မြတ်ဆရာ ပုံရိပ်(၁)
နှုတ်ကျွံသွားခဲ့ပြီဟု ချက်ချင်းသိသော်လည်း
ပြင်ဆင်ချိန်မျှ မရလိုက်။ စကားကျွံတော့ နုတ်ရခက်လေပြီ။
တပည့်များနှင့်
ဆက်ဆံရာမှာ ဘယ်အခါမှ မျက်နှာထား မတင်းမာတတ်သော၊ သာယာငြင်းပျောင်းစွာ
ဆိုဆုံးမလေ့မြဲဖြစ်သော ဆရာသည် ရုတ်ချည်း မျက်နှာနီးမြန်းလို့လာသည်။
ချုပ်တည်းထားရသော ဒေါသသံကတော့ ကျွတ်ဆတ်မာကျောကာ စဉ်းငယ်မျှ တုန်ခါနေပြန်သည်
“မင်း… အဲဒီအလုပ်ကို
မလျှောက်သင့်ဘူး”
ရုတ်တရက် နားမလည်နိုင်စွာ
ဇဝေဇ၀ါ ဖြစ်နေဆဲ….
“မင်းရဲ့
ရည်ရွယ်ချက်တွေထဲမှာ ကျောင်းဆရာလုပ်ဖို့၊ စာသင်ဖို့ဆိုတာ တစ်ခါမှ မပါခဲ့ဘူး
မဟုတ်လား။ ဒီအလုပ်မှာ ၀ါသနာမှ မရှိပဲနဲ့ အခြေအနေအရ ဆိုတဲ့ အကြောင်းပြချက်နဲ့တော့
ဒီအလုပ်ကို မလုပ်ပါနဲ့”
“အလုပ်တွေက ဘယ်မှာမှ အဆင်မပြေဘူး ဆရာရယ်။
အခြေအနေအရ အလုပ်တစ်ခု လုပ်မှ ဖြစ်တော့မှာ…။
အဲဒါ ကျောင်းဆရာပဲ ၀င်လုပ်ကြည့်မလားလို့...” ကျွန်တော် အမှတ်တမဲ့
နှုတ်လွန်သွားခဲ့မိသည်ကို ဆရာက အတော်ကို ခါးသီးသွားပုံပင်။
“၀ါသနာ မပါရင်
အလုပ်မှာ စေတနာလည်း မထည့်နိုင်တော့ဘူး ကလေး။ တို့အလုပ်က အဲဒီ ၀ါသနာ၊ စေတနာပေါ်မှာ
အခြေခံမှ အောင်မြင်တာ။ မင်းမှာ အဲဒီ စိတ်အခြေခံ ချို့ယွင်းနေမှတော့ ဒီအလုပ်မှာ
မင်း… ဘယ်လိုလုပ်အောင်မြင်ပါတော့မလဲ။ မအောင်မြင်တဲ့အလုပ်မှာ ဘယ်သူမှ ရေရှည်
မပျော်နိုင်ဘူး။
…..ပြီးတော့ … ဒီအလုပ်က အရမ်းပင်ပန်းဆင်းရဲတာ
မင်းလည်း သိတာပဲ။ ဆရာအလုပ်နဲ့ တိုက်ဆောက်၊ ကားစီးနေကြတာ မင်းတွေ့ဖူးလို့လား။
လူတန်းစေ့ဖို့တောင် အဲဒီဆရာရဲ့ တစ်မိသားစုလုံး ၀ိုင်းပြီးရုန်းကန်နေကြရတာ
မဟုတ်လား”
… မင်း ၀ါသနာ မပါတဲ့အလုပ်၊ အောင်မြင်မှုမရတဲ့
အလုပ်မှာ မင်း… ပင်ပန်းဆင်းရဲမှုဒဏ်ကိုလည်း ရေရှည်တောင့်မခံနိုင်ပါဘူး။ အဲတော့
မင်းက… ခဏနဲ့ ဒီလောက ကနေ ထွက်ပြေးပြီး လွတ်လမ်းရှာလာတော့မှာ…”
တုန့်ပြန်ရန် နှုတ်စကားတို့ ဆွံ့အ ရှားပါးနေဆဲ
ဆရာကတော့…
“သားရယ်…”
…တဲ့။ ဆတ်ခနဲ ပင့်မော့သွားရသော
