Friday, June 13, 2014

သုဉ်း ရွာကလေး




                        ဖိုးဖိုးကြီး၏ ဈာပနပွဲသည် ထင်မှတ်ထားသည်ထက်ပင် ခြောက်ကပ်တိတ်ဆိတ်လှတော့သည်ဟု ဖိုးဖိုးကြီး၏ သမီးအကြီးဆုံးဖြစ်သော ကြီးကြီးညွန့်က မချိတင်ကဲ မျက်ရည်ကျရှာသည်။
                        လွန်ခဲ့သော အနှစ်နှစ်ဆယ်ခန့်၊ ကြက်ပျံမကျ စည်ကားလှသည်ဟု ပြောစမှတ်တွင်ခဲ့သော ဖွားဖွားကြီး၏ အသုဘအခမ်းအနားနှင့် လားလားမျှမဆိုင်။ ရဟန်းဒါယိကာ၊ ကျောင်းဒါယိကာကြီးမို့သာ ထီးဖြူယှက်မိုးသဂြိုလ်ခွင့်ရသည်ဆိုရုံ။ ဖွားဖွားကြီး၏ အုတ်ဂူနံဘေးမှာ အရွယ်တူ၊ ပုံစံတူ အုတ်ဂူလေးဖြင့် လျှောင်းစက်ရရုံဖြင့် ကျေနပ်ဖြေသာရတော့မည် ဟု ဖိုးဖိုးကြီး၏သား ဦးလေးတစ်ယောက်က သူ့ကိုလိုလို၊ ကိုယ်ကိုယ်တိုင်ပဲ နှစ်သိမ့်သလို ဆိုပြန်သည်။
                        ဖွားဖွားကြီးတုန်းကတော့ သက်တမ်းကုန်လို့ ကြွေလွင့်သေလွန်ခဲ့ရသည်ကိုပင် ယူကျုံးမရ ပူဆွေးဝမ်းနည်းမဆုံး၊ ရင်ဘတ်စည်တီး ငိုကြွေးမြည်တမ်းကြသူတွေလည်း များမှများလှပေ။ သားနှင့်သမီး ငါးယောက်၊ အိမ်ထောင်ဘက်ငါးဦးနှင့် စုံဖက်ထားသော မြေးမြစ်များက တစ်ဖြာမက၊ ဖိုးဖိုးကြီးတို့က ရွာမှာ လယ်မြေဧကများစွာ ပိုင်ဆိုင်ထားသည်မို့ ကြည့်ရှုစောင့်ရှောက်ထားရသူ အလုပ်သမား မိသားစုလည်း များလှသည်။ ဖိုးဖိုးကြီးတို့၏ ငွေကြေးအထောက်အပံ့နှင့်လည်း တစ်ရွာလုံးနီးပါး မကင်းရာ၊ မကင်ကြောင်းချည်းသာမို့ ရွာမှာ သြဇာအသင့်အတင့် ရှိကြသည်။ တစ်ရွာလုံးက ဖွားဖွားကြီး၏ ရုပ်ကလပ်ကို သာမန်အသုဘအဖြစ် ပြီးစလွယ် မပျောက်ကွယ်သွားကြစေလို။ ရဟန်းမယ်တော်ကြီးမို့ “မယ်တော်ပျံ” ဟု အထူးပြုကာ ဈာပနအခမ်းအနားကို ကိုးရက်ကိုးညတိုင်တိုင် ၀ှဲချီးကျင်းပခဲ့ကြတာဖြစ်သည်။
                        ဖိုးဖိုးကြီး၏ အလှည့်မှာတော့ ငိုကြွေးမြည်တမ်းသံ ကြားရသော်လည်း မမြိုင်ဆိုင်လှဘူးဟု လက်ရှိသားသမီး၊ မြေးမြစ်အားလုံးက စိတ်မှာ အားမရချင်။ ဖွားဖွားကြီးတုန်းကလို အလောင်းကို ရေချိုးသန့်စင်၊ ခုံတင်၊ သေတ္တာထည့်ကြရာမှာ အယုအယက်၊ အုန်းတသဲသဲလည်း မရှိကြပြီ။ ဟိုလူ့သွားခေါ်ပါဦး၊ ဒီလူ့စောင့်ပါဦး တစ်ယောက်တစ်ပေါက်ဆိုကြရင်း အနားမှာ ရှိနိုင်သလောက်သော လူနှင့်ပင် မြေကျရတော့မည့် အဖြစ်ပေ။
