Saturday, December 17, 2011

သက်ဆက် နှောင်ထုံး



 “ငါမရှိရင် ညည်းတော့ မလွယ်ဘူး”

                   ထိုစကားကို မေမေ ဆိုလေတိုင်း ခင်ခင်ဦးတစ်ယောက် ခံခက်နာကျင်နေတတ်တာ မေမေလည်း မသိလို့မှ မဟုတ်ပဲ။ သို့ပေမယ့် ဘယ်တော့မှ မဆင်ခြင်။ အကြောင်းတိုက်ဆိုင်လေတိုင်း (အထူးသဖြင့် ခင်ခင်ဦးအား စိတ်တိုင်းမကျလေတိုင်း) ထိုစကားကိုသာ မကြာခဏ ရေလဲသုံးတတ်ခဲ့လေသည်။

                   တကယ်က ခင်ခင်ဦး မရှိတော့လျှင်သာ မေမေ့အတွက် သက်ရှင်ရပ်တည်မှု မလွယ်ကူမှာ၊ ခက်ခဲပင်ပမ်းရမှာ မဟုတ်ဘူးလား။ စိတ်အတွေးထဲက တန်ပြန်မေးခွန်းကို မေမေ သေလွန်သည်အထိ မကြားသိသွားရလေအောင် ခင်ခင်ဦးတစ်ယောက် လိမ်လိမ်မာမာ ထိန်းသိမ်းသိုဝှက် ထားနိုင်ခဲ့သည် ထင်သော်လည်း မေမေကတော့ ရိပ်မိနားလည်နေခဲ့လေသလား မသိ။

“ငါက ညည်းကို မွေးလာခဲ့တာပါ ခင်ဦးရယ်”

                   မေမေက သူမွေးထားသော သားသမီးအားလုံးနှင့် ပတ်သက်၍ ဘာတစ်ခုမှ မသိတာ မရှိဟု ထင်စားယုံကြည်နေပြန်သေးတာ ဖြစ်သည်။ ဖြစ်နိုင်ပါ့မလား မေမေရယ်။ မေမေ့သားသမီးတွေအားလုံးဟာ  မေမေ့ရင်ခွင်ထဲက ပုလုကွေးလေးတွေမှ မဟုတ်ကြတော့ပဲ။ တစ်အိုးတစ်အိမ်ခွဲထွက်ကာ ကိုယ်စီမိသားစုနှင့်…၊ အောင်မြင်သော လုပ်ငန်းစီးပွား ကိုယ်စီနှင့် ဖြစ်ကြသည်။ သူတို့ဝင်ဆန့်တွင်ကျယ်သော လောကအလွှာမှ လူ့သဘော၊ လူ့အထာ ကိုယ်စီနှင့်ပဲ ရှိတော့မှာပေါ့။ သူတို့အားလုံး၏  အတွင်းမနောကို မေမေက ဘယ်လို နား၊ မျက်စေ့တို့နှင့်  လိုက်သိနေနိုင်ပါ့မလဲ။ ဒါပေမယ့် တကယ် မသိသော အရာအားလုံးကို သိနေနိုင်သလို ထင်ယောင်မှားနေခြင်းက မေမေ့အား စိတ်ချမ်းသာစေခဲ့မည် ထင်ပါသည်။

“ငါ  … မမြတင်တို့နဲ့ ဘုရားဖူးလိုက်ချင်တယ်”
“ဟာ… မေမေ ရန်ကုန်က ပြန်ရောက်တာ ဘယ်လောက်ကြာသေးလို့လဲ ။ အေးအေးဆေးဆေး အိမ်မှာ နားပါဦးလား”
“ဘာဆိုင်လို့လဲ။ ရန်ကုန်သွားတာက ဆေးသွားပြတာပဲ ဥစ္စာ။ ခုက ဘုရားဖူးသွားမှာ”
“ဆေးပြရတာက တစ်ရက်၊ နှစ်ရက်ပဲလေ။ ရန်ကုန်အနှံ့ မေမေ လည်ခဲ့ရတာပဲ မဟုတ်ဘူးလား။ ရန်ကုန်က ဘုရားတွေရော မေမေ မဖူးရောက်ဖူးတာ ရှိသေးလို့လား”
“ခုက ရန်ကုန်ကို  မဟုတ်ဘူး။ ပုဂံဘုရားတွေ လိုက်ဖူးမှာ…”

                   မေမေ.. ခုလို ကျန်းကျန်းမာမာနှင့် လည်ပတ်သွားလာနိုင်နေတာ ၀မ်းသာစရာ ကောင်းလှပါသည်။ သို့ပေမယ့် မေမေ့ခရီးစရိတ်ကို စိုက်ထုတ်ပေးရန် သူမ မတတ်နိုင်တာမို့ မတားကောင်းမှန်းသိသိကြီးနှင့် ကဖျက်ယဖျက် လုပ်နေမိတာ ဖြစ်ပါသည်။ ပြီး… မေမေသွားမည့် ခရီးမှာ ခင်ခင်ဦးက အဖော်အဖြစ် မဖြစ်မနေ လိုက်ပါပေးရဦးမည်။ မေမေ့ကျန်းမာရေးက ရွှေတစ်နေ့၊ ငွေတစ်နေ့ မဟုတ်လား။ ဒါပေမယ့် မေမေက တစ်နေရာဆီ သွားချင်၊ လာချင်လျှင်တော့ ပေါ့ပါးလန်းဆန်းကာ နေကောင်းကျန်းမာနေပြန်တော့ပြီ။ ကျန်းမာရေးကို အကြောင်းပြ တားမြစ်လို့လည်း ဘယ်တုန်းကမှ မရတတ်ခဲ့တာ အတွေ့အကြုံတွေ များလှပြီ။

“ကျုပ် ညည်းဆီက ပိုက်ဆံ မတောင်းပါဘူး။ ခင်မော့်ကို ပြောထားတယ်”

                   ခင်မော်က သူမ၏အောက်က ညီမငယ်ဖြစ်သည်။ ယောက်ျားက အဝေးပြေးကားလုပ်ငန်းနှင့် ပြေလည်ကြွယ်ဝသည် ဆိုပါစို့။ မေမေပြောလျှင် ခင်မော်က လက်နှေးမည့်သူ မဟုတ်တာလည်း သေချာပါသည်။ ခင်မော်မှ မဟုတ်။ ခရိုင်တရားသူကြီး ခင်ဆွေရော၊ ၊ မြိုနယ် ဆန်ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ မောင်နေရော… မေမေ့အလိုကို အတတ်နိုင်ဆုံး သိတတ်ဖြည့်ဆည်းပေးနေကြတာ မေမေ့ သားသမီးကံ ကောင်းလှလို့သာ ဖြစ်သည်။ သို့ပေမယ့် သူတို့မှာလည်း သူတို့မိသားစုနှင့် သူတို့  အကြောင်းကိုယ်စီ ရှိနေနိုင်သေးသည် မဟုတ်လား။ အခွင့်အရေးဆိုတာ ရတိုင်း ယူကောင်းသော အရာမဟုတ်ဟု သူမက တွေးမိလေသည်။ စိမ်းသူကိုယ်စီကိုလည်း ထည့်တွက်ရဦးမည် ထင်သည်။

                   ပြီးခဲ့သောလကပင် မေမေက မျက်စိခွဲချင်သည်ဆိုသောကြောင့် မေမေ့သား အငယ်ဆုံး မောင်ဆန်းက ငွေပေးလိုက်သေးသည်။ မောင်ဆန်းသည်လည်း အောင်မြင်သော ရေလုပ်ငန်းရှင်တစ်ယောက်မို့ မေမေ တစ်ခွန်းပြောရုံနှင့် ငွေက လျှောခနဲထွက်လာခဲ့သည်ပင်။ ပြီး သည်တစ်ကြိမ်က မေမေ၏ ဒုတိယ အကြိမ်မြောက် ခွဲစိတ်မှုဖြစ်သည်။ ပထမအကြိမ် မျက်လုံးခွဲတုန်းက ခင်ဆွေက ငွေကြေးကုန်ကျခံခဲ့တာ ဖြစ်သည်။ သားသမီးတွေက မေမေလိုအပ်သမျှ အဆင်သင့်ရှိနေနိုင်သည်မို့လည်း မေမေက သူ့ကိုယ်ပေါ်မှ အနာရောဂါဟူသမျှ နည်းနည်းကလေးတောင် သီးမခံချင်။ ပြီး ဘယ်လို ဝေဒနာ အပယိက လေးပဲ ဖြစ်နေပါစေ… ရန်ကုန်ကိုသွားကာ အထူးကု သမားတော်နှင့်သာ ပြသ၊ စမ်းသပ်ခံလိုတာ ဖြစ်သည်။ ခရီးသွားဖို့တော့ မေမေ ဘယ်တော့မှ မကြောက်..။ ဖေဖေဆုံးပါးပြီးကတည်းက အငယ်တွေကို ခင်ခင်ဦးနှင့်ထားကာ  ခင်ခင်ဦးကိုသာ စီမံအုပ်ချုပ်စေပြီး  မေမေက တစ်မြို့မှ တစ်မြို့သို့ ကူးလူးသွားလာ၊ ရောင်းဝယ်ရှာဖွေရင်း သားသမီးတွေကို ယခု အခြေအနေအထိရောက်အောင်တင့်တင့်တယ်တယ်ထားနိုင်ခဲ့တာမဟုတ်လား။

“မြန်မာ ပြည်မှာ ငါ မစီးဖူးသေးတဲ့ ယာဉ်က လေယာဉ်ပျံပဲ။ ကျန်တာ အကုန် စီးဖူးတယ်။ တစ်ခါလောက်တော့ လေယာဉ်ပျံ စီးကြည့်ဖူးချင်တယ်”

                   ထိုသို့သော မေမေ ဖြစ်ပါသည်။ သို့သော် သန်မာပျိုရွယ်စဉ်ကတော့ အကြောင်းလား။ ခုက မေမေ့အသက် ခုနစ်ဆယ်တွင်း ၀င်နေပြီ။ မေမေ့ သမီးကြီး ခင်ခင်ဦးသည်ပင်  လေးဆယ့်ငါး ကျော်ခဲ့ပြီ။ သို့ပေမယ့် မေမေက သူ့အသက်ကို မကြာခဏ မေ့လျော့ထားလေသလား မသိ။ သူ့သားသမီးတွေဖြစ်သော ခင်ခင်ဦးတို့ အားလုံးကိုလည်း သူ…. စေရာအတိုင်း လိုက်ပါနာခံလေ့မြဲ ရင်ခွင်ပိုက်တွေအဖြစ် ထင်ယောင်နေဆဲပင်။

မေမေက အစားအသောက်၊ အနေအထိုင် ကျတော့လည်း မဆင်ခြင်နိုင်ပြန်။ သွေးတိုးအခံရှိပေမယ့် အဆီအဆိမ့်လည်း ရှောင်မည် မထင်နှင့်။ မျက်လုံးခွဲထားလည်းပဲ တစ်ပါတ်ကျော်လျှင် တီဗွီရှေ့မှာ ကိုရီးယားကား မော့နေတတ်တာဖြစ်သည်။ နည်းနည်းကလေးဖြစ်လာလျှင် ဆရာဝန်ထံပြလိုက်ရမှ ကျေနပ်သည်။ ရောဂါသက်သာသည် ထင်၏။

                   ခင်ခင်ဦးက အကျိုးအကြောင်းရှင်းပြကာ ချော့မော့ဖြောင်းဖျမိလျှင် ဓမ္မာသောက ဖြစ်ရတော့သည်။ ကျန် မောင်နှမတွေကလည်း…

“မေမေ့ကို မပြောပါနဲ့ မမဦးရယ်။ သူ စိတ်ချမ်းသာသလို နေပါစေ”

                   ခင်ခင်ဦးက မေမေ့အတွက် အလိုလို သားသမီးဆိုး စာရင်းဝင်ရတော့မလို ဖြစ်တော့လေသည်။

                   ခင်ခင်ဦး ဖြစ်စေချင်တာက လိုအပ်လွန်းမှသာ၊ သူတို့ထံမှ အကူအညီကို မဖြစ်မနေ ယူမှဖြစ်မည်ဆိုမှသာ ယူစေချင်သည်။ ခဏ.. ခဏ ပတ်သက်ယူငင်နေရတာမျိုးကို မနှစ်မြို့နိုင်ပါ။ ခု… ဘာမှ မဖြစ်သေးပေမယ့် နောက်တစ်ချိန်မှာ  ထောက်ပြပြစ်တင်စရာ ဖြစ်လာမှာစိုးရိမ်လှပါသည်။ ကိုယ်တိုင်က မှီခိုသူဘ၀ပဲမို့ ကိုယ့်ဘက်ကိုပါ ဦးလည်လာကြမှာ ပိုလို့ ပူပန်မိတာဖြစ်သည်။

                   ငယ်ရွယ်စဉ် မောင်နှမတတွေ တစ်စည်းတစ်လုံးထဲ ရှိကြစဉ်ကတော့ မေမေပြီးလျှင် ခင်ခင်ဦးပဲ လူကြီးဖြစ်သည်လေ။ ဖေဖေ ဆုံးပါးကွယ်လွန်ပြီးနောက် အားလုံးအပေါ် ခင်ခင်ဦး၏ သြဇာက မေမေထက်တောင် ပိုညောင်းခဲ့သေးတာ မဟုတ်လား။ တစ်အိမ်လုံး၏ စီးပွားရေးက မေမေ့တာဝန်ဖြစ်သလို ကျန်းမာရေး၊ လူမှုရေးမှစလို့ အရာအားလုံးသည် ခင်ခင်ဦး၏ တာဝန်ချည်းသာ။ သို့ပေမယ့် အဲသည်စဉ်တုန်းက ဘ၀ကို ခင်ခင်ဦးတစ်ယောက် ကျေနပ်နေပျော်ခဲ့ပါသည်။

