Wednesday, August 31, 2011
အဝေးက ရွာကလေး
                     ရွာကို ပြန်မရောက်ဖြစ်တာ ကြာလှပြီ။ ကြာဆို အနှစ်နှစ်ဆယ်နီးပါးပင် ရှိတော့မည်။ 
                     ဒီတစ်နွေ  ရွာပြန်လိုက်ဦးမည်။ သီတင်းကျွတ်ရက်မှာ ရွာပြန်ကာ လူကြီးတွေကို နှုတ်ဆက် ကန်တော့ဦးမည်။ စိတ်ကူးမှာတော့ ရွာကို မကြာ မကြာ ပြန်ရောက်လေ့မြဲပင်။ လက်တွေ့မှာတော့ တစ်ခေါက်တစ်ကျေးတောင် ပြန်မရောက် ဖြစ်ခဲ့ပေ။
                        ပြာမလော့မြစ်နံဘေးက ရေတစ်ပိုင်း၊ ကုန်းတစ်ပိုင်းရွာကလေး…။
                       ပြာမလော့မြစ်မဆီ တိုးဝင်စီးဆင်းနေသော ရေကျော်ချောင်းကလေးကို ရီးလေးခိုကာ ချောင်း၏ ကမ်းနဖူးကို မေးတင်ထားသည့် ရွာကလေး…။
                         ရေစုန် ရေလှည့်သင့်လျှင် အိမ်ရှေ့ ရေဆင်းတံတားမှ ခပ်တက်ပြင်ရုံနှင့် ပြာမလော့ မြစ်မကြီးဆီ ခဏချင်းရောက်နိုင်လေသည်။ သပြေဝေဟု ခေါ်သော်လည်း ရွာမှာ သပြေပင် တစ်ပင်မှ မရှိပါ။ ရိုးသားသော မိရိုးဖလာ လယ်သမားကြီးတွေ ရှိကြသည်။ ပုဇွန်တန်းချသူတွေလည်း ရှိသည်။ ငါးသရောက် ပိုက်လှေကလေးတွေလည်း ရှိသည်။ မိုးကျလျှင်တော့  ထွန်တုံးတစ်ဖက်၊ ခပ်တက်တစ်ဖက်ဖြင့် သူတို့တွေခမျာ အနားမရနိုင်ကြရှာ။ ငါးဖမ်းလှေကလေးများအတွက် ကြွေးဟောင်းပေး၊ ကြွေးသစ်ယူ စနစ်ကြောင့်  အားထားနေရသော ရွဲဒိုင်( ငါး၊ ပုဇွန် အ၀ယ်ဒိုင်လေးတွေ) လည်း ရှိသေးသည်။
                       ရွာဦးမှာ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းရှိသည်။ စာသင်ကျောင်း ကလေးကတော့ ရွာလည် ချောင်းကမ်းနဖူးမှာ တည်ရှိတာ ဖြစ်ပါသည်။  အရပ်မျက်နှာ ပတ်ချာလည်မှာတော့ ငွေလွှာပြင်ရေဖွေးဖွေးကြားမှာ စိမ်းဝါရောင် ပျိုးခင်းများ၊ စိမ်းမြရင့်စိုသော စိုက်ပျိုးပြီးစ စပါးခင်းများကို မြင်ရနိုင်သည်။ ဆောင်းလလည်ရောက်လျှင်တော့ ရွှေရောင် ကမ္ဗလာလွှမ်းသော တပြန့်တပြော မျှော်မောမဆုံးတော့သည့် စပါးခင်းကြီးပေ။
                        သီတင်းကျွတ် ကျောင်းပိတ်ရက်တွေမှာ သူတို့ဆရာ မြို့သို့ပြန်လေတိုင်း သူ့ကျောင်းသားတွေက တခုတ်တရ မှာတတ်သည်မှာ…
" ဆရာ မြန်မြန် ပြန်လာခဲ့နော်။ စပါးဖုံး ဖဲ့စားဖို့ အမီလေ။ ဆရာနောက်ကျနေရင် စပါးဖုံးတွေ ရင့်သွားတော့ စားမကောင်းတော့ဘူး"
                   သူတို့၏ဆရာက စပါးဖုံး ကြိုက်သည်ဟု သူတို့ စွဲမှတ်ယူဆကြလေသည်။ တကယ်တော့ ၀ါဝင်းအောင်မြင်သော စပါးနှံတစ်ခက်ဖြစ်မလာခင် အနှံနုနုကလေးသည် နူးညံ့ချိုမြလွန်းလှတာမို့် စားဖူးသူတိုင်း ကြိုက်ကြပါသည်။ ဖုံးတုန်း လုံးတုန်း တန်ဆောင်မုန်းဟု ဆိုကြသော်လည်း သက်ငယ်စပါးတို့ကတော့ တော်သလင်း၊ သီတင်းကျွတ်မှာပင် စပါးဖုံး ပေါ်လေပြီ။ ဒါပေမယ့် သူတို့လယ်ကွက်ထဲမှာ စပါးဖုံးဖဲ့စားးတာကို သိလျှင် မည်သည့်လယ်သမားကမှ သီးမခံချင်ကြပါ။ သည် စပါးတစ်နှံဖြစ်လာဖို့ သူတို့တတွေ တစ်မိုးလုံး ချွေးတလုံးလုံးဖြင့် ကွဲနွားနှင့် ဖက်ရုန်းခဲ့ရတာ မဟုတ်လား။
"ဟေး..။ ဆရာ ချောင်းဆိုးနေတယ်။ စပါးဖုံး မစားတော့ဘူး။ မင်းတို့လည်း စပါးဖုံး ဖဲ့မစားကြနဲ့ကွာ"
                   စပါးတစ်နှံအတွက် ရင်းနှီးပေးဆပ်ခဲ့ရတဲ့ သူတို့ အဖေ၊အမေများ၏ မျှော်လင့်ချက်နှင့် ရင်းနှီးပေးဆပ်မှုတွေအကြောင်း သူက တပြန် ရှင်းပြနေမိပြန်ပါသည်။
                   ကလေးတွေက ကျောင်းတက်ဖို့ထက် ပိုက်လှေလိုက်ဖို့ ပိုလို့ စိတ်ဝင်စားကြသည်။ မဟုတ်လျှင်လည်း ချောင်းစပ်က ဓနိပင်တန်းတွေမှာ ပုဇွန်ငုတ်စမ်းကြမည်။ စိုက်လို့ ပျိုးလို့ ပြီးချိန်တွေဆို  လယ်ကွက်တွေထဲမှာ ငါးမျှားတံကိုင်းထောက်နိုင်သေးသည်။
                   ဇွန်လဆန်းချိန်ထိ ကျောင်းအပ်မည့် ကျောင်းသားတွေ တစ်ယောက်စ ၊ နှစ်ယောက်စ ထက်မပို။ ကျောင်းဆရာလေးမှာ ရေဆင်းတံတားထိပ်ထွက်ထိုင်ကာ…
“ ဗျိုး ဦးထော်။ ကျောင်းအပ် လက်ခံနေပြီနော်။ ခင်ဗျား ကလေးတွေကို ကျောင်းလာ အပ်ဦး။ အနားမှ ဘယ်သူတွေ ရှိသေးလည်း။ ကိုကြည်တို့၊ မခင်တုတ်တို့….။ လက်လှမ်းတမီ ပြောလိုက်ပါဦး”
“အာ.. ဆရာ ဘယ်တုန်းက ပြန်ရောက်တာလဲ။ အပ်မယ်ဆရာ။ ဒီရေသေရက်မှ ငွေရမှာမို့…  “
“ခင်ဗျားရေသေရက်ကို စောင့်ရဦးမှာလားဗျာ။ မြို့မှာဆို ကျောင်းတောင် တက်နေရပြီ။ ဒီနေ့ လာအပ်လှည့်ပါ။ ကျုပ်စောင့်နေမယ်”
“ဟို… ဆရာ”
“သိပါတယ်။ ငွေက ခင်ဗျား ရေသေရက်မှ ပေး။ ကလေးတွေကိုတော့ ဒီနေ့ပဲ ကျောင်း လာအပ်လိုက်တော့ ဟုတ်လား”
“ဟုတ်ကဲ့၊ ဟုတ်ကဲ့။   အဲလိုဆိုလည်း လာအပ်မယ် ဆရာ.. ဟီး”
                   ရွာကလေးမှ ပြောင်းလာခဲ့ပြီး နောက်ပိုင်း တခါတရံတော့ အဲသည် လူတွေနှင့် မြို့ပေါ်မှာ အမှတ်မထင် ပြန်တွေ့ရတတ်ပါသည်။ ရွာ၏ သာမှု၊ နာမှု အကြောင်း ရွာကလူတွေအကြောင်း အချိန်ရသလောက်မှာ အလုအယက် မေးမြန်းရသည်။ အထူးသဖြင့်တော့ သူ စာသင်ပေးခဲ့ဖူးသည့် သူ့ကျောင်းသား တပည့်ဟောင်းများ အကြောင်းသာ ဖြစ်ပါသည်။ တစ်ရွာလုံးမှာ သူ စိတ်အ၀င်စားဆုံးနှင့် သတိအရဆုံး၊ အလွမ်းရဆုံးသူတွေမှာလည်း သူတို့တွေသာ ဖြစ်ပါသည်။ ဒါပေမယ့် ခုနေ ပြန်တွေ့လျှင် ဘယ်လိုလုပ် မှတ်မိနိုင်ပါတော့မလဲ။
                   သူတို့တတွေထဲက တချို့သည် ခုလောက်ဆိုလျှင် အသက် အစိတ်၊ သုံးဆယ် ၀န်းကျင် အိမ်ထောင်ရှင် ကလေးမိဘတွေပင် ဖြစ်နေကြတော့မည်။ သူတို့၏ ရွာကျောင်းလေးမှာ သူ… စာသင်ပေးခဲ့စဉ်က သူတို့တတွေဟာ အသက် ဆယ့်နှစ်နှစ်ဝန်းကျင် လေးတန်းကျောင်းသားတွေ…။ သူတို့ အတွက်တော့ စတုတ္ထတန်းပြီးတာနှင့် မူလတန်းပြီးဆုံးပြီ ဖြစ်သလို တစ်ဘ၀စာ ပညာရေးလည်း ပြီးဆုံးကြရသည်ပင်။
                   သည်စဉ်ကတော့ သူ့မှာ သူတို့အတွက် အားမလို အားမရစွာ ဆူပူပြစ်တင်ချင်ခဲ့မိသည်။
“ကျွန်ုပ်သာ ဆရာဝန်ကြီး တစ်ယောက် ဖြစ်လာလျှင်”
“ ကျွန်တော်သာ ကျောင်းအုပ်ဆရာကြီးတစ်ယောက် ဖြစ်လာလျှင်”
                   ကျပမ်းစကားပြောပြိုင်ပွဲကလေးတွေ အချိန်ရတိုင်း ကျင်းပဖြစ်ခဲ့ကာ ကလေးတို့၏ စိတ်ကူးအတွေးနှင့် နှုတ်မှုစွမ်းရည်ကို တိုးတက်စေလိုသည်သာမက ပညာကို တမ်းတမ်းမက်မက် လိုချင်ဆန္ဒရှိလာကြစေရန် ရည်ရွယ်ခဲ့ဖူးသည်။ ဒါပေမယ့်…
“သားက ဒီနှစ်ပြီးရင် ကျောင်းထွက်ပြီး အဖေ့ ငါးသရောက်လှေမှာ ခဲသီးပစ်လိုက်ရမယ် ဆရာ။ အငယ်ကောင်တွေလည်း ရှိသေးတော့ အဖေက မြို့ကျောင်းကို မပို့နိုင်တော့ဘူး ပြောတယ်”
                   ကျောင်းပိတ်ရက်တွေသာမက အခါအားလျော်စွာ ဖခင်၏ ငါးသရောက်လှေမှာ ခဲသီးပစ်လိုက်ရတတ်သောကြောင့် ကျောင်း ခဏ ခဏ ပျက်တတ်သည့် ကောင်။ သူ့နာမည်က သန်းထိုက်ဦးဖြစ်သည်။ သူတို့မှာ မောင်နှမတွေလည်း များလှသည်။ ဒီကျောင်းမှာပင် လှမင်းနိုင်၊ မိုးဆွေ၊ ထွန်းထွန်းအောင်…အတန်းစဉ်အလိုက် ရှိသည်။ ညီအစ်ကို လေးယောက်အောက်မှာ မိန်းကလေးနှစ်ယောက်က ကျောင်းနေအရွယ် မရောက်ကြသေး။
“ သားက ဗလကောင်းတော့ လာမယ့်နှစ် တစ်နှစ်လောက် ကျွဲကျောင်း နောက်လိုက်ကျင့် ပြီးရင် ထွန်တုံးကိုင်နိုင်မှာ ဟဲ…ဟဲ”
“သမီးကတော့ ထမင်းချက်၊ ကလေးထိန်း ဟီ..ဟီ”
                   ကလေးတစ်ဘက်နှင့် ကျောင်းတက်လာတတ်သည့် ခင်မာဝင်းကတော့ အမြဲ ရယ်မောမပျက်ပုံဟန်ကလေးနှင့်ပင်။ မောင်နှမတတွေ တသီတတန်းကြီး ဗုံစီပြီး ကျောင်းကို ချီတက်လာတတ်တိုင်း နို့ခွဲပြီးစ မောင်ငယ်လေးကို ခါးထစ်ခွင်လျှက် တွဲလွဲပါလာတတ်ပြန်တာ။
“ညည်းတို့ မောင်နှမ ဘယ်နှစ်ယောက်လည်း”
“ဖိုးချိုလေးပါဆို ငါးယောက်”
“အား…များလှချည်လား”
“ခု အမေ့ဗိုက်ထဲမှာ တစ်ယောက် ရှိသေးတယ်”
“ဟေ..”
