Saturday, February 19, 2011

နက်ဖြန် မနက် ကျောင်းတက်မယ်

အိမ်ရှေ့ရေဆိပ်မှ လှေကလေး ကမ်းကိုခွာလာခဲ့ပြီး လမ်တစ်ဝက်အရောက်မှာပင် မနီးမဝေးဆီမှ ကျောင်းတက်ခေါင်းလောင်းသံက ဆီးကြိုလွင့်ပျံရောက်လာနှင့်လေသည်။

``ဖိုးဆေးရေ…ကျောင်းခေါ်နေပြီဟဲ့။ လှေကို မြန်မြန်လေး အားစိုက်လှော်စမ်းပါ´´

အရေးထဲမှာ ဖိုးဆေးက လှေလှော်ရင်းကနေ ရေဆော့နေပြန်သည်။ တစ်ယောက်ထိုင် ဘဲကျောင်းလှေကလေးထဲမှာ မောင်နှမလေးယောက်သား ကျပ်ကျပ်သပ်သပ် ထိုင်လိုက်လာကြတာဆိုတော့ ချောင်းရေက လှေနံကိုတောင် ထိနမ်းမိနေပြီ။ လှေကလေး နည်းနည်းလောက် ဘယ်ညာလူးလိုက်တာနဲ့ ချောင်းရေထဲမှာ စုံးစုံးနစ်မြုပ်သွားတော့မှာလိုပင်။

``ဟဲ့ ရေဆော့မနေနဲ့။ လှေမှောက်သွားလိမ့်မယ်။ ဖိုးဆေးနော်... ကျောင်းရောက်ရင် ငါ…ဆရာနဲ့ ပြန်တိုင်မှာနော်´´

ခင်မာတို့မောင်နှမတွေအားလုံးက မြစ်၊ ချောင်းကမ်းနားနံဘေးမှာပဲ မွေးဖွားကြီးပျင်းလာခဲ့ကြသူချည်းမို့ ရေတော့မကြောက်ကြပေ။ ရေကူးလည်း ကျွမ်းကျင်ကြသူတွေချည်းမို့ အဖေနဲ့ အမေတို့က အိမ်နဲ့ကျောင်းသို့ နေ့စဉ်အသွားအပြန် ရေလမ်းခရီးကို စိတ်အေးလက်ချရှိကြပါသည်။ ဒါပေမယ့် နန္ဒီလေးလည်း ပါလာသေးတာမို့ ခင်မာက လှေလူးမှာ၊ လှေမြုပ်မှာ စိတ်ပူပန်ပါသည်။

``မြန်မြန်လှော်ပါဟဲ့။ ခုလောက်ရှိ နိုင်ငံတော်အလံတောင် အလေးပြုနေလောက်ပြီ´´

အင်မတန်ကျောင်းတက်ပျင်းသော ဖိုးဆေးကတော့ ခင်မာ့ ပြောစကားများကို ဂရုမစိုက်ပါ။

``ဖိုးဆေးနော် …ကျောင်းနောက်ကျတာ ဆရာမကြိုက်ဘူးဆိုတာ နင်လည်းအသိပဲ မဟုတ်လား။ ငါ…နင့်ကို ဆရာနဲ့ ပြန်တိုင်လိုက်မှာ´´

ဆရာနဲ့ လှည့်ချောက်တော့မှ ဖိုးဆေးတစ်ယောက် လှေကို အားစိုက်လှော်ပါတော့သည်။ ဒါပေမယ့် ကျရေက ရေစီးသန်သန်။ ပြီးတော့ ရေဆန်လည်း ဖြစ်နေသည်။ လေကလေးကလည်း တဖြူးဖြူးဖြင့် ရှေ့ကပင် ဆီးကြိုတိုက်နေပြန်တာမို့ လေလည်းအဆန်ပေ။ လေကွယ်စေရန် ချောင်းကမ်းနံဘေးကပ်လျှက် ဓနိပင်တန်းကို အကွယ်အကာယူကာ အားစိုက်လှော်ရသည်မို့ ဖိုးဆေးတစ်ယောက် ချွေးတွေနစ်လို့လာတော့သည်။ ကျောင်းရှေ့တည့်တည့်ရှိ ရေဆင်းတံတားဆီ ခင်မာတို့မောင်နှမ၏ လှေကလေးဆိုက်ကပ်ချိန်မှာပင် စာသင်ခန်းအတွင်းဆီမှ မင်္ဂလာပါဆရာဟူသော သံပြိုင်နှုတ်ခွန်းဆက်စကားက ဆီးကြိုနှင့်နေပြန်ပါသည်။

*** *** **

ရေဆင်းတံတားက ချောကျိပစ်ချွဲနေပါသည်။ တက်ရေတုန်းက ချောင်းရေထဲမှာနစ်မြုပ်ခဲ့ရသော ရေဆင်းတံတားမှာ ရေကျချိန်ရောက်တော့ နွံနှစ်တွေတင်ကျန်ရစ်ခဲ့သည်။ ခင်မာသည် နန္ဒီလေးကို ခါးထစ်ခွင်ထားလျှက် လှေဆီမှတံတားပေါ်သို့ လှမ်းအတက်… ဟန်ချက်ပျက်ကာ ချော်လဲတော့မလိုဖြစ်သွားရတာမို့ လန့်ဖျတ်တုန်လှုပ်သွားပါသည်။ နန္ဒီလေးသည်လည်း အဲခနဲ အထိတ်တလန့်အော်ငိုမည်ပြင်တော့သည်။ ခင်မာ့မှာ ပြာပြာသလဲနှင့် ကလေးကိုချော့နေရင်း ချောကျိကျိတံတားပေါ်မှာ ခြေကုပ်မြဲမြဲ၊ ဟန်ချက်ညီညီလှမ်းတက်နိုင်ဖို့ အတော့်ကိုထိန်းသိမ်းနေရသေးသည်။ နှုတ်ကလည်း….

``အေး…အေး…နန္ဒီလေး မငိုနဲ့။ တိတ်….တိတ်…။ ဟဲ့ ဖိုးဆေး…စန္ဒီ့ကို တွဲခေါ်ဦးနော်´´

ပြောမည့်သာပြောရပေမယ့် ဖိုးဆေးလည်း စန္ဒီကိုတွဲခေါ်ရန် လက်နှစ်ဖက်စလုံးမအားလပ်ပါ။ ခင့်မာ့လွယ်အိတ်၊ စန္ဒီ့လွယ်အိတ်နှင့် သူကိုယ်တိုင်၏လွယ်အိတ်ပါ..လွယ်အိတ်သုံးလုံးနှင့် မနိုင်နင်း၊ မအားလပ်နိုင်ရှာ။ ကလေးတွဲလောင်းနှင့် ခင်မာ့လောက်တော့ ကသီးကရွဲဖြစ်မနေပေမယ့် သူလည်းပဲ ကျောင်းတံတားပေါ်မှာ ခြေချော်မလဲပြိုရလေအောင် အတော်ထိန်းလျှေက်နေရသေးသည်။

``စန္ဒီရေ…။ ခဏနေဦးနော်။ ပြီးမှ မမပြန်လာခေါ်မယ်´´

စန္ဒီကတော့ လှေနံနှစ်ဘက်ကိုလှမ်းကိုင်ထားလျှက် ငိုမဲ့မဲ့နှင့် ခေါင်းကလေးညိတ်ပြလေသည်။ နန္ဒီလေးကို ဖိုးဆေးလက်ထဲမှာ ထည့်ခဲ့လျှက် စန္ဒီ့ကို တစ်ခေါက်ပြန်ဆင်းခေါ်ရပြန်သည်။

ကျောင်းခြေရင်းဘက်မှ ခြေဆေးအိုင်မှာ နန္ဒီလေးကို ခါးထစ်ခွင်မပျက်စေပဲ ခြေဆေးရပြန်သည်။ ခြေသလုံးဆီမှာ ကပ်တွယ်ပါလာသော လုံးချောချွဲပစ်မျှော့နက်မဲတစ်ကောင်ကို လက်ညှိုး၊ လက်ခလယ်နှစ်ချောင်းတည်းသုံးကာ ကျင်လည်စွာဆွဲခွာပြီး ဖတ်ခနဲလွှင့်ပစ်လိုက်သည်။ ခင်မတို့မောင်နှမတတွေ ရေစိုစက်လက်ဖြင့်စာသင်ခန်းဆီ အလျှင်စလိုလှမ်းဝင်ခဲ့လိုက်တော့ စာသင်ခန်းအတွင်းမှာ ကြိုရောက်နှင့်နေပြီဖြစ်သော ဆရာက မေးခွန်းပါသော အကြည့်တစ်စုံဖြင့် လှမ်းကြည့်နှုတ်ဆက်လေသည်။

``ခင်မာ…ဒီနေ့ စာရလာရဲ့လား´´

** ** **
ဆရာပေးလိုက်သော အိမ်စာအကြွေးတွေပုံထပ်ကာ ခင်မာ..စာမရသောနေ့တွေကတော့ များပြားလွန်းခဲ့ပြီ။

``ဆရာ မနေ့က အလွတ်ကျက်ခိုင်းလိုက်တဲ့ ကဗျာတွေ ကျက်လာခဲ့ကြရဲ့လား´´
``ကျက်လာပါတယ်´´
``အားလုံး ရရဲ့လား´´
``ရပါတယ်´´

အတိုင်အဖောက်ညီစွာ တက်ညီလက်ညီမေးဖြေနေကြသော အတန်းတူ သူငယ်ချင်းတွေကြားမှာ ခင်မာခေါင်းကို ငုံ့ထားရတော့သည်။

``ကဲ…စာမရတဲ့သူတွေ မတ်တပ်ရပ်ကြပါ´´

ဝုန်းခနဲ အပြိုင်းအယိုင်း၊ ပြိုင်တူမတ်တပ်ရပ်လိုက်ကြသူတွေထဲမှာ ခင်မာရှေ့ဆုံးက ပါပါသည်။ ဒါပေမယ့် ခင်မာမတ်တပ်ထအရပ်မှာပင် နန္ဒီလေးက ဗြဲခနဲထငိုပါတော့သည်။ ခင်မာသည် အငိုလွယ်သောနန္ဒီလေးအား စိတ်လည်းတိုမိသည်။ သူငိုကြောရှည်လာလျှင် ဆရာကြားသိစိတ်ဆိုးမှာလည်း ကြောက်ရွံ့ရပြန်တာမို့ အလျှင်စလို ကိုယ်ကို ငုံ့ကိုင်းကာ ကလေးကို ကောက်ယူချီပိုးလိုက်ရပြန်တော့သည်။ ဒါပေမယ့် အငိုလွယ်သလောက် စမိလျှင် မဆုံးတမ်းငိုကြောရှည်ကြာတတ်သော နန္ဒီလေးက ချက်ချင်း အငိုတိတ်မသွား။ ခင်မာ့ခမျာ ကိုယ်ကိုဘယ်ညာလွှဲယမ်း၊ ယိမ်းနွဲ့ကာ ခါးပေါ်မှကလေးကို ချော့ချော့မော့မော့ ပြုနေရပြန်တော့သည်။

သူ့ကျောင်းသားတွေမှာ နန္ဒီတို့လို ဘုစုခရုတွေ ကိုယ်စီပါလာခဲ့တာအတွက် ဆရာခမျာလည်း ဘ၀င်မကျနိုင်ခဲ့တာ ခင်မာသိပါသည်။

``ဟေး..ကျောင်းကို ကလေးပေါက်စနတွေ ခေါ်မလာပါနဲ့ကွာ။ မင်းတို့တတွေလည်း အလုပ်အပိုတွေနဲ့ရှုပ်လှပါတယ်။ ဆရာလည်း စာဖြောင့်ဖြောင့် သင်လို့မရဘူး´´

ဆရာ့နှုတ်က ထိုစကားဆိုအပြီး နောက်တစ်နေ့မှာတော့ ကျောင်းခေါ်ချိန်ကျောင်းသားဦးရေ တစ်ဝက်နီးပါး လျော့ကျသွားခဲ့တော့သည်။ ခင်မာတို့ရွာကလေးက လယ်ယာလုပ်ငန်း၊ ငါးသရောက်ပိုက်လုပ်ငန်းဖြင့် အဓိက အသက်မွေးကြပါသည်။ ကျောင်းဖွင့်စ မိုးဦးကျကာလများတွင် ယောက်ျားလေးအများစုတို့ ကျောင်းပျက်ကြပါသည်။ ထိုအချိန်က ငါးသလောက် အရအမိရှိချိန်ဖြစ်သောကြောင့် သူတို့တတွေ ငါးသလောက်လှေနဲ့ မြစ်ထဲထွက်လိုက်ကာ ခဲသီးပစ်ကူကြရသည်။ မိုးလည်မှာတော့ ကောက်စိုက်၊ ပျိုးနှုတ်ကြချိန်ဖြစ်လေသည်။ ယောက်ျားလေးတွေက ပျိုးနှုတ်၊ ပျိုးသယ်ရာမှာ ကူကြရပြန်သည်။ မိန်းကလေးတွေက အိမ်မှာ ထမင်းချက်ကြရသည်။ ကလေးထိန်းကူရသည်။ အမိ၊အဖ နှစ်ဦးစလုံးက လယ်ထဲမှာ တစ်နေကုန်ကြရသည်ကိုး။မိန်းကလေးတချို့မှာတော့ လယ်ထဲဆင်းကာ ကောက်စိုက်ကူကြရပြန်သည်။ ပညာလိုလားလွန်းလှသည်မဟုတ်သော်လည်း ကလေးကို ကျောင်းမပျက်စေချင်သော၊ ရက်ကြောရှည်ရှည် ခွင့်တိုင်ရမှာ ဆရာ့ကို အားနာသော မိဘတွေကတော့ ခင်မာတို့လိုပင် ကလေးငယ်ကို ကျောင်းသို့ ထည့်လွှတ်လိုက်တော့လေသည်။ ခင်မာ အပါအ၀င် ကျောင်းသို့ကလေးငယ်ခေါ်လာသူတွေ ဆယ့်ငါးယောက်လောက်ရှိနေပြီ။

သူတကာ သူငယ်ချင်းတွေ သူတို့၏ မောင်၊ ညီ၊ ညီမတွေကို ကျောင်းသို့ခေါ်လာကြတာ စတွေ့ရချိန်ကတော့ ခင်မာလည်း အားကျမိခဲ့သည်ပင်။ အမေက စိတ်မချ၊ ကျောင်းသို့ထည့်မလွှတ်ချင်ခဲ့တာတောင် မရမနေချော့မော့ကာ ကျောင်းသို့ခေါ်လာမိခဲ့တာဖြစ်ပါသည်။

ခုတော့ နန္ဒီလေးကို ကျောင်းသို့ခေါ်မလာချင်တော့ပေ။ ခင်မာ့မှာ စာသင်ချိန်လည်း စိတ်ဖြောင့်ဖြောင့် စာမှာ စိတ်ဝင်စားလို့မရ။ တော်နေကြာရေသောက်မယ်၊ ရှူးပေါက်မယ် အမျိုးမျိုး နားပူနားဆာပြုတတ်သည်။ နေ့လည်မုန့်စားကျောင်းဆင်းချိန်မရောက်မီ မုန့်စားမယ်ဟု ဂျီကျတတ်သေးသည်။ သူ့အလိုမလိုက်ရင် အိမ်ပြန်ချင်တယ်ဆိုကာ အော်ဟစ်ငိုကြွေးတတ်တာလည်း ရှိသေးသည်။ သူမငိုလျှင်ပြီးရောဟု စိတ်ဆုံးဖြတ်ကာ ရသမျှမုန့်ဖိုးကို သူ့အတွက်သာ မုန့်ဝယ်ကြွေးရင်း ခင်မာ့ခမျာ ၀မ်းဗိုက်ဟောင်းလောင်းနေ့ရက်တွေများပြားလွန်းခဲ့ပြီ။ နေ့လည်ခင်း ကစားချိန်တွေမှာလည်း သူ့ကို ထိန်းနေရတာနှင့် စိတ်ရှိသလောက် ဆော့ကစားခွင့်မရပြန်။

တစ်နေ့တစ်လေ မေ့ချင်ယောင်ဆောင်ကာ နန္ဒီလေးကို အိမ်တွင်ထားခဲ့ရန် ခင်မာ ကြိုးစားမိသေးသည်။ ဒါပေမယ့် ခင်မာတစ်ယောက် ကလေးထိန်းမပျက် ကျောင်းတက်နိုင်သည်ဆိုတာ အမေသိသွားခဲ့ပြီ။ နန္ဒီကလည်း ခင်မာမို့ ကျောင်းသွားရန်ပြင်ပြီဆိုလျှင် သူပါ လိုက်ပါရန်အသင့်ဖြစ်နေနှင့်ပြီ။ ကျောင်းမှာက အိမ်မှာထက်ပို၍ အနေအစားချောင်သည်ကိုး။ ခင်မာက သူငိုမည်ကြံတိုင်း အငိုမခံ။ သူဂျီကျလေသမျှ အလိုလိုက် ဖြည့်ဆည်းပေးသည်။ ပြီး မုန့်လည်း တ၀စားနေရသည်မဟုတ်လား။

ကလေးတွဲလောင်းနှင့် မနိုင်မနင်းဖြစ်နေရှာသော ခင်မာ့အား ဆရာက ထုံးစံမပျက် စကားဆိုလာပါသည်။

``ကဲ…ခင်မာ။ ထိုင်တော့…။ နောက်နေ့တော့ စာရအောင်ကျက်လာခဲ့ဦးနော်´´
``ဟုတ်…´´

** ** **

တကယ်တမ်းမှာ ခင်မာသည် စာညံ့သူတစ်ယောက်တော့မဟုတ်ပါပေ။ အတွက်အချက်လည်ဝယ်ချက်ချာသလို စာကျက်ရာမှာလည်း အလွန်မြန်ပါသည်။ စာတစ်ပုဒ်ကို စိတ်ပါလက်ပါ ကျက်မှတ်လျှင် အချိန်ခဏအတွင်း ရလွယ်သူဖြစ်ပါသည်။

