Saturday, October 30, 2010

အဖြူသက်သက် ရောင်စဉ်

အတိတ်(၁)

ကိုကိုဝေလင်းတစ်ယောက် သားကို သတိမှရသေးရဲ့လားမသိဘူး။ သားကတော့ သူ့ကို တစ်နေ့မှ မေ့လို့မရခဲ့ပါဘူး။ အထူးသဖြင့် ခေါင်းရင်းဘက်ခြံက မောင်နှမတတွေနဲ့ ဆော့ကစားဖြစ်တိုင်း. “ ကိုကိုဝေလင်းရှိရင် သိပ်ကောင်းမှာပဲ” လို့တွေးမိတယ်။

ထူးထူးတို့မောင်နှမက သိပ်ပြီးအစအနောက်သန်တာပဲ။ အတူဆော့ဖြစ်တိုင်းနှစ်ယောက်သား သားကိုပဲ ၀ိုင်းစနေကြတာပဲ။ သား သူတို့ကြောင့် ခဏခဏငိုရတယ်။ သူတို့ရှေ့မှာမျက်ရည်ကျရတာလည်း ရှက်ဖို့ကောင်းပါတယ်။ သူတို့က သားကိုမချော့ကြတဲ့အပြင် အာဗြဲကြီးနဲ့ ၀ိုင်းအော်ပြီး ပိုလို့တောင် စလို့နောက်လို့ကောင်းနေကြသေးတယ်။

“ဒီလောက် စတာလေးနဲ့ ငိုစရာလား။မင်း.... ယောက်ျားမဟုတ်ဘူးလား။”

ထူးထူးရဲ့အစ်ကိုက အဲလိုပြောလာရင် သားရင်ထဲ စူးအောင့်နေအောင်နာတယ်။သူ့ကို သားအစိမ်းလိုက် ၀ါးစားပစ်ချင် တယ်။ မျက်ရည်တွေကို လက်ဖမိုးနဲ့ခပ်ကြမ်းကြမ်းကို ပွတ်သုတ်ပစ်ပြီး စိမ်းစိမ်းစူးစူးစိုက်ကြည့်ပစ်လိုက်တယ်။

“အေးလေ........တဆိတ်ရှိ မျက်ရည်ကျဖို့ပဲ။ နင်က အခြောက်လား....ဟုတ်လား”

သားမျက်လုံးထဲမှာ ပြာမှိုင်းသွားတာပဲ သိတယ်။သားကိုယ်မှာ အသိပြန်ကပ်တော့ လူက ထူပူပြီး တဆတ်ဆတ်တုန်ရင်နေတာပဲ။ ဟိုမောင်နှမနှစ်ယောက်လည်း အလဲလဲ၊ အကွဲကွဲနဲ့ ဘယ်အချိန်ကတည်းက ပြေးရောက်လာကြမှန်းမသိတဲ့ လူကြီးတွေက ထူမထွေးပိုက်ထားရပြီ။ ဒဏ်ရာဗရပွနဲ့မျက်ရည်တွေပေလူးပြီး လူကြီးတွေကို တိုင်ကြတောကြပြီ။

သူတို့တတွေ အဲလို ငိုကြီးချက်မဖြစ်နေတာတွေ့တော့ သား အရမ်းပျော်တာပဲ။သားမျက်ဝန်းထဲက မျက်ရည်တွေတောင် ဘယ်လို ခမ်းခြောက်ပျောက်ကွယ်သွားကြတယ်မသိဘူး။ ရန်ဖြစ်ရပါ့မလားလို့ သူတို့အဖေ၊အမေတွေက ဆူဆူပူပူ၊ချိုးချိုးဖဲ့ဖဲ့ ပြောနေကြတာကြားနေရပေမယ့် နားထဲဝင်မလာ သလိုပဲ။မေမေ၀ါးခြမ်းနဲ့ ဆက်တိုက်ရိုက်နေလည်း သိသိကြီးနဲ့ပဲ နာရကောင်းမှန်းမသိဘူး။ သားကြောင့် သူတို့တတွေ နာကျင်ငိုယိုကြရတာ မျက်စိထဲကမထွက်ဘူး။ သိပ်ကျေနပ်စရာကောင်းတာပဲ။ ဒါပေမယ့် နောက်နေ့တွေဆိုရင်တော့ သားမှာ အတူတူဆော့ကစားဖို့ အဖေါ်မရှိပြန်ဘူးဆိုတာတွေးမိတော့ ပျင်းစရာ ကြီးပဲ။

“ကိုကိုဝေလင်း ပြန်ရောက်လာရင် သိပ်ကောင်းမှာပဲ...........”


အတိတ်(၂)

ထူးထူးတို့မောင်နှမနဲ့ ရန်ဖြစ်ပြီးရင် နှစ်ရက်၊သုံးရက်လောက် မခေါ်မပြောနဲ့ စိတ်ကောက်နေကြပြန်ရော....။ အဲဒီိအခါတွေဆို ဟိုမောင်နှမတွေက အခါတိုင်းထက်ပိုပြီး ချစ်ခင်စည်းလုံးနေကြပြန်ပါတယ်။ သူတို့တတွေ သားမြင်သာ တဲ့နေရာမှာ ရွေးပြီးဆော့ကြတယ်။ သားကြားနိုင်လောက်အောင် အသံတွေမြှင့်ပြီး စကားပြောကြတယ်။ သားလည်း သူတို့အရိပ်မြင်တာနဲ့ ပြန်ခေါ်ချင်နေပြီ။ အတူဝင်ဆော့ချင်ပါပြီ။ အချိန်တန်ရင် သားကပဲ ပြန်စခေါ်ရမှာသေချာ နေပေမယ့် မြန်မြန်ကြီးပြန်ခေါ်ပြောဖို့ကြတော့ သားနှုတ်တုံ့နေသေးတာပေါ့။ (သူတို့ကလည်း သားဘက်က စပြီးပြန်လာအခေါ်ကို အိုက်တင်ခံပြီးစောင့်နေတာ သားသိတာပေါ့.။) သူတို့ဆော့လို့ အရှိန်ရလာပြီ။ ပိုပျော်စရာကောင်းလာပြီဆိုရင်တော့ သားလည်းအရေးမလုပ်ချင်ယောင် ဆောင်နေမိရင်းက ခိုးခိုးကြည့်ပြီး မရိုးမရွဖြစ်နေတော့တာပေါ့။

“ဟေး.........”