                        ဘွားဘွားကြီး၏ မယ်တော်ပျံအခမ်းအနားအတွက် ဟီးထနေအောင် ထည်ဝါပြိုးပြက်သော မဏ္ဍပ်ကြီးကို နေ့ချင်းပြီးဆောက်ခဲ့ကြသည်ဟု ပြောလျှင် ခုခါ… ယုံချင်စရာပင် မရှိပြီ။ ဖွားဖွားကြီးတုန်းက ထမင်းကျွေးရုံတစ်ခြမ်းစာ ကန္နာဖျင်းကလေးကိုပင် သစ်ဝါးရှာတော့လည်း သည်လူတွေ၊ တိုင်ထူ၊ တာပေါ်လင် အမိုးတင်၊ နှီးစချည်နှောင်တော့လည်း သည်မျက်နှာတွေ၊ အိုးခွက်၊ ပန်းကန်ခွက်ယောက် ငှားပါဦးဆိုတော့လည်း သည်လူတစ်စုသာပေ။ ချက်ရေးပြုတ်ရေးသာမက ထမင်းကျွေးလည်း သည်လူတွေပဲ ပါရပေဦးမည်။ ဘုန်းကြီးပင့်လည်း သူတို့နှင့် လွတ်မည်မထင်။ မြေကျလျှင်လည်း သူတို့နှင့်သာ ပြီးရဦးမည်ပဲ။
                        ဖွားဖွားကြီးမယ်တော်ပျံမှာ ဧည့်ခံဆိုင်းငှားရန်၊ ဧယာဉ်ကျူး မင်းသမီးထည့်ရန် တစ်ယောက်တစ်ပေါက် အကြံဥာဏ်ပေးနေကြတာသည်ပင် ပတ်တုတ်လို့မရခဲ့။ ရွာဦးကျောင်းဆရာတော်ပင် မနေသာပဲ ၀င်ပါလေမှ စကားနည်း၊ ရန်စဲ ဆုံးဖြတ်ချက်ကျနိုင်ခဲ့တော့တာဖြစ်သည်။ ဒါတောင် မော်ကျွန်းဧည့်ခံဆိုင်းကို မြို့အထိ စက်လှေဖြင့် အကြို၊ အပို့လိုက်ချင်သူတွေ စကားနိုင်လုကြသေးသည်။ ဧယာဉ်ကျူးမင်းသမီးကို မိမိအိမ်မှာ တည်းခိုစေချင်သူတွေလည်း မရှားလှ။ ဆိုင်းအဖွဲ့လိုက်ပါလာသော စက်လှေကြီး  ရွာကမ်းနဖူးသို့ဆိုက်ရောက်လျှင် ရွာရှိလူကုန်နီးပါး၊ ပျိုပျိုအိုအို၊ ကျားမ မဟူ ဆင်းကြိုကြသည်မှာ ကမ်းလုံးညွတ်တော့သည်။ လုလင်ပျိုများက ဆိုင်းသေတ္တာတွေကို အလုအယက်ထမ်းတင်ကြသည်မို့ ပြိုက်ခနဲ၊ စက်လှေအခွံချည်း ဖြစ်သွားရတော့သည်။
“သူ့အဖေရှိရင် ဒီလိုပွဲမျိုး ရှေ့ဆုံးကရောက်လာမှာ။ သာမှုနာမှု တစ်ရွာလုံးကိစ္စ၊ သူ့ကိစ္စလိုပဲ”
