Saturday, December 24, 2011

နှစ်ဦး အမွန်

-->


                   သူ.. ဘာကြောင့် ရောက်မလာရပါသလဲ။ ညချမ်းအေးအေးမှာ ဘယ်သူမှ မရိပ်မိ၊ မသိနိုင်ကြသော မေးခွန်းများနှင့် တစ်ကိုယ်တည်း  မွန်းနစ်နေလေသည်။
                   သူငယ်ချင်းအားလုံး စုံစုံလင်လင်၊ စုစည်းမိနေကြပြီ။ သူတစ်ယောက်သာ ကျန်တော့သည်။ နှစ်စဉ်နှစ်တိုင်း ဒီလိုနှစ်သစ်ကူး ညမျိုးမှာ သူတို့ သူငယ်ချင်းအားလုံး ရောက်ရာအရပ်မှနေ အပြေးရောက်လာနေကျ မဟုတ်ဘူးလား။ လက်ရှိလုပ်ငန်း၊ တာဝန်တွေကြားကနေ ကိုယ်လွတ်ရုန်းကာ မရောက်ရောက်အောင် ဇွတ်ပင် ရောက်လာနိုင်ခဲ့ကြသည်ချည်းပင်။ နှစ်တိုင်းတော့ သူလည်း မပျက်မကွက် ရောက်လာနေကျပင်။ ဒီနှစ်မှ…။ သူ… ဘာတွေ အဆင်မပြေဘူးလဲ။ ဘယ်လို အခက်အခဲတွေ ရှိနေလို့လဲ။ စိတ်ပူသည်။ ပြီး … စိတ်အတွေးမှာ လွတ်ဟာ ၀မ်းနည်းလို့လာသည်။
“ဥာဏ တစ်ယောက်ရော…”
                   သူငယ်ချင်းတွေထဲက တစ်ယောက်ယောက်ကို ဖွင့်မေးလိုက်လျှင် မဖြစ်ဘူးလား။ သူနှင့် ပတ်သက်သော သတင်းစကား တစ်စွန်းတစ်စတော့ ကြားရနိုင်မည်ပင်။ ဒါပေမယ့် သူမ နှုတ်မရဲ..။ အားလုံးက သူမကို ဥာဏနှင့် ယှဉ်တွဲစနောက်ချင် နေကြတာဖြစ်သည်။ သူမ၏နှုတ်က ဥာဏ၏အမည်ကို ကြားရလျှင် မီးခိုးမဆုံး၊ မိုးမဆုံး စနောက်လို့ ဆုံးကြမှာ မဟုတ်တော့ပေ။
                   ည ရှစ်နာရီလောက်မှာပင် မြတ်ဆရာ ပူဇော်ပွဲလေးက စည်စည်ကားကား ပြီးဆုံးအောင်မြင်ပြီးခဲ့ပြီ။ သူမတို့၏ ဆရာများကတော့ လာရောက်နှုတ်ဆက်ကြသူ တပည့်ဟောင်းများအား တပြုံးပြုံးနှင့် ကြည်နူးကျေနပ်စွာ တုန့်ပြန်နှုတ်ဆက်ရင်း ငယ်သွေးကြွကာ နုမျစ်နေပြန်သည်။ သည်ပွဲမှာ အတက်ကြွဆုံး၊ အပျော်ဆုံးလူသားကတော့ သူမတို့၏ဆရာ ဦးသစ်ဝေပေ။ ဆရာသည် ငွေမင်ရောင်ကေသာသာကို သေသပ်စွာ ဖြီးသင်ထားဆဲ။ ဆရာ၏ ပိရိသေသပ်သော နှုတ်ခမ်းများကလည်း နူးညံ့စွာ ပြုံးလွန့်နေဆဲပေ။
“ဆရာ… အညာဆယော်”
“လုပ်ချလိုက်ပြန်ပြီ။ ဂျင်ဆန်းမီတို့ကတော့….”
                   ဆရာနှင့် သူမ ပြိုင်တူ ရယ်မောမိကြတော့ အနီးအနားက ကျောင်းသားဟောင်းတွေပါ လိုက်ပါရယ်မောလျှက် တအုံးအုံး ပွဲကျသွားပြန်တော့သည်။
                   သူတို့တတွေ နှစ်စဉ်နှစ်တိုင်း ဆရာ့ကျောင်းခြံဝန်းလေးထဲမှာ တွေ့ဆုံဖြစ်စေဖို့ ဆရာက စတင် စီစဉ်ဖြစ်ခဲ့တာ သူမတို့ ဆယ်တန်းနှစ်ကတည်းက ဖြစ်သည်။ ထိုနှစ်က ကျောင်းအိပ်၊ကျောင်းစား ကျေင်းသားတွေကို စတင်လက်ခံကာ ဆရာ… ဘော်ဒါ စဖွင့်ဖြစ်သောနှစ်လည်း ဖြစ်ပါသည်။ မြို့ငယ်စွန်ဖျားရပ်ကွက်ကလေးထဲမှ ကလေးငယ်များကို အင်္ဂလိပ်စာကျူရှင်ပေးရင်းက ကိုးတန်း၊ ဆယ်တန်းကျောင်းသား၊ ကျောင်းသူများ၏ ခုံလှုံရာ ဘာသာစုံကျူရှင်ကလေးဖြစ်လာခဲ့ရသည်။ ဆရာ့ ခြံဝန်းကလေးသည် နှစ်ဟောင်းကုန်ဆုံးလျှင် ကျောင်းသားတွေ ထွက်ခွာသွားလိုက်ကြ…။ စာသင်နှစ်ပြန်စလျှင် ကျောင်းသားသစ်တွေ ၀င်လာလိုက်ကြနှင့် ပျားပန်းခပ်မစဲခဲ့ပေ။ သူမတို့ ငယ်ငယ်တုန်းက စာသင်ရင်း၊ ဆော့ကစားရင်း ပျော်ရွှင်ခဲ့ကြရသော ဆရာ့ခြံဝန်းလေးမှာ သစ်ပင် ပန်းမာလ်တွေ ခုလောက် မစုံလင်လှသေးပေ။ ခုတော့ ခြံလေးထဲမှာ ပန်းပေါင်းစုံပွင့်ဝေနေသည်သာမက သီးပင်စားပင်တွေပင် အတော်များပြားစုံလင်နေပြီ။  သူမတို့တတွေ တံခြူတစ်လက်နှင့် နှိပ်စက်ခဲ့သော မာလကာပင်ကြီးမှာ ရောင်စုံမီးသီး၊ မီးပွင့်ကလေးတွေ တဖျတ်ဖျတ် လက်ဖြာနေပြန်သည်။ အို… ဆရာ့ ကျောင်းခြံဝန်းတစ်ခုလုံးဟာ ဒီညမှာတော့ ရောင်စုံမီးပန်း၊ မီဆိုင်းတွေနှင့် တလက်လက်လင်းဖြာနေတော့တာပင်။
ကောင်းကင်က ကြည်လင်လျှက် လ၀ါဝါက ထိန်ထိန်သာလွန်းလှသည်။ အပြင်မှာ အေးခဲခိုက်တုန်နေမည်ထင်သော်လည်း ဆရာ့ခြံဝန်းကလေးကတော့ နေသာရုံ နွေးမြမြကလေးသာ အေးလေသည်။
                   နှစ်စဉ်ကျင်းပမြဲဖြစ်သော မြတ်ဆရာ ပူဇော်ပွဲကို ဆရာက ကျောင်းသားဟောင်းတွေကိုပါ ဖိတ်မြဲဖြစ်သည်။ အဝေးရောက်နေသူ တချို့မှ လွဲလျှင် ကျောင်းသားဟောင်းတို့သည် ဖိတ်စာမရလည်းပဲ အစဉ်အလာကို သိနေပြီမို့ နယူရီယားညတိုင်း ပုံမှန်ရောက်အောင် လာကြလေ့မြဲပင်။ အနားနီးလျှင် အချင်းချင်း မေးမြန်းစုံစမ်းကြ၊ အလှူငွေထည့်ဝင်ကြရသည်။ အနီးဝန်းကျင်ရှိ ကျောင်းသားတွေကတော့ အချိန်းအချက်ပြုကာ တာဝန်ခွဲဝေကြ၊ ကြိုတင်ပြင်ဆင်ကြနှင့် မနားရသော်လည်း ငယ်သွေးကြွကာ ပျော်ရွှင်တက်ကြွနေကြတာပင်။
“ညည်းကိုတွေ့မှ သတိရတော့တယ်။ ဟိုကောင်… ဥာဏ ရောက်မလာနိုင်ဘူးလား”
                   ကိုရီးဇာတ်လမ်းတွဲတွေ သူမတို့ဝန်းကျင်မှာ ပလူပျံစ ပြုနေစဉ် အချိန်မှာ  သူမသည်လည်း ကိုရီးယားရောဂါ စွဲကပ်ခံခဲ့ရဖူးပါသည်။ သူမကိုယ် သူမ ဇာတ်လမ်းတွဲတစ်ခုထဲက ဂျင်ဆန်းမီအဖြစ် မရှက်မကြောက် အရူးထခဲ့တာကို အသိမှတ်ပြုပေးသူမှာ ဆရာနှင့် ဥာဏတစ်ယောက်သာ ရှိခဲ့တာ ဖြစ်သည်။ သူမအား ဆန်းမီ… လို့ နောက်သလိုနှင့် အတည်ခေါ်ခဲ့သော သူ့အား သူငယ်ချင်းတွေက ဒါရိုက်တာရင်ဟု သူမကွယ်ရာမှာ ခေါ်ခဲ့ကြတာ သူမ မသိယောင်ဆောင်ခဲ့ရပါသည်။
“ကျွန်တော်နဲ့ ဖုန်းပြောဖြစ်တော့ သူ… မဖြစ် ဖြစ်အောင် ဆက်ဆက်လာခဲ့မယ် ပြောတာပဲ ဆရာ။ ခုထိ မရောက်လာသေးတော့ ဘာများ အကြောင်းမညီညွတ်လို့လဲ မသိဘူး”
                   သူမသိချင်နေသော သူ့အကြောင်း တစ်စွန်းတစ်စကို သူငယ်ချင်းတစ်ယောက်က ၀င်ပြောလိုက်သောအခါ ဆရာက နားလည်စွာ ခေါင်းညိတ်နေသော်လည်း သူမကတော့ ဥာဏအတွက် စိတ်မအေးရတော့ပေ။ သူမထံ  ဖုန်းဆက်ခဲ့စဉ်ကလည်း သူ… ဆက်ဆက်ရောက်အောင်လာမည်ဟု အထပ်ထပ်ပြောခဲ့တာပင်။
“နင်လည်း ရောက်အောင် လာရမယ်နော်။ ငါ… နင့်ကို ပြောစရာတွေ အများကြီး ရှိတယ်။ တွေ့မှပြောမယ်…”
                   ထိုစကားတစ်ခွန်းကြောင့် သူမ ရင်ခုန်မျှော်လင့်ခဲ့ရတာတွေ ရေစုန်မျောတော့မည်လား။ သူမ အတွေးနှင့်ပင် မျက်ရည် လည်ချင်မိလေသည်။ သူ့ဟန်းဒ်ဖုန်းကို လှမ်းဆက်လျှင် ရနိုင်ပေမယ့် သူမကိုယ်တိုင် မေးဖို့ မကောင်းဘူးထင်သည်။ သူနှင့် ဖုန်းအဆက်အသွယ်ရှိသော သူငယ်ချင်းတစ်ယောက်ယောက်က လှမ်းမမေးကြဘူးလား။
                   မီးပုံကြီး အလယ်မှာထားကာ ပါဆယ်ဂိမ်းကစားနေကြသော အဖွဲ့မှ သီချင်းသံကြားရသည်။ ခဏနေတော့ သီချင်းက တိခနဲ ရပ်သွားပြီး ၀ါးခနဲ ရယ်မောကြသံ။ မိန်းခလေးတစ်ယောက် ကစားဝိုင်း၏ အလယ်သို့ရောက်လာသည်။
“သင်နှစ်သက်ရာ သီချင်းတစ်ပုဒ်ဖြင့် ဖျော်ဖြေပေးပါ”
                   မဲလိပ်ဖွင့်ဖတ်သည်ထင်၏။ မရှေးမနှောင်းဆိုသလိုပင်……
“သူမလာတာ သုံးလေး…ငါးလ ကြာ… ပြီ ရှင်။ ဒါကိုပင် သိန်းသန်းနှစ်မက ရှည်တယ်ထင်…”
                   ဥာဏတစ်ယောက် သူမ၏ အနီးမှ ပျောက်ကွယ်ဝေးလှမ်းနေခဲ့တာ သုံးလေးငါးနှစ်ပင် မကတော့ပေ။ အဲ… ကြားထဲမှာတော့ ခုလို နယူးယီးယားညတွေတိုင်း ကျောင်းခြံထဲမှာ ပြန်တွေ့ဖြစ်ကြတာတော့ ရှိတာပေါ့။ ဒါပေမယ့် နင်ဘာတွေ လုပ်နေလဲ။ နေကောင်းလား၊ အဆင်ပြေလား ဆိုတာလောက်နှင့် သူမက ရှောင်ပြေးချင်နေပြီ။ သူမ အနေခက်နေပုံကို ဥာဏကလည်း ရိပ်မိနားလည်နေစွာ နှုတ်ဆက်စကား တစ်ခွန်း၊ နှစ်ခွန်း ပြောပြီးရုံနှင့် သိတတ်စွာ ခပ်လှမ်းလှမ်းမှာသာ သူအဖော်တွေနှင့် အဖွဲ့ကျနေတော့တာဖြစ်သည်။ အဲ… မနှစ်က တစ်နှစ်သာ..ဥာဏတစ်ယောက် စကားတွေ အကြာကြီး ပြောဖြစ်ခဲ့တာ..။
                   ဥာဏနှင့် မဆုံဖြစ်ကြတာ နောက်ဆုံးတွေခဲ့ကြသည့် နယူးယီးယားညမှ တွက်လျှင်တောင် တစ်နှစ်တင်းတင်း ပြည့်ပြီ။ ကြားထဲမှာ ဥာဏက ဖုန်းလှမ်းဆက်ဖော်ရပါသေးသည်။ ပြည်တွင်း NGO ရုံးတစ်ခုမှာ အလုပ်လုပ်နေသော ဥာဏသည် မြို့နှစ်နေရာ ပြောင်းရွှေ့ပြီးခဲ့ပြီ။ သူ အလုပ်နေရာ ပြောင်းတိုင်း သူမထံ ဖုန်းဆက်ပြောကာ အသိပေးလေ့မြဲ။ သူမကတော့ ဥာဏထံမှ ဖုန်းဆက်လျှင် မြူးပြပျော်ရွှင်နေပါလျှက်…
“နင်… ဖုန်းဘီလ်တွေ ကုန်တော့မှာပဲ။ ငါဖုန်းချလိုက်တော့မယ်”
ညစ်ကျယ်စွာ ဖုန်းကို ပိတ်ပစ်လိုက်မိတော့တာ ဖြစ်သည်။ တကယ်က ဥာဏနှင့် ပတ်သက်ရန် သူမ လိပ်ပြာမရဲသေးဘူးဆိုတာ ဥာဏလည်း ရိပ်မိနေမှာပင်။
“ဒေါ် ဆန်းမီ။  ဒီမှာ တစ်ယောက်တည်း ဘာလာလုပ်နေတာလဲ။ မချမ်းဘူးလား”
                   ရွှေစင်တစ်ယောက် အနားရောက်လာလေမှ အသိဝင်ကာ ဆောင်းလေအေးကို သတိပြုမိသွားသည်။ နှင်းတွေလည်း ဒီလောက်တော့ များများစားစား မဝေလွန်းလှပါဘူး။ သို့ပေမယ့် တဖြည်းဖြည်း ညည့်နက်လာပြီမို့ အအေးဓါတ်က စိမ့်ဝင်ပျံ့နှံ့လာပြီလား မသိ။ အနွေးအင်္ကျီကို လည်ပင်းအထိ ဇစ်ဆွဲတင်လိုက်သည်။
“ချမ်းနေရင်လည်း မီးပုံဘေးသွားနေကြရအောင် ဟာ။ မဟုတ်ရင် ညိုမီတို့အုပ်စု ကြာဇံကြော်နေတဲ့ဆီသွားပြီး ကူသလိုလိုနဲ့ လက်ဘက်သုတ်နဲ့ ရေနွေးကြမ်း ကပ်သောက်ကြမယ်”
                   ကြာဇံကြော်အနံ့က ဆောင်းလေအေးနှင့် ဝေ့လာတော့ ဗိုက်တောင်ဆာလာသလိုပင်။
“ဟိုမိန်းမတွေ စာခါနီးမှ ရောက်လာကြတယ်ပေါ့။ တော်တော် အားကိုးရတယ်နော်”
                   ဆီးကြိုအပြစ်တင်ရင်း မျက်စောင့်ဝင့်နေသော ညိုမီ့ကို ဟီးခနဲ မျက်နှာချိုသွေးရင်း…
“ငါတို့ ဘာလုပ်ပေးရမလဲ။ အချဉ်လုပ်ပြီးပြီလား”
“ပြီးပြီ။ ဟိုမှာ… ဆရာနဲ့ ဆရာကတော်တို့အတွက် ဦးချထားတဲ့ မုန့် ပန်းကန်တွေ  ၀ိုင်းသယ်ပို့ပေးလိုက်ကြ”
                   မုန့်ဗန်းတွေကို ဆရာတို့ အိမ်ကလေးထဲဆီ သယ်ယူလာခဲ့ကြသည်။ ရိုးသားအေးချမ်းကာ ဆရာ့ကျောင်းသားတွေကို သားသမီးရင်းနှယ် သံယောဇဉ်တွယ်တတ်သော ဆရာကတော်က …
“သမီးတွေ ပင်ပန်းနေကြပြီ”
“ ပင်ပန်းပါဘူး အန်တီရဲ့။ နေကောင်းတယ်နော်။ တစ်ခါတစ်လေ အန်တီချက်တဲ့ ကြာဇံချက်ကလေးကို လွမ်းတယ်”
                   တွေ့တာနှင့် ပီယ၀ါစာပြောကာ ချွဲတတ်ကြတာကို အန်တီခမျာ သိသိကြီးနှင့် အရည်ပျော်သွားတတ်မြဲ။ ကိုယ်ပိုင် သားသမီးမရှိရှာတာအတွက် အမြဲစိတ်အားငယ်တတ်နေတတ်တဲ့ အန်တီက…
“ဆရာ့တပည့်တွေဟာလည်း အန်တီတို့ သားသမီးတွေပါပဲ ကွယ်”