ဒါပေမယ့် ခင်မာ့မှာ စာကျက်ချိန်၊ သင်္ချာတွက်ရန်အချိန်တွေ မရှိသလောက် ရှားပါးလွန်းနေသည်။ ခင်မာတို့အဖေရော၊ အမေပါ တစ်နေကုန်လယ်ထဲဆင်းနေကြရသည်။ ခုချိန်က လယ်စိုက်ချိန်မို့ အလုပ်အရှုပ်ဆုံးအချိန်လည်းဖြစ်ပါသည်။ အဖေက သူတပါး၏လယ်မှာ သူရင်းငှား အလုပ်သမားမျှသာဖြစ်ပါသည်။ အမေကတော့ ကောက်စိုက်သမ နေ့စားလိုက်နေတာဖြစ်သည်။

မိဘနှစ်ပါးစလုံး လယ်ထဲဆင်းသေားအခါ အိမ်မှုကိစ္စ အ၀၀တို့မှာ အစ်မကြီးအရာတွင် ရှိနေသော ခင်မာ့ ပခုံးပေါ်မှာသာ ကျရောက်လာပါတော့သည်။ နံနက်လင်းတာနဲ့ ခင်မာ ထမင်းအိုးတစ်လုံးတော့ မဖြစ်မနေ ခွင်ပေါ်ရောက်အောင် တင်ရသည်။ ဟင်းကိုတော့ အမေက ညဦးကတည်းက ကြိုတင်စီမံခဲ့တာမို့ ထပ်နွှေးရုံ။ မဟုတ်လျှင်လည်း အသီးအရွက် တမျိုးမျိုး ရောထည့်ရုံမျှသာ။

အဓိကကတော့ နန္ဒီလေးကို ထိန်းကျောင်းရင်း သူမ၏ ဝေယျာဝစ္စ၊ အလတ်နှစ်ယောက်၏ ဝေယျာဝစ္စများဖြင့် အအားမနေရခြင်းသာ။

``ဖိုးဆေးရေ။ ကျောင်းသွားချိန်နီးနေပြီ။ ရေချိုးတော့´´

ဒုတိယတန်းကျောင်းသား ဖိုးဆေးအတွက်တော့ နှုတ်ဖြင့်ပြောရုံသာ။ တစ်ခွန်းပြောရုံဖြင့်မရလျှင် အမေ့ကို အတုခိုးကာ အဆဲအဆို၊ အကျိန်းအမောင်းကလေးတွေလည်း ထည့်ပြောရတာတော့ရှိတာပေါ့။ ဒါပေမယ့် စန္ဒီနှင့် နန္ဒီတို့အတွက်တော့ ခင်မာကိုယ်တိုင်လုပ်မပေးလို့မှ မရ။

``ခင်မာ့ကို ကျောင်းနုတ်မှပဲ´´

အဖေနဲ့ အမေတို့ တိုင်ပင်နေကြတာ တစ်စွန်းတစ်စ ကြားရုံမျှနှင့်ပင် ခင်မာငိုကြွေးဆန္ဒပြခဲ့ရသေးသည်။ ဆရာကလည်း ……

``ဒီတစ်နှစ်ပဲကျန်တော့တာ။ ကလေးကို မူလတန်းကုန်အောင်တော့ထားပေးပါဗျာ။´´

…ဆိုလေတာမို့ ခင်မာတစ်ယောက် ခုထိ ကျောင်းတက်နေရသေးတာဖြစ်သည်။ မဟုတ်လျှင် ထမင်းချက်ရင်း၊ ကလေးထိန်းရင်း လက်သင်ကောက်စိုက်သမ ဖြစ်နေပေတော့မည်။

** **** ***

ဒီနေ့တော့ ခင်မာတစ်ယောက် ကျောင်းတက်ရန်စိတ်စောကာ အိပ်ယာမှ နံနက်အစောကြီး နိုးနေခဲ့လေသည်။ မနေ့က ဆရာပေးလိုက်သော အိမ်စာအားလုံးကို ညည့်နက်ခံကာ ပြီးပြတ်အောင် လုပ်ထားပြီးပြီ။ ဒါတောင်အမေက…

``ဟဲ့ ခင်မာ မအိပ်သေးဘူးလား။ ဘက်ထရီအားကုန်တော့မယ်´´
``အင်းပါ အမေရဲ့။ခုပဲ သိမ်းတော့မှာပါ´´

ဆိုကာ အိမ်စာတွေဆက်လုပ်နေတာမို့ ဘက်ထရီအားကုန်မှာ နှမျောနေသော အမေက အိပ်ယာထဲမှနေကာ တဖျစ်တောက်တောက်လုပ်နေပြန်သေးသည်။

``ဟဲ့ မီးလင်းရင် ငါ မအိပ်တတ်ဘူး´´

..ဆိုကာ ဇွတ်ပင် ခင်မာ့အား အိပ်ယာဝင်စေတော့သည်။

စူပွပွဖြင့် အိပ်ယာသို့ မ၀င်ချင့် ၀င်ချင် ၀င်ခဲ့ရသော ခင်မာသည် ဒီနေ့နံနက်မှာလည်း အိပ်ယာမှစောစောထကာ စာတွေ အော်ကျက်နေပြန်တော့သည်။

``ခင်မာ …နောက်နေ့တော့ စာရအောင်ကျက်လာရမယ်နော်´´

နေ့စဉ်မပျက်သော ဆရာ့၏ အမှာစကားတွေကို ခင်မာမမေ့ပါ။ ဆရာ့အား ရှက်ရွံ့အားနာလှပါပြီ။ ထို့ကြောင့် ဒီနေ့တော့ ခင်မာ စာရအောင် မနားမနေကျက်မှတ်အာဂုံဆောင်ထားခဲ့ပြီ။ ကျောင်းသို့ရောက်လျှင် ဆရာ့ရှေ့မှာ ဂျောင်းဂျောင်းပြေးအောင်ပင် စာတွေ အလွတ်ပြန်ဆိုပြလိုက်မည်။ နေ့တိုင်းနှင့်မတူခြားနားစွာ စာတွေရနေသော ခင်မာ့ကိုကြည့်ကာ ဆရာ…အံ့သြ၀မ်းသာနေမှာလား။ အမေလည်း ကိုယ်တွေလက်တွေ ညောင်းညာကိုက်ခဲနေတာကြောင့် ဒီနေ့လယ်ထဲမဆင်းနိုင်ဟု ညဦးကတည်းက ညည်းငြူပြောဆိုနေတာ ခင်မာ ကြားမိသည်။ အမေ အလုပ်မဆင်းဖြစ်လျှင် နန္ဒီလေးကို အိမ်မှာထားခဲ့လို့ ရမည်ထင်၏။ အမေ့အတွက် ထမင်းအိုး တစ်လုံးတော့ ကျက်အောင်ချက်ပေးခဲ့ရဦးးမည်။

ကိုယ့်အတွေးနှင့်ကိုယ် ပျော်ရွှင်ကျေနပ်နေမိသော ခင်မာသည် ဆန်ထည့်သိမ်းနေကျ စဥ့်အိုးငယ်ထဲသို့ လက်နှိုက်လိုက်စဉ် ဟင်ခနဲ စိတ်ပျက်သွားရတော့ကာ…

``အမေ…´´

ခင်မာတစ်ယောက် မူပျက်စွာ ပျာယာခပ်နေသလောက် အမေကတော့ မထူးဆန်းလှသလို အေးဆေးစွာပင် အိပ်ယာထဲမှနေ စီမံပေးနေပြန်တော့သည်။

*** **** ***

ခင်မာသည် အမေ့စကားအတိုင်း နာခံမပျက်သော်လည်း နှုတ်ကတော့ အမေမကြားအောင် စူပွပွလုပ်နေမိပြန်သည်။

အမေ့အစီအစဉ်အရ အဖေအလုပ်လုပ်ရာနောက်သို့ လိုက်သွားရတော့မည်။ အလုပ်ရှင်ထံမှာ အဖေက အကျိုးအကြောင်းပြောဆိုပြီးယူပေးမည့် ဆန်ထုတ်နှင့် ငွေးကြေးကို အိမ်ပြန်ယူလာရမည်။

``အရီးညွန့်တို့ ကုန်စုံဆိုင်ပါ တစ်ခါတည်း ၀င်လာခဲ့။ အကြွေးစာရင်းအားလုံး ပေါင်းခိုင်း ။ ပြီး..နင့်အဖေပေးလိုက်တဲ့ငွေထဲက မျှပြီး တချို့တ၀က် ဖဲ့ဆပ်ခဲ့။ ဆီနဲ့ ငြုပ်သီး။ အော် မန်ကျီးသီးလေး ငါးကျပ်သားလောက်ပါ ထည့်ဝယ်ခဲဦး´´

အဖေ့အလုပ်ရှိရာ ချောင်းဖျားအထိ သွားရမည့်ခရီးက မနီးလှပါ။ ပြီး ဇီဇာကြောင်ကာ ကပ်စေးနဲလှသော အဖေ့အလုပ်ရှင်က အဖေ့လုပ်အားခထဲမှ ခုနှိမ်ရမည်ဖြစ်သော ဆန်နှင့်ငွေကို ချက်ချင်း ပေးလိုက်ဦးမှာမဟုတ်။ အီးရောဆွဲကာ ခိုလိုညည်းငြူနေဦးတော့မှာ။ အပြန်မှာ အဖွားညွန့်ဆိုင်သို့ဝင်ကာ ကြွေးဟောင်းဆပ်၊ ကြွေးသစ်မှတ်စေကာ စာရင်းရှင်းရဦးမည်။ အိမ်ပြန်လာ အမေ့ကို ချက်ပြုတ်ပေး…။ ကိစ္စအားလုံးပြီးစီးချိန်မှာ ခင်မာတို့ကျောင်းက နေ့လည် မုန့်စားကျောင်းပင် ဆင်းတော့မည်။ ခင်မာ..ဒီနေ့ ကျောင်းမတက်ရပြန်ဘူးလား အမေ။ ကျောင်းတက်ပျင်းသော ဖိုးဆေးကတော့ ပျော်နေသလားတောင်မသိ။ ကျောင်းမှာသင်ပေးသော ကဗျာတွေကို သူငယ်တန်းမ စန္ဒီနှင့် နှစ်ယောက်သား သံပြိုင်ပင် ဆိုနေလိုက်သေးသည်။

`` ဆွမ်းအုပ်နီနီ အမေရွက်လို့
နက်ဖြန်၊ မနက် ကျောင်းထွက်မယ်….
………….
………. ´´

ရုတ်တရက်တော့ ခင်မာလည်း စိတ်ပါသွားရကာ…

``မောင်လည်းလိုက်မယ် ချန်မထားနဲ့´´

လိုက်အော်ဆိုနေမိပြီးမှ ...

``ဟဲ့ ဖိုးဆေး...ဆွမ်းအုပ်နီနီ အမေရွက်လို့
နက်ဖြန် မနက် ကျောင်းတက်မယ် လို့ပြောင်းဆို´´
``ဟာ..ငါတို့ကို ကျောင်းမှာ သင်တာ နက်ဖြန် မနက် ကျောင်းထွက်မယ်ပဲ။ ဆရာကတောင် ရှင်းပြသေးတယ်။ ကျောင်းထွက်မယ်ဆိုတာ သီလယူဖို့ ဥပုသ်ကျောင်းကို သွားကြတာတဲ့ ´´

ဖိုးဆေးဆိုနေတဲ့ ကဗျာက အမှန်ပဲလို့ ခင်မာလည်း သိပါသည်။ ဒါပေမယ့် ဖိုးဆေးကို အဲလိုမဆိုစေချင်။

``ဟဲ့ ကျောင်းတက်မယ်လို့ ဆိုပါဆို´´
``ဟင့်အင်း...ကျောင်းထွက်မယ်´´
``ကျောင်းတက်မယ်..ဆို။ ကဲဟယ်...´´

ဘာကိုမှန်းမသိ။ စိတ်တို၊ အလိုမကျသလိုဖြစ်လာရကာ ဖိုးဆေး၏ဦးခေါင်းကို ဒေါက်ခနဲမြည်အောင် လက်ဆစ်ကလေးနှင့် ခေါက်ချလိုက်မိတော့သည်။

ဖိုးဆေး၏ ဗြဲခနဲ အော်ဟစ်ငိုယိုသံ၊ အမေ့ မြည်တွန်ဆူပူသံတွေကို နောက်ချန်ရစ်ခဲ့ကာ ခင်မာတစ်ယောက်ကတော့ ချောင်းငယ်လေးထဲမှာ လှေကလေးကို အားကုန်ကျုံး၍ လှော်ခတ်လျှက် ရေဆန်၊လေဆန်ခရီးကို ဆန်တက်နေပြန်တော့သည်။ နှုတ်မှလည်း…

`` ဆွမ်းအုပ်နီနီ အမေရွက်လို့
နက်ဖြန်၊ မနက် ကျောင်းတက်မယ်´´

…တဲ့။

*****ကျွန်တော့်ပို့စ်ပါ ကဗျာစားသားကို ချစ်ကြည်ရင်းနှီးစွာ အကြိမ်ကြိမ်အမှားပြင်ပေးကြသော ညီငယ် `ပိုင်´ နှင့် သူ့မိတ်ဆွေတို့ကို ကျေးဇူးတင်စွာ အမှတ်ရနေပါမည် ...။

သတိုး

Wednesday, January 19, 2011

မေ့ရန်ခက်သော ခြေရာများ

`အပမ်းဖြေခရီးစဉ်` ဟူသော ခေါင်းစဉ်အောက်မှ သည်ရီးသည် ပျော်ရွှင်ကြည်နူးစရာ၊ မမေ့နိုင်စရာ အမှတ်တရများစွာ တို့ဖြင့် အတိပြီးပြည့်စုံနေလိမ့်မည်ဟု သေချာစွာ ယုံမှတ်မျှော်လင့်ထားခဲ့မိသည်။

ခရီးဝေးသွားခဲလှသော ကေ့အတွက်တော့ လမ်းဘေးဝဲယာ မြင်ကွင်းများသည်ပင် အဆန်းအကြယ် ဖြစ်နေပြန်တော့သည်။ ညောင်တုန်း၊ ကျောင်းကုန်း စသော မြို့အ၀င်များကို လှမ်းငေးကြည့်ရုံမျှဖြင့် ကျော်လွန်ပြီးခဲ့ပြီ။ ပြီး…ကားလမ်းမ နံဘေးက ရွာကလေးတွေ…။တချို့ကတော့ ကားလမ်းနဲ့ ဝေးလှမ်းလွန်းလှသည်ဖြစ်ရာ အုန်းပင်တန်းရှည် ညို့ညို့ကိုသာ လှမ်းငေးရတော့သည်။ မြင်ကွင်းများစွာကတော့ ရှုမျှော်မဆုံးတော့သော စိမ်းတစ်ကွက်၊ ၀ါတစ်လှည့် လယ်ကွင်းများသာပင်။

``ဟဲ့…လယ်တွေတောင် ပြန်စိုက်နေရပြီလား´´

``နွေစပါးလေဟယ်…ငတုံးမရဲ့´´

``ဟို…၀ါနေတဲ့ လယ်ကွက်တွေက ဘာဖြစ်တာလဲ´´

`ရေငတ်လို့ ဖြစ်မှာပေါ့ ´´

ခရစ်စမတ်အမီ စီစဉ်ခဲ့သော ကေတို့၏ သည်ခရီးစဉ်သည် အလုပ်ရှင်သူဋ္ဌေး၏ နိုင်ငံခြားခရီးစဉ် ရုတ်တရာက်ပေါ်လာသောကြောင့် သူပြန်ရောက်အောင် စောင့်ပေးနေရပြန်သည်။ သူဋ္ဌေးပြန်ရောက်လာချိန်မှာ သည်ခရီးကိုဦးဆောင်မည့် မန်နေဂျာဦးသိုက်၏မိခင် ဆေးရုံတက်ရပြန်သောကြောင့် နှောင့်နှေးနေရပြန်သည်။ ကေတို့၏ သည်ခရီးစဉ်က ဇန်န၀ါရီလဆန်းမှပင် စနိုင်ခဲ့တော့သည်။

ညိုမနှင့် နီနီတို့နှစ်ယောက်တော့ အတိုင်အဖေါက်ညီစွာ စကားတွေ ရေပက်မ၀င်နိုင်အောင် ပေါက်ပေါက်ဖောက်နေကြပါသည်။ ကေကတော့ စကတည်းက နှုတ်နည်းသူဖြစ်လေတော့ ပတ်ဝန်းကျင် တခွင်တပြင်ကို လှမ်းငေးလိုက်၊ ညောင်းလာလျှင် မျက်လုံးတွေကို မှေးမှိတ်ဖြေလျှော့ရင်း အိပ်ငိုက်လာလိုက်ဖြင့် ငြိမ်သက်နေတော့တာမို့ ညိုမက တံတောင်တစ်ချက်တို့ကာ…

``မိကေ…ငြိမ်လှချည်လား

``အေးလေ…ရန်ကုန်ကို ပြန်လွမ်းရအောင်လည်း ဥာဏ်က အရှင်လတ်လတ်ကြီး ကားပေါ်မှာ ပါလာတဲ့ဥစ္စာ

နီနီက ကေ့အား စ,နေပြန်ရင်း ငှက်ပျောခြောက်ကြော်ထုပ်ကို ကိုက်ဖောက်နေသည်။

``ဟဲ့..နီ။ အဲဒါ…မိကေအတွက် ဥာဏ်ဝယ်လာပေးတာနော်

``သိပါတယ်ဟယ်။ ဒီလောက်အများကြီးကို မိကေ တစ်ယောက်တည်း ဘယ်လိုကုန်နိုင်ပါ့မလဲ။ ဒါကြောင့် ငါက ကူစားပေးတာ။ ဥာဏ်သိရင် ငါ့ကိုတောင် ကျေးဇူးတင်ဦးမယ်