                   မပြုံးပဲ မနေနိုင်ခဲ့သော်လည်း သူတို့အစား မောလိုက်တာ။
                   ကျော်လွင်တို့၊ ဆွေလင်းတို့၊ ဇော်ဇော်နိုင်တို့ တတွေကတော့ စာတော်ကြသည်။ မိန်းကလေးတွေထဲက ခင်ချိုဝင်း၊ အေးအေးမော်…။ ကျောင်းစာမှာ စိတ်ဝင်တစား ရှိတတ်ကြတဲ့ သည်ကလေးတွေသည် မိဘကသာ ပညာရေးကို အားပေးခဲ့လျှင် အတိုင်းထက် အလွန်ပေ။ သို့သော်…
“ မိန်းကလေးဆိုတာ စာတတ်ရုံ၊ အတွက် အချက်လည်ရုံဆို တော်လောက်ပြီတဲ့။ သမီးက မြို့ကျောင်းမှာ သွားနေပြီး ဆရာတို့လို ရွာကျောင်းမှာ ဆရာမ ပြန်လုပ်ချင်တာ”
                   ပညာ၏ အသီးအပွင့်ကို သူတို့တတွေ မခံစားဖူးကြဟု ထင်သည်။ ပညာတတ်လည်း ထူးပါဘူးဆရာရယ် ဟု အဓိပ္ပါယ်သက်ရောက်သော သံတူကြောင်းကွဲ စကားတွေကို သူတို့ထံမှ မကြာခဏ ကြားရလေ့ရှိတတ်သည်။ တခါတရံ တစ်ရွာလုံးမှာ တစ်ဦးတည်းသော ပညာတတ်ကလေးဖြစ်သည့် ကျောင်းဆရာလေးကိုပင် ခနိုးခနဲ့ ဆိုကဲ့ရဲ့ချင်တတ်သေးသည်။
“ဆရာလေးတို့ရတဲ့ လခလောက်တော့ ကျုပ်တို့မြစ်ထဲ ခဲသီးတစ်ပစ်စာပဲရှိတယ်ဗျ”
                   ထောင်းခနဲ ဒေါသစိတ်ကို ပင်ပမ်းတကြီး မျိုချနေရသည်။ သူတို့ စော်ကားလိုစိတ်နှင့် ဆိုကြတာ မဟုတ်ပါ။ မျက်မြင်ခံစားမိသလို ရင်းနှီးပွင့်လင့်စွာ ပြောကြတာသာ ဖြစ်ပါသည်။ သူတို့ ပြောတာလည်း ဟုတ်သလို ရှိနေတာပဲ မဟုတ်လား။ ဒါပေမယ့် မြင်သာတဲ့ လက်ငင်းအကျိုးကျေးဇူးကိုသာ သူတို့က ဆိုလိုကြတာ ဖြစ်သည်။ ပညာ၏ နောက်ကွယ်မှ လင်းပွင့်သော အသိအတွေးနှင့် မြဲမြံမြင့်မြတ်သည့် အပြုအမူတွေအကြောင်း သူတို့ နားလည်အောင် ဘယ်လိုရှင်းပြရပါ့။ ငွေကြေးဥစ္စာ ချမ်းသာကြွယ်ဝမှုနှင့် အသိအမြင်တိုးတက်ကျယ်ပြန့်သော ဘ၀အနေတိုးတက်မြင့်မားမှုဟာ မတူခြားနားကြောင်း သူတို့ကို ပြောပြချင်ပါသည်။
                   ခုတော့ သူ.. မပြောဖြစ်ခဲ့သည့် စကားတွေကို အနှစ်နှစ်ဆယ်အတွင်းမှာ အတွေ့အကြုံတို့မှတဆင့် ကြားသိနားလည်ခဲ့ကြပြီး ထင်ပါသည်။
“ဆရာ့ တပည့်က မြစ်ထဲမှာ ပိုက်လှေတစ်စင်းနဲ့ ငါးဖမ်းရတဲ့ အလုပ်ကို အတော်ပျော်တယ်။ ဒါပေမယ့် ဆရာရယ်..။ ရေထဲ အလုပ်တွေကလည်း လှေဦးစို… စို၊ လှေဦးခြောက်… ခြောက်တာပါပဲ။ ဒီနှစ်တွေထဲတော့ ငါးသရောက်က လုံးဝ မတိုးသလောက်ကို ဖြစ်လာတော့တာ။ ရာသီဥတုတွေကလည်း  ဖောက်ပြန်လွန်းလှတာ မဟုတ်လား။ တစ်နေကုန်၊ တစ်ညလုံး မြစ်ထဲမျှောနေလည်း ငါးတစ်ကောင်မှ မရပဲ ဗလာတိုက်တဲ့နေ့တွေ များတာပဲ။ လယ်ထဲအလုပ်တော့  ခိုင်းလို့ကို မရဘူးရယ်။ သူများတွေ နိုင်ငံခြားမှာ အလုပ်သွားလုပ်ကြတာ အဆင်ပြေတယ် ဆိုတော့  တစ်ယောက်ကစ တစ်ရာဆိုသလိုပေါ့။ သင်းကလည်း သွားချင်လှချည်ရဲ့ ဆိုလို့ ရှာကြံပို့လိုက်ရတာပဲ။ တစ်ရွာလုံးလည်း မိန်းမ၊ ယောက်ျား အကုန် နိုင်ငံခြားပဲ ခြေလှမ်းချင်နေကြပြီ”
…အဆင်ပြေတယ်သာ ပြေကြတာပါ ဆရာရယ်။ ကိုယ်တွေက ဘာပညာမှလည်း မတတ်ကြတော့ ခိုင်းတာလုပ်ပြီး ပေးသလောက်ယူကြရတာ နေမှာပါ။ တစ်ဦးတစ်လေတော့ စိုင်ကော်လို့ ခြုံပေါ်ရောက်တာရှိမှာပေါ့”
“ကျွန်တ်ာလည်း ထွက်ဖို့ ပြင်နေတာ ဆရာ။ မမျှော်လင့်ပဲ အိမ်ထောင်ကျလိုက်တော့ ရွာက မခွာနိုင်တော့ဘူး ဟီး”
“ကျွန်တော်တို့တုန်းက မူလတန်းကျောင်းပဲ ရှိခဲ့တော့ ပညာလည်း မူလတန်းကုန်ရုံ သင်ခဲ့ရတယ်ဆရာ။ ကျွန်တော့် သားသမီးတွေ လက်ထက်မှာတော့ အခြေခံပညာကို လူတန်းစေ့ တတ်စေချင်မိတယ်”
“စိတ်မပျက်ပါနဲ့ကွာ။ မင်းတို့တုန်းက မူလတန်းကျောင်းကလေးတောင် ခု.. အလယ်တန်းကျောင်း ဖြစ်လာပြီပဲ။ နောက်တော့ အထက်တန်းကျောင်း ဖြစ်လာဦးမှာပေါ့။ တစ်ဆင့်ချင်းပေါ့။ တဖြည်းဖြည်းပေါ့”
                    ဒါပေမယ့် တဖြည်းဖြည်းဆိုတာ နှေးကွေးလွန်း မနေဘူးလား။ ခုချိန်မှာ တစ်လှမ်းချင်းသွားနေရသေးလျှင် အများကြီး နောက်ကျကျန်နေရစ်တော့မှာ ဖြစ်သည်။ ဒါပေမယ့် စောင့်ရမှာပဲ။ တစ်ဘ၀လုံးစာ စောင့်ဆိုင်းရင်း သေလွန်သွားကြရသူတွေရော… ဘယ်လောက်များ ရှိနေနိုင်မလဲ မသိ။
“မုန်တိုင်းပြီးကတည်းက မိုးက မမှန်တော့ဘူး ဆရာ။ လယ်အလုပ်က ရာသီဥတုကို မှီပြီး လုပ်ရတာဆိုတော့ အပျက်အစီးက တစ်နှစ်တစ်မျိုး အကြောင်းအမျိုးမျိုးကြောင့်  ပျက်တာများနေတယ်။ ပဲတီစိမ်းကလေး ကယ်နေလို့။ ဒါတောင် ဒီနှစ်မှာ တပေါင်းလကြီး မိုးရွာချလိုက်လို့ ပဲခင်းတွေ ပိုးကျတာ ကုန်လုရော…”
                   လူကြီးပိုင်းတွေကတော့ ညည်းငြူနေကြရုံထက် မပိုတော့ပါ။ လူလတ်ပိုင်းတချို့နှင့် လူငယ်များကတော့ လက်ရှိအခြေအနေမှာ မရောင့်ရဲနိုင်။ ရုန်ကန်တိုးထွက်ချင်နေကြသည်။ တစ်ချိန်ချိန်တော့…။
                       အင်း…တစ်ချိန်ချိန်ကို သူတို့ မျှော်လင့်အိပ်မက်နေခဲ့ကြပါသည်။
“ ဆရာ ရွာကို အလည်ပြန်လာတာ ၀မ်းသာလိုက်တာ”
                   သူလည်း သူတို့တွေနှင့် ပြန်တွေ့ရတာ ၀မ်းသာပါသည်။ ဒါပေမယ့်…
                  သူ…ရွာနှင့် ကင်းကွာနေသော အနှစ်နှစ်ဆယ်နှင့် နှိုင်းစာလျှင်  ရွာကလေးသည် သိသာစွာ ပြောင်းလဲထူးခြားမသွားသေးဘူး ဟုထင်သည်။ ဒါပေမယ့် အချိန်တန်တော့လည်း ဘာမှ မတတ်နိုင်စွာ သည်အတိုင်း အိမ်ပြန်ခဲ့ရသည်ပင်။ နောက်ဘက်မှာ လက်ပြကျန်ရစ်သော ရွာကလေးကတော့ သူ့အာရုံထဲမှာ ငြိတွယ်လိုက်ပါလာခဲ့သည်။               ။
                                                                                           သတိုး
Tuesday, April 26, 2011
စုန်ရေတိုက်စားခြင်း
အပြ ;
............