                   တကယ်တမ်းမှာလည်း အန်တီဟာ ဆရာ့ကျောင်းသား၊ ကျောင်းသူတို့၏ ဆိုမျိုးသည်းညည်းကို မညည်းမငြူ အနွံတာခံခဲ့ရှာသူ ပင်။
“ဆန်းမီကိုတွေ့မှ သတိရတယ်။ ဥာဏ မနေ့က ဖုန်းဆက်သေးတယ်။ သူ ခု ညကားနဲ့လာခဲ့မယ်တဲ့။ ဆရာကန်တော်ပွဲမီအောင် စောစောကြိုလာဖို့ဟာ သူတို့အထက်အရာရှိက နိုင်ငံခြားခရီးစဉ်တစ်ခု ရှိနေလို့ဆိုလားပဲ။ အန်တီကလည်း ဆရာ ကန်တော့ပွဲ မမီလည်း အားလုံးနဲ့တွေ့ရအောင် လာဖြစ်အောင်လာဖို့ ပြောလိုက်သေးတယ်။ ခု ရောက်နေပြီလား”
                   ခေါင်းကိုသာ ခါပြနိုင်တော့သည်။
“လမ်းမှာ ကားပျက်နေသလားပဲ။ အဲဒါဆိုလည်း ဖုန်းလေးဘာလေး လှမ်းဆက်လိုက်ရောပေါ့ ”
                   အဲဒီ ဥာဏဟာ အင်မတန် လျှို့ဝှက်တတ်သူ၊ တစ်ဖက်သား အပေါ် အားနာငဲ့ညှာတတ်သူ တစ်ယောက်လည်း ဖြစ်သေးသည်ပင်။ သူ.. လမ်းမှာ အခက်အခဲ တစ်ခုခု ဖြစ်နေလျှင်တောင် အကြောင်းကြားမည်မထင်။ ဒီမှာ ရှိနှင့်ကြသူတွေ စိတ်ပူကြမှာ၊ အလုပ်ရှုပ်ကြမှာကို တပြန် ပူပန်ငဲ့ညှာနေဦးမှာ ဖြစ်သည်။ ခုလို အကြောင်းမကြားတော့လည်း ဘာများဖြစ်နေသလဲဟု မှန်းဆ ပူပန်နေကြမှာ မတွေးမိဘူးလား ဥာဏရယ်။
 ဥာဏဟာ ငယ်စဉ်ကတည်းက သူတပါးကို ငဲ့ညှာတတ်ခဲ့တာ…။
အဲဒီနေ့က ဥာဏသာ မဟုတ်လျှင် သူမ ခုလို  ဒီပွဲကို ရောက်လာစရာ အကြောင်းတောင် မရှိခဲ့ပေ။ ထိုစဉ်က ပူပန်ရှက်ရွံ့ခဲ့ရပုံမျိုး တစ်သက်နှင့် တစ်ကိုယ် မကြုံစဖူးပေ။
ဆရာကလည်း မဖြစ်စဖူး ဒေါသတွေနှင့် ဆူပူဟိန်းဟောက်နေခဲ့သည်။ အတန်းထဲမှာ ကျောင်းသူတစ်ယောက်၏ ရင်ထိုးလေးတစ်ခု ပျောက်ရှသွားခဲ့တာ ဖြစ်သည်။ ထိုရင်ထိုးလေးက သူမ၏ ကျောပိုးအိတ်ထဲမှာ ရှိနေတာ မဟုတ်လား။
“အဲဒါလေးက တန်ဘိုးမနည်းဘူးဟ။ ငါ့အစ်ကိုတစ်ယောက် ဖောရီန်းက ပြန်လာလို့ လက်ဆောင်ပေးထားတာလေ”
                   ထိုကျောင်းသူ၏ ကွယ်ရာမှာ တက်ညီလက်ညီ နှာခေါင်းရှုံ့မိခဲ့ကြသည်။ သူမတို့ မြင်တွေ့ဖူးနေကျ ဖန်စီရင်ထိုးလေးကိုပဲ ရွှေဖြူနဲ့ လုပ်ထားတာဟု အမွှမ်းတင်ကာ အသားလွတ် ကြွားလုံးထုတ်နေသည်ဟု ထင်ကြသည်။
“ဟဲ့ အဲလောက် တန်ဘိုးကြီး ပစ္စည်းတွေ ဒီကို ယူမလာရဘူးလို့ ဆရာပြောထားတယ်လေ”
“နင်တို့ကို ပြချင်လို့ မေမေမသိအောင် ယူလာတာပါဟာ။ ဒီတစ်ခေါက် အိမ်ပြန်ရင် ပြန်ထားရမှာ”
                   ကြွားစိန်မ..။ သင်းကို ပညာပေးဖို့ အကြံအား ဘယ်သူက စတင်ခဲ့သည် မသိပေ။ သူခိုးရွှေရ တပြပြလို လုပ်နေသော ကလေးမကို စာသင်ခန်းထဲမှာ  စာတွေမေး၊ ဇာတ်လမ်းတွဲအကြောင်း၊ မော်ဒယ် မင်းသားမင်းသမီးတွေအကြောင်း သောင်းပြောင်းထွေလာတွေ ၀ိုင်းပြောရင်း အချိန်ဆွဲသူက ဆွဲထားကြသည်။ အိပ်ဆောင်မှာ လှန်လှောမွှေနှောက်ရှာသူက ရှာကြသည်။ နောက်ဆုံး ဥစ္စာရှင်က မျက်ရည်နှင့်မျက်ခွက် ဆောက်တည်ရာမဲ့ကာ ဆရာ့နားသို့တိုင် ပေါက်ကြားသွားချိန်မှာတော့ ထိုရင်ထိုးလေးက သူမထံမှာ..။
“ဥာဏ  … လာစမ်း။ မိန်းကလေးတွေ တစ်ယောက်ချင်းရဲ့ အိတ်တွေထဲမှာရှာ”
                   စာသင်ခန်းထောင့်မှာ စီတန်းလျှက် မတ်တပ်ရပ်နေရင်း ဒူးတွေ တဆတ်ဆတ် တုန်ကာ ယိုင်ညွတ်ကျချင် လာခဲ့သည်။ မျက်ဝန်းတွေကေ၀၀ါးလို့ မျက်ရည်တွေ စို့ဝဲနေပြီလား။
‘ပြီးရင် မိန်းခလေး အကြီးတွေက အိပ်ခန်းတွေထဲ ၀င်ရှာမယ်။ ကျန်တဲ့သူတွေ ဘယ်သူမှ နေရာ မရွေ့ကြနဲ့”
 ဥာဏကတော့ မိန်းခလေးတစ်ဦးချင်း၏ ကျောပိုးအိတ်တွေ၊ လွယ်အိတ်နှင့် ပိုက်ဆံအိတ်တွေထဲသို့ စေ့စေ့စပ်စပ် မွှေနှောက်ရှာနေပြန်တော့ပြီ။ သူ… သူမ၏ အိတ်ကို ကိုင်လိုက်ပြီ။ သူမ ဒိန်းခနဲ ရင်တစ်ချက်ဆောင့်ခုန်သည်။ ဖျတ်ခနဲ သူမထံ အကြည့်တစ်ချက်လွင့်လာသည် ထင်၏။ ကျေးဇူးပြု၍ ရှာမတွေ့လိုက်ပါနဲ့ ဥာဏရယ်။ ပြီး.. ဘယ်သူ့ကိုမှ ဘာမှ မပြောလိုက်ပါနဲ့။ ဒါပေမယ့် ဥာဏမျက်နှာထား ဖျတ်ခနဲပြောင်းလဲ ပျက်ယွင်းသွားသည် ထင်၏။ တစ်စုံတစ်ရာကို သူ့လက်တွေက စမ်းသပ်တွေ့ရှိသွားခဲ့ပြီ။ ထိုအရာကလေးကို ကျစ်ကျစ်ဆုတ်လျှက် ဥာဏတစ်ယောက် ဆရာ့ထံ လျှောက်သွားသောအခါ အတန်းသားအားလုံး၏ အကြည့်မြားတို့က သူမထံ စူးစိုက်ရောက်ရှိလာကြတော့ပြီ။ ကောင်းကင်ကြီးတစ်ခုလုံး ကိုယ်ပေါ် ပြိုအိကျလာသလို စိတ်မှာထင်သည်။
“အဲဒါ တစ်ခုပဲတွေ့တယ်ဆရာ။ အ၀ိုင်းပြားလို စမ်းမိတော့ ဟုတ်မယ်မှတ်လို့…”
ခဏငယ်မျှ သူမ၏ အသိသည် ကိုယ်ပေါ်မှ ကင်းလွတ်သွားပြီလားမသိ။ သို့ပေမယ့် မျက်တောင်ဖျားမှာ ခိုတွဲလာသော မျက်ရည်များကို မျက်တောင်တဖျတ်ဖျတ် ခပ်ထုတ်ရင်း  သူမကြားနေရသည်။
“ဆယ့်နှစ်နာရီ ထိုးတော့မယ်ဟေ့။ အားလုံး ခြံထဲကို ဆင်းလာကြတော့”
                   တစ်နေရာစီ ကျဲပြန့်နေသော သူမတို့တတွေ ခြံဝန်းထဲရှိ မီးပုံနံဘေးသို့ အလုအယက် သွားရောက်စုဝေးနေလိုက်ကြသည်။ အားလုံးက နာရီ တကြည့်ကြည့်။ နှစ်သစ်ရောက်တော့မည်။ လမ်းမပေါ်မှာ ဆိုင်ကယ်၊စက်ဘီးတွေ ဥဒဟို စုံဆန်သွားနေကြရင်း အချင်းချင်း အော်ဟစ်စနောက်ကြသံ၊ သီချင်းသံပြိုင် ဆိုသံတွေကိုပါ ကြားနေရသည်။
“သုံးဆယ့်တစ်။ ဒီဇင်ဘာလမ်းလေး..။ ရင်ခုန်သန်းခေါင်ယံအချစ်ရေ…”
                   Phone ring လေးက ကြည်နူးဆွံ့ပျံချင်စရာ…။
“ဟာ… ဥာဏ”
                   တယ်လီဖုန်းဆီ အားလုံးက အာရုံရောက်ကုန်ကြသည်။ ဆရာ့ကို ဖုန်းပေးလိုက်ဖို့ ဥာဏပြောသည် ထင်ပါရဲ့။ ဥာဏနှင့် ဆရာ .. ဖုန်းပြောနေစဉ်မှာ ဥာဏတစ်ယောက် ကားမမီလို့ ဆိုင်ကယ်နဲ့ အလာ မြို့အ၀င်နီးလေမှ ဆိုင်ကယ် အက်ဆီးဒင့်တစ်ခုနှင့် ကြုံခဲ့ရကြောင်း တစ်ယောက်က ဖောက်သည်ချနေသည်။ သူမ နားစွန်နားဖျားဖြင့် ထိတ်ပြာပူပန်မှုကို ဟန်ဆောင်မရ။
“ဥာဏ… ဥာဏ ဘာဖြစ်လို့လည်း”
“ဥာဏ မဟုတ်ပါဘူး။ လမ်းမှာ သူများတွေ ဖြစ်တာနဲ့ ကြုံလို့ ဥာဏက လိုအပ်တာ ၀င်ကူညီပေးနေတာ။ စိုးရိမ်ရလောက်အောင် မထိခိုက်ဘူး ပြောပါတယ်။ ခု.. ကိစ္စတွေပြီးလို့ ဆက်လာနေပြီ…”
                   ဆရာကလည်း ဥာဏနှင့် စကားပြောလိုက်ရလေမှ ပူပန်မှုတို့အနည်းငယ်ပြေလျော့သွားရပုံနှင့် …
“ဆရာကန်တော့ပွဲချိန် မီချင်တာတဲ့ကွာ ။ ဆေးရုံဝင်ရ၊ သက်ဆိုင်ရာနှင့် စကားပြောပေးရနဲ့ နောက်ကျသွားတာကို လှမ်းတောင်းပန်နေတယ်။  ဒီနှစ်ထဲ ရောက်အောင်လာမယ် လုပ်နေလို့ ဖြေးဖြေေးမာင်းဖို့ သတိပေးလိုက်ရသေးတယ်။ မြို့ထဲလည်း ရောက်နေပြီ ဥစ္စာ…”
                   တပည့်တွေကို ငဲညှာစာနာတတ်တဲ့ ဆရာလည်း သူ၏ နှစ်သစ်ကူးညဟာ ခုမှပဲ ပြီးပြည့်စုံရတော့သလို ပြုံးတညိတ်ညိတ် ရှိနေတော့တာ..။
“နင်… သူ့ဥစ္စာကို ပြန်ပေးမယ် မဟုတ်လား”
                   လျှို့လျှို့ဝှက်ဝှက် မေးလာခဲ့သော သူ့ကို စူပုတ်ပုတ်ရှုံ့မဲ့ပြလိုက်ရင်း…
“ပြန်မပေးလို့ ဘာလုပ်ရမှာလဲ။ စကတည်းက လိုချင်လို့ လုပ်ကြတာလည်း မဟုတ်ဘူး။ ပြီးတော့ ငါ့ လက်နဲ့ ကိုယ်ထိလက်ရောက်ယူခဲ့တာလည်း မဟုတ်ဘူး”
                   ပြောရင်း မျက်ရည်ဝဲချင်ပြန်ပြီ။
“ဒါပေမယ့်… ငါ… ငါ… ဘယ်လို ပြန်ပေးရမလဲ မစဉ်းစားတတ်တော့ဘူး”
“ငါ.. ပေး ပေးမယ်”
                   စိတ်မချသလို ပြန်ကြည့်မိသော သူမအား…
“ငါဘာသာ အဆင်ပြေအောင် ကြည့်ပြောပြီး ပေးမှာပါ။ နင့် နာမည် မပါစေရဘူး စိတ်ချ”
                   နောက်မှ ပြန်သိရတာက စာမေးပွဲနောက်ဆုံးနေ့အပြီး ကိုယ်စီ အိမ်ပြန်ရန် ပြင်ကြစဉ် ဆရာ့အား အကြောင်းစုံကို တိုးတိုးတိတ်တိတ် ၀န်ခံကန်တော့ သွားသည်တဲ့။ ဆရာကလည်း အစကတည်းက ရိပ်မိနားလည်နေပါသည်ဟု ပြန်ပြောခဲ့သေးသည်တဲ့ ။
                   ဥာဏအား ခုချိန်ထိ ကျေးဇူးတင်နေမိသေးသော်လည်း…
“နင်က ငါ့အပေါ် ကျေးဇူးပြုခဲ့ဖူးတယ်ဆိုပြီး အခွင့်ကောင်း ယူတာပေါ့လေ…”
                   ဥာဏတစ်ယောက် မျက်စိမျက်နှာပျက်ရှာသည်။
“အဲဒါတွေနဲ့ ဘာမှ မဆိုင်ဘူးဟာ။ ကျွတ်.. နင်ကလည်း အတွေးခေါင်လိုက်တာ။ အဲဒီအကြောင်းတွေကို ငါဖြင့် မေ့တောင်နေပြီ။ နင်လည်း မေ့ထားသင့်ပါပြီ”
                   မမေ့နိုင်သေးပါဘူး ဥာဏရယ်။ နင်ကိုယ်တိုင် ငဲ့ညှာစာနာစွာ ပါဝင်ပတ်သက်ခဲ့တာမို့လည်း ပိုလို့ မမေ့နိုင်ပါဘူး။ မနှစ်က နှစ်သစ်ကူးညမှာ ပြောခဲ့တဲ့ အဲဒီ စကားလှလှတွေကို ပိုလို့တောင် မေ့မရနိုင်ခဲ့တာရော နင်သိနေရဲ့လား။ နင်ပေးခဲ့တဲ့ နှစ်သစ်လက်ဆောင် ဓါတ်ပုံပေါင်လေးထဲမှာ ငါတို့ဆယ်တန်းတုန်းက အုပ်စုလိုက် အမှတ်တရ  ရိုက်ခဲ့ကြတဲ့  ဓါတ်ပုံဟောင်း လေးထည့်သိမ်းလို့ အိပ်ယာနားမှာ ထားအိပ်တတ်တာရော…  နင်သိရင် ဘာပြောမလဲ။
“ဟ..ဆိုင်ကယ်မောင်းနေတဲ့သူကို ဖုန်းမပြောကြနဲ့တော့လေ။ မြိုထဲမှာ လမ်းက လူရှုပ်နေပြီ”
                   သို့ပေမယ့်….
“ဆရာ့ တပည့်က ဆန်းမီနဲ့ ပြောချင်သေးတယ် လုပ်နေတယ်”
“ဟေ.. ကဲ ပေးလိုက်ပါကွာ”
                   ထူထူပူပူနှင့်ပင် လက်ထဲသို့ ဖုန်းက ဘယ်လို ရောက်လာမှန်းမသိ။
“ဆန်းမီ၊ ဆန်းမီလား…”
                   နှုတ်က အင်းဟုဆိုရင်း ခေါင်းကိုပါ ညိတ်ပြမိတော့ အနားက သူငယ်ချင်းတွေက ရယ်ပွဲဖွဲ့နေကြသေးသည်။
“ဆန်းမီ…။ နင့်အနားမှာ ဘယ်သူတွေ ရှိလဲ။ ဟာ.. ဒီမှာ ငါ ပြောတာကို နင်ဘာမှ ပြန်မပြောနဲ့။ နားပဲထောင်နေ ဟုတ်လား။ ငါ…ငါ.. နင့်ကို …”
“မကြားရဘူး။ ရောက်လာမှပြောတော့ ဟာ”
                   ပြောပြီး ဖုန်းပိတ်ချလိုက်ပေမယ့် သူမ၏ နှုတ်ခမ်းများက မြူးထူးပြုံးမြနေဆဲ…
“ဟက်ပီး နယူးယီယား………”
                   ခြံထဲသို့ဝင်လာသော ဆိုင်ကယ်တစ်စီးမှ ၀မ်းမြောက်အူမြူးသံ။
“ဟက်ပီး နယူးယီယား………”
                   ခြံထဲမှာရော၊ တစ်မြို့လုံးမှာပါ လျှံတက်လွင့်ပျံသွားတော့ပြီ။ ဆယ့်နှစ်နာရီတိတိ။ နှစ်သစ်ရောက်ပြီ။
                   ဥာဏက ဆိုင်ကယ်ပေါ်မှ ဆင်းလျှင်ဆင်းချင်း အားလုံးကို လက်တစ်ဖက်ဝှေ့ရမ်းကာ ပြုံးရယ် နှုတ်ဆက်လိုက်လေကာ ဆရာနှင့် အန်တီ့ထံ ကန်တော့ရောက်သည်။ ပြီး ဥာဏ၏ မျက်လုံးတို့က ဆန်းမီအား လူအုပ်ကြားမှာ သိသိသာသာ အပြေးအလွှား ရှာဖွေနေတော့တာမို့ သူမကပဲ သူ့အနားသို့ရောက်အောင် ခပ်သွက်သွက် လျှောက်သွားလိုက်တော့သည်။   ။