                   ဆယ်တန်းအောင်ပြီးကတည်းက မူလတန်းပြ ဆရာမဖြစ်ခဲ့သော ခင်ခင်ဦးတစ်ယောက် စာပေးစာယူဖြင့် ဘွဲ့တစ်လုံးရပြီးနောက်မှာ အလယ်တန်းပြ ဆရာမရာထူးကို လက်မခံနိုင်ခဲ့ပေ။ ရာထူးတိုးလျှင် နယ်အပြောင်းအရွှေ့ ရှိသည် မဟုတ်လား။ အိမ်နှင့် ဝေးဝေးခွာဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါ။ ထို့ကြောင့် အိမ်နှင့် နီးနီးနားနား မူလတန်းကျောင်းကလေးမှာပဲ စာသင်နှစ် တစ်နှစ်ပြီးတစ်နှစ် ကျောက်ချကာ ဖြတ်သန်းလာခဲ့ရတော့တာ မောင်၊ညီမတွေ ဘွဲ့အသီးသီးရကြသည် အထိဖြစ်သည်။ ပြီး … အသီးသီး အလုပ်ဝင်ကြသည်။ အိမ်ယာကိုယ်စီ ထူထောင်ခဲ့ကြသည်။ နောက်ဆုံးတော့ မေမေနှင့် ခင်ခင်ဦးတို့ နှစ်ဦးတည်း အိမ်မှာကျန်ရစ်ခဲ့တော့သည်။

                   မေမေ အလုပ်လုပ်နိုင်စဉ်ကတော့ အခြေအနေအရပ်ရပ်က ဘာမှ မသိသာလှသော်လည်း မေမေ ကျန်းမာရေး ချွတ်ယွင်းကာ အလုပ် မလုပ်နိုင်သောကာလရှည်ကြာလာခဲ့လျှင်တော့ ခင်ခင်ဦးတို့၏ အခြေအနေ အရပ်ရပ်သည်လည်း တစစ ယိမ်းယိုင်လာခဲ့တော့ပြီ။ ပိုဆိုးသည်ကတော့ မေမေ့အား အနီးကပ် ပြုစုစောင့်ရှောက်ရန် ခင်ခင်ဦးတစ်ယောက် အလုပ်ထွက်လိုက်ရတာပဲ ဖြစ်သည်။

                   ခင်ခင်ဦး၏ သဘောအရသာ ဆိုလျှင်တော့ အလုပ်မှ မနုတ်ထွက်ချင်ခဲ့ပါပေ။ ကျောင်းဆရာ၊ ဆရာမတို့၏ အလုပ်သံယောဇဉ်ကို တခြားသူတို့ နားလည်နိုင်မည် မဟုတ်ပါ။ သူတို့ နားမလည်ကြလို့သာ မေမေ့အတွက် အိမ်အကူမိန်းခလေးတစ်ယောက် ခေါ်မည့် အစီအစဉ်ကို အားလုံး တက်ညီလက်ညီ ကန့်ကွက်ခဲ့ကြတာပေါ့။ သူတို့၏ အကြောင်းပြချက်ကတော့…

“သူတစိမ်းက သားသမီးအရင်းလောက် အားကိုးရပါ့မလား”

                   မေမေ့ကို တခြားသူနှင့် ပစ်ခတ်ထားဖို့ စိတ်မချနိုင်ပါဘူးဟု တညီတညွတ်တည်း လေသံပစ်ကြသည်။ မြားဦးက ခင်ခင်ဦးထံသို့ ဦးတည်ရည်ရွယ်နေကြတာ သိသာလှပါသည်။ ခင်ခင်ဦး ကိုယ်တိုင်ကလည်း မသိတတ်၊ မပြုစုချင်လို့မှ မဟုတ်ပဲ။ ကျောင်းအားချိန်တွေမှာ ခင်ခင်ဦး၏ အချိန်ပို အားလုံးကို မေမေ့အတွက် ပုံအောသုံးစွဲပေးနိုင်ပါသည်။ ဒါပေမယ့် ကျောင်းချိန်လေးမှာတော့ စာပြေးသင်ချင်သေးသည်။ ခင်ခင်ဦး၏ ဘ၀၊ ခင်ခင်ဦး၏ စိတ်က စာသင်ခန်းထဲမှာပဲ ရှိနေတာ မဟုတ်လား။

                   ဒါပေမယ့် မူလတန်းပြ ဆရာမ ဒေါ်ခင်ခင်ဦး၏ လစာဝင်ငွေက မေမေ့ကို ၀လင်ဆူဖြိုးစေမှာမဟုတ်။ ကျန်းမာရေးအတွက် ဆေးခန်းမှန်မှန် ပို့ပေးနိုင်ဖို့ မလွယ်။ ဆေးဝါးဓါတ်စာ ပြည့်စုံလျှံပယ်အောင် ထားပေးနိုင်စရာ အကြောင်းလည်း မရှိ။ ခင်ခင်ဦးတစ်ယောက် ဘယ်တုန်းကမှ မလိုချင်ခဲ့သော သူတပါးတို့၏ မှီခိုသူဘ၀သို့ နေ့ချင်းညချင်း ကူးပြောင်းခဲ့ရတော့တာ ခုပြန်တွေးလျှင် ခုထိ ၀မ်းနည်းနာကျင်ရဆဲဖြစ်ပါသည်။

                   ခင်ခင်ဦး နားလည်တာကတော့ ဘယ်အရာမှ အလကားမရဘူး ဆိုတာပဲဖြစ်သည်။ သူတို့အားလုံးက မေမေအတွက် လိုအပ်ပိုလျှံရုံမျှမက ခင်ခင်ဦးအတွက်ပါ မပူပန်ရအောင် ထောက်ပံ့ပေးကမ်းကြပါသည်။ ကျေးဇူးတင်ရပါ၏။ ဒါပေမယ့် ခင်ခင်ဦး၏ အတ္တနှင့် မာနတို့ တစ်နေ့ထက်တစ်နေ့ တတိတိ တိုက်စားခံ၊ လျော့ပါးလာနေတာကျတော့ ဘယ်လို ရင်းစား ပြန်ရဦးမှာမို့လဲ။

                   မေမေကလည်း အလုပ်မှ အနားယူခဲ့ပြီး တရှောင်ရှောင် ကျန်းမာရေး အခြေအနေမှာ ပိုလို့ ဇီဇာကြောင်လာသည်။ မေမေသည်လည်း တစ်သက်လုံး  ကိုယ့်ခြေ၊ ကိုယ့်လက် ချယ်လှယ်ကာနေခဲ့သူ မဟုတ်လား။ နေညိုချိန်က စောစီးခဲ့သည်ဟု အားမလိုအားမရ ရှိခဲ့မည်ပင်။ သားသမီးမျက်နှာ ကြည့်နေရသော ဘ၀ကို ပျော်ပိုက်နိုင်မည်လည်း မထင်။ သို့ပေမယ့် အားလုံးက ထောက်ပြပြစ်ရှာမရအောင် မေမေ့အပေါ် သိတတ်လိမ္မာနေခဲ့ကြပါသည်။ လူကိုယ်တိုင် ရောက်မလာနိုင်လျှင်သာရှိမည်။ မေမေ ဘာလိုသလဲဟု အမြဲမေးမြန် ဖြည့်ဆည်းမှု မပျက်။ ပြီး တစ်အိုးတစ်အိမ်စီ၊ တသီးတခြားနေကြသူတွေမို့ ရောက်တုန်းရောက်ခိုက် ခဏငယ် အချိန်တွေမှာတော့ မေမေ့အား အလိုလိုက် အကြိုက်ဆောင်နိုင်ခဲ့ကြသည်။ ။ မေမေပြောသမျှ နာခံကြသည်။ အလိုက်သင့် ခေါင်းညိတ်ယောင်ပြုကြသည်။ ထိုအခါ လက်ပွန်းတတီးနေသော ခင်ခင်ဦးသည်သာ မေမေ့ပစ်မှတ် ဖြစ်လာရတော့သည်။

“ညည်းကိုများ အားမကိုးသေးဘူး”
“မေမေက မေမေ့ သားသမီးတွေ အားကိုးရှိတာကိုး”

                   မေမေက သားသမီးတွေ ပံ့ပိုးနိုင်ကြတာကို ဂုဏ်ဖော်ပြောရင်း ခင်ခင်ဦးအား ခပ်နှိမ်နှိမ် ဆက်ဆံတတ်လာသည်ဟု  ခံပြင်းဝမ်းနည်းလျှက် နာကျင်ကြေကွဲ မဆုံးတော့ပြန်။

                   သူတို့ကတော့ ခင်ခင်ဦးအား ကျေးဇူးတင်စကားပြောဖော်ရကြပါသည်။

“မမဦးတစ်ယောက် ရှိနေလို့သာပဲ”

                   ဒါပေမယ့် အချိန်တန်တော့လည်း ပေးကမ်းပံ့ပိုးနိုင်သူတွေက ပေးကမ်းရတာနှင့်ထိုက်တန်သော ၀င့်ဝါမှုတွေကို တလှစ်လှစ် ပြသလာကြတာပါပဲ။

“တော်တန်ရုံ ကိစ္စနဲ့တော့ မမှာပါနဲ့ မမဦးရယ်။ တို့တွေလည်း အားကြတာ မဟုတ်ဘူး”
“ရှင်တို့ရဲ့ မာတာမိခင်ကိုယ်တိုင်က အမှာတော် စေလို့  မှာရတာပါရှင့်။ လူကြီးမင်းတို့ မအားလပ်ကြတာလည်း ကျွန်တော်မျိုးမ သိပါတယ်”

                   အဲဒါက ခင်ခင်ဦးဖြစ်သည်။  ကိုယ့်စိတ်နှင့်မတွေ့လျှင် စကားကို အဆင်တန်ဆာတွေ ထုံမွမ်းကာ အငေါ်ကလေးတူးလိုက်ရမှ..။

“တွေ့ချင်တာက ငွေလို လို့မဟုတ်လား။ လိုတဲ့ငွေ လာယူလိုက်ပေါ့ဗျာ..”

                    ထောင်းခနဲ ဒေါသထွက်သွားသည်။

“ငွေအတွက် သက်သက် မှာရပါတယ်လို့တော့ ကျုပ်ကို မပြောဘူး။ ကျုပ်ကလည်း အဲလို မထင်မိဘူးလေ။ ရှင်တို့ကတော့ ကိုယ်တိုင် သားသမီး မွေးထားကြတာဆိုတော့ ပိုသိမှာပေါ့”

                   ထိုစကား၊ ထိုလေသံတွေကြောင့် ခင်ခင်ဦးအား သူတို့ မေတ္တာမပျက်ကြသည့်တိုင် အနည်းငယ်တော့ စိတ်မှာ မျက်ရှ ငြိုငြင်ချင်ကြမည် ထင်ပါရဲ့။ ခင်ခင်ဦးကတော့ မမှုပါ။ မသဒ္ဒါရင် လာ မကျွေး၊ မပေးကြနဲ့။ စကားတော့ နည်းနည်းမှ တင်စီးမလာနဲ့။ ခက်တာက မေမေပဲ ဖြစ်သည်။

“ညည်းကတပြန် အကြောကြီးနဲ့……”
“ခင်ဦးက သူတို့ကို အလျှော့ပေးရမှာလား။ လာသမျှလူကို လက်ညှိုးထောင်၊ ခေါင်းညိတ်နေရတော့မှာလား။ ဝေးသေး….”
“ညည်းလည်း သူတို့ကို အမှီခို ကင်းလို့လား”

                   မေမေစကားက ခင်ခင်ဦးကပဲ အစွမ်းအစမဲ့သောကြောင့် မောင်၊ ညီမတွေထံမှာ လက်ဖြန့်ခံကာ မျှော်ကိုးစားနေရသည့် အဖြစ်သို့ ရောက်စေတော့သည်။

“ အဲဒါ… မေမေ့ကြောင့် မကင်းနိုင်သေးတာလေ”

                   မေမေက ရှုတ်ချဟန် မဲ့ရွဲ့ပြသည်။

“ငါသာသေသွားရင် ညည်းတော့ မလွယ်ဘူး”

                   မေမေဆိုလိုတာက မေမေ့မျက်နှာနှင့် ၀ိုင်းဝန်းပေးကမ်းထောက်ပံ့နေကြလို့သာ ခင်ခင်ဦး၏ဘ၀ လူနေလှရသည်ဟု ပြောနေသယောင်။ မဆိုစကောင်း မေမေ အရိုက်အရာလွဲလျှင် ရနေကျ ဖြည့်ဆည်းပံ့ပိုးမှုတွေဟာ မရနိုင်တော့ဘူးပေါ့။ ခင်ခင်ဦးကလည်း ထိုအကြောင်းအရာတို့ကို ကြိုမတွေးတတ်သည့် အနုံမဖြင့် မဟုတ်ပဲ။ ဒါပေမယ့် မေမေက ခင်ခင်ဦးကို အထင်မကြီးတတ်တော့တာ ကြာလှပေါ့။ မေမေ အထင်ကြီးတာ၊ အားကိုးတာက လိုအပ်တောင့်တသမျှ အချိန်မဆိုင်းပဲ ဖြည့်ဆည်းစွမ်းဆောင်နိုင်ကြသူတွေကို ဖြစ်သည်။ တစ်ခါတစ်ရံ ခင်ခင်ဦးတစ်ယောက် မေမေ့ကွယ်ရာမှာ မျက်ရည်ခိုးကျရသည်။          