လှမ်းခေါ်မိလုလုပေမယ့် သားစိတ်ကို အတင်းထိန်းချုပ်ထားရတယ်။ခြံနောက်ဖက်က ပိတောက်ပင်ကြီးအောက်သွားပြီး တစ်ယောက်တည်းစကားပြောနေလိုက်တာပေါ့။

“......ကိုကိုရေ၊ မြန်မြန်ပြန်လာခဲ့တော့လေကွာ။ ဒီမှာ ညီတစ်ယောက်တည်းပျင်းလှပြီ။”

“......မင်းပြန်လာရင် ညီနဲ့ ကိုကိုအတူတူဆော့ကြမယ်လေ။ညီ့မှာမေမေ၀ယ်ပေးထားတဲ့ ကော်သေနပ်ရှိတယ်ကွ။ တို့တတွေ စစ်တိုက်တမ်းဆော့ရအောင်လေ။ကိုကိုက ညီ့သေနတ်ကိုယူပေါ့။စစ်ဗိုလ်ကြီးလုပ်..။ ညီ ကတော့ ပျဉ်ပြားသေနပ်နဲ့လည်း ဆော့လို့ဖြစ်တာပဲ။ ညီက လူဆိုးပဲလုပ်မှာပါ။”

“......အင်းပါ။ညီက ကိုကို့ကိုပဲ အနိုင်ပေးမှာပါ။ ကိုကိုက ဒိုင်းကနဲပြစ်ပြီး ညီကိုသေဖို့ပြောရင် ညီသေပေး မှာပါ ဟား..ဟား”
“ဟာ...တစ်ယောက်တည်း စကားတွေပြောနေတယ်ဟေ့.......၊အရူး........”
“ဟုတ်တယ်၊ ဆွေလင်း....အရူး၊အရူး......ဆွေလင်း..........”

အဲဒီမောင်နှမကို တွေ့ရာခဲသေးသေး တစ်လုံးနဲ့ လှမ်းထုပစ်ခဲ့တယ်။မင်းတို့တတွေ ငါ့ ကိုကိုဝေလင်းပြန်လာမှတွေ့မယ်။

အတိတ်(၃)


“ကိုကိုဝေလင်းက ဘယ်တော့ပြန်လာမှာလဲမေမေ”
“ပြန်လာမှာပေါ့ ဆွေလင်းရယ်၊ာဘာလို့ ခဏခဏမေးနေရတာလဲ”
“စောင့်ရတာ ကြာလှပြီမေရဲ့...”
“အင်း....ရောက်လာမှာပေါ့၊ သူတို့ က ဟိုးအဝေးကြီးမှာ နေကြတာဆိုတော့ မေတို့ဆီ ချက်ချင်းတော့ ဘယ် ရောက်လာနိုင်ပါ့မလဲ”
“ကိုကို ဝေလင်းက ဘယ်သူတွေနဲ့နေတာလဲမေ”
“ဘိုးဘိုး၊ ဘွားဘွားတို့နဲ့ နေတာလေ၊ဖေဖေ့ရဲ့ အဖေနဲ့ အမေပေါ့။”
“အော် သားလည်းတွေ့ဖူးချင်လိုက်တာ...”
“နောက်မှပေါ့၊ ကဲ...စကားမများနဲ့ သားလေးရယ်။ တော်ကြာ ဖေဖေပြန်လာတော့မယ်လေ”
“ဟင်....ဒါဆိုသားအိပ်တော့မယ်”

ဟုတ်ပါရဲ့။မေမေ့ကို အမေးအမြန်းထူနေတာနဲ့ ဖေဖေ အိမ်ပြန်လာချိန်ကိုတောင်မေ့တော့မလို့။ ဖေဖေကအိမ်အ၀င်ဝေ၇ာက်တာနဲ့ သားနာမည်ကိုပဲ တကြော်ကြော်ခေါ်လာလိမ့်ဦးမှာသေချာပေမယ့် သားဖေဖေ့ကို နှုတ်မဆက်ချင်ဘူး။ဖေဖေ့ကိုယ်က ချွေးနံ့၊အရက်နံ့တွေနဲ့ ချဉ်စူး နံစော်နေတာမို့ သားကဖေဖေ့အနားမကပ်ချင်ဘူး။သားကိုနမ်းလာပြန်ရင် လည်း သူ့နှုတ်ခမ်းမွှေးကြမ်းကြမ်းကြီးတွေက စူးတယ်။နာလို့အော်မိ၊ ရုန်းမိပြန်ရင်လည်း သားအရိုက်ခံထိဦးမှာ။

အိပ်ယာက နေမြင့်မှ ထလေ့ရှိတဲ့ဖေဖေက မျက်နှာသစ်၊ အ၀တ်အစားလဲပြီးတာနဲ့အပြင်ထွက်တော့တာပဲ။ အိမ်ကမထွက်ခင် မေမေနဲ့သားကို နမ်းမွှေးနှုတ်ဆက်ဖို့တော့ သတိရတတ်ပါသေးတယ်။ ပြီး......တစ်နေကုန်အိမ်ပြန်မကပ်တော့ပဲ အချိန်လွန်၊ညဥ့်နက်မှ အိမ်တံခါးကို ခြေကန်ဖွင့်ဝင်လာတတ်တယ်။ မေမေကနံဘေးဝန်းကျင်ကို အားနာလို့ တိုးတိုးကြိတ်ကြိတ်ဖျောင်းဖျမိရင် ပိုဆိုးတယ်။

“ဘယ်သူ့ သောက်ဂရုစိုက်ရဦိးမှာလဲ”

ဖေဖေ ဘယ်လောက်မူးမူး ၊ သားကိုတော့ ဘယ်တော့မှ မမေ့ဘူး။

“သားရော.........”

အမြဲမေးတယ်။

“အိပ်ပြီပေါ့။ ညဥ့်ပဲ နက်လှပြီ.....”

သား အိပ်မပျော်သေးတာ မေမေသိတယ်။ ဖေဖေကလည်း ရိပ်မိနေပုံပဲ။

“သွား နှိုးခဲ့”

နှုတ်ကပြောပြီးတဒိုင်းဒိုင်းမြည်အောင် ကိုယ်တိုင်အိပ်ယာထဲ လှမ်းဝင်လာခဲ့တော့တာ။ စောင်ခေါင်းမြိးခြုံအောက်မှာ သားချွေးပြန်နေတယ်။

“ကို၊ မနှိုးပါနဲ့ကွယ်။ ကလေး အိပ်ပါစေ”
“ဘာ...၊အဖေတစ်ယောက်လုံးအိမ်ပြန်ရောက်တာတောင် ထွကိတွေကဖေါ်မရဘူး။ ဒီကောင် ဘာကောင်လဲ။ ဟေ့ ဆွေလင်း.....ထစမ်း ၊ဖျန်း.........”

သား“အားကနဲ” လန့်အော်မိပြီး ချက်ချင်းထ ထိုင်မိတော့တာပဲ။

သူဝယ်လာတဲ့မုန့်တွေ အတင်းစားစေပြန်တာပဲ။ သား စားချင်စိတ်မရှိလည်းပဲ ဇွတ်မြိုချရတော့တယ်။မဟုတ်ရင်......

“မင်းက အာခံတာလား.....”