                                                                                                  သတိုး



                                      
                 

Saturday, December 17, 2011

သက်ဆက် နှောင်ထုံး



 “ငါမရှိရင် ညည်းတော့ မလွယ်ဘူး”

                   ထိုစကားကို မေမေ ဆိုလေတိုင်း ခင်ခင်ဦးတစ်ယောက် ခံခက်နာကျင်နေတတ်တာ မေမေလည်း မသိလို့မှ မဟုတ်ပဲ။ သို့ပေမယ့် ဘယ်တော့မှ မဆင်ခြင်။ အကြောင်းတိုက်ဆိုင်လေတိုင်း (အထူးသဖြင့် ခင်ခင်ဦးအား စိတ်တိုင်းမကျလေတိုင်း) ထိုစကားကိုသာ မကြာခဏ ရေလဲသုံးတတ်ခဲ့လေသည်။

                   တကယ်က ခင်ခင်ဦး မရှိတော့လျှင်သာ မေမေ့အတွက် သက်ရှင်ရပ်တည်မှု မလွယ်ကူမှာ၊ ခက်ခဲပင်ပမ်းရမှာ မဟုတ်ဘူးလား။ စိတ်အတွေးထဲက တန်ပြန်မေးခွန်းကို မေမေ သေလွန်သည်အထိ မကြားသိသွားရလေအောင် ခင်ခင်ဦးတစ်ယောက် လိမ်လိမ်မာမာ ထိန်းသိမ်းသိုဝှက် ထားနိုင်ခဲ့သည် ထင်သော်လည်း မေမေကတော့ ရိပ်မိနားလည်နေခဲ့လေသလား မသိ။