ကျွန်တော့်မျက်နှာအား ဆရာက နူးညံ့စွာ စိုက်ငေးကြည့်နေသော်လည်း မျက်ဝန်းများကတော့
မာနဖြင့် လက်ဖြာနေပြန်ရာ ကျွန်တော် ရင်ဆိုင်ရန်မ၀ံ့စွာ ခေါင်းငုံ့ရပြန်သည်။
“တို့ ဆရာ လောက ကို
ခဏ အလည်လာ၊ မပျော်တဲ့အခါ ပြန်ထွက်သွား… အဲဒီလို အပျင်းပြေသဘောမထားပါနဲ့”
ကျွန်တော် အရှက်အိုး
ဖြန်းခနဲကွဲကာ ခြေဖ၀ါးအောက်က မြေပြင်ကို ထိနမ်းလုမတတ်
ခေါင်းငိုက်စိုက်ကျခဲ့ရဖူးသည်။
@@@@@@@@@@
မြတ်ဆရာ ပုံရိပ်(၂)
ချစ်မြတ်တွယ်တာဆဲ
မိခင်ကျောင်းတော်ကြီးတွင် ချစ်ခင်လေးစားရသော ဆရာ၊ ဆရာမများအားလုံး အတူတကွ
ရှိနေကြဆဲဟု ဆ၀ါးတွေးကာ အဝေးမှသာ မှန်းဆလွမ်းနေခဲ့ရသည်။ သို့သော်… ရာထူးတိုး၊
အပြောင်းအရွှေ့စသော အခြေအနေအရပ်ရပ်သည် အချိန်၏ တိုက်စားပြောင်းလဲမှုနှင့်အတူ
အလိုက်သင့် ရွေ့လျားဖြစ်တည် လာနေခဲ့တာပင်။ ဆရာမလည်း ရန်ကုန်ကို
ပြောင်းရွှေ့သွားခဲ့ပြီဟု လပေါင်းများစွာ လွန်မှသိခဲ့ရသည်။
ဖြူသွယ်ပိန်ပါးသော်လည်း
စာသင်ရာမှာတော့ ဇွဲကြီးလှသော ဆရာမသည် အတန်းပိုင် ဆရာလည်း ဖြစ်နေသည်မို့ ပိုလို့
ရင်းနှီးချစ်ခင်မိရသည်။
“သင်္ချာ ပုစ္ဆာဆိုတာ
အဖြေမှန်ရရုံ၊ စာမေးပွဲ အောင်ရုံအတွက် မဟုတ်ဘူးလေ။ တို့တတွေ လူကြီးတွေ ဖြစ်လာ၊
လူ့လောကထဲ တိုးဝင်လာတဲ့အခါ စီးပွားရေး၊ လူမှုရေး ပုစ္ဆာပြဿနာတွေလည်း
မလွဲမသွေရင်ဆိုင်လာရမှာပဲ။ ဖြေရှင်းရတော့မှာပဲ။ သင်္ချာပုစ္ဆာတွေမှာ ပေးထားချက်တွေကို
ထုတ်ယူဆင်ခြင်ပြီး ကိုယ်ဖြေရှင်းရမယ့် နည်းလမ်းတွေကို ဆုံးဖြတ်ရသလို
ဘ၀ပုစ္ဆာတွေကိုလည်း မင်းတို့ အဲသလိုပဲ ရှေ့နောက်တိုင်းထွာပြီး၊ အကျိုးအကြောင်းဆက်စပ်စဉ်းစားပြီး
ဆုံးဖြတ်ဖြေရှင်းကြရမှာ…။ ဆရာမရဲ့ ပုစ္ဆာတွေက မင်းတို့ ဘ၀အတွက်
ကြိုတင်လေ့ကျင့်ပေးနေတာလို့ နားလည်ထား။ ပုစ္ဆာတွေကို ဘယ်တော့မှ မကြောက်နဲ့…”
ဆရာမ၏ အိမ်သားက
နိုင်ငံခြားသင်္ဘောလိုင်းတစ်ခုမှ အရာရှိတစ်ယောက်မို့ မိသားစုဘ၀ သာတောင့်သာယာ၊
ပျော်ရွှင်ငြိမ်းချမ်းနေပေလိမ့်မည်။ “ရန်ကုန်ရောက်တဲ့အခါ ၀င်လာခဲ့၊ လိုတဲ့ အကူအညီ