`ပြည်ကြီးတံခွန်´ဂိတ်အ၀င် စားသောက်ဆိုင်တန်းမှာ နံနက်စာဝင်စားဖြစ်ကြစဉ် ဥာဏ်တစ်ယောက် ငှက်ပျောခြောက်ကြော်တွေရော၊ အာလူးကြော်တွေပါ ၀ယ်လာပေးတာကို လှမ်းမြင်လိုက်သော ကိုကြိးစိုးတို့အုပ်စုသည်လည်း ဥာဏ့်အား ၀ိုင်းဝန်းစ,နောက်နေလျက် တဟားဟား။ ဥာဏ့်ခမျာ မျက်နှာရဲရဲကြားက ကေ့ကိုလည်း စိတ်ဆိုးမှာ စိုးရိမ်နေပြန်တော့ကာ မ၀ံ့တ၀ံ့ ခိုးငေးလို့ မဆုံး၊

``ဟိုရောက်ရင် သူ…နင့်ဆီက အဖြေ ထပ်တောင်းလိမ့်မယ် ထင်တယ် ကေ။ သေချာပါတယ်ဟာ။ ငါ..လောင်းရဲတယ်´´

နီနီ့စကားကို ညိုမကပါ ထပ်ဆင့်ထောက်ခံနေပြန်သည်။

``ငါ…နီ့ဘက်က ပါမယ်´´…..တဲ့။

ကေတစ်ယောက် ရင်ခုန်မြန်လာရတော့ပြီ။

****************

ပုသိမ်တံတားကို ကျော်လွန်ကာ ဗျူးပွိုင့်သို့နီးလာခဲ့လျှင်တော့ မြင်ကွင်းတွေက သိသာစွာ ပြောင်းလဲသွားခဲ့ပြီ။ ကားလမ်းက အနိမ့်အမြင့်၊ အတက်အဆင်း၊ အကွေ့အကောက်တို့ ထူထပ်များပြားလို့လာသည်။ အတက်ခရီးဟု စိတ်မှာသိလိုက်စဉ်မှာပင် ရုတ်ချည်းစိုက်ခနဲဆင်းရပြန်လေလျှင် ရင်မှာ အေးခနဲ။ ယောက်ျားလေးတွေကတော့ ဟေးခနဲ ၀မ်းမြောက်အူးမြူးစွာ အော်ဟစ်မဆုံးကြတော့ပြန်။ တချို့သောကွေ့တွေကျတော့ ဂငယ်ကွေ့ဆန်ဆန်ဖြစ်သည်။ တစ်ကွေ့ ကွေ့ချိုးလို့မှ မဆုံးမီ နောက်ထပ်ကွေ့တစ်ခု မြင်ကွင်းရှေ့သို့ ဘွားခနဲ ရောက်လာပုံက အသက်ရှူမှားချင်စရာ ဖြစ်တော့သည်။ဒရိုင်ဘာ၏ ကျွမ်းကျင်မှု၊ စေတနာနှင့် အသိ၊သတိတို့ပေါ်မှာသာ လုံးဝယုံမှတ်၊ ပုံအပ်ပေးထားရသော အခြေအနေမှာ အသည်းတအေးအေး၊ ရင်တဖိုဖို ပင်။ ဘုရားတသံတွေလည်း တီးတိုးလွှမ်းညံနေတော့ပြီ။ ကားဘီးတစ်ဘီးစာမျှ အချိန်အဆမှားကာ နေရာရွေ့ချော်သွားခဲ့လျှင် ချောက်နက်နက်ထဲ ဂျွမ်းစိုက်ထိုးဆင်းကြရဖို့သာ ရှိတော့တာလေ။

လမ်းတစ်ဘက်မှာက ဖဲ့ဖြိုချထားသော တောင်မြင့် ကမ်းပါးယံဖြစ်သည်။ တခြားတစ်ဘက်မှာတော့ ချောက်နက်နက်…။ ထိုချောက်နက်များကို ကျော်လွန်ကြည့်ဖြစ်လျှင်တော့ လျှိုမြောင်အထပ်ထပ်၊ ချောင်းငယ်ကွေ့အသွယ်သွယ်ကို လှမ်းမြင်ရနိုင်ပါသည်။ သစ်ပင်မြင့်မြင့်တို့က ခပ်ကျဲကျဲ။ တခါတရံ ခြုံနွယ်သစ်ပင်တွေကြားမှာ လူသွားလမ်းဖုံဖုံလေးတွေလည်း တွေ့ရတတ်သေးသည်။

ချောင်းကမ်းနဖူးကို ကျောခိုင်းဆောက်ထားသော ခြေတံရှည်မြင့်မြင့်တဲအိမ်ကလေးတွေ တစ်လုံးစ နှစ်လုံးစမြင်ရသည်။ တချို့ကျတော့ တောင်ကုန်းမြင့်မြင့်ကလေးတွေရဲ့ ထိပ်ဖျားဆီမှာ။ ရာဘာစိုက်ခင်းက အလုပ်သမားမိသားစုတွေနေသော တဲကလေးတွေဖြစ်မှာပေါ့။ ချောင်းနက်ထဲမှာ ငါးဖမ်းလှေငယ်လေးတွေကိုလည်း တစ်စင်းတလေ ငုံ့ငေးရသေး၏။

ဥာဏ်တို့တတွေကတော့ ကားလမ်းမနံဘေးရှိ ကုန်းမြင့်ပြေပြေ တချို့နေရာတွေမှာ တွေ့ရသည့် ခြေတံရှည်တဲအိမ်ကလေးတွေကို လည်ပြန်ငေးလျှက်။ တဲအိမ်များရှေ့မှာ ဆော့ကစားနေသော ကလေးငယ်များနှင့် အပြန်အလှန် လက်ပြ နှုတ်ဆက်နေပြန်ကာ သဘောတွေကျလို့ပေ။

အဲဒီဥာဏ်ဟာ အလွန်အရယ်အပြုံးများသော လူပျော်လေးတစ်ယောက်ပေ။ ရုပ်တည်နှင့် စကားနည်းသော ကေသည်ပင် ဥာဏ်နှင့်တွေ့လျှင်တော့ စကားဖွယ်ရာ ဆိုနေဖြစ်ပြန်ကာ အရယ်အပြုံးတွေလှိုင်နေတတ်ပြန်တာ။

ဒါကြောင့်လည်း အလုပ်ထဲသို့ စ၀င်လာကြသူချင်းအတူတူမှာ ဥာဏ်က… ကေ့ထက် ခင်မင်နှစ်လိုသူ ပေါများနေတာဖြစ်မည်။ အလုပ်ဘယ်လောက်ရှုပ်နေပါစေ၊ ဘယ်လောက်ပဲ စိတ်ညစ်ပင်ပမ်းရသည် ဖြစ်ပါစေ…ဥာဏ်မျက်နှာပေါ်မှ အရယ်အပြုံးတွေ ဖျော့မှိန်မသွား။ လုပ်ဖော်ကိုင်ဖက် အချင်းချင်းကြားမှာလည်း ဥာဏ်ဟာ ကူညီတတ်သူ၊ အနစ်နာခံတတ်သူဟု အမှတ်ပေးခံရသူဖြစ်ပြန်သည်။ အဲသည်ဥာဏ်က အာရုံနည်းနည်း၊ အလုပ်ထဲမှာသာ ငြိမ်ငြိမ်ကလေးရှိနေတတ်သောကေ့အား ချစ်စကား ဆိုလေရာ နံဘေးမှနေကာ ကိုယ့်စားရိတ်ကိုယ်စားပြီး လွှတ်သဘောတူနေကြသူတွေလည်း အများသားပေ။

အမှန်အတိုင်း ၀န်ခံရလျှင်တော့ အလုပ်ထဲမှာရော၊ အရပ်ထဲမှာပါ ခင်မင်ပတ်သက်၊ သိကျွမ်းဖူးသမျှ ယောက်ျားလေးမိတ်ဆွေအားလုံးတို့ထက် ဥာဏ်ကိုမှ ပိုသာသော မှတ်မှတ်ထင်ထင်၊ ခံစားချက်တချို့တ၀က်မက ကေ့ရင်ထဲမှာ ရှိနေနှင့်တာ ။ ဒါပေမယ့် ချက်ကြီး ဖွင့်ဟ၀န်ခံဖို့ရန်တော့ ကေ…မ၀ံ့သေးပါပေ။

*****************

ဥတိုတံတားကို ဖြတ်သန်းပြီးလျှင်တော့ ကားပေါ်ရှိလူကုန် မျှော်လင့်တက်ကြွလျှက် တလှုပ်လှုပ်ရှိလာခဲ့ကြပြီ။ ပင်လယ်နဲ့ အလွန်နီးကပ်လာနေပြီ မဟုတ်လား။

``ဟိုမှာ…ပင်လယ်

ကားသမားတစ်ယောက်က လက်ညှိုးညွှန်လေလျှင် ပင်လယ်အား မျှော်မောရင်ခုန်ကာ စိတ်စောနေကြသူတွေချည်းမို့ လေးဘက်လေးတန် ပိတ်ဆီးထားသော တောင်တန်းတွေဆီ အလုအယက် လိုက်ကြည့်မိကြသည်။

``ဘယ်မှာလဲ…

သူ့လက်ညှိုးက အောက်ဖက်ဆီ ယိုင်ပြနေပြန်တာကြောင့် ဇဝေဇ၀ါ အကြည့်ရောက်လေလျှင်…

``ဟယ်…ဟုတ်တယ်။ အဲဒါ ပင်လယ်…´´

``အယ်…ဒါ ပင်လယ်လား…´´

အားလုံးမျှော်လင့်ထားခဲ့ကြတာက ပယ်လယ်ပြင်ကြီးကို အထက်စီးမှ ငုံ့ကိုင်းကြည့်ရမည်လို့သာပင်။ ခုတော့ ပင်လယ်က တောင်တွေရဲ့ အမြင့်အဖျားမှာ တောင်တန်းနံရံများ ဘောင်ခတ်ထားလျှက်…။ပင်လယ်ကို ခုလို…တမော့တမော မျှော်မော့ကြည့်ရလိမ့်မည်ဟု ဘယ်တုန်းဆီကမှ တွေးထင်မထားခဲ့စဖူးမို့ အံသြတကြီး။ ငေးမော့မ၀။ ဒါပေမယ့် လမ်းကွေ့တွေမှာ ပင်လယ်က ပုန်းပျောက်သွားလိုက်၊ ပြန်ပေါ်လာလိုက်။

တကယ်တမ်း ချောင်းသာကမ်းခြေဆီ ခြေချမိကြတော့လည်း လှည့်စားခံလူတွေကို ရေပြင်ပြာပြာရဲ့ ကြိုဆိုဧည့်ခံနေပုံက လှိုက်လှဲနွေးထွေးစွာ…။ ငြိမ်းအေးညှို့ငင်စွာ….။

******************

ဘန်ဂလိုမှာ ပစ္စည်းတွေ နေရာချပြီးသည်နှင့် ရေထဲဆင်းရန် အဆင်သင့်ရှိနေကြပြီ။

ကမ်းခြေမှာ ခြေစုံရပ်ကြကာ တမျှော်တခေါ် မြင်ကွင်းမဆုံးနိုင်တော့သော ရေပြာပြာပင်လယ်ဆီ ဟေးခနဲ လှိုက်လှဲကျယ်လောင်စွာ နှုတ်ခွန်းဆက်သလိုက်ကြသည်။ ပြီး…ပင်လယ်၏ ရင်ခွင်ဆီ အလုအယက် ပြေးဝင်ကြတော့ပြီ။

``ကေ…ရေထဲမဆင်းခင် စက်ဘီး အရင်စီးရအောင်´´

``ဥာဏ်..စက်ဘီး စီးတတ်လို့လား´´

``အင်း…လာပါ´´

ကမ်းခြေသဲပြင်တစ်လျှောက် နှစ်ယောက်တွဲစက်ဘီးကို ဥာဏ်ကထိန်းရင်း ရှေ့ကနင်းလေလျှင် ကေသည်လည်း နောက်ကနေ သူ့ပခုံးကိုကိုင်ကာ အလိုက်သင့် နင်းရပြန်တော့သည်ပင်။ ဥာဏ်က ကျောက်ပုထိုးစေတီဆီရောက်အောင် နင်းလေသည်။ ပြီး…ပင်လယ်နှင့် ကမ်းခြေရှိဟိုတယ်တွေဆီ တစ်လှည့်စီငေးရင်း နင်းကြပြန်သည်။

စိမ်းပြာညို့သောရေပြင်သည် ကေတို့ရောက်စကတော့ ခပ်ပြေပြေ ငြိမ်သက်နေသယောင်ထင်ရသော်လည်း ခဏငယ်အကြာမှာပင် လှိုင်းအိဂယက်ငယ်တို့ ကမ်းခြေဆီ လာရောက်မိတ်ဆက်ကြလေပြီ။

ယောက်ျားလေးများကတော့ လှိုင်းခုန်နေကြသည်။ လှိုင်းအလာကို ကြိုစောင့်နေကြရင်း မိမိထံရောက်အလာမှာ အလိုက်သင့်ဝမ်းလျားထိုးခုန်အုပ်ကာ လှိုင်းငြိမ့်စီးကြတာပင်။ မိန်းကလေးများမှာလည်း ဘောကွင်းတွေပေါ်မှာတချို့၊ ဖက်တွယ်ထားလျှက် တစ်ချို့။

ဘန်ဂလိုမှာ ရေမိုးချိုး၊ ဟိုတယ်က စီစဉ်ပေးသော ညစာကို စားနေကြရချိန်မှာပင် ညနေပိုင်း ပင်လယ်ကမ်းစပ်ဆီမှ အပျော်တွေကို စားမြုံ့ပြန်ကောင်းနေကြတုန်းပေ။

ဥာဏ်ကတော့ ကေ့အရိပ်ကို တရံမလပ် စောင့်ကြည့်နေမြဲအတိုင်း…

``ကေရေ…ပြီးရင် လမ်းလျှောက်ရင်း ငါးကင်စားရအောင်

`` အေး…ကောင်းတယ်။ သွားရအောင်ဟာ

မိညိုမက လက်ဦးအောင်ဖြေနှင့်လေသည်။

***************

နောက်တစ်နေ့မှာတော့ ဖိုးကုလားကျွန်းဟု နှုတ်စွဲနေခဲ့သော ကေတို့တတွေကို `အောင်မင်္ဂလာကျွန်းမှ ကြိုဆိုပါ၏ ´ ဟူသော ဆိုင်းဘုတ်က ဆီးကြိုနေနှင့်လေသည်။ ချောင်းသာကမ်းခြေနှင့် ဖိုးကုလားကျွန်းအကြားရှိ ချောင်းက မြစ်နှင့် ပင်လယ်ကို ဆက်သွယ်ပေးထားသလို ခပ်တိုတို။ ဒါပေမယ့် ကျယ်ဝန်းလှသည် ထင်မိ၏။ စက်တပ်လှေပေါ်မှ မိန်းခလေးများမှာ လှုပ်ပင် မလှုပ်ရဲ၊ အသက်မျှ မရှူရဲရှာအောင် ရင်ထထိတ်ထိတ်။ ကေတို့၏ မန်နေဂျာ ဦးသိုက်က စက်လှေတစ်စင်းထဲပေါ်မှာ ယောက်ျားလေး၊ မိန်းခလေး မျှမျှတတ ပါဝင်နိုင်အောင် စီစဉ်ပေးခဲ့သည်။

``ကေ…ကိုယ်တို့လှေနဲ့ လိုက်ခဲ့နော်

ချောင်းရေက ကြည်လင်စိမ်းလဲ့နေပြန်ရာ အောက်ခြေကြမ်းခင်း၊ သဲပြင်ကိုတောင် လှမ်းမြင်နေရတာမို့ ရေတိမ်သားပဲဟု စိတ်အေးတော့မလိုရှိစဉ်…

``အလယ်ချောင်းရိုးက ကျဉ်းကျဉ်းလေးပဲ။ ဒါပေမယ့် ချောက်နက်ကြီး´´

တံငါရွာကလေးမှ ရွာသားတွေကတော့ ဧည့်သည်တွေကို မထူးဆန်းတော့သလို အေးဆေးစွာပင်။ ဖိုးကုလားကျွန်းက ပို၍ပျော်ရွှယ်ကောင်းသည်ဟု ဥာဏ်နှင့်ကေတို့ သဘောချင်းညီခဲ့ကြပါသည်။

ကျောက်ဆောင်တောင်ကုန်းမြင့်ဆီမှ စေတီကလေးကလည်း ကြည်ညိုဖွယ်ရာ သပ္ပါယ်နေပါသည်။ဘုရားဖူးအပြီးမှာ ပင်လယ်ပြင်နှင့် ကမ်းခြေကို အထက်စီးမှ လှမ်းငေးလို့ရသည်။ ပတ်ချာလည် ၀ိုင်းပတ်နေသော ကျောက်ဆောင်၊ ကျောက်တံတားများမှာရေညှိတို့ဖြင့် မဲညို့ညို့။ ကျောက်ဆောင်တွေကြား ခရုကောက်နေကြသူတွေလည်း ရှိနေသည်။ မြင်ကွင်းတစ်ဆုံးမှာတော့ ရေပြင်ပြာပြာ…။