နားရင်းတီးတာ ခံရပြန်ရော..........။ဖေဖေက စိတ်ညစ်စရာကောင်းတယ်လို့ သား ခဏခဏ တွေးမိတယ်။

“မင်းကအဖေလား၊ငါကအဖေလား....”

မေးခွန်းတွေနဲ့ အသက်ရှူကျပ်အောင်လည်း လုပ်တတ်သေးတယ်။ ကောင်းပေကောင်းရဲ့ ပြောနေလျက်ကသား... အပြုအမူ၊ စကားတစ်ခွန်းကို အထအနကောက်ပြီး ထရိုက်တတ်သေးတာ။

“........ဒါပေမယ့် သားတစ်ယောက်ပါ အမေ..........၊အမေတစ်ခု၊သားတစ်ခုမို့ သာပဲလေ...........”

အဲဒီသီချင်းကို သားဆိုခဲ့မိတာ နံနက်ခင်း၊ အဖေအပြင်မထွက်မီ ကြားသွားခဲ့တာပေါ့။နံနက်တုန်းကတော့ ကောင်းပြီကောင်းရဲ့ ခပ်ပြုံးပြုံးထွက်သွားလေတဲ့အဖေဟာ ည အိမ်ပြန်အရောက်မှာတော့..........

“အဲဒီ နိမိတ်မရှိတဲ့ သီချင်းကို မင်း ဘယ်ကရလာတာလဲ။ မင်းက ငါ့ကို သေစေချင်နေတာလား။ ဟုတ်လား........”

သား စိတ်ညစ်ရပြန်တော့တယ်။

သား တွေးနေမိတယ်။ ဖေဖေကို သေတော့ မသေစေချင်ပါဘူး။ ဒါပေမယ့် ကိုကိုဝေလင်းလို အဝေးကြိးကို အကြာကြီးထွက်သွားစေ ချင်မိတယ်။ဘိုးဘိုး၊ဘွားဘွားတို့က ဖေဖေနဲ့ ကိုကိုဝေလင်းကို ပြန်လဲပေးရင် ကောင်းမှာပဲနော်။

နောက်နေ့ကျတော့ သား ရောက်နေကျ ပိတောက်ပင်ကြီးအောက်မှာ ဘိုးဘိုးနဲ့ ဘွားဘွားတို့ဆီလှမ်းပြောလိုက်မိသေးတယ်။

“ဘိုးဘိုးနဲ့ ဘွားဘွား...ကိုကိုဝေလင်းကို သားဆီပြန်ပို့ပေးပါနော်။ဖေဖေ့ကိုပဲ ခေါ်ထားလိုက်ပါ။”

အတိတ်နောက်ဆက်တွဲ(၁)

“ရန်မရိပ်ငြိမ်”သို့ ကလျာလင်း အချစ်ဆုံးသူငယ်ချင်းတစ်ယောက်အဖြစ် ကျွန်မ တစ်ကြိမ်သာ ရောက်ခဲ့ဖူးပါသည်။ ငှာနတစ်ခုမှ ဦးစီးအရာရှိတစ်ဦးဧသမီးဖြစ်သောကျွန်မသည် ရန်မခရိပ်ငြိမ်သို့ စတင်ခြေချမိချိန်မှစကာ မိမိကိုယ်ကို သေးငယ်သွားတော့သလို ခံစားခဲ့ရသည်။ သစ်ပင်၊ ပန်းမာလ်တို့ဖြင့်ဝေဆာမြိုင်ဆိုင်လှသော ခြံဝန်းကျယ်ကြီးအလည်မှာ ခေတ်မမီတော့သော်လည်း ဟိန်းမားခန့်ထည်ဆဲတိုက်ကြီးက ဟီးထလို့နေသည်။ ထိုနေရာမှာ ရန်မခဧ အရှင်သခင်ဘွားဘွားနှင့် အခြွေအရံများနေထိုင်ကြပါသည်။ဘွားဘွား ၏သားသမီးများက ရန်မခတိုက်ကြီးဧခြေရင်းဘက်မှာ ထိုတိုက်ကြီးဘက်သို့မျက်နှာမူလျက် ပုံစံတူ အစီအရီ လုံးချင်းတိုက် တစ်လုံးစီနှင့်ဖြစ်သည်။

“ဟဲ့ ဒီပုံစံတူလေးတွေက လေးလုံးတောင်မှနော်။ နင့် အဖေတို့က မောင်နှမ သုံးယောက်တည်းရှိတာဆို။ ကျန်တဲ့တစ်လုံးက ဘယ်သူ့အတွက်လဲ။”

စပ်စုတတ်သော ထိုသူငယ်ချင်း၏ အမေးကို ကလျာက မကြားဟန်ပြုနေခဲ့လေသည်။

ကလျာ ဖေဖေနှင့် မေမေတို့က အပြုံးရိပ်၇ိပ်ဖြင့်ကြိုဆိုခဲ့ကြသော်လည်း ထိုအပြုံးတို့တွင် ဖေါ်ရွေနှစ်လိုမှုအချိုးအစား နည်းပါးလွန်းလှသည်ဟု ကျွန်မခံစားမိလေသည်။

ကလျာတို့ အိမ်မှအပြန်တွင် ကလျာကလွဲလျှင် သူ့မိသားစုသည် ခင်စရာမကောင်းဟု တိတ်တခိုးမှတ်ချက်ပြုကာ နောက်တစ်ကြိမ် ထပ်မရောက်ဖြစ်တော့။ ကလျာကအလည် ဖိတ်လာခဲ့လျှင်တောင် ဇွတ်ကြီးအကြောင်းရှာပြကာ ကျွန်မရှောင်လေ့မြဲ။

ကျောင်းမှာနေ့စဉ်တွေ့နေရသော ကလျာ့မောင်လေးသည် ကျွန်မတို့ထက် အသက်များစွာ ကွာသော်လည်းကလေးနှင့် မလိုက်သော ကြွစောင်းစောင်းဂျစ်ကန်ကန်ကလေးမို့ ကလျာကိုယ်တိုင်က ကြည့်မရခဲ့ပါ။

အထူးသဖြင့်တော့ ကလျာ့ အစ်ကို ကိုတေဇာလင်းဖြစ်သည်။ တက္ကသိုလ်ကျောင်းသားအဖြစ် သိထားသောကိုတေဇာဟ အကြည့်၊ အပြုံးများကို ကျွန်မ မနှစ်မြို့ပါ။ မိန်းကလေးတစ်ယောက်အား အရောင်မပါပဲ ဖြူဖြူစင်စင် တစ်ခါတလေတောင် မတွေးမကြံခဲ့စဖူးဟု ထင်ရသည်။ ထို့ပြင် ရန်မခမိသားစုဝင်တိုင်းသည် အပြန်အလှန် အကျွမ်းတ၀င် ၊ရင်းနှီးခင်မင်ဖို့ရန် ၀န်လေးလွန်းလှသလို စိတ်ကထင်နေမိသည်။