ဒီနေ့တော့ အတော် အရောင်းပါးတဲ့နေ့ပါပဲ။
တစ်ဆိုင်လုံးမှ စားသောက်သူက တစ်ဝိုင်းထဲသာ ရှိနေတော့တယ်။
မျက်နှာစိမ်း လူငယ်လေးကတော့ ရုပ်ရည်သန့်ကလေးပဲ။ ၀တ်စားထားပုံးကလည်း သပ်သပ်ရပ်ရပ်ပါပဲ။ ကွမ်းရိုးစင်းကလေးတွေ ရိပ်ရိပ်ပါတဲ့ ရှပ်လက်ရှည်အဖြူကလေးက လင်းလို့။ ကချင်ပုဆိုးကွက်စိတ်ကလေးကတော့ အရောင့်ရင့်မှိုင်းမှိုင်းရယ်…။ ဆံပင်တိုတိုကိုလည်း သေသေသပ်သပ် ဖြီးသင်ထားပြန်တော့ သူ့ဆိုင်နှင့် ဘယ်လိုမှ မအပ်မရာဟု စိတ်အတွေးနဲ့တင် အားနာလှပြီ။ ဒါပေမယ့် လူငယ်လေးနဲ့ အတူတွဲထိုင်နေတဲ့သူကတော့ ညစ်ထေးပေကြံနေတာပဲ။ အင်္ကျီက လက်နှီးအ၀တ်တစ်စလို စွန်းထင်းပေပွလို့။ စုတ်ပြဲတစ်ချို့။ အဖာရာ ဗရဗွ။ ဂျင်းဘောင်းဘီရှည်ကို ဒူးဆစ်အောက်နားကနေ ဖြစ်သလိုဖြတ်ဝတ်ထားသေးတာ။ အပေါက်အပြဲ၊ ဖွာရာကျဲနေပြန်တော့ ဒီခောတ်အလန်းဒီဇိုင်း ပြောရမှာပေါ့။ သူကမှ ဆိုင်ကလေးနဲ့ လိုက်ဖက်ညီနေတော့တာ။ အသက်ကတော့ ခြောက်ဆယ်ကျော်ရောပေါ့။ ကောင်လေးနဲ့ဆိုရင် မြေးအဖိုးအရွယ်လို့တောင်ထင်ရတယ်။ ကောင်လေးကရှိလှမှ နှစ်ဆယ်ကျော်ပေါ့။
သိဟောင်းကျွမ်းဟောင်းတွေတော့ ဟုတ်ပုံမရ။ အခုမှ ဆုံတွေ့ကြရတဲ့ပုံနဲ့ တစ်ယောက်ကိုတစ်ယောက် မိတ်ဆက်နေကြပြန်တယ်။ လူငယ်လေးရဲ့လေသံက သိမ်သိမ်မွေ့မွေ့၊ စကားနည်းသလောက် မပြောမဖြစ် စကားထောက်ရတော့လည်း တိုးတိုးကလေးရယ်ဆိုတော့ သူ့နှုတ်ထွက်စကားတွေကို ဘေးလူတောင် မနည်းနားထောင်နေရတဲ့ပုံ။ လူကြမ်းကြီးကတော့ အားပါးတရ၊ ဟောင်ဖွာဖွာမို့ ငြိမ်သက်နေတဲ့ဆိုင်ကလေးထဲမှာ သူ့တစ်ယောက်တည်းရဲ့ အသံပဲ လှုပ်ခတ်နေတော့တယ်။
********
အဖြစ်(က);
..........
ဖြစ်နိုင်ရင် အဲဒီအကြောင်းတွေကို ပြန်မတွေးချင်ဘူး။ ပြန်လည်း မပြောချင်တော့ဘူး။ နှစ်တွေလည်း ကြာခဲ့ပြီ မဟုတ်လား။ အနည်းဆုံး နှစ် နှစ်ဆယ်ထက်တော့ မလျော့တော့ဘူးမောင်။
အင်း။ မင်းတိုက်တဲ့အရက်ကိုလည်း သောက်ထားမိနေပြီ။ မင်းကလည်း သိချင်လှတယ် ဒီလောက်ဖြစ်နေတာ။ အော်…အွန်လိုင်းပေါ်မှာ ၀တ္ထုဇာတ်လမ်းရေးချင်လို့..ဟုတ်စ။ မောင်ရင်က…ဘာ။ ဘလောဂ် စာရေးဆရာလား။ ကျုပ်တို့ဖြင့် ကြားဖူးပေါင်ဗျာ။
သူနဲ့ ကျုပ်နဲ့…။ အဲ…အဲဒီအဖွားကြီးနဲ့ ကျုပ်နဲ့ စတွေကြတာက မိုးတွေတအားသွန်ချသလိုရွာခဲ့တဲ့ တစ်ညမှာပေါ့။ ကျုပ်က အရက်ကလေးလည်း ခပ်ထွေထွေနဲ့ အိမ်အပြန် ညည့်နက်တတ်တဲ့ကောင်လေ။ မိန်းမကလည်း ဆုံးပြီးစ အချိန် ၊ သားတွေ သမီးတွေကလည်း အနားမှာ တစ်ယောက်မှ မနေနိုင်ကြတော့ လူကလွတ်နေတာ။ဆိပ်ကမ်းမှာ အလုပ်ရှိနေရင် ထမ်းစရာရှိတာ ထမ်းပိုပြီး အရက်ဆိုင်မှာ အချိန်ဖြုန်းနေတော့တာပဲ။ အချိန်လွန်မှ ကိုယ့်အရှိန်နဲ့ကိုယ် သိုင်းကွက်းနင်းပြီး အိမ်ပြန်တာ။ အဲဒီညက…ကျုပ်အိမ်ရှေ့ တံစက်မြိတ်ကလေးရှေ့မှာ အဖွားကြီးက မိုးခိုနေတာ။ တစ်ကိုယ်လုံးလည်း မိုးရေတွေ ရွှဲနစ်နေပြီး ခိုက်ခိုက်တုန်နေတာပဲ။
ကျုပ်လည်း စဉ်းစားမနေအားပါဘူး။ အိမ်ထဲခေါ်သွင်းပြီး နွေးထွေးအောင် ကျုပ်မိန်းမကျန်ရစ်တဲ့ အ၀တ်အစားတွေ လဲခိုင်းရတော့တာပေါ့။ ဒါတောင် နှုတ်ခမ်းတွေပြာနှမ်းပြီး တဆတ်ဆတ်တုန်နေတာက တော်တော်နဲ့ မပျောက်ဘူး။
န့နက်လင်းတော့ အဖွားကြီး…အသားတွေ ခြစ်ခြစ်တောက်ပူပြီး အဖျားတွေတက်နေလို့ ကျုပ်မှာ အိမ်ပေါ်သေသွားပြီး အမှုပတ်မှာလည်းစိုး။ သူ့အသက်တစ်ချောင်းလည်း မျက်နှာမလွှဲရက်နဲ့ ဒုက္ခတွေများလိုက်သေးတာ။ တစ်ပါတ်လောက် ဆေးကုယူရတယ် မောင်။
*********
အဖြစ် (ခ) ;
........