                        ဦးလေးငယ်၏ ဇနီးက အဝေးရောက်ခင်ပွန်းသည်ကို တမ်းတမျက်ရည်ကျပြန်သည်။ ဦးလေးငယ်၏ ဇနီးမှ မဟုတ်ပါ။ ရွာမှာ သာမှုနာမှု ကိစ္စပေါ်တိုင်း ကိုယ့်ဆွေကိုယ်မျိုးအရင်းအချာတွေဆီ ပြေးပြေးလွှားလွှား ဖုန်းဆက်အကြောင်းကြားကြ၊ ဟိုတစ်ဘက်သားတွေက ပြန်လာချင်တယ်၊ လာနိုင်ဖို့ ကြိုးစားကြည့်ဦးမယ် … မယုတ်မလွန် စကားပြန်လာကြ၊ ကျန်ရစ်သူများခင်မျာ တမျှော်မျှော်နှင့် ပွဲလန်းအမှုကိစ္စကြီးသာ ပြီးမြောက်သွားခဲ့သော်လည်း ရွာကိုတစ်ခေါက်တကျေး ပြန်ရောက်လာနိုင်သူက ရှာမှ ရှားလှတော့သည်။
                        ဖွားဖွားကြီးတုန်းက ဖွားဖွား၏မြေး၊ ကျွန်တော်တို့မောင်နှမတွေမှာ လူကြီးတွေ ငိုတော့လည်း ငိုလိုက်ကြရ၊ ပြီးလျှင် တရုန်းရုန်းနှင့် ဆူညံပွက်လောရိုက်ကာ ပျော်ရွှင်နေကြပြန်တာဖြစ်သည်။ စပ်ပန်းချီလက်ရာ စုလစ်မွန်းချွန်တွေနှင့် ပြိုးပြက်ကာ နေရောင်မှာ တလက်လက်ဖြာနေသော ဖွားဖွားကြီး၏ အလောင်းစင်ကို ပြင်ဆင်မွမ်းမံကြ၊ ကိုယ့်ကိုယ်ကိုလည်း ပွဲလန်းသဘင်နွှဲရတော့မှာလို ပြင်ဆင်ခြယ်သကြနှင့် အနားမျှ မရနိုင်။အဖိုးအဖွားသေရင် မြေးတွေပျော်ကြတယ်ဆိုတာ ဟုတ်မှာပဲ။
“ကျွန်မတို့တောင် ရွာပြန်မရောက်နိုင်တာ ဘယ်လောက်ကြာပြီလဲ။ လာမယ်၊ လာမယ်… ချိန်နေရင်း ဟော… အခု မဖြစ်မနေအရေးကိစ္စရှိမှ ရောက်နိုင်တော့တာလေ။ တစ်ပြည်ရပ်ခြားက လူတွေတော့ ပြောမနေနဲ့တော့။ ကိုယ်ချင်းစာပါတယ်”
                        မေမေက မျက်ရည်မစင့်တစင် မို့အစ်နီရဲ မျက်ဝန်းတွေနှင့် ဆွေးဆွေးလျလျ ဆိုသည်။ အမှန်ပဲ။ မေမေတောင် ဖိုးဖိုးကြီး၏ ဈာပန၊ ဖခင်အရင်း၏ ကိစ္စမို့သာ ရွာကို ပြန်ရောက်နိုင်ခဲ့တာပင်။ ဖေဖေပင် ချက်ချင်း လိုက်မလာနိုင်ခဲ့။ ကျွန်တော်လည်း သင်တန်းတက်လက်စ၊ အလုပ်လက်စတွေကို ဇွတ်ပင်အာရုံဖြတ်ကာ ပြန်မရောက်ဖြစ်တာကြာပြီဖြစ်သော ရွာကို စွန့်စွန့်စားစား လိုက်ပါလာဖြစ်ခဲ့တာ ဖြစ်သည်။
“ကိုမိုးကတော့ ပညာတွေတတ်တော့ မိဘနဲ့ ရင်အုပ်မကွာ နေနိုင်တာပေါ့။ မင်း အစ်ကိုတွေ၊ ညီတွေကတော့ ပညာလေး မတောက်တခေါက်၊ မစို့မပို့နဲ့ ရောကြည်ရာ၊မျက်နုရာ… ရှာလိုက်ကြတာ၊ ခုနေ တို့သေရင်တောင် သင်္ဂြိုလ် မီမှာ မဟုတ်ပါဘူး”