အတိတ်နောက်ဆက်တွဲ(၂)

ကျွန်မတို့ဆယ်တန်းအောင်သောနှစ်မှာ ဆွေလင်းတို့မိသားစု ရန်မခရိပ်ငြိမ်သို့ ရောက်ရှိခဲ့ကြတာ ကလျာ့ စကားများအရ သိနှင့် နေခဲ့ပါသည်။ ကလျာ့ဖေဖေမှာ အမှန်တော့ မောင်နှမလေးယောက် ရှိနေခဲ့တာဖြစ်လေသည်။ ဘွားဘွားက သားသမီးလေးလောက်စလုံး၏ အိမ်ထောင်ရေးကို ကိုယ်တိုင်စိတ်ကြိုက်စီမံခန့်ခွဲမည်စိတ်ကူးကာ တိုက်လေးလုံးကို ပုံစံတူစိတ်တိုင်းကျဆောက်လုပ်စေခဲ့သတဲ့။ တကယ်တန်းမှာလည်း ဘွားဘွားဧ သားသမီးများက ဘွားဘွားစိတ်ကျေနပ်လောက်စရာ သြဇာတည်ခဲ့ကြသည်သာဖြစ်ပါသည်။ အင်း.......ဆွေလင်း၏ မိခင်ကလွဲလျှင်ပေါ့။

ဆွေလင်း၏ဖခင်မှာ ပုံမှန်အခြေအနေမှာ စိတ်ထားနှလုံးကောင်းမွန်သူ ၊ အပေါင်းအသင်း ပတ်ဝန်းကျင်းကြားမှာတည်ကြည်ဖြောင့် မတ်သူ၊ တဖက်သားအပေါ် အနစ်နာခံ ကူညီတတ်သူရယ်လို့ ကောင်းသတင်းကျော်စောသော်လည်း သူ မူးပြီဆိုလျှင်တော့သူ၏ဆိုးမျိုးသည်း ညည်းကို ဘယ်သူမှမခံလိုကြပါ။ ဒါပေမယ့် သူ၏အချိန်အတော်များများကိုလည်း မူးယစ်ခြင်းကသာပိုင်ဆိုင်ထားပြန်ရာ ဆွေလင်းတို့မိခင် ကံဆိုးဖို့သာ ဖြစ်လာခဲ့တော့သည်။

ချစ်သူအပေါ် ချစ်သောစိတ်တစ်ခုတည်းဖြင့် အသိုင်းအ၀ိုင်းတစ်ခုလုံးကို စွန့်လျွှတ်ရဲခဲ့သော ဆွေလင်းမိခင်ဧ သတ္တိကိုလည်း အံ့သြ မဆုံးဖြစ်ရသည်။ တစ်သက်လုံးမိဘအလိုကျလိမ္မာခဲ့လေသော သမီးအမွန်သည် တစ်ကြိမ်ဆို....ဆိုသလောက် ရင်ခွင်ကိုခြေစုံကန်လေသောအခါ မာနကြီးလွန်းလှသောဘွားဘွားခမျာ ဆွေ့ဆွေ့ခုန်မတတ်အထိနာခဲ့ရပါသည်။

“ငါ့မှာ သားသမီးသုံးယောက်ပဲရှိတယ်”

ဆွေလင်း၏ မိခင်အား သားသမီးစာရင်းမှ အပြီးအပိုင် ထုတ်ပယ်ထားခဲ့တာ ဆွေလင်းအသက်တမျှ မကတော့ပြီ။

အတိတ်နောက်ဆက်တွဲ(၃)

ဒါပေမယ့် အချိန်တော့လည်း ဆွေလင်းတို့သားအမိတတွေ ရန်မခအိမ်ရိပ်ကို ပြန်လည်ခိုလှုံ ကြရပြန်သည်ပင်။ဒါပေမယ့်..........

“မိုက်ဇာတ် သိမ်းသွားပြီဆိုလို့ တစ်မီးငြိမ်းမလားမှတ်ပါတယ်။ အဆွယ်အပွားကထားခဲ့ရသေးတယ်လေ။ သင်းသွေးပါတဲ့ဟာကလေးကရော ဘာထူးဦးမှာလဲ။ ဘမျိုးဘိုးတူလာဦးမှာပေါ့။”

ဆွေလင်းခြောက်တန်းနှစ် အရောက်မှာ သူ့အားstudy guideပေးရန် ကျွန်မကို စတင် ကမ်းလှမ်းခဲ့စဉ်က ဘွားဘွား၏ စကားများဖြစ်ပါသည်။ တကယ်တမ်းမှာတော့ ဆွေလင်းက ဘွားဘွားပြောသလို လူဆိုးလေးမဟုတ်ရှာသလိုဘွားဘွားသည်လည်း ဆွေလင်းအား နှုတ်စကားတို့နှင့် ဆန့်ကျင်စွာ ဥပက္ခာမပြုရက်ခဲ့တာ ကျွန်မရိပ်မိနားလည်နေပါသည်။

“အမြင်မတော်တာတွေ့ရင် ဆုံးမပါ ဆရာမရယ်။အပ်ပါတယ်။ မလိမ္မာလို့ကတော့ ကျုပ်က အမေရော၊သားရော အိမ်ပေါ်မှာ မထားဘူး။ ရိုက်ချမှာ..........”

ဘေးအမြင်မှာတောင် နားထဲနင့်နေစေမည့်စကားကို ဘွားဘွားက ဆွေလင်းတို့သားအမိအတွက် သီးသန့်ကို သုံးစွဲပြောဆိုနေတာဖြစ်သည်။ ဆွေလင်းတို့သားအမိမြင်လျှင် စိတ်အနာတွေအသစ်ဖြစ်ကာ တဖျစ်တောက်တောက် မြည်တွန်လေ့မြဲမို့ ဆွေလင်းက ဘွားဘွားကိုရှောင်ကာ အခန်းအောင်းနေ လေ့ရှိပါသည်။ ထိုအခါဆွေလင်းကိုမမြင်လျှင် နေမထိသော ကိုယ့်ကိုယ် ကိုယ်သတိမပြုမိခင်အခေါ်လွှတ်ကာ မြည်တွန်ဆူပူပြန်တော့သည်။

ရန်မခ၏ သြဇာအတည်ဆုံး ဘွားဘွားကမှ မျက်နှာသာမပေးဘူးဆိုတော့ ကျန်အရိပ်ခိုသူအချင်းချင်းက ဆိုစရာမရှိတော့ပြီ။ ဆွေလင်းမို့နာမည် ကြားလျှင်တောင် ရန်မခတစ်ခြံလုံးက ၀ိုင်းဝန်းနိုင်စားဖို့သာ တွေးမိတော့သည်အထိဖြစ်သည်။ ရန်မခသို့ ကျွန်မ ရောက်ရှိခဲ့ရသည်မှာလည်း ထိုဆွေလင်းအား ၀ိုင်းပယ်ကြသော အကြောင်းရင်းကြောင့်ပင်ဖြစ်သည်။ဆွေလင်းနှင့်အတန်းတူ မောင်နှမ၀မ်းကွဲသုံးယေက် စာသင်ဝိုင်းတစ်ဝိုင်းပြုလုပ်ရန် ဘယ်သူကမှ လက်မခံလိုခဲ့ကြပေ။

