Friday, November 18, 2011

ရွက်သစ်ဝေ နွေဦး

             

တတိယ အကြိမ်မြောက် လူပျိုပေါက်ကလေး ပြန်ဖြစ်သွားပြန်ပြီဟု ခပ်မဲ့မဲ့ တွေးလိုက်မိလေသည်။
နန္ဒသည် အိမ်ပေါ်မှ ဆင်းလာခဲ့သည်နှင့် တွေဝေခြင်းကင်းစွာ အမေ့အိမ်သို့ ခြေလှမ်းပြင်ပြီး ဖြစ်နေပြန်တော့သည်။ အသက် နှစ်ဆယ့်ငါးနှစ်ပြည့်ခဲ့ပြီဖြစ်သော အရွယ်ရောက်ပြီး ယောက်ျားတစ်ယောက်ကို မေမေကတော့ ရင်ခွင်ပိုက်ကလေးငယ် တစ်ယောက်လိုပင် ရင်ဘတ်စည်တီးလျှက် ကြိုဆိုထွေးပွေ့ဦးမှာ သေချာပါသည်။ ဖေဖေကရော…။ နန္ဒ၏ နံဘေးမှာ တွယ်တာစရာ မိန်းမတစ်ယောက်သာ ယှဉ်တွဲပါမလာခဲ့ဘူးဆိုလျှင် ဖေဖေကလည်း သူ့ကို လက်ခံနိုင်မှာပါ။ သူ… အတွေ့အကြုံအရ သိနေခဲ့ပါသည်။
                   ***********
“ငါတော့ မေမေ့ကို နားကို မလည်နိုင်တော့ဘူး”
“အင်း… ငါရောပဲ”
                   အဲဒီလို စကားများဖြင့် ကဉ္စနာနှင့်သူ အတိုင် အဖောက် ညီခဲ့ကြဖူးစဉ်က သူတို့ နှစ်ယောက်စလုံး ခုနစ်တန်းပဲ ရှိကြသေးသည်။  အကောင်းဆုံးကျောင်းဟု သတ်မှတ်ခြင်းခံရသော အခြေခံပညာ အထက်တန်းကျောင်းကြီးမှာ သူတို့နှစ်ယောက်က အတော်ဆုံးအတန်း တန်းခွဲ(A)မှ အတော်ဆုံး ကျောင်းသားနှစ်ယောက် ဖြစ်လေသည်။ အဆင့်တစ် နှင့် နှစ်ကို တစ်လှည့်စီလုယူနေကြသော သူတို့နှစ်ယောက်သည် အချစ်ဆုံး သူငယ်ချင်းတွေလည်း ဖြစ်နေကြစဉ်မှာ သူတို့၏ အမေနှစ်ယောက်ကတော့ အစစ၊ အရာရာ ယှဉ်ပြိုင်ဘက်၊ ကမ္ဘာ့ရန်များအဖြစ် အတော်ကလေး ခရီးတွင်နေခဲ့ပြီ။
“ဒီတစ်ပတ် စာမေးပွဲမှာ ကဉ္စနာ့ထက် ဘာသာစုံ ရမှတ်တွေ သာနေမှ ဖြစ်မယ်နော်။ မဟုတ်ရင် ဟိုမှာတွေ့တယ်မဟုတ်လား ၀ါးခြမ်း”
အသားနာမှာတော့ သူ ကြောက်လှပါသည်။ ဖေဖေရော မေမေပါ လက်သံပြောင်လွန်းလှသူတွေ ဖြစ်ကြသည် မဟုတ်လား။ ပြီး… စာမေးပွဲမှာ အမှတ်နည်းတာ၊ အဆင့် မကောင်းတာကိုလည်း သူ ကိုယ်တိုင်က မကြိုက်နိုင်ပါ။ ဒါပေမယ့် ကဉ္စနာ့လို မိန်းခလေးတစ်ယောက်နှင့် ယှဉ်ပြိုင် အနိုင်ရရေးအတွက်တော့ဖြင့် သူ စိတ်မ၀င်စားပါ။ သူ ကဉ္စနာ့ အပေါ်မှာ အနိုင်မယူချင်ဘူး။ ကဉ္စနာက သူ့ အချစ်ဆုံး သူငယ်ချင်း မဟုတ်လား။