လောကမှာ ဒီလိုဖြစ်မျိုးတွေ တကယ်ရှိနိုင်သလားကွာ။ ငါတော့ ဒီတစ်ခါပဲ ကြုံဖူးတော့တယ်။ တစ်ခါဆိုလည်း ဆိုသလောက်ပဲ မောင်ရေ။
သူ့ဇာတိက ကျုပ်တို့မြို့နယ်ထဲက ရွာကြီးတစ်ရွာကဆိုပဲ။ ရွာမှာအိမ်နဲ့ ခြံဝိုင်းကလေးရှိပေမယ့် ကြုံရာကျဘမ်း လုပ်ကိုင်စားသောက်နေကြရတာတဲ့။ သားနှစ်ယောက်နဲ့ သမီးတစ်ယောက်ရှိတယ်တဲ့။ တစ်ယောက်ပြီးတစ်ယောက် အိမ်ထောင်တွေခွဲဆင်းသွားကြတော့လည်း အဖိုးကြီး ၊အဖွားကြီး လင်ကိုယ် မယားနှစ်ယောက်တည်း ကြုံရာ၊ကျရာ ဖြစ်သလိုလုပ်ကိုင်စားသောက်နေခဲ့ကြသေးတာ။ ဒီလိုနဲ့ အဖိုးကြီးဆုံးတော့လည်း ကိုယ့်ခြံ၊ ကိုယ့်အိမ်လေးမှာပဲ ရာသီစာသီးနှံလေးတွေစိုက်ပျိုးရင်း ခြိုးခြိုးခြံခြံ စားသောက်နေထိုင်ခဲ့ရသေးတာတဲ့။ သားသမီးတွေက သူတို့နဲ့ အတူလာနေလှည့်ပါ ခေါ်ပေမယ့် လိုက်မနေနိုင်ဘူး။
ဒါပေမယ့် သမီးလတ်ရဲ့ယောက်ျားက သူတို့ရွာမှာ ရန်ပွဲနွှဲရင်း အမှုတွေဘာတွေဖြစ်ကရော။ ငွေလိုတော့ အမေ့ဆီ အပူကပ်လာရော။ အမေ့မှာလည်း ဒီခြံဝိုင်းလေးတစ်ခုပဲရှိတာလေ။ ဒါပေမယ့် လောလောဆယ် ငွေလိုတဲ့ သမီးသာမက ကျန်သားနှစ်ယောက်ကလည်း အမေ့ခြံလေးကို မျက်စပစ်နေကြတာ အမေသိတယ်။
``ခြံကလေးရောင်းလိုက်ရင် ငါ…ဘယ်မှာ နေမလဲ။´´
``အိမ်မှာလိုက်နေ´´
သားကြီးရဲ့စကားကို သားလတ်နဲ့ သမီးငယ်ကလည်း ထောက်ခံတယ်။
``အမေ ပျော်သလို တစ်လှည့်စီ လိုက်နေလည်း ဖြစ်တာပဲ။´´
``အင်းလေ။ သမီးတို့လည်း အမေ့ကို ပြုစုခွင့်ရချင်သေးတာပေါ့´´
အမေကြီးက မျက်ရည် ကျရှာတယ်။ သွားလေသူ ကျေးဇူးရှင်ကြီးကိုလည်း သတိရရဲ့။ သားသမီးတွေရဲ့ သိတတ်မှုအတွက်လည်း ၀မ်းသာဝမ်းနည်း ဖြစ်မိရဲ့။ ပီတိတဝေေ၀နဲ့ သားကြီးအိမ်ပေါ်တက်လိုက်သွားမိတော့တာ တစ်နှစ်တောင် မကြာလိုက်ဘူး။ ခြံရောင်းရငွေကလေးက အသုံးမှ မခံတာ ကလား။ ငွေကုန်တာနဲ့ ချွေးမကြီးက ပညာပြလာတယ်။ သားကြီးက မမြင်ယောင်၊ မကြားယောင်ပြုနေတယ်။ ခြံရောင်းရငွေ အညီအမျှရခဲ့တာကို နည်းအံ့ထင်ပြီး စောင်းမြောင်းငြူစူဖူးတဲ့ ချွေးမငယ်ကလည်း အရိပ်အယောင်ပြလို့ ကြိုငြင်းနှင့်နေပြီ။ သားငယ်ကလည်း မိန်းမသြဇာအောက်မှာ နေသားကျပြီးသူ မဟုတ်လား။ သူစိမ်းဘက်ခပ်ပါပါ သမီးအိမ်ရောက်တော့လည်း သူ့ယောက်ျားရဲ့ ဘီးလူးဆိုင်းမှာ စီးချက်ညီညီ အသုံးတော်ခံနေခဲ့ပြီ။ အဖွားအိုတစ်ယောက် ကူကယ်ရာမဲ့ဘ၀မှာ ကြာရှည်သီးခံမနေနိုင်ဘူး။ အဲတော့ ဖြစ်ချင်ရာဖြစ်ဆိုပြီး ခြေဦးတည့်ရာထွက်လာခဲ့လိုက်တာ အဲဒီမှာ ကျုပ်နဲ့တွေ့တာပဲ။
********
အဖြစ် (ဂ);
.........
ကျုပ်ကိုယ်တိုင်က တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့သူဆိုပေမယ့် ကိုယ့်အမေအရွယ် ဒုက္ခသည်ကြီးကို မျက်နှာလွှဲမထားနိုင်ခဲ့ဘူးလေ။
ကျုပ်က နံနက်မိုးမလင်းခင် အိမ်ကထွက် အလုပ်သွား၊ မိုးစုန်းစုန်းချုပ်၊ ညည့်နက်မှ အိမ်ပြန်ရောက်တော့တာ။ ထမင်းဟင်းကိစ္စလည်း လမ်းဘေးဆိုင်မှာပဲ ဖြစ်သလို ရှင်းတာ..။ အဖွားကြီးရောက်လာတော့ သူ့အတွက်ပါ စဉ်းစားရပြီ။ ဒါပေမယ့် အဖွားကြီးက မပူနဲ့တဲ့။ သူ့ဘာသာ ရှာဖွေစားမယ်တဲ့။ ပြီးရော…ကျုပ်အိမ်ပေါ်မှာ သဘောရှိသလိုသာနေပေတော့လို့။ ခမျာ ကျေးဇူးတင်လို့ မျက်လုံးမှုန်သီသီက မျက်ရည်တွေတောင် ၀ဲလို့။
ကျုပ်ကလည်း ဘယ်လောက်တောင် အနားသတ်မဲ့တဲ့လူလည်းဆိုတာ ကိုယ့်အိမ်ရောက်နေတဲ့ အဲဒီအဖွားကြီး ဘာတွေလုပ်နေတယ်ဆိုတာတောင် သူများပြန်ပြောမှ သိရတော့တဲ့ အဖြစ်။ အဖွားကြီးက လူစည်ကားတဲ့ မြို့ထဲက လက်ဘက်ရည်ဆိုင်တွေ၊ စားသောက်ဆိုင်တွေမှာ လိုက်ပြီး တောင်းရမ်းနေတာကိုး။ နေ့တဓူဝ ဘုံဆိုင်လောက်ပျော်နေတတ်တဲ့ ကျုပ်အတွက် အဲဒီဆိုင်တွေဆီ ခြေဦးမှ မလှည့်ဖူးတော့ မသိလိုက်တာ ဆန်းသလား။
တစ်နေ့တော့ လိုင်းမော်တော်တစ်စီးဆီ ကုန်တွေဆင်းချပေးရင်း အဖွားကြီးနဲ့ အမှတ်မထင် ဆုံဖြစ်ခဲ့သေးတယ်။ ကျုပ်ကတော့ မော်တော် အတက်အဆင်းမှာ အဖွားကြီး ခြေချော်ကျမှာတို့၊ဘာတို့ ပူတာပေါ့။ အမေကြီး နောက်ဆို ကမ်းနားကို မဆင်းနဲ့ ပြောမိသေးတယ်။ အဲဒီနေ့က ရွာမှာကျန်ရစ်တဲ့ သူ့သားကြီးကမွေးတဲ့ မြေးအကြီးကောင်အတွက် ကျောင်းဝတ်စုံလေးတွေ သင်္ဘောစာရေးကတဆင့် ပို့ပေးခဲ့တာဆိုပဲ။ ရှုပ်ရှုပ်ယှက်ယှက်လို့တောင် ကျုပ်က ငြူစူမိသေးရဲ့။ ဘာလုပ်မှာလဲ။ ကိုယ့်ကိုတောင် မကြည်ဖြူတဲ့ဟာတွေ။ မိမှန်း၊ ဘမှန်း မသိတတ်တဲ့ဟာတွေကို လှည့်ကြည့်စရာလားလို့။ ဟုတ်တယ်လေ။ မိဘမေတ္တာဆိုတာ ပွဲရုံတို့ စားသောက်ဆိုင်တို့မှာ မှည့်လေ့ရှိတဲ့ နာမည်လောက်နားလည်တဲ့ဟာတွေ။
ဒါပေမယ့် မိခင်ကတော့ ဘယ်ရမှာလဲ။ ဘာလေးရရ ကမ်းနားဆင်းပြီး လှေကြုံမျှော်တတ်တာ။ သူစားဖို့ အိမ်တွေကပေးလိုက်တတ်တဲ့ ပန်းသီးလေးတစ်လုံးကအစ မြိုမကျပဲ လှမ်းပို့တတ်တာ သိလာရတော့ မနေနိုင်တော့ဘူး။ အဖွားကြီး အိမ်ပြန်ချင်ပြီလားလို့ တွေးတယ်။ သားသမီး၊ မြေးမြစ်တွေကိုလည်း လွမ်းလှရောပေါ့။ အဖွားကြီး ကျုပ်အိမ်မှာ ရှိနေတဲ့အကြောင်း သူ့သားသမီးတွေကို အသိပေးသင့်တယ်လို့ တွေးမိတယ်။ ဒါပေမယ့် သူတို့ အမေကို ပြန်လာခေါ်ကြလိမ့်မယ်လို့တော့ တယ် မထင်ပါဘူး။ ကျုပ်အထင်လည်း မလွဲပါဘူး။ ခွေးတစ်ကောင်၊ ကြောင်တစ်မြီးမှ ရောက်မလာကြပါဘူး။
********
အဖြစ်(ဃ);
..........