ရှိရင် တောင်းနော်” တဖွဖွမှာကာ တောင်ဥက္ကလာ၊ မြင်သာလမ်း အိမ်လိပ်စာကလေးကို ဆရာမ၏
လက်ရေးဖြင့် ရေးပေးထားခဲ့တာ။ လိပ်စာ စာရွက်ကလေးပင် ၀ါရီဖျော့တော့နေခဲ့ပြီ။
သွားရောက်တွေ့ဆုံနှုတ်ဆက်ရန် မရဲ။ အဝေးကသာ မှန်းဆ ကန်တော့ရပါသည်။
လူကိုယ်တိုင်
မရောက်ဖြစ်သော်လည်း ဆရာမ၏ မိသားစုသတင်းကို အစဉ်နားစွင့်လေ့မြဲလည်း ဖြစ်ပါသည်။ ဆရာမတစ်ယောက်
အိမ်နှင့်နီးသော မူလတန်းကျောင်းငယ်လေးမှာ ပြောင်းရွှေ့တာဝန် ထမ်းဆောင်နေသည်ဟု
သတင်းကြားမိစဉ် အံ့သြရသေးသည်။ တကယ်က ဆရာမ၏ ခင်ပွန်းသည် ကားအက်ဆီးဒင့်ကြောင့်
အောက်ပိုင်း လှုပ်ရွှေ့မရ။ သားနှစ်ယောက်နှင့် ခင်ပွန်းသည်၏ ဝေယျာဝစ္စ၊
တာဝန်ဝတ္တရားများကို မလစ်ဟင်းစေရန် ခက်ခက်ခဲခဲ၊ ပင်ပန်းတကြီး ရှိနေချိန်မို့
စေလိုရာ နာခံမဖြစ်သော အခြေအနေကြောင့်သာ။ လောကစစ်မျက်နှာမှာ
အန်တုရင်ဆိုင်နေရချိန်မှာပင် စာသင်ခန်းကို သံယောဇဉ် မဖြတ်နိုင်ခဲ့ရှာသော ဆရာမ၏
စိတ်ဝိညဉ်ကို အတော်နောက်ကျမှ နားလည်လေးစားရပါသည်။
@@@@@@@@@@
မြတ်ဆရာ ပုံရိပ်(၃)
“ဆရာ ဘာမှ
မလိုအပ်ဘူးနော် သားတို့။ မင်းတို့ အပို ဒုက္ခ မရှာကြနဲ့”
ဆိုသော်လည်း ဆရာ့ဇနီး၏
မျက်ဝန်းများက ဖျော့တော့မှုန်သီနေပါသည်။
“အားနာ လိုက်တာ..”
သူ့အဖို့
မျက်နှာစိမ်းနေသော ဆရာ၏ ကျောင်းသားဟောင်းများကို မိုးလေ မလုံခြုံသော တဲသာသာ
အိမ်ခန်းကျဉ်းကလေးမှာ ကြုံသလို ဧည့်ခံနေရတာအတွက် အားနာ အနေခက်ရှာသည်။
ကျွန်တော်တို့
အလယ်တန်းကျောင်းတော်သား အသစ်စက်စက်ကလေးတွေ ဘ၀က ကျွန်တော်တို့၏ အတန်းပိုင်ဆရာသည်
နုမျစ်ချောမောခန့်ငြားသူတစ်ယောက် ဖြစ်ပါသည်။ ကျွန်တော်တို့ အတန်းတွေကြီးလာတော့
ဆရာလည်း အထက်တန်းပြဆရာ၊ ကျွန်တော်တို့ ကျောင်းနှင့် ဝေးကွာခဲ့ပြီးနောက်မှာတော့
ဆရာလည်း အထက်တန်းကျောင်းအုပ်ဆရာကြီး ဖြစ်လာခဲ့သည်။ ဆရာ အငြိမ်းစားယူခဲ့သည်ကို
အမှတ်မဲ့ မသိလိုက်။
“အရင်အိမ်ကလေးက
နာဂစ်မှာ ပြိုကျသွားတယ်လေ။ ခုတော့ နေဖြစ်ရုံ ပြန်ဆောက်ထားတာ..”