ကဉ္စနာကတော့ မိန်းခလေးဖြစ်နေလို့လား မသိ။ ပြိုင်ဆိုင်ချင်၊ အနိုင်လိုချင်သော စိတ်ကလေး ရှိတာ ရိပ်မိရပါသည်။ သို့သော် ကဉ္စနာကလည်း သူ့တစ်ယောက်ကိုတော့  ကဲကဲလွှားလွား မပြိုင်ဆိုင်ခဲ့ဖူးပါ။  ကဉ္စနာလည်း သူ့အား ခင်မင်သည်သာ မဟုတ်လား။
သို့သော် ကဉ္စနာသည်လည်း သူမ၏ အိမ်မှာ သူ့နည်းတူ မိခင်၏ ကြိမ်းဝါးမှုကို တရံမလပ် ခေါင်းငုံ ခံနေရရှာတာ သူသိပါသည်။ သူတို့တတွေ ဖြေဆိုပြီးခဲ့သော စာမေးပွဲရမှတ်များကို အတန်းထဲမှာ ကြေငြာသောနေ့မျိုးတွင် ကဉ္စနာတစ်ယောက် ဂဏှာ မငြိမ်ပဲ ဖြစ်နေတတ်တာ သူ တွေ့ဖူးလှပြီ။ ဟိုလူ၊ ဒီလူထံမှာ အမှတ်တွေလိုက်မေးရင်း အလုပ်ရှုပ်နေတတ်ပြန်သည်။ အုပ်ထိန်းသူလက်မှတ်ထိုးရန် ရီပို့ကဒ်များ အိမ်သို့ ထည့်ပေးလိုက်သောနေ့ဆိုလျှင် အဆင့်တစ်ဖြစ်နေမှ သူမ.. ရယ်မောနေနိုင်တာ ဖြစ်သည်။ မတော်တဆ အဆင့်တွေများစွာ လျော့ကျသွားခဲ့လျှင်တော့ ငိုမလိုမျက်နှာပျက်လျှက် ဆောက်တည်ရာမဲ့နေတတ်တာ သနားစရာ ကောင်းလှတော့သည်။ အိမ်ရောက်လျှင် သူ့မေမေသည် နားတွေ ညည်းအူလာအောင် ဆူပူမြည်တွန်တော့မည်ကို သူမ သိနေနှင့်သည်လေ။ ပြီး အရိုက်ခံရဦးမှာလည်း မြေကြီးလက်ခတ်မလွဲပါ။
ကဉ္စနာကမှ သူ့မေမေတစ်ယောက်တည်းက ဆူတာ၊ ရိုက်တာမို့ တော်ဦးမည်။ သူမှာတော့ ဖေဖေရော၊ မေမေပါ တစ်လှည့်စီ ဆူကြ ရိုက်ကြတာကို လှိမ့်ပိန့်ခံရတာဖြစ်သည်။ ဖေဖေမောလျှင် မေမေက အလှည့်ယူသည်။ မေမေ ခြေကုန်လက်ပန်းကျလျှင် ဖေဖေက စစ်ကူဝင်သည်။ တစ်နေကုန် အကြောင်းတိုက်ဆိုင်လေတိုင်း ထိုအကြောင်းအရာ တစ်မျိုးတည်းကိုသာ တက်ညီလက်ညီ အပ်ကြောင်းထပ်နေကြတော့ရာ သူ့ခမျာ နေစရာပင် မရှိတော့။