                   မေမေ့ရဲ့ ညရေးညတာ၊ ချေးသေးကစလို့ ကရိကထခံပြုစုပေးနေတာ ခင်ခင်ဦး မဟုတ်ဘူးလားမေမေရယ်။   မေမေ့သားသမီးတွေက  လာသည့်အခိုက်၊ သွားသည့်အခိုက်ကလေး မေမေ့အား အလိုက်သင့် ပြောပေး၊ ခေါင်းညိတ်ပေးသွားကြတာ။

“မမဦး။ မေမေ့ကို ဂရုစိုက်ပါနော်။ လိုတာရှိလည်း ပြောပါ”

                   ပြောပြီး ပြန်ကြတော့ မေမေက လွမ်းကျန်ရစ်တော့သည်။ ခင်ခင်ဦးကတော့ မေမေ့ အနွံတာ၊ ကရိကထမှန်သမျှ မညည်းမငြူ ဖြည့်စွမ်းပြုစုပေးရင် တစ်ခါတစ်ရံ စကားအခန့်မသင့်သော အကြိမ်ရေတွေလည်း များစွာရှိခဲ့ဖူးတာပေါ့။

“ငါမွေးထားတဲ့ အထဲမှာ ညည်း အကြီးဆုံး။ ညည်း အမိုက်မဲဆုံး”

                   ထိုစကားက အငယ်တွေ နားထိတိုင် ပေါက်ကြားသွားသောအခါ မမဦးက မေမေ့ကို စိတ်ချမ်းသာအောင် မထားဘူး ဟု ငြူစူချင်ကြပြန်သည်။

“ဒါဆိုလည်း တစ်ပါတ်တန်သည်၊ တစ်လတန်သည် ခေါ်ထားပြုစုဖို့ စိတ်ကူး ၀င်ကြည့်ကြပါလား”

                   သူတို့ မေမေ့အား ခေါ်ထားဖော်ရကြပါသည်။ ဒါပေမယ့် မေမေကိုယ်တိုင်က ဧည့်သည်နေ၊ ဧည့်သည်စားထက်ပိုကာ ရက်ပိုင်းမျှပင် မနေနိုင်ခဲ့တာ ဖြစ်ပါသည်။

“အလျှံပယ်တော့ နေရ၊ စားရပါရဲ့ဟယ်။ ဒါပေမယ့် ငါနဲ့ နာရီဝက်ပြည့်အောင်တောင် စကားမပြောနိုင်ကြပါဘူး။ သူတို့ကိုကြည့်ရင်း မူးနောက် မောဟိုက်နေတာပဲ။ ငါ့မှာ ဆေးလေးသောက်ချင်လို့တောင် ရေတစ်ဖန်ခွက် ယူလာပေးမယ့်သူ မရှိဘူး”
“ခိုင်းထားတဲ့ ကောင်မလေးတွေက လုပ်မပေးဘူးလား”
“မေးရှာကြပါတယ်။ မေမေကြီး ဘာလုပ်ပေးရလဲ ဆိုပြီး…။ နေပါစေလို့ ပြောလိုက်တယ်။ ခိုင်းချင်ပါဘူး။ သူတို့က ကိုယ်မွေးထားတာတွေမှ မဟုတ်ပဲ”

                   သူ့သားသမီး၊ မြေး၊မြစ်တွေနှင့် သိုက်သိုက်ဝန်းဝန်းနေချင်ရှာသော မေမေ့ဆန္ဒကို နားလည်ရပါသည်။ သို့ပေမယ့် သူတို့မှာလည်း မေမေ့ထက် ပိုမို အရေးကြီးသော အကြောင်းအရာတွေ ကိုယ်စီရှိနေကြတာဆိုတော့ အချိန်မပေးနိုင်ကြဘူး ထင်ပါသည်။

                   သည်ဘက်နှစ်ကာလတွေမှာတော့ ခင်ခင်ဦးတစ်ယောက်လည်း မေမေ့နှယ် သွေးတိုးတတ်ခဲ့ပြီ။ မေမေထက်ပိုတာကတော့ သွေးချိုပါ တက်တတ်လာခဲ့တာ ဖြစ်ပါသည်။ ကိုယ်နေမကောင်းလျှင် မိမိကိုယ်ကိုယ်ထက် မေမေ့အတွက် နောက်ဆန်ငင်ရ၊ ပူပန်ရတာလည်း ခင်ခင်ဦး၏စိတ်ကို ပို၍ နုံးညစ်မောပမ်းစေပါသည်။

“ညည်းကလည်း  ဒီအသက်အရွယ်နဲ့ ရောဂါထူလိုက်တာ”

                   တဖျစ်တောက်တောက် ဆီမန်း မန်းနေပြန်သော မေမေ့အား…

“ခင်ဆွေတို့ အိမ်မှာ ခဏ သွားနေပါလား မေမေရယ်။ ဒါမှ မဟုတ်လည်း ခင်မော်တို့ အိမ်…”
“သွားနိုင်ပါဘူးဟယ်။ သူများအိမ်မှာ သွားနေရအောင် ကျုပ်မှာ နေစရာ မရှိလို့လား”
“ခင်ဦးနေမကောင်းလို့ပါ မေမေရယ်။ မေမေ့ ဝေယျာဝစ္စတွေ ခင်ဦးမှ လုပ်မပေးနိုင်တာ..”

                   လမ်းထဲက မိန်းခလေးတစ်ယောက်ကို မေမေ  ဘယ်အချိန်ကတည်းက ခေါ်လာနှင့်ခဲ့သည် မသိ။

“ညည်းနေကောင်းတဲ့ အထိ နေ့တိုင်း လာကူညီပေးဖို့ ပြောထားပြီးသား”

                   ခင်ခင်ဦးအနားမှာ နဖူးလာစမ်းလိုက်၊ လက်ကလေးတွေ လာကိုင်ကာ ထွေးဆုတ်ပေးလိုက် လုပ်နေရင်း…

“မေမေသိပါတယ် ခင်ဦးရယ်။ ညည်းတို့အားလုံးကို မေမေမွေးထားတာပဲ”

                   အပ်ကြောင်းထပ် စကားတွေကို မေမေဆိုဦးတော့မည်ဟု ခင်ခင်ဦးက  စိတ်မောသွားရဆဲ…

“မေမေ့ သားသမီအားလုံး သိတတ်လိမ္မာ ကြပါတယ်။ မေမေ ၀မ်းသာဂုဏ်ယူပါတယ်။ ဒါပေမယ့် ညည်းတစ်ယောက်ကလွဲရင် မေမေ ဘယ်သူနဲ့မှ ကြာကြာမနေနိုင်ဘူး”

                   မမျှော်လင့်သော ထိုစကားကြောင့် နှုတ်လှန်ရန်စွာရန် အသင့်ပြင်ထားသော ခင်ခင်ဦးတစ်ယောက် ဆွံ့အ လို့သွားရသည်။

                    သည်တစ်ကြိမ်မှာတော့ မေမေ့ ဟန်ပန်မူယာတို့က အခါများစွာတို့နှင့် ခြားနားလျှက် နူးညံ့တည်ကြည်စွာ။ ခင်ခင်ဦးအပေါ် ကရုဏာဖြင့် သိမ်မွေ့ညံ့သက်စွာ…။ ပြီး…. ရေလဲသုံးနေကျ မေမေ့ စကားတစ်ခွန်းကြောင့် အခါများစွာတွေတုန်းကလို မခံချင်စိတ်တွေ ရုန်းကြွမလာပဲ ခင်ခင်ဦးတစ်ယောက် ၀မ်းပန်းတနည်း မျက်ရည်လည်ချင်လာသည်။  

“ငါမရှိရင် ညည်းလည်း မလွယ်ဘူးနော်”
  



       