ဆွေမျိုရင်းချာများကြားမှာ ခုလိုစိတ်ဝမ်းကွဲပြားနေတဲ့ အဖြစ်အပေါ် ဘွားဘွားအမြင်မတော်သော် ၊ သဘောမတွေ့သော်လည်း ဆွေလင်းတို့သားအမိ ဘက်မှ ကွယ်ကာပြောဆိုပေးရာ ရောက်မှာစိုးသောကြောင့် နှုတ်တုံ့နေမိသည်။

ထို့ကြောင့်လည်း ....

“ဘယ်သူနဲ့မှ မရောရတော့လည်း ကောင်းတာပဲ။မင်း...သူတို့အားလုံးထက်ပိုတော်အောင်ကြိုးစား”

အသံတုန်တုန်ကိုထိန်းရင်း ဝေ့ခနဲ ၀ဲတက်လာသော မျက်ရည်တို့ကို မျက်နှာပင့်မောကာ မျ့က်တောင်တဖျတ်ဖျတ် ခတ်ထုတ်ပစ်နေသေးသည်။ ပြီး ...ခပ်တိုးတိုးဆိုသေးသည်မှာ...

“မြေးချင်းအတူတူပါပဲဆရာမရယ်။ဒါပေမယ့် သူ့ကိုတော့ ပိုဂရုစိုက်ပေးပါ”

အတိတ်နောက်ဆက်တွဲ(၄)


ဆွေလင်း၏ ထူးခြားချက်မှာ အမြဲတွေးတွေးငေးငေးဖြင့် နွမ်းမှိုင်ငြိမ်သက်လွန်းခြင်းပဲဖြစ်သည်။ စာသင်ချိန်မှာတော့ စူးစူးစိုက်စိုက် စိတ်ဝင်တစားရှိတတ်ပါသည်။ ဥာဏ်လည်း အလွန်ကောင်းပါသည်။ ထိုးထွင်းသိမြင်သော အမြော်အမြင်မျိုးလည်း သူ့စရိုက်သဘာဝမှာ ပေါ်လွင်သည်။ ဆွေလင်းအဖို့ ရန်မခတို့ကို ရှောင်ဖယ်ရန် နည်းလမ်းမှာလည်း အခန်းအောင်း၍စာအော်ကျက်နေခြင်း၊ အတွက်ပုစ္ဆာတစ်ခုဖြင့် အလုပ်ရှုပ် နေခြင်းသာဖြစ်သည်။

ဒါပေမယ့် တခါတရံ ကျွန်မရှင်းပြနေသော သင်္ခန်းစာတစ်ခုကို ခေါင်းကြီးအောက်စိုက်ကာနားထောင်နေရင်း မျက်ရည်တွေ စာရွက်ပေါ်တဖေါက်ဖေါက်ကျလာလေမှ ကျွန်မ အထိတ်တလန့်ဖြစ်ရတာတွေ ရှိသေးသည်။

“ဘွားဘွား ဆူလို့”
“မေမေ နေမကောင်းလို့”

တခါတရံ သူ၏ ၀မ်းကွဲမောင်နှမ၊ညီအစ်ကိုများက မတူမတနသလို နှိမ်ချစော်ကားလိုက်ကြလို့ ဆိုတာတွေလည်း ကြားရတတ်သေးသည်။

ကျွန်မရန်မခမှာ ဆွေလင်းကိုစာသင်နေသော သုံးနှစ်အတွင်းမှာ ဆွေလင်း၏ မိခင်ကိုမြင်တွေ့ရခဲလှပါသည်။ သူမသည် ရန်မခရိပ်ငြိမ်သို့ ရောက်ပြီးကတည်းကတရှောင်ရှောင် နေထိုင်မကောင်းဖြစ်နေတတ်သည်။

တခါတော့ သူ၏ မေမေ အတော်နေမကောင်းဟုဆိုကာ ဆွေလင်း ရှိုက်ကြီးတငင်ငိုလေသောကြောင့် ကျွန်မ သူ၏မိခင်ထံ လူနာသတင်းမေး ရောက်ခဲ့ရပါသည်။

အန်တီ ဒေါ်ခင်မေလတ်မှာ ဖြူရော်ရော် ပိန်ပါးကာလှပ်လှပ်ယဲ့ယဲ့ကလေးသာ ရှိလေသည်။

“မေမေဆူတာပြောတာ အန်တီ ခံနိုင်ပါတယ်၊။ အငယ်တွေကအစ တနွယ်ငင်တစင်ပါ အားလုံးကအရိုသေတန်ကြတာ၊ လူရာမသွင်းတာကျတော့ ခံပြင်းလို့မဆုံးဘူး။အံလည်းသြမိတယ်...”

တိုးသဲ့သောလေသံမှာပင် မာနရိပ်ကလေး အထင်းသား။ သူမသည်လည်း ရန်မခရိပ်ငြိမ်မှ မာနမင်းသမီးတစ်ယောက်အဖြစ် လျှမ်းလျှမ်းတောက်ခဲ့ပေလိမ့်မည်။

“ဒီကိုပြန်လာတာ ကိုယ့်အတွက်မဟုတ်ဘူးဆရာမ။ ဆွေလင်းရဲ့ရှေ့ရေးအတွက်ပါ။ ဒါပေမယ့် ကျွန်မစိတ်ကူးတွေမှားသွားပြီ ထင်ပါရဲ့။ ဆွေလင်းခမျာ တစ်နေ့မှစိတ်မချမ်းသာခဲ့ရပါဘူး။ ဆွေမျိုးတွေကြားပြန်ရောက်မှပဲ သူစိမ်းတွေကြားမှာထက် စိတ်ကျဉ်းကျပ် ပင်ပမ်းဆင်းရဲရတော့တာ...........”
“...............”
“သူ့အဘွားက ပစ်ပစ်ခါခါလုပ်မှာမဟုတ်ဘူးလို့တော့ အန်တီအကြွင်းမဲ့ယုံကြည်ပါတယ်။ဒါပေမယ့် အန်တီသာမရှိတော့ရင်ဆိုပြီး ဒီသားလေးကို စိတ်မချနိုင်ဘူး ဆရာမရယ်”

ချိုင့်ခွက်မျက်ဝန်းများမှ စိမ့်အိုင်ပြည့်လျှမ်းလာသော သူမ၏မျက်ရည်များကို ကျွန်မ မမေ့ရက်ခဲ့ပေ။

