲ
    နောက်ဆုံးကျတော့လည်း မေမေနဲ့ခင်ဦး ရဲ့ မေတ္တာက တကယ်ကို အနှစ်သာရပြည့်တဲ့ သူများထက်ပိုတဲ့ နှောင်ထုံးတွေပါလားနော်...

    ခင်လျက်
    Junemoe

    (အပေါ်က ဘလော့နာမည်မှားသွားလို့အကိုရေ... :))

    ReplyDelete
  3. 'အခွင့်အရေးဆိုတာ ရတိုင်းယူကောင်းသော
    အရာမဟုတ်' ဆိုတာကိုလက်ခံတယ် သတိုးရေ။
    ဒီဇာတ်လမ်းလေးဟာ လက်တွေ့ဘဝတွေမှာ
    မိသားစုခပ်များများ အမှန်တကယ်တွေ့ကြုံနေရတယ်။
    အနေနီးတဲ့ သားသမီးရဲ့ တန်ဘိုးကို မိခင်တိုင်းသိကြပေမယ့် အဝေးကသားသမီးကို
    တမ်းတပြတတ်ကြတယ်နော်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  4. ဖတ်ရင်းနဲ့ မျက်ရည်တောင် ဝဲမိတယ်အကို... သမီးကြီးတစ်ယောက် ဖြစ်တဲ့ အမေနဲ့ အဘွားကိုလဲ မြင်ယောင် လာမိတယ်.... ကျေးဇူးပါအကို...

    ReplyDelete
  5. အတွေး၊ အရေးလေးတွေ အားကောင်းတယ်...
    သဘာဝလည်းကျတယ်..

    ReplyDelete
  6. အဲဒီအတိုင်းပဲ အဲဒီအတိုင်းပဲ သတိုးရေ....ဖတ်ရင်းနဲ့ အမေ့ကို မျက်စေ့ထဲ မြင်လာတယ်။ ခါတိုင်းတွေလိုပဲ သတိုးရေးသမျှ သဘောကျရတဲ့ ၀တ္ထုတိုလေးပါပဲ....

    ReplyDelete
  7. အနေနီးတဲ့ သားသမီးအပေါ် မိဘတွေ ဒီလိုပဲ ဆိုးနွဲ့တတ်တယ်။ အဝေးက သားသမီးကို အမြဲ တနေပေမယ့် တကယ်တမ်း အနီးက သားသမီးကို သူတို့ ပိုတွယ်တာတတ်တယ်။ ဆန်ရင်းနာနာဖွတ်တဲ့ သဘောနေမလားမသိ။ ကိုယ်တိုင်ကြုံဘူးလို့ စာနာနားလည်စွာနဲ့ ဖတ်သွားပါတယ် ကိုသတိုးရေ..။

    ReplyDelete
  8. ကိုသတိုးရေးတဲ့ ဝတ္ထုတိုင်း ခံစားမှုတစ်ခုခုတော့ ပေးတာချည်းပါဘဲ
    ဖတ်လို့ကောင်းတယ် ရေးပုံတွေလည်းကြိုက်တယ်။ လူတွေရဲ့ စိတ်ထဲကို ထဲထဲဝင်ဝင်လေ့လာပြီးမှ ရေးသလိုဘဲ အပြင်မှာရှိတဲ့လူတွေရဲ့စရိုက်ကို ပီပြင်အောင် ရေးနိုင်စွမ်းတယ် အားကျမိတယ် တကယ်

    ReplyDelete
  9. အတွေးအရေးလေးတွေကောင်းတယ် ကိုသတိုးရေ...မိသားစုထဲမှာဖြစ်တတ်တဲ့ စိတ်ခံစားမူတမျိုးတော့ရလိုက်ပါတယ်...နှစ်သစ်ကူးမှာပျော်ရွင်ချမ်းမြေ့ပါစေ...
    ခင်မင်စွာဖြင့်
    မလွင်

    ReplyDelete
  10. စောနေသွေး
    လာရောက်အားပေးတယ် ကိုသတိုးရေ

    ReplyDelete
  11. It is often said that for a small business the owner is the brand. Caffeine is one possibility. Firewood should not be brought into the home until it is ready to go right on the fire. [URL=http://lopolikumibo.com ]gustinesses[/URL] These services are not against the traditional practices and generally will not try and prevent their patients from seeking the advice of traditional medicine providers. Neptune will be entering the zodiac sign of Pisces on April 4, admittedly a strange position, whose results will depend largely on the circumstances.

    ReplyDelete

စိတ်ထဲ ခံစားမိသလို မျှဝေပြောပြခဲ့ပါဦး...။