Sunday, December 11, 2011

ရောင်းစားခြင်း


                    အားလာ လား…။ နာလိုက်တာဗျာ။ အဲဒီမိန်းမ လုပ်လိုက်ရင် ဒီလိုချည်းပဲ။ လက်ကို ဆေးလူး၊ ပတ်တီးစည်းတာလောက်ကို လူသတ်နေသလား မှတ်ရတယ်။
                   ကျုပ်… စိတ်တွေ တိုလိုက်တာ။ ဒဏ်ရာတွေကနာ..၊ ဖြစ်ပြီးသမျှကို တရိပ်ရိပ်ပြန်တွေးပြီး တနုံ့နုံ့ ဒေါသတွေက အလိပ်လိုက်တက်။ ဒီကြားထဲ မိန်းမက အပြုစု မကျွမ်းကျင်၊ မငြင်သာတော့ ကျုပ်ဒေါသတွေက အနီးဆုံးမှာ ရှိနေတဲ့ သင်းအပေါ်ပဲ ပုံကျရတော့တာပဲ။
              သင်းကတော့ ကျုပ်ရဲ့ ရှူးရှူးဒိုင်းဒိုင်း အကျင့်တွေနဲ့  တစ်သက်လုံး ရင်းနှီးယဉ်ပါးလာခဲ့သူဆိုတော့ ထူးပြီး နာရကောင်းမှန်းလည်း မသိတတ်တော့ဘူးထင်ပါရဲ့။ ထုံးစံအတိုင်း မျက်စောင်းတစ်ချက်ကို ပစ်ကျွေးရင်း အနားကနေ ဆောင့်ဆောင့်အောင့်အောင့် ထ,ထွက်သွားတော့တယ်။ ကျုပ်ကလည်း မကုန်နိုင်၊ မပြေနိုင်သေးတဲ့ ဒေါသ လက်စတွေနဲ့ သူနောက်ကျောပြင်ဆီ စောင်းစောင်းမဲမဲ လိုက်ကြည့်နေရင်း ဒဏ်ရာရထားတဲ့ လက်တစ်ဖက်ကို အမှတ်တမဲ့ လှုပ်ရမ်းလိုက်မိတော့……
အား…။ အသည်းခိုက်အောင် နာနေတုန်းပဲဗျို့။
                   လက်က ဒဏ်ရာတွေထက် ပိုဆိုးနေတာက ရင်ထဲကအနာပဲ။ ခက်တာက ကျုပ် ရင်တွေနာနေရပါတယ် ဆိုတာကို ဘယ်သူကမှ စာနာနားလည် မပေးနိုင်ကြတာပဲ။ အိမ်က မိန်းမတောင် ကျုပ်ကို တမဲတရွဲ့ အပြစ်တင်ချင်နေသေးတာပါ ဆို။
“ရှင်ကလည်း ရှင်ပဲ ”
“ဟာ.. မင်း ပါးစပ်ပိတ်ထားစမ်း။ ဘာမှမသိ၊ နားမလည်ပဲ သောက်တလွဲ…”
                   ဘာတစ်ခွန်းမှ နှုတ်က ထွက်မလာတော့ပေမယ့် စိတ်ထဲမှာတော့ သူ့ အထင်အတွေးတွေ ပြောင်းလဲမသွားသေးတာ စူအောင့်အောင့် အမူအယာတွေက သက်သေခံနေတာပေါ့။ ဆက်ပြောမနေတော့ဘူး။ ပြောရမယ်ဆိုရင်လည်း ကိုယ့်ပတ်ဝန်းကျင်က ရှိသမျှလူတွေ အားလုံးကို တစ်စုတစ်ဝေတည်း ခေါ်ပြီး သတင်းစာရှင်းလင်းပွဲ လုပ်ရဖို့သာ ရှိတော့တာလေ။ ကျုပ်က တစ်ဖက်သားကို မနာလို တိုရှည်စိတ်နဲ့ ရန်စစော်ကားပြီး ထိုးကြ၊ ကြိတ်ကြရပါတယ် ဆိုတဲ့ စကားက ခုလောက်ဆို.. ဈေးတစ်ဈေးလုံးမှာ တောမီးလို ပျံ့နေလောက်ပြီ မဟုတ်လား။ ထွီ..။
                   ရလာတဲ့ ဒဏ်ရာတွေရဲ့ အရှိန်နဲ့ တစ်ကိုယ်လုံး ရှိန်းဖိန်းပြီး ကိုယ်တွေလက်တွေ နာကျင်ခိုက်ခဲလာတယ်။ မိန်းမက နဖူးပေါ်လက်တင်ရင်း ကိုယ်ပူစမ်းတယ်။ ၀ရုန်းသုန်းကားဖြစ်ပြီးကတည်းက ဆိုင်လည်း ဆက်မထိုင်နိုင်တော့ပဲ အိမ်တန်းပြန်လာ၊ ဆေးတစ်ခွက် သောက်ထားပြီးသားပေမယ့် နောက်ထပ်တစ်ခွက်  ထပ်သောက်ထားလိုက်တယ်။ ရေနွေးပူပူ နှစ်ခွက်၊သုံးခွက် ဆင့်သောက်ပြီး စောင်ခေါင်းမြီးတင်းတင်းခြုံ အိပ်ပစ်လိုက်ဖို့ ကြိုးစားတယ်။ အိပ်ပျော်သွားရင်တော့ အနာအကျင်တွေ ခဏလောက် လျော့သွားနိုင်ကောင်းပါရဲ့။ ဒါပေမယ့် အိပ်မပျော်နိုင်ပါဘူး။ လက်ကောက်ဝတ်နဲ့ လက်ဆစ်ကလေးတွေမှာ တဆစ်ဆစ်၊ တဖျဉ်းဖျဉ်း..။ နံနက်က အကြောင်းတွေ ခေါင်းထဲ အစီအရီပြန်ပေါ်လာတော့ ဒေါသတွေ တရိပ်ရိပ်တက်လာပြန်ရင်း တလူးလွန့်လွန့် ဖြစ်နေရပြန်တော့တယ်။
                   တက်တစ်ချက် ခေါက်မိပြန်တယ်။ စိတ်ထဲကပါ။ လက်သီးတစ်လုံးပဲ ပစ်ကျွေးလိုက်နိုင်ခဲ့တာ စိတ်မကောင်းဘူး။ တကယ်ဆို ဒီလိုကောင်မျိုးကို မျက်ခွက်ကြီး စုတ်ပြတ်သတ်သွားအောင်ကို လုပ်ပစ်ခဲ့ရမှာ..။ လုပ်မလို့ပဲ။ အနားက အမြင်မတော်တဲ့သူတွေ ၀ိုင်းဆွဲကြလို့ စိတ်ရှိလက်ရှိ မကျဲလိုက်ရတာ။ ဒီကောင့်မျက်ခွက်ကို မိမိရရ မထိုးလိုက်ရတော့ ဒေါသက တယ်မပြေဘူး။ အဲတော့ နီးစပ်ရာ ဈေးဆိုင် ကြမ်းခင်းကိုပဲ ထိုးချပစ်လိုက်ရတယ်လေ။ အေးရော…။ အဲဒီ အချိန်တုန်းကတော့ ဒေါသတွေနဲ့ မွှန်ထူနေတာကိုး။ နာကျင်ရမှန်းလည်း မသိခဲ့ဘူး။ ခုမှ.. နည်းနည်း သွေးအေးသွားမှ ပေါက်ပြဲစုတ်ပြတ်လာခဲ့တဲ့ ဒဏ်ရာတွေက နာပြီး လက်အဆစ်တွေက ရောင်ကိုင်း ကိုက်ခဲလာတော့တာ..။
                   ကျုပ်က သင်းလို ကောင်ကို မနာလိုစရာလား။ ပြောပြန်ရင်လည်း ကိုယ့်ဂုဏ်ကိုယ့်ဖော်ရာ ရောက်ဦးမယ်။ ဒီဈေးထဲမှာ မေးကြည့်လိုက်ပါဦး။ တစ်ချိန်က ရာဇာငုံးဥဆိုရင် ကလေးကအစ၊ ခွေးပါမကျန်သိတယ်လို့တောင် ပြောလိုက်ချင်တယ်။ ရာဇာနေ၀င်း နာမည်ကြီးခဲ့တဲ့ တစ်ခေတ်မှာ ဆံပင်ကို နောက်ကကြည့်ရင် ကတုံးသာသာ၊ ရှေ့ဘက်မှာ ရှည်ရှည်မျှင်မျှင်လေး ဆွဲချ။ တရုပ်တီရှပ်ပေါ် ရှပ်လက်တိုကွက် တစ်ထည်ထပ်ဝတ်ပြီး ဂျင်းဘောင်းဘီ ဖင်ကျပ်နဲ့ စတိုင်ထွားခဲ့တဲ့ ရာဇာငုံးဥဆိုတာလည်း ဟော့ဖြစ်ခဲ့ဖူးတာပဲ။  အဲဒီ အချိန်တုန်းက အဲဒီအကောင် စားကျက်ပျောက်ပြီး ခွက်မှောက်နေရတဲ့ အချိန်လေ။ ရာဇာငုံးဥတို့က ဒီဇိုင်းသစ်နဲ့ ဈေးကွက်ကို ထိုးဖောက်ပြီး နေ့ချင်းညချင်း တွင်ကျယ်လာခဲ့တာ။  နံနက်ပိုင်း ဈေးထဲမှာ လည်ရောင်းတယ်။ နေ့လည်နဲ့ ညနေခင်းတွေမှာ မြို့ထဲ ပတ်ရောင်းတယ်။ တစ်မြို့လုံးက ကလေးတွေဟာလည်း ငုံးဥပြုတ်စားချင်ရင် ရာဇာငုံးဥဆီကပဲ စောင့်ပြီး အားပေးခဲ့ကြတာ။ ကျုပ် ငုံးဥတွေက လတ်ဆတ်တယ်။ အားရှိမယ်။ ပြီး… ငုံဥပြုတ်စားရင်း သူတို့ရဲ့ ခရေဇီ ရာဇာ့စတိုလ်တွေလည်း ကြည့်ရ၊ ရယ်မောရမယ်လေ။
                   နောက်တော့ ငုံးဥက ဒိုင်မှာ ပြတ်တာလပ်တာ ရှိလာတော့ နေ့တိုင်းပုံမှန် မရောင်းရတော့ပြန်ဘူး။ တခါတစ်လေ ဆယ့်လေးငါးရက်လောက် အကြာကြီး ကုန်ပြတ်နေတာမျိုးလည်း ကြုံရတတ်ပြန်တော့ ဈေးကွက်က မခိုင်တော့ဘူး။ အဲဒါနဲ့ မိန်းမရောင်းတဲ့ ဘုရားပန်းတွေကို ကူရောင်းပေးရင်း မြို့ထဲကို ဆိုက္ကားတစ်စီးနဲ့ လည်ရောင်းဖြစ်သွားတယ်။
“ကဲ.. ပန်း ပန်းတိမ်မနိုင်တွေ လတ်တယ်နော်။ ၀ယ်ရင်ရောင်းတယ်။ တောင်းရင်ပေးတယ်”
“တောင်းရင် ကိုရာဇာကြီးက တကယ်ပေးမှာလား”
                   ငုံးဥပြုတ် ဖောက်သည်ဟောင်းတွေက တပြန် ကျီစယ်ကြတယ်။
“တကယ်ပါ။ အတည်ပြောတာပါ။ ကျွန်တော်.. ရာဇာပြောတာတော့ ဟုတ်ပါဘူး”
                   သူတကာထက် ပိုရောင်း ခဲ့ရပြန်တာပဲ။ ဆိုလိုတာက ဒီမြို့ကလေးမှာ ရာဇာ့အတွက် ရောင်းကုန်မရှားသလို ရောင်းကွက်လည်း မရှားပါဘူး။ တစ်မိသားစုလုံးကို တစ်သက်လုံး ဈေးရောင်းပြီး မချမ်းသာသော်လည်း ၀မ်းဝ၊ ခါးလှအောင် ထားနိုင်ပါတယ်။
ဆယ်တန်းကို တဖုန်းဖုန်းကျပြီး အိမ်ထောင် အစောကြီးကျ။ ကလေးတွဲလောင်းနဲ့ အလုပ်လက်မဲ့ အဲဒီကောင်ကို ဒီစားကျက်မှာ ရေကြည်ရှာပေး၊ မျက်နုကျွေးခဲ့တာလည်း ကျုပ်ပဲ။ ဆွေရိပ်မျိုးရိပ်လည်း မကင်းတော့ အမြင်မတော်ဘူး မဟုတ်လား။
အစက အဲဒီ ယောင်ခြောက်ဆယ်ကောင်ကို ဈေးထဲမှာ ဆိုင်နေရာရှာပေးပြီး  ပရိတ်၊ ပဋ္ဌာန်းနဲ့ ဘုရားရှိခိုး စာအုပ်ကလေးတွေ၊ ဗေဒင်၊  မာတြာ၊ အိပ်မက်တိတ္တုံ စာအုပ်ကလေးတွေ၊ ကြီးပွားရေးလမ်းညွှန်တို့ အပျို၊ လူပျိုလမ်းညွှန်တို့လို စာအုပ်ပါးလေးတွေ၊ ပုံတော် အိပ်ဆောင်ကလေးတွေ ရောင်းစေခဲ့တာ။ နောက်တော့ ဝေါရှိတို့၊ ပြက္ခဒိန်တို့၊ မဂဇင်း၊  ဂျာနယ် အဟောင်းတို့ အပြင် ဘုရားကား၊ နတ်ကား မှန်ဘောင်လေးတွေပါ ရောင်းခိုင်းပြန်ရော..။ သူ့ ရောင်းကုန်တွေက ဈေးဝယ်ခပ်ကျဲကျဲပေမယ့် ရောင်းရတဲ့ တမည်ချင်းအပေါ်မှာ လည်ဝယ်ရင် လည်ဝယ်သလို အမြတ်များများ တင်လို့ရတယ်။ ၀ါဝင်၊ ၀ါထွက်မှာ ၃၇ မင်းနတ်ပုံတော် မှန်ပေါင်ကားတွေ ရောင်းရတယ်။  ဘယ်ဆရာတော်ကြီး နာမည်ကြီးလို့ဆိုရင် အဲဒီ ဆရာတော်ကြီးရဲ့ပုံတော်၊ ပိုစတာတွေ ရောင်းမလောက်တော့ဘူးပဲ။ တစ်နှစ်ဆန်းရင်၊ မင်းသား၊ မင်းသမီးအသစ် နာမည်ကြီးရင်လည်း ပြက္ခဒိန်တွေ အ၀ယ်လိုက်ပြန်တာပဲ။  ပုံတော်၊ ပိုစတာ အသစ်ထွက်တိုင်းလည်း လက်ပွေ့ပြီး သင်္ဘောဆိပ်တွေ ဆင်းရောင်းခိုင်းတယ်။ မြို့ထဲ လှည့်ရောင်းခိုင်းတယ်။
သူ့လည်း ပြောရတယ်။ လမ်းဘေးမှာ ရောင်းရတယ်ဆိုပေမယ့် ဆိုင်ခင်းတဲ့အခါ မော်ဒယ်တွေ၊ မင်းသမီးတွေနဲ့ ဆရာတော်ကြီးတွေရဲ့ ပုံတော်တွေကို တသီးတခြားစီ       ခင်းဖို့..။ ဘုရားကားတွေ၊ ဆရာတော်ကြီးများရဲ့ ပုံတော်တွေကို အမြင့်တစ်နေရာမှာ မြင့်မြင့်မြတ်မြတ်ကလေးထားပြီး ကြည်ညိုဖွယ်ရာဖြစ်အောင် ခင်းကျင်းချိတ်ဆွဲပါ။ ပုံတော်တွေကို ရောင်းစားတယ် သဘောမထားပဲ ကုသိုလ်မျှတယ် သဘောထားပါ။ အဲဒီအတွက် သူတို့က ကိုယ်ကို သဒ္ဒါကြေးပြန်ပေးခဲ့တယ်လို့ မှတ်ပါ။ ကိုယ့်အိမ်မှာ ပြန်သိမ်းရင်တောင် ခေါင်းရင်းခေါင်းဖျားမှာ ရိုရိုသေသေ သိမ်းပါ။ အထပ်ထပ်မှာဖူးတယ်။ အကြိမ်ကြိမ် ရှင်းပြခဲ့ဖူးတယ်။ နောင်တစ်ချိန်မှာ ကိုယ့်ဆိုင်ကို နိဗာန်ကုန်ဆိုင်လေးဖြစ်လာအောင် တဖြည်းဖြည်း တို့ချဲ့ ပြောင်းလဲယူ ဖို့လည်း လမ်းကြောင်းချပေးခဲ့တာပါ။  အဲဒီ အချိန်တုန်းကတော့..