အကုသိုလ်ဆိုတာ အဖော်နဲ့ အပေါင်းနဲ့လာတတ်တယ် ဆိုတဲ့စကား သိပ်မှန်တာပဲ။
အဖွားကြီး ကားတိုက်ခံလိုက်ရတယ် တဲ့။ ကျုပ် ကြား ကြားချင်း အပြေးရောက်သွားတော့ ဆေးရုံမှာတင် ဆုံးနှင့်ရှာပါပြီ။
အမှန်တော့ အဖွားကြီးဟာ ကားတိုက်ခံရလို့ သေတာ မဟုတ်ဘူး။ နေ့လည်ကြောင်တောင် နေပူကြီးထဲမှာ မူးပြီး လဲကျသွားတာ။ သူလဲကျတာက ခပ်ဖြည်းဖြည်းမောင်းလာတဲ့ ကားပေါ်ကိုလေ။ ထိခိုက်ဒဏ်ရာ ဘာမှ ရှာမတွေ့ပဲ ဦးနှောက်သွေးကြောပြတ်ပြီး သေရတော့တာ။
ဒါပေမယ့် ကားပေါ်ပါလာတဲ့ မိသားစုက သဘောထားပြည့်ကြပါတယ်။ မြို့ပေါ်မှာ ကြွယ်ပိုးကြွယ်ဝ မိသားစုတွေဆိုတော့ အဖွားကြီးရဲ့ဆေးရုံကိစ္စ၊ နာရေးကိစ္စ အားလုံးကို ကူညီစီစဉ်ပေးကြပါတယ်။ သူ့သားသမီးတွေကိုလည်း အကြောင်းကြားကြရတာပေါ့.။ ဒါပေမယ့် အသုဘသာ ရက်လည်သွားရော။ ဘယ်သူမှ အရိပ်အယောင်တောင် လာမပြကြပါဘူး။
ကားပိုင်ရှင် မိသားစုကလည်း တမှောင့်။ သူ့သမီးလေးက ညတိုင်းအိပ်မက်မက်နေတယ်တဲ့။ အိပ်မက်ထဲမှာ အဖွားကြီးက ညှိုးငယ်ငိုယိုနေတာတဲ့။ ရွာမှာကျန်ရစ်တဲ့ သားသမီးတွေကို အရမ်းတွေ့ချင်နေတယ်တဲ့။ သူ့ဆီခေါ်လာပေးဖို့ အထပ်ထပ်တောင်းပန်သတဲ့။ အဲဒါ အဖွားကြီးကို ရည်စူးပြီး အလှူအတန်းလေး လုပ်ပေးချင်ပါတယ်ပေါ့။ ဖြစ်ပြန်ရော..။ ဒါပေမယ့် အဲဒီအထိ ကျုပ်လက်ခံနိုင်ပါတယ်။ ခက်တာက သူ့သားသမီးတွေကိုလည်း အဖွားကြီး စကားအတိုင်း မှာပေးပါတဲ့လေ။ အဖွားကြီးကို ရည်စူးလို့ ရွာမှာအလှူလေး၊ အတန်းလေးပြုခိုင်းရအောင် သူတိုလည်း ငွေကြေးထောက်ပံ့ပေးချင်တယ်တဲ့။ ကျုပ်ဘ၀င်မကျလှပေမယ့် သူတို့ တတ်နိုင်လို့ သူတို့ပေးတာ။ ကြားလူ ကျုပ်က ဘာပြောနေတော့မှာလဲ။ ကလေးမက ပြောသေးတာ။ သူတို့က ငွေကြေးထောက်ပံ့ပါ့မယ်ဆိုတဲ့အကြောင်း သေချာစာနဲ့ရေးပေးတာ။ ကျုပ်ကိုစာပို့ပြီး မှာပေးဖို့ အထပ်ထပ်ပြောနေသေးရဲ့။
ရောက်မလာနိုင်တော့ဘူး ထင်ထားပေမယ့် ရောက်လာကြတော့လည်း ဆိုင်းမဆင့်၊ ဗုံးမပါပဲ။ ချက်ချင်းကို ရောက်ချလာကြတာ။ ကျုပ်ဖြင့် အံ့အားကိုသင့်လို့။
သမီးနဲ့ချွေးမတွေ ငိုသံပွက်လောရိုက်နေပြန်တော့တာ ကျုပ်ရဲ့ တဲသာသာအိမ်ကလေးကို ပြိုကျတော့မတတ်ပဲ။ သူတို့ အမေရဲ့ သတင်းကို ခုမှ ရလို့ ချက်ချင်း၊ အားချင်းလိုက်လာကြတာဆိုပဲ။ လိုင်းမော်တော် ဆိုက်ကပ်ချိန်မဟုတ်လို့ ပဲ့ထောင်စက်လှေနဲ့တောင် လာခဲ့ကြ သတဲ့ဗျာ။
အမေကိုတငိုရင်း ဇာတ်ကြောင်းပြန်ကြသေးတာပေါ့။ အမေကြီးပျောက်လို့ အရပ်တကာလှည့်ပြီး စုံးစမ်းကြ၊ ရှာဖွေကြတာ လည်းပါရဲ့။ ဆေးရုံရောက်နေတယ်လို့ ခုမှကြားသိတော်မူကြဆိုပဲ…ထွီ။ ကျုပ်ဖြင့် ပြောချလိုက်ချင်တာ အူကိုယားနေတာပဲ။
အလှူရှင်သားအဖတွေ ရောက်လာပြန်တော့ အရှိန်ကျလုနေပြီဖြစ်တဲ့ အဆို၊ အငိုတွေက တစ်စခန်းထလာပြန်ရော။ သမီးကြီးက ဒီတစ်ခါ မျက်ဖြူလန်ပြီးတက်သွားလို့ ယောက်ျားတွေက နှာနှပ်ပေးကြ၊ ကျန်မိန်းမတွေက ယပ်ခတ်ပေးကြနဲ့ ဟုတ် ဟုတ်သေးတော့။ မနေနိုင်တဲ့ အဆုံးတော့ ကျုပ်လည်း ရောက်နေကျဘုံဆိုင်ကလေးဆီပဲ ထွက်လာခဲ့လိုက်တော့တယ်။ သင်းတို့တတွေကို ကျောခိုင်းခဲ့ရတာတောင် နားထဲ၊ အူထဲမှာ ပလုံစီထနေသေးတယ်။
ဟိုမိသားစုက အဖွားအတွက်သူတို့တတွေ ရည်စူးအလှူလုပ်ခဲ့တဲ့အကြောင်း၊ သားသမီးတွေလည်း တတ်နိုင်သရွေ့ အမေ့အတွက် ရည်စူးလှူဒါန်း၊ အမျှပေးဝေစေချင်ကြောင်း ပြောပြီး အားလုံးမျက်နှာစုံညီရှေ့မှာ မတည်အလှူငွေ ငါးသိန်းပေးလိုက်သေးသတဲ့။
သင်းတို့လား…ငွေရပြီးကတည်းက ပျောက်သွားလိုက်ကြတာ အလှူသတင်းလည်း မကြားဘူး။ လူသတင်းလည်း စုန်းစုန်းမြုပ်ကရော။
ပြောခဲ့ပါပကော။ လောကမှာ ဒီလို သားသမီးတွေလည်း ရှိသေးတယ်ဆိုတာ ယုံချင်စရာတောင် မကောင်းဘူး မဟုတ်လား။ ယုံရင်တော့လည်း မင်းရေးမယ့် ဇာတ်လမ်းမှာ ထည့်ရေးပေါ့ကွာ။
မင်းကအစဖော်ပေးလို့သာ ပြောရတာ။ ဒါမျိုးအဖြစ်တွေကို နှစ်ခါပြန်မတွေးချင်၊ မပြောချင်ဘူး။ မင်းကတော့ ကျုပ်ကိုပြုစုထားတဲ့ မျက်နှာလည်းရှိတော့ ဟေး…ဟေး..။ သွားတော့မယ်မောင်၊ ကံမကုန်ရင်တော့ ပြန်ဆုံကြသေးတာပေါ့ကွာ။
********
အတွေး ;
..........
တစ်လှမ်းချင်းထွက်ခွာသွားတဲ့ လူကြီးရဲ့ ကျောပြင်ကို ငေးမောရင်း လူငယ်လေးကတော့ အတွေးတစ်ချို့နဲ့ ငြိမ်သက်နေခဲ့တယ်။
လူငယ်လေးရဲ့ အတွေးထဲမှာ…
သူ…ခုနစ်နှစ်သားအရွယ်မှာ မြို့ကစာတစ်စောင်ရောက်လာအပြီး အဖေတို့မောင်နှမတတွေ ၀မ်းသာအူမြူးနေခဲ့ကြတာ….
အားချင်း ပဲ့ထောင်လေးနဲ့ တစ်အုပ်တစ်မကြီး လိုက်ပါသွားကြတော့ သူတို့ရဲ့ နောက်ဆုံးခရီးမှန်း မသိတတ်ခဲ့သေးတဲ့ သူက အဖွားပို့ပေးခဲ့တဲ့ အဖြူအစိမ်းဝတ်စုံလေးနှင့် ရပ်လျှက် ငေးကျန်ရစ်ခဲ့တာ….
ခုတော့ အဖေတို့ မောင်နှမတွေ၊ သူတို့ရဲ့ ဇနီးခင်ပွန်းတွေ အိမ်အပြန်လမ်းမှာ အစုလိုက်ပဲ့ထောင် စောင်းမှောက်ခဲ့ရတဲ့ အကြောင်းရင်းကို လူငယ်လေး သိသွားခဲ့ရပါပြီ။ ။
မြတ်စိုး
သူငယ်ချင်းတစ်ယောက်ရဲ့ ပထမဆုံး ၀တ္ထုတိုပါ။
Monday, April 18, 2011
အသားတံဆိပ်
ဦးခွေးနီစပ်ကြီးမှာ ငယ်နာမည်နောက်တစ်မျိုး ရှိသေးတဲ့အကြောင်းကို သူ့မိသားစုနဲ့ နီးစပ်ပတ်သက်ရာ တချို့ကလွဲရင် ဘယ်သူမှ မသိခဲ့ကြပါဘူး။ မသိဆို….သူတို့တစ်သက်လုံး ဦးခွေးနီစပ်ကို ဦးခွေးနီစပ်ရယ်လို့ပဲ ခေါ်ကြတာသာ ကြားခဲ့ဖူးကြတာလေ။ သူတို့တွေကိုယ်တိုင်လည်း ပြောဆိုဆက်ဆံစရာ အရေးအကြောင်းကြုံလာရင် ဦးခွေးနီစပ်ကို ကိုခွေးနီစပ်၊ ဦးလေးခွေးနီစပ်၊ ဘကြီး..ခွေးနီစပ် ရယ်လို့သာ သုံးနှုန်းဆက်ဆံလာခဲ့ကြဖူးတာ။ အဲဒီအခါတွေတုန်းကလည်း အဆင်ပြေနေခဲ့တာပဲ မဟုတ်လား။ ဦးခွေးနီစပ်ကြီးမှာ တခြားငယ်နာမည်တစ်မျိုး ရှိနေဦးမယ် ဆိုတဲ့အတွေးကို တစ်ခါမှကို မတွေးခဲ့ကြစဖူး။ တစ်ယောက်ယောက်က ပြောလာခဲ့ရင်လည်း သိပ်စိတ်ဝင်စားမိ၊ မှတ်သားထားမိမယ် မထင်ဘူး။ သူတို့အဖို့တော့ ဦးခွေးနီစပ်ကြီးကို ဦးခွေးနီစပ်ကြီးရယ်လို့သာ ခေါ်ပြောဆက်ဆံရတာ နှုတ်စွဲပြီး အဆင်ပြေနေခဲ့ကြတာ မဟုတ်လား။
ဒါပေမယ့်…အခု…ဦးခွေးနီစပ်ကြီးကို ဦးခွေးနီစပ်ကြီးလို့ ခေါ်ဖို့ အဆင်မပြေ တော့ဘူးတဲ့။
                                    @@@@@@@@@@@
ဖြစ်ပုံက ရပ်ကွက်ထဲမှာ မင်္ဂလာဆောင်အခမ်းအနား တစ်ခုအတွက် ဖိတ်စာဝေရာက စတာပဲ။ ရပ်ကွက်ထဲကို မင်္ဂလာဆောင်ဖိတ်စာ ဝေကြမယ်ဆိုတော့ နှစ်ဘက်မိဘတွေနဲ့ သတိုးသာလောင်း၊ သတို့သမီးလောင်းတွေ ခေါင်းချင်းဆိုင်ကြ။ သူ့ဘက်၊ ငါ့ဘက်အမျိုးအဆွေ၊ ရပ်နီးရပ်ဝေး မိတ်သင်္ဂဟတို့ရဲ့နာမည်တွေ ရွတ်ကြ၊ ရေးကြပေါ့။ လမ်းထဲက အိမ်တွေကိုတော့ တန်းစီပြီး ဖိတ်ကြရမှာပဲ။ ရောက်လာချီးမြှင့်တာ၊ မချီးမြှင့်တာကတော့ သူတို့ဘက်က အပိုင်းပဲမဟုတ်လား။
ဥိးဇော်မင်းသန်းနဲ့ဇနီး
ဦးထွန်းထွန်းသူနဲ့ ဇနီး
…စသည်ဖြင့် နာမည် ခေါ်ပေးတဲသူက ခေါ်ပေး။ ဖိတ်စာထည့်မယ့် စာအိတ်ပေါ်မှာ လက်ရေးလှလှနဲ့ ရေးတဲ့သူကရေးပေါ့။
``ဦးခွေးနီစပ်နဲ့ဇနီး´´
အနားမှာရှိနေတဲ့တစ်ယောက်က သတိပေးတယ်။ ဦးခွေးနီစပ်ရဲ့နာမည်က ဦးခွေးနီစပ် မဟုတ်တော့ဘူးတဲ့။ ဒါဆို ဘယ်သူလဲဆိုတော့ သူလည်း ဇဝေဇ၀ါနဲ့ မေ့တေ့တေ့ဖြစ်နေတယ်တဲ့။ လက်တစ်ကမ်းမှာရှိနေတဲ့ လူပရိတ်သတ်ထဲမှာလည်း သိတဲ့သူမရှိဘူး။ နာမည်သေချာအောင် စောင့်နေရရင် အလုပ်နှောင့်နှေးမှာလည်း စိုးရသေးတယ်။ ခဏဆိုပြီး တေးမှတ်ဖယ်ချန် ထားခဲ့ဖို့ဆိုတော့လည်း မတော်တဆ အပြီးမေ့ကျန်နေခဲ့မှ မျက်နှာပျက်စရာတွေ ဖြစ်နေရဦးမယ်။ အဲဒီအခါကျ ဖိတ်စာရေးတဲ့သူတွေ အပြစ်ကျလာဦးတော့မယ်။ အဲတော့ ထူးပါဘူးကွာ။ ရေးသာရေး…။ အေးလေ… ဒီပြင်တခြားနာမည် ရှိနေတယ်လို့ တို့လည်း မကြားမိပါဘူး။ ရေးသာရေးလိုက်တော့ ဦးခွေးနီစပ်ပဲ။
အဲလိုနဲ့ ဖိတ်စာဝေတဲ့ လူငယ်လေးတွေ ဦးခွေးနီစပ်ကြီးရဲ့ အိမ်လည်းရောက်ရော ပြဿနာတက်ကြပါလေရော…။
``ဒီဖိတ်စာ ဘယ်သူရေးတာလဲ´´
ဘယ်သူရေးတယ်ရယ်လို့တော့ အသေအချာ ဘယ် မှတ်မိမှာတုန်း။ သတို့သားရဲ့ သူငယ်ချင်းအသိုင်းအ၀ိုင်းတွေထဲက ဒီလိုပဲကြုံရာလူ ၀ိုင်းဝန်းရေးပေးကြတာပဲပေါ့။
``ငါ့နာမည် ဦးခွေးနီစပ်လို့ မင်းတို့ကို ဘယ်သူပြောလဲ´´
ပြောစရာ လိုသေးလို့လား။ ဦးခွေးနီစပ်ကြီးရဲ့နာမည်ဟာ ဦးခွေးနီစပ်ဆိုတာ တစ်ရပ်ကွက်လုံး သိနေနှင့်တဲ့ဥစ္စာ။
``မင်းတို့ကောင်တွေ မသေမချင်း မှတ်ထားကြ။ ငါ့နာမည် ခွေးနီစပ် မဟုတ်တော့ဘူး။ အောင်…….မှတ်၊ ဦးအောင်မှတ်ကွ´´
ဦးခွေးနီစပ်ကြီးရဲ့ အမျိုးသမီးကလည်း….