ဆရာ့ ဇနီးက
ရောင်းရေးဝယ်တာ ချက်ချာပုံတော့ရပါသည်။
“အရင်းအနှီးနည်းတော့လည်း
အမြတ်အစွန်းက မပြောပလောက်ပါဘူးကွယ်။ မမာရေး၊ မကျန်းရေး ရှိလာရင် အရင်းထဲက
ပဲ့ထွက်သွားပြန်ရော…”
ဇနီး၏ ပွင့်လင်းမှုကို ဆရာ
သဘောကျပုံ မရပါ။ ကျွန်တော်တို့တတွေ စုဆောင်းလာခဲ့ကြသော ကန်တော့ငွေကို အမြင်မှာ
ဆရာ့မျက်နှာသည် မာနဖြင့် တင်းခနဲ။
“ငါ… ဘာမှ
မလိုဘူးကွ”
ခပ်ထန်ထန်တစ်ချက်
ဟစ်အော်သည်။ ကျွန်တော်တို့တတွေ ဇွတ်ပင် လက်အုပ်ချီကြတော့ ဆရာမျက်ဝန်းတို့
မှုန်မှိုင်းညွတ်နူးစ ပြုသည်။ ဆုပေးစကားတွေကို တုန်ရီစွာဆိုနေပြန်ရင်း….
“ကျေးဇူး….”
ကျွန်တော်တို့ အလုအယက်
ဟန့်တားလိုက်ကြသည်။ ဆရာက တပည့်တွေအပေါ် တပြန် ကျေးဇူးစကားဆိုဖို့ မလိုအပ်ပါ။
“အလုပ် ကလေး တစ်ခုတော့
လုပ်ချင်တယ်ကွ။ ဆရာ အလုပ် လုပ်နိုင်ပါသေးတယ်”
ဆံစဖွေးလွလွ၊
မျက်နှာပေါ်မှာ ဇရာနှင့် လောကဒဏ်၏ အရေးအကြောင်းတို့ မင်းမူနေပြီဖြစ်သော ဆရာအိုက
အားမာန်အပြည့်နှင့် ဆိုပြန်သည်။ လုပ်ငန်းရှင် တပည့်များမှာ ပေးစရာအလုပ် ရှိကြသည်
ဆိုငြား ကိုယ့်ဆရာကို ၀န်ထမ်းပြန်ခန့်ရန် ဘယ်သူမှ သတ္တိ မရှိကြပါ။ ဆရာ့ ဇနီးအတွက်သာ
အိမ်နှင့်နီးနီး၊ ဈေးငယ်လေးမှာ ဆိုင်ခန်းတစ်နေရာ ရှာကြံဖန်တီးပေးဖြစ်ကြရင်း….
“ဆရာ…ပင်ပန်းလှပြီ။
နားနားနေနေပဲ”
ဆရာက စကားဆုံးအောင်ပင်
လက်မခံနိုင်ခဲ့ပဲ…
“ဟေ့ ကောင်တွေ။
ဆင်းရဲ ပင်ပန်းမှာ မကြောက်လို့ တစ်သက်လုံး ကျောင်းဆရာ လုပ်လာတာ…”
မှုန်သီနေသော ဆရာ့
မျက်ဝန်းများသည် အလျှံတစ်မျိုးဖြင့် လင်းလက်နေဆဲပင်။
@@@@@@@@@
မြတ်ဆရာ ပုံရိပ်(၄)
“မြတ်ဆရာ ပူဇော်ပွဲ ဖိတ်စာရကတည်းက ပျော်နေတာ။
နီးစပ်ရာ လုပ်ဖော်ကိုင်ဖက်ဟောင်းတွေဆီ ဖုန်းတွေလိုက်ဆက်၊ မဖြစ်မနေ ရောက်အောင်လာရမယ်ဆိုပြီး…”
အဲဒါ ကျွန်တော်တို့ရဲ့
ဆရာမပေါ့။ ဘောဂဗေဒသင်ခန်းစာတစ်ပုဒ်ကို ဆရာမ ရှင်းလင်းသင်ကြားနေပြီဆိုလျှင်
တစ်တန်းလုံး အပ်ကျသံမျှ မကြားရအောင် တမော့တမော နစ်မျောနေမိကြရသည်။ ဆရာမ၏ ဟန်ပန်က
ရိုးရှင်းသလောက် လေယူလေသိမ်းကကျတော့ ဌာန်နှင့် မာန်နှင့် အစဉ် ၀င့်ထည်တက်ကြွနေလေ့မြဲဖြစ်သည်ကို
ခုတိုင် မေ့မရ။ တပည့်ဟောင်းတွေ အားလုံး လွန်ခဲ့တဲ့ နှစ်အစိတ်ကျော်ကာလကို