“စိတ်ချပါ။ အစ်ကို ပြောသလိုပဲ ဘုရားခန်းရှေ့မှာ ခုံကလေးနဲ့ ပိတ်စဖြူလေး ခင်းတင်ထားပါတယ်။ ညတိုင်းလည်း ဆရာတော်ကြီးတွေကို ရည်မှန်းပြီး ပန်း၊ရေချမ်းနဲ့၊ အမွှေးနံ့သာနဲ့ ပူဇော်ပြီး ရည်မှန်းကန်တော့ပါတယ်..”
“ကောင်းတယ်။ မင်း..တစ်သက်လုံး ထမင်းမငတ်တော့ဘူး။ ငါပြောရဲတယ်”
                   သူရောင်းတဲ့ စာအုပ်တွေကို သူကိုယ်တိုင် ဖတ်ဖြစ်ဖို့လည်း တိုက်တွန်းရသေးတယ်။ စာအုပ်ဆိုတာမျိုးက ဘယ်လို အမျိုးအစားပဲ ဖြစ်ဖြစ် ယူတတ်ရင် ရတာပဲ မဟုတ်လား။ ကိုယ်က စာအုပ်ရောင်းစားနေတာဆိုတော့ ပိုတောင် ဖတ်သင့်သေးတယ်။ ဈေးဝယ်သူကို ခြေခြေမြစ်မြစ်ကလေးရှင်းပြပြီး ဆွဲဆောင်ရောင်းနိုင်ရင် ပိုရောင်းမကောင်းပေဘူးလား။ သူတို့ကမှ အတန်းပညာ သင့်သင့်တင့်တင့် သင်ခဲ့ရ၊ တတ်ခဲ့ကြရသေးတယ်။ ကျုပ်တို့မှာ အတန်းပညာရယ်လို့ ဟုတ်ဟုတ်ငြားငြား မသင်ခဲ့ရပါဘူး။ အမေ၊ အဖေကိုငဲ့၊ ညီ၊ ညီမတွေကို သက်ညှာရင်း အလယ်တန်းတောင် မကုန်ခင် ကျောင်းထွက်ခဲ့ရတာပဲ။ ဒါပေမယ့် ပညာသိနဲ့ သညာသိကို ကျုပ် ခွဲခြားသိလာနိုင်ခဲ့တာ စာအုပ်တွေ ဆက်ဖတ်လာခဲ့လို့ပေါ့။ အဲတော့ ကိုယ့်အတွေ့အကြုံနဲ့ ယှဉ်ပြီး သူ့ကိုလည်း စာဖတ်ဖို့ တိုက်တွန်းရတယ်။ လူဆင်းရဲတာ အားငယ်စရာ မဟုတ်ဘူး။ အသိ မဆင်းရဲစေနဲ့။ အသိမဆင်းရဲရင် လူဆင်းရဲတာလည်း မကြာရှည်ဘူး လို့ အားပေးရတယ်။
                   ကိုယ်ရည်သွေးတာတော့ မဟုတ်ပါဘူး။ ကျုပ်ဆိုရင် ငုံးဥပြုတ်ရောင်းခဲ့တုန်းကလည်း သူတကာထက် ချွန်အောင် ရောင်းခဲ့တာပဲ။  ငုံးဥ အဆင်မပြေတော့ ချက်ချင်း ဘုရားပန်း ပြောင်းရောင်းတယ်။ ဘာဖြစ်သေးလဲ။ ဘုရားပန်းလည်း အကြာကြီး ရောင်းဖို့ မရည်ရွယ်ခဲ့ပါဘူး။ ကျုပ်တို့ အသက်တွေကြီးလာ။ သားတွေ ၊သမီးတွေ အရွယ်ရောက်လာတဲ့ အချိန်မှာကိုယ်ပိုင် လုပ်ငန်းလေးတစ်ခုတော့ အခြေတကျ ရှိနေနိုင်ဖို့ ကျုပ်တွေးထားပြီးသား။ ကျုပ် မြန်မာဆေးဈေးကွက်ကို အဲဒီ အချိန်ကတည်းက တစေ့တစောင်း လေ့လာနေခဲ့တာ။ စာအုပ်တွေလည်း ဖတ်ရင်းနဲ့ပေါ့။ ဘယဆေးလောကဟာ ဒီဘက်နှစ်တွေမှာ တိုးတက်ပြောင်းလဲလာနေတယ်။ အိမ်တွင်းလုပ်ငန်းငယ်ကလေးတွေအဖြစ်ကနေ စက်တွေသုံးပြီး ထုတ်လုပ်၊ ဈေးကွက်ချဲ့ထွင်လာနေတာ၊ တီဗီမှာ ၊ ရေဒီယိုနဲ့ မဂဇင်း၊ သတင်းစာတွေ၊ ဂျာနယ်တွေမှာ အပြိုင်အဆိုင် ကြောငြာနေကြတာ သတိထားမိခဲ့တယ်။  ပြပွဲတွေ ကျင်းပနိုင်နေတာလည်း ကြားသိနေခဲ့ရတယ်။ လူတွေကလည်း ဘယဆေးအပေါ် ယုံကြည်အားကိုးပြီး သုံးစွဲမှုတွေ တစ်နေ့တခြား တိုးပွားလို့လာနေတာပဲ မဟုတ်လား။ ကျုပ် ဘယဆေး ဖော်စပ်ရောင်းဖို့ မရည်ရွယ်ပါဘူး။ မြန်မာဆေး သီးသန့် ရောင်းတဲ့ဆိုင် ဖွင့်မယ်လို့ ဆုံးဖြတ်ခဲ့တယ်။ ဘယ်..ဆိုင်ခန်းနဲ့ အိနြေ္ဒရရ၊ ကျကျနန ရောင်းနိုင်ဦးမှာတုန်း။ လက်တွန်းလှည်းကလေးနဲ့ တင်ပြီး ဈေးကလေးထိပ်မှာပဲ ရောင်းနေရသေးတာပေါ့။ တစ်ချိန်ချိန်မှာတော့ ဆိုင်ခန်းလေးနဲ့ အတည်တကျ ရောင်းနိုင်ရမှာပေါ့။
သူ့ကိုလည်း ကိုယ့်လို တစ်ဆင့်ချင်း၊ တစ်လှမ်းချင်း မှန်မှန်သွားဖို့ အားပေးစကားပြောရတယ်။  တစ်လျှောက်လုံး ကျုပ်စကားနာထောင်ပြီး လူမွေးပြောင်လာတဲ့ကောင်က ခုတော့ လုပ်ပုံက မဟုတ်တော့ဘူး။ အမြင်မတော်လို့ ပြောမိတော့လည်း ကိုယ်ကပဲ သူ့အပေါ် စိတ်ထားမမှန်လို့ မလိုတမာစိတ်ထားနဲ့ အပြစ်ရှာတယ်လို့ တပြန်စွတ်စွဲလာတယ်။
                   ကြည့်ဦး။ ခုတလောကလေးမှာ ဗိုလ်ချုပ်နဲ့ အမေစုတို့ ရဲ့ ဓါတ်ပုံ ၊ ပိုစတာ ဗီနိုင်းစတွေ ခေတ်စားလာပြန်တယ်။ ဒီကောင်တွေ ပွပေါက်ပဲပေါ့။ သင်းကလည်း ဒါမျိုးတော့ လျှင်တယ်။ ဗီနိုင်းဆိုဒ်စုံ မှာချလာလိုက်တာ နည်းမှတ်လို့။ ဈေးကလေးထဲမှာ၊ မြို့ထဲမှာဆိုတာလည်း ဗိုလ်ချုပ်တို့ သားအဖဆိုတာ ပလူပျံနေတော့တာပဲ။ လူတွေခမျာ အနှစ်နှစ်အလလက တောင့်တ လာခဲ့ကြတာ မဟုတ်လား။ သူတို့ ချစ်မြတ်ကြည်ညိုတဲ့ ပုဂိုလ်တွေရဲ့ ဓါတ်ပုံကို အိမ်နံရံမှာ အမြတ်တနိုး ချိတ်ဆွဲခွင့်ရပြီဆိုတော့ ပျော်လိုက်ကြတာ။ ရေငတ်တုန်း ရေတွင်းထဲကျသလိုပါပဲ။ ရောင်းလို့ မနိုင်ပါဘူးဆို..။
                   အဲဒီမှာ ပြောစရာ စတာပဲ။ တကယ်ဆို ပိုစတာတွေအားလုံးကို ညကတည်းက ဘောင်ကလေးတွေ ကြိုတင်ညှပ်လာခဲ့ပါတော့လား။ ပလပ်စတစ်ချောင်းကလေးရဲ့ တစ်ဘက် ခွဲကြောင်းကြားကို ခွဲပြီး ဗီနိုင်းစကို ညှပ်သွင်းရတဲ့ အလုပ်ဟာ လက်ဝင်သရောင် ရှိပေမယ့် ကျွမ်းကျင်ရင် မကြာပါဘူး။ သူလည်း ကျွမ်းကျွမ်းကျင်ကျင် လုပ်နေကျပါ။ ဒါပေမယ့် ညဦးက ဘောင်ညှပ်လာခဲ့တဲ့ ပုံတွေက ရောင်းလို့ကုန်ပြီ ထင်ပါရဲ့။ ရောင်းရင်းချရင်းကပဲ တခါတည်း ဘောင်ညှပ်ပေးတဲ့ အလုပ်ပါ လုပ်နေရတော့ နည်းနည်း ကသီလင်တ နိုင်ပြီပေါ့။ လူကလည်း အလျင်စလို ဖြစ်လာပြီဆိုတော့ ပိုစတာတွေတွေကို အရောရော၊ အနှောနှော ကြုံသလိုချထားပြီး  ၀ယ်သူကရွေး၊ သူက ဖြစ်သလို အနေအထားမှာ ဘောင်ညှပ်ပေးရင်း ငွေပေး၊ငွေယူလည်း လုပ်နေရတော့ ဗျာများရတော့တာပေါ့။ ပိုစတာတွေက ပျံ့ကျဲပြီး မြင်မကောင်းတော့တဲ့အပြင် တချို့ မြေပေါ်ပြုတ်ကျနေပြီ။ မမြင်လို့ မဟုတ်ဘူး။ မြင်လျှက်နဲ့ ပြန်မကောက်အားဘူး။ မဟုတ်သေးဘူး။ ဒီလို ပိုစတာမျိုးတွေဟာ ကြုံသလို ဆိုင်ခင်းပြီး ဖြစ်ကတတ်ဆန်းရောင်းချဖို့ လုံးဝမသင့်လျော်ဘူးဆိုတာ နားကို မလည်တာ။ သိကို မသိတတ်တာ။ အဲတော့ ဘေးထွက်ပြီး မြေပေါ်ရောက်ကုန်တဲ့ ပိုစတာတွေကို  ချက်ချင်း၊ အရေးတယူပြန်ကောက်မနေတော့ဘူး။ ကျုပ်ကလည်း ဓါးရှည်ကြီးနဲ့ ဗိုလ်ချုပ်ပုံကလေး လိုချင်လွန်းနေတာ ကြာပြီမို့ အပြေးရောက်သွားမိတော့တာ။ အဲဒီမှာ အမြင်မတော်တာနဲ့ ပက်ပင်းတို့တော့တာပဲ။
                   ကျုပ်လည်း လူရှေ့၊ သူရှေ့ဆိုတာတွေ၊ ပြောသင့်မပြောသင့် ဆိုတဲ့ အချိန်အခါ၊ အခြေအနေတွေကို တွက်ချင့်  မဆင်ခြင်နိုင်တော့ဘူး။ ဗိုလ်ချုပ်ကို မြေပေါ်မှာ ပစ္စလက္ခတ်ထားပြီး ထင်တိုင်းကျဲနေကြတော့တာ၊ ဈေးရောင်းရဖို့ တစ်ခုပဲ သည်းသည်းမည်းမည်း အာရုံကျနေတော့တာ မြင်ပြင်းကပ်လွန်းလို့။ ဒေါသထွက်ထွက်နဲ့ နစ်နစ်နာနာတွေ ပြောထွက်သွားမိတော့တာပဲ။
“မင်း အဖေ၊ အမေပုံဆိုရင် အဲလို လုပ်မလား။ ဒါ က မင်းတစ်ယောက်တည်းမကဘူး။ အားလုံး... တစ်နိုင်ငံလုံးရဲ့ အဖေ ၊ အမေတွေ ကွ”
                   အဲဒီစကားတစ်ခွန်းတော့ ထပ်တလဲလဲ ပြောမိခဲ့တာ မှတ်မိတယ်။ သူကလည်း လူကြား၊သူကြားဆိုတော့ ရှက်ပြီး တစ်ခွန်းတစ်စ ပြန်ပက်တာပေါ့။ အဲဒီမှာ ဒီကောင့်မျက်နှာပေါ် လက်သီးတစ်ချက်ပစ်ကျွေးထည့်လိုက်တာ..။ အနီးအနားက လူတွေ ၀ိုင်းလာ၊ ဆွဲကြ၊ လွဲကြ၊ ဖြန်ဖြေကြမို့ မိမိရရတော့ မထိလိုက်နိုင်ပါဘူး။ အဲဒီအချိန်မှာ..
“ခင်ဗျား ကျုပ် အလုပ်ကို ပျက်စီးရာ၊ ပျက်စီးကြောင်း လာလုပ်တာ”
                   …အဲဒီကောင် အောက်ကလိအာလိုက်တာ။ ကျုပ်..  သူ့ဆီ ပြေးသွားတာ။ နောက်က ၀ိုင်းဆွဲထားတော့ အနား မရောက်နိုင်တော့ဘူး။ ဒေါသက အထွဋ်အထိပ်ရောက်နေပြီ။ အဲဒါနဲ့ နီးရာ ဈေးဆိုင်ခုံတစ်လုံးကို ဖြစ်ချင်ရာဖြစ်  လက်သီးနဲ့ ထိုးချလိုက်တယ်။ မှတ်ကရော…။ ဈေးဆိုင်ပိုင်ရှင်က မျက်နှာနာနေတဲ့သူမို့ ကံကောင်းလို့ တရားစွဲ မခံရတာ။
                   ဒါပေမယ့် ညရင့်လာလေလေ လက်က တဆစ်ဆစ်ကိုက်ခဲနာကျင်လို့ လာလေလေ..။ ညကြီးအချိန်မတော် တက်တစ်ချက် ခပ်ပြင်းပြင်းခေါက်လိုက်မိပြန်တော့ လိမ်းဆေးဗူးကြီးကိုင်ပြီး အိပ်ချင်မူးတူးနဲ့ ထလာတဲ့ မိန်းမက …
“အခံရဆိုးလောက်အောင် နာနေလို့လား”
                   …တဲ့။ မပြေသေးတဲ့ ဒေါသတွေနဲ့ အိပ်ယာထဲကနေ ကျုပ်..  ပြန်အော်ပစ်လိုက်တယ်။
“နာတယ်ဟေ့။ နာတယ်။ နာရကောင်းမှန်းသိလို့ကို ပိုနာတယ်….  တောက်”