ဟို…ဝေးပြပြ ပင်လယ်ရဲ့ဗဟိုမှာ ဖွေးလွလွသဲမြေအတိကုန်းမြေကတော့ သဲဖြူကျွန်းဟု အမည်တွင်သည်တဲ့လေ။ ဘာအပင်မှ မပေါက်ရောက်သေးဟုလည်း ပြောကြသည်။ ရေလည်သဲဖြူကျွန်းပေါ်မှာ တည်ထားကိုးကွယ်သော စေတီငယ်ကို ဖူးရောက်ချင်သေးသော်လည်း ပင်လယ်ကို စက်လှေဖြင့် ဖြတ်ကူးရန် ကေတို့ ကလေးမတွေက မ၀ံ့ရဲကြပါ။

``ဟို…စက်လှေတွေက ပိုကြီးတယ်လေ။ လိုက်ဖ်ဂျပ်ကက်တွေလည်း လူတိုင်းဝတ်ထားရတာပဲ။´´

မိန်းကလေးတွေမလိုက်ဖြစ်လျှင် ယောက်ျားလေးတွေလည်း မသွားဖြစ်တော့ဖို့ သေချာသလောက်ရှိနေတာမို့ သွားချင်လှသူတွေ စူပွပွ။ ဒါပေမယ့် ကျောက်ဆောင်တွေကြားမှာ ဓါတ်ပုံတွေရိုက်ကြရင်း၊ ခရုလိုက်ကောက်ရင်း၊ ကြေးတွန်းကျောက်ရှာရင်း သဲဖြူကျွန်းကို မေ့သွားကြပါသည်။

ချောင်းသာဖက်ကမ်းသို့ ပြန်ကူးကြရန်ပင် လူစုံအောင် မနည်းစုရုံး လောဆော်နေရသည်။ ခရုပုတီးနှင့် လက်ဆောင်ပစ္စည်းရောင်းသောဆိုင်ကလေးမှာ ကေတို့ တစ်အုပ်စုထဲနှင့်ပင် လူမအား၊ လက်မအား ဗျာများကျန်ရစ်ရရှာတော့သည်။

ကူးတို့ဆိပ်ကို ပြန်ရောက်တော့ ယောက်ျးလေးတချို့ မြင်စီးရင်း ကောင်းဘွိုင်စတိုင် ဖမ်းကြပြန်သည်။ မိန်းကလေးတွေကတော့ ချောင်းသာအမှတ်တရ အင်္ကျီနှင့် လက်ဆောင်ပစ္စည်းဆိုင်မှာ ကြိတ်ကြိတ်တိုးနေကြပြန်ပြီ။

******************

တစ်နေကုန် တလှုပ်လှုပ်၊ လှိုင်းထန်လှုပ်ရှားနေရသော ပင်လယ်သည် ညအချိန် အိပ်စက်ရန်ပင် နှမျောနေသေးသည်ထင်ရဲ့။ ကမ်းစပ်ဆီသို့ လှိုင်းဂယက် ဖွေးဖွေးတွေ ဝေါခနဲပို့လွှတ်လာလိုက်၊ ပြီး…ပြန်ဆွဲချခေါ်ယူသွားလိုက်ဖြင့် ပိုလို့တောင်ပျားပမ်းခပ်ကာ အကဲမရ ရှိလှသည်။ လရောင်မရှိသော်လည်း ဟိုတယ်များဆီမှ စီစီညီသော လျှပ်စစ်မီးရောင်များကြောင့် ကမ်းစပ်မှာ ရေဂယက်ဖွေးဖွေးတို့သည် ငွေရောင်လက်ဖြာနေတော့သည်။ ကောင်းကင်မှောင်မှောင်မှာ မီးရှူး၊ မီးပန်း ရောင်စုံတို့ တဖွားဖွားရောင်စုံဖြာနေတတ်ပြန်သည်။ တစ်ချက်ချက်မှာ ကာရာအိုကေ သီချင်းသံတွေလည်း လွင့်ဝဲလာတတ်သေးသည်ပင်။

ဥာဏ်တို့ ယောက်ျားလေးအုပ်စုက ဟိုတယ်မှ စီစဉ်ပေးသောထင်းခြောက်များဖြင့် ကိုယ်တိုင် မီးမွှေးရန် ပြင်ဆင်နေကြသည်။ မီးတောက်တို့ အရှိန်ရစ ပြုလာခဲ့လျှင်တော့ ကေတို့အားလုံး မီးပုံကြီးကိုဝိုင်းပတ်ကာ နေရာယူလိုက်ကြပါတော့သည်။



``ကေ..ချမ်းနေလား´´

အနွေးထည်ထူထူကြီးကို လည်ပင်းအထိရောက်အောင် ဇစ်ဆွဲတင်နေသေးသော ကေ့အနားသို့ ဥာဏ်တစ်ယောက် မယောင်မလည် ရောက်ရှိလာပါသည်။

``လေတိုက်နေတာကိုး..ဥာဏ်ရဲ့´´

ဥာဏ်ကတော့ သိပ်မချမ်းလှသလိုပင် သိုးမွှေးဆွယ်တာပါးကလေးနှင့်ဖြစ်သည်။ ခေါင်းစွတ်ရဲရဲအောက်မှ ဥာဏ်မျက်ဝန်းတွေက အရိပ်တစ်မျိုးယှက်သန်းကာ နူးညံ့ရွှန်းလက်နေပြန်ပါသည်။

``မနက်အစောကြီး ပြန်ရတော့မှာနော်´´

``အင်း..´´

``ပြန်ချင်သေးဘူး ကေရဲ့´´

ကေ..စကားမပြန်တော့ပါ။ ခရီးစဉ်တစ်လျှောက်လုံးမှာ ကေ့အနားပဲကပ်ခွင့်ရအောင် ၊ စကားပြောခွင့်သာအောင် ကြိုးစားရင်း ဥာဏ့်အကြည့်၊ အပြုံးတို့ လှိုက်လှဲနက်ရှိုင်းလို့လာနေတာ ကေသာမက အားလုံးက သိရှိနားလည် နေနိုင်ခဲ့ကြသည်ပင် မဟုတ်လား။ ကေ…ကိုယ်တိုင်လည်း အလုပ်ခွင်သက်တမ်းတစ်လျှောက် နေ့စဉ်ထိတွေ့ဆက်ဆံနေရသော ဥာဏ့်အား သည်ခရီးစဉ်ရောက်လေမှ အမူလွန်ဟန်ဆောင်ခြင်းများကွာကျလုကာ ဆန်းသစ်စွာ ငြိတွယ်ချင်ခဲ့ပြီ။

လက်ခုတ်သံ တဖျောင်းဖျောင်းကြားမှာ မီးပန်းရောင်စုံတို့ဖြင့် ကောင်းကင်သည် ပြိုးပြက်၊ ၀င်းလက်လို့နေသည်။ လက်ထဲမှ မီးပန်းငယ်များကို အခြားသူများနှင့်အတူ ကိုယ်စီဝှေ့ယမ်းနေကြရင် ကေတို့နှစ်ယောက်စလုံး ပြိုင်တူပြုံးနေမိကြသေးသည်။

ယောက်ျားလေးများ ဂစ်တာတီးရင် သီးချင်းဆိုကြရန်ပြင်နေပြီ။

``ဟေ့ယောင်…ဥာဏ်´´

ဂစ်တာတီးရန်လှမ်းခေါ်နေသော ကိုကြီးစိုးတို့ထံ ခဏဟု ဥာဏ်ကဆိုကာ မျက်လုံးတစ်ဖက်ပင် လှမ်းမှိတ်ပြနေလိုက်သေးသည်။ ညိုမနှင့် နီနီကတော့ ငါးကင်ရန် ပြင်ဆင်ရာမှာ ၀င်ကူပေးနေကြသည်။

``ကေ…´´

ဥာဏ့်အသံမှာ မြတ်နိုးမှုငွေ့ငွေ့ဖြင့် တိုးဖွဖွ။

``ဒီညလေးကို ကိုယ်တို့တွေ အမြဲတမ်း အမှတ်ရနေကြရအောင်နော်´´

ကေ…ပြုံးလျှက်သာ ခေါင်းညိတ်လိုက်ပါသည်။

ဥာဏ်က ကျောပိုးအိပ်အတွင်းမှ တစုံတရာကို ထုပ်ယူနေပြန်သည်။ ဥာဏ်လက်ဆောင်မှာ ကတ္တီပါစနီရဲရဲကို ဘောင်ကျက်လျှက် အရောင်၊ ပုံသဏ္ဍာန်ဆန်းဆန်းခရုခွံလေးတွေနှင့်  စီခြယ်ထားသော ချစ်မက်စရာ ပန်းချီးကားချပ်လေးဖြစ်သည်။

``ရန်ကုန်ရောက်မှ ဖဲကြိုးတွေ ဘာတွေနဲ့ သေချာထုတ်ပိုးပြီး ပေးမလို့ ကေရဲ့။ အဲထိရောက်အောင် မစောင့်နိုင်တော့လို့´´

ပိုလိုက်တာဟု နှုတ်ခမ်းမဲ့ပြလိုက်သော်လည်း ကေနှုတ်ခမ်းများက အပြုံးတွေ လျော့မသွားခဲ့။

``ဟေး…ဥာဏ်။ အော်…နေ့လည်က ၀ယ်ခဲ့တဲ့ ပန်းချီကားလား။ အဲဒါ ကေ့ဖို့ ၀ယ်တာလား..ဟား..ဟား..´´

``သာသနာဖျက်ကောင်´´

ဥာဏ်က ဖိုးစည်အား မကွယ်မ၀ှက် စွတ်စွဲနှင်လွှတ်နေပြန်သည်။ ဖိုးစည်ကတော့ မျက်နှာတစ်ချက်ညှိုးမသွား။ တဟားဟား..ရယ်မောမပျက်…။

``အော်…ဖိုးကုလားကျွန်းမှာ မင်းတို့ခိုးယူလာခဲ့တဲ့ ပုလဲပုတီးလည်း ကေ့ကို ပေးလိုက်ပါဦး။ သက်စွန့်ဆန်ဖျား ယူလာခဲ့ပြီးမှ ပေးဖို့မေ့နေမှာစိုလို့ မင်းကို သတိလာပေးတာ´´

ဖိုးစည်ကတော့ တဟဲဟဲပင် အနားကခွာကာ ဂစ်တာတီးနေသော အုပ်စုထံ ပြန်သွားတော့သည်။

``အဟား..သူလာပြောလို့ သတိရတာ´´

ကျောပိုးအိပ်အတွင်းမှာ ဟို၊သည် စမ်းရှာနေပြီးမှ လက်ထဲသို့ပါလာခဲ့သော ပုလဲပုတီးလေးမှာ ညမှောင်မှောင်မှာပင် မီးရိပ်ဖြင့် တလက်လက် လင်းဖြာနေပါသည်။

ကေသည် ဥာဏ့်ထံမှ လက်လှမ်းလိုက်သော ပုလဲပုတီးလေးအား နောက်သို့ခြေတစ်လှမ်းဆုတ်၍ပင် ရှောင်လိုက်မိသေးသည်။ ဥာဏ်ကတော့…

``နေ့လည်က ကိုယ်တို့တွေ အမှတ်တရ ပစ္စည်းဆိုင်မှာ အတိုအလျှိုတွေလုပ်ကြရင် ပါလာခဲ့တာလေ..ဟား..ဟား..´´

ဥာဏ်ကတော့ ကေ့ အမူအယာကို သတိမပြုမိဟန်ဖြင့် ရယ်မောရွှင်ပြနိုင်နေသေးသည်။

``ကေ..အခု ဆွဲထားမလား…။ ကေနဲ့ဆို လှမှာ…´´

``ဟင့်အင်း။ ကေ..မယူချင်ဘူး။ မယူဘူး´´

ကေ့ ငြင်းဆန်စကားက ရုတ်တရက်ကြီး တူးတူးခါးခါး ဖြစ်သွားရတာမို့ ဥာဏ်တစ်ယောက် ဇဝေဇ၀ါဖြင့် အံ့အားသင့်သွားခဲ့သည် ထင်ပါ၏။

``ကေ…´´

``ဟင့်အင်း´´

**************

ကေတို့တတွေ ကမ်းခြေမှ ပြန်တက်လာကြတော့ ညနက်လွန်ခဲ့ပြီ။ ဘန်ဂလိုသို့ ရောက်လျှင်ရောက်ချင်း ခြေ၊လက်ဆေးပြီး အိပ်ယာတန်းဝင်ခဲ့မိသော်လည်း အိပ်မပျော်နိုင်ပဲ ဘယ်၊ညာ လူးလိမ့်နေရပြန်တော့သည်။

ကေ့ကို ပုံကြီးချဲ့တတ်သူဟု ဥာဏ်က ဆိုခဲသည်။ ကေကလည်း ဥာဏ်ဟာ အတွေးတိမ်သူ၊ ပေါ့တန်သူဟု တန်ပြန်စွတ်စွဲပစ်လိုက်တော့သည်လေ။

ကေတို့တတွေ လက်ဆောင်ပစ္စည်းဝယ်ယူခဲ့ကြသော ဖိုးကုလားကျွန်းပေါ်မှ အမှတ်တရ ပစ္စည်းဆိုင်ကလေးဟာ ဈေးဝယ်လို့ ကောင်းလွန်းလှပါသည်။ ဈေးနှုန်းတွေလည်း ကမ်းခြေဘက်မှာထက် ပို၍သက်သာသေးသည်။

``ဒါတွေကို ကျွန်မတို့ဘက်က ကိုယ်တိုင်လုပ်ကြတာလေ။ ကမ်းခြေက ဆိုင်တွေကို ဖောက်သည်သွင်းပေးရတာ။ ခုလို လက်လီရောင်းရတော့ နည်းနည်းပိုကျန်တာပေါ့´´

သူတို့ရဲ့ အမြတ်ငွေဟာ တကယ့်ကို နည်းနည်းပါးပါးသာဖြစ်မှာ သေချာပါသည်။ လက်ခသာသာမျှထက် ပိုလွန်ရုံသာရှိလိမ့်မှာ…။

ဈေးဝယ်သူ တစ်အုပ်တစ်မကြီးဝင်လာတော့ ဆိုင်ရှင်မိန်းကလေးခမျာ ပျော်ရှာမည်ပင်။ ကြုံရာ လက်ညှိုးညွှန်ကာ တစ်ယောက်တစ်လက် ဆွဲယူရွှေးချယ်နေသမျှ မငြိုမငြင် ဈေးဆိုပြသပေးခဲ့ရှာသည်။ ကေတို့အားလုံးအပေါ် အရိုးခံ သက်သက်ဖြင့်သာ ဆက်ဆံခဲ့ရှာတာ။ သံသယငွေ့ငွေ့ဖြင့် ဘယ်သူ့ကိုမှ သူ …မထေမဲ့မြင် မပြုခဲ့ပါပေ။

ခုတော့ ဥာဏ်တို့အားလုံးက အဖိုးမတန်လှသော ပစ္စည်းသေးသေးလေးတစ်ခုကို ဈေးသည်မသိအောင် အပျော်သက်သက်အတွက် ၀ှက်ယူလာခဲ့ကြသည်တဲ့။ ပြီး…

``ဒီလောက်တန်ဖိုးလေးနဲ့ ကိုယ်က စာရိတ္တ ပျက်ပြားစရာလား ကေရဲ့။ ဒီ့ထက် တန်ဘိုးကြီးလည်း စိတ်နဲ့တောင် မပြစ်မှားဘူး´´

``စိတ်နဲ့ မပစ်မှားပေမယ့် လက်က ရောက်ပြီးနေပြီလေ…´´

``ကေ…။ အဲဒါ ကိုယ်တို့အားလုံး အပျော်သက်သက် လုပ်မိခဲ့ကြတာလို့ ဘယ်နှစ်ခါ ပြောရမလဲ။ ပြီးတော့ အဲဒီအချိန်က ကေပြောသလောက် ကျယ်ကျယ်ပြန့်ပြန့် တွေးရကောင်းမှန်းလည်း မေ့နေခဲ့ကြလို့…´´

****************

``နင်ကသာ မစွတ်စွဲပါဘူးပြောနေ။ ဟိုမှာ ရှက်လို့ သေမတတ်ဖြစ်နေပြီ´´

တကယ်က တစ်ဖက်သားရဲ့ အခြေအနေ၊ ထိခိုက်နစ်နာရမှုကို မတွေးတောပဲ ဆင်ခြင်မဲ့ ၊ပေါ့ပေါ့တန်တန် ပြုမူပျော်ပါးတတ်သော အလေ့အထတွေကို ကေ…နှစ်လိုမြတ်နိုးမိသော ဥာဏ့်ထံမှာ မတွေ့မြင်ရက်ခဲ့တာ ဖြစ်ပါသည်။ ကေတို့တတွေ တစ်ခေါက် လည်ပတ်သုံးစွဲခဲ့ကြသော ခရီးစားရိတ်ဟာ သူတို့အတွက် တစ်လစာ အိမ်စားစရိတ်မျှ ဖြစ်နေမှာလို့ တွေးကြည့်ပါဦးတော့ ဥာဏ်ရယ်။ ဒါပေမယ့် ကေလည်းပဲ…စကားမှားခဲ့ ၊ကျွံခဲ့မိတာတော့ ၀န်ခံရမည်ပင်။

``ကေပါ ကြံရာပါ အဖြစ်မခံနိုင်ဘူး´´

ထိုစကားက ဥာဏ့်အား အထိနာစေခဲ့သည် ထင်ပါ၏်။

`မင်းမို့စွတ်စွဲရက်တယ် ကေရယ်´´

ကေ စွတ်စွဲတာ မဟုတ်ရပါဘူး ဥာဏ်ရယ်။ ဒါပေမယ့် ဥာဏ်တို့ရဲ့ လုပ်ရပ်က သူတစ်ပါးရဲ့ထမင်းတစ်လုပ်၊ ဟင်းတစ်တုံးကို ပုတ်ချပစ်သလို ဖြစ်ခဲ့တယ်လို့ ဥာဏ့်ကို နားလည်စေချင်ခဲ့တာ။