အတိတ်နောက်ဆက်တွဲ(၅)


သူ့မိခင် ရုတ်တရက်ဆုံးပါးသွားခြင်းက ဆွေလင်းအား အတော်အထိနာစေခဲ့ပါသည်။ ဆွေလင်းသည်အိပ်ယာထဲမှာ တစ်ပါတ်ခန့်လဲသွားရ တော့သည်။ အစားအသောက်လည်းမ၀င်။ ချော့မော့ကျွေးလို့မရ။ အိပ်ယာပေါ်မှာပဲ တခွေခွေ၊တညိုးငယ်ငယ် နေလေတော့သည်။ ညပိုင်းတွေမှာ မအိပ်ပဲတစ်ယောက်တည်း တတွတ်တွတ်ဆိုနေတတ်သေးသည်ဟု အိမ်အကူမိန်းမကြီးတစ်ယောက်က ပြန်ပြောသဖြင့်သိရသည်။ ကျွန်မ ပြန်မေးတော့....

“မေမေနဲ့စကားပြောနေတာ...”
“ဟဲ့......”
“မေမေ့ကို အိပ်မက်ထဲမှာတွေ့တာပါ။”

သူနာလန်ထလာခဲ့ပြီးနောက်မှာတော့ ဟိုအရင်ကထက်ပင် ကြည်လင်ရွှင်လန်းနေပြန်သေးသောကြောင့် ထူးခြားမှုကို သတိပြုမိ၊ အံ့သြတကြီး ဖြစ်မိရပြန်သည်။

“ဆွေလင်း...ငိုသေးလား”

သူ ပြုံးလျှက်သာ ခေါင်းခါပြသည်။

တစ်နေ့.....ကျွန်မ သူတို့အိမ်သို့ စာသင်ရန်အရောက်၊ ဘွားဘွားက ဆွေလင်းအား ဆူဆူပူပူပြုနေတာနှင့်ကြုံရပြန်သည်။

“ဇေယျာတို့နဲ့ သုံးယောက် တစ်ယောက် ဖိုက်တင်ချကြတာ ဘွားဘွားသိသွားလို့”

သူ့အမူအယာအ အေးစက်စက်။

``ဘာလို့ ရန်ဖြစ်ရတာလည်းဆွေလင်းရယ်။ဒဏ်ရာရခဲ့သေးလား”

ဆွေလင်းခေါင်းညိတ်ပြတာကြောင့် ကျွန်မပူပန်ရပြန်သည်။

“သားမဟုတ်ဘူးဆရာမ။ ဟိုကောင်တွေရသွားတာ။ သား ဘယ်လိုလုပ်လိုက်မိမှန်းတောင်မသိပါဘူး။ အာလူးသီးတဲ့လူနဲ့။ ဒူးပြဲတဲ့လူနဲ့.....”

ကျွန်မတလျှောက်လုံးသိလာတဲ့ ကြောက်ဆုတ်ဆုတ်၊ ရွံ့တွန့်တွန့်ဆွေလင်းကြောင့် ဟိုကလေးတွေအနာတရဖြစ်ကုန်ကြရတာ ကျွန်မ ကိုယ့်နားတောင် ကိုယ်မယုံချင်။

“ဘဘနဲ့ ကြီးကြီးတို့ရော၊ လေးလေးတို့တွေပါ အမျိုးတွေ တတ်နဲ့ချီပြီးသားကို သတ်ဖို့လာကြတာ....။ဘွားဘွားသာ မရှိရင် သားတော့သေပြီ။”

ဘုရား...။ ဒါပေမယ့် ဆွေလင်းကတော့အေးဆေးနေမြဲပင်။

“နောက်တစ်ခါ ရန်မဖြစ်ပါနဲ့ဆွေလင်းရယ်။ ဆရာမပြောတာ နားထောင်နော်”
“သားကတော့ စမဖြစ်ပါဘူး။ သူတို့က အလကားနေရင်းလည်း လာလာစနေကြတာ...”
“သူတို့စတော့လည်း မင်းကရှောင်နေပေါ့၊”
“သား ရှောင်လို့မ ရဘူး ဆရာမ။ လူကြီးတေါကို ပြန်တိုင်လို့လည်းမရဘူး၊။ သူတို့ကိုယ်တိုင်က မြှောက်ပေးနေကြတာ တောင်ဖြစ်နိုင်တယ်။။ သားကတော့ ဘွားဘွားရိုက်ချင်လည်းရိုက်ပစေ၊ ပြန်ချတော့မှာပဲ”
“ဟဲ့ ........... ”

ဆွေလင်းမှာ ဘယ်အချိန်က ဘယ်လိုသတ္တိတွေဝင်ရောက်လာခဲ့သလဲ။

“ကိုကို ဝေလင်းကပြောတယ်။ ပြန်မချရင် စကြောက်တဲ့။ပြန်သာတီး၊ဦီးအောင်ဆော် တဲ့ ။ သားကိုထိရင် သူပါ ၀င်ကူပေးမယ်တဲ့။”

ကိုကိုဝေလင်း...........။ ထိုအမည်ကို ကျွန်မ တခါမှ မကြားဖူးခဲ့ပါ။

“ဘယ်က ကိုကို ဝေလင်းလဲ”
``သားရဲ့အမြွာ အစ်ကိုလေ။ ငယ်ငယ်လေးထဲက ဖေဖေ့ဘက်က ဘိုးဘိုး၊ဘွားဘွားတို့နဲ့သွားနေတာ...။ဒီက ဘွားဘွားကို ပြန်မပြောနဲ့နော်။ဘွားဘွားကြိုက်မှာမဟုတ်ဘူး”

``ကိုကို ဝေလင်းက သားလိုမဟုတ်ဘူး။ သတ္တိသိပ်ကောင်းတယ်။သားလည်းသူ့လို သတ္တိမျိုး ရှိချင်တယ် ဆရာမ။ သူကပြောတယ်။သတ္တိရှိချင်ရင် ပြန်ချတဲ့။ သားက ပြန်ချတော့မယ်”
“နေဦး မင်းက သူနဲ့ ဘယ်မှာတွေ့တာတုန်း”
“ကျောင်းမှာ........၊ ကိုကိုဝေလင်းက သားကို ကျောင်းမှာ လာတွေ့တာ။”
“ဘယ်တုန်းကလဲ“
“ကြာလှပြီ။ ဟိုအရင်တုန်းကတော့ အကြာကြီးနေမှ တစ်ခေါက်လာတွေ့တာ။ မေမေဆုံးပြီးနောက်တော့ ခဏခဏ လာတယ်။”

ခပ်ပြုံးပြုံးပြောနေတဲ့ ဆွေလင်းရဲ့ ပိုင်နိုင်သေချာဟန်မျိုး ယခုတစ်ကြိမ်သာ မြင်တွေ့ဖူးသည်မို့ ကျွန်မ ငေးခနဲတောင် ဖြစ်ရသည်။