“ငါက ညည်းကို မွေးလာခဲ့တာပါ ခင်ဦးရယ်”

                   မေမေက သူမွေးထားသော သားသမီးအားလုံးနှင့် ပတ်သက်၍ ဘာတစ်ခုမှ မသိတာ မရှိဟု ထင်စားယုံကြည်နေပြန်သေးတာ ဖြစ်သည်။ ဖြစ်နိုင်ပါ့မလား မေမေရယ်။ မေမေ့သားသမီးတွေအားလုံးဟာ  မေမေ့ရင်ခွင်ထဲက ပုလုကွေးလေးတွေမှ မဟုတ်ကြတော့ပဲ။ တစ်အိုးတစ်အိမ်ခွဲထွက်ကာ ကိုယ်စီမိသားစုနှင့်…၊ အောင်မြင်သော လုပ်ငန်းစီးပွား ကိုယ်စီနှင့် ဖြစ်ကြသည်။ သူတို့ဝင်ဆန့်တွင်ကျယ်သော လောကအလွှာမှ လူ့သဘော၊ လူ့အထာ ကိုယ်စီနှင့်ပဲ ရှိတော့မှာပေါ့။ သူတို့အားလုံး၏  အတွင်းမနောကို မေမေက ဘယ်လို နား၊ မျက်စေ့တို့နှင့်  လိုက်သိနေနိုင်ပါ့မလဲ။ ဒါပေမယ့် တကယ် မသိသော အရာအားလုံးကို သိနေနိုင်သလို ထင်ယောင်မှားနေခြင်းက မေမေ့အား စိတ်ချမ်းသာစေခဲ့မည် ထင်ပါသည်။

“ငါ  … မမြတင်တို့နဲ့ ဘုရားဖူးလိုက်ချင်တယ်”
“ဟာ… မေမေ ရန်ကုန်က ပြန်ရောက်တာ ဘယ်လောက်ကြာသေးလို့လဲ ။ အေးအေးဆေးဆေး အိမ်မှာ နားပါဦးလား”
“ဘာဆိုင်လို့လဲ။ ရန်ကုန်သွားတာက ဆေးသွားပြတာပဲ ဥစ္စာ။ ခုက ဘုရားဖူးသွားမှာ”
“ဆေးပြရတာက တစ်ရက်၊ နှစ်ရက်ပဲလေ။ ရန်ကုန်အနှံ့ မေမေ လည်ခဲ့ရတာပဲ မဟုတ်ဘူးလား။ ရန်ကုန်က ဘုရားတွေရော မေမေ မဖူးရောက်ဖူးတာ ရှိသေးလို့လား”
“ခုက ရန်ကုန်ကို  မဟုတ်ဘူး။ ပုဂံဘုရားတွေ လိုက်ဖူးမှာ…”

                   မေမေ.. ခုလို ကျန်းကျန်းမာမာနှင့် လည်ပတ်သွားလာနိုင်နေတာ ၀မ်းသာစရာ ကောင်းလှပါသည်။ သို့ပေမယ့် မေမေ့ခရီးစရိတ်ကို စိုက်ထုတ်ပေးရန် သူမ မတတ်နိုင်တာမို့ မတားကောင်းမှန်းသိသိကြီးနှင့် ကဖျက်ယဖျက် လုပ်နေမိတာ ဖြစ်ပါသည်။ ပြီး… မေမေသွားမည့် ခရီးမှာ ခင်ခင်ဦးက အဖော်အဖြစ် မဖြစ်မနေ လိုက်ပါပေးရဦးမည်။ မေမေ့ကျန်းမာရေးက ရွှေတစ်နေ့၊ ငွေတစ်နေ့ မဟုတ်လား။ ဒါပေမယ့် မေမေက တစ်နေရာဆီ သွားချင်၊ လာချင်လျှင်တော့ ပေါ့ပါးလန်းဆန်းကာ နေကောင်းကျန်းမာနေပြန်တော့ပြီ။ ကျန်းမာရေးကို အကြောင်းပြ တားမြစ်လို့လည်း ဘယ်တုန်းကမှ မရတတ်ခဲ့တာ အတွေ့အကြုံတွေ များလှပြီ။

“ကျုပ် ညည်းဆီက ပိုက်ဆံ မတောင်းပါဘူး။ ခင်မော့်ကို ပြောထားတယ်”

                   ခင်မော်က သူမ၏အောက်က ညီမငယ်ဖြစ်သည်။ ယောက်ျားက အဝေးပြေးကားလုပ်ငန်းနှင့် ပြေလည်ကြွယ်ဝသည် ဆိုပါစို့။ မေမေပြောလျှင် ခင်မော်က လက်နှေးမည့်သူ မဟုတ်တာလည်း သေချာပါသည်။ ခင်မော်မှ မဟုတ်။ ခရိုင်တရားသူကြီး ခင်ဆွေရော၊ ၊ မြိုနယ် ဆန်ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ မောင်နေရော… မေမေ့အလိုကို အတတ်နိုင်ဆုံး သိတတ်ဖြည့်ဆည်းပေးနေကြတာ မေမေ့ သားသမီးကံ ကောင်းလှလို့သာ ဖြစ်သည်။ သို့ပေမယ့် သူတို့မှာလည်း သူတို့မိသားစုနှင့် သူတို့  အကြောင်းကိုယ်စီ ရှိနေနိုင်သေးသည် မဟုတ်လား။ အခွင့်အရေးဆိုတာ ရတိုင်း ယူကောင်းသော အရာမဟုတ်ဟု သူမက တွေးမိလေသည်။ စိမ်းသူကိုယ်စီကိုလည်း ထည့်တွက်ရဦးမည် ထင်သည်။

                   ပြီးခဲ့သောလကပင် မေမေက မျက်စိခွဲချင်သည်ဆိုသောကြောင့် မေမေ့သား အငယ်ဆုံး မောင်ဆန်းက ငွေပေးလိုက်သေးသည်။ မောင်ဆန်းသည်လည်း အောင်မြင်သော ရေလုပ်ငန်းရှင်တစ်ယောက်မို့ မေမေ တစ်ခွန်းပြောရုံနှင့် ငွေက လျှောခနဲထွက်လာခဲ့သည်ပင်။ ပြီး သည်တစ်ကြိမ်က မေမေ၏ ဒုတိယ အကြိမ်မြောက် ခွဲစိတ်မှုဖြစ်သည်။ ပထမအကြိမ် မျက်လုံးခွဲတုန်းက ခင်ဆွေက ငွေကြေးကုန်ကျခံခဲ့တာ ဖြစ်သည်။ သားသမီးတွေက မေမေလိုအပ်သမျှ အဆင်သင့်ရှိနေနိုင်သည်မို့လည်း မေမေက သူ့ကိုယ်ပေါ်မှ အနာရောဂါဟူသမျှ နည်းနည်းကလေးတောင် သီးမခံချင်။ ပြီး ဘယ်လို ဝေဒနာ အပယိက လေးပဲ ဖြစ်နေပါစေ… ရန်ကုန်ကိုသွားကာ အထူးကု သမားတော်နှင့်သာ ပြသ၊ စမ်းသပ်ခံလိုတာ ဖြစ်သည်။ ခရီးသွားဖို့တော့ မေမေ ဘယ်တော့မှ မကြောက်..။ ဖေဖေဆုံးပါးပြီးကတည်းက အငယ်တွေကို ခင်ခင်ဦးနှင့်ထားကာ  ခင်ခင်ဦးကိုသာ စီမံအုပ်ချုပ်စေပြီး  မေမေက တစ်မြို့မှ တစ်မြို့သို့ ကူးလူးသွားလာ၊ ရောင်းဝယ်ရှာဖွေရင်း သားသမီးတွေကို ယခု အခြေအနေအထိရောက်အောင်တင့်တင့်တယ်တယ်ထားနိုင်ခဲ့တာမဟုတ်လား။

“မြန်မာ ပြည်မှာ ငါ မစီးဖူးသေးတဲ့ ယာဉ်က လေယာဉ်ပျံပဲ။ ကျန်တာ အကုန် စီးဖူးတယ်။ တစ်ခါလောက်တော့ လေယာဉ်ပျံ စီးကြည့်ဖူးချင်တယ်”

                   ထိုသို့သော မေမေ ဖြစ်ပါသည်။ သို့သော် သန်မာပျိုရွယ်စဉ်ကတော့ အကြောင်းလား။ ခုက မေမေ့အသက် ခုနစ်ဆယ်တွင်း ၀င်နေပြီ။ မေမေ့ သမီးကြီး ခင်ခင်ဦးသည်ပင်  လေးဆယ့်ငါး ကျော်ခဲ့ပြီ။ သို့ပေမယ့် မေမေက သူ့အသက်ကို မကြာခဏ မေ့လျော့ထားလေသလား မသိ။ သူ့သားသမီးတွေဖြစ်သော ခင်ခင်ဦးတို့ အားလုံးကိုလည်း သူ…. စေရာအတိုင်း လိုက်ပါနာခံလေ့မြဲ ရင်ခွင်ပိုက်တွေအဖြစ် ထင်ယောင်နေဆဲပင်။

မေမေက အစားအသောက်၊ အနေအထိုင် ကျတော့လည်း မဆင်ခြင်နိုင်ပြန်။ သွေးတိုးအခံရှိပေမယ့် အဆီအဆိမ့်လည်း ရှောင်မည် မထင်နှင့်။ မျက်လုံးခွဲထားလည်းပဲ တစ်ပါတ်ကျော်လျှင် တီဗွီရှေ့မှာ ကိုရီးယားကား မော့နေတတ်တာဖြစ်သည်။ နည်းနည်းကလေးဖြစ်လာလျှင် ဆရာဝန်ထံပြလိုက်ရမှ ကျေနပ်သည်။ ရောဂါသက်သာသည် ထင်၏။

                   ခင်ခင်ဦးက အကျိုးအကြောင်းရှင်းပြကာ ချော့မော့ဖြောင်းဖျမိလျှင် ဓမ္မာသောက ဖြစ်ရတော့သည်။ ကျန် မောင်နှမတွေကလည်း…

“မေမေ့ကို မပြောပါနဲ့ မမဦးရယ်။ သူ စိတ်ချမ်းသာသလို နေပါစေ”

                   ခင်ခင်ဦးက မေမေ့အတွက် အလိုလို သားသမီးဆိုး စာရင်းဝင်ရတော့မလို ဖြစ်တော့လေသည်။

                   ခင်ခင်ဦး ဖြစ်စေချင်တာက လိုအပ်လွန်းမှသာ၊ သူတို့ထံမှ အကူအညီကို မဖြစ်မနေ ယူမှဖြစ်မည်ဆိုမှသာ ယူစေချင်သည်။ ခဏ.. ခဏ ပတ်သက်ယူငင်နေရတာမျိုးကို မနှစ်မြို့နိုင်ပါ။ ခု… ဘာမှ မဖြစ်သေးပေမယ့် နောက်တစ်ချိန်မှာ  ထောက်ပြပြစ်တင်စရာ ဖြစ်လာမှာစိုးရိမ်လှပါသည်။ ကိုယ်တိုင်က မှီခိုသူဘ၀ပဲမို့ ကိုယ့်ဘက်ကိုပါ ဦးလည်လာကြမှာ ပိုလို့ ပူပန်မိတာဖြစ်သည်။

                   ငယ်ရွယ်စဉ် မောင်နှမတတွေ တစ်စည်းတစ်လုံးထဲ ရှိကြစဉ်ကတော့ မေမေပြီးလျှင် ခင်ခင်ဦးပဲ လူကြီးဖြစ်သည်လေ။ ဖေဖေ ဆုံးပါးကွယ်လွန်ပြီးနောက် အားလုံးအပေါ် ခင်ခင်ဦး၏ သြဇာက မေမေထက်တောင် ပိုညောင်းခဲ့သေးတာ မဟုတ်လား။ တစ်အိမ်လုံး၏ စီးပွားရေးက မေမေ့တာဝန်ဖြစ်သလို ကျန်းမာရေး၊ လူမှုရေးမှစလို့ အရာအားလုံးသည် ခင်ခင်ဦး၏ တာဝန်ချည်းသာ။ သို့ပေမယ့် အဲသည်စဉ်တုန်းက ဘ၀ကို ခင်ခင်ဦးတစ်ယောက် ကျေနပ်နေပျော်ခဲ့ပါသည်။