အပြန်လမ်းကတော့ ကေတို့နှစ်ယောက်ကြောင့် တိတ်ဆိတ်အေးစက်နေခဲ့ပြီ။

**************

ပုသိမ်တံတားအရင်းမှာတည်တားကိုးကွယ်သော နှီးဘုရားကို ၀င်ရောက် ဖူးမြင်ခဲ့ကြသည်။ ပုသိမ်တံတားကို နောက်ခံထားသော စေတီ၏ ပရ၀ုဏ်သည် အေးမြလျှက် ကြည်နူးဖွယ်ရာပေ။ ကေတို့တတွေ… ၀ါးနှီး ဖြင့် ယက်လုပ်ပူဇော်ထားသော နှီးဘုရား ရုပ်ပွားတော်မြတ်အား ပူဇော်အပြီးမှာ စေတီတော်ကို တစ်ပတ် ပတ်လျှက် ဖူးကြသည်။

``ဟဲ့ ဥာဏ်တို့ ဟိုမှာ´´

ဥာဏ်တို့ သူငယ်ချင်းလေးယောက်က စေတီတော် ပရ၀ုဏ် တံတိုင်းကို လက်ထောက်လျှက် တံတားကြီးကို မော့ငေးနေကြသည်။ နီနီနှင့် ညိုမတို့ နှစ်ယောက်သား ကေ့အား ဒယဥ့်တိုက်မတတ် တွဲခေါ်လျက် ဥာဏ်တို့ထံ လှမ်းလျှောက်သွားနေကြပါသည်။

``ဟဲ့…´´

ကေသည် ဟန်လုပ်ရုန်းဖယ်နေရင်း သူတို့ ဦးဆောင်ရာနောက်သို့ အလိုက်သင့် ပါသွားခဲ့တော့ပြီ။

ဥာဏ်သည် ကေ့ထံ အကြည့်လွှဲရှောင်ကာ မျက်နှာကတော့ ပြိုလုလု။ ကေသည်လည်း တမင် တင်းချီထားသော မျက်ဝန်းမှ ရစ်သီလာသော မျက်ရည်တို့ကို မျက်တောင်တဖျတ်ဖျတ် ခတ်ထုပ်နေရသည်။

သူငယ်ချင်းတွေက စကားတွေ ဟိုရောက်၊သည်ရောက် တစ်ယောက်တစ်ပေါက်ဆိုနေကြရင်း တဖြည်းဖြည်း အနားကနေ မသိမသာခွာကုန်ကြတာ ကေရော..ဥာဏ်ပါ ရိပ်မိနေပါသည်။

ကေက ဆတ်ခနဲ နောက်လှည့်ပြန်ရန်ခြေဟန်ပြင်သည်။

``ကေ..´´

ဥာဏ်တစ်ယောက် ကေ့ရှေ့မှောက်သို့ လေ၏အလျှင်ဖြင့်ရောက်လာခဲ့တော့သည်။

**************

အဲဒီ ဥာဏ်တစ်ယောက်ဟာ သူ့အိမ်ဖို့ လက်ဆောင်ဝယ်ရန် သတိမေ့နေခဲ့ပါ သတဲ့။ အံ့ရဲ့… ။

ရန်ကုန်ကို ပြန်ရောက်လျှင်တော့ ကေ၀ယ်လာခဲ့သော ကမ်းခြေလက်ဆောင် သရက်တော ထိုးမုန့်ဘူးတွေကို ဥာဏ့်အတွက်လည်း မျှဝေပေးလိုက်ရဦးတော့မှာပင်။ ။

သတိုး

Saturday, October 30, 2010

အဖြူသက်သက် ရောင်စဉ်

အတိတ်(၁)

ကိုကိုဝေလင်းတစ်ယောက် သားကို သတိမှရသေးရဲ့လားမသိဘူး။ သားကတော့ သူ့ကို တစ်နေ့မှ မေ့လို့မရခဲ့ပါဘူး။ အထူးသဖြင့် ခေါင်းရင်းဘက်ခြံက မောင်နှမတတွေနဲ့ ဆော့ကစားဖြစ်တိုင်း. “ ကိုကိုဝေလင်းရှိရင် သိပ်ကောင်းမှာပဲ” လို့တွေးမိတယ်။

ထူးထူးတို့မောင်နှမက သိပ်ပြီးအစအနောက်သန်တာပဲ။ အတူဆော့ဖြစ်တိုင်းနှစ်ယောက်သား သားကိုပဲ ၀ိုင်းစနေကြတာပဲ။ သား သူတို့ကြောင့် ခဏခဏငိုရတယ်။ သူတို့ရှေ့မှာမျက်ရည်ကျရတာလည်း ရှက်ဖို့ကောင်းပါတယ်။ သူတို့က သားကိုမချော့ကြတဲ့အပြင် အာဗြဲကြီးနဲ့ ၀ိုင်းအော်ပြီး ပိုလို့တောင် စလို့နောက်လို့ကောင်းနေကြသေးတယ်။

“ဒီလောက် စတာလေးနဲ့ ငိုစရာလား။မင်း.... ယောက်ျားမဟုတ်ဘူးလား။”

ထူးထူးရဲ့အစ်ကိုက အဲလိုပြောလာရင် သားရင်ထဲ စူးအောင့်နေအောင်နာတယ်။သူ့ကို သားအစိမ်းလိုက် ၀ါးစားပစ်ချင် တယ်။ မျက်ရည်တွေကို လက်ဖမိုးနဲ့ခပ်ကြမ်းကြမ်းကို ပွတ်သုတ်ပစ်ပြီး စိမ်းစိမ်းစူးစူးစိုက်ကြည့်ပစ်လိုက်တယ်။

“အေးလေ........တဆိတ်ရှိ မျက်ရည်ကျဖို့ပဲ။ နင်က အခြောက်လား....ဟုတ်လား”

သားမျက်လုံးထဲမှာ ပြာမှိုင်းသွားတာပဲ သိတယ်။သားကိုယ်မှာ အသိပြန်ကပ်တော့ လူက ထူပူပြီး တဆတ်ဆတ်တုန်ရင်နေတာပဲ။ ဟိုမောင်နှမနှစ်ယောက်လည်း အလဲလဲ၊ အကွဲကွဲနဲ့ ဘယ်အချိန်ကတည်းက ပြေးရောက်လာကြမှန်းမသိတဲ့ လူကြီးတွေက ထူမထွေးပိုက်ထားရပြီ။ ဒဏ်ရာဗရပွနဲ့မျက်ရည်တွေပေလူးပြီး လူကြီးတွေကို တိုင်ကြတောကြပြီ။

သူတို့တတွေ အဲလို ငိုကြီးချက်မဖြစ်နေတာတွေ့တော့ သား အရမ်းပျော်တာပဲ။သားမျက်ဝန်းထဲက မျက်ရည်တွေတောင် ဘယ်လို ခမ်းခြောက်ပျောက်ကွယ်သွားကြတယ်မသိဘူး။ ရန်ဖြစ်ရပါ့မလားလို့ သူတို့အဖေ၊အမေတွေက ဆူဆူပူပူ၊ချိုးချိုးဖဲ့ဖဲ့ ပြောနေကြတာကြားနေရပေမယ့် နားထဲဝင်မလာ သလိုပဲ။မေမေ၀ါးခြမ်းနဲ့ ဆက်တိုက်ရိုက်နေလည်း သိသိကြီးနဲ့ပဲ နာရကောင်းမှန်းမသိဘူး။ သားကြောင့် သူတို့တတွေ နာကျင်ငိုယိုကြရတာ မျက်စိထဲကမထွက်ဘူး။ သိပ်ကျေနပ်စရာကောင်းတာပဲ။ ဒါပေမယ့် နောက်နေ့တွေဆိုရင်တော့ သားမှာ အတူတူဆော့ကစားဖို့ အဖေါ်မရှိပြန်ဘူးဆိုတာတွေးမိတော့ ပျင်းစရာ ကြီးပဲ။

“ကိုကိုဝေလင်း ပြန်ရောက်လာရင် သိပ်ကောင်းမှာပဲ...........”


အတိတ်(၂)

ထူးထူးတို့မောင်နှမနဲ့ ရန်ဖြစ်ပြီးရင် နှစ်ရက်၊သုံးရက်လောက် မခေါ်မပြောနဲ့ စိတ်ကောက်နေကြပြန်ရော....။ အဲဒီိအခါတွေဆို ဟိုမောင်နှမတွေက အခါတိုင်းထက်ပိုပြီး ချစ်ခင်စည်းလုံးနေကြပြန်ပါတယ်။ သူတို့တတွေ သားမြင်သာ တဲ့နေရာမှာ ရွေးပြီးဆော့ကြတယ်။ သားကြားနိုင်လောက်အောင် အသံတွေမြှင့်ပြီး စကားပြောကြတယ်။ သားလည်း သူတို့အရိပ်မြင်တာနဲ့ ပြန်ခေါ်ချင်နေပြီ။ အတူဝင်ဆော့ချင်ပါပြီ။ အချိန်တန်ရင် သားကပဲ ပြန်စခေါ်ရမှာသေချာ နေပေမယ့် မြန်မြန်ကြီးပြန်ခေါ်ပြောဖို့ကြတော့ သားနှုတ်တုံ့နေသေးတာပေါ့။ (သူတို့ကလည်း သားဘက်က စပြီးပြန်လာအခေါ်ကို အိုက်တင်ခံပြီးစောင့်နေတာ သားသိတာပေါ့.။) သူတို့ဆော့လို့ အရှိန်ရလာပြီ။ ပိုပျော်စရာကောင်းလာပြီဆိုရင်တော့ သားလည်းအရေးမလုပ်ချင်ယောင် ဆောင်နေမိရင်းက ခိုးခိုးကြည့်ပြီး မရိုးမရွဖြစ်နေတော့တာပေါ့။

“ဟေး.........”

လှမ်းခေါ်မိလုလုပေမယ့် သားစိတ်ကို အတင်းထိန်းချုပ်ထားရတယ်။ခြံနောက်ဖက်က ပိတောက်ပင်ကြီးအောက်သွားပြီး တစ်ယောက်တည်းစကားပြောနေလိုက်တာပေါ့။

“......ကိုကိုရေ၊ မြန်မြန်ပြန်လာခဲ့တော့လေကွာ။ ဒီမှာ ညီတစ်ယောက်တည်းပျင်းလှပြီ။”

“......မင်းပြန်လာရင် ညီနဲ့ ကိုကိုအတူတူဆော့ကြမယ်လေ။ညီ့မှာမေမေ၀ယ်ပေးထားတဲ့ ကော်သေနပ်ရှိတယ်ကွ။ တို့တတွေ စစ်တိုက်တမ်းဆော့ရအောင်လေ။ကိုကိုက ညီ့သေနတ်ကိုယူပေါ့။စစ်ဗိုလ်ကြီးလုပ်..။ ညီ ကတော့ ပျဉ်ပြားသေနပ်နဲ့လည်း ဆော့လို့ဖြစ်တာပဲ။ ညီက လူဆိုးပဲလုပ်မှာပါ။”

“......အင်းပါ။ညီက ကိုကို့ကိုပဲ အနိုင်ပေးမှာပါ။ ကိုကိုက ဒိုင်းကနဲပြစ်ပြီး ညီကိုသေဖို့ပြောရင် ညီသေပေး မှာပါ ဟား..ဟား”
“ဟာ...တစ်ယောက်တည်း စကားတွေပြောနေတယ်ဟေ့.......၊အရူး........”
“ဟုတ်တယ်၊ ဆွေလင်း....အရူး၊အရူး......ဆွေလင်း..........”

အဲဒီမောင်နှမကို တွေ့ရာခဲသေးသေး တစ်လုံးနဲ့ လှမ်းထုပစ်ခဲ့တယ်။မင်းတို့တတွေ ငါ့ ကိုကိုဝေလင်းပြန်လာမှတွေ့မယ်။

အတိတ်(၃)


“ကိုကိုဝေလင်းက ဘယ်တော့ပြန်လာမှာလဲမေမေ”
“ပြန်လာမှာပေါ့ ဆွေလင်းရယ်၊ာဘာလို့ ခဏခဏမေးနေရတာလဲ”
“စောင့်ရတာ ကြာလှပြီမေရဲ့...”
“အင်း....ရောက်လာမှာပေါ့၊ သူတို့ က ဟိုးအဝေးကြီးမှာ နေကြတာဆိုတော့ မေတို့ဆီ ချက်ချင်းတော့ ဘယ် ရောက်လာနိုင်ပါ့မလဲ”
“ကိုကို ဝေလင်းက ဘယ်သူတွေနဲ့နေတာလဲမေ”
“ဘိုးဘိုး၊ ဘွားဘွားတို့နဲ့ နေတာလေ၊ဖေဖေ့ရဲ့ အဖေနဲ့ အမေပေါ့။”
“အော် သားလည်းတွေ့ဖူးချင်လိုက်တာ...”
“နောက်မှပေါ့၊ ကဲ...စကားမများနဲ့ သားလေးရယ်။ တော်ကြာ ဖေဖေပြန်လာတော့မယ်လေ”
“ဟင်....ဒါဆိုသားအိပ်တော့မယ်”

ဟုတ်ပါရဲ့။မေမေ့ကို အမေးအမြန်းထူနေတာနဲ့ ဖေဖေ အိမ်ပြန်လာချိန်ကိုတောင်မေ့တော့မလို့။ ဖေဖေကအိမ်အ၀င်ဝေ၇ာက်တာနဲ့ သားနာမည်ကိုပဲ တကြော်ကြော်ခေါ်လာလိမ့်ဦးမှာသေချာပေမယ့် သားဖေဖေ့ကို နှုတ်မဆက်ချင်ဘူး။ဖေဖေ့ကိုယ်က ချွေးနံ့၊အရက်နံ့တွေနဲ့ ချဉ်စူး နံစော်နေတာမို့ သားကဖေဖေ့အနားမကပ်ချင်ဘူး။သားကိုနမ်းလာပြန်ရင် လည်း သူ့နှုတ်ခမ်းမွှေးကြမ်းကြမ်းကြီးတွေက စူးတယ်။နာလို့အော်မိ၊ ရုန်းမိပြန်ရင်လည်း သားအရိုက်ခံထိဦးမှာ။

အိပ်ယာက နေမြင့်မှ ထလေ့ရှိတဲ့ဖေဖေက မျက်နှာသစ်၊ အ၀တ်အစားလဲပြီးတာနဲ့အပြင်ထွက်တော့တာပဲ။ အိမ်ကမထွက်ခင် မေမေနဲ့သားကို နမ်းမွှေးနှုတ်ဆက်ဖို့တော့ သတိရတတ်ပါသေးတယ်။ ပြီး......တစ်နေကုန်အိမ်ပြန်မကပ်တော့ပဲ အချိန်လွန်၊ညဥ့်နက်မှ အိမ်တံခါးကို ခြေကန်ဖွင့်ဝင်လာတတ်တယ်။ မေမေကနံဘေးဝန်းကျင်ကို အားနာလို့ တိုးတိုးကြိတ်ကြိတ်ဖျောင်းဖျမိရင် ပိုဆိုးတယ်။

“ဘယ်သူ့ သောက်ဂရုစိုက်ရဦိးမှာလဲ”

ဖေဖေ ဘယ်လောက်မူးမူး ၊ သားကိုတော့ ဘယ်တော့မှ မမေ့ဘူး။

“သားရော.........”

အမြဲမေးတယ်။

“အိပ်ပြီပေါ့။ ညဥ့်ပဲ နက်လှပြီ.....”

သား အိပ်မပျော်သေးတာ မေမေသိတယ်။ ဖေဖေကလည်း ရိပ်မိနေပုံပဲ။

“သွား နှိုးခဲ့”

နှုတ်ကပြောပြီးတဒိုင်းဒိုင်းမြည်အောင် ကိုယ်တိုင်အိပ်ယာထဲ လှမ်းဝင်လာခဲ့တော့တာ။ စောင်ခေါင်းမြိးခြုံအောက်မှာ သားချွေးပြန်နေတယ်။

“ကို၊ မနှိုးပါနဲ့ကွယ်။ ကလေး အိပ်ပါစေ”
“ဘာ...၊အဖေတစ်ယောက်လုံးအိမ်ပြန်ရောက်တာတောင် ထွကိတွေကဖေါ်မရဘူး။ ဒီကောင် ဘာကောင်လဲ။ ဟေ့ ဆွေလင်း.....ထစမ်း ၊ဖျန်း.........”

သား“အားကနဲ” လန့်အော်မိပြီး ချက်ချင်းထ ထိုင်မိတော့တာပဲ။

သူဝယ်လာတဲ့မုန့်တွေ အတင်းစားစေပြန်တာပဲ။ သား စားချင်စိတ်မရှိလည်းပဲ ဇွတ်မြိုချရတော့တယ်။မဟုတ်ရင်......

“မင်းက အာခံတာလား.....”

နားရင်းတီးတာ ခံရပြန်ရော..........။ဖေဖေက စိတ်ညစ်စရာကောင်းတယ်လို့ သား ခဏခဏ တွေးမိတယ်။

“မင်းကအဖေလား၊ငါကအဖေလား....”

မေးခွန်းတွေနဲ့ အသက်ရှူကျပ်အောင်လည်း လုပ်တတ်သေးတယ်။ ကောင်းပေကောင်းရဲ့ ပြောနေလျက်ကသား... အပြုအမူ၊ စကားတစ်ခွန်းကို အထအနကောက်ပြီး ထရိုက်တတ်သေးတာ။

“........ဒါပေမယ့် သားတစ်ယောက်ပါ အမေ..........၊အမေတစ်ခု၊သားတစ်ခုမို့ သာပဲလေ...........”

အဲဒီသီချင်းကို သားဆိုခဲ့မိတာ နံနက်ခင်း၊ အဖေအပြင်မထွက်မီ ကြားသွားခဲ့တာပေါ့။နံနက်တုန်းကတော့ ကောင်းပြီကောင်းရဲ့ ခပ်ပြုံးပြုံးထွက်သွားလေတဲ့အဖေဟာ ည အိမ်ပြန်အရောက်မှာတော့..........