                        အငိုသန်လွန်းသူဟု နာမည်ရသော ဒေါ်လေးမြိုင်က မေမေ့နှင့် အထက်အောက် ညီမငယ်ဖြစ်သည်။ ဒေါ်လေးမြိုင်၏သားနှစ်ယောက်က ကျွန်တော်နှင့် မတိမ်းမယိမ်းမို့ ငယ်ငယ်ကတော့ ရွာမှာ ကျောင်းသွားဖော်၊ ကစားဖော်တွေဖြစ်သည်။ နိုင်ငံခြားထွက်ကာ အလုပ်လုပ်ကြမည်ဟု ဆုံးဖြတ်စီစဉ်ခဲ့ကြစဉ်ကလည်း မြို့ပေါ်ရှိ ကျွန်တော်တို့အိမ်ဆီ အ၀င်အထွက်ခပ်စိတ်စိတ် ရှိခဲ့ဖူးကြတာပင်။
“ကိုယ့်ရွာမှာပဲ မိရိုးဖလာ လုပ်ကိုင်စားကြရောပေါ့ သားလေးတို့ရယ်။ အဖေတို့ အမေတို့လည်း အသက်တွေ ရလာကြပြီမဟုတ်လား။ မမာရေး၊ မကျန်းရေးရှိလာရင်တောင် ပြန်လာတွေ့ဖို့ မလွယ်ဘူး”
                        မေမေကတော့ တစ်ဦးတည်းသော သားတစ်ယောက်တည်းသာမို့ ကျွန်တော့်ကို ဝေးဝေးမလွှတ်နိုင်ဟု ဖက်တွယ်ထားဆဲပင်။
“သားတို့လည်း အတတ်နိုင်ဆုံး ကိုယ့်ရွာမှာပဲ ဓားမဦးချ နေသွားဖို့ ကြိုးစားကြည့်တာပဲ ကြီးကြီးလှိုင်ရယ်။ ဒါပေမယ့်.. ရွာမှာ ဘယ်လိုမှ အဆင်မပြေတော့ဘူးဗျ။ မိုးလေတွေမမှန်လို့ လယ်လုပ်ငန်းတွေ မကောင်းတော့တာ ကြာပြီ။ လယ်ထဲက မရရင်တောင် မြစ်ထဲက ငါးက မှန်မှန်လေးတိုးနေရင် အကြောင်းမဟုတ်သေးဘူး။ မြစ်ထဲကရတာလေးနဲ့ လယ်ထဲကိုဖြည့်နိုင်တာပေါ့။ ခုတော့ … တစ်နှစ်ပြေလည်နိုးနဲ့ အကြွေးချင်းထပ်ပြီး အတိုးငွေက လည်ပင်းနစ်လာပြီ”
                        ဒေါ်လေးမြိုင်က သူ့သားတွေ အလွန်အလုပ်ကြိုးစားကြောင်းကို အမြဲချီးမွမ်းနေခဲ့ဖူးတာပင်။ လယ်ထဲလည်း လယ်ထဲအလုပ်မို့ နေကုန်နေခမ်း မမောပမ်းတတ်ကြသူတွေ…တဲ့။ မြစ်ထဲလည်း တစ်ယောက်လျှင် လှေတစ်စင်း၊ ငါးသရောက်ပိုက် တစ်ဖောင်စီနှင့် စုန်ဆန်မပျက်ကြ။
“ကြိုးစားသလောက် အရာမထင်တော့လည်း သူတို့ စိတ်ပျက်ပြီး ဒီအလုပ်တွေကို အီလာ၊ တောက်လာတော့တာပေါ့”
                        အခုတော့ ဒေါ်လေးမြိုင်က …
“သူတို့ပုံမှန်ပို့ပေးတာလေးတွေနဲ့ လယ်စားရိတ်ထည့်နိုင်တော့ အကြွေးလေးတွေလည်း တဖြည်းဖြည်း ချောလာပါပြီ”
အကြွေးတွေကျေရင်တော့ ငါ့သားတွေ ငါပြန်ခေါ်မယ် ပြောကာ မျက်ရည်တာကျိုးပြန်သည်။