မှတ်မှတ်ရရ ကျောင်းတက်မှန်လှသော ကဉ္စနာတစ်ယောက် အပျင်းဖျားပြီး တစ်ပါတ်နီးပါး ကျောင်းပျက်ခဲ့ဖူးသေးသည်။ နောက်တော့မှ လပါတ်စာမေးပွဲမှာ အဆင့်ကျသွားကြောင့် သူ့မေမေ ရိုက်ရာ အကြောက်လွန်ကာ နေမကောင်းသည်အထိ ဖြစ်ခဲ့ရသည်ဟု သိခဲ့ရ၏။ နောက်တစ်ပါတ် စာမေးပွဲမှာ ကဉ္စနာ့ထက် အမှတ်နည်းစေရန် သူတမင် လျှော့ဖြေခဲ့ရာ အတန်းပိုင်ဆရာမက သူ့အား အတန်းထဲမှာ ရစရာမရှိအောင် ဆူပူမြည်တွန်လွှတ်လိုက်သည်။ အိမ်ပြန်ရောက်လျှင်တော့ မိုးမီးလောင်လေ၏။
***********
တကယ်တော့ သူတို့နှစ်ယောက်၏ နေအိမ်တွေက ကျောင်းနှင့် အတန်ဝေးလှမ်းနေပါသည်။ သို့သော် မိဘတွေအားလုံးက အနီးရှိ အလယ်တန်းကျောင်းကလေးကို လုံးဝ စိတ်မ၀င်စား။ ခါးခါးသီးသီးဟုပင် ပြောနိုင်လောက်သည်။ ထိုကျောင်းကလေးမှာ ကျောင်းတက်ရလျှင်ဖြင့် သူတို့၏သားသမီးတွေ ဒီတစ်သက် ပညာတတ်ဖြစ်လာမည်လို့ကို မယုံကြည်ကြသော ငြင်းပယ်ခြင်းမျိုးနှင့် ဖြစ်သည်။
                   သူ၏ စာမေးပွဲရမှတ်များအပေါ် အားမရလျှင်သော်လည်းကောင်း၊  စာကြည့်စားပွဲ ပုံမှန်ထိုင်ရန် ခဏငယ်ကလေး ပျက်ကွက်လျှင်သော်လည်းကောင်း  မေမေ၏ လက်သုံးစကားမှာ..
“နင့်ကို နွားဖြစ်မှာစိုးလို့ ကျောင်းကောင်းကောင်းမှာ ထားတာဟဲ့။ သိရဲ့လား”
                   …ဟူ၍ ဖြစ်သည်။ မေမေ့စကားအရ ဆိုလျှင်တော့ အိမ်နှင့် အနီးအနားက ကျောင်းမှာနေကြရသည့် ကျောင်းသားတွေသည် ယနေ့ သို့မဟုတ်..မနက်ဖြန်မှာ နွားဖြစ်ကြတော့မည်လား မသိ။ ဒါပေမယ့် ထိုကျောင်းမှ ထွက်သွားသော ကျောင်းသားဟောင်းတွေ တစ်ယောက်မှ နွားဖြစ်သွားကြတယ်ဟု သူ မကြားစဖူး။ သေချာတာကတော့ သူတို့တတွေမှာ သူ့လောက် ကျောင်းစာနှင့် မျက်နှာ အချိန်ပြည့် ကပ်မထားကြရ။ ဆော့ကစားချိန်လည်း ပိုများကြသည်။ ပြီး သူ မသိတတ်သော အရာများစွာကို သူတို့က ပိုမို သိနားလည်နေကြခြင်း ပဲ ဖြစ်သည်။
“နေကြာစေ့ဆိုတာ နေကြာပင်က  ပန်းပွင့်ပြီး အဲဒီအပွင့်က ရတာကွ။ ပြီးတော့ ကွာစေ့ဆိုတာလည်း ကွာပင်က ရတာပဲ”
                    အဲသည်စဉ်အချိန်တုန်းက အလယ်တန်းပင် တက်နေပြီဖြစ်သော သူက အဟုတ်ထင်မှတ်နေခဲ့ဖူးတာ ဖြစ်သည်။