                   ဆယ်တန်းအောင်ပြီးကတည်းက မူလတန်းပြ ဆရာမဖြစ်ခဲ့သော ခင်ခင်ဦးတစ်ယောက် စာပေးစာယူဖြင့် ဘွဲ့တစ်လုံးရပြီးနောက်မှာ အလယ်တန်းပြ ဆရာမရာထူးကို လက်မခံနိုင်ခဲ့ပေ။ ရာထူးတိုးလျှင် နယ်အပြောင်းအရွှေ့ ရှိသည် မဟုတ်လား။ အိမ်နှင့် ဝေးဝေးခွာဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါ။ ထို့ကြောင့် အိမ်နှင့် နီးနီးနားနား မူလတန်းကျောင်းကလေးမှာပဲ စာသင်နှစ် တစ်နှစ်ပြီးတစ်နှစ် ကျောက်ချကာ ဖြတ်သန်းလာခဲ့ရတော့တာ မောင်၊ညီမတွေ ဘွဲ့အသီးသီးရကြသည် အထိဖြစ်သည်။ ပြီး … အသီးသီး အလုပ်ဝင်ကြသည်။ အိမ်ယာကိုယ်စီ ထူထောင်ခဲ့ကြသည်။ နောက်ဆုံးတော့ မေမေနှင့် ခင်ခင်ဦးတို့ နှစ်ဦးတည်း အိမ်မှာကျန်ရစ်ခဲ့တော့သည်။

                   မေမေ အလုပ်လုပ်နိုင်စဉ်ကတော့ အခြေအနေအရပ်ရပ်က ဘာမှ မသိသာလှသော်လည်း မေမေ ကျန်းမာရေး ချွတ်ယွင်းကာ အလုပ် မလုပ်နိုင်သောကာလရှည်ကြာလာခဲ့လျှင်တော့ ခင်ခင်ဦးတို့၏ အခြေအနေ အရပ်ရပ်သည်လည်း တစစ ယိမ်းယိုင်လာခဲ့တော့ပြီ။ ပိုဆိုးသည်ကတော့ မေမေ့အား အနီးကပ် ပြုစုစောင့်ရှောက်ရန် ခင်ခင်ဦးတစ်ယောက် အလုပ်ထွက်လိုက်ရတာပဲ ဖြစ်သည်။

                   ခင်ခင်ဦး၏ သဘောအရသာ ဆိုလျှင်တော့ အလုပ်မှ မနုတ်ထွက်ချင်ခဲ့ပါပေ။ ကျောင်းဆရာ၊ ဆရာမတို့၏ အလုပ်သံယောဇဉ်ကို တခြားသူတို့ နားလည်နိုင်မည် မဟုတ်ပါ။ သူတို့ နားမလည်ကြလို့သာ မေမေ့အတွက် အိမ်အကူမိန်းခလေးတစ်ယောက် ခေါ်မည့် အစီအစဉ်ကို အားလုံး တက်ညီလက်ညီ ကန့်ကွက်ခဲ့ကြတာပေါ့။ သူတို့၏ အကြောင်းပြချက်ကတော့…

“သူတစိမ်းက သားသမီးအရင်းလောက် အားကိုးရပါ့မလား”

                   မေမေ့ကို တခြားသူနှင့် ပစ်ခတ်ထားဖို့ စိတ်မချနိုင်ပါဘူးဟု တညီတညွတ်တည်း လေသံပစ်ကြသည်။ မြားဦးက ခင်ခင်ဦးထံသို့ ဦးတည်ရည်ရွယ်နေကြတာ သိသာလှပါသည်။ ခင်ခင်ဦး ကိုယ်တိုင်ကလည်း မသိတတ်၊ မပြုစုချင်လို့မှ မဟုတ်ပဲ။ ကျောင်းအားချိန်တွေမှာ ခင်ခင်ဦး၏ အချိန်ပို အားလုံးကို မေမေ့အတွက် ပုံအောသုံးစွဲပေးနိုင်ပါသည်။ ဒါပေမယ့် ကျောင်းချိန်လေးမှာတော့ စာပြေးသင်ချင်သေးသည်။ ခင်ခင်ဦး၏ ဘ၀၊ ခင်ခင်ဦး၏ စိတ်က စာသင်ခန်းထဲမှာပဲ ရှိနေတာ မဟုတ်လား။

                   ဒါပေမယ့် မူလတန်းပြ ဆရာမ ဒေါ်ခင်ခင်ဦး၏ လစာဝင်ငွေက မေမေ့ကို ၀လင်ဆူဖြိုးစေမှာမဟုတ်။ ကျန်းမာရေးအတွက် ဆေးခန်းမှန်မှန် ပို့ပေးနိုင်ဖို့ မလွယ်။ ဆေးဝါးဓါတ်စာ ပြည့်စုံလျှံပယ်အောင် ထားပေးနိုင်စရာ အကြောင်းလည်း မရှိ။ ခင်ခင်ဦးတစ်ယောက် ဘယ်တုန်းကမှ မလိုချင်ခဲ့သော သူတပါးတို့၏ မှီခိုသူဘ၀သို့ နေ့ချင်းညချင်း ကူးပြောင်းခဲ့ရတော့တာ ခုပြန်တွေးလျှင် ခုထိ ၀မ်းနည်းနာကျင်ရဆဲဖြစ်ပါသည်။

                   ခင်ခင်ဦး နားလည်တာကတော့ ဘယ်အရာမှ အလကားမရဘူး ဆိုတာပဲဖြစ်သည်။ သူတို့အားလုံးက မေမေအတွက် လိုအပ်ပိုလျှံရုံမျှမက ခင်ခင်ဦးအတွက်ပါ မပူပန်ရအောင် ထောက်ပံ့ပေးကမ်းကြပါသည်။ ကျေးဇူးတင်ရပါ၏။ ဒါပေမယ့် ခင်ခင်ဦး၏ အတ္တနှင့် မာနတို့ တစ်နေ့ထက်တစ်နေ့ တတိတိ တိုက်စားခံ၊ လျော့ပါးလာနေတာကျတော့ ဘယ်လို ရင်းစား ပြန်ရဦးမှာမို့လဲ။

                   မေမေကလည်း အလုပ်မှ အနားယူခဲ့ပြီး တရှောင်ရှောင် ကျန်းမာရေး အခြေအနေမှာ ပိုလို့ ဇီဇာကြောင်လာသည်။ မေမေသည်လည်း တစ်သက်လုံး  ကိုယ့်ခြေ၊ ကိုယ့်လက် ချယ်လှယ်ကာနေခဲ့သူ မဟုတ်လား။ နေညိုချိန်က စောစီးခဲ့သည်ဟု အားမလိုအားမရ ရှိခဲ့မည်ပင်။ သားသမီးမျက်နှာ ကြည့်နေရသော ဘ၀ကို ပျော်ပိုက်နိုင်မည်လည်း မထင်။ သို့ပေမယ့် အားလုံးက ထောက်ပြပြစ်ရှာမရအောင် မေမေ့အပေါ် သိတတ်လိမ္မာနေခဲ့ကြပါသည်။ လူကိုယ်တိုင် ရောက်မလာနိုင်လျှင်သာရှိမည်။ မေမေ ဘာလိုသလဲဟု အမြဲမေးမြန် ဖြည့်ဆည်းမှု မပျက်။ ပြီး တစ်အိုးတစ်အိမ်စီ၊ တသီးတခြားနေကြသူတွေမို့ ရောက်တုန်းရောက်ခိုက် ခဏငယ် အချိန်တွေမှာတော့ မေမေ့အား အလိုလိုက် အကြိုက်ဆောင်နိုင်ခဲ့ကြသည်။ ။ မေမေပြောသမျှ နာခံကြသည်။ အလိုက်သင့် ခေါင်းညိတ်ယောင်ပြုကြသည်။ ထိုအခါ လက်ပွန်းတတီးနေသော ခင်ခင်ဦးသည်သာ မေမေ့ပစ်မှတ် ဖြစ်လာရတော့သည်။

“ညည်းကိုများ အားမကိုးသေးဘူး”
“မေမေက မေမေ့ သားသမီးတွေ အားကိုးရှိတာကိုး”

                   မေမေက သားသမီးတွေ ပံ့ပိုးနိုင်ကြတာကို ဂုဏ်ဖော်ပြောရင်း ခင်ခင်ဦးအား ခပ်နှိမ်နှိမ် ဆက်ဆံတတ်လာသည်ဟု  ခံပြင်းဝမ်းနည်းလျှက် နာကျင်ကြေကွဲ မဆုံးတော့ပြန်။

                   သူတို့ကတော့ ခင်ခင်ဦးအား ကျေးဇူးတင်စကားပြောဖော်ရကြပါသည်။

“မမဦးတစ်ယောက် ရှိနေလို့သာပဲ”

                   ဒါပေမယ့် အချိန်တန်တော့လည်း ပေးကမ်းပံ့ပိုးနိုင်သူတွေက ပေးကမ်းရတာနှင့်ထိုက်တန်သော ၀င့်ဝါမှုတွေကို တလှစ်လှစ် ပြသလာကြတာပါပဲ။

“တော်တန်ရုံ ကိစ္စနဲ့တော့ မမှာပါနဲ့ မမဦးရယ်။ တို့တွေလည်း အားကြတာ မဟုတ်ဘူး”
“ရှင်တို့ရဲ့ မာတာမိခင်ကိုယ်တိုင်က အမှာတော် စေလို့  မှာရတာပါရှင့်။ လူကြီးမင်းတို့ မအားလပ်ကြတာလည်း ကျွန်တော်မျိုးမ သိပါတယ်”

                   အဲဒါက ခင်ခင်ဦးဖြစ်သည်။  ကိုယ့်စိတ်နှင့်မတွေ့လျှင် စကားကို အဆင်တန်ဆာတွေ ထုံမွမ်းကာ အငေါ်ကလေးတူးလိုက်ရမှ..။

“တွေ့ချင်တာက ငွေလို လို့မဟုတ်လား။ လိုတဲ့ငွေ လာယူလိုက်ပေါ့ဗျာ..”

                    ထောင်းခနဲ ဒေါသထွက်သွားသည်။

“ငွေအတွက် သက်သက် မှာရပါတယ်လို့တော့ ကျုပ်ကို မပြောဘူး။ ကျုပ်ကလည်း အဲလို မထင်မိဘူးလေ။ ရှင်တို့ကတော့ ကိုယ်တိုင် သားသမီး မွေးထားကြတာဆိုတော့ ပိုသိမှာပေါ့”

                   ထိုစကား၊ ထိုလေသံတွေကြောင့် ခင်ခင်ဦးအား သူတို့ မေတ္တာမပျက်ကြသည့်တိုင် အနည်းငယ်တော့ စိတ်မှာ မျက်ရှ ငြိုငြင်ချင်ကြမည် ထင်ပါရဲ့။ ခင်ခင်ဦးကတော့ မမှုပါ။ မသဒ္ဒါရင် လာ မကျွေး၊ မပေးကြနဲ့။ စကားတော့ နည်းနည်းမှ တင်စီးမလာနဲ့။ ခက်တာက မေမေပဲ ဖြစ်သည်။

“ညည်းကတပြန် အကြောကြီးနဲ့……”
“ခင်ဦးက သူတို့ကို အလျှော့ပေးရမှာလား။ လာသမျှလူကို လက်ညှိုးထောင်၊ ခေါင်းညိတ်နေရတော့မှာလား။ ဝေးသေး….”
“ညည်းလည်း သူတို့ကို အမှီခို ကင်းလို့လား”

                   မေမေစကားက ခင်ခင်ဦးကပဲ အစွမ်းအစမဲ့သောကြောင့် မောင်၊ ညီမတွေထံမှာ လက်ဖြန့်ခံကာ မျှော်ကိုးစားနေရသည့် အဖြစ်သို့ ရောက်စေတော့သည်။

“ အဲဒါ… မေမေ့ကြောင့် မကင်းနိုင်သေးတာလေ”

                   မေမေက ရှုတ်ချဟန် မဲ့ရွဲ့ပြသည်။

“ငါသာသေသွားရင် ညည်းတော့ မလွယ်ဘူး”

                   မေမေဆိုလိုတာက မေမေ့မျက်နှာနှင့် ၀ိုင်းဝန်းပေးကမ်းထောက်ပံ့နေကြလို့သာ ခင်ခင်ဦး၏ဘ၀ လူနေလှရသည်ဟု ပြောနေသယောင်။ မဆိုစကောင်း မေမေ အရိုက်အရာလွဲလျှင် ရနေကျ ဖြည့်ဆည်းပံ့ပိုးမှုတွေဟာ မရနိုင်တော့ဘူးပေါ့။ ခင်ခင်ဦးကလည်း ထိုအကြောင်းအရာတို့ကို ကြိုမတွေးတတ်သည့် အနုံမဖြင့် မဟုတ်ပဲ။ ဒါပေမယ့် မေမေက ခင်ခင်ဦးကို အထင်မကြီးတတ်တော့တာ ကြာလှပေါ့။ မေမေ အထင်ကြီးတာ၊ အားကိုးတာက လိုအပ်တောင့်တသမျှ အချိန်မဆိုင်းပဲ ဖြည့်ဆည်းစွမ်းဆောင်နိုင်ကြသူတွေကို ဖြစ်သည်။ တစ်ခါတစ်ရံ ခင်ခင်ဦးတစ်ယောက် မေမေ့ကွယ်ရာမှာ မျက်ရည်ခိုးကျရသည်။          

                   မေမေ့ရဲ့ ညရေးညတာ၊ ချေးသေးကစလို့ ကရိကထခံပြုစုပေးနေတာ ခင်ခင်ဦး မဟုတ်ဘူးလားမေမေရယ်။   မေမေ့သားသမီးတွေက  လာသည့်အခိုက်၊ သွားသည့်အခိုက်ကလေး မေမေ့အား အလိုက်သင့် ပြောပေး၊ ခေါင်းညိတ်ပေးသွားကြတာ။