``ပြောလိုက် အဲဒီမင်္ဂလာဆောင်အိမ်ကို ။ ဦးခွေးနီစပ်လို့ ဖိတ်စာမှာရေးဖိတ်တာ အရမ်းစိတ်ဆိုးတယ်လို့။ မင်္ဂလာပွဲကိုလာစေချင်ရင် ဦးအောင်မှတ်လို့ ပြောင်းဖိတ်ပေးမှ လာမယ်´´
ဖိတ်စာဝေတဲ့ ကလေးတွေလည်း ပြာပြာသလဲ တောင်းပန်ကြရတာပေါ့၊ ပြီး… အပိုပါသွားတဲ့ ဖိတ်စာအသစ်ပေါ်မှာ …..
ဦးအောင်မှတ်နှင့် ဇနီး
…ဆိုပြီး ချက်ချင်း ရေးဖိတ်ခဲ့ကြတာတောင် မကျေနိုင်၊ မချမ်းနိုင် မြည်တွန်ဗျစ်တောက်သံတွေက တတွတ်တွတ် နောက်က လိုက်လာနေတုန်းမို့ ဝေးရာဝေးကြာင်းဆီ အသော့နှင်ပြေးခဲ့ကြရသတဲ့။
@@@@@@@@@@@
နောက်မှ သိကြရတာက ဦးခွေးနီစပ်ကြီး ဆိုတဲ့ အဲဒီနာမည်က ရာဇ၀င်နဲ့ကို ချီလာခဲ့တာဆိုပဲ။
မိနစ်ပိုင်းကလေးခြားပြီး လူ့လောကထဲ ရောက်လာကြတဲ့ အမြွာညီအစ်ကို နှစ်ယောက်ကို သဲသဲလှုပ်လှုပ် အထွဋ်တင်ချစ်မ၀တဲ့ သူတို့ရဲ့မိဘနှစ်ပါးက အောင်မြတ်နဲ့ အောင်မှတ်ဆိုပြီး အောင်အတိတ်နဲ့မင်္ဂလာယူကာ အမည်သညာ မှည့်ခေါ်ခဲ့ကြတာပါ။ ညီအစ်ကိုအမြွာ လူမှန်းသိတတ်စ ကတည်းက မိဘအပါအ၀င် ၀န်းကျင်အသိုင်းအ၀ိုင်းနဲ့ ဆွေမျိုးစုအားလုံးက အရေးပေး၊ အလိုလိုက်ခဲ့ကြတော့ တစ်နေ့တခြားကို ဆိုးသွမ်းလာခဲ့ကြတော့တာ။ လူပျိုပေါက်အရွယ်ကလေးတွေ ရောက်လာကြတော့ မိဘပိုက်ဆံကိုလည်း ရေလိုသုံးတတ်နေကြပြီ။ လစ်ရင်ခိုးယူတယ်။ မလစ်ရင် လုယူမယ် ဆိုတဲ့အထိကို ဖြစ်လာကြပြီ။ မကောင်းမှုနဲ့ မွေ့လျော်သူတွေ နေပျော်ရာအရပ် မှန်သမျှ သူတို့ညီအစ်ကိုလည်း ရောက်ဖူးတယ်။ မင်းမူဗိုလ်ကျတယ်။ ရမ်းကားနေပျော်တယ်။ အရပ်ထဲမှာ ရန်ပွဲဟေ့လို့ အသံမကြားလိုက်ရနဲ့။ အမြွာနှစ်ယောက်ကတော့ တစ်ဖက်မှာပါပြီးသားပဲ။ တစ်ခြားသူတွေနဲ့မှ ရန်မဖြစ်ရရင် ညီအစ်ကို အချင်းချင်းဖြစ်တယ်။ ရန်ဖြစ်ပြီဆို ဘယ်သူဝင်ဆွဲ၊ ၀င်တားလို့မှ မနိုင်ဘူး။ ညီအစ်ကို အချင်းချင်း သူစိမ်းပြင်ပြင်တွေလို တုတ်ဆွဲ၊ ဓါးဆွဲလည်း လုပ်တတ်ကြသေးတာပါ။ ဆိုဆုံးမလို့ မနိုင်တာထားလို့ လိုဘမပြည့်ရင် အဖေ၊အမေကိုတောင် ချမ်းသာမပေးပဲ ရန်လုပ်ရမ်းကားတတ်သေးတာဆိုတော့ ကမ်းကုန်ပါလေရော။ အိမ်မှာ လက်တိုလက်တောင်း အကူခေါ်ထားတဲ့ ဆွေမျိုးနီးစပ် မိန်းခလေးတွေ ဆိုလည်း ဘယ်သူမှ လပိုင်းထက်ပိုပြီး ကြာကြာ မမြဲဘူး။ အစ်ကိုမဟုတ်ရင် ညီက အနိုင်ကျင့်ပြီးသား။ အခွင့်သာတာနဲ့ စော်ကားပြီးသား။ အဲဒီလိုနဲ့ အငယ်ကောင်အောင်မြတ် တစ်ယောက်တော့ သူတပါးလက်ချက်နဲ့ စောစောစီးစီး သေခဲ့ရတော့တယ်။
အောင်မြတ်ဆုံးသွားတော့ အောင်မှတ်တစ်ယောက်လည်း နည်းနည်းတော့ ဆင်ခြင်သွားတယ် ပြောရမယ်။ ရန်ပွဲတွေလည်း ကျဲသွားတယ်။ အိမ်နေလည်း မြဲလာခဲ့တယ်။ အသုံးအဖြုန်းလည်း အရင်ထက်စာရင် အတော်ကလေး ဆင်ခြင်လာတယ်လို့ ဆိုကြရဲ့။ ဒါပေမယ့် ခဏပါပဲ။ ခွေးမြီးကောက် ကျည်ထောက်စွတ်ပေးထားလည်း ခဏနေတော့ မူလပကတိအတိုင်း ကောက်မြဲကွေးမြဲပဲမဟုတ်လား။
ဒီပုံအတိုင်းဆိုရင် အောင်မှတ်တစ်ယောက်လည်း ဘယ်သူ့လက်ချက်နဲ့ တစ်နေ့ သေရဦးမယ်မသိဘူး။ မိဘတွေက ပူပန်စိုးရိမ်လာကြတယ်။ အဲဒီမှာ ဘယ်သူကစပြီး ရွှေဥာဏ်တော် စူးရောက်ခဲ့တယ်မဆိုနိုင်ဘူး။ အောင်မှတ်တို့ ညီအစ်ကိုတတွေက နာမည်စီးနေတာဆိုပဲ။ ဒါကြောင့် အောင်မှတ်ကလေး လိမ္မာကျိုးနွံလာအောင်၊ အသက်ရှည်ရှည်နေနိုင်အောင် နာမည်ပြောင်းမှဖြစ်မှာတဲ့။ ပြောင်းမယ့်နာမည်ကိုလည်း ရှည်ရှည်ဝေးဝေး တွက်ချက်စဉ်းစားမနေကြတော့ပါဘူး။ ဘယ်သူက စလိုက်မှန်း မသိတဲ့ နာမည်တစ်ခုက တမဟုတ်ခြင်း တောမီးလို ပြန့်နှံ့သွားတော့တယ်။ တစ်ခါတည်း နာမ်နှိမ်ပြီးသားဖြစ်အောင် ဆိုပြီး ခွေးနီစပ် လို့ပဲ အလွယ်တကူ ပြောင်းမှည့်လိုက်ကြပါတော့တယ်။
အံ့သြစရာကောင်းတာကတော့ နာမည်ပြောင်းပြီး နောက်ပိုင်းမှာ ခွေးနီစပ် တစ်ဖြစ်လဲ အောင်မှတ်ကလေးဟာ အကျင့်နဲ့ စိတ်ဓါတ်တွေ တစစပြောင်းလဲလာခဲ့တယ်ဆိုပဲ။ ဒါပေမယ့် တစ်ခါတစ်ရံတော့လည်း ငုတ်နေတဲ့ညဉ်ဆိုးတွေက ပေါ်လာတတ်သေးတာပေါ့။ အသက်အရွယ်လည်းရလာခဲ့ပြီ။ သားနဲ့ မယားနဲ့တွယ်တာနှောင်ငင်စရာတွေတိုးလာခဲ့ပြီ ဆိုတော့လည်း အရင်ကလောက်တော့ မဆိုးတော့ဘူး ဆိုရမှာပေါ့။
                                    @@@@@@@@@@
မဆိုးတော့ဘူး ဆိုတာတောင် ဦးခွေးနီစပ်ကြီးနဲ့တော့ ဘယ်သူမှ မပတ်သက်ချင်ကြပါဘူး။ ကုန်ကုန်ပြောရင် သားသမီးတွေကတောင် သူတို့အဖေနှင့် မျက်နှာချင်းဆိုင်ရဖို့ဆို သတိဆွဲနေပြီးသားပဲ။ စိတ်က အပြောင်းအလဲမြန်ပြီး တယူသန်ဆန်သလောက် သူစိတ်တိုင်းမကျရင် ဒေါသကရှေ့ကို ကြိုရောက်နေနှင့်တတ်တာ။ ကြိုးကြောင်းသင့်ပြောပြရုံနဲ့ ငြိမ်းငြိမ်းချမ်းပြီးပြတ်ရမယ့် ကိစ္စဟာ သူတို့အဖေ ငါတကော ကောတာနဲ့ အော်ကြီးဟစ်ကျယ်၊ ရပ်ကျော်ရွာကျော်ဖြစ်ရတာတွေလည်း အကြိမ်ကြိမ်။
``ငါမွေးထားလို့ လူဖြစ်လာတဲ့ ဟာတွေက…လူပါးဝတယ်´´
မိဘကို လူပါးဝတယ်ရယ်တော့ ဘယ်ဟုတ်ပါ့မလဲ။ ကိုယ့်အရွယ်နှင့် အတွေ့အကြုံအရ အသိအတွေးကိုယ်စီ ရှိနေကြပြီမို့ ထားရာနေ၊ စေရာသွားတော့ မနေနိုင်ကြဘူးလေ။ ကိုယ်ယုံကြည်ရာနှင့် သွေဖယ်နေလျှင် သားသမီးပေမယ့် မိဘကို ကျိုးကြောင်းသင့် ငြင်းဆိုရှင်းပြခွင့် မရှိရဘူးလား။