“ငါ.. နေကြာပင်တော့ မြင်ဖူးတယ်။ ကွာပင်တော့ တစ်ခါမှ မမြင်ဖူးဘူး။ သူကရော အပွင့် ပွင့်တာပဲလား”
                   သူတို့ တဟားဟားရယ်မောနေကြသည့်တိုင် သူ နားမလည်နိုင်။
“မင်းကို အလကား နောက်နေကြတာပါကွာ။ ကွာစေ့ဆိုတာ ဖရဲပင်က ရတာ။ ဖရဲသီးထဲက အစေ့မဲမဲတွေ မင်း တွေ့ဖူးတယ် မဟုတ်လား။ အဲ အစေ့တွေကို လှော်ထားတာ”
                   တစ်ယောက်က တည်တည်တံ့တံ့ ၀င်ရှင်းပြတော့ သူ အသိတိုးရသည်။
“ပြီးတော့ အသီးတွေထဲမှာ ဘယ်အသီးက အမာဆုံးလဲ သိလား။ ဂေါက်သီးကွ။ ဂေါက်ပင်ရော မြင်ဖူးလား”
                   သူ ဆတ်ခနဲ ဖြစ်သွားကာ…
“မင်း လာမရွှီးနဲ့ ဟေ့ယောင်။ ဂေါက်သီးကို ငါသိတယ်။ ငါတို့ဖေဖေက ညနေတိုင်း ဂေါ့ဖ်ရိုက်သွားနေကျ”
                   သူတို့တတွေ ရယ်မောလိုက်ကြပြန်သည်။ တကယ်တော့ သက်ရွယ်တူ သူငယ်ချင်းတွေနှင့် ခုလို ရောက်တတ်ရာရာ ပြောဆိုရင်း ရယ်ပွဲဖွဲ့နေရတာ ပျော်စရာကောင်းပါသည်။ ခဏနေရင် ဘောလုံးကန်ကြမည်ဟု တိုင်ပင်ကာ လူစုနေကြသည်။ မေမေ ပြန်ခေါ်ဖို့ အချိန်နီးနေပြီ။ ဒါပေမယ့် ရသလောက် အချိန်ကလေးမှာ သူ.. ဘောလုံးဝင်ကစားသည်။
“နန္ဒရေ….”
                   မေမေ လှမ်းခေါ်တော့ သူ မကြားယောင်ဆောင်ကာ ဆက်ကစားသည်။ နှစ်ခွန်း သုံးခွန်းဆင့်လာတော့…
“လာပြီး မေမေ။ ခဏလေး…”
                   သူ အကစားမပျက်ပါ။ ၀ါးခြမ်းတစ်ချောင်းကိုင်ကာ မေမေ ကွင်းစပ်ဆီ လာရပ်လေမှ ရှေ့မှ ဘောလုံးကို တစ်ချက် အားကုန်ကျုံး ကန်ပစ်ခဲ့ကာ သုန်သုန်မှုန်မှုန် သုတ်ချေတင်ရသည်။ ထိုနေ့က ထုံးစံမပျက် အရိုက်ခံရသော်လည်း သူ ကျေနပ်လေသည်။
*********
 မိဘ၏ အရိပ်တွင် သူ့အတွက် မှေးစက်နားနေရန် တစ်နေရာစာတော့ ရှိနေဆဲပဲဖြစ်သည်။ ဟိုယခင်က ရရှိခံစားခဲ့ဖူးသည့် အဆောင်အယောင်များသည်လည်း ပြောင်းလဲလျော့နည်းမသွားသေးပါ။ သို့သော် သူ မပျော်ရွှင်နိုင်ပါဟုဆိုလျှင် ဖေဖေရော၊မေမေပါ သူ့ကို စိတ်ဆိုးကြဦးမည်။ တစ်အိုးတစ်အိမ်နှင့် အခါခါခွဲနေခဲ့ဖူးတဲ့ သားယောက်ျားတစ်ယောက်ဟာ မိဘအိမ်မှာ အပူပန်မဲ့ နေရသည့်ဘ၀ကို သာယာနေလိမ့်မည်ဟု ဖေဖေနှင့်မေမေတို့ ထင်မှတ်မှားနေကြပါသလား။