“အဲဒီ နိမိတ်မရှိတဲ့ သီချင်းကို မင်း ဘယ်ကရလာတာလဲ။ မင်းက ငါ့ကို သေစေချင်နေတာလား။ ဟုတ်လား........”

သား စိတ်ညစ်ရပြန်တော့တယ်။

သား တွေးနေမိတယ်။ ဖေဖေကို သေတော့ မသေစေချင်ပါဘူး။ ဒါပေမယ့် ကိုကိုဝေလင်းလို အဝေးကြိးကို အကြာကြီးထွက်သွားစေ ချင်မိတယ်။ဘိုးဘိုး၊ဘွားဘွားတို့က ဖေဖေနဲ့ ကိုကိုဝေလင်းကို ပြန်လဲပေးရင် ကောင်းမှာပဲနော်။

နောက်နေ့ကျတော့ သား ရောက်နေကျ ပိတောက်ပင်ကြီးအောက်မှာ ဘိုးဘိုးနဲ့ ဘွားဘွားတို့ဆီလှမ်းပြောလိုက်မိသေးတယ်။

“ဘိုးဘိုးနဲ့ ဘွားဘွား...ကိုကိုဝေလင်းကို သားဆီပြန်ပို့ပေးပါနော်။ဖေဖေ့ကိုပဲ ခေါ်ထားလိုက်ပါ။”

အတိတ်နောက်ဆက်တွဲ(၁)

“ရန်မရိပ်ငြိမ်”သို့ ကလျာလင်း အချစ်ဆုံးသူငယ်ချင်းတစ်ယောက်အဖြစ် ကျွန်မ တစ်ကြိမ်သာ ရောက်ခဲ့ဖူးပါသည်။ ငှာနတစ်ခုမှ ဦးစီးအရာရှိတစ်ဦးဧသမီးဖြစ်သောကျွန်မသည် ရန်မခရိပ်ငြိမ်သို့ စတင်ခြေချမိချိန်မှစကာ မိမိကိုယ်ကို သေးငယ်သွားတော့သလို ခံစားခဲ့ရသည်။ သစ်ပင်၊ ပန်းမာလ်တို့ဖြင့်ဝေဆာမြိုင်ဆိုင်လှသော ခြံဝန်းကျယ်ကြီးအလည်မှာ ခေတ်မမီတော့သော်လည်း ဟိန်းမားခန့်ထည်ဆဲတိုက်ကြီးက ဟီးထလို့နေသည်။ ထိုနေရာမှာ ရန်မခဧ အရှင်သခင်ဘွားဘွားနှင့် အခြွေအရံများနေထိုင်ကြပါသည်။ဘွားဘွား ၏သားသမီးများက ရန်မခတိုက်ကြီးဧခြေရင်းဘက်မှာ ထိုတိုက်ကြီးဘက်သို့မျက်နှာမူလျက် ပုံစံတူ အစီအရီ လုံးချင်းတိုက် တစ်လုံးစီနှင့်ဖြစ်သည်။

“ဟဲ့ ဒီပုံစံတူလေးတွေက လေးလုံးတောင်မှနော်။ နင့် အဖေတို့က မောင်နှမ သုံးယောက်တည်းရှိတာဆို။ ကျန်တဲ့တစ်လုံးက ဘယ်သူ့အတွက်လဲ။”

စပ်စုတတ်သော ထိုသူငယ်ချင်း၏ အမေးကို ကလျာက မကြားဟန်ပြုနေခဲ့လေသည်။

ကလျာ ဖေဖေနှင့် မေမေတို့က အပြုံးရိပ်၇ိပ်ဖြင့်ကြိုဆိုခဲ့ကြသော်လည်း ထိုအပြုံးတို့တွင် ဖေါ်ရွေနှစ်လိုမှုအချိုးအစား နည်းပါးလွန်းလှသည်ဟု ကျွန်မခံစားမိလေသည်။

ကလျာတို့ အိမ်မှအပြန်တွင် ကလျာကလွဲလျှင် သူ့မိသားစုသည် ခင်စရာမကောင်းဟု တိတ်တခိုးမှတ်ချက်ပြုကာ နောက်တစ်ကြိမ် ထပ်မရောက်ဖြစ်တော့။ ကလျာကအလည် ဖိတ်လာခဲ့လျှင်တောင် ဇွတ်ကြီးအကြောင်းရှာပြကာ ကျွန်မရှောင်လေ့မြဲ။

ကျောင်းမှာနေ့စဉ်တွေ့နေရသော ကလျာ့မောင်လေးသည် ကျွန်မတို့ထက် အသက်များစွာ ကွာသော်လည်းကလေးနှင့် မလိုက်သော ကြွစောင်းစောင်းဂျစ်ကန်ကန်ကလေးမို့ ကလျာကိုယ်တိုင်က ကြည့်မရခဲ့ပါ။

အထူးသဖြင့်တော့ ကလျာ့ အစ်ကို ကိုတေဇာလင်းဖြစ်သည်။ တက္ကသိုလ်ကျောင်းသားအဖြစ် သိထားသောကိုတေဇာဟ အကြည့်၊ အပြုံးများကို ကျွန်မ မနှစ်မြို့ပါ။ မိန်းကလေးတစ်ယောက်အား အရောင်မပါပဲ ဖြူဖြူစင်စင် တစ်ခါတလေတောင် မတွေးမကြံခဲ့စဖူးဟု ထင်ရသည်။ ထို့ပြင် ရန်မခမိသားစုဝင်တိုင်းသည် အပြန်အလှန် အကျွမ်းတ၀င် ၊ရင်းနှီးခင်မင်ဖို့ရန် ၀န်လေးလွန်းလှသလို စိတ်ကထင်နေမိသည်။

အတိတ်နောက်ဆက်တွဲ(၂)

ကျွန်မတို့ဆယ်တန်းအောင်သောနှစ်မှာ ဆွေလင်းတို့မိသားစု ရန်မခရိပ်ငြိမ်သို့ ရောက်ရှိခဲ့ကြတာ ကလျာ့ စကားများအရ သိနှင့် နေခဲ့ပါသည်။ ကလျာ့ဖေဖေမှာ အမှန်တော့ မောင်နှမလေးယောက် ရှိနေခဲ့တာဖြစ်လေသည်။ ဘွားဘွားက သားသမီးလေးလောက်စလုံး၏ အိမ်ထောင်ရေးကို ကိုယ်တိုင်စိတ်ကြိုက်စီမံခန့်ခွဲမည်စိတ်ကူးကာ တိုက်လေးလုံးကို ပုံစံတူစိတ်တိုင်းကျဆောက်လုပ်စေခဲ့သတဲ့။ တကယ်တန်းမှာလည်း ဘွားဘွားဧ သားသမီးများက ဘွားဘွားစိတ်ကျေနပ်လောက်စရာ သြဇာတည်ခဲ့ကြသည်သာဖြစ်ပါသည်။ အင်း.......ဆွေလင်း၏ မိခင်ကလွဲလျှင်ပေါ့။

ဆွေလင်း၏ဖခင်မှာ ပုံမှန်အခြေအနေမှာ စိတ်ထားနှလုံးကောင်းမွန်သူ ၊ အပေါင်းအသင်း ပတ်ဝန်းကျင်းကြားမှာတည်ကြည်ဖြောင့် မတ်သူ၊ တဖက်သားအပေါ် အနစ်နာခံ ကူညီတတ်သူရယ်လို့ ကောင်းသတင်းကျော်စောသော်လည်း သူ မူးပြီဆိုလျှင်တော့သူ၏ဆိုးမျိုးသည်း ညည်းကို ဘယ်သူမှမခံလိုကြပါ။ ဒါပေမယ့် သူ၏အချိန်အတော်များများကိုလည်း မူးယစ်ခြင်းကသာပိုင်ဆိုင်ထားပြန်ရာ ဆွေလင်းတို့မိခင် ကံဆိုးဖို့သာ ဖြစ်လာခဲ့တော့သည်။

ချစ်သူအပေါ် ချစ်သောစိတ်တစ်ခုတည်းဖြင့် အသိုင်းအ၀ိုင်းတစ်ခုလုံးကို စွန့်လျွှတ်ရဲခဲ့သော ဆွေလင်းမိခင်ဧ သတ္တိကိုလည်း အံ့သြ မဆုံးဖြစ်ရသည်။ တစ်သက်လုံးမိဘအလိုကျလိမ္မာခဲ့လေသော သမီးအမွန်သည် တစ်ကြိမ်ဆို....ဆိုသလောက် ရင်ခွင်ကိုခြေစုံကန်လေသောအခါ မာနကြီးလွန်းလှသောဘွားဘွားခမျာ ဆွေ့ဆွေ့ခုန်မတတ်အထိနာခဲ့ရပါသည်။

“ငါ့မှာ သားသမီးသုံးယောက်ပဲရှိတယ်”

ဆွေလင်း၏ မိခင်အား သားသမီးစာရင်းမှ အပြီးအပိုင် ထုတ်ပယ်ထားခဲ့တာ ဆွေလင်းအသက်တမျှ မကတော့ပြီ။

အတိတ်နောက်ဆက်တွဲ(၃)

ဒါပေမယ့် အချိန်တော့လည်း ဆွေလင်းတို့သားအမိတတွေ ရန်မခအိမ်ရိပ်ကို ပြန်လည်ခိုလှုံ ကြရပြန်သည်ပင်။ဒါပေမယ့်..........

“မိုက်ဇာတ် သိမ်းသွားပြီဆိုလို့ တစ်မီးငြိမ်းမလားမှတ်ပါတယ်။ အဆွယ်အပွားကထားခဲ့ရသေးတယ်လေ။ သင်းသွေးပါတဲ့ဟာကလေးကရော ဘာထူးဦးမှာလဲ။ ဘမျိုးဘိုးတူလာဦးမှာပေါ့။”

ဆွေလင်းခြောက်တန်းနှစ် အရောက်မှာ သူ့အားstudy guideပေးရန် ကျွန်မကို စတင် ကမ်းလှမ်းခဲ့စဉ်က ဘွားဘွား၏ စကားများဖြစ်ပါသည်။ တကယ်တမ်းမှာတော့ ဆွေလင်းက ဘွားဘွားပြောသလို လူဆိုးလေးမဟုတ်ရှာသလိုဘွားဘွားသည်လည်း ဆွေလင်းအား နှုတ်စကားတို့နှင့် ဆန့်ကျင်စွာ ဥပက္ခာမပြုရက်ခဲ့တာ ကျွန်မရိပ်မိနားလည်နေပါသည်။

“အမြင်မတော်တာတွေ့ရင် ဆုံးမပါ ဆရာမရယ်။အပ်ပါတယ်။ မလိမ္မာလို့ကတော့ ကျုပ်က အမေရော၊သားရော အိမ်ပေါ်မှာ မထားဘူး။ ရိုက်ချမှာ..........”

ဘေးအမြင်မှာတောင် နားထဲနင့်နေစေမည့်စကားကို ဘွားဘွားက ဆွေလင်းတို့သားအမိအတွက် သီးသန့်ကို သုံးစွဲပြောဆိုနေတာဖြစ်သည်။ ဆွေလင်းတို့သားအမိမြင်လျှင် စိတ်အနာတွေအသစ်ဖြစ်ကာ တဖျစ်တောက်တောက် မြည်တွန်လေ့မြဲမို့ ဆွေလင်းက ဘွားဘွားကိုရှောင်ကာ အခန်းအောင်းနေ လေ့ရှိပါသည်။ ထိုအခါဆွေလင်းကိုမမြင်လျှင် နေမထိသော ကိုယ့်ကိုယ် ကိုယ်သတိမပြုမိခင်အခေါ်လွှတ်ကာ မြည်တွန်ဆူပူပြန်တော့သည်။

ရန်မခ၏ သြဇာအတည်ဆုံး ဘွားဘွားကမှ မျက်နှာသာမပေးဘူးဆိုတော့ ကျန်အရိပ်ခိုသူအချင်းချင်းက ဆိုစရာမရှိတော့ပြီ။ ဆွေလင်းမို့နာမည် ကြားလျှင်တောင် ရန်မခတစ်ခြံလုံးက ၀ိုင်းဝန်းနိုင်စားဖို့သာ တွေးမိတော့သည်အထိဖြစ်သည်။ ရန်မခသို့ ကျွန်မ ရောက်ရှိခဲ့ရသည်မှာလည်း ထိုဆွေလင်းအား ၀ိုင်းပယ်ကြသော အကြောင်းရင်းကြောင့်ပင်ဖြစ်သည်။ဆွေလင်းနှင့်အတန်းတူ မောင်နှမ၀မ်းကွဲသုံးယေက် စာသင်ဝိုင်းတစ်ဝိုင်းပြုလုပ်ရန် ဘယ်သူကမှ လက်မခံလိုခဲ့ကြပေ။

ဆွေမျိုရင်းချာများကြားမှာ ခုလိုစိတ်ဝမ်းကွဲပြားနေတဲ့ အဖြစ်အပေါ် ဘွားဘွားအမြင်မတော်သော် ၊ သဘောမတွေ့သော်လည်း ဆွေလင်းတို့သားအမိ ဘက်မှ ကွယ်ကာပြောဆိုပေးရာ ရောက်မှာစိုးသောကြောင့် နှုတ်တုံ့နေမိသည်။

ထို့ကြောင့်လည်း ....

“ဘယ်သူနဲ့မှ မရောရတော့လည်း ကောင်းတာပဲ။မင်း...သူတို့အားလုံးထက်ပိုတော်အောင်ကြိုးစား”

အသံတုန်တုန်ကိုထိန်းရင်း ဝေ့ခနဲ ၀ဲတက်လာသော မျက်ရည်တို့ကို မျက်နှာပင့်မောကာ မျ့က်တောင်တဖျတ်ဖျတ် ခတ်ထုတ်ပစ်နေသေးသည်။ ပြီး ...ခပ်တိုးတိုးဆိုသေးသည်မှာ...

“မြေးချင်းအတူတူပါပဲဆရာမရယ်။ဒါပေမယ့် သူ့ကိုတော့ ပိုဂရုစိုက်ပေးပါ”

အတိတ်နောက်ဆက်တွဲ(၄)


ဆွေလင်း၏ ထူးခြားချက်မှာ အမြဲတွေးတွေးငေးငေးဖြင့် နွမ်းမှိုင်ငြိမ်သက်လွန်းခြင်းပဲဖြစ်သည်။ စာသင်ချိန်မှာတော့ စူးစူးစိုက်စိုက် စိတ်ဝင်တစားရှိတတ်ပါသည်။ ဥာဏ်လည်း အလွန်ကောင်းပါသည်။ ထိုးထွင်းသိမြင်သော အမြော်အမြင်မျိုးလည်း သူ့စရိုက်သဘာဝမှာ ပေါ်လွင်သည်။ ဆွေလင်းအဖို့ ရန်မခတို့ကို ရှောင်ဖယ်ရန် နည်းလမ်းမှာလည်း အခန်းအောင်း၍စာအော်ကျက်နေခြင်း၊ အတွက်ပုစ္ဆာတစ်ခုဖြင့် အလုပ်ရှုပ် နေခြင်းသာဖြစ်သည်။

ဒါပေမယ့် တခါတရံ ကျွန်မရှင်းပြနေသော သင်္ခန်းစာတစ်ခုကို ခေါင်းကြီးအောက်စိုက်ကာနားထောင်နေရင်း မျက်ရည်တွေ စာရွက်ပေါ်တဖေါက်ဖေါက်ကျလာလေမှ ကျွန်မ အထိတ်တလန့်ဖြစ်ရတာတွေ ရှိသေးသည်။

“ဘွားဘွား ဆူလို့”
“မေမေ နေမကောင်းလို့”

တခါတရံ သူ၏ ၀မ်းကွဲမောင်နှမ၊ညီအစ်ကိုများက မတူမတနသလို နှိမ်ချစော်ကားလိုက်ကြလို့ ဆိုတာတွေလည်း ကြားရတတ်သေးသည်။

ကျွန်မရန်မခမှာ ဆွေလင်းကိုစာသင်နေသော သုံးနှစ်အတွင်းမှာ ဆွေလင်း၏ မိခင်ကိုမြင်တွေ့ရခဲလှပါသည်။ သူမသည် ရန်မခရိပ်ငြိမ်သို့ ရောက်ပြီးကတည်းကတရှောင်ရှောင် နေထိုင်မကောင်းဖြစ်နေတတ်သည်။

တခါတော့ သူ၏ မေမေ အတော်နေမကောင်းဟုဆိုကာ ဆွေလင်း ရှိုက်ကြီးတငင်ငိုလေသောကြောင့် ကျွန်မ သူ၏မိခင်ထံ လူနာသတင်းမေး ရောက်ခဲ့ရပါသည်။

အန်တီ ဒေါ်ခင်မေလတ်မှာ ဖြူရော်ရော် ပိန်ပါးကာလှပ်လှပ်ယဲ့ယဲ့ကလေးသာ ရှိလေသည်။

“မေမေဆူတာပြောတာ အန်တီ ခံနိုင်ပါတယ်၊။ အငယ်တွေကအစ တနွယ်ငင်တစင်ပါ အားလုံးကအရိုသေတန်ကြတာ၊ လူရာမသွင်းတာကျတော့ ခံပြင်းလို့မဆုံးဘူး။အံလည်းသြမိတယ်...”