                                                                                          သတိုး

Tuesday, November 22, 2011

ဆေးမင်ကြောင်


                                                           
                        ငယ်ငယ်က နှစ်ခြိုက်ကြိုက်မက်လွန်းစွာ ကိုယ်ပေါ်မှာ ထိုးနှံထားခဲ့မိဖူးတဲ့ ဆေးမင်းကြောင် အရုပ်တွေကို တဖြည်းဖြည်း စိတ်ပျက်လာခဲ့ပြီ။ အိမ်ထောင်မှု၊ ဘုရားတည်၊ ဆေးမင်ရည်စုတ်ထိုး၊ ဤသုံးမျိုး ချက်မပိုင်လျှင် နောင်ပြင်ရန် ခက်လိမ့်အမျိုးဟု ရှေးလူကြီးတွေ ဆိုခဲ့ကြသော်လည်း ဒီနေ့အခါမှတော့ ကိုယ်မကြိုက်တော့တဲ့ ကိုယ်ပေါ်က ဆေးမင်ရုပ်တွေကို ဖျက်နိုင်၊ ပြင်နိုင်နေပါပြီ။ ဒါပေမယ့် ဆေးမင်ကြောင်အရုပ်တို့ရဲ့ သဘောသဘာဝကိုက အလွယ်တကူ ရေးထိုးဖို့မခက်ခဲပေမယ့် ဖျက်ပြင်ဖို့တော့ အချိန်ယူရလေသည်။ အနည်းငယ်မက နာကျင်ပင်ပန်းရကာ ခက်ခဲဆဲလည်း ဖြစ်ပါသည်။
 