အတိတ်နောက်ဆက်တွဲ(၆)

အဲဒီနေ့က ရန်မခသို့ ကျွန်မရောက်သွားချိန်မှာ ဆွေလင်းကျောင်းကပြန်ရောက်မလာသေးပေ။ သူ ဒီနေ့ ကျောင်းဆင်းနောက်ကျမည့် အကြောင်း ကျွန်မကိုကြိုတင်ပြောမထားခဲ့ပါ။

ပူပန်တတ်သော ဘွားဘွားကတော့ သူမ၏ သောကတို့ကိုတဖျစ်တောက်တောက် မြည်တွန်ရေရွတ်ခြင်းဖြင့် ပုံဖေါ်နေပါသည်။ ဘွားဘွားသည် စိတ်မာန်ကြီးသောလူကြီးပီပီ ဆွေလင်း အိမ်ပြန်နောက်ကျသော အပြစ်ကိုပုံကြီးချဲ့ကားရင်း ဆွေလင်း၏ အဖေအမေတို့အပေါ် အခဲမကျေနိုင်သေးသောအနာ ဟောင်းများကိုပါ ဇာတ်ကြောင်းပြန်နေတော့တာမို့ ကျွန်မဆွေလင်း၏စာကြည့်ခန်းက စောင့်နေတာ ပိုကောင်းမည်ဟု ဆုံးဖြတ်လိုက်မိသည်။

စာကြည့်ခန် တံခါးကို ဆွဲအဖွင့်..ကျွန်မ ထိတ်ခနဲလန့်သွားရပါသည်။

“အော်...သီရိပါလား။ ၀င်လာခဲ့လေ”

အရေးမထားဟန် ပေါ့ပါးသော သူ့အကြည့်အပြုံးတို့ကို ကျွန်မ မကြိုက်ပါ။

“ရပါတယ်ကိုတေဇာ။ ကျွန်မ ဆွေလင်းကို အပြင်ကပဲ ပြန်စောင့်ပါမယ်။”

သူ ကျွန်မရှေ့ကို လှစ်ခနဲ ရောက်လာခဲ့လိမ့်မည်ဟု ကြိုတင်တွေးမထားမိတာ ကျွန်မ၏ ပေါ့လျော့မှုပဲဖြစ်သည်။

“နေပါဦး သီရိရာ၊ ကိုယ် မင်းကို စကားနည်းနည်းလောက် ပြောချင်လို့ပါ”
“ပြောစရာရှိတာ ဧည့်ခန်းထဲမှာပဲ ပြောကြတာပေါ့ ကိုတေဇာ”

ပိတ်ရပ်ထားသောသူ့ကို ကွေ့ရှောင်ကာ ကျွန်မ လှမ်းထွက်ရန်ပြင်သည်။

“ဒါ ဘာလုပ်တာလဲ ကိုတေဇာ”

ကျွန်မ ထောင်းခနဲ ဒေါသ ထွက်လာသော်လည်း ခပ်ကြိတ်ကြိတ်သာ ပြောဖြစ်သည်။ ဆုတ်ဆွဲထားသောလက်အစုံကို အနည်းငယ်ဖြေလျော့ပေးရုံသာမို့ ကျွန်မ ကျိတ်ရုန်းသော်လည်း မလွတ်သာ။

“ကိုတေဇာ ကျွန်င်္မကို လွှတ်လို့ ပြောနေတယ်နော်”

ကျွန်မ အတော်ဒေါသ မွှန်နေပြီ။ထိုစဉ်.....

“ဟာ..ဆရာမ၊ ဟင် ...ကိုတေဇာ.......´´

ကျွန်မကျောင်းသား၏ရှေ့မှာ ခုလို မဖွယ်မရာ အခြေအနေမျိုးနှင့် လာရင်ဆိုင်ရတာမို့ ဆူဝေလာသောဒေါသဖြင့် ကျွန်မအားကုန်သုံးကာ ဆောင့်ရုန်းပစ်လိုက်သည်။ မျက်ရည်တွေ ၀ဲခနဲ ဝေ့တက်လာကြပြီ။

“ကိုတေဇာ ဆရာမကို လွှတ်လိုက်တော့လေ”

ဆွေလင်းက ကိုတေဇာ့ကိုတော့ အရွယ်ချင်းလည်းကွာကာ နဂိုကတည်းက ခပ်ရှိန်ရှိန်မို့ မယုတ်မလွန်ဝင်ပြောသည်။

“ဟေ့ကောင်..။မင်းနဲ့မဆိုင်ဘူး။မင်းဝင်မပါနဲ့ သွား”

ကိုတေဇာ့မျက်နှာ သပြေမှည့်ရောင်ညိုလေသည်။ ဆွေလင်းမျက်နှာလည်း ရဲရဲနီနေတော့ပြီ။

“ကိုတေဇာ၊ သား ဘွားဘွားနဲ့ပြန်တိုင်မှာနော်“

ဆွေလင်းအသံတွေ တုန်ခိုက်နေသလား။

“တိုင်ချင်ရာတိုင်ကွာ။ မျိုးမစစ်ကောင်”

ကိုတေဇာနှုတ်မှဖရုဿဝါစာတွေမဆုံးလိုက်နိုင်။ ကျွန်မတို့နှစ်ယောက်ကြားသို့ ဆွေလင်းလွှားခနဲ ခုန်အုပ်ဝင်ရောက်လာပုံက လေလိုလျှင်မြန် လွန်းလှသည်။ ကိုတေဇာ အားခနဲ အော်လျက်ပုံလျက်လဲသွားသည်။ မျက်နှာပေါ်မှာသွေးနီနီတို့ ဖြာခနဲ။ သူ့လက်မှလွတ်မြောက်သွားသော ကျွန်မသည် နောက်သို့ တစ်ချက်ခုန်ရှောင်လိုက်မိကာ....
“ဆွေလင်း တော်တော့”

ဆွေလင်းက မရပ်ပဲ ကိုတေဇာ ရင်ဘတ်ပေါ်ခွစီးကာ ကော်လာစ နှစ်ဘက်ကို စုကိုင်ဆွဲညှစ်နေပြန်သည်။

”ဆွေလင်း တော်တော့လို့ပြောနေတယ်”

၇န်မခ နယ်မြေမှာ ကျွန်မ၏ သံကုန်သံပြာ အော်ဟစ်သံတွေ ညံသွားတော့သည်။ အုန်းတသဲသဲ ဆူဆဲအော်ဟစ်သံတွေကြားမှာ ဆွေလင်းရော.....။ ဆွေလင်းအတွက်ပူပန်ဖို့ ကျွန်မ သတိရတော့ သူ့ကိုမမြင်ရ၊ ဆွေလင်းရေ......။