“မမဦး။ မေမေ့ကို ဂရုစိုက်ပါနော်။ လိုတာရှိလည်း ပြောပါ”

                   ပြောပြီး ပြန်ကြတော့ မေမေက လွမ်းကျန်ရစ်တော့သည်။ ခင်ခင်ဦးကတော့ မေမေ့ အနွံတာ၊ ကရိကထမှန်သမျှ မညည်းမငြူ ဖြည့်စွမ်းပြုစုပေးရင် တစ်ခါတစ်ရံ စကားအခန့်မသင့်သော အကြိမ်ရေတွေလည်း များစွာရှိခဲ့ဖူးတာပေါ့။

“ငါမွေးထားတဲ့ အထဲမှာ ညည်း အကြီးဆုံး။ ညည်း အမိုက်မဲဆုံး”

                   ထိုစကားက အငယ်တွေ နားထိတိုင် ပေါက်ကြားသွားသောအခါ မမဦးက မေမေ့ကို စိတ်ချမ်းသာအောင် မထားဘူး ဟု ငြူစူချင်ကြပြန်သည်။

“ဒါဆိုလည်း တစ်ပါတ်တန်သည်၊ တစ်လတန်သည် ခေါ်ထားပြုစုဖို့ စိတ်ကူး ၀င်ကြည့်ကြပါလား”

                   သူတို့ မေမေ့အား ခေါ်ထားဖော်ရကြပါသည်။ ဒါပေမယ့် မေမေကိုယ်တိုင်က ဧည့်သည်နေ၊ ဧည့်သည်စားထက်ပိုကာ ရက်ပိုင်းမျှပင် မနေနိုင်ခဲ့တာ ဖြစ်ပါသည်။

“အလျှံပယ်တော့ နေရ၊ စားရပါရဲ့ဟယ်။ ဒါပေမယ့် ငါနဲ့ နာရီဝက်ပြည့်အောင်တောင် စကားမပြောနိုင်ကြပါဘူး။ သူတို့ကိုကြည့်ရင်း မူးနောက် မောဟိုက်နေတာပဲ။ ငါ့မှာ ဆေးလေးသောက်ချင်လို့တောင် ရေတစ်ဖန်ခွက် ယူလာပေးမယ့်သူ မရှိဘူး”
“ခိုင်းထားတဲ့ ကောင်မလေးတွေက လုပ်မပေးဘူးလား”
“မေးရှာကြပါတယ်။ မေမေကြီး ဘာလုပ်ပေးရလဲ ဆိုပြီး…။ နေပါစေလို့ ပြောလိုက်တယ်။ ခိုင်းချင်ပါဘူး။ သူတို့က ကိုယ်မွေးထားတာတွေမှ မဟုတ်ပဲ”

                   သူ့သားသမီး၊ မြေး၊မြစ်တွေနှင့် သိုက်သိုက်ဝန်းဝန်းနေချင်ရှာသော မေမေ့ဆန္ဒကို နားလည်ရပါသည်။ သို့ပေမယ့် သူတို့မှာလည်း မေမေ့ထက် ပိုမို အရေးကြီးသော အကြောင်းအရာတွေ ကိုယ်စီရှိနေကြတာဆိုတော့ အချိန်မပေးနိုင်ကြဘူး ထင်ပါသည်။

                   သည်ဘက်နှစ်ကာလတွေမှာတော့ ခင်ခင်ဦးတစ်ယောက်လည်း မေမေ့နှယ် သွေးတိုးတတ်ခဲ့ပြီ။ မေမေထက်ပိုတာကတော့ သွေးချိုပါ တက်တတ်လာခဲ့တာ ဖြစ်ပါသည်။ ကိုယ်နေမကောင်းလျှင် မိမိကိုယ်ကိုယ်ထက် မေမေ့အတွက် နောက်ဆန်ငင်ရ၊ ပူပန်ရတာလည်း ခင်ခင်ဦး၏စိတ်ကို ပို၍ နုံးညစ်မောပမ်းစေပါသည်။

“ညည်းကလည်း  ဒီအသက်အရွယ်နဲ့ ရောဂါထူလိုက်တာ”

                   တဖျစ်တောက်တောက် ဆီမန်း မန်းနေပြန်သော မေမေ့အား…

“ခင်ဆွေတို့ အိမ်မှာ ခဏ သွားနေပါလား မေမေရယ်။ ဒါမှ မဟုတ်လည်း ခင်မော်တို့ အိမ်…”
“သွားနိုင်ပါဘူးဟယ်။ သူများအိမ်မှာ သွားနေရအောင် ကျုပ်မှာ နေစရာ မရှိလို့လား”
“ခင်ဦးနေမကောင်းလို့ပါ မေမေရယ်။ မေမေ့ ဝေယျာဝစ္စတွေ ခင်ဦးမှ လုပ်မပေးနိုင်တာ..”

                   လမ်းထဲက မိန်းခလေးတစ်ယောက်ကို မေမေ  ဘယ်အချိန်ကတည်းက ခေါ်လာနှင့်ခဲ့သည် မသိ။

“ညည်းနေကောင်းတဲ့ အထိ နေ့တိုင်း လာကူညီပေးဖို့ ပြောထားပြီးသား”

                   ခင်ခင်ဦးအနားမှာ နဖူးလာစမ်းလိုက်၊ လက်ကလေးတွေ လာကိုင်ကာ ထွေးဆုတ်ပေးလိုက် လုပ်နေရင်း…

“မေမေသိပါတယ် ခင်ဦးရယ်။ ညည်းတို့အားလုံးကို မေမေမွေးထားတာပဲ”

                   အပ်ကြောင်းထပ် စကားတွေကို မေမေဆိုဦးတော့မည်ဟု ခင်ခင်ဦးက  စိတ်မောသွားရဆဲ…

“မေမေ့ သားသမီအားလုံး သိတတ်လိမ္မာ ကြပါတယ်။ မေမေ ၀မ်းသာဂုဏ်ယူပါတယ်။ ဒါပေမယ့် ညည်းတစ်ယောက်ကလွဲရင် မေမေ ဘယ်သူနဲ့မှ ကြာကြာမနေနိုင်ဘူး”

                   မမျှော်လင့်သော ထိုစကားကြောင့် နှုတ်လှန်ရန်စွာရန် အသင့်ပြင်ထားသော ခင်ခင်ဦးတစ်ယောက် ဆွံ့အ လို့သွားရသည်။

                    သည်တစ်ကြိမ်မှာတော့ မေမေ့ ဟန်ပန်မူယာတို့က အခါများစွာတို့နှင့် ခြားနားလျှက် နူးညံ့တည်ကြည်စွာ။ ခင်ခင်ဦးအပေါ် ကရုဏာဖြင့် သိမ်မွေ့ညံ့သက်စွာ…။ ပြီး…. ရေလဲသုံးနေကျ မေမေ့ စကားတစ်ခွန်းကြောင့် အခါများစွာတွေတုန်းကလို မခံချင်စိတ်တွေ ရုန်းကြွမလာပဲ ခင်ခင်ဦးတစ်ယောက် ၀မ်းပန်းတနည်း မျက်ရည်လည်ချင်လာသည်။  

“ငါမရှိရင် ညည်းလည်း မလွယ်ဘူးနော်”
  



       