                        *******
                        ဆယ်တန်းစာမေးပွဲအောင်မြင်ပြီး တက္ကသိုလ်တက်ရန်ပြင်ဆင်ဆဲ   အပေါင်းအသင်းတွေနှင့် ဟေးလားဝါးလား နေလို့ ကောင်းနေစဉ် ပထမဆုံးဆေးမင်ကြောင်းကို သူ့ကိုယ်ပေါ်မှာ စတင်ရေးထိုးမိခဲ့လေသည်။ ထိုစဉ်ကတော့ ဆေးမင်ကြောင် ယဉ်ကျေးမှုက ခေတ်မှိန်နေဆဲအချိန်လည်း ဖြစ်သည်မို့ ပတ်ဝန်းကျင်၏ ထိပါးရှုံ့ချမှုကို သူ အတော်ကလေး တောင့်ခံခဲ့ရပါသည်။
                        ထိုစဉ်က ပေါ့စတစ်တွေလည်း ခေတ်မစားသေးသလို ဆေးမင်ကြောင်ရေးထိုးခြင်းကို အနုပညာတစ်ခုလို ခံစားတတ်ကြသည့် ယဉ်ကျေးမှုလည်း မထွန်းကားသေးပေ။ အရပ်ထဲမှာ အကျင့်စာရိတ္တတွင် နာမည်ပျက်ရှိသော…၊ အချုပ်၊ ထောင်တန်းတို့ဆီသို့ ၀င်ချည်ထွက်ချည်ရှိတတ်ကြသော... ညစ်ထေးထေး၊ ပေစုတ်စုတ်၊ မှုန်ကုတ်ကုတ် လူတစ်ချို့၏ ကိုယ်ပေါ်မှာသာ ဆေးမင်ရုပ်များကို မြင့်ရလေ့ရှိတာ ဖြစ်သည်။ သူတို့ကိုယ်ပေါ်က ဆေးမင်ကြောင် အရုပ်တွေ၊ စာတွေကလည်း မလှမပတွေဖြစ်သည်။ ဘယ်လိုမှ ၊ ကြည့်ငေးချင်စရာ မကောင်းပါ။ လူ၏ အသရေကို တိုးမလာစေသည့်ပြင် ယုတ်လျော့စေတာကတောင် ပိုဦးမည်။ ညစ်နွမ်းမွဲပြာနေသော နက်ကျောကျော အရေပြားပေါ်မှာ ကြပ်ခိုးမှိုင်းတွေနှင့်ဆေးဖျော်ပြီး ကြုံရာစုတ်ဖြင့် ဆေးမင်ထိုးခဲ့ကြတာဟု သိရသည်။
မိုက်ကြွေး မိုက်ပြစ်
မွေးမေ ကျေးဇူး ဆပ်ဖူးချင်သည်
အသည်းစား ဘုရင်မကြီး။  မင်းကို သတ်ပစ်ချင်လောက်အောင် မုန်းတယ်
သံသရာ အဆက်ဆက် မောင်တောင်းပန်မယ်
သားရဲ့ဖေဖေ လုမိုက်ကြီး
                        … စသည်ဖြင့်။ မလှပ၊ မညီညာသော ကောက်ကွေးလိန်တွန့်လက်ရေးတွေနှင့် စိတ်ထင်ရာစားသားတွေကို လက်မောင်း၊ လက်ဖျံတွေမှာ၊ ပြီး… ရင်ဘတ်နှင့် ကျောပေါ်မှာ ရေးထိုးတတ်ကြတာ တွေ့ရဖူးသည်။ တချို့စာသားများကတော့ မဖွယ်မရာ အဓိပ္ပါယ် သက်ရောက်နေတတ်သေးသည်။ တချို့ ကျတော့ မပီပြင်လှသည့် ရုပ်ပုံတွေလည်း ရေးထိုးထားတတ်သည်။
ထို ဆေးမင်ကြောင်စာသား ရုပ်ပုံများကို ကိုယ်ပေါ်မှာ ရေးခြယ်ထားသော သူတွေကို  တွေ့လျှင် လူအများက မသိမသာ ဖယ်ခွာချင်ကြသည်။ ကွယ်ရာတွင် မဲ့ရွဲ့ကာ ရှုပ်ချပစ်တင်ကြလေသည်။
သူလို၊ ကိုယ်လိုလူတစ်ယောက်၏ ကိုယ်ပေါ်မှာ ဆေးမင်ကြောင်ရုပ်ကလေးများ တွေ့ရလျှင်လည်း သူ၏ ပတ်ဝန်းကျင်က မနှစ်သက်နိုင်သူသာ ပိုများပါသည်။ အပေါင်းအသင်း သူငယ်ချင်း တစ်ချို့တလေကသာ ငေးမောအားကျနေတတ်ကြတာ ဖြစ်သည်။ ဒါပေမယ့် ဆေးမင်ကြောင်ထိုးရအောင်ဟု အဖော်ညှိဖြစ်လျှင်တော့ လူညီခဲလှပါသည်။ စဦးတိုင်ပင်စမှာ မောင်းတင်ထားသူတွေတောင်မှ တကယ့်တကယ် ဆေးမင်ကြောင် အရုပ်ရေးထိုးသူရှေ့ရောက်တော့ အဖျားရှူးသွားတတ်ကြသေးသည်။ ဆေးမင်ကြောင် အရုပ်ရေးထိုးဖြစ်သူ အများစုသည်ပင် မူးယစ်ရူးနှမ်းနေချိန်ခဏမှာ အဆင်ခြင်မဲ့ ရေးထိုးဖြစ်ခဲ့တာဖြစ်ပြီး အမူးပြေကာ  နာကျင်မှုကို ခံစားရချိန်တွင် နောင်တတွေ တစ်လှေကြီးနှင့် စိတ်ညစ်နေ တတ်ကြသေးတာဖြစ်သည်။
သူကတော့ ဆေးမင်ကြောင်ကို နှစ်သက်မြတ်နိုးလွန်းခဲ့လို့ကို ကိုယ်ပေါ်မှာ အကြိမ်ကြိမ် ရေးထိုးဖြစ်ခဲ့တာ ဖြစ်ပါသည်။
**********
သူ၏ ကိုယ်ပေါ်မှ ပထမဆုံးဆေးမင်ကြောင်ရုပ်ကလေးမှာ ချစ်စဖွယ် ရိုးသားသည်ဟု သူထင်ခဲ့သည်။ အသည်းနှလုံးပုံကလေးပေမယ့် ဆေးမင်ကြောင်ရေးထိုးပေးသူက အသည်းပုံ၏ တစ်ဖက်ခြမ်းကို လှပသော ကနုတ်နွယ်ကလေးတွေ ရစ်ခွေထားပေးပါသည်။ အသည်းပုံရေးထိုးတတ်ကြသော သက်ရွယ်တူတွေကြားမှာ သူ့နှလုံးသားလေးက ဆန်းဆန်းကြယ်ကြယ်၊ ချစ်မက်စဖွယ်။ ထိုဆေးမင်ကြောင်ရုပ်ကလေးက သူ့နှလုံးသားကို ကိုယ်စားပြုသည်လေ။ နှလုံးသားကလေးရဲ့ အတွင်းနက်နက် အလည်ဗဟိုမှာတော့ ပန်းစာလုံးဖော်ထားသော အင်္ဂလိပ်အက္ခရာ T&Z…။ သူနှင့် ချစ်သူကောင်မလေး၏ အမည်အတိုကောက်စာလုံးလေးတွေဖြစ်သည်ဆိုတာ ပြောစရာတောင် လိုမည်မထင်ပါ။ ချစ်သူနှင့် အတူရှိမနေနိုင်သေးတဲ့ အချိန်တွေမှာ ထိုအသည်းပုံကလေးကို တစိမ့်စိမ့် စိုက်ကြည့်ရင်း ချစ်သူကို သတိတရ ရင်ခုန်သည်။ လက်ဖမိုးပေါ်မှ ထိုစာလုံးလေးကို နဖူးပေါ်တင်ကာ မျက်လုံးမှေးမှိတ်အိပ်စက်နေပေမယ့် ချစ်သူက ကိုယ်အနားမှာ အတူရှိနေနိုင်သလို ရင်ထဲမှာ တငြိမ့်ငြိမ့်လှုပ်ခုန်ကာ နွေးထွေးရှိန်းမြသော ခံစားချက်တို့ဖြင့် အားအင်တွေ ပြည့်ဝနေတော့သည်။
                        အစကတော့ ငြိုငြင်ချင်သလို၊ အပြစ်ဆိုသေးတဲ့ ချစ်သူက သူ၏ ရင်ခုန်ဖွယ် စိတ်ကူးနှင့် ခံစားချက်ကို သိနားလည်လာသောအခါ…
“သူ က အသားဖြူတော့ ကြည့်ကောင်းပါတယ်”
                        …တဲ့။  သူက အတင့်ရဲလာကာ…
“ကိုယ်တို့နှစ်ယောက်   လက်ထပ်တဲ့ နေ့ကျရင် အဲဒီနေ့ကလေးကို ဘယ်ဘက်ရင်ညွန့်မှာ မှတ်တမ်းတင်ထားရမယ်”
                        ချစ်သူက ရှက်နေခဲ့သော်လည်း  ငြင်းဆန်ဟန့်တားခြင်း မပြုခဲ့ပါ။
                        တကယ်လည်း သူတို့ချစ်သူနှစ်ဦး၏ လက်ထပ်မင်္ဂလာရက်မြတ်ကို မှတ်တမ်းတင်ခွင့် သူ ရရှိခဲ့ပါသည်။ ထို့အတွက် ကံကြမ္မာ၏ မျက်နှာသာပေးမှုကို သူ.. အထူးကျေးဇူးတင်နေပါမည်။
                        နောက်တော့ သားကြီးအတွက်… အမည်စာလုံး အတိုကောက်ကလေးနှင့် မွေးနေ့။
                        သမီးလတ် အတွက်…
                        သားငယ်အတွက်….
                        အငယ်ဆုံး သားငယ်လေးအတွက်…
                        သူ့ကိုယ်ခန္ဒာအနှံ့ပေါ်က ဆေးမင်ကြောင်တွေဟာ သူ့ဘ၀ရဲ့ ဆုလဒ်များစွာကို ရရှိပိုင်ဆိုင်နိုင်မှု အတိမ်းအမှတ်တွေသာ မဟုတ်လား။ သူ ပျော်ရွှင်ကျေနပ်ခဲ့သည်။ ပြုံးမော့ဂုဏ်ယူခဲ့ရဖူးပါသည်။
                        ************
                        ဖေဖေ့ဘကြီးတော်စပ်သော သူတို့၏ ဖိုးဖိုးကြီးကို သူ သိမီလိုက်ဖူးသည်။ ရှားပါးကာ အမြင်ဆန်းသော သျှောင်တစ်စောင်းနှင့် ဖိုးဖိုးကြီးသည် ပေါင်နှစ်ဖက်မှာ ထိုးကွင်းမင်ကြောင်တွေနှင့် ဖြစ်သည်။ ပုဆိုးစကို ပေါင်လယ်အထိဆွဲလှန်ကာ တင်ပလ္လင်ခွေချိတ်ထိုင်လေ့ရှိသော ဖိုးဖိုးကြီးသည် ဘယ်အချိန်ကြည့်ကြည့် အိမ်ဦးခန်းမှာ ကွမ်းတစ်မြုံ့မြုံ့ဝါးလို့ပေ။ အသက်ကြီးရင့်ပြီမို့ ရွာလူကြီးအလုပ်မှ အနားယူခဲ့ပြီဖြစ်သော်လည်း ရပ်ရေးရွာရေးမှန်သမျှ သူ့ အကြံအဥာဏ်၊ အဆုံးအဖြတ်နှင့် မကင်းနိုင်ကြသေး။ ဖိုးဖိုးကြီးကိုက သူ့ရပ်ရွာမှာ အပ်ကျသည်ကအစ မသိရပဲ မနေနိုင်။ စိတ်ရင်း ဖြူဖြောင့်သလောက် အသက်အရွယ်နှင့်မျှ စိတ်မြန်လက်မြန်ရှိတတ်ပြန်ရာ ဖိုးဖိုးကြီးဆိုလျှင် တစ်ရွာလုံးက ကြောက်ရွံ့ရိုသေကြလေသည်။ ထိုစဉ်အချိန်ကတည်းက ထိုးကွင်းမင်ကြောင်နှင့် ဖိုးဖိုးကြီး၏ ခန့်ညားမှုကို သူ အားကျငေးမောနေခဲ့ရဖူးသည်။
                        နောက် မေမေ့ အစ်ကို အကြီးဆုံး တစ်ယောက်ရှိသေးသည်။ သူသည်လည်း ရောက်ရာအရပ်မှာတော့ သြဇာတိက္ကမ ကြိးမားလွန်းလှသော ဆရာတစ်ဆူသာပင်။ အရပ်တကာလှည့်ကာ နေလေ့ရှိသူမို့ တစ်ခါတစ်ရံမှသာ ပြန်တွေ့ရတတ်တာ ဖြစ်သည်။ မေမေသင်ပေးသာကြောင့် ဘဘဆရာဟု နှုတ်ကျိုးနေခဲ့ပြီ။ တစ်ကိုယ်လုံးမှာ များပြားစုံလင်လွန်းလှသော ဆေးမင်ကြောင် အရုပ်များ၊ နားမလည်နိုင်သော စာတမ်းများကြောင့် အပ်ချစရာပင် မရှိဟု ထင်ရသည်။ ဘဘဆရာက မြန်မာသိုင်းဆရာကြီးတစ်ဦး ဟုလည်း ဆိုကြသည်။ ဆေးကုသတာလည်း တွေ့ဖူးသည်။ မြွေဆိပ်ဖြေရာမှာ အလွန်တော်သည်ဟု ပြောစမှတ်ပြုကြသည်။
                        ဖေဖေနှင့်မေမေက ဘဘဆရာအား ရိုသေလေးစားမှုပြသော်လည်း ကိုယ်ပေါ်မှာ ဆေးမင်ထိုးဖို့ တိုက်တွန်းစည်းရုံးလာလျှင်တော့ မျက်စေ့မျက်နှာပျက်ကာ တက်ညီလက်ညီ ငြင်းဆန်တတ်ကြတာ မှတ်မိသည်။
“တောထဲတောင်ထဲ၊ ယာထဲကိုင်းထဲ သွားနေရတာမှ မဟုတ်တာပဲ။ ကိုယ့်အလုပ်က မြို့ပေါ်မှာဆိုတော့ မြွေပါးကင်းပါး ပူစရာ မရှိလောက်ပါဘူး ထင်ပါတယ်”
                        ဖေဖေက ခပ်ရွံ့ရွံ့ဆိုလေလျှင် မေမေကပါ…
“သမီးတို့ မြိုမှာတော့ အဲလို ဆေးဝါးအရုပ်တွေက လူမှုဆက်ဆံရေးအတွက်  အနည်းနဲ့ အများ ကသိကအောင့် ဖြစ်ရတယ်လေ..”
                        ဘဘဆရာက သူ့ထံမျက်စောင်းတ၀ဲဝဲ။ မေမေက သူ့ ကိုယ်ခန္ဒာကိုယ်လေးကို ရင်ခွင်ထဲမှာ မြုတ်ဝင်တော့မတတ် ခပ်တင်းတင်းပွေ့ဖက်ထားလေသည်။
                        သူ အရွယ်ရောက်ပြီးချိန် ကိုယ်ခန္ဒာပေါ်မှာ ဆေးမင်ကြောင် တစ်စွန်းတစ်စကို မေမေ စတင်တွေ့မြင်လိုက်ချိန်မှာ တစ်နေကုန် တစ်ဖျစ်တောက်တောက် ဆူပူကျိန်းမောင်းခဲ့လေ၏။
                        **********
                        ထိုစဉ်ကတော့ ကိုယ်ပေါ်မှ ဆေးမင်ကြောင်အရုပ်နှင့် စာတမ်းများအတွက် သူ အလွန် ဂုဏ်ယူတတ်ခဲ့ ဖူးလေသည်။ ယခုလို တက်တူးထိုးသည့် အနုပညာအလေ့ တွင်ကျယ်ပြန်နှံ့လာချိန်မျိုးမှာသာ ငယ်ရွယ်စဉ်က စိတ်နှင့် လူဖြစ်ခွင့်ရလျှင် သူလည်း ဒေးဗစ်ဘက်ခ်ဟမ်းနှင့် အပြိုင် တက်တူးခရေဇီ ဖြစ်ခဲ့မည်လား မသိ။ ခုတော့ အင်ဂျလီနာဂျိုလီတို့လို အမျိုးသမီးတွေလောက်တောင် တက်တူးကို မရူးသွပ်ချင်မိတော့ပါ။  ဖြစ်နိုင်လျှင် ကိုယ်ပေါ်မှာ ရှိနှင့်ပြီးသော ဆေးမင်တို့ကိုတောင် အရေပြားခွာလှန်ကာ ဖျက်ဆီးပစ်ချင်နေပြီ။
                        သူ့ကိုယ်ပေါ်မှ ဆေးမင်များကို  အမှန်တကယ်  ဖျက်ဆီးဖြစ်မည်ဆိုလျှင် သူ ပထမဆုံး ဖျက်ဆီးပစ်မည့် ဆေးမင်ရုပ်မှာ ပထမဆုံး ထိုးခဲ့ဖူးသော ဆေးမင်ရုပ်သာ ဖြစ်ပါသည်။ သူတို့ ဇနီးမောင်နံ (ထိုစဉ်ကတော့ ချစ်သူနှစ်ဦးပေါ့) တို့၏ အမည်စာလုံးလေးတွေပါသော ကနုတ်နွယ်ခွေယှက်ထားသည့် အသည်းပုံလေးပဲပေါ့။
                        သူ မတွေးထင်ခဲ့ဖူးပါ။ သူ ရူးသွတ်မှုတွေနှင့် တစိမ့်စိမ့် နှစ်သိမ့်ပျော်ရွှင်ခဲ့ရတဲ့ ထို ဆေးမင်ရုပ်ကလေးကို တစ်ချိန်ချိန်မှာ ဖျက်ဆီးပစ်ချင်စိတ် ပေါပေါက်လာခဲ့လိမ့်မည်ဟု ဘယ်တုန်းဆီကမှ ယောင်လို့တောင် မတွေးမိစဖူး။ ထို့အတူ သူ အရူးအမူး စွဲလန်းမြတ်နိုးခဲ့ဖူးတဲ့ ချစ်သူမိန်းကလေးဟာလည်း တစ်ချိန်ချိန်မှာ ခုလို အပြောင်းလဲကြီး ပြောင်းလဲသွားလိမ့်မည်ဟု ဘယ်မှာ ထင်မှတ်မျှော်လင့်ထားခဲ့ပါ့မလဲ။ ဒါပေမယ့် သူမသည် မမှတ်မိနိုင်လောက်အောင် တကယ်ကို ပြောင်းလဲသွားခဲ့လေသည်။ တစ်ခါတစ်ရံ သူက…
“မင်း… မင်းမှ ဟုတ်ရဲ့လားကွာ”
                        တအံ့တသြ ရေရွတ်မြည်တမ်းမိသည် အထိ ဖြစ်သည်။ ထိုအခါ သူမက ရှိရင်းစွဲဒေါသများကို အစွမ်းကုန် ဖွင့်လှစ်ပေါက်ကွဲပစ်တတ် ပြန်သေးသည်။ သူမ ဒီလောက် ဒေါသမာန်ကြီးတတ်မှန်း အစကသာ သိခဲ့လျှင် သူချစ်ခဲ့မိမှာ မဟုတ်မှာဘူး။ ချစ်ခဲ့မိသည့်တိုင်အောင် ချစ်ဝံ့ခဲ့မှာ မဟုတ်ပါဘူးဟု နောင်တနှင့် နာကျင်နေရသည်။