ရွာမှာ သိဟောင်း၊ ကျွမ်းဟောင်း သူငယ်ချင်းတွေလည်း အတော့်ကို ရှားပါးနေခဲ့ပြီပဲ။ တချို့က မလေးမှာ…။ တချို့ကလည်း ထိုင်းဘက်ရောက်နေတယ်… ဟု သံတူကြောင်းကွဲတွေချည်းသာ။ သူငယ်ချင်းမတစ်ယောက်ကတော့ နင်ရောက်တုန်း နင့်သူငယ်ချင်းအကြောင်းတိုင်ရဦးမယ် အစချီကာ မျက်ရည်တလည်လည် ဖြစ်နေပြန်သည်။
“လက်ထပ်ပြီး တစ်နှစ်ကျော်ပဲ နေတယ်။ တစ်ရွာလုံး အလျှို အလျှို ထွက်ကြတော့ သူပါ လိုက်ထွက်၊ အလုပ်လုပ်မယ် ဖြစ်ရော…။ ဟိုကိုရောက်စ တစ်နှစ်လောက်ပဲ ငွေပို့ဖော်ရတယ်။ ခု… သေသလား၊ ရှင်သလား မသိရအောင် ဖုန်းလည်းမဆက်၊ လူကြုံလည်း မမှာ… နေနေတာ သုံးနှစ်ကျော်။ သူ… ဟိုမှာ ထောင်များကျနေမလား။ သူများသတ်လို့ သေသွားပလား ပူလိုက်ရတာ။ ငါ့မှာ မိန်းမသားတန်မဲ့ သူ့အကြွေးလက်ကျန်တွေကို တော်တော် ဆပ်လိုက်ရတယ်လေ။
…. ငါ့ သောက၊ ဒုက္ခတွေ အနည်ကျမှ သင်းက ပြန်လာတယ်လေ။ တစ်ပြားတစ်ချပ်တောင် ပါမလာပဲနဲ့။ နင်ပဲ စဉ်းစားကြည့်တော့။ ငါ… တကယ် စိတ်နာတယ်။  မပေါင်းတော့ဘူးလို့ အပြတ်ပြောလိုက်တယ်”
                        ထိုင်းနိုင်ငံကို ထွက်ဖို့တောင် ကုန်ကျစားရိတ်က ခြောက်သိန်းဝန်းကျင်ခန့်သာ ဆိုပေမယ့် ကိုယ့်မှာ ငွေမရှိလို့ အတိုးနှင့် ယူရလျှင် အတိုးငွေကို ပြန်ဆပ်ရတာနှင့်တင် လျှာပေါ် မြက်ပေါက်နှင့်တော့မည်။
“သင်းကျေးဇူးပဲ ပြောပါတော့။ ငါ့မှာ ရွာထဲလည်း ကြာလေ မျက်နှာမပြရဲလေဖြစ်လာတော့ သူ့နောက်လိုက်မယ် ဆိုပြီး ရန်ကုန်တက်သွားတာ။ ဟိုမှာ အေးဂျင့်နဲ့ ပြောဆိုပြီး အတော်ခရီးပေါက်နေမှ… ရွာဘက်မှာ အပြင်ထွက်ချင်၊ အလုပ်လုပ်ချင်သူတွေ ရှိသေးလား။ ခေါ်ပေးနိုင်မလား စကားစပ်မိပြီး ရွာနီးချုပ်စပ်က အလုပ်လိုချင်တဲ့သူတွေကို ငါပဲဆက်စပ်ခေါ်ပေးရင်း ဒီလမ်းကြောင်းထဲ ရောက်လာတာပဲ။ ခုတော့… ရွာထဲက သွားချင်တဲ့လူရှိလာရင် ငါ့ငွေနဲ့၊ ငါ့ အဆက်အသွယ်နဲ့ ပို့ပေးတယ် ဟယ်။ ပြီးမှ လုပ်ခထဲကနေ ပြန်ခုနှိမ်ယူတာပေါ့။ တစ်ယောက် ဆယ်ပုံးလောက်တော့ ငါ့အတွက်ကျန်အောင် လုပ်ရတာပေါ့ ဟယ်”
“နင့် ၀န်ဆောင်ခက များလိုက်တာ…”
                        သူငယ်ချင်းမက ချက်ချင်း ပက်ခနဲ ပြန်ချေပသည်။