Sunday, December 11, 2011

ရောင်းစားခြင်း


                    အားလာ လား…။ နာလိုက်တာဗျာ။ အဲဒီမိန်းမ လုပ်လိုက်ရင် ဒီလိုချည်းပဲ။ လက်ကို ဆေးလူး၊ ပတ်တီးစည်းတာလောက်ကို လူသတ်နေသလား မှတ်ရတယ်။
                   ကျုပ်… စိတ်တွေ တိုလိုက်တာ။ ဒဏ်ရာတွေကနာ..၊ ဖြစ်ပြီးသမျှကို တရိပ်ရိပ်ပြန်တွေးပြီး တနုံ့နုံ့ ဒေါသတွေက အလိပ်လိုက်တက်။ ဒီကြားထဲ မိန်းမက အပြုစု မကျွမ်းကျင်၊ မငြင်သာတော့ ကျုပ်ဒေါသတွေက အနီးဆုံးမှာ ရှိနေတဲ့ သင်းအပေါ်ပဲ ပုံကျရတော့တာပဲ။
              သင်းကတော့ ကျုပ်ရဲ့ ရှူးရှူးဒိုင်းဒိုင်း အကျင့်တွေနဲ့  တစ်သက်လုံး ရင်းနှီးယဉ်ပါးလာခဲ့သူဆိုတော့ ထူးပြီး နာရကောင်းမှန်းလည်း မသိတတ်တော့ဘူးထင်ပါရဲ့။ ထုံးစံအတိုင်း မျက်စောင်းတစ်ချက်ကို ပစ်ကျွေးရင်း အနားကနေ ဆောင့်ဆောင့်အောင့်အောင့် ထ,ထွက်သွားတော့တယ်။ ကျုပ်ကလည်း မကုန်နိုင်၊ မပြေနိုင်သေးတဲ့ ဒေါသ လက်စတွေနဲ့ သူနောက်ကျောပြင်ဆီ စောင်းစောင်းမဲမဲ လိုက်ကြည့်နေရင်း ဒဏ်ရာရထားတဲ့ လက်တစ်ဖက်ကို အမှတ်တမဲ့ လှုပ်ရမ်းလိုက်မိတော့……
အား…။ အသည်းခိုက်အောင် နာနေတုန်းပဲဗျို့။
                   လက်က ဒဏ်ရာတွေထက် ပိုဆိုးနေတာက ရင်ထဲကအနာပဲ။ ခက်တာက ကျုပ် ရင်တွေနာနေရပါတယ် ဆိုတာကို ဘယ်သူကမှ စာနာနားလည် မပေးနိုင်ကြတာပဲ။ အိမ်က မိန်းမတောင် ကျုပ်ကို တမဲတရွဲ့ အပြစ်တင်ချင်နေသေးတာပါ ဆို။
“ရှင်ကလည်း ရှင်ပဲ ”
“ဟာ.. မင်း ပါးစပ်ပိတ်ထားစမ်း။ ဘာမှမသိ၊ နားမလည်ပဲ သောက်တလွဲ…”
                   ဘာတစ်ခွန်းမှ နှုတ်က ထွက်မလာတော့ပေမယ့် စိတ်ထဲမှာတော့ သူ့ အထင်အတွေးတွေ ပြောင်းလဲမသွားသေးတာ စူအောင့်အောင့် အမူအယာတွေက သက်သေခံနေတာပေါ့။ ဆက်ပြောမနေတော့ဘူး။ ပြောရမယ်ဆိုရင်လည်း ကိုယ့်ပတ်ဝန်းကျင်က ရှိသမျှလူတွေ အားလုံးကို တစ်စုတစ်ဝေတည်း ခေါ်ပြီး သတင်းစာရှင်းလင်းပွဲ လုပ်ရဖို့သာ ရှိတော့တာလေ။ ကျုပ်က တစ်ဖက်သားကို မနာလို တိုရှည်စိတ်နဲ့ ရန်စစော်ကားပြီး ထိုးကြ၊ ကြိတ်ကြရပါတယ် ဆိုတဲ့ စကားက ခုလောက်ဆို.. ဈေးတစ်ဈေးလုံးမှာ တောမီးလို ပျံ့နေလောက်ပြီ မဟုတ်လား။ ထွီ..။
                   ရလာတဲ့ ဒဏ်ရာတွေရဲ့ အရှိန်နဲ့ တစ်ကိုယ်လုံး ရှိန်းဖိန်းပြီး ကိုယ်တွေလက်တွေ နာကျင်ခိုက်ခဲလာတယ်။ မိန်းမက နဖူးပေါ်လက်တင်ရင်း ကိုယ်ပူစမ်းတယ်။ ၀ရုန်းသုန်းကားဖြစ်ပြီးကတည်းက ဆိုင်လည်း ဆက်မထိုင်နိုင်တော့ပဲ အိမ်တန်းပြန်လာ၊ ဆေးတစ်ခွက် သောက်ထားပြီးသားပေမယ့် နောက်ထပ်တစ်ခွက်  ထပ်သောက်ထားလိုက်တယ်။ ရေနွေးပူပူ နှစ်ခွက်၊သုံးခွက် ဆင့်သောက်ပြီး စောင်ခေါင်းမြီးတင်းတင်းခြုံ အိပ်ပစ်လိုက်ဖို့ ကြိုးစားတယ်။ အိပ်ပျော်သွားရင်တော့ အနာအကျင်တွေ ခဏလောက် လျော့သွားနိုင်ကောင်းပါရဲ့။ ဒါပေမယ့် အိပ်မပျော်နိုင်ပါဘူး။ လက်ကောက်ဝတ်နဲ့ လက်ဆစ်ကလေးတွေမှာ တဆစ်ဆစ်၊ တဖျဉ်းဖျဉ်း..။ နံနက်က အကြောင်းတွေ ခေါင်းထဲ အစီအရီပြန်ပေါ်လာတော့ ဒေါသတွေ တရိပ်ရိပ်တက်လာပြန်ရင်း တလူးလွန့်လွန့် ဖြစ်နေရပြန်တော့တယ်။
                   တက်တစ်ချက် ခေါက်မိပြန်တယ်။ စိတ်ထဲကပါ။ လက်သီးတစ်လုံးပဲ ပစ်ကျွေးလိုက်နိုင်ခဲ့တာ စိတ်မကောင်းဘူး။ တကယ်ဆို ဒီလိုကောင်မျိုးကို မျက်ခွက်ကြီး စုတ်ပြတ်သတ်သွားအောင်ကို လုပ်ပစ်ခဲ့ရမှာ..။ လုပ်မလို့ပဲ။ အနားက အမြင်မတော်တဲ့သူတွေ ၀ိုင်းဆွဲကြလို့ စိတ်ရှိလက်ရှိ မကျဲလိုက်ရတာ။ ဒီကောင့်မျက်ခွက်ကို မိမိရရ မထိုးလိုက်ရတော့ ဒေါသက တယ်မပြေဘူး။ အဲတော့ နီးစပ်ရာ ဈေးဆိုင် ကြမ်းခင်းကိုပဲ ထိုးချပစ်လိုက်ရတယ်လေ။ အေးရော…။ အဲဒီ အချိန်တုန်းကတော့ ဒေါသတွေနဲ့ မွှန်ထူနေတာကိုး။ နာကျင်ရမှန်းလည်း မသိခဲ့ဘူး။ ခုမှ.. နည်းနည်း သွေးအေးသွားမှ ပေါက်ပြဲစုတ်ပြတ်လာခဲ့တဲ့ ဒဏ်ရာတွေက နာပြီး လက်အဆစ်တွေက ရောင်ကိုင်း ကိုက်ခဲလာတော့တာ..။
                   ကျုပ်က သင်းလို ကောင်ကို မနာလိုစရာလား။ ပြောပြန်ရင်လည်း ကိုယ့်ဂုဏ်ကိုယ့်ဖော်ရာ ရောက်ဦးမယ်။ ဒီဈေးထဲမှာ မေးကြည့်လိုက်ပါဦး။ တစ်ချိန်က ရာဇာငုံးဥဆိုရင် ကလေးကအစ၊ ခွေးပါမကျန်သိတယ်လို့တောင် ပြောလိုက်ချင်တယ်။ ရာဇာနေ၀င်း နာမည်ကြီးခဲ့တဲ့ တစ်ခေတ်မှာ ဆံပင်ကို နောက်ကကြည့်ရင် ကတုံးသာသာ၊ ရှေ့ဘက်မှာ ရှည်ရှည်မျှင်မျှင်လေး ဆွဲချ။ တရုပ်တီရှပ်ပေါ် ရှပ်လက်တိုကွက် တစ်ထည်ထပ်ဝတ်ပြီး ဂျင်းဘောင်းဘီ ဖင်ကျပ်နဲ့ စတိုင်ထွားခဲ့တဲ့ ရာဇာငုံးဥဆိုတာလည်း ဟော့ဖြစ်ခဲ့ဖူးတာပဲ။  အဲဒီ အချိန်တုန်းက အဲဒီအကောင် စားကျက်ပျောက်ပြီး ခွက်မှောက်နေရတဲ့ အချိန်လေ။ ရာဇာငုံးဥတို့က ဒီဇိုင်းသစ်နဲ့ ဈေးကွက်ကို ထိုးဖောက်ပြီး နေ့ချင်းညချင်း တွင်ကျယ်လာခဲ့တာ။  နံနက်ပိုင်း ဈေးထဲမှာ လည်ရောင်းတယ်။ နေ့လည်နဲ့ ညနေခင်းတွေမှာ မြို့ထဲ ပတ်ရောင်းတယ်။ တစ်မြို့လုံးက ကလေးတွေဟာလည်း ငုံးဥပြုတ်စားချင်ရင် ရာဇာငုံးဥဆီကပဲ စောင့်ပြီး အားပေးခဲ့ကြတာ။ ကျုပ် ငုံးဥတွေက လတ်ဆတ်တယ်။ အားရှိမယ်။ ပြီး… ငုံဥပြုတ်စားရင်း သူတို့ရဲ့ ခရေဇီ ရာဇာ့စတိုလ်တွေလည်း ကြည့်ရ၊ ရယ်မောရမယ်လေ။
                   နောက်တော့ ငုံးဥက ဒိုင်မှာ ပြတ်တာလပ်တာ ရှိလာတော့ နေ့တိုင်းပုံမှန် မရောင်းရတော့ပြန်ဘူး။ တခါတစ်လေ ဆယ့်လေးငါးရက်လောက် အကြာကြီး ကုန်ပြတ်နေတာမျိုးလည်း ကြုံရတတ်ပြန်တော့ ဈေးကွက်က မခိုင်တော့ဘူး။ အဲဒါနဲ့ မိန်းမရောင်းတဲ့ ဘုရားပန်းတွေကို ကူရောင်းပေးရင်း မြို့ထဲကို ဆိုက္ကားတစ်စီးနဲ့ လည်ရောင်းဖြစ်သွားတယ်။
“ကဲ.. ပန်း ပန်းတိမ်မနိုင်တွေ လတ်တယ်နော်။ ၀ယ်ရင်ရောင်းတယ်။ တောင်းရင်ပေးတယ်”
“တောင်းရင် ကိုရာဇာကြီးက တကယ်ပေးမှာလား”
                   ငုံးဥပြုတ် ဖောက်သည်ဟောင်းတွေက တပြန် ကျီစယ်ကြတယ်။
“တကယ်ပါ။ အတည်ပြောတာပါ။ ကျွန်တော်.. ရာဇာပြောတာတော့ ဟုတ်ပါဘူး”
                   သူတကာထက် ပိုရောင်း ခဲ့ရပြန်တာပဲ။ ဆိုလိုတာက ဒီမြို့ကလေးမှာ ရာဇာ့အတွက် ရောင်းကုန်မရှားသလို ရောင်းကွက်လည်း မရှားပါဘူး။ တစ်မိသားစုလုံးကို တစ်သက်လုံး ဈေးရောင်းပြီး မချမ်းသာသော်လည်း ၀မ်းဝ၊ ခါးလှအောင် ထားနိုင်ပါတယ်။
ဆယ်တန်းကို တဖုန်းဖုန်းကျပြီး အိမ်ထောင် အစောကြီးကျ။ ကလေးတွဲလောင်းနဲ့ အလုပ်လက်မဲ့ အဲဒီကောင်ကို ဒီစားကျက်မှာ ရေကြည်ရှာပေး၊ မျက်နုကျွေးခဲ့တာလည်း ကျုပ်ပဲ။ ဆွေရိပ်မျိုးရိပ်လည်း မကင်းတော့ အမြင်မတော်ဘူး မဟုတ်လား။
အစက အဲဒီ ယောင်ခြောက်ဆယ်ကောင်ကို ဈေးထဲမှာ ဆိုင်နေရာရှာပေးပြီး  ပရိတ်၊ ပဋ္ဌာန်းနဲ့ ဘုရားရှိခိုး စာအုပ်ကလေးတွေ၊ ဗေဒင်၊  မာတြာ၊ အိပ်မက်တိတ္တုံ စာအုပ်ကလေးတွေ၊ ကြီးပွားရေးလမ်းညွှန်တို့ အပျို၊ လူပျိုလမ်းညွှန်တို့လို စာအုပ်ပါးလေးတွေ၊ ပုံတော် အိပ်ဆောင်ကလေးတွေ ရောင်းစေခဲ့တာ။ နောက်တော့ ဝေါရှိတို့၊ ပြက္ခဒိန်တို့၊ မဂဇင်း၊  ဂျာနယ် အဟောင်းတို့ အပြင် ဘုရားကား၊ နတ်ကား မှန်ဘောင်လေးတွေပါ ရောင်းခိုင်းပြန်ရော..။ သူ့ ရောင်းကုန်တွေက ဈေးဝယ်ခပ်ကျဲကျဲပေမယ့် ရောင်းရတဲ့ တမည်ချင်းအပေါ်မှာ လည်ဝယ်ရင် လည်ဝယ်သလို အမြတ်များများ တင်လို့ရတယ်။ ၀ါဝင်၊ ၀ါထွက်မှာ ၃၇ မင်းနတ်ပုံတော် မှန်ပေါင်ကားတွေ ရောင်းရတယ်။  ဘယ်ဆရာတော်ကြီး နာမည်ကြီးလို့ဆိုရင် အဲဒီ ဆရာတော်ကြီးရဲ့ပုံတော်၊ ပိုစတာတွေ ရောင်းမလောက်တော့ဘူးပဲ။ တစ်နှစ်ဆန်းရင်၊ မင်းသား၊ မင်းသမီးအသစ် နာမည်ကြီးရင်လည်း ပြက္ခဒိန်တွေ အ၀ယ်လိုက်ပြန်တာပဲ။  ပုံတော်၊ ပိုစတာ အသစ်ထွက်တိုင်းလည်း လက်ပွေ့ပြီး သင်္ဘောဆိပ်တွေ ဆင်းရောင်းခိုင်းတယ်။ မြို့ထဲ လှည့်ရောင်းခိုင်းတယ်။
သူ့လည်း ပြောရတယ်။ လမ်းဘေးမှာ ရောင်းရတယ်ဆိုပေမယ့် ဆိုင်ခင်းတဲ့အခါ မော်ဒယ်တွေ၊ မင်းသမီးတွေနဲ့ ဆရာတော်ကြီးတွေရဲ့ ပုံတော်တွေကို တသီးတခြားစီ       ခင်းဖို့..။ ဘုရားကားတွေ၊ ဆရာတော်ကြီးများရဲ့ ပုံတော်တွေကို အမြင့်တစ်နေရာမှာ မြင့်မြင့်မြတ်မြတ်ကလေးထားပြီး ကြည်ညိုဖွယ်ရာဖြစ်အောင် ခင်းကျင်းချိတ်ဆွဲပါ။ ပုံတော်တွေကို ရောင်းစားတယ် သဘောမထားပဲ ကုသိုလ်မျှတယ် သဘောထားပါ။ အဲဒီအတွက် သူတို့က ကိုယ်ကို သဒ္ဒါကြေးပြန်ပေးခဲ့တယ်လို့ မှတ်ပါ။ ကိုယ့်အိမ်မှာ ပြန်သိမ်းရင်တောင် ခေါင်းရင်းခေါင်းဖျားမှာ ရိုရိုသေသေ သိမ်းပါ။ အထပ်ထပ်မှာဖူးတယ်။ အကြိမ်ကြိမ် ရှင်းပြခဲ့ဖူးတယ်။ နောင်တစ်ချိန်မှာ ကိုယ့်ဆိုင်ကို နိဗာန်ကုန်ဆိုင်လေးဖြစ်လာအောင် တဖြည်းဖြည်း တို့ချဲ့ ပြောင်းလဲယူ ဖို့လည်း လမ်းကြောင်းချပေးခဲ့တာပါ။  အဲဒီ အချိန်တုန်းကတော့..