နောက်ပြန်သွားဖို့မလိုပဲ ဒဿမတန်း(ခ) ရဲ့ စာသင်ခန်းထဲ ပြန်ရောက်နေရသလို
နုမျစ်လန်းဆန်းကာ ပျော်ရွှင်နေမိကြသည်။ ဆရာမ၏ မျက်နှာနှင့် အကြည့်အပြုံးများက
နူးညံ့ကြည်လင်နေဆဲ။ နွေးထွေးနူးညံ့နေဆဲ မဟုတ်လား။ ဟိုယခင် ကာလတွေထက်
ပိုမိုလာတာကတော့ လောကဒဏ်ကို ထီမထင်သော သတ္တိထူးများနှင့် ဗုဒ္ဒ၏ တရားဓမ္မ၊
အဆုံးအမတို့ကြောင့် ပိုမိုနူးညံ့သိမ်မွေ့လာခဲ့တာပဲ ဖြစ်သည်။
ဒါပေမယ့် အကျင့်တန်သောကာလငယ်
တစ်ခုအကြောင်း ကျွန်တော်တို့ စကားထဲမှာ ဖယ်ချန်ထားခဲ့ကြတာ ဆရာမရော၊
ကျွန်တော်တို့အားလုံးပါ မသိယောင်ဆောင်ရင်း သတိရနေခဲ့ကြပါသည်။ ထိုကာလငယ်မှာ
မြတ်ဆရာပူဇော်ပွဲဟု ခမ်းနားသော ပွဲလန်းမျိုး ကျင်းပခွင့်မရကြသေး။
လူထူထူစုဝေးမိလျှင် ကျိုးကြောင်းပြစရာမရှိပဲ အလိုအလျှောက် အပြစ်သားဘဝ
ရောက်နေကြရသော ကြပ်တည်းကျဉ်းမြောင်းလှသည့် နေ့လည်ကြောင်တောင်
အမှောင်ကျနေ့ရက်များပေ။ သို့ပေမယ့် ဆရာကန်တော့ပွဲကလေးကို ရိုးရှင်းစွာ
ကျင်းပကြဖို့ ကျောင်းသားဟောင်းတို့ ကြိုးစားခဲ့ကြသည်။ လက်လှမ်းတမီ နီးစပ်ရာ ကျောင်းသားဟောင်း
သူငယ်ချင်းတွေကြား အချင်းချင်း နှုတ်ဖြင့် ဖိတ်ကြသည်။ မြို့ပေါ်မှာ လက်ရှိနေထိုင်ဆဲ ဆရာ၊
ဆရာမဟောင်းများကို ဖိတ်ကြား ကန်တော့ကြမည်။ ကိုယ့်မိခင်ကျောင်းတော်၏
ရင်ရိပ်ခိုလှုံကာ ကျင်းပချင်ခဲ့သော်လည်း အခွင့်မရခဲ့ပြန်ပါ။ ဘုန်းတော်ကြီးကျောင်း
ဓမ္မာရုံကို ရွေးချယ်ကြရသည်။ သို့ပေမယ့်…
“ဘောဂဗေဒ ဆရာမကို
ကန်တော့ခံ တက်ရောက်ခွင့် မပေးဘူး တဲ့”
စကားအပို့အယူ လူများစွာကြားမှာ
နှလုံးနာခဲ့ကြရပြန်။ ဖိနှိပ်ခံ မှောင်တရီခေတ်မှာ ဆရာမက လင်းပွင့်လွတ်လပ်သော အမြင်၊
ခိုင်မာမြဲမြံသော ခံယူချက်နှင့် ကိုယ်ရောင်လင်းလက်သူမဟုတ်လား။ ကျိုးကြောင်းဆီလျော်သော ထက်မြသည့်
နှုတ်စကားကိုလည်း ဆိုတတ်သေးသူ ဖြစ်သည်။ သို့သော် တစ်သက်တာနီးပါး မြုတ်နှံပျော်ဝင်ထားခဲ့ရသော
ဆရာဘ၀၏ အသီးအပွင့်အဖြစ် ပီတိချိုချို တစ်ကိုက်တစ်ဖဲ့မျှ စားသုံးရန် အခွင့်
မရှိတော့…ဟု အဓိပ္ပါယ်မဲ့ တရားလက်လွတ် မတားမြစ်ကောင်းဘူး မဟုတ်လား။
သီးမခံထိုက်ပေမယ့် လက်ပိုက်ကာ ရပ်ကြည့်နေခဲ့ကြရ။
ဆရာကန်တော့ပွဲမှာ ကန်တော့ခံဆရာ တစ်နေရာစာ