                        အဲသည်စဉ်တုန်းကတော့ သူ့ချစ်သူ ကောင်မလေးဟာ ဒေါသတကြီး စိတ်ဆိုးတတ်ဖို့ဝေးလို့ စကားပြောတာတောင် နှစ်ကိုယ်ကြားသာရုံ  ညံ့ညံ့သက်သက် တိုးဖွဖွကလေး ဆိုတတ်ခဲ့တာ ဖြစ်သည်။ အလွန် အရှက်အကြောက်ကြီးလှသည်။ ရိုးသားအေးချမ်းကာ သူ့ကိုလည်း အလွန်အထင်ကြီးလှတာ ဖြစ်သည်။ အဲဒီချစ်စဖွယ် မခိုတရို့ အပြုံးနှင့် ထိုကောင်မလေးသည် သူ့ရှေ့မှာပင် တဖြည်းဖြည်း တုတ်ခိုင်၊ဆူဖြိုး ဖောင်းကားလာသော ကိုယ်ခန္ဒာနှင့်အတူ အလိုလောဘတွေလည်း အတောမသတ် တိုးပွားများပြားလာခဲ့တော့တာ အံ့သြစရာ မကောင်းပေဘူးလား။
                        အလွန် အလုပ်ကြိုးစားသော လူတစ်ယောက်အဖြစ် သူ့အား သူ့ အလုပ်ပတ်ဝန်းကျင်မှာ ချီးမွမ်းဂုဏ်တင် နေကြစဉ်မှာ သူမကတော့ လက်ကြောမတင်းဟု အားမရနိုင်ခဲ့ပေ။ အလုပ်မှာ လာဘ်မြင်သူဟု အလုပ်ရှင်ကိုယ်တိုင်က ချီးမွမ်းနေစဉ်မှာ သူမက ဦးနှောက်နည်းသူဟု စွတ်စွဲနေပြန်သည်။ တကယ်က သူမ၏ လိုအပ်ချက်ထက် အဆများစွာ သာလွန်များပြားသော လိုအင်ဆန္ဒတွေကို ဖြည့်ဆည်းရန် သူက လုံလောက်သည်ထက်မက ပိုလျှံကဲမောက်သော ငွေကြေးကို မရှာဖွေ၊ မပေးစွမ်းနိုင်သောကြောင့်သာ ဖြစ်ပါသည်။
                        သူသည် ဆွေစဉ်မျိုးဆက် ကြွယ်ပိုးကြွယ်ဝ ချမ်းသာခဲ့ရသူ မဟုတ်ပါ။ သူမသည်လည်း လက်လုပ်လက်စား မိသားစုမှ ပေါက်ဖွားဆင်းသက်လာသူသာ ဖြစ်ပါသည်။ ကိုယ့်ဒူးကိုယ်ချွန်ကာ ကိုယ့်လမ်းကိုယ်ဖောက် လျှောက်ခဲ့ကြရတာ ဖြစ်သည်။ သူတို့၏ မိသားစုဘ၀သည် မချမ်းသာသော်လည်း မဆင်းရဲခဲ့။ မော်ကြွားတောက်စားလောက်အောင် မ၀င့်ဝါနိုင်သော်လည်း ဂုဏ်မငယ်ခဲ့။ ဒီလောက်ဆိုလျှင် ဘ၀က နေပျော်စရာ  မကောင်းဘူးလား။ သူမကတော့ မရောင့်ရဲနိုင်ခဲ့ပေ။ စီးပွားရှာရာမှာ  သူ့ကို ဖြတ်လမ်းက လိုက်စေချင်သည်။ လိုအပ်လျှင် စာရိတ္တချစားလိုလျှင်လည်း စားပါစေဟု ဖွင့်ဟ မတိုက်တွန်းရုံတမယ်။ ကိုယ်ကျင့်သိက္ခာကို ထိုးကျွေးကာ အလဲအထပ်လုပ်ရမည်ဆိုလျှင်လည်း အဆင်ခြင့်မဲ့ စွန့်စားကြည့်စေချင်နေခဲ့သည်။ တစ်ခါတရံတော့ သူက…
“ငါ့ အလုပ်ကိစ္စထဲမှာ မင်း ၀င်မပါစမ်းပါနဲ့”
                        သူမ မပါဝင် မပတ်တော့သော အခါ  စိတ်အေးလက်ချထားဖို့ စိတ်ကူးရုံရှိသေးသည်။ တစ်စခန်း ထပြန်တော့သည်။ ကပ်ဖိုးကပ်ဖဲ့ အရွဲ့တိုက်တတ်လာသည်။ ဟိုလူ့ပြောသလို၊ ဒီလူ့ပြောသလိုနှင့် စောင်းချိတ်သည်။ ပြီး.. မေ့လောက်ရှိတော့လည်း သူ့အလုပ်မှာ သူမ စွက်ဖက်ချယ်လှယ်ဖို့ ကြိုးစားပြန်တာပဲ။ အဆိုးဆုံးကတော့ သားသမီးများကို ဖခင်အား အရိုသေတန်စေရန် အဆင်ခြင်မဲ့သော စကားများကို ဆိုလေ့ရှိတတ်တာပင် ဖြစ်သည်။
                        မိကြောင်းဖကြောင်း မသိတတ်၊နားမလည်သော သားသမီးများသည်လည်း သူ့အပေါ် စာနာစိတ် စိုးစဉ်းမျှ မရှိကြပေ။ လိုချင်တာတွေ့လျှင် ခေါင်းဝှေ့ပူဆာမည်။ ချက်ချင်းမရလျှင် ညူစူစိတ်ကောက်ကြမည်။ ဆန္ဒပြမည်။ မိခင်၊ ဖခင်တို့ထက် တော်ထူးထက်မြက်သော အတိဇာတ သားသမီးများကို သူမျှောင်လင့်ခဲ့သည်။ ခုတော့.. ဟင်းရွက်ကန်စွန်းသာ ဆိုလျှင် နင်းခြေမီးမြိုက်ကာ အပင်သစ်သာ ပြန်ပျိုးယူချင်မိတော့ပြီ။
                        သူမျှော်လင့်သော သီရိဂေဟာသည် အတိအကျ ပြောင်းပြန်ဆန့်ကျင် ပုံပေါ်လာသောအခါ သူ.. အိမ်ပြန်ရမှာ ကြောက်လာသည်။ အိမ်မဟုတ်လျှင် ဘယ်နေရာမဆို သူပျော်သည်။ မိသားစုဝင်တွေသာ မဟုတ်လျှင် ဘယ်အတန်းအစားက၊ ဘယ်လိုလူမျိုးနှင့်မဆို သူ ယှဉ်တွဲနေထိုင်နိုင်သည်။ အလုပ်မှာပင် ညအိပ်ဖြစ်ခဲ့သော အကြိမ်တွေ များလာခဲ့ပြီ။ သူ့မိန်းမကတော့ သူအား အယုံအကြည်လွန်ခဲ့လေသလား။ ဒါမှ မဟုတ် လျစ်လျှူရှုထားလေသလားမသိ။ လကုန်လို့ ငွေမအပ်လျှင်သာ တဖျစ်တောက်တောက် ဆူပူတတ်လေ့ရှိသော အမျိုးသမီးသည် ရှင် .. ညက ဘယ်မှာအိပ်ခဲ့သလဲဟု တစ်ခွန်းတစ်စ မေးမြန်းဖော်မရခဲ့ပေ။ အိမ်ပြန်ရောက်လာသော ခင်ပွန်းသည်ထက် ကိုယ်ပေါ်မှ ချွတ်ခွာပြီး ချိတ်တွင် ချိတ်လွှားမည့် အင်္ကျီမှ အိတ်ကပ်ကိုသာ  ပိုမိုစိတ်ဝင်စားတတ်တာဖြစ်သည်။ သားသမီးများကလည်း လိုဘပြည့်နေသမျှ ဖခင်ကို မျှော်ရကောင်းမှန်း  သတိမရကြပေ။
                        သူသည်  လက်ဖမိုးနှင့် လက်ဖျံပေါ်မှ ဆေးမင်ကြောင်ရုပ်များကို ဖျက်ဆီးပစ်ချင်စိတ် ပေါ်ပေါက်လာခဲ့မိတော့တာ သူ မလွန်ပါ။ ဒါပေမယ့် အချိန်ကတော့ နှောင်းလွန်ခဲ့ပါပြီ။
                        ************
                        သူသည် လက်ဖမိုးနှင့် လက်ဖျံပေါ်မှ ဆေးမင်ကြောင်များကို ဖျက်ဆီးပစ်ချင်စိတ်တွေနှင့် ပြင်းပြင်းပြပြ ဆာလောင်ဆူဝေလာသည့်အခါ ထိုအရုပ်များအပေါ် လက်ဖ၀ါးတစ်ဖက်အုပ်လျှက် အကြိမ်ကြိမ်ပွတ်တိုက် ဖျက်ဆီးနေမိသည်။ ဒါပေမယ့် သူအသားတွေ နီရဲပွန်းပဲ့ကာ နာကျင်ကျိန်းစပ်လာတာပဲ အဖတ်တင်သည်။ ဆေးမင်ရုပ်များကတော့ ဖျော့မှိန်မသွားကြပေ။
                        သူ့မှာ သည့်ထက်နည်းနည်း စွန်လွှတ်စွန့်စားရဲသည့် သတ္တိရှိခဲ့လျှင်….၊ နာကျင်မှုကို အချိန်ကာလတစ်ခုထိ တောင့်ခံနိုင်ခဲ့မည်ဆိုလျှင် ထိုဆေးမင်ကြောင်များကို ဖျက်ဆီးပစ်နိုင်လိမ့်ဟု သူ သိပါသည်။ သို့သော် သူ သွေးကြောင်နေသေးသည်။
                        ခုတော့ ဆေးမင်ကြောင်များသည်ပင် သူ့ခန္ဒာအရေပြား ပျော့တွဲတွဲပေါ်မှာ မထင်းပ၊ မ၀င့်ဝါနိုင်ကြတော့ရှာ။ ဒါပေမယ့် စွဲထင်နေနိုင်ဆဲတော့ ဖြစ်သည်။ သူ သေသည်အထိ စွဲမြဲစွာ ထင်ကျန်နေတော့မည်လည်း သေချာနေပါသည်။
                        ***********
“ခင်ဗျားရဲ့ ဆေးမင်ကြောင်တွေ အကြောင်း ကျွန်တော် စာတစ်ပုဒ်လောက် ရေးချင်မိတယ်”
                        တစ်ဖက်က ရုတ်တရက်ပြောလာတော့ သူ လန့်သွားမိသည်။ ပြီး ဇဝေဇ၀ါ ၊နားမလည်နိုင်သော အတွေးတွေနှင့်…
“ခင်ဗျားက ကျွန်တော့်ရဲ့ ဆေးမင်ကြောင်တွေအကြောင်း စာရေးမယ်။ နေပါဦး။ အဲဒါတွေအကြောင်း ခင်ဗျားကို ကျွန်တော် တစ်ခါမှ ပြောမပြခဲ့မိပါဘူးနော်”
                        သေချာပါသည်။ သူ့ကိုယ်ပေါ်က ဆေးမင်တွေအကြာင်းကို ထိုလူ့ကိုမှ မဟုတ်။ သူ.. ဘယ်သူ့ကိုမှ ပြောပြမထားခဲ့ပါ။ သူ့ရင်ညွန့် ဘယ်ဘက်နားက ဆေးမင်ကြောင်စာတမ်းကလေးကိုဆိုလျှင် ဒီလူ ရှိနေမှန်းတောင် သိမည် မထင်။
“ခင်ဗျား မပြောလည်းပဲ တချို့တလေကိုတော့ ကျွန်တော် မှန်းဆ ရနိုင်မယ်လို့ ထင်ပါတယ်။ ဒါမေယ့် ခင်ဗျားကိုယ်တိုင် ပြောပြခဲ့ရင်တော့ ပြည့်ပြည့်စုံစုံ၊ တိတိကျကျ ပိုပြီး သိရတာပေါ့”
                        မဖြစ်နိုင်ပါ။ သူ့ ဆေးမင်ကြောင်တွေအကြောင်း သူ… ဘယ်သူ့ကိုမှ ပြောပြဖို့ စိတ်ကူးမရှိပါ။ သူ့ကိုဆိုလျှင် ပိုလို့တောင် မပြောဖြစ်ဖို့ သေချာနေသေးသည်။
                        တကယ်တော့ သူတို့ နှစ်ယောက် အတန်ငယ်မက ရင်းနှီးနေပြီးသား ဖြစ်ပါသည်။ သို့သော် သူတို့ နှစ်ယောက်၏ ခင်မင်မှုမှာ တစ်စုံတစ်ရာသော ဖုထစ် ခုခံမှုတစ်ခု ရှိနေသေးသလို သူ့စိတ်မှာထင်နေသေးသည်။ တစ်ဖက်သားကတော့ ဘယ်လိုရှိမည် မသိရပေ။
နှစ်ယောက်စလုံးက အရွယ်လွန်ကာ အိုမင်းသည့်ဘက်သို့ နီးကပ်လာနေပြီးသော သက်ရွယ်တူတွေလည်း ဖြစ်သည်။ သူက လက်ရှိအလုပ်မှ အငြိမ်းစားယူလာခဲ့သော်လည်း ထိုသူကတော့ အလုပ် မယ်မယ်ရရ ရှိခဲ့ဖူးပုံမပေါ်။
“အရင်ကတော့ တူမအိမ်မှာ ခိုကပ်နေတာပေါ့။ အလုပ်ကတော့ စာရေး၊ ကဗျာရေးတာ အလုပ်ဆိုရင် အဲဒါ ကျွန်တော့်အလုပ်ပဲ။ တူမ ရှိတုန်းကတော့ မငြိုငြင်ရှာပါဘူး။ တူမက ဆုံးသွားတော့ အားကိုးပျောက်သလို ဖြစ်သွားတယ်။ ကျန်ခဲ့တာက စိမ်းသူမဟုတ်လား။ ခုတော့ ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ ခိုကပ်နေရပြန်ပြီ”
                        သူမှာတော့ ခိုနားစရာ အိမ်ရှိပါသေးသည်။ အမိုး၊အကာ၊ အခင်း လုံခြုံသည့် အဆောက်အဦးသည် အိမ်ဟု သတ်မှတ်နိုင်မည် ဆိုလျှင်ပေါ့လေ။ ဒါပေမယ့် အိမ်တစ်အိမ်၏ နွေးထွေးမှု အငွေ့အသက်တွေ မခံစားခဲ့ရတော့တာ ကြာပြီမို့ သူက ခိုနားရာအဖြစ် မသတ်မှတ်ချင်။ ဒါကြောင့်လည်း ဒီနေရာလေးကို  သူ မရမနေ အရောက်လာခဲ့မိတာ။ ဒီနေရာမှာ စာအုပ်တွေပဲရှိသည်။ ရောက်လာကြသည့် သူတွေကလည်း စာပေမှာ မွေ့လျော်နေပျော်သော စိတ်အခံကလေးတွေနှင့်မို့ ဘာသာစကားခြင်း နီးစပ်သည်ဟု ထင်သည်။
“ဟို တစ်ယောက်ကလည်း ဒီနေရာလေးကို လိုချင်နေတယ် ပြောတယ်။ လူအတော်များများကလည်း သူနဲ့ သင့်တော်တယ်လို့ ထောက်ခံကြတယ်လေ…”
                        ဖြစ်မှ ဖြစ်ရလေ..။ မြို့နယ်ကလေးတစ်ခုမှ စာပေ၀ါသနာရှင်တွေ စုစည်း အကောင်အထည် ဖော်ခဲ့ကြတဲ့ ဒီစာကြည့်တိုက်ကလေးမှာတောင် စာကြည့်တိုက်ဝန်ထမ်း တာဝန် ထမ်းဆောင်လိုသူတွေက အများသားပါလား။ သင့်တင်မျှတဲ့ လစာငွေကို စီစဉ်ပေးထားတာလည်း ပါမှာပေါ့။ လစာခံစားခွင့် မသေချာသေးသော စာကြည့်တိုက်ကလေး စတင်တည်ထောင်စ အချိန်ကတော့ ဒီနေရာလေးကို သူလည်း စိတ်မ၀င်စားခဲ့ပါ။ ခုတော့မှ…။  အငြိမ်းစား အလုပ်လက်မဲ့တစ်ယောက်အတွက် အိမ်မှာ လူပိုမဖြစ်ချင်တာလည်း ပါပါသည်။ ခုတော့ ဟိုလူ…။ သူ့နေရာကို လုယူတော့မည်။
                        အခွင့်အရေးတစ်ခု လက်လွတ်ဆုံးရှုံးသွားမှာ နှမျောတပ်မက်စိတ်ဖြင့် သူ့နှုတ်ဖျားမှ ဟိုလူ၏ အားနည်းချွတ်ယွင်းချက်တွေကို အကြားအလပ်မရှိ ထောက်ပြပြစ်တင်ခဲ့မိသလား။ ဟိုလူ့ထံသို့ သူ့စကားတွေ  ပြန်လည်ပေါက်ကြားသွားဖို့ မသေချာသော်လည်း သူ အတွေးနှင့် ရှက်မိခဲ့ပါသေးသည်။ ဒါပေမယ့် သူ့မိန်းမက…
“အလကားနေလည်း အလကားပဲ။ အလုပ်ကလေးတစ်ခုရှိတော့ ရှင်လည်း စိတ်ငြိမ်တာပေါ့”
                        သူ.. ထိုအလုပ်ကို အရယူမှ ဖြစ်တော့မည်ဟု နားလည်ဆုံးဖြတ်ပြီး ဖြစ်နေပြန်တော့ပြီ။
“ခင်ဗျား ခု မပြောနိုင်သေးလည်းပဲနေပါဗျာ။ ပြောချင်လာတဲ့ နေ့ကျတော့မှ ပြောပြပါတော့.. ဟုတ်လား။ ကွှန်တော်ကတော့ ခင်ဗျားရဲ့ တက်တူးတွေကို တကယ်ကို စိတ်ဝင်စားမိတာပါဗျ”
                        ရွေးချယ်ရေးမှတ်ပြီးသော စာအုပ်တစ်ချို့ကို ပွေ့ပိုက်လျှက်  ချာခနဲ နောက်လှည့်ပြန်သွားသော ကျောပြင်နောက်သို့ အကြည့်တွေ ကပ်ပါသွားပါသည်။ သူ့ လက်ဖ၀ါးအစုံသည် လက်ဖျံပေါ်ရှိ ဆေးမင်ကြောင်တို့ဆီ အလိုလိုရောက်ရှိနေပြန်ကာ အထပ်ထပ်ပွတ်ဖျက်နေမိပြန်ပြီ။ ဟိုလူကတော့ ချိုင်းထောက်ကလေး တစ်ဒေါက်ဒေါက်နှင့် လမ်းပေါ်မှာ လျှောက်သွားနေလိုက်တာ…။


                                                                                                       သတိုး