သူ့အိမ်ကလေးမှာ ဖေဖေနှင့် မေမေတို့အိမ်ကဲ့သို့ မကျယ်ဝန်း၊ မခမ်းနားပါ။ နှိုင်းယှဉ်မရနိုင်အောင် အပုံကြီး ကွာခြားလွန်းလှတာ သူသိပါသည်။ ဒါပေမယ့် သိမ်နုတ်သော ထိုအိမ်ကလေးမှာ သူက အိမ်ဦးနတ်၊ ဘုရင်တစ်ဆူဖြစ်သည်။ သူ အရိပ်ကြည့်ကာ ကြောက်ရွံ့ခန့်ညားရမည့်သူ မရှိ။ ဒါပေမယ့် သူက အိမ်ထောင်တစ်ခုကို ဦးဆောင်ကာ ရှာဖွေကျွေးမွေးရန် ခုထိ အစွမ်းအစ ကင်းမဲ့နေဆဲလည်း ဖြစ်သည်။ သို့အတွက် သူ လိပ်ပြာငယ်ရသည်။
“ဟယ်တော့…ဆန်အိုးထဲမှာ ဆန်ကုန်နေပြန်ပြီ”
                   သူသီးမခံနိုင်ဆုံးသော စကားပဲဖြစ်သည်။ ပြီး…ဆီမရှိပြန်ဘူး။ ငြုပ်၊ ကြက်သွန်၊ တခြားတိုလီမိုလီ။ သူ… ဘယ်တုန်းဆီကမှ စိတ်မ၀င်စားဖူးတဲ့ အကြောင်းအရာတွေအတွက် တွေးပူနေရတာ ဦးခေါင်းတွေ ပေါက်ထွက်တော့မလား ထင်ရသည်။ အိမ်သူက ကိုယ့်ရှေ့မှောက်မှာ ပြေးလွှားချေငှားရင်း တဖားဖားဖြစ်နေတာ တွေ့ပြန်လျှင်လည်း သူရှက်ရွံ့သိမ်ငယ်နေရသည်။ တကယ်ကအိမ်ထောင်တစ်ခုမှာ စားဝတ်နေမှု အရေးအရာ တာဝန်မှန်သမျှသည် သူ၏ ပခုံးပေါ်မှာသာ ရှိနေသင့်တာ မဟုတ်လား။ သူ.. သိနားလည်နေသော်လည်း မစွမ်းခဲ့တာ ကိုယ်တိုင်သိနေပြန်ရာ ပိုလို့ခံပြင်းမိလေသည်။
ဒါပေမယ့် သူ.. ကိုယ်တိုင် ရွေးချယ်ခဲ့သော ဘ၀ကို  ကြိုးစားတည်ဆောက် ခဲ့ပါသည်။ ပန်းသွေးဖျော့ လက်ဖ၀ါးတွေ နီကျင်သွေးခြေဥသည်အထိ။ လုပ်အားနှင့် အခကြေးငွေဆိုတာကလည်း နေရာအလိုက် တန်ဘိုးလဲလှယ်နှုန်းတွေ အမျိုးမျိုးပါပေ။ သို့သော် လုပ်အားနှင့် ချွေးစက်တွေက အမြဲတန်း လျှော့လျှော့ပေါ့ပေါ့ တန်ဘိုးသင့်ခံနေရတာပဲ။
                   ထိုအချိန်ကျတော့ ဘ၀မှာ အပူပင်မဲ့နေခွင့်ပေးခဲ့ကြသော ဖေဖေနှင့်မေမေ၏ ကျေးဇူးတရားကို အောက်မေ့မိလေသည်။ ဒါပေမယ့် သူ့ကို ခုလိုမျက်နှာလွှဲထားတာကတော့ ဖေဖေနှင့်မေမေက သူ့အား အနုနည်းဖြင့် နှိပ်စက်နေပြန်တာ မဟုတ်ဘူးလား။