“၀န်ဆောင်ခချည်းတော့ ဒီလောက်ကျမလားဟဲ့။ ငွေတိုးအတွက် ယူတာ။ ငါ့တုန်းကလည်း ခံခဲ့ရတာပဲလေ။ ဒုက္ခသံသရာမှာ ချာလပတ်ရမ်းနေအောင် ခံခဲ့ရတာ။ ခု… အဲဒီဒုက္ခရဲ့ အသီးအပွင့်တွေအဖြစ် ငါပြန်ယူတာပဲ”
                        ဖိုးဖိုးကြီးတို့နှင့် သက်ရွယ်တူ၊ ရှားရှားပါးပါး အသက်ကိုးဆယ် အဘွားအိုက နားစွန်နားဖျားဖြင့် စကားဝိုင်းထဲ ၀င်ပါလာပြန်ကာ…
“ညည်းပဲယူ၊ ညည်းပဲ ရတာပါအေ…။ ကျုပ်တို့ရွာထဲမလဲ ကျားကျား၊ မမ သန်သန်မာမာပျိုပျိုရွယ်ရွယ် ရယ် လို့လည်း တယ်… မကျန်တော့ပါဘူး။ ကျုပ်တို့သေရင်တောင် ရွာထဲကျန်တဲ့ အိုကြီးအိုမအချင်းချင်းပဲ ဒရွတ်ဆွဲချမှ မသာမြေကျရမယ့်ကိန်း ဆိုက်နေပါပြီ”
                        ရွာမှာလည်း လယ်သူရင်းငှားအလုပ်သမားက ရွှေထက်ရှားနေပြီရယ်ဟု လယ်လုပ်သူတိုင်း၏ နှုတ်ဖျားမှာ ညည်းချင်းဆိုနေကြပြန်တာပင်။
“ထွန်ကိုင်အလုပ်သမားမို့ စောစောစီးရရင် အလုပ်မှာ ပျော်အောင်လို့ ရှိခိုးဦးတင်ထားရတော့တာ”
“ရှိခိုးရုံနဲ့ ထမင်းဝတာ ကျလို့ အရီးရယ်။ အရီးတို့ တစ်နွေလုံး၊ တစ်မိုးလုံးစာ သူတို့ကိုပေးနိုင်တဲ့ လုပ်အားခက ဟိုမှာ.. တစ်လထဲနဲ့ ရနိုင်တာ”
“ဒါဆို ညည်းပို့ပေးလို့ ရောက်သွားကြတဲ့သူတွေ ဘယ်သူ… အထုတ်အထည်နဲ့ ပြန်ပို့နိုင်သလဲ။ ရွှေတွဲလဲ ငွေတွဲလဲနဲ့ ရွာမှာအေးအေးလူလူထိုင်စားနိုင်တဲ့ မိသားစု ဘယ်နှစု ရှိပြီလဲ။ ဟွန်း… မစားရ ၀ခမန်း…”
“ဒါတော့ သူတို့ လိမ္မာသလောက် သူတို့ရတာပဲ အရီးရဲ့။ လိမ်လိမ်မာမာ၊ ခြိုးခြိုးချန်ချန်နဲ့ ပြန်ပို့နေတဲ့သူတွေလည်း အများကြီးပဲ ရှိပါတယ်နော်။ ဘာပဲ ပြောပြော ကိုယ့်နေရာထက် သာလို့သာ စွန့်စွန့်စားစား သွားးနေကြတုန်း မဟုတ်လား”
                        မလေးရှားမှာ လှုပ်လှုပ်သဲသဲ သတင်းသန့်သန့်ကြားလျှင် တစ်ရွာလုံးတုန်လှုပ်နေကြ။ ထိုင်းမှာ စစ်တပ်က အာဏာသိမ်းသည်ဆိုလျှင်လည်း ရင်ပူကာ နေမထိကြတော့တာလည်း ရွာ၏ ထုံးစံ၊ အစဉ်အလာ ဖြစ်နေခဲ့ပြီ။ လက်ကိုင်ဖုန်းလေးတွေ တတူတူကိုင်နေနိုင်ပြီမို့ ကမ္ဘာ့ရွာကို ခြံစည်းရိုးအစပ်ကနေ လှမ်းမျှော်ကြည့်တတ်လာခဲ့ကြပြီ ဆိုပါစို့။