တိုးသဲ့သောလေသံမှာပင် မာနရိပ်ကလေး အထင်းသား။ သူမသည်လည်း ရန်မခရိပ်ငြိမ်မှ မာနမင်းသမီးတစ်ယောက်အဖြစ် လျှမ်းလျှမ်းတောက်ခဲ့ပေလိမ့်မည်။

“ဒီကိုပြန်လာတာ ကိုယ့်အတွက်မဟုတ်ဘူးဆရာမ။ ဆွေလင်းရဲ့ရှေ့ရေးအတွက်ပါ။ ဒါပေမယ့် ကျွန်မစိတ်ကူးတွေမှားသွားပြီ ထင်ပါရဲ့။ ဆွေလင်းခမျာ တစ်နေ့မှစိတ်မချမ်းသာခဲ့ရပါဘူး။ ဆွေမျိုးတွေကြားပြန်ရောက်မှပဲ သူစိမ်းတွေကြားမှာထက် စိတ်ကျဉ်းကျပ် ပင်ပမ်းဆင်းရဲရတော့တာ...........”
“...............”
“သူ့အဘွားက ပစ်ပစ်ခါခါလုပ်မှာမဟုတ်ဘူးလို့တော့ အန်တီအကြွင်းမဲ့ယုံကြည်ပါတယ်။ဒါပေမယ့် အန်တီသာမရှိတော့ရင်ဆိုပြီး ဒီသားလေးကို စိတ်မချနိုင်ဘူး ဆရာမရယ်”

ချိုင့်ခွက်မျက်ဝန်းများမှ စိမ့်အိုင်ပြည့်လျှမ်းလာသော သူမ၏မျက်ရည်များကို ကျွန်မ မမေ့ရက်ခဲ့ပေ။

အတိတ်နောက်ဆက်တွဲ(၅)


သူ့မိခင် ရုတ်တရက်ဆုံးပါးသွားခြင်းက ဆွေလင်းအား အတော်အထိနာစေခဲ့ပါသည်။ ဆွေလင်းသည်အိပ်ယာထဲမှာ တစ်ပါတ်ခန့်လဲသွားရ တော့သည်။ အစားအသောက်လည်းမ၀င်။ ချော့မော့ကျွေးလို့မရ။ အိပ်ယာပေါ်မှာပဲ တခွေခွေ၊တညိုးငယ်ငယ် နေလေတော့သည်။ ညပိုင်းတွေမှာ မအိပ်ပဲတစ်ယောက်တည်း တတွတ်တွတ်ဆိုနေတတ်သေးသည်ဟု အိမ်အကူမိန်းမကြီးတစ်ယောက်က ပြန်ပြောသဖြင့်သိရသည်။ ကျွန်မ ပြန်မေးတော့....

“မေမေနဲ့စကားပြောနေတာ...”
“ဟဲ့......”
“မေမေ့ကို အိပ်မက်ထဲမှာတွေ့တာပါ။”

သူနာလန်ထလာခဲ့ပြီးနောက်မှာတော့ ဟိုအရင်ကထက်ပင် ကြည်လင်ရွှင်လန်းနေပြန်သေးသောကြောင့် ထူးခြားမှုကို သတိပြုမိ၊ အံ့သြတကြီး ဖြစ်မိရပြန်သည်။

“ဆွေလင်း...ငိုသေးလား”

သူ ပြုံးလျှက်သာ ခေါင်းခါပြသည်။

တစ်နေ့.....ကျွန်မ သူတို့အိမ်သို့ စာသင်ရန်အရောက်၊ ဘွားဘွားက ဆွေလင်းအား ဆူဆူပူပူပြုနေတာနှင့်ကြုံရပြန်သည်။

“ဇေယျာတို့နဲ့ သုံးယောက် တစ်ယောက် ဖိုက်တင်ချကြတာ ဘွားဘွားသိသွားလို့”

သူ့အမူအယာအ အေးစက်စက်။

``ဘာလို့ ရန်ဖြစ်ရတာလည်းဆွေလင်းရယ်။ဒဏ်ရာရခဲ့သေးလား”

ဆွေလင်းခေါင်းညိတ်ပြတာကြောင့် ကျွန်မပူပန်ရပြန်သည်။

“သားမဟုတ်ဘူးဆရာမ။ ဟိုကောင်တွေရသွားတာ။ သား ဘယ်လိုလုပ်လိုက်မိမှန်းတောင်မသိပါဘူး။ အာလူးသီးတဲ့လူနဲ့။ ဒူးပြဲတဲ့လူနဲ့.....”

ကျွန်မတလျှောက်လုံးသိလာတဲ့ ကြောက်ဆုတ်ဆုတ်၊ ရွံ့တွန့်တွန့်ဆွေလင်းကြောင့် ဟိုကလေးတွေအနာတရဖြစ်ကုန်ကြရတာ ကျွန်မ ကိုယ့်နားတောင် ကိုယ်မယုံချင်။

“ဘဘနဲ့ ကြီးကြီးတို့ရော၊ လေးလေးတို့တွေပါ အမျိုးတွေ တတ်နဲ့ချီပြီးသားကို သတ်ဖို့လာကြတာ....။ဘွားဘွားသာ မရှိရင် သားတော့သေပြီ။”

ဘုရား...။ ဒါပေမယ့် ဆွေလင်းကတော့အေးဆေးနေမြဲပင်။

“နောက်တစ်ခါ ရန်မဖြစ်ပါနဲ့ဆွေလင်းရယ်။ ဆရာမပြောတာ နားထောင်နော်”
“သားကတော့ စမဖြစ်ပါဘူး။ သူတို့က အလကားနေရင်းလည်း လာလာစနေကြတာ...”
“သူတို့စတော့လည်း မင်းကရှောင်နေပေါ့၊”
“သား ရှောင်လို့မ ရဘူး ဆရာမ။ လူကြီးတေါကို ပြန်တိုင်လို့လည်းမရဘူး၊။ သူတို့ကိုယ်တိုင်က မြှောက်ပေးနေကြတာ တောင်ဖြစ်နိုင်တယ်။။ သားကတော့ ဘွားဘွားရိုက်ချင်လည်းရိုက်ပစေ၊ ပြန်ချတော့မှာပဲ”
“ဟဲ့ ........... ”

ဆွေလင်းမှာ ဘယ်အချိန်က ဘယ်လိုသတ္တိတွေဝင်ရောက်လာခဲ့သလဲ။

“ကိုကို ဝေလင်းကပြောတယ်။ ပြန်မချရင် စကြောက်တဲ့။ပြန်သာတီး၊ဦီးအောင်ဆော် တဲ့ ။ သားကိုထိရင် သူပါ ၀င်ကူပေးမယ်တဲ့။”

ကိုကိုဝေလင်း...........။ ထိုအမည်ကို ကျွန်မ တခါမှ မကြားဖူးခဲ့ပါ။

“ဘယ်က ကိုကို ဝေလင်းလဲ”
``သားရဲ့အမြွာ အစ်ကိုလေ။ ငယ်ငယ်လေးထဲက ဖေဖေ့ဘက်က ဘိုးဘိုး၊ဘွားဘွားတို့နဲ့သွားနေတာ...။ဒီက ဘွားဘွားကို ပြန်မပြောနဲ့နော်။ဘွားဘွားကြိုက်မှာမဟုတ်ဘူး”

``ကိုကို ဝေလင်းက သားလိုမဟုတ်ဘူး။ သတ္တိသိပ်ကောင်းတယ်။သားလည်းသူ့လို သတ္တိမျိုး ရှိချင်တယ် ဆရာမ။ သူကပြောတယ်။သတ္တိရှိချင်ရင် ပြန်ချတဲ့။ သားက ပြန်ချတော့မယ်”
“နေဦး မင်းက သူနဲ့ ဘယ်မှာတွေ့တာတုန်း”
“ကျောင်းမှာ........၊ ကိုကိုဝေလင်းက သားကို ကျောင်းမှာ လာတွေ့တာ။”
“ဘယ်တုန်းကလဲ“
“ကြာလှပြီ။ ဟိုအရင်တုန်းကတော့ အကြာကြီးနေမှ တစ်ခေါက်လာတွေ့တာ။ မေမေဆုံးပြီးနောက်တော့ ခဏခဏ လာတယ်။”

ခပ်ပြုံးပြုံးပြောနေတဲ့ ဆွေလင်းရဲ့ ပိုင်နိုင်သေချာဟန်မျိုး ယခုတစ်ကြိမ်သာ မြင်တွေ့ဖူးသည်မို့ ကျွန်မ ငေးခနဲတောင် ဖြစ်ရသည်။

အတိတ်နောက်ဆက်တွဲ(၆)

အဲဒီနေ့က ရန်မခသို့ ကျွန်မရောက်သွားချိန်မှာ ဆွေလင်းကျောင်းကပြန်ရောက်မလာသေးပေ။ သူ ဒီနေ့ ကျောင်းဆင်းနောက်ကျမည့် အကြောင်း ကျွန်မကိုကြိုတင်ပြောမထားခဲ့ပါ။

ပူပန်တတ်သော ဘွားဘွားကတော့ သူမ၏ သောကတို့ကိုတဖျစ်တောက်တောက် မြည်တွန်ရေရွတ်ခြင်းဖြင့် ပုံဖေါ်နေပါသည်။ ဘွားဘွားသည် စိတ်မာန်ကြီးသောလူကြီးပီပီ ဆွေလင်း အိမ်ပြန်နောက်ကျသော အပြစ်ကိုပုံကြီးချဲ့ကားရင်း ဆွေလင်း၏ အဖေအမေတို့အပေါ် အခဲမကျေနိုင်သေးသောအနာ ဟောင်းများကိုပါ ဇာတ်ကြောင်းပြန်နေတော့တာမို့ ကျွန်မဆွေလင်း၏စာကြည့်ခန်းက စောင့်နေတာ ပိုကောင်းမည်ဟု ဆုံးဖြတ်လိုက်မိသည်။

စာကြည့်ခန် တံခါးကို ဆွဲအဖွင့်..ကျွန်မ ထိတ်ခနဲလန့်သွားရပါသည်။

“အော်...သီရိပါလား။ ၀င်လာခဲ့လေ”

အရေးမထားဟန် ပေါ့ပါးသော သူ့အကြည့်အပြုံးတို့ကို ကျွန်မ မကြိုက်ပါ။

“ရပါတယ်ကိုတေဇာ။ ကျွန်မ ဆွေလင်းကို အပြင်ကပဲ ပြန်စောင့်ပါမယ်။”

သူ ကျွန်မရှေ့ကို လှစ်ခနဲ ရောက်လာခဲ့လိမ့်မည်ဟု ကြိုတင်တွေးမထားမိတာ ကျွန်မ၏ ပေါ့လျော့မှုပဲဖြစ်သည်။

“နေပါဦး သီရိရာ၊ ကိုယ် မင်းကို စကားနည်းနည်းလောက် ပြောချင်လို့ပါ”
“ပြောစရာရှိတာ ဧည့်ခန်းထဲမှာပဲ ပြောကြတာပေါ့ ကိုတေဇာ”

ပိတ်ရပ်ထားသောသူ့ကို ကွေ့ရှောင်ကာ ကျွန်မ လှမ်းထွက်ရန်ပြင်သည်။

“ဒါ ဘာလုပ်တာလဲ ကိုတေဇာ”

ကျွန်မ ထောင်းခနဲ ဒေါသ ထွက်လာသော်လည်း ခပ်ကြိတ်ကြိတ်သာ ပြောဖြစ်သည်။ ဆုတ်ဆွဲထားသောလက်အစုံကို အနည်းငယ်ဖြေလျော့ပေးရုံသာမို့ ကျွန်မ ကျိတ်ရုန်းသော်လည်း မလွတ်သာ။

“ကိုတေဇာ ကျွန်င်္မကို လွှတ်လို့ ပြောနေတယ်နော်”

ကျွန်မ အတော်ဒေါသ မွှန်နေပြီ။ထိုစဉ်.....

“ဟာ..ဆရာမ၊ ဟင် ...ကိုတေဇာ.......´´

ကျွန်မကျောင်းသား၏ရှေ့မှာ ခုလို မဖွယ်မရာ အခြေအနေမျိုးနှင့် လာရင်ဆိုင်ရတာမို့ ဆူဝေလာသောဒေါသဖြင့် ကျွန်မအားကုန်သုံးကာ ဆောင့်ရုန်းပစ်လိုက်သည်။ မျက်ရည်တွေ ၀ဲခနဲ ဝေ့တက်လာကြပြီ။

“ကိုတေဇာ ဆရာမကို လွှတ်လိုက်တော့လေ”

ဆွေလင်းက ကိုတေဇာ့ကိုတော့ အရွယ်ချင်းလည်းကွာကာ နဂိုကတည်းက ခပ်ရှိန်ရှိန်မို့ မယုတ်မလွန်ဝင်ပြောသည်။

“ဟေ့ကောင်..။မင်းနဲ့မဆိုင်ဘူး။မင်းဝင်မပါနဲ့ သွား”

ကိုတေဇာ့မျက်နှာ သပြေမှည့်ရောင်ညိုလေသည်။ ဆွေလင်းမျက်နှာလည်း ရဲရဲနီနေတော့ပြီ။

“ကိုတေဇာ၊ သား ဘွားဘွားနဲ့ပြန်တိုင်မှာနော်“

ဆွေလင်းအသံတွေ တုန်ခိုက်နေသလား။

“တိုင်ချင်ရာတိုင်ကွာ။ မျိုးမစစ်ကောင်”

ကိုတေဇာနှုတ်မှဖရုဿဝါစာတွေမဆုံးလိုက်နိုင်။ ကျွန်မတို့နှစ်ယောက်ကြားသို့ ဆွေလင်းလွှားခနဲ ခုန်အုပ်ဝင်ရောက်လာပုံက လေလိုလျှင်မြန် လွန်းလှသည်။ ကိုတေဇာ အားခနဲ အော်လျက်ပုံလျက်လဲသွားသည်။ မျက်နှာပေါ်မှာသွေးနီနီတို့ ဖြာခနဲ။ သူ့လက်မှလွတ်မြောက်သွားသော ကျွန်မသည် နောက်သို့ တစ်ချက်ခုန်ရှောင်လိုက်မိကာ....
“ဆွေလင်း တော်တော့”

ဆွေလင်းက မရပ်ပဲ ကိုတေဇာ ရင်ဘတ်ပေါ်ခွစီးကာ ကော်လာစ နှစ်ဘက်ကို စုကိုင်ဆွဲညှစ်နေပြန်သည်။

”ဆွေလင်း တော်တော့လို့ပြောနေတယ်”

၇န်မခ နယ်မြေမှာ ကျွန်မ၏ သံကုန်သံပြာ အော်ဟစ်သံတွေ ညံသွားတော့သည်။ အုန်းတသဲသဲ ဆူဆဲအော်ဟစ်သံတွေကြားမှာ ဆွေလင်းရော.....။ ဆွေလင်းအတွက်ပူပန်ဖို့ ကျွန်မ သတိရတော့ သူ့ကိုမမြင်ရ၊ ဆွေလင်းရေ......။

ကိုတေဇာ၏ ဦးခေါင်းကို သူထုချလိုက်သော သစ်သားပန်းပု ၇ုပ်က သူ့နံဘေးမှာလဲလျက်။

“ဆွေလင်း ဟေ့ကောင်။ မင်းဒီနေ့ အသေပဲ”

ရန်မခ အုပ်စု၏ တစ်ယောက်တစ်ပေါက် ဆဲဆိုကြိမ်းမောင်းသံတွေကြားမှာ ဟိန်းခနဲ ရယ်မောခနဲ့သံ။ဘုရားရေ....။အဲဒါ ဆွေလင်းလား....။

“ဟား....ဟား....ခင်ဗျားတို့နိုင်ချင်တိုင် နိုင်လို့ရတဲ့ ဆွေလင်း မရှိဘူး ။ကျုပ်နာမည် ဝေလင်း၊ ဆွေလင်းရဲ့ အစ်ကို ဝေလင်း....”
“...................”
“လာ...ကပ်ရဲကောင် ကပ်လာကြည့်။ အသက်ချင်း လဲပြစ်မယ်”

ဘယ်သူမှနေရာ မရွေ့ကြ။

“ဟေ့ကောင် ဆွေလင်း”
“မခေါ်နဲ့။ ကျုပ် ဆွေလင်းမဟုတ်ဘူးဆို”

ဟင့်အင်း။ သူ ဆွေလင်းပါ။ ကျွန်မသိတယ်။ ကျွန်မ မသိနိုင်တာက ၇ုတ်တရက်ကြီး ခက်ထန်ရိုင်းကြမ်းသွားတဲ့ သူ့အပြုအမူတွေ....။

“ဆွေလင်း.....”
“ဆွေလင်း.....”

ဘွားဘွားနှင့် ကျွန်မ ကြိုတင်တိုင်ပင်ထားသည့်အလား သူ့အနားရောက်သွားတော့....

“မလာနဲ့....”
“မြေးရယ်......”