“ဆင်းရဲတဲ့ဒဏ်ကို မင်းဘယ်လောက်ခံနိုင်မလဲ”
                   ..ဟု အနားမှာ လာမေးလျှက် လှောင်ပြောင်နေကြသယောင် ထင်မိသည်။
ဖေဖေတို့၏ အကြောင်းပြချက်ကတော့ သူတို့ မကြည်ဖြူနိုင်ခဲ့ သူကို မတိုင်မပင် ဇွတ်ယူ လက်ထပ်ခဲ့သောကြောင့် ဟုဆိုကြပေလိမ့်မည်။ ဆင်းရဲတာအပြစ်လားဖေဖေ ဟု သူ ပြန်မေးတော့ ဒေါသအိုးများ ပေါက်ကွဲခဲ့ကြသည်။
တကယ်တော့ ငြိမ်းငြိမ်းမှာ အပြစ်ပြောစရာဆိုလို့ ဆင်းရဲတာတစ်ခုသာရှိတာပါ။ သို့ပေမယ့် ဘ၀ကိုရောင့်ရဲနေပျော်တတ်သူ ဖြစ်သည်။ လောကဒဏ်၏ ထိုးနှက်မှုကို သူ့ထက်အပုံကြီးပိုမိုကာ ခံနိုင်ရည်ရှိလေသည်။ မာနကင်းသောငြိမ်းငြိမ်းမှာ ချစ်စရာအကောင်းဆုံးကတော့ သူ့ကိုအထင်ကြီးကာ မြတ်နိုးလေးစားတာပဲဖြစ်သည်။
ဘာပဲပြောပြော မရှိသော ဆင်းရဲစကား ကြားရသည့် ကြိမ်ဖန် များလာသော အခါ သူ စိတ်ဆင်းရဲလေသည်။ တစ်သက်လုံး မတောင့်မတ နေခဲ့ရသော ဘ၀ဟောင်းဆီ ပြန်လည် တိုးဝင်ချင်မိပြန်တော့သည်။ တကယ်က သူ သတ္တိနည်းနေတာ၊ သွေးကြောင်တွေဝေနေတာ  ၀န်ခံရပါမည်။
‘မင်းနောက်မှာ ဘာ အဆွယ် အပွားမှ ပါမလာခဲ့စေနဲ့။ တစ်ယောက်တည်းဆိုရင် အချိန်မရွေး ပြန်လာခဲ့”
                   ဖေဖေ့စကားတို့က ဘယ်လောက်များ စာနာညှာတာမှု ကင်းမဲ့လိုက်ပါသလဲ။ သူ မခံချင်စိတ်ဖြင့် အသားတွေ တဆတ်ဆတ်တုန်နေခဲ့ရသည်။ ထိုအချိန်မှာတော့ ဖေဖေ့အိမ်ကို တစ်သက်မပြန်ဟု စိတ်ပိုင်းဖြတ်လိုက်မိခဲ့တာ ဖြစ်သည်။ ဒါပေမယ့် အချိန်တန်လာတော့လည်း ဖေဖေတို့အိမ်ဆီသို့သာ ခြေဦးလှည့်နေမိပြန်ပြီ။
“ရှင် မဆင်းရဲဝံ့ပါဘူး။ အဲဒါကို ရှင်ဝန်ခံလိုက်ပါ ”
                   မကြုံစဖူး ငြိမ်းငြိမ်းတစ်ယောက် ပေါက်ကွဲစွတ်စွဲလာတော့ သူ ငြင်းဆန်အား မရှိခဲ့ပေ။ ဒါပေမယ့် အိမ်ပြန်ရောက်တော့လည်း သူ့စိတ်တွေက နေသားမကျတော့ပါ။ မေမေက သူ့အား ဟိုအရင်ကာလတွေကအတိုင်း အရိပ်ကြည့်ကာ ပူပန်မှု မလျော့သေး။ စိတ်တိုင်းမကျလျှင် ငယ်ငယ်ကလို အပြစ်ပေးချင်နေတုန်းပင်။ ဖေဖေကတော့ သူ့ကို မယုံရဲရဲ ကြားမှ သူ့အလုပ်မှာ နေရာပေးဖော်ရသည်။ သွေးတိုးစမ်းသလို တွဲကူခေါ်သည်။