“အငယ်မတွေလည်း ရန်ကုန်မှာ မဟုတ်တော့ဘူးလေ။ သူတို့ အထည်ချုပ်စက်ရုံတွေက ဆန္ဒတွေပြကြတော့ စက်ရုံတွေလည်း ဖွင့်လိုက်၊ ပိတ်လိုက်… ငါတို့လည်း စိတ်တွေပူနေရတာ နေ့စဉ်နဲ့ အမျှပဲ။ အဲတုန်းက ရွာကို ခဏ ပြန်လာတယ်။ ခုတစ်ခေါက် ပြန်တက်တော့ ထိုင်းဘက်မှာ အထည်ချုပ်စက်ရုံတွေမှာ ၀င်လုပ်နေတဲ့ သူတွေ အဆင်ပြေကြတယ်ဆိုတော့ မပြောမဆို ရွှေ့သွားလိုက်ကြတာ။ ဟိုရောက်မှ အိမ်ကို လှမ်းအသိပေးတယ်”
“ကျွန်တော်က မမကြီးတောင် သူတို့နဲ့အတူ အပြင်ထွက် အလုပ် လုပ်နေတယ် ထင်တာ”
                        မေမေတို့ အစ်မအကြီးဆုံးကမွေးပြီး မောင်နှမတွေထဲမှာ အသက် အကြီးဆုံးမို့ အားလုံးက မမကြီးဟု ချစ်ခင်စွာခေါ်ကြရသော မမကြီးပင် အသက်သုံးဆယ်ကျော် သီသီစွန်းခဲ့ပြီထင့်။ ငယ်ငယ်က အလွန်အရှက်အကြောက်ကြီးလှသော မမကြီးက သူ့ဒုတိယမြောက် သားငယ်ကို နို့လှန်တိုက်နေရင်း…
“လိုက်ချင်ပါဘူး ဟယ်။ အဖေနဲ့ အမေကိုလည်း စိတ်မချပါဘူး။ ခုတော့ ဒီသံယောဇဉ်တွေနဲ့ ရွာကနေ ဘယ်မှ မခွဲနိုင်တော့ဘူး”
                        ပြောကာ သားငယ်ကို ချစ်စနိုး ငုံ့နမ်းနေပြန်တော့သည်။ မမကြီး၏ ယောက်ျားကတော့ ဖိုးဖိုးကြီး၏ ဈာပနပွဲ တစ်လျှောက်လုံး ခြေသည်လက်သည်အဖြစ် ပါလေရာပေ။ မမ၏ မိဘများက သားမက်ကို သမီးနှင့် မတူမတန်ဟု မျက်မာန်မပြေပဲ ပစ်ထားခဲ့ဖူးတာ သိနေတာမို့…
“မြေးတွေတောင် တစ်ယောက်က နှစ်ယောက် ဖြစ်လာပြီ။ နင့် အဖေတွေ၊ အမေတွေက ယောက်ဖကို မကြည်လင်ကြသေးဘူးလား”
                        မမကြီးက မဲ့ရွဲ့ကာ…
“အရင်လို အိမ်ရိပ်မနင်းရ ဆိုတာမျိုးတွေတော့ မဟုတ်တော့ဘူးလေ။ အကြောင်းရှိရင်  ခုလို… သွားသွားလာလာ လုပ်လို့ ရနေပြီ။ ပြောစရာရှိရင် နာမည်တိုက်ရိုက်မခေါ်ပဲ စကားလုံးရိုက်ပြီး မျက်နှာလွှဲဖယ်ဖယ်နဲ့တော့ စကားပြောနေပြီ။ လိုအပ်ရင်လည်း ငါ့သားကြီးက စကားပြန်ပေါ့.. ဟားဟား”
“နင့်ယောက်ျားက ခုထိ လက်ကြောမတင်း၊ ထီးထမ်းလမ်းလျှောက် နေ နေတုန်းလား”
                        မမကြီးတစ်ယောက် ရှုံ့မဲ့သွားလေသည်။