``ငါ..မင်းတို့ထက်ပိုသိတယ်။ ငါပြောသလိုသာလုပ်´´
``အာ…ကျွန်တော်တို့ သိတာတွေကိုတော့ အဖေမသိပါဘူး´´
နှုတ်လှန်ထိုးရကောင်းလားရယ်လို့ ဆွေ့ဆွေ့ခုန်၊ ဒေါသအုံကြွလျှင် လှံဆွဲ၊ ဓါးဆွဲ။ လက်ထဲပါလာတဲ့လက်နက်နှင့် မဆင်မခြင် လက်လွတ်စံပါယ် ပစ်လွှတ်၊ ခုတ်ပိုင်းမယ် ကြံခဲ့ဖူးတာလည်း အကြိမ်ကြိမ်မို့ စကားချေတင်ကြုံရတိုင်း ပြေးလမ်းကို လေ့လာထားပြီး မျက်ခြည်မပြတ်စေရအောင် ကျီးကန်းတောင်းမှောက် ကြည့်ထားရသေးတာ။ ဦးခွေးနီစပ်ရဲ့ သားသုံးယောက်စလုံး အိမ်ပေါ်ကနေ အကြိမ်ကြိမ် ဆင်းရဖူးကြတဲ့သူချည်းပဲ။ သမီးငယ်ကတော့ရှင်းတယ်။
``အဖေနဲ့နေရတာ စိတ်ဆင်းရဲတယ်´´
ပြောပြီးမကြာဘူး။ တရပ်ခြားက အခြေအနေမဲ့တစ်ယောက်ကို စွန့်စွန့်စားစား လက်ထပ်ယူပြီး ကောက်ကောက်ပါအောင် လိုက်သွားလိုက်တာ။ အိမ်ထောင်နှစ်ဆက် ပြောင်းခဲ့ပြီဆိုတာတောင် သတင်းပဲလှမ်းပို့တယ်။ လူကတော့ ဒီနေ့ထိ အရိပ်တောင်လာမပြဘူး။ ဦးခွေးနီစပ်ကလည်း မလျှော့ဘူး။
``ငါ့ အိမ်ရိပ်နင်းရင် ဓါးနဲ့ပိုင်းမယ်မှတ်´´
လမ်းထဲမှာလည်း ဦးခွေးနီစပ်ဆိုလျှင် ရွံကြောက်ကြီးဖြစ်ကို ဖြစ်လို့ပါ။ ဘာအကြောင်းကိစ္စရှိလို့မှ ဆန့်ကျင်စကား မပြောရဲဘူး။ ကိုယ့်မြေပေါ် ကျူးကျော်ခြံခတ်လာလည်း ခပ်တင်းတင်းမပြောရဲဘူး။ မျက်နှာချိုသွေးပြီး လေပြည်ထိုးရတယ်။ ဦးခွေးနီစပ်ကတော့ မျက်စေ့ထဲ ရိပ်ခနဲမြင်တာနဲ့ ရန်လုပ်ပြီးသားပဲ။ လမ်းထိပ်အုတ်ခုံပေါ် ညဘက် ဂစ်တာတီး၊ သီချင်းဆိုတဲ့ကလေးတွေကို လေးခွနဲ့ ပစ်လွှတ်တယ်။ အိမ်ရှေ့ဆွမ်းဆန်ရပ်တဲ့ သီလရှင်လည်း ရန်တွေ့လွှတ်တာပဲ။ ကိုယ်တိုင်ပင့်ထားလို့ အိမ်မှာ ဆွမ်းခံကြွနေကျကိုယ်တော်လည်း စိတ်အဆင်မပြေတဲ့နေ့မှာ ကန်တော့ဆွမ်းပဲ။ အလှူခံလာရင် စေ့စေ့ပေါက်ပေါက် စစ်မေးနေတာ အကြာကြီး။ ပြီး…
``ခင်ဗျားတို့ လူလိမ်တွေ´´
…ဆိုပြီး နှင်ချင်နှင်လွှတ်တတ်တာ။ သာမှု၊ နာမှုမှန်သမျှ စိတ်လိုမှ ရောက်လေ့ရှိတယ်။ စိတ်မလိုရင် ဘယ်သူ့ကိုမှ အားနာမျက်နှာပူနေတာတွေ၊ ဘာတွေမရှိဘူး။ ခပ်တည်တည်ပဲ။ လစဉ်ထည့်ဝင်နေကျ ရပ်ကွက်မီးကင်းကြေးတောင်….
``နေစမ်းပါဦး။ မင်းတို့ကောင်တွေ ကိုယ်အိမ်ကအိပ်ယာကနေ ကင်းတဲပေါ်ကအိပ်ယာဆီ ပြောင်းအိပ်နေတာကို ငါတို့က ပိုက်ဆံပေးရမှာလား´´
``အဲဒါဆို ဦးလေး လာပြောင်းအိပ်ပါလား´´
မီးကင်းလခကောက်တဲ့သူက မရူးမကောင်းနဲ့ ခံပက်တော့ ရှူးရှူးရှားရှားနဲ့ ထုံးစံအတိုင်း အိမ်ထဲဝင်ပြီး ဓါးရှာနေတုန်း အပြေးကောင်းခဲ့လို့သာပေါ့။ ကိုယ်ထူကိုယ်ထ လမ်းခင်းရအောင်ဆိုလည်း…
``ငါ မထည့်ဘူး။ ငါ့အိမ်ရှေ့လမ်းနေရာ ကွက်ချန်ထားခဲ့လိုက်´´
…..ဆိုပြီး ကပ်ဖဲ့လုပ်နေတတ်ပြန်ရောလေ…။
မိန်းမနဲ့လည်း ဒီလိုပဲ။ စိတ်ကောင်းဝင်နေစဉ်တော့ `ဖေကြီးရေ၊ မေကြီးရေ…´ ပါပဲ။ ခဏနေကြရင် ဆူဆဲပွက်လောညံကြရော။ ရိုက်နှက်အော်ဟစ်သံ၊ ကယ်ပါယူပါ ငိုညည်းသံတွေနဲ့ အုန်းခြိမ့်ခြိမ့်ညံပြန်ရော…။ ရွာရိုးစုန်ပြီး မိန်းမကို ဓားနဲ့လိုက်၊ လှံနဲ့ပစ် ဆိုတာလည်း မကြာခဏ။ သူ့မိန်းမ မချိုအေးတစ်ယောက် သူများအိမ်မှာ ပုန်းအိပ်ခဲ့ရတာတွေလည်း အကြိမ်ကြိမ်ရှိခဲ့တာပါ။
ခုတော့ သားတွေတင်မက မြေးတွေတောင် အရွယ်ရောက်လာခဲ့ပြီဆိုတော့ အရင်လောက်တော့ မဟုတ်တော့ပါဘူးလို့ ဆိုကြပြန်ပြီ။
                                    @@@@@@@@@@
ဦးခွေးနီစပ်ကြီးအိမ်က ဆွမ်းကျွေးအလှု ဖိတ်စာကလေးရောက်လာတော့ တစ်ရပ်ကွက်လုံးက အံ့သြတကြီး စိတ်ဝင်တစားရှိခဲ့ကြတာပါ။ ဖိတ်စာရဲ့ အတွင်းထဲမှာတော့…
ဦးအောင်မှတ်+ ဒေါ်ချိုအေး
...တဲ့။ ဦးခွေးနီစပ်ရဲ့ ဆန္ဒအတိုင်း ထည့်ပေးထားတာပါ။ သားတွေ၊ သမီးတွေ မင်္ဂလာဆောင်ဖိတ်စာတွေမှာ ကတည်းက `ဦးအောင်မှတ်´လို့သာ ရေးစေချင်ခဲ့တာ။ ဒါပေမယ့် သင်းတို့က…
``အာ…အဖေ့ကို တစ်ရပ်ကွက်လုံးက သိနေကြတာဦးခွေးနီစပ် ပဲကို။ တော်ကြာ အဖေ့သားသမီးမှန်း သိတဲ့လူကသိ။ မသိတဲ့လူက မသိနဲ့ မင်္ဂလာဆောင် မှာ ဧည့်သည်နည်းနေပါ့မယ်´´
ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ မတော်လို့ ဧည့်သည်အလာနည်းနေလျှင် ကိုယ့်အပြစ်ဖြစ်လာဦးမှာ စိုးရသည်မို့ အလျှော့ပေးခဲ့ရတာချည်းပင်။ ဦးခွေးနီစပ်ု(ခ) ဦးအောင်မှတ်…တဲ့။ မနှစ်မြို့နိုင်ပေမယ့် ကျေနပ်ခဲ့ရတာပေါ့။ ခု…အလှူကတော့ ကိုယ့်စိတ်တိုင်းကျ ကိုယ့်အလှူ၊ ကိုယ့်သဘောပဲ။ သူမှန်းမသိလို့ မလာချင်လည်း နေကြပေတော့။ လာသလောက် ဧည့်သည်တွေကိုပဲ သူ့ကိုယ်သူ ဦးအောင်မှတ်အဖြစ် အသိမှတ်ပြုစေရတော့မှပဲ။
ဒါပေမယ့် ဆရာတော်ကတရားပေးတော့လည်း…
``ဒီကနေ့ ဒကာကြီး ဦးခွေး၊ အဲ… ဦးအောင်မှတ်ရဲ့ အသက်ခြောက်ဆယ်ပြည့် မွေးနေ့ဆွမ်းကျွေးအလှူ….´´
..ဆိုတော့ မခက်ပေဘူးလား။ ရေစက်ခွက်ကြီးရှေ့ချထားပြီး ဦးအောင်မှတ် ကျွဲမြီးတိုမိတယ်။ ဒီဆရာတော်ဟာ အသေအချာ လျှောက်ထားပန်ကြားခဲ့လျှက်နဲ့ စကားမှားဖြစ်အောင် မှားရသေးတယ်။