ဘွားအသံတုန်ခိုက်ကာမျက်ရည်ဖြိုင်ကျလာတာကို ငေးခနဲတွေဝေသွားသလို သူမင်သက်နေဆဲ......။ ဘွားကဇွတ်ကြီးပင် သူ့ထံပြေးဝင်ကာ သိုင်းအဖက်၊ ဆွေလင်းတစ်ယောက်ကျောက်ဆစ်တစ်ရုပ်လို တောင့်တင်းအေးစက်နေတော့ပြီ။


နောက်ဆက်တွဲ(၁)


အမှန်အတိုင်းဝန်ခံရရင် ညီ နည်းနည်းတော့ ကြောက်နေမိသေးတယ်ကိုကို။

ဒါပေမယ့် အရေးအကြောင်းကြုံလာရင် မင်းရောက်လာမှာပဲဆိုတာ ယုံကြည်ထားတော့ အေးဆေးပဲ။

ခုဆိုရင်ညီံကို လေကျယ်နေကျ ရန်မခညီနောင်တွေအကုန်လုံး ညီ့ကို ဖြုံနေကြပြီ ဟား.....ဟား....။ သူတို့ရဲ့ ဆရာကြီး ကိုတေဇာ တစ်ယောက် လည်းခေါင်းပေါင်းအဖွေးသားနဲ့ကြိတ်မနိုင်ခဲမရဖြစ်နေပေမယ့် မလှုပ်ရဲရှာဘူး။ ညီကိုထိရင် ရန်မခကနေခေါင်းနဲ့ဆင်းရမယ်လို့ အားလုံးကို ဘွားဘွားက တစ်ချက် လွှတ်အမိန့်ထုတ်ထားလိုက်ပြီလေ။ဒီလိုဆိုတော့ ဘွားဘွားက သားကိုချစ်လို့နေမှာပေါ့နော်။

သားဘက်မှာ ဘွားဘွားနဲ့ ဆရာမ ၇ှိနေဦးမယ်ဆိုရင်တော့ ရန်မခက နေပျော်စရာ ဖြစ်နေသေးတာပေါ့။

ဒါပေမယ့် ကိုကို ညီ့ဆီ မကြာမကြာတော့ လာတွေ့နော်။ ညီ....မင်းကို မျှော်နေမယ်။


နောက်ဆက်တွဲ(၂)

အဲဒီ ဒေါက်တာမျက်မှန်ပေးတဲ့ ဆေးတွေသောက်တိုင်း သားအရမ်းအိပ်ငိုက်တော့တာပဲ။

ခုလည်း သူပေးထားတဲ့ဆေးတွေ သောက်နေရဆဲ ....မျက်ဝန်းရှေ့မှာလှုပ်လှုပ်လွှဲလွှဲလုပ်နေတဲ့ ချိန်သီးကလေးနောက် အကြည့်တွေလိုက်ပါရင်း သားအိပ်ငိုက်လာပြန်ပြီ။

“မောင်ဆွေလင်း ”
“ခင်ဗျာ...”
“အိပ်ချင်လာရင် အိပ်လိုက်တော့လေ”
“.........”
“မောင်ဆွေလင်း”
“အင်...............”
“မောင်ဝေလင်းကိုသိလား၊ နှုတ်နဲ့ပြော...”
“ဟုတ်”
“သူကဘယ်သူလဲ”
“သားရဲ့ အမြွာ အစ်ကို”
“သူက ဘယ်မှာနေတာလဲ”
“သား.............. မသိဘူး။ကိုကိုက.....ကိုကိုက...သေသွားပြီ။အသက်ငယ်ငယ်မှာပဲသေသွားခဲ့တာ တဲ့။ သား မမှတ်မိပါဘူး။ မေမေကလည်းမပြောခဲ့ဘူး။ဘိုဘိုးဘွားဘွားတို့နဲ့ သွားနေတယ်လို့ပဲ သားသိထားတာ။“
`` .....................´´
”ခုမှ....၊ရန်မခကိုရောက်မှ မေမေက အမှန်အတိုင်းပြောတာ..............”
“........................”
“.......................´´

သတိုး

ချော့လှည့်

                                                                                             
``မင်္ဂလာပါ´´

Gtalk boxပွင့်လာတာနဲ့ တပြိုင်နက် အဦးဆုံးတက်လာခဲ့သော နှုတ်ခွန်းဆက်စကား။

``မင်္ဂလာပါ ခင်ဗျာ´´

...ဟု တုန့်ပြန်လိုက်ရပါသည်။

``အစ်ကို...ဘာတွေလုပ်...´´
``ဒီလိုပါပဲ။ ဟိုဝင်...ဒီထွက်´´

တကယ်လည်း ဒီနေ့အဖို့ စိတ်ကူးရည်ရွယ်ချက် မည်မည်ရရ ရှိမနေပါပဲ သူ..လိုင်းပေါ်ရောက်နေခဲ့တာ ဖြစ်ပါသည်။

အခါများစွာတုန်းကတော့ ၀တ္ထု၊ ကဗျာလေးတွေ ရေးနေဖြစ်ကာ ၀တ္ထု၊ ကဗျာ ပို့စ်အသစ်တင်ဖို့ ရောက်နေတတ်တာ များပါသည်။ ပြီး...ကိုယ့် personal webpage ကလေးကို အလှဆင်ရန်၊ လိုအပ်သော buttonလေးတွေ တပ်ဆင်ရန်...ရည်ရွယ်ချက် အမျိုးမျိုးနှင့်လည်း ရောက်ဖြစ်သည်။

ကိုယ့်ဘလော့ဂ် စာမျက်နှာဆီ အလည်ရောက်လာ၊ စာတွေလာဖတ်ပေးကြသော သူငယ်ချင်းတွေထံ လျှောက်လည်မည်။ ကွန်မန့်ရေးခဲ့မည်။ ကိုယ့်ဧည့်ခန်းစာမျက်နှာမှာ...၊ ကိုယ့်ဝတ္ထု၊ ကဗျာ ပို့စ်တွေမှာ မှတ်ချက် (comment) ပေးခဲ့တာလေးတွေဖတ်ကာ ပီတိတဝေေ၀ဖြင့် reply ပြန်ရပေဦးမည်။

နေ့ရက်၊နာရီများစွာ အွန်လိုင်းပေါ်မှာ ဘလော့ဂ်ရေးကာ ပျော်မောမွေ့လျော်နေမိရင်း သူ...အာရုံတွေ ညောင်းချိလာခဲ့ပြီလားမသိ။ သူ့ ဦးခေါင်းထဲမှာ စာတစ်ပုဒ် ထွက်ကျလာရန် အလွန်အမင်း ခက်ခဲပင်ပန်းလွန်းခဲ့ ပြီ။

``အစ်ကို့ ကဗျာ၊ ၀တ္ထုအသစ်တွေ မဖတ်ရတာကြာပြီ´
            ``ဟဲ..ဟဲ...´´    
``ထပ်တင်ပေးဦးလေ...။ ညလေးတို့စောင့်ဖတ်နေတာ´´
``ကျေးဇူးပါ ညလေးရာ။ ကိုယ် ကြိုးစားရေး ပါဦးမယ်´´

ဒါပေမယ့် ဒီရက်တွေထဲမှာ စာတစ်ကြောင်းတလေတောင် ရေးမရနိုင်တာကြောင့် တစ်ကိုယ်တည်း စိတ်တွင်းတိုက်ပွဲတွေ နွှဲနေခဲ့ရတာ မခံချိချင်စရာပေ။

အွန်လိုင်းပေါ်မှာ ဘလော့ဂ်ရေးနေသူတို့၏ ကိုယ်တိုင်ဖန်တီးရယူထားသော ၀ဋ်ဒုက္ခမှာ ကိုယ့် webpage (ဘလော့ဂ် စာမျက်နှာ) တွင် စာအသစ် မတင်နိုင်တာ ရက်အနည်းငယ်ကြာလျှင် စိတ်လက်မအီမသာနှင့် နေမထိတာပဲ ဖြစ်သည်။ webpage (ဘလော့ဂ်စာမျက်နှာ) ဆီ ရောက်လာစာဖတ်နေကျ မိတ်ဆွေတွေကလည်း စာအသစ် မမြင်တွေ့၊ မဖတ်ရလျှင် ကျီစယ်တိုက်တွန်းသွားတတ်ကြသည်။ သူတို့၏ comment (မှတ်ချက်) တွေက စာတွေ ဆက်တိုက်ရေးဖြစ်စေဖို့ ကျေးဇူးတင်ချင်စရာ အားဆေးလည်းဖြစ်နေပြန်ရာ post (စာ) အသစ် မတင်နိုင်လျှင် ကိုယ့်ဘက်က တာဝန်မကျေသလို အားနာလျှက် စိတ်လက်မကြည်သာ ဖြစ်ရတတ်ပါသည်။

နဒီကတော့...

``ကိုယ်က လိုင်းပေါ်တက်ဖို့၊ post အသစ်တက်ဖို့ဆိုတာပဲ စိတ်စောနေတာကိုး။ တစ်ရက်၊ နှစ်ရက်တန်သည် ...နားနားနေနေ၊ အေးအေးလူလူ တွေးချိန်လေးပေးပြီး ရေးမှပေါ့...။ ကိုယ်က ပို့စ်ရေးချင်နေတာ မဟုတ်ဘူး။ ပို့စ်အသစ်တက်ချင်နေတာ....´´

နဒီပြောစကားက ကျိုးကြောင်းဆီလျော်နေသည် ထင်ပါ၏။ ဒါပေမယ့် အဲဒီ နဒီသည် သူအား အချိန်ပြည့် အွန်လိုင်းပေါ်မှာ ပျော်မောသာယာနေသူအဖြစ် ကြည့်မရပါဟု ဖွင့်ဟ၀န်ခံထားသော သူ့ချစ်သူလည်း ဖြစ်နေသေးသည်။ သူ့အား တစ်ရက်၊ နှစ်ရက်တန်သည် လိုင်းပေါ်မတက်ဖြစိအောင် သွယ်ဝိုက်စည်းရုံးနေတာရော မဖြစ်နိုင်ဘူးလား။

``မစည်းရုံးပါဘူးနော်။ ဖြစ်နေတာ ကိုမြင်နိုင်အောင်၊ ဖြစ်သင့်တာကို တွေးမိအောင် ပြောပြတာ။ လက်ခံတာ၊ လက်မခံတာ ကိုယ့်သဘောအတိုင်းပဲ´´

အဲဒီနဒီက ရည်းစားကို ဟိုဟာမလုပ်ရ၊ ဒီလမ်းမသွားရဟု ဂဂျီဂဂျောင် မကျတတ်တာကြောင့် ချစ်စရာကောင်းနေတာဖြစ်သည်။ ခုတော့ သူလည်း တခြားမိန်းကလေးများလိုပင် တညောင်ညောင် ညည်းတတ်စပြုနေပြီ။

``သီးခံနိုင်သလောက် သီးခံနေမှာပဲ။ သီးမခံနိုင်လောက်အောင် ဖြစ်လာရင်တော့ အပြတ်ပဲ´´

အဲသလိုတောင် ခပ်တည်တည် ခြိမ်းခြောက်တတ်နေခဲ့ပြီ။

``ညလေး တစ်နေ့လုံးငိုနေတာ သိလား´´
``ဟမ်...´´

သူ..နဒီထံ စိတ်ရောက်နေဆဲ စကားစ အတန်ကြာ ပြတ်တောက်နေခဲ့ပြီးမှ တက်လာသော စာတစ်ကြောင်းကြောင့် တမင်လန့်ပြလိုက်ပါသည်။

``ချစ်သူနဲ့ စိတ်ကောက်လာလို့ ...ဟီး´´
``ကိုယ်တို့ ညလေးက ဆိုးတာတော့ မဖြစ်နိုင်ဘူး။ ချက်စူဆိုးတာပဲ ဖြစ်ရမယ်´´
``that´s right ငါ့အစ်ကို တော်တယ်´´

                        သူ့ဘလော့ဂ်၊ ကိုယ့်ဘလော့ဂ် အပြန်အလှန် ၀င်ထွက်လည်ပတ်ရင်း တစ်ယောက်နှင့်တစ်ယောက် မမြင်ဖူးပါပဲ စိတ်ချင်း ရင်းနှီးခင်မင်နေကြသူတွေမို့ ဖွင့်လက်စ စာမျက်နှာတွေကို ဒီအတိုင်းထားကာ အလိုက်သင့် ပြန်ပြောပေးနေရပါသည်။ သူမကလေး၏ ရင်ထဲက အကျိတ်အခဲလေးတွေ စကားပြောရင်း ပြေပျောက်သွားပါစေတော့။

``သူက ညလေးကို ဂရုမစိုက်တာ ကြာနေပြီ´´
``အော်...´´
``အားရင် အွန်လိုင်းပေါ်ရောက်နေတာပဲ´´
`` QQ စိန်လား....´´
``အစ်ကိုနော် ...။ သူများ ချစ်ကလေးကို´´
``တိန်....မှား၏´´
``သူလည်း ညလေးတို့လိုပဲ။ သူ့ webpageကလေး အစ်ကို့ကို လင့်ခ်ပေးဦးမယ်။ အပျံစား အစ်ကိုရဲ့။ ကဗျာပို့စ်တွေလည်း အများကြီး...´´
``အင်း...´´
``သူက သူ့webpage အတွက် အရမ်းဂုဏ်ယူတာ။ ညလေးကို သူ့ဆိုဒ်အကြောင်း အမြဲကြွားတယ်။ ညလေးကပြောလိုက်တာပေါ့။ ငါ့ကိုပေးရမယ့် အချိန်တွေ ငါမရပဲ အဲဒီ webpage မှာ ပုံအောပြီး တသသလုပ်နေတာကိုး လို့...´´
`` ညလေးကျတော့ရော...´´
``ညလေးက တစ်နေ့ အချိန်နည်းနည်းပဲ လိုင်းပေါ်တက်ဖြစ်တာ။ သူကမှ ထမင်းမေ့၊ ဟင်းမေ့...။ ခါတလေ အိပ်ချိန်တောင်မေ့ပါတယ်ဆို...´´

နဒီသာ ကြားလျှင်တော့ သူ့ကိုပြောနေကျစကားအတိုင်း ``over´´ ပဲဟု ပြောဦးတော့မှာပင်။

``ကိုယ်...ဘယ်ကောင်မလေးနဲ့မှ Q နေတာမဟုတ်ဘူး နဒီရယ်´´
``သိသားပဲ..။ အဲဒီလူတွေကမှ ညပိုင်းတစ်ချိန်လောက် သူ့အချင်းချင်း ချိန်းပြီး ပုံမှန်ပြောကြတာ။ အချိန် အကန့်အသတ် ရှိသေးတယ်။ ကိုယ်က သူတို့ထက် ပိုးဆိုးနေလို့ ပြောနေရတာ´´

``အစ်ကို´´ ဟု တစ်ဘက်က တက်လာပြန်သည်။

``ဟေး...´´
``ညလေးရဲ့ webpage ကလေးကို အစ်ကို သဘောကျတယ်လို့ ပြောဖူးတယ်နော်´´
``အင်း..... တကယ်သဘောကျတာ´´
``အဲဒါ...သူ...လက်ဆောင်ပေးထားတာ..´´
``၀ိုး...ဒီလိုကျတော့လည်း´´
``နေဦး...။ အဲဒီ webpage ကလေး လက်ဆောင်ရတုန်းကတော့ ညလေးလည်း အရမ်းပျော်ခဲ့တာပေါ့။ အခုမှ မှားမှန်းသိတာ´´
``အမ်...´´
`` ဟုတ်တယ်။ ညလေးကို webpage နဲ့ လဘ်ထိုးပြီး ချွေးသိပ်တာလေ။ ပြီးတော့ ပစ်ထားပြီး သူ့ဘာသာ သပ်သပ် အလုပ်ရှုပ်နေတာ``

သူ အင်တာနက်သုံးနေစဉ် ရုတ်တရက် ရောက်ချလာတတ်ကာ ပခုံးပေါ်မှကျော်၍ စာတွေလိုက်ဖတ်၊ ရယ်တတ်၊ ပြုံးတတ်ခဲ့လေသော နဒီရှိမနေတာ သူ...အများကြီးကံကောင်းလှပါသည်။

နဒီ့ကိုလည်း webpage တစ်ခုလောက် လက်ဆောင်ပေးရန် သူ စိတ်ကူးယဉ်ဖြစ်ခဲ့သေးသည်။

``လိုပါဘူး။ facebook တစ်ခုနဲ့တင် နဒီ့အတွက် လုံလောက်ပါတယ်´´

ဘလော့ဂ်ရေးနေကြသူ အားလုံးကတော့ facebook ကို သုံးဖြစ်သည် ဆိုရုံမျှသာ။  facebook စာမျက်နှာပေါ်မှာ ကိုယ်ပိုင် ဘလော့ဂ်စာမျက်နှာလောက် မပျော်ပါ။

အွန်လိုင်းပေါ်မှ သူငယ်ချင်းတွေအကြောင်း.. .သူပြောသမျှ နားထောင်ပေးရင်း သူပါ ပျော်ရွှင်၊ ရယ်မောနေလေ့မြဲ ၊ သူညွှန်ပေးသော စာမျက်နှာတွေဆီ အရောက်သွားကာ စာတွေဝင်ဖတ်လေ့မြဲ ဖြစ်သော နဒီကတော့ ကိုယ်ပိုင် webpage တစ်ခုအတွက် အချိန်မပေးချင်ဟုဆိုကာ စိတ်ဝင်စားဟန်မပြ။

``ညလေးက သူ့ကို ပြတ်ပြတ်သားသား ပြောလိုက်တယ်´´
``...........´´
``အွန်လိုင်းပေါ် လုံးဝ မတက်ရဘူးလို့..´´
``အဲ....´´
``တက်ရင် အပြတ်ပဲလို့..´
``အဲလောက်ကြီးတော့ ရက်စက်လွန်းပါတယ်´´
`` အစ်ကိုက သူ့အကြောင်းဖြင့် မသိပဲနဲ့။ အဲလောက်ပြောထားမှ ဘယ်နှရက် နေနိုင်မှာလဲ သိလို့လား။ လူကိုလာချော့ရင်း၊ ဈေးဆစ်ရင်း တပတ်မှာ သုံးရက်၊ အဲလောက်ကနေစပြီး တစ်ရစ်ရစ်ပြန်တက်လာ... နောက်ဆုံးကျတော့ တစ်လမပြည့်ခင် ပုံမှန်စံနှုန်းပြန်ရောက်သွားဦးမှာ...ဟွန်း´´
`` အော်...ဂလိုလား....ဟား..ဟား...´´
``အင်းလေ...ဂလိုပေါ့...´´
``ကိုယ် ပြန်ထွက်တော့မယ်...´´
``အစ်ကို နားငြီးလာလို့လား။´´
``ငြီးပါဘူး´´
`` အလုပ်ရှိသေးရင် သွားပါ´´
`` အင်း...ကိုယ့် ကောင်မလေးကို ပြေးချော့လိုက်ဦးမယ် bye´´

                                                                                     သတိုး