“သူ့မိဘလက်ထက်ကတည်းက နေလာတာ။ ငါလည်း ပြောရလွန်းတော့ မပြောချင်တော့ဘူးဟာ။ ထားလိုက်တော့တယ်။ လူကြီးယောင်ယောင်နဲ့ ရပ်ရွာကိစ္စလည်း သူ့အရေးကိစ္စလို ဖြစ်ပြီး နေရာတကာ ၀င်ပါနေတတ်တော့ အားရ၊ နားရတယ်လည်း မရှိပါဘူး။ လယ်အလုပ်လည်း သူက ဖိဖိစီးစီး ရှိလှတာ မဟုတ်ဘူးလေ။ အဲတော့ အလုပ်သမားသာ အလုံအလောက် ရအောင်ရှာပေး။ အလုပ်ပြီးအောင် ငါ ခိုင်းမယ်ပြောရတယ်။ အမေတို့ကလည်း အဲဒါကို မကြိုက်နိုင်တာပဲ”
                        မမကြီးက ပင့်သက်ယောင်ယောင်မျှ ရှိုက်ကာ…
“သူများတွေ ပြည်ပထွက် အလုပ်လုပ်နေကြတာကျတော့ အမေတို့ကလည်း သူ့ကို လွှတ်ချင်နေတယ်။ ငါကတော့  သဘောမကျဘူးဟယ်။ သူကလည်း မိသားစုကိုထားပြီး မထွက်ချင်ဘူး တဲ့”
“ နင့်ယောက်ျားက သူမှ အရိုးနာနာ ခါးချိုးပြီး အလုပ်မလုပ်ချင်တာကိုး”
                        လွှတ်ခနဲ စကားထောက်လိုက်မိပြီးမှ အားနာရကောင်းမှန်း သတိရကာ နောင်တ ရသွားပါသည်။ ဒါပေမယ့် မမကြီးက ကျွန်တော့်စကားကို ချက်ချင်းတုန့်ပြန်လာသည်။
“အေး… အဲလို လက်ကြောမတင်းတဲ့ ယောက်ျားနဲ့ ရလို့သာ ငါ့ သားသမီးတွေ ခုချိန်ထိ မိစုံဖစုံနေနိုင်သေးတာလည်း ထည့်ပြောဦးလေ”
                        ယောက်ျားအပေါ် ချစ်တတ်သလောက် လိုရာဆွဲတွေးကာ ရှာကြံကျေးဇူးတင်တတ်သော မမကြီးက ဆက်ပြောလာပြန်တာ….
“နင့်တူက ဘာပြောလဲ သိလား။ ဖေဖေမသွားချင်ရင်နေ..။ သားကြီးလာမှ သွားမယ်။ ဟိုမှာ အလုပ် လုပ်ပြီး ပိုက်ဆံတွေအများကြီးရရင် မေမေ့ဆီ ပြန်ပို့ပေးမယ်တဲ့။ ရုတ်တရက်တော့ ငါကျေနပ်ပီတိဖြစ်နေသေးတာ…။ နောက်မှ တဖြည်းဖြည်းတွေးပြီး ငါ့မှာ တစ်ညလုံးအိပ်မပျော်ဘူး။ ဖွ… လွဲပါစေ၊ ဖယ်ပါစေ၊ ငါ့သားလေးတွေ အရွယ်ရောက်လာတဲ့အထိ ငါတို့ရွာမှာ ဒီအစဉ်အလာကြီး  ရှိမနေပါစေနဲ့တော့ ဆုတောင်းရင်း ငါ့မှာ မျက်ရည်တောင် ကျတယ်”
                        …တဲ့။ မမကြီးရဲ့ ဆုတောင်းဟာ တစ်ရွာလုံးရဲ့ ဆုတောင်းလည်း ဖြစ်နေမှာ ထင်ပါရဲ့။        
…..
                       

No comments:

Post a Comment

စိတ်ထဲ ခံစားမိသလို မျှဝေပြောပြခဲ့ပါဦး...။