                    ခက်တာက သူက စီးပွားရေးမှာ လာဘ်မြင်ပြီး ကွက်ကျော်ရိုက်တတ်သော၊ အလုပ်သမားများ အပေါ် နှုတ်ချိုလက်တိုကာ စာနာမှုမဲ့ ဆက်ဆံတတ်သော  ဖေဖေ့စိတ်နေစရိုက်များကို သဘောမကျ။ အတုလည်း မခိုးချင်ပါ။
                   ဖေဖေနှင့်သူ သဘောထားကွဲလွဲကြပြီလားဆိုလျှင် ဖေဖေက သူ့အပေါ် ငယ်စဉ်ကတည်းက အားမရ၊ မကျေနပ်နိုင်ခဲ့သည်များကိုပါ  အမြစ်ပြန်ဖော်သည်။ နင့်နင့်နဲနဲ တိုက်ခိုက် ထိုးနှက်သည်။ သူ ဖေဖေ့အား မည်သို့မျှ ပြန်လည် မတုန့်ပြန်ခဲ့ပေ။ ဖေဖေ့ကို ထိပ်တိုက်ရင်ဆိုင်လို့ မရနိုင်တာ သူသိပါသည်။ ဖေဖေ့အားတုန့်ပြန် ထိုးနှက်ရန် အခွင့်အခါကောင်းတစ်ခုသို့ ရောက်ရှိချိန်အထိ အချိန်ကြာမြင့်စွာ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းတတ်သော သူ့အကြောင်းကိုလည်း  ဖေဖေ မေ့မထားသင့်ဟု ထင်သည်။
                   **********


*****နည်းနည်းရှည်သွားပြန်လို့ ခွဲတင်ပါဦးမယ်။း)

3 comments:

  1. ကိုသတိုးရေ...
    စာလုံးဖောင့်တွေက အဆင်မပြေဖြစ်နေပါလား..။ အရင်လို ဖတ်လို့မရဘူး...။ ဘယ်ကဖြစ်တာလဲမသိ..။ အပိုင်း(၂)တက်တော့မှ တစ်ခေါက်လာချောင်းဦးမယ်။

    ReplyDelete
  2. စိတ်ဝင်စားစရာပဲ အတန်းထဲ အဆင့် ၁-၂ ၀င်နေတဲ့ကျောင်းသားတစ်ယောက်က ဘာမှမဖြစ်လာပဲ အိမ်ထောင့်နွံထဲ ကျသွားတာတော့ စဉ်းစားစရာ ဆက်ရန်ကိုစောင့်မျှော်နေပါတယ် အစ်ကိုရေ့ ။

    ReplyDelete
  3. အိမ်ထောင်ကျစောသွားတယ်ထင်တယ်...
    အဖေအမေရဲ့ ဖိအားကို မခံနိုင်တော့လို့ အိမ်ထောင်ပြုင်္ပြီး ထွက်ပေါက်ရှာလေသလားဘဲ..
    အပိုင်း၂ကို ဆက်စောင့်ပါမယ်..

    ReplyDelete

စိတ်ထဲ ခံစားမိသလို မျှဝေပြောပြခဲ့ပါဦး...။