ကိုတေဇာ၏ ဦးခေါင်းကို သူထုချလိုက်သော သစ်သားပန်းပု ၇ုပ်က သူ့နံဘေးမှာလဲလျက်။

“ဆွေလင်း ဟေ့ကောင်။ မင်းဒီနေ့ အသေပဲ”

ရန်မခ အုပ်စု၏ တစ်ယောက်တစ်ပေါက် ဆဲဆိုကြိမ်းမောင်းသံတွေကြားမှာ ဟိန်းခနဲ ရယ်မောခနဲ့သံ။ဘုရားရေ....။အဲဒါ ဆွေလင်းလား....။

“ဟား....ဟား....ခင်ဗျားတို့နိုင်ချင်တိုင် နိုင်လို့ရတဲ့ ဆွေလင်း မရှိဘူး ။ကျုပ်နာမည် ဝေလင်း၊ ဆွေလင်းရဲ့ အစ်ကို ဝေလင်း....”
“...................”
“လာ...ကပ်ရဲကောင် ကပ်လာကြည့်။ အသက်ချင်း လဲပြစ်မယ်”

ဘယ်သူမှနေရာ မရွေ့ကြ။

“ဟေ့ကောင် ဆွေလင်း”
“မခေါ်နဲ့။ ကျုပ် ဆွေလင်းမဟုတ်ဘူးဆို”

ဟင့်အင်း။ သူ ဆွေလင်းပါ။ ကျွန်မသိတယ်။ ကျွန်မ မသိနိုင်တာက ၇ုတ်တရက်ကြီး ခက်ထန်ရိုင်းကြမ်းသွားတဲ့ သူ့အပြုအမူတွေ....။

“ဆွေလင်း.....”
“ဆွေလင်း.....”

ဘွားဘွားနှင့် ကျွန်မ ကြိုတင်တိုင်ပင်ထားသည့်အလား သူ့အနားရောက်သွားတော့....

“မလာနဲ့....”
“မြေးရယ်......”

ဘွားအသံတုန်ခိုက်ကာမျက်ရည်ဖြိုင်ကျလာတာကို ငေးခနဲတွေဝေသွားသလို သူမင်သက်နေဆဲ......။ ဘွားကဇွတ်ကြီးပင် သူ့ထံပြေးဝင်ကာ သိုင်းအဖက်၊ ဆွေလင်းတစ်ယောက်ကျောက်ဆစ်တစ်ရုပ်လို တောင့်တင်းအေးစက်နေတော့ပြီ။


နောက်ဆက်တွဲ(၁)


အမှန်အတိုင်းဝန်ခံရရင် ညီ နည်းနည်းတော့ ကြောက်နေမိသေးတယ်ကိုကို။

ဒါပေမယ့် အရေးအကြောင်းကြုံလာရင် မင်းရောက်လာမှာပဲဆိုတာ ယုံကြည်ထားတော့ အေးဆေးပဲ။

ခုဆိုရင်ညီံကို လေကျယ်နေကျ ရန်မခညီနောင်တွေအကုန်လုံး ညီ့ကို ဖြုံနေကြပြီ ဟား.....ဟား....။ သူတို့ရဲ့ ဆရာကြီး ကိုတေဇာ တစ်ယောက် လည်းခေါင်းပေါင်းအဖွေးသားနဲ့ကြိတ်မနိုင်ခဲမရဖြစ်နေပေမယ့် မလှုပ်ရဲရှာဘူး။ ညီကိုထိရင် ရန်မခကနေခေါင်းနဲ့ဆင်းရမယ်လို့ အားလုံးကို ဘွားဘွားက တစ်ချက် လွှတ်အမိန့်ထုတ်ထားလိုက်ပြီလေ။ဒီလိုဆိုတော့ ဘွားဘွားက သားကိုချစ်လို့နေမှာပေါ့နော်။

သားဘက်မှာ ဘွားဘွားနဲ့ ဆရာမ ၇ှိနေဦးမယ်ဆိုရင်တော့ ရန်မခက နေပျော်စရာ ဖြစ်နေသေးတာပေါ့။

ဒါပေမယ့် ကိုကို ညီ့ဆီ မကြာမကြာတော့ လာတွေ့နော်။ ညီ....မင်းကို မျှော်နေမယ်။


နောက်ဆက်တွဲ(၂)

အဲဒီ ဒေါက်တာမျက်မှန်ပေးတဲ့ ဆေးတွေသောက်တိုင်း သားအရမ်းအိပ်ငိုက်တော့တာပဲ။

ခုလည်း သူပေးထားတဲ့ဆေးတွေ သောက်နေရဆဲ ....မျက်ဝန်းရှေ့မှာလှုပ်လှုပ်လွှဲလွှဲလုပ်နေတဲ့ ချိန်သီးကလေးနောက် အကြည့်တွေလိုက်ပါရင်း သားအိပ်ငိုက်လာပြန်ပြီ။

“မောင်ဆွေလင်း ”
“ခင်ဗျာ...”
“အိပ်ချင်လာရင် အိပ်လိုက်တော့လေ”
“.........”
“မောင်ဆွေလင်း”
“အင်...............”
“မောင်ဝေလင်းကိုသိလား၊ နှုတ်နဲ့ပြော...”
“ဟုတ်”
“သူကဘယ်သူလဲ”
“သားရဲ့ အမြွာ အစ်ကို”
“သူက ဘယ်မှာနေတာလဲ”
“သား.............. မသိဘူး။ကိုကိုက.....ကိုကိုက...သေသွားပြီ။အသက်ငယ်ငယ်မှာပဲသေသွားခဲ့တာ တဲ့။ သား မမှတ်မိပါဘူး။ မေမေကလည်းမပြောခဲ့ဘူး။ဘိုဘိုးဘွားဘွားတို့နဲ့ သွားနေတယ်လို့ပဲ သားသိထားတာ။“
`` .....................´´
”ခုမှ....၊ရန်မခကိုရောက်မှ မေမေက အမှန်အတိုင်းပြောတာ..............”
“........................”
“.......................´´

သတိုး

2 comments:

  1. လူတွေရဲ့ အတ္တ မာနတွေ နိုင့်ထက်စီးနင်းနိုင်မှုတွေက ကလေးတစ်ယောက်ရဲ့ စိတ်ကို စိတ္တဇ ဖြစ်တဲ့အထိ နှိပ်စက်သွားပုံက အသည်းနာစရာ ကောင်းလွန်းပါတယ်။ အဖြစ်အပျက်တွေကို မျက်လုံးထဲမှာ မြင်ယောင်လာစေတဲ့အထိ အရေးအသားက ကောင်းလွန်းပါတယ်။

    ReplyDelete
  2. so touching..
    a very talented writer indeed!
    Cheers.

    ReplyDelete

စိတ်ထဲ ခံစားမိသလို မျှဝေပြောပြခဲ့ပါဦး...။