လွတ်ဟာနေခဲ့သော်လည်းပဲ ဆရာမ၏ နေအိမ်သို့ ကျွန်တော်တို့တတွေ ရောက်သွားတော့
အိပ်ခန်းကျဉ်းကလေးထဲမှပင် ပုတီးစိတ်မပျက် စောင့်မျှော်နေခဲ့ရှာသည်။ ဆရာမ၏
ကုတင်အနားမှာ ၀ိုင်းပတ်ကာ တပည့်ဟောင်းတွေ တိုးဝှေ့ပူးကပ်ပျပ်ဝပ်နေကြရင်း
တိုးတိတ်သော ရှိုက်ငိုသံများကြားမှာ လက်အုပ်ချီမပျက်၊ ဆုပေးစကားမပျက် …။
“ပြန်တွေ့ခွင့်ရတဲ့
တပည့်များအတွက်လည်း ကြည်နူးပျော်ရွှင်ရပါတယ်။ အကြောင်း ကြောင်းကြောင့် ရောက်မလာ၊
တွေ့ခွင့်မရတဲ့ တပည့်များကိုလည်း မေတ္တာ ပို့ပါတယ်”
@@@@@@@@@@@
မြတ်ဆရာ ပုံရိပ်များ
ယခုတော့ လင်းပွင့်သာယာသော
နေ့ရက်တို့ အမှန်တကယ် ရောက်ရှိလာခဲ့ပြီ။ နွေးထွေးသော နေရောင်ခြည်အောက်မှာ
ပျားပန်းခပ် ငယ်သွေးကြွနေကြပြန်တာ တချိန်က မိခင်ကျောင်းတော်ကြီး၏ ရင်ငွေ့ခိုလှုံကာ
ပညာရည်နို့ချို သောက်စို့ခဲ့ကြသည့် ရင်သွေးဟောင်းတွေ မဟုတ်လား။ အတောင်အလက်စုံကာ
အသီးသီးအသက ပြန်ထွက်သွားလိုက်ကြ၊ ခုတော့ ရောက်ရာအရပ်ကနေ အပြေးရောက်ပြန်လာကြပြန်ကာ
ယဉ်ကျေးဖွယ်ရာ၊ စကားတီတာ ဆိုနေကြပြန်ပြီ။
ဟော…. ရင်သွေးတို့၏
ဥယျဉ်မှူးများလည်း ပီတိပြုံးပန်းတဝေေ၀၊ ဟန်ရေးကြွယ်လျှက် စင်မြင့်ထက်မှာ နေရာ
ယူကြပြီ။
“ဒီကနေ့
ကျင်းပပြုလုပ်တဲ့ လပွတ္တာမြို့၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းရဲ့
တတိယအကြိမ်မြောက် မြတ်ဆရာ ပူဇော်ပွဲ အခမ်းအနားကို
ကျွန်တော်တို့ ကျောင်းသားဘ၀က နေ့စဉ်ကျောင်းခေါ်ချိန်တိုင်း နားဆင်ခဲ့ကြရတဲ့ ကျောင်းလုလင်ကြီး
ဦးစံအေး ရဲ့
ကျောင်းတက်ခေါင်းလောင်းသံနှင့် စတင်ဖွင့်လှစ်လိုက်ရအောင်ပါ”
ဒေါင်ဒေါင်ဒင်ဒင် ခေါင်းလောင်းသံ အကြားမှာ
မြတ်ဆရာပူဇော်ပွဲသို့ တက်ရောက်လာသူ ကျောင်းသူ၊ ကျောင်းသားဟောင်းများ အားလုံးက
ရိုကျိုးသော အမူအယာများဖြင့် မတ်တပ်ရပ်လိုက်ကြသည်။ ခေါင်းလောင်းသံ
ပြီးဆုံးလျှင်တော့ ညီညီညာညာ၊ သောင်းသောင်းဖြဖြပင်….
“မင်္ဂလာပါ ဆရာ၊
မင်္ဂလာပါ ဆရာမ”
ကြည်နူးစိတ်ဖြင့်
ရွှင်လန်းတက်ကြွသော နှုတ်ခွန်းဆက်သံများက လွင့်ပျံဟိန်းညံကာ ဘ၀ဂ်ထိတိုင်တော့၏။ ။
သတိုး
(၁၉၈၀
- ၈၇ ကျောင်းသားဟောင်း)
No comments:
Post a Comment
စိတ်ထဲ ခံစားမိသလို မျှဝေပြောပြခဲ့ပါဦး...။