ဆရာတော်၊ သံဃာတော်တွေကို ဆွမ်းကပ်အပြီး ဝေးနီးဆီမှ ရောက်လာချီးမြှင့်ကြတဲ့ ဧည့်သည်တွေကို သေသေချာချာ ဧည့်ခံကျွေးမွေးတယ်။ အေးအေးဆေးဆေး တစ်ဝိုင်းချင်းကို ရှင်းပြတောင်းပန်ခဲ့တယ်။ ဒီနေ့အလှူက သူ့ရဲ့အသက်ခြောက်ဆယ်ပြည့် မွေးနေ့အလှူလည်းဖြစ်သလို ဦးအောင်မှတ်နာမည် ပြန်လည်အတည်ပြုရေး ကင်ပွန်းတပ်မင်္ဂလာလည်း ဖြစ်တဲ့အကြောင်း….။ နေ့မြင်ညပျောက် သေကာလ၊ ပျောက်ကာလ လူ့ဘ၀မှာ နေစရာနေ့ရက်တွေ သိပ်ကျန်တော့မယ်ဟု မမျှော်လင့်နိုင်ကြကြောင်း၊ သူကတော့ ကျန်ရှိသေးတဲ့ ဘ၀ရဲ့နေ့ရက်ကလေးကို ဦးအောင်မှတ်ဆိုတဲ့ အမည်ကောင်းတစ်မျိုးတည်းနဲ့သာ ဆက်လက်ရှင်သန် ချင်တော့ကြောင်းတွေ…. ဝေေ၀ဆာဆာပြောခဲ့လေရဲ့။
ပြီးတော့…ဦးအောင်မှတ် ဘ၀တုန်းက မိဘဂုဏ်ရှိန်နဲ့ လျှမ်းလျှမ်းတောက် လူဇော်လုပ် နေခဲ့ရတဲ့ ဘ၀နေ့ရက်တွေကိုလည်း ပြန်ပြောင်းတမ်းတမိသေးရဲ့။ ခွေးနီစပ်ဆိုတဲ့ နာမည်ကို ရခဲ့ချိန်ကစလို့ သူ့စိတ်ထဲမှာ သိမ်ငယ်နိမ့်ကျနေခဲ့ရတာ ဘယ်သူမှစာနာနိုင်မှာမဟုတ်။
သူ့ ပတ်ဝန်းကျင်မှာ နာမည်ပြောင်တစ်ခုနဲ့ တစ်သက်လုံး နေသွားခဲ့ကြသူတွေ အများအပြား ရှိနေခဲ့တာလည်း သူ… သိပါရဲ့။ ဒါပေမယ့် အဲဒီနာမည်တွေဟာ ကာယကံရှင်ကို ချစ်နိုးစိတ်နဲ့ ကျီစယ်ခေါ်ဝေါ်ခဲ့ကြရင်း တွင်ကျယ်လာခဲ့ ကြတာပဲ။ သူ့နာမည်ဟာ သူ့အတွက် ချစ်စနိုး ကျီစယ်လိုစိတ်နဲ့ ပေးထားတဲ့ နာမည်မျိုး ဆိုရင်တော့ ဘယ်လို အကောင်ပလောင်၊ တိရိစ္ဆာန်နာမည်ဖြစ်ပါစေ။ သူ… ကျေကျေနပ်နပ် ခံယူချင်ပါရဲ့။ အခု… သူ့နာမည်ကျတော့ သူ့ဘ၀တစ်လျှောက်လုံး ဆိုးမိုက်ရမ်းကားခဲ့၊ အနိုင်ကျင့် ဗိုလ်ကျခဲ့သမျှ ခံခဲ့ကြရသူ၊ တစ်နွယ်ငင်၊ တစ်စင်ပါ ရန်ငြိုးသိုဖွဲ့သူတွေက လိမ္မာစွာ ဆန့်ကျင်ကာ၊ သူ့အပေါ် နိုင်သလောက်အားနဲ့ လက်စားချေ တုန့်ပြန်ခဲ့ကြတာ။ တပြန် ဖိနှိမ်နိုင်စားခဲ့ကြတာ မဟုတ်လား။ ဒါကြောင့်သာ ဒီ နာမည်ပြောင်ဟာ တစ်ယောက်ကစ၊ တစ်ရာမကတော့ပဲ ပတ်ဝန်းကျင်အနှံ့ အလွယ်တကူ ပျံနှံ့တွင်ကျယ်ခဲ့တော့တာ။
                        သူ့မှာတော့ အချိန်တိုင်း ရှက်ရွံ့နာကျင်နေခဲ့ရတာ။ နာကျည်းနေခဲ့မိတာ။ သူ့အပြုအမူ၊ သူ့နေထိုင်မှုဟန်ပန်တွေဟာ ဘုကလန့်၊ လူ့ဂွစာတစ်ယောက်လို မူမှန်ဖြစ်မနေပြန်တာလည်း သိပါရဲ့။ ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ်မှ မကျေနပ်နိုင်တဲ့ လူတစ်ယောက်ဟာ သူတပါးကျေနပ်အောင် နေပေးစရာလိုလို့လား။ နေလည်း မနေတတ်ခဲ့ပါဘူး။
အသက်အရွယ်ကလေး ရလာခဲ့တော့မှ အတွေးတွေ တဖြည်းဖြည်း ပြောင်းလာခဲ့တော့တာ။ ဆင်းပဲ ရဲရဲ၊ ချမ်းပဲသာသာ ကိုယ့်ဂုဏ်ကလေးကို ကိုယ်ဆယ်လို့ ဦးအောင်မှတ်ဘ၀နဲ့ပဲ တင့်တောင့်တင့်တယ် သေပါရစေတော့။
တပျော်တပါး၊ အားပါးတရ စားသောက်ရယ်မောနေကြတဲ့ ဧည့်ပရိတ်သတ်ကလည်း ဦးအောင်မှတ်ရဲ့ စိတ်ကူးနဲ့ ရည်ရွယ်ဦးတည်ချက်ကို ခုမှ နားလည်စာနာနိုင်ကြတော့တဲ့ပုံနဲ့…
``ဦးအောင်မှတ် သက်တော်ရာကျော်ရှည်ပါစေ
…ပေါ့။ အားလုံးရဲ့ နှုတ်ဖျားမှာ ဦးအောင်မှတ်ဆိုတဲ့နာမည်က တွဲလဲခို၊ ရေပမ်းစားနေပြန်တာကို ဦးအောင်မှတ်တစ်ယောက် ဂွမ်းဆီထိသလို၊ ရွှန်းပီတိတွေ တအိအိစိုနေတုန်းမှာပဲ….
``အား..ကောင်းလိုက်တဲ့ ၀က်သားဗျာ။ စားကောင်းကောင်းနဲ့ စားလိုက်တာ စူစကာဗိုက်ဖြစ်နေပြီ။ အင်း… ပြန်လိုက်ဦးမှ..ကိုခွေးနီစပ်ရေ….
ပြောတဲ့သူက အမှတ်မဲ့ပေမယ့် ဦးအောင်မှတ်က ဧည့်ပရိတ်သတ်အလည်မှာ သပြေသီးမှည့်ရောင် မျက်နှာညိုကြီးနဲ့၊ မျက်ထောင့်ကြီးနီလို့။ ပါးစပ်ကလည်း အယုတ္တ၊ အနတ္တတွေ တရစပ် မရပ်မနား ဆဲရေးရေရွတ်ပစ်လိုက်တာ ပွဲကို ပျက်ကရောတဲ့။
                                    @@@@@@@@
ခုတော့ အလွယ်တကူ ပျက်စီးခဲ့ရတဲ့ နာမည်တစ်ခုကို ပြန်ပြင်၊ အဖတ်ဆယ်ဖို့ တစ်ဘ၀စာလုံး အတင်းအကျပ် ကြိုးစားခဲ့ရတဲ့ ဦးခွေးနီစပ်ကြီးတစ်ယောက် ဆုံးပါးကွယ်လွန် ခဲ့ရှာပါပြီ။ နာရေးဖိတ်စာမှာ…၊ နာရေးမှာ ဧည့်ပရိတ်သတ်ကို ကမ်းတဲ့ယပ်တောင်မှာ… `ဦးခွေးနီစပ်(ခ)ဦးအောင်မှတ်´လို့ပဲ ဖော်ပြထားပါတယ်။ သရဏဂုံတင်တဲ့ ဘုန်တော်ကြီးရဲ့ ရေစက်ချတရားတော်ထဲမှာလည်း ဦးခွေးနီစပ်(ခေါ်) ဦးအောင်မှတ်ပါပဲ။
“ငါသေရင် မီးသဂြိ င်္ုလ်ပစ်ပြီး ဘာအရိုးပြာမှ ကောက်ယူ ဂူတည် မနေနဲ့။ အို.. ကုန်ကုန်ပြောမယ်။ ငါ့နာမည်နဲ့ ပတ်သက်သမျှ ဘာ…လက်စလက်နမှ မကျန်ခဲ့ချင်ဘူး… ရှင်းလား”
အခုထိတော့ ဦးခွေးနီစပ်ကြီးအကြောင်း စကားစပ်ဆိုင်လို့ ပြောဖြစ်ကြရင် ဦးခွေးနီစပ်ဆိုတဲ့ နာမည်ကိုပဲ သုံးစွဲပြောဆိုနေကြတုန်းပါပဲ။
လူကြီးမင်းများခင်ဗျာ…အိမ်ထောင်မှု၊ ဘုရားတည်၊ ဆေးမင်ရည် စုတ်ထိုး ဆိုတဲ့ `နောင်ပြင်ရန်အခက်  တွေထဲမှာ `နာမည်ဆိုး´ဆိုပြီး နောက်တိုးတစ်မျိုး မပါဝင်ခဲ့ဖူးတာ သေချာပါရဲ့လား။ ။
                                                                            သတိုး