“စိတ်ချပါ။ အစ်ကို ပြောသလိုပဲ ဘုရားခန်းရှေ့မှာ ခုံကလေးနဲ့ ပိတ်စဖြူလေး ခင်းတင်ထားပါတယ်။ ညတိုင်းလည်း ဆရာတော်ကြီးတွေကို ရည်မှန်းပြီး ပန်း၊ရေချမ်းနဲ့၊ အမွှေးနံ့သာနဲ့ ပူဇော်ပြီး ရည်မှန်းကန်တော့ပါတယ်..”
“ကောင်းတယ်။ မင်း..တစ်သက်လုံး ထမင်းမငတ်တော့ဘူး။ ငါပြောရဲတယ်”
                   သူရောင်းတဲ့ စာအုပ်တွေကို သူကိုယ်တိုင် ဖတ်ဖြစ်ဖို့လည်း တိုက်တွန်းရသေးတယ်။ စာအုပ်ဆိုတာမျိုးက ဘယ်လို အမျိုးအစားပဲ ဖြစ်ဖြစ် ယူတတ်ရင် ရတာပဲ မဟုတ်လား။ ကိုယ်က စာအုပ်ရောင်းစားနေတာဆိုတော့ ပိုတောင် ဖတ်သင့်သေးတယ်။ ဈေးဝယ်သူကို ခြေခြေမြစ်မြစ်ကလေးရှင်းပြပြီး ဆွဲဆောင်ရောင်းနိုင်ရင် ပိုရောင်းမကောင်းပေဘူးလား။ သူတို့ကမှ အတန်းပညာ သင့်သင့်တင့်တင့် သင်ခဲ့ရ၊ တတ်ခဲ့ကြရသေးတယ်။ ကျုပ်တို့မှာ အတန်းပညာရယ်လို့ ဟုတ်ဟုတ်ငြားငြား မသင်ခဲ့ရပါဘူး။ အမေ၊ အဖေကိုငဲ့၊ ညီ၊ ညီမတွေကို သက်ညှာရင်း အလယ်တန်းတောင် မကုန်ခင် ကျောင်းထွက်ခဲ့ရတာပဲ။ ဒါပေမယ့် ပညာသိနဲ့ သညာသိကို ကျုပ် ခွဲခြားသိလာနိုင်ခဲ့တာ စာအုပ်တွေ ဆက်ဖတ်လာခဲ့လို့ပေါ့။ အဲတော့ ကိုယ့်အတွေ့အကြုံနဲ့ ယှဉ်ပြီး သူ့ကိုလည်း စာဖတ်ဖို့ တိုက်တွန်းရတယ်။ လူဆင်းရဲတာ အားငယ်စရာ မဟုတ်ဘူး။ အသိ မဆင်းရဲစေနဲ့။ အသိမဆင်းရဲရင် လူဆင်းရဲတာလည်း မကြာရှည်ဘူး လို့ အားပေးရတယ်။
                   ကိုယ်ရည်သွေးတာတော့ မဟုတ်ပါဘူး။ ကျုပ်ဆိုရင် ငုံးဥပြုတ်ရောင်းခဲ့တုန်းကလည်း သူတကာထက် ချွန်အောင် ရောင်းခဲ့တာပဲ။  ငုံးဥ အဆင်မပြေတော့ ချက်ချင်း ဘုရားပန်း ပြောင်းရောင်းတယ်။ ဘာဖြစ်သေးလဲ။ ဘုရားပန်းလည်း အကြာကြီး ရောင်းဖို့ မရည်ရွယ်ခဲ့ပါဘူး။ ကျုပ်တို့ အသက်တွေကြီးလာ။ သားတွေ ၊သမီးတွေ အရွယ်ရောက်လာတဲ့ အချိန်မှာကိုယ်ပိုင် လုပ်ငန်းလေးတစ်ခုတော့ အခြေတကျ ရှိနေနိုင်ဖို့ ကျုပ်တွေးထားပြီးသား။ ကျုပ် မြန်မာဆေးဈေးကွက်ကို အဲဒီ အချိန်ကတည်းက တစေ့တစောင်း လေ့လာနေခဲ့တာ။ စာအုပ်တွေလည်း ဖတ်ရင်းနဲ့ပေါ့။ ဘယဆေးလောကဟာ ဒီဘက်နှစ်တွေမှာ တိုးတက်ပြောင်းလဲလာနေတယ်။ အိမ်တွင်းလုပ်ငန်းငယ်ကလေးတွေအဖြစ်ကနေ စက်တွေသုံးပြီး ထုတ်လုပ်၊ ဈေးကွက်ချဲ့ထွင်လာနေတာ၊ တီဗီမှာ ၊ ရေဒီယိုနဲ့ မဂဇင်း၊ သတင်းစာတွေ၊ ဂျာနယ်တွေမှာ အပြိုင်အဆိုင် ကြောငြာနေကြတာ သတိထားမိခဲ့တယ်။  ပြပွဲတွေ ကျင်းပနိုင်နေတာလည်း ကြားသိနေခဲ့ရတယ်။ လူတွေကလည်း ဘယဆေးအပေါ် ယုံကြည်အားကိုးပြီး သုံးစွဲမှုတွေ တစ်နေ့တခြား တိုးပွားလို့လာနေတာပဲ မဟုတ်လား။ ကျုပ် ဘယဆေး ဖော်စပ်ရောင်းဖို့ မရည်ရွယ်ပါဘူး။ မြန်မာဆေး သီးသန့် ရောင်းတဲ့ဆိုင် ဖွင့်မယ်လို့ ဆုံးဖြတ်ခဲ့တယ်။ ဘယ်..ဆိုင်ခန်းနဲ့ အိနြေ္ဒရရ၊ ကျကျနန ရောင်းနိုင်ဦးမှာတုန်း။ လက်တွန်းလှည်းကလေးနဲ့ တင်ပြီး ဈေးကလေးထိပ်မှာပဲ ရောင်းနေရသေးတာပေါ့။ တစ်ချိန်ချိန်မှာတော့ ဆိုင်ခန်းလေးနဲ့ အတည်တကျ ရောင်းနိုင်ရမှာပေါ့။
သူ့ကိုလည်း ကိုယ့်လို တစ်ဆင့်ချင်း၊ တစ်လှမ်းချင်း မှန်မှန်သွားဖို့ အားပေးစကားပြောရတယ်။  တစ်လျှောက်လုံး ကျုပ်စကားနာထောင်ပြီး လူမွေးပြောင်လာတဲ့ကောင်က ခုတော့ လုပ်ပုံက မဟုတ်တော့ဘူး။ အမြင်မတော်လို့ ပြောမိတော့လည်း ကိုယ်ကပဲ သူ့အပေါ် စိတ်ထားမမှန်လို့ မလိုတမာစိတ်ထားနဲ့ အပြစ်ရှာတယ်လို့ တပြန်စွတ်စွဲလာတယ်။
                   ကြည့်ဦး။ ခုတလောကလေးမှာ ဗိုလ်ချုပ်နဲ့ အမေစုတို့ ရဲ့ ဓါတ်ပုံ ၊ ပိုစတာ ဗီနိုင်းစတွေ ခေတ်စားလာပြန်တယ်။ ဒီကောင်တွေ ပွပေါက်ပဲပေါ့။ သင်းကလည်း ဒါမျိုးတော့ လျှင်တယ်။ ဗီနိုင်းဆိုဒ်စုံ မှာချလာလိုက်တာ နည်းမှတ်လို့။ ဈေးကလေးထဲမှာ၊ မြို့ထဲမှာဆိုတာလည်း ဗိုလ်ချုပ်တို့ သားအဖဆိုတာ ပလူပျံနေတော့တာပဲ။ လူတွေခမျာ အနှစ်နှစ်အလလက တောင့်တ လာခဲ့ကြတာ မဟုတ်လား။ သူတို့ ချစ်မြတ်ကြည်ညိုတဲ့ ပုဂိုလ်တွေရဲ့ ဓါတ်ပုံကို အိမ်နံရံမှာ အမြတ်တနိုး ချိတ်ဆွဲခွင့်ရပြီဆိုတော့ ပျော်လိုက်ကြတာ။ ရေငတ်တုန်း ရေတွင်းထဲကျသလိုပါပဲ။ ရောင်းလို့ မနိုင်ပါဘူးဆို..။
                   အဲဒီမှာ ပြောစရာ စတာပဲ။ တကယ်ဆို ပိုစတာတွေအားလုံးကို ညကတည်းက ဘောင်ကလေးတွေ ကြိုတင်ညှပ်လာခဲ့ပါတော့လား။ ပလပ်စတစ်ချောင်းကလေးရဲ့ တစ်ဘက် ခွဲကြောင်းကြားကို ခွဲပြီး ဗီနိုင်းစကို ညှပ်သွင်းရတဲ့ အလုပ်ဟာ လက်ဝင်သရောင် ရှိပေမယ့် ကျွမ်းကျင်ရင် မကြာပါဘူး။ သူလည်း ကျွမ်းကျွမ်းကျင်ကျင် လုပ်နေကျပါ။ ဒါပေမယ့် ညဦးက ဘောင်ညှပ်လာခဲ့တဲ့ ပုံတွေက ရောင်းလို့ကုန်ပြီ ထင်ပါရဲ့။ ရောင်းရင်းချရင်းကပဲ တခါတည်း ဘောင်ညှပ်ပေးတဲ့ အလုပ်ပါ လုပ်နေရတော့ နည်းနည်း ကသီလင်တ နိုင်ပြီပေါ့။ လူကလည်း အလျင်စလို ဖြစ်လာပြီဆိုတော့ ပိုစတာတွေတွေကို အရောရော၊ အနှောနှော ကြုံသလိုချထားပြီး  ၀ယ်သူကရွေး၊ သူက ဖြစ်သလို အနေအထားမှာ ဘောင်ညှပ်ပေးရင်း ငွေပေး၊ငွေယူလည်း လုပ်နေရတော့ ဗျာများရတော့တာပေါ့။ ပိုစတာတွေက ပျံ့ကျဲပြီး မြင်မကောင်းတော့တဲ့အပြင် တချို့ မြေပေါ်ပြုတ်ကျနေပြီ။ မမြင်လို့ မဟုတ်ဘူး။ မြင်လျှက်နဲ့ ပြန်မကောက်အားဘူး။ မဟုတ်သေးဘူး။ ဒီလို ပိုစတာမျိုးတွေဟာ ကြုံသလို ဆိုင်ခင်းပြီး ဖြစ်ကတတ်ဆန်းရောင်းချဖို့ လုံးဝမသင့်လျော်ဘူးဆိုတာ နားကို မလည်တာ။ သိကို မသိတတ်တာ။ အဲတော့ ဘေးထွက်ပြီး မြေပေါ်ရောက်ကုန်တဲ့ ပိုစတာတွေကို  ချက်ချင်း၊ အရေးတယူပြန်ကောက်မနေတော့ဘူး။ ကျုပ်ကလည်း ဓါးရှည်ကြီးနဲ့ ဗိုလ်ချုပ်ပုံကလေး လိုချင်လွန်းနေတာ ကြာပြီမို့ အပြေးရောက်သွားမိတော့တာ။ အဲဒီမှာ အမြင်မတော်တာနဲ့ ပက်ပင်းတို့တော့တာပဲ။
                   ကျုပ်လည်း လူရှေ့၊ သူရှေ့ဆိုတာတွေ၊ ပြောသင့်မပြောသင့် ဆိုတဲ့ အချိန်အခါ၊ အခြေအနေတွေကို တွက်ချင့်  မဆင်ခြင်နိုင်တော့ဘူး။ ဗိုလ်ချုပ်ကို မြေပေါ်မှာ ပစ္စလက္ခတ်ထားပြီး ထင်တိုင်းကျဲနေကြတော့တာ၊ ဈေးရောင်းရဖို့ တစ်ခုပဲ သည်းသည်းမည်းမည်း အာရုံကျနေတော့တာ မြင်ပြင်းကပ်လွန်းလို့။ ဒေါသထွက်ထွက်နဲ့ နစ်နစ်နာနာတွေ ပြောထွက်သွားမိတော့တာပဲ။
“မင်း အဖေ၊ အမေပုံဆိုရင် အဲလို လုပ်မလား။ ဒါ က မင်းတစ်ယောက်တည်းမကဘူး။ အားလုံး... တစ်နိုင်ငံလုံးရဲ့ အဖေ ၊ အမေတွေ ကွ”
                   အဲဒီစကားတစ်ခွန်းတော့ ထပ်တလဲလဲ ပြောမိခဲ့တာ မှတ်မိတယ်။ သူကလည်း လူကြား၊သူကြားဆိုတော့ ရှက်ပြီး တစ်ခွန်းတစ်စ ပြန်ပက်တာပေါ့။ အဲဒီမှာ ဒီကောင့်မျက်နှာပေါ် လက်သီးတစ်ချက်ပစ်ကျွေးထည့်လိုက်တာ..။ အနီးအနားက လူတွေ ၀ိုင်းလာ၊ ဆွဲကြ၊ လွဲကြ၊ ဖြန်ဖြေကြမို့ မိမိရရတော့ မထိလိုက်နိုင်ပါဘူး။ အဲဒီအချိန်မှာ..
“ခင်ဗျား ကျုပ် အလုပ်ကို ပျက်စီးရာ၊ ပျက်စီးကြောင်း လာလုပ်တာ”
                   …အဲဒီကောင် အောက်ကလိအာလိုက်တာ။ ကျုပ်..  သူ့ဆီ ပြေးသွားတာ။ နောက်က ၀ိုင်းဆွဲထားတော့ အနား မရောက်နိုင်တော့ဘူး။ ဒေါသက အထွဋ်အထိပ်ရောက်နေပြီ။ အဲဒါနဲ့ နီးရာ ဈေးဆိုင်ခုံတစ်လုံးကို ဖြစ်ချင်ရာဖြစ်  လက်သီးနဲ့ ထိုးချလိုက်တယ်။ မှတ်ကရော…။ ဈေးဆိုင်ပိုင်ရှင်က မျက်နှာနာနေတဲ့သူမို့ ကံကောင်းလို့ တရားစွဲ မခံရတာ။
                   ဒါပေမယ့် ညရင့်လာလေလေ လက်က တဆစ်ဆစ်ကိုက်ခဲနာကျင်လို့ လာလေလေ..။ ညကြီးအချိန်မတော် တက်တစ်ချက် ခပ်ပြင်းပြင်းခေါက်လိုက်မိပြန်တော့ လိမ်းဆေးဗူးကြီးကိုင်ပြီး အိပ်ချင်မူးတူးနဲ့ ထလာတဲ့ မိန်းမက …
“အခံရဆိုးလောက်အောင် နာနေလို့လား”
                   …တဲ့။ မပြေသေးတဲ့ ဒေါသတွေနဲ့ အိပ်ယာထဲကနေ ကျုပ်..  ပြန်အော်ပစ်လိုက်တယ်။
“နာတယ်ဟေ့။ နာတယ်။ နာရကောင်းမှန်းသိလို့ကို ပိုနာတယ်….  တောက်”


                                                                                          သတိုး